အခန်း (၅၉၂)
Vol. 40 Ch. 592
မော့ချူးသည် ယခင်က ဆရာမ မလုပ်ဖူးပေ။ ယခုမှသာ ဆရာတစ်ဦးဖြစ်ရခြင်းမှာ မည်မျှခက်ခဲကြောင်း သူမ နားလည်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူမ၌ ကျောင်းသား သုံးဦးသာ ရှိနေခြင်း ဖြစ်သည်။ အကယ်၍ ၃၀ သာရှိလျှင် သူမ မောသေပေလိမ့်မည်။
“ဆရာမ၊ ဒါ အဆင်ပြေရဲ့လား။” ဝမ်ရှန်းသည် သူအသစ်လှီးထားသော မုန်လာဥနီအချပ်များကို လက်နှစ်ဖက်ဖြင့် ကိုင်ထားရင်း မော့ချူးကို မျှော်လင့်တကြီး စိုက်ကြည့်နေခဲ့သည်။
“အဟမ်း...” ထိုမျှလောက် ရိုးသားသော အကြည့်ကို ရင်ဆိုင်ရသည့်အခါ မော့ချူးမှာ အသာအယာ ချောင်းဟန့်လိုက်မိသည်။ သူသည် ဤစမ်းသပ်မှုကို မအောင်မြင်သေးကြောင်း ပြောရန် သူမ မပြောရက်နေပေ။
ဝမ်ရှန်းမှာ မော့ချူး၏ တပည့်သုံးဦးထဲတွင် ဉာဏ်အထိုင်းဆုံး ဖြစ်သည်။ သို့သော် ဝမ်ရှန်းမှာ အလွန်ရိုးသားပြီး ကြိုးစားမှုဖြင့် အားနည်းချက်ကို ဖုံးဖိနိုင်သည်ဟု ယုံကြည်သူ ဖြစ်သည်။
နေ့စဉ် မိုးမလင်းမီကတည်းက ဝမ်ရှန်းမှာ မော့ချူးပေးထားသော ပစ္စည်းများဖြင့် လေ့ကျင့်နေခဲ့သည်။ ရလဒ်ကတော့ ရှိသော်လည်း သိသိသာသာ မထင်ရှားသေးပေ။
စကားပုံတစ်ခုအတိုင်းပင်.. ကောင်းကင်ဘုံသည် ရိုးသားကြိုးစားသူများကို မျက်နှာသာပေးတတ်သည်။
မော့ချူးသည် ထိုသို့သော ကျောင်းသားအပေါ် စိတ်ရှည်ပေးလိုက်သည်။ သူမသည် ဓားကို ကိုင်ထားသော သူ၏ လက်ဖဝါးကြီးကို လှမ်းကိုင်လိုက်သည်။ “ကဲ၊ ကျွန်မရဲ့ နည်းစနစ်ကို ကြည့်ဦး။ ဒီလို အလျားလိုက် လှီးရမှာ၊ ဟုတ်ပြီ၊ အဲ့ဒီအတိုင်းပဲ...”
“အိုး.. အိုး” မော့ချူး၏ သင်ပြမှုကို အကြိမ်အနည်းငယ် နားထောင်ပြီးနောက် ဝမ်ရှန်းမှာ တစ်ခုခုကို နားလည်သိရှိလိုက်သကဲ့သို့ ဖြစ်သွားသည်။ သူ၏ မျက်လုံးများမှာ ရုတ်တရက် တောက်ပလာခဲ့သည်။ “နားလည်ပါပြီ၊ ဒီလိုမျိုးကိုး...”
သူ စကားမဆုံးမီမှာပင် အေးစက်သော အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ “မင်းတို့ ဘာလုပ်နေကြတာလဲ။”
ဟင်... ?
