အခန်း (၅၆၅)
Vol. 38 Ch. 565
"ဆောရီးနော်၊ ကျွန်မ နည်းနည်း နောက်ကျသွားတယ်" သူတို့၏ နားထဲသို့ ပထမဆုံး ဝင်ရောက်လာသော အသံမှာ နူးညံ့သော အမျိုးသမီးအသံ ဖြစ်သည်။ ထိုအသံမှာ ကြည်လင်ပြတ်သားပြီး နူးညံ့သိမ်မွေ့လှသဖြင့် နားထောင်ရသည်မှာ အလွန်ပင် ကောင်းမွန်လှသည်။
သူတို့ မော့ကြည့်လိုက်သောအခါ တံခါးဝတွင် ရပ်နေသော မိန်းကလေးတစ်ဦးကို မြင်လိုက်ရသည်။ သူမ၏ လှပသော မျက်နှာတွင် အပြုံးဖျော့ဖျော့လေး ရှိနေသည်။ သူမ၏ ရုပ်ရည်မှာ အလွန်အမင်း လှပနေခြင်း မဟုတ်သော်လည်း နွေဦးလေပြေကို ခံစားနေရသကဲ့သို့ ဆွဲဆောင်မှုရှိသော အငွေ့အသက်များ ရှိနေသည်။
"မိန်း .. မိန်းကလေး မော့ချူးပါလား!" အစ်မလျိုသည် သတိပြန်ဝင်လာပြီး ချက်ချင်း မတ်တတ်ရပ်ကာ ပြောလိုက်သည်။
သူမ အနည်းငယ် ထိတ်လန့်သွားသည်။ မော့ချူးသည် အေးဆေးတည်ငြိမ်သူဖြစ်ကြောင်း သူမ ကြားဖူးသော်လည်း အလေးအနက် မထားခဲ့ပေ။ ဖျော်ဖြေရေးလောကရှိ လူတိုင်းမှာ အာဏာရလာလျှင် မောက်မာတတ်ကြသဖြင့် မော့ချူး တံခါးခေါက်ပြီး ဝင်လာသောအခါ သူမ ချက်ချင်း တုံ့ပြန်ရန် အချိန်မရခဲ့ပေ။ 'ဒါက သူမကို စိတ်ဆိုးအောင် လုပ်မိသွားပြီလား ??'
“ဟုတ်ကဲ့၊ ကျွန်မ မော့ချူးပါ” မော့ချူးက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ သူမသည် အထဲသို့ ဝင်လာကာ အခန်းကို ဝေ့ကြည့်လိုက်သည်။ ခေတ္တအကြာတွင် သူမ၏ အကြည့်မှာ ဘေးနားရှိ လွတ်နေသော စားပွဲဆီသို့ ရောက်သွားပြီး မေးလိုက်သည်။ “ဒီစားပွဲက ကျွန်မအတွက်လား”
“ဟုတ်ကဲ့၊ ဟုတ်ပါတယ်!” အစ်မလျိုက အဆက်မပြတ် ခေါင်းညိတ်လျက် ရှေ့သို့ နှစ်လှမ်း တိုးလိုက်သည်။ သူမ၏ အနောက်မှ အနုပညာရှင်နှစ်ဦးလည်း ချက်ချင်း လိုက်လာကြပြီး အစ်မလျိုက မိတ်ဆက်ပေးလိုက်သည်။ “ဟယ်လို .. ကျွန်မနာမည် လျိုပါ။ ဒီကလေးနှစ်ယောက်ရဲ့ မန်နေဂျာပါ..."
