အခန်း (၅၈၇)
Vol. 40 Ch. 587
"စိတ်မပူပါနဲ့၊ အချိန်မရှိရင်တောင် ရအောင် ဖဲ့ပြီး လာခဲ့ပါ့မယ်" နျဥ်ယွိယွမ် ပြုံးပြီး ခေါင်းငြိမ့်လိုက်သည်။ "ဒါပေမဲ့ မင်းတို့က ဘာတွေ ပြမှာလဲ"
"ဆရာ စိုက်ပျိုးထားတဲ့ ပုံမှန်အပင်တွေ အကုန်လုံးက တော်တော်လေး ရှင်သန်နေပြီလေ။ အဲဒါတွေကို ကြယ်တစ်ပွင့်ခန်းမ မှာ ပြသဖို့ ပြင်ဆင်နေတာ။ အထက်လူကြီးတွေဆီကလည်း ခွင့်ပြုချက် ရပြီးသား။ နောက်တစ်လောလောက်ဆို တရားဝင် မိတ်ဆက်ပေးမယ်လို့ ခန့်မှန်းထားတယ်"
"ဟား! မဆိုးပါဘူး ကောင်မလေးရာ! မင်းက ကြယ်တစ်ပွင့်ခန်းမကိုတောင် ဝင်နိုင်နေပြီပဲ!"
နျဥ်ယွိယွမ်၏ မျက်လုံးများထဲတွင် ဂုဏ်ယူမှု အရိပ်အယောင်များ ပေါ်မလာဘဲ မနေနိုင်တော့ချေ။ မော့ချူးသည် သူမ၏ ကိုယ်ပိုင် ဖြည့်ဆည်းပေးမှုများကို ထည့်မပြောခဲ့သော်လည်း လွန်ခဲ့သော ဆယ်နှစ်အတွင်း စိတ်ဝိညာဉ်အစားအစာ သုတေသနပြုခြင်းမှလွဲ၍ သူမသည် အပင်များ စိုက်ပျိုးခြင်း၌သာ အချိန်အများစုကို ကုန်ဆုံးခဲ့သည်။ သဘာဝကျကျပင် ရလဒ်များမှာ အံ့သြစရာ မဟုတ်ပေ။
သို့သော် ထိုနေရာသည် ကြယ်တစ်ပွင့်ခန်းမ ဖြစ်သည်။ ထိုနေရာသို့ ဝင်ရောက်နိုင်ရန် လိုအပ်သော ကျွမ်းကျင်မှုအဆင့်အတန်းမှာ ဂလက်ဆီတစ်ခုလုံးတွင် အကောင်းဆုံးနီးပါး ဖြစ်သည်!
နျဥ်ယွိယွမ် ပင်လျှင် ဝင်ရောက်ရန် အရည်အချင်းမမီပေ!
မော့ချူး ပြုံးလိုက်ပြီး ဘာမှ ထပ်မပြောတော့ပေ။ မော့ယန်နှင့် နျဥ်ယွိယွမ် မောင်းထွက်သွားသည်ကို သူမ ကြည့်နေလိုက်သည်။
...
အဖွဲ့ချုပ်၏ စွမ်းဆောင်ရည်မှာ ၂၁ ရာစုကထက် များစွာ ပိုမြန်ဆန်သည်။
တစ်ပတ်မပြည့်မီ အချိန်အတွင်းမှာပင် ပညာရှင်ချန်း နှင့် မော့ချူးတို့ ကြယ်တစ်ပွင့်ခန်းမ၌ ပုံမှန်အပင်ပြပွဲ ကျင်းပမည်ဟူသော သတင်းသည် တောမီးပမာ ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။
လွန်ခဲ့သော ဆယ်နှစ်က ‘စိမ်းလန်းသော မျှော်လင့်ချက်’သည် လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့ပြီးဖြစ်ရာ ယခုတစ်ကြိမ်မှာ ပြပွဲတစ်ခုလုံး ဖြစ်သည်ကို ထည့်ပြောရန်ပင် မလိုပေ။ အနည်းဆုံး အပင်ဒါဇင်နှင့်ချီ ရှိပေလိမ့်မည်!
