အခန်း (၅၈၂)
Vol. 39 Ch. 582
"ဟဲ့၊ ဟိုတစ်ယောက်က ချန်ချူးချူး မဟုတ်လား" လူအုပ်ကြီးထဲမှ တစ်စုံတစ်ယောက်က ပြောလိုက်သည်။
"ဟုတ်တယ်နော်၊ သူက ဘာလို့ ဒီရောက်နေတာလဲ? သူက အရွယ်ရောက်ပြီးသား မဟုတ်ဘူးလား? စစ်ဆေးရေးစင်တာကို ဘာလာလုပ်တာလဲ?"
"ဟဲ့ ငါ ဘယ်သူ့အကြောင်း ပြောနေတာလဲ? သူက ဒီရက်ပိုင်း နာမည်ကြီးနေတဲ့ ‘အဖော်အချွတ် မင်းသမီး’ မဟုတ်လား?"
ချန်ချူးချူး ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဘေးနားရှိလူများက သူမကို လျင်မြန်စွာ မှတ်မိသွားကြသည်။ မည်သို့ပင်ဆိုစေကာမူ မကြာသေးမီက ပေါက်ကွဲထွက်လာသော ‘ဝတ်လစ်စားလစ်’ သတင်းကြောင့် သူမ၏ လူသိများမှုနှုန်းမှာ အတော်လေး မြင့်မားနေသည်။
လူတိုင်း သူမကို လျင်မြန်စွာ မှတ်မိကြသည့်အတွက် ချန်ချူးချူး အတော်လေး ဂုဏ်ယူသွားသည်။ သူမ မသိလိုက်ခင်မှာပင် သူမမေးက အနည်းငယ် မော့တက်သွားသည်။
သို့သော်လည်း သရော်လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသော ‘အဖော်အချွတ် မင်းသမီး’ ဟူသည့် စကားလုံးများကို ကြားလိုက်ရသည့်အခါ သူမ၏ မျက်နှာထား ရုတ်တရက် ပြောင်းလဲသွားသည်။ သူမ၏ နုနယ်သော မျက်နှာလေးမှာ ရုတ်ခြည်း အရောင်အဆင်း ကင်းမဲ့သွားပြီး နှုတ်ခမ်းကို တင်းတင်း စေ့ထားလိုက်သည်။
... အဖော်အချွတ် မင်းသမီး?
ဤစကားလုံး နှစ်လုံးမှာ ဖယ်ရှားပစ်ရန် ခက်ခဲသော တံဆိပ်တစ်ခုကဲ့သို့ ဖြစ်နေသည်။
သူမ၏ မန်နေဂျာက အစပိုင်းတွင် သူမကို ဖြူစင်ရိုးသားသော မိန်းကလေးတစ်ယောက်အဖြစ် ပွဲထုတ်ရန် စီစဉ်ထားခဲ့ပြီး သူမသည်လည်း ဤလမ်းကြောင်းတွင် ကောင်းမွန်စွာ လျှောက်လှမ်းနေခဲ့သည်ကို သိထားရမည်။
သူတို့၏ မူလအစီအစဉ်အရ သူမသာ ဤအရှိန်အဟုန်ကို ထိန်းထားနိုင်ပါက နောက်ထပ် သုံးနှစ်မှ ငါးနှစ်အတွင်း ထိပ်တန်းမင်းသမီးတစ်လက် ဖြစ်လာရန် အလားအလာ များစွာရှိသည်။
အရာအားလုံးက အလွန်အံ့သြဖွယ် ကောင်းနေသင့်သော်လည်း... မတော်တဆ ဖြစ်ရပ်အနည်းငယ်ကြောင့် သူမ အပင်ပန်းခံ တည်ဆောက်ထားခဲ့သော နာမည်ကောင်းလေးမှာ လုံးဝ ပျက်စီးသွားခဲ့ရသည်။
အထူးသဖြင့် ပြီးခဲ့သည့် တိုက်ရိုက်ထုတ်လွှင့်ပွဲ နှစ်ခုတွင် အမျိုးသားပရိသတ်များ၏ အကြည့်များသည် သူမကို နှစ်သက်သဘောကျမှုမှ လုံးဝ ရိုင်းစိုင်းသော အကြည့်များအဖြစ်သို့ ပြောင်းလဲသွားသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။
ထိုအကြည့်များက သူမ၏ အဝတ်အစားများကို ဖောက်ထွင်းပြီး ခေါင်းမှ ခြေအထိ သူမ၏ ကိုယ်လုံးတီးကို ကြည့်ချင်နေသကဲ့သို့ပင်။
သူမသာ သည်းခံနိုင်စွမ်း မရှိပါက ထိုနေရာမှာတင် ပေါက်ကွဲသွားလောက်သည်။
ပြီးတော့ ဒီကိစ္စတွေအားလုံးက... မော့ချူးကြောင့် ဖြစ်ရတာ!
