အခန်း (၅၉၇)
Vol. 40 Ch. 597
ပြည်သူ့ရေးရာဗျူရိုတွင် အလုပ်လုပ်နိုင်သူတိုင်းမှာ နားပါးပြီး မျက်စိရှင်ကြသည် မဟုတ်ပါလား။
ယခုအချိန်တွင် နျဉ်ယွိယွမ်၏ မျက်နှာရိပ်မျက်နှာကဲ မကောင်းသည်ကို မြင်လိုက်ရသည့်အခါ သူမ ကိုယ့်ကိုယ်ကိုယ် စိတ်တိုသွားမိသည်။ ဟင်းးး ‘ကိုယ့်ကိုယ်ကိုယ် မေးကြည့်စမ်း၊ ဘာလို့များ ရုတ်တရက်ကြီး လွှတ်ခနဲ ပြောလိုက်မိတာလဲ။’
ဝန်ထမ်း၏ မျက်လုံးများ ကစားလိုက်ပြီး အခြေအနေကို ပြန်လည်ကောင်းမွန်အောင် စကားကောင်းပြောရန် ပြင်လိုက်စဉ် တစ်ဖက်ရှိ မော့ချူးက ရုတ်တရက် တည်ကြည်စွာ ခေါင်းမော့လာပြီး သူမ၏ မျက်ဝန်းများမှာ တောက်ပနေသည်။
“ထပ်ပြီး မစဉ်းစားတော့ဘူး။” မော့ချူးက နျဉ်ယွိယွမ်ဘက်သို့ ခေါင်းလှည့်ကာ ကြည့်လိုက်သည်။ သူမ၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားပြီး “ကျွန်မ ရှင့်ကို လက်ထပ်ဖို့ ဆန္ဒရှိပါတယ်။”
ဤရိုးရှင်းသော စကားလုံးများမှာ နျဉ်ယွိယွမ်၏ ရင်ထဲ၌ ဖြစ်ပေါ်နေသော ဒေါသများကို ချက်ချင်းပင် အရိပ်အယောင်မကျန် ပျောက်ကွယ်သွားစေသည်။ ချမ်းအေးလှသော နေ့တစ်နေ့တွင် ဗိုက်ထဲသို့ ရေနွေးပူပူတစ်ခွက် လောင်းထည့်လိုက်သကဲ့သို့ပင် နွေးထွေးပြီး သက်တောင့်သက်သာ ရှိသွားစေသည်...။
သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားကြပြီး ဘာမှမပြောဖြစ်ကြပေ။ သို့သော် သူတို့၏ နှုတ်ခမ်းထောင့်များမှာမူ တစ်ပုံစံတည်းနီးပါး ပြုံးယောင်သန်းနေကြသည်။
မော့ချူး ခေါင်းငုံ့လိုက်ပြီး သူမ၏ လက်ကောက်ဝတ်ကို အသာအယာ လှုပ်ရှားလိုက်သည်။ သပ်ရပ်လှပသော လက်ရေးများမှာ စာရွက်စာတမ်းများပေါ်သို့ လျင်မြန်စွာ ရောက်ရှိသွားတော့သည်။
သူတို့နှစ်ဦးသည် လက်ထဲမှ စာရွက်များကို အပြန်အလှန် လဲလှယ်ကာ အမည်များကို လျင်မြန်စွာ ရေးထိုးလိုက်ကြသည်။ ထို့နောက် စာရွက်စာတမ်း နှစ်ခုလုံးကို ဝန်ဆောင်မှု ပြတင်းပေါက်ရှိ ဝန်ထမ်းထံသို့ ကမ်းပေးလိုက်ကြသည်။
ယခင် သင်ခန်းစာကြောင့် ဝန်ထမ်းမှာ ရင်ထဲတွင် ဝေခွဲမရဖြစ်နေသော်လည်း သူ၏ လှုပ်ရှားမှုများမှာ မြန်ဆန်လာခဲ့သည်။ ငါးမိနစ်မပြည့်မီမှာပင် သူတို့နှစ်ဦး၏ လက်ထပ်ရန် လျှောက်ထားမှုမှာ အောင်မြင်သွားခဲ့သည်။
