အခန်း (၅၈၆)
Vol. 40 Ch. 586
နျဥ်ယွိယွမ်၏ ကျောဘက်ရှိ ဒဏ်ရာမှာ နီရဲရောင်ရမ်းနေပြီး အရည်များ ထွက်နေသည်။ ကြားထဲတွင် ရှပ်အင်္ကျီတစ်ထပ် ခံနေသော်လည်း ထိတ်လန့်ဖွယ် ကောင်းနေဆဲ ဖြစ်သည်!
ဒဏ်ရာအချို့မှာ အင်္ကျီနှင့် ကပ်နေပြီဖြစ်သည်။ အကယ်၍ စောစောက နျဥ်ယွိယွမ်၏ နည်းလမ်းအတိုင်း အင်္ကျီကို ချွတ်လိုက်ပါက ဒဏ်ရာမှာ သေချာပေါက် ပြန်ကွဲသွားပေလိမ့်မည်! ထို့အပြင် ဒဏ်ရာဧရိယာမှာလည်း ကြီးမားလှသည်!
"ထားလိုက်တော့၊ မလှုပ်နဲ့။ ကျွန်မ လုပ်ပေးမယ်" မော့ချူး ဘေးဘက်သို့ ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားကာ အခန်းထဲမှ ကတ်ကြေးသေးသေးလေး တစ်လက်ကို ယူလိုက်သည်။ "ဟိုဘက်လှည့်လိုက်"
နျဥ်ယွိယွမ် ဘာမှ မပြောပေ။ သူသည် မော့ချူးကို ကျောပေးပြီး လိမ်မ္မာစွာ လှည့်လိုက်သည်။
ထို့နောက် သူ့နောက်ကျောဘက်မှ 'ကလစ် ကလစ်' ဟူသော အသံကို ကြားလိုက်ရသည်။ မကြာမီတွင် သူ့၏ ဈေးကြီးသော ရှပ်အင်္ကျီမှာ မော့ချူး၏ လက်ချက်ဖြင့် အစအန ဖြစ်သွားတော့သည်။
သို့သော် သူ နှမြောခြင်း လုံးဝ မရှိပေ။ ထိုအစား သူ အလွန် နွေးထွေးမှုကို ခံစားလိုက်ရသည်...
"သည်းခံနော်" သူ့နောက်ကျောဘက်တွင် ချူးလေး၏ နွေးထွေးသော လေငွေ့များက သူ့ကိုယ်ပေါ်သို့ ကျရောက်နေသည်။ နျဥ်ယွိယွမ်သည် ဒီကောင်မလေး ပြောလိုက်သော စကားကို တုံ့ပြန်ရန် စက္ကန့်အနည်းငယ် ကြာသွားသည်။
"အင်း" နျဥ်ယွိယွမ် တိုးတိုးလေး ပြန်ဖြေလိုက်ပြီးနောက်မှ မော့ချူး စတင်လှုပ်ရှားရဲတော့သည်။ သူမသည် ဒဏ်ရာနှင့် ကပ်နေသော အင်္ကျီစကို ဖြည်းညှင်းစွာ ခွာလိုက်သည်။
သူမ တတ်နိုင်သမျှ ညင်သာစွာ လုပ်ဆောင်ရန် ကြိုးစားသော်လည်း သူ နာကျင်မှုကို မခံစားဘဲ မနေနိုင်ပေ။
အင်္ကျီစ တစ်စကို ခွာလိုက်တိုင်း နျဥ်ယွိယွမ် အသံမထွက်သော်လည်း သူ့ခန္ဓာကိုယ်က မသိစိတ်ဖြင့် တုန်ခါသွားသဖြင့် မော့ချူး၏ နှလုံးသားပါ လိုက်လံတုန်လှုပ်ရသည်...
"ဖူး... ဖူး..." မော့ချူး ခေါင်းငုံ့လိုက်ပြီး နျဥ်ယွိယွမ်၏ ဒဏ်ရာကို ဖြည်းညှင်းစွာ လေမှုတ်ပေးလိုက်သည်။ ထိုသို့လုပ်ခြင်းက သူ့နာကျင်မှုကို အနည်းငယ် သက်သာစေမည့်အလား ဖြစ်သည်။
တကယ်တော့ သူမ၏ ရည်ရွယ်ချက် အမှန်တကယ် ပြည့်မြောက်သွားခဲ့သည်။
နျဥ်ယွိယွမ် သူ့ကျောဘက်မှ နာကျင်မှုကို လုံးဝ မခံစားရတော့ပေ။ သူ့အာရုံတစ်ခုလုံး မော့ချူး ဆီတွင်သာ ရောက်နေသည်။
သူ့အနေအထားက သူမကို ကျောပေးထားခြင်း ဖြစ်သည်။ သူသည် ချူးလေး၏ မျက်နှာထားနှင့် ပုံပန်းသဏ္ဍာန်ကို မမြင်ရသော်လည်း သူ စိတ်ကူးကြည့်နိုင်သည်...
