← Chapters

အခန်း (၂၅၃-၂၅၄)

Vol. 26 Ch. 253-254

အခန်း (၂၅၃-၂၅၄)

Vol. 26 Ch. 253-254

အခန်း (၂၅၃) - ရူးသွပ်သားရဲများ၏ ညစ်ညမ်းမှု အရင်းအမြစ်နေရာ (၂)

အနီးအနားရှိ အသစ်တည်ဆောက်ထားသော လက်မှုပညာရှင် ဧရိယာတွင် ထုရိုက်သံများ အဆက်မပြတ် ထွက်ပေါ်နေသည်။

အလှည့်ကျ တာဝန်ကျနေသော ရေပြာကြေးခွံအစောင့်အရှောက်အချို့က ‘မိုးပြာဝံပုလွေတိုက်ပွဲဝိညာဉ်’ မှ ပေးစွမ်းသော အကြွင်းမဲ့ ခံနိုင်ရည်နှင့် တည်ငြိမ်သောအသက်ရှူသံတို့ကို အသုံးပြုကာ ရေခဲပင်မသလင်းကျောက် မြားခေါင်းများနှင့် လှံများကို အားကုန် ပွတ်တိုက်၊ ထွင်းထုနေကြသည်။

အေးစက်သော သတ္တုအစအနများ လေထဲတွင် လွင့်စင်နေပြီး ထူထပ်သော ရေခဲစွမ်းအင်များက မြူခိုးများအဖြစ် စုစည်းလုနီးပါး ဖြစ်နေခဲ့သည်။

လင်းထျန်းလုံသည် သစ်ပင်အိမ်လေးအရှေ့ရှိ စင်မြင့်ပေါ်တွင် တောင်တန်းကြီးတစ်ခုပမာ ရပ်နေပြီး သူ၏ ရေခဲပြာရောင် ‘ငွေပြာဧကရာဇ်မျက်ဝန်း’ က အပြည့်အဝ လှုပ်ရှားနေသော ဝံပုလွေအသိုက်ကို ဖြည်းညင်းစွာ စစ်ဆေးကာ အသေးစိတ် အချက်အလက်တိုင်းကို မှတ်သားနေခဲ့သည်။

ရှောင်လန်နှင့် ရှောင်ယင်းတို့က သူ၏ ဧရာမရှေ့ခြေထောက်များဘေးတွင် တိတ်ဆိတ်စွာ ထိုင်နေကြပြီး မကြာမီရောက်ရှိလာတော့မည့် ကြီးမားသော စစ်ပွဲကြီး၏ လေးနက်သော လေထုကို ခံစားနေကြသည်။

“အရှင်မင်းကြီး၊ အရှေ့ဘက်ခံစစ်မျဉ်းက အစီအစဉ်အတိုင်း နေရာချထားလို့ ပြီးစီးသွားပါပြီ၊ မဟာနှင်းအစောင့်အရှောက်နဲ့ ရေပြာကြေးခွံအစောင့်အရှောက်တွေက သူတို့ရဲ့ သတ်မှတ်နေရာတွေဆီကို ရောက်သွားကြပါပြီ”

“စွမ်းအင်လမ်းကြောင်းတွေက ပုံမှန် အလုပ်လုပ်နေပြီး နယ်ပယ်ကို အပြည့်အဝအသက်သွင်းပြီးပါပြီ”

ကိုယ်တိုင် ကာကွယ်ထားသော ခံစစ်မျဉ်းပမာ တည်ငြိမ်နေသည့် ရန့်မြဲ့၏သတင်းစကား ရောက်ရှိလာခဲ့သည်။

“လုပ်ကြံသတ်ဖြတ်သူ အားလုံး စုစည်းပြီးပါပြီ၊ ‘သွေးအစွယ်တော် အစောင့်အရှောက်’ နဲ့ ‘ရေပြာကြေးခွံအစောင့်အရှောက်’ တွေက သူတို့ရဲ့ သတ်မှတ်ထားတဲ့ တိုက်ခိုက်ရေး နေရာတွေဆီကို ဝင်ရောက်သွားကြပါပြီ၊ ဓားသွားတွေကို သွေးပြီးပါပြီ၊ အရှင်မင်းကြီးရဲ့ အမိန့်ကို စောင့်ဆိုင်းနေပါတယ်”

ထျန်းပင်း၏ တိုက်ပွဲဝင်လိုစိတ်ကလည်း ဒြပ်ရှိသော အရာတစ်ခုပမာ သူ၏ စိတ်ထဲကိုရောက်ရှိလာပြီး လေထုကိုပင် လောင်ကျွမ်းစေနေခဲ့သည်။

“ကင်းလှည့်အမဲလိုက်တပ်ရင်းရဲ့ သုံးဖက်မြင်ပတ်ဝန်းကျင်၊ စောင့်ကြည့်ရေးစက်ဝိုင်းသုံးခုကို တည်ဆောက်ပြီးပါပြီ၊ ပတ်ဝန်းကျင် မိုင်ငါးဆယ်ကို လွှမ်းခြုံထားပါတယ်”

“နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက်တွေက အရှေ့ဘက်ရဲ့ အနက်ရှိုင်းဆုံးနေရာတွေဆီကို ဝင်ရောက်သွားကြပါပြီ၊ နောက်ထပ် သတင်းအချက်အလက်တွေ ပြန်မပို့လာသေးပါဘူး”

ယင်းဖုန်း၏ အစီရင်ခံစာက ထုံးစံအတိုင်း တိုတောင်းသော်လည်း ထိုအေးစက်သော သတ်ဖြတ်လိုစိတ်များကို အနည်းငယ်မျှပင် ဖုံးကွယ်ထားခဲ့ခြင်း မရှိပေ။

