အခန်း (၂၅၅-၂၅၆)
Vol. 26 Ch. 255-256
အခန်း (၂၅၅) - ရူးသွပ်သားရဲများ၏ ညစ်ညမ်းမှု အရင်းအမြစ်နေရာ (၄)
“ဖေဖေ...” ရှောင်ယင်း၏ အသံထဲတွင် သတိမထားမိနိုင်လောက်သော တုန်ယင်မှုလေးတစ်ခု ပါဝင်နေခဲ့သည်။
လင်းထျန်းလုံက ခေါင်းကို ငုံ့လိုက်ရာ သူ၏ရေခဲပြာရောင် မျက်ဝန်းများထဲရှိ ခမ်းနားမှုများက နက်ရှိုင်းသော နူးညံ့မှုအဖြစ် အရည်ပျော်သွားခဲ့သည်။
သူ၏ဧရာမခေါင်းကြီးဖြင့် သမီးနှစ်ဦးကို ဖွဖွလေး ပွတ်သီးပွတ်သပ် လုပ်ပေးလိုက်သည်။
“အကာအကွယ်ရဲ့ အလယ်ဗဟိုမှာနေနော်၊ ရန့်မြဲ့အနားမှာနေပြီး သမီးတို့ကိုယ်သမီးတို့ ကာကွယ်ထားကြ၊ ဖေဖေ သင်ပေးထားတာတွေ အားလုံးကို မှတ်ထားပါ”
တစ်ချိန်တည်းမှာပင် ပိုမိုလေးနက်ပြီး ငြင်းဆို၍မရနိုင်သော စိတ်အာရုံဆက်သွယ်မှုတစ်ခုက သူတို့၏စိတ်ထဲသို့ သီးသန့် ဝင်ရောက်သွားခဲ့သည်။
“အကယ်၍... အဆိုးရွားဆုံးအခြေအနေတွေ ဖြစ်လာပြီး ခံစစ်မျဉ်းကျိုးပေါက်သွားတယ်ဆိုရင်... တုံ့ဆိုင်းမနေနဲ့၊ အစွမ်းကုန် ဆုတ်ခွာပြီး အသက်ရှင်ဖို့အတွက် သမီးတို့ရဲ့ စွမ်းရည်အားလုံးကို ချက်ချင်းအသုံးပြုလိုက်၊ ဒါက ဖေဖေ့ရဲ့ အရေးအကြီးဆုံး အမိန့်ပဲ”
“သမီးတို့နားလည်ပါပြီ ဖေဖေ” ရှောင်လန်က သူမ၏အသံကို တည်ငြိမ်အောင်ထိန်းရင်း ခပ်သွက်သွက် ခေါင်းငြိမ့်လိုက်သည်။
“ဖေဖေ သတိထားရမယ်နော်၊ သမီးတို့ ဖေဖေပြန်လာတာကို စောင့်နေမယ်”
“ဖေဖေ နိုင်ရမယ်နော်” ရှောင်ယင်းကလည်း နီရဲနေသော မျက်လုံးများဖြင့် အော်ဟစ်လိုက်သည်။
မကြာမီမှာပင် စစ်ချီတပ်လာသည့် တပ်ဖွဲ့သည် ဝံပုလွေအသိုက်၏ အရှေ့ဘက်တံခါး အပြင်ဘက်တွင် နောက်ဆုံး စုစည်းမှုကို ပြီးစီးသွားခဲ့သည်။
သွေးအိုင်ထဲမှ ထွက်လာသည့်အလား ဖြစ်နေသော သွေးမိစ္ဆာနှင့် ၎င်း၏ သွေးအစွယ်တော် အစောင့်အရှောက် ဆယ်ဦးက အထက်မြက်ဆုံးနှင့် အနီရဲဆုံးသော လှံအဖြစ် နေရာယူထားပြီး သူတို့၏ သတ်ဖြတ်လိုစိတ်များက ၀တ္တုရှိသော အရာတစ်ခုအဖြစ် ပြောင်းလဲလုနီးပါး ဖြစ်နေသည်။
သူတို့၏ အနောက်တွင် ထျန်းပင်း ဦးဆောင်သော လုပ်ကြံသတ်ဖြတ်သူ ပင်မတပ်ဖွဲ့က ပေါက်ကွဲတော့မည့် ရွှေရောင် မီးတောင်ကြီးတစ်ခုပမာ ဖျက်ဆီးခြင်းဟိန်းဟောက်သံကို တိတ်တဆိတ စုစည်းနေခဲ့သည်။
တည်ငြိမ်သော အရှိန်အဝါများနှင့် ပြတ်သားသော အကြည့်များရှိသည့် ရေပြာကြေးခွံအစောင့်အရှောက် ငါးဦးက ယုံကြည်စိတ်ချရဆုံးသော အကာအကွယ်အဖြစ် ပင်မတပ်ဖွဲ့၏ ဘေးဘက်များကို အခိုင်အမာ ကာကွယ်ပေးထားသည်။
နောက်ဆုံးတွင်မူ အထူးတပ်ဖွဲ့တစ်ခုဖြစ်သည့် ပိုင်လင်းဦးဆောင်သော စစ်တလင်း ဆေးဘက်ဆိုင်ရာအဖွဲ့က လိုက်ပါလာ၏။
အဖွဲ့ထဲတွင် သေချာဂရုစိုက်တတ်ကာ တည်ငြိမ်သော မြေခွေးမလေးသုံးကောင်နှင့် ပစ္စည်းများ သယ်ယူပို့ဆောင်ရန် တာဝန်ယူထားသည့် ရေပြာကြေးခွံအစောင့်အရှောက်နှစ်ဦးတို့ ပါဝင်သည်။
သူတို့သည် ရိုးရှင်းသော သွေးတိတ် ဆေးဖက်ဝင်အပင်များ၊ အသက်စွမ်းအင်အနှစ်သာရ သလင်းကျောက်အမှုန် အနည်းငယ်နှင့် ပတ်တီးများကို သယ်ဆောင်လာကြပြီး စစ်မြေပြင်၏ အနောက်ဘက် ဘေးကင်းသော နေရာတစ်ခုတွင် ယာယီ ကုသရေးစခန်းတစ်ခု တည်ထောင်ရန် ရည်ရွယ်ထားကြသည်။
လင်းထျန်းလုံ၏ ခမ်းနားလှသော ငွေဖြူရောင်ခန္ဓာကိုယ်ကြီးက စစ်တပ်တစ်ခုလုံး၏ အရှေ့ဆုံးတွင် ရပ်နေခဲ့သည်။
အေးစက်သော နေရောင်ခြည်က သူ့အပေါ်သို့ ကျရောက်လာပြီး တိုက်ရိုက်ကြည့်ရှုရန် မဖြစ်နိုင်လောက်အောင် အေးစက်သည့် အလင်းရောင်များ ရောင်ပြန်ဟပ်နေခဲ့၏။
