အခန်း (၅၅၆)
Vol. 38 Ch. 556
ညဉ့်နက်သန်းခေါင်ယံ အချိန်ဖြစ်သော်လည်း နျဥ်ယွိယွမ်နှင့် အခြားသူများသည်လည်း အနားမယူနိုင်ကြသေးပေ။
ဘယ်လိုပဲဖြစ်ဖြစ် မော့ချူး တစ်ယောက် ထိန်းသိမ်းရေးအခန်းထဲတွင် ရှိနေသေးသည်ကို တွေးမိနေကြသဖြင့် သူတို့ မည်သို့ အိပ်ပျော်နိုင်ပါမည်နည်း။
"အယ်ရွန် မတွေ့ရတာ ကြာပြီနော်" နျဥ်ယွိယွမ်က မေးစေ့ကို အနည်းငယ်ဆတ်ပြကာ ဖန်သားပြင်ပေါ်မှ အမျိုးသားကို တောက်လောင်သော အကြည့်များဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။ "ငါ့မှာ အကူအညီတောင်းစရာတစ်ခု ရှိလို့..."
"နေဦး!"နျဥ်ယွိယွမ် စကားမဆုံးခင်မှာပင် ဖန်သားပြင်ပေါ်မှ အမျိုးသားက လက်ကိုဆန့်ထုတ်ကာ သူ့ကို တားလိုက်သည်။
အယ်ရွန်သည် သပ်ရပ်သော ဆံပင်နက်များ ရှိပြီး သူ၏ ခန့်ညားသော မျက်နှာသွင်ပြင်များမှာ လွတ်လပ်ပေါ့ပါးသော သဘာဝကို မှိန်ပျပျ ဖော်ပြနေသည်။ ဤထူးခြားသော ကိုယ်ရည်ကိုယ်သွေးက သူ့ကို အထူးပင် ဆွဲဆောင်မှုရှိစေသည်။
သူ၏ ရုပ်ရည်ကို ကြည့်ရုံဖြင့် ဤလူမှာ တစ်ဂလက်ဆီလုံးတွင် အကျော်ကြားဆုံး ရှေ့နေဖြစ်ကြောင်း မည်သူမျှ ခန့်မှန်းနိုင်မည်မဟုတ်ပေ။ သူ့ကို 'သရဖူမဲ့ဘုရင်’ ဟု အမည်ပြောင်ပေးထားကြသော်လည်း ဤလူတွင် အကြီးမားဆုံးသော အားနည်းချက်တစ်ခု ရှိလေသည်...
"ဟေး နျဥ်ယွိယွမ်၊ ငါ မင်းကို ဘယ်နှစ်ခါ ပြောရမလဲ" အယ်ရွန်က နှမြောတသဖြစ်ဟန်ဖြင့် သက်ပြင်းကို အသာအယာချရင်း ပြောလိုက်သည်။ "ငါ့ကို အဲ့ဒီလိုမျိုး မကြည့်စမ်းပါနဲ့။ မင်းက ငါကြိုက်တဲ့ ပုံစံမဟုတ်ဘူး"
နျဥ်ယွိယွမ် တိတ်ဆိတ်သွားသည်။
ဒါက သူ၏ သူငယ်ချင်းဟောင်းကို ရှာဖွေရန် ဝန်လေးနေရသည့် အကြောင်းရင်းပင် ဖြစ်သည်။
တောက်! ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းခြင်းမှာ ရောဂါတစ်ခု မဟုတ်သော်လည်း ထိုကိစ္စနှင့် ပတ်သက်လာလျှင် အမှန်တကယ်ပင် အသက်အန္တရာယ် ပေးနိုင်သည် မဟုတ်ပါလား။
"စိတ်မပူပါနဲ့"နျဥ်ယွိယွမ်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။ အတော်ကြာပြီးနောက်တွင် သူက နောက်ဆုံး၌ ပြောလိုက်သည်။ "ငါ မင်းကိုစိတ်မဝင်စားပါဘူး"
သူက သူ၏ ချူးလေးကိုသာ ဂရုစိုက်တာ ဟုတ်ပြီလား။
"ဟေး! ဒီလောက် နှစ်တွေအကြာကြီး ဖြတ်သန်းခဲ့တာတောင်" အယ်ရွန်က မယုံကြည်နိုင်ဟန်ဖြင့် ခေါင်းကို ခါယမ်းကာ အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။ “မင်းရဲ့ ဟာသဉာဏ်က နည်းနည်းလေးမှ တိုးတက်မလာသေးဘူးပဲ!"