“ဩော်... ဒါနဲ့၊ ရှင်တို့ မင်္ဂလာလက်မှတ် ယူမလား” ဝန်ထမ်းက လှည့်မေးလိုက်သည်။
ဒါကို ကြားလိုက်ရသည့်အခါ မော့ချူး မှင်တက်သွားသည်။ မင်္ဂလာလက်မှတ် မယူဘူးဆိုလျှင် သူတို့ ဒီမှာ ဘာလာလုပ်နေကြတာလဲ။
နျဉ်ယွိယွမ်ကပဲ အချိန်မီ ခေါင်းညိတ်ပြလိုက်သည်။ “ဟုတ်ကဲ့၊ ထုတ်ပေးလိုက်ပါ။”
မိနစ်အနည်းငယ် စောင့်ပြီးနောက်တွင်မှ မော့ချူးသည် ဝန်ထမ်း ဆိုလိုသည့်အချက်ကို နားလည်သွားတော့သည်။
အဖွဲ့ချုပ်၏ မင်္ဂလာလက်မှတ် ထုတ်ပေးသည့် လုပ်ငန်းစဉ်မှာ အဓိကအားဖြင့် မှတ်ပုံတင်ခြင်း၊ စစ်ဆေးခြင်းနှင့် စနစ်ထဲသို့ တင်ခြင်းတို့သာ ဖြစ်သည်။ အကယ်၍ အပြင်ပန်း လက်ဆုပ်လက်ကိုင်ပြနိုင်သော လက်မှတ်ကို သီးခြားလိုချင်ပါက အပိုငွေ ထပ်ပေးရခြင်း ဖြစ်သည်။
လူအများစုမှာ ၎င်းကို မယူကြဘဲ မလိုအပ်ဘူးဟု ယူဆကြသည်။ သို့သော် မော့ချူးကတော့ သေချာပေါက် လိုချင်မည်ဖြစ်သည်။ ဤအချက်နှင့် ပတ်သက်၍ နျဉ်ယွိယွမ်သည် သူမနှင့် ကြိုတင်ညှိနှိုင်းစရာမလိုဘဲ နားလည်မှု ရှိနေခဲ့သည်။
“ရပါပြီ ဒါကတော့ ရှင်တို့ရဲ့ မင်္ဂလာလက်မှတ်တွေပါ။” ခေတ္တအကြာတွင် ဝန်ထမ်းက အနီရောင် စာအုပ်လေး နှစ်အုပ်ကို ကမ်းပေးလိုက်သည်။ သူမ၏ ပါးစပ်မှလည်း ကောင်းချီးစကားများမှာ ပုတီးစေ့များကဲ့သို့ တရစပ် ထွက်ပေါ်လာသည်။ “ရှင်တို့နှစ်ယောက် ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ပါစေ၊ သားရတနာ မြန်မြန်ထွန်းကားပါစေ။ နောက်သုံးနှစ်နေရင် ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးတစ်ခုကို ပိုင်ဆိုင်နိုင်ပါစေလို့ ကျွန်မ ဆုတောင်းပေးပါတယ်။”
ဟုတ်ပေသည်၊ ဤစကားများမှာ ကောင်းသောနိမိတ်အတွက်သာ ပြောခြင်းဖြစ်သည်။ အဖွဲ့ချုပ်၏ ကလေးမွေးဖွားနှုန်း နိမ့်ပါးမှုအရ သုံးနှစ်အတွင်း ကလေးနှစ်ယောက်ရဖို့ နေနေသာသာ အနှစ် ၃၀ အတွင်း ကလေးတစ်ယောက်ရလျှင်ပင် အံ့သြစရာ ကောင်းနေပြီဖြစ်သည်။
မော့ချူးမှာမူ ဤမင်္ဂလာလက်မှတ်ကို အတော်ပင် စိတ်ဝင်စားနေသည်။
၂၁ ရာစုနှင့် မတူသည်မှာ အဖွဲ့ချုပ်၏ မင်္ဂလာလက်မှတ်မှာ အတော်ပင် စိတ်ဝင်စားစရာ ကောင်းနေခြင်းဖြစ်သည်။ အပြင်ဘက်တွင် အနီရောင် နှလုံးသားနှစ်ခု ပုံသဏ္ဍာန် ရှိပြီး ညာဘက်အပေါ်ထောင့်တွင် သူတို့ ရွေးချယ်ထားသော မင်္ဂလာဓာတ်ပုံနှင့် အမည်များ ပါရှိရာ ကြည့်လိုက်သည်နှင့် တကယ်ကို ထူးခြားနေတော့သည်။