ထိုသို့ ပြောလိုက်သည်နှင့် အစ်မလျိုမှာ တစ်ခုခု မှားနေကြောင်း ခံစားလိုက်ရသည်။ အမှန်စင်စစ်တွင် မည်သူက ကလေးများ ဖြစ်ပါသနည်း။ အသက်အရဆိုလျှင် မော့ချူးသည် သူတို့ထက်ပင် ငယ်သေးသည် မဟုတ်ပါလား။
သို့သော် ဝါအရဆိုလျှင် မော့ချူးမှာ သူတို့၏ စီနီယာဖြစ်နေသည်။ ဤခေါ်ဝေါ်ပုံမှာ အလွန်ပင် ရှက်စရာကောင်းလှသည်။
“ရပါတယ်၊ ကျွန်မ စိတ်မရှိပါဘူး။” နှစ်အနည်းငယ်ကြာ လေ့ကျင့်မှုများကြောင့် မော့ချူးမှာ ယခင်ကထက် ပို၍ ထက်မြက်လာသည်။ သူမသည် အစ်မလျို၏ နေရခက်မှုကို ချက်ချင်း သတိပြုမိသွားသဖြင့် လက်ကာပြလျက် ဘေးသို့ လျှောက်သွားကာ ပြောလိုက်သည်။ “အချိန်မဖြုန်းရအောင် ကျွန်မ အရင်ဆုံး ပုံစံသွင်းတာနဲ့ အဝတ်အစားလဲတာတွေ လုပ်လိုက်ပါဦးမယ်”
"အာ... ဟုတ်ကဲ့ပါ" အစ်မလျိုက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။ သူမသည် တံခါးအပြင်ဘက်မှ လူအုပ်ကြီးက မော့ချူး၏ ပစ္စည်းများကို သယ်ဆောင်ကာ ဝင်လာကြသည်ကို မြင်လိုက်ရသည်။ ဤသည်မှာ ထိပ်တန်းအဆင့် ဆက်ဆံမှုပင် ဖြစ်သည်။
မော့ချူးသည် ထိုင်ခုံပေါ်တွင် ထိုင်ကာ မျက်လုံးကို အနည်းငယ် မှိတ်ထားသည်။ သူမသည် ခေတ္တအကြာတွင် ဟင်းချက်ရမည်ဖြစ်သဖြင့် မိတ်ကပ်များ မလိမ်းခြယ်ဘဲ အသားအရေ ထိန်းသိမ်းမှုနှင့် ဆံပင်ပုံစံကိုသာ ပြင်ဆင်လိုက်သည်။
သို့မဟုတ်ပါက ဟင်းချက်နေစဉ် ခေါင်းလှုပ်လိုက်လျှင် မိတ်ကပ်များ ဟင်းထဲသို့ ကျသွားနိုင်ပြီး အလွန်ပင် နေရခက်စရာ ဖြစ်သွားလိမ့်မည်။
အမှန်စင်စစ်တွင် အစပိုင်း၌ မော့ချူးသည် ဤအစီအစဉ်ကို လက်ခံရန် အစီအစဉ် မရှိခဲ့ပေ။
ချင်ယွဲ့၏ စကားများက သူမကို ဆွဲဆောင်ခဲ့ခြင်း ဖြစ်သည်။
"မင်းရဲ့ ‘စိတ်ဝိညာဥ်အစားအစာ စားသောက်ဆိုင်’ကို ဖွင့်ချင်တယ်၊ လူတွေလည်း ခေါ်ချင်တယ်လို့ ပြောဖူးတယ် မဟုတ်လား။ ဒါဟာ အကောင်းဆုံး အခွင့်အရေး မဟုတ်ဘူးလား"
မှန်ပေသည်။ ချင်ယွဲ့၏ စကားမှာ သူမ၏ စိတ်ကို ထိမှန်သွားသည်။ လွန်ခဲ့သော ဆယ်နှစ်အတွင်း သူမ ပြုလုပ်ခဲ့သော စိတ်ဝိညာဥ်အစားအစာ မုန့်များမှာ ဂလက်ဆီတစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။
သူမကိုယ်တိုင်မှာ စီးပွားရေးလုပ်ရန် ဝါသနာပါသူ မဟုတ်သော်လည်း ကံကောင်းထောက်မစွာဖြင့် ဝီလ်က သူမကို ကူညီပေးခဲ့သည်။ အစပိုင်းမှစ၍ သူသည် စီးပွားရေးကိစ္စများကို စီမံခန့်ခွဲပေးခဲ့ပြီး ယခုအခါတွင်မူ သူသည် အရာရာကို တာဝန်ယူနိုင်ခဲ့ပြီဖြစ်သည်။
