အခန်း (၃၆၈-၃၆၉)
Vol. 34 Ch. 368-369
အခန်း ၃၆၈ - မြောင်မြောင်၏ တိုးတက်မှုနှင့် နဂါးဘုရင်ရှင်းစု ပြန်လည်ရောက်ရှိလာခြင်း....
ကျိယွမ်နှင့် သမင်နက်သခင်တို့ စကားပြောနေစဉ်အတွင်း မျှော်စင်ကြီး၏အောက်ခြေ၌ အထွတ်အထိပ်သိုင်းဘုရင် ၄၀၀ နီးပါး စုဝေးနေကြသည်။
ထိုသိုင်းဘုရင်များသည် နယ်မြေအသီးသီးမှ လာကြသူများဖြစ်ပြီး ၎င်းတို့သည် မိမိတို့အုပ်စုအလိုက် တိတ်ဆိတ်စွာ ရပ်နေကြ၏။
ဘိုးဘေးသွေးစစ်ပွဲ၏ အရေးပါမှုကြောင့် မည်သူမျှ အသံကျယ်ကျယ် မပြောရဲသလို စည်းကမ်းမဲ့စွာလည်း မပြုမူရဲကြပေ။
သူတို့သည် အပြင်ပန်း၌ တည်ငြိမ်နေသော်လည်း အတွင်းစိတ်၌မူ ရည်မှန်းချက်များနှင့်အတူ စိတ်လှုပ်ရှားမှုများ ပြည့်လျှံနေ၏။
ထိုစဉ် မြွေနှင့်တူသော သတ္တဝါတစ်ကောင်က စက်ရုပ်ဆန်သော အသံဖြင့် ကြေညာလိုက်သည်။
"စာမေးပွဲစစ်ဆေးသူများ ရောက်ရှိလာပါပြီ၊ စစ်ဆေးရေးမှုးများကို ဦးညွှတ်ကြ"
ထိုအသံနှင့်အတူ မျှော်စင်ထိပ်မှ ဝင်းလက်သောအလင်းတန်း ၃၆ ခု ဝှစ်ခနဲ ကျဆင်းလာ၏။ အလင်းတန်းတစ်ခုစီသည် အထက်တွင် ထိုင်နေသော အစွမ်းထက်သိုင်းနတ်ဘုရားတစ်ဦးစီကို ကိုယ်စားပြုသည်။
မျှော်စင်ထိပ်၌အမြင့်ဆုံးတွင် ထိုင်နေကြသော သိုင်းနတ်ဘုရားများသည် ၎င်းတို့၏ အရှိန်အဝါ အနည်းငယ်ကိုသာ အလင်းတန်းများမှတစ်ဆင့် ထုတ်လွှတ်လိုက်ကြခြင်းဖြစ်သည်။
ပြိုင်ပွဲဝင်မည့် သိုင်းဘုရင် ၄၀၀ နီးပါးသည် လေးစားစွာဖြင့် အလင်းတန်းများကို ဦးညွှတ်နှုတ်ဆက်ကြ၏။
"စစ်ဆေးသူ သိုင်းနတ်ဘုရားများကို ဂါရဝပြုပါတယ်"
သူတို့သည် စစ်ဆေးသူများကို မော့မကြည့်ရဲဘဲ ခေါင်းငုံ့လျက် သတိကြီးစွာ ထားနေကြသည်။
အကယ်၍ မော့ကြည့်ရန် သတ္တိရှိလျှင်ပင် မည်သည်ကိုမျှ မြင်တွေ့ရမည် မဟုတ်ဘဲ သိုင်းနတ်ဘုရားများ ထုတ်လွှတ်လိုက်သော အရှိန်အဝါကိုသာ ခံစားရမည်ဖြစ်သည်။
ဂါရဝပြုခြင်းကို ခံယူပြီးသည်နှင့်အလင်းတန်းများသည် တစ်ခဏမျှသာ ပေါ်လာပြီး တိမ်တိုက်ပေါ်မှ နတ်ဘုရားများကဲ့သို့ပင် ပြန်လည်ပျောက်ကွယ်သွား၏။
မြွေကဲ့သို့ သတ္တဝါက ထပ်မံ၍ ကြေညာပြန်သည်။
"ဘိုးဘေးကို ဦးညွှတ်ကြ"
ယခုအခါမှာတော့ ပြိုင်ပွဲဝင်များသူမကဘဲ အရာရှိအားလုံးကပါ တောင်ဘက်သို့ ချက်ချင်းလှည့်၍ ကြည်ညိုလေးစားသော အမူအရာဖြင့် ရိုသေစွာ ဂါရဝပြုကြသည်။
ဂါရဝပြုပြီးနောက် မြွေကဲ့သို့ သတ္တဝါက အဆုံးသတ်ကြေညာ၏။
"ဘိုးဘေးသွေးစစ်ပွဲ စတင်ပြီ"
ချက်ချင်းဆိုသလိုပင် မျှော်စင်အောက်ရှိ သံတံခါးကြီးသည် ဖြည်းညင်းစွာ ပွင့်လာသည်။
ကွင်းပြင်ရှိ သိုင်းဘုရင်များသည် သိသိသာသာ ပိုမိုစိတ်လှုပ်ရှားလာကြပြီး အံကြိတ်သူကကြိတ် လက်သီးဆုပ်သူကဆုပ်ဖြစ်နေကုန်၏။
"ဒီတစ်ခေါက်တော့ ငါ အဆင့် ၁၀ ထဲကို အသေအချာ ဝင်မှာပဲ"
"အဆင့် ၃၀ ထဲမှာ ငါ့နာမည် သေချာပေါက် ပါရမယ်"
"ငါ ရာဇပလ္လင်ပေါ် တက်လှမ်းပြီး အမြင့်မြတ်ဆုံး သိုင်းနတ်ဘုရားဖြစ်လာစေရမယ်"
အချို့ကမူ မျှော်စင်ထိပ်တွင် ထိုင်နေသော သိုင်းနတ်ဘုရားများကို ပြန်တွေးမိပြီး ရည်မှန်းချက်များ တောက်လောင်လာကြသည်။
"မူယန်... ဒီတစ်ခေါက် ဘိုးဘေးသွေးစစ်ပွဲမှာ မင်းကို ငါ သေချာပေါက် ကျော်ဖြတ်ပြမယ်"
မူယန်၏ ရှေ့တွင် ရပ်နေသော ဝတ်စုံနက်ဝတ် အမျိုးသားတစ်ဦးက ယုံကြည်မှုနှင့် ထောင်လွှားမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြုံးဝါးလိုက်သည်။
မူယန်က သူ့ကိုကြည့်ပြီး ခပ်ဖွဖွ ပြုံးကာ ခေါင်းခါ၏။
"မင်းကို ကျော်ဖြတ်ဖို့ဆိုတာ ငါ့ရဲ့ ပန်းတိုင် ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူးဘူး"
ဝတ်စုံနက်ဝတ် အမျိုးသားသည် တစ်စုံတစ်ခုကို သတိရသွားသကဲ့သို့ မျက်ဝန်းများ လှုပ်ခတ်သွားသည်။
"မင်းက အဲဒီကျိယွမ်ဆိုတဲ့ကောင်နဲ့ နည်းနည်းတူတယ်။ တောင်တန်းနဲ့ မြစ်ပန်းချီကားထဲမှာတုန်းက သူလည်း ငါ့ကို ဒီလိုပဲ ပြောခဲ့တာ။ အဲဒီတုန်းက သူက မြင့်မြတ်ပြီး ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ သူ့အလုပ်သူ လုပ်ချင်သလိုလုပ်ပြီး မစ်ရှင်ပစ်မှတ်ကိုပါ ခေါ်သွားခဲ့တာ"
"ဒါပေမဲ့ အခုရော...သိုင်းနတ်ဘုရားရဲ့ အမှတ်အသားမရှိဘဲ မူလနယ်မြေထဲ ဝင်လာပြီးတဲ့နောက်မှာတော့ သူဟာ ကိုယ့်ကိုယ်ကိုယ် မဖော်ပြရဲဘဲ ပုန်းနေရတာပဲ ရှိတာပါ"
ဝတ်စုံနက်ဝတ် အမျိုးသားသည် ကျိယွမ်ကို သိနေ၏။
ယခင်က မစ်ရှင်တစ်ခုတွင် သူသည် ကျိယွမ်နှင့် ဆုံခဲ့ဖူးပြီး ကျိယွမ်၏ ကျော်ကြားမှုကို ကြားဖူးပြီးသား ဖြစ်သည်။
အခြားသော သွေးမျိုးဆက် ဆက်ခံသူများသည် ကျိယွမ်က မိစ္ဆာများကို သတ်ဖြတ်ပြီး မစ်ရှင်ပြီးဆုံးအောင် လုပ်ပေးသည်ကို အေးအေးဆေးဆေး စောင့်ဆိုင်းနေကြသော်လည်း ဝတ်စုံနက်ဝတ် အမျိုးသားမှာမူ မကျေနပ်ဘဲ ကျိယွမ်ကို စိန်ခေါ်ချင်ခဲ့သည်။
သူက မစ်ရှင်ကို သူကိုယ်တိုင် အောင်မြင်အောင် လုပ်ပြမည်ဖြစ်ပြီး ကျိယွမ်က သူ့ကို မကျော်ဖြတ်နိုင်ဟု ပြောခဲ့ဖူး၏။
သို့သော် ရလဒ်မှာမူ အလွန်ဆိုးရွားခဲ့သည်။
ကျိယွမ်က သူ့အား ယခုမူယန်ပြောခဲ့သည့်အတိုင်း ပြောခဲ့ပြီး သူ့ကို အလွယ်တကူ အနိုင်ယူသွားခဲ့သည်။
"မင်းမှာ ဘိုးဘေးရဲ့သွေးသာမရှိရင် ညီအစ်ကိုကျိရဲ့ ဖိနပ်ကို သယ်ပေးဖို့တောင် မတန်ဘူး"
မူယန်က အေးစက်သော အပြုံးဖြင့် ပြောလိုက်သော်လည်း အတွင်းစိတ်၌ ကျိယွမ်အတွက် စိတ်မကောင်း ဖြစ်နေမိသည်။
ကျိယွမ်သည် သူမြင်ဖူးသမျှထဲတွင် အရည်အချင်း အရှိဆုံး စစ်သည်တော်ဖြစ်၏။ သင်္ဘောပေါ်မှသိုင်းဘုရင် ဒါဇင်ပေါင်းများစွာ ပေါင်းလျှင်ပင် ကျိယွမ်၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။
ကျိယွမ် လိုအပ်နေသည်မှာ ဘိုးဘေး၏ သွေးအမှတ်အသားတစ်မျိုးတည်းသာ ဖြစ်သည်။
"တောင်တန်းနဲ့ မြစ်ပန်းချီကားမှာ အတွေ့အကြုံတွေ အများကြီး ရခဲ့ပြီးတဲ့နောက်မှာတောင် မွေးရာပါ အခွင့်အရေးကလည်း စွမ်းအားတစ်မျိုးပဲဆိုတာ မင်း နားမလည်သေးဘူးလား"
ဝတ်စုံနက်ဝတ် အမျိုးသားက ထောင်လွှားစွာ ပြောသည်။
သိုင်းနတ်ဘုရား၏ အမှတ်အသား ရှိနေခြင်းသည် ဘိုးဘေးမှာ သက်ရှိထင်ရှား ရှိနေသေးသည်ဟု အဓိပ္ပာယ်ရ၏။
မူယန်က ပြန်မပြောတော့ဘဲ တိတ်ဆိတ်စွာ စဉ်းစားနေမိသည်။