သူသည် ထိုနေရာတွင် ရပ်နေရုံမျှဖြင့် စစ်တပ်တစ်ခုလုံး၏ ဖျက်ဆီး၍မရနိုင်သော ဝိညာဉ်နှင့် အလံတော်ကြီး ဖြစ်နေသည့်အလားပင်။
သူသည် စိတ်လှုပ်ရှားဖွယ်ရာ စစ်မထွက်မီ မိန့်ခွန်းများ မပြောကြားခဲ့ပေ။
သူသည် ကြမ်းကြုတ်ခြင်း၊ ရူးသွပ်ခြင်း၊ တည်ငြိမ်ခြင်း အစရှိသော အမူအရာများနှင့် သူ့အရှေ့တွင်ရပ်နေသည့် မျက်နှာတိုင်းကို အလွန်အမင်း လေးနက်စွာ စိုက်ကြည့်နေခဲ့လေ၏။
သူကိုယ်တိုင် ဖန်တီးခဲ့ကာ သေသည့်အထိ သူ့နောက်သို့လိုက်မည့် ဤမျိုးနွယ်စုကို သေချာစစ်ဆေးလိုက်သည်။
“ထွက်ခွာမယ်”
ရိုးရှင်းသော စကားလုံး တစ်ခွန်းတည်းသာ ဖြစ်သော်လည်း တောင်တန်းများနှင့် မြစ်များကို ကြိတ်ချေပစ်နိုင်ပြီး အရာအားလုံးကို အေးခဲသွားစေနိုင်သည့် အကြွင်းမဲ့ စိတ်ဆန္ဒတစ်ခု ပါဝင်နေသည့်အလား နှင်းဝံပုလွေတိုင်း၏ နှလုံးသားကို အပြင်းအထန် ရိုက်ခတ်သွားခဲ့သည်။
နောက်တစ်စက္ကန့်တွင် သံမဏိ ရေစီးကြောင်းကြီး ရွေ့လျားသွားခဲ့ပြီဖြစ်သည်။
………
ငွေဖြူရောင်၊ ရွှေရောင်နှင့် အနီရောင်ရင့်ရင့်တို့ ပေါင်းစပ်နေသော သေမင်းတမန် လှိုင်းလုံးကြီးသည် သံကြိုးများကို ဖြတ်တောက်လိုက်သော ရှေးဟောင်းသားရဲကြီးတစ်ကောင်ပမာ အရာအားလုံးကို ကြိတ်ချေပစ်မည့်အလား ကြောက်မက်ဖွယ်ကောင်းသော အဟုန်ဖြင့် အရှေ့ဘက်ဆီသို့ ပြေးဝင်သွားခဲ့သည်။
ညစ်ညမ်းမှုများနှင့် ရူးသွပ်မှု အငွေ့အသက်များ ပြည့်နှက်နေသော အရင်းအမြစ်ဆီသို့ ဦးတည်သွားခဲ့သည်။
သူတို့၏ ပြေးလွှားမှုကြောင့် မြေပြင်ပင် အနည်းငယ် တုန်ခါသွားပြီး ပြင်းထန်စူးရှသော သတ်ဖြတ်လိုစိတ်များက ကောင်းကင်သို့ ထိုးတက်သွားကာ တိမ်တိုက်များကို ဖယ်ရှားပစ်လိုက်သည့်အလား ထင်ရလေသည်။
ဝံပုလွေအသိုက်အတွင်းတွင် ကျန်ရစ်ခဲ့သော အဖွဲ့ဝင်များအားလုံး……
ရှေ့တန်းတွင် လက်သည်းများကို သွေးနေကြသော အစောင့်အရှောက်များ၊ အလုပ်များနေသော ထောက်ပံ့ရေး မြေခွေးမလေးများနှင့် ဘေးကင်းဇုန်တွင် ကန့်သတ်ထားခြင်းခံရသော ကလေးငယ်များပင်လျှင် ဝံပုလွေအသိုက်၏ အသန်မာဆုံး စွမ်းအားကို ကိုယ်စားပြုသညိ့ စစ်တပ်ကြီး ထွက်ခွာသွားသည်ကို တိတ်ဆိတ်ပြတ်သားစွာ ကြည့်ရှုနေကြသည်။
သူတို့၏ မျက်လုံးများတွင် ခွဲခွာရမည်ကို နှမြောတသဖြစ်မှုများ မရှိဘဲ ကျောက်တောင်ပမာ ခိုင်မာသော ယုံကြည်ချက်တစ်ခုသာ ရှိနေသည်။
အကြွင်းမဲ့ အောင်ပွဲခံရမည်ဟူသော ယုံကြည်ချက်ပင်ဖြစ်သည်။
အဝေးရှိ ကျောက်တုံးများကြားမှ အက်ကွဲကြောင်းထဲတွင် ပုန်းကွယ်နေသော ယွဲ့ရီသည် သူမ၏ ခရမ်းရောင်သလင်းကျောက် မျက်ဝန်းများမှတစ်ဆင့် ဤစစ်တပ်ကြီး ထွက်ခွာသွားသည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။
သူမ၏ အစွမ်းထက်သော စိတ်ပိုင်းဆိုင်ရာ စွမ်းအားများမှတစ်ဆင့် အရှေ့ဘက်ရှိ ဘုရင်အဆင့် ညစ်ညမ်းမှုအရင်းအမြစ် သုံးခုမှ ထုတ်လွှတ်နေသော တွင်းနက်ကြီးတစ်ခုပမာ အသက်ရှူကျပ်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါများကိုလည်း သူမ ပိုမိုရှင်းလင်းစွာ ခံစားသိရှိနေခဲ့သည်။
“သူက... တကယ်ပဲ စတင်တိုက်ခိုက်ဖို့ ရွေးချယ်လိုက်တာလား၊ အဆင့်တူ ညစ်ညမ်းမှုအရင်းအမြစ် သုံးခုနဲ့ ရာထောင်ချီတဲ့ ရူးသွပ်သားရဲ လှိုင်းလုံးကြီးကို ထိပ်တိုက်ရင်ဆိုင်ဖို့လေ...”
