← Chapters

အခန်း (၁၄၇)

Vol. 15 Ch. 147

အခန်း (၁၄၇)

Vol. 15 Ch. 147

ယန်ရွှယ်သည် လျန်ယွဲ့အာကို အတွင်းရေးမှူးလျန်ထံမှ အကူအညီတောင်းခဲ့စဉ်က သူမက အတွင်းရေးမှူးရဲ့ သမီးဖြစ်လို့တင် မဟုတ်ပေ—လျန်ယွဲ့အာမှာ စကားလုံခြုံပြီး ဘယ်အချိန်မှာ နှုတ်ဆိတ်နေရမလဲဆိုတာကို သိသူဖြစ်ခြင်းကြောင့်လည်း ဖြစ်သည်။ ထုံးစံအတိုင်းပင် သူမက ထပ်မမေးတော့ဘဲ ကလေးလေးကိုသာ အာရုံပြောင်းလိုက်သည်။

"ဒါနဲ့... ဒီကလေးလေးက သူ့အဖေနဲ့ တော်တော်တူတာပဲ"

ယန်ရွှယ်သည် ကိုယ်ဝန်ဆောင်စဉ်အတွင်း အာဟာရပြည့်ဝစွာ စားသုံးပြီး ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ရှိခဲ့သဖြင့် ကလေးငယ်မှာ အလွန်ကျန်းမာပြီး မွေးဖွားပြီး ရက်အနည်းငယ်အတွင်းမှာပင် မျက်လုံးပွင့်လာခဲ့သည်။ ကလေးငယ်မှာ သူ၏ဖခင်နှင့် အလွန်တူလှသည်။

ယန်ရွှယ်နှင့် ယန်ကျိအန်းတို့သည် သူတို့မိခင်၏ ဝိုင်းစက်သော မျက်လုံးကြီးများကို အမွေရခဲ့ကြသော်လည်း၊ ဤကလေးငယ်မှာမူ သူ၏ဖခင်ဖြစ်သူကဲ့သို့ မျက်လုံးအတွင်းထောင့်စွန်းများ အနည်းငယ်နိမ့်ပြီး အပြင်ထောင့်စွန်းများ ပင့်တက်နေသည့် ထူးခြားသော မျက်လုံးမျိုးကို ပိုင်ဆိုင်ထားသည်။

တစ်ခါတစ်ရံ ယန်ရွှယ်သည် ကလေးငယ်ကို ကြည့်ရင်း သူသည် အမြင်အာရုံကို သေချာမစုစည်းနိုင်သေးမှန်း သိသော်လည်း သူမကို ကြည့်နေသည်ဟု ခံစားချက်ကို ဖျောက်ပစ်၍မရပေ။ သူမက ကလေး၏ နှာခေါင်းလေးကို အသာအယာတို့ကာ "ဘာလို့ မေမေနဲ့ မတူတာလဲ" ဟု စနောက်လေ့ရှိသည်။

ကလေးငယ်မှာလည်း သူမကို စိုက်ကြည့်ရင်း သူ၏ လက်ကလေး ခြေကလေးများကို လှုပ်ယမ်းကာ တစ်ခါတစ်ရံတွင် ပြန်တုံ့ပြန်သည့်အလား တိုးတိုးလေး အသံပြုတတ်သည်။

လျန်ယွဲ့အာမှာ ထိုမြင်ကွင်းကြောင့် စိတ်အေးချမ်းသွားရပြီး ကလေးကို ပွေ့ချီကာ ချော့မြှူနေတော့သည်။ "ဘာလို့ ဒီလောက်တောင် ချစ်ဖို့ကောင်းနေရတာလဲ" ထို့နောက် သူမ ယန်ရွှယ်ကို မေးလိုက်သည်။"နာမည် ပေးပြီးပြီလား"

ထိုအခါ ယန်ရွှယ်က ကလေး၏ မျက်နှာကို ငုံ့ကြည့်ရင်း ဖြေလိုက်သည်။ "အင်း ချီယန်ယွီ လို့ ပေးထားတယ်"

လျန်ယွဲ့အာမှာ မျက်တောင်တဖျတ်ဖျတ် ခတ်သွားပြီးမှ ရယ်မောတော့သည်။ "နေဦး—အဲဒီ 'ယန်' က မင်းရဲ့ မျိုးရိုးနာမည်ထဲက 'ယန်' လား"

