← Chapters

အခန်း (၁၄၂)

Vol. 15 Ch. 142

အခန်း (၁၄၂)

Vol. 15 Ch. 142

"ဒါဆို ရှင်က အတွင်းရေးမှူးချူနဲ့ အဲဒီလူတွေရဲ့ ဆက်ဆံရေးကို စုံစမ်းချင်တာပေါ့..."

သူမ စကားမဆုံးမီမှာပင် ချီဖန့်က နားလည်လိုက်သည်။

"ဟုတ်တယ်။ ကိုယ်တို့တွေ ဒီအတိုင်းပဲ အမြဲတမ်း တိုက်ခိုက်ခံနေရမယ့်သူတွေအဖြစ် မနေနိုင်တော့ဘူးလေ။"

ပထမဆုံးက ပါမောက္ခလင်၊ နောက်တစ်ယောက် ဘယ်သူဖြစ်လာဦးမလဲ ဘယ်သူသိမှာလဲ။ အခြေအနေ မခိုင်မာလေလေ၊ တခြားသူတွေက စော်ကားဖို့ ပိုအားသန်လေလေပဲ။ ဒါ့အပြင် ယန်ရွှယ်ကို သစ်တောစခန်းမှာပဲ သူ့နားမှာ ထားထားတာက သူမအတွက် မတရားဘူးလို့ တစ်ယောက်ထက်မက သူ့ကို ပြောဖူးကြတယ်— ယန်ရွှယ်ကိုယ်တိုင်က ဂရုမစိုက်ဘူးဆိုရင်တောင်မှပေါ့။

ဒါပေမဲ့ သူမမှာလည်း ကိုယ်ပိုင် ရည်မှန်းချက်တွေ ရှိတာပဲ။ တကယ်လို့ တစ်နေ့မှာ သူမက ရှေ့ဆက်သွားနိုင်ချိန်မှာ သူက ဘာမှမဖြစ်မြောက်ဘဲ ဒီနေရာမှာတင် ပိတ်မိနေခဲ့ရင်ကော။

ချီဖန့် ငုံ့ပြီး သူမ၏ ဗိုက်ကို နမ်းလိုက်သည်။ "ဘယ်လောက်အထိ အားထုတ်ရမလဲ၊ ဘယ်နေရာမှာ အားစိုက်ရမလဲဆိုတာ မဆုံးဖြတ်ခင် ကိုယ်တို့ အခြေအနေတွေကို အရင်စုံစမ်းဖို့ လိုမယ်။"

အနမ်းက နူးနူးညံ့ညံ့လေးဖြစ်သော်လည်း သူမ၏ဗိုက်ကို ကြည့်နေသည့် သူ၏ အကြည့်ထဲမှ နူးညံ့မှုကြောင့် ယန်ရွှယ်မှာလည်း ဗိုက်ကို လက်လှမ်း၍ အသာပွတ်မိသွားသည်။

"ဒါဆိုရင်လည်း စုံစမ်းကြည့်တာပေါ့"

သူမက သဘောတူလိုက်သည်။ သူ သစ်တောစခန်းမှာ အကျဉ်းကျနေသလို ဖြစ်နေသည်ကို မြင်ရသည်မှာ သူမအတွက် စိတ်မကောင်းစရာပင်။ စက်ပစ္စည်းတွေအကြောင်း ပြောတဲ့အခါ ဒါမှမဟုတ် အဲဒါတွေကို ပြင်ဆင်နေတဲ့အခါ သူ့မျက်လုံးထဲမှာ တောက်ပနေတဲ့ အရောင်အဝါတွေကို သူမ မှတ်မိနေသေးသည်။ ခြောက်နှစ်နေရင် အရာအားလုံးက ပြီးဆုံးသွားတော့မှာ။ အဲဒီနှစ်တွေကို အလဟဿ အကုန်ခံပြီးမှ အစကနေ ပြန်စခိုင်းလို့ မဖြစ်ဘူး။

ယန်ရွှယ် သူမ၏ ဗိုက်ကို ပွတ်ရင်း စဉ်းစားလိုက်သည်။ "ရှင့်သူငယ်ချင်းက လိပ်စာစစ်ပေးတုန်းက ကျွန်မတို့ အကြွေးတင်နေသေးတာဆိုတော့၊ ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်မတို့စိုက်ထားတဲ့ မှိုအချို့ ပို့ပေးလိုက်ရအောင်။"