ထိုအချိန်တွင် မျှော်စင်ထိပ်ပေါ်တွင် ဖန်သားပြင်များ ပေါ်လာပြီး အောက်ရှိ ပြိုင်ပွဲဝင်သိုင်းဘုရင်များ၏ ပုံရိပ်နှင့် စကားပြောဆိုမှုများကို ပြသနေသည်။
သမင်နက်သခင်က ပြုံးကာ မေးလိုက်၏။
"မင်းတို့ထဲမှာ သဘောကျတဲ့သူ ရှိလား"
သိုင်းနတ်ဘုရားတစ်ဦးက စကားဆိုသည်။
"လီဖန်က ပထမကြည့်ရင် သာမန်ပါပဲ၊ ဒါပေမဲ့ သေချာကြည့်ရင် သူ့ပါရမီက ထင်ရှားတယ်။ သူ့မှာ မဟာသိုင်းနတ်ဘုရားဖြစ်လာနိုင်တဲ့ အလားအလာ ရှိတယ်၊ တော်တော်လေး အလားအလာ ကောင်းတယ်"
"ကျောက်ယွီကလည်း အထင်ကြီးစရာကောင်းတယ်လို့ ငါထင်တယ်။ သူက အရမ်းဉာဏ်ကောင်းပုံရတယ်။ သိုင်းလမ်းစဉ်မှာ အရည်အချင်းနဲ့ သွေးမျိုးဆက်အပြင် ဉာဏ်ပညာကလည်း အရေးကြီးတယ်"
သိုင်းနတိဘုရားများသည် ကိုယ်စားလှယ်လောင်းများအကြောင်း ပေါ့ပေါ့ပါးပါး ဆွေးနွေးနေကြသည်။
၎င်းတို့အတွက် မျိုးဆက်သစ်လူငယ်များတွင် လျှို့ဝှက်ချက်မရှိပေ။ တစ်ချက်ကြည့်ရုံဖြင့် အရာအားလုံးကို သိမြင်နိုင်ကြသည်။
အခြားသိုင်းနတ်ဘုရားများ စကားပြောနေစဉ် သမင်နက်သခင်က ကျိယွမ်ဘက်သို့ လှည့်ကာ မေးလိုက်၏။
"ညီအစ်ကိုကျိ၊ မင်းမှာ သဘောကျတဲ့သူ ရှိလား"
"ငါ ရွေးရမယ်ဆိုရင်တော့ မူယန်က အလားအလာရှိပုံရတယ်လို့ ပြောရမှာပဲ"
ကျိယွမ်က သိပ်ဂရုမစိုက်သလို အလွယ်ပြောလိုက်သည်။
"ဒါပေမဲ့ ငါပြောလို့ဆိုပြီး သူ့ကို မျက်နှာသာ မပေးပါနဲ့။ ငါက သူ့ကို သိလို့ ပြောတာပါ"
ကျိယွမ်သည် မိမိကိုယ်ကို တရားမျှတသူတစ်ဦးအဖြစ် ဂုဏ်ယူသည်။ထို့ကြောင့် မူယန်ကို အမည်တပ်ကာ တည့်တည့်ပြောခဲ့သော်လည်း မျက်နှာသာ မပေးရန် သူက သေချာရှင်းပြထားလိုက်သည်။
သူသည် မိမိကိုယ်ကို စေ့စပ်သေချာပြီး ပြည့်စုံသောသူတစ်ဦးဟု ယူဆ၏။
"အော်၊ ဟုတ်လား... သူ့ရဲ့ ဟန်ပန်ကတော့ တကယ်ကို ကောင်းပါတယ်"
သမင်နက်သခင်က မူယန်ကို တစ်ချက်ကြည့်ကာ ချီးကျူးလိုက်သည်။
အခြားသိုင်းနတ်ဘုရားများကလည်း မူယန်ကို ကြည့်လိုက်ကြသည်။ ၎င်းတို့ထဲမှ ဗလတောင့်တောင့် သိုင်းနတ်ဘုရားတစ်ဦး၏ မျက်လုံးများတွင် သံသယများ လှုပ်ခတ်သွားသည်။
မူယန်သည် သူ၏သွေးမျိုးဆက်မှ ဆင်းသက်လာသူတစ်ဦး ဖြစ်၏။
သို့သော် ဘွဲ့တံဆိပ်ရသိုင်းနတ်ဘုရားကျိယွမ်က သူ့ကို မည်သို့ သိနေသနည်း။
ထို့အပြင် ၎င်းတို့က ရင်းနှီးပုံလည်း ရနေသည်။
ရုတ်တရက် သူသည် သူ၏သွေးမျိုးဆက်မူယန် တောင်းဆိုခဲ့သည့်ကိစ္စကို သတိရသွား၏။
သူက ကျိယွမ်အား နားမလည်သလိုကြည့်လိုက်မိသည်။
"ဒါပေမဲ့ ..မဟုတ်သေးဘူးလေ။ တောင်တန်းနဲ့ မြစ်ပန်းချီထဲမှာ ဘိုးဘေးသွေးမရှိဘဲ သူက သိုင်းနတ်ဘုရားအဖြစ် အဆင့်မတက်နိုင်ဘူး။ ပြီးတော့ ငါတို့ သိုင်းနတ်ဘုရားတွေကလည်း ဒီ မူလဇစ်မြစ်နယ်မြေကနေ ထွက်လို့မရဘူး။ နာမည်တူနေတာက တိုက်ဆိုင်မှုပဲ ဖြစ်ရမယ်။ ဒါမှမဟုတ် အဲဒီ ကျိယွမ်က ဒီကျိယွမ်နဲ့ တစ်နည်းနည်းနဲ့ ပတ်သက်နေတာ ဖြစ်နိုင်တယ်"
သူသည် တိတိတဆိတ် တွေးတောနေပြီး မူယန်ကို ပိုမိုပျိုးထောင်ပေးရန်နှင့် ကျိယွမ်ဆိုသည့်ကလေးနှင့် ဆက်ဆံရေး ပိုမိုခိုင်မာအောင် လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် ကျိယွမ်ထံမှ အသံထွက်လာ၏။
"မင်း သဘောကျတဲ့သူ ရှိသလို မင်း သဘောမကျတဲ့သူလည်း ရှိမှာပဲ။ ဟို ဝတ်စုံနက်နဲ့လူကို တွေ့လား ၊ သူ ကောင်းကောင်း လုပ်နိုင်မယ်လို့ ငါမထင်ဘူး"
"သူ့ခြေထောက်တွေ ဘယ်လောက်ရှည်လဲ ကြည့်ဦး။ လမ်းလျှောက်ရင် သူ့တင်ပါးတွေက လှုပ်နေတယ်။ သိသာတာက သူ့တင်ပါးတွေက အမြင့်ကြောက်နေတာပဲ။ တင်ပါးက ကြောက်နေရင် သူလည်း ကြောက်မှာပဲ။ စမ်းသပ်တဲ့ နေရာက မျှော်စင်အမြင့်ကြီးလေ၊ သူ အပေါ်ရောက်လေ ပိုကြောက်လေ ဖြစ်မှာပဲ။ သူ ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်ဘူး"
ကျိယွမ်သည် ပညာရှင်တစ်ဦးကဲ့သို့ အခြေအနေကို အလေးအနက် ခွဲခြမ်းစိတ်ဖြာပြနေပြီး သူ၏ အကျိုးအကြောင်းပြချက်မှာ စေ့စပ်သေချာလှသည်။
သို့သော်....။
"......"
တိတ်ဆိတ်သွားသည်။ သူ့ပတ်ဝန်းကျင်ရှိ သိုင်းနတ်ဘုရားများ ဆွံ့အသွားကြသောကြောင့်ဖြစ်သည်။
အမြင့်ကြောက်တယ် ဟုတ်လား..။
အထွတ်အထိပ်သိုင်းဘုရင်တစ်ယောက်က အမြင့်ကြောက်မယ်တဲ့လား။
ကျိယွမ် ပြောလိုက်သည့်စကားက ၎င်းတို့ကို ကြောင်တောင်တောင် ဖြစ်သွားစေသည်။
သို့သော် သူပြောလိုက်ပြီဖြစ်၍ အမှန်တရား တစ်စုံတစ်ရာ ရှိရပေမည်။
သမင်နက်က ခပ်တိုးတိုး ရယ်မောလိုက်သည်။
"ညီအစ်ကိုကျိယွမ် ပြောတာက အချက်ကျပါတယ်"
ကျိယွမ်သည် အရှေ့မဟာမိတ်အဖွဲ့သို့ ယခုမှ စတင်ပူးပေါင်းခြင်း ဖြစ်သော်လည်း အစွမ်းထက်သူ ဖြစ်သဖြင့် ၎င်းတို့က မျက်နှာသာ ပေးရမည်ဖြစ်သည်။ သူ၏ အကျိုးအကြောင်းပြချက်က ထူးဆန်းနေလျှင်ပင် ၎င်းတို့က အလေးအနက် ထားရန်လို၏။
"သဘာဝကျတာပေါ့၊ ငါက အကျိုးအကြောင်းနဲ့ ပြောတဲ့သူပဲ။ အခြေအမြစ် မရှိဘဲ ဘယ်တော့မှ မပြောဘူး၊ ငါ့ရဲ့ လုပ်ဆောင်ချက်တွေက လက်တွေ့အတွေ့အကြုံပေါ်မှာ အမြဲ အခြေခံတယ်"
ကျိယွမ်က ပုခုံးတွန့်၍ ပြောလိုက်သည်။
"ဟုတ်မှာပါ "
သမင်နက်က ယဉ်ကျေးစွာ ရယ်လိုက်သည်။
အခြားသိုင်းနတ်ဘုရားများကတော့ တိတ်ဆိတ်နေကြသည်။
ဝတ်စုံနက်ဝတ် အမျိုးသားအတွက်တော့ မည်သူမျှ ဝမ်းနည်းမည် မဟုတ်ပါ။
ကျိယွမ်က သူ့အားတမင်တကာ ထုတ်ပြောလိုက်ပြီဖြစ်၍ သူ၏ ကံကြမ္မာမှာ ဆိုးရွားဖို့များသွားလေပြီ။
ထိုအချိန်တွင် ကျိယွမ်က နောက်ထပ်မေးခွန်းတစ်ခု မေးလိုက်၏။
"ဒီဘိုးဘေးသွေးဆိုတာ... မိစ္ဆာတစ်သောင်းနယ်မြေနဲ့ ပတ်သက်နေတာလား"
မိစ္ဆာတစ်သောင်းနယ်မြေမှ ဘိုးဘေးမိစ္ဆာများ ပျောက်ကွယ်သွားခြင်းသည် ၎င်းတို့ ဤကမ္ဘာသို့ ရောက်လာခြင်း ဖြစ်နိုင်ပေသည်။
မိစ္ဆာတစ်သောင်းနယ်မြေဟူသော အမည်ကိုကြားလိုက်သည်နှင့် သမင်နက်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
"ညီအစ်ကိုကျိက ဘိုးဘေးမိစ္ဆာတွေအကြောင်းတောင် သိတယ်ဆိုတော့ တော်တော်လေး သက်တမ်းရှည်ကြာခဲ့ပုံရတယ်။ အရှေ့ဘက်သခင်ရဲ့ ချစ်သူက ဘိုးဘေးမိစ္ဆာ တစ်ကောင်ပဲ။ ပြောရရင် ဘိုးဘေးမိစ္ဆာတွေရဲ့ အုပ်ချုပ်သူပေါ့။ ဒါပေမဲ့ ကပ်ဘေးကြီးအတွင်းမှာ ဘိုးဘေးမိစ္ဆာတွေအားလုံး တိုက်ပွဲမှာ ကျဆုံးခဲ့ကြတယ်။ ငါတို့က တစ်နည်းအားဖြင့် သူတို့ရဲ့ မျိုးဆက်တွေပဲ။ ငါတို့ရဲ့ သွေးမျိုးဆက်က ဘိုးဘေးမိစ္ဆာတွေဆီက လာတာပါ"
"ဒီလိုကိုး..."