သူတို့အသံကြားရာသို့ လှည့်ကြည့်လိုက်ကြသည်။ တံခါးဝတွင် နျဉ်ယွိယွမ်သည် သူတို့ကို အေးစက်သော အကြည့်များဖြင့် စိုက်ကြည့်နေသည်။
နျဉ်ယွိယွမ်၏ ပြင်းထန်သော အကြည့်ဒဏ်ကို ခံနေရသည့် ဝမ်ရှန်းမှာ ထိုဖိအားကို မခံနိုင်တော့ပေ။ သူ၏ ကျောရိုးတစ်လျှောက် အေးစိမ့်သွားသလို ခံစားရပြီး သိစိတ်၏ စေခိုင်းမှုမပါဘဲ အမြန်ရှင်းပြလိုက်သည်။ “ဟို... ခင်ဗျား အထင်လွဲနေတာပါ။ ကျွန်တော်တို့ ဘာမှမလုပ်ပါဘူး။ တကယ်... တကယ်ပြောတာပါ။”
သေစမ်း။
မော့ချူးမှာ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။
သူမသည် ဤလူထူးဆန်းကို လှည့်ကြည့်လိုက်မိသည်။ 'ရှင့်ပုံစံက ပိုထူးဆန်းနေတာပါ၊ ဟုတ်ပြီလား။ ကျွန်မတို့က အကောင်းကြီး ရှိနေတာကို။'
မော့ချူး၏ အပြုအမူကို မြင်လိုက်ရသည့်အခါ နျဉ်ယွိယွမ်၏ မျက်လုံးများထဲရှိ အအေးဓာတ်မှာ ပို၍ပင် ပြင်းထန်လာခဲ့သည်။ သူသည် ဝမ်ရှန်းကို ဒူးထောက်သွားစေလုမတတ် ဖြစ်စေခဲ့သည်။
“တော်ပါတော့” မော့ချူးသည် နျဉ်ယွိယွမ်ကို လှည့်ကြည့်လိုက်သည်။ “ရှင် ဘယ်လိုလုပ်ပြီး အထဲဝင်လာတာလဲ။”
“လမ်းလျှောက်ဝင်လာတာပေါ့” နျဉ်ယွိယွမ်၏ မျက်လုံးများမှာ ဝမ်ရှန်း၏ လက်ကို ကိုင်ထားသော မော့ချူး၏ လက်ပေါ်တွင်သာ စိုက်မြဲနေခဲ့သည်။
မော့ချူး မျက်လုံးလေးများ ဟိုကြည့်ဒီကြည့် ဖြစ်သွားသည်။ 'အဓိပ္ပာယ်မရှိတာ၊ လမ်းလျှောက်ဝင်လာမှပဲ ရမှာလေ။'
“အမ်...” ဝမ်ရှန်းသည် သူ၏လက်ကို အမြန်ဖယ်လိုက်သည်။ ထို့နောက် သူက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ကျွန်တော် တံခါးပိတ်ဖို့ မေ့သွားပုံရတယ်... တောင်းပန်ပါတယ်။”
“ထားလိုက်ပါ၊ ရပါတယ်။ မင်းတို့ ဆက်ပြီး လေ့ကျင့်နေကြ” မော့ချူးက သူတို့ကို လက်ဝေ့ယမ်းပြလိုက်ပြီး နျဉ်ယွိယွမ်ထံသို့ လျှောက်သွားလိုက်သည်။ သူမသည် မျက်ခုံးကို အသာပင့်ရင်း မေးလိုက်သည်။ “ဘာလဲ။ ရှင်... သဝန်တိုနေတာလား။”
နျဉ်ယွိယွမ် ဆင်ခြေအချို့ ပေးလိမ့်မည်ဟု သူမ ထင်ထားခဲ့သော်လည်း ဤလူက ချက်ချင်းပင် ဝန်ခံလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။ “ဟုတ်တယ်။”
ယခုတစ်ကြိမ်တွင်မူ မော့ချူးမှာ ချက်ချင်း တုံ့ပြန်ရန် မေ့သွားခဲ့သည်။
နျဉ်ယွိယွမ်သည် ရှေ့သို့ အနည်းငယ် တိုးလာပြီး မော့ချူး၏ လက်ကို တင်းတင်းဆုပ်ကိုင်လိုက်သည်။ “မင်း... သူတို့ကို အမြဲတမ်း ဒီလိုပဲ သင်ပေးတာလား။”
သူ၏ အသံထဲတွင် ပြင်းထန်သော သဝန်တိုမှုများ ပါဝင်နေသည်။ မော့ချူးကိုယ်တိုင် လုပ်ထားသော ရှာလကာရည်နှင့်ပင် နှိုင်းယှဉ်၍ ရနိုင်သည်။
“ဘာတွေ လျှောက်ပြောနေတာလဲ။” မော့ချူးသည် လက်လှမ်းကာ သူ့ကို တွန်းလိုက်သည်။ “ဒီလို သင်ပေးတာ ဒါ ပထမဆုံးအကြိမ်ပါ...”