သူမ၏ နှလုံးသားထဲတွင် မုန်တိုင်းများ ထန်လာခဲ့သည်။
သူမ၏ ရှည်လျားလှသော ဘဝတစ်လျှောက် စုဆောင်းရရှိခဲ့သည့် အသိပညာများနှင့် အသက်ရှင်သန်မှုဒဿနများအရ ဤသည်မှာ သေချာပေါက် အလွန်အမင်းရူးသွပ်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်သေခြင်းနှင့် တူလုနီးပါးပင်။
“ခံစစ်ကို ထိန်းထားတာက ပိုဘေးကင်းတဲ့ ရွေးချယ်မှုဆိုတာကို သူ နားမလည်ဘူးလား၊ ဒါမှမဟုတ် ဒါက...”
သူမ၏ အကြည့်များက အကာအကွယ် လွှမ်းခြုံထားပြီး စနစ်တကျလည်ပတ်နေဆဲဖြစ်သော ဝံပုလွေအသိုက်ဆီသို့၊ အတိအကျဆိုလျှင် ကျန်ရစ်ခဲ့သော ‘အားနည်းသည့်’ အဖွဲ့ဝင်များနှင့် ထိုလူသားမိန်းကလေးနှစ်ဦး ရှိနေသည့် လမ်းကြောင်းဆီသို့ အလိုအလျောက် ရွှေ့လျားသွားခဲ့သည်။
“ဒီအိမ်ကို ကာကွယ်ဖို့လား၊ သူ့ရဲ့ မျိုးနွယ်စုဝင်တွေနဲ့ သူ့ရဲ့ ကာကွယ်စောင့်ရှောက်မှု လိုအပ်နေတဲ့ ကလေးတွေကို ကာကွယ်ဖို့လား”
ဤခန့်မှန်းချက်က သူမ၏ နှလုံးသားထဲရှိ သိမ်မွေ့သော ကြိုးလေးတစ်ချောင်းကို ညင်သာစွာ တီးခတ်လိုက်သလို ဖြစ်သွားခဲ့သည်။
ဤငွေရောင် ဝံပုလွေဘုရင်၏ လုပ်ဆောင်ချက်ကို သူမ စတင် ထိတွေ့မိနေပြီဟု သူမ ခံစားလိုက်ရသည်။
ဤနားလည်မှုက သူမကို တစ်ဖက်လူက မိုက်မဲသည်ဟု မခံစားရစေဘဲ ယင်းအစား သူမ၏နှလုံးသားထဲရှိ မှုန်ဝါးဝါး မဟာမိတ်ဖွဲ့လိုသော အကြံအစည်ကို ယခင်ကထက် ပိုမိုရှင်းလင်းပြီး အားကောင်းလာစေခဲ့သည်။
ဤမျှ စွမ်းအားကြီးမားပြီး သံယောဇဉ်ကြိုးများကို အလွန်တန်ဖိုးထားသော တည်ရှိမှုတစ်ခု...
