အခန်း (၅၈၃)
Vol. 39 Ch. 583
ဤအချိန်တွင် နျဥ်ယွိယွမ်၏ နောက်မှ ကျုံးဝမ်က ရုတ်တရက် ပြောလိုက်သည်။
"ဗိုလ်မှူးကြီးနျဥ် စောစောက ပြောခဲ့တဲ့ စကားအရဆိုရင် ဖက်ဒရယ်ဒင်္ဂါး ငွေပြား ၂၀,၀၀၀ ကနေ ၅၀,၀၀၀ အထိ ဒဏ်ရိုက်ခံရနိုင်ပြီး ရက် ၃၀ ကနေ ၁၅၀ အထိ ထိန်းသိမ်းခံရနိုင်ပါတယ်"
နျဥ်ယွိယွမ်သည် ချန်ချူးချူးအား အမှန်တကယ် ထိခိုက်မှု မဖြစ်စေခဲ့သော်လည်း သူမ၏ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့သဖြင့် ပြစ်ဒဏ်မှာ မပေါ့လှပေ။
သို့သော် ပိုက်ဆံဆိုသည်မှာ... နျဥ်ယွိယွမ် အတွက် လုံးဝ ပြဿနာ မဟုတ်ပေ။
ထိန်းသိမ်းခံရခြင်း အတွက်ကရော? ... အကြီးအကဲ နျဥ်သည် စိတ်လိုက်မာန်ပါဖြင့် လူတစ်ယောက်ကို ဒဏ်ရာရစေခဲ့မှုကြောင့် နှစ်ဝက်ခန့် ထိန်းသိမ်းခံခဲ့ရဖူးသည်။ ဒါက ဘာများ ပြောစရာ ရှိလို့လဲ?
"ဒါပေမဲ့ ဒီအမှုက တရားဝင် တရားစွဲဆိုပြီးမှ ဖြစ်မှာပါ" ကျုံးဝမ်က ပြုံးလျက် ဖြည့်စွက်ပြောလိုက်သည်။
ချန်ချူးချူးက တရားဝင် တရားစွဲမှသာ အမှုကို ပြန်လည်သုံးသပ်ရန် တင်ပြနိုင်မည်ဖြစ်သည်။
သို့သော် အဓိကမေးခွန်းမှာ ချန်ချူးချူးက နျဥ်ယွိယွမ် ကို တရားစွဲရဲပါ့မလား?
ဒါမှမဟုတ် ချန်မိသားစုက သမီးတစ်ယောက်အတွက်နဲ့ နျဥ် မိသားစုရဲ့ ဂုဏ်သိက္ခာကို စော်ကားခံပါ့မလား?
အဖြေမှာ ရှင်းလင်းပါသည်။ မလုပ်ပေ!
ဘယ်မိသားစုကမှ အဲ့ဒီလို လုပ်ချင်မှာ မဟုတ်ပါဘူး။
ဆိုလိုသည်မှာ ချန်ချူးချူးသည် မမျိုချချင်လျှင်တောင်မှ ဤအရှုံးကို တိတ်တဆိတ် မျိုချရတော့မည် ဖြစ်သည်။
နျဥ်ယွိယွမ်က ချန်ချူးချူးကို အေးစက်စွာ ကြည့်လိုက်သည်။ သူ မငြင်းခဲ့ပေ။ ယခုအချိန်တွင် သူသည် အခြားသူများကို သတိပေးသည့်အနေဖြင့် ပြုလုပ်လိုက်ခြင်းဖြစ်သည်။ ချန်ချူးချူးက သူနှင့် လာတိုးမိခြင်းသာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ချူးလေး၏ မျိုးရိုးဗီဇအဆင့်မှာ အလွန်ထူးခြားနေသည်။ ဤအချိန်တွင် သူမနှင့်ပတ်သက်ပြီး အကြီးမားဆုံးသော မလိုမုန်းထားမှုများဖြင့် ခန့်မှန်းပြောဆိုမည့်သူများ ရှောင်လွှဲ၍မရဘဲ ရှိနေလိမ့်မည်။
နျဥ်ယွိယွမ်၏ လက်ရှိ လုပ်ဆောင်ချက်မှာ ဤလူများ၏ အတွေးများကို ချိုးဖျက်ပစ်လိုက်ခြင်းပင် ဖြစ်သည်! သူသည် ချူးလေးအတွက် မမြင်ရသော ဒိုင်းတစ်ခုကို ဖန်တီးပေးချင်ပြီး သူ့ရင်ခွင်အောက်တွင် သူမကို ကာကွယ်ပေးထားချင်သည်။
မော့ချူး၏ မျိုးရိုးဗီဇအဆင့်ကို မခွဲခြားနိုင်လျှင်ပင် သူမသည် သူ၏လက်ထဲမှ ရတနာတစ်ပါးဖြစ်ကြောင်း ဤအခွင့်အရေးကို အသုံးချပြီး လူတိုင်းကို ပြောပြချင်သည်။ သူမကို တခြားသူတွေ ထိခိုက်အောင်လုပ်ဖို့ လုံးဝ ခွင့်မပြုနိုင်ဘူး!
