အခန်း (၅၈၈)
Vol. 40 Ch. 588
မော့ချူးသည် 'မျိုးဗီဇအဆင့်သတ်မှတ်မှုကိစ္စ' ကြောင့် ထိခိုက်မှုမရှိခြင်းက သူမ၏ ပရိသတ်များကို စိတ်သက်သာရာရစေသော်လည်း အချို့သောသူများကိုမူ မကျေမနပ် ဖြစ်စေခဲ့သည်။
... ဒါက ဘာသဘောလဲ။
ဒီလောက် ကြီးမားတဲ့ကိစ္စမျိုး ဖြစ်ပြီးတာတောင် သူမက ဘယ်လိုလုပ် ဒီလောက်အထိ တည်ငြိမ်နေနိုင်ရတာလဲ။ ဒါက ဖြစ်နိုင်လို့လား။
ဟန်ဆောင်လိုက်စမ်းပါ... ဆက်ပြီးတော့သာ ဟန်ဆောင်နေလိုက်။
ထိုသို့ဖြင့် သူမကို ကြည့်မရသော လူအချို့က ပြဿနာရှာရန် စတင်တော့သည်…
"မော့ချူး ဒီအစိမ်းရောင် အပင်လေးအကြောင်းကို ငါတို့ကို ထပ်ပြီး မိတ်ဆက်ပေးနိုင်မလား။" စကားပြောလိုက်သူမှာ ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီမှ အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမ၏ စကားလုံးများမှာ အမြဲတမ်းပင် ဖော်ပြ၍မရသော ဗိုလ်ကျလိုစိတ်များ ပါဝင်နေသည်။
၎င်းမှာ မော့ချူးကို သူမ၏ အစေခံတစ်ဦးကဲ့သို့ ဆက်ဆံနေခြင်းဖြစ်ပြီး သူမ၏ လေသံတွင် လေးစားမှု တစ်စက်မျှ မပါရှိပေ။
အသံကြားရာသို့ မော့ချူး ခေါင်းလှည့်ကြည့်လိုက်သည်။ ရုပ်ရည်ချောမောသော လူအုပ်စုထဲမှ အမျိုးသမီးတစ်ဦးသည် သူမကို ရန်စလိုသော အကြည့်များဖြင့် ကြည့်နေသည်။ သူမ၏ ရုပ်ရည်မှာ အနည်းငယ် ရင်းနှီးနေသလိုပင်…
"ရပါတယ်" မော့ချူး၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွှတ်သွားကာ သူမသည် သူတို့ထံသို့ ခြေလှမ်းအနည်းငယ်ဖြင့် လျှောက်သွားလိုက်သည်။
အို... ဒီအခြေအနေက တစ်ခုခု မှားနေလားလို့။
လူတိုင်းသိထားသည့်အတိုင်း ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီမှ လူများနှင့် ချူးလေးတို့မှာ နက်ရှိုင်းသော စိတ်ဝမ်းကွဲမှုများ ရှိခဲ့ကြသည်။ ထို့ပြင် ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီသို့ ရောင်းချသော စိတ်ဝိညာဉ်အစားအစာ ဈေးနှုန်းမှာလည်း ပြင်ပရောင်းချမှုများထဲတွင် အမြင့်ဆုံး ဖြစ်နေသည်။
ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီဘက်မှ အစပိုင်းတွင် ကန့်ကွက်မှုများ ပြုလုပ်ခဲ့သော်လည်း မော့ချူးက စကားတစ်ခွန်းဖြင့်ပင် ပြန်လည်ချေပခဲ့သည်…
"ဒီအရာကို ကျွန်မကိုယ်တိုင် လုပ်တာဖြစ်လို့ ဈေးနှုန်းကိုလည်း ကျွန်မပဲ သတ်မှတ်မှာပဲ။ ဝယ်မလား၊ မဝယ်ဘူးလား ဆိုတာကတော့ ရှင်တို့ သဘောပဲ။"