'ဟားဟား! မင်းက ဒါကို ဟာသလို့ ခေါ်တယ်ပေါ့?'
'အခန်းထဲမှာရှိတဲ့ ဘယ်သူမှ အသံထွက်မရယ်လိုက်ဘူး ဟုတ်ပြီလား။'
"တော်ပြီ" အယ်ရွန်က မျက်ခုံးပင့်လိုက်ပြီး သူ၏ အမူအရာက ရုတ်တရက် တည်ကြည်သွားကာ ပြောလိုက်သည်။ "ပြောစမ်းပါဦး၊ မင်း ဘယ်လို ပြဿနာမျိုးနဲ့ ရင်ဆိုင်နေရလို့လဲ"
ဤလူသည် အကြောင်းပြချက်မရှိဘဲ မည်သည့်အခါမျှ ဆက်သွယ်လာမည့်သူမျိုး မဟုတ်ပေ။ အကယ်၍ ယခုတစ်ကြိမ်တွင် ပြဿနာနှင့် မကြုံတွေ့ခဲ့ပါက သူက မည်သို့လျှင် သူ့ကို အစပျိုးကာ သတိရလာပါမည်နည်း။
"ဟူး—" ဤကောင်လေးမှာ နောက်ဆုံးတွင် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်ကို တွေ့ရသဖြင့် နျဥ်ယွိယွမ် သက်ပြင်းချနိုင်တော့သည်။ သူသည် မော့ချူး နှင့် ပတ်သက်သည့် ဇာတ်လမ်းတစ်ခုလုံးကို အလျင်အမြန် ပြောပြလိုက်သည်။ "ဒီလိုရှိတယ်၊ အဲ့ဒီနေ့က အမဲလိုက်ပွဲတော်နေ့လေ..."
ထိုကိစ္စမှာ မော့ချူးနှင့် ပတ်သက်နေသဖြင့် နျဥ်ယွိယွမ်သည် အသေးအဖွဲ့ အချက်အလက်များကိုပင် ချန်လှပ်မထားရဲဘဲ အယ်ရွန်ကို အကုန်ပြောပြလိုက်သည်။
သူပြောပြီးသွားသောအခါ တစ်ခန်းလုံး တိတ်ဆိတ်သွားသည်။ အသက်ရှူသံများ၏ နိမ့်လိုက်မြင့်လိုက် အသံများကိုသာ ကြားနေရတော့သည်...
ဆယ်မိနစ်အကြာတွင် နျဥ်ယွိယွမ် အမြဲတမ်း ဂုဏ်ယူနေကျဖြစ်သော စိတ်ရှည်နိုင်စွမ်းများ ကုန်ဆုံးသွားခဲ့သည်။ သူက အလျင်အမြန် မေးမြန်းလိုက်သည်။ "ဘယ်လိုလဲ။ ချူးလေး အမှုကနေ ကင်းလွတ်ပြီး ပြန်လည်လွတ်မြောက်လာဖို့ ဘယ်လောက်အထိ အခွင့်အရေးရှိလဲ"
ထိုစကားကို ကြားသောအခါ အယ်ရွန်က မရယ်ဘဲ မနေနိုင်တော့ပေ။
"မော့ချူး... အဲ့ဒါက မင်းရဲ့ ကောင်မလေး ဖြစ်ရမယ် ဟုတ်တယ် မဟုတ်လား။ ကျွတ်စ် ကျွတ်စ်! ဟိုးတုန်းက မင်းရဲ့ လူမြင်ကပ်ချင်စရာ စရိုက်နဲ့ဆိုရင် မင်း နောက်ထပ် နှစ်ပေါင်း ရာချီလောက်အထိ လူပျိုကြီး ဖြစ်နေဦးမယ်လို့ ငါ ထင်ထားတာ!"
