← Chapters

အခန်း (၅၉၆)

Vol. 40 Ch. 596

အခန်း (၅၉၆)

Vol. 40 Ch. 596

“လာကြ၊ လာကြ၊ ဒါလေး ကြည့်လိုက်ကြဦး။” မကြာမီမှာပင် ကျိုးလင်သည် ခုလေးတင် ရိုက်ကူးပြီးစီးထားသော ဓာတ်ပုံများကို ကိုင်ကာ စိတ်လှုပ်ရှားစွာ ပြေးထွက်လာခဲ့သည်။ သူ အော်ဟစ်လိုက်သည်။ “ဒါက ကျွန်တော် ရိုက်ခဲ့သမျှထဲမှာ အအောင်မြင်ဆုံး လက်ရာပဲ။”

ကျိုးလင်ကိုယ်တိုင်လည်း အလွန်အံ့အားသင့်နေမိသည်။

သူတို့နှစ်ဦး၏ ပုံစံမှာ စိုစိုရွှဲရွှဲနှင့် ကြည့်ရဆိုးနေသော်လည်း ထွက်လာသည့် ဓာတ်ပုံများမှာ ဤမျှလောက်အထိ ကောင်းမွန်နေလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။

ဒါကို ကြားလိုက်ရသည့်အခါ မော့ချူးနှင့် နျဉ်ယွိယွမ်တို့သည် အမြန်ပင် သွားကြည့်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများမှာလည်း အံ့သြမှင်သက်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

... ကျိုးလင် ပြောခဲ့သည့်အတိုင်းပင် ဤဓာတ်ပုံများမှာ အလွန်ပင် လှပလွန်းလှသည်။

အရောင်အသွေးနှင့် အလင်းအမှောင် ပေါင်းစပ်ပုံမှာ ရင်သပ်ရှုမောဖွယ် ရှိနေသည်။

ဓာတ်ပုံထဲမှ အဓိကဇာတ်ဆောင် နှစ်ဦးမှာ ပို၍ပင် မျက်စိကျစရာ ဖြစ်နေသည်။

သူတို့မှာ မိတ်ကပ်မပါ၊ ခမ်းနားသော အဝတ်အစားများလည်း ဝတ်မထားကြပေ။ အမှန်တကယ်တော့ သူတို့မှာ အနည်းငယ်ပင် သနားစရာကောင်းသော ပုံစံပေါက်နေသည်။ သို့သော်ငြားလည်း သူတို့မှာ ထူးခြားဆန်းပြားသော အလှတရားတစ်ခုကို ဖော်ပြနေဆဲပင်။

နျဉ်ယွိယွမ်၏ ချောမောသော မျက်နှာမှာ သူ၏ကိုယ်ပေါ်မှ တွန့်လိမ်နေသော အဝတ်အစားများနှင့် သိသိသာသာ ဆန့်ကျင်ဘက် ဖြစ်နေသည်။

ဓာတ်ပုံထဲတွင် သူ၏ဆံပင်များမှာ တပိုင်းတစ စိုစွတ်နေပြီး နဖူးပေါ်သို့ အနည်းငယ် ဝဲကျနေသည်။ ၎င်းမှာ ဖော်မပြနိုင်သော ရဲတင်းမှုနှင့် ကြမ်းတမ်းမှုကို ပေးစွမ်းသော်လည်း အလွန်ပင် နူးညံ့သော မျက်နှာနှင့် လိုက်ဖက်နေသည်။ ထိုနက်ရှိုင်းသော မျက်ဝန်းများထဲတွင်လည်း ဖော်မပြနိုင်သော အချစ်ရိပ်များ စီးဆင်းနေလေသည်…

ဤသို့ ဆန့်ကျင်ဘက်ဖြစ်နေသော ခံစားချက်မှာ လောင်စာနှင့်တွေ့သော မီးတောက်ကဲ့သို့ပင် ချက်ချင်း ပေါက်ကွဲထွက်သွားပြီး လူတိုင်းကို အတိုင်းအဆမရှိ တုန်လှုပ်စေခဲ့သည်။