“ပြီးတော့ ဒါ နောက်ဆုံးအကြိမ်ပဲ ဖြစ်ရမယ်” နျဉ်ယွိယွမ်က ခိုင်မာစွာ ဆုံးဖြတ်လိုက်သည်။
မော့ချူး၏ အမူအရာ မကောင်းသည်ကို မြင်သောအခါ သူသည် သူမကို ဘေးဘက်သို့ အသာအယာ တွန်းသွားရင်း ပြောလိုက်သည်။ “ကိုယ်ပြောပြမယ်၊ တပည့်တွေကို လေ့ကျင့်ပေးတာက စစ်သားအသစ်တွေကို လေ့ကျင့်ပေးတာနဲ့ အတူတူပဲ။ သူတို့ကို ဒီလိုမျိုး အလိုမလိုက်သင့်ဘူး။”
“သူတို့ကို နမူနာပဲ ပြလိုက်” နျဉ်ယွိယွမ်သည် မော့ချူးကို ဆိုဖာပေါ်သို့ ဆွဲခေါ်သွားလိုက်သည်။ “သူတို့ကို ထပ်ခါထပ်ခါ လေ့ကျင့်ခိုင်း။ တစ်ခါလုပ်လို့ မရရင် နှစ်ခါလုပ်၊ နှစ်ခါလုပ်လို့ မရရင် သုံးခါလုပ်... နောက်ဆုံးတော့ ကျွမ်းကျင်သွားမှာပဲ မဟုတ်လား။”
သူတို့နှစ်ဦး ဆိုဖာပေါ်တွင် အတူထိုင်လိုက်ကြသည်။ နျဉ်ယွိယွမ်သည် မော့ချူး၏ နုနယ်သော လက်များကို ပွတ်သပ်ပေးရင်း သူ၏ အတွေ့အကြုံများကို ဆက်၍ဝေမျှနေခဲ့သည်။
“ပုံမှန်ဆိုရင် ပြိုင်ပွဲလေးတွေ ကျင်းပပေးလို့ ရတယ်။ ဥပမာ.. ပထမဆုံး ပြီးတဲ့သူကို တစ်ခုခု သင်ပေးမယ်ဆိုတာမျိုးပေါ့... ဒီနည်းနဲ့ သူတို့ကို တက်ကြွစေရုံတင်မကဘဲ မင်းရဲ့ ဝန်ထုပ်ဝန်ပိုးကိုလည်း လျှော့ချနိုင်လိမ့်မယ်။”
“မင်း သူတို့နောက်ကို တစ်နေ့လုံး လိုက်နေလို့ မဖြစ်ဘူး မဟုတ်လား။” နျဉ်ယွိယွမ်သည် သူ၏ ရည်ရွယ်ချက်ကို နောက်ဆုံးမှ ထုတ်ပြောလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူသည် ချူးလေးကို အခြားအမျိုးသားတစ်ဦးနှင့် ထိုမျှအနီးကပ် ရှိနေသည်ကို မကြည့်နိုင်ပေ၊ လက်ကိုင်ထားတာကို ပိုလို့ပင် မကြည့်နိုင်ပေ။
မော့ချူးသည် သူ၏ ဆိုလိုရင်းကို သဘာဝကျကျပင် နားလည်လိုက်သည်။ သူမသည် နျဉ်ယွိယွမ်၏ ကလေးကလား အတွေးများကို ဂရုမစိုက်သော်လည်း သူ၏ စိုးရိမ်မှုကိုမူ စိတ်လှုပ်ရှားမိသည်။ အချို့သော အချက်များသည်လည်း အမှန်တကယ်ပင် သင်ယူသင့်သည်။
“တီ တီ..” မော့ချူး စဉ်းစားနေစဉ်မှာပင် သူမ၏ လက်ကောက်ဝတ်ရှိ တာမီနယ်မှ အသံမြည်လာခဲ့သည်။
မော့ချူး ငုံ့ကြည့်လိုက်ရာ သူမ၏ အမူအရာမှာ ရုတ်တရက် တောင့်တင်းသွားခဲ့သည်။