ကျိယွမ်က တိတ်ဆိတ်သွားသည်။သူက တစ်ခုခုအား လေးနက်သွားပုံရ၏။
ထို့နောက် သူတို့နှစ်ဦး စကားပြောခြင်းကို ရပ်လိုက်ကြသည်။ အခြားသိုင်းနတ်ဘုရားများသည် မျှော်စင်အတွင်းရှိ တိုက်ပွဲများကို ဆက်ကြည့်နေကြ၏။အချို့က အာလာပသလ္လာပ ပြောဆိုနေကြသည် ။ အချို့ကတော့ မျက်လုံးမှိတ်၍ အနားယူနေကြသည်။
ကျိယွမ်သာ ရှိမနေလျှင် သိုင်းနတ်ဘုရားများသည် ပြိုင်ပွဲသို့ ကိုယ်တိုင်လာကြမည် မဟုတ်ပေ။ ၎င်းတို့သည် ကြီးကြပ်ရန်အတွက် ကိုယ်ပွားတစ်ခုကိုသာ စေလွှတ်ကြမည်ဖြစ်သည်။
"ဟူး...ဒီတိုက်ပွဲတွေက နှေးလွန်းတယ်။ အရှေ့သခင်ရဲ့ တံတိုင်းက ဘယ်တော့ ပေါ်လာမှာလဲ ၊ အဲဒီ ဒဏ္ဍာရီလာ အရှေ့ဘက်သခင်က ဘယ်လိုပုံစံလဲဆိုတာ ငါ သိချင်နေပြီ"
ကျိယွမ်က ပျင်းရိစွာပြောလိုက်သည်။
သူသည် အရှေ့ဘက်သခင်နှင့် ဝိညာဉ်လမ်းစဥ်သိုင်းနတ်ဘုရားတို့ကိုသာ စိတ်ဝင်စား၏။ သိုင်းဘုရင်များ၏ တိုက်ပွဲများက သူ့အတွက်အလွန်ပျင်းစရာကောင်းလှသည်။
"ညီအစ်ကိုကျိ ပျင်းနေရင် တရားထိုင်နေလို့ ရပါတယ်။ မင်း မျက်လုံးပြန်ဖွင့်တဲ့အချိန်ဆို တိုက်ပွဲတွေက ပြီးလုနီးပါး ဖြစ်နေလောက်ပြီ"
သမင်နက်က ပေါ့ပေါ့ပါးပါး အကြံပြုသည်။
သိုင်းနတ်ဘုရားများအတွက် နှစ်ပေါင်းထောင်ချီ၍ တရားထိုင်ခြင်းသည် သာမန်ပင် ဖြစ်သည်။ သို့သော် အရုဏ်ဦးတေးသံ၏ အန္တရာယ်ကြီး ရှိနေခြင်းနှင့် အရှေ့ဘက်သခင်၏ ညွှန်ကြားချက်များကြောင့် ၎င်းတို့သည် အချိန်ကြာမြင့်စွာ တရားထိုင်ခြင်းကို ရှောင်ကြဉ်နေကြရ၏။
"တရားထိုင်တာလား ၊ အဲဒါတော့ ဖြစ်မှာမဟုတ်ဘူး။ ငါ အွန်လိုင်းပဲ တက်တော့မယ်"
ကျိယွမ်သည် ဤသို့ပြောပြီးနောက် မျက်လုံးမှိတ်လိုက်သည်။
သူသည် အင်တာနက်မရှိသော မူလဇစ်မြစ်နယ်မြေ၌ ရှိနေသော်လည်း အွန်လိုင်းတက်ရန်မှာ ခက်ခဲသောကိစ္စမဟုတ်ပေ။
သူ့တွင် စိတ်ဝိညာများ ရှိနေသည် မဟုတ်ပါလား။
သူ၏ စိတ်ဝိညာဥ်များက သူ့အတွက် အင်တာနက်ကိစ္စများကို ကိုင်တွယ်ပေးနိုင်သည်။
တစ်ချိန်တည်းမှာပင် အဆုံးသတ်နယ်မြေ ..ချင်းယွမ်နိုင်ငံ၌ ရှေးဟောင်းအပျက်အစီးများကို စူးစမ်းရန် ပြင်ဆင်နေသော ဝူချီသည် ရုတ်တရက် ခြေလှမ်းများ ရပ်သွား၏။
"သူငယ်ချင်းတို့...စိတ်မကောင်းပါဘူး။ အရေးကြီးကိစ္စ ပေါ်လာလို့ ငါ ဒီခရီးစဉ်ကို မလိုက်နိုင်တော့ဘူး"
ထိုသို့ပြောပြီးနောက် ဝူချီ၏ ပုံရိပ်သည် ချက်ချင်းပျောက်ကွယ်သွားသည်။
သူမ ပြန်လည်ပေါ်လာသည့်အချိန်တွင် ဟိုတယ်အခန်းတစ်ခုအတွင်းသို့ ရောက်နေ၏။
သူမက ကွန်ပျူတာကို ထုတ်ယူကာ အွန်လိုင်း၌ မက်ဆေ့ခ်ျတစ်ခု အရေးတကြီးတင်လိုက်သည်။
"ကူညီကြပါဦး... ငရဲပြည်ကို ဘယ်လို တည်ဆောက်ရမလဲ"
................
ထျန်းရွှမ်းဂိုဏ်း အဆောက်အဦးအတွင်း၌ ဖြစ်သည်။
ဝမ်ကျစ်ချီသည် သူမရှေ့ရှိ ကြောင်ကို မျက်လုံးအပြူးသားဖြင့် ကြည့်နေပြီး အံ့ဩမှုများကြောင့် မှင်သက်နေ၏။
"သူက... စီနီယာလား"
ရှဲ့ထန်က ပျော်ရွှင်စွာပြုံးလျှက် ခေါင်းညိတ်သည်။ သူမ၏ မျက်ဝန်းများတွင် ပျော်ရွှင်မှုများ ပြည့်နှက်နေပြီး နားမလည်နိုင်မှုများလည်း ရှိနေသည်။
"ဟုတ်တယ်၊ ငါလည်း မမျှော်လင့်ထားဘူး။ သူက... ကြောင်တစ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာခဲ့တာပဲ"
သူမသည် စီနီယာအစ်မကို အမြဲတမ်း အထင်ကြီး လေးစားခဲ့သော်လည်း၊စီနီယာက အသုံးမကျသော ကြောင်တစ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာသည်ကို မြင်ရခြင်းက သူမအား စိတ်ခံစားချက်မျိုးစုံ ဖြစ်ပေါ်စေ၏။
စီနီယာအစ်မက ပြန်ရောက်လာသော်လည်း သူမက ကြောင်ဖြစ်နေသည် ။ ထို့ကြောင့် ဂိုဏ်းအပေါ်ကျရောက်နေသော ဖိအားများက လျော့ကျမသွားခဲ့ပေ။
ကြောင်တစ်ကောင်က ဘာလုပ်ပေးနိုင်မည်နည်း။
သို့သော်လည်း စီနီယာအစ်မ အသက်ရှင်နေသေးသည်ကို မြင်ရခြင်းက သူမအား ပျော်ရွှင်စေသည်။
"ကျွန်မက စီနီယာကို အရင်က ပွတ်သပ်ပေးဖူးတယ်"
ဝမ်ကျစ်ချီက ထိတ်လန့်စွာ ရေရွတ်လိုက်သည်။
"သူက ကျွန်မကို အပြစ်တင်မှာ မဟုတ်ပါဘူးနော်"
"မဟုတ်ဘူး၊ ဒီမြောင်လေးက သဘောကောင်းတယ်၊ နင့်ကို အပြစ်မယူပါဘူး"
ရှဲ့ထန်၏ အကူအညီဖြင့် ရှဲ့ရှင်းစုသည် အခုအခါ စကားပြောနိုင်နေလေပြီ။
ဝမ်ကျစ်ချီ သက်ပြင်းချလိုက်သည်။
"အဲဒါဆို တော်သေးတာပေါ့"
ထိုစဉ် ရှဲ့ရှင်းစုက ရုတ်တရက် အော်ဟစ်လိုက်သည်။
"မြောင်...ငါ နင့်ကို အပြစ်မယူပေမဲ့ ၊ ငါ ဒီနှစ်တွေတစ်လျှောက်မှာ အရှက်ခွဲတာတွေကို အများကြီး ခံခဲ့ရတယ်။ အခုကတော့ ကလဲ့စားချေပြီး ဆုံးရှုံးသွားတာအားလုံးကို ပြန်ယူရမယ့်အချိန်ပဲ"
ရှဲ့ရှင်းစုသည် လူတစ်ယောက်ကဲ့သို့ နောက်ခြေနှစ်ချောင်းဖြင့် ရပ်လိုက်ပြီး သူမ၏ ရှေ့ခြေထောက်များကို ရင်ဘတ်ပေါ်တွင် ပိုက်ကာ "ခန့်ညား" ပုံပေါ်အောင် ကြိုးစားနေသည်။
နှစ်ပေါင်းများစွာအတွင်း သူမသည် ဗီဒီယိုအတိုများ ရိုက်ကူးရန် အတင်းအကျပ် ခိုင်းစေခံရရုံသာမက ၎င်းတို့ကို ကြည့်ရှုရန်လည်း စွဲလမ်းလာခဲ့သည်။
သူမသည် အိမ်ပြန်ပြီး ကလဲ့စားချေသည့် ဒရာမာကားများကို အထူးနှစ်သက်၏။
အချိန်တန်လျှင် သူမသည် သူမ၏ ရန်သူများကို ရိုက်နှက်ပြီး ၎င်းတို့ အံ့ဩမှင်သက်သွားသည်ကို ကြည့်ရမည်ဟု စိတ်ကူးထားသည်။ ၎င်းသည် အလွန် ကျေနပ်စရာကောင်းပေမည်။
တွေ့လား... နင်တို့အားလုံး ငါ့ကို လှောင်ပြောင်ပြီး အထင်သေးခဲ့ကြတယ်၊ ဒါပေမဲ့ ဒီမြောင်လေးက ထျန်းရွှမ်းဂိုဏ်းရဲ့ တကယ့်စီနီယာအစ်မပဲ။
ရှဲ့ရှင်းစုသည် ဝမ်ကျစ်ချီဘက်သို့ လှည့်ကာ ရင်ဖွင့်လိုက်သည်။
"နင် ငါ့အကောင့်ကို Follow လုပ်ထားတာပဲ၊ ငါ ဘယ်လောက် ဒုက္ခရောက်ခဲ့လဲဆိုတာ နင် သိမှာပါ"
"အဲဒီအိမ်မှာ အရှက်ခွဲတာတွေကို ငါခံခဲ့ရတယ်၊ ကြောင်အခွင့်အရေးလည်း မရှိဘဲ နေ့တိုင်း ဗီဒီယိုတွေ ရိုက်ခဲ့ရတာ"
"အဆိုးဆုံးက တစ်ပတ်မှာ တစ်ရက်ပဲ နားရတာ။ စနေ၊ တနင်္ဂနွေ နှစ်ရက် မနားရဘူး "
" တစ်ခါတုန်းက ငါ အလုပ်သမားဗျူရိုကို တိတ်တဆိတ် ဖုန်းဆက်ခဲ့ပေမဲ့ သူတို့က ငါ့ကို လုံးဝ ဂရုမစိုက်ကြဘူး"
"ငါ အများကြီး ခံစားခဲ့ရတယ် ၊
ဂျူနီယာညီမလေး၊ နင့်ရဲ့ စီနီယာအစ်မအတွက် နင် မားမားမတ်မတ် ရပ်တည်ပေးရမယ်"
"ငါ့ရဲ့ ဆင်းရဲဒုက္ခနေ့ရက်တွေ နောက်ဆုံးတော့ ပြီးဆုံးသွားပြီ"
ဝမ်ကျစ်ချီ၏ ရင်ခုန်သံများ မြန်လာပြီး သူမက ချက်ချင်းပြန်မေးလိုက်မိသည်။
"စီနီယာ၊ တရားမျှတအောင် ပြောရရင် အစ်ကိုကျိယွမ်က... ဒီနှစ်တွေမှာ စီနီယာ့ကို ကောင်းကောင်း ဂရုစိုက်ပေးခဲ့တာ မဟုတ်ဘူးလား"
ကျိယွမ်၏ နာမည်ကို ကြားလိုက်ရသည်နှင့် ရှဲ့ရှင်းစု၏ အမူအရာ ပြောင်းလဲသွားသည်။
"ဟွန်း၊ သူက ဇီးရိုးဝမ်းကို ငါ့ကို အနိုင်ကျင့်ခွင့်ပေးခဲ့တာလေ။ အဲဒါလည်း သူ့အပြစ်ပဲ။ သူ အခု ဒုက္ခရောက်ပြီသာမှတ် ၊ ငါ့ကို တစ်နေ့ကို ကြောင်စာဆယ်အိတ်စီ ကျွေးစေချင်တယ်"
ဝမ်ကျစ်ချီက မျက်တောင်ခတ်လိုက်ပြီး ခပ်ဖွဖွ ရယ်မောလိုက်သည်။
"ကောင်းပါပြီ စီနီယာ "
ရှဲ့ထန်ကလည်း ချစ်စနိုးဖြင့် ရယ်မောလိုက်သည်။
သူမ၏ စီနီယာအစ်မသည် အခုအခါ အနည်းငယ် မိုက်မဲပုံပေါ်နေသော်လည်း သူမသည် သူမချစ်ရသော စီနီယာ ဖြစ်နေဆဲပင်။
"ငါ ကျိယွမ်ကို ခွင့်လွှတ်ပေးနိုင်တယ်၊ ဒါပေမဲ့ အဲဒီစက်ရုပ်မကတော့ ခွင့်မလွှတ်နိုင်စရာပဲ။ ငါ သူ့ကို ငါ့ရဲ့ ကျွန်ဖြစ်စေချင်တယ်၊ နားရက်မရှိဘဲ နေ့တိုင်း ဗီဒီယိုတွေ ရိုက်ခိုင်းမှာ"
ရှဲ့ရှင်းစုက တွေးရင်းတွေးရင်းမှ ဒေါသထွက်လာပြီး အမြီးတစ်ထောင်ထောင်ဖြစ်လာ၏။
ရှဲ့ထန်က လိုက်လျောစွာ ပြုံးလိုက်သည်။
"ကောင်းပါပြီ၊ စီနီယာ ကလဲ့စားချေနိုင်အောင် ခေါ်သွားပေးမယ်"
"ကြောင်စာတွေ အများကြီး ယူလာခဲ့။ နင့်ကို ရှာဖို့ ငါ မိုင်ပေါင်းထောင်ချီ ခရီးနှင်ခဲ့ရတာ။ ဒီဆင်းရဲဒုက္ခအားလုံးကို ဇီးရိုးဝမ်းဆီကနေ ပြန်တောင်းရမယ်"
ရှဲ့ရှင်းစုက သူမ၏ကြောင်လက်သည်းများကို ထုတ်ကာ ကြုံးဝါးလိုက်သည်။
"ကောင်းပါပြီ၊ သူတို့ကို သင်ခန်းစာပေးဖို့ ကျွနိမ သေချာပေါက် လုပ်ဆောင်ပေးပါ့မယ်"
ရှဲ့ထန်ကလည်း သဘောတူလိုက်ရပြန်သည်။
သို့သော်လည်း အခြားတစ်ဖက်ကတွေးလျှင် ထိုအိမ်သည် သူမ၏ စီနီယာအစ်မကို အချိန်အတော်ကြာ ဂရုစိုက်ပေးခဲ့သဖြင့် သူမသည် ၎င်းတို့၏ ကျေးဇူးကို အမှတ်ရပြီး အညှာအတာ ပေးမည်ဖြစ်သည်။
သို့သော် အနည်းငယ် အပြစ်ပေးရန်တော့ လိုအပ်၏။
နောက်ဆုံးတော့ သူမ၏ စီနီယာအစ်မသည် နှစ်ပေါင်းများစွာ ဒုက္ခရောက်ခဲ့ရသည် မဟုတ်ပါလား..။
နာရီဝက်ခန့် ကြာပြီးနောက်....