သူ့ဘေးနားရှိ မော့ချူးမှာလည်း လူတို့၏ အကြည့်ကို ဖမ်းစားထားနိုင်သည်။

သူမ၏ ရုပ်ရည်မှာ အပြစ်ပြောစရာမရှိအောင် လှပနေသည်မျိုး မဟုတ်သော်လည်း သူမ၏ မျက်နှာပေါက်မှာ အလွန်ပင် သိမ်မွေ့လှသည်။ သူမ၏ မျက်ခုံးနှင့် မျက်ဝန်းများမှာ ပန်းချီကားတစ်ချပ်ကဲ့သို့ပင်။ နှုတ်ခမ်းထောင့်မှ အပြုံးမှာလည်း လျှံကျတော့မည့်အတိုင်းပင် ဖြစ်သဖြင့် လူတို့ကို မသိစိတ်မှ ပျော်ရွှင်လာစေသည်။

အထူးသဖြင့် သူမ၏ကိုယ်ပေါ်မှ နူးညံ့ငြိမ်သက်သော အရှိန်အဝါမှာ ဘေးမှ အားကောင်းလွန်းသော နျဉ်ယွိယွမ်ကြောင့် မှေးမှိန်မသွားဘဲ ဆန့်ကျင်ဘက်အားဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပံ့ပိုးပေးသကဲ့သို့ ဖြစ်နေသဖြင့် အလွန်ပင် လိုက်ဖက်ညီကာ စိတ်လှုပ်ရှားဖွယ် ကောင်းနေတော့သည်…

မော့ချူးနှင့် နျဉ်ယွိယွမ်တို့သည် ဓာတ်ပုံများကို တစ်ပုံချင်း သေသေချာချာ ကြည့်ရှုရင်း ရင်ထဲတွင် အလွန်ပင် ကျေနပ်နေကြသည်။

“ဘယ်လိုလဲ။ မဆိုးဘူး မဟုတ်လား။” ကျိုးလင်က ဂုဏ်ယူဝင့်ကြွားသော အမူအရာဖြင့် သူ၏ရင်ဘတ်ကို ပုတ်ကာ ပြောလိုက်သည်။ “ကျွန်တော် ပြောသားပဲ၊ ဒီကိစ္စကို ကျွန်တော့်ကို လွှဲထားလိုက်ပါလို့။ လုံးဝ ပြဿနာမရှိစေရဘူး။”

“တကယ်ကို လှတာပဲ” ဤဓာတ်ပုံများကို ကြည့်ရင်း မော့ချူး၏ မျက်လုံးများမှာ တောက်ပသွားခဲ့သည်။ သူမသည် ချီးကျူးစကား ပြောရန် ဝန်မလေးခဲ့ပေ။ ၂၁ ရာစုမှ ခမ်းနားထည်ဝါသော ဓာတ်ပုံများပင်လျှင် သူမရှေ့မှ ဤဓာတ်ပုံများလောက် စိတ်လှုပ်ရှားမှုကို မပေးနိုင်ပေ။

တစ်ခါတရံတွင် မော့ချူးသည် ၂၁ ရာစုကဲ့သို့ ဓာတ်ပုံများကို photoshop အလွန်အကျွံသုံးကာ ပြင်ဆင်ခြင်းမှာ လှပသော်လည်း ရိုးသားမှုနှင့် သဘာဝကျမှုကို ပျောက်ဆုံးစေသည်ဟု ခံစားရသည်။

ဆန့်ကျင်ဘက်အားဖြင့် ကျိုးလင် ရိုက်ပေးသော ဤဓာတ်ပုံများမှာ ပို၍ ရင်ထဲရောက်စေသည်။

“ရှင်ပင်ပန်းသွားပြီနော်။” မော့ချူးက ပြုံးကာ ကျိုးလင်ကို ခေါင်းညိတ်ပြလိုက်သည်။ သူမက ချီးကျူးလိုက်သည်။ “ရှင် ဓာတ်ပုံရိုက်တာ တကယ်ကို တော်တာပဲ။ အဆင့်မြင့်ဆုံးပဲ။” ထိုသို့ ပြောရင်း လက်မပင် ထောင်ပြလိုက်သည်။

ဤလူမှာ ‘နှိမ့်ချမှု’ ဆိုသည့် စကားလုံးကို သိပုံမရပေ။ မော့ချူး၏ စကားကို ကြားပြီးနောက် ကျိုးလင်မှာ ချက်ချင်း ပြုံးပြီး ကျေနပ်သော မျက်နှာဖြင့် ခေါင်းညိတ်လိုက်သည်။ “ဒါကတော့ သေချာတာပေါ့။”

“အင်း... တကယ်ကို ကောင်းတယ်။” ချီးကျူးစကား ပြောခဲသော နျဉ်ယွိယွမ်ပင်လျှင် သူ၏မျက်ဝန်းထဲ၌ လေးစားအားကျမှုကို မဖုံးကွယ်နိုင်ခဲ့ပေ။