သူမက ခိုင်လုံတဲ့ အကြောင်းပြချက်ကိုပါ စဉ်းစားထားပြီးသားပါ။ နောက်ဆုံးတော့ ချူမင်လီက ယန်မိသားစုဝင် မဟုတ်တော့ ချီဖန့်အနေနှင့် သူ့အကြောင်းကို ဒီအတိုင်း သွားမေးနေဖို့က မသင့်တော်ပေ။

ချီဖန့်၏ မက်မွန်ပွင့်မျက်ဝန်းများသည် သူမကို ကြည့်ရင်း နူးညံ့သွားခဲ့သည်။ "ပြီးတော့ အတွင်းရေးမှူးချူက ကိုယ်တို့အပေါ် ဘယ်လောက် ကူညီပေးခဲ့တယ်၊ အခွင့်အရေးတွေ ဘယ်လိုပေးခဲ့တယ်ဆိုတာကိုပါ ထည့်ပြောလို့ ရတာပဲ။"

နှစ်ယောက်စလုံးက ထက်မြက်သူများ ဖြစ်ကြသည်။ စကားတွေ အရှည်ကြီး ပြောမနေရဘဲ အပြန်အလှန် စကားအနည်းငယ်ဖြင့်တင် အစီအစဉ်ကို ဆုံးဖြတ်လိုက်ကြသည်။

ဝန်ထုပ်ဝန်ပိုးတွေကို တစ်ယောက်တည်း ထမ်းပိုးလာခဲ့ရတဲ့ ချီဖန့်အတွက် အခုလို အကြံဉာဏ်တွေ အတူတူ ထုတ်ဖော်ပေးမယ့်သူမျိုး ရှိခဲ့တာ အလွန်နည်းသည်။ ယန်ရွှယ်အတွက်လည်း ဘဝနှစ်ခုစလုံးမှာ အရာရာကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရပြီးမှ၊ အခုလို အတူထိုင်ပြီး အကြံထုတ်မယ့်သူမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။

ခဏတာမျှ အခန်းထဲတွင် တိတ်ဆိတ်သွားပြီး ဇနီးမောင်နှံနှစ်ဦးမှာ စကားမပြောဘဲ တစ်ဦးကိုတစ်ဦး ကြည့်နေမိကြသည်။

ထိုစဉ်မှာပင် ဒုတိယအဖွား ဟင်းသီးဟင်းရွက်ခြံမှ ပြန်ရောက်လာခဲ့သည်။ သူမ အထဲဝင်လာသည်နှင့် ယန်ကျိအန်းက နှုတ်ခမ်းပေါ် လက်တင်ပြကာ ပြောလိုက်သည်။ "မမနဲ့ ယောက်ဖက... တစ်ခုခု ဆွေးနွေးနေကြတာ"

အဘွားယန်က "အော်..." ဟု အသံရှည်ဆွဲကာ ပစ္စည်းများကို ချပြီး မေးလိုက်သည်။ "နင့်ယောက်ဖ ပြန်ရောက်ပြီလား။ စကားပြောနေကြတာ ဘယ်လောက်ကြာပြီလဲ"

ယန်ကျိအန်း နာရီလှည့်ကြည့်စဉ်မှာပင် ယန်ရွှယ်က တံခါးဖွင့်ထွက်လာပြီး မေးလိုက်သည်။"ဒီည တည်သီးစားကြမှာလား"

ဒုတိယအဖွားယန်က သူမကို တစ်ချက်ကြည့်၊ နောက်ကလိုက်လာတဲ့ ချီဖန့်ကို တစ်ချက်ကြည့်ပေမဲ့ ဘာမှတော့ နှိုက်နှိုက်ချွတ်ချွတ် မမေးပေ။ သို့သော် ထိုညနေတွင် သူမက ယန်ရွှယ်၏ အိပ်ရာလိပ်ကို သွားသိမ်းတော့သည်။

"ဗိုက်က ဒီလောက်ကြီးနေတာကို ငါလို အဘွားကြီးက ပြုစုပေးရမှာလား။ ဒါမှမဟုတ် နင့်မောင်လေးကလား"

သူမက အိပ်ရာလိပ်ကို သူမအခန်းထဲဆီ တန်းသယ်သွားခဲ့သည်။

"အခု ချီဖန့်လည်း ပြန်ရောက်ပြီဆိုတော့ သူ့ကိုပဲ ပြုစုခိုင်းလိုက်တော့။ ကျိအန်းက အိပ်ရင် ကန်တတ်တော့ နင့်ကို ထိမိမှာ စိုးရတယ်။"