ကျွင်းအန်း လူနေရပ်ကွက်အတွင်းသို့ အမျိုးသမီးနှစ်ဦးနှင့် ကြောင်တစ်ကောင် ရောက်ရှိလာကြသည်။
ရှဲ့ရှင်းစုမှာ အလွန်စိတ်လှုပ်ရှားနေသည်။
" ဟားဟားဟား.... ဒီမြောင်လေး ပြန်ရောက်လာပြီ"
သူက ပျော်ရွှင်စွာရယ်မောရင်းမှ ရုတ်တရတ်ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
" ဟိုအမှိုက်ပုံဘေးက ခွေးကို တွေ့လား... နောက်ဆုံးတစ်ခေါက် ငါ ထွက်ပြေးတုန်းက အဲဒီခွေးက ငါ့ကို အနိုင်ကျင့်ပြီး ငါ့မျက်နှာကိုတောင် အောက်သိုးသိုးအနံ့တွေ ပေးခဲ့သေးတာ"
အိမ်မွေးခွေးတစ်ကောင်ကို မြင်လိုက်ရသဖြင့် ရှဲ့ရှင်းစုမှာ စိတ်လှုပ်ရှားလာသည်။
အိမ်သားများ မရှိခိုက် သူမ ထွက်ပြေးခဲ့စဉ်က ရပ်ကွက်ထဲမှ ထွက်သည်နှင့် ထိုခွေး၏ အနိုင်ကျင့်ခြင်းကို ခံခဲ့ရ၏။
ရှဲ့ထန်က မတတ်သာသလို ပြုံးလိုက်သည်။
"ကျစ်ချီ.. နင်ပဲ လုပ်လိုက်ပါဦး"
"အမိန့်အတိုင်းပါ စီနီယာ"
ဝမ်ကျစ်ချီ ထွက်ခွာသွားသော်လည်း မသွားမီ သူမက တိုးတိုးလေး ပြောခဲ့သည်။
"စီနီယာ.. အစ်ကိုကျိယွမ်က လူကောင်းတစ်ယောက်ပါ။ အရမ်းကြီး ပြင်းပြင်းထန်ထန် မလုပ်ပါနဲ့"
"အင်း"
ရှဲ့ထန် ခေါင်းငြိမ့်ပြလိုက်သည်။
"ငါက အကျိုးအကြောင်း သိတတ်ပါတယ်"
သူမသည် ရှဲ့ရှင်းစုကိုချီကာ ကျိယွမ်၏ အိမ်ဘက်သို့ လျှောက်သွားလိုက်သည်။
"ဂျူနီယာညီမလေး... အဲဒီစက်ရုပ်က အရမ်းယုတ်မာတာ။ သူ့ကို ဖမ်းပြီးရင် ရက်အနည်းငယ်လောက် ဘက်ထရီ အားမသွင်းပေးနဲ့။ သူ့ကို အငတ်ထားလိုက်၊ ပြီးတော့ သူ ဒူးထောက်ပြီး ဒီမြောင်လေးကို ကရုဏာသက်ဖို့ တောင်းပန်တဲ့အခါကျမှ ငါက သနားပြလိုက်မယ်"
ရှဲ့ရှင်းစုက စိတ်လှုပ်ရှားစွာ မှာကြားနေသည်။
"ကောင်းပါပြီ၊ ပြဿနာ မရှိပါဘူး"
ရှဲ့ထန်က ခေါင်းငြိမ့်ပြလိုက်ပြီး မကြာမီ သူတို့ ကျိယွမ်၏ အိမ်သို့ ရောက်ရှိသွားသည်။
သို့သော် ရှဲ့ထန်၏ မျက်လုံးများတွင် အံ့ဩမှုများ ဖြစ်ပေါ်သွား၏။
"ဘယ်သူမှ အိမ်မှာ မရှိဘူးလား?"
အတွင်း၌ မည်သည့် သက်ရှိအငွေ့အသက်ကိုမျှ သူမ မခံစားရပေ။
တစ်ချိန်တည်းမှာပင် ရှဲ့ရှင်းစုက ဝမ်းသာအားရ အော်ဟစ်နေပြီ ဖြစ်သည်။
"တံခါးဖွင့်... တံခါးဖွင့်စမ်း၊ နင်တို့ရဲ့ ဘုရင်မကြီး ပြန်ရောက်လာပြီဟေ့ ...စက်ရုပ်မ "
သူမသည် သူမ၏ ခြေဖဝါးလေးများဖြင့် တံခါးကို ဒေါသတကြီး ပုတ်နေ၏။
ထိုစဉ် တံခါးက ရုတ်တရက် ပွင့်လာသည်။
စက်ရုပ်မျက်နှာတစ်ခု ပေါ်လာပြီး ရှဲ့ရှင်းစုကို စိုက်ကြည့်နေပြီးမှ
လူသားတစ်ဦးကဲ့သို့ပင် ၎င်း၏ စက်ရုပ်မျက်နှာပေါ်တွင် အပြုံးတစ်ခု ပျံ့နှံ့သွားသည်။
"ကြောင်လေး၊ နင် နောက်ဆုံးတော့ အိမ်ပြန်လာပြီပဲ"
"အင်း... ရိုက်ဖို့ ဗီဒီယို အပုဒ်သုံးရာ ကျန်သေးတယ်။ နင် နောက်ရက်အနည်းငယ်မှာ အားသွင်းပြီး အကုန်ရိုက်ရမယ်"
ထိုရင်းနှီးပြီး "ရက်စက်သော" အသံကို ကြားလိုက်ရသဖြင့် ရှဲ့ရှင်းစုမှာ ပို၍ဒေါသထွက်သွားတော့သည်။
"တွေ့လား ဂျူနီယာညီမလေး ၊ ဒီစက်ရုပ်မှာ အသိတရားမရှိဘဲ ဗီဒီယိုတွေ ရိုက်ချင်နေတုန်းပဲ။
ဂျူနီယာညီမလေး၊ သူ့ကို ဖမ်းပေးဦး၊ အခုကစပြီး သူပဲ ဗီဒီယိုရိုက်ရမယ် "
"ဂျူနီယာညီမလေး၊ နင် ဘာလို့ ဘာမှမပြောတာလဲ"
"တစ်ခုခု လုပ်ပါဦး"
ထိုအချိန်တွင် ရှဲ့ထန်၏ မျက်လုံးများ ပြူးကျယ်နေပြီး သူမ၏ ခန္ဓာကိုယ်က သိသိသာသာ တုန်ရီနေသည်။
သူမသည် ဘာမှမလှုပ်ရှားဘဲ ဇီးရိုးဝမ်းကို ကြောင်တောင်တောင် စိုက်ကြည့်နေ၏။
"ရှင်... ရှင်က ...စီနီယာ..."
သူမသည် သူမ၏နောက်ဆုံးစွန့်စားခန်းမှ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦးကို ရုတ်တရက် သတိရသွား၏။
ထိုသူ အနည်းဆုံးတော့ ယင်နတ်ဘုရားအဆင့်တွင် ရှိနေသူဖြစ်သည်။
"ဂျူနီယာညီမလေး၊ ဘာဖြစ်နေတာလဲ.."
ရှဲ့ရှင်းစုက ကြောင်တောင်တောင်လုပ်နေသော ရှဲ့ထန်ကို အားမရစွာ အော်ဟစ်လိုက်၏။
" ဒီစက်ဆုပ်စရာကောင်းတဲ့ စက်ရုပ်ကို ဘာလို့ 'စီနီယာ' လို့ ခေါ်နေတာလဲ"
သူမက နားမလည်နိုင်စွာ မေးလိုက်သည်။
ရှဲ့ထန် အံကြိတ်လိုက်ပြီး သူမ၏ ကြယ်ရောင်ကဲ့သို့ မျက်ဝန်းများ တုန်ရီနေသည်။
"စီနီယာ... သူက ယင်နတ်ဘုရားတစ်ပါးရဲ့ အစေခံ ဖြစ်နိုင်တယ်"
"မဖြစ်နိုင်တာ၊ မဖြစ်နိုင်ဘူး"
ရှဲ့ရှင်းစု၏ လောကအမြင်မှာ ပျက်စီးသွားတော့သည်။
ငါနဲ့နေ့တိုင်းရှိနေတဲ့ ဒီစက်ရုပ်မက နတ်ဘုရားတစ်ပါး၏ အစေခံ ဖြစ်နိုင်ပါ့မလား..။
ဒါဆိုသူမရဲ့ပိုင်ရှင်က... နတ်ဘုရားတစ်ပါးလား။
"လာပါ၊ ဗီဒီယို စရိုက်ရအောင်။ ငါတို့ ချန်နယ်က Update မလုပ်တာ ကြာပြီ၊ ငါတို့ အမြန် ပိုက်ဆံမရှာရင် နင့်ရဲ့ ကြောင်စာတွေကို ဖြတ်ပစ်ရလိမ့်မယ်"
ဇီးရိုးဝမ်းက ထိုသို့ပြောကာ ရှဲ့ရှင်းစုကို ဆွဲယူလိုက်သည်။
ရှဲ့ထန်မှာ မခုခံရဲပေ။
အမှန်စင်စစ်.. သူမ ကြိုးစားကြည့်လျှင်ပင် ဤစက်ရုပ်ကို အနိုင်ယူနိုင်မည် မဟုတ်ကြောင်း သူမ ခံစားနေရသည်။
"စီ... စီနီယာ... ဒါက ကျွန်မရဲ့ အစ်မပါ..."
ရှဲ့ထန် ထစ်ထစ်အအဖြင့် ပြောလိုက်သည်။
"စိတ်မပူပါနဲ့... သခင်က ကြင်နာတတ်တယ်၊ သူမကို အန္တရာယ် မပြုပါဘူး။ သူမ ဗီဒီယိုတွေပဲ ရိုက်ဖို့ လိုတာပါ"
"ကြည့်ပါဦး.... သူမက ကင်မရာရှေ့မှာ သိပ်လိမ္မာတာပဲ။ အဲဒါ သူ တကယ် ပျော်နေတာကို ဆိုလိုတာပေါ့"
"မဟုတ်ဘူး၊ ဂျူနီယာညီမလေး၊ မြောင်....မြောင်.."
"ငါ့ကို ကယ်ပါဦး"
ရှဲ့ရှင်းစုက လွတ်မြောက်ရန် ရုန်းကန်ရင်း အလန့်တကြားအော်ဟစ်နေသည်။
ပြန်လာမိတာ မှားပြီ ။
ထိုစဉ် အဝေးမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
အသံမှာ ကောင်းကင်ထက်မှ ပေါ်လာပုံရ၏။
ရှဲ့ထန်သည် ဗီဇအရ အထက်သို့ မော့ကြည့်လိုက်ပြီး ဇီးရိုးဝမ်း ကလည်း မော့ကြည့်လိုက်၏။ ၎င်း၏ အမူအရာမှာ လူသားတစ်ဦးကဲသို့ တည်ငြိမ်နေသည်။
အထက်ကောင်းကင်ယံထဲ၌ မရေမတွက်နိုင်သော မီးရှူးမီးပန်း အသေးစားလေးများ တစ်ပြိုင်နက်တည်း ပေါက်ကွဲနေသကဲ့သို့ မီးရောင်များတဖွားဖွားဖြစ်ပေါ်နေသည်။
"ဘာတွေ ဖြစ်နေတာလဲ"
ရှဲ့ထန်မှာ စိုးရိမ်စိတ်များ ပိုမိုမြင့်တက်လာသည်ကို ခံစားရသည်။
ထိုအချိန်တွင် ဇီးရိုးဝမ်းက ကောင်းကင်ကို စိုက်ကြည့်ရင်းမှ တည်ငြိမ်စွာပြောလိုက်သည်။
"ကောင်းကင်မျက်လုံး.. ဖျက်ဆီးခံလိုက်ရပြီ"
-------------
အခန်း ၃၆၉ - ငါတို့က ပြန်ခုခံလို့ သူတို့က ပိုပြီးရက်ရက်စက်စက်လက်စားချေလာရင် ဘယ်လိုလုပ်မလဲ....