ဤတစ်ကြိမ်တွင်မူ ကျိုးလင်မှာ ပို၍ပင် စိတ်လှုပ်ရှားသွားခဲ့သည်။ ‘ဟား... ဘောစ့်က နောက်ဆုံးတော့ ငါ့ရဲ့ နောက်ထပ် အရည်အချင်းတစ်ခုကို အသိအမှတ်ပြုလိုက်ပြီ။ တကယ်ကို ရှားပါးလှတဲ့ ဖြစ်ရပ်ပဲ။’

“... အမ်၊ ရှင်တို့ ပြီးကြပြီလား” သူတို့အဖွဲ့မှာ မည်သည့်ဓာတ်ပုံကို ရွေးချယ်ရမည်ကို ဆွေးနွေးနေစဉ် ဘေးမှ တိတ်တဆိတ် စောင့်ကြည့်နေသော ဝန်ထမ်းမှာ ရုတ်တရက် ခေါင်းပြူထွက်လာပြီး တိုးတိုးလေး မေးလိုက်သည်။

ဤချောမောသော အမျိုးသားနှင့် လှပသော အမျိုးသမီးကို ကြည့်ရသည်မှာ မျက်စိပသာဒ ဖြစ်သော်လည်း... အဓိကအချက်မှာ အပြင်ဘက်၌ လူတစ်စုက စောင့်နေကြခြင်း ဖြစ်သည်။ ယခုအခါ သူတို့မှာ အလွန်ပင် စိတ်ပူနေကြပြီ။

သူတို့၏ အကြည့်များမှာ အပူချိန် ၃၆၀၀ ဒီဂရီဆဲလ်စီးယပ်ရှိသော စွမ်းအင်တန်းများကဲ့သို့ သူမ၏ ကျောပြင်ကို အစမှအဆုံး ထိုးဖောက်နေသဖြင့် သူမ၏ ကျောမှာပင် ပူလောင်နေသလို ခံစားနေရသည်။

နောက်ဆုံးတွင် သူမကိုယ်တိုင်လည်း သိချင်စိတ် ပြင်းပြနေသလို အပြင်မှလူများကလည်း မော့ချူးနှင့် အခြားသူများကို အပြင်သို့ ခေါ်ထုတ်လာရန် သူမထံသို့ တရစပ် မက်ဆေ့ခ်ျများ ပို့နေကြသည်။

ထို့ကြောင့် သူမ ဆက်၍မအောင့်ထားနိုင်တော့ဘဲ စကားပြောလိုက်ရခြင်း ဖြစ်သည်။

သို့သော် မော့ချူးမှာမူ သူမ၏ အဓိကအချက်ကို သတိမထားမိပေ။ သူမသည် တာမီနယ်မှ အချိန်ကို ကြည့်လိုက်ပြီး သူတို့ကြောင့် ဝန်ထမ်းများမှာ အချိန်ပို ဆင်းနေရသည်ဟု ထင်မှတ်လိုက်သည်။

“တောင်းပန်ပါတယ်၊ ခဏနေရင် ထွက်လာခဲ့ပါ့မယ်။” မော့ချူးက ပြုံးကာ သူမကို တောင်းပန်လိုက်သည်။ ထို့နောက် သူမသည် နျဉ်ယွိယွမ်ကို ဆွဲပြီး တိုးတိုးလေး ပြောလိုက်သည်။ “မြန်မြန်လုပ်၊ ဘယ်ပုံရွေးရွေး ရပါတယ်။”

ဘာပဲဖြစ်ဖြစ် ပုံတိုင်းက လှနေတာပဲ၊ ရွေးမနေတော့ဘူးလေ ဟုတ်တယ်မလား။

မော့ချူး၏ ရိုးသားလှသော တောင်းပန်မှုကို ကြားလိုက်ရသည့်အခါ ဝန်ထမ်းမှာ အနည်းငယ် အားနာသွားသည်။ သူမက မော့ချူးကို လက်ယမ်းပြပြီး ပြောလိုက်သည်။ “ရပါတယ်၊ ရပါတယ်။ စိတ်ကြိုက်သာ ထပ်ရွေးကြပါ။”

အမှန်စင်စစ် သူတို့၏ အလုပ်နယ်ပယ်တွင် အနုပညာရှင်အချို့ကို လက်ခံရလေ့ရှိသော်လည်း မော့ချူးကဲ့သို့ နှိမ့်ချပြီး ယဉ်ကျေးသူမျိုးကို တစ်ခါမှ မကြုံဖူးပေ။