ယန်ရွှယ်က နှုတ်ဆိတ်နေသဖြင့် လျန်ယွဲ့အာမှာ ပို၍ပင် ရယ်မောမိသွားသည်။"တကယ်ကြီးပဲကိုး! မင်းရဲ့ ချီဖန့်က လူအေးကြီးလို့ ငါထင်ထားတာ။"

ယန်ရွှယ်ကိုယ်တိုင်လည်း ထိုသို့ပင် ထင်ခဲ့ဖူးသော်လည်း အခုတလောတွင်မူ ထိုအမျိုးသားမှာ အထူးသဖြင့် သားဖြစ်သူကို နာမည်ပေးသည့် ကိစ္စတွင် လူအေးတစ်ယောက်နှင့် လုံးဝမတူတော့ပေ။

ဤခေတ်ကာလတွင် နာမည်များကို မျိုးချစ်စိတ်ဓာတ် အခြေခံသည့် နာမည်များ သို့မဟုတ် မိသားစု အစဉ်အလာအတိုင်းသာ ပေးလေ့ရှိကြသည်။ အကယ်၍ ထိုအစဉ်အလာကို ချိုးဖောက်လျှင်ပင် မိဘများက ကလေးအတွက် ဆုတောင်းမေတ္တာများ ပါဝင်သည့် နာမည်များကိုသာ ရွေးချယ်လေ့ရှိကြသည်။

သို့သော် ချီယန်ယွီ။ ၎င်းမှာ သူမနှင့် ချီဖန့်တို့ မည်သို့ဆုံတွေ့ခဲ့ကြသည်ကို အတိအလင်း ဖော်ပြနေသည့် နာမည်တစ်ခု ဖြစ်သည်။ (ယန်ရွှယ်နှင့် ဆုံတွေ့ခြင်းဟု အဓိပ္ပာယ်ရသည်)။

သို့သော် ထိုအမျိုးသားမှာမူ သူ၏ မျက်ဝန်းများဖြင့် သူမကို စိုက်ကြည့်ရင်း ဤနာမည်မှာ အလွန်နက်နဲသော အဓိပ္ပာယ်ရှိကြောင်း အခိုင်အမာ ပြောဆိုနေခဲ့သည်။

ယန်ရွှယ်က ဘာပြောနိုင်ပါဦးမည်နည်း။ သူတို့နှစ်ဦး ဆုံတွေ့ခြင်းကို အထိမ်းအမှတ်ပြုသည့် နာမည်က ဤအင်ဂျင်နီယာ အူကြောင်ကြောင် လူတစ်ယောက်၏ 'ငြိမ်သက်နေသော ကြွက်နားရွက်မှို' ကဲ့သို့သော နာမည်မျိုး ပေးခြင်းထက်စာလျှင် ပို၍ အဆင်ပြေလှသည် မဟုတ်ပါလား။

ကလေးငယ် ချီယန်ယွီမှာမူ သူ့ဖခင်၏ ဤကဲ့သို့သော ကြွားဝါမှုကို မသိရှာဘဲ ဘာမှမသိနားမလည်စွာ ရှိနေရှာသည်။

တကယ်လို့ လျိုဝေကောသာ တောင်ပေါ်က ပြန်ရောက်လာချိန်မှာ ဒါကို ကြားလိုက်ရရင် "ဒါကတော့ အဆင့်မြင့်လွန်းတယ်" လို့ မုချ အော်မိမှာပဲ။ အဆုံးတော့ သူကိုယ်တိုင်လည်း "အိုက်ရုန်" ဆိုတဲ့ နာမည်ရဖို့ ရက်ပေါင်းများစွာ စဉ်းစားခဲ့ရတာကိုး။

ထိုအတောအတွင်း ယန်ရွှယ်သည် အိမ်ထဲတွင် မီးဖွားပြီး နားနေသဖြင့် သူမ၏ အဆိုပြုလွှာက အပြင်လောကတွင် မည်မျှအထိ လှုပ်ခတ်သွားသည်ကို မသိရှိခဲ့ပေ။