အစပိုင်းတွင် ဤကိစ္စကြောင့် ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီမှ လူများသည် ဆန္ဒပြပွဲများပင် ပြုလုပ်ခဲ့ကြသည်ဟု ဆိုရမည်။ သူတို့သည် မော့ချူးကို ဈေးလျှော့ပေးရန် ဖိအားပေးသည့်အနေဖြင့် စိတ်ဝိညာဉ် အစားအစာများကို စုပေါင်းသပိတ်မှောက်ခဲ့ကြသည်။
ထိုအချိန်တွင် မော့ချူးက ဘာမျှမပြောဘဲ ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီသို့ ရောင်းချနေသော စိတ်ဝိညာဉ်အစားအစာ အားလုံးကို ချက်ချင်း ရုပ်သိမ်းလိုက်သည်။
... ရှင်တို့က သပိတ်မှောက်ချင်တာလား။
ကောင်းပြီလေ။
ရှင်တို့ အလိုရှိတဲ့အတိုင်း ဖြစ်စေရမယ်။
ကျွန်မ မရောင်းတော့ဘူး၊ ဒါပဲ။
ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီ၏ ဈေးကွက်ဝေစုမှာ အလွန်ကြီးမားသော်လည်း မော့ချူး ခေါင်းခါလျက် ပြောလိုက်သည်။ "... ဟွန့်၊ ကျွန်မတို့က ပိုက်ဆံမပြတ်လပ်ပါဘူး။"
ထိုအခါမှသာ ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီမှ လူများမှာ စတင်ပျာယာခတ်လာကြတော့သည်။ သူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ မော့ချူး၏ တုံ့ပြန်မှုမှာ ဤမျှအထိ ကျိုးကြောင်းဆီလျော်မှု မရှိလိမ့်မည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ပေ။
... သူမက ဈေးလျှော့ပေးအောင် အကျပ်ကိုင်ခံရမှာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်လို့ ဒီလိုကြီး ဖြစ်သွားတာလဲ။
အစပိုင်းတွင် ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီမှ လူများမှာ တောင့်ခံထားဆဲ ဖြစ်သည်။ "မရောင်းချင်လည်း မရောင်းနဲ့ပေါ့၊ ငါတို့က ဂရုမစိုက်ဘူး။"
နောက်ဆုံးတွင် နှစ်လမပြည့်မီမှာပင် သူတို့ တောင့်မခံနိုင်တော့ပေ။ နောက်ဆုံးတော့ ကောင်းမွန်တဲ့ အစားအစာကို စားဖူးသွားပြီးမှ ဘယ်သူက ဝက်စာလို အစားအစာမျိုးကို ပြန်စားချင်ပါတော့မလဲ။
ထို့နောက် သူတို့သည် မော့ချူးနှင့် ပြန်ဆက်သွယ်ရန် လူတစ်ယောက်ကို စေလွှတ်ခဲ့ကြသည်။
မော့ချူးမှာမူ သူတို့ကို လုံးဝအဖက်မလုပ်ပေ။ သူမသည် တစ်နေကုန် ဓာတ်ခွဲခန်းထဲသို့သာ ပြေးဝင်နေတော့သည်။
သာမန်လူတွေက ချန်ပိုင်ရဲ့ ဓာတ်ခွဲခန်းထဲကို ဝင်လို့ရပါ့မလား။
ဒါကတော့ လုံးဝမဖြစ်နိုင်တာပဲ။
နောက်ဆုံးတွင် အခြားနည်းလမ်းမရှိတော့သဖြင့် ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီမှ အထက်လူကြီးများသည် အဖွဲ့ချုပ် အစိုးရထံ တိုက်ရိုက်ဆက်သွယ်ကာ ယခင်ဈေးနှုန်းအတိုင်းပင် ဝယ်ယူရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့ရသည်။