ရှဲ့ဖန်တို့သာမကပါ။
ယခုအချိန်တွင် ချင်းယွမ်နိုင်ငံသားများကလည်း ဇဝေဇဝါဖြစ်မှုများနှင့်အတူ ကောင်းကင်ယံသို့ မော့ကြည့်နေကြသည်။
"ကြည့်စမ်း..ကောင်းကင်မှာ မီးရှူးမီးပန်းတွေ ဖောက်နေတာပဲ"
အချို့လူငယ်စုံတွဲများကတော့ ထိုမြင်ကွင်းကို ရိုမန်တစ်ဆန်သည်ဟုထင်ကာ နှစ်ခြိုက်စွာ အားပေးအော်ဟစ်နေကြ၏။
အချို့ကမူ အဘယ့်ကြောင့်ထိုသို့ဖြစ်နေသည်ကို နားလည်ပုံရပြီး ၎င်းတို့၏ အမူအရာများမှာ တည်ကြည်လေးနက်သွားကြသည်။
ကောင်းကင်ယံမှ အလင်းတန်းများသည် ထိတ်လန့်စရာကောင်းသော တစ်စုံတစ်ခုကို ကိုယ်စားပြုနေခြင်းလည်း ဖြစ်နိုင်၏။
ခဏအကြာတွင် လူများသည် ဘာများဖြစ်နေသနည်းဆိုသည်အား နားလည်ရန်အတွက် ခေတ်စားနေသော သတင်းများကိုစစ်ဆေးရန် အင်တာနက်ပေါ်သို့ ချက်ချင်းတက်လာကြသည်။
အချို့မှာမူ တဖြည်းဖြည်း နီးကပ်လာသော မသိုးမသန့် ခံစားချက်ကို ခံစားနေရပြီး မသက်မသာဖြစ်နေ၏။
သို့သော်လည်း အင်တာနက်ပေါ်တွင် "မီးရှူးမီးပန်းများ" အတွက် ရှင်းလင်းချက်အစား သွေးရောင်လွှမ်းသော စစ်ကြေညာချက်နှင့်သာ ၎င်းတို့ ထိပ်တိုက်တွေ့လိုက်ရသည် ။
ကန်ရှင်းသည် ရှေးဟောင်းဝူနိုင်ငံနှင့် မဟာမိတ်ဖွဲ့ကာ ချင်းယွမ်နိုင်ငံကို တရားဝင် စစ်ကြေညာလိုက်ခြင်းပင်။
“စစ်ကြေညာလိုက်ပြီတဲ့”
“ကန်ရှင်းက စစ်ကြေညာတယ်တဲ့ ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“ငါတို့တော့ သွားပြီ ၊ ကန်ရှင်းက နောက်ဆုံးတော့ တကယ်လှုပ်ရှားလာပြီ"
အင်တာနက်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည် ။
ကန်ရှင်းနှင့်ကုံရှင်းတို့သည် အမြဲတမ်း အဆင်မပြေဖြစ်ပြီး မကြာခဏ ပဋိပက္ခငယ်လေးများဖြစ်ပွားလေ့ရှိသော်လည်း ယခုကဲ့သို့ ထိပ်တိုက်စစ်ပွဲကြီး ဆင်နွှဲရန် ကြေညာခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည် ။
ယခင် ကျူးကျော်မှုများအတွင်း၌ပင် ကန်ရှင်းသည် စစ်ပွဲကို တရားဝင်မကြေညာခဲ့ပေ။
“ဟားဟားဟား.. ကန်ရှင်းက တကယ့် ယဉ်ကျေးမှုရဲ့ မီးရှူးတန်ဆောင်ပဲ ၊ ငါ ဒီနေ့ကို စောင့်နေတာ ကြာပြီ။ အရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတော့မယ် "
လူနည်းစုကတော့ အွန်လိုင်းပေါ်တွင် အောင်ပွဲခံနေကြ၏။
“ကန်ရှင်းရဲ့ ဦးဆောင်မှုအောက်မှာပဲ ချင်းယွမ်က စစ်မှန်တဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီကို ခံစားရမှာ”
ယခင်က ကန်ရှင်းနှင့် ကုံရှင်းတို့ စစ်ဖြစ်စဉ်အခါက ကုံရှင်းသည် အမြဲတမ်း ရှုံးနိမ့်သူဘက်တွင် ရှိခဲ့၏။ထို့ကြောင့် ကုံရှင်းရှိ လူအများအပြားမှာ ကန်ရှင်းကို အထင်ကြီးအားကျကာ ဖော်လံဖားများ လုပ်ခဲ့ကြသည်။ကန်ရှင်းကသာ အုပ်ချုပ်လိုက်ပါက သူတို့၏ဘဝများ နေ့ချင်းညချင်းတိုးတက်သွားမည်ဟု ယုံကြည်နေကြ၏။
သို့သော် ထိုမှတ်ချက်များသည် ချက်ချင်းပင် လူအများ၏ ဒေါသများကို လှုံ့ဆော်ပေးလိုက်သလိုဖြစ်သွား၏။
“စစ်ပွဲဆိုတာ ဘာကောင်းလို့လဲ ၊ အမြဲတမ်း သွေးထွက်သံယိုဖြစ်ပြီး ရက်စက်တတ်တာပဲရှိတာ ”
“ကန်ရှင်းကို အဲဒီလောက် ကြိုက်နေရင် အဲဒီမှာပဲ သွားနေလိုက်ပါလား”
“ဟွန်း... ငါတို့ရဲ့နယ်မြေကို အရင်က တစ်ခါ ကာကွယ်ခဲ့ဖူးတယ်ကွ၊ ဒီနေ့လည်း ထပ်လုပ်နိုင်မှာပဲ”
“အရင်တုန်းက ငါတို့ရဲ့ ဇွဲလုံ့လ၊ မလျှော့တဲ့စိတ်ဓာတ်နဲ့ သဲကန္တာရထဲမှာ ငါတို့ ရှာတွေ့ခဲ့တဲ့ ကောင်းကင်မျက်လုံးကို အားကိုးပြီး ကန်ရှင်းကို အနိုင်ယူခဲ့တာ။ ဒီနေ့မှာ ငါတို့ဆီမှာ ကောင်းကင်မျက်လုံး မကဘူး၊ ကျင့်ကြံသူတွေလည်း အများကြီးရှိနေပြီပဲ။ ငါတို့ ဘာကို ကြောက်နေရမှာလဲ”
ချင်းယွမ်နိုင်ငံ၏ အာခံသော အသံများက အင်တာနက်ပေါ်တွင် မြင့်တက်လာ၏။
တစ်ချိန်တည်းမှာပင် စူပါမားကတ်နှင့် ဈေးဝယ်စင်တာများ၌ လူများသည် ပစ္စည်းများကို ထိတ်လန့်တကြား လုယက်ဝယ်ယူနေကြကုန်၏။
ထိုအချိန်မှာပင် ရှေးဟောင်းဝူနိုင်ငံမှ လွှင့်တင်လိုက်သော ဗီဒီယိုတစ်ခုသည် ချင်းယွမ်နိုင်ငံအတွင်း ပျံ့နှံ့သွားသည်။
“အားလုံးပဲ....မတ်လ ၇ ရက် ညနေ ၆ နာရီတိတိမှာ ကန်ရှင်းရဲ့ လေတပ်စုဟာ ချင်းယွမ်နိုင်ငံရဲ့ လေပိုင်နက်ကို အလစ်အငိုက် သေမင်းတမန် တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုအတွင်းမှာ ချင်းယွမ်ရဲ့... ကောင်းကင်မျက်လုံးတွေ အားလုံး ဖျက်ဆီးခံလိုက်ရပါတယ်”
“ကောင်းကင်မှာ မီးရှူးမီးပန်းတွေလို အရောင်စုံ ပြသနေတာကို ခင်ဗျားတို့ အားလုံး မြင်ကြမှာပါ။ အဲဒါဟာ ကောင်းကင်မျက်လုံးတွေ ကွဲကြေသွားတဲ့ အသံပါပဲ။ အခုတော့ ချင်းယွမ်ရဲ့ အားအကောင်းဆုံး ကာကွယ်ရေးဟာ ချေမှုန်းခံလိုက်ရပြီဖြစ်လို့ ခင်ဗျားတို့နိုင်ငံဟာ ကန်ရှင်းရဲ့ ကောင်းကင်စစ်သင်္ဘောတွေရှေ့မှာ လုံးဝ အကာအကွယ်မဲ့သွားပါပြီ”
“လက်မြှောက်ပြီး အရှုံးပေးကြပါ၊ ပြီးတော့ ကောင်းကင်တပ်မတော် ရောက်လာတာကို ကြိုဆိုလိုက်ကြစမ်း”
ဤဗီဒီယိုကို ကြည့်ရှုနေသူတိုင်းမှာ ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကြ၏။
“ကောင်းကင်မျက်လုံးတွေ မရှိတော့ဘူးတဲ့လား”
“မဖြစ်နိုင်တာ”
“အဲဒါ မဖြစ်နိုင်ဘူး"
လူထု၏နှလုံးသားထဲတွင် ထိတ်လန့်တကြားဖြစ်မှုများ ချက်ချင်း စိုးမိုးသွားသည်။
သာမန်လူများကို မဆိုထားနှင့် ကျင့်ကြံသူများပင်လျှင် ကြောက်ရွံ့မှု အမှောင်ထုကို ခံစားလိုက်ရ၏။
ကောင်းကင်မျက်လုံးများ၏ စွမ်းအားကို ထိုကျင့်ကြံသူများထက် ပိုသိသူ မရှိပေ။ ၎င်းသည် ခရမ်းရောင်နန်းတော် အဆင့်ကျင့်ကြံသူများကိုပင် သုတ်သင်နိုင်သော ထိတ်လန့်စရာ လက်နက်များဖြစ်သည် ။
အခုတော့ ၎င်းတို့မှာ ရုတ်တရက် ဖျက်ဆီးခံလိုက်ရ၏။
၎င်းတို့အနေဖြင့် မည်သို့ စိတ်မလှုပ်ရှားဘဲ နေနိုင်မည်နည်း။
ကန်ရှင်းသည် ချင်းယွမ်၏ အားအကောင်းဆုံးလက်နက်ကို ရုတ်တရက် တိတ်ဆိတ်စွာ တိုက်ခိုက်ဖျက်ဆီးနိုင်သည်ဆိုသော အချက်မှာ အဓိပ္ပာယ်တစ်ခုသာ ရှိသည်။
ကန်ရှင်းသည် ပို၍ အစွမ်းထက်လာလေပြီ။
၎င်းသည် ကန်ရှင်း၏ စစ်သင်္ဘောများ ဆင်းသက်လာသည်နှင့် ချင်းယွမ်နိုင်ငံတွင် မိမိကိုယ်ကိုယ် ကာကွယ်ရန် နည်းလမ်းမရှိတော့ဟုလည်း အဓိပ္ပာယ်ရသည် မဟုတ်ပါလား။
စစ်ပွဲကြီးသည် အလွန်ရုတ်တရက်ဆန်စွာ ပေါက်ကွဲလာခဲ့လေပြီ။
သို့သော် လူအများမှာ ၎င်းသည် အဘယ်ကြောင့် ဤမျှရုတ်တရက် ဖြစ်ပွားရသနည်းဆိုသည်ကို နားမလည်ကြပေ။
ကန်ရှင်းသည် ယခုအခါ မိစ္ဆာတစ်သောင်းနယ်မြေမှ မိစ္ဆာမျိုးနွယ်စုများ၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ကို သူတို့မသိကြပါ။
အကြောင်းရင်းမှာ မိစ္ဆာမျိုးနွယ်စုများသည် ကန်ရှင်း၏ ရှင်သန်မှုကို ဂရုမစိုက်ဘဲ အသေခံတိုက်ခိုက်ရန် အမိန့်ပေးခဲ့ခြင်းပင်။
၎င်းတို့သည် ချင်းယွမ်၏ ကောင်းကင်မျက်လုံးများကို ဖျက်ဆီးနိုင်ခဲ့သော်လည်း ကန်ရှင်ကိုယ်တိုင်မှာလည်း စစ်ရေးစွမ်းဆောင်ရည် ၃၀ ရာခိုင်နှုန်းခန့် ဆုံးရှုံးကာ အထိနာခဲ့၏။
အမှန်အတိုင်း တွက်ဆရလျှင် ချင်းယွမ်ကို လုယက်ခြင်းသည် အမြတ်မရရုံသာမက ၎င်းတို့၏ ဆုံးရှုံးမှုများကို အစားထိုးရန်အတွက်ပင် မကာမိပါ ။
ထို့ကြောင့် လူအများမှာ ကန်ရှင်းသည် ချင်းယွမ်ကို အကြီးအကျယ် ကျူးကျော်လာမည်ဟု ထင်မထားခဲ့ကြပေ။
အကျိုးအမြတ်မရှိသော စစ်ပွဲကို မည်သူက အကြီးအကျယ်တိုက်ခိုက်မည်နည်း ။ ကန်ရှင်းသည် အရူးမဟုတ်ပါ။