သူ၏ ပွင့်လင်းပြီး ပြင်းထန်သော လုပ်ရပ်က ထိုလူများကို သတိထားသွားစေရန် လုံလောက်သည်။ သူတို့ မော့ချူး အပေါ် ဘာအတွေးမှ မတွေးရဲကြတော့ပေ။
...
ယနေ့ ဤနေရာသို့ ရောက်ရှိလာနိုင်ရန် နျဥ်ယွိယွမ်သည် အလောင်းကောင်များစွာကို နင်းဖြတ်ခဲ့ရသည်။ သွေးများစွာကို ဖြတ်သန်းခဲ့ရသည်။ သူ၏ နှလုံးသားသည် အခြားသူများ ထင်ထားသည်ထက် ပိုခိုင်မာသည်။
သူ့နှလုံးသား၏ အနူးညံ့ဆုံး အစိတ်အပိုင်းမှာ မော့ချူး ပင် ဖြစ်သည်!
ဘယ်သူမှ သူမကို ထိခိုက်အောင် မလုပ်နိုင်ဘူး!
...
တစ်ချိန်တည်းမှာပင် မော့ချူး၏ ‘မျိုးရိုးဗီဇအဆင့် ရှာမတွေ့ခြင်း’ သတင်းသည် တောမီးကဲ့သို့ ပျံ့နှံ့သွားပြီး အဖွဲ့ချုပ်တွင် ချက်ချင်း ကြီးမားသော လှုပ်ခတ်မှုကို ဖြစ်စေခဲ့သည်။
အင်တာနက်ပေါ်တွင် မှတ်ချက်များမှာ တစ်ခုထက်တစ်ခု ပိုပြင်းထန်လာကြသည်။
"... ဘာ? ချူးလေးရဲ့ မျိုးရိုးဗီဇအဆင့်ကို မသတ်မှတ်နိုင်ဘူးဆိုတာ မဖြစ်နိုင်တာ! ငါ မယုံဘူး!"
"ငါ့ရဲ့ ကံကောင်းခြင်း ကြယ်ပွင့်လေးက အရမ်းထူးချွန်တာလေ၊ G rank ထက် ဘယ်လိုလုပ် နိမ့်နိုင်မှာလဲ? တစ်ခုခု မှားနေလို့ ဖြစ်ရမယ်!"