“ဖြစ်နိုင်တာက သူဟာ ယုံကြည်စိတ်ချရတဲ့ မဟာမိတ်တစ်ယောက် ဖြစ်လာနိုင်မလား”
ဝံပုလွေအသိုက်၏ စစ်တပ်ကြီး မိုးကုတ်စက်ဝိုင်းပေါ်မှ ပျောက်ကွယ်သွားသည့် လမ်းကြောင်းဆီသို့ သူမ အချိန်အကြာကြီး တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့သည်။
သူမ၏ ကျော့ရှင်းသောခန္ဓာကိုယ်က ကျောက်တုံးအက်ကွဲကြောင်း၏ အရိပ်ထဲမှ ဖြည်းညင်းစွာ မတ်တတ်ထရပ်လိုက်ပြီး နောက်ဆုံးတွင် လုံးဝပျောက်ကွယ်သွားခဲ့သည်။
နှစ်ဖက်စလုံးအထိနာမည့်အချိန်ကို စောင့်ဆိုင်းရင်း ဘေးကနေ ဆက်လက်စောင့်ကြည့်နေရမည်လော။
ဒါမှမဟုတ်... မိမိကိုယ်တိုင်အတွက် ပိုကောင်းမွန်လာနိုင်ခြေရှိတဲ့ အနာဂတ်တစ်ခုအတွက် လောင်းကြေးထပ်ဖို့ တစ်ခုခုကို တက်ကြွစွာ လုပ်ဆောင်ရမည်လော။
သူမ အရေးကြီးသော ရွေးချယ်မှုတစ်ခုကို ပြုလုပ်ရန် လိုအပ်နေပြီဖြစ်သည်။
ငွေဖြူရောင်၊ ရွှေရောင်နှင့် အနီရောင်တို့ ရောယှက်နေသော ရေစီးကြောင်းကြီးတစ်ခုက ထာဝရအေးခဲနေသော မြေရိုင်းပြင်ကို ဖြတ်သန်းပြေးလွှားသွားပြီး ဝံပုလွေအုပ်စု၏ တစ်ပြေးညီ ခြေသံများအောက်တွင် မြေပြင်က တုန်ခါနေခဲ့သည်။
သွေးမိစ္ဆာ ဦးဆောင်သော ‘သွေးအစွယ်တော် အစောင့်အရှောက်’ ဆယ်ဦးသည် အထက်မြက်ဆုံးသော လှံထိပ်များပမာ မီတာတစ်ရာခန့် အမြဲတမ်း ရှေ့ပြေးနေ၏။
သူတို့၏ပတ်လည်ရှိ သတ်ဖြတ်ခြင်း ရောင်ဝါများက အရှိန်အဟုန်ဖြင့် ပြေးလွှားနေစဉ်အတွင်း ထင်ရှားသော အနီရောင်လမ်းကြောင်းတစ်ခုကို ချန်ရစ်ထားခဲ့သည်။
သူတို့၏ အနောက်တွင် ထျန်းပင်း ကွပ်ကဲသော လုပ်ကြံသတ်ဖြတ်သူ ပင်မတပ်ဖွဲ့က တင်းကြပ်သော စစ်တပ်ပုံသဏ္ဌာန် တိုးဝင်တိုက်ခိုက်ရေးကို ထိန်းသိမ်းထားပြီး ရွှေရောင်ရင့်ရင့် အမွေးအမျှင်များက လေထဲတွင် လှိုင်းများပမာ ယိမ်းနွဲ့နေခဲ့သည်။
လင်းထျန်းလုံ၏ ခမ်းနားလှသော ငွေဖြူရောင်ခန္ဓာကိုယ်ကြီးက စစ်တပ်၏အလယ်ဗဟိုတွင် နေရာယူထား၏။
သူ၏ ‘အဆင့်မြင့် စိတ်ထိန်းချုပ်ခြင်း’ က တိတ်ဆိတ်စွာ ပြန့်ကျဲသွားကာ လမ်းပိတ်နေသော ဧရာမကျောက်တုံးများနှင့် သစ်ပင်ခြောက်များကို အလွယ်တကူ ဖယ်ရှားပြီး စစ်တပ်အတွက် အတားအဆီးများကို ရှင်းလင်းပေးနေသည်။
ယုံကြည်စိတ်ချရဆုံးသော အကာအကွယ်ပေးသူများပမာ ရေပြာကြေးခွံအစောင့်အရှောက် ငါးဦးက ဘေးဘက် နှစ်ဖက်ကို အခိုင်အမာ ထိန်းထားပြီး ‘မိုးပြာဝံပုလွေတိုက်ပွဲဝိညာဉ်’ မှ ယူဆောင်လာသော တည်ငြိမ်မှုက သူတို့ကို စစ်ချီတက်မှုတွင် အတည်ငြိမ်ဆုံးချိတ်ဆက်မှုတစ်ခု ဖြစ်လာစေသည်။
နာရီဝက်သာ ကြာပြီးနောက် အသက်ရှူကျပ်လောက်အောင် ညစ်ညမ်းနေသော ရောင်ဝါများက သူတို့ဆီသို့ တိုးဝှေ့တိုက်ခတ်လာခဲ့သည်။
ဝံပုလွေအုပ်စုက ဆင်ခြေလျှောလေးတစ်ခုကို ကျော်ဖြတ်သွားသောအခါ သူတို့၏ အရှေ့မှ မြင်ကွင်းက အကြမ်းတမ်းဆုံး ‘သွေးအစွယ်တော် အစောင့်အရှောက်’ များကိုပင် တုန်လှုပ်သွားစေခဲ့သည်။
အဝေးတွင် ပုပ်ဟောင်နေသော အသားများ၊ မည်းမှောင်နေသော ကျောက်တုံးများဖြင့် တည်ဆောက်ထားပုံရသည့် ဧရာမအသိုက်ကြီး သုံးခုသည် သက်ဝင်လှုပ်ရှားနေသော ဧရာမနှလုံးသားကြီး သုံးခုပမာ မြေရိုင်းပြင်ပေါ်တွင် အမြစ်တွယ်နေကြသည်။
