အခန်း (၅၆၁)
Vol. 38 Ch. 561
ယခင် သတင်းစာရှင်းလင်းပွဲနှင့် ယှဉ်လျှင် တရားခွင်၏ ရလဒ်သည် ယခုအခါ ပို၍ တည်ငြိမ်နေသည်။
၎င်းမှာ ရေကန်ထဲသို့ ကျောက်စရစ်ခဲလေး တစ်လုံး ကျသွားပြီး လှိုင်းဂယက် အနည်းငယ် ထသွားကာ နစ်မြုပ်သွားပြီးနောက် မည်သည့် တုံ့ပြန်မှုမှ မရှိတော့သကဲ့သို့ပင်။
ဟုတ်ပါသည်၊ ဤသည်မှာ မျက်နှာပြင်ပေါ်တွင်သာ ဖြစ်သည်။
မော့ချူး၏ ယခင် စကားများနှင့် သူ၏ လျှို့ဝှက် စုံစမ်းစစ်ဆေးမှုများမှတစ်ဆင့် ထိုလူသုံးဦးကို အန်းယောက်က မော့ချူးထံမှ နည်းလမ်းအား လုယူရန် စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်း နျဥ်ယွိယွမ် စောစီးစွာကပင် တွေ့ရှိထားပြီး ဖြစ်သည်။ သေချာပေါက် ဖြစ်နိုင်လျှင် မော့ချူးကိုပါ သတ်ပစ်လိုက်ခြင်းက အကောင်းဆုံးပင်။
ထိုသတင်းကို ကြားရစဉ်က နျဥ်ယွိယွမ် ဒေါသထွက်လွန်းသဖြင့် စားပွဲတစ်လုံးကို လက်တစ်ဖက်တည်းဖြင့် ရိုက်ခွဲပစ်ခဲ့သည်။
ကျုံးဝမ်မှာ ဘေးမှနေ၍ အနည်းငယ် နှလုံးကွဲမတတ် ခံစားလိုက်ရသည်။ နျဥ်ယွိယွမ်၏ လက်ကို သနားသောကြောင့် မဟုတ်ပေ။ နောက်ဆုံးတွင်မူ သူ၏ ဘော့စ် မည်မျှ ကြမ်းတမ်းကြောင်း သူသိသည်။
သို့သော်... ကျုံးဝမ်သည် နှစ်ပိုင်းကွဲသွားသော စားပွဲကို ကြည့်ပြီး နဖူး အနည်းငယ် လှုပ်သွားသည်။ ဤသည်မှာ ရှေးဟောင်း သစ်နီစားပွဲ ဖြစ်ပြီး တန်ဖိုးကြီးလှသည်။ အရေးကြီးဆုံး အချက်မှာ ဤအခန်းသည် သူ၏ အခန်းဖြစ်ပြီး ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးပေးရမည့်သူမှာ သူပင် ဖြစ်သည်။
သို့သော် သူ့ဘော့စ်၏ ပြင်းထန်သော ဒေါသကို မြင်လိုက်ရသောအခါ ကျုံးဝမ် နှုတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်သည်။
'စားပွဲတစ်လုံးပဲလေ... မဟုတ်ဘူးလား။ သူ တတ်နိုင်ပါသေးတယ်။ ဒါပေမဲ့... တကယ်ကို ဈေးကြီးတာကွ။ သူ့ရဲ့ ခြောက်လစာ လစာတော့ ဒီလိုပဲ ပါသွားပြီ၊ ပါသွားပြီ... အား။'
