အခန်း (၅၇၁)
Vol. 39 Ch. 571
ထိုအချိန်တွင် စင်နောက်ဘက်၌လည်း ရှုပ်ယှက်ခတ်နေတော့သည်။
ကံကောင်းသည်မှာ ဝန်ထမ်းများက အဝတ်အစားအပိုအစုံအနည်းငယ်ကို ကြိုတင်ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်တွင် သူတို့သည် မော့ချူး အတွက် အဝတ်အစားတစ်စုံကို အမြန်ရွေးချယ်ပြီး အဝတ်အစားလဲလှယ်ခန်းသို့ သွားရောက်လဲလှယ်ရန် ပြောကြားလိုက်သည်။
ပေါင်လယ်လောက်အထိ ပြဲထွက်သွားပြီဖြစ်သော စကပ်ကိုမူ မော့ချူးအား အဝတ်အစားရွေးချယ်ပေးခဲ့သည့် အဝတ်အစားဒီဇိုင်နာက လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။ သူမ၏ မျက်နှာတွင် အပြစ်ရှိစိတ်များဖြင့် ပြည့်နှက်နေ၏။
ဤကိစ္စသည်... သူမ၏ အမှားများသာ ဖြစ်တော့သည်။
ဤအဝတ်အစားများတွင် ပြဿနာတစ်စုံတစ်ရာ ရှိနိုင်မည်ဟု သူမ မထင်မှတ်ခဲ့ပေ။ ကျွမ်းကျင်ဝန်ထမ်းများက ပြင်ဆင်ထားခြင်းဖြစ်၍ ပြဿနာမရှိနိုင်ဟု ယူဆခဲ့သည်။ သူမသည် စင်ပေါ်မတက်မီ ဘာကြောင့် သေချာမစစ်ဆေးခဲ့မိသနည်း။ ဤကဲ့သို့သော အသားက လျှောကျလွယ်ပြီး စုတ်ပြဲလွယ်သည်ကို သူမ ကောင်းစွာသိထားခဲ့ပါလျက်နှင့်...
နောက်ဆုံးတွင် ကြီးမားသော အမှားတစ်ခု ချက်ချင်းလက်ငင်း ဖြစ်ပွားခဲ့ပြီး မော့ချူးကို စင်ပေါ်မှာပင် အရှက်ကွဲလုနီးပါး ဖြစ်စေခဲ့သည်။ အကယ်၍သာ တကယ်ဖြစ်ပျက်သွားခဲ့လျှင် နောက်တစ်နေ့မနက်၌ မော့ချူးအကြောင်း ကောလာဟလများသည် နေရာအနှံ့ ပျံ့နှံ့သွားပေလိမ့်မည်။
ထိုမြင်ကွင်းကို တွေးမိသောအခါ အဝတ်အစားတာဝန်ခံ၏ မျက်ထောင့်များ နီလာခဲ့၏။
မော့ချူး အဝတ်အစားလဲလှယ်ခန်းထဲမှ ထွက်လာသောအခါ သူမသည် ချက်ချင်း ရှေ့သို့ ခြေလှမ်းအနည်းငယ်တိုးကာ မော့ချူးကို ထပ်ခါတလဲလဲ ဦးညွှတ်တောင်းပန်ခဲ့သည်။ သူမ၏ အသံမှာလည်း အနည်းငယ် တုန်ရီနေပြီး ပြောလိုက်သည်။ "တောင်းပန်ပါတယ် ချူးလေး... ချူးလေး ရယ်၊ ဒါတွေအားလုံးက အစ်မရဲ့ အမှားပါ။ အစ်မ သေချာမစစ်ဆေးမိလိုက်ဘူး..."