“ဒါပဲလား။” လက်ထဲတွင် မင်္ဂလာလက်မှတ်ကို ကိုင်ထားရင်း မော့ချူးမှာ အချိန်မီ သတိမဝင်နိုင်သေးပေ။ သူမက ဒီလောက်မြန်မြန်ကြီး အိမ်ထောင်သည် တစ်ယောက် ဖြစ်သွားပြီလား။
“ဟုတ်ပါတယ်။” ဝန်ထမ်းက ပြုံးကာ ခေါင်းညိတ်ပြသော်လည်း သူမ၏ ရင်ထဲတွင်မူ သွေးထွက်လောက်အောင် နာကျင်နေသည်။ တောက်။ သူမ၏ စိတ်ကူးထဲက မင်းသားလေးနှင့် ချူးလေး တို့ကို ကိုယ်တိုင် လက်ထပ်ပေးလိုက်ရသည့် ထိုခံစားချက်မှာ... အတော်လေးကို ရှုပ်ထွေးနေတော့သည်။
“ဒါကို ကိုယ် သိမ်းထားပေးမယ်။” နျဉ်ယွိယွမ်က ရုတ်တရက် လက်လှမ်းကာ မော့ချူး၏ လက်ထဲမှ မင်္ဂလာလက်မှတ်ကို ဆွဲယူလိုက်ပြီး တည်ကြည်သော လေသံဖြင့် ပြောလိုက်သည်။ “မင်း မတော်တဆ ပျောက်သွားမှာ စိုးလို့ပါ။”
မော့ချူး၏ မျက်နှာမှာ စိတ်ပျက်မှုများဖြင့် ပြည့်နှက်သွားသည်။ အခုလို တာမီနယ်ရှိနေတဲ့ခေတ်မှာ ဘာက ပျောက်နိုင်ဦးမှာလဲ။ ဒီထက်ပိုကောင်းတဲ့ အကြောင်းပြချက် မရှာနိုင်တော့ဘူးလား။
ချူးလေး၏ စကားမဲ့နေသော ပုံစံကို ကြည့်ရင်း နျဉ်ယွိယွမ်၏ ရင်ထဲတွင် နူးညံ့သွားရသည်။ ထို့နောက် သူ ပြန်လည် စိတ်လှုပ်ရှားလာပြန်သည်။ လက်ထဲမှ မင်္ဂလာလက်မှတ်ကို ကြည့်ရင်း သူ၏ မျက်ဝန်းများမှာ တောက်ပနေသည်။ ယနေ့မှစ၍ ချူးလေးသည် သူ၏ တရားဝင် ဇနီးသည် ဖြစ်ပြီပင်။
ဒါဆိုရင် သူ သူမကို ပေါ်ပေါ်ထင်ထင် ဖက်လို့ရပြီ၊ နမ်းလို့ရပြီ၊ ပြီးတော့... ခဏလေးအတွင်းမှာပင် နျဉ်ယွိယွမ်၏ စိတ်ကူးများမှာ အကန့်အသတ်မရှိ ပြန့်လွင့်သွားတော့သည်။ သူ၏ နားရွက်ဖျားလေးများပင် အနည်းငယ် နီမြန်းလာခဲ့သည်။
…
မော့ချူးနှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် ပြည်သူ့ရေးရာဗျူရိုမှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားတော့သည်။
ဝန်ထမ်းများ၏ မျက်နှာပေါ်မှ တည်ငြိမ်မှုများမှာ ချက်ချင်း ကွယ်ပျောက်သွားပြီး သုံးယောက်တစ်စု၊ ငါးယောက်တစ်စု စုရုံးကာ တရစပ် အတင်းပြောကြတော့သည်။
“ဝိုး။ သူတို့နှစ်ယောက် တကယ် လက်ထပ်လိုက်ကြပြီ၊ တကယ်ကြီးပဲ။” မိန်းကလေးတစ်ဦးမှာ အလွန်ပင် စိတ်လှုပ်ရှားနေသဖြင့် ထိုနေရာမှာတင် ခုန်ပေါက်နေတော့သည်။ သူမကိုယ်တိုင် လက်ထပ်ရသည့်အချိန်ထက်ပင် ပို၍ စိတ်လှုပ်ရှားနေသလို ခံစားနေရသည်။