ကောင်မလေးသည် မျက်ခုံးအနည်းငယ် တွန့်ချိုးနေမည်၊ နှုတ်ခမ်းနီနီလေးများ အနည်းငယ် စူနေမည်ဖြစ်ပြီး ရှည်လျားသော မျက်တောင်များ ပုတ်ခတ်ပုတ်ခတ် ဖြစ်နေမည်...
အမြင်အာရုံ အကူအညီမပါဘဲ သူ၏ အထိအတွေ့ အာရုံခံစားမှုက ပိုထက်မြက်လာပုံရသည်။ ချူးလေး၏ ကျနေသော ဆံနွယ်များ သူ့ကျောပြင်ကို ဖြတ်သန်းသွားသည်ကိုပင် သူ ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ အနည်းငယ် ယားယံသလိုပင်...
သူမ မှုတ်ထုတ်လိုက်သော လေငွေ့များသည် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားပုံရပြီး သူ့ကမ္ဘာထဲတွင် 'မော့ချူး' ဟူသော စကားလုံးနှစ်လုံးသာ ကျန်ရစ်တော့သည်။
ငယ်စဉ်ကတည်းက နျဥ်ယွိယွမ်သည် ထိပ်တန်းအဆင့်နှင့် သံမဏိကဲ့သို့သော ပညာရေးမျိုးကိုသာ သင်ကြားခဲ့ရသည်။ သူ့မိသားစုကလည်း 'ချွေးမထွက်ဘဲ သွေးထွက်ခံမည့်' ရွေးချယ်မှုကိုသာ လိုက်နာခဲ့ကြသည်။ သို့သော် ယခုအချိန်တွင် မော့ချူး၏ နူးညံ့သိမ်မွေ့မှုက သူ့နှလုံးသားတစ်ခုလုံးကို ပျော့ပျောင်းသွားစေသည်။
"ချူးလေး..." နျဥ်ယွိယွမ် ညင်သာစွာ သက်ပြင်းချလိုက်သည်။ သူ့အသံမှာ ကြင်နာမှုများ ပြည့်နှက်နေသည်။
ဒီလိုကောင်မလေးမျိုးကို သူ ဘယ်လိုလုပ် လက်လွှတ်နိုင်မှာလဲ။ သူ ဘယ်လိုလုပ် လက်လွှတ်ရက်မှာလဲ။
"ဘာဖြစ်လို့လဲ။ နာနေတုန်းပဲလား" မော့ချူး မျက်မှောင်ကြုတ်ပြီး သူ့ကျောဘက်ကို လေမှုတ်ပေးလိုက်သည်။ "နည်းနည်း သည်းခံလိုက်နော်။ ခဏနေရင် ပြီးပါပြီ"
စကားဆုံးသည်နှင့် မော့ချူးသည် ဒဏ်ရာနှင့် ကပ်နေသော နောက်ဆုံး အင်္ကျီစကို ဆွဲခွာလိုက်သည်။
ယခုအချိန်တွင် နျဥ်ယွိယွမ်၏ ကျောဘက်ရှိ ဒဏ်ရာကို မော့ချူး ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။
ကန့်လန့်ဖြတ် ဒဏ်ရာများသည် တစ်ခုပြီးတစ်ခု ထပ်နေ၏။ နီရဲရောင်ရမ်းနေသည်ဟု ပြောရင်ပင် လျှော့ပြောနေသည်ဟု ဆိုရလောက်အောင် အချို့နေရာများတွင် ပိုးဝင်နေပြီဖြစ်သည်။ ပြည်နှင့် သွေးများ ရောနှောကာ ပေကျံနေသည်မှာ နှလုံးတုန်စရာပင် ကောင်းလှသည်!