၎င်းတို့၏ မျက်နှာပြင်များပေါ်တွင် လိမ်ကောက်နေသော သွေးကြောများဖြင့် ဖုံးလွှမ်းနေပြီး ပျစ်ချွဲချွဲ အမည်းရောင်အရည်များ အဆက်မပြတ် ယိုစိမ့်ကျနေကာ အလွန်အမင်း ညစ်ညမ်းသော စိတ်ပိုင်းဆိုင်ရာ တုန်ခါမှုလှိုင်းတစ်ခုကို ထုတ်လွှတ်နေသည်။
ထောင်ပေါင်းများစွာသော ရူးသွပ်သားရဲများက အသိုက်သုံးခုကို ထူထပ်စွာ ဝိုင်းရံထားကြပြီး သူတို့၏မျက်လုံးများမှာ နီရဲနေကာ သွားရည်များကျနေပြီး သတိမကပ်သည့်အလား ဟိန်းဟောက်သံများကို ထုတ်လွှတ်နေကြသည်။
အခန်း (၂၅၆) - ညစ်ညမ်းသားရဲဖြင့် တိုက်ခိုက်ခြင်း (၁)
ထိုအထဲတွင် အဆင့် ၄၀ အထက် စွမ်းအင်လှိုင်းများရှိပြီး အလွန်အမင်းကြီးမားကာ ပိုမို လိမ်ကောက်နေသော မျိုးဗီဇပြောင်းမိစ္ဆာကောင် ဒါဇင်ပေါင်းများစွာလည်း ပါဝင်နေသည်။
ဧရိယာတစ်ခုလုံးကို နိမိတ်မကောင်းသော အနီရောင်ရင့်ရင့် မြူခိုးများဖြင့် လွှမ်းခြုံထားပြီး ထိုနေရာတွင် အလင်းရောင်ပင် ပုံပျက်သွားပြီး ဝါးမျိုခံနေရသည်။
“ဂါး“
မည်သည့် အမိန့်မှ မလိုအပ်ပေ။
ပထမဆုံး ရူးသွပ်သားရဲက သက်ရှိများ၏အနံ့ကို ရရှိသွားပြီး စူးရှသော အော်ဟစ်သံတစ်ခု ထုတ်လွှတ်လိုက်သည့် အခိုက်အတန့်မှာပင် စစ်ပွဲက ချက်ချင်းပေါက်ကွဲလာခဲ့သည်။
“သွေးအစွယ်တော် အစောင့်အရှောက်တွေ၊ လမ်းကြောင်းတစ်ခုဖောက်ဖို့ ငါ့နောက်ကိုလိုက်ခဲ့”
သွေးမိစ္ဆာက ဟိန်းဟောက်လိုက်ရာ ‘ကောင်းကင်သတ်ဖြတ်ခြင်းစစ်သူရဲသွေး’ က ချက်ချင်း အသက်ဝင်လာပြီး ၎င်း၏ အနီနှင့် အဖြူရောင် ရောယှက်နေသော အမွေးအမျှင်များအောက်တွင် သွေးရောင်အလင်းတန်းများ လှိုင်းထလာခဲ့သည်။
‘သွေးအစွယ်တော် အစောင့်အရှောက်’ ဆယ်ဦးက တစ်ပြိုင်နက်တည်း ‘စစ်မြည်ကြွေးသံ ပဲ့တင်ထပ်ခြင်း’ ကို အသုံးပြုလိုက်ရာ အနီရောင်ရင့်ရင့် အလင်းဝန်းတစ်ခုက တပ်စုကို လွှမ်းခြုံသွားသည်။
သူတို့၏ အမြန်နှုန်းနှင့် ကြမ်းကြုတ်မှုများမှာ ရုတ်တရက်မြင့်တက်သွားပြီး နီရဲနေသော သံပူဓားတစ်ခုပမာ ရူးသွပ်သားရဲလှိုင်းလုံးကြီး၏ ရှေ့တန်းသို့ အရှိန်ပြင်းစွာ ဝင်ရောက်သွားကြလေ၏။
‘ဆုတ်ဖြဲသွေးလက်သည်း’ ၏ သွေးရောင် အလင်းတန်းများက ကြက်ခြေခတ်ပုံစံ လင်းလက်သွားပြီး အရှေ့ဘက်ဆုံးမှ ရူးသွပ်သားရဲ ဒါဇင်ပေါင်းများစွာကို မျက်စိတစ်မှိတ်အတွင်း အပိုင်းပိုင်းအစစ ဆုတ်ဖြဲပစ်လိုက်သည်။
သို့သော်လည်း ပိုမိုများပြားသော ရူးသွပ်သားရဲများက ကြောက်ရွံ့မှုကင်းမဲ့စွာ ရှေ့သို့တိုးလာကြပြီး တပ်စုလေးကို ချက်ချင်း ဝါးမျိုပစ်လိုက်သည်။
သွေးမိစ္ဆာက သားရဲအုပ်ကြီးထဲတွင် ဟိုဟိုဒီဒီ ပြေးလွှားတိုက်ခိုက်နေပြီး သွေးလက်သည်း တစ်ချက် လွှဲယမ်းလိုက်တိုင်း ပုပ်ဟောင်နေသော သွေးများ အမြောက်အမြား ပန်းထွက်လာခဲ့သည်။
သွေးမစ္ဆာ၏ သွေးဆာရူးသွပ်မှုက သူ့ကို သားရဲအုပ်ကြီးထဲတွင် လင်းလက်နေသော သွေးရောင်လျှပ်စီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲပေးလိုက်ပြီး ပြတ်တောက်သွားသော ခြေလက်များ အနောက်တွင် ပျံဝဲသွားခဲ့သည်။
သွေးအစွယ်တော် အစောင့်အရှောက်များက ရန်သူကို စတင်တိုက်ခိုက်လိုက်သည့် အချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် ထျန်းပင်း ကွပ်ကဲသော လုပ်ကြံသတ်ဖြတ်သူ ပင်မတပ်ဖွဲ့ကလည်း အစစ်အမှန် ရွှေရောင် ဆူနာမီလှိုင်းလုံးကြီးတစ်ခုပမာ သားရဲလှိုင်းလုံးကြီးကို ဝင်ရောက်တိုက်ခိုက်လိုက်သည်။
