အခန်း (၅၉၁)
Vol. 40 Ch. 591
“ရှင် ဘာဖြစ်နေတာလဲ” မော့ချူးသည် နျဉ်ယွိယွမ်၏ နက်ရှိုင်း၍ နူးညံ့သော မျက်လုံးများကို ကြည့်ရင်း မှင်တက်သွားခဲ့သည်။
“ဘာမှမဟုတ်ပါဘူး” နျဉ်ယွိယွမ်က ခေါင်းကို အသာအယာခါယမ်းလိုက်ပြီး ရုတ်တရက် သက်ပြင်းချလိုက်သည်။ “ကိုယ့်ကိုယ်ကိုယ် တကယ့်ကို ကံကောင်းတာပဲလို့ ရုတ်တရက် ခံစားမိသွားလို့ပါ...”
ခုနကလေးတင် ပြပွဲခန်းမ၏ ထောင့်တစ်နေရာမှနေ၍ သူ၏ရင်ခွင်ထဲရှိ မိန်းကလေးမှာ မည်မျှ ယုံကြည်မှုရှိပြီး ရက်ရောကြောင်းကို သူ မြင်တွေ့ခဲ့ရသည်။ သူမသည် ဉာဏ်ပညာတိမ်တိုက်ဂလက်ဆီ၏ ကိုယ်စားလှယ်ကို ရင်ဆိုင်ရင်း မိမိ၏ ကိုယ်ပိုင်အစွမ်းအစဖြင့် တစ်ဂလက်ဆီလုံးကို တုန်လှုပ်စေခဲ့သည်ကို သူ မြင်တွေ့ခဲ့သည်။ သူမသည် စိုက်ပျိုးရေးနှင့်ပတ်သက်သော အသိပညာများကို အဆုံးမရှိ ရှင်းပြနေသည်ကိုလည်း သူ မြင်တွေ့ခဲ့ရလေသည်…
ချူးလေးသည် အရောင်မတင်ရသေးသော ကျောက်စိမ်းရိုင်းတစ်တုံးကဲ့သို့ပင် ဖြစ်သည်။ အခက်အခဲများက သူမကို အရောင်တင်ပေးလိုက်သည့်အခါတွင်မူ သူမသည် ကိုယ်ပိုင်တောက်ပမှုနှင့် ဆွဲဆောင်မှုများကို တဖြည်းဖြည်းနှင့် ထုတ်ဖော်လာခဲ့ပြီ ဖြစ်သည်။
... ထိုသို့သော ရတနာတစ်ပါးမှာ ယခုအခါ သူ၏ ရင်ခွင်ထဲတွင် ရှိနေပြီဖြစ်သည်။ သူ ဘယ်လိုလုပ် ကျေးဇူးမတင်ဘဲ နေနိုင်ပါ့မလဲ။
“ဟင်” မော့ချူး မျက်မှောင်ကြုတ်ရင်း ရယ်မောလိုက်သည်။ “ဘာလဲ။ စကားကလည်း အစမရှိ အဆုံးမရှိ။”
“လာပါ၊ ရေလေး သောက်လိုက်ဦး” နျဉ်ယွိယွမ်သည် ထပ်၍ ရှင်းမပြတော့ဘဲ ရေသန့်ဘူးကို မော့ချူး၏ နှုတ်ခမ်းနားသို့ တိုးပေးလိုက်သည်။
အချို့သော စကားလုံးများသည် သူ့နှလုံးသားထဲတွင် မှတ်သားထားရန်သာ လုံလောက်ပြီး အားလုံးကို ထုတ်ပြောပြနေရန် မလိုအပ်ပေ။
“မရဘူး၊ ကျွန်မဘာသာကျွန်မပဲ လုပ်မယ်” မော့ချူး၏ သဘောထားမှာ ယခုတစ်ကြိမ်တွင်မူ ခိုင်မာလှသည်။ အကယ်၍ နျဉ်ယွိယွမ်က ယခင်လှည့်ကွက်မျိုးကို ထပ်မံအသုံးပြုမည်ဆိုလျှင် သူမ၏မျက်နှာမှာ အမှန်တကယ်ပင် နီမြန်းသွားပေလိမ့်မည်..