သို့သော် ဤကောင်မှာ ဤမျှလောက်အထိ လက်သွက်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ 'ကြည့်ပါဦး၊ ခေတ္တခဏအတွင်းမှာပင် သူက မိန်းကလေးတစ်ဦးကို ရှာတွေ့နေပြီ။ သူ ဘယ်လိုများ ဒီလောက် မြန်မြန်ဆန်ဆန် လုပ်နိုင်ခဲ့ပါလိမ့်။'
"အဲ့ဒါ မင်းရဲ့ မရီးပဲ!" မော့ချူး အကြောင်းကို ပြောလိုက်သည်နှင့် နျဥ်ယွိယွမ်၏ အကြည့်များမှာ အနည်းငယ် နူးညံ့သွားသည်။ ခဏအကြာတွင် သူက သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်ကာ ပြောလိုက်သည်။ "အချိန်က အဖိုးတန်တယ်၊ မြန်မြန်လုပ်ပြီး အလုပ်ကိစ္စပဲ ပြောရအောင်"
မော့ချူး တစ်ယောက် ထိန်းသိမ်းရေးအခန်းထဲတွင် တစ်ယောက်တည်း ပိတ်လှောင်ခံထားရသည်ကို တွေးမိလိုက်တိုင်း သူ၏ နှလုံးသားမှာ ထိန်းမနိုင်သိမ်းမရ နာကျင်လာရသည်။
"ကောင်းပါပြီ၊ အလုပ်အကြောင်းပဲ ပြောကြတာပေါ့" အယ်ရွန်က ပခုံးတွန့်ပြကာ ပြောလိုက်သည်။ သူ၏ အမူအရာမှာ ရုတ်တရက် တည်ကြည်သွားပြီး မျက်လုံးများမှာလည်း အာရုံစူးစိုက်မှု အပြည့်ဖြင့် ပြောလိုက်သည်။ "ငါ့ရဲ့ ပရော်ဖက်ရှင်နယ် ရှုထောင့်ကနေ ပြောရရင် ဒီအမှုကို အနိုင်ရဖို့က မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ အလားအလာကတော့... တော်တော်လေးကို နည်းပါးတယ်"
အယ်ရွန်သည် ဂလက်ဆီအသီးသီး၏ ဥပဒေပြဋ္ဌာန်းချက်များကို အလွန်ကျွမ်းကျင်သူ ဖြစ်သည်။ သူသည် လူများကို အငိုက်ဖမ်းနိုင်ခြင်းနှင့် မမျှော်လင့်ဘဲ အနိုင်ယူနိုင်ခြင်းတို့တွင် အတော်ဆုံး ဖြစ်သည်။ သူ လက်မခံချင်သော အမှုသာ ရှိပြီး သူ အနိုင်မရနိုင်သော အမှုမရှိဟုပင် ဆိုကြသည်!