ကျင်းချွမ် သစ်တောစခန်းသို့ လာရောက်လည်ပတ်သူများပြားသလို မြို့ရှိ သစ်တောရေးရာဗျူရိုမှာလည်း အလွန်အလုပ်ရှုပ်နေသည်။ အစည်းအဝေး ကျင်းပသည့် အချိန်တွင် စီမံကိန်းကို စိတ်ဝင်စားသော သစ်တောစခန်းတိုင်းက အသေးစိတ် အစီအစဉ်များကို ပြင်ဆင်လာကြသည်။

ထုံးစံအတိုင်းပင် အချို့သော စခန်းများမှာမူ ယှဉ်ပြိုင်နိုင်စွမ်း မရှိမှန်း သိသဖြင့် ဘာမှပင် မပြင်ဆင်တော့ဘဲ နောက်ဆုံးအဆင့်တွင်သာ ကျေနပ်စွာ နေကြတော့သည်။

အစည်းအဝေးနေ့ ရောက်သောအခါ ထိုဘာမှ မပြင်ဆင်လာသည့် စခန်းမှာ အားလုံးထဲတွင် အထီးကျန်နေတော့သည်... ထိုသူသည် အခြားသူများ၏ ဝိုင်းဝန်းကြည့်ရှုမှုကို ခံရသောအခါမှ သူ၏ ရွေးချယ်မှုအတွက် နောင်တရမိတော့သည်။

အခြားသူများအားလုံးက ကြိုးစားအားထုတ်နေသည့် စံပြပုဂ္ဂိုလ်များဖြစ်နေချိန်တွင် သူတစ်ယောက်တည်းသာ ပျင်းရိနေသူ ဖြစ်နေသည် မဟုတ်ပါလား။ ဒါပေမယ့် ဒါကို စောစောစီးစီး အကြောင်းကြားသင့်တာ မဟုတ်ဘူးလား။

ထိုစဉ်မှာပင် ချူမင်လီက အစီအစဉ်ကို တည်ငြိမ်စွာ ရှင်းလင်းတင်ပြပြီးနောက် ဆွေးနွေးမှုများကို စတင်လိုက်သည်။ အစည်းအဝေးခန်းမတစ်ခုလုံးတွင် စခန်းတစ်ခုချင်းစီက သူတို့၏ အားသာချက်များဖြစ်သော ကျင်းချွမ်နှင့် နီးစပ်မှု၊ လူအင်အား များပြားမှုနှင့် ခေါင်းဆောင် ကောင်းမွန်မှုများကို အသီးသီး တင်ပြကြတော့သည်။

ပျင်းရိနေသည့် စခန်းမှာမူ သူ၏ အလှည့်ရောက်သောအခါ အခြားသူများလောက် ခိုင်မာသည့် တင်ပြမှု မရှိသဖြင့် ဗျူရိုအရာရှိများကလည်း သူ့ဘက်မှ မည်သူမျှ စကားပြောပေးခြင်း မရှိပေ။

ကျန်ရှိနေသော စခန်း (၅) ခုမှာမူ အပြင်းအထန် ယှဉ်ပြိုင်ကြပြီး အချို့မှာ ‌ဒါရိုက်တာ လျိုထံမှတစ်ဆင့် အကူအညီ တောင်းခံကြသည်။

ချူမင်လီက ထိုမြင်ကွင်းကို အေးဆေးစွာ ကြည့်နေခဲ့သည်။ ဒါရိုက်တာလျိုသည် အချို့သော စခန်းများကို ဗြောင်ကျကျ ဦးစားပေးနေသည်ကို သူ သတိထားမိသည်။ ဆွေးနွေးမှုများ ငြိမ်သက်သွားသောအခါမှ သူ ပြောလိုက်သည်။ "လူတိုင်းက တော်တော်လေး စိတ်အားထက်သန်ကြတာပဲ"

အားလုံးက ခေါင်းငြိမ့် ထောက်ခံကြသည်။ ဖားတတ်သော တစ်ယောက်ကမူ ဗျူရို၏ အလုပ်ကို ကူညီပေးရန်နှင့် နိုင်ငံတော်အတွက် အကျိုးပြုရန်မှာ သူတို့၏ တာဝန်ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ထိုစဉ် ချူမင်လီက အံ့အားသင့်ဖွယ် စကားတစ်ခွန်း ပြောလိုက်သည်။ "လူတိုင်းက စိတ်အားထက်သန်နေကြတာဆိုတော့ အားလုံးပဲ အတူတူ လုပ်ကြတာပေါ့။"

