← Chapters

အခန်း (၃၇၄-၃၇၅)

Vol. 34 Ch. 374-375

အခန်း (၃၇၄-၃၇၅)

Vol. 34 Ch. 374-375

အခန်း ၃၇၄ - အရှေ့ဘက်သခင်၏ နံရံနှင့် ဝိညာဉ်လမ်းစဥ်သိုင်းနတ်ဘုရား

သွေးနီရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ကျိယွမ်သည် ရှူဧကရာဇ်နှင့်ဟူဧကရာဇ်တို့ တည်ဆောက်ထားသော တံတားပေါ်တွင် လျှောက်လှမ်းရင်း အချိန်စီးဆင်းမှုအား ဆန်တက်ကာ မူလဇစ်မြစ်နယ်မြေဆီသို့ ဦးတည်နေသည်။

သူသည် အချိန်နှင့်ဟင်းလင်းပြင်ကို ဖြတ်သန်းခဲ့၏။ ပင်လယ်နက်ကို ဖြတ်ကျော်ခဲ့သည်၊ ထို့နောက် အချိန်မြစ်ကို ဆန်တက်လေသည်။

ကျိယွမ်သည် မျက်လုံးများကို မှိတ်ထားပြီး အချိန်၏ ပွတ်တိုက်မှုကို ခံစားနေမိသည်။

ယခုတစ်ခေါက်တွင် ဘေးနား၌ စကားပြောဖော်မရှိသဖြင့် သူသည် အနန္တအသွင်ကူးပြောင်းတံခါးကို ဆင်ခြင်ခဲ့စဉ်ကကဲ့သို့ အချိန်နှင့် အာကာသစွမ်းအားများကို အလေးအနက် ဆင်ခြင်နေ၏။

"ဒီပင်လယ်နက်က... အရှင်သခင် မရှိဘူး မဟုတ်လား"

"ကြည့်ရတာ ငါ့ရဲ့ 'မေ့လျော့ခြင်းမြစ်' နဲ့တောင် နည်းနည်းတူနေသလိုပဲ"

"ဟေး ပင်လယ်နက်... မင်းနဲ့ငါနဲ့က ရေစက်ရှိပုံရတယ်နော်"

ကျိယွမ်သည် ပင်လယ်နက်အား တိုးတိုးလေး လှမ်းခေါ်လိုက်သည်။

သူသည် အချိန်ကို ဆန်တက်သွားသည်နှင့်အမျှ သူ၏ပုံရိပ်သည် ဖျတ်ခနဲ ဖျတ်ခနဲ အရိပ်တစ်ခုအဖြစ်သာ ကျန်ရစ်ခဲ့၏။

မရေမတွက်နိုင်သော တောင်တန်းနှင့်မြစ်ကမ္ဘာများအတွင်း၌ လူများသည် တစ်ယောက်ပြီးတစ်ယောက် ခေါင်းမော့ကာ ကောင်းကင်ကို ကြည့်ရှုမိကြသည်။

သူတို့သည် ဘာကိုမှမည်မည်ရရ မမြင်ရသော်လည်း သူတို့၏မျက်လုံးထဲတွင်မူ အနီရောင်အရိပ်တစ်ခု ဖျတ်ခနဲ လွှတ်ကနဲ မြင်လိုက်ရသလို ခံစားကြရသည် ။

"ဒါက သူလား"

ပျောက်ဆုံးနေသော အမှတ်ရစရာများ ပြန်လည်ရောက်ရှိလာပြီး မျက်လုံးတစ်ဖက်တည်းရှိသော လူ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားကာ ဂုဏ်သိက္ခာအပေါင်းနှင့် ပြည့်စုံပြီး စစ်တပ်များကို အောင်နိုင်ခဲ့သော ထိုလူ၏ပုံရိပ်သည် သူ၏စိတ်ထဲတွင် ပေါ်လာ၏။

လှေငယ်လေးပေါ်တွင်ရှိနေသော လူကျူ၏ မျက်လုံးများ ရုတ်တရက် ကျဉ်းမြောင်းသွားသည် ။

"ဆရာသခင် လား"

သူမလက်ထဲမှ ဓားသည် ဝမ်းသာအားရ မြည်ဟည်းသွားပြီးနောက် အဆုံးမဲ့သော လွမ်းဆွတ်မှုများ ဖြစ်ပေါ်လာသည် ။

ဝမ်ယွမ်ယွီ၏ မျက်လုံးများတွင်လည်း ရှုပ်ထွေးသော အရိပ်အယောင်များ ပေါ်လာသည် ဖြစ်သည်။

"သူလား..."