အဖွဲ့ချုပ်ဘက်ကမူ ဤဇာတ်လမ်းကို အလွန်ပင် ကျေနပ်အားရစွာ ကြည့်နေခဲ့သည်။
သူတို့ကို ရက်သတ္တပတ် အနည်းငယ်မျှ စောင့်ခိုင်းထားပြီးနောက် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုများကြောင့် မော့ချူးကို နောက်ဆုံးတွင် အကြောင်းကြားခဲ့သည်။
ထိုအချိန်မှသာ ဤကိစ္စအရပ်ရပ်မှာ ပြီးဆုံးသွားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း မော့ချူးနှင့် ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီအကြားမှ အမုန်းတရားများမှာမူ ပို၍ပင် နက်ရှိုင်းလာခဲ့သည်။
မော့ချူး အနားသို့ လျှောက်လာသည်နှင့် တစ်ပြိုင်နက် လေထုမှာ ရုတ်တရက် တင်းမာသွားခဲ့သည်။
လူတိုင်းမှာ ခေါင်းလှည့်လိုက်ကြကာ သူတို့ထံသို့သာ အာရုံစိုက်လိုက်ကြတော့သည်။
"ရှင် ဘာကို နားမလည်တာလဲ" မော့ချူးသည် အစိမ်းရောင်အပင်များကို စကားပြောနေသကဲ့သို့ပင် ထိုမိန်းကလေး၏ ရန်စစကားများကို လျစ်လျူရှုလိုက်သည်။
"ဒီအပင်အကြောင်းကို မေးချင်တာပါ၊ ဒါကို ပြုစုပျိုးထောင်လာတာ ဘယ်လောက်ကြာပြီလဲ" အခြားအမျိုးသားတစ်ဦးက အရင်ဦးဆုံး မေးမြန်းလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် စိတ်ဝင်တစားရှိမှုများ ပြည့်နှက်နေပြီး သူသည် အပင်စိုက်ပျိုးဝါသနာရှင်တစ်ဦး ဖြစ်ပုံရသည်။
"အစပိုင်း မျိုးစေ့ရွေးချယ်တာကနေ မျိုးဗီဇဖွဲ့စည်းပုံ ဖော်ဆောင်တာ၊ နောက်ပြီး ပြုစုပျိုးထောင်တာအထိ စုစုပေါင်း ၁၂ နှစ်လောက် ကြာခဲ့ပါတယ်" မော့ချူးသည် ဉာဏ်ပညာတိမ်တိုက် ဂလက်ဆီမှ လူများကို သိပ်မနှစ်သက်သော်လည်း ဤကဲ့သို့ စိုက်ပျိုးရေးအပေါ် စွဲလန်းသူတစ်ဦးအတွက်မူ သူမက အသေအချာ ရှင်းပြပေးခဲ့သည်။
"၁၂ နှစ်ပဲလား" ထိုအမျိုးသားမှာ အံ့အားသင့်စွာဖြင့် မျက်လုံးပြူးသွားကာ မယုံနိုင်သလို မေးလိုက်သည်။
မှန်ပါသည်။ ၁၂ နှစ်ဟူသည်မှာ ကြောက်စရာကောင်းသော ကိန်းဂဏန်းတစ်ခုကဲ့သို့ ထင်ရသော်လည်း ရာနှင့်ချီသော သို့မဟုတ် ထောင်နှင့်ချီသော စိုက်ပျိုးရေးသမိုင်းနှင့် နှိုင်းယှဉ်လျှင် ဘာမျှမဟုတ်ပေ။
ဂလက်ဆီတိုင်းလိုလိုသည် စိုက်ပျိုးရေး လုပ်ငန်းများတွင် ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံထားကြသည်ကို လူတိုင်းသိသော်လည်း ယခုအချိန်အထိ အဖွဲ့ချုပ်တစ်ခုတည်းသာ အောင်မြင်သော ရလဒ်များကို ထုတ်ဖော်နိုင်ခဲ့ခြင်းဖြစ်သည်။
မော့ချူး ခေါင်းညိတ်ပြလိုက်သည်။ "၁၂ နှစ် ကြာခဲ့ပါတယ်။"