အမှုကိစ္စ ပြီးပြတ်သွားသောအခါ နျဥ်ယွိယွမ်သည် ညဉ့်နက်ချိန်ကို အခွင့်ကောင်းယူပြီး အန်း မိသားစုထံ တစ်ကိုယ်တော် သွားရောက်ခဲ့သည်။
သူတို့ကြားတွင် ဘာတွေ ပြောဆိုခဲ့ကြသည်ကို မသိရသော်လည်း နောက်ဆုံးတွင် အန်းယောက်သည် အန်း မိသားစုမှ ထုတ်ပယ်ခြင်း ခံလိုက်ရသည်။ ယခင်က မောက်မာသော အန်း မိသားစု၏ မင်းသမီးလေးသည် အိမ်ရာမဲ့ အကျဉ်းသားတစ်ဦး ဖြစ်သွားခဲ့သည်။
ဤပြစ်ဒဏ်သည် သူမကို သတ်ပစ်လိုက်ခြင်းထက် ပိုဆိုးသည်။
အန်းယောက်သည် ယခင်က လူများစွာကို ပြစ်မှားခဲ့ဖူးသည်။ ယခုအခါ အန်း မိသားစု၏ အကာအကွယ် မရှိတော့သဖြင့် အနာဂတ်တွင် သူမ၏ ဘဝ မည်သို့ ဖြစ်လာမည်ကို တွေးကြည့်ရုံဖြင့် သိနိုင်သည်။
ထို့ကြောင့် ကျုံးဝမ် သက်ပြင်းချလိုက်ပြီး ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။
ဘော့စ်ကို ပြစ်မှားမိလျှင် ညှိနှိုင်းရန် နေရာ ရှိသေးသည်။
မော့ချူးကို ပြစ်မှားမိရင်တော့... ဟဟ။ မင်း ကြည့်ကျက်သာ နေပေတော့။
ဘော့စ်က ဘယ်တုန်းကမှ လက်မရွံ့ခဲ့ပေ။
မော့ချူးသည် ဤအကြောင်းကို မသိရှိခဲ့သလို နျဥ်ယွိယွမ်ကလည်း သူမကို အသိပေးရန် ရည်ရွယ်ချက် မရှိပေ။
ကိစ္စရပ်များ ပြီးပြတ်သွားပြီ ဖြစ်သဖြင့် သူတို့အဖွဲ့သည် ဝန်ထုပ်ဝန်ပိုးများကို ချထားလိုက်ပြီး ရှဲ့ချွင်ရှီးနှင့် အယ်ရွန်တို့ကို နှုတ်ဆက်လိုက်ကြသည်။ သူတို့သည် အဖွဲ့ချုပ်သို့ ပြန်ထွက်ခွာရန် ချက်ချင်း ပြင်ဆင်လိုက်ကြသည်။
ကြယ်တာရာ အာကာသယာဉ်၏ အပြင်ဘက်ရှိ တောက်ပသော ကြယ်မြူခိုးများကို ကြည့်ရင်း မော့ချူး၏ စိတ်အခြေအနေသည် အလွန် ရွှင်လန်းနေသည်။
ကောင်းလိုက်တာ၊ နောက်ဆုံးတော့ သူတို့ ဒီပြဿနာတွေကြားက လွတ်မြောက်လာခဲ့ပြီ။
ပြုံးနေသော မော့ချူးကို ကြည့်ရင်း နျဥ်ယွိယွမ်၏ အကြည့်များ နူးညံ့သွားခဲ့သည်။
မော့ချူး၏ ရင်ခွင်ထဲတွင် ရှိနေသော ဝိုင်းဝိုင်းသည် အငြိမ်းချမ်းဆုံး အိပ်ပျော်နေသည်။ သူ၏ ပါးစပ်လေးက အနည်းငယ် ဟနေပြီး ဟောက်သံလေးများ ထွက်ပေါ်နေသည်...