"ရပါတယ်၊ စိတ်မပူပါနဲ့" မော့ချူးသည် ဆင်တူသော ဝတ်စုံတစ်စုံကို လဲလှယ်ဝတ်ဆင်ထားသည်။ သူမသည် ထိုအခြေအနေကို မြင်လိုက်ရသောအခါ အဝတ်အစားတာဝန်ခံ၏ ပခုံးကို လှမ်းပုတ်ပေးလိုက်မိပြီး ညင်သာစွာ ပြောလိုက်သည်။ "ဒါက အစ်မအမှား မဟုတ်ပါဘူး။ ကျွန်မ ဘယ်နားမှာမဆို မတော်တဆ ချိတ်မိသွားတာလည်း ဖြစ်နိုင်တာပဲလေ။ ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ပါနဲ့တော့"
ပုံမှန်အားဖြင့် သူမသည် ပွင့်လင်းရိုးသားသော မိန်းကလေးတစ်ဦး ဖြစ်သည်။ ယခုအချိန်တွင် သူမ၏ မျက်လုံးများသည် ငိုထားသဖြင့် နီရဲနေလေသည်။ သူမသည် တုန်ရီနေသော ခေါင်းကိုမော့ကာ ကြည့်လိုက်သည်။ "တကယ်လား၊ ညီမ... ညီမ တကယ်ပဲ အစ်မကို အပြစ်မတင်ဘူးလား"
အမှန်တကယ်တွင် ဤကိစ္စသည် အလွန်ကြီးမားသော်လည်း နျဥ်ယွိယွမ်သာ အချိန်မီ ရောက်မလာခဲ့လျှင် မော့ချူး တစ်ယောက် အတော်လေး အရှက်ရသွားနိုင်သည်။ အကယ်၍သာ အခြားနာမည်ကြီး အနုပညာရှင်တစ်ဦးဦးသာ ဖြစ်ခဲ့လျှင် မျက်နှာကို ဖြတ်ရိုက်ခံရလောက်သည်အထိ ဖြစ်သွားနိုင်သည်။
"စိတ်မပူပါနဲ့၊ ကျွန်မ တကယ် ဘာမှမဖြစ်ပါဘူး" မော့ချူးက ပြုံးလျက် သူမ၏ပခုံးကို ပုတ်ကာ ပြောလိုက်သည်။ သူမ၏ စိတ်ထဲတွင် ကြောက်ရွံ့မှု အနည်းငယ် ကျန်ရှိနေသေးသော်လည်း ဤကိစ္စသည် အဝတ်အစားဒီဇိုင်နာ၏ အမှားမဟုတ်နိုင်ကြောင်း သူမ နားလည်သည်။ အဆိုးဆုံးတွေးလျှင်ပင် မတော်တဆမှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။
"ကဲပါ... မငိုပါနဲ့တော့၊ ကျွန်မ စင်ပေါ်ကို အမြန်ပြန်သွားမှ ဖြစ်တော့မယ်" မော့ချူးက သူမကို နောက်ထပ် အနည်းငယ် နှစ်သိမ့်ပေးလိုက်ပြီးနောက် လှည့်ထွက်လာခဲ့သည်။
သူမ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုကို မထိန်းနိုင်အောင် ဖြစ်နေမိသည်။ နျဥ်ယွိယွမ်၏ အေးစက်ပြီး ဂရုမစိုက်တတ်သော အကျင့်စရိုက်နှင့်ဆိုလျှင် သူက အနေရခက်သော တိတ်ဆိတ်မှုကို ဖြစ်စေမလား။
ထင်ထားသည့်အတိုင်းပင် မော့ချူး စင်နောက်သို့ ရောက်သောအခါ ခေါင်းလေးပြူ၍ သတိထားကြည့်လိုက်မိသည်။ ဟား! စင်ပေါ်မှ အခြေအနေသည် အလွန်ပင် အနေရခက်စရာ ကောင်းနေလေသည်။
ဟာသဉာဏ်ရွှင်ပြီး ဖြတ်ထိုးဉာဏ်ကောင်းသည်ဟု နာမည်ကြီးသော အစီအစဉ်တင်ဆက်သူ နှစ်ဦးပင်လျှင် ယခုအချိန်၌ ဘာလုပ်ရမှန်းမသိ ဖြစ်နေကြသည်။