ဝီလ်မှာ ဤကဏ္ဍတွင် ပါရမီရှိကြောင်း သူမ ဝန်ခံရမည်ဖြစ်သည်။ ဆယ်နှစ်တာ ကာလတိုအတွင်းမှာပင် သူသည် ထိုကဲ့သို့ အောင်မြင်မှုများကို ရရှိခဲ့ခြင်းမှာ အံ့ဩစရာပင် ဖြစ်သည်။
မုန့်လုပ်ငန်းမှာ တည်ငြိမ်သွားပြီဖြစ်သဖြင့် မော့ချူး သည် ရှုပ်ထွေးသော ဟင်းလျာများဖြစ်သည့် ပုစွန်ကြော် သို့မဟုတ် ကြက်သားစွပ်ပြုတ်များဆီသို့ အာရုံပြန်ရောက်လာခဲ့သည်။
သို့သော် စက်များဖြင့် ပြုလုပ်ထားသော ဤဟင်းလျာများ၏ ရလဒ်မှာ မျှော်လင့်ထားသလောက် အားရစရာ မရှိပေ။ အရသာမှာ အနည်းငယ် ထူးဆန်းနေရုံသာမက အထူးစွမ်းရည် တိုးတက်စေသည့် အာနိသင်မှာလည်း ယခင်ကထက် များစွာ အားနည်းနေသည်။ အကြိမ်ကြိမ် ပြုပြင်ပြောင်းလဲခဲ့သော်လည်း မော့ချူး လိုချင်သော ရလဒ်ကို မရရှိခဲ့ပေ။
ထို့ကြောင့် အချိန်အတော်ကြာ စဉ်းစားပြီးနောက် မော့ချူးသည် 'စိတ်ဝိညာဥ်အစားအစာ Restaurant' ဖွင့်ရန် စိတ်ကူးရရှိခဲ့သည်။
မှန်ပေသည်။ စားသောက်ဆိုင်ရှိလျှင် ဤပြဿနာများကို စားဖိုမှူးများက ဖြေရှင်းပေးနိုင်လိမ့်မည် မဟုတ်ပါလား။ သူမအနေဖြင့် အဆိပ်အတောက်ကင်းသော ပါဝင်ပစ္စည်းများကိုသာ ထောက်ပံ့ပေးရန် လိုအပ်မည်ဖြစ်သည်။
သို့သော် ဤကိစ္စမှာ နားထောင်ရသည်မှာ လွယ်ကူသော်လည်း လက်တွေ့လုပ်ဆောင်ရန်မှာမူ များစွာ ခက်ခဲလှသည်။ စားဖိုမှူးများ ရွေးချယ်ခြင်း၊ ဆိုင်ဖွင့်မည့် နေရာနှင့် စီမံခန့်ခွဲမှုပုံစံ စသည်တို့မှာ လျစ်လျူရှု၍မရသော အချက်များ ဖြစ်သည်။
သေချာသည်မှာ ဤအစီအစဉ်မှာ လက်ရှိတွင် အစပျိုးရုံသာ ရှိသေးသည်။
သို့သော် ဤအစီအစဉ်ကို အခွင့်ကောင်းယူကာ ‘စားဖိုမှူး’ ဟူသော အယူအဆကို မြှင့်တင်ပေးခြင်းမှာလည်း ကောင်းမွန်လှသည်။ ဖြစ်နိုင်သည်မှာ သူတို့သည် ‘စိတ်ဝိညာဥ်အစားအစာ စားသောက်ဆိုင်’ ကို အမှန်တကယ် ဖွင့်လှစ်နိုင်လိမ့်မည်ဖြစ်သည်။ ဤသို့ တွေးမိသည်နှင့် မော့ချူး၏ နှုတ်ခမ်းထောင့်များမှာ အနည်းငယ် ပြုံးယောင်သန်းသွားသည်။
မိတ်ကပ်ဆရာများက ချီးကျူးလိုက်ကြသည်။
"ဝိုး! မော့ချူး၊ မင်းရဲ့ အသားအရေက တကယ်ကို ကောင်းတာပဲ"
"ဟုတ်တယ်၊ ချောမွေ့ပြီး နူးညံ့နေတာပဲ"
"ဒါပေါ့၊ ငါတို့ရဲ့ ကံကောင်းခြင်း ကြယ်ပွင့်လေးပဲဟာကို!
