အခန်း (၃၆၆-၃၆၇)
Vol. 34 Ch. 366-367
အခန်း ၃၆၆ - ဘာလဲ.....ငါ့ကို စာစစ်မှူးချုပ် လုပ်စေချင်တာလား
ကျိယွမ်၏ မျက်နှာက လေးနက်စွာစဥ်းစားနေဟန်များ ပေါ်နေ၏။
ပြောရလျှင် အရှေ့ဘက်သခင်ဆိုသည့် ဘောစ့်မှာ ရန်သူလား မိတ်ဆွေလား ဆိုသည်ကိုပင် သူ မသဲကွဲသေးပါ။
နံရံဆေးရေးပန်းချီထဲတွင်မူ အရှေ့ဘက်သခင်ကို အလွန်ချစ်တတ်သူ ၊ အချစ်ရူးတစ်ယောက်အဖြစ် ပုံဖော်ထားသော်လည်း ၎င်းမှာ အမျိုးသမီးဇာတ်လိုက်အပေါ်၌သာ ချစ်ခြင်းဖြစ်သည်။
အချစ်ဒရာမာဇာတ်လမ်းများတွင် အာဏာရှင်ဆန်သော စီအီးအိုသည် အမျိုးသမီးဇာတ်ဆောင်အပေါ် ကောင်းချင်ကောင်းနိုင်သော်လည်း သူ၏အနီးနားရှိ အိမ်ဖော်များနှင့် အိမ်ထိန်းများအတွက်မူ ငရဲတစ်ခုပင် ဖြစ်သည်။
"ဘာကွ...အမျိုးသမီးဇာတ်ဆောင်က စိတ်ဆိုးပြီး ထမင်းပန်းကန်ကို မှောက်လိုက်တာလား ။"
" ဒေါ်လေးဝမ်၊ အမြန်သွားပြီး အဲဒီလိုဟင်းမျိုး ဆယ်ပွဲချက်စမ်း"
" ဘာကွ...အမျိုးသမီးဇာတ်ဆောင်က ဝမ်းနည်းလွန်းလို့ မေ့လဲသွားတာလား"
" ဒေါက်တာဝမ်၊ ခင်ဗျားသာ သူမကို မကယ်နိုင်ရင် ခင်ဗျားတို့တစ်မိသားစုလုံး အသက်နဲ့လျော်ရမယ်"
အမျိုးသမီးဇာတ်ဆောင်နေရာကနေ ခံစားကြည့်ရင်တော့ ပျော်စရာကောင်းနိုင်သော်လည်း ဇာတ်ပို့နေရာကနေ စဉ်းစားကြည့်ရင်တော့ သိပ်ပြီးပျော်စရာမကောင်းပေ။
လူအများစုမှာ ဘဝတွင် ဇာတ်ပို့များသာ ဖြစ်ကြသည်။
ကျိယွမ်သည်လည်း မိမိကိုယ်ကိုယ် အလွန်သာမန်ဆန်သည်ဟု မှတ်ယူထား၏။ သူသည် သာမန်စိတ်ဝိညာဥ်အဆင့်သခင်လေးတစ်ဦးမျှသာဖြစ်ပြီး ဇာတ်ပို့နေရာသာ ဖြစ်သည်။
"ငါတို့ အရှေ့ဘက်သခင်ကို ရှာဖို့ လိုအပ်နေသေးတဲ့ပုံပဲ ။ ငါ့ကံကြမ္မာကို ငါကိုယ်တိုင်ပဲ ထိန်းချုပ်မယ်၊ ကောင်းကင်ဘုံက ထိန်းချုပ်တာမျိုး မဟုတ်ရဘူး။ ငါတို့လို ဇာတ်ပို့တွေ စင်မြင့်ပေါ်တက်ရမယ့် အချိန်ရောက်ပြီ"
ကျိယွမ်က တွေးပြီးနောက် စိတ်အားထက်သန်စွာ ရုတ်တရက်ကြေညာလိုက်သည်။
သူ၏နောက်လိုက်များမှာ ဇဝေဇဝါဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
ခဏလေးတင်က အရှေ့ဘက်သခင်ကို ရှာဖို့ အာရုံစိုက်နေကြခြင်း မဟုတ်ပါလား။
မည်သို့ကြောင့် ကံကြမ္မာကို ဆန့်ကျင်မည့် ကြေညာချက် ဖြစ်သွားရသနည်း။
ပြီးတော့ ငါတို့ကဘာလို့ စင်ပေါ်တတ်ရမှာလဲ။
သို့သော် သူတို့သည် ကျိယွမ်၏အကျင့်ကို နေသားကျနေပြီ ဖြစ်သည်။ သူတို့၏ နတ်ဘုရားအရှင်မှာ တစ်ခါတစ်ရံတွင် အနည်းငယ် ထူးဆန်းတတ်ပြီး ထူးခြားသော တွေးခေါ်ပုံရှိ၏။
"ဖေဖေ.. သမီးတို့ရဲ့ လက်ရှိအင်အားနဲ့ဆိုရင် ဘယ်ကမ္ဘာမှာမဆို အရန်ဇာတ်ပို့လို့တော့ သတ်မှတ်ခံရမှာ မဟုတ်လောက်ဘူး ထင်တယ်နော် ၊ သမီးတို့က ပြိုင်ဘက်ကင်း ယန်နတ်ဘုရားကြီးတွေလေ "
ချီချီက တိုးတိုးလေး ပြောလိုက်သည်။
အခြားရွာသားများလည်း ဤစကားကို ကြားရသောအခါ ထူးဆန်းသော ဂုဏ်ယူမှုကို ခံစားလိုက်ရ၏။
ယခု ဤနေရာတွင် ယန်နတ်ဘုရားများမှာ ဂေါ်ဖီထုပ်များကဲ့သို့ ပေါများလှသော်လည်း... မူလဘူတကမ္ဘာကဲ့သို့ ကမ္ဘာမျိုးတွင် ကျိယွမ်သာ ပေါ်မလာခဲ့လျှင် နှစ်ပေါင်းသန်းချီ၊ ကုဋေချီ ကြာသော်လည်း ယန်နတ်ဘုရားတစ်ပါး ထွက်ပေါ်လာရန် မဖြစ်နိုင်ပေ။
အစားရှောင်ဂိုဏ်း၏ သန့်ရှင်းသောမယ်တော်ဝူရှီမှလွဲ၍ အခြားဒဏ္ဍာရီလာအဆင့်များပင် ယန်နတ်ဘုရားနယ်ပယ်သို့ ရောက်ရန် အခွင့်အလမ်းက အလွန်ခဲယဉ်းလှသည် မဟုတ်ပါလား။
ဤနောက်လိုက်များမှာမူ... ကျိယွမ်သာ သူတို့ကို ဆွဲမတင်ခဲ့လျှင် ယန်နတ်ဘုရားအဆင့်ကိုမဆိုထားနှင့် မဟာအုပ်စိုးရှင်အဆင့်သို့ပင် ရောက်ကြမည် မဟုတ်ပေ။
ကျိယွမ်ကို ဆုံတွေ့ရခြင်းမှာ သူတို့ဘဝ၏ အကြီးမားဆုံးသော ကံကောင်းခြင်းပင် ။
အရှင်ကသာ သူတို့ကို ဆွဲထားခြင်းမရှိဘဲ အထက်ဘုံများသို့ လွှတ်လိုက်ပါက အရေအတွက်ထောင်ချီနေသော ယန်နတ်ဘုရားအုပ်စုကြီး၏ အင်အားက မသေမျိုးဘုံများတွင်ပင် လှုပ်ခတ်သွားစေနိုင်သည်။
အထက်ဘုံများတွင် ယန်နတ်ဘုရားတစ်ပါးသည် မြင့်မြတ်သောနယ်မြေတစ်ခု၏ အခြေခံအုတ်မြစ် ဖြစ်၏။ ယန်နတ်ဘုရားတစ်ပါးရှိလျှင် မြင့်မြတ်သောနယ်မြေတစ်ခုမှာ မျိုးဆက်ပေါင်းများစွာ တည်တံ့နိုင်သည်။
သူတို့လို ယန်နတ်ဘုရား ၃ထောင်လောက်ဆိုလျှင် ပြောစရာပင်မလိုတော့ပေ။
"ဒါပေမဲ့ အဖေပြောတာကလည်း အချက်ကျပါတယ်"
ချီချီက စဥ်းစားကာ ထပ်ပြောလိုက်သည်။
"အရှေ့ဘက်သခင်ရဲ့ အင်အားကို ကျွန်မတို့ မသိသေးဘူး၊ ဒါကြောင့် သတိထားတာ အကောင်းဆုံးပါပဲ"
ကျိယွမ်က ခေါင်းငြိမ့်ပြသည်။
"အတိအကျပဲ၊ အမြဲတမ်း သတိထားတာက ပညာရှိရာရောက်တယ်။ သူ့အင်အားက သိပ်မကြီးရင်တောင်မှ... ဒီမူလဇစ်မြစ်နယ်မြေမှာ မြင့်မြတ်တဲ့တာအိုဘိုးဘေးရဲ့ နှပ်ချေးတွေ ကျန်ခဲ့တာမျိုး ရှိနေရင် ဘယ်လိုလုပ်မလဲ"
"ကောင်လေး...တာအိုဘိုးဘေးက နှပ်ညှစ်တတ်လို့လား"
အဖိုးကြီး ရှန်းလဲ့က မနေနိုင်ဘဲ မေးလိုက်မိသည်။
"ဧကရာဇ်တောင် ရွှေပေါက်တူး သုံးသေးတာပဲ၊ တာအိုဘိုးဘေးက ဘာလို့ နှပ်မညှစ်ရမှာလဲ"
ကျိယွမ်က အတည်ပေါက် ပြန်ဖြေလိုက်သည်။
"နယူတန်ရဲ့ မညီမျှမှုနိယာမအရ တာအိုဘိုးဘေးက ကျင့်ကြံမှုအဆင့် မြင့်မားတာနဲ့တင် သူနှပ်မညှစ်ဘူးလို့ မဆိုလိုနိုင်ဘူး"
"..."
အားလုံး တိတ်ဆိတ်သွားကြ၏။
ချီချီက မနေနိုင်ဘဲ တိုးတိုးလေး ပြောလိုက်ပြန်သည်။
"အဖေ၊ ကျွန်မတောင် အဲဒါမလုပ်တာ ကြာလှပြီ။ တာအိုဘိုးဘေးက ဘာလို့ လုပ်မှာလဲ"
"ငါတို့ ဒီစကားဝိုင်းကို ရပ်လိုက်တာ ကောင်းမယ်ထင်တယ်"
အဖိုးကြီးရှန်းလဲ့ကလည်း နှာခေါင်းကိုပွတ်ကာ အကြံပြုလိုက်သည်။
ကျိယွမ်၏ပါးစပ်ကို သူကောင်းကောင်းသိ၏။ သူ မလုပ်ရဲသောအရာမရှိသလို သူ မပြောရဲသော ခေါင်းစဥ်လည်းမရှိပေ။
"တာအိုဘိုးဘေးအကြောင်း မကောင်းပြောတာက... သိပ်တော့ မကောင်းဘူးမှတ်လား "
သူ အင်အားနည်းစဉ်ကဆိုလျှင် ရှန်လဲ့သည် တာအိုဘိုးဘေးကို ဆဲဆိုရန် မကြောက်ခဲ့သော်လည်း ယခုမူ မတူတော့ပေ။
သူသည် ယန်နတ်ဘုရားအဆင့်သို့ ရောက်ရှိနေပြီး ကောင်းကင်ကိုးပါး မိုးကြိုးနတ်ဘုရားနှင့် ဆဌမမြောက် ကောင်းကင်ဧကရာဇ်များထဲမှ တစ်ပါးဖြစ်သော တောင်ဝင်ရိုးစွန်း သက်တော်ရှည်ဧကရာဇ်တို့ကဲ့သို့ မြင့်မြတ်သော နတ်ဘုရားများကို ကိုးကွယ်နေသူ ဖြစ်သည်။
သူတို့၏ အဆင့်အတန်းမှာပင် မှန်းဆ၍မရနိုင်ပေ။
ထို့ကြောင့် တာအိုဘိုးဘေးကဲ့သို့ မြင့်မြတ်သော ပုဂ္ဂိုလ်နှင့် ပတ်သက်လာလျှင် ရှန်လဲ့မှာ အလွန်သတိထားတတ်လာသည်။
ကျိယွမ်က သဘောတူညီစွာ ခေါင်းငြိမ့်လိုက်သည်။
"သွားကြစို့။ ခရမ်းရောင်ချီဓာတ် ရခဲ့တဲ့နေရာကို ငါ့ကို ခေါ်သွားပါ။ ငါ တစ်ခုခု သင်ယူနိုင်မလားဆိုတာ သိချင်တယ် ၊ ပြောရရင် လက်လီမဟုတ်ဘဲ လက်ကားတောင် ရနိုင်မလားမသိဘူး"
"ဟုတ်ကဲ့"
.................