“ကောင်းပါပြီ” နျဉ်ယွိယွမ်သည် ယခုတစ်ကြိမ်တွင်မူ သူမ၏ လက်ကို လျင်မြန်စွာ လွှတ်ပေးလိုက်ပြီး ရေသန့်ဘူးကို သူမထံသို့ တိုက်ရိုက် ကမ်းပေးလိုက်သည်။
မော့ချူးသည် သူ့ကို သံသယဖြစ်ဖွယ် စိုက်ကြည့်ရင်း ရေသောက်လိုက်သည်... ဤလူသည် အမှန်တကယ်ပင် ထိုမျှလောက် နာခံတတ်သည်လား။
သူမ ရေအနည်းငယ် သောက်လိုက်ရုံသာ ရှိသေးသော်လည်း နျဉ်ယွိယွမ်သည် ရုတ်တရက် လှည့်ထွက်သွားခဲ့သည်။
မော့ချူး မှင်တက်သွားခဲ့သည်…
သူက ဘယ်လိုလူမျိုးလဲ။ သူမကို အခွင့်ကောင်းမယူဘဲ ထွက်သွားတယ်ပေါ့။ ဒါက တကယ်ကို မယုံနိုင်စရာပဲ။
သူမ၏ အကြည့်များသည် နျဉ်ယွိယွမ်၏ ခြေလှမ်းများနောက်သို့ လိုက်ပါသွားခဲ့သည်…
သူသည် ရုတ်တရက် ရပ်တန့်လိုက်ပြီး သူ့ကို ကြောင်အစွာ ကြည့်နေကြသော အမျိုးသားအချို့ကို မေးမြန်းလိုက်သည်။ “ခုနက မင်းတို့ ဘာတွေ လောင်းကြေးထပ်နေကြတာလဲ။”
“အမ်း...” ထိုအမျိုးသားများမှာ အချိန်အတန်ကြာ မှင်တက်သွားပြီးမှ သတိဝင်လာကြသည်။ သူတို့သည် ခေါင်းကို အမြန်ခါယမ်းလိုက်ကြပြီး ထစ်ထစ်အအဖြင့် ဖြေကြားလိုက်ကြသည်။ “မဟုတ်... မဟုတ်ပါဘူး၊ ဘာမှမဟုတ်ပါဘူး...”
သူတို့ရင်ထဲတွင်မူ မနေနိုင်ဘဲ အော်ဟစ်နေမိကြတော့သည်။ သူတို့၏ အသံများမှာ ခုနက အလွန်တိုးလှသော်လည်း နျဉ်ယွိယွမ်က အကုန်ကြားသွားခဲ့သည်။ သူကတော့ ဘယ်သူ့ကိုမှ အလွတ်မပေးတော့ဘူးပဲ။
“ငါလည်း လောင်းမယ်” နျဉ်ယွိယွမ်သည် ရုတ်တရက် ပြုံးလိုက်သည်။ “မော့ချူးလေးနဲ့ ငါ အောင်အောင်မြင်မြင် လက်ထပ်နိုင်မယ်ဆိုတဲ့အပေါ်မှာ ငါက လောင်းကြေးကို အဆ ၂၀ တိုးပြီး လောင်းမယ်။”
သူ့ဘေးနားတွင်ရှိနေပြီး နျဉ်ယွိယွမ်ကြောင့် လောင်းကြေး အလှည့်အပြောင်း ဖြစ်သွားသော အမျိုးသားမှာ ရင်ထဲတွင် တုန်လှုပ်သွားတော့သည်... ငါ ခုနကပဲ ဖက်ဒရယမ် ဒင်္ဂါး ၂၀၀၀ ရှုံးသွားတာလား။
“ဖူးးး” မော့ချူးသည် သူမ ခုနက သောက်လက်စ ရေများကို ပြန်၍ ထွေးထုတ်လိုက်မိသည်။
နျဉ်ယွိယွမ်၊ ရှင် တကယ်ကို စွမ်းတာပဲ။
ပြပွဲတစ်ခုသည် လူတိုင်း၏ စိတ်အာရုံထဲရှိ မော့ချူးအပေါ် ထားရှိသော အထင်အမြင်များကို တစ်ဖန်ပြန်၍ ဆန်းသစ်သွားစေခဲ့သည်။