အဖွဲ့ချုပ်သို့ ပြန်ရောက်ရောက်ချင်း မော့ချူးမှာ အနားယူရန် အချိန်မရှိခဲ့ပေ။ သူမသည် သူမ၏ ရင်ခွင်ထဲရှိ ဝိုင်းဝိုင်းကို ဆိုဖာပေါ်သို့ ပစ်တင်လိုက်ပြီးနောက် အရှင် ချန်းပိုင် ရှိသည့် ဓာတ်ခွဲခန်းဆီသို့ အပြေးအလွှား သွားခဲ့သည်။
သူမ၏ နေရပ်သို့ ပြန်ရောက်လာသောကြောင့် ဖြစ်နိုင်သည်၊ ယခုအချိန်တွင် သူမ၏ စိတ်ကူးစိတ်သန်းများမှာ တရဟော ပွင့်လန်းနေတော့သည်။ အတွေးအမြင်များစွာမှာ ရေပူဖောင်းများကဲ့သို့ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာနေသည်။ အတွေ့အကြုံရှိသူများ သိကြသည့်အတိုင်း ယခုကဲ့သို့ အချိန်မျိုးတွင် အခွင့်အရေးကို လက်လွတ်မခံဘဲ အမိအရ ဆုပ်ကိုင်ထားရမည်ဖြစ်သည်။ အကယ်၍ အချိန်အနည်းငယ်မျှ နှောင့်နှေးသွားပါက ထိုအတွေးများသည် အရိပ်အယောင်မျှပင် မကျန်တော့ဘဲ ပျောက်ကွယ်သွားလိမ့်မည်။
ထို့ကြောင့် မော့ချူးသည် သူတို့ကို စကားအနည်းငယ် ပြောပြီးသည်နှင့် ဓာတ်ခွဲခန်းဆီသို့ အသည်းအသန် ပြေးထွက်သွားခဲ့သည်။
ထိုအခါ မူလက သူ၏ ချစ်သူကောင်မလေးနှင့် အတူတူ ပျော်ရွှင်စွာ အချိန်ဖြုန်းလိုခဲ့သော နျဥ်ယွိယွမ်မှာ ချက်ချင်းပင် ဆွံ့အသွားခဲ့ရသည်။
နျဥ်ယွိယွမ်က စိတ်ထဲမှ ကျိန်ဆဲလိုက်သည်။ 'သောက်ကျိုးနည်း!'
'ငါ့ရဲ့ ဇနီးလေးက ရုတ်တရက်ကြီး အလုပ်ကြိုးစားသူ ဖြစ်သွားပြီတဲ့… ဘာတွေဖြစ်ကုန်တာလဲ??'
နျဥ်ယွိယွမ်သည် ထိုနေရာတွင် ကြောင်တောင်တောင်ဖြင့် အတော်ကြာ ရပ်နေပြီးနောက် ဆိုဖာပေါ်မှ ပစ်ချခံထားရသော ဝိုင်းဝိုင်းကို လှမ်းမြင်လိုက်သည်။ သူက ကိုယ်ကို ကွေးလိုက်ပြီး အနေအထား ပြောင်းကာ ဆက်၍ နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲပင်။ သူက လေထုထဲရှိ အထီးကျန်ဆဲ အခြေအနေကို လုံးဝ မခံစားမိပေ။
နျဥ်ယွိယွမ်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ 'ဟွန်း! ဒီ ဝတုတ်လေးက အစားပဲ သိတာပဲ! အိပ်နေတဲ့ အစားပုတ်ကောင်လေး! ဘာမှကို မသိဘူး!'
ကျုံးဝမ်မှာ အနောက်တွင် တိတ်ဆိတ်စွာ ရပ်နေပြီး သူ့ကိုယ်သူ အဆက်မပြတ် စိတ်ညှို့နေမိသည်။ 'ငါ့ရဲ့ ထက်မြက်ပြီး ဘုရားသခင်လို တန်ခိုးရှိတဲ့ ဘော့စ် ကတော့ မှော်သားရဲတစ်ကောင်ပေါ်မှာ အမျက်ဒေါသ ပုံချမှာ မဟုတ်ဘူး။ ဟုတ်တယ်၊ သူက မှော်သားရဲတစ်ကောင်ပေါ်မှာ ဘယ်တော့မှ အမျက်ဒေါသ ပုံချမှာ မဟုတ်ဘူး...'