မူလဇစ်မြစ်နယ်မြေ။
နန်းတော်ပျက်တစ်ခုအတွင်းတွင် ဥသခင်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။
"ငါ့အဖေရဲ့... အရှိန်အဝါလား"
ယခုအနားယူနေစဉ် သူသည် ရင်းနှီးသော ခံစားချက်တစ်ခုနှင့်အတူ သူ၏ သွေးကြောများ ဟုန်းဟုန်းတောက်သွားသည်ကို ခံစားလိုက်ရ၏။
ဤခံစားချက်မှာ ရှင်းလင်းပါသည်။ သူ၏ "ဖခင်" သည် ကျင့်ကြံရာမှ ထွက်ပေါ်လာလေပြီ ။
နှစ်ပေါင်းများစွာ ဥသခင်သည် ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်ခဲ့၏။
အကြောင်းမှာ သူ၏ အမည်မသိ "ဖခင်" သည် ပို၍ပို၍ သန်မာလာသောကြောင့် သူ၏ သွေးမျိုးဆက်ကလည်း လိုက်ပါ ပြောင်းလဲလာသည်။
သူ၏ ကျင့်ကြံမှုသည် ယခုအခါ သိုင်းနတ်ဘုရားအဆင့်လေးသို့ ရောက်ရှိနေပြီး မဟာသိုင်းနတ်ဘုရားတစ်ဦး ဖြစ်လာခဲ့သည်။ ထိုသို့ တိုးတက်မှုမှာ အံ့ဩစရာပင်။
သို့သော် ဤအချက်မှာ သူ၏ ခိုင်မာသော အခြေခံအုတ်မြစ်ကြောင့်လည်းပါဝင်ကြောင်း အခြားသိုင်းနတ်ဘုရားများစွာလည်း သိရှိကြသည်။
မဟာကပ်ဘေးမတိုင်မီကဆိုလျှင် သူသည် ဘွဲ့ထူးရသိုင်းနတ်ဘုရားတစ်ဦး ဖြစ်ခဲ့၏။ ဒဏ်ရာများကြောင့်သာ အလွန်အားနည်းသွားခဲ့ရခြင်းပင်။
ယခုအခါ သွေးကြောများ ပြောင်းလဲလာမှုနှင့်အတူ သူ၏ အင်အားမှာ ကောင်းကင်သို့ ထိုးတက်သွား၏။
ရလဒ်အနေဖြင့် အရှေ့ဘက်မဟာမိတ်အဖွဲ့အတွင်း သူ၏ အဆင့်အတန်းမှာလည်း မြင့်တက်လာပြီး ရာထူးတိုးမြှင့်ခြင်း ခံခဲ့ရသည်။
ထိုကဲ့သို့ အစွမ်းထက်သော လျှို့ဝှက်ဖခင်ရှိနေခြင်းကြောင့် သူ၏ အဆင့်အတန်းက မည်သို့ နိမ့်ကျနိုင်မည်နည်း။
"ဥသခင်၊ မင်းအဖေ ပေါ်လာပြီလား"
နန်းတော်ပျက်အတွင်းမှ အသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းမှာ ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦးထံမှ ဖြစ်၏။
အဘိုးအိုသည်လည်း မဟာကပ်ဘေးမတိုင်မီက ဘွဲ့ထူးရသိုင်းနတ်ဘုရားတစ်ဦးဖြစ်ခဲ့ပြီး ယခုအခါ အဆင့်ခြောက် မဟာသိုင်းနတ်ဘုရားဖြစ်ကာ အရှေ့ဘက်မဟာမိတ်အဖွဲ့၏ အဆင့်မြင့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
"အင်း၊ သူ့အရှိန်အဝါကို ငါ ခံစားမိတယ်။ သူ ကျင့်ကြံရာကနေ ထွက်လာပြီ ထင်တယ်"
ဥသခင်က စဉ်းစားနေသလို ဖြေလိုက်သည်။
"သူ ဘယ်မှာလဲ ..၊ ငါ့ကို အဲဒီစီနီယာနဲ့ တွေ့ဖို့ ခေါ်သွားပါ။ ငါတို့ အရှေ့ဘက်မဟာမိတ်အဖွဲ့က အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး သွေးသစ်လောင်းဖို့ လိုအပ်နေတယ်"
ပိန်လှီသောအဘိုးအိုက စိတ်အားထက်သန်စွာ ပြောလိုက်သည်။
အရှေ့ဘက်သခင် ပေးအပ်ထားသော တာဝန်များသည် နှစ်ပေါင်းထောင်ချီကြာအောင် ချောမွေ့ခဲ့သည်။ သို့သော် မကြာသေးမီက တာဝန်များစွာ ကျရှုံးခဲ့ပြီး တာဝန်ပြီးမြောက်မှုနှုန်းမှာလည်း ခြောက်ဆယ်ရာခိုင်နှုန်းအောက်သို့ ကျဆင်းသွား၏။
အရုဏ်ဦးတေးသံ မရောက်လာမီ ထိုနှုန်းကို မကျော်ဖြတ်နိုင်ပါက သူတို့အားလုံး သေဆုံးကြရမည် ဖြစ်သည်။
ထို့အပြင် မူလဇစ်မြစ်နယ်မြေ၊ အဆုံးသတ်နယ်မြေနှင့် တောင်တန်းနှင့်မြစ်ပန်းချီများ အားလုံးလည်း ပျက်စီးသွားပေလိမ့်မည်။
ထို့ကြောင့် ယခုအခါ သူတို့ ရနိုင်သမျှ အကူအညီအားလုံး လိုအပ်နေလေသည်။
"သွားကြစို့...ငါ့အဖေနဲ့ တွေ့ဖို့. ငါ မင်းကို ခေါ်သွားမယ်... "
ဥသခင်က တွေးတွေးဆဆနှင့် အံကြိတ်ကာ သဘောတူလိုက်သည်။
ပြောရလျှင် သူသည် တစ်ခါမှ မမြင်ဖူး မကြားဖူးသော အဖေဆိုသူကိုတွေ့ရန် တွန့်ဆုတ်နေမိ၏။
"ကောင်းတာပေါ့"
ပိန်လှီသောအဘိုးအိုက ဝမ်းသာအားရခေါင်းငြိမ့်လိုက်သည်။
"ဒါပေမဲ့ ငါ့အဖေက ငါ့ကို အသိအမှတ်မပြုရင် ဘယ်လိုလုပ်မလဲ"
ဥသခင်က တွန့်ဆုတ်နေ၏။
"စိတ်မပူပါနဲ့၊ မင်းရဲ့ သွေးကြောက အစွမ်းထက်တယ်။ မင်း အဲဒါကို အပြည့်အဝ အမွေဆက်ခံထားတာ ဖြစ်ရမယ်။ မင်းတို့ ရုပ်ချင်းဆင်နေရင် သူက ဘယ်လိုလုပ် အသိအမှတ်မပြုဘဲ နေမှာလဲ"
ပိန်လှီသောအဘိုးအိုက ဥသခင်ကို အားပေးစကား ပြောလိုက်သည်။
ဥသခင်သည် ငုတ်စိမျှသာရှိသော သူ၏ခြေလက်များနှင့် လုံးဝန်းသော ဝမ်းဗိုက်ကြီးကို ငုံ့ကြည့်လိုက်ပြီး နောက်ဆုံးတွင် ဖြည်းညှင်းစွာ ခေါင်းငြိမ့်လိုက်သည်။
"ခင်ဗျား ပြောတာ မှန်တယ်။ သားအဖဆိုတာ သေချာပေါက် ရုပ်တူနေမှာပဲ ...သွားကြစို့"
..............
မူလဇစ်မြစ်နယ်မြေ၏ ဝိညာဉ်ပင်လယ်ဆိုသော နေရာတွင်ဖြစ်သည်။
ဤနေရာသည် ကမ္ဘာ့အစွန်းများ ဆုံစည်းရာဖြစ်ပြီး သက်ရှိများစွာဖြင့် စည်ကားလှ၏။
ကျိယွမ်ကတော့ တစ်ယောက်တည်း ထိုင်နေပြီး သူ၏ အဝတ်အစားများမှာ လေထဲတွင် တလွင့်လွင့် ဖြစ်နေကာ မျက်နှာမှာ တည်ငြိမ်နေသည်။
"ဒီကမ္ဘာပေါ်က အရာအားလုံးဟာ ဝိညာဉ်ပင်လယ်ကနေ ထွက်ပေါ်လာတာပဲ။ ဒါပေမဲ့ တကယ်တမ်းကျ သူတို့ ဘယ်ကလာတာလဲ။ အားလုံးက တိုက်ဆိုင်မှုလား၊ ဒါမှမဟုတ် တာအိုကနေ လွတ်မြောက်သွားတဲ့ 'တစ်ခု' လား"
သူသည် ဝိညာဉ်ပင်လယ်ကို ကြည့်ရင်း အတွေးနက်နေလေ၏။
"တော်ပြီ၊ ထပ်မတွေးတော့ဘူး၊ မဟုတ်ရင် ငါက သိပ်တော်လွန်းသွားလိမ့်မယ်"
ကျိယွမ်၏ နတ်ဘုရားနယ်ပယ်မှာ မူလကတည်းကပင် ရှုပ်ထွေးနေပြီး ထူးဆန်းသော အရာများဖြင့် ပြည့်နှက်နေသည်။
ဂြိုဟ်များမှာ ဘောလုံးကွင်းထဲမှ ဘောလုံးများအဖြစ် ပြောင်းလဲနေပြီး ပိုးကောင်များက ထိုဧရာမအလုံးကြီးများကို ပျော်ရွှင်စွာ လှိမ့်နေကြသည်။
တစ်ချို့နေရာများတွင် မိုးကြိုးများတဒိန်းဒိန်းပစ်ခတ်နေပြီး အချို့နေရာတွင် အမှောင်ထုကြီးများက အုပ်ဆိုင်းနေ၏။
သူ၏ အတွေးများမှာလည်း ပြန့်ကျဲနေပြီး အလွန်အကျွံ တွေးတောမိပါက သူ၏ စစ်မှန်သောဝိညာဉ်က တောင့်မခံနိုင်အောင် ဖြစ်သွားမည်ကို သူ စိုးရိမ်၏။
ပထမဆုံးအကြိမ်အဖြစ် ကျိယွမ်သည် သူ၏ ခန္ဓာကိုယ်က သူ၏ မြင့်မြတ်သောဉာဏ်ရည်နှင့် မကိုက်ညီဟု ခံစားလိုက်ရသည်။
"ဒါပေမဲ့ ငါ့လို ဉာဏ်ကောင်းတဲ့သူတောင် ခရမ်းရောင်ချီဓာတ်ကို ပုံတူမကူးနိုင်တာ နှမြောဖို့ကောင်းတယ်"
ကျိယွမ်က ဝမ်နည်းသလိုရေရွတ်လိုက်သည်။
သူ၏ အသိဉာဏ်ထဲသို့ အချက်အလက်များစွာ စီးဝင်နေသော်လည်း ခရမ်းရောင်ချီကို ပုံတူကူးရန်မှာတော့ မဖြစ်နိုင်ပေ။
ဖြစ်နိုင်သည်မှာ သူ ဤနေရာတွင် နှစ်ပေါင်းတစ်သန်း၊ ဆယ်သန်းခန့် ထိုင်နေပြီး နေ့စဉ်အချက်အလက်အသစ်များကို လေ့လာနေလျှင်တော့ လုပ်ဆောင်နိုင်လောက်လိမ့်မည်။
သို့သော် ထိုအရာမှာ အချိန်အလွန် ကြာမြင့်ပေလိမ့်မည်။
ထိုစဉ် သူ၏ နောက်ကွယ်မှ ဟင်းလင်းပြင်တွင် လှိုင်းတွန့်တစ်ခု ပေါ်လာ၏။
ရုတ်တရက် ဝနေသောအကောင်တစ်ကောင်နှင့် ပိန်နေသောအကောင်တစ်ကောင် ထွက်ပေါ်လာသည်။
ဘာတွေလား။
ဥသခင်သည် လည်ပင်းကို ဆန့်ထုတ်ကာ တစ်ခုခုကို အရေးတကြီး ရှာဖွေနေသည်။
သူ၏ အကြည့်က ကျိယွမ်အပေါ် ကျရောက်သွားသောအခါ သူ ခေတ္တမျှ ကြောင်အသွား၏။