ခဏလေးအတွင်းမှာပင် မော့ချူးအပေါ် ဝန်ထမ်း၏ အထင်ကြီးလေးစားမှုမှာ ပို၍ တိုးသွားခဲ့သည်။

“ဒါဆို ဒီပုံပဲ ယူမယ်” နျဉ်ယွိယွမ်၏ အပြုအမူမှာ မြန်ဆန်ပြတ်သားလှသည်။ မိနစ်အနည်းငယ်အတွင်း သူသည် မင်္ဂလာဓာတ်ပုံကို ရွေးချယ်လိုက်သည်။ အခြားဓာတ်ပုံများကိုမူ သူ သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်သည်။

မော့ချူး ခေါင်းလှည့်ကာ ကြည့်လိုက်သည်။ သူမသည် ဤဓာတ်ပုံကို အလွန်ကျေနပ်သည်။ ဓာတ်ပုံထဲတွင် သူတို့နှစ်ဦးမှာ လက်ချင်းချိတ်ကာ ပခုံးချင်းမှီထားကြသည်။ ဤရိုးရှင်းသော အပြုအမူလေးမှာပင် ပျော်ရွှင်မှုများကို အပြည့်အဝ ဖော်ပြနေသည်။

“ကောင်းပြီ... သွားကြရအောင်၊ စာရင်းသွင်းရမယ်။” ပြောပြောဆိုဆိုဖြင့် သူတို့နှစ်ဦးမှာ အပြင်သို့ ထွက်လာခဲ့ကြသည်။

သူတို့နောက်မှ ကျိုးလင်မှာမူ ဝေခွဲမရဖြစ်နေဆဲပင် ဖြစ်နေသည်။ သူက ကာယကံရှင်များထက်ပင် ပို၍ ရွေးရခက်နေသလို ဖြစ်နေသည်။ “ဟင်... ဆုံးဖြတ်လိုက်ပြီလား။ ထပ်ကြည့်ပါဦး။ ဒီပုံလေးလည်း မဆိုးဘူးလေ”

…

သူတို့ရွေးချယ်ထားသော ဓာတ်ပုံကို ကိုင်ကာ မော့ချူးနှင့် နျဉ်ယွိယွမ်တို့သည် စာရင်းသွင်း ပြတင်းပေါက်ဆီသို့ ခပ်သွက်သွက် လျှောက်လှမ်းသွားကြသည်။

လမ်းတလျှောက်တွင် သတင်းကြားထားသော ဝန်ထမ်းများမှာ အုပ်လိုက်ကြီး ထွက်လာကြသည်။ သူတို့နှစ်ဦးကို လူကိုယ်တိုင် မြင်လိုက်ရသည့်အခါတွင်မူ ပို၍ပင် စိတ်လှုပ်ရှားသွားကြသည်။

မည်သူမျှ အနားသို့ တိုးမလာရဲကြပေ။ သူတို့သည် ပစ္စည်းတစ်ခုခုကို ကိုင်ထားသယောင် အကြောင်းပြကာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေကြသည်။ သို့သော် သူတို့ရှေ့မှ ဖြတ်သွားသည့်အခါတိုင်း အားရပါးရ လှမ်းကြည့်နေကြသည်။

... သေစမ်း။ ငါ့ရဲ့ အိုင်ဒေါ (နတ်သမီးလေး) နဲ့ ဒီလောက်နီးနီးကပ်ကပ် ရှိနေရတာက ရူးချင်စရာပဲ။

ပြည်သူ့ရေးရာဗျူရိုမှာ ဒီလိုမျိုး အကျိုးခံစားခွင့် ရှိလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။ ဒါကိုသာ ဆွေမျိုးသူငယ်ချင်းတွေကို ပြောပြရင် အားလုံး မနာလိုဖြစ်ပြီး သေကုန်ကြမှာပဲ၊ ဟုတ်တယ်မလား။

ငါတို့က နျဉ်ယွိယွမ်နဲ့ မော့ချူးတို့ လက်ထပ်တဲ့ လုပ်ငန်းစဉ် တစ်ခုလုံးကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရတာကွ။ ဘယ်သူနဲ့များ ယှဉ်နိုင်ဦးမလဲ။

ဝန်ထမ်းများ၏ အတွေးများကို မျက်စိရှင်သော နျဉ်ယွိယွမ်နှင့် မော့ချူးတို့က ရိပ်မိသော်လည်း သူတို့ ဂရုမစိုက်ခဲ့ပေ။