ထို့နောက် သူမသည် ဘာမှမဖြစ်သကဲ့သို့ နျဉ်ယွိယွမ်ကို လှည့်ကြည့်လိုက်သည်။ “အို့ ဒါနဲ့၊ ရှင် ဘာသောက်ချင်လဲ။ ကျွန်မ သွားယူပေးမယ်။”
နျဉ်ယွိယွမ်၏ အကြည့်များမှာ မီးဖိုချောင်ရှိ အမျိုးသားသုံးဦးထံတွင်သာ ရှိနေဆဲ ဖြစ်သည်။ မော့ချူး၏ မေးခွန်းကို ကြားသောအခါ သူက အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်သည်။ “ရေဆို ရပြီ။”
“ဒါဆို ခဏစောင့်ဦး” မော့ချူးသည် လှည့်ထွက်ကာ မီးဖိုချောင်သို့ လျှောက်သွားလိုက်သည်။ သူမသည် နျဉ်ယွိယွမ်၏ အကြည့်ကို ရှောင်ရှားရင်း terminal ပေါ်ရှိ စာကို ဖတ်လိုက်သည်။
“အဘိုးနျဉ် - ချူးလေး၊ ငါ မင်းနဲ့ တွေ့လို့ရမလား။ အိမ်ဟောင်းဘေးက စာကြည့်တိုက်မှာ၊ အချိန်က နေ့လယ် လေးနာရီ။”
မော့ချူးသည် အသက်ကို ပြင်းပြင်းရှူပြီး စာမျက်နှာကို ပိတ်လိုက်သည်။
မော့ချူးသည် မီးဖိုချောင်မှ ရေကို နျဉ်ယွိယွမ်ထံ ပေးလိုက်ပြီး ခဏမျှ စကားပြောဆိုပြီးနောက် ပြောလိုက်သည်။ “သြော် ဒါနဲ့၊ ဆရာ ချန်ပိုင် ကျွန်မကို ရှာနေပုံရတယ်။ ဓာတ်ခွဲခန်းကို ခဏသွားရမယ်၊ ရှင့်အနေနဲ့ ဒီလူသုံးယောက်ကို ခဏလောက် ကြည့်ပေးထားလို့ ရမလား။”
နျဉ်ယွိယွမ်၏ ချက်ပြုတ်မှု စွမ်းရည်မှာ ဤအခြေခံသမား သုံးဦးကို သင်ပြရန် လုံလောက်သည်။
“ရတာပေါ့” နျဉ်ယွိယွမ် စိတ်ဝင်တစားဖြင့် ခေါင်းညိတ်လိုက်သည်။
မီးဖိုချောင်ရှိ သုံးဦးမှာ ထိုစကားကို ကြားလိုက်ရသည့်အခါ မျက်နှာများ ဖြူဖတ်ဖြူရော်ဖြစ်သွားကြသည်။ မဖြစ်နိုင်တာ... သူတို့က ဗိုလ်မှူးကြီးနျဉ်ရဲ့ လက်အောက်မှာ လေ့ကျင့်ရတော့မှာလား။
သွားပြီ၊ ဒါကတော့ ဒုက္ခရောက်တော့မှာ အသေအချာပဲ။
မွန်းလွဲ ၃ နာရီ ၅၀ မိနစ်၊ အိမ်ဟောင်းဘေးရှိ စာကြည့်တိုက်အတွင်း၌။
၂၁ ရာစုတွင် နေရာအနှံ့ တွေ့မြင်ရလေ့ရှိသော အပန်းဖြေနားနေစရာ နေရာများနှင့်မတူဘဲ ဤနေရာတွင် ကော်ဖီဆိုင်လည်းမရှိ၊ လက်ဖက်ရည်ဆိုင်လည်း မရှိပေ။
ပုံမှန်အားဖြင့် ဤနေရာသည် လူများ ပေါ့ပေါ့ပါးပါး စကားပြောဆိုနိုင်သည့် နေရာတစ်ခုသာ ဖြစ်သည်။
