အခန်း (၅၇၇)
Vol. 39 Ch. 577
အရွယ်ရောက်ခြင်း အထိမ်းအမှတ် အခမ်းအနား ဗဟိုဌာန။
မော့ယန်သည် သူတို့ကို ထားရစ်ခဲ့သော်လည်း နျဥ်ယွိယွမ်နှင့် ကျန်ရှိသူများသည် ပင်မအဖွဲ့ထံသို့ လျင်မြန်စွာ မှီလာခဲ့ကြသည်။ ကွာခြားချက်မှာ ငါးမိနစ်ခန့်သာ ရှိ၏။
သို့သော် ဤငါးမိနစ်လေးကြောင့်ပင် နျဥ်ယွိယွမ် တစ်ယောက် အရွယ်ရောက်ခြင်း အခမ်းအနား၏ ‘အဖော်’ ဖြစ်ခွင့် အရည်အချင်းနှင့် လွဲချော်သွားခဲ့ရသည်။
‘အဖော်’ ဆိုသည်မှာ အမည်နှင့်အညီ မော့ချူး အရွယ်ရောက်ခြင်း အခမ်းအနား ပြီးဆုံးသည်အထိ အနားမှ အတူလိုက်ပါပေးရသူ ဖြစ်သည်။ ယေဘုယျအားဖြင့် မိန်းကလေးတစ်ယောက်၏ ဘဝတွင် အရေးအကြီးဆုံးသော ပုဂ္ဂိုလ်ကသာ ဤတာဝန်ကို ယူလေ့ရှိသည်။
နျဥ်ယွိယွမ်မှာ မော့ချူး၏ အုပ်ထိန်းသူဖြစ်ပြီး မော့ယန် မှာ ချူးလေး၏ အစ်ကိုဖြစ်သည်။ သူတို့နှစ်ဦးလုံးမှာ ဤအရည်အချင်းနှင့် ပြည့်စုံသူများ ဖြစ်ကြသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
သို့သော် မော့ယန်က မိနစ်အနည်းငယ် စော၍ လျှောက်ထားခဲ့ခြင်းနှင့် မော့ချူးကလည်း သဘောတူညီခဲ့ခြင်းတို့ကြောင့် ဤအခွင့်အရေးမှာ သူ၏လက်ထဲသို့ သဘာဝအတိုင်း ရောက်ရှိသွားခဲ့သည်။
ခြေလှမ်းတစ်လှမ်း နောက်ကျခဲ့သော နျဥ်ယွိယွမ်မှာမူ အခမ်းအနားတွင် ဧည့်သည်တစ်ယောက်အဖြစ်သာ ပါဝင်ခွင့်ရပြီး ဘေးမှနေ၍ သနားစဖွယ် ကြည့်နေခဲ့ရလေသည်။ မော့ယန်က သူ့ကို အခွင့်အရေးပေးသယောင်နှင့် တမင်တကာ ဖြတ်ပုတ်လိုက်ခြင်း ဖြစ်မည်ဟု သူ ပြင်းပြင်းထန်ထန် သံသယဝင်နေမိသည်။
'ဟွန်း... စစ်တပ်ထဲမှာ နှစ်ပေါင်းများစွာ နေလာတဲ့သူပီပီ ပရိယာယ်တွေလည်း ပိုများလာတာပဲ။'နျဥ်ယွိယွမ် ထိုသို့တွေးရင်း အံကြိတ်နေမိသည်။
ကျုံးဝမ်နှင့် ကျိုးလင်တို့မှာ အခြေအနေမဟန်သည်ကို မြင်သောကြောင့် အနောက်သို့ ခြေလှမ်းအနည်းငယ် ခပ်သွက်သွက် ဆုတ်လိုက်ကြသည်။ ဤအချိန်မျိုးတွင် သူတို့၏ ဘော့စ်ကို သွား၍ ဆွမိပါက အဆုံးသတ် ကောင်းလိမ့်မည်မဟုတ်ပေ။