ထိုသူသည် သူမအား ခြေအိတ်တစ်စုံ ဝယ်ပေးမည်ဟု ကတိပေးခဲ့ဖူးသည်ကို သူမ မှတ်မိနေပါသည် ။

ကျိယွမ် ဖြတ်သန်းသွားသော ကမ္ဘာအသီးသီးတွင် အစွမ်းထက်သော ပုဂ္ဂိုလ်များစွာသည် ကြာမြင့်စွာ မြုပ်နှံထားသော အမှတ်ရစရာများကို ပြန်လည်နိုးထလာစေပြီး ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ဦးကို သတိရမိသွားကြသည်။

ထိုအချိန်တွင် ကျိယွမ်သည် ပင်လယ်နက်ကို ဖြတ်ကျော်ကာ မူလဇစ်မြစ်နယ်မြေသို့ ပြန်လည်ရောက်ရှိသွားခဲ့လေပြီ ။

တံတားပေါ်မှ ဆင်းလိုက်သည်နှင့် ကျိယွမ်၏ မျက်နှာအမူအရာသည် ပင်လယ်နက်ကို ကြည့်ရင်း ခန့်မှန်းရခက်သွား၏။

"တင်...သင်သည် ပင်လယ်နက်ကို ဆင်ခြင်သုံးသပ်ပေမဲ့..."

" တင်...ဘာမှ မရရှိခဲ့ပါ"

သူသည် စနစ်အသံကို အတုခိုးရန် ကြိုးစားသော်လည်း ဆိုးရွားစွာကျရှုံးသွားသည်။

ပင်လယ်နက်သည် အနန္တအသွင်ကူးပြောင်းတံခါးထက် ပိုမိုနားလည်ရ ခက်ခဲနေ၏။

ထိုတံခါးသည် တစ်ချက်ကြည့်ရုံဖြင့် သူ့ကို အသိအမြင်များ ပေးစွမ်းနိုင်ခဲ့သည် မဟုတ်ပါလား။

"မင်းတို့ အခု ပြန်လို့ရပြီ။ ငါ နောက်တစ်ခါ လိုအပ်တဲ့အခါ ပြန်ခေါ်မယ်"

ချီယွမ်သည် ပင်လယ်နက်ထဲတွင် ရပ်နေသော ဧကရာဇ်နှစ်ပါးကို ခပ်တိုးတိုး ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် ထိုဧကဇ်နှစ်ပါးကို ငရဲပြည်ရှိ နိုင်မြစ်တံတား၏ တံခါးစောင့်များအဖြစ် ခန့်

ထားရန် စဉ်းစားလိုက်မိ၏။

ဒါဆို ..ဒီကောင်တွေကို နွားခေါင်းနဲ့မြင်းမျက်နှာတွေ တပ်ပေးဖို့ လိုမလား ။

"အရှင်သခင်ရဲ့ အမိန့်ကို နာခံရတာဟာ ကျွန်တော်တို့အတွက် ဂုဏ်ယူစရာပါပဲ"

ဧကရာဇ်နှစ်ပါးက တစ်ပြိုင်နက်တည်း ပြန်လည်ဖြေကြားသည်။

ထိုအချိန်တွင် ကျိယွမ်၏ ပုံရိပ်သည် ဖျတ်ခနဲ ပျောက်ကွယ်သွား၏။

သူ ပြန်လည်ပေါ်လာသောအခါ သူသည် 'ဘိုးဘေးသွေး ပြိုင်ပွဲ' ကျင်းပရာ မျှော်စင်ကြီး၏ ထိပ်ဆုံးသို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူ ထွက်ခွာသွားစဉ်ကနှင့် မတူဘဲ မျှော်စင်ကြီးထိပ်တွင် ယခုအခါ သိုင်းနတ်ဘုရားများဖြင့် ပြည့်နှက်နေ၏။

ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ သိုင်းနတ်ဘုရား တစ်သောင်းနီးပါးခန့် ရှိလေသည်။

မျှော်စင်ပေါ်၌ ကျိယွမ် ပြန်ပေါ်လာသည်ကို မြင်သောအခါ ဤအစွမ်းထက်လှသော သိုင်းနတ်ဘုရားများအားလုံးသည် သူတို့၏ မာနကြီးသော ခေါင်းများကို ညွှတ်လိုက်ကြ၏။

ခေါင်းမရှိသူများပင် သူတို့၏ ခန္ဓာကိုယ်ကို ကိုင်းညွှတ်နေကြသည်။

"သိုင်းသူတော်စင်ကို ဂါရဝပြုပါတယ်"

သိုင်းနတ်ဘုရားတစ်သောင်းနီးပါး၏ မျက်လုံးများတွင် လေးစားကြည်ညိုမှုများဖြင့် ပြည့်နှက်နေသည်။

ပင်လယ်နက်ကို ဖြတ်သန်းရန်၊ လက်တစ်ဖက်တည်းဖြင့် ကောင်းကင်ကို ဖုံးအုပ်ရန်နှင့် နေမင်းကြီးကို မျိုချရန်.....။

ဤအရာများသည် သိုင်းနတ်ဘုရားတစ်ပါး၏ စွမ်းအားထက် များစွာကျော်လွန်နေလေပြီ။

၄င်းသည် သေချာပေါက် သိုင်းသူတော်စင်ပင် ဖြစ်ရမည်။

ဥသခင်၏ ခန္ဓာကိုယ်သည် ကြောက်ရွံ့၍မဟုတ်ဘဲ စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေသည် ။