မော့ချူး၏ အတည်ပြုချက်ကို ရရှိပြီးနောက် ထိုအမျိုးသားမှာ အံ့ဩတကြီး ရေရွတ်မိတော့သည်။ "ဒါက တကယ်ကို မယုံနိုင်စရာပဲ။ ၁၂ နှစ်အတွင်းမှာ ဒီလောက်လှပတဲ့အပင်ကို ပြန်လည်ဖော်ဆောင်နိုင်တယ်ဆိုတာ တကယ့်ကို အံ့ဩဖို့ကောင်းလှပါတယ်။"
"ဒါဆို ဒါကရော..." ထိုအမျိုးသားက ဆက်မေးခဲ့သည်။ "ဒီပေါ်မှာရှိတဲ့ အဖြူရောင်က သူ့ရဲ့ အရွက်လား။"
"မဟုတ်ပါဘူး" မော့ချူး ခေါင်းအသာခါလိုက်သည်။ သူမ၏ ရင်ထဲတွင် ခံစားချက်မှာ အနည်းငယ် ရှုပ်ထွေးနေမိသည်။ "ဒါက ပွင့်လာတဲ့ ပန်းလေးပါ။"
သူမ၏ ရှေ့မှအပင်မှာ ၂၁ ရာစုတွင် အလွန်တွေ့ရများသော သစ်ခွပင်တစ်ပင်သာ ဖြစ်သည်။ ငါးနှစ်သားအရွယ် ကလေးပင်လျှင် ဘယ်ဟာက အရွက်၊ ဘယ်ဟာက အပွင့်ဆိုသည်ကို အလွယ်တကူ ခွဲခြားနိုင်သော်လည်း... ယခုအခါတွင်မူ ၎င်းက သုတေသန၏ ဗဟိုချက် ဖြစ်နေရခြင်းမှာ သက်ပြင်းချစရာပင် ဖြစ်သည်။
"ပန်းလား" ထိုအမျိုးသားမှာ ခေတ္တမျှ ကြောင်သွားပြီး ချက်ချင်း တုံ့ပြန်နိုင်စွမ်း မရှိတော့ပေ။
မှော်အပင်များ၏ ပန်းနှင့် အရွက်များမှာ သီးခြားစီဖြစ်နေတတ်ပြီး သူတို့၏ အသွင်အပြင်မှာလည်း ထူးဆန်းလှသည်။ ၎င်းမှာ ရှေ့ရှိ သစ်ခွပင်နှင့် လုံးဝကွာခြားလှသည်။
"အင်း" မော့ချူးက ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူမသည် လက်ကိုဆန့်ကာ ဘေးမှ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။ သစ်ခွပင်ကို အုပ်ထားသော ဖောက်ထွင်းမြင်ရသည့် ဖန်အုပ်ဆောင်းလေးမှာ တဖြည်းဖြည်း မြင့်တက်လာသည်။ "အနားလာပြီး အနံ့ခံကြည့်လို့ရပါတယ်။"
ထိုအမျိုးသားမှာ တွန့်ဆုတ်မနေဘဲ အနားသို့ တိုးကြည့်လိုက်ရာ သူ၏ မျက်လုံးများမှာ ချက်ချင်း လင်းလက်သွားသည်။ "ဒီအနံ့က... အရမ်းမွှေးတာပဲ။"
လူများကို ဆွဲဆောင်ရန်အတွက် အသုံးပြုသော မှော်အပင်များ၏ ပြင်းထန်သော အနံ့မျိုးနှင့် မတူဘဲ သစ်ခွပန်း၏ အနံ့မှာ ပို၍ နူးညံ့ပြီး ငြိမ်းချမ်းလှသည်။
မော့ချူး၏ လုပ်ဆောင်မှုကို မြင်လိုက်ရသောအခါ အခြားသော လာရောက်ကြည့်ရှုသူများလည်း ထိုဒီဇိုင်းလေးကို သတိပြုမိသွားကြသည်။ သူတို့သည် စိတ်မရှည်စွာဖြင့် ဘေးမှခလုတ်များကို နှိပ်ကာ အနံ့ခံကြည့်ကြတော့သည်။ မူလက သင်းပျံ့ရုံသာရှိသော အနံ့လေးမှာ ရုတ်တရက် ထင်ရှားလာခဲ့သည်။
"ဒီအပင်ကို နင်ပဲ ပြန်ထိန်းသိမ်းခဲ့တာလား" မော့ချူးအပေါ် မကောင်းကြံလိုသော ထိုအမျိုးသမီးက စနောက်လိုသော လေသံဖြင့် မေးလိုက်သည်။