အကြီးအကဲနျဥ်မှာမူ ထိုကဲ့သို့ စိုးရိမ်ပူပန်မှုမျိုး မရှိချေ။ နျဥ်ယွိယွမ်၏ စိတ်ပျက်နေသော မျက်နှာကို မြင်သောအခါ သူက တဟားဟား ရယ်မောလိုက်သည်။ "ကြည့်စမ်း သူတို့က တကယ့်ကို လူငယ်တွေပီပီသသပဲ၊ ဒါလေးကိုတောင် လုချင်နေကြသေးတယ်"
"ဟုတ်ပါ့!" ဘေးတွင် ထိုင်နေသော အကြီးအကဲချင်၏ မျက်နှာမှာလည်း ပြုံးရွှင်နေသည်။ သူသည် ဤကဲ့သို့ အရွယ်ရောက်ခြင်း အခမ်းအနားမျိုးကို မတက်ရောက်ရသည်မှာ ကြာပြီဖြစ်ရာ ယခုကဲ့သို့ ထိုင်နေရသည်မှာ အလွန်ပင် စိတ်လှုပ်ရှားစရာ ကောင်းနေသည်။
နျဥ်ယွိယွမ်က ခေါင်းကို တိတ်တဆိတ် လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။"ဒါဆို... အဘိုးတို့ နှစ်ယောက်က အရင်တုန်းက 'လုပ်ဖော်ကိုင်ဖက်' တွေ ဖြစ်ခဲ့ဖူးတာပေါ့လေ"
သူ ထိုသို့ ပြောလိုက်သည်နှင့် အကြီးအကဲနျဥ်နှင့် အကြီးအကဲချင်တို့၏ အပြုံးများမှာ ရုတ်ချည်းပင် တောင့်တင်းသွားကြသည်။ သူတို့ မိသားစုနှစ်ခုလုံးတွင် မိန်းကလေးဟူ၍ မရှိရာ ဤကဲ့သို့ အခွင့်အရေးမျိုးက ဘယ်လိုလုပ် ရနိုင်ပါမည်နည်း။
ဒီကောင်စုတ်လေးကတော့!
အကြီးအကဲနျဥ်က နျဥ်ယွိယွမ်ကို မျက်စောင်းထိုး၍ ကြည့်လိုက်မိသည်။ သူက ငယ်ငယ်လေးရှိသေးသော်လည်း လူ့အကြောင်းကို ဖော်ထုတ်တတ်နေပြီ ဖြစ်သည်။ ကြီးလာလေလေ အချစ်မခံရလေလေ ဖြစ်လာတော့မည်။
သူ ခေါင်းပြန်လှည့်ကြည့်လိုက်သောအခါ ထောင့်ချိုးတစ်ခုတွင် လှပကျော့ရှင်းသော မော့ချူးကို မြင်လိုက်ရသဖြင့် စိတ်အခြေအနေမှာ ချက်ချင်း ပြန်ကောင်းသွားခဲ့သည်။
'ဟင်း! သူမက တကယ့်ကို ချစ်စရာကောင်းတဲ့ ကောင်မလေးပါလား! '
အကြီးအကဲနျဥ်၏ အထင်ကြီးလေးစားမှုကို ခံနေရသော မော့ချူးမှာမူ ယခုအချိန်တွင် အနည်းငယ် ရင်ခုန်နေမိသည်။ အရွယ်ရောက်ခြင်း အခမ်းအနား၏ လုပ်ငန်းစဉ်များမှာ မရှုပ်ထွေးလှသလို အင်တာနက်ပေါ်တွင်လည်း ထိုသို့သော ဗီဒီယိုများစွာ ရှိသည်။