အခန်းတစ်ခုလုံး ပုံမှန်အပင်များဖြင့် ပြည့်နှက်နေမည့် ဆွဲဆောင်မှုရှိသော မြင်ကွင်းကို တွေးမိလိုက်သောအခါ လူတိုင်း သွားရောက်ကြည့်ရှုရန် စိတ်အားထက်သန်နေကြသည်။ အခြား ဂလက်ဆီမှ လူများကိုပင် ဆွဲဆောင်နိုင်ခဲ့သည်။
ကံမကောင်းစွာဖြင့် ကြယ်တစ်ပွင့်ခန်းမ၏ ဝင်ဆံ့နိုင်မှုမှာ အကန့်အသတ်ရှိသည်။ လူအများအပြားကို လက်ခံရန် မဖြစ်နိုင်ပေ။ နောက်ဆုံးတွင် သူတို့သည် လူတစ်ဦးလျှင် မဲတစ်မဲစနစ်ကို ကျင့်သုံးခဲ့ကြသည်။
လက်မှတ်ရနိုင်သူများမှာ သဘာဝကျကျပင် လူနည်းစုသာ ဖြစ်သည်။
ကျန်ရှိသော လူအများစုမှာမူ ခလုတ်ခုံပေါ်ရှိ အလင်းမျက်နှာပြင်မှတစ်ဆင့်သာ ကြည့်ရှုနိုင်ကြသည်။
သို့သော် မော့ချူးနှင့် ချန်းပိုင်တို့သည် ပွဲစီစဉ်သူများ ဖြစ်ကြသဖြင့် သူတို့လက်ထဲတွင် လက်မှတ်အများအပြား ရှိနေသည်မှာ သဘာဝပင်။
ထို့ကြောင့် မိုးကျရွှေကိုယ်စုန့်နှင့် ချင်ယွဲ့ ကဲ့သို့သော လူများအတွက် ဤပြဿနာကို လုံးဝ စိတ်ပူစရာ မလိုပေ။
သူငယ်ချင်းများ အားလုံးကို ဝေငှပြီးနောက်တွင် မော့ချူးထံ၌ လက်မှတ်အနည်းငယ် ကျန်နေသေးသည်။
ဤလက်မှတ်များကို သူမ၏ ပရိသတ်အသင်းမှ ကိုယ်စားလှယ် ပရိသတ်အနည်းငယ်ကို ပေးလိုက်ခြင်းက ပိုကောင်းလိမ့်မည်။
ယခင်က မော့ချူးသည် သူမ၏ မျိုးရိုးဗီဇအဆင့်ကို မဆုံးဖြတ်နိုင်ခဲ့ခြင်းကြောင့် အင်တာနက်သုံးသူများ တစ်စိတ်တစ်ပိုင်းသည် ကြယ်ကွန်ယက် ပေါ်တွင် အဓိပ္ပာယ်မရှိသော စကားများ ပြောဆိုခဲ့ကြသည်။ သူတို့၏ စကားများသည် မော့ချူး အပေါ် မလိုမုန်းထားမှုများဖြင့် ပြည့်နှက်နေခဲ့သည်။ အချို့ဆိုလျှင် သူမကို လူပုဂ္ဂိုလ်ရေးအရ တိုက်ရိုက်တိုက်ခိုက်မှုများပင် ပြုလုပ်ခဲ့ကြသည်။
"ကျွတ်စ်! မျိုးရိုးဗီဇအဆင့် G တောင် မရှိတဲ့သူက တစ်နေ့ကုန် မောက်မာနေတုန်းပဲလား။ ဘာတွေ ဟန်ဆောင်နေတာလဲ"
"ဟုတ်တယ်၊ ကံကောင်းခြင်း ကြယ်ပွင့်လေး ဟုတ်လား။ ဘာကံကောင်းတာလဲ။ ဖီ!"
အဖွဲ့ချုပ်၏ 'နာမည်ရင်းစနစ်' ကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ ဤပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုများသည် ထိုမျှလောက် မပြင်းထန်ပေ။ အနည်းဆုံးတော့ ၂၁ ရာစုမှ ကီးဘုတ်စစ်သည်တော်များနှင့် မယှဉ်နိုင်ပေ!