နျဥ်ယွိယွမ်သည် ဒီလောက်ဒဏ်ရာမျိုးကို တစ်နေ့လုံး သည်းခံခဲ့ပြီး အချိန်ပြည့် အလုပ်လုပ်နေခဲ့သည်လား။
ပြီးတော့... အကြီးအကဲနျဥ်က သူတို့နှစ်ယောက် အတူရှိနေမှာကို ဒီလောက်တောင် မလိုလားဖြစ်နေတာလား။
ဆေးဘူးကို ကိုင်ထားသော မော့ချူး၏ လက်မှာ ရုတ်တရက် ရပ်တန့်သွားသည်။ သူမ၏ မျိုးရိုးဗီဇအဆင့်ကို မဆုံးဖြတ်နိုင်ခြင်းအပေါ် သူမ ဤမျှ ရှင်းရှင်းလင်းလင်း သတိထားမိခြင်းမှာ ဤသည် ပထမဆုံးအကြိမ် ဖြစ်သည်။ သူတို့နှစ်ဦးအတွက် ဤအရာသည် အလွန်အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်နေသည်!
"ကိုယ့်ကို ဆေးလိမ်းပေးချင်နေတာ မဟုတ်ဘူးလား" နျဥ်ယွိယွမ် ရုတ်တရက် မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ မော့ချူး သူမ၏ အတွေးများထဲမှ နိုးထလာသည်။ "အော်... အော်၊ ဟုတ်သားပဲ။ ဒါဆို အရင်ဆုံး ပိုးသတ်ဆေး ထည့်ပေးမယ်၊ ပြီးမှ ဆေးလိမ်းပေးမယ်နော်"
မော့ချူးသည် ဂွမ်းတံကို အသုံးပြု၍ ဆေးတစ်ထပ် လိမ်းပေးလိုက်သည်။ သူမ သိပ်ပြီး ညင်သာလွန်းစွာ မလုပ်ရဲပေ။ အကယ်၍ ပိုးသတ်ခြင်း ကောင်းစွာ မလုပ်ဆောင်ပါက နျဥ်ယွိယွမ်၏ ဒဏ်ရာတွင် ပိုးဝင်ခြင်းကို ပိုဆိုးစေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
သူမ အားစိုက်လိုက်ပြီး ဒဏ်ရာကို ထိတွေ့စေရန် ဆေးထည့်လိုက်သောအခါ ဆိုဖာပေါ်တွင် တင်ထားသော နျဥ်ယွိယွမ်၏ လက်ဖဝါးကြီးမှာ ရုတ်တရက် လက်သီးဆုပ်သွားသည်...
"ချူးလေး၊ ကိုယ့်ကို လေထပ်မှုတ်ပေးပါဦး" နျဥ်ယွိယွမ် ပြောလိုက်သည်။
တကယ်တော့ ဒီလိုနာကျင်မှုမျိုးက သူ့ခံနိုင်ရည် အတိုင်းအတာအတွင်းတွင် အပြည့်အဝ ရှိနေသည်။ သို့သော် သူက မော့ချူးကို သူ့အတွက် ပိုပြီး စိတ်မကောင်း ဖြစ်စေချင်မိ၏...
အလိုလိုက်ခံရသည့် အရသာကို မခံစားဖူးသော အမျိုးသားတစ်ဦးသည် အထိအတွေ့လေးတစ်ခုတည်းဖြင့်ပင် စွဲလမ်းသွားလိမ့်မည်။ သူက ဘယ်သောအခါမှ ထပ်ထွက်ခွာလိုတော့မည် မဟုတ်ပေ။
"ကောင်းပြီလေ" မော့ချူးသည် နျဥ်ယွိယွမ်၏ တောင်းဆိုမှုအသေးလေးကို သဘာဝကျကျပင် ဖြည့်ဆည်းပေးလိုသည်။ သူမသည် နျဥ်ယွိယွမ်၏ ဒဏ်ရာကို နောက်ထပ် အကြိမ်ရေအနည်းငယ် ညင်သာစွာ လေမှုတ်ပေးလိုက်ပြီးနောက် ဆေးကို အမြန်လိမ်းပေးလိုက်သည်။