ချက်ချင်းပင် ပူးပေါင်းကြံစည်မှု သီအိုရီများက ပင်မရေစီးကြောင်းကို လွှမ်းမိုးသွားပြီး အင်တာနက် အသုံးပြုသူများ၏ စိတ်ကူးယဉ်မှုများသည် "တခြား ဂလက်ဆီတွေက လူလွှတ်ပြီး ပြဿနာရှာတာများလား?" ဟူသော ခေါင်းစဉ်အထိပင် ပျံ့နှံ့သွားခဲ့သည်။
"ရိုးရိုးသားသား ပြောရရင် ငါလည်း မယုံချင်ပါဘူး၊ ဒါပေမဲ့ တောက်! ငါ အဲ့ဒီနေရာမှာ ရှိနေခဲ့တာလေ။ စစ်ဆေးရေးစက် သုံးလုံးစလုံးရဲ့ ရလဒ်တွေက အတူတူပဲ... ပြီးတော့ နောက်ဆုံးအကြိမ်မှာ ဗိုလ်မှူးကြီးနျဥ်နဲ့ မော့ယန်တို့ အတူတူ ဝင်သွားကြတာ"
"ဒါဆို ဒီစစ်ဆေးမှု ရလဒ်မှာ ပြဿနာ မရှိလောက်ဘူးပေါ့"
"ဝူး... ငါ ငိုချင်လာပြီ၊ ငါ့ကို လာမတားနဲ့!"
မျိုးရိုးမြင့် မိသားစုကြီးများ ဤသတင်းကို ရရှိသောအခါ သူတို့တွင် ကောင်းမွန်သော ပြဇာတ်တစ်ခုကို ကြည့်ချင်သည့် မျက်နှာထားများ ရှိနေကြသည်။
နျဥ်ယွိယွမ်က မော့ချူးကို လက်တွဲဖော်အဖြစ် ရှာတွေ့ခဲ့သည့်အတွက် သူတို့ အတော်လေး မနာလို ဖြစ်ခဲ့ကြသည်ကို သိထားရမည်။
မည်သို့ပင်ဆိုစေ စိတ်ဝိညာဥ်အစားအစာ ထုတ်လုပ်မှုကို တိုးချဲ့ခြင်းသည် ငွေကြေးပမာဏ အများအပြားကို ရရှိစေရုံသာမက ပို၍ အရေးကြီးသည်မှာ မမြင်နိုင်သော အချိတ်အဆက်များကိုပါ ရရှိစေမည် ဖြစ်သည်။
သို့သော် ယခုတွင်... မော့ချူးသည် မျိုးရိုးဗီဇအဆင့်ကိုပင် မသတ်မှတ်နိုင်သော အမျိုးသမီးတစ်ယောက် ဖြစ်နေသည်။ နျဥ် မိသားစုက သူမ၏ အဆင့်အတန်းကို အသိအမှတ်ပြုပါဦးမလား?
အို့၊ ဒီတစ်ခါတော့ တော်တော်လေး စည်ကားတော့မည့်ပုံပင်...!
.....
နျဥ် မိသားစု၏ ဧည့်ခန်းမထဲတွင် ဖြစ်သည်။
“ဒီကောင်စုတ်လေး!”
အကြီးအကဲနျဥ် မှာ ဒေါသထွက်လွန်းသဖြင့် အသက်ရှူပင်မဝ ဖြစ်နေရသည်။ အလှဆင်ရန် သက်သက်သာထားရှိသော တုတ်ကောက်ကိုလည်း နျဥ်ယွိယွမ် ရှိရာဘက်သို့ တွန်းပို့လိုက်၏။
“မင်း သတ္တိရှိလှချည်လား။ လူတွေအများကြီးရှေ့မှာတောင် မင်းက သူတို့ကို လက်ပါလိုက်တယ်လို့ ပြောရဲသေးတယ်ပေါ့။ ငါတို့ နျဥ် မိသားစုက လူတွေအာရုံစိုက်ခံရလောက်အောင် မကြီးကျယ်သေးဘူးလို့ မင်း ဆိုလိုချင်တာလား”
လက်ကောက်ဝတ်လောက်တုတ်သော တုတ်ကောက်သည် နျဥ်ယွိယွမ်၏ ခန္ဓာကိုယ်ပေါ်သို့ အကြိမ်ကြိမ် ကျရောက်သွားပြီး မပီသသော အသံများ ဆက်တိုက်ထွက်ပေါ်လာသည်။
နျဥ်ယွိယွမ်မှာ တစ်ခွန်းမျှ ပြန်မပြောပေ။ တုတ်ဖြင့် အရိုက်ခံရပြီးနောက် သူသည် ကျောကို မတ်မတ်ထားလိုက်သည်။
“တစ်ခုခု ပြောစမ်း” နျဥ်ယွိယွမ်၏ နှုတ်ဆိတ်နေမှုက လူကြီးမင်းကို ပို၍ပင် ဒေါသထွက်စေသည်။ အစည်းအဝေးအတွင်းမှ ထိုအဘိုးကြီးများ၏ လှောင်ပြောင်သရော်သော မျက်နှာထားများကို သူ မတွေးဘဲ မနေနိုင်အောင် ဖြစ်ရသော်လည်း သူတို့ကို ပြန်လည် မချေပနိုင်ခဲ့ပေ...