ထို့ကြောင့် ထိုကဲ့သို့သော အဖြစ်အပျက်ကြီးများကို ကြုံဖူးသော မော့ချူးသည် သူတို့ကို လုံးဝ လျစ်လျူရှုထားလိုက်သည်။
မော့ချူးက သူတို့ကို လျစ်လျူရှုထားသည်မှာ ထားပါတော့၊ သို့သော် သူမ၏ ပရိသတ်များက သူတို့ကို မမြင်ချင်ယောင်ဆောင်နေရန် မည်သို့ ဖြစ်နိုင်မည်နည်း။
သူတို့ ချက်ချင်း ပေါက်ကွဲကုန်ကြသည်!
အင်တာနက်ပေါ်တွင် စကားစစ်ပွဲ စတင်ခဲ့ပြီး စစ်မီးလျှံများသည် လေးငါးရက်ခန့် ကြာမြင့်ခဲ့သည်။
မော့ချူး၏ ပရိသတ်များသည် အလွန် အင်အားကြီးမားပြီး အရေအတွက်လည်း များပြားသည်။ မျှော်လင့်ထားသည့်အတိုင်းပင် ရလဒ်မှာ တစ်ဖက်သတ် ဖြစ်သွားခဲ့ပြီး Anti-fan များကို ခေါင်းပင် မထောင်ရဲအောင် ထောင့်ကပ်သွားစေခဲ့သည်။
ဤပရိသတ်များ၏ လုပ်ရပ်အပေါ် မော့ချူး အလွန် နွေးထွေးမှုကို ခံစားရသည်။ သိပ်အများကြီး စဉ်းစားမနေဘဲ သူမသည် လက်ကျန် လက်မှတ်လေးငါးစောင်ကို သူတို့အား ပေးလိုက်သည်။
ထိုလက်မှတ်အနည်းငယ်အတွက် ပရိသတ်အသင်းသည် ကြီးကျယ်ခမ်းနားသော ရွေးချယ်မှု ပြိုင်ပွဲတစ်ခုကို ကျင်းပခဲ့သည်ဟု ဆိုကြသည်။ နောက်ဆုံး ကျန်ရစ်သော ကိုယ်စားလှယ်အနည်းငယ်သည် အခက်အခဲများကြားမှ ထိုးဖောက်ကျော်ဖြတ်ကာ ဤလက်မှတ်များကို ရရှိသွားကြသည်။
အခြားပရိသတ်များ မနာလိုကြသော်လည်း သူတို့သည် တခြားလူများလောက် ကျွမ်းကျင်မှု မရှိကြပေ။ သဘာဝကျကျပင် သူတို့ ဘာမှ ပြောမည် မဟုတ်ပေ။
သို့သော် အခြားကြယ်ပွင့်များ၏ ပရိသတ်များနှင့် ရင်ဆိုင်ရချိန်တွင် သူတို့ ပို၍ ယုံကြည်မှု ရှိလာကြသည်။ ကြည့်ကြစမ်း! မင်းတို့ အားပေးနေတဲ့ ကြယ်ပွင့်က ကြယ်တစ်ပွင့်ခန်းမ အတွက် လက်မှတ်အနည်းငယ်ကို အလွယ်တကူ ထုတ်ပေးနိုင်လို့လား။
ဒီလက်မှတ်တစ်စောင်တည်းနဲ့တင် မှောင်ခိုဈေးကွက်ထဲမှာ အံ့သြဖွယ် ဈေးနှုန်းတစ်ခုအထိ ရောက်ရှိနေပြီဖြစ်ကြောင်း သိထားရမည်။
ထို့ပြင် လက်မှတ်ရရုံနဲ့ ဘာထူးမှာလဲ။
ငါတို့ ချူးလေးက အထဲမှာ ပြပွဲလုပ်နေတာဟ! သာမန်လူတစ်ယောက်က ဒါမျိုး လုပ်နိုင်မလား။
ဒီလ ၁၄ ရက်နေ့သည် ပြပွဲ၏ တရားဝင် ဖွင့်လှစ်သောနေ့ ဖြစ်သည်။
လူအတော်များများသည် လက်မှတ်များကို ကိုင်ဆောင်ကာ ကြယ်တစ်ပွင့်ခန်းမ ရှေ့တွင် သပ်ရပ်စွာ တန်းစီပြီး ဝင်ရောက်ရန် စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။
မော့ချူး ဒီနေရာကို ပထမဆုံးအကြိမ် မြင်လိုက်ရချိန်တွင် သူမ လုံးဝ မှင်သက်သွားခဲ့သည်!