ထို့နောက် နျဥ်ယွိယွမ်က ရုတ်တရက် လက်ဆန့်ထုတ်လိုက်ပြီး အိပ်ပျော်နေသော ဝိုင်းဝိုင်းကို လျင်မြန်စွာ ဆွဲလိမ်လိုက်ရာ ၎င်းမှာ ပန်းတစ်ပွင့်နီးပါး ဖြစ်သွားသည်ကို သူ မြင်လိုက်ရသည်။
နေရခက်စရာပင်...
ဝိုင်းဝိုင်း၏ အနည်းငယ် ပုံပျက်သွားသော ပုံစံကို ကြည့်ပြီး နျဥ်ယွိယွမ်က ခပ်ဖွဖွ သက်ပြင်းချလိုက်သည်။
"ကဲ... ဌာနချုပ်ကို ပြန်ကြစို့"
သူ၏ ဇနီးလေးပင် ယခုလောက် ကြိုးစားနေသည်ကို သူက မည်သို့ နောက်ကျကျန်နေနိုင်မည်နည်း။
"ဟုတ်ကဲ့" ကျုံးဝမ်က ခေါင်းငုံ့လျက် ပြန်လည် ဖြေကြားလိုက်သည်။
သို့သော် သူ၏ စိတ်ထဲတွင်မူ ဆဲဆိုသံပေါင်း သန်းချီ၍ ပဲ့တင်ထပ်နေသကဲ့သို့ ခံစားနေရသည်။
မည်သို့ပင်ဆိုစေကာမူ သူ၏ ဘော့စ်မှာ ယခုအချိန်တွင် မည်မျှ အထီးကျန်ပြီး အေးစက်နေသည်ကို သူ မည်သူ့ကိုမျှ ပြောပြမည် မဟုတ်ပေ။ သို့မဟုတ်ပါက သူသည် ဘယ်လိုလုပ် ယခုလောက် ကလေးဆန်သွားရမည်နည်း။
...
နဂိုက မော့ချူး၏ 'အလုပ်ကြိုးစားသူ' စတိုင်မှာ ခဏတာသာ ဖြစ်လိမ့်မည်ဟု နျဥ်ယွိယွမ် ထင်မှတ်ခဲ့သည်။ သို့သော် ဤမိန်းကလေးမှာ ဤလမ်းပေါ်သို့ ရောက်သွားပြီးနောက် ဘယ်တော့မှ ပြန်မလာတော့ဟု မည်သူက ထင်ထားမည်နည်း။
အဖွဲ့ချုပ်သို့ ပြန်ရောက်လာသည်မှာ နှစ်လတင်းတင်း ပြည့်ခဲ့ပြီဖြစ်သည်။
မော့ချူးသည် အိပ်ချိန်နှင့် စားချိန်မှလွဲ၍ သူမ၏ အချိန်အားလုံးနီးပါးကို ဓာတ်ခွဲခန်းထဲတွင်သာ ကုန်ဆုံးစေခဲ့သည်။
သူတို့ အတူရှိခဲ့သည့် အချိန်မှာ လက်ချောင်းဖြင့်ပင် ရေတွက်၍ ရနိုင်သည်။ ဖန်သားပြင်ပေါ်မှ ဗီဒီယိုခေါ်ဆိုမှုပင် ခုနစ်ကြိမ်၊ ရှစ်ကြိမ်ခန့်သာ ချိတ်ဆက်နိုင်ခဲ့သည်။ ထို့အပြင် ဤမိန်းကလေးမှာ ဖုန်းပြောနေစဉ် အလယ်လောက်၌ပင် အရှင် ချန်းပိုင်၏ ခေါ်ယူခြင်းကို ခံရလေ့ရှိသည်။
ရလဒ်အနေဖြင့် နျဥ်ယွိယွမ်၏ စိတ်ဓာတ်ကျနေသော စိတ်အခြေအနေမှာ အေးခဲနေသည့် အမှတ်သို့ ကျဆင်းသွားခဲ့သည်။
ထို့ကြောင့် ကွပ်ကဲမှုဌာနတစ်ခုလုံး၏ လေထုမှာ အနည်းငယ် ထူးဆန်းလာခဲ့သည်။