“နင်တို့ မသိပါဘူး၊ ငါ သူတို့နှစ်ယောက်ရဲ့ အချက်အလက်တွေကို စပြီး စစ်ဆေးတုန်းကဆို သေမတတ် ကြောက်သွားတာ။ အခု ပြန်စဉ်းစားကြည့်ရင်တောင် ငါ့ရင်တွေ တုန်နေတုန်းပဲ။”
“ဘုရားသခင်။ ဒါကို တခြားလူတွေကို အရမ်းပြောပြချင်တာပဲ။” သူတို့၏ အလုပ်သဘောသဘာဝအရ နိုင်ငံသားများ၏ အိမ်ထောင်ရေး အခြေအနေကို ပေါက်ကြားခွင့်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံမှု၏ အစိတ်အပိုင်းဖြစ်သောကြောင့်ပင် ဖြစ်သည်။
ဤပေါက်ကွဲစေနိုင်သော သတင်းကို သူတို့ မပေါက်ကြားနိုင်ကြပေ။ ၎င်းမှာ ကျေနပ်မှုရော၊ စိတ်လှုပ်ရှားမှုရော ရောယှက်နေသော ခံစားချက်ကြီးပင် ဖြစ်နေသည်။
သို့သော် မကြာမီမှာပင် သူမသည် ဤကိစ္စအတွက် စိတ်ပူနေရန် မလိုတော့ပေ။ သူမ၏ မျက်လုံးများမှာ သိသိသာသာ တောက်ပလာခဲ့သည်။ သူမသည် ဘေးမှ လုပ်ဖော်ကိုင်ဖက်များ၏ ပခုံးကို အမြန်ပုတ်ကာ ပြောလိုက်သည်။ “အွန်လိုင်းပေါ် မြန်မြန်တက်ကြ၊ မြန်မြန်တက်ကြ။ ငါ လင့်ခ်တွေ အားလုံး ပို့ထားပေးတယ်။”
“ဘာဖြစ်လို့လဲ။ ဒါက ဘာလဲ။” အပြင်းအထန် ဆွေးနွေးနေကြသော အမျိုးသမီး လုပ်ဖော်ကိုင်ဖက် အချို့မှာ တာမီနယ်ကို ဖွင့်ကာ လင့်ခ်ထဲသို့ ဝင်ကြည့်လိုက်ကြသည်။ ထို့နောက် “အား၊ အား၊ အား။”
အော်ဟစ်သံများစွာမှာ ပြည်သူ့ရေးရာဗျူရို တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။
နျဉ်ယွိယွမ်သည် အများပြည်သူသို့ ဆက်သွယ်သော လိုင်းကို ဖွင့်လိုက်ခြင်းဖြစ်သည်။ ထိုထဲတွင် စာသားတစ်ပိုဒ်နှင့် ဓာတ်ပုံနှစ်ပုံသာ ပါရှိသည်။
“ကျွန်တော်တို့ လက်ထပ်လိုက်ပါပြီ။ ယနေ့မှစပြီး ကျွန်တော့်ကို မော့ချူးရဲ့ ခင်ပွန်းလို့ပဲ ခေါ်ပေးကြပါ။ ကျေးဇူးတင်ပါတယ်။”
အောက်ပါပုံများမှာ သူတို့၏ မင်္ဂလာလက်မှတ်နှင့် နမ်းနေသည့် ဓာတ်ပုံတစ်ပုံဖြစ်သည်။
ဖက်ခ့် ဒါကတော့ အများရှေ့မှာ စင်ဂယ်တွေကို နှိပ်စက်နေတာပဲ။
မိနစ်အနည်းငယ်အတွင်းမှာပင် နျဉ်ယွိယွမ်၏ ထိုပို့စ်မှာ အလွန်ပင် ရေပန်းစားသွားခဲ့တော့သည်။
အမြဲတမ်း တိတ်တိတ်ဆိတ်ဆိတ် နေတတ်သော ပြည်သူပြည်သားများပင်လျှင် ဤသတင်းကြောင့် ပေါက်ကွဲထွက်ကုန်ကြသည်။