“ဒီမှာ၊ ဒါက ကျွန်တော်တို့ ရိုက်ထားတဲ့ မင်္ဂလာဓာတ်ပုံပါ။” နျဉ်ယွိယွမ်က ဓာတ်ပုံကို ကမ်းပေးလိုက်သည်။ ဝန်ထမ်းက ဓာတ်ပုံကို ယူကာ စက်ထဲသို့ ထည့်လိုက်ရာ မျက်တောင်တစ်မှိတ်အတွင်း သူတို့၏ ဓာတ်ပုံမှာ စနစ်ထဲသို့ ရောက်ရှိသွားတော့သည်။

“ရှင်တို့က... ကိုယ့်သဘောဆန္ဒအတိုင်း လက်ထပ်ကြတာ ဟုတ်ပါတယ်နော်။” ဝန်ထမ်းက စာရွက်စာတမ်း နှစ်ခုကို ကမ်းပေးလိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် ဝမ်းသာမှုရော၊ နှမြောတသမှုရော ရောယှက်နေသော ဖော်မပြနိုင်သည့် အမူအရာတစ်ခု ရှိနေသည်။

“သေချာတာပေါ့” နျဉ်ယွိယွမ်က တွေဝေခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။ ထို့နောက် သူနှင့် မော့ချူး၏ လက်ထဲမှ စာရွက်စာတမ်းများကို ငုံ့ကြည့်လိုက်သည်။ ၎င်းမှာ သူတို့၏ လက်ထပ်မှု အချက်အလက်များကို အတည်ပြုရန် စာရင်းဖြစ်သည်။ “ဒီနေရာမှာ လက်မှတ်ထိုးရုံပဲ မဟုတ်လား။”

နျဉ်ယွိယွမ်သည် စာမျက်နှာ၏ ညာဘက်အောက်ခြေကို ညွှန်ပြကာ ဝန်ထမ်းကို မေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဒါက သူ၏ ပထမဆုံးအကြိမ် ဖြစ်သဖြင့် သေသေချာချာ မေးမြန်းခြင်းက ပို၍ စိတ်ချရသည်။

ဝန်ထမ်းက ခေါင်းညိတ်ပြသည်။ “ဟုတ်ကဲ့... အောက်ဘက်နားလေးမှာ လက်မှတ်ထိုးလိုက်ရင် ရပါပြီ။”

ဒါကို ကြားလိုက်ရသည့်အခါ နျဉ်ယွိယွမ်သည် ဘောပင်ကို ကိုင်ကာ သူ၏အမည်ကို ရေးထိုးလိုက်သည်။ သူ၏ လက်ရေးမှာ စီးဆင်းနေသော တိမ်တိုက်များနှင့် ရေလှိုင်းများကဲ့သို့ပင် ချောမွေ့လှပြီး သူ၏ အရှိန်အဝါကို ဖော်ပြနေသယောင်ပင်။

သူ ခေါင်းမော့လိုက်သည့်အခါ ဘေးနားရှိ မော့ချူးမှာ ဘောပင်ကို ကိုင်ကာ ကြောင်အမ်းအမ်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်လုံးများမှာ အနည်းငယ် ဝေဝါးနေသည်။

“ဘာဖြစ်လို့လဲ။ အခုမှတော့ စကားကို ပြန်မရုတ်သိမ်းနဲ့တော့နော်။” နျဉ်ယွိယွမ် ပြုံးကာ ပြောလိုက်သော်လည်း သူ၏ မျက်ဝန်းထဲတွင်မူ စိုးရိမ်မှုနှင့် တုန်လှုပ်မှုအချို့ ရှိနေသည်။

“ဘယ်သူက စကားပြန်ရုတ်သိမ်းရမှာလဲ။” မော့ချူး ခေါင်းမော့လာကာ သူ့ကို မျက်စောင်းထိုးလိုက်သည်။ “ကျွန်မက ဒီအကြောင်းကို အစ်ကို့ကို မပြောရသေးဘူးလို့ ရုတ်တရက် သတိရသွားလို့ပါ။ အစ်ကို့ဆီ အရင်ဆုံး မက်ဆေ့ခ်ျ ပို့လိုက်ရမလားလို့...”