အခန်းတစ်ခုလုံး တိတ်ဆိတ်သွားသည်။ အတူတူလား။ ဆိုလိုတာက စခန်း (၆) ခုလုံးမှာ သီးခြားစီ စမ်းသပ်စီမံကိန်းတွေ လုပ်ရမှာလား။

မှန်ပါသည်။ ၎င်းမှာ သူ၏ စီမံကိန်းပင် ဖြစ်သည်။ ဒါရိုက်တာလျိုက ရှေ့ဆုံးမှနေ၍ ကန့်ကွက်တော့သည်။ "ဒီလောက်များတဲ့ သစ်ဖျားသစ်နားတွေနဲ့ အဆင့်မမီတဲ့ သစ်တွေကို ငါတို့တွေ ဘယ်မှာ သွားရှာမှာလဲ။ ကျင်းချွမ် တစ်ခုတည်းတင် စခန်း ၃ ခုစာ သစ်တွေကို သုံးခဲ့တာလေ။ အရင်းအမြစ်တွေကို ဒီလို ခွဲဝေလိုက်တာက မတန်ပါဘူး။"

သူက ချူမင်လီကို ဗြောင်ကျကျ စိန်ခေါ်လိုက်သည်။ "မင်းက မှိုစိုက်ဖို့အတွက် သစ်ပင်တွေကို တမင်တကာ သွားခုတ်ခိုင်းနေတာလား။ ဒီသစ်တွေက နိုင်ငံတော်ပိုင်တွေလေ—တခြား ပိုအရေးကြီးတဲ့ နေရာတွေမှာ သုံးရဦးမှာ။"

"ဒါပေါ့၊ အဲဒီလို မဟုတ်ပါဘူး"

ချူမင်လီက သူ၏ မျက်မှန်ကို ပြင်ရင်း ပြုံးကာ ပြောလိုက်သည်။ "ကျွန်တော်တို့ဗျူရိုမှာ အရင်းအမြစ် မလုံလောက်ပေမဲ့ တခြားမြို့တွေက သစ်တောဗျူရိုတွေမှာတော့ ရှိတာပဲ။"

သူက လူအများကို ကြည့်ကာ ပြောလိုက်သည်။ "ကျွန်တော်တို့တွေ သူတို့ဆီကနေ ထင်းဈေးနဲ့ ဝယ်ကြတာပေါ့"

ဤသည်မှာ ယန်ရွှယ်၏ အဆိုပြုလွှာရှိ အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်သည်။ သူမသည် ဤစီမံကိန်းကို စတင်ကတည်းက စခန်းအနည်းငယ်ကို မှိုမျိုးစေ့ရောင်းရုံမျှဖြင့် အသေးအဖွဲ့ လုပ်ဆောင်ရန် စိတ်ကူးမရှိခဲ့ပေ။

ချူမင်လီသည်လည်း ကျင်းချွမ်တစ်ခုတည်းတွင်သာ သစ်ထုတ်လုပ်မှု ပမာဏကြောင့် ကန့်သတ်ထားသည့် စီမံကိန်းကို သဘောမကျပေ။ သူက စားပွဲကို ခေါက်ကာ ပြောလိုက်သည်။

"အဲဒီတော့ ခင်ဗျားတို့ သဘောပါပဲ။ တကယ်လို့ စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော့်ကို အရေအတွက် ပြောပါ၊ ကျွန်တော် တခြားမြို့က ပါတီအတွင်းရေးမှူးတွေနဲ့ စကားပြောပြီး ဝယ်ပေးပါ့မယ်"

ထိုအခါမှ လူတိုင်း နားလည်သွားကြသည်။ ဘာကြောင့် တခြားမြို့က ဗျူရိုတွေဆီကနေ ဝယ်ဖို့ကို မစဉ်းစားမိခဲ့ကြတာလဲ။