သူမသည် မနေ့ညက အိပ်ရာမဝင်မီ ဗီဒီယိုကို သုံးကြိမ်တိုင်တိုင် ကြည့်ခဲ့သည်။ အပိုင်းတစ်ခုချင်းစီကို မေ့သွားမည်စိုး၍ စိတ်ထဲတွင် မှတ်သားထားခဲ့သည်။
မူလက အရာအားလုံး အဆင်သင့်ဖြစ်နေခဲ့သော်လည်း အခမ်းအနားကျင်းပရာ နေရာသို့ ရောက်ရှိလာပြီး တက်ရောက်လာသော ဧည့်သည်အများအပြားကို မြင်လိုက်ရသောအခါ အေးဆေးနေသော သူမ၏ စိတ်မှာ ချက်ချင်းပင် ပြန်လည် တင်းမာသွားခဲ့သည်။ သူမ၏ ရင်ခုန်သံမှာ ယုန်ကလေးတစ်ကောင်ကဲ့သို့ ‘ဒုတ်... ဒုတ်... ဒုတ်...’ နှင့် မနားတမ်း ခုန်ပေါက်နေတော့သည်။
"မကြောက်နဲ့” မော့ယန်က သူ့ညီမလေး ဤကဲ့သို့ အခြေအနေမျိုးတွင် လိုအပ်ချက်ရှိသည်ကို သိသဖြင့် သူမ၏ ပုခုံးကို ပုတ်ကာ ညင်သာစွာ ပြောလိုက်သည်။ “အစ်ကို မင်းအနားမှာ အမြဲရှိနေမှာမို့ ဘာမှမဖြစ်စေရဘူး”
“အွန်း” မော့ချူးက အသက်ကို ခပ်ပြင်းပြင်း ရှူလိုက်ပြီးမှ ခေါင်းညိတ်လိုက်သည်။ “ညီမလေး သိပါတယ်”
ထိုစဉ် ကြည်လင်သော ခေါင်းလောင်းသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ဒေါင် ! ဒေါင် !
"ဒီနေ့ဟာ မိန်းကလေး မော့ချူးရဲ့ အရွယ်ရောက်ခြင်း အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်"
စင်မြင့်ထက်တွင် ရပ်နေသော အခမ်းအနားမှူး၏ အသံမှာ ဖြေးညင်းတည်ငြိမ်သော်လည်း လေးနက်မှု အပြည့်ရှိနေသည်။
အခမ်းအနား ကျင်းပရာနေရာတစ်ခုလုံး ရုတ်ချည်း တိတ်ဆိတ်သွားသည်။
မည်သူမျှ စကားမပြောကြတော့ဘဲ အသက်ရှူသံများပင် တိုးညှင်းသွားကာ လေထုမှာလည်း ရုတ်တရက် လေးနက်သွားခဲ့သည်။
"ယခုအခါ အရွယ်ရောက်ခြင်း အထိမ်းအမှတ် အခမ်းအနားကို တရားဝင် စတင်ပါပြီ"
အခမ်းအနားမှူး ပြောပြီးသည်နှင့် တစ်ပြိုင်နက် အခမ်းအနားခန်းမ ဘေးတစ်ဖက်တစ်ချက်ရှိ မီးများ လင်းထိန်လာရာ နေ့ခင်းဘက်ကဲ့သို့ပင် ဖြစ်သွားသည်။