သူတို့ လုပ်နိုင်သည်မှာ ဘာမျှမရှိပေ။ နျဥ်ယွိယွမ်သည် 'နှုတ်ဆိတ်နေခြင်းက ရွှေ' ဟူသော အမူအရာကို ဆက်ထိန်းသိမ်းထားမည် သို့မဟုတ် သူတို့အား အားကုန်သုံး၍ ချစ်ပြကာ ခွေးစာကျွေးပေလိမ့်မည်။ သူနှင့် သာသာယာယာ စကားပြောဆိုနိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။
ထို့ကြောင့် အစီအစဉ်တင်ဆက်သူ နှစ်ဦးသည် မျက်လုံးထောင့်မှနေ၍ မော့ချူးကို လှမ်းမြင်လိုက်ရသောအခါ အတိုင်းထက်အလွန် ဝမ်းသာသွားကြသည်။ သူတို့၏ မျက်ဝန်းများမှာ ချက်ချင်း အရောင်တောက်ပသွားလေသည်။
'ဘုရားရေ... ကောင်းလိုက်တာ! နောက်ဆုံးတော့ နျဥ်ယွိယွမ်ရဲ့ အေးစက်စက်မျက်နှာကြီးကို တစ်ယောက်တည်း ရင်ဆိုင်စရာ မလိုတော့ဘူး။'
အမျိုးသား အစီအစဉ်တင်ဆက်သူသည် မျက်လုံးကစားလိုက်ပြီး ဆင်ခြေတစ်ခုကို ချက်ချင်းရှာတွေ့သွားသည်။
"ဪ... ဒါနဲ့ ချူးလေးက စိတ်ဝိညာဥ်အစားအစာ လုပ်နည်းကို သိတယ်ဆိုတော့ သူကရော ခင်ဗျားကို တစ်ကွက်နှစ်ကွက်လောက် သင်ပေးထားတာမျိုး ရှိလား"
စင်နောက်ဘက်တွင် ရှိနေသော မော့ချူးသည် ထိုဟာသကို အမြန်ပင် လိုက်ပါစီးမျောလိုက်သည်။ သူမသည် နျဥ်ယွိယွမ်၏ ဘေးနားသို့ လှမ်းသွားပြီး ပြုံးလျက် ပြောလိုက်သည်။
"သူ့ကို ဒီမေးခွန်း မေးစရာမလိုပါဘူး။ ကျွန်မက ဆရာဖြစ်သူဆိုတော့ ကျွန်မက ပိုပြောနိုင်တာပေါ့"
“အော်?” ထိုစကားကို ကြားလိုက်ရသောအခါ အစီအစဉ်တင်ဆက်သူ နှစ်ဦးသည် စကား၏ အနက်အဓိပ္ပာယ်ကို အမြန်ပင် စဉ်းစားလိုက်ကြပြီး သူတို့၏ မျက်လုံးများမှာ အရောင်မတောက်ဘဲ မနေနိုင်တော့ပေ။ " ဒါဆို ဗိုလ်ချုပ်ကြီး နျဥ်ကလည်း စိတ်ဝိညာဥ်အစားအစာ လုပ်တတ်တယ်ပေါ့"
"ဟုတ်ပါတယ်" မော့ချူးက ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။ သူမသည် ဤအကြောင်းအရာကို မည်သို့ စတင်ပြောဆိုရမည်နည်းဟု စဉ်းစားနေခဲ့သော်လည်း ယခုအချိန်တွင် သူမထံသို့ အလိုအလျောက် ရောက်လာလိမ့်မည်ဟု ထင်မထားခဲ့မိပေ။
ဤစကားများ ပြောလိုက်သည်နှင့် တပြိုင်နက် အစီအစဉ်တင်ဆက်သူ နှစ်ဦးမှာ အနည်းငယ် အံ့အားသင့်သွားမိကြသည်။