ထို့နောက် သူ၏တစ်ဥလုံး ရှက်စိတ်များ လွှမ်းမိုးသွားတော့သည်။
ရှက်လွန်း၍ သူ၏ ကိုယ်ပိုင်အသားများကိုပင် ဆွဲဖဲ့ပစ်ချင်စိတ် ပေါက်သွား၏။
"အရမ်းကို... ပြီးပြည့်စုံလွန်းတယ်"
"ဒါ ငါ့အဖေလား"
ဥသခင်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ ဗိုက်ကို ချပ်အောင် လုပ်လိုက်ကာ မိမိကိုယ်ကိုယ် ပိန်သွားအောင် ကြိုးစားလိုက်သည်။
ပိန်လှီသော အဘိုးအိုသည်လည်း ဇဝေဇဝါဖြစ်ကာ ကျိယွမ်ကို ကြည့်လိုက်၊ လုံးဝိုင်းနေသော ဥသခင်ကို ကြည့်လိုက် လုပ်နေသည်။
"ဘာလို့ သူတို့က ရုပ်ချင်း မဆင်ရတာလဲ"
သို့သော် သူတို့ အချိန်မဖြုန်းဘဲ ရှေ့သို့ ပျံသန်းသွားကြသည်။
"အရှေ့ဘက်မဟာမိတ်ရဲ့ ဝိညာဉ်အကြီးအကဲက စီနီယာကို ဂါရဝပြုပါတယ်"
"အရှေ့ဘက်မဟာမိတ် ဥသခင်က စီနီယာကို ဂါရဝပြုပါတယ်"
သူတို့နှစ်ယောက်သည် ရိုသေစွာ နှုတ်ဆက်လိုက်ကြပြီး ဘေးတွင် ရပ်နေကြ၏။
တစ်ယောက်က ပုဝပြီး တစ်ယောက်က ပိန်လှီနေသဖြင့် ထူးခြားသော မြင်ကွင်းတစ်ခုလို ဖြစ်နေသည်။
ဥသခင်မှာ သူ၏ ဗိုက်ကို ချပ်ထားရန် ကြိုးစားနေသော်လည်း သူ၏ ခန္ဓာကိုယ်မှာ ဝိညာဉ်အကြီးအကဲထက် အဆပေါင်းများစွာ ကျယ်နေဆဲ ဖြစ်သည်။
ကျိယွမ်က ပြန်မဖြေဘဲ သူ၏ မျက်လုံးများမှာ ဝိညာဉ်ပင်လယ်ဆီသို့သာ စိုက်ကြည့်နေသည်။
"မင်းတို့ ဘာလိုချင်လို့လဲ"
ဥသခင်၏ စိတ်အခြေအနေမှာ အလွန်ကျဆင်းသွားသည်။ သူ၏ သွေးမျိုးဆက်က ဤသူသည် သူ၏ "ဖခင်" စစ်စစ်ဖြစ်ကြောင်း ပြောပြနေ၏။
သို့သော် တစ်ဖက်လူ၏အေးစက်သော သဘောထားကြောင့် သူသည် ဖော်ပြမရသော ဝမ်းနည်းမှုကို ခံစားလိုက်ရသည်။ သွေးမျိုးဆက်လမ်းစဉ်မှာ မသေမျိုးလမ်းစဉ်ထက် ပိုမြန်ပြီး သွေးကြောပြောင်းလဲမှုကဲ့သို့သော အကျိုးကျေးဇူးများ ရှိသော်လည်း ကြီးမားသော အားနည်းချက်တစ်ခု ရှိသည်။
သွေးမျိုးဆက်အားနည်းသူများသည် အစွမ်းအထက်ဆုံး သွေးမျိုးဆက်ပိုင်ရှင်များအပေါ် ထူးဆန်းသော တွယ်တာမှုကို အမြဲခံစားရတတ်၏။
သူတို့သည် လွယ်လွယ်ကူကူ လွှမ်းမိုးခံရတတ်ပြီး ၎င်းမှာ မသေမျိုးလမ်းစဉ်ရှိသူများအတွက် မှန်းဆ၍မရသော အရာဖြစ်သည်။
"အရုဏ်ဦးတေးသံက နီးကပ်လာနေပြီ၊ တောင်တန်းနဲ့မြစ်လောကတွေရဲ့ တိုးတက်မှုက နှေးကွေးနေပါတယ်။ အရှေ့ဘက်မဟာမိတ်အဖွဲ့က စီနီယာကို ဒီမဟာလုပ်ငန်းကြီးမှာ ပူးပေါင်းဖို့ တရားဝင် ဖိတ်ခေါ်ပါတယ်"
ဝိညာဉ်အကြီးအကဲက ရိုးသားစွာ ပြောလိုက်သည်။
သူက ဆက်လက်၍ အကြောင်းအရာကို ပြောင်းလိုက်၏။
"စီနီယာရဲ့ သားမြေးဖြစ်တဲ့ ဥသခင်ဟာ အရှေ့ဘက်မဟာမိတ်အဖွဲ့မှာ တာဝန်ထမ်းဆောင်နေတာ ကြာပါပြီ"
သူသည် စိတ်ဓာတ်ရေးရာအရ စွဲဆောင်လိုက်ခြင်းပင်။
အကျိုးကျေးဇူး ပေးကာဆွဲဆောင်ရန်ကတော့...။
သူတို့တွင် ဘာမှမရှိပါ။
မူလဇစ်မြစ်နယ်မြေမှာ တန်ဖိုးရှိသော အရာများ ပေးနိုင်ရန် အလွန်ပင် ဆင်းရဲလှသည်။ ဤနေရာတွင် အရေးကြီးဆုံးမှာ အသက်ရှင်သန်ရေး ဖြစ်သည်။
မည်သည့်သိုင်းနတ်ဘုရားမျှ ဘေးထွက်ထိုင်မနေနိုင်ပေ။ အာရုဏ်ဦးတေးသံ ရောက်လာသောအခါ ကမ္ဘာကြီးမှာ တိတ်ဆိတ်ခြင်းထဲသို့ နစ်မြုပ်သွားပေလိမ့်မည်။
"အင်း...ကမ္ဘာကြီးကို ကယ်တင်ရတာ စိတ်ဝင်စားစရာပဲ"
ကျိယွမ်က တွေးလိုက်သည်။
"ဒါပေမဲ့ ကမ္ဘာကြီးကို ကယ်တင်တာက သူရဲကောင်းတွေနဲ့ ရွေးချယ်ခံရသူတွေရဲ့ အလုပ်လေ။ အချိန်အများကြီး ပေးရတယ်၊ ငါက အလုပ်များတယ်။ ငါ့မှာ အချိန်မရှိဘူး"
ဝိညာဉ်အကြီးအကဲမှာ အံ့အားသင့်သွားသည်။ သူက ငြင်းဆိုလိမ်မည်ဟုမျှော်လင့်ထားသော်လည်း "ကမ္ဘာကြီးကို ကယ်တင်ဖို့ အလုပ်များနေတယ်" ဟူသော အကြောင်းပြချက်မျိုးကိုမူ မမျှော်လင့်ထားပေ။
"စီနီယာ၊ ခင်ဗျား ကြိုးစားကြည့်ရင် အချိန်ရနိုင်မှာပါ"
ဝိညာဉ်အကြီးအကဲက လေးစားစွာ ဆင်ခြေပေးလိုက်သည်။
ဥသခင်ကလည်း မနေနိုင်တော့ဘဲ ဝင်ပြော၏။
"စီနီယာ၊ ခင်ဗျား အလုပ်များနေရင် အရှေ့ဘက်မဟာမိတ်အဖွဲ့က ခင်ဗျားရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကူညီလျှော့ချပေးနိုင်ပါတယ်"
ကျိယွမ်က ဥသခင်ကို လှည့်ကြည့်လိုက်ပြီး သဘောကျသွားပုံရသည်။
"ငါက ဝိညာဉ်လမ်းစဥ်သိုင်းနတ်ဘုရား ဖြစ်ချင်တာ။ အကြံဉာဏ်ရှိလား"
၄င်းက သူ၏ အဓိကတာဝန်ဖြစ်ပြီး ကမ္ဘာကြီးကို ကယ်တင်ခြင်းထက် ပို၍ဦးစားပေးရမည့် အရာဖြစ်သည်။
"အဲဒါမျိုး တစ်ခါမှ မကြားဖူးဘူး"
ဥသခင်က အခက်တွေ့သွားသလို မျက်နှာထားနှင့် မျက်မှောင်ကြုတ်လိုက်သည်။
အရှေ့ဘက်မဟာမိတ်အဖွဲ့တွင် ဝိညာဥ်လမ်းစဥ်သိုင်းနတ်ဘုရားနှင့် ပတ်သက်သည့် မှတ်တမ်းမရှိပေ။
ဝိညာဉ်အကြီးအကဲလည်း မျက်မှောင်ကြုတ်လိုက်သော်လည်း တစ်ခုခုကို သတိရသွားသည်။
"ဝိညာဉ်လမ်းစဥ်သိုင်းနတ်ဘုရားလား... ကျွန်တော်တို့ အဲဒါကို မသိပေမဲ့ အရှေ့ဘက်သခင်ရဲ့ နံရံကတော့ သိနိုင်ပါတယ်"
"အရှေ့ဘက်သခင်ရဲ့ နံရံ ... အဲဒါက ဘာလဲ"
ကျိယွမ်က စိတ်ဝင်တစား မေးလိုက်သည်။
"အရှေ့ဘက်မဟာမိတ်အဖွဲ့မှာ အရှေ့ဘက်သခင် ချန်ထားခဲ့တဲ့ ဆန်းကြယ်တဲ့ နံရံတစ်ခု ရှိပါတယ်။ အဲဒီနံရံက အရာအားလုံးကို သိပြီး အမှားအမှန်ကို ခွဲခြားနိုင်ပါတယ်။ ဘိုးဘေးသွေးတိုက်ပွဲအပြီးမှာ အရှေ့ဘက်သခင်ရဲ့ နံရံ ပေါ်လာပါလိမ့်မယ်။ အဲဒီအချိန်မှာ စီနီယာအနေနဲ့ ဝိညာဉ်လမ်းစဥ်သိုင်းနတ်ဘုရားအကြောင်းကို နံရံမှာ မေးမြန်းနိုင်ပါတယ်"
ဝိညာဉ်အကြီးအကဲက ဂရုတစိုက် ရှင်းပြလိုက်သည်။
"ပြီးတော့ စီနီယာသာ ဆန္ဒရှိမယ်ဆိုရင် ဘိုးဘေးသွေးတိုက်ပွဲအတွက် စာစစ်မှူးချုပ် သုံးယောက်ထဲက တစ်ယောက်အဖြစ် ကျွန်တော် အမည်စာရင်း တင်သွင်းပေးနိုင်ပါတယ် စာစစ်မှူးချုပ်တွေမှာ အရှေ့ဘက်သခင်ရဲ့ နံရံကို တိုင်ပင်ဆွေးနွေးခွင့် ရှိပါတယ်"
ကျိယွမ် စဉ်းစားလိုက်သည်။
"အဲဒါက... ယုတ္တိရှိသားပဲ။ ကောင်းပြီ၊ ငါ စာစစ်မှူးချုပ်အဖြစ် လက်ခံလိုက်မယ်"
သူသည် ဝိညာဉ်လမ်းစဥ်သိုင်းနတ်ဘုရားဖြစ်လာရန် အရေးကြီးနေ၏။
လူသားလမ်းစဉ်သိုင်းနတ်ဘုရား တာဝန်မှာ ပြီးဆုံးလုနီးပါး ဖြစ်နေပြီး ဝိညာဉ်လမ်းစဥ်သိုင်းနတ်ဘုရား တာဝန်ကိုပါ ပြီးမြောက်နိုင်လျှင် သူသည် လမ်းစဉ်ပေါင်းစုံသိုင်းနတ်ဘုရားအဖြစ် အဆင့်တက်ကောင်း တက်သွားနိုင်ပေလိမ့်မည်။
ထိုအခါ ဤဂိမ်းမှာလည်း အောင်မြင်စွာ ပြီးဆုံးသွားပေလိမ့်မည်။
ကျိယွမ်က လက်ခံလိုက်သဖြင့် ဝိညာဉ်အကြီးအကဲ၏ မျက်နှာမှာ ဝမ်းသာအားရ ဖြစ်သွားသည်။
"စီနီယာ၊ အရှေ့ဘက်မဟာမိတ်အဖွဲ့ထဲ ပူးပေါင်းတာ ဂုဏ်ယူပါတယ်"
"အော်၊ ဒါနဲ့ တစ်ခုတော့ ရှင်းရှင်းလင်းလင်း ပြောထားမယ်။ အရှေ့ဘက်မဟာမိတ်အဖွဲ့ထဲ ဝင်တာက ငါ အရှေ့ဘက်သခင်ကို သစ္စာခံမယ်လို့ မဆိုလိုဘူး"
ကျိယွမ်က ပြတ်သားစွာ ပြောလိုက်သည်။ သူသည် ဤနေရာသို့ ဂိမ်းကစားရန် လာခြင်းဖြစ်ပြီး မည်သူ့ကိုမျှ သစ္စာခံရန် မဟုတ်ပေ။
