← Chapters

အခန်း (၅၇၃)

Vol. 39 Ch. 573

အခန်း (၅၇၃)

Vol. 39 Ch. 573

မော့ချူးသည် မော့ယန်ကို ကြိုရန်အတွက် နျဥ်ယွိယွမ်ကို ခေါ်သွားရန် မစောင့်နိုင်တော့ပေ။

သေချာပေါက် ဤကဲ့သို့ မလုပ်မီ သူမသည် လိမ္မာပါးနပ်စွာဖြင့် မိတ်ကပ်လိမ်းပြီး ဦးထုပ်ဝိုင်းကြီးတစ်လုံး ဆောင်းလိုက်သည်။ ဤနည်းဖြင့် သူမနှင့် မရင်းနှီးသူများက သူမအား မော့ချူး ဖြစ်ကြောင်း သေချာပေါက် မှတ်မိနိုင်မည် မဟုတ်ပေ။

မော့ယန်သည် စစ်တပ်အတွင်း ဤအဆင့်သို့ ရောက်ရှိလာခြင်းမှာ သူကိုယ်တိုင်၏ အရည်အချင်းကြောင့်သာ ဖြစ်ပြီး မော့ချူး သို့မဟုတ် နျဥ်ယွိယွမ်တို့၏ အဆက်အသွယ်များကြောင့် မဟုတ်ကြောင်း သိထားရန် လိုအပ်သည်။ သူသည် လူများအား အနည်းငယ်မျှပင် အထင်မှားခွင့် မပေးနိုင်ပေ။

နယ်မြေ ၃၊ တပ်ရင်း။

"ရပြီ.. ရှင် ဒီမှာပဲ စောင့်နေ။ ကျွန်မ ဝင်သွားပြီး သူ့ကို ကြိုလိုက်မယ်"

မောင်းနှင်သူ နေရာတွင် ထိုင်နေသော နျဥ်ယွိယွမ်ကို မော့ချူးက ပြောလိုက်သည်။ သူမသည် သူမ၏ ကာကွယ်စောင့်ရှောက်သူကို ထားရစ်ခဲ့ပြီး မော့ယန်ထံသို့ ပျော်ရွှင်စွာ ပြေးသွားခဲ့သည်။

မော့ယန်သည် သူ၏ ပစ္စည်းများကို သိမ်းဆည်းပြီး တံခါးအပြင်ဘက်တွင် ရပ်နေပြီ ဖြစ်သည်။ သူ၏ ထံသို့ လျှောက်လာနေသော မော့ချူးကို မြင်သောအခါ သူ၏ အကြည့်များ ဝင်းပသွားပြီး သူမထံသို့ ခြေလှမ်းကျဲကြီးများဖြင့် ပြေးသွားခဲ့သည်။

"အစ်ကို!" ယခင်က ဖန်သားပြင်ပေါ်တွင်မူ မော့ချူးမှာ သေချာကြည့်ရန် အချိန်မရှိခဲ့ပေ။ ယခု သေချာကြည့်လိုက်သောအခါ မော့ယန် ၏ မျက်နှာတွင် အမာရွတ် အနည်းငယ် ရှိနေသည်။ ထိုအမာရွတ်များထဲမှ တစ်ခုမှာ သူ၏ မျက်လုံးထောင့်နားသို့ ရောက်ရှိနေသည်။ အကယ်၍ ထိုဒဏ်ရာသာ ပိုပြီးနက်သွားခဲ့လျှင် သူ၏ မျက်လုံးကို ထိခိုက်သွားနိုင်ပေသည်။

မော့ချူး၏ အံ့သြဝမ်းသာနေသော စိတ်အခြေအနေမှာ ချက်ချင်း စိတ်မကောင်းဖြစ်မှုများနှင့် ရောနှောသွားခဲ့သည်။

"စိတ်မပူပါနဲ့၊ ဒါတွေက သာမန် ဒဏ်ရာလေးတွေပါ" သူ့ညီမ၏ မျက်နှာအမူအရာကို မြင်သောအခါ မော့ယန်က ပြုံးပြီး သူ၏ မျက်နှာပေါ်ရှိ အနာဖေးများကို ထိလိုက်သည်။ သူက သူမကို နှစ်သိမ့်လိုက်သည်။ "ဘာမှ မဖြစ်ပါဘူး"