စိတ်ဝိညာဥ်အစားအစာ၏ တန်ဖိုးကို ဤဆယ်နှစ်တာ ကာလတိုလေးအတွင်း လူတိုင်းက အပြည့်အဝ အသိအမှတ်ပြုထားပြီး ဖြစ်သည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် မော့ချူး၏ စိတ်ဝိညာဥ်အစားအစာ စီးပွားရေးလုပ်ငန်း တစ်ခုတည်းကပင် အဖွဲ့ချုပ်၏ နိုင်ငံခြားကုန်သွယ်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ထက်ဝက်ကို ပံ့ပိုးပေးထားခြင်း ဖြစ်သည်။
သို့သော် ယနေ့ မော့ချူး ပြောလိုက်သော စကားများသည် သူတို့၏ နှလုံးသားများကို တုန်လှုပ်သွားစေသည်။ သူတို့သည် အဓိကအချက်ကို လျင်မြန်စွာပင် သဘောပေါက်သွားကြသည်။
"မင်း ဆိုလိုတာက... စိတ်ဝိညာဥ်အစားအစာ ထုတ်လုပ်နည်းကိုလည်း သင်ယူလို့ ရတယ်ပေါ့"
"ဒါပေါ့" မော့ချူးသည် သူမ၏စကားများ မည်မျှအရေးပါသည်ကို လုံးဝ သတိမထားမိသကဲ့သို့ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
သို့သော် ဤဂရုမစိုက်သော သဘောထားကြောင့် အစီအစဉ်တင်ဆက်သူ နှစ်ဦးမှာ သူမကို တိတ်တဆိတ် လေးစားသွားကြသည်။ လက်ထဲတွင်ရှိသော ရတနာကို ထုတ်ပေးရဲသည့် သတ္တိမျိုး လူတိုင်းတွင် မရှိကြပေ။ အကယ်၍ သူတို့သာ သူမ နေရာတွင် ဆိုလျှင်ပင် မော့ချူးကဲ့သို့ ပွင့်လင်းရက်ရောနိုင်ကြမည် မဟုတ်ပေ။
ခဏတာမျှ သူမကို ကြည့်သော သူတို့နှစ်ဦး၏ အကြည့်များ ပြောင်းလဲသွားသည်။
နျဥ်ယွိယွမ်က အသာအယာ ချောင်းဟန့်လိုက်ပြီး သူတို့၏ စူးစိုက်လွန်းသော အကြည့်များကို ကွယ်ရန် ဘေးသို့လှည့်ကာ ရပ်လိုက်သည်။ သူ့စိတ်ထဲတွင် မကျေမနပ် ဖြစ်နေမိသည်။ ဘာကို လာကြည့်နေကြတာလဲ။ ဒါ ငါ့မိန်းမကွ။
မော့ချူးသည် တစ်ခဏမျှ ကြောင်အသွားပြီးနောက် နျဥ်ယွိယွမ် သဝန်တိုနေမှန်း သဘောပေါက်သွားသည်။ သူမသည် တခစ်ခစ်ရယ်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။
"ကဲပါ... ပေါက်ကရတွေ မလုပ်ပါနဲ့တော့"
ထို့နောက် သူမသည် ခေါင်းမော့ကာ အစီအစဉ်တင်ဆက်သူ နှစ်ဦးကို ကြည့်လိုက်သည်။
"နျဥ်ယွိယွမ်ကို ရှင်တို့အတွက် တစ်ခုခု လုပ်ပြခိုင်းလိုက်ရင်ရော ဘယ်လိုလဲ"
အိုက်ယိုး.. ဒါက သူတို့ အလိုချင်ဆုံး အရာပင် ဖြစ်သည်။
ဤအကြိမ်တွင် ပရိသတ်များကို ထားလိုက်ပါတော့၊ အစီအစဉ်တင်ဆက်သူ နှစ်ဦးပင်လျှင် မျက်လုံးများ အရောင်တောက်လာမိသည်။ သို့သော် သူတို့သည် ကျန်ရှိနေသေးသော အသိစိတ်လေးဖြင့် လင်ယဲ့ဟုန်ကို လှမ်းကြည့်လိုက်ကြသေးသည်။
