အခန်း (၅၆၃)
Vol. 38 Ch. 563
ပထမခြေလှမ်း အောင်မြင်သွားပြီးနောက် ရှေ့ဆက်ရမည့်လမ်းမှာ များစွာ ပိုချောမွေ့သွားခဲ့သည်။
ပဲစိမ်းကိတ်ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့ပြီးနောက် မော့ချူး၏ အလွှာတစ်ထောင်ကိတ်၊ သကြားညိုကိတ်နှင့် ပဲအနှစ်ကိတ်များကိုလည်း ထုတ်လုပ်နိုင်ခဲ့သည်။
အရသာရှိပြီး မွှေးကြိုင်လှသော မုန့်များ တစ်သုတ်ပြီးတစ်သုတ် ထွက်ပေါ်လာသည်ကို မြင်သောအခါ မော့ချူးထက်ပင် ပို၍ စိတ်လှုပ်ရှားနေသူများမှာ အခြားသူများမဟုတ်ပေ။
သူတို့မှာ အမြီးတယမ်းယမ်းနှင့် စိတ်လှုပ်ရှားနေကြသော ဝိုင်းဝိုင်းနှင့် မြေခွေးလေးတို့ပင် ဖြစ်သည်။
ဝိုး! မုန့်တွေဝိုင်းနေတဲ့ ဒီခံစားချက်က တကယ်ကို အကောင်းဆုံးပဲ!
တစ်ကမ္ဘာလုံး မုန့်တွေနှင့် ဖုံးလွှမ်းသွားမည့်အကြောင်းကို တွေးမိသည်နှင့်... မှော်သားရဲနှစ်ကောင်၏ မျက်လုံးကြီးများမှာ ပျော်ရွှင်မှုကြောင့် မှေးစင်းသွားကြပြီး သူတို့၏ မျက်နှာထက်တွင် အတိုင်းအထက်အလွန် ပျော်ရွှင်ကြည်နူးသည့် အမူအရာများ ပေါ်ထွက်နေတော့သည်။
သူတို့၏ နစ်မျောနေသော ပုံစံမှာ တကယ့်ကို ကြည့်ရဆိုးလှသည်။
တောက် တောက်!
မော့ချူးက မျက်ခုံးကို အနည်းငယ် ပင့်လိုက်သော်လည်း သူမ၏ နှုတ်ခမ်းထောင့်များမှာမူ အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားခဲ့သည်။
အဖွဲ့ချုပ်၏ ကုန်ထုတ်စွမ်းအားမှာ ၂၁ ရာစုထက် များစွာ ပိုထိရောက်လှသည်။ ဆက်တင်အားလုံးကို ခလုတ်ခုံမှ တိုက်ရိုက်ထိန်းချုပ်နိုင်ပြီး စက်တစ်ခုလုံးကို အလိုအလျောက် မောင်းနှင်နိုင်သည်။ ၂၄ နာရီပတ်လုံး မနားတမ်း အလုပ်လုပ်ခြင်းဖြင့် မုန့်ပေါင်း သောင်းနှင့်ချီ၍ ထုတ်လုပ်နိုင်သည်။
ယခုအကြိမ်တွင် ဝိညာဥ်အစားအစာ အရေအတွက်မှာ အဆမတန် တိုးပွားလာခဲ့သည်။
ထုတ်လုပ်ရေး အလုပ်ရုံတစ်ခုလုံးမှာ မွှေးကြိုင်သော ရနံ့များဖြင့် ပြည့်နှက်နေသည်။ မုန့်များ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီးနောက် ၁၅ ခုကို ဗူးတစ်ခုထဲသို့ သေချာစွာ ထုပ်ပိုးလိုက်သည်။ ဤအရာများအားလုံးမှာ သူတို့၏ ကြိုးစားအားထုတ်မှု ရလဒ်များပင် ဖြစ်သည်။
မော့ချူးမှာ မျက်လုံးလေးများ မှေးစင်းသွားသည်အထိ ပြုံးနေမိသည်။ ဤကဲ့သို့ အောင်မြင်မှု ခံစားချက်မှာ... အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေသည်ဟု ဆိုရမည်။
"သောက်ကျိုးနည်း... ဒါက တကယ်ကြီး အလုပ်ဖြစ်တာပဲ!" ချင်ယွဲ့က ရှေ့တွင် အဆက်မပြတ် အလုပ်လုပ်နေသော ဝိညာဥ်အစားအစာ စက်များကို ကြည့်ပြီး မျက်လုံးများ တောက်ပလျက် ပြောလိုက်သည်။
'အိုက်ယိုး... ဒီအတိုင်းဆိုရင် နောင်ကျရင် တစ်ခုစားပြီး တစ်ခုလွှင့်ပစ်ရင်တောင် ပြဿနာမရှိတော့ဘူး!'