ထိုအချိန်တွင် ရှောင်ယင်းက ခေါင်းမော့လိုက်ရာ သူမ၏ လှုပ်ရှားမှုနှင့်အတူ ခရမ်းရောင်ဖျော့ဖျော့ မြင်းမြီးဆံပင်လေးက ညင်သာစွာ ယိမ်းနွဲ့သွားပြီး စင်မြင့်ပေါ်ရှိ တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။

“ဖေဖေ၊ ရှောင်လန်နဲ့ သမီး တိုင်ပင်ပြီးပြီ”

သူမက ဘေးရှိ ရှောင်လန်၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။

ရှောင်လန်က အရိပ်အကဲပြနေသည်ကို နားလည်သွားပြီး ခေါင်းမော့လိုက်သည်။

ရွှေရောင်ဖျော့ဖျော့နှင့် ငွေဖြူရောင် ရောယှက်နေသော သူမ၏ ဆံပင်များက မိခင်သစ်ပင်၏ အလင်းရောင်အောက်တွင် ထူးဆန်းသော အလင်းရောင်များ စီးဆင်းနေခဲ့သည်။

သူမက ထပ်လောင်းပြောလိုက်၏။ “ဟုတ်တယ်၊ တကယ်လို့ အဲဒီ ရူးသွပ်သားရဲတွေက တကယ်ပဲ စွမ်းအားကြီးတဲ့ စိတ်ပိုင်းဆိုင်ရာ စွမ်းအားတွေကြောင့် လွှမ်းမိုးခံရပြီး ထိန်းချုပ်မှု ကင်းမဲ့နေတာဆိုရင် သမီးတို့ရဲ့ စွမ်းရည်အသစ်တွေက... နည်းနည်းတော့ အသုံးဝင်နိုင်တယ်လို့ သမီးတို့ ထင်တယ်”

ရှောင်ယင်းက ခပ်သွက်သွက်ခေါင်းငြိမ့်လိုက်ပြီး သူမ၏ ခရမ်းရောင်မျက်ဝန်းများက စိတ်အားထက်သန်သော အလင်းရောင်များဖြင့် လင်းလက်နေခဲ့သည်။

“ကြေးမုံပန်း ရေလမင်းက ဦးနှောက်မရှိတဲ့ ရူးသွပ်သားရဲ အချို့ရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်တဲ့ ကိုယ်ပွားတွေကို ဖန်တီးပေးနိုင်တယ်လေ၊ အဲဒါက ၀ံပုလွေအစ်ကိုကြီးတွေအတွက် တိုက်ခိုက်ဖို့ အခွင့်အရေးတွေ ဖန်တီးပေးနိုင်တယ်”

ရှောင်လန်က ပိုမို တည်ငြိမ်စွာ ခွဲခြမ်းစိတ်ဖြာပြလိုက်သည်။

“အချိန်အက်ကွဲကြောင်းက အလွန်တိုတောင်းတဲ့ အချိန်လေးအတွက် အလွန်သေးငယ်တဲ့ ဧရိယာတစ်ခုကိုပဲ သက်ရောက်နိုင်တယ်၊ ဒါပေမဲ့ အရေးကြီးတဲ့ ရူးသွပ်သားရဲ တစ်ကောင်ပေါ်မှာ အသုံးပြုလိုက်မယ်ဆိုရင် တစ်စက္ကန့်လေးပဲ ရပ်တန့်သွားမယ်ဆိုရင်တောင်မှ တိုက်ပွဲရလဒ်ကို ပြောင်းလဲသွားစေနိုင်တယ်”

“ဒါမှမဟုတ်... ဒဏ်ရာရနေတဲ့ ရဲဘော်တွေ ဆုတ်ခွာဖို့အတွက် အကာအကွယ်ပေးရာမှာလည်း အသုံးပြုလို့ရတယ်”

လင်းထျန်းလုံသည် သူ၏သမီးနှစ်ဦးကို ကြည့်လိုက်ပြီး သူ၏ မျက်လုံးများထဲတွင် ငြင်းဆို၍မရနိုင်သော ချီးကျူးမှုနှင့် စိတ်သက်သာရာရမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

သူတို့သည် စွမ်းအားများ လျင်မြန်စွာ ကြီးထွားလာရုံသာမက ကာကွယ်စောင့်ရှောက်ခံရသူများအဖြစ်မှ မျိုးနွယ်စုအတွက် တွေးတောပေးပြီး ပံ့ပိုးကူညီပေးလိုသော အဖွဲ့ဝင်များအဖြစ်သို့ စတင်ပြောင်းလဲလာကြချေပြီ။

သူက ဧရာမရှေ့ခြေထောက်ကြီးတစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး နူးညံ့သော ခြေဖဝါးလေးများဖြင့် သမီးနှစ်ဦး၏ ဆံပင်များကို ညင်သာစွာပွတ်သပ်ပေးလိုက်၏။

ဤလုပ်ဆောင်ချက်က ဖခင်တစ်ယောက်၏ မေတ္တာတရားများ အပြည့်အဝ ပါဝင်နေခဲ့သည်။

“အရမ်းကောင်းတဲ့ အကြံဉာဏ်တွေ၊ အရမ်းသေချာ စဉ်းစားထားတာပဲ” သူက အတည်ပြုပေးလိုက်သည်။

“မှတ်ထား၊ စစ်တလင်းပေါ်က အခြေအနေက မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲနိုင်တယ်၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့က ပထမဦးစားပေးပဲ၊ သမီးတို့ရဲ့ စွမ်းရည်တွေကို သေချာအသုံးပြုရမယ်၊ အချိန်အခါကို ကြည့်ပြီးမှလုပ်၊ ရမ်းသန်းပြီး မဆင်မခြင် မလုပ်နဲ့”