မော့ချူးက သူမ၏ နှုတ်ခမ်းကို ဖိလိုက်ပြီး ရုတ်တရက် ခလုတ်ခုံအတွင်းရှိ အနာကျက်ဆေးဆီကို ရှာဖွေရန် ခေါင်းငုံ့လိုက်သည်။

"ညီမလေးဆီမှာ အမာရွတ်ပျောက်တဲ့ ဆေးဆီရှိတယ်။ အစ်ကို သုံးဖို့ အဆင်ပြေလောက်တယ်"

မဟူရာတိမ်တိုက် ဂလက်ဆီတွင် မော့ချူး ဖျားနာခဲ့သည့် အချိန်မှစ၍ နျဥ်ယွိယွမ်သည် ကျုံးဝမ်ကို အဖွဲ့ခေါင်းဆောင်အဖြစ် ခန့်အပ်ကာ ဆေးဘက်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့ကို ငှားရမ်းရန် ငွေအမြောက်အမြား အသုံးပြုခဲ့သည်။ သူတို့သည် မော့ချူး၏ ခန္ဓာကိုယ်နှင့် သင့်လျော်သော အမျိုးမျိုးသော ဆေးဝါးများကို သုတေသနပြု ထုတ်လုပ်ရန်အတွက် အထူးပြု လုပ်ဆောင်ကြသည်။

"ရှာဖို့ မလောပါနဲ့ဦး။ အရင် ပြန်ကြတာပေါ့" မော့ယန်က သူ၏ ညီမကို ပြန်ဆွဲခေါ်ရန် လက်လှမ်းလိုက်သည်။

ခေတ္တမျှအတွင်းမှာပင် မော့ချူးကို မက်မောသော မျက်လုံးများဖြင့် ကြည့်နေသူ အများအပြား ရှိနေပြီ ဖြစ်သည်။

အဖွဲ့ချုပ်တွင် အမျိုးသမီး ဦးရေမှာ နည်းပါးလှပြီး စစ်တပ်အတွင်းရှိ အမျိုးသမီး ဦးရေမှာမူ သနားစရာကောင်းလောက်အောင် နည်းပါးသည်။ ယခုအခါ ဤကဲ့သို့ နုနယ်ပြီး ချစ်စဖွယ်ကောင်းသော မိန်းကလေးတစ်ဦးကို မြင်တွေ့လိုက်ရသောအခါ မည်သူက ပို၍ မကြည့်ဘဲ နေနိုင်ပါမည်နည်း။

"ကောင်းပါတယ်..." မော့ချူး စကားမဆုံးမီ အခြား အမျိုးသားအသံတစ်ခုက ကြားဖြတ်ပြောလိုက်သည်။

"မော့ယန်၊ ဒါက မင်းရဲ့... ရည်းစားလား"

မော့ချူး ခေါင်းလှည့်ကြည့်လိုက်သောအခါ ရိုင်းစိုင်းပြီး ထိန်းမနိုင်သိမ်းမရသော အမျိုးသားတစ်ဦးက သူတို့နှစ်ဦးကို လှောင်ပြုံးဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ ကိုယ်ပေါ်ရှိ သပ်ရပ်သော စစ်ဝတ်စုံက သူ့အား လွတ်လပ်ပေါ့ပါးသော အသွင်အပြင်ကို ပေးစွမ်းနေသည်။

"ဒါက..." မော့ချူးက မသိစိတ်ဖြင့် ခေါင်းလှည့်ကာ မေးလိုက်သည်။

မော့ယန်က မသိစိတ်ဖြင့် သူ၏ ညီမကို သူ၏ နောက်ကွယ်တွင် ကာကွယ်လိုက်သည်။

"ဒီကောင်အကြောင်းကို မစဉ်းစားနဲ့။ သွားကြစို့"

"ဟဲ!" ကျုံးရှန့်က ရယ်မောလိုက်သော်လည်း သူ၏ အကြည့်များမှာ မော့ယန်၏ မျက်လုံးများပေါ်တွင် စွဲမြဲနေသည်။ "စိတ်မပူပါနဲ့၊ ငါက မင်းရဲ့ ရည်းစားကို စိတ်မဝင်စားပါဘူး"

"ဒါပေမဲ့ ငါ ဒါမျိုး မမျှော်လင့်ထားဘူး" ကျုံးရှန့်၏ မျက်လုံးများက မော့ချူး၏ ကိုယ်ပေါ်သို့ ဝေ့ဝဲသွားသည်။ "မင်းက တကယ်ပဲ ဒီလို ပုံစံကို ကြိုက်တာကိုး"