"ပြဿနာမရှိပါဘူး။ အရှေ့ဘက်မဟာမိတ်အဖွဲ့ကို အရှေ့ဘက်သခင်က တည်ထောင်ခဲ့တာ မှန်ပေမဲ့ ကျွန်တော်တို့ရဲ့ ပန်းတိုင်က ကမ္ဘာကြီးကို ကယ်တင်ဖို့ပဲ၊ ဘယ်သူ့ကိုမှ သစ္စာခံဖို့ မဟုတ်ပါဘူး။ အကယ်၍ အရှေ့ဘက်သခင်က ကမ္ဘာကြီးကို ဖျက်ဆီးဖို့ ကြိုးစားလာရင်တောင် ကျွန်တော်တို့က သူ့ကို အရင်ဆုံး တိုက်ခိုက်မယ့်သူတွေ ဖြစ်မှာပါ"
ဝိညာဉ်အကြီးအကဲက ကျိယွမ် စိတ်ချစေရန် ပါးနပ်စွာရှင်းပြသည်။
ကျိယွမ်က ခေါင်းငြိမ့်လိုက်၏။
"ဒါဆိုရင် မင်းတို့ရဲ့ အရှေ့ဘက်မဟာမိတ်အဖွဲ့ဆီကို ငါ လိုက်ကြည့်မယ်"
"စီနီယာ၊ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ"
ဝိညာဉ်အကြီးအကဲက ပြောလိုက်ပြီး သူတို့သုံးဦးသည် အရှေ့ဘက်မဟာမိတ်အဖွဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ထွက်ခွာခဲ့ကြသည်။
ခရီးသွားနေစဉ် ဥသခင်သည် စိတ်ရှုပ်ထွေးစွာဖြင့် နောက်ဆုံးမှ လိုက်လာ၏။
နောက်ဆုံးတွင် သူ သတ္တိမွေးပြီး တိုးတိုးလေးခေါ်လိုက်သည်။
"စီနီယာ၊ ခဏလောက် စောင့်ပါဦး"
"ဟေ"
ကျိယွမ်က ရပ်လိုက်ပြီး သတိထားသော အကြည့်ဖြင့် လှည့်ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ"
တစ်စုံတစ်ယောက်က "မိတ်ဆွေ၊ ခဏလောက် စောင့်ပါဦး" ဟု ပြောလျှင် ကောင်းသောအရာ ဖြစ်ခဲလှသည်။အနည်းဆုံးတော့ ပိုက်ဆံချေးမည့် အခြေအနေမျိုးဖြစ်ပေါ်တတ်၏။
"ကျွန်တော် မေးပါရစေ... ခင်ဗျားက ကျွန်တော့်ရဲ့ ကွဲကွာနေတဲ့... အဖေလား"
ဥသခင်က ထစ်ထစ်အအဖြင့် နှစ်ပေါင်းများစွာ သူ့ကို နှိပ်စက်နေသော မေးခွန်းကို နောက်ဆုံးတွင် ဖွင့်မေးလိုက်သည်။
သူ၏ ခန္ဓာကိုယ်ကြီးမှာကြီးမားလှသော်လည်း သူ၏ မျက်လုံးများများက ကြောက်ရွံ့အားငယ်မှုများဖြငိ့ အပြစ်ကင်းစင်မှုများ ရှိနေ၏။၎င်းမှာ သွေးမျိုးဆက်များ၏ စွမ်းအားပင် ဖြစ်သည်။
မဟာသိုင်းနတ်ဘုရားတစ်ပါး ဖြစ်နေသော်လည်း ပိုမိုသန်မာပြီး ပြီးပြည့်စုံသော သွေးမျိုးဆက်ပိုင်ရှင်နှင့် ရင်ဆိုင်ရသောအခါ မျိုးဆက်သစ်တစ်ဦး၏ ခံစားချက်များကို မသိစိတ်က ဖော်ပြမိတတ်သည်။
ကျိယွမ်က အကောင်နှင့်မလိုက်အောင် မျက်နှာငယ်လေးလုပ်နေသော ဥကြီးကိုကြည့်ပြီး ရယ်ချင်စိတ်ကို အောင့်ထားရသည်။
"ကောလာဟလတွေ မဖြန့်ပါနဲ့။ ငါ အိမ်ထောင်ကျတာ မကြာသေးဘူး။ မင်းလို အကောင်ကြီးကြီး သားရှိဖို့ မဖြစ်နိုင်ဘူး"
လောလောဆယ်တွင် သူ၏ မိသားစုဝင်စာရင်း၌ သုံးယောက်သာ ရှိသည်။ သူကိုယ်တိုင်၊ ရှောင်ကျားနှင့် ကျူးယန် တို့ဖြစ်သည်။
ကြက်ဥတစ်လုံးမှာ ထိုစာရင်းထဲတွင် မပါပေ။
ကြက်ဥမဟုတ်ဘူး...ဒိုင်နိုဆောဥ ပေါ့။
သူ၏စကားကို ကြားသောအခါ ဥသခင်၏ မျက်နှာမှာ ပျက်သွားပြီး နှလုံးသားမှာ စိတ်ပျက်မှုများဖြင့် ပြည့်နှက်သွားသည်။
"သိပါပြီ"
ဥသခင်သည် တိတ်ဆိတ်သွားပြီး ဝမ်းနည်းမှုကို ကြိတ်မှိတ်ခံစားနေသည်။ သူ၏ မိခင်မှာ ရုပ်ဆိုးလွန်း၍ ဖခင်ဖြစ်သူက သူ့ကို အသိအမှတ်မပြုခြင်း ဖြစ်မည်ဟု သူ တွေးလိုက်၏။
သူ၏ဘဝက ကံဆိုးလွန်းလှ၏။
သူသည် အဘယ်ကြောင့် ဖခင်၏ရုပ်ရည်ကို မရဘဲ မိခင်၏ရုပ်ရည်ကို အမွေဆက်ခံခဲ့ရသနည်း။
"လောကကြီးက မတရားလိုက်တာ.."
................
"ဘိုးဘေးကို ဂါရဝပြုပါတယ်"
"စီနီယာကို ဂါရဝပြုပါတယ်"
ပျက်စီးနေသော သင်္ဘောတစ်စင်းပေါ်တွင် မူယန်သည် သူ၏ ဘိုးဘေးကို ကြည်ညိုလေးစားမှု အပြည့်ဖြင့် မော့ကြည့်နေသည်။
သူ၏ နောက်တွင် သူနှင့်အတူ ခံတပ်စခန်းမှ ထွက်လာခဲ့ကြသော အထွတ်အထိပ်သိုင်းဘုရင်များ ရှိနေ၏။ ထိုသိုင်းဘုရင်များထဲတွင် အချို့မှာ သိုင်းနတ်ဘုရားအမှတ်အသားပါရှိကြပြီး အချို့မှာမူ မူယန်ကို သစ္စာခံကာ ဘိုးဘေးသွေးတိုက်ပွဲတွင် သူ့ကို ကူညီရန် လိုက်ပါလာကြသူများ ဖြစ်သည်။
ယခုအချိန်တွင် မူယန်သည် ကြောက်ရွံ့လေးစားမှု အပြည့်ဖြင့် သူ၏ ဘိုးဘေး၏ ပုံရိပ်ယောင်ကို စိုက်ကြည့်နေ၏။
၎င်းမှာ ပုံရိပ်ယောင်မျှသာ ဖြစ်သော်လည်း ဘိုးဘေးသာ ဆန္ဒရှိပါက အကြည့်တစ်ချက်ဖြင့် ဤနေရာရှိ လူအားလုံးကို အမှုန့်ပြုနိုင်သည်ကို မူယန် ခံစားနေရသည်။
၎င်းမှာ သိုင်းနတ်ဘုရားတစ်ပါး၏ စွမ်းအားဖြစ်ပြီး ကိုယ်ခံပညာရှင်တိုင်း၏ ပန်းတိုင်လည်းဖြစ်သည်။
"ကောင်းတယ်၊ မင်းက ငယ်သေးပေမဲ့ အောင်မြင်မှုတွေ ရနေပြီပဲ။ ဒီဘိုးဘေးသွေးတိုက်ပွဲမှာ ထိပ်ဆုံး အယောက် ၃၀ ထဲ ဝင်အောင် ကြိုးစားပါ။ အယောက် ၃၀ ထဲ ဝင်ပြီး ဘိုးဘေးသွေး နှစ်ခြင်းမင်္ဂလာကို ခံယူနိုင်သရွေ့ မင်းဟာ ဆယ်နှစ်အတွင်းမှာ သိုင်းနတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်"
ဘိုးဘေး ပုံရိပ်ယောင်က သူ့ကို ချီးကျူးလိုက်သည်။
သိုင်းနတိဘုရားအမှတ်အသားရှိသော မည်သည့်အထွတ်အထိပ်သိုင်းဘုရင်ဆို ဘိုးဘေးသွေးနှစ်ခြင်းမင်္ဂလာကို ခံယူနိုင်သည်။
သို့သော် နှစ်ခြင်းမင်္ဂလာ၏ အတိုင်းအတာမှာ တိုက်ပွဲတွင် ရရှိသော အဆင့်ပေါ်တွင် မူတည်၏။
အဆင့်နိမ့်သူများသည် သိူင်းနတ်ဘုရားဖြစ်ရန် နှစ်ပေါင်းများစွာ ကြာနိုင်ပြီး ဖြစ်လာလျှင်ပင် အဆင့်တစ်မှာတင် တစ်သက်လုံး ရပ်တန့်နေပေလိမ့်မည်။
"ထိပ်ဆုံး အယောက် ၃၀ ထဲ ပါဝင်ဖို့ ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်"
မူယန်က လေးနက်စွာ တုန့်ပြန်လိုက်သည်။
"မင်းသာ ထိပ်ဆုံး အယောက် ၃၀ ထဲ ပါခဲ့ရင် မင်းရဲ့ တောင်းဆိုမှုလေးတစ်ခုကို လည်း ငါ ဖြည့်ဆည်းပေးဦးမယ်"
သိုင်းနတ်ဘုရားပုံရိပ်ယောင်က သူ၏ သားမြေးကို မျက်နှာသာပေးကာ ပြောလိုက်သည်။
"ကဲ ပြောစမ်း၊ မင်း ဘာလိုအပ်တာရှိလဲ"
မူယန်၏ နှလုံးသားမှာ စိတ်လှုပ်ရှားမှုဖြင့် ခုန်ပေါက်သွားပြီး အမြန် ပြန်ဖြေလိုက်သည်။
"ပင်လယ်နက်ကို ဖြတ်သန်းလာတုန်းက ကျွန်တော့်ကို ကျိယွမ်လို့ခေါ်တဲ့ အထွတ်အထိပ်သိုင်းဘုရင်တစ်ယောက်က ကယ်တင်ခဲ့ပါတယ်။ ဒါပေမဲ့ သူဟာ ကျီရှန်းနဲ့ ပြဿနာတက်ပြီး ကျီရှန်းကို သတ်လိုက်မိတယ်။ ကျီရှန်းရဲ့ နောက်ကွယ်မှာ သိုင်းနတ်ဘုရား တိမော် ရှိနေပါတယ်။ ဘိုးဘေးအနေနဲ့ ဒီပဋိပက္ခကို ကြားဝင်ဖြေရှင်းပေးစေချင်ပါတယ်"
မူယန်က အံကြိတ်ကာ ပြောလိုက်သည်။
လမ်းခရီးတစ်လျှောက်တွင် ကျိယွမ်သည် သူ့ကို အကြိမ်ကြိမ် ကူညီခဲ့ပြီး အခက်အခဲများစွာကို ဖြေရှင်းပေးခဲ့သည်။ တစ်နည်းအားဖြင့် ကျိယွမ်သည် သူ၏ အသက်သခင် ကျေးဇူးရှင် ဖြစ်၏။
"မဆိုးဘူး၊ သစ္စာရှိပြီး တရားမျှတမှုရှိတာပဲ ၊ ငါ့ရဲ့ စစ်မှန်တဲ့ သားမြေးပဲ"
သိုင်းနတ်ဘုရားဘိုးဘက သဘောတူလိုက်သည်။
"ငါ အဲဒါကို ဖြေရှင်းပေးမယ်။ သူ့ကို သိုင်းနတ်ဘုရား တိမော်ဆီမှာ တောင်းပန်ခိုင်းလိုက်၊ ဒါဆိုရင် ကိစ္စပြေလည်သွားလိမ့်မယ်"
"ကျေးဇူးတင်ပါတယ် ဘိုးဘေး"
မူယန်မှာ အလွန်ဝမ်းသာသွားသည်။
ကျိယွမ်၏ အသက်မှာ ဘေးကင်းသွားလေပြီ။