"ဒါပေါ့" မော့ယန်က သူ့ကို အေးစက်စွာ တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ "ဒါကို ဘယ်သူလုပ်တာလဲဆိုတာ မင်းမမြင်ဘူးလား"
"အေးပါ... မင်းပဲ! မင်းက တကယ့်ကို အံ့ဩဖို့ကောင်းပါတယ်..."
'ဟူး! ဒီကောင်လေးလည်း ကိုယ့်ကိုယ်ကိုယ် အမွှမ်းတင်တတ်လာပြီပဲ။' ချင်ယွဲ့က အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။ ချင်ယွဲ့ စကားမဆုံးခင်မှာပင် မော့ယန်က ဖြတ်ပြောလိုက်သည်။
"ဟား! ငါ့ညီမလေးက တကယ်တော်တယ်!"
'မျှော်လင့်ထားသည့်အတိုင်း ညီမဖြစ်သူကို အစွဲအလမ်းကြီးသူပင်!'
ချင်ယွဲ့ က အံကြိတ်လိုက်ပြီး မော့ချူး ဘက်သို့ လှည့်ကာ စိတ်ကောင်းဝင်နေသော လေသံဖြင့် မေးလိုက်သည်။
"ကောင်မလေး မင်း ဘယ်လောက်တောင် လုပ်ထားတာလဲ"
"သိပ်အများကြီးတော့ မဟုတ်ပါဘူး" မော့ချူးက သူမ၏ လက်ချောင်းလေးများဖြင့် ရေတွက်ရင်း ပြောလိုက်သည်။
"ကြက်သွန်မြိတ်ကိတ်၊ အလွှာတစ်ထောင်ကိတ်၊ သစ်ကြားသီးကိတ်... အားလုံးပေါင်းလိုက်ရင် အမျိုးအစား ၁၀ မျိုးကနေ ၂၀ ကြားလောက် ရှိမယ်ထင်တယ်!"
"ဂလု .." ချင်ယွဲ့ တံတွေးကို မျိုချလိုက်သည်။
'တောက်! နာမည်ကြားရုံနဲ့တင် သူ စားချင်လာပြီ။ သူ ဘာလုပ်ရမလဲ။'
"စားချင်လို့လား" ချင်ယွဲ့၏ တံတွေးယိုနေသော မျက်နှာကို မြင်သောအခါ မော့ချူး က ခေါင်းလှည့်ကြည့်ပြီး မေးလိုက်သည်။
'ဟုတ်တယ်! ဟုတ်တယ်!'
ချင်ယွဲ့ က ခေါင်းကို အဆက်မပြတ် ငြိမ့်ပြလိုက်သည်။ သူ၏ ပုံစံမှာ သွားရည်ယိုနေသော ဟက်စကီး ခွေးတစ်ကောင်နှင့် မခြားပေ။
"ကိုယ့်ဘာသာကိုယ် ဝယ်စားလေ!"
'... ဘာ?'
ချင်ယွဲ့ ၏ မျက်နှာအမူအရာမှာ ချက်ချင်း အေးခဲသွားတော့သည်။ 'အရင်က ချစ်စရာကောင်းပြီး ရက်ရောတဲ့ မော့ချူးကို ငါ့ဆီ ပြန်ပေးကြပါဦး!'
"ညီမလေး ဒါတွေကို ဝိညာဥ်အစားအစာ ဆိုင်ထဲ တင်လိုက်ပြီလား" မော့ယန်က ခေါင်းလှည့်ပြီး မေးလိုက်သည်။
"မတင်ရသေးဘူး" မော့ချူးက ခေါင်းခါပြပြီး ခလုတ်ခုံ ကို ဖွင့်ကာ ပြောလိုက်သည်။ "အခုပဲ တင်လိုက်တော့မယ်!"