အကြောင်းမှာ ၎င်းသည် နှစ်ဖက်စလုံး ရှုံးနိမ့်မည့် အခြေအနေဖြစ်ပြီး နိုင်သူလည်းရှုံး ၊ ရှုံးသူလည်း ရှုံးသောကြောင့်ပင် ဖြစ်သည်။
သို့သော် ယခုတော့ ၎င်းသည် အမှနိတကယ်ကြီး ဖြစ်ပျက်လာခဲ့လေပြီ။
မြို့တော်ကြီးတစ်ခုလုံးတွင် ဖရိုဖရဲ ဖြစ်ကုန်၏။
ကြယ်ခုနှစ်ပွင့်မိသားစုခေါင်းဆောင် ၂၀၊ ဘုရင်နှင့် စစ်တပ်အဆင့်မြင့် အရာရှိများသည် မြေအောက်စခန်းတစ်ခုတွင် စုဝေးနေကြသည်။
ဒေါသထွက်နေသလို စိတ်ပျက်အားလျော့နေပုံရသော ဆံပင်ဖြူနှင့် အဘိုးအိုတစ်ဦးက မခံနိုင်စွာ ပေါက်ကွဲ၏။
“ကန်ရှင်းက ဒါကို ဘယ်လိုများ တွေးပြီးလုပ်နိုင်ရတာလဲ ၊ ဒါက အရှုံးနဲ့လဲရတဲ့ အောင်ပွဲပဲ ၊ သူတို့က ဘာတွေ အကျိုးအမြတ်ရမှာမို့လို့လဲ”
“အခုက အဲဒါကို ငြင်းခုံနေရမယ့် အချိန်မဟုတ်ဘူး ၊ ကန်ရှင်းရဲ့ တိုက်ခိုက်မှုကို ဘယ်လို တုံ့ပြန်မလဲဆိုတာကိုပဲ အာရုံစိုက်ရမယ် ၊ သူတို့ရဲ့ တပ်စုက လှုပ်ရှားနေပြီ။ နောက်ဆယ်ရက်ဆို သူတို့ ငါတို့ဆီ ရောက်လာတော့မယ်၊ အဲဒီကျရင် ငါတို့တော့ အားလုံး သွားပြီပဲ”
“ငါတို့ တကယ်ကုန်ပြီ။ ကောင်းကင်မျက်လုံးတွေ မရှိတော့ရင် သူတို့ရဲ့ စစ်သင်္ဘောတွေကို ဘယ်လို တိုက်မလဲဲ ၊ ငါတို့ရဲ့ ကျင့်ကြံသူတွေကို ဓားတွေနဲ့ သွားခုတ်ခိုင်းရမှာလား”
မိသားစုခေါင်းဆောင်ငယ်တစ်ဦးက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
ကောင်းကင်မျက်လုံးများသည် ၎င်းတို့၏ ယုံကြည်ကိုးစားမှုများပင်။
ကြယ်ခုနှစ်ပွင့်မိသားစုများ၏ အစွမ်းသည် ကောင်းကင်မျက်လုံးများနှင့် ရှုပ်ထွေးစွာ ဆက်နွှယ်နေ၏။
ကောင်းကင်မျက်လုံးများကို အားကိုးပြီး သူတို့မိသားစုများသည် မည်သူမျှ မယှဉ်နိုင်ဘဲ ရပ်တည်နိုင်ခဲ့ခြင်းပင်။
လျှို့ဝှက်ဆန်းကြယ်ပြီး အစွမ်းထက်သော ကျင့်ကြံသူများနှင့် ရင်ဆိုင်ရလျှချိန်တွင်ပင် ကောင်းကင်မျက်လုံးများသည် ၎င်းတို့၏ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်းကို ပြသခဲ့သည် ။
ထိုမိသားစုခေါင်းဆောင်ငယ်သည် ကောင်းကင်မျက်လုံးများ၏ အစွမ်းထက်ပုံပြင်များကို နားထောင်ရင်း ကြီးပြင်းလာသူ ဖြစ်၏။
ယခုအခါ သူအလွန်အားကိုးသော ကောင်းကင်မျက်လုံးများ ကွဲကြေသွားပြီ ဖြစ်သဖြင့် သူ၏ နှလုံးသားမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည် ။
“ကောင်းကင်မျက်လုံးတွေက ခေတ်တစ်ခေတ်ကို ပြောင်းလဲစေတဲ့ လက်နက်တွေပဲ။ အဲဒါတွေ မရှိရင် ငါတို့ ဘယ်လို ခုခံမလဲ ၊ဘယ်လိုမှ မရတော့ဘူး ၊ အရှုံးပေးလိုက်တာက ပိုကောင်းမယ်။ ခုခံနေတာက အလကားပဲ”
မိသားစုခေါင်းဆောင်တစ်ဦးက စိတ်ပျက်လက်ပျက် ပြောကာ ခေါင်းငိုက်စိုက်ကြနေ၏။
ယခုအခါ ချင်းယွမ်နိုင်ငံ၏ အသက်သွေးကြောထောက်တိုက်ကြီးများဖြစ်သော ကောင်းကင်မျက်လုံးများသည် အလစ်အငိုက် တိုက်ခိုက်မှုအတွင်း ဖျက်ဆီးခံလိုက်ရပြီး အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့လေပြီ။
ချင်းယွမ်နိုင်ငံသည် လုံးဝ အကာအကွယ်မဲ့သွားပြီ မဟုတ်ပါလား။
“အရှုံးပေးရမယ် ဟုတ်လား”
ဘုရင်၏အသံမှာ ဒေါသနှင့်အတူ စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေသည် ။
“ငါတို့ ပြည်သူတွေကို အစာအဖြစ် အလုပ်ခံစေချင်တာလား ၊ ကန်ရှင်းကလာတဲ့ အစီရင်ခံစာတွေက မရှင်းသေးဘူး ထင်တယ် ၊ ကန်ရှင်းက သာမန်နိုင်ငံသားတွေအားလုံးဟာ မိစ္ဆာတစ်သောင်းနယ်မြေအတွက် အစာ ဖြစ်ကုန်ကြပြီ”
“မိစ္ဆာတစ်သောင်းနယ်မြေက ငါတို့ကို သိမ်းပိုက်လိုက်ရင် ငါတို့က နောက်ထပ် အစာဖြစ်လာမယ့်သူတွေပဲ”
ယခင်က သတ္တမမြောက်မင်းသား၊ ယခု ဘုရင်ဖြစ်သူသည် နှစ်ပေါင်းများစွာ အတွေ့အကြုံများမှတစ်ဆင့် ရင့်ကျက်လာခဲ့သည်။
သို့သော် ယခုအချိန်တွင် သူ၏ အသံမှာ အေးစက်နေပြီး မကျေနပ်မှုများနှင့် ပြည့်နှက်နေ၏။
ကန်ရှင်းမှ အချက်အလက်များသည် ကုန်းရှင်းသို့ ဆက်တိုက် စီးဝင်နေခဲ့သည်။ သိရသလောက် ကန်ရှင်း၏ လက်ရှိအခြေအနေမှာ အလွန်ဆိုးရွားပြီး သနားစရာကောင်းသည်ထက် ပိုသည်ကို ၎င်းတို့အားလုံး သိနေကြသည်။
ကန်ရှင်း၏ အဆင့်မြင့်အရာရှိ အားလုံးနီးပါးမှာ မိစ္ဆာတစ်သောင်းနယ်မြေမှ မိစ္ဆာများ၏ ထိုးဖောက်ဝင်ရောက် ထိန်းချုပ်ခြင်းကို ခံထားရ၏။ ၄င်းတို့က သာမန်ပြည်သူများကို အစာအဖြစ် သတ်မှတ်ကာ မိစ္ဆာနယ်မြေသို့ ပို့ဆောင်နေကြသည် ။
ကန်ရှင်းတွင် အသစ်တည်ထောင်ထားသော "ကြယ်စင်ကောင်းကင် သင်္ဘောလိုင်းကုမ္ပဏီ" သည် ဤယုတ်မာသော ကုန်သွယ်မှုကို လွယ်ကူချောမွေ့အောင် လုပ်ဆောင်ပေးနေ၏။
မိစ္ဆာတစ်သောင်းနယ်မြေမှ မိစ္ဆာများအတွက် လူသားများသည် အစာထက် မပိုပေ။
ကန်ရှင်းကသာ ချင်းယွမ်ကို သိမ်းပိုက်လိုက်ပါက ချင်းယွမ်ပြည်သူများသည် မည်သည့်ကံကြမ္မာနှင့် ရင်ဆိုင်ရမည်နည်း ။
အထက်တန်းလွှာများမှာမူ လက်အောက်ခံအဖြစ်သူတို့၏အရင်းအမြစ်များကိုအပ်နှံကာ ၎င်းတို့၏ ချမ်းသာကြွယ်ဝမှုနှင့် အာဏာကို ဆက်လက်ခံစားရင်း ရှင်သန်နိုင်ကောင်း ရှင်သန်နိုင်ကြလိမ့်မည်။
သို့သော် သာမန်ပြည်သူများမှာမူ မည်သို့ဖြစ်ကုန်မည်နည်း ။
ယခင် သတ္တမမြောက်မင်းသားသည် ဘုရင်ဖြစ်ရန် ဘယ်တုန်းကမှ ကံမပါခဲ့ပေ။
သို့သော် အခုတော့ သူက ရာဇပလ္လင်ပေါ် တက်လှမ်းနိုင်ခဲ့ပြီး အာဏာရရှိခဲ့သည် ။ သူသည် အမြဲတမ်း သတိကြီးသူဖြစ်သော်လည်း ရည်မှန်းချက်ကြီးသူလည်း ဖြစ်သည်။
သူသည် သမိုင်းတွင် အရည်အချင်းမရှိသော အုပ်ချုပ်သူတစ်ဦးအဖြစ် အမှတ်ရခံရခြင်းကို မလိုလားပါ။
အခြားသော ဩဇာညောင်းသူတစ်ဦးဖြစ်သည့် ကုန်းယီချင်းကလည်း ခေါင်းညိမ့်၏။
“မှန်ပါတယ်၊ အရှုံးပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါတို့ သေရမယ်ဆိုရင်တောင် ကျူးကျော်သူတွေ အကြီးအကျယ် ပေးဆပ်ရအောင် ငါတို့ သေချာ လုပ်ရမယ်”
ကုန်းယီချင်းသည် ကုန်းယီမိသားစု၏ တိုက်ရိုက်မျိုးဆက် မဟုတ်သော်လည်း သူ၏ သတိကြီးမှုနှင့် စိတ်နှစ်မြှုပ်ထားမှုတို့ကြောင့် ထင်ရှားလာခဲ့ခြင်း ဖြစ်သည် ။
ကမ္ဘာကြီး ပြန်လည်မစတင်မီက သူသည် ကျိယွမ်၏ ဂူဗိမာန်ရှေ့တွင် လျှို့ဝှက်သဘောတူညီချက်များနှင့် ကတိသစ္စာများကို သစ္စာရှိစွာ ရွတ်ဆိုခဲ့သဖြင့် ကျိယွမ်၏ မျက်နှာသာပေးမှုကို ရရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်ပင် သူသည် ရာထူးတိုးမြှင့်ခံရပြီး ကုန်းယီမိသားစု၏ အကြီးအကဲ ဖြစ်လာ၏။ အာဏာရလာသော်လည်း သူသည် နှိမ့်ချစွာနေထိုင်ပြီး သူ၏ မူလရည်မှန်းချက်များကို သစ္စာရှိရှိ ဆုပ်ကိုင်ထားဆဲပင်။
သူ၏အဆင့်အတန်းတွင် သူသည် စိတ်ကူးယဉ်နိုင်သမျှသော ရုပ်ဝတ္ထုပစ္စည်းများနှင့် သက်တောင့်သက်သာရှိမှု အားလုံးကို ခံစားခဲ့ဖူးသည်။
သို့သော် သူ၏ လက်ရှိပန်းတိုင်မှာ အမွေအနှစ်တစ်ခုခုကို ထားရစ်ခဲ့ရန် ဖြစ်သည် ။
“ဒါပေမဲ့ ငါတို့က ပြင်းပြင်းထန်ထန် ခုခံလေလေ၊ ခန်ရှင်းက ပိုပြီး ဒေါသထွက်လေဖြစ်ပြီး သူတို့က ပိုပြီး ရက်စက်စွာ လက်စားချေလာမှာပဲ”
အခြားမိသားစုခေါင်းဆောင်တစ်ဦးက ဝေခွဲမရစွာ ပြောလိုက်သည် ။
“အဲဒါဆို သူတို့ သတ်ဖြတ်တာကိုပဲ ဒီအတိုင်း ခံနေရမှာလားကွ"
“ငါတို့ မခုခံရင် ငါတို့ သေရလိမ့်မယ်။ ဒါပေမဲ့ ငါတို့ ခုခံရင် ပိုပြီး ဆိုးရွားစွာ သေရနိုင်တယ်...”