သူမ၏ မျိုးရိုးဗီဇအဆင့်ကို အတည်မပြုနိုင်ခြင်းက သူမ၏ ခိုင်မာလှသော ဂုဏ်သိက္ခာနှင့် မာန်မာနကို ဖိနှိပ်နိုင်ခြင်း မရှိခဲ့ပေ။ သူမသည် ယခင်ကကဲ့သို့ပင် အမြဲပြုံးရွှင်ကာ သဘောထားကြီးလှသော မိန်းကလေးအဖြစ်ပင် ရှိနေဆဲ ဖြစ်သည်။
ကြယ်တစ်ပွင့်ခန်းမရှေ့တွင် ပြသခဲ့သော ချစ်ခြင်းမေတ္တာများမှာ လူတိုင်း၏ မျက်လုံးများကို ကျိန်းသွားစေခဲ့သည်။
အွန်လိုင်းအသုံးပြုသူ အများစုကလည်း ရေရွတ်နေကြတော့သည်။ “မော့ချူးနဲ့ နျဉ်ယွိယွမ်တို့ဆီမှာ ငါ အချစ်စစ်ဆိုတာကို ပြန်မြင်နေရပြီ။”
အဘိုးနျဉ်သည် များသောအားဖြင့် စတားနက်ပေါ်ရှိ သတင်းများကို စိတ်ဝင်စားလေ့မရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ အွန်လိုင်းအသုံးပြုသူများ ရိုက်ကူးထားသည့် ထိုဗီဒီယိုဖိုင်ကို အကြိမ်ကြိမ်အခါခါ ပြန်ကြည့်နေမိသည်။
သူ၏မျက်လုံးထဲတွင် အမြဲတမ်း တည်ငြိမ်အေးဆေးလေ့ရှိသော မြေးဖြစ်သူမှာ ဗီဒီယိုထဲ၌ အလွန်ပင် တက်ကြွလန်းဆန်းနေသည်။ သူ၏ မျက်ဝန်းအစုံမှ လင်းလက်နေမှုမှာ နေရောင်ခြည်ထက်ပင် ပိုတောက်ပနေသယောင် ရှိသည်။
သူသည် လူအများရှေ့တွင်ပင် မော့ချူးကို နမ်းခဲ့သေးသည်။
သူ၏ မျက်နှာထက်တွင် ပျော်ရွှင်မှုနှင့် နွေးထွေးမှုတို့ကို အထင်သား မြင်တွေ့နိုင်သည်…
“ရှောင်ချန်...” အဘိုးနျဉ်က မျက်လုံးကို အသာမှိတ်ကာ သက်ပြင်းချလိုက်သည်။ “မင်းအထင်... ငါက အရမ်း ခေါင်းမာလွန်းနေပြီလား။”
သူ့ဘေးတွင် ထိုင်နေသော အဘိုးအို ချန်ကျစ်မှာ အဘိုးနျဉ်၏ လက်အောက်ငယ်သားဟောင်း တစ်ဦးဖြစ်သည်။ သူသည် ဆယ်စုနှစ်များစွာတိုင်အောင် လိုက်ပါအမှုထမ်းခဲ့ပြီး အဘိုးနျဉ် အနားယူသွားသည့်တိုင် သူတို့နှစ်ဦးမှာ အမြဲတစေ အဆက်အသွယ် ရှိနေခဲ့သည်။
ဤမျှနှစ်ရှည်လုနီးပါး ခင်မင်လာကြသည့် သံယောဇဉ်အရ တစ်ဦး၏အကြောင်းကို တစ်ဦးက ကောင်းကောင်း သိနေကြပြီ မဟုတ်ပါလား။
လူကြီးမင်းနျဥ်၏ မေးခွန်းကို ကြားသောအခါ ချန်ကျစ်က တိုက်ရိုက် ပြန်မဖြေခဲ့ပေ။
သူသည် ဗီဒီယိုထဲမှ နျဉ်ယွိယွမ်ကိုသာ စိုက်ကြည့်ရင်း ကျေနပ်စွာ ပြုံးလိုက်သည်။ “ဒီကလေးက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကထက် အများကြီး ပိုပြီး တက်ကြွလန်းဆန်းလာတာပဲ။”
အတိအကျပင်။