သို့သော် မည်သည့်အကြောင်းကြောင့်မှန်း မသိဘဲ အယ်ရွန်သည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း တဖြည်းဖြည်း အနားယူသွားခဲ့သည်။ ယခုအခါ သူသည် ဥပဒေလောကထဲတွင် မရှိသလောက်ပင် ဖြစ်နေပြီး သူ မည်သည့်နေရာသို့ သွားနေသည်ကို မည်သူမျှ မသိကြပေ။
ထို့ကြောင့်ပင် နျဥ်ယွိယွမ်က သူ့ကို အောင်မြင်စွာ ဆက်သွယ်နိုင်ခဲ့သည်ကို မြင်သောအခါ မော့ယန်နှင့် အခြားသူများမှာ အလွန်အံ့အားသင့်သွားကြခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့် သူတို့သည် နျဥ်ယွိယွမ်၏ နောက်ခံအကြောင်းကို ပို၍ပင် နားမလည်နိုင် ဖြစ်လာကြတော့သည်! သူတို့က နျဥ်ယွိယွမ်၏ လျှို့ဝှက်ချက်များကို သိပြီဟု ထင်လိုက်တိုင်း သူက နောက်ထပ် တစ်ခုကို ပေါ့ပေါ့ပါးပါး ထပ်ထုတ်ပြတတ်သည်။ သူ၏ နည်းလမ်းများမှာ အမှန်တကယ်ပင် အဆုံးမရှိနိုင်ပေ။
သို့သော် အယ်ရွန် ပေါ်လာသဖြင့် မော့ယန်နှင့် အခြားသူများမှာ ပိုယုံကြည်မှု ရှိလာကြသည်။
ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးတွင် အယ်ရွန်သည် စတင် ပွဲထွက်ကတည်းက ယခုအချိန်အထိ 'ရှုံးပွဲမရှိ' ဟူသော ဂုဏ်ယူဖွယ် မှတ်တမ်းကို ထိန်းသိမ်းထားနိုင်ခဲ့သည်ပင်။ အကယ်၍ ချူးလေး၏ အမှုကိုသာ သူ့လက်ထဲ အပ်လိုက်မည်ဆိုလျှင် မိနစ်ပိုင်းအတွင်း ပြီးသွားမည့် ကိစ္စပင် မဟုတ်ပါလား။
သို့သော် သူ၏ စကားကို ကြားသောအခါ သူတို့ မျက်မှောင်မကြုတ်ဘဲ မနေနိုင်ကြတော့ပေ။
...အနိုင်ရမည့် အလားအလာက တော်တော်နည်းတယ် ဟုတ်လား။
"ဘာလို့လဲ" မော့ယန်၏ နှလုံးသားမှာ တုန်လှုပ်သွားသည်။ သူသည် ပထမဆုံးအကြိမ်အဖြစ် မနေနိုင်တော့ဘဲ ရှေ့သို့တက်ကာ မေးမြန်းလိုက်သည်။ "ဒါက သိသိသာသာကို အရမ်းရိုးရှင်းနေတာ မဟုတ်ဘူးလား"
"အမှန်တကယ်ကို ရိုးရှင်းပါတယ်" အယ်ရွန်သည် သူ၏ ကျွမ်းကျင်မှု နယ်ပယ်နှင့် ပတ်သက်လာလျှင် ချက်ချင်းပင် အခြားလူတစ်ယောက်ကဲ့သို့ ပြုမူတတ်သည်။ သူသည် 'လိမ္မာပါးနပ်ခြင်း' ဟူသော စကားလုံးကို လုံးဝ နားမလည်သကဲ့သို့ပင် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
"ဒါပေမဲ့ မင်းတို့မှာ သက်သေလည်း မရှိဘူး၊ ခိုင်လုံတဲ့ အထောက်အထားလည်း မရှိဘူး။ ပြီးတော့ မင်းတို့က အမှုကနေ ကင်းလွတ်ချင်သေးတယ်လား။ ကျန်တဲ့လူတွေကို ငတုံးတွေလို့ မင်းတို့ ထင်နေတာလား"