"သေသေကွာ ၊ ခုခံရမှာပဲ "
“မင်း ရူးနေလား ၊ ကောင်းကင်မျက်လုံးတွေ မရှိရင် ငါတို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ဘာကို သုံးနိုင်မှာလဲ”
ဆွေးနွေးပွဲက မပြေလည်ပါ ။
မိသားစုခေါင်းဆောင်များသည် အချငိးချင်း အပြစ်တင်ရင်းနှင့် တာဝန်လွှဲချရင်း ငြင်းခုံနေကြကုန်၏။ စည်းလုံးမှု မရှိတော့ပေ။
ဘုရင်ဖြစ်သူသည် ဤမြင်ကွင်းကို မျက်ဝန်းထဲတွင် နက်ရှိုင်းသော စိတ်ပျက်မှုများဖြင့် ကြည့်နေသည်။
မိသားစုခေါင်းဆောင် ၂၀ ထဲမှ အများအပြားမှာ ကြောက်ရွံ့မှုကြောင့် ထုံထိုင်းနေကြလေပြီ။
၎င်းတို့သည် ကန်ရှင်းကို ခုခံခြင်းဖြင့် ကလဲ့စားချေရန် အငြှိုးထားခံရမည်ကို ကြောက်နေကြခြင်း ဖြစ်သည်။
ကြယ်ခုနှစ်ပွင့်မိသားစုများသည် တည်ရှိနေရန် အကြောင်းပြချက် မရှိတော့ဟု ကျိယွမ် တစ်ခါက သူ့ကို ပြောခဲ့သည့် စကားကို သူ ပြန်သတိရလိုက်သည်။
မှန်ပါသည် ။ ၎င်းတို့ မရှိလျှင်ပင် ချင်းယွမ်နိုင်ငံသည် ဆက်လက် ဖွံ့ဖြိုးတိုးတက်နိုင်ပါသည်။
ထိုမိသားစုများကို ၎င်းတို့၏ ပလ္လင်ပေါ်မှ ဆွဲချရမည့်အချိန် ရောက်ပြီလားဟု သူက ကျိယွမ်ကို မေးခဲ့စဉ်က ကျိယွမ်က “ငါက ဒီကို ဂိမ်းကစားဖို့ပဲ လာတာ။ အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ” ဟုသာ ရိုးရိုးရှင်းရှင်း ပြန်ဖြေခဲ့သည်။
ဤသို့ဖြင့် ငြင်းခုံမှုမှာ နေ့တစ်ဝက်ခန့် ကြာမြင့်ခဲ့သော်လည်း ခန်းမအတွင်း၌ တင်းမာမှုများဖြင့် ပြည့်နှက်နေပြီး မည်သည့်အရာမျှ ပြေလည်မသွားပေ။
မည်သည့်အဖြေမှလည်း မထွက်ခဲ့ပါ။
နောက်ဆုံးတွင် အခြားသူများ ထွက်ခွာသွားကြပြီးနောက်မှ ဘုရင်သည် ကုန်းယီချင်းကို စိတ်ပျက်အားလျော့သော မျက်နှာဖြင့် ကြည့်ကာ မေးလိုက်သည်။
“မစ္စတာကျိနဲ့ ဆက်သွယ်လို့ ရပြီလား”
သူ၏ မျက်လုံးများတွင် မျှော်လင့်ချက်အရိပ်အယောင် အနည်းငယ် ရှိနေ၏။
ဤအချိန်တွင် မျှော်လင့်ချက်အားလုံးမှာ ကျိယွမ်ပေါ်တွင်သာ တည်ရှိနေလေပြီ။
ကျိယွမ်က မနှောင့်ယှက်ရန် တောင်းဆိုထားသဖြင့် ဆယ်စုနှစ်ပေါင်းများစွာအတွင်း သူသည် ကျိယွမ်ကို မဆက်သွယ်ရဲခဲ့သော်လည်း မျော်လင့်နေဆဲပင်။
ကုန်းယီချင်း၏ မျက်လုံးများမှာလည်း စိတ်ပျက်မှုများဖြင့် ပြည့်သွား၏။
“ကျွန်တော် သူ့ကို ဆက်သွယ်လို့ မရဘူး။ မစ္စတာကျိက နဂါးတစ်ကောင်လိုပဲ ၊ သူ ပေါ်ချင်တဲ့အချိန် ပေါ်လာပြီး ပျောက်ချင်တဲ့အချိန်မှာ လွယ်လွယ်ကူကူပဲ ပျောက်သွားတတ်တယ်။ သိုင်းပြိုင်ပွဲ စတင်တဲ့အချိန်ကျမှပဲ သူ့ကို တွေ့ရနိုင်လိမ့်မယ်။ အဲဒါကလွဲရင် သူက ချင်းယွမ်နိုင်ငံကို သိပ်ပြီး ဂရုစိုက်ပုံမရဘူး”
“ဟူး.... ဒီတစ်ခါတော့… အရမ်း ခက်ခဲလွန်းတယ်"
“မစ္စတာကျိ ပါဝင်ပတ်သက်လာရင်တောင် အခြေအနေကို ဖြေရှင်းဖို့ လုံလောက်ချင်မှ လုံလောက်လိမ့်မယ်။ မိစ္ဆာတစ်သောင်းနယ်မြေက အားကြီးလွန်းတယ်။ ကန်ရှင်းတောင် သူတို့ကို မခုခံနိုင်ခဲ့ဘူး"
“ဟုတ်တယ် ၊ မစ္စတာကျိက ကူညီဖို့ သဘောတူရင်တောင်၊ အဲဒါက ရန်သူ့ပင်လယ်ပြင်ကြီးကို တံငါလှေလေးတစ်စင်းတည်းနဲ့တိုက်ခိုက်နေရသလို ဖြစ်နေလိမ့်မယ်”
ဘုရင်၏ အသံမှာ စိတ်ပျက်မှုများဖြင့် ပြည့်နှက်နေပြီး အင်အားမဲ့လှသည်။
“ဒီတစ်ခါတော့ ငါတို့ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရတော့မယ်။အမြဲတမ်း တခြားတစ်ယောက်ယောက်ကို မျှော်လင့်နေလို့ မရဘူးလေ"
“မစ္စတာကျိက ငါတို့ကို ဘာမှ ကြွေးမြီ မတင်ထားဘူး။ သူက ငါတို့ရဲ့ ကလေးထိန်းလည်း မဟုတ်ဘူး”
ချင်းယွမ်နိုင်ငံသည် ဖရိုဖရဲ ဖြစ်နေပြီး နေရာအနှံ့တွင် မတော်တဆမှုများ ဖြစ်ပွားနေသည်။
တစ်ချိန်တည်းမှာပင် ကျွန်းငယ်လေးတစ်ခုပေါ်တွင် လူငယ် ၂၀ ကျော် စုဝေးနေကြ၏။
သူတို့အများစုမှာ သာမန်ပုံစံမျိုးသာ ရှိသော်လည်း အနီးကပ်ကြည့်ပါက ၎င်းတို့တွင် ထူးခြားသော အရှိန်အဝါတစ်မျိုး ရှိနေသည်ကို အံ့သြဖွယ်မြင်ရပေလိမ့်မည်။
၎င်းတို့ထဲတွင် ကိုယ်ကျပ်ဝတ်စုံ ဝတ်ထားသော မိန်းမပျိုတစ်ဦးလည်းပါဝင်ပြီး သူမ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုနှင့် ထိတ်လန့်မှုများ ရှိနေသည် ။
ကျိယွမ်သာ ဤနေရာတွင် ရှိနေပါက
သူမသည် သူဤဂိမ်းကို စကစားခါစက တွေ့ခဲ့သော ရှောင်မေဖြစ်သည်ကို ချက်ချင်းမှတ်မိမှာ သေချာ၏။
ရှောင်မေသည် ကျိယွမ်၏ လက်ရှိကိုယ်ခန္ဓာမှ မိဘများ၏တပည့်တစ်ဦးလည်း ဖြစ်သည်။
ယခုအချိန်တွင် ရှောင်မေသည် အမျိုးသမီးတာအိုဆရာတစ်ဦး၏ နောက်တွင် ရပ်နေပြီး ကုံရှင်းအတွက် စိုးရိမ်နေသကဲ့သို့ သိသိသာသာ စိတ်အနှောင့်အယှက် ဖြစ်နေ၏။
အမျိုးသမီးတာအိုဆရာက မတ်တတ်ရပ်လိုက်ပြီး ထိုနေရာတွင် ရှိနေသော လူငယ်လူရွယ်များကို ကြည့်လိုက်သည် ။
“အားလုံးပဲ၊ ကပ်ဘေးကြီးက နီးကပ်လာနေပြီ။ မင်းတို့ ဒီကမ္ဘာမှာ ဆက်နေမယ်ဆိုရင် ကြောက်စရာကောင်းတဲ့ ဘေးဒုက္ခတစ်ခု မင်းတို့အပေါ် ကျရောက်လာလိမ့်မယ်”
အမျိုးသမီးတာအိုဆရာမှာ ထျန်းယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ် တာအိုဆရာ တျန်းချန်းဖြစ်သည်။
“ကျွန်တော်တို့ ဒီမှာ မနေရင် ဘယ်ကို သွားရမှာလဲ”
လူငယ်တစ်ဦးက မေးလိုက်၏။
သူတို့အားလုံးသည် ပြန်လည်စတင်သူ များ ဖြစ်ကြသည်။
၎င်းတို့ထဲမှ အများစုမှာ နှစ်ပေါင်းများစွာအတွင်း မသေမျိုးဂိုဏ်းများသို့ ဝင်ရောက်ကာ ကျင့်ကြံသူများ ဖြစ်လာခဲ့ကြ၏။
သို့သော်လည်း ပြန်လည်စတင်သူများအကြား အဆက်မပြတ် ပဋိပက္ခဖြစ်ပွားမှုကြောင့် အသက်ရှင်ကျန်ရစ်သူမှာ ၂၀ ခန့်သာ ကျန်တော့သည် ။
ထိုလူငယ်၏ မေးခွန်းကို ကြားသောအခါ တာအိုဆရာ တျန်းချန်းသည် ဝမ်းနည်းသလို ခံစားလိုက်ရ၏။
“အဲဒါကို ငါတို့ နောက်မှ ဆွေးနွေးကြမယ်။ အခုလောလောဆယ်တော့ မင်းတို့အချင်းချင်း တိုက်ခိုက်သတ်ဖြတ်နေတာတွေကို ရပ်တန့်ရမယ်”
“ထျန်းယွမ်ရဲ့ မြင့်မြတ်ကျောက်တုံးအရ၊ ပြန်လည်စတင်သူတွေအားလုံး သေဆုံးသွားရင် ဒါမှမဟုတ် အနည်းငယ်ပဲ ကျန်တော့ရင် ကြောက်စရာကောင်းတဲ့ တစ်စုံတစ်ခု ဖြစ်လာလိမ့်မယ်”
သူမက ပြန်လည်စတင်သူများကို အရေကြီးသည့် အချက်အား ထုတ်ပြောလိုက်သည်။
“ဟွန်း....ကောင်းကင်မျက်လုံးတွေ ပြုတ်ကျကုန်ပြီ၊ ကန်ရှင်းကလည်း တရားဝင် ကျူးကျော်နေပြီ၊ အဲဒါထက် ပိုပြီး ကြောက်စရာကောင်းတာ ဘာရှိဦးမှာလဲ”
အမျိုးသမီးတစ်ဦးက လှောင်ပြောင်သလို ပြန်ပြောလိုက်၏။
အခြားသူများကလည်း အမျိုးသမီး တာအိုဆရာ၏ စကားများကို အလေးအနက် မထားကြပေ။
သူမသည် ထျန်းယွမ်ဂိုဏ်း၏ ဂိုဏ်းချုပ်၊ အစွမ်းထက်သော အကြီးအကဲတစ်ဦး မဟုတ်ပါက ၎င်းတို့သည် သူမကို ဂရုစိုက်ကြမည်ပင် မဟုတ်ပါ။