နာမည်နှင့်လိုက်ဖက်အောင်ပင် စာကြည့်တိုက်ထဲတွင် စာအုပ်စာတမ်းမျိုးစုံဖြင့် ပြည့်နှက်နေသည်။ သို့သော် ထိုစာရွက်စာတမ်းများကို သစ်ပျော့ဖတ်စက္ကူများဖြင့် ပြုလုပ်ထားခြင်းမဟုတ်ဘဲ သံမဏိစာလွှာ ဟုခေါ်သော အခြားပစ္စည်းတစ်မျိုးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
ဤပစ္စည်းမှာ အလွန်ကြာရှည်ခံသည်။ သံမဏိစာလွှာပေါ်တွင် ရိုက်နှိပ်ထားသော စာလုံးများသည် ရာစုနှစ်ချီကြာသော်လည်း အရောင်မပြယ်ဘဲ တည်ရှိနေနိုင်သည်။ ထို့အပြင် ၎င်းတွင် သင်းပျံ့သောရနံ့လေးရှိသဖြင့် အချက်အလက်များ မှတ်တမ်းတင်ရန် အလွန်သင့်တော်လှသည်။
သို့သော် အဖွဲ့ချုပ်ရှိ လူအများစုမှာ တာမီနယ်ပေါ်တွင်သာ အချက်အလက်ရှာဖွေလေ့ရှိကြသဖြင့် စာကြည့်တိုက်မှာ လူမှုရေးအရ တွေ့ဆုံရာနေရာတစ်ခုသာ ဖြစ်လာခဲ့သည်။
ထို့ကြောင့်ပင် စာကြည့်တိုက်တိုင်း၌ သီးသန့်အခန်းအချို့ ရှိနေတတ်ပြီး လုံခြုံမှုအပြည့်အဝ ပေးစွမ်းနိုင်သည်။
ချိန်းထားသည့်အချိန် မရောက်သေးသဖြင့် မော့ချူးသည် ဘေးရှိ စင်ပေါ်မှ စာအုပ်တစ်အုပ်ကို အမှတ်မထင် ယူကြည့်လိုက်သည်။
စာအုပ်ကို ဖွင့်ကြည့်လိုက်သောအခါ ၎င်းမှာ မငြိမ်မသက်ဖြစ်ခဲ့သော ခေတ်ဆိုးကြီး အကြောင်း မှတ်တမ်းတင်ထားသော အချက်အလက်များဖြစ်ကြောင်း သိလိုက်ရသည်။ အချက်အလက်များမှာ မပြည့်စုံသေးသော်လည်း ထိုစဉ်က မြင်ကွင်းများကို ဖော်ပြချက်မှာမူ အလွန်ပင် တိကျလှသည်။
အကြောင်းမှာ မော့ချူးကိုယ်တိုင် ထိုအချိန်က ရှိနေခဲ့သောကြောင့်ပင်... သူမနှင့် နျဉ်ယွိယွမ်တို့သည် ဟင်းလင်းပြင်အက်ကြောင်းထဲသို့ ကျသွားပြီးမှ ဤခေတ်ထဲသို့ ရောက်ရှိသွားခဲ့ကြခြင်း ဖြစ်သည်။
ယခုအခါ ဤမှတ်တမ်းများကို ပြန်ဖတ်ကြည့်ရင်း ပိတ်လှောင်ထားသော အမှတ်တရများမှာ ချက်ချင်းပင် ပြန်လည်ထင်ရှားလာတော့သည်။
“နှစ်ပေါင်း တစ်ရာကျော် ကြာပြီးနောက်တွင် တစ်ကမ္ဘာလုံး၌ တည်ငြိမ်သော အစီအစဉ်တစ်ခုကို နောက်ဆုံးတွင် တည်ဆောက်နိုင်ခဲ့သည်။ နျဉ်မော့ အခြေစိုက်စခန်း၏ ဦးဆောင်မှုဖြင့် ဇွန်ဘီအများစုကို နှိမ်နင်းနိုင်ခဲ့ပြီး အဖွဲ့ချုပ် တည်ထောင်ရန်အတွက် ခိုင်မာသော အုတ်မြစ်ကို ချပေးနိုင်ခဲ့သည်...”