သူက ဆုံးဖြတ်ချက်တစ်ခု မချမီ ခဏတာ စဉ်းစားလိုက်သေးသည်။

“သမီးတို့ ရန့်မြဲ့နောက်ကို လိုက်သွားပြီး အစစ်အမှန် စစ်ပွဲက ဘယ်လိုမျိုးလဲဆိုတာ ခံစားရဖို့ ခံစစ်မျဉ်းရဲ့ အနောက်ဘက် ဘေးကင်းတဲ့ နေရာတစ်ခုကနေ စောင့်ကြည့်လို့ရတယ်၊ ဒါပေမဲ့ သမီးတို့ ရှေ့တန်းတိုက်ခိုက်ရေးဇုန် အနီးအနားကို သွားဖို့ လုံးဝခွင့်မပြုဘူး၊ ဒါ အမိန့်ပဲ၊ နားလည်လား”

“နားလည်ပါပြီ ဖေဖေ”

ကလေးမလေး နှစ်ဦးက ယုံကြည်ခံရခြင်းကြောင့် စိတ်လှုပ်ရှားမှုများနှင့် ကြီးမားသော အဖြစ်အပျက်ကြီးတစ်ခုတွင် ပါဝင်ရမည့်အပေါ် အနည်းငယ် စိုးရိမ်မှုများ ပါဝင်သော အသံဖြင့် တစ်သံတည်း တုံ့ပြန်လိုက်ကြသည်။

လုံးဝ ငြင်းပယ်ခံရခြင်း နှိုင်းယှဉ်ချက်အရ ဘေးကင်းသော ခံစစ်မျဉ်း၏ အနောက်ဘက်တွင် နေထိုင်ကာ စောင့်ကြည့်ခွင့်ရခြင်းကပင် သူတို့ကို များစွာ ကျေနပ်စေခဲ့သည်။

ဝံပုလွေအသိုက်၏ စစ်ပွဲစက်ယန္တရားကြီးမှာ အပြည့်အဝ လည်ပတ်နေပြီး နောက်ဆုံး ပြင်ဆင်မှုများ ပြုလုပ်နေချိန်၊ မိုင်ဒါဇင်ပေါင်းများစွာ အကွာအဝေးတွင်……

ယွဲ့ရီသည် သူမ၏ အရှိန်အဝါအားလုံးကို ဖိနှိပ်ထားပြီး သူမ၏ ခန္ဓာကိုယ်ကို အလွန်တရာ သိမ်မွေ့ကာ ထောက်လှမ်းသိရှိရန် ခက်ခဲသော ပုံရိပ်ယောင် အလင်းလွှာတစ်ခုဖြင့် ဖုံးလွှမ်းထားခဲ့သည်။

ဤသည်မှာ တိတိကျကျပင် သူမ၏ ‘မျက်နှာတစ်ထောင် ပုံရိပ်ယောင်သဏ္ဌာန်’ ပင်ကိုစွမ်းရည်၏ အာနိသင်ဖြစ်သည်။

ဤအခိုက်အတန့်တွင် ပုံသဏ္ဌာန်အရဖြစ်စေ၊ အရှိန်အဝါအရဖြစ်စေ၊ သို့မဟုတ် သိမ်မွေ့သော ဝိညာဉ်စွမ်းအင်တုန်ခါမှုများအရဖြစ်စေ…..

သူမသည် ရှေ့လက် ဒဏ်ရာရထားပြီး အဆင့် ၂၅ ခန့်ရှိသော စွမ်းအင်လှိုင်းနှင့် အားအင်ကုန်ခမ်းနေသည့် နှင်းမြေခွေး တစ်ကောင်အဖြစ်သာ ပေါ်လွင်နေခဲ့သည်။

သူမသည် ဝံပုလွေအသိုက် အပြင်ဘက်ပတ်ဝန်းကျင်၏ အစွန်းတွင် သတိထားကာ လှည့်လည်နေသည်။

ကင်းလှည့်အမဲလိုက်တပ်ရင်း၏ ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုကို ဖြစ်ပေါ်စေမည်ဆိုး၍ အလွန်နီးကပ်စွာ မသွားရဲသလို စောင့်ကြည့်ရန် အခွင့်အရေး လွတ်သွားမည်ဆိုးသဖြင့် အလွန်ဝေးကွာသော နေရာတွင်လည်း မနေလိုပေ။

အသွင်ပြောင်းထားမှုအောက်တွင် ပုန်းကွယ်နေသော ခရမ်းရောင်သလင်းကျောက် မြေခွေးမျက်ဝန်းများက အတိကျဆုံး ထောက်လှမ်းရေး ကိရိယာများပမာ ဝေးကွာသော ဝံပုလွေအသိုက်၏ အသေးစိတ် အချက်အလက်တိုင်းကို လောဘတကြီး ဖမ်းယူနေခဲ့သည်။

“တုံ့ပြန်မှု အမြန်နှုန်းက မှန်းဆထားတာထက် ကျော်လွန်နေတယ်... စုံစမ်းထောက်လှမ်းမှုတစ်ခုနဲ့ ကြုံတွေ့ရတာကနေ အပြည့်အဝ ပြင်ဆင်မှုအထိ၊ တုံ့ဆိုင်းမှု ဒါမှမဟုတ် ဖရိုဖရဲဖြစ်မှု လုံးဝမရှိသလောက်ပဲ”

“တပ်ဖွဲ့ နေရာချထားခြင်း ထိရောက်မှုက အလွန်မြင့်မားပြီး မတူညီတဲ့ တပ်ဖွဲ့တွေကြားက ပူးပေါင်းဆောင်ရွက်မှုက ကြောက်မက်ဖွယ်ကောင်းလောက်အောင် ညီညွတ်နေတယ်..."