ထိုအကြောင်းကို တွေးမိလိုက်သည်နှင့် အဘိုးအို၏ အားအင်များ ပိုတိုးပွားလာတော့သည်။
သူသည် အသက်ကြီးရင့်နေပြီဖြစ်သော်လည်း လူရိုက်ရန် အားအင်အလုံအလောက် ရှိနေသေးသည်။
တုတ်ချက်တစ်ချက်ပြီးတစ်ချက် လေတိုးသံများပင် မြည်ဟီးနေတော့သည်။
“အဖေ... ဘာလုပ်နေတာလဲ” နျဥ်ကျန်းဟိုင် သတင်းရရချင်းတွင် ဤကိစ္စ မဟန်မှန်းသိလိုက်သဖြင့် အိမ်သို့ ချက်ချင်း အပြေးပြန်လာခဲ့သည်။ သို့သော် သူသည် အဘိုးအိုထက် ခြေတစ်လှမ်း နောက်ကျနေခဲ့သည်။
“ငါ ဘာလုပ်နေတာလဲ ဟုတ်လား?” အဘိုးအိုသည် အသက်ရှူမဝ ဖြစ်နေပြီး နျဥ်ယွိယွမ်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ “မင်းသား ဘာလုပ်ခဲ့လဲဆိုတာ သူ့ကို မေးကြည့်လိုက်လေ”
ယခုအချိန်တွင် ထိုသတင်းမှာ အပြင်ဘက်၌ ပျံ့နှံ့နေပြီဖြစ်သည်။
'ဗိုလ်မှူးကြီး နျဥ်က အခြားသူများကို အနိုင်ကျင့်သည်' 'နျဥ်ယွိယွမ်က ကိုယ်ကျင့်တရားနှင့် ဥပဒေများကို လစ်လျူရှုပြီး ဥပဒေကို သိလျက်နှင့် ချိုးဖောက်သည်' နှင့် 'နျဥ် မိသားစု၏ ယဥ်ကျေးမှု ဘယ်ရောက်သွားလဲ' စသည့် ပို့စ်များသည် အဓိက ဝဘ်ဆိုဒ်များအားလုံးတွင် နေရာအနှံ့နီးပါး ရောက်ရှိနေပြီ ဖြစ်သည်...
သူတို့၏ ပြိုင်ဘက်များထံမှ မြှောက်ပင့်ပေးမှုများလည်း မနည်းမနော ရှိနေသည်။ အကယ်၍ နျဥ်ယွိယွမ် သာ ကိုယ်တိုင် ထိုသို့မလုပ်ဆောင်ခဲ့ပါက အခြားသူများ နျဥ် မိသားစုကို တိုက်ခိုက်ရန် အခွင့်အရေး ရှိလာလိမ့်မည် မဟုတ်ပေ။
“အဖေ... ယွိယွမ်က အဲဒီလိုလူမျိုး မဟုတ်မှန်း အဖေ သိရဲ့သားနဲ့ ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ?” နျဥ်ကျန်းဟိုင်သည် အလျင်အမြန် ရှေ့တိုးလာပြီး သူ့ဖခင်လက်ထဲမှ တုတ်ကောက်ကို တားဆီးကာ ပြောလိုက်သည်။ “ပြီးတော့ အဖေတုန်းကလည်း လူတစ်ယောက်ကို ရိုက်နှက်ပြီး ဆေးကုသဆောင်မှာ နှစ်ဝက်ကျော်လောက် ကြာတဲ့ထိ နေရအောင် လုပ်ခဲ့တယ် မဟုတ်ဘူးလား”
ဤနည်းအားဖြင့်ဆိုလျှင် နျဥ်ယွိယွမ် လုပ်နေသည်မှာ ဘာများဖြစ်နေသနည်း?