နျဉ်မော့ အခြေစိုက်စခန်းလား။
နျဉ်... မော့…
မော့ချူး၏ နှလုံးခုန်သံမှာ တစ်ချက်မျှ ရပ်တန့်သွားခဲ့သည်။
သူမသည် ခေါင်းငုံ့ကာ ဤသမိုင်းကြောင်းကို ဂရုတစိုက် တစ်ဖန်ပြန်ဖတ်ကြည့်လိုက်မိသည်။
ချက်ချင်းဆိုသလိုပင် ရင်းနှီးသော အမည်များစွာကို တွေ့လိုက်ရသည်။ လန်လင်း၊ လန်ဝေ့... ဒါတွေက သူမနှင့် နျဉ်ယွိယွမ်တို့ ယခင်က ဆုံတွေ့ခဲ့ဖူးသော လူများပင် ဖြစ်သည်။
သမိုင်းတွင် အလွန်အရေးပါသော ဤ နျဉ်မော့ အခြေစိုက်စခန်းကိုပင် ကနဦးက သူတို့ကိုယ်တိုင် တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။
“ဒီအခြေစိုက်စခန်းရဲ့ အမည်က ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက် နှစ်ဦးကို ဂုဏ်ပြုမှည့်ခေါ်ထားတာပါ။ သူတို့ရဲ့ အကူအညီသာ မပါခဲ့ရင် ဒီနေ့လို အခြေအနေမျိုးကို ကျွန်တော်တို့ ရောက်လာနိုင်မှာ မဟုတ်ပါဘူး။”
တစ်နည်းအားဖြင့်ဆိုသော် ဤစခန်း၏အမည်မှာ နျဉ်ယွိယွမ်နှင့် သူမ၏အမည်ကို ပေါင်းစပ်ထားခြင်း ဖြစ်နိုင်ချေ များသည်။
ဒါကို တွေးမိသောအခါ မော့ချူးမှာ ရင်ထဲတွင် ခံစားချက်များ တစ်လှိုင်းပြီးတစ်လှိုင်း ထလာတော့သည်။ သူမသည် သမိုင်းတွင် ဤမျှလောက်အထိ အမှတ်အသားတစ်ခု ချန်ထားခဲ့နိုင်လိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
“ဘာလဲ။ မင်းက ဒီသမိုင်းကို တော်တော် စိတ်ဝင်စားတာပဲလား။”
ရုတ်တရက် အဘိုးအိုတစ်ဦး၏ အသံမှာ မော့ချူး၏ နားထဲသို့ တိုးဝင်လာခဲ့သည်။
သူမ မော့ကြည့်လိုက်သောအခါ အဘိုးနျဉ်သည် တောင်ဝှေးကို ကိုင်ကာ အခန်းဝတွင် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူသည် အခန်းထဲသို့ လျှောက်ဝင်လာပြီး မော့ချူး၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ သူ၏ အမူအရာမှာ အနည်းငယ် တည်ကြည်လေးနက်နေသည်။
သမိုင်းတွင် အမှတ်အသားတစ်ခု ချန်ထားခဲ့နိုင်သည့်အတွက် ဖြစ်ပေါ်နေသော မော့ချူး၏ ခံစားချက်များမှာ ရုတ်တရက် ငြိမ်သက်သွားခဲ့သည်။
သူမသည် ဖွင့်ထားသော စာအုပ်ကို ပိတ်ကာ ဘေးသို့ ချထားလိုက်သည်။
“သိပ်ပြီး စိတ်ဝင်စားနေတာတော့ မဟုတ်ပါဘူး။ အမှတ်တမဲ့ ယူဖတ်ကြည့်မိတာပါ” မော့ချူးက အဘိုးအိုကို အသာအယာ ခေါင်းညိတ်ပြရင်း ပြုံးပြလိုက်သည်။
သို့သော် သူမ၏ အပြုံးမှာ ယခင်ကကဲ့သို့ ရင်းနှီးမှုမရှိတော့ဘဲ ယဉ်ကျေးစွာဖြင့် အနည်းငယ် စိမ်းသက်နေခဲ့သည်။
တာမီနယ်ပေါ်ရှိ အချိန်ကို တစ်ချက်ကြည့်လိုက်ရာ တိတိကျကျ လေးနာရီပင် ဖြစ်သည်။ တစ်မိနစ်မှ စောခြင်း၊ နောက်ကျခြင်း မရှိပေ။ စစ်သားဟောင်းတစ်ဦး၏ စတိုင်အတိုင်းပင်။