တွေဝေမနေဘဲ မော့ချူးက သူမ၏ လက်ကို ဆန့်ထုတ်ကာ ခလုတ်ခုံ ပေါ်တွင် နှိပ်လိုက်သည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် 'စိတ်ဝိညာဥ်အစားအစာဆိုင်’ ၏ ရှေ့မျက်နှာစာမှာ ပြောင်းလဲသွားခဲ့သည်။
မော့ချူးသည် အကျိုးအာနိသင် သိသိသာသာ မြင့်မားသော စိတ်ဝိညာဥ်အစားအစာ များကို 'အဆင့်မြင့် စိတ်ဝိညာဥ်အစားအစာ' ဟူသော ကဏ္ဍခွဲတစ်ခုထဲသို့ ထည့်သွင်းလိုက်သည်။ အကျိုးအာနိသင် အနည်းငယ် အားနည်းသော အခြား စိတ်ဝိညာဥ်အစားအစာ များကိုမူ စုစည်းပြီး အောက်ဘက်တွင် ကဏ္ဍသစ်တစ်ခု ဖွင့်လိုက်သည်။ ထိုနေရာတွင် စက်ဖြင့် အမြောက်အမြား ထုတ်လုပ်ထားသော မုန့်များကို အထူးပြု၍ ရောင်းချမည်ဖြစ်သည်။
သေချာသည်မှာ ထိုမုန့်များမှာ အမြောက်အမြား ထုတ်လုပ်ထားခြင်း ဖြစ်သဖြင့် သူတို့၏ ဈေးနှုန်းမှာ အခြားသော စိတ်ဝိညာဥ်အစားအစာ များထက် များစွာ သက်သာလှသည်။
ရလဒ်အနေဖြင့် သူကို စောင့်မျှော်နေကြသော အစားကြူးသူများမှာ ထိုနေ့ မွန်းလွဲပိုင်းတွင် ထူးထူးခြားခြား ရှာဖွေတွေ့ရှိသွားကြသည်။ 'အင်း... စိတ်ဝိညာဥ်အစားအစာ ဆိုင်၏ ပုံစံက ရုတ်တရက် ပြောင်းသွားတာပဲ!'
'အယ်?'
'အောက်ဘက်က အပိုပါလာတဲ့ ကဏ္ဍက ဘာကြီးလဲ။'
'... အမလေး!'
'မုန့်တွေ အများကြီးပါလား!'
အမျိုးအစားပေါင်း ၂၀ ကျော်ရှိသော မုန့်ပုံစံများကို မြင်သောအခါ လူတိုင်း၏ မျက်လုံးများ တောက်ပသွားကြသည်။
ထို့နောက်တွင် အနီရောင် ပင်လယ်ပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
'စိတ်ဝိညာဥ်အစားအစာဆိုင်’ အရောင်းဖွင့်ကတည်းက သူသည် လစဉ် ပြိုင်ပွဲတစ်ခုကဲ့သို့ ဖြစ်နေသည်ကို သိထားရမည်။ နာမည်တွင် ဖော်ပြထားသည့်အတိုင်း လစဉ်လတိုင်း လက်အမြန်နှုန်းကို ယှဉ်ပြိုင်ကြရသည်။ သို့မဟုတ်ပါက ဤလူကြိုက်များသော စိတ်ဝိညာဥ်အစားအစာကို လုံးဝ ဝယ်နိုင်မည်မဟုတ်ပေ။
ထို့နောက် လူတိုင်းမှာ 'လက်အမြန်နှုန်း' လေ့ကျင့်ရန်အတွက် စာရင်းတက်လာမည့်အချိန်ကို စောင့်မျှော်နေကြသော်လည်း အမြဲတမ်း စိတ်ပျက်လက်ပျက်နှင့်သာ အဆုံးသတ်သွားတတ်သည်။ ထိုသံသရာက ထပ်ခါတလဲလဲပင်။
'စဉ်းစားကြည့်ပါဦး၊ စိတ်ဝိညာဥ်အစားအစာ တစ်ပွဲရဖို့အတွက် ဒီခရီးက တကယ်ကို မလွယ်ကူပါဘူး ဟုတ်တယ်မလား။'
'ဒါပေမဲ့... အခု သူတို့ ဘာကို မြင်လိုက်ရတာလဲ။'
'စိတ်ဝိညာဥ်အစားအစာဆိုင်’ က လစဉ်လတိုင်း ဝိညာဥ်စာ ၁၀ ပွဲခန့်သာ ရောင်းချသည်ကို သူတို့ နေသားကျနေပြီဖြစ်သည်။ ယခုအခါ 'အချိန်မရွေး မှာယူနိုင်သည်' ဟူသော စာသားကို ရုတ်တရက် မြင်လိုက်ရသောအခါ သူတို့မှာ ဝေဝေဝါးဝါး ဖြစ်သွားကြသည်။
'နေဦး... 'အချိန်မရွေး မှာယူနိုင်သည်' ဆိုတာ ဘာအဓိပ္ပာယ်လဲ။'
'သောက်ကျိုးနည်း! အဲဒါက …'
' ကြိုက်သလောက် ဝယ်လို့ရတယ်လို့ ဆိုလိုတာပဲ!'