ဖက်ခ့် ဘာတွေဖြစ်ကုန်တာလဲ။
ရက်အနည်းငယ်အတွင်းမှာပဲ ဒီလူနှစ်ယောက်က ဘယ်လိုလုပ်ပြီး မင်္ဂလာလက်မှတ် ရသွားကြတာလဲ။
အကယ်၍သာ နျဉ်ယွိယွမ်၏ ဂုဏ်သတင်းကြောင့် မဟုတ်လျှင် ဤသတင်းမှာ လူအများ၏ အာရုံစိုက်မှုကို ခံရရန်အတွက် လုပ်ကြံထားသော သတင်းအတုဟု သံသယဝင်မည့်သူများ သေချာပေါက် ရှိနေမည်ဖြစ်သည်။
သို့သော် မည်သူက နျဉ်ယွိယွမ်အဖြစ် ဟန်ဆောင်ဝံ့မည်နည်း။ ထို့ကြောင့် ဤသတင်း၏ မှန်ကန်မှုကို မေးခွန်းထုတ်စရာ မရှိပေ…
ထို့ကြောင့် အင်တာနက်တစ်ခွင်မှာ အော်ဟစ်သံများဖြင့် ချက်ချင်းပင် ပြည့်နှက်သွားတော့သည်။
“အား။ ငါ မယုံဘူး။ နင်တို့ ငါ့ကို လိမ်နေတာ ဖြစ်ရမယ်။ ငါ့ရဲ့ နတ်သမီးလေးက ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး လက်ထပ်သွားရတာလဲ။”
“ထင်တဲ့အတိုင်းပဲ၊ ငါတို့ အတွဲလေးက ခိုင်မြဲနေတာပဲ။ မျိုးရိုးဗီဇ အဆင့်သတ်မှတ်ချက်ကြောင့် သူတို့နှစ်ယောက် မလိုက်ဖက်ဘူးလို့ ပြောခဲ့တဲ့ မုန်းတီးရေးသမားတွေ အခု ထွက်လာခဲ့စမ်း။”
“ဟုတ်တယ်၊ ဒါက မျက်နှာကို အိုးမည်းသုတ်ခံလိုက်ရတဲ့ အသံပဲ။”
“ဒီဓာတ်ပုံနှစ်ပုံကို ငါတစ်ယောက်တည်းပဲ ကြည့်နေမိတာလား။ ရယ်ရမလို ငိုရမလိုပဲ။ ဝိုး... ဒီဓာတ်ပုံနှစ်ပုံက တကယ့်ကို ခံစားချက်အပြည့်နဲ့ ရိုက်ထားတာပဲ။ အရမ်းလှတယ်။ ဒါက အမှတ် ၃ ခရိုင်က ဗျူရိုမှာ ရိုက်ခဲ့တာလား။ အဲ့ဒီဓာတ်ပုံဆရာကို ငါ့အတွက် ကြိုတင်စာရင်းသွင်းပေးကြပါ။”
“စိတ်မပူပါနဲ့၊ နင်တစ်ယောက်တည်း မဟုတ်ပါဘူး။ ငါလည်း ဒီမှာ ကြည့်နေတာ။ ဒီလှပတဲ့ ဓာတ်ပုံနှစ်ပုံကြောင့် ငါတော့ အရှုံးပေးလိုက်ပြီ။”
“ဟားဟား၊ ငါ့ရဲ့ တာမီနယ် နောက်ခံမှာ အခုပဲ တင်လိုက်ပြီ။ ငါတော့ တကယ်ကို ပါးနပ်တာပဲ။”
“ဒါကလေ... ကျွန်တော့်ရဲ့ ပရော်ဖက်ရှင်နယ် အမြင်အရ ပြောရရင် ဒီဓာတ်ပုံနှစ်ပုံက တကယ့် ပညာရှင်တစ်ယောက်ရဲ့ လက်ရာပဲ။ ရိုက်ချက်နဲ့ အရောင်အသွေးကို ကြည့်ပါဦး။ လုံးဝ ပြည့်စုံတယ်လို့ ပြောလို့ရတယ်။ သာမန်လူတစ်ယောက်ကတော့ ဒီလိုအဆင့်မျိုး ရောက်အောင် ရိုက်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင်အမြင်အရဆိုရင် ဒါက ဗိုလ်မှူးနျဉ် ကိုယ်တိုင် ငှားထားတဲ့ ဓာတ်ပုံဆရာ ဖြစ်ရမယ်၊ ဒါကြောင့်...”