ယန်ကျိအန်း ညဘက် အိပ်ရင် ဟိုလှည့်ဒီလှည့် လုပ်တတ်တာ မှန်ပေမဲ့၊ ယန်ရွှယ် သူ့ဘေးမှာ အိပ်တာ မဟုတ်ပါချေ— သူမက ဒုတိယအဘွားယန် ဘေးမှာ အိပ်တာဖြစ်ပြီး၊ ကျိအန်းက အဘွားယန်ရဲ့ တခြားတစ်ဖက်မှာ ရှိတာပါ။

သို့သော် အဘွားယန်ကတော့ သူမကို မောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီးသားဖြစ်သည်။ အိပ်ရာလိပ်ကို ချပြီးသောအခါ ဝန်ထုတ်ဝန်ပိုးတစ်ခု လျော့သွားသလိုမျိုး ပြောလိုက်သည်။

"လူငယ်တွေ ရှိနေတာကို ဘာလို့ လူကြီးတွေကို လာဒုက္ခပေးနေမှာလဲ။ အခု ချီဖန့် ပြန်ရောက်ပြီဆိုတော့ ဒီမှာ ကပ်နေဖို့ အကြောင်းပြချက် မရှိတော့ဘူး"

ယန်ရွှယ်မှာ ဘာပြန်ပြောရမှန်း မသိတော့ပေ။ ချီဖန့်ကမူ ဒုတိယအဖွားယန်ကို ကြည့်ကာ လေးလေးစားစားဖြင့် ပြောလိုက်သည်။ "စိတ်မပူပါနဲ့ အဘွား။ ယန်ရွှယ်နဲ့ ကလေးကို ကျွန်တော် သေသေချာချာ စောင့်ရှောက်ပါ့မယ်"

သူက ချက်ချင်း အိပ်ရာကို ခင်းလိုက်ပြီး ခေါင်းအုံးနှစ်လုံးကို ဘေးချင်းယှဉ် တင်လိုက်သည်— ထို့နောက် နီးနီးကပ်ကပ် မရှိသေးဘူးဟု ထင်သဖြင့် တစ်လုံးနှင့်တစ်လုံး ပိုကပ်အောင် တိုးလိုက်သေးသည်။

ထို့နောက် သူ၏ ကြိုးစားအားထုတ်မှုတွေ စတင်တော့သည်။ ယန်ရွှယ် မျက်နှာသစ်ဖို့ ရေခပ်ပေးသည်၊ ပြီးတော့ ခြေထောက်ဆေးဖို့ ရေပြင်ပေးသည်။ သူမသာ တားမထားရင် သူမရဲ့ အဝတ်အစားတွေကိုတောင် လဲပေးတော့မည့် ပုံစံမျိုးပင်။

ယန်ရွှယ် လှဲလိုက်သည့်အချိန်တွင် သူက သူမနားသို့ တိုးကပ်လာပြီး၊ သူမ စိတ်ဆိုးမှာ စိုးသည့်အလား သူမ၏ ဗိုက်ပေါ်သို့ လက်ကို အသာအယာ တင်လိုက်သည်။

"မိန်းမ နောင်ကျရင် အရာရာတိုင်းမှာ မင်းစကားကိုပဲ နားထောင်ပါ့မယ်။"

ယန်ရွှယ် သတိထားမိသည်မှာ "မင်းစကား နားထောင်မယ်" ဆိုသည့် စကားစုမှာ ခဏခဏ ပါလာတတ်ခြင်းပင်။ သူမ သူ့ကို သေချာ ကြည့်ကာ မေးလိုက်သည်။ "ကျွန်မ စကားကိုပဲ မြေဝယ်မကျ နားထောင်ပါလို့ ပြောခဲ့ဖူးလို့လား"

သူမ မပြောခဲ့ပါဘူး။ ဒါပေမဲ့ သူ အစ်ကိုကျန်းရုန်ဆီမှာ အကြံဉာဏ် တောင်းတုန်းက အဲဒီအတိုင်း အသင်ခံခဲ့ရတာလေ။ ရသမျှ ပိုက်ဆံ အကုန် မိန်းမကို အပ်— သူမ စကားကို နားထောင်။ တစ်ခုခုဆို သူမနဲ့ တိုင်ပင်— တစ်ယောက်တည်း မဆုံးဖြတ်နဲ့၊ သူမ စကားကို နားထောင်။ တကယ်လို့ မိန်းမက စိတ်ဆိုးပြီး နေမင်းကြီးက အပြာရောင်လို့ ပြောရင်တောင်... အပြာရောင်ပေါ့— သွားမငြင်းနဲ့၊ သူမ စကားကိုပဲ နားထောင်...