“အဲဒီ အကြေးခွံထူတဲ့ ဝံပုလွေတွေ (ရေပြာကြေးခွံအစောင့်အရှောက်) နဲ့ အစွန်းရောက်အအေးဓာတ်တွေ ထုတ်လွှတ်နေတဲ့ အဆင့်မြင့် ဝံပုလွေတွေက (မဟာနှင်းအစောင့်အရှောက်) က ခံစစ်စနစ်ရဲ့ အဓိက မဏ္ဍိုင်တွေဆိုတာ ရှင်းနေတယ်”

“သူတို့ရဲ့ နေရာယူပုံတွေအရ... အခေါက်ပေါင်း မရေမတွက်နိုင်အောင် လေ့ကျင့်ထားသလိုပဲ”

သူမသည် ကြည့်လေလေ ပို၍ အံ့ဩလာလေလေ ဖြစ်နေသည်။ ဝံပုလွေအသိုက်က ပြသနေသော စနစ်တကျရှိမှုနှင့် စည်းကမ်းရှိမှုတို့က မိစ္ဆာသားရဲ မျိုးနွယ်စုများအပေါ် သူမ၏ နားလည်မှုကို လုံးဝ ပြောင်းလဲပစ်လိုက်သည်။

“ဒါက တောရိုင်းသားရဲအုပ် သက်သက်မဟုတ်ဘူး၊ ဒါက... တိုးတက်နေတဲ့ အဆင့်မြင့် စစ်ရေးအသိုင်းအဝိုင်းတစ်ခုလား”

အထူးသဖြင့် လင်းထျန်းလုံနှင့် ထိုလူသားမိန်းကလေး နှစ်ဦးကြားမှ မိသားစု မေတ္တာတရားများကို သူမ၏ ‘ရေကြေးမုံအလင်း’ ပင်ကိုစွမ်းရည်မှတစ်ဆင့် သဘာဝကျကျ ပြသနေသည်ကို ရှင်းလင်းစွာ “မြင်တွေ့” လိုက်ရ၏။

သူမတို့ကို အနောက်မှ စောင့်ကြည့်ရန် ခွင့်ပြုလိုက်သည့် လင်းထျန်းလုံ၏ ဆုံးဖြတ်ချက်ကို ကြားလိုက်ရသောအခါ သူမ၏ ထူးဆန်းလွန်းသော ခံစားချက်နှင့် စူးစမ်းလိုစိတ်များက အထွတ်အထိပ်သို့ ရောက်ရှိလုနီးပါး ဖြစ်သွားခဲ့သည်။

“စွမ်းအားကြီးတယ်၊ ဉာဏ်ပညာရှိတယ်၊ လွှမ်းမိုးနိုင်စွမ်းအားကောင်းလွန်းတယ်၊ ဒါပေမဲ့ အဲဒီလောက်တောင်... သူ့ရဲ့ မျိုးနွယ်စုကတောင် မဟုတ်တဲ့ အားနည်းတဲ့လက်အောက်ငယ်သားတွေကို တန်ဖိုးထားပြီး လေ့ကျင့်ပေးနေတာတဲ့လား၊ ဒီငွေရောင် ဝံပုလွေဘုရင်က တကယ်တမ်း ဘာလဲ...”

ရုတ်တရက် ယွဲ့ရီ၏ မျက်နှာအမူအရာ အနည်းငယ် တောင့်တင်းသွားခဲ့သည်။

သူမ၏ အစွမ်းထက်သော စိတ်စွမ်းအင် အာရုံခံနိုင်စွမ်းက အဝေးမှနေ၍ ပိုမိုနက်ရှိုင်းပြီး ပိုမိုညစ်ညမ်းသော စိတ်ပိုင်းဆိုင်ရာ တုန်ခါမှုလှိုင်းတစ်ခုကို ခံစားလိုက်ရ၏။

ထိုတုန်ခါမှုလှိုင်းထဲတွင် သူမကိုပင် အနည်းငယ် မသက်မသာဖြစ်စေသော ရူးသွပ်မှုနှင့် ဖရိုဖရဲဖြစ်မှုများ ရောယှက်နေခဲ့သည်။

သူမသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ ‘ရေကြေးမုံအလင်း’ ပင်ကိုစွမ်းရည်ကို နောက်တစ်ကြိမ် အသက်သွင်းလိုက်၏။

ထို့နောက် အသေးအဖွဲ အလေ့အကျင့်လေးများကိုပင် ပြီးပြည့်စုံစွာ အတုယူထားပြီး မြေပြင်ပေါ်တွင် ဝပ်တွားကာ အားပျော့သော ညည်းသံလေး ထုတ်လွှတ်နေသည့် ဒဏ်ရာရနေသော နှင်းမြေခွေးပုံရိပ်ယောင်တစ်ခုကို ချန်ရစ်ထားခဲ့သည်။

သူမ၏ အစစ်အမှန်ခန္ဓာကိုယ်မှာမူ လေထဲတွင် အရည်ပျော်သွားသည့်အလား ပျောက်ကွယ်သွားကာ မြင်ကွင်းပိုကောင်းပြီး မီတာရာပေါင်းများစွာ ကွာဝေးသော ကျောက်တုံးများကြားရှိ ပိုမိုလျှို့ဝှက်သော အက်ကွဲကြောင်းတစ်ခုဆီသို့ တိတ်တဆိတ် တိုး၀င်သွားခဲ့သည်။

သူမ နေရာရွှေ့ပြောင်းမှု ပြီးစီးပြီး နောက်တစ်စက္ကန့်မှာပင် အနီးအနားရှိ ရှေးဟောင်းသစ်ပင်ကြီး၏ အရိပ်ထဲမှ မှုန်ဝါးဝါးအရိပ်ယောင်တစ်ခုက တစ္ဆေတစ်ကောင်ပမာ လျှောထွက်လာခဲ့သည်။