ဤသည်မှာ ရိုးရှင်းသော အသားအရေ ထိန်းသိမ်းမှုမျှသာ ဖြစ်သော်လည်း မော့ချူး၏ ဘေးတွင် မိတ်ကပ်ဆရာ သုံးဦးမှ ငါးဦးအထိ ဝန်းရံနေကြသည်။ သူမ၏ အနောက်တွင်လည်း အဝတ်အစား ရွေးချယ်ပေးသူ နှစ်ဦး သုံးဦးခန့် ရှိနေသည်။
ပုံမှန်အားဖြင့် လူအများအပြား ရှိရန်မလိုသော်လည်း ဤသူများမှာ မော့ချူး၏ အမာခံပရိသတ်များ ဖြစ်ကြသည်။ မော့ချူး အစီအစဉ်တွင် ပါဝင်မည်ဟု ကြားလိုက်ရသောအခါ သူတို့သည် ချက်ချင်း ပါဝင်ကူညီရန် စာရင်းပေးခဲ့ကြသည်။ သူတို့၏ စိတ်အားထက်သန်မှုကို မည်သူမျှ တားဆီး၍ မရခဲ့ပေ။
'သောက်ကျိုးနည်း! ငါ့ရဲ့ အိုင်ဒေါ နဲ့ နီးနီးကပ်ကပ် နေခွင့်ရတော့မှာ။ ဘယ်သူ့ကိုမှ လာလုခွင့် မပေးနိုင်ဘူး!'
ပြင်းထန်သော ပြိုင်ဆိုင်မှုများအပြီးတွင် ဤလူ ခုနစ်ဦး ရှစ်ဦးခန့်သာ ရွေးချယ်ခြင်း ခံခဲ့ရသည်။
သို့သော် အခြားသူများ၏ အမြင်တွင်မူ ဤမြင်ကွင်းမှာ အလွန်ပင် မျက်စိကျိန်းစရာ ကောင်းလှသည်။
ဘာလဲဟ။
ချန်ချူးချူးမှာ သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ကာ အလွန်ပင် စိတ်မသက်မသာ ဖြစ်နေသည်။ သူတို့နှစ်ဦးအတွက် ဝန်ထမ်းနှစ်ဦးသာ ရှိသော်လည်း မော့ချူး တစ်ယောက်တည်းအတွက် လူ ခုနစ်ဦး ရှစ်ဦးခန့်က ဝန်းရံပေးနေကြသည် မဟုတ်ပါလား။
ဤကွာခြားချက်မှာ သိသာလွန်းလှသည်။ သူမအနေဖြင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော်လည်း သူမ၏ မျက်နှာတွင်မူ မည်သည့် ခံစားချက်မျှ မဖော်ပြဘဲ မနေနိုင်ခဲ့ပေ။
“ဟမ့်!” 'ကြည့်ပါဦး၊ မော့ချူးက သာမန်မိန်းကလေးတစ်ယောက်ပဲ၊ ဒါပေမဲ့ သူ့ရဲ့ဟန်ပန်က တော်တော်လေးကို ရှိန်ဖို့ကောင်းတာပဲ!' ချန်ချူးချူး၏ စိတ်ထဲတွင် ထိုသို့တွေးတောရင်း အေးစက်စွာ နှာခေါင်းရှုံ့မိသည်။
"ချူးချူး!" ထိုသူနှစ်ဦး၏ မန်နေဂျာအဖြစ် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့သော အစ်မလျိုသည် ချန်ချူးချူး၏ စိတ်ကူးအသေးစားလေးများကို သဘာဝအတိုင်း ရိပ်မိသွားသည်။ သူမက ချန်ချူးချူးအား သူမကိုယ်သူမ အနည်းငယ် ထိန်းသိမ်းရန် အရိပ်အယောင်ပြသည့်အနေဖြင့် အလျင်အမြန် စိုက်ကြည့်လိုက်ပြီး ခေါ်လိုက်သည်။