လူတိုင်းမှာ နျဥ်ယွိယွမ်ကို မတော်တဆ စိတ်ဆိုးအောင် လုပ်မိမည်ကို စိုးရိမ်သဖြင့် အစပိုင်းကကဲ့သို့ပင် ထိတ်လန့်တုန်လှုပ်သော အလုပ်ခွင် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားကြပြန်သည်။
အံ့ဩစရာပင်။ သူသည် မည်သူ့ကိုမျှ ပါးစပ်မှ ထုတ်၍ မဆူပေ။ သူက သင့်ကို အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် ရုံးခန်း၏ ထောင့်တစ်နေရာသို့ ပစ်ထားလိုက်ပြီး သင့်ကို ထာဝရ လျစ်လျူရှုထားလိမ့်မည်။
သို့သော် ဤရုံးခန်းထဲသို့ လူပေါင်းများစွာ ဝင်ထွက်နေကြသည်ဖြစ်ရာ သင့်ကို မည်သူက တစ်ချက်မျှ လှည့်မကြည့်ဘဲ နေမည်နည်း။
တောက်! ထိုခံစားချက်က... တကယ့်ကို အရှက်ရစရာပင်။
သူသည် မြေကြီးထဲတွင် ကျင်းတူးပြီး ကိုယ့်ကိုယ်ကိုယ် မြှုပ်လိုက်ချင်သည်အထိပင် ဖြစ်မိသည်။
သို့သော် သင် အနည်းငယ်မျှ လှုပ်ရှားလိုက်သည်နှင့် နျဥ်ယွိယွမ်က သူ့ကျောကုန်းတွင် မျက်လုံးရှိနေသကဲ့သို့ သင့်အား ချက်ချင်း လှည့်ကြည့်လိမ့်မည်။ ထိုအကြည့်မှာ နာနို တုန်ခါမှုဖမ်းစက်ထက်ပင် ပို၍ တိကျလှသည်။
ယခုလည်း သူ့ရှေ့တွင် ကံမကောင်းသော လူတစ်ယောက် ရှိနေသည်။ သူသည် စာရွက်စာတမ်းများရှိ ကိန်းဂဏန်း အချက်အလက်များကို မှားယွင်း တင်ပြခဲ့ပုံရပြီး တစ်မနက်လုံး ရုံးခန်းထဲတွင် မတ်တတ်ရပ်နေခဲ့ရသည်။
သူသည် ခန္ဓာကိုယ်ကို အနည်းငယ် ဖြေလျော့လိုသော်လည်း ခေါင်းငုံ့လိုက်သည်နှင့် တစ်ပြိုင်နက် နျဥ်ယွိယွမ်၏ အေးစက်ပြီး လျစ်လျူရှုထားသော အကြည့်ကို ချက်ချင်း ရရှိလိုက်သည်။ သူက မည်သို့ လှုပ်ရဲမည်နည်း။ သူသည် ချက်ချင်းပင် ခေါင်းမော့၊ ရင်ကို ချီ၊ ဗိုက်ကို ချပ်ကာ နဂိုအတိုင်း ပြန်နေလိုက်သည်။ သူ၏ စစ်ရေးဟန်မူရာမှာ ထိုစဉ်က စစ်တက္ကသိုလ် လေ့ကျင့်ရေးတွင် ရှိစဉ်ကထက်ပင် ပို၍ စံချိန်စံညွှန်းမီနေတော့သည်။
"ဒေါက် ဒေါက်"
တိတ်ဆိတ်နေသော ရုံးခန်းထဲတွင် တံခါးခေါက်သံများ ရုတ်တရက် ထွက်ပေါ်လာသည်။