လူတိုင်း၏ အမြင်အာရုံ၏ ဗဟိုချက်တွင် မော့ချူး သည် မော့ယန်၏ လက်မောင်းကို တွဲကိုင်ထားသည်။ သူမသည် ကော်ဇောနီ၏ ညာဘက်ခြမ်းမှ ခြေလှမ်းတစ်လှမ်းချင်းစီ လှမ်းလာခဲ့သည်။ တိတ်ဆိတ်မှုအတွင်း သူမ၏ ခြေသံများမှာ ထင်ရှားစွာ ထွက်ပေါ်နေသည်။
မော့ချူး ခြေလှမ်းတိုင်းတွင် ကော်ဇောနီပေါ်မှ အစအနလေးများ လွင့်ပျံလာသည်။ ထိုအစအနလေးများ၏ အရောင်မှာ အရောင်ဖျော့ဖျော့မှ မြင့်မြတ်သော အရောင်များအဖြစ် ပြောင်းလဲသွားပြီး ထူးခြားလှပသော မြင်ကွင်းတစ်ခုကို ဖန်တီးပေးသည်။
အမှန်စင်စစ် ဤကော်ဇောနီလမ်းမှာ ကိုယ်ပိုင်အဓိပ္ပာယ် ရှိသည်။ ၎င်းသည် မော့ချူး ငယ်စဉ်ကတည်းက ယနေ့အထိ ကြီးပြင်းလာပုံကို ကိုယ်စားပြုသည်။ အချိန်ကြာလာသည်နှင့်အမျှ ပိုတောက်ပကာ အသက်ဝင်လာမည်ကို ဖော်ညွှန်းခြင်း ဖြစ်သည်။
ကော်ဇောနီပေါ်တွင် လမ်းလျှောက်နေစဉ် မော့ချူး၏ စိတ်အခြေအနေမှာ တဖြည်းဖြည်း ပို၍ တည်ငြိမ်လာခဲ့သည်။ အစောပိုင်းက စိုးရိမ်စိတ်များမှာ တိမ်တိုက်များထဲသို့ လွင့်စင်သွားသကဲ့သို့ပင်။
အခြားတစ်ဖက်တွင်မူ မူလက တည်ငြိမ်သော အမူအရာရှိခဲ့သည့် မော့ယန်မှာ ခြေလက်များ တောင့်တင်းနေတော့သည်။ သူ၏ မျက်နှာမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပြီး လက်နှင့်ခြေ လွဲမှားကာ လမ်းလျှောက်မိတော့မည့် အခြေအနေ ဖြစ်နေသည်။
... ဒါက ဘာကြီးလဲ။
မော့ယန်၏ ထူးဆန်းသော ခြေလှမ်းများကို ကြည့်ရင်း နျဥ်ယွိယွမ် မျက်လုံးအပြူးသား ဖြစ်နေမိသည်။ သူ၏ ရင်ထဲတွင် သွေးစက်လက် ကျနေသကဲ့သို့ ခံစားနေရသည်။
ဤကဲ့သို့ အရေးကြီးသောနေ့နှင့် အရေးကြီးသော တည်နေရာကို မော့ယန်က လုယူသွားခဲ့ခြင်း ဖြစ်သည်။ သူက... တကယ့်ကို ဒီလို အရုပ်ဆိုးတဲ့ ပုံစံမျိုး ပြရလား။ ငါ အစားဝင်လိုက်ရင် ပိုကောင်းဦးမယ်။
နျဥ်ယွိယွမ်၏ စူးစိုက်ကြည့်နေမှုကြောင့်လားမသိ၊ မော့ယန်မှာ တဖြည်းဖြည်းနှင့် ပုံမှန်အခြေအနေသို့ ပြန်ရောက်လာခဲ့သည်။
မိနစ်ဝက်ခန့် ကြာပြီးနောက်...