နျဥ်ယွိယွမ်သည်လည်း သူ၏ သူငယ်ချင်း၏ စရိုက်ကို သိနေသည်။ သူက မျက်ခုံးပင့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။ "ကောင်းပြီ၊ ငါ့ကို ရင်တုန်အောင် မလုပ်စမ်းပါနဲ့"
ဤကောင်လေးက အလားအလာ နည်းပါးသည်ဟုသာ ပြောခဲ့ခြင်း ဖြစ်သော်လည်း မဖြစ်နိုင်ဟု မပြောခဲ့ပေ။
"မျှော်လင့်ထားတဲ့အတိုင်းပဲ၊ မင်း ငါ့ကို နားလည်သားပဲ"အယ်ရွန်က ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး သူ၏ မျက်နှာမှာလည်း ပေါ့ပါးသော အမူအရာသို့ ပြန်လည်ရောက်ရှိသွားကာ ပြောလိုက်သည်။ "စိတ်မပူပါနဲ့၊ နည်းလမ်းကတော့... မရှိတာ မဟုတ်ပါဘူး"
"ပထမနည်းလမ်းကတော့ တဖက်လူရဲ့ သက်သေတွေကို ရှာဖွေပြီး သူတို့ကို မင်းအတွက် အလုပ်လုပ်ပေးအောင် လုပ်ဖို့ပဲ။ ဒါပေမဲ့... ဒါက မင်းရဲ့ နယ်မြေမဟုတ်တဲ့အတွက် တခြားလူတွေက မင်းကို နောက်ကျောကနေ ဓားနဲ့ထိုးဖို့ လွယ်ကူလိမ့်မယ်။ ငါကိုယ်တိုင်ကတော့ ဒါကို အကြံမပေးချင်ဘူး"
"ဒုတိယနည်းလမ်းကကော ဘာလဲ" နျဥ်ယွိယွမ်က မေးလိုက်သည်။
"ဒုတိယနည်းလမ်းကတော့ သဘာဝအတိုင်းပဲ၊ မင်းတို့ရဲ့ အဆင့်အတန်း အခွင့်အရေးတွေကို အသုံးချရမှာပေါ့!"
မော့ယန် မျက်မှောင်ကြုတ်သွားပြီး အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကာ မေးလိုက်သည်။
"ဘာကို ဆိုလိုတာလဲ"
"ရိုးရိုးရှင်းရှင်း ပြောရရင် ငါတို့က ပြဿနာကို မီးထိုးပေးချင်တာ!" ဤနေရာသို့ ရောက်သောအခါ အယ်ရွန်၏ မျက်လုံးများက တောက်ပလာပြီး ပြောလိုက်သည်။ မင်းက ဒီကိစ္စကို ဆူပူအောင် လုပ်နိုင်သရွေ့ ဒီကိစ္စရဲ့ အဆင့်အတန်းကို လူတစ်ယောက်ကနေ ဂလက်ဆီ နှစ်ခုအကြား ကိစ္စအဖြစ်အထိ မြှင့်တင်နိုင်တယ်။ အဲ့ဒီအချိန်ကျရင် မင်းရဲ့ အောင်နိုင်ခြေက ငါးဆယ်-ငါးဆယ် ဖြစ်သွားလိမ့်မယ်"
"ပြဿနာကို... မီးထိုးပေးရမယ် ဟုတ်လား" နျဥ်ယွိယွမ် က မျက်လုံးများ တဖြည်းဖြည်း တောက်ပလာကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
မကြာမီတွင် သူသည် ကိစ္စ၏ အချက်အခြာကို နားလည်သွားခဲ့သည်။
ဟုတ်ပေသည်။ အကယ်၍ အဖွဲ့ချုပ်ကသာ ဝင်ရောက် မစွက်ဖက်ပါက အပေါ်ယံ သက်သေများအရ ချူးလေးအတွက် အလွန် အခြေအနေ မကောင်းလှပေ။ သို့သော်လည်း အဖွဲ့ချုပ်သာ ဤကိစ္စတွင် ပါဝင်လာပါက သူတို့၏ အပေးအယူလုပ်နိုင်စွမ်းမှာ ပိုကြီးမားလာမည်ဖြစ်သည်...