နျဥ်ယွိယွမ်မှာ စာရွက်စာတမ်းများထဲတွင် ခေါင်းနှစ်ထားဆဲပင် ဖြစ်သည်။
"ဝင်ခဲ့ပါ"
"ဘော့စ်” ကျိုးလင်က တံခါးဖွင့်ဝင်လာပြီး စာရွက်စာတမ်းများကို စားပွဲပေါ်တင်ကာ ပြုံးလျက် ပြောလိုက်သည်။ “လူတစ်ယောက်က ဘော့စ်ကို တွေ့ချင်လို့ပါ"
"သူက ကြိုတင် ချိန်းဆိုထားလို့လား" နျဥ်ယွိယွမ်က ကျိုးလင် ယူလာသော စာရွက်စာတမ်းများကို ဖွင့်လိုက်ပြီး အမြန် လှန်လှောကြည့်ရှုလိုက်သည်။ ပြဿနာ မရှိဟု ခံစားရပြီးနောက် အဆုံးတွင် သူ၏ လက်မှတ်ကို ရေးထိုးလိုက်ပြီး မေးလိုက်သည်။
ကျိုးလင် တစ်ခဏမျှ ကြောင်သွားသည်။ "အမ်?... ချိန်းထားတာတော့ မရှိပါဘူး၊ ဒါပေမဲ့..."
"ဒါဆို မင်းက ဘယ်သူမဆို ဒီထဲကို ဝင်လာလို့ရတယ်လို့ ထင်နေတာလား။ မင်းရဲ့ စည်းကမ်းတွေကို ဘယ်မှာ သင်ခဲ့တာလဲ" နျဥ်ယွိယွမ်က ကျိုးလင်၏ မဆုံးသေးသော စကားကို ဖြတ်ပြောလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
"ဒါပေမဲ့..."
"တော်ပြီ... ဒါပေမဲ့တွေ လုပ်မနေနဲ့တော့။” နျဥ်ယွိယွမ် က လက်လှမ်းပြီး လက်မှတ်ထိုးထားသော စာရွက်စာတမ်းကို ကျိုးလင်ထံ ကမ်းပေးလိုက်သည်။“သူ့ကို ပြန်ခိုင်းလိုက်"
“အင်းလေ” ကျိုးလင်က စာရွက်စာတမ်းကို ယူလိုက်ပြီး အကူအညီမဲ့စွာ ပခုံးတွန့်လိုက်သည်။ သို့သော် သူ၏ ခြေလှမ်းများမှာ အလွန် နှေးကွေးနေခဲ့သည်။ "ဒါဆိုရင်တော့ ကျွန်တော်လည်း မော့ချူးကို ပြန်လွှတ်လိုက်ရုံပဲ ရှိတာပေါ့"
"နေဦး!” နျဥ်ယွိယွမ်က သူ့လက်ထဲရှိ ကလောင်တံကို ရပ်တန့်ပြီး မေးလိုက်သည်။ “အခုနက ဘယ်သူလို့ ပြောလိုက်တာလဲ"
“မော့ချူး!” ကျိုးလင်က ဦးစွာ အပြစ်ကင်းစင်သော မျက်နှာပေးဖြင့် ကြည့်လိုက်ပြီးနောက် သိသွားသည့် ပုံစံမျိုး ဟန်ဆောင်လိုက်သည်။ "အာ... ဟုတ်သားပဲ။ စည်းကမ်းအရဆိုရင် ကြိုတင်ချိန်းဆိုထားခြင်း မရှိဘဲ ဝင်လာလို့ မရဘူးလေ။ စိတ်မပူပါနဲ့ ဘော့စ် ကျွန်တော် ချက်ချင်းပဲ အမိန့်ပြန်လိုက်ပါ့မယ်။ ဘော့စ်က အရမ်း အလုပ်ရှုပ်နေလို့ သူ့ကို..."