ဒီကောင်မလေးသာ မရှိခဲ့ရင် သူမ ဘယ်လိုလုပ် ဒီလိုအဖြစ်မျိုး ရောက်ရမှာလဲ? သူမမှာ တောက်ပတဲ့ အနာဂတ် ရှိနေပြီးသားကို...
ဤအကြောင်းကို တွေးမိလိုက်သည့်အခါ ချန်ချူးချူး၏ မျက်လုံးများတွင် အမုန်းတရားများ ပြည့်နှက်သွားပြီး မော့ချူးကို လှမ်းကြည့်လိုက်သည်။
သူမ၏ သရုပ်ဆောင်ချက်မှာ အပြစ်ပြောစရာမရှိဟု ထင်ခဲ့သော်လည်း ဤအရာအားလုံးကို နျဥ်ယွိယွမ်က စောစီးစွာကပင် ရှင်းလင်းစွာ မြင်တွေ့နေရကြောင်း သူမ မသိခဲ့ပေ။
နျဥ်ယွိယွမ်၏ မျက်လုံးများထဲရှိ မြူခိုးများမှာ ပိုထူထပ်လာပြီး လူများကို ရင်တုန်သွားစေနိုင်လောက်သည့် ဖိအားပါသော လေသံဖြင့် မေးလိုက်သည်။ "မင်းကို ငါနောက်တစ်ခါ ထပ်မေးမယ်၊ စောစောက မင်း ဘာပြောလိုက်တာလဲ?... ပြန်ပြောစမ်း!"
နျဥ်ယွိယွမ်၏ ခြိမ်းခြောက်မှုကို မြင်လိုက်ရသည့်အခါ ချန်ချူးချူး၏ မျက်နှာမှာ ဖြူလျော်သွားပြီး ဒူးထောက်လုနီးပါး ဖြစ်သွားခဲ့သည်။
အစ်မလျိုသာ သူမကို အချိန်မီ မကူညီခဲ့ပါက သူမ သေချာပေါက် ကြမ်းပြင်ပေါ်သို့ လဲကျသွားပေလိမ့်မည်။
ချန်ချူးချူး တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သည်။
"ကျွန်မ..." နျဥ်ယွိယွမ်၏ မျက်လုံးများနှင့် အကြည့်ချင်း ဆုံမိသည့်အခါ ချန်ချူးချူး တစ်ကိုယ်လုံး တုန်ယင်လာသည်။ နျဥ်ယွိယွမ်ကဲ့သို့ ကြီးမားသော အရှိန်အဝါရှိသည့် ပုံရိပ်မျိုးကို သူမ အရင်က ဘယ်တုန်းကများ မြင်ဖူးခဲ့လို့လဲ။ အကြည့်တစ်ချက်နှင့် စကားတစ်ခွန်းတည်းကပင် တစ်ဖက်လူကို ခုခံချင်စိတ် အနည်းငယ်မျှပင် မပြနိုင်အောင် ပြုလုပ်ရန် လုံလောက်နေသည်။
"ကျွန်မ ပြောတာက မိန်းကလေး မော့ချူးရဲ့ မျိုးရိုးဗီဇအဆင့်က နိမ့်လွန်းနေလို့၊ ဒါကြောင့်... ဒါကြောင့်မို့ ရှာမတွေ့တာလို့ ပြောတာပါ..."