သူ၏ ဘိုးဘေးသည် တခြားသူမဟုတ်ဘဲ ဒဏ္ဍာရီလာ အမြင့်ဆုံးသိုင်းသူတော်စင်ဖြစ်နေ၏။

သမင်နက်နှင့် အခြားဘွဲ့ထူးရ သိုင်းနတ်ဘုရားများ၏ မျက်လုံးများတွင်လည်း မျှော်လင့်ချက်များဖြင့် တောက်ပလျှက်ရှိသည်။

ယခုတစ်ကြိမ်တွင် အရုဏ်ဦးတေးသံကို အမှန်တကယ်ပင် အံတုနိုင်ပေတော့မည်။

ကျိယွမ်သည် သူ့အားအရိုအသေပြုနေသော သိုင်းနတ်ဘုရားများကို ကြည့်လိုက်ရင်း သူ၏မျက်နှာအမူအရာသည် တည်ငြိမ်နေ၏။ ထို့နောက် အတွေးတစ်ခု ရုတ်တရက် ဝင်လာသကဲ့သို့ တိုးတိုးလေး ပြောလိုက်သည် ။

"ငါ အခုချိန်မှာ နည်းနည်း မဲ့ပြုံးလေး ပြုံးလိုက်ရင် သင့်တော်မလား"

ဤမြင်ကွင်းသည် သူ့ကို တီဗီဒရာမာတစ်ခုကို သတိရစေ၏။

အသုံးမကျသော သမက်ဖြစ်သူသည် ပါးရိုက်ခံလိုက်ရပြီးနောက် ဝတ်စုံပြည့် ဝတ်ဆင်ထားသော လူသောင်းချီ ပေါ်လာကာ မပြောမဆိုနှင့် ဒူးထောက်လိုက်ကြ၏။

ထို့နောက် လူအုပ်ကြီးက သံပြိုင်အော်ဟစ်လိုက်သည်။

"နဂါးဘုရင်ကြီး ပြန်လည်ရောက်ရှိလာတာကို ကြိုဆိုပါတယ်"

ဘယ်လောက်တောင် တူလိုက်သလဲ ...။

ထို့သို့ပြောရင်း သူသည် နှုတ်ခမ်းကို ဂငယ်ပုံပေါ်အောင်လုပ်ကာ ပြုံးလိုက်၏။

နာမည်ကျော် ဟာသ မိမ်း(meme) တစ်ခုနှင့် တူသွားလေသည်။

သိုင်းနတ်ဘုရားများကတော့ နားမလည်နိုင်ဘဲ ဇဝေဇဝါ ဖြစ်လျက် အချင်းချင်း ကြည့်လိုက်မိကြ၏။။

ကျိယွမ် အနည်းငယ် စိတ်ပျက်သွားသည် ။

ဤသိုင်းနတ်ဘုရားများသည် အလွန်ခေတ်နောက်ကျနေပြီး တစ်ယောက်မှ ပြက်လုံးကို နားမလည်ကြပေ။

တစ်ယောက်ယောက်က "သူ ပြုံးတော့မယ်၊ သူ့ပါးစပ်ကို ဖြဲပစ်လိုက်ကြ" လို့ ပြောသင့်သည် မဟုတ်ပါလား ။

သူက လက်ကို ဝေ့ယမ်းကာ ငြင်းလိုက်၏။

"ငါ သိုင်းသူတော်စင်မဟုတ်သေးဘူး၊ သိုင်းနတ်ဘုရားပဲ ရှိသေးတယ်။ အဲဒီလို မခေါ်ပါနဲ့"

ကျိယွမ်သည် သူအမှန်တကယ် ရှိသည်ထက် ပိုမို အစွမ်းထက်သယောင် ဟန်ဆောင်ရသည်ကို မည်သည့်အခါမျှ မနှစ်သက်ခဲ့ပေ။

သူသည် ရိုးသားမှုနှင့် စိတ်ရင်းမှန်မှုကိုသာ ပိုမိုနှစ်သက်၏။

နဂိုကတည်းက ဇဝေဇဝါဖြစ်နေသော သိုင်းနတ်ဘုရားများသည် ထိုစကားကို ကြားသောအခါ နောက်ထပ်ဇဝေဇဝါဖြစ်ကာ ဇဝေဇဝါနှစ်ထပ်ကိန်းများ ဖြစ်ကုန်ကြသည်။

ဒီလောက်ကြီး နှိမ့်ချနေတာက နည်းနည်းတော့ များမနေဘူးလား ။

သူက သိုင်းနတ်ဘုရားဆိုရင် ငါတို့က ဘာတွေလဲ ...။

သိုင်းနတ်ဘုရား အတုတွေလား။

အထူးသဖြင့် ကျိယွမ်က ကြယ်တစ်လုံးကို မျိုချလိုက်သည့် မြင်ကွင်းကို သူတို့ ပြန်လည်အမှတ်ရမိသောအခါ မသိမသာပင် ခေါင်းယမ်းမိကြကုန်၏။