နျဥ်ယွိယွမ်၏ ကျောဘက်မှ ဒဏ်ရာများသည် ကန့်လန့်ဖြတ် ယှက်နွယ်နေကြသည်။ သူမ ဆေးလိမ်းလိုက်သည့် ခဏမှာပင် သူ၏ ကျောပြင်တစ်ခုလုံးသည် အညိုရောင် ဆေးသားများဖြင့် ဖုံးလွှမ်းသွားသည်။ ဆေးနံ့ပြင်းပြင်းသည် သူမ၏ နှာခေါင်းဝတွင် စွဲကျန်နေသည်။
"ဒီဒဏ်ရာတွေက... အကြီးအကဲနျဥ် လက်ချက်လား" ဆေးဘူးကို ပြန်သိမ်းပြီး ခဏမျှ တိတ်ဆိတ်နေပြီးနောက် မော့ချူး နောက်ဆုံးတွင် မမေးဘဲ မနေနိုင်တော့ချေ။ သို့သော် သူမ၏ ရင်ထဲတွင် အနည်းငယ် နာကျင်နေသည်။
"အင်း..." နျဥ်ယွိယွမ်သည် မော့ချူးအား မည်သည့်အရာကိုမျှ ဖုံးကွယ်မထားပေ။ သူ လှည့်ကြည့်လိုက်ပြီး ခေါင်းငုံ့နေသော ကောင်မလေးကို ကြည့်လိုက်သည်။ သူ့အသံထဲတွင် အပြုံးအရိပ်အယောင် သဲ့သဲ့ပါဝင်နေသည်။
“အဘိုးက ကိုယ့်ကို အိမ်ပေါ်က မောင်းချလိုက်ပြီလေ။ နောက်ဆိုရင် ကိုယ့်ကို ထောက်ပံ့ဖို့ မင်းကိုပဲ အားကိုးရတော့မယ် ထင်တယ်! စိတ်မပူပါနဲ့၊ အလုပ်ပဲဖြစ်ဖြစ်၊ အိမ်မှုကိစ္စပဲဖြစ်ဖြစ်၊ ဒါမှမဟုတ်... အိပ်ရာနွေးအောင် လုပ်ပေးရတာပဲဖြစ်ဖြစ်၊ ကိုယ်က သေချာပေါက် ပထမတန်းစားပါပဲ။ မင်း နောင်တမရစေရဘူးလို့ ကိုယ် ကတိပေးတယ်"
ထိုစကားကို ပြောလိုက်စဉ် သူသည် မော့ချူးကို အဓိပ္ပာယ်ပါပါ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်!
ဒါက မော့ချူးကို ရယ်မောမိစေသည်။ ထို့နောက် သူမသည် နျဥ်ယွိယွမ်ကို လေးနက်သော မျက်နှာထားဖြင့် ကြည့်လိုက်သည်။
"မဆိုးပါဘူး။ ရှင့်ခန္ဓာကိုယ်ကို ကြည့်ရတာ ရှုံးမယ့်ပုံတော့ မပေါ်ဘူး..."
"ကြည့်ရုံနဲ့ ဘယ်လိုလုပ် သိနိုင်မှာလဲ" နျဥ်ယွိယွမ် မျက်ခုံးပင့်လိုက်ပြီး သူ့အလုပ်ရှင် နစ်နာသွားမည်ကို ကြောက်ရွံ့နေသည့်ပုံစံဖြင့် ကြည့်လိုက်သည်။
"မင်းကိုယ်တိုင် စမ်းကြည့်မှ သိမှာပေါ့..."
ထိုသို့ ပြောလိုက်ပြီးနောက် သူသည် မော့ချူး၏ လက်ကို ဆွဲယူကာ သူ့၏ တောင့်တင်းခိုင်မာသော ရင်အုပ်နှင့် ထိတွေ့စေလိုက်သည်...
သောက်ကျိုးနည်း! တကယ့် လူရမ်းကားပဲ!
သို့သော်လည်း နျဥ်ယွိယွမ်က အပြစ်ကင်းစင်ဟန် ဆောင်နေဆဲပင်... မော့ချူး ဘာမှ မပြောချင်တော့ပေ!
သူမ မျက်လုံးလှန်ကြည့်လိုက်သည်။ မော့ချူး သူမလက်ကို ပြန်ရုတ်သိမ်းချင်သော်လည်း သူမ၏ လှုပ်ရှားမှုအကြီးကြီးကြောင့် နျဥ်ယွိယွမ်၏ ကျောဘက်ရှိ ဒဏ်ရာ ပြန်ပွင့်သွားမည်ကို စိုးရိမ်နေမိသည်...
သူမ တွေဝေနေစဉ်မှာပင် နျဥ်ယွိယွမ်သည် သူမလက်ကို သူ့ရင်ဘတ်ပေါ်သို့ ဖိကပ်ထားပြီး ဖြစ်သည်!