ဒါပေါ့၊ ချီဖန့်က အဲဒီအတိုင်းတော့ ပြောလို့ မရဘူးလေ။

"ကိုယ်က မင်းပြောတာကိုပဲ နားထောင်ချင်လို့ပါ" ဟုသာ သူ ပြန်ဖြေလိုက်သည်။

သူ ဘယ်ကနေ ဒါတွေ သင်လာမှန်း မသိပေမဲ့၊ သူမ ချိန်းတွေ့ပွဲ သွားတယ်ဆိုတဲ့ အထင်မှားမှု ဖြစ်ပြီးကတည်းက အချို့စကားလုံးတွေက တန်ဖိုးနည်းသွားသလိုပင်။ ဘာမှ မပြောတာထက်စာရင်တော့ ယန်ရွှယ်မှာ ဒီလို ချော့တာကို အနည်းငယ် စိတ်ညွတ်မိသွားသည်။ သို့သော်လည်း သူမ အနည်းငယ် တိုးကာ ပြောလိုက်သည်။"ကလေးကို မဖိမိစေနဲ့ဦး"

သူမ၏ ကိုယ်ဝန်မှာ လရင့်နေပြီဖြစ်၍ ကိုယ်လက် လေးလံနေသည်။ ဒါကို မြင်တော့ ချီဖန့်က သူမကို မရွေ့စေဘဲ သူကိုယ်တိုင်ပဲ နောက်ကို ဆုတ်ပေးလိုက်သည်။

အခြေတကျ ဖြစ်သွားတော့မှ သူက သူမဗိုက်ပေါ် လက်ပြန်တင်ကာ အသံကို နှိမ့်လိုက်သည်။ "ကလေးက အခုတလော အရမ်းလှုပ်လား"

"အတော်လေး လှုပ်တယ်" ယန်ရွှယ်က ပြန်ဖြေလိုက်သည်။ ဖခင်တစ်ယောက်အနေနဲ့ သိပိုင်ခွင့်ကိုတော့ သူမ မပိတ်ပင်ချင်ပေ။

"စောစောကတင် ဒီနားမှာ တစ်ချက် ကန်သွားသေးတယ်။"

သူမ လက်ညှိုးထိုးပြသည့်နေရာကို ချီဖန့်က ချက်ချင်း လက်တင်လိုက်သည်။

"ဒီနားလား"

သို့သော် သူ လက်တင်လိုက်သောနေရာ မဟုတ်ဘဲ၊ အရင်က သူ လက်တင်ထားသော နေရာမှာတင် တစ်ခုခုက လှုပ်ခတ်သွားပြီး အလုံးလေးတစ်ခု အသာအယာ ဖောင်းတက်လာသည်။

ဒီတစ်ခါတော့ ယန်ရွှယ် ပြောစရာ မလိုတော့ဘဲ သူကိုယ်တိုင် မြင်လိုက်ရတာဖြစ်သည်။ သူက လက်ကို အမြန်ပြန်ရွှေ့ပြီး ထပ်စမ်းဖို့ ကြိုးစားပြန်သည်။

သို့သော် ကလေးက သူ့ကို နောက်နေသလိုမျိုး၊ အဲဒီနေရာမှာ ဆက်မလှုပ်တော့ဘဲ အရင်နေရာကိုပဲ ပြန်ကန်ပြန်သည်။

ချီဖန့် စိတ်ရှည်လက်ရှည်ဖြင့် လိုက်စမ်းနေသော်လည်း အကြိမ်တိုင်း လွဲချော်နေပြီး၊ နောက်ဆုံးတွင် ကလေးက လုံးဝ ငြိမ်သွားတော့သည်။

အခန်းထဲမှာ မီးလင်းနေဆဲ ဖြစ်သော်လည်း အမျိုးသားဖြစ်သူမှာ ယန်ရွှယ်ဘေးမှာ ထိုင်ကာ၊ သူမဗိုက်ကို ကြည့်ပြီး ဘာလုပ်ရမှန်း မသိဘဲ အားကိုးရာမဲ့ ဖြစ်နေရှာသည်။