အခန်း (၂၅၄) - ရူးသွပ်သားရဲများ၏ ညစ်ညမ်းမှု အရင်းအမြစ်နေရာ (၃)

ဤသည်မှာ အပြင်ဘက် ကင်းလှည့်မစ်ရှင် လုပ်ဆောင်နေသော နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက် တစ်ဦးဖြစ်သည်။

ဤလျှို့ဝှက်အစောင့်အရှောက်မှာ အလွန်တရာ ကျွမ်းကျင်ပြီး သူ၏ အေးစက်သော မျက်လုံးများက ပတ်ဝန်းကျင်ရှိမြေပြင်ကို စကင်ဖတ်စက်တစ်ခုပမာ တစ်လက်မချင်းစီ စစ်ဆေးနေခဲ့သည်။

သူ၏ အကြည့်များက ဒဏ်ရာရနေသော နှင်းမြေခွေး အပေါ်တွင် နှစ်စက္ကန့်ခန့် ရပ်တန့်သွားပြီး ၎င်း၏ အန္တရာယ်အဆင့်နှင့် အခြေအနေကို အကဲဖြတ်နေပုံရသည်။

နောက်ဆုံးတွင် ၎င်းကို အန္တရာ် မရှိဘဲ အားအင်ကုန်ခမ်းနေသော အခြေအနေတွင် ရှိသည်ဟု ဆုံးဖြတ်လိုက်ပြီး အခြား အရိပ်တစ်ခုအတွင်းသို့ တိတ်တဆိတ် ပြန်လည်ပေါင်းစပ်ကာ ပျောက်ကွယ်သွားခဲ့သည်။

“...အထင်ကြီးစရာပဲ” ယွဲ့ရီက စိတ်ထဲမှ ချီးကျူးလိုက်သည်။

“သူ့ရဲ့ ပုန်းကွယ်နိုင်စွမ်းက ထူးချွန်ရုံသာမက သူ့ရဲ့ ဆုံးဖြတ်နိုင်စွမ်းကလည်း အလွန်တိကျပြီး ပြတ်သားတယ်၊ ဒီဝံပုလွေမျိုးနွယ်စုရဲ့ ထောက်လှမ်းရေးတပ်ဖွဲ့ကို လျှော့တွက်လို့မရဘူး”

စောစောက သူမ ပြတ်သားစွာ ဆုတ်ခွာခဲ့ရသည့် အကြောင်းရင်းမှာ အရှေ့ဘက်မှ ပုံမှန်မဟုတ်သော အခြေအနေတစ်ခုကို ခံစားမိလိုက်သောကြောင့်ပင်။

“အရှေ့ဘက်ကလာတဲ့ ညစ်ညမ်းမှုက ပိုပြင်းထန်လာတယ်... အဲဒီ ပျို့အန်ချင်စရာကောင်းတဲ့ စိတ်ပိုင်းဆိုင်ရာညစ်ညမ်းမှုရဲ့ ပြင်းအားက မြင့်တက်လာနေတယ်”

“အဲဒီ ဦးနှောက်မရှိတဲ့ ရူးသွပ်သားရဲတွေက ပိုပြီးဒုက္ခပေးနိုင်မယ့် အရာတစ်ခုကို တကယ်ကြီး မွေးဖွားပေးလိုက်ပုံရတယ်၊ တစ်ကောင်ထက်တောင် ပိုချင်ပိုနေလိမ့်မယ်...”

သူမ၏ ခရမ်းရောင်သလင်းကျောက် မြေခွေးမျက်ဝန်းများက အရှေ့ဘက်ဆီသို့ လှည့်သွားပြီး လေးနက်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

နီးကပ်စွာ သွားရောက်ရန် သို့မဟုတ် ဆက်သွယ်မှုတစ်ခုခု ပြုလုပ်ရန်ဟူသော သူမ၏ မူလအစီအစဉ်ကို ယာယီဖယ်ထားလိုက်ရသည်။

အရှေ့ဘက်မှလာသော အန္တရာယ်ခံစားချက်က အခြေအနေများ ထိန်းချုပ်မရနိုင်တော့သည်အထိ ရောက်ရှိသွားနိုင်ကြောင်း သူမကို သဘောပေါက်စေခဲ့သည်။

သူမ၏ စောင့်ကြည့်မှုများကို အနှောင့်အယှက် မဖြစ်စေရန်အတွက် လျှို့ဝှက်စွာ လှုပ်ရှားလိုက်၏။

ဝံပုလွေအသိုက်၏ သတိပေးနယ်ပယ်ကို ချဉ်းကပ်ရန်ကြိုးစားကာ ဘေးဘက်သစ်တောများထဲမှ ထွက်လာသော ရူးသွပ်သားရဲအချို့၏ ဦးနှောက်များကို ချက်ချင်းပျက်စီးသွားစေသည့် မမြင်ရသော စိတ်စွမ်းအင်တုန်ခါမှုလှိုင်း အချို့ကို ထုတ်လွှတ်လိုက်ကာ တိတ်တဆိတ် ဖြေရှင်းလိုက်သည်။

“ဖြစ်နိုင်တာက... ဒီဝံပုလွေမျိုးနွယ်စုနဲ့ အတိုင်းအတာတစ်ခုအထိ ပူးပေါင်းဆောင်ရွက်ဖို့ ငါ တကယ်စဉ်းစားသင့်ပြီထင်တယ်”