မည်သို့ပင်ဆိုစေ စင်မြင့်ထက်မှ စီးဆင်းမှုသည် ဒါရိုက်တာ၏ အလိုအတိုင်း သွားရမည် ဖြစ်သည်။ သူတို့သဘောဖြင့် သူတို့ ဆုံးဖြတ်၍ မရပေ။
လင်ယဲ့ဟုန်က ခေါင်းအနည်းငယ် ညိတ်ပြသည်ကို မြင်လိုက်ရသောအခါ အစီအစဉ်တင်ဆက်သူ နှစ်ဦးသည် ဖော်ရွေသွားကြသည်။ သူတို့က အလျင်အမြန် ပြုံးကာ ခေါင်းညိတ်လိုက်ကြသည်။
"ရတာပေါ့၊ ဒါဆို ဗိုလ်ချုပ်ကြီး နျဥ်ရဲ့ လက်ရာကောင်းတွေကို စောင့်မျှော်နေပါ့မယ်"
စားပွဲပေါ်ရှိ မပြင်ဆင်ရသေးသော မှော်အပင်များနှင့် မှော်သားရဲများကို နျဥ်ယွိယွမ်အား ပေး၍မဖြစ်ပေ။ မော့ချူးသည် ခလုတ်ခုံထဲမှ မြူထူများဖြင့် ပြုပြင်ထားသော ပါဝင်ပစ္စည်း အချို့ကို ထုတ်ယူပြီး နျဥ်ယွိယွမ်အတွက် စားပွဲပေါ်တွင် တင်ပေးလိုက်သည်။
"မင်း ဘာစားချင်လဲ" စားပွဲပေါ်ရှိ ပါဝင်ပစ္စည်းများကို တစ်ချက်ကြည့်လိုက်ပြီးနောက် နျဥ်ယွိယွမ်က သူ၏ ရှပ်အင်္ကျီလက်ကို ပင့်တင်လိုက်ပြီး မော့ချူးကို ကြင်နာသော အကြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။
ဘာလို့ ငါ့ကိုကျ မမေးတာလဲ။ ဤသည်မှာ ရောက်ရှိနေကြသော အမျိုးသမီးပရိသတ်အများစု၏ အတွေးပင် ဖြစ်သည်။
"အင်း... ငါးပြုတ်ရယ်၊ ကြာဇံသုပ်စပ်စပ်ရယ်၊ ဟင်းသီးဟင်းရွက်ဟင်း တစ်ခွက်ရယ်ပါ" မော့ချူးက ပြုံးလျက် ဟင်းပွဲများကို မှာယူလိုက်သည်။ သူ၏ ကျွမ်းကျင်သော ဟန်ပန်ကို ကြည့်ခြင်းအားဖြင့် အိမ်တွင် ဤကဲ့သို့ အကြိမ်ကြိမ် လုပ်ဖူးကြောင်း သိသာထင်ရှားနေသည်။
"မရဘူး" နျဥ်ယွိယွမ်က မျက်မှောင်ကြုတ်ကာ ခေါင်းခါလိုက်သည်။
'ဟမ်... သူ မချက်တတ်ဘူးလို့ ဆိုလိုတာလား။'
အစီအစဉ်တင်ဆက်သူ နှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။ တကယ်ပဲ ဤစိတ်ဝိညာဥ်အစားအစာ ဆိုသည်မှာ လူတိုင်း လုပ်ချင်ရုံနှင့် သင်ယူ၍ရသော အရာမဟုတ်ပေ။
နောက်ဆုံးတွင် နျဥ်ယွိယွမ်၏ နောက်ထပ်စကားများက အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်ပြီး သူတို့အား အသေသတ်လိုက်သည်။ "ဒီရက်ပိုင်း မင်း ကိုယ်နည်းနည်းပူနေတယ်။ အစားပျော့ပျော့စားတာ ပိုကောင်းမယ်၊ ငါးပေါင်းပဲ လုပ်လိုက်မယ်။ ကျန်တဲ့ ဟင်းနှစ်ခွက်ကတော့ မင်းသဘောပဲ"
ဟိုးလီ ရှစ်ထ် !