ကလေးဆိုတာ မိခင်နဲ့ပဲ တကယ်ဆိုင်တယ်ဆိုတာ သက်သေပါပဲ— ယန်ရွှယ်က သူမဗိုက်ကို လက်တင်လိုက်ရင်တော့ ကလေးလေးက သူမကို သေချာပေါက် နှုတ်ဆက်တတ်သည်။

ယန်ရွှယ် သမ်းဝေရင်း ပြောလိုက်သည်။"ကလေးက စိတ်ဆိုးနေတာ ဖြစ်မှာပေါ့။ သူ့အဖေက သူ့ကို ပစ်ထားပြီး ထွက်သွားခဲ့တာကိုး"

ဒီတစ်ခါတော့ ချီဖန့်မှာ ပြန်ပြောစရာ မရှိတော့ပေ။ အကြာကြီး တိတ်ဆိတ်သွားပြီးမှ သူ ပြန်လှဲလိုက်ကာ ကတိပေးလိုက်သည်။

"နောက်တစ်ခါ အဲဒီလို မဖြစ်စေရပါဘူး"

နောက်တစ်နေ့တွင် ချီဖန့် ကျိုးလီထံ စာတစ်စောင် ရေးလိုက်ပြီး၊ အိမ်မှာ စိုက်ထားသော မှိုခြောက်အထုပ်ကြီး တစ်ထုပ်နှင့်အတူ ယန်ကျင်းသို့ ပို့လိုက်သည်။

သို့သော် အောက်တိုဘာလ ရောက်သည်အထိ ဘာစာမှ ပြန်မလာသေးပေ။ တစ်ခုခု ဖြစ်နေသည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ သစ်ထုတ်လုပ်ရေးစခန်းမှာတော့ ပြန်အလုပ်ရှုပ်နေကြပြီ ဖြစ်သည်။

စက်ပြင်ဆိုင်တွင် ချီဖန့်၊ ရှု့ဝမ်လီနှင့် အခြားသူများမှာ တောင်ပေါ်တက်မည့် သစ်ထုတ်လုပ်ရေး အဖွဲ့များအတွက် စက်ပစ္စည်းအားလုံးကို အရှိန်အဟုန်ဖြင့် ပြုပြင်မွမ်းမံနေကြသည်။ တစ်ဖက်တွင်လည်း ယန်ရွှယ်မှာ မှိုစိုက်တုံးများအတွက် ဆောင်းရာသီ ပြုစုစောင့်ရှောက်မှုများကို စတင်နေပြီ ဖြစ်သည်။

စမ်းသပ်စိုက်ပျိုးထားသည့် သစ်တုံးများမှာ ပထမနှစ် သစ်သားများ ဖြစ်ကြသဖြင့် ကိုင်တွယ်ရ လွယ်ကူသေးပြီး ခိုင်မာနေဆဲ ဖြစ်သည်။ မနှစ်က အိမ်မှာ စိုက်ခဲ့သော အုပ်စုကဲ့သို့ သစ်တုံး၏ ထိပ်နှစ်ဖက်ကို အောက်ခံတုံးများပေါ်တွင် တင်ပေးထားရုံပင်။

အိမ်တွင် စိုက်သော အုပ်စုကတော့ တစ်မျိုးဖြစ်သည်။ နှစ်နှစ်တိုင်တိုင် မှိုထွက်ထားပြီးပြီ ဖြစ်၍ သစ်သားများက ဆွေးလာပြီ ဖြစ်တာကြောင့် ခြောက်သွေ့နေအောင် ကြက်ခြေခတ်ပုံစံမျိုး ဆင့်ပုံထားရသည်။

ကံကောင်းတာက အိမ်မှာ အများကြီး မရှိတာပါပဲ။ ချီဖန့်၊ လျိုဝေကောနဲ့ ကောချန်ပင်းတို့ မိသားစု ကူညီပေးကြတာကြောင့် အလုပ်တွေက မြန်မြန်ဆန်ဆန် ပြီးသွားသည်။

ယန်ရွှယ်ကတော့ စမ်းသပ်ကွင်းကိုပဲ ကြီးကြပ်ပေးရန် လိုသည်။ ထိုသစ်တုံးများကို အစီအစဉ်တကျ ထားပြီးသည့်အခါမှာတော့ ယာယီအလုပ်သမား နှစ်ယောက်ဖြစ်သော ရှုဝမ်ချန်းနဲ့ ကောင်းသိုင့်တီတို့ကို စောစော အနားပေးလိုက်သည်။