ကျိုးလင်၏ စကားမှာ တစ်ဝက်မျှသာ ရှိသေးသော်လည်း သူ၏ ဘေးမှ လေပြင်းတစ်ချက် တိုက်ခတ်သွားသလို ခံစားလိုက်ရသည်။
သူ မော့ကြည့်လိုက်သောအခါ မပြုံးဘဲ မနေနိုင်တော့ပေ။ ရုံးခန်းကုလားထိုင်မှာ အနည်းငယ် ယိမ်းထိုးနေသော်လည်း ထိုအပေါ်တွင် ထိုင်နေသော လူမှာမူ ပျောက်ကွယ်သွားလေပြီ။
ကြည့်စမ်း!
မော့ချူး လာတာနဲ့ ဟန်မဆောင်နိုင်တော့ဘူး မဟုတ်လား။
ကျိုးလင်က ပျော်ရွှင်စွာ နှာခေါင်းရှုံ့လိုက်သည်။ လာမည့်ရက်များတွင် သူတို့၏ အချိန်များမှာ များစွာ ပိုကောင်းမွန်လာတော့မည် ဖြစ်ပုံရသည်။
သူ့ဘေးတွင် မတ်တတ်ရပ်နေသော လူမှာမူ မှင်တက်သွားခဲ့သည်။
ဘာတွေ ဖြစ်သွားတာလဲ။
သူ့မျက်စိတစ်မှိတ်အတွင်းမှာပင် ဗိုလ်ချုပ်ကြီး နျဥ် က... ပျောက်သွားတာလား။
"ဘာဖြစ်တာလဲ" ထိုလူသည် အာရုံပျံ့လွင့်နေပြီး သူတို့၏ စကားဝိုင်းကို မကြားလိုက်ရသဖြင့် စပ်စုချင်စိတ်ဖြင့် ချဉ်းကပ်ကာ မေးလိုက်သည်။
နျဥ်ယွိယွမ် ယခုကဲ့သို့ တည်ငြိမ်မှု ပျက်ပြားသွားသည်ကို သူ တစ်ခါမျှ မမြင်ဖူးချေ။ ဒါဟာ ပထမဆုံးအကြိမ်ပဲ။
"ဘာဖြစ်ရမှာလဲ။” ကျိုးလင်က မျက်ခုံးပင့်လျက် ပြုံးပြလိုက်သည်။ “ငါတို့ ဗိုလ်ချုပ်ကြီးရဲ့ ဇနီး ရောက်နေတာလေ"
ဗ..ဗိုလ်ချုပ်ကြီး ရဲ့ ဇနီး?
ထိုလူမှာ အတော်ကြာ ကြောင်နေပြီးမှ 'ဗိုလ်ချုပ်ကြီး၏ ဇနီး' နှင့် 'မော့ချူး' ဟူသော စကားလုံးကို ဆက်စပ်မိသွားသည်။ ထို့နောက် သူ၏ မျက်လုံးများမှာ မော့မကြည့်ဘဲ မနေနိုင်အောင် တောက်ပသွားသည်။ သူက အံ့ဩမှုနှင့် စိတ်လှုပ်ရှားမှုတို့ ရောပြွမ်းလျက် မေးလိုက်သည်။
"မင်းပြောတာက ကံကောင်းခြင်း ကြယ်ပွင့်လေး ရောက်နေတာလား"
"ဟုတ်တယ်။” ကျိုးလင်က ခေါင်းညိတ်ပြလိုက်သည်။ “စိတ်မပူနဲ့ ညီအစ်ကို၊ မင်းရဲ့ အပြစ်ပေးခံရမှုက ဒီမှာတင် အဆုံးသတ်တော့မှာပါ"
'ဘော့စ်က မင်းကို ဒီမှာ ရပ်ခိုင်းပြီး မလိုအပ်တဲ့ လူပိုတစ်ယောက်အဖြစ် ဘယ်လိုလုပ် အထားခံမှာလဲ။'
"တကယ်လား" ထိုလူ၏ မျက်လုံးများမှာ ရုတ်တရက် တောက်ပသွားခဲ့သည်။