အမည်အတိုင်းပင် ဤအဆောက်အအုံသည် အပြင်ဘက်မှကြည့်လျှင် ကြယ်ငါးပွင့်ပုံသဏ္ဍာန် ရှိသည်။ အဆောက်အအုံ၏ အနားသတ်များနှင့် ထောင့်များသည် ထင်ရှားပြတ်သားပြီး နေရောင်ခြည်အောက်တွင် လက်လက်ထနေသည်။
ဂျီဩမေထရီသဘောအရဆိုလျှင် ဤကဲ့သို့သော အဆောက်အအုံသည် လုံးဝ တည်ငြိမ်မှု မရှိနိုင်ပေ။ အဖွဲ့ချုပ်က အဆောက်အအုံကို တည်ဆောက်ရန် မည်ကဲ့သို့သော ပစ္စည်းများနှင့် ဆောက်လုပ်ရေး နည်းပညာများကို အသုံးပြုထားမှန်း ဘယ်သူ သိနိုင်မည်နည်း။ ထို့အပြင် ထိုအဆောက်အအုံသည် အလွန် လှပနေသည်!
မော့ချူး ဝန်မခံဘဲ မနေနိုင်တော့ပေ။ အစားအသောက်နှင့် ဖျော်ဖြေရေးပိုင်း ချို့တဲ့မှုမှလွဲ၍ အဖွဲ့ချုပ်၏ အခြားကဏ္ဍများ ဖွံ့ဖြိုးတိုးတက်မှုမှာ အလွန် အံ့သြဖွယ်ကောင်းလှသည်!
နောက်ဆုံးတွင် လူတိုင်း၏ မျှော်လင့်စောင့်စားမှုအောက်၌ အလိုအလျောက် လက်မှတ်စစ်ဆေးခြင်း စတင်တော့သည်။
လူတိုင်းသည် ဝင်ရောက်ရန်အတွက် လက်မှတ်စစ်ဆေးရေး စက်ပေါ်တွင် လက်မှတ်ကို ပွတ်ဆွဲပြီး အတည်ပြုချက် ရယူရန်သာ လိုအပ်သည်။
ခန်းမထဲသို့ ဝင်လိုက်သည်နှင့် လူတိုင်းသည် သူတို့မျက်စိရှေ့မှ မြင်ကွင်းကြောင့် လုံးဝ မှင်သက်သွားကြသည်...
သူတို့ပတ်လည်တွင် ပြခန်းစင်များပေါ်၌ တင်ထားသော ပုံမှန်အပင်များ ရှိနေသည်။ ၎င်းတို့သည် တိတ်ဆိတ်ငြိမ်းချမ်းပြီး သင်းပျံ့သော ရနံ့သင်းသင်းလေးနှင့်အတူ ဖော်ပြ၍မရနိုင်သော သက်တောင့်သက်သာရှိမှုကို ပေးစွမ်းနေသည်။ ဤအရာသည် ယခင်က သူတို့ တွေ့ကြုံဖူးသော မှော်အပင်များနှင့် လုံးဝ ကွဲပြားခြားနားနေသည်!
'စိမ်းလန်းသော မျှော်လင့်ချက်' ၏ နိဒါန်းပျိုးမှု ရှိခဲ့လျှင်ပင် လူတိုင်းသည် သူတို့မျက်နှာပေါ်မှ အံ့သြမှုနှင့် နှစ်သက်မြတ်နိုးမှုများကို မထိန်းချုပ်နိုင်ကြသေးပေ...
အခြားအရာများကို ထည့်မပြောနှင့်ဦး၊ အတိမ်အနက် ကွဲပြားနေသော စိမ်းစိုနေသည့် ရေအရောင်နှင့် မီးနီရောင် နံရံများ ပေါင်းစပ်ထားမှုကပင် လူများကို ကြီးမားသော အမြင်အာရုံ ထိတွေ့မှုကို ပေးစွမ်းနေသည်!