ငါတို့က ကြယ်တစ်လုံးကိုမျိုဖို့မပြောနဲ့ နေရာတောင်မရွေ့နိုင်ဘူးကို ။

ကျိယွမ်သာ အလိုရှိလျှင် မူလနယ်မြေကြီးတစ်ခုလုံးကိုပင် မျိုချနိုင်သည် မဟုတ်ပါလား ။

ကျိယွမ်ကတော့ သူတို့၏အတွေးများကို ဂရုမစိုက်ပါ ။ သူက စကားပြောရင်းမှ သူ၏ထိုင်ခုံထံသို့ ပြန်သွားသည် ။

"အားလုံး အိမ်ပြန်ကြတော့။ ဘိုးဘေးသွေးပြိုင်ပွဲက ဆက်ရှိနေသေးတယ်"

ကျိယွမ်က ပြတ်သားစွာဆိုသည် ။

"ဒီမှာ လူတွေ အများကြီး စုဝေးနေရင် တစ်ယောက်ယောက်က ငါတို့ ရန်ဖြစ်နေကြတာ ဒါမှမဟုတ် မဖွယ်မရာ တစ်ခုခု လုပ်နေကြတယ်လို့ ထင်သွားလိမ့်မယ်။ အဲဒါက ကြည့်မကောင်းဘူး"

သူသည် လူမှုဆက်ဆံရေးတွင် အနည်းငယ် ရှက်ရွံ့တတ်သူ ဖြစ်သည်။

ထို့အပြင် မလှမပနှင့် ပုံစံမျိုးစုံ အရွယ်အစားမျိုးစုံဖြစ်နေသော သက်ကြီးရွယ်အို အမျိုးသား၊ အမျိုးသမီး အများအပြားကို တွေ့ရခြင်းက သူ့ကို စိတ်မသက်မသာ ဖြစ်စေ ၏။

အသက်ကြီးတာချင်းအတူတူ ငါ့ရဲ့မျှော်လင့်ခြင်းလမင်းတွေကမှ ချစ်ဖို့ကောင်းတာ ၊ ရေမချိုးထားရင်တောင် အနံ့ကမွှေးနေရော ...။

"ဘိုးဘေးသွေးပြိုင်ပွဲက ပြီးတော့မယ်၊ အရှေ့ဘက်သခင်ရဲ့ နံရံက မကြာခင် ပေါ်လာတော့မှာပါ။ ကျွန်တော်တို့ကို ကောင်းကင်အရှင်သခင်နဲ့အတူ အရှေ့ဘက်သခင်ရဲ့ နံရံကို သက်သေခံဖို့ အဖော်ပြုခွင့်ပြုပါ"

ဘွဲ့ထူးရ သိုင်းနတ်ဘုရားတစ်ဦးက အကြံပြုသည်။

'ကောင်းကင်အရှင်သခင်' ဆိုသော ဘွဲ့အမည်မှာ ပုံရိပ်ဖော်ကျောက်တုံးကို ကြည့်နေစဥ် အထက်ဘုံမှဆင်းလာသော ရေမချိုးသည့်အဖိုးအိုထံမှ သူ ရရှိခဲ့သော အမည်ဖြစ်သည်။

သူက အရှေ့ဘက်သခင်အကြောင်းကို ပြောလိုက်သောအခါ သိုင်းနတ်ဘုရားများ အားလုံး၏ မျက်လုံးများသည် လေးစားမှုနှင့် စိတ်အားထက်သန်မှုများဖြင့် တောက်ပလာသည်။

ထိုအကြည့်သည် သူတို့ ကျိယွမ်ကို ကြည့်သော အကြည့်နှင့် ဆင်တူသော်လည်း လုံးဝ တူညီသည်တော့ မဟုတ်ပေ ။

"ကောင်းပြီလေ"

ကျိယွမ်က စကားအများကြီး မပြောချင်သဖြင့် ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။

ယခုအချိန်တွင် သူသည် ဝိညာဉ်လမ်းစဥ် သိုင်းနတ်ဘုရားဆိုသည်မှာ အတိအကျ ဘာလဲဆိုသည်ကို သိရှိရန် စိတ်အားထက်သန်နေ၏။

သူသည် ဝိညာဉ်လမ်းစဥ်သိုင်းနတိဘုရားနှင့် လူသားလမ်းစဥ်သိုင်းနတ်ဘုရားနှစ်မျိုးလုံး ဖြစ်လာသည်နှင့် 'လမ်းစဉ်ပေါင်းစုံ သိုင်းနတ်ဘုရား' နယ်ပယ်သို့ ဖောက်ထွက်ရန် ကြိုးစားနိုင်တော့မည် မဟုတ်ပါလား။

နံရံကြီးရေ ..မင်းငါ့ကို စိတ်ပျက်အောင်တော့ မလုပ်ဘူး မှတ်လား ။

.............