သို့သော် သူသည် တစ်ခုခုကို သတိရသွားပြီး ထပ်ပြောလိုက်သည်။
"အရှေ့ဘက်မဟာမိတ်အဖွဲ့မှာ အခု လောလောဆယ် ပါရမီရှင်တွေ ရှားပါးနေပါတယ်။ ဒီညီအစ်ကိုကျိဟာ ကျွန်တော် မြင်ဖူးသမျှထဲမှာ ပါရမီအရှိဆုံးနဲ့ အစွမ်းအထက်ဆုံး သိုင်းဘုရင်တစ်ယောက်ပါ။ သူ့ကို ဘိုးဘေးသွေးတိုက်ပွဲမှာ ပါဝင်ခွင့် ပေးလို့ မရဘူးလား"
မူယန်က ကျိယွမ်ကို တိုက်ပွဲတွင် ပါဝင်စေရန် ကူညီချင်နေသည်။
မူယန်၏ နောက်ရှိ အထွတ်အထိပ်သိုင်းဘုရင်အချို့မှာ သူ၏စကားကို ကြားသောအခါ သူတို့၏ မျက်လုံးများတွင် မနာလိုမှုများ လျှပ်ခနဲ ပေါ်သွားသည်။
သူတို့သည် ကျိယွမ်ကို ဘိုးဘေးသွေးတိုက်ပွဲတွင် မပါဝင်စေချင်ကြမှန်း သိသာလှ၏။
သိုင်းနတ်ဘုရားဘိုးဘေးက ခဏမျှ စဉ်းစားလိုက်သည်။
"အမှတ်အသားမရှိရင် သူဟာ ပါဝင်ဖို့ အရည်အချင်း မပြည့်မီဘူး။ ဒါဟာ စာစစ်မှူးချုပ်တစ်ယောက်ပဲ ခွင့်ပြုနိုင်တဲ့ အရာမျိုးပါ။ စာစစ်မှူးချုပ် တိုင်းကလည်း ဘွဲ့ထူးရသိုင်းနတ်ဘုရား အင်အားရှိရမယ်၊ အဲဒီအဆင့်က ငါ မရှိသေးတဲ့ အဆင့်ပဲ"
မူယန်မှာ အနည်းငယ် စိတ်ပျက်သွားသော်လည်း ကျေးဇူးတင်စကား ပြောလိုက်သည်။
"ကျွန်တော် မဆင်မခြင် ပြောမိတာကို ခွင့်လွှတ်ပါ"
---------------
အခန်း ၃၆၇ - အရှေ့ဘက်သခင်နဲ့ တွေ့တဲ့အခါ သင်နားလည်သွားလိမ့်မယ်
ကျိယွမ်တို့သုံးယောက် အရှေ့ဘက်မဟာမိတ်အဖွဲ့အတွင်းသို့ ဆင်းသက်လိုက်သည်နှင့် ဘွဲ့ထူးရသိုင်းနတ်ဘုရားအချို့က သူ့ကို လာရောက်ကြိုဆိုကြသည်။
"အရှေ့ဘက်မဟာမိတ်အဖွဲ့ကို စီနီယာဝင်ရောက်လာတာဟာ ကျွန်တော်တို့အတွက် တကယ့်ကို ဂုဏ်ယူစရာပါပဲ။"
ခေါင်းဆောင်မှာ ဖြူဖွေးသော ဆံပင်ရှည်များရှိပြီး ဦးခေါင်းတွင်သမင်ဦးချိုကဲ့သို့သော ဦးချိုရှည်ရှည်များ ပေါက်နေသည့် အဘိုးအိုတစ်ဦးဖြစ်ပြီး ရသေ့တစ်ပါးလို ပုံပန်းသဏ္ဌာန်ရှိ၏။
ဝိညာဉ်အကြီးအကဲသည် ကျိယွမ်ကို ခေါ်မလာမီကပင် အခြားသူများကို အကြောင်းကြားထားပြီး ဖြစ်ပုံရသည်။
အရှေ့ဘက်မဟာမိတ်အဖွဲ့၏ ဤအခြေစိုက်စခန်းတွင် ဘွဲ့တံဆိပ်ရသိုင်းနတ်ဘုရားသုံးဦးနှင့် သိုင်းနတ်ဘုရားတစ်ရာကျော် ရှိလေသည်။
အဆင့်နိမ့်သော သိုင်းနတ်ဘုရားငယ်များမှာ အနောက်တွင် ရပ်နေကြပြီး မဟာသိုင်းနတ်ဘုရားများက ရှေ့တွင် ရပ်နေ၏။
သာမန်သိုင်းနတ်ဘုရားများမှာ ကျိယွမ်ကို နှုတ်ဆက်ခွင့် မရှိသော်လည်း သူတို့၏ မျက်လုံးများတွင် လေးစားအားကျမှုများဖြင့် စိုက်ကြည့်နေကြသည်။
"ကျွန်တော့်အနေနဲ့ စီနီယာ့နာမည်ကို သိခွင့်မရသေးပါဘူး။ ကျွန်တော့်နာမည်ကတော့ သမင်နက်ပါ"
အဘိုးအိုက သူ့ကိုယ်သူ ယဥ်ကျေးစွာမိတ်ဆက်လိုက်သည်။
ကျိယွမ်က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အေးအေးဆေးဆေးပင် ပြန်ဖြေလိုက်၏။
"ကျိယွမ်ပါ။"
"အော်... သိုင်းနတ်ဘုရားကျိယွမ်ပေါ့"
သမင်နက်သခင်က ယဉ်ကျေးစွာ ဘွဲ့ထူးတပ်၍ခေါ်သည်။
ထိုအချိန်တွင် ရပ်နေသောသိုင်းနတ်ဘုရားများထဲမှ တစ်ဦးက အခြားတစ်ဦးထံသို့ စိတ်ချင်းဆက်သွယ်ကာ မက်ဆေ့ဂျ်ပို့လိုက်သည်။
"တိမော်... ဒီဂုဏ်သရေရှိဧည့်သည်က မင်းရှာနေတဲ့လူနဲ့ နာမည်တူနေတယ်။ သူများ ဖြစ်နေမလား ၊ မေးကြည့်ချင်လား"
"ပါးစပ်ပိတ်ထားစမ်း! ငါရှာနေတာက သိုင်းဘုရင်လေးပဲ ရှိသေးတာ။ ဘွဲ့တံဆိပ်ရသိုင်းနတ်ဘုရားတစ်ယောက် ဖြစ်နေဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့"
"ငါက နောက်တာပါ၊ စိတ်ဆိုးစရာမလိုပါဘူး။ ဒါပေမဲ့ မင်းရှာနေတဲ့ ကျိယွမ်က တကယ်ပဲ ဒီပုဂ္ဂိုလ်ကြီး ဖြစ်နေရင် မင်းဘာလုပ်မလဲ"
"ဘာလုပ်ရမှာလဲ ၊ ငါ အဲဒီသွေးမျိုးဆက်အပိုင်းအစကိုပဲ ဆွဲထုတ်ပစ်မှာပေါ့။"
သူတို့နှစ်ဦးသည် တိတ်ဆိတ်စွာဖြင့် အသံပို့ကာ စကားပြောနေကြသည်။
ထိုစဉ် သမင်နက်သိုင်းနတ်ဘုရားက ကျိယွမ်ကို ဖိတ်ခေါ်လိုက်၏။
"စီနီယာက ဝိညာဉ်လမ်းစဥ်သိုင်းနတ်ဘုရားအကြောင်း သတင်းအချက်အလက်တွေ ရှာနေတယ်လို့ ကျွန်တော် ကြားပါတယ်။ ကျွန်တော်တို့ မဟာမိတ်အဖွဲ့ရဲ့ စာကြည့်တိုက်မှာ ကမ္ဘာပေါ်က အသိပညာအားလုံး ရှိပါတယ်။ ရှေးဟောင်းလျှို့ဝှက်ချက်များစွာကိုလည်း မှတ်တမ်းတင်ထားပါတယ်။ စီနီယာရှာနေတာနဲ့ ပတ်သက်တာ တစ်ခုခုရှိမလားဆိုတာ စီနီယာ သွားကြည့်ချင်ပါသလား"
သူသည် အဖွဲ့၏ကိုယ်စား စေတနာကို
ထုတ်ဖော်ပြလိုက်ခြင်းပင်။
"မလိုတော့ဘူး။ အဲဒီမှာ ဘာမှမရှိဘူး"
ကျိယွမ်က ခေါင်းခါပြရင်း သမ်းဝေလိုက်သည်။
အဖိုးကြီးနှင့် အခြားသူများသည် အရှေ့ဘက်မဟာမိတ်အဖွဲ့၏ စာကြည့်တိုက်ကို အပ်တိုတစ်ချောင်းပင်မကျန်အောင် ရှာဖွေပြီးဖြစ်၏။ ထိုနေရာတွင် လျှို့ဝှက်ချက်မျိုးစုံ ရှိသော်လည်း ဝိညာဥ်လမ်းစဥ်သိုင်းနတ်ဘုရားနှင့် ပတ်သက်၍မူ ဘာမှမရှိပေ။
သမင်နက်သခင်မှာ ခေတ္တမျှ ကြောင်အ သွားသော်လည်း အမြန်ဆုံးပြန်ပြုံးလိုက်၏။
"မစ္စတာကျိယွမ်က ကျွန်တော်တို့ စာကြည့်တိုက်နဲ့ ရင်းနှီးပြီးသားပုံပဲ။"
"ဟုတ်တယ်၊ ငါ လူလွှတ်ပြီး သေချာရှာခိုင်းပြီးပြီ၊ ဘာမှမတွေ့ဘူး။"
သမင်နက်သည် ဇဝေဇဝါဖြစ်နေပုံရသော ဥသခင်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။
"သူ ငါ့ကို ဘာလို့ အဲဒီလိုကြည့်တာလဲ"
ဥသခင်က နားမလည်နိုင်စွာ တွေးနေသည်။မူလကမှ စိတ်မချမ်းမြေ့နေသဖြင့် သမင်နက်၏အကြည့်ကို မြင်သအခါ ပို၍ စိတ်ညစ်သွား၏။
ကျိယွမ်ကမူ သူတို့၏အမူအရာများကို ဂရုမစိုက်ဘဲ မေးလိုက်သည်။
"ငါ အရှေ့ဘက်သခင်ရဲ့ နံရံကို ကြိုတင်ပြီး မေးကြည့်လို့မရဘူးလား"
"အဲဒါတော့ မဖြစ်နိုင်လို့ပါ။ ကျွန်တော်တို့က မကူညီချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ အရှေ့ဘက်သခင်ရဲ့ နံရံကို ဘိုးဘေးသွေးတိုက်ပွဲအပြီးမှာပဲ ဖွင့်ခွင့်ရှိတာပါ"
သမင်နက်က အားနာစွာပြုံးပြ၏။
ကျိယွမ်က အနည်းငယ် စိတ်ပျက်သလိုသက်ပြင်းချလိုက်သည်။
"ဒါနဲ့... အရှေ့ဘက်သခင်က ဘယ်လိုလူမျိုးလဲ။ မင်းတို့ သူနဲ့ တွေ့ဖူးလား"
အရှေ့ဘက်သခင်အကြောင်း ပြောလိုက်သည်နှင့် ဤနေရာရှိ သိုင်းနတ်ဘု ရားအများအပြား၏ မျက်နှာတွင် အလွန်လေးစားသော အမူအရာများ ပေါ်လာကြသည်။
"အဲဒီတုန်းက ကျီးကန်းအမည်းတွေ ကောင်းကင်မှာ ပြည့်နေပြီး ကမ္ဘာကြီးက ပျက်စီးတော့မယ့် အခြေအနေမှာ ရှိခဲ့တာ။ အရှေ့ဘက်သခင်က တစ်ယောက်တည်း ထရပ်ပြီး ကပ်ဘေးကြီးကို ရင်ဆိုင်ခဲ့တယ်"
"ပြီးတော့ ကျွန်တော်တို့အားလုံးအတွက် မျှော်လင့်ချက်အလင်းရောင်ကို ဘေးဒုက္ခတွေကြားကနေ ဆွဲထုတ်ပေးခဲ့တယ်။ သူက တကယ့်လူကြီးလူကောင်းပဲ၊ ဒီကမ္ဘာမှာ ကျန်နေတဲ့ တစ်ဦးတည်းသော ပညာရှိကြီးပဲ"
သမင်နက်၏ မျက်လုံးများမှာ အားကျကြည်ညိုမှုများဖြင့် ပြည့်နှက်နေပြီး ၎င်းမှာ ဟန်ဆောင်နေခြင်း မဟုတ်ပေ။
"အရှေ့ဘက်သခင်မှာ ချစ်သူရှိတယ်လို့ ကြားမိတယ်"