သူတို့နှစ်ဦးသည် ကော်ဇောနီရှေ့သို့ ယှဉ်တွဲ၍ လျှောက်လာခဲ့ကြသည်။
မော့ယန် အနောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး နေရာတစ်ခုလုံး၏ ဗဟိုချက်ကို ယနေ့၏ တစ်ဦးတည်းသော ဇာတ်လိုက် မော့ချူး အတွက် ဖယ်ပေးလိုက်သည်။
အခမ်းအနားမှူးက ပြုံးလျက် ညင်သာစွာ ခေါ်လိုက်သည်။ "မော့ချူး"
“ဟုတ်” မော့ချူး ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါ အခမ်းအနားမှူး၏ အပြုံးမှာ ပို၍ပင် တောက်ပလာသည်။ ထုံးစံအတိုင်း သူက ဂုဏ်ပြုစကားများကို စတင်ရွတ်ဆိုတော့သည်။ “မော့ချူး၊ မင်းရဲ့ဘဝမှာ အသက် ၃၀ ပြည့်တဲ့နှစ်ကို ရောက်ရှိလာခဲ့ပြီ။ အခု မင်းက အရွယ်ရောက်သူတစ်ယောက် ဖြစ်သွားပြီ။ အနာဂတ်မှာ ကောင်းချီးမင်္ဂလာတွေ ခံစားရပြီး ဘေးကင်းလုံခြုံပါစေလို့ ဆုတောင်းပေးပါတယ်”
တစ်ချိန်တည်းမှာပင် ခေါင်းလောင်းသံသဲ့သဲ့မှာ ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ ထိုအသံမှာ တဖြည်းဖြည်း ကျယ်လောင်လာကာ လူတို့၏ စိတ်ကို တက်ကြွစေသည်။
"နောက်ထပ် လူကြီးမင်းနှစ်ဦးကို ဂုဏ်ပြုဖလား မြှောက်ပေးဖို့ ဖိတ်ခေါ်လိုပါတယ်"
ဤသည်မှာ အရွယ်ရောက်ခြင်း အခမ်းအနား၏ ဒုတိယမြောက် အစီအစဉ် ဖြစ်သည်။
ယုတ္တိကျကျ ဆိုပါက ထိုလူကြီးနှစ်ဦးမှာ မော့ချူး၏ မိဘများ ဖြစ်သင့်သည်။ သို့သော် သူမ၏ မိဘများမှာ စောစီးစွာ ကွယ်လွန်သွားခဲ့ကြသဖြင့် ပြင်းထန်သော ပြိုင်ဆိုင်မှုများအပြီးတွင် ဤနေရာကို ပညာရှင်ချန်းပိုင် နှင့် အကြီးအကဲနျဥ်တို့က ရရှိခဲ့ကြသည်။
ထိုသတင်းကို ကြားသောအခါ သူ အလွန်ပင် ဝမ်းသာသွားခဲ့ရသည်။
သူတို့၏ နျဥ် မိသားစုမှာ ချင်မိသားစုထက်ပင် ပို၍ သနားစရာ ကောင်းနေသေးသည်။ သားသမီးရတနာ နည်းပါးရုံသာမက ယခုအချိန်အထိ ငါးဆက်တိုင်တိုင် မိန်းကလေးတစ်ဦးမျှ မရှိခဲ့သဖြင့် ယခုကဲ့သို့ ဂုဏ်ပြုဖလား မြှောက်ပေးရသော လူကြီးမျိုးလည်း မရှိခဲ့ဖူးပေ။
ထို့ကြောင့် အကြီးအကဲနျဥ်သည် ယနေ့ ဂုဏ်ပြုစကား ပြောကြားရန်အတွက် အဝတ်အစားသစ်များကို အထူးတလည် ပြင်ဆင်လာခဲ့သည်။ သူသည် တက်ကြွပြီး ဂုဏ်သိက္ခာရှိပုံ ပေါက်နေသည်။
သို့သော်လည်း တစ်စုံတစ်ခုသော အကြောင်းကြောင့် စင်ပေါ်သို့ လှမ်းတက်လိုက်သည်နှင့် သူ၏ တက်ကြွမှုများမှာ ချက်ချင်းပင် တစ်ဝက်ခန့် လျော့ကျသွားခဲ့သည်။
ရန်သူအကြီးကြီးနှင့် ရင်ဆိုင်ရလျှင်ပင် အမူအရာ မပျက်တတ်သော အကြီးအကဲနျဥ်မှာ ယခုအခါ ခြေထောက်များ တုန်နေပြီး စကားတစ်လုံးမျှပင် မပြောနိုင်ဘဲ ဖြစ်နေရှာသည်။
"ဟဲဟဲ!" အကြီးအကဲချင်က ထိုအဖြစ်ကို မြင်သော် ရယ်မောလိုက်သည်။
"ဒီအဘိုးကြီးက အရင်က တော်တော်တတ်နိုင်တယ် မဟုတ်လား။ အခုတော့ စကားတောင် ဖြောင့်ဖြောင့်မပြောနိုင်တော့ဘူး။ ရှက်စရာကြီး!"