"အဲ့ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ" မော့ယန်က ထပ်ရှင်းမပြတော့ပေ။ ဤသူမှာ အစွမ်းထက်သော်လည်း စစ်တပ်အတွင်း သူ၏ နာမည်ဂုဏ်သတင်းမှာ မကောင်းပေ။ အထူးသဖြင့် အမျိုးသား၊ အမျိုးသမီး ကိစ္စများနှင့် ပတ်သက်လာလျှင် သူ၏ နာမည်မှာ နာမည်ပျက်ဖြင့် ကျော်ကြားသည်။ မော့ယန်သည် သူ၏ အဖိုးတန် ညီမလေးကို သူနှင့် ဆက်ဆံခွင့် မည်သို့ ပေးနိုင်ပါမည်နည်း။

"ဘာလဲ။ မင်းက သူ့ကို အဲဒီလောက်တောင် တန်ဖိုးထားတာလား" ကျုံးရှန့်၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးတက်သွားသည်။ ထိုကဲ့သို့သော အပြုံးကြောင့် သူ၏ ချောမောသော မျက်နှာမှာ သာ၍ပင် ဝင့်ကြွားလာခဲ့သည်။

မော့ယန်က သူ့ကို လျစ်လျူရှုလိုက်သည်။ သူက လှည့်ထွက်လာပြီး မော့ချူး၏ လက်ကို ကိုင်ကာ နျဥ်ယွိယွမ်၏ ယာဉ်ဆီသို့ လျှောက်သွားခဲ့သည်။

ကျုံးရှန့်က သူတို့နောက်သို့ မလိုက်ခဲ့ပေ။ သူ၏ အကြည့်များက သူတို့နောက်သို့ လိုက်ပါသွားသည်။

မော့ချူး ခေါင်းလှည့်ကြည့်လိုက်သောအခါ မော့ယန်၏ တောက်လောင်နေသော အကြည့်များနှင့် တိုက်ဆိုင်သွားသည်။ သူမ အံ့သြသွားရသည်။ ဒီလူက... ဖြစ်နိုင်ပါ့မလား...

"လတ်တလော အလုပ်တွေ ရှုပ်နေလား"

မော့ယန်၏ မေးခွန်းက မော့ချူး စိတ်ထဲရှိ ဝေဝါးနေသော အတွေးများကို ပြတ်တောက်သွားစေခဲ့သည်။

သူမက လှည့်ကြည့်ပြီး သူမအစ်ကို၏ လက်မောင်းကို ကိုင်လိုက်သည်။ သူ့မျက်နှာပေါ်မှ ပင်ပန်းနွမ်းနယ်နေသည့်ပုံစံကို ကြည့်ပြီး မော့ချူးမှာ စိတ်မကောင်းမဖြစ်ဘဲ မနေနိုင်တော့ချေ။

"စိတ်မပူပါနဲ့၊ ဘာမှမဖြစ်ပါဘူး၊ အစ်ကိုသာ လတ်တလော ပိန်သွားလိုက်တာ၊ အိမ်ရောက်ရင် ညီမလေး အားပြန်ရှိအောင် လုပ်ပေးမယ်နော်"

"ကောင်းပြီလေ" မော့ယန်က သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သူ့မျက်နှာပေါ်ရှိ အပြုံးများမှာ ရပ်တန့်မသွားပေ။ ပိန်လှီသော ခန္ဓာကိုယ်ကြောင့် ညှိုးနွမ်းနေပုံရသည့် သူ့မျက်နှာမှာ ရုတ်တရက် ပိုနူးညံ့သိမ်မွေ့လာပြီး ဆွဲဆောင်မှု ရှိလာသည်။

အနည်းဆုံးတော့ သူမနောက်ကျောဘက်မှ စူးစူးရဲရဲကြည့်နေသည့် အကြည့်တစ်ခုကို မော့ချူး ခံစားလိုက်ရသည်။

"မင်း ပြန်ရောက်လာပြီပဲ" နျဥ်ယွိယွမ်က ယာဉ်မောင်းခုံတွင်ထိုင်ကာ ပြုံးပြီး ပြောလိုက်သည်။ သို့သော် သူ့လေသံထဲတွင် ဖော်ပြမရနိုင်သော အလိုမကျသည့် သဝန်တိုစိတ်များ ပါဝင်နေသည်။