ပို၍ အံ့အားသင့်စရာကောင်းသည်မှာ အစိမ်းရောင်ဂါဝန်လေးကို ဝတ်ဆင်ထားသော မော့ချူးသည် သူမ၏ လက်နှစ်ဖက်ဖြင့် စိမ်းလန်းစိုပြည်နေသော အပင်အိုးလေးတစ်လုံးကို ပွေ့ပိုက်လျက် လမ်းအဆုံးမှနေ၍ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခြင်းပင် ဖြစ်သည်။
ထိုလှပနုနယ်သော မျက်နှာထက်တွင် နွေဦးလေပြေညင်းကို ခံစားရသကဲ့သို့ နူးညံ့သော အပြုံးတစ်ခု ရှိနေသည်။ သူမ၏ ကိုယ်ပေါ်မှ ထူးခြားသော အငွေ့အသက်နှင့် လက်ထဲရှိ အစိမ်းရောင်အပင်လေးတို့မှာ တစ်ခုနှင့်တစ်ခု လိုက်ဖက်ညီလွန်းလှပြီး ဖော်ပြ၍မရနိုင်သော သက်ဝင်လှုပ်ရှားမှုနှင့် သက်တောင့်သက်သာရှိမှုကို ပေးစွမ်းနေသည်။
သူမသည် လူတိုင်းထင်သကဲ့သို့ နွမ်းလျပင်ပန်းနေခြင်း မရှိသလို ဟန်ဆောင်နေခြင်းလည်း မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် မော့ချူးသည် စစ်ဆေးမှုမပြုလုပ်မီကအတိုင်းပင် သဘာဝကျကျနှင့် ရဲရဲဝံ့ဝံ့ ရှိနေပုံရသည်။
"အားလုံးပဲ မင်္ဂလာပါ" မော့ချူး ပြုံးလျက် နှုတ်ဆက်လိုက်သည်။ "ဒီနေ့ ပြပွဲကနေ ကြိုဆိုပါတယ်။ ဒီနေ့မှာ စုစုပေါင်း အပင်အမျိုးအစား ၆၈ မျိုးကို ပြသထားပြီး အပင်တစ်ပင်ချင်းစီမှာ အသေးစိတ် ရှင်းလင်းချက်တွေပါတဲ့ အလင်းမျက်နှာပြင်ပြကွက်တွေ ပါရှိပါတယ်။ သိချင်တာရှိရင်လည်း ကျွန်မ ဖြေကြားပေးသွားမှာပါ။"
ထိုသို့ပြောပြီးနောက် မော့ချူးသည် ခန္ဓာကိုယ်ကို အနည်းငယ်ကိုင်းညွှတ်ကာ ထောင့်တစ်နေရာသို့ လျှောက်သွားလိုက်သည်။ ထိုနေရာတွင် ပြပွဲ၏ အခြားအဓိကဇာတ်ဆောင်ဖြစ်သူ ချန်ပိုင် ရှိနေသည်။ သူသည် ခံ့ညားထည်ဝါသော အသွင်အပြင်ဖြင့် သီးသန့်ရပ်တည်နေခြင်း ဖြစ်သည်။
လူတိုင်းမှာ တစ်ယောက်ကိုတစ်ယောက် မကြည့်ဘဲ မနေနိုင်တော့ပေ။ သူတို့၏ ရင်ထဲတွင် အံ့အားသင့်မှုများက ဆူပွက်နေပြီ ဖြစ်သည်။
လွန်ခဲ့သော နှစ်ရက်အတွင်း မော့ချူးမှာ လူအများ စိတ်ဝင်တစား စောင့်ကြည့်ခံနေရသူ တစ်ဦးဖြစ်သည်ကို အားလုံးက သိထားကြသည်။