ထို့အပြင် ပို၍ ချဲ့ကားပြောရလျှင် နျဉ်ယွိယွမ်၏ မင်္ဂလာပွဲစတိုင်မှာ အွန်လိုင်းတွင် ရုတ်တရက် ရေပန်းစားသွားခဲ့သည်။
“ကျွန်တော် ရင်ကွဲနေရပါပြီ၊ ဒီနေ့ကစပြီး ကျွန်တော့်ကို ငိုနေတဲ့ လူပျိုကြီး လို့ပဲ ခေါ်ပေးကြပါ၊ ကျေးဇူးတင်ပါတယ်။”
“ဝိုး၊ ဒီနေ့တော့ ငါ တော်တော်လေး ဗိုက်ဝသွားပြီ၊ ငါ့ကို အများကြီး စားနိုင်သူ လို့ပဲ ခေါ်ပေးပါ၊ ကျေးဇူးတင်ပါတယ်။”
“ငါ့ရဲ့ သီချင်းဆိုသံက အရမ်းကောင်းနေတာကို ရုတ်တရက် သတိထားမိသွားတယ်။ ဒီနေ့ကစပြီး ငါ့ကို လမ်းလျှောက်နေတဲ့ ဂီတသံစဉ် လို့ပဲ ခေါ်ပေးပါ၊ ကျေးဇူးတင်ပါတယ်။”
…
အမျိုးမျိုးသော စကားများစွာမှာ အပြန်အလှန် ပျံ့နှံ့နေပြီး ပြည်သူများမှာလည်း အလွန်ပင် ပျော်ရွှင်နေကြသည်။ လူအများ၏ ဉာဏ်ပညာမှာ အတိုင်းအဆမရှိကြောင်း နောက်တစ်ကြိမ် သက်သေပြလိုက်ပြန်သည်။
“ချူးလေး၊ ကိုယ်တို့ မင်္ဂလာလက်မှတ်လည်း ရပြီဆိုတော့ ကိုယ့်အိမ်ကို ပြောင်းလာခဲ့ပါလား။”
မော့မိသားစု အိမ်ရှေ့တွင် ကားလေး ရပ်လိုက်သည်။ နျဉ်ယွိယွမ်သည် ဘေးခုံတွင် ထိုင်နေသော မော့ချူးကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။ သူ၏နောက်ကွယ်မှ မမြင်နိုင်သော ဝံပုလွေမြီးလေးမှာလည်း ဘယ်ညာ ခါယမ်းနေသယောင်ပင်။
“ဟင်။” ဒါကို ကြားလိုက်ရသည့်အခါ မော့ချူး ခေတ္တမျှ မှင်တက်သွားသည်။ ဤတိုးတက်မှုမှာ အနည်းငယ် မြန်လွန်းနေသည်ဟု သူမ ရုတ်တရက် ခံစားလိုက်ရသည်။ “... အခုပဲ ရှင့်အိမ်ကို ပြောင်းရမှာလား။”
“သေချာတာပေါ့။” နျဉ်ယွိယွမ် ခေါင်းညိတ်လိုက်သည်။ ယခုအချိန်တွင် သူသည် မော့ချူး၏ ပစ္စည်းများအားလုံးကို သူ၏အိမ်သို့ ချက်ချင်း ပြောင်းရွှေ့ချင်နေပြီဖြစ်သည်။
သူ၏ အခန်းထဲတွင် မော့ချူး၏ အငွေ့အသက်များ ပြည့်နှက်နေမည်၊ သူတို့နှစ်ဦး၏ အဝတ်အစားများက ဗီရိုထဲတွင် အတူတူ ရှိနေမည်၊ ရေချိုးခန်းထဲမှ သွားတိုက်တံလေးများကလည်း ယှဉ်တွဲနေမည်ကို တွေးမိသည့်အခါ... နျဉ်ယွိယွမ်သည် သူ၏ အနာဂတ်ဘဝအတွက် တောင့်တမှုများဖြင့် ပြည့်နှက်နေတော့သည်။