'စောစောက အချစ်တွေပြပြီး ခွေးစာကျွေးခဲ့တာ မလုံလောက်သေးဘူးလား။ ဒါက လူမြင်ကွင်းလေ၊ နည်းနည်းလောက် သတိထားလို့ မရကြဘူးလား။'
အစီအစဉ်တင်ဆက်သူ နှစ်ဦးမှာ တိတ်တဆိတ် သွေးအန်မတတ် ဖြစ်သွားကြသည်။ တကယ်တော့ သူတို့ကသာ မဖြစ်နိုင်သည်များကို လျှောက်တွေးနေမိခြင်း ဖြစ်သည်။
"အဆင်ပြေလား" နျဥ်ယွိယွမ်က မော့ချူးကို ကြင်နာသော်လည်း ခေါင်းမာသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
ထိုအခါမှ သူမသည် မတတ်သာသည့်အဆုံး ခေါင်းညိတ်လိုက်ရသည်။ "အိုခေ"
ဟင်းပွဲစာရင်း အတည်ပြုပြီးနောက် နျဥ်ယွိယွမ်သည် နောက်ထပ် စားဖိုမှူး ဖြစ်လာတော့မည် ဖြစ်သည်။
မော့ချူး၏ ချက်ပြုတ်မှုသည် လှပသော ခံစားမှုမျိုး ဖြစ်သည်ဆိုလျှင် ယခု နျဥ်ယွိယွမ်၏ ချက်ပြုတ်မှုက လူများကို စကားလုံးတစ်လုံးတည်းသာ ခံစားရစေသည်။ 'မိုက်တယ်'
အလုပ်ကြိုးစားသော အမျိုးသားသည် အချောဆုံးဖြစ်သည်ဟု ဆိုကြသည် မဟုတ်လား။
ထိုအာရုံစိုက်ထားသော မျက်ဝန်းများ၊ အနည်းငယ် စေ့ထားသော နှုတ်ခမ်းများနှင့် အပြစ်ကင်းစင်သော ဘေးတိုက်မျက်နှာထားကို ကြည့်လိုက်ပါဦး... ဘာပြောစရာ လိုဦးမှာလဲ။ ဘယ်သူမှ တောင့်ခံနိုင်မည် မဟုတ်ပေ။
အထူးသဖြင့် နျဥ်ယွိယွမ်က မီးဖိုချောင်သုံးဓားကို လက်တစ်ဖက်ဖြင့် ကိုင်ပြီး ဟင်းသီးဟင်းရွက်များကို ရွှပ်ခနဲ လှီးဖြတ်လိုက်သည့်အချိန်တွင် သူ၏ပုံစံသည် ခန့်ညားမှုကို ဖော်ပြနေသည်။ သူ၏ ချောမောသော ရုပ်ရည်နှင့် ပေါင်းစပ်လိုက်သောအခါ... အိုက်ယား... သေပါတော့! သူတို့ စိတ်ဝိညာဥ်အစားအစာကို မစားရသေးဘဲ သွားရည်များ ကျလာကြပြီ ဖြစ်သည်။
အမျိုးသမီးပရိသတ်များသည် နျဥ်ယွိယွမ်ကို တပ်မက်မောစွာဖြင့် စိုက်ကြည့်နေကြပြီး သူတို့၏ မျက်လုံးများမှာ အထူးတလည် အရောင်တောက်နေကြလေသည်။
ဆယ်မိနစ် ကြာပြီးနောက်။
နျဥ်ယွိယွမ် ကိုယ်တိုင်ချက်ပြုတ်သော ဟင်းပွဲများ အောင်မြင်စွာ ပြီးစီးသွားခဲ့သည်။ အရသာကို ခဏထား၊ အဆင်းနှင့် အနံ့မှာမူ သေချာပေါက် အမှတ် ၉၀ အထိ ရှိပေသည်။
လူတိုင်း မြည်းစမ်းကြည့်လိုက်ကြသည်။ အို... အရသာက တကယ် ကောင်းမွန်လှသည်။
မော့ချူး၏ လက်ရာလောက် ရင်သပ်ရှုမောဖွယ် မကောင်းသော်လည်း ပရိသတ်အများစုကမူ ဤအဆင့်သည်ပင် အလွန်ကောင်းမွန်နေပြီဟု ပြောဆိုကြသည်။
ဤအကြိမ်တွင် ပရိသတ်ကြီးမှာ အလွန်ပင် ကျေနပ်အားရသွားကြသည်။
ကြည့်ပါဦး... လက်မှတ်တစ်စောင်တည်းနှင့် စိတ်ဝိညာဥ်အစားအစာနှစ်မျိုး စားရသည့်အပြင် နျဥ်ယွိယွမ်နှင့် မော့ချူးတို့ ထပ်မံ၍ ချစ်ပြကြသည်ကိုလည်း မြင်တွေ့ရသည်။ သောက်ကျိုးနည်း... ဒါက တကယ့်ကို တန်လွန်းအားကြီးသည်!