ဤအတွေးက သူမ၏စိတ်ထဲတွင် ပထမဆုံးအကြိမ်အဖြစ် ရှင်းလင်းစွာ ပေါ်ထွက်လာခဲ့သည်။

အမျိုးအမည်မသိရသေးဘဲ အလွန်အမင်း အန္တရာယ်များနိုင်သည့် ညစ်ညမ်းမှု အရင်းအမြစ်တစ်ခုကို တစ်ကိုယ်တည်း ရင်ဆိုင်ရခြင်းမှာ ပညာရှိရာမကျပေ။

သို့သော် ထိုအတွေးပေါ်လာသည်နှင့် တစ်ပြိုင်နက် သူမ၏ အစွမ်းထက်သော ပင်ကိုယ်ဗီဇနှင့် သတိတတ်ထားမှုတို့ကြောင့် ချက်ချင်း ဖိနှိပ်ခံလိုက်ရသည်။

“...သူတို့ ဒီအကြပ်အတည်းကို ဘယ်လိုဖြေရှင်းမလဲဆိုတာ နည်းနည်းလောက် ထပ်စောင့်ကြည့်ရဦးမယ်၊ အထူးသဖြင့်... အဲဒီ ငွေရောင်ဝံပုလွေဘုရင်ကိုပေါ့”

ထိုအချိန်မှာပင် စင်မြင့်ပေါ်တွင် ကျောက်ရုပ်ကြီးတစ်ခုပမာ မျက်လုံးမှိတ်လျက် အရှေ့ဘက်ကို အာရုံခံနေသော လင်းထျန်းလုံသည် ရုတ်တရက် မျက်လုံးများဖွင့်လိုက်သည်။

သူ၏ ရေခဲပြာရောင် ‘ငွေပြာဧကရာဇ်မျက်ဝန်း’ ထဲတွင် အလင်းတန်းများဖြတ်ပြေးသွားသည်မှာ မိုးကြိုးများ လင်းလက်သွားသည့်အလားပင်။

တစ်ချိန်တည်းမှာပင် ယင်းဖုန်း၏ စိတ်အာရုံဆက်သွယ်မှုက ရေခဲဆူးချွန်တစ်ခုပမာ သူ၏စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာခဲ့သည်-

“အရှင်မင်းကြီး၊ နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက်ဆီက အရေးပေါ်သတင်းပါ၊ အရှေ့ဘက် မိုင်တစ်ရာ့ငါးဆယ်အကွာမှာ ညစ်ညမ်းနေတဲ့ အသိုက်သုံးခုကို အတည်ပြုနိုင်ခဲ့ပါတယ်၊ တိကျတဲ့တည်နေရာတွေကိုလည်း ပို့ပေးလိုက်ပါပြီ”

“စွမ်းအင် တုံ့ပြန်မှုတွေက... အားလုံး ဘုရင်အဆင့်ကို ရောက်နေပါတယ်၊ ရူးသွပ်သားရဲ အတော်များများ အဲဒီအသိုက်တွေနားမှာ စုဝေးနေကြပြီး ခန့်မှန်းခြေ အကောင်ရေငါးရာထက်မက ရှိပါတယ်"

“ပြီးတော့ အဲဒီအထဲမှာ အဆင့် ၄၀ အထက် မျိုးဗီဇပြောင်း မိစ္ဆာသားရဲ ဆယ်ကောင်မက ရှိနေတာကို အတည်ပြုနိုင်ခဲ့ပါတယ်၊ သူတို့... သူတို့တွေက ပေါင်းစည်းနေရပုံရပြီး စစ်တပ်တစ်ခု ဖွဲ့စည်းတော့မယ့် အနေအထားကို ပြသနေပါတယ်”

လင်းထျန်းလုံ ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။ သူ၏ ငါးမီတာနီးပါး မြင့်မားသော ငွေဖြူရောင်ခန္ဓာကိုယ်ကြီးက ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို ချက်ချင်း တွန်းထုတ်ပစ်လိုက်သည့်အလား ခမ်းနားလှပေသည်။

ရေခဲပလ္လင်တစ်ခု ဆင်းသက်လာသကဲ့သို့ အဆုံးအစမဲ့ ကျယ်ပြန့်လှသော ဘုရင်အဆင့် ဖိအားကြီးက ထိန်းချုပ်မရနိုင်အောင် ပြန့်ကျဲသွားပြီး ဝံပုလွေအသိုက် တစ်ခုလုံးကို တိုက်ခတ်သွားခဲ့သည်။

ဆူညံသံအချို့ ရှိနေခဲ့သော နယ်မြေကြီးသည် အပ်ကျသံကိုပင် ကြားရလောက်အောင် ချက်ချင်း တိတ်ဆိတ်သွားခဲ့သည်။

အဖွဲ့ဝင်တိုင်းသည် မည်သည့်နေရာတွင် ရှိနေပါစေ မြောက်ဝန်ရိုးစွန်းရှိ ရေခဲတောင်ကြီးတစ်ခုပမာ လေးလံ၊ အေးစက်သော သူတို့ဘုရင်ကြီး၏ စိတ်ဆန္ဒကို ရှင်းလင်းစွာ ခံစားလိုက်ရပြီး ထိုစိတ်ဆန္ဒထဲတွင် ပါဝင်နေသော မိုးထိအောင်မြင့်မားသည့် တိုက်ပွဲဝင်လိုစိတ်နှင့် ပြတ်သားသောဆုံးဖြတ်ချက်တို့ကိုလည်း ခံစားလိုက်ရသည်။

“နောက်ဆုံးတော့ ရောက်လာပြီ”

သူ၏အသံမှာ မကျယ်လောင်သော်လည်း မမြင်ရသော စိတ်ပိုင်းဆိုင်ရာ ကွန်ရက်မှတစ်ဆင့် နှင်းဝံပုလွေတိုင်း၏ ဝိညာဉ်အနက်ရှိုင်းဆုံးနေရာတွင် ရှင်းလင်းစွာ ပဲ့တင်ထပ်သွားခဲ့သည်။