နျဉ်မိသားစုတွင် လူကြီးမင်းနျဥ်နှင့် နျဉ်ကျန်းဟိုင် ဟူသော အမျိုးသားနှစ်ဦးသာ ရှိသည်။ သို့သော် သူတို့နှစ်ဦးစလုံးမှာ စစ်ဘက်မှ လာသူများဖြစ်ပြီး သူတို့၏ သားသမီးများကိုလည်း တူညီသောနည်းလမ်းဖြင့်သာ သွန်သင်ဆုံးမခဲ့ကြသည်။
၎င်းကို စကားလုံးနှစ်လုံးတည်းဖြင့် အကျဉ်းချရလျှင်.. “သံမဏိစည်းကမ်းများ” ပင် ဖြစ်သည်။
နျဉ်ယွိယွမ်သည် အရွယ်ရောက်မှသာ စစ်တပ်သို့ ဝင်ရောက်ခဲ့သော်လည်း ငယ်စဉ်ကတည်းက ရရှိခဲ့သော ပညာရေးမှာ စစ်ဘက်ဆိုင်ရာ ပုံစံသွင်းမှုများ ဖြစ်နေခဲ့ပြီဖြစ်သည်။
ဤနျဉ်ယွိယွမ်မှာ အေးစက်ထက်မြက်သည့် သံမဏိဓားတစ်လက်ကဲ့သို့ တည်ကြည်ခိုင်မာလွန်းလှသည်။
သူသည် တည်ငြိမ်ပြီး ပရိယာယ်ကြွယ်ဝသော်လည်း လူငယ်တစ်ဦး၏ တက်ကြွမှုနှင့် သွေးကြွမှုတို့မှာ အနည်းငယ် လိုအပ်နေသေးသည်။
သို့သော် ယခုမူ သူ မြင်တွေ့လိုက်ရလေပြီ..
“ဟုတ်တာပေါ့” အဘိုးနျဉ်က ခံစားချက်အပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။ သူကိုယ်တိုင်ပင် ဤအချက်ကို မငြင်းနိုင်ပေ။
သူ၏မြေးမှာ အချစ် ဆိုတာကို နားမလည်သလို ယခင်က မည်သူ့အပေါ်မှလည်း စိတ်မလှုပ်ရှားခဲ့ဖူးပေ။ သို့သော် မော့ချူးနှင့် တွေ့ပြီးချိန်မှစ၍ သူ၏တိုးတက်မှုမှာ အဆမတန် မြန်ဆန်လာခဲ့သည်။ နေ့တိုင်း လူတစ်ယောက်ကို လိုက်ပိုးပန်းသည့် နည်းလမ်းမှာ တစ်ခုနှင့်တစ်ခု မထပ်ရအောင် ပြောင်းလဲနေတော့သည်။
သူ့နှလုံးသားထဲတွင် မော့ချူးကိုသာ အတည်ရည်ရွယ်ထားပုံရသည်။ ဒီမိန်းကလေးကတော့…
“အကြီးအကဲ...” ချန်ကျစ်သည် အဘိုးနျဥ်၏ အတွင်းစိတ်တိုက်ပွဲကို မြင်နေရသဖြင့် နောက်ထပ်စကားတစ်ခွန်းကို ထပ်ပြောလိုက်သည်။ “ကျွန်တော် အကြီးအကဲ ဘာတွေးနေလဲဆိုတာ သိပါတယ်။ အကယ်၍ အကြီးအကဲရဲ့ ဇနီးသာ ဒီမှာရှိနေဦးမယ်ဆိုရင် သူမက ဘယ်လိုရွေးချယ်မှုမျိုး လုပ်မလဲဆိုတာ တွေးကြည့်ဖူးလား။”
ထိုစကားကို ကြားလိုက်ရသည့်အခါ အဘိုးနျဉ်၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တုန်ယင်သွားခဲ့သည်။
သူ၏ တွန့်ရှုံ့နေသော မျက်ဝန်းများမှာ ရုတ်တရက် ကြည်လင်လာပြီး ယခင်က ခေါင်းမာပြီး လှပသည့် အမျိုးသမီးကို မြင်ယောင်လာသကဲ့သို့ ရှိလေသည်…