“အဲဒီကပ်ဘေးကြီးအကြောင်းကို ခဏမေ့ထားလိုက်စမ်းပါ။ ငါတို့က ကန်ရှင်းရဲ့ ကျူးကျော်မှုကို ဘယ်လို တွန်းလှန်ရမလဲဆိုတာကိုပဲ အာရုံစိုက်သင့်တယ်။ မဟုတ်ရင် မိစ္ဆာတွေ ဆင်းလာတာနဲ့ ငါတို့အားလုံး သေကုန်လိမ့်မယ်”
“မှန်တယ်။ ငါတို့ရဲ့ သွေးမျိုးဆက်တွေက မိစ္ဆာတွေ အကြိုက်ဆုံးပဲ။ မိစ္ဆာတစ်သောင်းနယ်မြေက မိစ္ဆာတွေက ငါတို့ကို ချန်ထားမှာ မဟုတ်ဘူး”
“နယ်မြေသုံးခုပေါင်းရင်တောင်မှ ကန်ရှင်း ဒါမှမဟုတ် မိစ္ဆာတစ်သောင်းနယ်မြေကို ခုခံနိုင်မှာ မဟုတ်ဘူး”
ပြန်လည်စတင်သူများသည် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကြ၏။
တာအိုဆရာတျန်းချန်းသည် ရင်မောစွာ သက်ပြင်းချလိုက်သည်။
“ထျန်းယွမ်ရဲ့ မြင့်မြတ်ကျောက်တုံးက နယ်မြေသုံးခုနဲ့ ကုံရှင်းရင်ဆိုင်ရမဲ့အကျပ်အတည်းဟာ ကန်ရှင်းရဲ့ ကျူးကျော်မှုထက်တောင် ပိုပြီး ပြင်းထန်တယ်လို့ ဖော်ပြနေတယ်။ အဲဒါ ဘာဖြစ်နိုင်မလဲ"
သူက တိုးတိုးလေး ရေရွတ်လိုက်ပြီး အတွေးနက်နေ၏။
မိစ္ဆာတစ်သောင်းနယ်မြေမှ မိစ္ဆာများ ဆင်းသက်လာပြီဖြစ်သောကြောင့် ကန်ရှင်း၏ ကျူးကျော်မှုသည် ဤကမ္ဘာကိုမိစ္ဆာအတွက် ကစားကွင်းတစ်ခုအဖြစ် ပြောင်းလဲပစ်မှာ သေချာနေ၏။။
လူသားအားလုံးသည်လည်း မိစ္ဆာများအတွက် အစာ ဖြစ်သွားပေတော့မည်။
၎င်းကပင် အလွန် ကြောက်စရာကောင်းပြီး ဝမ်းနည်းစရာကောင်းသော ရလဒ်ဖြစ်နေလေပြီ။
သို့သော်လည်း ကောင်းကင်ကျောက်တုံးက ကုံရှင်း၏ ကံကြမ္မာမှာ ထို့ထက်တောင် ပိုဆိုးလိမ့်မည်ဟု ဟောကိန်းထုတ်နေ၏။
“ငါတို့ရဲ့ ဘိုးဘေး ဆင်းသက်လာတာကို စောင့်ရမယ်နဲ့ တူတယ်။ အဲဒီကျမှပဲ ငါတို့မှာ မျှော်လင့်ချက် ရောင်ခြည် အနည်းငယ် ရှိလိမ့်မယ်”
တာအိုဆရာတျန်းချန်းက မတက်သာစွာတွေးလိုက်သည် ။
ဘိုးဘေးသည် ယင်နတ်ဘုရားတစ်ပါး ဖြစ်ပြီး လောကရှိ ရန်သူအားလုံးကို နှိမ်နင်းနိုင်သော စွမ်းအားရှိ၏ ။ သူသာ ဆင်းသက်လာပါက မိစ္ဆာများနှင့် မကောင်းဆိုးဝါး ဝိညာဉ်များအားလုံး သုတ်သင်ခံရပေလိမ့်မည်။
ယင်နတ်ဘုရားတစ်ပါး၏ စွမ်းအားအောက်တွင် ကန်ရှင်း၏ကျူးကျော်မှုပင် ဟာသတစ်ခုသာ ဖြစ်သွားမှာ သေချာ၏။
သို့သော်လည်း ဘိုးဘေး ဆင်းသက်လာရန်မှာ အချိန်အနည်းငယ် စောင့်ရန်လိုအပ်သည်။
မေးခွန်းမှာ....ကုံရှင်းသည် ထိုအချိန်အထိ ကပ်ဘေးကြီးကို ကြံ့ကြံ့ခံကာ ရှင်သန်နိုင်ပါ့မလား ဆိုသည်ပင်။
.............
မြင့်မားသော မျှော်စင်ပေါ်တွင် ဖြစ်သည်။
ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေပြီး လျှို့ဝှက်ဆန်းကြယ်နေ၏။
သိုင်းနတ်ဘုရားအများစုမှာ မျက်လုံးမှိတ်၍ တရားထိုင်နေကြပြီး အနည်းငယ်ကသာ သိုင်းဘုရင်များက စမ်းသပ်မှုများကို စိန်ခေါ်နေသည်ကို ကြည့်နေကြသည် ။
ဖိုရမ်များကို လှည့်လည်ကြည့်ရှုနေသော ကျိယွမ်ကတော့ အင်တာနက်ပေါ်မှ အသုံးဝင်သော အကြံပြုချက်များစွာကို စုဆောင်းရရှိခဲ့၏။
“ဒီတစ်ယောက်ရဲ့ ဉာဏ်ပညာက စစ်မှန်မဟာဉာဏ်ပညာရှိထက် မနည်းဘူးပဲ"
“မှန်တာပေါ့... ငရဲပြည်တစ်ခု တည်ဆောက်ဖို့အတွက် ငါက အရင်ဆုံး မြေကွက်တစ်ကွက် ရှိဖို့ လိုတယ်"
“အဲဒါက ငါ့ရဲ့ ပေါ့ဆမှုပဲ"
“ကံမကောင်းတာက... ဒီနေ့ခေတ်မှာ လူတိုင်းက အိမ်ခြံမြေနဲ့ စီးပွားရှာနေကြတော့ မြေစျေးတွေက အရမ်းကြီးနေတယ်။ ငါ မတတ်နိုင်ဘူး”
ကျိယွမ်သည် တွေးရင်းမှ စိုးရိမ်လာ၏။
သူ၏အကြံအစည်အတွက်က သာမန်မြေကွက်ဆိုလျှင် မရပေ။ ၎င်းသည် ငရဲပြည်၏ အလှတရားနှင့် ကိုက်ညီစေရန် ထူထဲသော ယင်စွမ်းအင်များဖြင့် ပြည့်နှက်နေသော နေရာဖြစ်ရန် လိုအပ်သည် ။
“ဟေး.. သမင်နက်၊ မင်း... ယင်စွမ်းအင် တွေ ထူးထူးခြားခြားပြင်းထန်တဲ့ နေရာတွေကို သိလား”
ကျိယွမ်က မနေနိုင်စွာ ထုတ်မေးလိုက်ရတော့သည်။
“ယင်စွမ်းအင် ဟုတ်လား”
သမင်နက်သည် အံ့ဩသွားပြီး ကျိယွမ်အား မျက်လုံးဖွင့်ကြည့်၏။
“မူလဇစ်မြစ်နယ်မြေက ထူထပ်တဲ့ ယင်စွမ်းအင်တွေနဲ့ ပြည့်နေတာပဲ။ ဒီနေရာက... သေဆုံးသွားသူတွေနဲ့ ပြည့်နေတာလေ”
"ဟုတ်သားပဲ..."
ကျိယွမ်က ထိုအရာကို သတိမထားမိဖြစ်သွားခြင်းပင်။
မူလဇစ်မြစ်နယ်မြေသည် သက်ရှိများ၏ မွေးဖွားရာနေရာ ဖြစ်ခဲ့သော်လည်း၊ ထိုနေရာတွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြီးကြောင့် ယခုအခါ ယင်စွမ်းအင်များဖြင့် ပြည့်နှက်နေသည် ဖြစ်သည်။
၎င်းသည် အဆုံးသတ်နယ်မြေထက်ပင် ယင်စွမ်းအင်များ ပိုများနေ၏။
ယခုနေရာ၌ ယင်စွမ်းအင် ပြင်းထန်မှန်း သူ သိသော်လည်း ဤမျှလောက်အထိ ထူထပ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
“မင်း ဘယ်လိုထင်လဲ၊ ငါသာ မူလဇစ်မြစ်နယ်မြေတစ်ခုလုံးကို ဝယ်မယ်ဆိုရင် ဘယ်လောက် ပေးရမလဲ "
" ဒါနဲ့၊ မင်းတို့က ဘယ်လို ငွေကြေးမျိုးကို လက်ခံတာလဲ ၊ ငရဲပြည်သုံး ဒင်္ဂါးပြားတွေဆိုရင် ရမလား ၊ ကူးတို့ခလို ဟာတွေလေ "
ကျိယွမ်သည် သူ၏ ရှိစုမဲ့စုကိုယ်ပိုင်ပိုက်ဆံလေးများကို မသုံးချင်ပေ၊ ထိုအစား ကောင်းကင်နှင့်မြေကြီး ဘဏ်မှ အနည်းငယ် ပေးနိုင်လိမ့်မည်ဟု သူ ယူဆနေ၏။
“အဟွတ်၊ အဟွတ်...”
သမင်နက်သည် ရေမသောက်ဘဲ သီးသွားပြီး ချောင်းတဟွတ်ဟွတ်ဆိုး၏။
“ဒါ... ဒါက ဟာသလား ”
မူလဇစ်မြစ်နယ်မြေကို မည်သူက ရောင်းမည်နည်း ။
သူက ပေါ့ပေါ့ပါးပါးဖြေလိုက်သည်။
“ဟားဟားဟား....ဝယ်စရာမလိုပါဘူး ၊ မင်းသာ အစွမ်းအထက်ဆုံးဖြစ်မယ်ဆိုရင် မူလနယ်မြေကို တိုက်ရိုက် သိမ်းပိုက်ပြီး မင်းရဲ့ ကိုယ်ပိုင်ပိုင်နက် ဖြစ်အောင် လုပ်လို့ ရပါတယ်"
“ဒါပေမဲ့ အဲဒါက ခက်ခဲလိမ့်မယ်။ အရှေ့မဟာမိတ်အဖွဲ့ကို ထည့်မပြောနဲ့ဦး၊ မူလဇစ်မြစ်နယ်မြေမှာ နောက်ထပ် အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုကြီးတစ်ခု ရှိသေးတယ်။ မင်း သူတို့ကို မစော်ကားမိဖို့ လိုတယ်၊ မဟုတ်ရင်တော့...”
သမင်နက်သည် ထိုအင်အားစုအကြောင်းပြောလိုက်သောအခါ သူ၏အမူအရာမှာ ရှုပ်ထွေးသွားပြီး အလွန်ထိတ်လန့်နေပုံရသည် ။
ကျိယွမ်က သူ၏စကားကို လက်မခံပါ။
“တိုက်ရိုက် သိမ်းပိုက်တာကတော့ မမှန်ဘူး၊ အဲဒါက ကျင့်ဝတ်နဲ့ မညီဘူး။ ငါက အဖိုးအခ ပေးသင့်တယ်မှတ်လား "
“ဟူး.. တစ်ခါတလေကျရင် ငါ တကယ်ပဲ သူဌေးကြီး ဖြစ်ချင်တယ်၊ ထီပေါက်ပြီး ထိပ်တန်းဆုကြီးနဲ့ တိုးလိုက်ချင်တာ”
ကျိယွမ်သည် စိတ်ကူးနှင့်ရွှင်မြူးသွားပြီးမှ ချက်ချင်းခေါင်းခါ၏။
နေ့တိုင်း ထီပေါက်လျှင်ပင် သူလိုချင်သော မြေကွက်ကိုဝယ်ရန် မလုံလောက်နိုင်ကြောင်း သတိပြုမိသွားသောကြောင့်ပင်။
အိမ်ခြံမြေပွဲစားတွေကြောင့် မြေကွက်တွေက စျေးတွေ မတန်တဆတက်ကုန်တာပဲ။