“နေဦး။” ဒါကို ကြားလိုက်ရသည့်အခါ နျဉ်ယွိယွမ်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ အကယ်၍ မော့ယန်ကိုသာ တကယ်သွားပြောလိုက်လျှင် ဤကိစ္စမှာ နောက်ထပ် နှစ်အနည်းငယ်လောက် ကြန့်ကြာသွားမည်ကို သူ စိုးရိမ်နေမိသည်။

သူ နောက်ထပ် မစောင့်နိုင်တော့ပေ။ ဆက်စောင့်နေရလျှင် သူ အသက်ရှူကျပ်ပြီး သေသွားလိမ့်မည်ကို တကယ် ကြောက်နေမိသည်။ ဘာပဲဖြစ်ဖြစ် သူတို့မှာ လူငယ်လေးတွေပဲ မဟုတ်လား။ သူ ချစ်ရတဲ့ မိန်းကလေးက သူ့ဘေးနားမှာ ရှိနေပြီး အရမ်းကို နုနယ်လှပနေတာလေ။ သူ မအောင့်ထားနိုင်တော့သလို သူမကိုလည်း မပိုင်ဆိုင်နိုင်သေးသည့် ထိုခံစားချက်မှာ... တကယ်ကို သည်းမခံနိုင်စရာပဲ။

“မော့ယန်က အခု အထူးတာဝန်တစ်ခုနဲ့ သွားနေတာ ဖြစ်ရမယ်” နျဉ်ယွိယွမ်သည် မျက်တောင်မခတ် လိမ်ပြောလိုက်သည်။ “မင်း မက်ဆေ့ခ်ျ ပို့လိုက်ရင်တောင် သူ အခု ကြည့်နိုင်မှာ မဟုတ်ဘူး... ဒီကိစ္စကြောင့်နဲ့ မင်း ကိုယ့်ကို ဒီမှာ ဒီတိုင်း ပစ်ထားခဲ့တော့မလို့လား။”

စကားအဆုံးတွင် သူသည် အနည်းငယ် ဝမ်းနည်းအားငယ်နေသော ပုံစံကို ဖော်ပြလိုက်သည်။

ဒါကို ကြားလိုက်ရသည့်အခါ ဘေးမှ ဝန်ထမ်းမှာ လဲကျလုနီးပါးပင် ဖြစ်သွားခဲ့သည်။

သူမ မျက်လုံးကို အားရပါးရ ပွတ်သပ်လိုက်မိသည်။ ‘ဟာ... ငါ ခုနက မြင်လိုက်တာ အမြင်မှားနေတာလား။’

ခံ့ညားထည်ဝါလှတဲ့ ဗိုလ်မှူးနျဉ်က အခုလေးတင် သနားစရာကောင်းတဲ့ ပုံစံကို လုပ်ပြသွားတာလား။ သူ၏ လေသံထဲတွင် ဝမ်းနည်းမှုတွေ ပါနေတာလား။

ဘုရားသခင်... ဒါ တကယ့်ကို ထူးဆန်းတဲ့ ကိစ္စပဲ။

…

အခြားတစ်ဖက်တွင်မူ နျဉ်ယွိယွမ်၏ မျက်မှောင်ကြုတ်ထားသော မျက်နှာကို ကြည့်ရင်း မော့ချူးမှာ စိတ်မကောင်း ဖြစ်သွားခဲ့သည်။

ဘာပဲဖြစ်ဖြစ် သူမသည် နျဉ်ယွိယွမ်ကို ရွေးချယ်ပြီးသား ဖြစ်သဖြင့် လက်မှတ်ထိုးလိုက်ရုံသာ ရှိတော့သည်။

ထိုသို့ တွေးလိုက်ပြီးနောက် မော့ချူးသည် ဘောပင်ကို ကိုင်ကာ ရေးရန် ပြင်လိုက်စဉ် ဝန်ဆောင်မှု ပြတင်းပေါက်မှ ဝန်ထမ်းက ထပ်၍သတိပေးလိုက်သည်။ “ချူးလေး၊ သေသေချာချာ စဉ်းစားပြီးပြီလား။”

သေစမ်း။

မင်းတို့တွေ ဘာလုပ်ချင်နေကြတာလဲ။

ငါ လက်ထပ်မှာကို နင်တို့အားလုံးက ကြည့်မရဖြစ်နေကြတာလား။

နျဉ်ယွိယွမ် မျက်မှောင်ကြုတ်ပြီး သူ၏လက်ကို တင်းတင်းဆုပ်လိုက်မိသည်။ သူ၏လက်ချောင်းများမှာ ဘောပင်ကိုပင် ချိုးပစ်မိတော့မလို ဖြစ်နေတော့သည်...။

All Chapters