“ဘယ်လိုလုပ် အတူတူဖြစ်နိုင်မှာလဲ?” သူလုပ်ခဲ့ဖူးသော သွေးဆူဖွယ်ရာ ကိစ္စများကို ကြားလိုက်ရသောအခါ အဘိုးအိုသည် မနေတတ်မထိုင်တတ် ဖြစ်သွားရသည်။ သို့သော် သူသည် မျက်နှာပိုးသတ်ကာ ဟန်ဆောင်ပြီး နှာခေါင်းရှုံ့လိုက်သည်။
“အဲဒီတုန်းက အဲဒီကောင်စုတ်လေးက အရိုက်ခံရဖို့ ကောင်းတာကိုး။ သူက စစ်တပ်နဲ့ပတ်သက်ပြီး လက်ပါဖို့ စိတ်ကူးရဲတယ်ပေါ့လေ။ ဟွန်း... ငါ သူ့ကို သတ်မသတ်သာ ကြည့်နေလိုက်။ မင်းကို ပြောလိုက်မယ်၊ အခုအချိန်ထိ ငါက ဒီအတိုင်းပဲ...”
အဘိုးအိုသည် စကားပြောလေ စိတ်လှုပ်ရှားလေ ဖြစ်လာသည်။ တိုင်းပြည်အတွက် လမ်းညွှန်ပြသပေးသည့် ယခင်ပုံစံမျိုးသို့ ပြန်ရောက်လုနီးပါး ဖြစ်နေချိန်တွင် သူ၏ မျက်လုံးထောင့်မှ မြေကြီးပေါ်တွင် ဒူးထောက်နေဆဲဖြစ်သော နျဥ်ယွိယွမ်ကို ရိပ်ခနဲ တွေ့လိုက်ရသည်။ ထိုအခါမှသာ သူ သတိပြန်ဝင်လာသည်။ သူသည် စကားပြောခြင်းကို အချိန်မီ ရပ်တန့်လိုက်ပြီး နှစ်ချက်မျှ နှာမှုတ်လိုက်ကာ နောက်ဆုံးတွင် ကြေငြာချက်တစ်ခုဖြင့် နိဂုံးချုပ်လိုက်သည်။
“အတိုချုပ်ပြောရရင် ဒီကိစ္စနှစ်ခုရဲ့ သဘောသဘာဝက လုံးဝကွဲပြားတယ်။ မင်း နားလည်လား”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ အဲဒါက သေချာတာပေါ့” နျဥ်ကျန်းဟိုင် ခေါင်းကို လိမ်မ္မာစွာ ငြိမ့်ပြလိုက်သည်။ ထို့နောက် အဘိုးအို လှည့်သွားသောအခါ သူသည် မြေကြီးပေါ်တွင် ဒူးထောက်နေသော နျဥ်ယွိယွမ်ကို တိတ်တဆိတ် မျက်ရိပ်ပြလိုက်သည်။
ယခုအချိန်တွင် အဘိုးအို မည်မျှ ဒေါသထွက်နေသည်ကို ကြည့်မနေနှင့်။ နျဥ်ယွိယွမ်ကသာ သူ့ကို နှစ်သိမ့်စကား အနည်းငယ် ပြောလိုက်ပါက ဤကိစ္စမှာ ပျောက်ပျက်သွားမည် ဖြစ်သည်။ နိုင်ငံရေးလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ပြီးနောက် နျဥ်ကျန်းဟိုင်သည် ပါးနပ်လိမ္မာစွာ နေတတ်ရန် သင်ယူထားပြီး ဖြစ်သည်။ ခေါင်းချင်းဆိုင် တိုက်ခိုက်ခြင်းသည် အဆိုးရွားဆုံး ရွေးချယ်မှုပင်!