အစ်မလျို၏ မျက်နှာထားကို မြင်သောအခါ ချန်ချူးချူးသည် သူမ စိတ်မြန်သွားသည်ကို သတိပြုမိပြီး ထိတ်လန့်သွားသည်။ သူမက အသက်ကို ခပ်ပြင်းပြင်းရှူကာ စိတ်ထဲမှ မကျေနပ်ချက်များကို နှိပ်ကွပ်လိုက်သည်။ ထို့နောက် မျက်နှာတွင် အပြုံးတစ်ခုကို အတင်းဖန်တီးလိုက်သည်။ ချန်ချူးချူးသည် ယခင်က မပေးရသေးသော မုန့်ဗူးနှစ်ဗူးကို ကောက်ကိုင်လိုက်ပြီး မော့ချူးထံသို့ လျှောက်သွားကာ ချိုသာစွာ ခေါ်လိုက်သည်။ "အစ်မ မော့ချူး "
အနုပညာလောကတွင် နှစ်ပေါင်းများစွာ ကြိုးစားရုန်းကန်ခဲ့ပြီးနောက် ချန်ချူးချူးသည် ဟန်ဆောင်အပြုံးမျက်နှာဖုံး တပ်ဆင်ထားရန် ကျင့်သားရနေပြီဖြစ်သည်။ ယခုအချိန်တွင် သူမသည် အစွမ်းကုန် ကြိုးစားနေသည်။ တစ်ချက်ကြည့်လိုက်လျှင် သူမသည် အလွန်ပင် လိမ္မာယဉ်ကျေးပြီး စိတ်လှုပ်ရှားဖွယ် ကောင်းနေကာ ပြောလိုက်သည်။ “ဟယ်လို၊ ကျွန်မက ချန်ချူးချူးပါ။ ဒါက ကျွန်မတို့ ပထမဆုံးအကြိမ် ဆုံဖူးတာပဲနော်။ ကျွန်မကိုလည်း စောင့်ရှောက်ပေးပါဦးရှင်"
မော့ချူးသည် ထိုအချိန်တွင် မျက်လုံးမှိတ်၍ အနားယူနေသည်။ ထိုစကားကို ကြားသောအခါ သူမက မျက်လုံးကို အလျင်အမြန် ဖွင့်လိုက်သည်။ သူမ လှည့်ကြည့်လိုက်သောအခါ ချိုသာသော အပြုံးရှိသည့် မိန်းကလေးငယ်တစ်ဦးကို မြင်လိုက်ရသည်။ ထိုမိန်းကလေးသည် မုန့်ဗူးနှစ်ဗူးကို သူမ၏လက်ထဲတွင် ရိုရိုသေသေ ကိုင်ထားသည်။ သူမ သေချာကြည့်လိုက်သောအခါ ဤမုန့်များသည် လွန်ခဲ့သော နှစ်နှစ်က သူမထုတ်လုပ်ခဲ့သော ထုတ်ကုန်အသစ်ဖြစ်သည့် မုန့်ကြွတ် အချိုပွဲ ဖြစ်နေသည်ကို သတိထားမိသွားသည်။ သူမသည်လည်း ဤအရသာကို ကြိုက်နှစ်သက်သည်။ သူမရှေ့မှ မိန်းကလေးသည်လည်း အရသာချင်း တူညီသူတစ်ဦး ဖြစ်နိုင်သည်ဟု တွေးမိသောအခါ သူမ၏ မျက်ဝန်းများတွင် အပြုံးအရိပ်အယောင်များ ယှက်သန်းသွားပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ကျေးဇူးပါပဲ။ ညီမလေးလည်း ဒီအရသာကို ကြိုက်တာလား?"
ထိုစကားကို ကြားလိုက်ရသောအခါ ချန်ချူးချူး၏ နှုတ်ခမ်းထက်မှ အပြုံးမှာ တောင့်တင်းသွားခဲ့သည်။ အနုပညာလောကတွင် အောင်မြင်ရန်အတွက် ပထမဦးဆုံး လိုအပ်ချက်မှာ လှပသော မျက်နှာနှင့် ကောင်းမွန်သော ကိုယ်လုံးကိုယ်ပေါက် ရှိရန်ဖြစ်ကြောင်း သိထားရမည်!