သူတို့၏ ချန်ရွှေ့ ဗျူရိုမှာ သစ်တုံးတွေ မလုံလောက်ရင်တောင် ခရိုင်တစ်ခုလုံးမှာ သစ်တောစခန်းတွေ ရှိသည့် မြို့ ၃ မြို့ ရှိသေးသည် မဟုတ်ပါလား။ ထို့ပြင် ခရိုင်ပြင်ပမှာလည်း ရှိသေးသည်။

အခုဆိုလျှင် ဗျူရိုအတွင်းမှာ အရင်းအမြစ်တွေ လုနေစရာ မလိုတော့ပေ။ အပြင်ကနေ ဝယ်ယူနိုင်ပြီဖြစ်သည်။ ထင်းဈေးနဲ့ မရရင်တောင်မှ ဈေးကြီးပေးရမည် မဟုတ်ပေ။

အဆုံးတော့ ဤနေရာတွင် သစ်တုံးများနှင့် အဆင့်မမီသော သစ်များသည် မှိုစိုက်ပျိုးရန်အတွက် အသုံးဝင်သော်လည်း အခြားနေရာများတွင်မူ ၎င်းတို့မှာ တန်ဖိုးမရှိသော ထင်းများသာ ဖြစ်သည်။

ယခုအခါ မည်သူမျှ ဒါရိုက်တာလျိုကို ဂရုမစိုက်ကြတော့ပေ။ စခန်းတိုင်းက မှိုစိုက်ပျိုးနိုင်ပြီဆိုလျှင် သူ့ကို ဖားနေစရာ မလိုတော့ဘူး မဟုတ်ပါလား။

ထို့ပြင် ဒါရိုက်တာလျို၏ အမြင်မှာ အလွန်ကျဉ်းမြောင်းလှသည်။ အတွင်းရေးမှူးချူက ခရိုင်တစ်ခုလုံးကို ကြည့်မြင်နေချိန်တွင် သူကမူ ကိုယ့်ခြံဝင်းထဲမှာတင် အငြင်းပွားနေဆဲ ဖြစ်သည်။

သေချာသည်မှာ သူတို့၏ မူလအစီအစဉ်များကို ပြောင်းလဲရတော့မည် ဖြစ်သည်။ သူတို့စခန်းက မည်မျှအထိ လုပ်ဆောင်နိုင်မည်ကို ပြန်တွက်ချက်ကြရမည်။

ဒီစီမံကိန်းသာ အောင်မြင်ရင် နိုင်ငံရေးအရ အောင်မြင်မှုမှတ်တမ်းတွေ ရရုံတင်မကဘဲ မိသားစုဝင်တွေကိုပါ ဒီလုပ်ငန်းထဲမှာ ထည့်သွင်းပေးလို့ ရနိုင်သည် မဟုတ်ပါလား။ စခန်းက အမြတ်တွေ ရလာတာကို ဘယ်သူက ကန့်ကွက်ပါ့မည်နည်း။

အစည်းအဝေးတွင် လူအများ၏ အာရုံမှာ လွင့်ပျံ့နေသော်လည်း အတွင်းရေးမှူးလျန်မှာမူ ပြုံးနေဆဲပင်။

"အကယ်၍ စိတ်ဝင်စားတယ်ဆိုရင် နည်းပညာရှင်ယန်ဆီက ရထားတဲ့ မှိုစိုက်ပျိုးမယ့် နေရာရွေးချယ်ပုံ လမ်းညွှန်ချက် ကျွန်တော့်ဆီမှာ ရှိပါတယ်။ လေ့လာကြည့်ကြပါဦး။"

နေရာရွေးချယ်မှုတွင်လည်း နည်းစနစ်များ ရှိသည်ဟု ကြားလိုက်ရသောအခါ သူတို့မှာ စာရွက်စာတမ်းများကို အလုအယက် ယူကြည့်ကြပြီး အချို့မှာမူ ကူးယူမှတ်သားကြတော့သည်။

ကျင်းချွမ်နှင့် အနီးဆုံးဖြစ်သော ဝမ်ရှန်း စခန်းမှ အတွင်းရေးမှူးက မေးလိုက်သည်။ "နည်းပညာရှင်ယန်က ဘယ်တော့ မီးဖွားခွင့် ပြီးမှာလဲ။ ကျွန်တော်တို့စခန်းဆီ သူမကို လာလည်ဖို့ ဖိတ်ချင်လို့"