မော့ယန် စစ်တပ်သို့ သွားရောက်တာဝန်ထမ်းဆောင်ခြင်းက သူ့ကို မော့ချူးနှင့်အတူ အချိန်ပိုကုန်ဆုံးခွင့် ရစေခဲ့သည်။ သို့သော် မော့ယန် ပြန်လာရမည့်အချိန် ရောက်သောအခါ ချူးလေး ပြောသမျှ အကြောင်းအရာတိုင်းက သူမအစ်ကိုအကြောင်းသာ ဖြစ်နေတော့သည်။ နျဥ်ယွိယွမ်မှာ ထိုအကြောင်းများကို ကြားရသောအခါ အံကြိတ်ထားမိပြီး ရင်ထဲတွင် နာကျင်ခံစားလိုက်ရသည်။

သို့သော် သူ့စိတ်ထဲတွင် မည်မျှပင် မပျော်ရွှင်ဖြစ်နေပါစေ သူ့ကို ပြုံးပြီး ကြိုဆိုနေရဆဲပင်။ သို့မဟုတ်ပါက နောက်တစ်နေ့တွင် ချူးလေးက သူ့ကို ကောင်းကောင်းကြီး ဒုက္ခပေးလိမ့်မည်။

ဆယ်နှစ်ကြာ အတူတူလက်တွဲလာပြီးနောက် သူတို့နှစ်ဦးကြားမှ ဆက်ဆံရေးမှာ အချိန်ကြာလာသည်နှင့်အမျှ မှေးမှိန်မသွားခဲ့ချေ။ ဆန့်ကျင်ဘက်အားဖြင့် ပိုခိုင်မြဲသထက် ခိုင်မြဲလာခဲ့သည်။

တစ်ခါတစ်ရံတွင် နျဥ်ယွိယွမ် ကိုယ်တိုင်ပင် ဒါက ထူးဆန်းသည်ဟု ခံစားမိသည်။ အခြားမိန်းကလေးများက သူ့ကိုတွေ့လျှင် စိတ်ကောက်ဖို့ မပြောနှင့်၊ ပုံမှန်စကားပြောဆိုရာတွင်ပင် တစ်ခါတစ်ရံ ကြောက်ရွံ့တုန်လှုပ်နေတတ်ကြသည်။

မော့ချူးနှင့် မတူသည်မှာ ဆယ်နှစ်တာကာလအတွင်း သူမကို ‘အစာကျွေး’ လာရာတွင် သူမ၏ မူလပင်ကိုယ်စရိုက်ကို အပြည့်အဝ ထုတ်ဖော်လာခဲ့သည်။ တစ်ခါတစ်ရံတွင် သူမက ဒေါသတကြီး စိုက်ကြည့်ကာ စိတ်ကောက်တတ်သေးသည်။

အကယ်၍သာ အခြားမိန်းကလေးတစ်ယောက်ဆိုလျှင် နျဥ်ယွိယွမ်က သေချာပေါက် လျစ်လျူရှုလိုက်မည် ဖြစ်သည်။ သို့သော် ချူးလေး ဖြစ်နေသည်ဟု တွေးလိုက်မိသောအခါ သူဒေါသထွက်ဖို့ စိတ်မကူးမိတော့ချေ။ သူပျော်ရွှင်နေပြီး ဒါကို ပုံမှန် စနောက်ကျီစယ်ခြင်းဟုသာ သဘောထားလိုက်သည်။

"ကိုယ်တို့ အိမ်ပြန်ကြမှာလား" နျဥ်ယွိယွမ်က ယာဉ်ကိုမောင်းနှင်လိုက်ပြီး လမ်းကြောင်းသတ်မှတ်ရန် ပြင်ဆင်ရင်း မေးလိုက်သည်။

"ဟုတ်တယ်၊ အိမ်ကို တန်းပြန်မယ်” မော့ချူးက ပြုံးပြီးခေါင်းညိတ်လိုက်ကာ အလွန်စိတ်လှုပ်ရှားနေပုံရသည်။ “မိုးကျရွှေကိုယ် စုန့်၊ ချင်ယွဲ့နဲ့ တခြားလူတွေကို မက်ဆေ့ချ်ပို့လိုက်ဦးမယ်၊ ဒီအခွင့်အရေးကိုယူပြီး လူစုံတုန်း ဆုံလိုက်ကြတာပေါ့"