သူမ၏ နူးညံ့မှုနှင့် မတူဘဲ နျဥ်ယွိယွမ်၏ ခန္ဓာကိုယ်မှာ မာကျောပြီး တောင့်တင်းခိုင်မာနေသည်။ သူ့ကြွက်သားများ၏ အထိအတွေ့မှာ အလွန် ထင်ရှားနေပြီး အမျိုးသားတစ်ဦး၏ အရှိန်အဝါနှင့် ခွန်အားကို သဲ့သဲ့လေး ထုတ်ဖော်ပြသနေသည်...
မော့ချူး၏ နူးညံ့သော လက်ဖြင့် အထိတွေ့ခံလိုက်ရသဖြင့် နျဥ်ယွိယွမ်၏ ရင်အုပ်မှာ ပြင်းထန်စွာ တုန်ခါသွားသည်!
သူတို့နှစ်ဦး တစ်ယောက်ကိုတစ်ယောက် မကြည့်ဘဲ မနေနိုင်တော့ပေ...
ထို့နောက် နျဥ်ယွိယွမ် တစ်ကိုယ်လုံး မီးကဲ့သို့ ပူပြင်းလာပြီး သူ့အသက်ရှူသံများပင် ပိုမြန်ဆန်ကာ ပြင်းထန်လာသည်...
"အဟွတ်! အဟွတ်!"
ဤအချိန်တွင် လေးလံသော ချောင်းဟန့်သံ အနည်းငယ်က အမျိုးသားနှင့် အမျိုးသမီးကြားရှိ လှပသော အခိုက်အတန့်ကို ဖြိုခွင်းလိုက်သည်...
နျဥ်ယွိယွမ်တွင် မည်သည့် တုံ့ပြန်မှုမှ မရှိသော်လည်း မော့ချူးမှာမူ စပရိန်ပေါ် ထိုင်မိလိုက်သကဲ့သို့ နျဥ်ယွိယွမ် ဘေးမှ ချက်ချင်း ခုန်ထွက်လိုက်သည်။ တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသော လက်ကိုလည်း လျှပ်စီးအမြန်နှုန်းဖြင့် ပြန်ဆွဲယူလိုက်သည်။
သူမ တံခါးဝသို့ လှည့်ကြည့်လိုက်ပြီး စကားထစ်ငေါ့စွာ ပြောလိုက်သည်။
"အမ်... ကိုကို ဘာလို့ ပြန်ရောက်လာတာလဲ။ မိုးကျရွှေကိုယ်စုန့် အိမ်ကို သွားမယ်လို့ ပြောမထားဘူးလား"
ဒေါသထွက်နေဆဲဖြစ်သော မော့ယန်သည် 'စုန့်ချင်းစုန့်' ဟူသော အမည်ကို ကြားလိုက်ရသောအခါ မျက်နှာထား မပြောင်းလဲဘဲ မနေနိုင်တော့ချေ။ သို့သော် သူ ချက်ချင်း ပြန်ထိန်းလိုက်ပြီး ကိုယ်အပေါ်ပိုင်း ဗလာကျင်းဖြစ်နေသော နျဥ်ယွိယွမ်ကို အေးစက်စွာ လှမ်းကြည့်လိုက်သည်။
ချူးလေးက အခုမှ အရွယ်ရောက်လာတာကို နျဥ်ယွိယွမ် က မထိန်းနိုင်တော့ဘူးလား။ ဒီလူက လူ့မျက်နှာနဲ့ တိရစ္ဆာန်စိတ် ရှိတာပဲ!
"မဟုတ်ဘူးနော် ကိုကို" သူမအစ်ကိုကြီး၏ အနည်းငယ် အေးစက်သော အကြည့်ကို မြင်လိုက်ရသောအခါ မော့ယန် အထင်လွဲနေမှန်း မော့ချူး သိလိုက်သည်။ "နျဥ်ယွိယွမ် ဒဏ်ရာရလာလို့ ညီမက ဆေးကူလိမ်းပေးနေရုံပါ"
ထိုသို့ ပြောရင်း သူမသည် နျဥ်ယွိယွမ်ကို လှမ်းကြည့်လိုက်သည်။
နျဥ်ယွိယွမ်လည်း ပူးပေါင်းဆောင်ရွက်သောအားဖြင့် လှည့်ပြလိုက်သည်။ သူ့ကျောပြင်အနှံ့ လိမ်းကျံထားသော ဆေးများသည် အကောင်းဆုံး သက်သေပင် ဖြစ်သည်!