သူမ၏ ဘဝနောက်ဆုံးအချိန်တွင်ပင် သူတို့၏ရင်သွေးကို ကာကွယ်ပေးခဲ့ပြီး သူ့ကို ပြုံးကြည့်ကာ ပြောခဲ့သေးသည်။ “ရှင်... ရှင် ကောင်းကောင်းမွန်မွန် နေထိုင်သွားရမယ်နော်။ ပြီးတော့ ကျွန်မတို့ရဲ့ မြေးတွေ၊ မြစ်တွေ မျိုးဆက်အလိုက် လက်ဆင့်ကမ်းသွားကြတာကို ကြည့်ပေးရမယ်...”
ဝေဝါးနေပြီဟု ထင်ထားသော ထိုမြင်ကွင်းများမှာ ရုတ်တရက် ထင်ရှားလာခဲ့သည်။ သူသည် သူမ၏ တုန်ယင်နေသော၊ သွေးမရှိတော့သော နှုတ်ခမ်းလွှာများကိုပင် ရှင်းရှင်းလင်းလင်း မှတ်မိနေသေးသည်။
အကြီးအကဲနျဉ်သည် လက်သီးကို တင်းတင်းဆုပ်ကာ ခေါင်းငုံ့ထားလိုက်မိသည်။
အကြီးအကဲနျဉ် မည်မျှပင် စိတ်ဓာတ်ခိုင်မာပါစေ၊ ဆံပင်များ ဖြူဖွေးနေပြီ ဖြစ်သော်လည်း သူချစ်ရသော ဇနီးအကြောင်း ပြောလာလျှင်မူ ဝမ်းနည်းကြေကွဲမှုကို ခံစားရဆဲပင်။
ချန်ကျစ်သည် အသာအယာ သက်ပြင်းချကာ အကြီးအကဲနျဉ်၏ ကျောကို ပုတ်ပေးရင်း တိတ်ဆိတ်စွာ အဖော်ပြုပေးနေခဲ့သည်။
အကြီးအကဲသည် သူတို့နှစ်ဦး ပေါင်းဖက်ခြင်းကို ကန့်ကွက်နေရခြင်းမှာ နျဉ်မိသားစု၏ အနာဂတ်အတွက် တစ်စိတ်တစ်ပိုင်း ပါဝင်သော်လည်း အဓိကအားဖြင့် သူ၏ဇနီးအပေါ် ထားရှိခဲ့သော ကတိကို တည်ချင်သောကြောင့် ဖြစ်ကြောင်း ချန်ကျစ် သိရှိနေသည်။
သူမ၏ကိုယ်စား နောက်မျိုးဆက်များကို ကြည့်ရှုပေးချင်ခဲ့သော်လည်း ဤစကားများကို သူ ထုတ်မပြောနိုင်ခဲ့ပေ။ သူ့နှလုံးသားထဲက ဒဏ်ရာဒဏ်ချက်ကိုလည်း လူတိုင်းမြင်အောင် မပြသနိုင်ခဲ့ပေ။
အချိန်အတော်ကြာပြီးနောက်တွင်မူ အဘိုးအိုသည် နောက်ဆုံး၌ ခေါင်းမော့လာပြီး ဆက်ပြသနေဆဲဖြစ်သော ဗီဒီယိုကို ကြည့်လိုက်သည်။ မျက်နှာလေး အနည်းငယ် နီမြန်းနေသော မော့ချူးကို ကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်များမှာ ရုတ်တရက် ကွေးညွှတ်သွားခဲ့သည်။
“အကယ်၍ ‘ကျွင်း’ သာ ဒီမှာရှိနေသေးရင်...” အဘိုးအို၏ အသံမှာ ရှိုက်သံများဖြင့် ဆို့နင့်သွားသည်။ သေချာဂရုမစိုက်လျှင် သတိထားမိမည် မဟုတ်ပေ။ “သူမလည်း ဒီကလေးကို သဘောကျမှာပဲ။ သူမက... ဒီလို နုနယ်ချောမောတဲ့ မိန်းကလေးတွေကို အမြဲ သဘောကျတတ်တာ။ အဲ့ဒီတုန်းက သူမ ပြောခဲ့သေးတယ်၊ အကယ်၍ အခွင့်အရေးသာ ရှိခဲ့မယ်ဆိုရင် ငါတို့...”