သူမက ယနေ့အတွက် အဓိကဟင်းလျာကိုပင် စဉ်းစားထားပြီးဖြစ်သည်။

ဤကဲ့သို့ ပျော်ရွှင်စရာကောင်းသောနေ့မျိုးတွင် သူမက ဟော့ပေါ့ သေချာပေါက် စားမည်ဖြစ်သည်။ လတ်ဆတ်ပြီး နူးညံ့သော အမယ်များနှင့် စပ်ဖျင်းဖျင်း အရသာကို တွေးမိသည်နှင့် မော့ချူးမှာ တံတွေးမမျိုချဘဲ မနေနိုင်တော့ချေ။

ထို့ကြောင့် အိမ်ပြန်ရောက်သည်နှင့် သူမက ချက်ချင်း ပြင်ဆင်လိုက်သည်။

သူမက ဟော့ပေါ့အတွက် လိုအပ်သည်များကို ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ ထိုအရာများကို အပိုင်းငယ်လေးများ ခွဲခြားကာ ခလုတ်ခုံထဲသို့ ထည့်ထားလိုက်သည်။

သူမ စားချင်သည့်အခါ အတုံးတစ်တုံးကို ထုတ်ယူပြီး ဆီပူပူဖြင့် မွှေကြော်လိုက်ရုံသာ။ ထို့နောက်တွင် အရည်အသွေးမြင့် ဟင်းရည်အချို့ကို ထည့်လိုက်သည်။ ခေတ္တမျှ ချက်ပြုတ်ပြီးနောက် ဟော့ပေါ့အတွက် အရိုးရှင်းဆုံး အနှစ်များ ရရှိလာမည်ဖြစ်သည်။

အမဲသား၊ ဆိတ်သား၊ ဘဲအူနှင့် အစာအိမ် အစရှိသော အခြားအမယ်များစွာလည်း ရှိသေးသည်... အနည်းငယ် မွမ်းမံပြင်ဆင်ပြီးနောက် စားစရာများကို စားပွဲပေါ်သို့ တိုက်ရိုက် တည်ခင်းနိုင်သည်။ အသီးအရွက် ဟင်းပွဲများအနေနှင့်မူ ဒီအသားကြိုက်သူများ၏ အကြိုက်မဟုတ်ကြပေ။ သို့သော် မော့ချူး ရှိနေသေးသည်လေ။ ပဲပင်ပေါက်၊ ဟင်းသီးဟင်းရွက်၊ မှို... အားလုံးကို တစ်ချိန်တည်းမှာပင် တည်ခင်းလိုက်သည်။

ဟော့ပေါ့အိုး စတင်ပွက်ပွက်ဆူလာသောအခါ မွှေးကြိုင်ပြီး စပ်သောအရသာက အခန်းတစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားခဲ့သည်။

သူတို့ထဲမှ လူအနည်းငယ်သာ ယခင်က ဟော့ပေါ့စားဖူးကြသဖြင့် စားသောက်ပုံအဆင့်ဆင့်ကို ကောင်းစွာ နားလည်ထားကြသည်။ ပါဝင်ပစ္စည်းများက ယခင်ကလောက် မစုံလင်သည်သာ ရှိသည်။

သူတို့အားလုံးက တစ်ဦးနှင့်တစ်ဦး ရင်းနှီးပြီးသားဖြစ်သဖြင့် အားနာနေစရာ မလိုတော့ပေ။ တူများကို ကောက်ကိုင်လိုက်ပြီး စတင်စားသောက်ကြတော့သည်။

အိုက်ယိုး ... အရမ်းကို အရသာရှိလွန်းလှသည်။

အထူးသဖြင့် မော့ချူး ပါးပါးလှီးထားသော အသားလွှာများဖြစ်သည်။ ဟင်းရည်ပူပူထဲသို့ အနည်းငယ် ထည့်လိုက်သောအခါ အသားအရောင်က ခဏချင်းအတွင်း ပြောင်းလဲသွားသည်။ အနီရောင် ငရုတ်ဆီအလွှာဖြင့် ဖုံးလွှမ်းသွားပြီး ပါးစပ်ထဲသို့ ထည့်လိုက်သောအခါ စပ်ဖြင်းဖြင်းနှင့် လတ်ဆတ်နေတော့သည်။