အေးစက်တည်ငြိမ်နေသော်လည်း ငြင်းဆို၍မရနိုင်သော ခံစားချက်တစ်ခု ပါဝင်နေသည်။

“အရှေ့ဘက်မှာ ဘုရင်အဆင့် ညစ်ညမ်းမှုအရင်းအမြစ် သုံးခု ပေါ်လာပြီ၊ သူတို့က စစ်တပ်တစ်ခုကို စုစည်းနေကြတယ်”

မျှော်လင့်ထားသည့်အတိုင်း ရုန်းရင်းဆန်ခတ်မှုများ မရှိသလို အထိတ်တလန့်ဖြစ်မှု အရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။

ယင်းအစား အရှိန်အဝါများ အထွတ်အထိပ်သို့ ချက်ချင်း တက်လှမ်းသွားပြီး ရုပ်၀တ္တုရှိသော အရာတစ်ခုအဖြစ် ပြောင်းလဲလုနီးပါးဖြစ်နေသည့် ဆူပွက်နေသော တိုက်ပွဲဝင်လိုစိတ်များသာ ရှိနေခဲ့သည်။

ဝံပုလွေမျက်လုံးတစ်စုံစီတိုင်းတွင် တိုက်ပွဲမီးတောက်များ တောက်လောင်နေလေသည်။

၎င်းမှာ သူတို့၏အိမ်တော်ကို ကာကွယ်လိုသည့် ယုံကြည်ချက်၊ သူတို့၏ဘုရင်ကြီးအပေါ် အကြွင်းမဲ့ယုံကြည်မှုနှင့် ကျူးကျော်လာသော ရန်သူအားလုံးအပေါ် ထားရှိသည့် အေးစက်သော သတ်ဖြတ်လိုစိတ်များပင်။

“ရန့်မြဲ့”

လင်းထျန်းလုံ၏ အကြည့်များက အရှေ့ဘက် ခံစစ်မျဉ်းဆီသို့ ကျရောက်သွားခဲ့သည်။

“ရှိပါတယ်”

မီးခိုးရောင်ဝံပုလွေကြီးက ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူ၏ခန္ဓာကိုယ်ပတ်လည်ရှိ ထာဝရရေခဲအကာအကွယ်အလင်းဝန်းက အသက်ရှူနေသည့်အလား ကျယ်ပြန့်လာလိုက် ကျုံ့ဝင်သွားလိုက်ဖြစ်နေပြီး ခံစစ်မျဉ်းတစ်ခုလုံးနှင့် ပေါင်းစပ်သွားကာ မည်သည့်ရန်သူကိုမဆို တားဆီးနိုင်မည့် ပြီးပြည့်စုံသောခံတပ်ကြီးတစ်ခု ဖြစ်လာလိုသည့် သူ၏ရည်မှန်းချက်ကို ပြသနေသည်။

“ဝံပုလွေအသိုက်ကို မင်းလက်ထဲအပ်ထားမယ်၊ ခံစစ်နေရာတိုင်းကို စီမံကွပ်ကဲပါ၊ မိခင်သစ်ပင်နဲ့ အဓိကဧရိယာကို လုံးဝ အကျမခံနိုင်ဘူး၊ မဟာနှင်းအစောင့်အရှောက်နဲ့ ရေပြာကြေးခွံအစောင့်အရှောက်တွေကို မင်း တိုက်ရိုက်ကြီးကြပ်ရမယ်”

“နားလည်ပါပြီ၊ ကျွန်တော့်အလောင်းကို ဖြတ်မနင်းသွားနိုင်သရွေ့ ဘယ်ညစ်ညမ်းတဲ့အရာမှ ဒီမျဉ်းကို မကျော်ိနုင်စေရဘူး” ရန့်မြဲ့၏အသံမှာ ရေခဲပြင်ပေါ်ရှိ အမာကျောဆုံးသော ထာဝရရေခဲမြေဆီလွှာပမာ ပြတ်သားနေခဲ့သည်။

“ထျန်းပင်း၊ သွေးမိစ္ဆာ”

“ရှိပါတယ် အရှင်မင်းကြီး” ရွှေရောင်နှင့် အနီရောင် ပုံရိပ်နှစ်ခုက ရှေ့သို့ အတူတကွထွက်လာကြပြီး သူတို့၏ ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါများက ကောင်းကင်သို့ ထိုးတက်နေခဲ့သည်။

အရာအားလုံးကို ဖျက်ဆီးပစ်လိုသော ဆန္ဒများက သူတို့၏ မျက်ဝန်းများထဲတွင် လင်းလက်နေသည်။

“လုပ်ကြံသတ်ဖြတ်သူအားလုံး ငါ့နောက်ကိုလိုက်ပြီး စစ်တိုက်ဖို့ထွက်ရမယ်၊ အဲဒီအသိုက်တွေကို ခြေမွပစ်မယ်၊ ‘သွေးအစွယ်တော် အစောင့်အရှောက်’ တွေက ရှေ့တန်းတိုက်စစ်အဖြစ် တာဝန်ယူပြီး အတားအဆီး အားလုံးကို ဆုတ်ဖြဲပစ်ရမယ်”

“ရေပြာကြေးခွံအစောင့်အရှောက်တွေက ဘေးဘက်က တိုက်ခိုက်မှုတွေကို ကာကွယ်ပေးပြီး ခြိမ်းခြောက်မှုတွေကို ရှင်းလင်းပေးရမယ်၊ ပင်မတပ်ဖွဲ့ရဲ့ ထိုးစစ်ကို အနှောက်အယှက်မရှိအောင် လုပ်ဆောင်ပေးရမယ်”