ခေတ္တမျှ စဉ်းစားပြီးနောက် နျဥ်ယွိယွမ်၏ ဒဏ်ရာ မည်သည့်နေရာက ရလာမှန်း မော့ယန် သိလိုက်သည်။ သူ မျက်မှောင်ကြုတ်မိသွားသော်လည်း နျဥ်ယွိယွမ် အပေါ်ထားရှိသော သူ့မျက်နှာထားမှာ ပိုကောင်းလာသည်။
သို့သော်လည်း သူသည် နျဥ်ယွိယွမ်ကို ဆက်နေခိုင်းရန် အစီအစဉ် မရှိပေ။ သူ လက်ကာပြပြီး ပြောလိုက်သည်။
"ကဲ... မြန်မြန်ထ၊ ငါ မင်းကို ပြန်ပို့ပေးမယ်"
အကယ်၍ ဒီကောင်ကို အိမ်မှာ ထားခဲ့ရင် ဘာတွေ ဖြစ်လာမလဲ ဘယ်သူသိမှာလဲ။ ဘာပဲဖြစ်ဖြစ် ဒီလူက သွေးဆူလွယ်တဲ့ လူငယ်တစ်ယောက်ပဲလေ...
"ကိုကို ဒါပေမဲ့ သူ့ဒဏ်ရာတွေက..." မော့ချူး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
သူမ စကားမဆုံးခင်မှာပင် မော့ယန် သူမကို စူးစိုက်ကြည့်လိုက်သည်။
ဟွန့်! ငါ့ရှေ့မှာ သနားအောင် လုပ်ပြချင်နေတုန်းလား။
သူ သိထားသလောက်ဆိုရင် ဟိုတုန်းက စစ်တပ်မှာရခဲ့တဲ့ နျဥ်ယွိယွမ်ရဲ့ ဒဏ်ရာတွေက ဒီထက် အများကြီး ပိုပြင်းထန်သည်။ အခုတော့ သူက သူမကို အကျပ်ရိုက်အောင် ကြိုးစားနေတာပဲ...
"ကောင်းပါပြီ"
နျဥ်ယွိယွမ်သည် မော့ယန်၏ အတွေးများကို နားလည်သည်။ ထို့ပြင် သူ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်မည်ကိုလည်း တကယ် ကြောက်ရွံ့မိသည်။ ဘာပဲဖြစ်ဖြစ် နူးညံ့ပျော့ပျောင်းတဲ့ ချူးလေးက သူ့ဘေးနားလေးမှာ ရှိနေတာလေ...
ဒီအချိန်မှာ မတ်တတ်ရပ်ပြီး အင်္ကျီဝတ်လိုက်တာက ပိုကောင်းလိမ့်မည်။ သူ ပြုံးလိုက်ပြီး မော့ချူး၏ ခေါင်းကို ပုတ်လိုက်သည်။
"ကိုယ် အရင်ပြန်နှင့်မယ်။ နောက်နှစ်ရက်နေရင် ပြန်လာခဲ့မယ်နော်"
"ဟုတ်ကဲ့"
မော့ချူး ခေါင်းငြိမ့်လိုက်သည်။ ရုတ်တရက် သူမ တစ်ခုခုကို သတိရသွားပုံရပြီး လက်ခုပ်တီးလိုက်သည်။
"ဟုတ်သားပဲ၊ နောက်နှစ်ရက်နေရင် ကြယ်တစ်ပွင့်ခန်းမ မှာ ကျွန်မတို့ ပြပွဲလုပ်ဖို့ ရှိတယ်။ ရှင် အားမယ်ဆိုရင် လက်မှတ်နည်းနည်း ချန်ထားပေးမယ်လေ"
ထိုစကားကို ကြားသောအခါ နျဥ်ယွိယွမ် မျက်ခုံးမပင့်ဘဲ မနေနိုင်တော့ချေ။
ကြယ်တစ်ပွင့်ခန်းမ ဆိုသည်မှာ ခရိုင် ၃ ရှိ ထင်ရှားသော အဆောက်အအုံတစ်ခု ဖြစ်ကြောင်း သိထားရမည်။ အထူးထူးခြားခြား ရလဒ်ကောင်းတစ်ခု မရှိပါက ထိုနေရာကို လျှောက်ထားရန်မှာ အလွန်ခက်ခဲလေ့ရှိသည်။