အချိန်များသည် ကမ္ဘာကြီးက အရှိန်မြှင့်လိုက်သကဲ့သို့ လျင်မြန်စွာ ကုန်ဆုံးသွားသည် ။

ဘိုးဘေးသွေးပြိုင်ပွဲသည်လည်း သိသိသာသာ အရှိန်မြင့်လာ၏။

မျှော်စဥ်အတွင်း၌ ဖြစ်သည်။

မူယန်သည် တစ်ကိုယ်လုံးသွေးများဖြင့် ရွှဲနစ်နေပြီး သူ၏ရှေ့မှ ကြောက်မက်ဖွယ်ကောင်းသော သားရဲကို စိုက်ကြည့်နေ၏။

သူသည် ပြင်းထန်သော ဟိန်းဟောက်သံနှင့်အတူ သူ၏ သွေးသိုင်းစွမ်းအား အားလုံးကို သူ၏ တိုက်ခိုက်မှုအတွင်းသို့ လောင်းထည့်လိုက်၏။

"သတ်စမ်း..."

သူသည် ထိပ်တန်း အယောက် ၃၀ အတွင်းသို့ ရောက်ရှိရန် သန္နိဋ္ဌာန်ချထားသည် ။

ထိပ်တန်း အယောက် ၃၀ အတွင်းသို့ ဝင်နိုင်မှသာ သူ၏ဘိုးဘေးက ကျိယွမ်အတွက် အသနားခံပေးရန် သူ၏ တောင်းဆိုချက်ကို လက်ခံမည် ဖြစ်သည်။

မူလဇစ်မြစ်မြေတွင် ထိုအရာက ကျိယွမ်အတွက် အသက်ရှင်သန်ရန် နောက်ထပ် အခွင့်အရေးတစ်ခု ဖြစ်လာပေလိမ့်မည်။

"သေစမ်း..."

မူယန်သည် သူ၏ဓားဖြင့် တအားကုန် ပိုင်းချလိုက်သည်။

ထိုကဲ့သို့ အစွမ်းထက်သော တိုက်ခိုက်မှုသည် မြစ်များကို ဖြတ်တောက်နိုင်ပြီး တောင်တန်းကြီးများကိုပင် ရွှေ့ပြောင်းနိုင်၏။

သူ၏ရှေ့မှ ကြောက်မက်ဖွယ် သားရဲမှာ တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသည် ။

အမောတကော အသက်ရှူရင်း မူယန်၏ မျက်လုံးများတွင် မရေရာမှုများ ပေါ်လာ၏။

"နောက်တစ်ကြိမ်မှာ ငါ သားရဲ ၁၀ ကောင်နဲ့ ရင်ဆိုင်ရမယ်။ အဲဒါတွေကို အနိုင်ယူနိုင်ရင် ငါ ထိပ်တန်း ၃၀ ထဲကို ရောက်ပြီ"

သားရဲတစ်ကောင်ကပင် ကိုင်တွယ်ရ ခက်ခဲလှသည်။

၁၀ ကောင်ဆိုလျှင်မူ...။

သူသည် သွားကိုတင်းတင်းကြိတ်လိုက်ပြီး သူ၏ စိတ်ဓာတ်ကို ခိုင်မာအောင် မာန်တင်းလိုက်၏။

သူ၏ ဓားကြီးကို ကိုင်စွဲကာ ရှေ့သို့ ကြည့်လိုက်သည် ။

သို့သော် ထိုအချိန်တွင် သူ၏ မျက်နှာအမူအရာသည် ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားသည် ဖြစ်သည်။

"သုံး...သုံး... သုံးရာလား"

သူ၏ရှေ့တွင် တောင်တစ်လုံးကဲ့သို့ ကြီးမားသော သားရဲကြီး သုံးရာသည်

သူ့ထံသို့ ပြေးဝင်လာနေ၏။

သူတို့သည် တစ်ကောင်နှင့်တစ်ကောင် တိုးဝှေ့ရင်း သူ့ထံသို့ အပြေးအလွှား လာနေကြခြင်းဖြစ်သည်။

အဆိုးဆုံးမှာ ထိုသားရဲ သုံးရာလုံးသည် အစစ်အမှန်များ ဖြစ်နေခြင်းပင်။

ကောင်ရေ တစ်ရာကို သတ်နိုင်လျှင် ပထမ ရရှိမည် ဖြစ်သည်။

ဒါပေမဲ့ သုံးရာဆိုတာက...။

ဒါက ဘာကြီးလဲ ။

ငါ့ကို တမင်ပစ်မှတ်ထား ခံနေရတာလား ။

ထိုအချက်ကသာ တစ်ခုတည်းသော ရှင်းပြချက် ဖြစ်ပုံရသည်။

မဟုတ်ရင် ဘာလို့ ရုတ်တရက်ကြီး ရန်သူ သုံးရာနဲ့ ရင်ဆိုင်ရမှာလဲ ။

"မဟုတ်ဘူး၊ ငါ ပြန်ဆုတ်လို့ မရဘူး။ မဟုတ်ရင်... ငါ နောက်ဆုံးဖြစ်သွားမှာ သေချာတယ်"