သေချာသည်မှာ သူတို့သည် ဘေးနားရှိ "တစ်ဦးလျှင် ၃ ဗူးသာ" ဆိုသည့် မှတ်ချက်ကို လုံးဝ လျစ်လျူရှုလိုက်ကြသည်။
မော့ချူးသည် ဗူးတစ်ဗူးလျှင် မုန့် ၁၅ ခု ထည့်ထားသည်။ ၃ ဗူးဆိုလျှင် မုန့် ၄၅ ခုဖြစ်ပြီး တစ်ပတ်စာ လိုအပ်ချက်ကို ဖြည့်ဆည်းရန် လုံလောက်သည်မှာ သေချာသည်။
ထို့အပြင် မုန့်များ ပုပ်သိုးပျက်စီးသွားမည်ကိုလည်း မည်သူမျှ စိုးရိမ်စရာ မလိုပေ။
အမှန်တကယ်တော့ အဖွဲ့ချုပ်တွင် တာရှည်ခံဆေးကဲ့သို့သော အရာများ မရှိပေ။ လူတိုင်းက သူတို့ကို ခလုတ်ခုံ ထဲသို့ တိုက်ရိုက် ထည့်ထားလိုက်ကြရုံပင်! စိတ်မပူပါနှင့်၊ အကျိုးသက်ရောက်မှုက တကယ့်ကို အံ့ဩဖို့ကောင်းသည်။ ခလုတ်ခုံထဲ ထည့်ထားသမျှ အရာအားလုံးသည် ပြန်ထုတ်ယူချိန်အထိ နဂိုအတိုင်း ရှိနေလိမ့်မည်။ ထိန်းသိမ်းမှု အာနိသင်က ထိပ်တန်းအဆင့်ပင် ဖြစ်သည်။
ထို့နောက်တွင် လူတိုင်း စိတ်လှုပ်ရှားသွားကြတော့သည်။
'သူတို့ ဘာပြောနိုင်ဦးမလဲ။'
'အမြန်ဝယ်! ဝယ်! ဝယ်!'
သူတို့ကိုယ်တိုင် ဝယ်ရုံသာမက သူတို့၏ မိသားစုနှင့် သူငယ်ချင်းများထံသို့ပင် Link ပို့ပေးလိုက်သေးသည်။ ဤသည်မှာ ရှားပါးသော အခွင့်အရေးဖြစ်သည်။ ဤမိန်းကလေး မော့ချူး တစ်ယောက် ဘယ်အချိန်မှာ စိတ်ပြောင်းပြီး အရေအတွက်နဲ့ ပြန်ရောင်းမယ်ဆိုတာ ဘယ်သူသိမှာလဲ။
'ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ဘူး!'
ဤကဲ့သို့ တွေးတောသူများစွာ ရှိနေသည်။ ထို့ကြောင့် ထိုနေ့ညတွင် အရောင်းအဝယ်ပမာဏ များပြားလွန်းမှုကြောင့် စိတ်ဝိညာဥ်အစားအစာဆိုင်၏ ပင်မစာမျက်နှာမှာ ပြိုလဲသွားခဲ့သည်။
အသုံးပြုသူများ Refresh လုပ်လိုက်သည်နှင့် "စာမျက်နှာကို ဖော်ပြ၍ မရပါ။ ခဏစောင့်ပါ" ဟူသော စာသားသာ ပေါ်လာတော့သည်။
ချက်ချင်းပင် ငိုညည်းသံများ ပျံ့လွင့်သွားတော့သည်။
ယခင်က အောင်မြင်စွာ ဝယ်ယူနိုင်ခဲ့သော အသုံးပြုသူများကမူ စတင် ကြွားဝါလာကြသည်။
"ဟူး... အရသာတစ်မျိုးကို တစ်ဗူးစီပဲ ဝယ်လိုက်တာ အားလုံးပေါင်း ဗူး ၂၀ ပဲရှိတယ်။ နည်းလွန်းနေမလားမသိဘူး"
"ဟားဟား၊ ငါကတော့ ချူးလေးကို ယုံကြည်တယ်။ အရသာတစ်မျိုးကို ၃ ဗူးစီပဲ!"