"စိတ်မပူနဲ့၊ ငါ နားလည်ပြီ" နျဥ်ယွိယွမ်က အယ်ရွန်ကို ခေါင်းညိတ်ပြလိုက်သည်။ "အချိန်တန်ရင် ငါ့ရဲ့ သတင်းစကားကိုသာ စောင့်နေတော့"
"အိုခေ" အယ်ရွန်က ပြုံးလျက် သဘောတူလိုက်သည်။
နျဥ်ယွိယွမ်က ဗီဒီယိုကို ပိတ်လိုက်ခြင်း မပြုမီ သူတို့နှစ်ဦးမှာ အခြားသော နှုတ်ဆက်စကား အနည်းငယ်ကို ထပ်မံ ပြောကြားခဲ့ကြသည်။
အလင်းဖန်သားပြင်မှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။
ညဉ့်ဦးယံမှာ တဖြည်းဖြည်း ပို၍ မှောင်မိုက်လာခဲ့သည်။
ရှဲ့ချွင်ရှီးနှင့် အခြားသူများမှာလည်း ဆက်မတောင့်ခံနိုင်တော့ဘဲ မျက်လုံးများကို မှိတ်လိုက်ကြသည်။
သူတို့ မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါ မိုးမှာ လင်းနေပြီ ဖြစ်သည်။
စားပွဲတွင် ထိုင်နေသော နျဥ်ယွိယွမ်၏ ကျောပြင်မှာ သူတို့ မအိပ်မီကအတိုင်း မားမားမတ်မတ် ရှိနေပြီး လုံးဝ မလှုပ်မယှက် ရှိနေသယောင်ပင်။
တစ်ခါတစ်ရံတွင် စက္ကူပေါ်တွင် ဘောပင်ခြစ်နေသည့် အသံသဲ့သဲ့ကို ကြားရတတ်သည်။
ဤလူ... တစ်ညလုံး မအိပ်ဘဲ နေခဲ့တာလား။
ဒေါက် —
စားပွဲပေါ်သို့ ရေခွက်တစ်ခွက် ချလိုက်သည်။
နျဥ်ယွိယွမ်က အံ့အားသင့်စွာဖြင့် မော့ကြည့်လိုက်သည်။ သူသည် တစ်ညလုံး မအိပ်ဘဲ နေခဲ့သော်လည်း ယခင်ကအတိုင်းပင် တက်ကြွနေဆဲ ဖြစ်သည်။ သို့သော် သူ၏ မျက်ကွင်းများမှာမူ ညိုမည်းနေခြင်းကို မဖုံးကွယ်နိုင်တော့ပေ။
"တော်ပြီ မင်း ခဏလောက် သွားပြီး အနားယူသင့်တယ်" မော့ယန်၏ မျက်နှာတွင် ရှားရှားပါးပါး နူးညံ့မှုများဖြင့် ရေခွက်ကို နျဥ်ယွိယွမ် ဘက်သို့ တွန်းပေးရင်း ပြောလိုက်သည်။ နောက်ဆုံးတွင်တော့ သူသည် ထိုနေ့က နျဥ်ယွိယွမ်၏ စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။
"ကောင်းပြီ" နျဥ်ယွိယွမ်က ငြင်းဆန်ခြင်း မပြုတော့ဘဲ ပြောလိုက်သည်။
သူသည် ရေကို ထက်ဝက်ကျော်ခန့် သောက်လိုက်ပြီးနောက် လှည့်ထွက်ကာ သူ၏ အခန်းသို့ ပြန်လာခဲ့သည်။
ကုတင်ပေါ်တွင် လဲလျောင်းနေသော်လည်း သူ အိပ်မပျော်ပေ။ သူသည် မျက်လုံးများကို အနည်းငယ်သာ မှိတ်ထားလိုက်သည်။ သူ၏ စိတ်ထဲတွင် သူ လုပ်ဆောင်ရမည့် အရာများကို အစမှ အဆုံးအထိ သေချာစွာ ပြန်လည် စဉ်းစားနေသည်။ သူ မည်သည့်အရာကိုမျှ လွဲချော်ခြင်း မရှိကြောင်း သေချာမှသာ သူ သက်ပြင်းချနိုင်တော့သည်။
သူသည် တာမီနယ်ပေါ်မှ အချိန်ကို ကြည့်လိုက်သည်။ စစ်ဆေးရေးဗျူရိုသို့ သွားရောက် တွေ့ဆုံနိုင်ရန် နှစ်နာရီခန့် လိုသေးသည်။ သူ နောက်ထပ် တစ်နာရီခန့် အနားယူနိုင်သေးသည်...