တွေးကြည့်လိုက်ရုံနှင့်ပင် ခံစားချက် ကောင်းသွားစေသည်။
ထို့ကြောင့် စိတ်လှုပ်ရှားနေသော လူငယ်များသည် ကြယ်ကွန်ယက်ပေါ်တွင် တစ်ယောက်ပြီးတစ်ယောက် မှတ်ချက်များ ဝင်ရေးကြတော့သည်။ ခေါင်းစဉ်များမှာ အထူးဆွဲဆောင်မှု ရှိနေလေသည်။
"မော့ချူးနဲ့ သူမရဲ့လက်တွဲဖော် ပြန်ပေါ်လာပြီး လူလွတ်တွေကို သွယ်ဝိုက်နှိပ်စက်နေပြန်ပြီ"
"တစ်ယောက်ယောက်ရဲ့ နှလုံးသားကို ဖမ်းစားချင်ရင် အရင်ဆုံး သူ့ဗိုက်ကို ဖမ်းစားရမယ်"
သာမန်လူများ၏ ဉာဏ်ပညာကို လျှော့မတွက်သင့်ပေ။ သူတို့တင်လိုက်သော လူကြိုက်များသည့် ပို့စ်များနှင့် မှတ်ချက်များကပင် ‘အစားအသောက်ရှိုး’ ကို ရေပန်းစားသော ခေါင်းစဉ်တစ်ခု ဖြစ်လာစေခဲ့သည်။ အရေးကြီးဆုံးမှာ သူတို့သည် ကြော်ငြာအတွက် ချင် အင်တာတိန်းမိန့်အား ငွေတစ်ပြားတစ်ချပ်မှ ကုန်ကျခံစေခြင်း မရှိပေ။
ဤသတင်းထွက်ပေါ်လာသောအခါ ပြိုင်ဘက်များကို သွေးအန်မတတ် ဖြစ်သွားစေခဲ့သည်။
တဖန် မော့ချူးသည် ရေပန်းစားသော ခေါင်းစဉ်တစ်ခု ဖြစ်လာသည့် ဒဏ္ဍာရီကို အတည်ပြုလိုက်နိုင်ပြန်သည်။
ယခုအချိန်တွင် ရေပန်းစားသော ခေါင်းစဉ်စာရင်းဝင်ရန် လေးလေးနက်နက် ကတိပြုထားကြသော နာမည်ကျော်အချို့မှာလည်း လုံးဝ ရှုံးနိမ့်သွားကြသည်။ သူတို့မှာ ဝမ်းနည်းမဆုံး ဖြစ်နေကြရသည်။ 'အမ်... ဒါက ဘယ်လိုလှည့်ကွက်မျိုးလဲ။ ဖက်ဒရယ်ဒင်္ဂါး တစ်သိန်းပေးပြီး Troll တပ်ဖွဲ့ ငှားမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ အခုကျ ဘယ်လိုလုပ် အလဟဿ ဖြစ်သွားရတာလဲ။'
ဖျော်ဖြေရေးလောကမှ စီနီယာများမှာမူ နားလည်သဘောပေါက်သော မျက်နှာထားများ ရှိနေကြသည်။ 'ဟဲဟဲ... သူတို့က မော့ချူးရဲ့ စွမ်းအားနဲ့ ယဉ်ပါးနေကြပြီ မဟုတ်လား။' ဤမိန်းကလေးသည် အသံထွက်လာတိုင်း လူတိုင်းကို အံ့အားသင့်စေတတ်သည်။