“ဒါပေမယ့်...” မော့ချူး သူမ၏ နှုတ်ခမ်းကို စေ့လိုက်မိသည်။ သူမ အနည်းငယ် သက်တောင့်သက်သာ မရှိသလို ခံစားလိုက်ရသည်။
အရင်ကတော့ စိတ်လိုက်မာန်ပါ ဖြစ်သွားခဲ့ပြီး နျဉ်ယွိယွမ်၏ ကမ်းလှမ်းမှုကို ချက်ချင်း သဘောတူလိုက်မိသည်။ ယခု မင်္ဂလာလက်မှတ်လည်း ရပြီး လက်ထပ်ပြီးသွားသည့်အခါတွင်မူ သူမ အနည်းငယ် စိုးရိမ်စိတ် ဝင်လာမိသည်…
နျဉ်ယွိယွမ်သည် မော့ချူး၏ အနေရခက်မှုကို သဘာဝကျကျပင် ရိပ်မိသည်။ သို့သော် လူဆိုသည်မှာ အတူတူနေထိုင်ရင်း ပို၍ ရင်းနှီးလာရမည် မဟုတ်ပါလား။ အတူတူ မနေဘဲနှင့် ဘယ်လိုလုပ်ပြီး ဇနီးမောင်နှံလို့ ခေါ်လို့ရမည်နည်း။
“စိတ်မပူပါနဲ့၊ ဖြည်းဖြည်းချင်း သွားကြတာပေါ့။” နျဉ်ယွိယွမ်က မော့ချူး၏ နုနယ်သော လက်ကလေးများကို ကိုင်ကာ သူမကို နှစ်သိမ့်သော အပြုံးဖြင့် ပြုံးပြလိုက်သည်။ “ဒီလိုလုပ်ရအောင်၊ အရင်ဆုံး အထဲဝင်ကြမယ်။ အနည်းဆုံးတော့ ဒီအဝတ်အစားတွေကို လဲရဦးမယ် ဟုတ်တယ်မလား။”
ဟုတ်ပေသည်။
မိုးရေကြောင့် စိုခဲ့သော အဝတ်အစားများမှာ ခြောက်လုနီးပါး ဖြစ်နေသော်လည်း လဲလိုက်ခြင်းက အကောင်းဆုံးဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အခုချိန်မှာ သိပ်ပြီး သက်တောင့်သက်သာ မရှိလှပေ။
ကားကို တာမီနယ်ထဲသို့ ပြန်ထည့်ပြီးနောက် နျဉ်ယွိယွမ်သည် မော့ချူး၏ လက်ကိုကိုင်ကာ အိမ်ထဲသို့ လျှောက်လှမ်းခဲ့သည်။
သူ၏ ရင်ထဲတွင် တိတ်တဆိတ် တွက်ချက်နေမိသည်။ ချူးလေးသည် အမြဲတမ်း စိတ်နုသူတစ်ဦး ဖြစ်သည်။ ထို့အပြင် သူတို့၏ အဆင့်အတန်းမှာလည်း အတည်ဖြစ်သွားပြီဖြစ်သည်။ အချိန်တန်လျှင် သူက ဝမ်းနည်းအားငယ်နေသော ပုံစံလေး ပြလိုက်ရုံဖြင့် ဤကိစ္စမှာ အဆင်ပြေသွားနိုင်သည်။
နျဉ်ယွိယွမ်၏ အစီအစဉ်များမှာ အတော်လေးကို စေ့စပ်လှသည်။ သို့သော် ‘ကြိုးစားမှုကတော့ ကောင်းပါတယ်’ ဟုသာ ပြောရပေလိမ့်မည်။