သို့သော်လည်း အစီအစဉ်များမှာ မကြာခဏဆိုသလို လျင်မြန်စွာ ပြောင်းလဲတတ်ကြသည်။
နျဥ်ယွိယွမ်က မည်သည့် အစီအစဉ်မျှ မလုပ်ရသေးမီမှာပင် မော့ချူး၏ ကိစ္စမှာ ဖောက်ခွဲလိုက်သည့် ဗုံးတစ်လုံးကဲ့သို့ ပေါက်ကွဲသွားတော့သည်!
စစ်ဆေးရေးဗျူရို တစ်ခုလုံးမှာ ညသန်းခေါင်အချိန်တွင် ရှုပ်ယှက်ခတ်နေတော့သည်။
အနီရောင် သတိပေးသံများ၊ အော်ဟစ်သံများနှင့် ထိတ်လန့်တကြား အော်သံများမှာ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။ တည်ငြိမ်အေးချမ်းမှုမှာ ပျောက်ကွယ်သွားခဲ့သည်။
ဤမျှ ကြီးမားသော ဆူပူမှုမှာ ကြာရှည်စွာ အထီးကျန်နေခဲ့သော မီဒီယာများအတွက် မသိဘဲ မနေနိုင်သည့် ကိစ္စဖြစ်ပြီး ထူးဆန်းသော အနံ့အသက်ကို ရသည်နှင့် တစ်ပြိုင်နက် ချက်ချင်း စုပြုံရောက်ရှိလာကြတော့သည်။
စစ်ဆေးရေးဗျူရို၏ ဒါရိုက်တာက ဤကိစ္စကို တင်းတင်းကြပ်ကြပ် စောင့်ကြပ်ရန်နှင့် သတင်းမပေါက်ကြားစေရန် အမိန့်ပေးထားသော်လည်း မီဒီယာများတွင် သူတို့၏ ကိုယ်ပိုင် လမ်းကြောင်းများ ရှိကြသည်။ သူတို့သည် အမှန်တရားကို အမြန်ဆုံးပင် တူးဆွကာ စုစည်းနိုင်ခဲ့ကြသည်။
ထို့နောက်တွင် ငါးညှီနံ့ရသည့် ကြောင်များကဲ့သို့ပင် သူတို့အားလုံးမှာ ပေါ်ထွက်လာကြပြီး အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။
'အိုက်ယား.. သောက်ကျိုးတော့နည်းပါပြီ!'
'ဒါက သတင်းကြီးပဲ၊ အလွန့်အလွန်ကို ကြီးမားတဲ့ သတင်းကြီးပဲ!'
မော့ချူးသည် အစပိုင်းတွင် အန်းမိသားစုမှ မင်းသမီးလေးကို နာကျင်အောင် လုပ်ခဲ့သည်ဟု ဆိုကြသည် (ဤနေရာတွင် တစ်ခုခု မသင်္ကာစရာ ရှိနေပုံရသည်)။ ထို့နောက် သူမကို စစ်ဆေးရေးဗျူရိုတွင် ချုပ်နှောင်ထားခဲ့သည်။ အဆုံးတွင်တော့ ထိုည၌ တစ်စုံတစ်ယောက်က သူမကို အန္တရာယ်ပြုရန် ကြံစည်ခဲ့သော်လည်း မော့ချူးမှာ အဆင်ပြေနေခဲ့သည်။ ယင်းအစား လူသတ်သမားမှာ သူမ၏ လက်ချက်ဖြင့် ရှင်းလင်းခြင်း ခံခဲ့ရပြီး နောက်ဆုံးတွင် အလောင်းပင် မကျန်တော့ဟု ဆိုသည်...
နားထောင်ကြည့်ပါဦး၊ ဒါက ယခုနှစ်တွင် အသစ်ထွက်ရှိထားသည့် ရုပ်သံစီးရီးများထက်ပင် ပိုစိတ်လှုပ်ရှားစရာ ကောင်းနေသည် မဟုတ်ပါလား။ ကြည့်ရှုနှုန်းမှာလည်း သေချာပေါက် စံချိန်တင်သွားလိမ့်မည် ဖြစ်သည်!