အဘိုးအိုမှာ ကျန်ရှိသော စကားများကို ဆက်မပြောနိုင်တော့ပေ။
သူသည် ခေါင်းမော့ကာ နီမြန်းနေသော မျက်ဝန်းများဖြင့် အဝေးသို့ ငေးကြည့်နေခဲ့သည်။ ခိုင်မာသော အမူအရာရှိသည့် ထိုမိန်းကလေးကို မြင်ယောင်နေသကဲ့သို့ပင်။ သူမသည် အားရပါးရ ရယ်မောနေပြီး မျက်ခုံးများကို ပင့်ကာ လွတ်လပ်ပေါ့ပါးစွာ ရှိနေသည်…
ချန်ကျစ်သည် ခေါင်းလှည့်လိုက်ပြီး သူ့ကို ဆက်၍မကြည့်ရက်တော့ပေ။
နျဉ်မိသားစု... ဒီမိသားစု တစ်ခုလုံးက ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နှက်နေတာပဲ။
“ကောင်းပါပြီ” အဘိုးအိုသည် ခဏမျှ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီးနောက် ချန်ကျစ်ကို အားနာစွာ ကြည့်လိုက်သည်။ “မင်း ဒီကို လာတဲ့အချိန်ဆိုတာ ရှားပေမယ့်လည်း ငါကတော့ မင်းကို ဒီပုံပြင်ဟောင်းတွေပဲ ပြောပြနေမိတယ်။”
“ဘယ်လိုလုပ်ရမလဲ” ချန်ကျစ် ရယ်မောလိုက်သည်။ “ဒါတွေက ကျွန်တော်တို့ ပြောနိုင်တဲ့ အကြောင်းအရာတွေပဲ မဟုတ်လား။”
“ဟုတ်တာပေါ့၊ ဟုတ်တာပေါ့” အဘိုးအိုလည်း သဘောတူညီစွာဖြင့် ပြန်ပြောလိုက်သည်။ “အဲ့ဒီတုန်းက ငါတို့ ပထမဆုံး စစ်မြေပြင်ကို သွားကြတုန်းက တကယ်ကို ကြောက်တတ်ခဲ့ကြတာ။ အဲ့ဒီအချိန်တုန်းက ငါက ရှေ့တန်းမှာ...”