အတွင်းရေးမှူးလျန် ပြောလိုက်သည်။ "နည်းပညာရှင်ယန်က မနှစ်က ကဗျာရွတ်ဆိုပွဲမှာ ဦးဆောင်ခဲ့သူလေ။ သူမက ဒီလမှာပဲ ကလေးမွေးထားတာ"

ဝမ်ရှန်းမှ အတွင်းရေးမှူးကလည်း ကူညီပြီး "ချီဖန့်က သူမရဲ့ ခင်ပွန်းလေ" ဟု ထပ်ဖြည့်ပြောလိုက်ရာ အခြားသူများမှာလည်း သူခံစားခဲ့ရဖူးသည့်အတိုင်း မနာလိုစိတ်နှင့် အံ့သြစိတ်များ ရောပြွန်းသွားကြတော့သည်။

ယန်ရွှယ်၏ လမ်းညွှန်ချက်များတွင် နေရာရွေးချယ်မှုအပြင် သစ်အမျိုးအစား ရွေးချယ်မှုနှင့် မျိုးစေ့တစ်ပုလင်းလျှင် သစ်တုံးမည်မျှ စိုက်ပျိုးနိုင်သည်ကိုလည်း ဖော်ပြထားသည်။

အတွင်းရေးမှူးလျန် ပြောလိုက်သည်။"ဒါကို လေ့လာပြီး ခင်ဗျားတို့ မျိုးစေ့ ဘယ်နှပုလင်း လိုမလဲဆိုတာ ဆုံးဖြတ်ပါ။ ကျွန်တော့်ကို အမြန်ဆုံး အကြောင်းကြားပေးပါ—ဇန်နဝါရီလမှာ ပြင်ဆင်မှုတွေ စတော့မှာပါ"

ထို့နောက်တွင် လူတိုင်းသည် သူတို့၏ စခန်းများသို့ အမြန်ပြန်ကာ အစည်းအဝေးများ ကျင်းပပြီး သစ်နှင့် မျိုးစေ့ အရေအတွက်များကို အတည်ပြုကြတော့သည်။ သစ်အရေအတွက်ကို ချူမင်လီထံ တင်ပြပြီး မျိုးစေ့အရေအတွက်ကိုမူ အတွင်းရေးမှူးလျန်ထံ ပေးပို့ကြသည်။ ထိုမှတစ်ဆင့် လျန်ယွဲ့အာနှင့် ကောချန်အန်းတို့က ယန်ရွှယ်ထံသို့ သတင်းပေးပို့ကြသည်။

"နင် ဘာလို့ စိတ်မပူတာလဲဆိုတာ အခုမှ သိတော့တယ်" အတွင်းရေးမှူးလျန်၏ သမီး လျန်ယွဲ့အာက ပြောလိုက်သည်။ သစ်ဝယ်ယူမည့် အကြံဉာဏ်မှာ ယန်ရွှယ်၏ အကြံဖြစ်မှန်း သူမ သိထားသည်။

အစပိုင်းတွင် အခြားစခန်းများ ပါဝင်လာလျှင် မျိုးစေ့ပုလင်းပေါင်း (၂၀၀၀) ခန့်သာ ရောင်းရလိမ့်မည်ဟု သူမ ထင်ထားခဲ့သော်လည်း အခုတော့ သူမ ထင်ထားသည်ထက် ပို၍ များပြားလှသည်။

သူမ မှတ်စုများကို ထုတ်ကြည့်ရင်း ပြောလိုက်သည်။ "အခုထိ စခန်း (၄) ခုကနေ မှာထားတာ ရှိပြီ။ အများဆုံးကတော့ ရှီးစန်ရှန်းစခန်းက—ပုလင်းပေါင်း (၂၀၀၀) တောင် မှာထားတယ်"

ထိုအရေအတွက်ကြောင့် သူမ အံ့သြသွားသော်လည်း ယန်ရွှယ်မှာမူ အံ့သြခြင်း မရှိပေ။

"သူတို့စခန်းက ကြီးသလို ဝေးလည်းဝေးတယ်၊ တခြား ဝင်ငွေရမယ့် လုပ်ငန်းတွေလည်း သိပ်မရှိဘူးလေ။"