"မဟုတ်ပါဘူး၊ ဒါကို ဆရာနဲ့ ကျွန်မ အတူတူ လုပ်ခဲ့တာပါ။"
"အတူတူတဲ့လား" ထိုအမျိုးသမီးက မျက်ခုံးပင့်လိုက်သည်။ "ဒါဆို နင်က ဘာကို တာဝန်ယူရတာလဲ။ အဲဒါလေး ပြောပြပေးနိုင်မလား။"
အို…
မော့ချူး၏ နှုတ်ခမ်းအစုံမှာ ကွေးညွှတ်သွားသည်။ ဒီအမျိုးသမီးက... သူမဆီကနေ သတင်းအချက်အလက်တွေ ရယူဖို့ အခွင့်အရေးကို အသုံးချနေတာလား။
ထိုအမျိုးသမီးမှာ ပေါ့ပေါ့ပါးပါး မေးနေပုံရသော်လည်း မော့ချူးအတွက် ထောင်ချောက်တစ်ခု ဆင်ထားခြင်း ဖြစ်သည်။
မော့ချူးက ပြန်မဖြေလျှင် သူမသည် အားနည်းသူတစ်ဦးအဖြစ် ထင်မြင်ခံရမည်ဖြစ်ပြီး ဖြေလိုက်လျှင်လည်း သူတို့၏ သုတေသနနည်းလမ်းများကို ဖော်ပြမိသွားနိုင်ခြေရှိသည်။ မည်သို့ပင်ဖြစ်စေ ခက်ခဲသော အခြေအနေတစ်ခုပင် ဖြစ်သည်။
ထိုအမျိုးသမီးမှာလည်း ၎င်းကို သိရှိထားသည်။ သူမသည် မော့ချူး၏ အဖြေကို စိတ်ဝင်တစား စောင့်ဆိုင်းနေသည်။
"ဪ... ကျွန်မကတော့ များသောအားဖြင့်..." ထိုအမျိုးသမီး၏ မျက်လုံးများ ပိုတောက်ပလာသည်ကို တွေ့လိုက်ရသောအခါ မော့ချူး၏ နှုတ်ခမ်းများမှာ ကွေးညွတ်သွားပြီး ဖြေလိုက်သည်။ "ဘေးကနေ... ဝိုင်းကူပေးရတာပါ။"
ထိုစကားလုံးများမှာ အပြစ်ပြောစရာမရှိအောင် ပြည့်စုံလှသော အဖြေပင် ဖြစ်သည်။
ထိုအမျိုးသမီး၏ ကျေနပ်နေသော မျက်နှာပေးမှာ ချက်ချင်း တောင့်ခဲသွားခဲ့သည်။ မော့ချူးသည် အရေးကြီးသော အချက်များကို လွှဲရှောင်ကာ ဤကဲ့သို့ ဖြေလိမ့်မည်ဟု သူမ လုံးဝမထင်ထားခဲ့ပေ။
ထိုအမျိုးသမီးက အံကြိတ်လျက် ပြောလိုက်သည်။ "... ပိုပြီး အသေးစိတ် မပြောနိုင်ဘူးလား။"
"ဖူး..."
မော့ချူး အသံထွက်အောင် ရယ်မောလိုက်သည်။ "ပိုပြီး အသေးစိတ်တောင် ပြောပြရမှာလား။ ရှင်က ကျွန်မတို့ရဲ့ သုတေသန လုပ်ငန်းစဉ်တွေကို စူးစမ်းချင်နေတာလား။"
"ဒါက ကျွန်မတို့ ဓာတ်ခွဲခန်းရဲ့ လျှို့ဝှက်ချက်ပါ၊ စိတ်မကောင်းပါဘူး၊ ဒါကိုတော့ ပြောပြလို့ မရဘူး။"
မော့ချူး၏ စကားလုံးများမှာ အလွန်ပင် ပွင့်လင်းလှသည်။ သူမသည် 'သတင်းခိုးယူခြင်း' ဟူသော စကားလုံးကို သူတို့၏ ခေါင်းပေါ်သို့ ပုံချရန်သာ လိုတော့သည်။
ခေတ္တမျှပင် ထိုလူတစ်စု၏ မျက်နှာများမှာ အလွန်ပင် ကြည့်ရဆိုးသွားခဲ့သည်…
အထူးသဖြင့် ဘေးရှိလူများက ပြုံးစိစိဖြင့် တီးတိုးပြောနေကြခြင်းက သူတို့ကို ပို၍ပင် အရှက်ရစေခဲ့သည်။
'ဟွန့်' မော့ချူးက မျက်ခုံးပင့်လိုက်သည်။ 'ရှင်တို့က ကျွန်မဆီက တစ်ခုခု ရအောင် ထပ်ကြိုးစားနေဦးမှာလား။ ရှင်တို့က အ နေတာလား။'