စကားပြောလိုက်တော့မှ ချန်ချူးချူး သတိပြန်ဝင်လာသည်။ ထိုအချိန်တွင် သူမ၏ စိတ်ထဲ၌ နောင်တအချို့ ရမိသွားသည်။
ထိုစကားတစ်ခွန်းတည်းကို နျဥ်ယွိယွမ် ကြားသွားလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးမိခဲ့ပေ။ အဆုံးတွင်မူ ဒီစကားကပင် သူမကို ဒီလို အကျပ်အတည်း ဖြစ်စေခဲ့သည်။
"အဲ့ဒါက... ကျွန်မ တောင်းပန်ပါတယ်။” အခြေအနေမှာ သူမထိန်းချုပ်နိုင်တော့သည့် အနေအထား ဖြစ်နေသဖြင့် ချန်ချူးချူး လေကြောင်းအခြေအနေကို လျင်မြန်စွာ နားလည်လိုက်သည်။ သူမက ကိုယ်ကိုလှည့်ကာ တောင်းပန်သည့် မျက်နှာထားဖြင့် မော့ချူးကို ကြည့်ပြီး ပြောလိုက်သည်။ “ ကျွန်မ ရှင့်ရဲ့ အခြေအနေကို ဒီလိုပဲ ပေါ့ပေါ့ဆဆ မခန့်မှန်းခဲ့သင့်ပါဘူး။ တောင်းပန်ပါတယ်နော်"
သို့သော်လည်း သူမ၏ စိတ်ထဲတွင် နာကြည်းမှုကို မခံစားဘဲ မနေနိုင်ပေ။ မျိုးရိုးဗီဇအဆင့် နိမ့်တာ နင့်အပြစ်နဲ့နင်ပဲလေ! G rank တောင် မရှိတဲ့ မိန်းမတစ်ယောက်။ မော့ချူး အနေနဲ့ အရင်လို အဆင်ပြေပြေ နေနိုင်ဦးမလားဆိုတာ သူမ ကြည့်ချင်သေးသည်။
မော့ချူး ဘာမှ မပြောခဲ့ပေ။
သူမ၏ လက်ရှိအခြေအနေမှာ ထူးခြားနေကြောင်း သူမ ရှင်းရှင်းလင်းလင်း သိထားသည်။
ချန်ချူးချူး၏ စကားများက လူတိုင်းကို ရှင်းလင်းသော လမ်းကြောင်းတစ်ခု ပေးလိုက်သကဲ့သို့ ဖြစ်နေပြီး သူမကို အဆိုးရွားဆုံး အခြေအနေဆီသို့ တွန်းပို့နေခြင်းပင်! မရည်ရွယ်ဘဲ ပြောမိခြင်းဆိုလျှင် ကိစ္စမရှိသော်လည်း သူမ၏ လက်ရှိပုံစံကို ကြည့်ရသည်မှာ ကြိုတင်ပြင်ဆင်ပြီး လာသည်မှာ ထင်ရှားသည်။
G မျိုးရိုးဗီဇအဆင့်တောင် မရှိသော အမျိုးသမီးတစ်ယောက်က မည်သို့သော ဆက်ဆံမှုမျိုး ခံရမည်နည်း? ချင်ယွဲ့၏ ယခင်က ပြောစကားများအပေါ် အခြေခံပြီး မော့ချူး အနည်းငယ် ခန့်မှန်းမိနေပြီ ဖြစ်သည်။
ယခုတွင် ချန်ချူးချူးက ရိုးရှင်းသော တောင်းပန်စကား တစ်ခွန်းဖြင့် အရာအားလုံးကို ဖယ်ရှားပစ်ရန် စဉ်းစားနေသည်လား? ဒါက လွယ်လွန်းနေသည်။
မော့ချူး၏ တိတ်ဆိတ်နေမှုက ချန်ချူးချူးကို ပို၍ စိတ်အနှောင့်အယှက် ဖြစ်စေသည်။ ဘေးနားရှိ လူများက သူမကို အကဲခတ်ကာ တီးတိုးပြောဆိုနေကြသည်နှင့် ပေါင်းလိုက်သောအခါ သူမ၏ စိတ်ထဲတွင် ဖုံးကွယ်ထားသော ဒေါသများမှာ ချက်ချင်း ပေါက်ကွဲထွက်လာတော့သည်။
"မော့ချူး၊ ဒီကိစ္စအတွက် ငါ တောင်းပန်ပြီးပြီလေ။ နင် ဒီလောက်ကြီးထိ ခက်ထန်နေစရာ မလိုပါဘူး။” ချန်းချူချူးသည် အနုပညာလောကတွင် အချိန်အတိုင်းအတာတစ်ခုထိ ကျင်လည်ခဲ့သူပီပီ မျက်ရည်များမှာ ကျလာစေချင်သည်နှင့် ချက်ချင်း ကျလာတတ်သည်။ သူမသည် သစ်တော်ပန်းပွင့်လေး မိုးမိသကဲ့သို့ သနားစရာကောင်းသော ပုံစံဖြင့် ငိုကြွေးလျက် ပြောလိုက်သည်။ “ပြီးတော့ နင်သာ မရှိခဲ့ရင် ငါ့ရဲ့ အရင်က ဖြစ်ခဲ့တဲ့ မတော်တဆမှုတွေလည်း ဖြစ်လာမှာ မဟုတ်ဘူး..."