“ဟုတ်ကဲ့ပါ၊ အဲဒီ ညစ်ညမ်းတဲ့အကောင်တွေကို ကျွန်တော်တို့ သေချာပေါက် အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်မယ်” ထျန်းပင်းက နားကွဲမတတ် ဟိန်းဟောက်လိုက်သည်။

သွေးမိစ္ဆာက ဟိန်းဟောက်ခြင်းမပြုလုပ်ဘဲ နီရဲနေသောလျှာဖြင့် ထက်ရှသော အစွယ်များကို ဖြည်းညင်းစွာ သပ်လိုက်ဧယ်။

သွေးမိစ္ဆာ၏ မျက်လုံးများထဲတွင် ရူးသွပ်လုမတတ် စိတ်လှုပ်ရှားမှုများနှင့် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေပြီး သူ၏တပ်ဖွဲ့က အစွမ်းအထက်ဆုံး ဖြစ်ကြောင်း သက်သေပြလိုသော ရည်မှန်းချက်များက ဆူပွက်နေသည်။

“သွေးအစွယ်တော် အစောင့်အရှောက်တွေက ဆာလောင်နေတာကြာပြီ”

“ယင်းဖုန်း”

“ဘုရင်ကြီး”

ယင်းဖုန်း၏ ခြေထောက်အောက်တွင် အရိပ်များ စုစည်းနေပြီး အေးစက်ကာ တိတ်ဆိတ်နေသည်။ လျှို့ဝှက်ချက်အားလုံးကို သိရှိထားသော အမှောင်ထု၏ အရှင်သခင်တစ်ပါး ဖြစ်လာရန် သူ၏ဆန္ဒများက တိတ်တဆိတ် တောက်လောင်နေခဲ့သည်။

“ကင်းလှည့်အမဲလိုက်တပ်ရင်းအားလုံး ဖြန့်ကြက်လိုက်၊ စစ်မြေပြင်ရဲ့ မိုင်ငါးဆယ်ပတ်လည်မှာရှိတဲ့ လေပိုင်နက်နဲ့ မြေပြင်ကို စောင့်ကြည့်ပြီး အနောက်ကနေ ချောင်းမြောင်းတိုက်ခိုက်မယ့်ကောင်တွေ မရှိစေဖို့ သေချာအောင် လုပ်ပါ”

“ နှင်းခဲအရိပ်လျှို့ဝှက်အစောင့်အရှောက်တွေက အသိုက်ရဲ့အူတိုင်တွေနဲ့ မျိုးဗီဇပြောင်းခေါင်းဆောင်တွေရဲ့ တည်နေရာကို ဆက်ပြီး ပစ်မှတ်ထားရမယ်၊ တည်နေရာကို အချိန်နဲ့တစ်ပြေးညီ မျှဝေပေး”

“နားလည်ပါပြီ၊ အရိပ်အားလုံးဟာ ဘုရင်ကြီးရဲ့ မျက်စိနဲ့ နားတွေ ဖြစ်လာစေရမယ်”

အမိန့်များကို လျင်မြန်တိကျ ထိရောက်စွာ ထုတ်ပြန်လိုက်သည်။ တပ်ဖွဲ့တိုင်းနှင့် အဖွဲ့ဝင်တိုင်းသည် သူတို့၏ တာဝန်နှင့် နေရာကို သိရှိကြလေသည်။

ဤအခိုက်အတန့်တွင် ဝံပုလွေအသိုက်တစ်ခုလုံးသည် သံမဏိစိတ်ဆန္ဒ၊ ရှင်းလင်းသော အလုပ်ခွဲဝေမှုနှင့် ထက်ရှသောအစွယ်များ ပါဝင်သည့် ဧရာမစစ်ပွဲသားရဲကြီး တစ်ကောင်အဖြစ် တကယ်ကို အသွင်ပြောင်းသွားခဲ့ချေပြီ။

လင်းထျန်းလုံ၏ စိတ်ဆန္ဒက စစ်စည်တော်ကြီးတစ်ခုပမာ စစ်တိုက်ထွက်မည့် ဝံပုလွေတိုင်း၏ နှလုံးသားထဲတွင် မြည်ဟည်းသွားသောအခါ လေ့ကျင့်မှုအားလုံး ချက်ချင်း ရပ်တန့်သွားခဲ့သည်။

ထျန်းပင်းက ခေါင်းကိုမော့ကာ ကောင်းကင်ကို ဆုတ်ဖြဲမတတ် ဟိန်းဟောက်လိုက်သည်။ လုပ်ကြံသတ်ဖြတ်သူ အားလုံးသည် မည်သည့်နေရာတွင် ရှိနေခဲ့ပါစေ အံ့မခန်းအမြန်နှုန်းဖြင့် သူ၏အနောက်တွင် စုရုံးလာကြသည်။

အသက်ရှူကြိမ် အနည်းငယ်အတွင်းမှာပင် မူလက ပြန့်ကျဲနေသော တိုက်ခိုက်ရေးစီးကြောင်းကြီးသည် အရှေ့ဘက်သို့ ဦးတည်နေသော ထက်ရှပြီး သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် ရွှေရောင်စစ်ဓားသွားကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ရှောင်လန်နှင့် ရှောင်ယင်းတို့က မနေနိုင်ဘဲ မတ်တတ်ရပ်လိုက်ကြပြီး သူမတို့၏ လက်သေးသေးလေးများကို တင်းတင်းဆုပ်ကာ တောင်တန်းကြီးတစ်ခုပမာ ကြီးမားလှသော ဝံပုလွေဖေဖေ၏ပုံရိပ်ကို မော့ကြည့်လိုက်ကြသည်။

All Chapters