ပထမဦးစွာ သူမ၏ အရွယ်ရောက်ခြင်း အထိမ်းအမှတ် အခမ်းအနားသတင်းမှာ အင်တာနက်တစ်ခွင် ပျံ့နှံ့သွားခဲ့သည်။ ထိုသတင်းကိုပင် လူတိုင်း မေ့မသွားသေးမီမှာပင် သူမ၏ မျိုးဗီဇအဆင့်ကို သတ်မှတ်၍မရနိုင်သည့် အကြောင်းအရာက ရေပန်းအစားဆုံး ရှာဖွေမှုစာရင်းထဲသို့ ထပ်မံရောက်ရှိလာခဲ့ပြန်သည်။
ဤကိစ္စကြောင့် အင်တာနက်ပေါ်တွင် ကြီးမားသော အချင်းချင်း ဆဲဆိုဝေဖန်မှု တိုက်ပွဲကြီးပင် စတင်ခဲ့သည်။
ထိုအခြေအနေများနှင့် လုံးဝဆန့်ကျင်စွာပင် မော့ချူးသည် ထိုသတင်းများနှင့် ပတ်သက်၍ တစ်စုံတစ်ရာမျှ တုံ့ပြန်ခြင်း မရှိခဲ့ပေ။
သာမန် အနုပညာရှင်များနှင့် မတူသည်မှာ မော့ချူးသည် အများပြည်သူနှင့် ဆက်သွယ်နိုင်သော လူမှုကွန်ရက်စာမျက်နှာကို ဖွင့်မထားခြင်းပင် ဖြစ်သည်။ အင်း... ၎င်းမှာ ၂၁ ရာစု၏ ဝေ့ပေါ်နှင့် ဆင်တူသော်လည်း လုပ်ဆောင်ချက်မှာ ဝေ့ပေါ်ထက် ပို၍ အစွမ်းထက်လှသည်။ ၎င်းသည် အနုပညာရှင်များ၏ နေထိုင်မှုဘဝကို ၃၆၀ ဒီဂရီ ထောင့်ပေါင်းစုံမှ ကွက်လပ်မရှိ ပြသနိုင်သဖြင့် ကြယ်ပွင့်များကို ခြေရာခံချင်သူများအတွက် အလွန်ကောင်းမွန်သော ကိရိယာတစ်ခု ဖြစ်သည်။
မော့ချူးနှင့် အင်တာနက်အသုံးပြုသူများ ဆက်သွယ်နိုင်သည့် တစ်ခုတည်းသောနေရာမှာ သူမ၏ ဝိညာဉ်အစားအစာဆိုင်ရှိ မှတ်ချက်ကဏ္ဍသာ ဖြစ်သည်။
ထို့ကြောင့်ပင် ဤကာလအတွင်း သူမ၏ ဆိုင်မှ မှတ်ချက်များမှာ သောင်းနှင့်ချီ၍ ရှိနေသည်။ ဝင်ရောက်ကြည့်ရှုသူ အရေအတွက်မှာလည်း အခြားသော အဓိက ဝဘ်ဆိုက် စာမျက်နှာအားလုံးကို ကျော်လွန်သွားခဲ့သည်။
ကံမကောင်းစွာဖြင့်ပင် မော့ချူးက ၎င်းတို့ကို တုံ့ပြန်ခဲ့ခြင်း မရှိပေ။
၎င်းကပင် မော့ချူး၏ ပရိသတ်များကို စိုးရိမ်ပူပန်စေခဲ့သည်။ ချူးလေးသည် မည်မျှပင် အစွမ်းထက်စေကာမူ နောက်ဆုံးတွင် သူမသည် အရွယ်ရောက်ကာစ မိန်းကလေးတစ်ဦးသာ ဖြစ်သည်။ သူမသာ ဤကိစ္စကို လက်မခံနိုင်ဖြစ်နေလျှင် မည်မျှ ဝမ်းနည်းစရာ ကောင်းလိုက်မည်နည်း။
သို့သော်လည်း ယနေ့တွင် တွေ့မြင်လိုက်ရသည့်နောက်တွင် သူမ၏ ပရိသတ်ကိုယ်စားလှယ်အချို့မှာ ချက်ချင်းပင် သက်ပြင်းချနိုင်သွားကြသည်။ "ကြည့်စမ်း... ငါတို့ရဲ့ ချူးလေးက လှနေတုန်း၊ ကြံ့ခိုင်နေတုန်းပဲ။ သူမက ဒီလိုကိစ္စလေးနဲ့တော့ သေချာပေါက် အရှုံးပေးမှာ မဟုတ်ဘူး..."