သူမ ပြောချင်သော နောက်ဆုံးစကား မဆုံးခင်မှာပင် လူတိုင်း၏ မျက်နှာထားများ ပြောင်းလဲသွားသည်။
ဘာတွေဖြစ်ကုန်တာလဲ?
ချန်ချူးချူးက စကားနိုင်လုချင်လို့ သူမရဲ့ မတော်တဆမှုတွေအကြောင်း ပြောနေတာ မဟုတ်ဘဲ၊ သူမက ချောက်ချခံခဲ့ရတယ်လို့ ပြောချင်တာလား?
... ဒါမှမဟုတ် မော့ချူးကြောင့်များလား?
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?” အစောပိုင်း ထိတ်လန့်သွားပြီးနောက် တစ်စုံတစ်ယောက်က လျင်မြန်စွာ တုံ့ပြန်လိုက်သည်။ “အနုပညာလောကမှာ ချူးလေးရဲ့ အဆင့်အတန်းက ဘာလဲ? မင်းရဲ့ အဆင့်အတန်းကရော ဘာလဲ? မင်းကို လာပြီး ဒုက္ခပေးရလောက်အောင် တန်လို့လား?"
"ဟုတ်ပါ့!"
"အဲ့ဒါ ထုံးစံအတိုင်း စိတ်ဖောက်ပြန်နေတဲ့ပုံ!"
"ဆေးသောက်ဖို့ အိမ်မြန်မြန်ပြန်လိုက်တော့!"
ချန်ချူးချူးသည် သူမ၏ စကားများက ဤကဲ့သို့သော ရလဒ်မျိုး ဖြစ်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူမ သွေးအန်လုနီးပါး ဖြစ်သွားသည်။
"ငါပြောတာသာ လိမ်နေတာဆိုရင်” ဒေါသအလျောက် ချန်ချူးချူးက သူမ၏ ညာလက်ကို မြှောက်ကာ ကျိန်ဆိုလိုက်သည်။ “ငါ့ရုပ်ပျက်ဆင်းပျက် ဖြစ်ပါစေ!"
အဖွဲ့ချုပ်သည် ၂၁ ရာစုထက် ကျိန်ဆိုမှုများကို ပိုတန်ဖိုးထားသည်။ ထို့အပြင် ချန်ချူးချူးက အလွန်ရှင်းလင်းပြတ်သားစွာ ပြောဆိုလိုက်သဖြင့်... လိမ်ပြောနေပုံ မရပေ။
ထို့အပြင် မော့ချူးသည် တစ်ချိန်လုံး ဘေးတွင် တိတ်တဆိတ် ရပ်နေခဲ့သည်။ လူတိုင်း၏ စိတ်နေသဘောထားမှာ တဖြည်းဖြည်း ပြောင်းလဲလာပြီး သူတို့ထဲမှ အများစုမှာ မော့ချူးကို အကဲခတ်သည့်ပုံစံဖြင့် ကြည့်လိုက်ကြသည်။
"မင်းပြောနေတဲ့ အဲ့ဒီကိစ္စကလေ...” ဤအချိန်တွင် နျဥ်ယွိယွမ် ရုတ်တရက် ခြေလှမ်းအနည်းငယ် ရှေ့တိုးလာသည်။ သူ၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ရက်စက်သော အကြည့်များ ပေါ်လာကာ ပြောလိုက်သည်။ “ငါ လူလွှတ်ပြီး လုပ်ခိုင်းလိုက်တာ!"
ဘာ?!