ရှီးစန်ရှန်းမှာ ရထားလမ်းဆုံးတွင် ရှိပြီး တောနက်လှသဖြင့် ပစ္စည်းများ ဝယ်ယူရန် ခက်ခဲသောကြောင့် သူတို့၏ ပစ္စည်းများကို ဝယ်ယူရေးစခန်းသို့သာ တိုက်ရိုက် ရောင်းချလေ့ရှိကြသည်။ သို့သော် သူတို့စခန်းက ကြီးမားသဖြင့် သစ်ကြွင်းသစ်ကျန်များလည်း များပြားလှရာ အပြင်မှပါ ထပ်ဝယ်လျှင် ဤပမာဏကို အလွယ်တကူ စိုက်ပျိုးနိုင်သည်။

"ဝမ်ရှန်း စခန်းကတော့ (၁၈၀၀) မှာထားတယ်" ယန်ရွှယ် ပြောလိုက်သည်။ သူတို့သည် ကျင်းချွမ်သို့ လာရောက်လေ့လာပြီးသား ဖြစ်သဖြင့် ယုံကြည်မှု ရှိနေခြင်း ဖြစ်သည်။

ဤစခန်းနှစ်ခုတည်းနှင့်ပင် မျိုးစေ့ပေါင်း (၄၀၀၀) နီးပါး ရှိနေပြီး ယွမ် (၂၀၀၀) ခန့် ဝင်ငွေရရှိမည် ဖြစ်သည်။ ယခုနှစ်တွင် မျိုးစေ့ရောင်းရုံနှင့်ပင် အတော်လေး ဝင်ငွေကောင်းနေပြီ ဖြစ်သည်။

၎င်းက ကောချန်အန်းကို ယန်ရွှယ် ပြောခဲ့ဖူးသည့် စကားကို သတိရစေသည်။ "လူတိုင်းက စိုက်ပျိုးကြမယ်ဆိုရင် ပိုတောင် ကောင်းသေးတယ်။ ကျွန်မက မျိုးစေ့နဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို ပြန်ရောင်းလို့ ရတာပေါ့။"

တစ်နှစ်ကျော်အတွင်းမှာပင် သူမသည် ကျင်းချွမ်အပြင် ချန်ရွှေ့ရှိ သစ်တောစခန်းတိုင်းသို့ မျိုးစေ့များ ရောင်းချနိုင်တော့မည် ဖြစ်သည်။

ကောချန်အန်း ပြောလိုက်သည်။ "ကျွန်တော် တွက်ချက်ကြည့်ပြီးပြီ။ ကျွန်တော်တို့ရဲ့ ဖောက်ခန်းတွေက ပုလင်းပေါင်း (၁၀၀၀၀) အထိ ဆံ့တယ်။ သစ်မှုန့်တွေကတော့ ရှာရလွယ်ပေမဲ့ ဖွဲနုနဲ့ ပြောင်းဖူးခွံတွေကိုတော့ အနီးနားက ရွာတွေကနေ ဝယ်ရလိမ့်မယ်။ အဓိက ပြဿနာကတော့ ဖန်ပုလင်းတွေပဲ"

၎င်းမှာ သူတို့၏ အကြီးမားဆုံး အတားအဆီး ဖြစ်သည်။ သူတို့စခန်းရှိ ပုလင်းအားလုံးနှင့် ယန်ရွှယ်၏ လက်ကျန်များကို စုပေါင်းလိုက်လျှင်ပင် (၂၀၀၀) ခန့်သာ ရှိရာ လိုအပ်ချက်နှင့် အဝေးကြီး လိုနေသေးသည်။

"ကျွန်မ အဖေ့ကို မေးပေးပါ့မယ်" လျန်ယွဲ့အာ ပြောလိုက်သည်။

"သူက တခြားစခန်းက အတွင်းရေးမှူးတွေနဲ့ ဆက်သွယ်ပြီး ပုလင်းတွေ စုဆောင်းပေးနိုင်မှာပါ။"

မျိုးစေ့များမှာ ထိုစခန်းများအတွက် ဖြစ်သဖြင့် သူတို့ကိုယ်တိုင်လည်း ပူးပေါင်းလုပ်ဆောင်ကြမည်မှာ သေချာသည်။