"ဒါက လေ့ကျင့်ထားပြီးသားပဲ။ လက်မြန်မှ တော်ရုံကျတာ!"
ဘာမှ ဝယ်မရလိုက်သော အသုံးပြုသူများကမူ နာကျည်းမှုများဖြင့် စိုက်ကြည့်နေကြသည်။ '... မင်းတို့ မိမစစ်ဖမစစ်ကောင်တွေ၊ ထွက်သွားကြစမ်း!'
သို့သော် ကံကောင်းထောက်မစွာပင် ဝဘ်ဆိုဒ် ပြိုလဲမှုမှာ နာရီဝက်ခန့်သာ ကြာမြင့်ခဲ့ပြီး အမြန် ပြန်လည်ပြင်ဆင်နိုင်ခဲ့သည်။
အသုံးပြုသူ အများစုမှာ နာရီဝက်စာ စုဆောင်းထားသော စွမ်းအားများကို မထိန်းချုပ်နိုင်တော့ကြောင်း ဖော်ပြခဲ့ကြသည်။ ထို့ကြောင့် နောက်ထပ် အရောင်းအဝယ် အထွတ်အထိပ်တစ်ခု ထပ်မံ ပေါ်ပေါက်လာခဲ့သည်။
မော့ချူး ဖက်တွင် အရောင်းအဝယ်ပမာဏကို အချိန်နှင့်တစ်ပြေးညီ မြင်တွေ့နိုင်သည်။
ထို့ကြောင့် နျဥ်ယွိယွမ်၏ ခေါ်ယူမှုကြောင့် 'ဝဘ်ဆိုဒ် ပြုပြင်ရေးသမား' အဖြစ် လာရောက်လုပ်ကိုင်ပေးရသော ကျိုးလင်မှာ တစ်ချက်ကြည့်လိုက်ပြီး အသက်ရှူပင် မှားသွားခဲ့သည်။
'တောက်! ငါ ခုနက ခလုတ်ခုံကို အရမ်းကြာအောင် စိုက်ကြည့်နေမိလို့လား။'
'အခု ငါ့အမြင်အာရုံတွေ ဝေဝေဝါးဝါး ဖြစ်နေပြီ! တောက်! ဒီဂဏန်းတန်းရှည်ကြီးက တကယ့်ကို မျက်စိကျိန်းစရာပဲ!'
"ဘော့စ်" ကျိုးလင်က ကြောင်တောင်တောင်ဖြင့် လျှောက်လာခဲ့သည်။ အတော်ကြာမှ သူက ပြောလိုက်သည်။
"နောင်ကျရင် ဘော့စ်က ချူးလေး အပေါ်မှာပဲ အားကိုးပြီး ရှင်သန် ရတော့မှာပဲ!"
ဤမိန်းကလေး၏ ငွေရှာနှုန်းမှာ မြန်ဆန်လွန်းလှသည်။ ခဏလေးအတွင်းမှာတင် 'စိတ်ဝိညာဥ်အစားအစာဆိုင်’၏ အရောင်းအဝယ် တန်ဖိုးမှာ သန်း ၁၀၀ နီးပါး ရှိနေပြီဖြစ်သည်။
'သူမကတော့ တကယ့် သူဌေးကြီး ဖြစ်သွားပြီပဲ!'
"ဒါပေါ့!" နျဥ်ယွိယွမ်က ဂုဏ်ယူဝင့်ကြွားသော အကြည့်များဖြင့် ခေါင်းညိတ်ပြပြီး ပြုံးလျက် ပြောလိုက်သည်။ "ငါ့ရဲ့ တစ်ကိုယ်လုံးက ချူးလေးနဲ့ ဆိုင်တာပဲ။ သူ ငါ့ကို ကျွေးမွေးစောင့်ရှောက်တာကို ငါ မကန့်ကွက်ပါဘူး"
ကျိုးလင်မှာ စကားမပြောနိုင် ဖြစ်သွားရသည်။ '... ဘော့စ် ခင်ဗျား သိက္ခာတွေ ဘယ်ရောက်ကုန်ပြီလဲ။ မိန်းမတစ်ယောက်အပေါ် မှီခိုပြီး ရှင်သန်တာက အနာဂတ် မရှိဘူးလေ!'