မူယန်သည် သူ့ဘာသာ စဉ်းစားလိုက်သည်။

သူ မသိလိုက်သည်မှာ ရဲတိုက်၏ အခြားတစ်ထပ်တွင် ဝတ်စုံနက် ဝတ်ဆင်ထားသော လူတစ်ဦးသည် ဝါးလုံးတစ်လုံးပေါ်တွင် ရပ်နေပြီး အကူအညီမဲ့စွာ ကြည့်နေ၏။

"ငါက အမြင့်ကြောက်တာလည်း မဟုတ်ဘဲနဲ့။ ဘာလို့... ဘာလို့ ငါ မလှုပ်ရှားနိုင်ရတာလဲ"

အခြားတစ်ဖက်တွင်မူ မူယန်သည် သူ၏ ဓားရှည်ကို တင်းတင်းဆုပ်ကိုင်ကာ သားရဲ သုံးရာကို ရင်ဆိုင်ရန် မတွန့်မဆုတ်ဘဲ ရှေ့သို့ ပြေးဝင်သွားသည် ။

သူ အရှုံးပေးရမည်ဆိုလျှင်ပင် ဂုဏ်သိက္ခာရှိရှိ အရှုံးပေးမည် ဖြစ်သည်။

"မင်းတို့ အားလုံး... သေကြစမ်း"

အင်အားပါလှသော ခုတ်ပိုင်းချက်ကြီးတစ်ခုနှင့်အတူ ထိုစွမ်းအားသည် ကြယ်တစ်လုံးကို ဖြတ်တောက်ရန် လုံလောက်၏။

ဖောက်...။

"ဟမ်.."

မူယန်သည် ခေတ္တမျှ ကြောင်အသွားပြီး မျက်တောင်များကို တဖျပ်ဖျပ်ခတ်လိုက်မိသည်။

သူမျှော်လင့်ထားသော ရလဒ်မျိုး ပေါ်မလာပေ ။

သူ၏ရှေ့မှ သားရဲ သုံးရာသည် စက္ကူများဖြင့် ပြုလုပ်ထားသကဲ့သို့ အပိုင်းပိုင်း ပြတ်ထွက်ကုန်ကာ အသားစများအဖြစ် ပြောင်းလဲသွားသောကြောင့်ပင်။

သူ ထပ်မံ မျက်တောင်ခတ်လိုက်မိသည် ။

"ဒါက ထင်ယောင်ထင်မှားလား။ အကုန်လုံးက အတုတွေလား"

သူသည် ဇဝေဇဝါ ဖြစ်နေပြီး သူ၏မျက်လုံးကိုပင် သူ ပြန်မယုံနိုင်အောင် ဖြစ်နေသည် ။

သူသည် တစ်ချက်တည်းနှင့် ဤမျှ အစွမ်းထက်သော သားရဲများကို တကယ်ပဲ သတ်လိုက်တာလား ။

ဒါက အစစ်အမှန်လား ..။

ထိုအချိန်တွင် သာယာသော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"အံ့ဩစရာကောင်းတဲ့ ပိုင်းချက်ပဲ၊ သားရဲ သုံးရာကို တစ်ချက်တည်းနဲ့ နှိမ့်နင်းနိုင်ခဲ့တယ်"

" ကလေး၊ မင်းက သိုင်းဘုရင် နယ်ပယ်ရဲ့ အထွတ်အထိပ်ကို ရောက်နေပြီ။ ဒီတစ်ခါ ဘိုးဘေးသွေးပြိုင်ပွဲရဲ့ ချန်ပီယံက မင်းပဲ"

"ဗျာ..."

မူယန်သည် ဓားကြီးကို ကိုင်ထားရင်းမှ မှင်တက်သွား၏။

သူသည် သူ၏ရှေ့တွင် ပေါ်လာသော သိုင်းနတ်ဘုရား၏ ပုံရိပ်ယောင်ကို အရာအားလုံးက အိပ်မက်တစ်ခုကဲ့သို့ သံသယဖြင့် ကြည့်နေသည်။

"ငါ့ရဲ့ သွေးမျိုးဆက်နဲ့ တကယ်ကို ထိုက်တန်တယ်၊ ငြင်းချက်ထုတ်စရာမလိုတဲ့ နံပါတ်တစ် သိုင်းဘုရင်ပဲ"

ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသော အသံတစ်ခု ထွက်ပေါ်လာ၏။

သိုင်းနတိဘုရား တစ်ဦး၏ ပုံရိပ်သည် မူယန်၏ ဘေးတွင် ပေါ်လာခဲ့သည်။

သူသည် မူယန်ကို ချီးကျူးမှုနှင့်အတူ ချစ်ခင်မှုများဖြင့် ကြည့်နေ၏။

မူယန်သည် ထိုပုံရိပ်ကို မြင်သောအခါ ချက်ချင်း ဦးညွှတ်လိုက်ပြီး သူ၏မျက်နှာမှာ တည်ကြည်သွားသည် ။