သူမကိုယ်တိုင်ကတော့ ကျန်နေသော မှိုများကို ရောင်းရန်နှင့် စာရင်းအင်းများ ရှင်းရန်အတွက် ဒီနှစ်၏ အလုပ်တွေ လုံးဝ မပြီးမချင်း စောင့်နေရဦးမည် ဖြစ်သည်။

ရှုဝမ်ချန်းနှင့် ကောင်းသိုင့်တီတို့ ဒီမှာ အလုပ်လုပ်တာ ကြာပြီဖြစ်သော်လည်း ဘယ်သူမှ အမြဲတမ်း ဝန်ထမ်းအဖြစ် မလျှောက်ကြသေးပေ။

ဒါက ပထမဆုံးနှစ် ဖြစ်နေတာကြောင့် စမ်းသပ်ကွင်းက ဘယ်လောက်အထိ အမြတ်ထွက်မလဲဆိုတာ ဘယ်သူမှ မသိကြသေး။ ရှုဝမ်ချန်းမှာ ထောက်ပံ့ရမည့် မိသားစု ရှိနေသောကြောင့် စွန့်စားမှု မလုပ်နိုင်သလို၊ ကောင်းသိုင့်တီ၏ မိသားစုကလည်း ခွင့်မပြုကြပါချေ။

သို့သော် မတ်လကနေ အခုအထိ အလုပ်လုပ်ခဲ့ကြသောကြောင့် နှစ်ယောက်စလုံး ခြောက်လစာထက် ပိုသော လုပ်ခလစာများ ရရှိခဲ့ကြသည်။ ယန်ရွှယ် ပေးသော ဘောနပ်စ်များပါ ပေါင်းလိုက်လျှင် ယွမ် ၃၀၀ နီးပါး ရကြသည်။

သိပ်မများဘူးဟု ထင်ရသော်လည်း ရွာမှာ အရင်က လယ်လုပ်ခဲ့သော် ရှုဝမ်ချန်းအတွက်တော့ တစ်နှစ်လုံးနေမှ လက်ငင်းငွေ ၈၀ ကနေ ၁၀၀ လောက် မြင်ရရန် တော်တော် ခဲယဉ်းသည်။

သူက ယန်ရွှယ်ပေးသော ငွေစက္ကူ တစ်ရွက်ချင်းစီကို သေသေချာချာ သပ်ရပ်အောင် လုပ်ပြီး၊ ခေါက်ကာ အတွင်းအိတ်ထဲ ထည့်ထားသည်။ အိတ်ထဲမှာ ရှိနေသေးရဲ့လား ဆိုတာကို ခဏခဏလည်း လက်နဲ့ စမ်းကြည့်နေသေးသည်။

ရွာသားတွေကတော့ သူ ကံကောင်းသွားတာပဲလို့ ပြောကြတယ်— ခြေထောက်နှစ်ဖက်လုံး ဖြတ်ထားရပေမဲ့ သူ့ကို တခြားသူတွေလိုပဲ တန်းတူ လစာပေးပြီး အလုပ်ခန့်မယ့်သူ ရှိနေလို့လေ။

အချို့ကလည်း သူတို့မှာ ခြေထောက်နှစ်ဖက်လုံး ရှိနေတာတောင် အဲဒီလို အလုပ်ကောင်းကောင်း မရလို့ဆိုပြီး နောက်ကွယ်မှာ မနာလိုသော လေသံများဖြင့် ပြောကြသေးသည်။

ဒါပေမဲ့ ဘာဖြစ်လဲ။ သူ ကံကောင်းခဲ့တာပဲလေ— နည်းပညာရှင်ယန်လိုမျိုး ကြင်နာတတ်တဲ့သူနဲ့ တွေ့ခဲ့ရတာကိုး။

နည်းပညာရှင်ယန်က ဆက်ပြီး ရှင်းပြနေသည်။"ကျွန်မတို့ရဲ့ အချိန်ဇယားက အနည်းငယ် ကွဲပြားပါတယ်။ အခုတော့ အလုပ် သိပ်မကျန်တော့တာကြောင့် နှစ်လလောက် နားလို့ ရပါပြီ။ မှိုစိုက်ပျိုးရေးရဲ့ ပထမအဆင့်ကလည်း သိပ်ပြီး ပင်ပန်းမှာ မဟုတ်ဘူး။ နှစ်သစ်ကူးကို အိမ်မှာပဲ ကုန်ဆုံးပြီး ဖေဖော်ဝါရီလကျမှ ပြန်လာခဲ့ကြပါ။"