ကံမကောင်းစွာဖြင့် လက်တွေ့ဘဝက သူ့ကို ချက်ချင်းပင် ရိုက်နှက်လိုက်တော့သည်။
လက်ဗွေကို စစ်ဆေးပြီးနောက် တံခါးမှာ တီကနဲ မြည်ကာ ပွင့်သွားခဲ့သည်။
“ချူးလေး၊ ပြန်ရောက်ပြီလား” ပြတ်သားလှသော ထိုအသံမှာ အလွန်ပင် ရင်းနှီးနေသည်။ ဆိုဖာပေါ်တွင် ထိုင်နေသော အမျိုးသားမှာ အခြားသူမဟုတ်ဘဲ မော့ယန်ပင် ဖြစ်သည်။
“အစ်ကို။” ရောက်ရှိနေသော လူကို မြင်လိုက်ရသည့်အခါ မော့ချူး၏ မျက်လုံးများ တောက်ပသွားပြီး သူမ ချက်ချင်း ပြေးဖက်လိုက်တော့သည်။
ခြေတစ်လှမ်း နောက်ကျကျန်ခဲ့သော နျဉ်ယွိယွမ်မှာမူ မျက်နှာ ပျက်သွားခဲ့သည်။ 'သွားပြီ... ဒီလူက ဘယ်တုန်းက ပြန်ရောက်နေတာလဲ။ သူပြန်ရောက်တာကလည်း အချိန်အခါ မဟုတ်လိုက်တာ။'
“ချူးလေး၊ မင်းရဲ့ အဝတ်အစားတွေက... စိုနေတာလား။” သူတို့နှစ်ဦး ဖက်လိုက်ကြသည့်အခါ မော့ယန်က မော့ချူး၏ အဝတ်အစားများ အနည်းငယ် စိုနေသည်ကို သတိပြုမိသွားသည်။ သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
“ဟုတ်တယ်၊ ခုနက မိုးရွာလို့ပါ။” မော့ချူး ခေါင်းညိတ်လိုက်သည်။
“ကောင်းပြီ၊ ဒါဆိုရင် မြန်မြန်သွားပြီး အဝတ်လဲလိုက်ဦး။” မော့ယန်သည် မော့ချူး၏ ကျန်းမာရေးအတွက် နျဉ်ယွိယွမ်ထက် မလျော့သော ဂရုစိုက်မှုမျိုး ရှိသူဖြစ်သည်။
“ဟုတ်ကဲ့။” မော့ချူးက နျဉ်ယွိယွမ်ကို လှည့်ကြည့်လိုက်ပြီးနောက် အပေါ်ထပ်သို့ ပြေးတက်သွားတော့သည်။
ချူးလေး၏ ခြေသံများ ပျောက်ကွယ်သွားသည့်အခါ ဧည့်ခန်းအတွင်းရှိ လေထုမှာ ရုတ်တရက် တင်းမာသွားခဲ့သည်…
“ဘာလဲ။ ငါ ထွက်သွားတာ မကြာသေးဘူး၊ မင်းက ငါ့ရဲ့ ချူးလေးကို ခေါ်ပြီး လက်ထပ်လိုက်ပြီပေါ့ ဟုတ်လား။”
အချိန်အတော်ကြာပြီးနောက် မော့ယန်က ရုတ်တရက် စကားပြောကာ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
နျဉ်ယွိယွမ် တိတ်ဆိတ်နေမိသည်။ 'မင်းရဲ့ မေးခွန်းကို ငါက ဘယ်လို ပြန်ဖြေရမှာလဲ။'