ကံမကောင်းစွာဖြင့် နျဥ်ယွိယွမ်သည် သူ့ဖခင်၏ အကြည့်ကို နားလည်သော်လည်း အေးစက်သော ကြမ်းပြင်ပေါ်တွင် ဒူးထောက်ရန် ရွေးချယ်လိုက်ပြီး သူ၏ မျက်နှာထားမှာ အလျှော့ပေးမည့်ပုံ မပေါ်ချေ။
ဟူး...
ဤမြင်ကွင်းကို ကြည့်ပြီး နျဥ်ကျန်းဟိုင် သက်ပြင်းချလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် အဘိုးအိုက ဒီအကြောင်းကို စတင်ပြောဆိုလာသည်။ ဒီခေါင်းမာမှုမှာ ထပ်တူထပ်မျှပင် ဖြစ်သည်!
“ကောင်းပြီ၊ မင်းတို့နှစ်ယောက် ငါ့ရှေ့မှာ ပေါ့ပေါ့ဆဆ နေစရာမလိုပါဘူး” အဘိုးအိုသည် နျဥ်ကျန်းဟိုင်၏ ကောင်းမွန်နေသော ခြေထောက်များကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ သူသည် တုတ်ကောက်ကို အားကုန်သုံး၍ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်ပြီး ပြောသည်။ “သူ ဒူးထောက်ချင်ရင် ဒူးထောက်ခိုင်းလိုက်”
“အဖေ!” နျဥ်ကျန်းဟိုင် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ကြမ်းပြင်ပေါ်မှ တုတ်ကောက်ကို ကောက်ယူရန် ကိုင်းလိုက်ပြီး သူ့သားအတွက် လမ်းကြောင်းရှာပေးရန် နည်းလမ်းတစ်ခု စဉ်းစားလိုက်သည်။ “အမ်... ယွိယွမ်၊ မင်း ပြောစရာ ဘာမှမရှိဘူးလား”
အချိန်ကြာမြင့်စွာ တိတ်ဆိတ်နေပြီးနောက် နျဥ်ယွိယွမ် နောက်ဆုံးတွင် ပါးစပ်ဟလာသည်။
“အဘိုး... ကျွန်တော် ချူးလေးနဲ့ လမ်းခွဲမှာ မဟုတ်ဘူး”
စောစောက အရိုက်ခံထားရသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း နျဥ်ယွိယွမ်၏ အသံမှာ သွေးနံ့သင်းသင်း ပါနေသည်။ သို့သော် သံမဏိကဲ့သို့သော ပြတ်သားမှုနှင့် ဇွဲလုံ့လများကို ထုတ်ဖော်ပြသနေဆဲပင်။
ထိုင်ရန် ပြင်နေသော အကြီးအကဲနျဥ်သည် ရုတ်တရက် ရပ်တန့်သွားပြီး ထပ်၍မျက်မှောင်ကြုတ်လိုက်သည်။
“ငါ... ငါက ဒီအကြောင်း ပြောနေလို့လား” အကြီးအကဲနျဥ်သည် စားပွဲကို အားကုန်ဖြင့် ရိုက်ချလိုက်သည်။ သူသည် အားအင်အပြည့် ရှိနေသော်လည်း သူ၏ အသံထဲတွင် အပြစ်ရှိစိတ် အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။
“ငါပြောနေတာက အဲဒီအမျိုးသမီးသရုပ်ဆောင်ရဲ့ ဂုဏ်သိက္ခာကျဆင်းအောင် မင်း လူရှာပြီး မတော်တဆမှု ဖန်တီးခဲ့တဲ့အကြောင်း... မင်းက နျဥ် မိသားစုရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေတယ်ဆိုတာ သိရဲ့လား”
နျဥ်ယွိယွမ် ခေါင်းမော့လိုက်သည်။ သူ၏ အကြည့်မှာ ကြောက်ခမန်းလိလိ ပြတ်သားနေသည်။
“အဘိုး... အဘိုး သိပြီးသားပဲ။ ဘာပဲဖြစ်ဖြစ်၊ ကျွန်တော် ချူးလေးနဲ့ လမ်းခွဲမှာ မဟုတ်ဘူး...”