ကျိယွမ်က ဆက်မေးလိုက်သည်။ သူသည် နံရံဆေးရေးပန်းချီထဲမှ အမျိုးသားနှင့် အမျိုးသမီးမှာ အရှေ့ဘက်သခင်နှင့် သူ၏ချစ်သူလား ဆိုသည်ကို သိရန် ကြိုးစားနေခြင်းဖြစ်သည်။
"အရှေ့ဘက်သခင်က ဖြောင့်မတ်ပြီး ကရုဏာရှိရုံတင်မကဘူး၊ သူက အချစ်အပေါ်မှာလည်း အလွန်သစ္စာရှိပါတယ်။ မူလက သူက ဒီကမ္ဘာကလူ မဟုတ်ဘူး၊ ဒီမှာမွေးတဲ့ သူ့ချစ်သူအတွက်ကြောင့် ဒီကို ရောက်လာခဲ့တာ။ ကပ်ဘေးကြီး ဆိုက်ရောက်လာတော့ သူ့ချစ်သူ သေဆုံးသွားခဲ့တယ်။ သူအတွက်သာဆိုရင် ဒီကမ္ဘာကနေ အချိန်မရွေးထွက်သွားလို့ရပါတယ်၊ ကံကြမ္မာတွေ ကံကြွေးတွေနဲ့ မပတ်သက်ဘဲ လွတ်လွတ်လပ်လပ် နေလို့ရတယ်"
" ဒါပေမဲ့ သူ့ချစ်သူရဲ့ ကမ္ဘာကြီးကို ကာကွယ်ဖို့အတွက် သူက ဒီမှာပဲနေပြီး ကပ်ဘေးကို တစ်ယောက်တည်း ရင်ဆိုင်ဖို့ ရွေးချယ်ခဲ့တယ်။ သူသာမရှိရင် ကျွန်တော်တို့တွေ သေဆုံးသွားတာ ကြာလှပြီ၊ ကျွန်တော်တို့ရဲ့ တည်ရှိမှုကလည်း သမိုင်းကနေ ပျောက်ကွယ်သွားမှာပါ"
သမင်နက်က လွမ်းဆွတ်တမ်းတသော အသံဖြင့် ပြောလိုက်သည်။
ဘွဲ့ဆံဆိပ်ရသိုင်းနတ်ဘုရားအမျိုးသမီးတစ်ဦးကလည်း ဖြည့်စွက်၏။
"ငါသာဆိုရင် အဲဒီလို လုပ်နိုင်မှာ မဟုတ်ဘူး။ ငါကတော့ အလောင်းကိုပဲ ယူပြီး ကပ်ဘေးနဲ့ ဝေးရာကို ထွက်ပြေးမိမှာပဲ။"
သမင်နက်က ခေါင်းငြိမ့်ပြသည်။
"နှစ်ပေါင်းများစွာအတွင်း အရှေ့ဘက်သခင်ဟာ ကပ်ဘေးကို ဟန့်တားထားရုံတင်မကဘဲ တောင်နဲ့မြစ်ပန်းချီကားကို သုံးပြီး သူ့ချစ်သူကို ပြန်အသက်သွင်းဖို့ ကြိုးစားနေတာ။ သူမ ပြန်ရှင်လာပြီး သူတို့နှစ်ယောက် အင်အားချင်း ပေါင်းလိုက်ရင်တော့ လာမယ့် ဘေးဒုက္ခကို ခုခံနိုင်မှာပဲ"
"အိုး...သူက ဘယ်လိုနည်းနဲ့ ပြန်အသက်သွင်းနေတာလဲ။ ငါ တော်တော်သိချင်နေလို့ပါ"
ပျင်းရိနေသော ကျိယွမ်၏ စိတ်ဝင်စားမှုက ပြန်၍ မြင့်တက်လာသည်။
သူသည် လောလောဆယ်တွင် အသက်စွမ်းအားပြည့်ဝသော ခရမ်းရောင်ချီစွမ်းအင်ကို ရရှိထားသော်လည်း ငရဲဘုံအပိုင်း လိုအပ်နေသေးသည်။
သူ၏ခရမ်းရောင်နန်းတော်မှာ သေခြင်းနှင့်ရှင်ခြင်းအစွန်းနှစ်ခုလုံးပါဝင်နေ၏။
သို့သော် လူတစ်ယောက်ကို မည်သို့ပြန်ရှင်အောင် လုပ်ရမည်ကို သူ လုံးဝ မသိပေ။
"အရှေ့ဘက်သခင်ရဲ့ ချစ်သူရဲ့ဝိညာဉ်ဟာ တောင်နဲ့မြစ်ပန်းချီကားတစ်ခုလုံးမှာ ပြန့်ကျဲနေတယ်။ ဒီပန်းချီကားဟာ သူမကို ပြန်အသက်သွင်းဖို့ရော ကမ္ဘာကြီးကို ပြန်လည်ပုံဖော်ဖို့ပါ သော့ချက်ပါပဲ။ ကျွန်တော်တို့တွေဟာ အတိတ်က ဖြစ်ရပ်တွေကို ထပ်ခါတလဲလဲ သရုပ်ဖော်ပြီး သူမရဲ့ မှတ်ဉာဏ်တွေကို တဖြည်းဖြည်း ပြန်စုစည်းပေးနေတယ်"
" ဒါမှမဟုတ် အတိတ်မှတ်ဉာဏ်တွေကို ပြန်ဖန်တီးပေးနေတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ အရှေ့ဘက်သခင်ရဲ့ ချစ်သူက အင်အားကြီးလွန်းတော့ တောင်နဲ့မြစ်ပန်းချီထဲက သတ္တဝါတွေဟာ သူမရဲ့ အနှစ်သာရ အပြည့်အဝကို မခံနိုင်ကြဘူး။ ရလဒ်အနေနဲ့ သူမရဲ့ ဝိညာဉ်ဟာ အပိုင်းအစများစွာ ကွဲသွားခဲ့တယ်။ အပိုင်းအစတစ်ခုစီက အတိတ်က ဖြစ်ရပ်တွေကို ပြန်လည် ရှင်သန်နေကြရတယ်။ နောက်ဆုံး အာရုဏ်ဦးတေးသံ မစတင်မီ တောင်နဲ့မြစ်ပန်းချီကားလောကနဲ့ အဆုံးသတ်နယ်မြေတို့ ထိတွေ့မိတဲ့အခါ သူမရဲ့ ဝိညာဉ်အပိုင်းအစတွေ အားလုံး တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပါလိမ့်မယ်။"
"အဲဒီအချိန်မှာ အရှေ့ဘက်သခင်ရဲ့ ချစ်သူဟာ အပြည့်အဝ ပြန်လည်ရှင်သန်လာမှာဖြစ်ပြီး ပန်းချီကားထဲမှာ ဖန်တီးထားတဲ့သမိုင်းက အဆုံးသတ်နယ်မြေရဲ့ သမိုင်းနေရာမှာ အစားထိုးဝင်ရောက်သွားမှာပါ။ သေဆုံးသူတွေ ပြန်ရှင်လာပြီး သမိုင်းလမ်းကြောင်းကို အသစ်ပြန်ရေးမှာပါ"
သမင်နက်သိုင်းနတ်ဘုရားက အသေစိတ် ရှင်းပြလိုက်သည်။
သို့သော် ကျိယွမ်၏အမြင်တွင် ၄င်းလုပ်ငန်းစဉ်မှာ အလွန်ရှုပ်ထွေးပုံရနေသည်။
သူ၏စကားအရ အရှေ့ဘက်သခင်၏ အစီအစဉ်တွင် အပိုင်းနှစ်ပိုင်း ရှိ၏။
သူ၏ချစ်သူကို ပြန်အသက်သွင်းရန်နှင့် ကျဆုံးသွားသူအားလုံးကို ပန်းချီလောကအတွင်း၌ အတိတ်ဘဝများကို ပြန်လည်သရုပ်ဖော်စေခြင်းဖြင့် ပြန်လည်ရှင်သန်စေရန် ဖြစ်သည်။
ထိုအခါ တောင်နှင့်မြစ်ပန်းချီလောကမှ ပေါင်းစပ်ထားသော သမိုင်းသည် ကြိုတင်သတ်မှတ်ထားသော ပျက်စီးခြင်းသမိုင်းကို အစားထိုးသွားပေလိမ့်မည်။
"အော်... ဆိုလိုတာက အတုကို အစစ်ဖြစ်အောင်လုပ်ပြီး လူတွေကို ကလုန်းထုတ်၊ မှတ်ဉာဏ်တွေ ထည့်ပေးတာပေါ့"
ကျိယွမ်က သူနားလည်သလို အကျဉ်းချုပ်လိုက်သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် လူတစ်စုကို ကလုန်းထုတ်ပြီး ပြဇာတ်ကခိုင်းသည့် ပုံစံမျိုးပင်။
မူလမှတ်ဉာဏ်များ ရရှိသွားသည်နှင့် သူတို့သည် သူတို့သရုပ်ဆောင်နေရသည့် ဇာတ်ကောင်များဖြစ်သည်ဟု ယုံကြည်သွားကြပေလိမ့်မည်။
"ဒါပေမဲ့ အဲဒါဆိုရင် အဆုံးသတ်နယ်မြေထဲက သတ္တဝါတွေက သေကုန်မှာ မဟုတ်ဘူးလား"
ကျိယွမ်က မေးလိုက်သည်။
"အရုဏ်ဦးတေးသံ စတင်တဲ့အခါ ဒီကမ္ဘာကြီးက တိတ်ဆိတ်ခြင်းထဲ ကျရောက်သွားမှာဆိုတော့ သူတို့လည်း အဲဒီကံကြမ္မာကနေ လွတ်မှာ မဟုတ်ပါဘူး"
သမင်နက်သခင်က ပြန်ဖြေလိုက်သည်။
အမျိုးသမီးသိုင်းနတ်ဘုရားက လည်း သက်ပြင်းချလိုက်၏။
"တစ်ဘဝလုံးမှာ အရှေ့ဘက်သခင်လို လူမျိုးနဲ့ ဆုံတွေ့ရတာဟာ ကောင်းချီးတစ်ခုပါပဲ။"
အမျိုးသားတစ်ဦးကလည်း စိတ်လှုပ်ရှားစွာ ဖြည့်စွက်လိုက်သည်။
"ကမ္ဘာတစ်ခုလုံးကို စောင့်ရှောက်ပြီး သူ့ချစ်သူကို ပြန်အသက်သွင်းဖို့ နှစ်ပေါင်းတစ်သောင်းကြာ အစီအစဉ်တွေ ချမှတ်ခဲ့တယ်။ ဒီလိုအချစ်မျိုးက... ရှာဖို့ခဲယဉ်းလွန်းတယ်"
အခြားသိုင်းနတ်ဘုရားများကလည်း အလားတူ ခံစားချက်မျိုး ရှိကြသည်။
သူတို့သာ အရှေ့ဘက်သခင်၏ နေရာတွင်ဆိုလျှင် ဤကဲ့သို့ လုပ်နိုင်ပါ့မလားဟု သံသယရှိကြသည်။
"တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ သူ့ကို မြောက်ဝင်ရိုးစွန်းမှာ မြှုပ်ပြီး သူမကို တောင်ဝင်ရိုးစွန်းမှာ မြှုပ်သင့်တယ်"
ကျိယွမ်က ပေါ့ပေါ့ပါးပါးပြက်လုံးထုတ်လိုက်သည်။
"အဲဒါ ဘာကို ဆိုလိုတာလဲ"
သမင်နက်သခင်က နားမလည်သောကြောင့် ကျိယွမ်အားကြည့်သည်။
"ဘာမှမဟုတ်ပါဘူး"
သူက ထွေထွေထူးထူးအလုပ်ရှုပ်ခံကာ ရှင်းပြမနေတော့ဘဲ လက်ခါပြလိုက်သည်။
"မစ္စတာ ကျိယွမ်၊ ခင်ဗျားကို ဂုဏ်ပြုတဲ့အနေနဲ့ အရှေ့ဘက်မဟာမိတ်အဖွဲ့က ကြိုဆိုပွဲ အခမ်းအနား ပြင်ဆင်ထားပါတယ်"
သမင်နက်သခင်က အတိတ်သမိုင်းလှန်ခြင်းကို ရပ်နားကာ အလုပ်ကိစ္စဘက်သို့ ပြန်လှည့်လိုက်သည်။
အခမ်းအနားလား ။
ကျိယွမ်၏ မျက်လုံးများဝင်းလက်သွားသည်။ သူက မသိမသာပင် တံတွေးမျိုချမိမလို ဖြစ်သွား၏။
ဒီလူတွေက တော်တော် ဧည့်ဝတ်ကျေတာပဲ။
"သွားကြစို့"
ထိုကိစ္စမျိုးကိုတော့ ကျိယွမ်က ချက်ချင်းပင် သဘောတူလိုက်၏။
...............