ကျိုးလင် စကားမဆုံးသေးသည်ကို သိသည့်အလား နျဥ်ယွိယွမ်က ခပ်ဖွဖွ ပြုံးလျက် ထပ်ပြောလိုက်သည်။
"ကိုယ့်ရဲ့ ဘဏ္ဍာရှင်လေးကို ကိုယ်ကတော့ အရမ်းကျေနပ်တာပဲ၊ အခုထိ တစ်ယောက်တည်း လူပျိုကြီး ဖြစ်နေတဲ့ တချို့လူတွေနဲ့ မတူဘူးပေါ့!"
ဤစကားကို ပြောလိုက်သည်နှင့် 'လူပျိုကြီး တပ်မတော်' ထဲမှ ဖြစ်ကြသော မော့ယန်၊ မိုးကျရွှေကိုယ်စုန့်၊ ချင်ယွဲ့၊ ကျိုးလင်နှင့် ကျုံးဝမ်တို့က သူ့ကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်လိုက်ကြသည်။ ' ... ငါတို့က လူပျိုတွေ၊ ငါတို့က ဂုဏ်ရှိတယ်!'
'တောက်!'
ဤအကြည့်များနှင့်အတူ သူတို့ပတ်ဝန်းကျင်တွင် လူပျိုကြီး အတော်များများ ရှိနေသည်မှာ အမှန်ပင်။ ခေါင်းငုံ့ပြီး ခလုတ်ခုံကို ကြည့်နေသော မော့ချူးကို ပွေ့ဖက်ထားရင်း နျဥ်ယွိယွမ်မှာ သူသည် ဘဝ၏ အောင်နိုင်သူဖြစ်သည်ဟု ရုတ်တရက် ထင်ယောင်ထင်မှား ဖြစ်သွားခဲ့သည်။
တစ်ရက် ကုန်ဆုံးသွားခဲ့သည်။
မော့ချူး၏ 'စက်ဖြင့်ပြုလုပ်သော မုန့်များ' မှာ တစ်ခုပြီးတစ်ခု ရောင်းကုန်သွားပြီး ကြယ်ကွန်ယက် ပေါ်တွင် ထပ်၍ ရေပန်းစားလာခဲ့ပြန်သည်။
တစ်ရက်အတွင်း အရောင်းအဝယ် အရေအတွက်မှာ တစ်သန်းကျော်သွားခဲ့ပြီ ဖြစ်သည်။ မုန့်တစ်ဗူး၏ ဈေးနှုန်းကို အဖွဲ့ချုပ် ကြေးပြား ၁၀၀ ဖြင့် တွက်ချက်ကြည့်မည်ဆိုလျှင်... အားပါးပါး! တစ်ရက်အတွင်း မော့ချူး၏ ဝင်ငွေမှာ သူတို့ တစ်သက်စာ ရှာရမည့် ငွေနှင့် နှိုင်းယှဉ်နိုင်သည်။
ဤကိန်းဂဏန်းမှာ အခြားသော ကြယ်ကွန်ယက် ဆိုင်ရှင်များကို မနာလိုဖြစ်စေကာ မနာလိုစိတ်များ ပေါ်ပေါက်စေခဲ့သည်။
ဘာလို့ လူနှစ်ယောက်ကြားမှာ ဒီလောက်တောင် ကွာခြားချက်ကြီးမားနေရတာလဲ။
မော့ချူးရဲ့ စီးပွားရေးက ဘာလို့ ဒီလောက်တောင် ကောင်းနေရတာလဲ။
အစားကြူးသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ဖော်ပြလာကြသည်။
"စိတ်မပူပါနဲ့၊ ဒါက ဘာမှမဟုတ်သေးပါဘူး!"
အကယ်၍ ချူးလေးသာ ကန့်သတ်ချက်မရှိ ရောင်းပေးမည်ဆိုလျှင် အရောင်းပမာဏမှာ နှစ်ဆတောင် ဖြစ်သွားနိုင်သည်။