ဤနှစ်ခုမရှိလျှင် အရာအားလုံးမှာ အချည်းနှီးသာ ဖြစ်ပေလိမ့်မည်!
ထို့ကြောင့် သူမသည် ကိုယ်အလေးချိန် တက်စေနိုင်သော ဤမုန့်များကို အမြဲတမ်း ရှောင်ကြဉ်ခဲ့သည်။ သူမအနေဖြင့် မုန့်များကို ယူဆောင်လာခဲ့လျှင်ပင် ဒါက ဟန်ဆောင်မှုသက်သက်သာ ဖြစ်သည်။ ပို၍အရေးကြီးသည်မှာ အခြားသူများကို စည်းရုံးသိမ်းသွင်းရန် လက်ဆောင်အဖြစ် အသုံးပြုခြင်းသာ ဖြစ်သည်။ ဒီအရသာနှင့် ပတ်သက်၍မူ သူမ တစ်ခါမျှ မြည်းစမ်းကြည့်ဖူးခြင်း မရှိရာ ဘယ်လိုလုပ် သိနိုင်ပါမည်နည်း? သို့သော်လည်း သူမသည် ဒီစကားကို အပြင်ထုတ်ပြော၍ မရသည်မှာ ထင်ရှားလှသည်!
"ဟုတ်ကဲ့!" ချန်ချူးချူးက သဘာဝကျလှသည့် အမူအရာဖြင့် ခေါင်းညိတ်ပြကာ ပြုံး၍ ပြောလိုက်သည်။
"ဒီမုန့်အရသာက တော်တော်လေး ကောင်းပါတယ်။ ကျွန်မက အချိုစားရတာကို အမြဲတမ်း ကြိုက်လို့လေ"
'... အချိုတွေလား? 'မော့ချူးက မျက်ခုံးပင့်လိုက်မိသည်။
ဒီ မုန့်ကြွတ်ကို လူကြိုက်များလှသည်။ ထိုစဉ်က လူအများ၏ မတူညီသော ခံတွင်းတွေ့မည့် အရသာများကို ဖြည့်ဆည်းပေးနိုင်ရန် အငန်နှင့် အချိုဟူ၍ အရသာနှစ်မျိုးကို သီးသန့် ထုတ်လုပ်ပေးခဲ့သည်။ ချန်ချူးချူး၏ လက်ထဲရှိ မုန့်မှာမူ... အငန်အရသာ ဖြစ်နေသည်။
ခဏမျှ စဉ်းစားပြီးနောက် မော့ချူးသည် သူမရှေ့ရှိ မိန်းကလေး၏ ရည်ရွယ်ချက်ကို နားလည်သွားသည်။
အခြားသူကို စိတ်ကျေနပ်အောင်လုပ်လိုသည်ကို သူမ နားလည်နိုင်သော်လည်း ဤရည်ရွယ်ချက်မှာ ပြင်းထန်လွန်းလှသည်။ ထိုမိန်းကလေးက ဖုံးကွယ်ရန်ပင် မကြိုးစားသဖြင့် သူမအနေဖြင့် အမှန်တကယ် ကျေးဇူးတင်ခြင်း မရှိတော့ပေ။ ထို့ကြောင့် သူမ၏ မျက်ဝန်းထဲမှ အပြုံးအရိပ်အယောင်များမှာ မှေးမှိန်သွားသော်လည်း တည်ငြိမ်သော မျက်နှာထားကို ဆက်လက်ထိန်းသိမ်းထားသည်။
“တကယ်လား? တိုက်ဆိုင်လိုက်တာ။ ကျွန်မတို့ ကြိုက်တဲ့ အရသာချင်းက တော်တော်တူတာပဲနော်" မော့ချူးသည် မျက်နှာတွင် အပြုံးတစ်ခုကို ဆက်၍ထိန်းသိမ်းထားသော်လည်း သူမ၏ လက်ထဲမှ မုန့်ကို လှမ်းယူခြင်း မပြုခဲ့ပေ။ ထိုအစား သူမက အကြောင်းအရာကို အနည်းငယ် ပြောင်းလဲလိုက်ပြီး ပြောလိုက်သည်။