ကောင်းသိုင့်တီ နားမကြားတာကို သိလို့ သူမအတွက် စာရေးပြလိုက်သည်။ ရှုဝမ်ချန်းမှာလည်း ကျောင်းသိပ်မတက်ခဲ့ရပေမဲ့ သူမနှင့် ဆက်သွယ်ရန်အတွက် စာလုံးအချို့ကို သင်ယူထားရသည်။

ယန်ရွှယ်က သူ့ကို သီးသန့်ခေါ်ပြီး နောက်နှစ်ကျရင် သစ်ထုတ်လုပ်ရေးစခန်းကို ယာယီ ပြောင်းလာရန် စဉ်းစားမလားဟု မေးလိုက်သည်။

"ဒီလိုမျိုး အသွားအပြန် လုပ်နေရတာက အလုပ်ရှုပ်လို့ပါ။ ကျောင်းက ဆရာတွေကိုလည်း မေးကြည့်လို့ ရတယ်၊ ရှင့်ကလေးတွေကို ဒီမှာ ကျောင်းပြောင်းထားလို့ ရမလားဆိုတာလေ။"

ရှုဝမ်ချန်း အလုပ်စဝင်စဥ်က သူ့ခြေထောက်များနှင့် ဒီလောက်ကြာကြာ ခံမည်ဟု မထင်ထားခဲ့ပေ။ သို့သော် အခုတော့ သူ နောက်တစ်နှစ်အတွက် မျှော်လင့်ချက်များ ရှိနေပေသည်။

သူက ခေါင်းငြိမ့်ပြပြီး ပြန်စဉ်းစားကြည့်ဦးမည်ဟု ပြောလိုက်သည်။ အဲဒီညနေမှာ ရှုရှောင်လီက တတိယဦးလေးကျင်း၏လှည်းနှင့် သူ့ကို လာကြိုသောအခါ သူ အဲဒီအကြောင်း ပြောပြလိုက်သည်။

"သမီးတို့အားလုံး ဒီကို ပြောင်းလာရင် တတိယဦးလေးကျင်းကိုလည်း ထပ်ပြီး ဒုက္ခမပေးရတော့ဘူးပေါ့ ဟုတ်တယ်မလား"

ရှုရှောင်လီကတော့ ဒါဟာ အကြံကောင်းတစ်ခုပဲဟု တွေးမိသည်။

တတိယဦးလေးကြီးကျင်းက ဝင်ပြောလိုက်သည်။ "ငါ ပေါင်ကျစ်ကို မေးပေးမယ်။ သူမမှာ အားနေတဲ့ အခန်းနှစ်ခန်း ရှိတယ်— အရင်က နည်းပညာရှင်ယန်ကို ငှားခဲ့တဲ့ အခန်းတွေလေ။"

ဒီလိုနဲ့ပဲ သူတို့ နေစရာ ရသွားခဲ့သည်။ နည်းပညာရှင်ယန်နှင့် တွေ့ပြီးကတည်းက အရာရာတိုင်းက ပိုပြီး ချောမွေ့လာသလိုပင်။

ရက်အနည်းငယ်အကြာတွင် ရှုရှောင်လီသည် တောင်တန်းတွေကို တစ်ယောက်တည်း ဖြတ်ကျော်ပြီး ယန်ရွှယ်၏အိမ်ကို လာခဲ့သည်။ သူမ လက်ထဲတွင် အထုပ်တစ်ထုပ်ကို ပွေ့ထားပြီး၊ ခေါင်းပေါ်မှာလည်း ပန်ကိတ်အထပ်လိုက်ကို တင်ထားသည်။

"ဒါတွေက ကျွန်မကိုယ်တိုင် လုပ်ထားတဲ့ မုန့်တွေပါ။ သိပ်တော့ မကောင်းပေမဲ့ စားပေးပါဦးနော်။ ဒါတွေကတော့ ကျွန်မမောင်လေးတွေ ဝတ်ခဲ့တဲ့ အဝတ်ဟောင်းတွေပါ— နူးညံ့နေပြီဆိုတော့ ကလေးအတွက် အနှီးလုပ်လို့ ရတာပေါ့။"

ယန်ရွှယ် မငြင်းရသေးခင်မှာပင် ကောင်မလေးက လှည့်ပြေးသွားတော့သည်။ "နည်းပညာရှင်ယန်၊ အဖေက ကျေးဇူးတင်တယ်လို့ ပြောခိုင်းလိုက်ပါတယ်! ပြီးတော့ နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေလို့လည်း ကြိုပြီး ဆုတောင်းပေးလိုက်ပါတယ်!"