ယန်ရွှယ် အကြံပေးလိုက်သည်။"ပုလင်းတစ်လုံးကို ၃ ဆင့် ပေးမယ်လို့ ပြောလိုက်ပါ။ အတွင်းရေးမှူးလျန်ကို ချူမင်လီနဲ့ စကားပြောခိုင်းပြီး မြို့ထဲမှာ ပုလင်းလက်ခံမယ့်နေရာ တစ်ခု ဖွင့်ခိုင်းလိုက်ပါ"

တကယ်လို့ လိုအပ်ချက် မပြည့်မီသေးရင်တော့ တခြားခရိုင်တွေအထိ သွားပြီး ဝယ်ယူရေးစခန်းတွေဆီကနေ ဈေးကြီးပေးပြီး ဝယ်ယူရတော့မည် ဖြစ်သည်။

မကြာမီမှာပင် ချန်ရွှေ့ သစ်တောရေးရာဗျူရိုက ပုလင်းလက်ခံမည့်နေရာကို ဖွင့်လှစ်ခဲ့ရာ ဝယ်ယူရေးစခန်းများထက် ၁ ဆင့် ပိုပေးသဖြင့် လူအများက ထိုနေရာသို့သာ လာရောက် ရောင်းချကြတော့သည်။

ဒါရိုက်တာလျို၏ ဇနီးပင်လျှင် ညည်းတွားနေခဲ့သည်။ "ဗျူရိုက ပုလင်းဝယ်နေတာကို ရှင်က မပြောဘူး! ကျွန်မ လွန်ခဲ့တဲ့ ရက်ပိုင်းကမှ ဝယ်ယူရေးစခန်းမှာ နှစ်လုံးသွားရောင်းလိုက်တာ"

ဒါရိုက်တာလျိုမှာမူ ထိုစကားကိုပင် မကြားချင်တော့ပေ။ ချူမင်လီက မှိုစိုက်ပျိုးရေးကို စခန်းအားလုံးသို့ ချဲ့ထွင်လိုက်သည့် အချိန်မှစ၍ သူ၏ အရှိန်အဝါမှာ ကျဆင်းလာခဲ့သည်။

သူ့နောက်ကို လိုက်လျှင် ချန်ရွှေ့အတွင်းမှာတင် အရင်းအမြစ်တွေ လုနေရသော်လည်း ချူမင်လီကမူ လူတိုင်းကို လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့် ပေးထားသည် မဟုတ်ပါလား။ သူ၏ မှားယွင်းသော ဆုံးဖြတ်ချက်များကြောင့် လူအများက သူ့ကို ယခင်ကကဲ့သို့ မလေးစားကြတော့ပေ။

အတွင်းရေးမှူး ရာထူးကို ချူမင်လီအား ပေးလိုက်ရခြင်းက အနိမ့်ဆုံးဟု သူ ထင်ခဲ့သော်လည်း ဘဝ၏ အနိမ့်အမြင့်မှာ ထိုထက် ပိုဆိုးနိုင်သေးမှန်း သူ သိလိုက်ရသည်။

တစ်ဖက်တွင်မူ ယန်ရွှယ်၏ ကံကြမ္မာမှာ တက်လမ်းသို့သာ ဦးတည်နေသည်။ ချီဖန့်မှာ လစာတိုးလာသလို အတွင်းရေးမှူးလျန်ကလည်း သူတို့နှစ်ဦးလုံးကို ဗျူရို၏ ဂုဏ်ပြုဆုများအတွက် အမည်စာရင်း တင်သွင်းထားသည်။

သူတို့၏ စွမ်းဆောင်ရည်များကြောင့် "ထူးချွန်သူ" ဆုကို ရရှိရန် သေချာသလောက် ရှိနေသလို ကျင်းချွမ်သစ်တောစခန်းသည်လည်း "ရှေ့ဆောင်ယူနစ်"အဖြစ် သတ်မှတ်ခံရဖွယ် ရှိနေသည်။

ထိုအချိန်မှာပင် ကြာမြင့်စွာ တိတ်ဆိတ်နေခဲ့သော ကျိုးလီသည် ချီဖန့်ထံသို့ နောက်ဆုံးတွင် အကြောင်းပြန်လာခဲ့သည်။

All Chapters