နျဥ်ယွိယွမ် ဤစကားကို ပြောလိုက်သည်နှင့် အမြဲတမ်း တည်ငြိမ်နေသော မော့ချူး၏ မျက်နှာထားမှာ နောက်ဆုံးတွင် ပြောင်းလဲသွားသည်။
ဖျော်ဖြေရေး သတင်းခေါင်းကြီးပိုင်းများကို ဖတ်ရှုသည့်အခါ ချန်ချူးချူး ကိုယ်လုံးတီး ဖြစ်သွားသည့် သတင်းကို ရံဖန်ရံခါ တွေ့လိုက်ရသော်လည်း သူမ နှလုံးသွင်းမထားခဲ့ပေ။ ဤကိစ္စမှာ နျဥ်ယွိယွမ်၏ လက်ချက်ဖြစ်ကြောင်း သူမ လုံးဝ မတွေးမိခဲ့ပေ။
လွန်ခဲ့သော လဝက်ကျော်က အစီအစဉ်တစ်ခုတွင် ပါဝင်စဉ် သူမ ကိုယ်လုံးတီးဖြစ်လုနီးပါး ကြုံတွေ့ခဲ့ရသော မြင်ကွင်းကို ပြန်စဉ်းစားမိသည့်အခါ မော့ချူး၏ စိတ်ထဲတွင် နားလည်သဘောပေါက်မှုတစ်ခု ဖြစ်ပေါ်လာပြီး ရင်ထဲ၌ နွေးထွေးမှု အရိပ်အယောင်လေး ဖြတ်သန်းသွားသည်။
... နျဥ်ယွိယွမ်က သူမအတွက် လုပ်ပေးခဲ့တာပဲ!
အခြားသူများ ဤစကားကို ကြားသောအခါ သူတို့လည်း မှင်သက်သွားကြသည်။
ဖာ့ခ်! ဗိုလ်မှူးကြီးနျဥ်က ဘယ်တုန်းက ချန်ချူးချူးနဲ့ ပတ်သက်သွားတာလဲ? ပြီးတော့ သူက ဒီလို ရက်စက်တဲ့ ကိစ္စမျိုးကိုတောင် လုပ်ခဲ့တယ်ပေါ့?
ပိုအရေးကြီးတာက ဒီလိုအပြုအမူမျိုးက ရာဇဝတ်မှုတစ်ခုအနေနဲ့ သတ်မှတ်ဖို့ လုံလောက်နေပြီ။ ဗိုလ်မှူးကြီးနျဥ် အနေနဲ့ ဒါကို အသံကျယ်ကျယ်နဲ့ ထုတ်ပြောလိုက်တာ တကယ်ပဲ ကောင်းပါ့မလား?
“ပြီးတော့” နျဥ်ယွိယွမ်က နှုတ်ခမ်းထောင့်ကို ကွေးလိုက်ပြီး ဗုံးတစ်လုံးကို ထပ်မံ ပစ်ချလိုက်ပြန်သည်။ "အဲ့ဒီတုန်းက ချူးလေး ကိုယ်လုံးတွေ ပေါ်မလိုဖြစ်ခဲ့ရတာကရော၊ မင်းရဲ့ လက်ရာမဟုတ်ဘူးလား"
ထိုစကားကို ကြားသောအခါ ရှိနေသူများ ထပ်၍ အာမေဋိတ် ပြုလိုက်ကြသည်။
သေစမ်း! ဘာကြီး?
အဲ့ဒီတုန်းက ချူးလေး ကိုယ်လုံးတီး ဖြစ်လုနီးပါး ဖြစ်ခဲ့ရတဲ့ ကိစ္စကလေ? ချန်ချူးချူးနဲ့ ပတ်သက်နေတာလား?
သောက်ကျိုးနည်း!
...
ယခုအချိန်တွင် လူတိုင်းမှာ ဆက်တိုက် ဖြစ်ပေါ်နေသော အလှည့်အပြောင်းများကြောင့် လုံးဝ ကြောင်အသွားကြသည်။
"မဟုတ်ဘူး၊ အဲ့လို မဟုတ်ပါဘူး... “ ချန်ချူးချူး ရှုံ့မဲ့သွားပြီး အကြာကြီး ရှင်းပြနေသော်လည်း အဆုံးတွင် ဘာမှပြောမထွက်တော့ဘဲ နျဥ်ယွိယွမ်ကို ကြည့်ကာ ပြောလိုက်သည်။ “ရှင်၊ ရှင် ဘယ်လိုလုပ်ပြီး..."
နျဥ်ယွိယွမ်က ဤကိစ္စကို လူသိရှင်ကြား ဖွင့်ချလိမ့်မည်ဟု ချန်ချူးချူး ထင်မထားခဲ့ပေ။ သူက သူ့ဂုဏ်သိက္ခာ ကျဆင်းသွားမှာကို မကြောက်ဘူးလား?
"ငါက ဘာလို့ မပြောရဲရမှာလဲ?”