"ဘိုးဘေးကို ဂါရဝပြုပါတယ်"

ဤသိုင်းနတ်ဘုရားသည် မူယန်၏ သွေးမျိုးဆက်ကို စတင်ခဲ့သူ သိုင်းသခင်ကြီး ဖြစ်သည်။

(သိုင်းသခင်ကြီး ဆိုသည်မှာ သူ၏ဘွဲ့နာမည်ဖြစ်၏။ ဥပမာ - ဥသခင် ၊ သမင်နက်သခင် )

မူယန်မှာ သူ၏ဘိုးဘေးက ဘာကြောင့် ရုတ်တရက် ဤမျှကြီး ချစ်ခင်ပြနေရသနည်းဟု ဇဝေဇဝါ ဖြစ်နေ၏။

"ဒီလိုတွေ လုပ်နေဖို့ မလိုပါဘူး။ ဘိုးဘေးသွေးပြိုင်ပွဲမှာ ပထမရတာဟာ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပဲ"

သိုင်းသခင်ကြီးက စိတ်လှုပ်ရှားစွာ ချီးကျူးလိုက်သည် ။

ယခုအချိန်တွင် မူယန်ပြောခဲ့သော ကျိယွမ်သည် ဒဏ္ဍာရီလာ သိုင်းသူတော်စင်ကြီးကျိယွမ် ဖြစ်ကြောင်း သူ အသေအချာ သိရှိသွားပြီ ဖြစ်သည်။

မဟုတ်ရင် ဘာလို့ သိုင်းသူတော်စင်က မူယန်အကြောင်းကို ပြောပြီး မူယန်ကို မျက်နှာသာ ပေးရမှာလဲ ။

သိုင်းသူတော်စင်တစ်ပါးက မူယန်ကို ချီးကျူးနေမှတော့ မူယန်မှ ပထမ မရလျှင် မည်သူက ရသင့်သနည်း။

အကယ်၍ အခြားသူက ရသွားပါက ၊ အဲဒါက သိုင်းသူတော်စင်ကြီးမှာ အမြင်မရှိဘူးလို့ ပြောရာရောက်နေလိမ့်မည် ဖြစ်သည်။

ထိုကြောင့် ယခုအချိန်တွင် မူယန်သည် ဘိုးဘေးသွေးပြိုင်ပွဲ၏ ငြင်းမရသော ချန်ပီယံ ဖြစ်၏။

မူယန်သည် ဘိုးဘေး၏ ဂုဏ်ပြုစကားများကို ကြားရသောအခါ အိပ်မက်တစ်ခုထဲ ရောက်နေသကဲ့သို့ ခံစားနေရဆဲ ဖြစ်ပြီး အဖြစ်မှန်ကို နားမလည်နိုင်သေးပေ။

"အခု မင်း ပထမရပြီဆိုတော့ ဘိုးဘေးသွေးနှစ်ခြင်းကို ခံယူပြီး သိုင်းနတ်ဘုရား ဖြစ်လာတော့၊ ပြီးရင် ငါတို့ အရှေ့ဘက်မဟာမိတ်အဖွဲ့ထဲကို ဝင်လိုက်ပါ"

သိုင်းသခင်ကြီးက ညွှန်ကြားလိုက်သည် ။

ထိုစကားကို ကြားသောအခါမှ မူယန်သည် အဖြစ်မှန်ကို စတင်လက်ခံလာ၏။

သူ၏နှလုံးသားမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်လျှံလာသည် ။

ငါက တကယ်ပဲ ပြိုင်ဘက်ကင်း ပါရမီရှင်တစ်ယောက် ဖြစ်နေတာလား...။

အန္တရာယ်ရှိတဲ့ အချိန်မှာ ငါ့ရဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်ပြီး သားရဲ သုံးရာကို တစ်ချက်တည်းနဲ့ သတ်နိုင်ခဲ့တာလား ...။

ထိုအတွေးက သူ့ကို ရင်ခုန်စေသည် ။

အမှန်တကယ်ပင် သူသည် ဤကမ္ဘာ၏ ဇာတ်လိုက်၊ ကံကောင်းခြင်းများစွာ ရရှိထားသော ရွေးချယ်ခံရသူပင် ။

ထို့နောက် တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး မူယန်က အလျင်အမြန် ပြောလိုက်သည် ။

"ဘိုးဘေး၊ ကျွန်တော် ထိပ်တန်း အယောက် ၃၀ ထဲ ဝင်သွားပြီဆိုတော့ ကျေးဇူးပြုပြီး..."