"ဒါပေမဲ့... နောက်ပိုင်းမှာ ဒီလို အစီအစဉ်မျိုးတွေကို ကျွန်မ ပါဝင်ဖြစ်ဖို့ ခဲယဉ်းသွားလိမ့်မယ်။ အဲဒါကြောင့် ညီမလေးကို သိပ်ပြီး မစောင့်ရှောက်ပေးနိုင်မှာကို စိုးရိမ်မိတယ်"
မော့ချူး၏ စကားများသည် အမှန်တရားသာ ဖြစ်သည်။
သို့သော်လည်း ချန်ချူးချူး၏ နားထဲတွင်မူ လေသံမှာ လုံးဝ ပြောင်းလဲသွားခဲ့သည်။
' ... ငါ့ကို မစောင့်ရှောက်ပေးချင်ဘူးပေါ့လေ? ဟင်း! တည့်တိုးပဲပြောရရင် နင် ငါ့ကို မကူညီချင်တာပဲ မဟုတ်လား! '
'ဘာဖြစ်လို့လဲ? လူသစ်တစ်ယောက်က နင့်ကို ကျော်တက်သွားမှာ ကြောက်နေလို့လား? အကြောင်းပြချက် ပေးမယ်ဆိုရင်တောင် ဒီလောက် အပေါစားဆန်တဲ့ အကြောင်းပြချက်မျိုးတော့ မပေးနဲ့! '
'တကယ်လို့ နင်က ဒီလို အစီအစဉ်မျိုးမှာ မပါဝင်တော့ဘူးဆိုရင် အခု ဒီမှာ ဘာလာလုပ်နေတာလဲ? ပျင်းလို့ လာကစားနေတာလား?'
"ချူးလေး ပြီးပြီနော်။ သွားပြီး အဝတ်အစား လဲလိုက်ပါဦး" ခဏအကြာတွင် သူမ၏ အသားအရေ ထိန်းသိမ်းမှုမှာ ပြီးစီးသလောက် ဖြစ်သွားသည်။ သူမ၏ နောက်မှ စတိုင်လစ်စ်က ရိုးရှင်းပြီး ကျော့ရှင်းသော ဂါဝန်တစ်ထည်ကို ရွေးချယ်လိုက်ပြီး မျှော်လင့်ချက်အပြည့်ရှိသော လေသံဖြင့် သူမအား ကမ်းပေးကာ ပြောလိုက်သည်။
"ဒါက ဒီနှစ်မှ ထွက်တဲ့ နောက်ဆုံးပေါ် ဒီဇိုင်းလေးပါ။ ရိုးရိုးလေးလို့ မထင်ပါနဲ့၊ ချူးလေးနဲ့ဆိုရင် သိပ်ကြည့်ကောင်းမှာလို့ ကျွန်တော် ထင်တယ်!"
"ကောင်းပါပြီ၊ ဒါဆို ကျွန်မ သွားစမ်းဝတ်ကြည့်လိုက်ဦးမယ်နော်"
မော့ချူးက အပြုံးဖြင့် ဂါဝန်ကို လှမ်းယူလိုက်ပြီး ချန်ချူးချူးအား ယဉ်ကျေးစွာ ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ "ဆောရီးပါ.. ကျွန်မ အရင်သွားပြီး အဝတ်လဲလိုက်ဦးမယ်"
"ဟုတ်ကဲ့ပါ၊ ဒါဆိုရင် ကျွန်မလည်း အနှောင့်အယှက် မပေးတော့ဘူးနော်" ချန်ချူးချူးသည် မျက်နှာတွင် အပြုံးတစ်ခုကို ဆင်မြန်းကာ သဘောတူလိုက်သော်လည်း သူမ၏ စိတ်ထဲတွင်မူ အလွန်ပင် နေရခက်နေသည်။ မုန့်ဗူးကို ကိုင်ထားသော သူမ၏ လက်များမှာ ပို၍ပင် တင်းကြပ်သွားခဲ့သည်။