နာရီဝက်ပင် မပြည့်ခင်မှာပင် စားပွဲပေါ်ရှိ အသားများမှာ လုံးဝ ကုန်စင်သွားသည်။

သေချာပေါက် မော့ချူး၏ ပန်းကန်လုံးထဲတွင် အသားပုံတစ်ပုံ ကျန်နေသေးသည်။ အားလုံးကို နျဥ်ယွိယွမ်နှင့် မော့ယန်တို့က ထည့်ပေးထားခြင်းဖြစ်သည်။ သူမကိုယ်တိုင် ထည့်စရာပင် မလိုလိုက်ပေ။

ထို့ကြောင့် ဇကာပေါက်ဇွန်းဖြင့် အိုးထဲတွင် သေချာစွာ မွှေနှောက်ရှာဖွေပြီးနောက် ချင်ယွဲ့မှာ အသားစတစ်ခုမျှ မတွေ့ရတော့ချေ။ သူက မော့ချူး၏ ပန်းကန်ထဲမှ အသားများကို တပ်မက်သော မျက်နှာဖြင့် စိုက်ကြည့်နေသည်။

ဒီလူက သိပ်မပြောင်းလဲသေးပေ။ အပြင်ပန်းတွင် သန်မာသည်ဟု ထင်ရသော်လည်း သူ့အရိုးထဲမှ ရယ်စရာကောင်းသော စိတ်နေစိတ်ထားကို ဖုံးကွယ်ထား၍ မရပေ။ သေချာသည်မှာ အရသာရှိသော အစားအစာများနှင့် တွေ့သောအခါ အစားပုပ်သည့် သဘာဝက ပေါ်လာတော့သည်။

"ကဲပါ၊ ကျွန်မ အသားထပ်လှီးပေးပါမယ်" မော့ချူးက မတ်တတ်ရပ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။

ချင်ယွဲ့၏ စွမ်းအားကို သူမ တကယ်မလွန်ဆန်နိုင်ပေ။ သူမက ဘော့စ်ဖြစ်သည်မှာ ထင်ရှားသော်လည်း သူ့မျက်လုံးထဲမှ သနားစဖွယ် အကြည့်များက... နှိုင်းယှဉ်ကြည့်လိုက်လျှင် တကယ်ကို အနည်းငယ် ချစ်ဖို့ကောင်းနေသည်။

“အိုက်ယိုး..” ထိုစကားကို ကြားသောအခါ ချင်ယွဲ့က ချက်ချင်း ရယ်မောလိုက်သည်။ “ဒါဆို ချူးလေးကိုပဲ ဒုက္ခပေးရတော့မယ်"

သူ့ဘေးတွင် ဝိုင်းဝိုင်းနှင့် ပျံလွှားမြေခွေးလေးတို့ကလည်း စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်နေကြသည်။ သူတို့ အစာစားသည့် အမြန်နှုန်းမှာ ချင်ယွဲ့နှင့် အခြားသူများအောက် မလျော့နည်းပေ။ ပြင်ဆင်ထားသည့် အသားတစ်ဇလုံလုံးမှာ ပါးပါးလှီးထားသော အသားလွှာအနည်းငယ်သာ ကျန်တော့သည်။

"ကိုယ်လည်း မင်းနဲ့အတူ လိုက်ခဲ့မယ်" နျဥ်ယွိယွမ်က တူကိုချပြီး မီးဖိုချောင်သို့ မော့ချူး နောက်မှ လိုက်သွားရင်း ပြောလိုက်သည်။

ဘာပဲပြောပြော လှီးရမှာက စားပွဲကြီးတစ်ခုလုံးစားပင်။ ချူးလေး တစ်ယောက်တည်းဆိုလျှင် နာရီဝက်လောက် လှီးနေရဦးမှာ မဟုတ်ပါလား။

“ဟူး...” ချင်ယွဲ့ က သူတို့နှစ်ဦး လက်ချင်းချိတ်ပြီး လျှောက်သွားသည်ကို နောက်မှကြည့်ရင်း သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ “ကြည့်ကြပါဦး၊ ဒီနှစ်ယောက် သူတို့အချစ်ကို ကြွားလုံးထုတ်ပြန်ပြီ"

တကယ့်ကို လူတွေ မျက်စိစပါးမွှေးစူးစေတာပဲ။ ထို့နောက် သူက ‘ငါ့လို တက်ကြွတဲ့ လူငယ်လေးကို ဘာလို့ ဘယ်သူမှ မကြိုက်ကြတာပါလိမ့်’ ဟု တွေးလိုက်မိသည်။

All Chapters