‘ရူးသွပ်စွာ ပြေးဝင်တိုက်ခိုက်ခြင်း’ ၏ စုပေါင်း ဝင်ရောက်တိုက်ခိုက်မှုက ဖျက်ဆီးနိုင်စွမ်းကြီးမားသော လှိုင်းလုံးတစ်ခုကို သယ်ဆောင်လာပြီး ထူထပ်သော သားရဲလှိုင်းလုံးကြီးထဲတွင် ဧရာမလမ်းကြောင်းကြီးတစ်ခုကို ချက်ချင်း ဆုတ်ဖြဲပစ်လိုက်သည်။
ထျန်းပင်း ကိုယ်တိုင်ကလည်း စစ်နတ်ဘုရားတစ်ပါးပမာ ဖြစ်နေပြီး ‘မိုးကြိုးအလင်းလက်သီး’ ပစ်သွင်းလိုက်တိုင်း မျက်စိကျိန်းမတတ် လျှပ်စီးများ ပေါက်ကွဲထွက်လာကာ ဧရိယာတစ်ခုကို ချက်ချင်း ရှင်းလင်းသွားသည်။
မိုးကြိုးခြေနင်းတိုက်ကွက်ဖြင့် မြေပြင်ကို အပြင်းအထန် နင်းချလိုက်ရာ စက်ဝိုင်းပုံစံ လျှပ်စီးတုန်ခါမှုလှိုင်းတစ်ခု ပေါ်ထွက်လာပြီး ဝန်းရံနေသော ရူးသွပ်သားရဲများ အစုလိုက်အပြုံလိုက် ထုံကျင်သွားပြီး လွင့်စင်သွားခဲ့သည်။
“ရေပြာကြေးခွံအစောင့်အရှောက်တွေ၊ ဘေးဘက်တွေကို ကာကွယ်ပြီး ဝင်ရောက်လာသူတွေကို ရှင်းလင်းပစ်” ရန့်မြဲ့ တာဝန်ပေးထားသော တပ်စုမှူးက တည်ငြိမ်စွာ အမိန့်ပေးလိုက်သည်။
ရေပြာကြေးခွံအစောင့်အရှောက် ငါးဦးက ချက်ချင်း လူစုခွဲလိုက်ပြီး ‘မိုးပြာဝံပုလွေ အဆက်မပြတ်ခုတ်ပိုင်းခြင်း’ ကို အသုံးပြုလိုက်ကြသည်။
လက်သည်းအရိပ်များက အဆက်မပြတ်ကျဆင်းလာပြီး လုပ်ကြံသတ်ဖြတ်သူများ၏ ဘေးဘက်မှ ဝင်ရောက်တိုက်ခိုက်ရန် ကြိုးစားနေသော ရူးသွပ်သားရဲများကို အခိုင်အမာ တားဆီးထားလိုက်ကြသည်။
သူတို့၏ထိုးစစ်က လုပ်ကြံသတ်ဖြတ်သူများကဲ့သို့ မကြမ်းတမ်းသော်လည်း ပိုမိုအချိန်ကြာမြင့်စွာ ခံနိုင်ရည်ရှိပြီး တည်ငြိမ်ကာ ကာကွယ်ပေးသူများဖြစ်သည့်အားလျှော်စွာ သူတို့၏တာဝန်ကို ပြီးပြည့်စုံစွာ ထမ်းဆောင်နေကြသည်။
လင်းထျန်းလုံသည် တိုက်ပွဲထဲသို့ ဝင်ရောက်ရန် မလောသေးပေ။ သူ၏ ငွေဖြူရောင် ပုံရိပ်ကြီးက စစ်တလင်း၏အလယ်ဗဟိုတွင် ရပ်နေပြီး ‘ငွေပြာဧကရာဇ်မျက်ဝန်း’ မှ ဖျော့တော့သော အလင်းရောင်များ လည်ပတ်နေကာ စစ်တလင်းတစ်ခုလုံးကို တည်ငြိမ်စွာ စစ်ဆေးနေခဲ့သည်။
သူ ရှာဖွေနေသည်မှာ မိစ္ဆာဘုရင်အဆင့် ညစ်ညမ်းမှုအရင်းအမြစ် သုံးခု၏ တိကျသော တည်နေရာများနှင့် ဤရူးသွပ်သားရဲများ၏ ကွပ်ကဲမှုအချက်အချာများကိုပင်။
“မင်းတို့ကိုတွေ့ပြီ...”
သူ၏ အကြည့်များက ဘယ်ဘက်အစွန်ဆုံးရှိ အသိုက်၏ အနက်ရှိုင်းဆုံးနေရာဆီသို့ ကျရောက်သွားခဲ့သည်။
ထိုနေရာမှ ဝေဝါးဝါးဖြစ်နေသော်လည်း စွမ်းအားကြီးမားသော ဘုရင်အဆင့် တုန်ခါမှုတစ်ခု ဖြာထွက်နေပြီး ရူးသွပ်သားရဲများ၏ တိုက်ခိုက်မှုများကို ကြီးကြပ်ကွပ်ကဲရန် စိတ်စွမ်းအင်ဖြင့် အမိန့်များကို အဆက်မပြတ် ထုတ်လွှတ်နေခဲ့သည်။
ထိုအချိန်မှာပင် ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ဘုန်း၊ ဘုန်း၊ ဘုန်း…။
တောင်ကုန်းငယ်လေးတစ်ခု အရွယ်အစားရှိပြီး မဟူရာအရိုးချပ်ဝတ်ဖြင့် ဖုံးလွှမ်းထားကာ အဆင့် ၄၃ သို့ ရောက်ရှိနေသော အရှိန်အဝါများထွက်ပေါ်နေသည့် မျိုးဗီဇပြောင်း မိစ္ဆာသားရဲ သုံးကောင်က သားရဲအုပ်ကြီး၏အနောက်ဘက်မှ ရုတ်တရက် ခုန်ထွက်လာခဲ့သည်။