နောက်တစ်နေ့။
ကျိယွမ်၏ မှိတ်နေသောမျက်လုံးများ ပွင့်လာသည်။
သူ၏မျက်နှာက ပျင်းရိသောပေါ့ပါးဟန်များပျောက်ကွယ်နေပြီး ခက်ခဲနေသော ပုံစံပေါ်နေ၏။
"အရမ်းခက်တာပဲ၊ တကယ်ကြီး ခက်တာ။ ငရဲဘုံတစ်ခု ဖန်တီးရတာက အဆင့်မြင့်သင်္ချာထက်တောင် ပိုခက်သေးတယ်။"
အရှေ့ဘက်သခင်က တောင်နှင့်မြစ်ပန်းချီကားကနေတစ်ဆင့် သူ၏ချစ်သူကို ပြန်အသက်သွင်းပုံကို ကြားပြီးနောက် ကျိယွမ်သည် ထိုနည်လမ်းမျိုးကို သုံးပြီး ငရဲဘုံကို ဖန်တီးနိုင်မလားဟု စဉ်းစားခဲ့သည်။
သို့သော် သူ မည်သို့ပင် ပုံဖော်ကြည့်စေကာမူ ရလဒ်မှာ အမြဲတမ်း... အတုအယောင်သာ ဖြစ်နေသည်။
ဖန်တီးလိုက်သော အရာသည် ဆင်တူသော ပန်းနှစ်ပွင့်ကဲ့သို့ရှိနေပြီး တစ်ခုက အရောင်မှိန်သော အတုအယောင်တစ်ခုသာ ဖြစ်လာ၏။
"ငါက အားနည်းနေသေးပုံရတယ်။ အတုကို အစစ်ဖြစ်အောင် မလုပ်နိုင်ရုံတင်မကဘူး၊ စနစ်တကျ ပြန်လည်ရှင်သန်ခြင်းကိုတောင် မလုပ်နိုင်သေးဘူး။ ငါဟာ ဈေးပေါတဲ့ ငရဲဘုံအတုကြီးကိုပဲ ဖန်တီးရတော့မှာလား"
ကျိယွမ် စိတ်ပျက်သွားသည်။
သူသည် သာမန်အိမ်လေးတစ်လုံးမှာ နေထိုင်ရသော စိတ်ဝိညာဥ်အဆင့်လေးတစ်ယောက်ဖြစ်နေရသည့်အပြင် ယခုအခါ ငရဲဘုံအတုကြီး ဖန်တီးရမည့် အယူအဆက ပို၍ပင် ရှက်စရာကောင်းပုံရသည်။
ထိုအခါ သူ၏ ဂျူနီယာညီမလေး ကျန်းလင်းစုတောင် သူ့ကို အထင်သေးသွားပေလိမ့်မည်။
"ငါ ဒီဂိမ်းဆီကနေ ခြိမ်းခြောက်ယူရတော့မယ်ထင်တယ်"
ကျိယွမ် မသက်မသာ သက်ပြင်းချလိုက်သည်။
လျူဖုန်းနယ်မြေနှင့် ဖန်ထုန်နယ်မြေတို့တွင် ကျိယွမ်သည် ကောင်းကင်ဘုံတာအိုဆီမှ အကျိုးကျေးဇူးများကို မကြာခဏ ခြိမ်းခြောက်ယူခဲ့ဖူးပြီး အမြဲတမ်းလည်း အောင်မြင်ခဲ့သည်။
သူသည် ကောင်းကင်ကို မော့ကြည့်လိုက်သော်လည်း မကြာမီမှာပင် စိတ်ပျက်သွားလေ၏။
"ဒီစုတ်ပြတ်သတ်နေတဲ့ ကမ္ဘာမှာ ကောင်းကင်ဘုံတာအိုမှ မရှိတာ"
ကောင်းကင်ဘုံတာအိုမရှိဘဲ သူက ဘယ်သူ့ကိုသွား၍ ခြိမ်းခြောက်ယူရမည်နည်း။
"ဒါပေမဲ့ ငါ့သမီးနဲ့ ဆွေးနွေးကြည့်လို့ ရနိုင်မလား။ သူက ဟို့ထူကို ပုံရိပ်ဖော်နေတာဆိုတော့ ငရဲဘုံအကြောင်း အတော်လေး သိလောက်တယ်"
ကျိယွမ်က တွေးလိုက်သည်။
"နတ်ဘုရားအရှင်"
ထိုစဉ် အသံတစ်သံက ရုတ်တရက် ထွက်ပေါ်လာသည်။
ခေါင်းမပါသည့် ထွားကြိုင်းသော ပုံရိပ်တစ်ခုက ကျိယွမ်၏ ဘေးတွင် ပေါ်လာ၏။
ထိုပုံရိပ်က ထိန်းချုပ်ထားရန် ကြိုးစားနေသော်လည်း ကျိယွမ်သည် သူ့ထံမှ ထွက်ပေါ်နေသော ပြင်းထန်လှသည့် တိုက်ပွဲဝင်လိုစိတ်များကို ခံစားနေရဆဲ ဖြစ်သည်။
အကယ်၍ မထိန်းချုပ်ထားပါက ထိုတိုက်ပွဲဝင်စိတ်မှာ မူလဇစ်မြစ်နယ်မြေရှိ သတ္တဝါအားလုံးကိုပင် ပေါက်ကွဲသေဆုံးစေနိုင်သည်။
သေချာပေါက် ၎င်းမှာ ယန်နတ်ဘုရားတစ်ပါး၏ စွမ်းအားပင် ။
လက်ရှိအနေအထားအရ ကျိယွမ်၏ စိတ်ဝိညာဥ်တစ်ခုစီကပင် မူလဇစ်မြစ်နယ်မြေ တစ်ခုလုံးကို ဝါးမြိုပစ်နိုင်လောက်အောင် အစွမ်းထက်ကြသည်။
သို့သော် ကျိယွမ်၏ ရှေ့တွင်မူ သူတို့သည် ချင်းရွှေကျေးရွာတွင် ရှိခဲ့စဉ်ကကဲ့သို့ပင် ရိုသေလေးစားနေကြမြဲပင်။
"မဟာခေါင်းလောင်းအုပ်စိုးရှင်၊ မင်းတို့ ဆွေးနွေးတာ ဘာရလဒ်ထွက်လဲ"
ကျိယွမ်က ခေါင်းမပါသော ရှေးဟောင်းနတ်ဘုရားကို ကြည့်ကာ မေးလိုက်သည်။
မဟာခေါင်းလောင်းအုပ်စိုးရှင်သည် အလွန်ကြာမြင့်စွာကတည်းက အသက်ရှင်ခဲ့သော ရှေးဟောင်းသတ္တဝါ တစ်ဦးဖြစ်သည်။
သူသည် ဟုန်ထန်စစ်ပွဲကြီးတွင် ပါဝင်ခဲ့ဖူးပြီး အစားမဲ့ဂိုဏ်း၏ သန့်စင်သောမယ်တော်နှင့်ပင် တွေ့ဆုံခဲ့ဖူး၏။
သူသည် ကျိယွမ်အတွက် ဝူရှီ ချန်ထားခဲ့သော "ငါးများ" ကို ပေးအပ်ခဲ့သူလည်း ဖြစ်ပြီး သူကြောင့် ကျိယွမ်သည် ဝါးမြိုခြင်းကမ္ဘာဦးခန္ဓာကိုယ်အား ရရှိခဲ့ခြင်း ဖြစ်သည်။
သူ၏ ပုံရိပ်ဖော်နည်းစနစ်မှာ အတိုင်းအဆမရှိသော တိုက်ပွဲဝင်စိတ်နှင့် မဆုတ်မနစ်သော ဇွဲလုံ့လကို ကိုယ်စားပြုသည့် စစ်နတ်ဘုရား ဆင်းထျန်း ဖြစ်သည်။
ကျိယွမ်သည် မူလဇစ်မြစ်နယ်မြေသို့ ရောက်ရှိလာသော်လည်း ယခုနေရာတွင် ပိတ်မိခံနေချင်သူမဟုတ်ပါ ။ သူက လိုအပ်လျှင် အဆုံးသတ်နယ်မြေသို့ ပြန်နိုင်ရန်စိတ်ကူးကာ နည်းလမ်းရှာနေ၏။
သူသည် သူတို့ကို ထိုခရီးစဉ်အတွက် နည်းလမ်းရှာရန် တာဝန်ပေးထားသည်။
ကျိယွမ်၏ မေးခွန်းမှာ ရိုးရှင်းပါသည်။
သူ အဆုံးသတ်နယ်မြေကို ပြန်သွားချင်လျှင် ဘယ်လိုလုပ်ရမလဲ။
"ဧကရာဇ်ရှူနဲ့ ဧကရာဇ်ဟူ တို့က သူတို့ရဲ့ ခန္ဓာကိုယ်တွေကို တံတားတွေအဖြစ် ပြောင်းလဲပြီး ပင်လယ်နက်ကို ဖြတ်ကျော်ကာ အတိတ်နဲ့ အနာဂတ်ကို ဆက်သွယ်ပေးနိုင်တယ်လို့ ပြောပါတယ်။ အရှင်လိုအပ်တဲ့အချိန်တိုင်းမှာ သူတို့က ထမ်းပိုးပေးဖို့ အဆင်သင့်ပါပဲ"
ခေါင်းပြတ်ကြီး ဆင်းထျန်းက ပြန်ဖြေလိုက်သည်။
ဧကရာဇ်ရှူနှင့်ဧကရာဇ်ဟူတို့သည်လည်း ကျိယွမ်၏ပုံရိပ်ဖော်နည်းစနစ်များထဲမှ အစွမ်းထက်သော ရှေးဟောင်းနတ်ဘုရားများ ဖြစ်ကြသည်။
ထိုနှစ်ဦးမှာ မြောက်ပိုင်းလယ်နှင့် တောင်ပိုင်းပင်လယ်တို့၏ ဧကရာဇ်များဖြစ်ကြပြီး ဖန်ကူးက ကောင်းကင်နှင့် မြေကြီးကို မခွဲမီကပင် တည်ရှိခဲ့ကြသူများ ဖြစ်၏။
ကျိယွမ်၏ မှတ်ဉာဏ်ထဲတွင် ဧကရာဇ် ရှူးနှင့် ဧကရာဇ်ဟူ တို့သည် သတ္တဝါကြီးဟုန်တုန်နှင့် သူငယ်ချင်းများ ဖြစ်ကြသည်။ ဟုန်တုန်မှာ ပုံသဏ္ဌာန် သို့မဟုတ် အာရုံခံစားမှု မရှိသော အစုအဝေးတစ်ခု ဖြစ်၏။
ဧကရာဇ်နှစ်ပါးသည် ဟုန်တုန်နှင့် ခင်မင်ကြပြီးနောက် သူ၏ အာရုံများကို ဖွင့်ပေးရန် ကြိုးစားခဲ့ကြကာ ခုနစ်ရက်အတွင်း အပေါက်ခုနစ်ပေါက် ထွင်းထုပေးခဲ့သဖြင့် ဟုန်တုန် သေဆုံးသွားခဲ့ရသည်။
ဧကရာဇ်ရှူးနှင့်ဧကရာဇ်ဟူ တို့တွင် အချိန်နှင့် ဟင်းလင်းပြင်ဆိုင်ရာ စွမ်းအားများ ရှိကြ၏။
ထို့ကြောင့် သူတို့သည် မိမိကိုယ်ကိုယ် တံတားများအဖြစ် ပြောင်းလဲကာ အတိတ်နှင့် အနာဂတ်ကို ဆက်သွယ်ပေးနိုင်ခြင်းဖြစ်သည်။
ထို့အပြင် ဤအချက်မှာ ဂိမ်း၏ ဇာတ်လမ်းကြောင်းနှင့်လည်း သက်ဆိုင်နေသည်။ မူလဇစ်မြစ်နယ်မြေနှင့် အဆုံးသတ်နယ်မြေတို့မှာ ခိုင်မာသော ဆက်နွှယ်မှု ရှိနေသောကြောင့်လည်း ပါ၏။
ဧကရာဇရှု နှင့်ဧကရာဇ်ဟူ တို့သည် ဤကမ္ဘာ၏ အကန့်အသတ်များကို ကျော်လွန်နိုင်ကြသည်။
"ကောင်းတယ်.... ဘလူးစတားဂြိုဟ်မှာ ပါရမီရှင်တွေ အများကြီးရှိတာပဲ"
ကျိယွမ် အတော်လေး ကျေနပ်သွားသည်။
"ငါ လိုအပ်တဲ့အခါ ခေါ်လိုက်မယ်။ အဲဒီအတောအတွင်းမှာ အားလုံးကို ဆက်ပြီး လေ့ကျင့်ဖို့နဲ့ သူတို့ရဲ့ စွမ်းရည်တွေကို မြှင့်တင်ထားဖို့ အကြောင်းကြားလိုက်ပါ။ ရှေ့မှာ ပြင်းထန်တဲ့ တိုက်ပွဲရှိလာနိုင်တယ်"
"နားလည်ပါပြီ။"
ထို့နောက် ခေါင်းပြတ်ကြီးသည် ကျိယွမ်အနီးမှ ပျောက်ကွယ်သွားလေ၏။
ကျိယွမ်သည် ခန်းမထဲတွင် တစ်ယောက်တည်း ကျန်ခဲ့ရင်း ဆက်လက်တွေးတောနေခဲ့သည်။
ခရမ်းရောင်နန်းတော်ကို တည်ဆောက်ရန်မှာ မလွယ်ကူးသေးပေ။ထို့ကြောင့် သူ့အနေဖြင့် အချိန်ပြည့်ကြိုးစားနေရ၏။
နောက်တစ်နာရီခန့်အကြာတွင် ခန်းမထဲ၌ အသံတစ်သံ ပဲ့တင်ထပ်လာခဲ့သည်။
"ညီအစ်ကိုကျိယွမ်၊ ဘိုးဘေးသွေးတိုက်ပွဲ စတင်တော့မယ်။ အဲဒီကို ကြွခဲ့ပါဦး။
ကျိယွမ်၏ မျက်လုံးများဖြတ်ခနဲ ပွင့်သွားသည်။
"လာပြီ.."