နျဥ်ယွိယွမ်က မထီမဲ့မြင် ပြုလိုက်ပြီး ပြတ်ပြတ်သားသား ပြောလိုက်သည်။ “ဘာမရဲစရာရှိလဲ? ဟုတ်တယ်၊ မင်းရဲ့ အဝတ်အစားတွေကို ငါ လူလွှတ်ပြီး ပြင်ခိုင်းလိုက်တာ။ မင်းက ဘာလုပ်ချင်လို့လဲ?"
သေစမ်း!
ဘေးနားရှိ လူများမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
ဗိုလ်မှူးကြီးနျဥ်က တကယ့်ကို မောက်မာတဲ့ အမျိုးသားတစ်ယောက်ပဲ။ သူတို့ အရင်က မျက်ကန်းဖြစ်နေခဲ့ကြတာလား? သူတို့ ဘာလို့ ဒါကို မမြင်ခဲ့မိပါလိမ့်?
"ဒါပေမဲ့ နျဥ်ယွိယွမ်က နည်းနည်း လွန်မနေဘူးလား..." အချို့လူများက မနေနိုင်စွာ မျက်မှောင်ကြုတ်ကာ တွေးလိုက်ကြသည်။ နျဥ်ယွိယွမ်က ရက်စက်လွန်းသည်ဟု သူတို့ ထင်ကြသည်။
ချန်ချူးချူးကြောင့် ချူးလေး ကိုယ်လုံးတီး ဖြစ်လုနီးပါး ဖြစ်ခဲ့ရသော်လည်း ချူးလေးမှာ အမှန်တကယ် ထိခိုက်မှု မရှိခဲ့ပေ။ သို့သော် ချန်ချူးချူး မှာမူ...
"ဘာဖြစ်လဲ? ငါကတော့ သဘောကျတယ်!"
"ဟုတ်တယ်၊ ဗိုလ်မှူးကြီးနျဥ်က တကယ့် ယောကျ်ားကောင်းပဲ!"
"သူက နည်းနည်း မောက်မာပေမယ့်... သောက်ကျိုးနည်း! ဗိုလ်မှူးကြီးနျဥ်က အရမ်းမောက်မာတာပဲ! ငါ ကြိုက်တယ်!"
လူအများအပြားက နျဥ်ယွိယွမ်ကို အားပေးလိုက်ကြသည်။ ရိုးရိုးသားသား ပြောရလျှင် သူက တကယ်ကို ချောလွန်းသည်။
စဉ်းစားကြည့်ပါ...
...မည်သူမဆို မော့ချူးကို ထိခိုက်အောင် လုပ်ပါက နျဥ်ယွိယွမ်သည် ဆယ်ဆ၊ အဆတစ်ရာ ပြန်လည် လက်စားချေလိမ့်မည်!
သောက်ကျိုးနည်း!
... သူမ ချစ်သူကောင်လေးရဲ့ အစွမ်းအစက အတိုင်းအတာ ကျော်လွန်နေပြီ!
ထိုနေရာရှိ အမျိုးသမီး အများစု၏ မျက်လုံးများမှာ မတောက်ပဘဲ မနေနိုင်တော့ပေ။
အခြားတစ်ဖက်တွင်မူ ချန်ချူးချူးသည် ကြမ်းပြင်ပေါ်တွင် လုံးဝ ခွေခွေလေး ဖြစ်နေပြီး တစ်ကိုယ်လုံး အားအင်ကုန်ခမ်းနေသည်။
နျဥ်ယွိယွမ် ဤစကားကို ပြောလိုက်သည်နှင့် သူမ၏ အနာဂတ် အနုပညာလမ်းကြောင်း ပျက်စီးသွားပြီဆိုတာကို သူမ ရှင်းရှင်းလင်းလင်း သိလိုက်သည်။
နျဥ် မိသားစုကို စော်ကားသော အနုပညာရှင်တစ်ယောက်ကို မည်သူကမှ ပျိုးထောင်ပေးချင်လိမ့်မည် မဟုတ်ပေ။ ဒါက လုံးဝ မတန်ပါဘူး! အနုပညာလောကမှ မျက်နှာသစ်များသည် ကြက်သွန်မြိတ်များကဲ့သို့ပင် တစ်ယောက်ပြီးတစ်ယောက် ထွက်ပေါ်လာနေသည်။ အလားအလာရှိသူများစွာ ရှိနေသည်။ ဘယ်သူ့ကို ပျိုးထောင်ပေးလို့ မရဘဲ နေမလဲ?
ချန်ချူးချူးအတွက်နဲ့ နျဥ် မိသားစုကို ဘာကိစ္စ စော်ကားရမှာလဲ?