ခန်းမတစ်ခုလုံးမှာ တိတ်ဆိတ်နေသည်ဖြစ်ရာ အကြီးအကဲချင်က အသံကို နှိမ့်ထားသော်လည်း အကြီးအကဲနျဥ်မှာ ထိုစကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
သူ စိတ်တိုသွားပြီး အကြီးအကဲချင်ကို မျက်စောင်းထိုး ကြည့်လိုက်သည်။
'ဒီအဘိုးကြီးက... ငါ့ကို ရယ်ရဲသေးတယ်ပေါ့?'
'ငါ့ရဲ့ ပြီးပြည့်စုံတဲ့ လုပ်ဆောင်ချက်ကိုသာ ကြည့်နေလိုက်၊ မင်းကို လန့်သေသွားအောင် လုပ်ပြမယ်။'
အကြီးအကဲနျဥ်မှာ စိတ်ကူးထဲတွင် လှပနေသော်လည်း လက်တွေ့တွင်မူ ပါးစပ်မှာ အတော်ကြာ တုန်ယင်နေပြီး စကားတစ်လုံးမှ ထွက်မလာခဲ့ပေ။
သူ၏ အိုမင်းနေသော မျက်နှာမှာ ရှက်ရွံ့မှုများဖြင့် နီမြန်းလာသည်။ 'ဒီလို အရေးကြီးတဲ့ အချိန်ကျမှ ဘာလို့ အသုံးမကျဖြစ်နေရတာလဲ။'
ကံကောင်းထောက်မစွာဖြင့် သူ၏ဘေးမှ ပညာရှင်ချန်းပိုင်က အခြေအနေကို ကယ်တင်ရန် စတင်စကားပြောလိုက်သည်။ သူ၏ နွေးထွေးပြီး အားကောင်းသော အသံမှာ ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။
"ကျွန်တော် ဘဝတစ်လျှောက်လုံး အပင်တွေနဲ့ပဲ အချိန်ကုန်လွန်ခဲ့တာ လူတိုင်းသိကြပါတယ်။ အိမ်ထောင်မပြုခဲ့သလို သားသမီးလည်း မရှိခဲ့ဘူး။ ဒီအတိုင်းပဲ ကျွန်တော့်ဘဝကြီး ကုန်ဆုံးသွားလိမ့်မယ်လို့ မူလက ထင်ထားခဲ့တာပါ"
ပညာရှင်ချန်းပိုင်က ပြောရင်း မော့ချူး ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ အမူအရာမှာ ချက်ချင်းပင် နွေးထွေးသွားခဲ့သည်။ “ဒါပေမဲ့ အခုတော့ အခြေအနေတွေ ပြောင်းလဲသွားပါပြီ။ ချူးလေးကို ကျွန်တော့်ရဲ့ တပည့်အဖြစ် ရရှိခဲ့ပါတယ်”
“သူမက ကျွန်တော့်ဆီကို ဝိညာဉ်အစားအစာတွေနဲ့ ဝိညာဉ်ဝိုင်တွေ ပို့ပေးတတ်တယ်။ ကျွန်တော် ဓာတ်ခွဲခန်းထဲမှာ အကြာကြီးနေရင် ကျန်းမာရေး ထိခိုက်မှာ စိုးရိမ်ပေးတတ်တယ်။ အချိန်ရရင် ကျွန်တော့်ကို အပြင်ကို အတင်းခေါ်ထုတ်သွားတတ်တယ်။ ရာသီဥတု အေးတဲ့အခါမှာလည်း အအေးဒဏ် ခံနိုင်အောင် ဂွမ်းဝတ်စုံတွေ ဝယ်ပေးတတ်တယ်...”