သူတို့သည် လက်ရှိတွင် သတ်ဖြတ်မှုများ ဆက်တိုက် ပြုလုပ်နေသော ထျန်းပင်းထံသို့ တြိဂံပုံစံဖြင့် ခုန်အုပ်လာကြသည်။ သူတို့၏ ပစ်မှတ်မှာ ရှင်းလင်း၏။
ဝံပုလွေအုပ်၏ ရှေ့တန်းစစ်သူကြီးကို သတ်ဖြတ်ရန်ပင်ဖြစ်သည်။
ထျန်းပင်းက ဟိန်းဟောက်လိုက်ရာ ‘ထာ၀ရဗာဂျရာခန္ဓာ’ မှ မှိုင်းညို့ညို့ ရောင်ဝါများ စီးဆင်းလာပြီး သူတို့ထဲမှ တစ်ကောင်၏ ဝင်ရောက်တိုက်ခိုက်မှုကို တိုက်ရိုက်ခံယူလိုက်သည်။
သို့သော်လည်း ကျန်ရှိသော မျိုးဗီဇပြောင်း မိစ္ဆာသားရဲနှစ်ကောင်၏ တိုက်စားနိုင်စွမ်းရှိသော စွမ်းအင်များ ပါဝင်သည့် လက်သည်းများက ထျန်းပင်း၏ ပခုံးရိုးများနှင့် နံရိုးများပေါ်တွင် နက်ရှိုင်းသော ဒဏ်ရာများကို ချန်ရစ်ထားခဲ့ပြီး ၎င်း၏ ရွှေရောင်ရင့်ရင့်အမွေးအမျှင်များကို ချက်ချင်း လောင်ကျွမ်းသွားစေခဲ့သည်။
“စစ်သူကြီးထျန်းပင်းကို အကာအကွယ်ပေးကြ” ရေပြာကြေးခွံအစောင့်အရှောက် တပ်စုမှူးက အာခေါင်ပြဲမတတ် အော်ဟစ်လိုက်သည်။
သူက ကူညီရန် နောက်သို့လှည့်ချင်သော်လည်း ပိုမိုများပြားသော ရူးသွပ်သားရဲများ၏ တားဆီးခြင်းကို ခံလိုက်ရသည်။
အလွန်တရာအရေးကြီးသော အခိုက်အတန့်တွင် အေးစက်သော စိတ်ဆန္ဒတစ်ခု ဆင်းသက်လာခဲ့သည်။
“ရေခဲအကျဉ်းထောင် ပလ္လင်”
လင်းထျန်းလုံ၏ တိုးညှင်းသောအသံက စည်းမျဉ်းများ၏စွမ်းအားများ ပါဝင်နေသည့်အလားပင်။
အစွန်းရောက် ရေခဲစည်းမျဉ်း အနှစ်သာရများဖြင့် လုံးဝတည်ဆောက်ထားပြီး ဖန်သားပမာ ကြည်လင်ကာ မြောက်မြားစွာသော ရှေးဟောင်း ရုန်းစာလုံးများ ထွင်းထုထားသည့် ရေခဲပလ္လင် ပုံရိပ်ယောင်တစ်ခုက သူ၏အနောက်တွင် ဖြည်းညင်းစွာ ပေါ်ထွက်လာခဲ့သည်။
ပလ္လင်ပေါ်လာသည့် အခိုက်အတန့်မှာပင် လင်းထျန်းလုံကို ဗဟိုပြု၍ မမြင်ရသော ရေခဲအကျဉ်းထောင် နယ်ပယ်တစ်ခုက ပြင်းထန်စွာ ကျယ်ပြန့်သွားပြီး စစ်မြေပြင်၏ ထက်ဝက်ကျော်ကို လွှမ်းခြုံသွားခဲ့သည်။
နယ်ပယ်အတွင်းတွင် အပူချိန်က အကြွင်းမဲ့ သုညဒီဂရီအထိ ထိုးကျသွားပြီး လေထဲတွင် မည်းနက်နေသော ရေခဲပွင့်လေးများ စုစည်းလာခဲ့သည်။
ရူးသွပ်သားရဲများအားလုံး၏ လှုပ်ရှားမှုများမှာ သာမန်မျက်စိဖြင့် မြင်နိုင်လောက်အောင် နှေးကွေးပြီး တောင့်တင်းသွားကာ သူတို့၏ ခန္ဓာကိုယ်များ စတင်အေးခဲလာခဲ့သည်။
ထျန်းပင်းကို ဝိုင်းရံတိုက်ခိုက်နေသော အဆင့် ၄၃ မျိုးဗီဇပြောင်း မိစ္ဆာကောင်သုံးကောင်မှာ ပို၍ပင် ဆိုးရွားနေပြီး မမြင်ရသော ရွှံ့နွံထဲသို့ ကျွံကျသွားသည့်အလား သူတို့၏ လှုပ်ရှားမှုများက သိသိသာသာကို နှေးကွေးသွားခဲ့သည်။
ဆန့်ကျင်ဘက်အနေဖြင့် ပလ္လင်၏ အလင်းရောင်အောက်တွင်ရှိသော ဝံပုလွေများမှာ စိတ်ဓာတ်များ တက်ကြွလာသည်ကို ခံစားလိုက်ရသည်။
သူတို့၏ ကုန်ဆုံးသွားသော ခန္ဓာကိုယ်ခွန်အားနှင့် စွမ်းအင်များက အလျင်အမြန် ပြန်လည်ပြည့်ဖြိုးလာပြီး ရေခဲအမျိုးအစား ကျွမ်းကျင်မှုများအားလုံး၏ စွမ်းအားက ကြောက်မက်ဖွယ်ကောင်းသော ထပ်တိုးစွမ်းအားတစ်ခုကို ရရှိသွားသည်။
“အခုပဲ”
ထျန်းပင်းက အခွင့်အရေးကို အမိအရဆုပ်ကိုင်လိုက်သည်။ သူ၏ ဒဏ်ရာများကို လျစ်လျူရှုကာ ‘မိုးကြိုးအကျဉ်းထောင်’ ကျွမ်းကျင်မှုကို အပြည့်အဝ အသက်သွင်းလိုက်၏။