ဧည့်ခန်းအတွင်း စကားပြောသံများမှာ တစ်လှိုင်းပြီးတစ်လှိုင်း ပဲ့တင်ထပ်နေခဲ့သည်။
တစ်ချိန်တည်းမှာပင်။
မော့ချူးမှာ အလွန်ပင် အလုပ်များနေခဲ့သည်။
“ဒီအရှည်ကို တစ်ချက်လောက် ကြည့်ပေးပါဦး။”
“ကျွန်တော့်ဟာကိုရော။”
“ဒါက အရမ်း ထူမနေဘူးလား။”
…
အချိန်အတော်ကြာပြီးနောက်တွင်မူ မော့ချူးသည် လျှောက်ထားသူ သောင်းနှင့်ချီထဲမှ အလားအလာရှိသူ သုံးဦးကိုသာ ရွေးချယ်နိုင်ခဲ့သည်။
အရေအတွက် မများသဖြင့် မော့ချူးက သူတို့ကို အိမ်၌ပင် လေ့ကျင့်ပေးရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ရလဒ်မှာမူ... အဆင်မပြေလှပေ။
ဤသုံးဦးစလုံးမှာ အထူးစွမ်းအင် အသုံးပြုသူများ ဖြစ်ကြသော်လည်း သူတို့၏ စွမ်းအင်အဆင့်မှာမူ အလွန်မမြင့်မားလှပေ။ ထို့အပြင် သူတို့သည် စိတ်ဝိညာဉ်အစာူအစာကို အလွန်စိတ်ဝင်စားကြသဖြင့် မော့ချူးထံသို့ လာရောက်စာရင်းပေးခဲ့ကြခြင်း ဖြစ်သည်။
ကျိုးကြောင်းရှိရှိပြောရလျှင် သူတို့၏ ပါရမီမှာ ပြဿနာမရှိသင့်ပေ။ သို့သော် လက်တွေ့လေ့ကျင့်ခန်း လုပ်သည့်အခါတွင်မူ ဤအားနည်းချက်မှာ ချက်ချင်းပင် ပေါ်လွင်လာခဲ့သည်။
သူတို့ကို မုန်လာဥနီ လှီးခိုင်းလျှင် အရှည်အတို၊ အထူအပါး မညီမညာ ဖြစ်နေတတ်သည်။ အခြားသော ပါဝင်ပစ္စည်းများနှင့် ပေါင်းစပ်လိုက်သည့်အခါ စွမ်းအင်များ ပေါင်းစပ်မသွားပါက ချက်ချင်းပင် ပေါက်ကွဲသွားပေလိမ့်မည်။
ကောင်းလိုက်လေခြင်း။
မော့ချူးသည် အခြေခံအကျဆုံး နည်းလမ်းတစ်ခုကို စဉ်းစားလိုက်သည်။ သူမကိုယ်တိုင်ပင် လတ်ဆတ်သော ဟင်းသီးဟင်းရွက် သုံးမျိုးကြော်ကို ချက်ပြလိုက်သည်။
မုန်လာဥနီနှင့် ဝါးမျှစ်များကို အလွယ်ဆုံး အချပ်လေးများအဖြစ် လှီးဖြတ်လိုက်သည်။
သူတို့ကို ၎င်းကို နမူနာယူကာ ထပ်တူကျအောင် လှီးခိုင်းလိုက်သည်။ အတိအကျ တူညီနေရမည် ဖြစ်သည်။
နောက်ဆုံးတွင်မူ ဤနည်းလမ်းမှာ ထိုမျှလောက် ထိရောက်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
ဤသုံးဦးမှာ စွမ်းအင်ထိန်းချုပ်မှုတွင် မော့ချူးကဲ့သို့ ကျွမ်းကျင်မှုနှင့် အာရုံခံစားမှု မရှိကြသော်လည်း ခိုင်းသည့်အတိုင်း လုပ်ခိုင်းခြင်းမှာမူ သူတို့အတွက် အလွယ်ကူဆုံး ဖြစ်နေသည်။
“အင်း” မော့ချူးသည် သူတို့ကို တစ်ဦးချင်းစီ ကြည့်ရှုရင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ သူမက သူတို့ကို ဦးစွာ အားပေးလိုက်သည်။ “မဆိုးဘူး၊ ပြီးခဲ့တဲ့တစ်ခေါက်ထက် အများကြီး ပိုကောင်းလာပြီ။”
ထို့နောက် ပြဿနာများကို တစ်ခုချင်းစီ ထောက်ပြလိုက်သည်။ “ဟုတ်ပြီ၊ ဒါက နည်းနည်း ပိုတိုသင့်တယ်။”
“ဒါကတော့ တကယ်ကောင်းတယ်၊ ဒီအတိုင်း ဆက်လုပ်သွား။”
“ဒါကို ကြည့်။ ဒီလို အလျားလိုက် လှီးလိုက်ရင် ပိုပြီး သင့်တော်လိမ့်မယ်။”