သူမ ပြေးထွက်သွားတာက အထဲဝင်လာသော ဒုတိယအဖွားနှင့် တိုက်မိမလို ဖြစ်သွား၍ အဘွားယန်မှာ ဘေးကို အမြန်ရှောင်လိုက်ရသည်။

"အလိုလေး... ဒီကလေး ဘာလို့ ဒီလောက် အသည်းအသန် ပြေးနေရတာလဲ"

"ပစ္စည်း လာပို့တာပါ" ယန်ရွှယ် မတတ်သာသလို ပြောလိုက်သည်။

ရှုမိသားစုက ခက်ခဲနေကြတာကို သူမ သိ၍ သူတို့ဆီက ပစ္စည်းများကို မယူချင်ပေ။ သို့သော် သူမက ဗိုက်ကြီးနှင့် ဆိုတော့ အဲဒီကောင်မလေးနောက်ကို လိုက်ဖမ်းဖို့ကလည်း မဖြစ်နိုင်ဘူးလေ။

ဒုတိယအဖွားယန်က အထဲက ပစ္စည်းများကို သတိထားမိသွားသည်။

"မုန့်တွေက အများကြီးပဲ— ဘယ်နှပေါင်တောင် ရှိမလဲ မသိဘူး။"

ခဏလောက် အံ့သြပြီးတဲ့နောက် သူမက ယန်ရွှယ်ကို စာတစ်စောင် ကမ်းပေးလိုက်သည်။

"စာပို့သမား လာသွားတယ်။"

ကျိုးလီဆီက စာပြန်လာတာ ဖြစ်မည်ဟု တွေးပြီး ယန်ရွှယ်က ချီဖန့်ပြန်လာမှ ဖတ်ဖို့ ဘေးကို ချထားလိုက်သည်— စာအိတ်ပေါ်က သူမနာမည်ကို မြင်လိုက်ရတဲ့အထိပင်။

ဒုတိယအဖွားယန်က လက်ဆောင်တွေကို ရှင်းလင်းရင်း ပြောလိုက်သည်။ "စာပို့သမားက ဒါ နင့်အတွက်တဲ့။ ဘယ်သူ ရေးတာပါလိမ့်"

သူမနဲ့ ယန်ကျိအန်းကြားမှာ ယန်ရွှယ်ဆီ စာရေးမယ့်သူ သိပ်မရှိပါဘူး— အရေးကြီးတဲ့သူတွေက သူမဘေးမှာပဲ ရှိနေကြတာလေ။

သို့သော် ယန်ရွှယ်က စာပို့သူ၏ နာမည်ကို မြင်လိုက်ရသည်။ "အဘွားရဲ့ ညီမဆီကပါ။"

ဒါကို ကြားတော့ ဒုတိယအဖွားယန်က မော့ကြည့်လာသည်။ "တစ်ခုခုတော့ မှားနေပြီ။"

အဘွား၏ ညီမက စာမတတ်ပေ။

"ဖြစ်နိုင်ပါတယ်"

ယန်ရွှယ် စာကို ဖွင့်ဖတ်လိုက်သည်။ စာကြောင်း အနည်းငယ်မှာတင် သူမ၏အပြုံးများ ပျောက်ကွယ်သွားတော့သည်။

အဘွားယန်လည်း စိတ်ပူသွားသည်။ "ဘာဖြစ်လို့လဲ။ အိမ်မှာ ပြဿနာ တက်နေလို့လား"

"အဲဒီလိုတော့ မဟုတ်ပါဘူး"

ယန်ရွှယ် သူမကို ကြည့်လိုက်သည်။ "အဘွားရဲ့ ညီမ ပြောတာက... ကျွန်မရဲ့ အဖေရင်းဘက်က မိသားစုက ကျွန်မအကြောင်း လာစုံစမ်းနေကြတယ်တဲ့။"

All Chapters