ပြင်းထန်သော ပြာလဲ့လဲ့ လျှပ်စီးနယ်ပယ်တစ်ခုက မျိုးဗီဇပြောင်း မိစ္ဆာသားရဲသုံးကောင်ကို ချက်ချင်း လွှမ်းခြုံသွားပြီး အဆက်မပြတ် တိုက်ခိုက်မှုများနှင့် ထုံကျင်မှုများကြောင့် သူတို့သုံးကောင်လုံး နာကျင်စွာ ဟိန်းဟောက်လိုက်ရလေသညါ။
လင်းထျန်းလုံ လှုပ်ရှားလိုက်ပြီဖြစ်သည်။
သူ၏ ငွေဖြူရောင်ပုံရိပ်က ‘ဗလာဟင်းလင်းပြင် ဝံပုလွေခြေလှမ်း’ ကို အသုံးပြုကာ ချက်ချင်း ပျောက်ကွယ်သွားပြီး နောက်တစ်စက္ကန့်တွင် မျိုးဗီဇပြောင်း မိစ္ဆာသားရဲတစ်ကောင်၏ ခေါင်းပေါ်တွင် ပေါ်လာခဲ့သည်။
ဟင်းလင်းပြင်ကိုပင် ဆုတ်ဖြဲနိုင်သော မည်းနက်အေးစက်နေသည့် အလင်းရောင်များ သယ်ဆောင်ထားသည့် သူ၏ ‘နက်နဲရေခဲကောင်းကင်ဆုတ်ဖြဲလက်သည်း’ က အရှိန်ပြင်းစွာ ကျဆင်းလာခဲ့သည်။
ချလွတ်
အလွန်တရာ မာကျောသော မဟူရာအရိုးချပ်ဝတ်မှာ ဟင်းလင်းပြင်စွမ်းအားများ ပါဝင်သော လက်သည်းတိုက်ခိုက်မှုရှေ့တွင် စက္ကူတစ်ရွက်ပမာ အလွယ်တကူ ဆုတ်ဖြဲခံလိုက်ရပြီး အတွင်းရှိ စွမ်းအင်အရင်းအမြစ်မှာလည်း ခြေမွခံလိုက်ရသည်။
‘ဗလာဟင်းလင်းပြင် ဝံပုလွေခြေလှမ်း’ က နောက်တစ်ကြိမ် လင်းလက်လာခဲ့သည်။
ဒုတိယမြောက် မျိုးဗီဇပြောင်း မိစ္ဆာသားရဲ၏ ခေါင်းမှာ ‘ငွေပြာမိုးကြိုးလက်သည်း’ ကြောင့် ပျက်စီးသွားပြီး ၎င်း၏ခန္ဓာကိုယ်အတွင်းတွင် လျှပ်စီးများနှင့် နှင်းခဲများ ပေါက်ကွဲထွက်သွားခဲ့သည်။
တတိယမြောက် မျိုးဗီဇပြောင်း မိစ္ဆာသားရဲက ထွက်ပြေးရန်ကြိုးစားသော်လည်း အမြန်နှုန်း မြင့်တက်လာသော ထျန်းပင်းက အနောက်မှ အမီလိုက်လာပြီး ‘မိုးကြိုးအလင်းလက်သီး’ ဖြင့် ၎င်း၏ရင်ဘတ်ကို ဖောက်ထွင်းပစ်လိုက်သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အဆင့် ၄၃ မျိုးဗီဇပြောင်း မိစ္ဆာသားရဲသုံးကောင်လုံး သတ်ဖြတ်ခံလိုက်ရချေပြီ။
ဝံပုလွေအုပ်စု၏ စိတ်ဓာတ်များက ကောင်းကင်အထိ ထိုးတက်သွားခဲ့သည်။ ရေခဲအကျဉ်းထောင် ပလ္လင်၏ ထပ်တိုးစွမ်းအားများနှင့်အတူ သူတို့၏ထိုးစစ်က ပိုမိုကြမ်းတမ်းလာခဲ့သည်။
သွေးမိစ္ဆာ ဦးဆောင်သော သွေးအစွယ်တော် အစောင့်အရှောက်များက ရန်သူ့တပ်ဖွဲ့အတွင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားပြီး ဘယ်ဘက်အစွန်ဆုံးရှိ အသိုက်ထံသို့ ချဉ်းကပ်လာနေပြီဖြစ်သည်။
ထျန်းပင်း၏ ကွပ်ကဲမှုအောက်တွင် လုပ်ကြံသတ်ဖြတ်သူများကလည်း တည်ငြိမ်စွာ ရှေ့တိုးလာနေကြသည်။
လင်းထျန်းလုံ၏ အကြည့်များက ဘုရင်အဆင့် တုန်ခါမှုများကို အဆက်မပြတ် ထုတ်လွှတ်နေသော အသိုက်ဆီသို့ အေးစက်စွာ ကြည့်လိုက်သည်။
မြောက်မြားစွာသော ညစ်ညမ်းသည့် စွမ်းအင်များဖြင့် စုစည်းထားပြီး အသိုက်ထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာနေသော လိမ်ကောက်နေသည့် ပုံရိပ်တစ်ခုကို သူ ပစ်မှတ်ထားလိုက်သည်။
ထိုအရာက ဤနေရာရှိ ညစ်ညမ်းနေသော မိစ္ဆာဘုရင်ပင်ဖြစ်သည်။
“မင်းရဲ့ ပြိုင်ဘက်ကငါပဲ”
လင်းထျန်းလုံက ထိုလိမ်ကောက်နေသည့် ပုံရိပ်ကို ပစ်မှတ်ထားလိုက်သည့် အခိုက်အတန့်မှာပင် သူ၏ ‘ငွေပြာဧကရာဇ်မျက်ဝန်း’မှ အလင်းရောင်များက လှိုင်းထလာပြီး တစ်ဖက်လူ၏ သတင်းအချက်အလက်များကို အတင်းအကြပ် ခွဲခြမ်းစိတ်ဖြာလိုက်သည်။