ချန်းပိုင်၏ နှုတ်ခမ်းများပေါ်မှ အပြုံးမှာ ပို၍ ကျယ်ပြန့်လာသော်လည်း မျက်လုံးထောင့်များမှာမူ အရည်လဲ့နေသည်။
"တပည့်သစ်တစ်ယောက် ရလိုက်သလို မဟုတ်ဘဲ ဂရုစိုက်တတ်တဲ့ သမီးလေးတစ်ယောက် ရလိုက်သလို ကျွန်တော် ခံစားမိတယ်"
"ဒီနေ့မှာ ဒီနေရာကနေ ဒီစကားတွေကို ပြောခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ"
ပညာရှင်ချန်းပိုင်က ခဏမျှ ရပ်တန့်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"ချူးလေး၊ မစိုးရိမ်နဲ့။ ဒီနေ့ကစပြီး မင်း ရှေ့ကို ရဲရဲဝံ့ဝံ့ လျှောက်လှမ်းနိုင်တယ်။ တစ်ခုခု ဖြစ်လာရင် မင်းရဲ့ ဆရာဖြစ်တဲ့ ငါက အားလုံးကို ဖြေရှင်းပေးမယ်"
ပညာရှင်ချန်းပိုင်မှာ စကားများသူတစ်ဦး မဟုတ်ပေ။
"ကောင်းတယ်!" ယနေ့တွင် သူသည် သူ့ကိုယ်သူ အပြည့်အဝ ဖော်ပြခဲ့သည်။ တက်ရောက်လာသူ မည်သူမျှ စိတ်မရှည်သလို ခံစားရခြင်း မရှိဘဲ ရင်ထဲတွင် နွေးထွေးမှုများသာ တိုးလာခဲ့ကြသည်။
အခမ်းအနားမှူးက ဦးဆောင်၍ လက်ခုပ်တီးလိုက်သည်။ ထို့နောက် လက်ခုပ်သံများမှာ မိုးထိမတတ် ကျယ်လောင်သွားကာ အခမ်းအနားမှာ ရုတ်ချည်းပင် သက်ဝင်လှုပ်ရှားလာခဲ့သည်။
သံပူတုန်း နှိပ်သည့်အနေဖြင့် အခမ်းအနားမှူးက အကြီးအကဲနျဥ်ကို ကြည့်ကာ အချက်ပြလိုက်သည်။
ပညာရှင်ချန်းပိုင်၏ ကျောထောက်နောက်ခံကြောင့် အကြီးအကဲနျဥ် မှာ စိတ်မလှုပ်ရှားတော့ပေ။
သူသည် စစ်တပ်မှလာသူ ဖြစ်သဖြင့် ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုရန် မတတ်ပေ။ သူက လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။ "ချူးလေး၊ ငါ့မှာလည်း ပညာရှင်ချန်းပိုင်နဲ့ တူညီတဲ့ ဆန္ဒပဲ ရှိတယ်။ အနာဂတ်မှာ မင်းကို တစ်ယောက်ယောက်က ပြဿနာရှာရဲရင် ငါတို့ နျဥ် မိသားစုကို ဆန့်ကျင်တာပဲ! ငါက အဘိုးကြီးသာ ဖြစ်တာ၊ စိတ်က နည်းနည်း တိုတတ်တယ်၊ ဒါကြောင့် လူတိုင်း သေချာ စဉ်းစားကြပါ..."
သူက ပြောရင်း ဘေးနားရှိ အလှဆင်ကျောက်တုံးကို ကောက်ယူကာ လက်ဖြင့် ညှစ်လိုက်ရာ ကျောက်တုံးမှာ အပိုင်းပိုင်း ပြတ်ထွက်သွားတော့သည်။ သူ၏ ခွန်အားက 'ဒေါသကြီးတယ်' ဆိုသည်မှာ ဘာကို ဆိုလိုကြောင်း သက်သေပြလိုက်ခြင်းပင်။
ဤလုပ်ရပ်ကြောင့် တက်ရောက်လာသော ဧည့်သည်များမှာ အံ့အားသင့်ကာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ အဆုံးတွင် အကြီးအကဲချင်က ပြုံးလျက် လက်ခုပ်စတင်တီးမှသာ အခြေအနေမှာ ပြန်လည် တည်ငြိမ်သွားခဲ့သည်။