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျိယွမ်သည် မြင့်မားသော မျှော်စင်တစ်ခုပေါ်သို့ ရောက်ရှိသွား၏။
ထိုမျှော်စင်မှာ ပေသုံးသောင်း မြင့်မားပြီး ထိပ်တွင် မြို့တစ်မြို့နှင့် တူလောက်အောင် ကျယ်ဝန်းသော စင်မြင့်ဝိုင်းတစ်ခု ရှိသည်။ မျှော်စင်၏ အောက်ခြေတွင်မူ ဘိုးဘေးသွေးတိုက်ပွဲအတွက် စမ်းသပ်ရာနေရာများရှိသည်။
စင်မြင့်ပေါ်တွင် ပလ္လင်သုံးဆယ့်ခြောက်ခု ပေါ်လာ၏။
ထိုပလ္လင်များကို မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို မသိရသော်လည်း ခြောက်သွေ့နေသော သွေးစွန်းရာများ ကတော့ ကျန်ရှိနေသေးသည်။
သိုင်းနတ်ဘုရား သုံးဆယ်ကျော်က ပလ္လင်များ၌ နေရာအသီးသီးယူလိုက်ကြ၏။ တစ်ဦးချင်းစီမှာ သူတို့၏ မျက်နှာများကို ဖုံးကွယ်ထားသော ဆန်းကြယ်သော မြူခိုးများက ဝန်းရံထားသည်။
အမြင့်ဆုံးနေရာများတွင် အခြားအရာများထက် ပိုကြီးပြီး တိမ်တိုက်များထဲအထိ ရောက်ရှိနေသော ဧရာမပလ္လင်ကြီးသုံးခု ရှိနေသည်။
သမင်နက်မှာ အလယ်တွင် ထိုင်ပြီး ကျိယွမ်က ဘယ်ဘက်တွင် ဖြစ်ကာ အမျိုးသမီးသိုင်းနတ်ဘုရား တစ်ဦးမှာ ညာဘက်တွင် ထိုင်နေသည်။ သူတို့သုံးဦးကိုလည်း ဆန်းကြယ်သော မြူခိုးများက ဖုံးလွှမ်းထား၏။
"အခု သိုင်းနတ်ဘုရားအားလုံး စုံပြီဆိုတော့ ဘိုးဘေးသွေးတိုက်ပွဲကို လေ့လာကြရအောင်။ အလားအလာရှိတဲ့ ပါရမီရှင်တွေ တွေ့ရင် မင်းတို့ရဲ့ တပည့်အဖြစ် ခေါ်ယူနိုင်ပါတယ်"
သမင်နက်သခင်က ပြုံးကာ စတင် ပြောလိုက်သည်။
"ငါ ခဏလောက် ကြည့်ပြီးပြီ။ ဒီမှာ အလားအလာရှိတာ ဘာမှမရှိဘူး။ သူတို့ရဲ့ လက်ရှိပါရမီနဲ့ဆိုရင် ဘယ်သူမှ မဟာသိုင်းနတ်ဘုရားအဆင့်ကို ရောက်မှာ မဟုတ်ဘူး"
အဘိုးအိုတစ်ဦးက သဘောမကျစွာ ဟခေါင်းခါလိုက်သည်။
"ဒီမျိုးဆက်သစ်တွေက ပိုပိုပြီး ညံ့လာကြတယ်"
"ဒါက ရှောင်လွှဲလို့မရဘူးလေ"
အခြားသိုင်းနတ်ဘုရားတစ်ဦးက ရင်လေးစွာ သက်ပြင်းချလိုက်သည်။
"ကပ်ဘေးကြီးက သွေးကြောတွေကို ဖြတ်တောက်လိုက်တာ။ တောင်နဲ့မြစ်ပန်းချီသာ မရှိရင် သူတို့တွေ သိုင်းဝိညာဥ်အဆင့်ကိုတောင် ရောက်မှာ မဟုတ်ဘူး"
"မှန်တယ်၊ ဒါ သူတို့အပြစ် မဟုတ်ပါဘူး။"
"ငါတို့သာ ကမ္ဘာကြီးကို ပြန်လည်မပြင်ဆင်နိုင်ရင် ငါတို့အားလုံး သေကြရမှာပဲ။ သားမြေးတွေအကြောင်း မေ့ထားလိုက်ပါ ၊ အဲဒါက လက်လှမ်းမမီတဲ့ အိမ်မက်တစ်ခု ဖြစ်သွားလိမ့်မယ်"
"ငါတို့ အရှေ့ဘက်သခင်ရဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်ရမယ်၊ မဟုတ်ရင် နောက်ထပ် အခွင့်အရေး ရမှာမဟုတ်ဘူး"
"ဟုတ်တယ်၊ အရှေ့ဘက်သခင်က ငါတို့ရဲ့ တစ်ဦးတည်းသော မျှော်လင့်ချက်ပဲ"
သိုင်းနတ်ဘုရားများ၏ အသံများမှာ အရှေ့ဘက်သခင်သည်သာ သူတို့၏ ခိုင်မာသော ယုံကြည်ချက်ဖြစ်သကဲ့သို့ ပြတ်သားနေကြသည်။
ကျိယွမ်က သမင်နက်သခင်ကို လှမ်းကြည့်လိုက်၏။
"မင်းတို့က အရှေ့ဘက်သခင်အပေါ်မှာ ယုံကြည်ချက် တော်တော်ကြီးတာပဲ။"
သမင်နက်၏ မျက်လုံးများမှာ ကြည်ညိုလေးစားမှုနှင့် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလာသည်။
"ညီအစ်ကိုကျိ...မင်းသာ အရှေ့ဘက်သခင်နဲ့ တစ်ခါလောက် တွေ့ဖူးရင် မင်းလည်း အဲဒီလိုပဲ ခံစားရလိမ့်မယ်။ သူက ငါတွေ့ဖူးသမျှထဲမှာ အယုံကြည်ရဆုံးနဲ့ အားကိုးရဆုံးလူပဲ"
" သူက ဒီကမ္ဘာမှာ ကျန်ရှိနေတဲ့ တစ်ခုတည်းသော မျှော်လင့်ချက်လည်း ဖြစ်တယ်။ သူသာ မရှိရင် မူလဇစ်မြစ်နယ်မြေဟာ ဟိုးအရင်ကတည်းက ပျက်စီးသွားမှာ။ တောင်တန်းနဲ့မြစ်ကျမ်းစာ၊ အဆုံးသတ်နယ်မြေ ၊ ဒါတွေ တစ်ခုမှ ရှိလာမှာ မဟုတ်ဘူး။ ငါတို့အားလုံး မြေကြီးထဲက အရိုးတွေပဲ ဖြစ်နေမှာ။ မဟုတ်ဘူး၊ အရိုးတောင် ကျန်မှာ မဟုတ်ဘူး။ ငါတို့က အရာအားလုံးအတွက် အရှေ့ဘက်သခင်ကို အကြွေးတင်နေတာ"
"တစ်သက်လုံး ပေးဆပ်ရင်တောင် အရှေ့ဘက်သခင်ရဲ့ ကျေးဇူးကို မကုန်နိုင်ပါဘူးလို့ပဲ ပြောလိုက်ပါတော့ "
ကျိယွမ်က ပြုံးကာ ဖြည့်စွတ်ပေးလိုက်သည်။
သမင်နက်၏ မျက်နှာမှာ တည်ကြည်သွား၏။
"မစ္စတာကျိယွမ်၊ အရှေ့ဘက်သခင်အကြောင်း နောက်ပြောင်တာမျိုးကို ပေါ့ပေါ့တန်တန် မလုပ်သင့်ဘူး။ မင်း အရှေ့ဘက်သခင်နဲ့ တွေ့တဲ့အခါ၊ ဒါမှမဟုတ် အရှေ့ဘက်သခင်ရဲ့ နံရံက စကားပြောပြီး သူ့အသံကို မင်းကြားရတဲ့အခါ သူက ဘယ်လိုလူစားမျိုးလဲဆိုတာ မင်းနားလည်သွားလိမ့်မယ်"
"အမှန်အတိုင်းပြောရရင် လူတွေ အရှေ့ဘက်သခင်ကို ချီးကျူးတာကို ပထမဆုံး ကြားတုန်းက ငါလည်း သံသယရှိခဲ့တယ်။ ဒီလိုလူမျိုး တကယ်ရှိနိုင်ပါ့မလားလို့ပေါ့။ ဒါပေမဲ့ သူ့ကို တွေ့လိုက်တဲ့အခါ ငါ့ရဲ့ စိတ်ထားကျဉ်းမြောင်းမှုအတွက် ငါရှက်မိတယ်။ ငါမှားခဲ့တယ်၊ သူ့ကို သံသယဝင်ခဲ့မိတဲ့အတွက် ငါ အပြစ်ရှိသလို ခံစားရတယ်"
"စိတ်ဝင်စားစရာပဲ... မင်းအခုလိုပြောနေတော့ ဒီအရှေ့ဘက်သခင်နဲ့ တွေ့ပြီး သူက ဘယ်လိုလူစားမျိုးလဲဆိုတာ တော်တော်လေး သိချင်လာပြီ"
ကျိယွမ်၏ စူးစမ်းလိုစိတ်များ နိုးကြားလာပြီး အမှန်တကယ်ကို သိချင်စိတ်များဖြစ်လာ၏။
ဤလူများသည် အရှေ့ဘက်သခင်အပေါ် တကယ့်ကို ရူးရူးမူးမူး ဖြစ်နေကြသည်။ သူတို့၏ စိတ်များကို လွှမ်းမိုးထားခြင်း မဟုတ်ဘဲ သူတို့၏ ကြည်ညိုလေးစားမှုမှာ စစ်မှန်နေပြီး အလိုလိုဖြစ်ပေါ်နေခြင်းမျိုးပင်။
သူက ဘာမို့လို့ ဒီလောက်များ လေးစားနေကြတာပါလိမ့် ။