သူသည် ကျိယွမ်အတွက် စိုးရိမ်နေဆဲ ဖြစ်သည်။

"အဲဒါအတွက် စိတ်မပူနဲ့"

သိုင်းသခင်ကြီးက မူယန်ကို ထောက်ခံသော အကြည့်ဖြင့် အားပေးလိုက်၏။

ဘိုးဘေးက အလွယ်တကူ အာမခံလိုက်သောကြောင့် မူယန်၏ နှလုံးသားမှာ သူ၏ဘဝက အံ့ဩစရာကောင်းလောက်အောင် ပြောင်းလဲသွားသကဲ့သို့ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည် ။

သို့သော် သူသည် ဘိုးဘေးသွေး နှစ်ခြင်းကို အမြန်ခံယူပြီး သိုင်းနတ်ဘုရား ဖြစ်လာရန် လိုအပ်နေသေးသည်။

ဘိုးဘေး၏ မျက်နှာသာပေးမှုကို အားကိုးပြီး ကျိယွမ်ကိုကူညီခြင်းက ပုဂ္ဂိုလ်ရေးအရ ကူညီမှုတစ်ခုသာ ဖြစ်ပြီး မကြာမီ လျစ်လျူရှုခံရနိုင်ခြေ ရှိသည်။

သူကိုယ်တိုင် သိုင်းနတ်ဘုရား ဖြစ်လာမှသာလျှင် ကျိယွမ်၏ ဘေးကင်းမှုကို သူကိုယ်တိုင် အာမခံနိုင်မည် ဖြစ်သည်။

မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေလျက် မူယန်သည် ဘိုးဘေးသွေး နှစ်ခြင်းကို ခံယူရန် ချီတက်သွားတော့သည်။

ထိုအချိန်တွင် မျှော်စင်ထိပ်ဖျား၌ ကျိယွမ်က သမ်းဝေလိုက်သည်။

"ဘိုးဘေးသွေးပြိုင်ပွဲက နောက်ဆုံးတော့ ပြီးသွားပြီ"

သမင်နက်သခင်က ချက်ချင်း တုံ့ပြန်၏။

"ကောင်းကင်အရှင်သခင်ရဲ့ အမျှော်အမြင်က တကယ်ကို ထူးခြားပါတယ် ၊ မူယန်က ပထမ ရသွားပါပြီ"

"အော် ဟုတ်လား၊ မဆိုးပါဘူး"

ကျိယွမ်သည် ပြိုင်ပွဲကို အာရုံမစိုက်ခဲ့ပေ ။ သူသည် အနားယူနေခြင်း (သို့မဟုတ်) သူ၏ အွန်လိုင်းသူငယ်ချင်းနှင့် ငရဲပြည် တည်ဆောက်ခြင်းအကြောင်းကို ဆွေးနွေးနေခြင်း ဖြစ်သည် ။

ထိုသူငယ်ချင်းမှာ အမှန်တကယ် အဖိုးတန်သော လူတစ်ယောက်ပင်။

သူသည် ငရဲပြည်အတွက် စီမံကိန်းအမျိုးမျိုးကို ပါဝါပွိုင့်အစောင် ၇ စောင်အထိ ပြင်ဆင်ပြီး သူ့အား တင်ပြခဲ့ကြ၏။

ထိုကဲ့သို့ ကြင်နာတတ်သော အင်တာနက်အသုံးပြုသူမျိုးကို ရှာရန် ခဲယဉ်းလှ၏။

တစ်ကြိမ်တွင်မူ ထိုသူငယ်ချင်းက ငရဲပြည် တည်ဆောက်ပြီးပါက သူတို့အား အောက်ခြေအဆင့် အစေခံတစ်ဦးအဖြစ် ဝင်ရောက်ခွင့်ပြုမလားဟုပင် မေးခဲ့သည်။

ကျိယွမ်ကလည်း အဘယ့်ကြောင့် သဘောတူရန် တွန့်ဆုတ်နေမည်နည်း ။

"အခု ပြိုင်ပွဲက ပြီးသွားပြီဆိုတော့ အရှေ့ဘက်သခင်ရဲ့ နံရံက မကြာခင် ပေါ်လာတော့မှာ မဟုတ်လား"

ကျိယွမ်က အရှေ့ဘက်မဟာမိတ်အဖွဲ့မှ သိုင်းနတ်ဘုရားများကို ကြည့်ကာ မေးလိုက်သည် ။

"မှန်ပါတယ်"

သမင်နက်သခင်က အလျင်အမြန် ဖြေကြား၏။

"ခဏလောက် စောင့်ပေးပါဦး ကောင်းကင်အရှင်သခင်"

အရှေ့ဘက်မဟာမိတ်အဖွဲ့မှ ဘွဲ့ထူးရ သိုင်းနတ်ဘုရားအများအပြားက ရှေ့သို့ ထွက်လာကြသည်။

ပြင်းထန်သော သွေးသိုင်းစွမ်းအားများသည် လေထုထဲတွင် ပြည့်နှက်သွားပြီး မျှော်စင်အတွင်းမှ ရှေးဟောင်းအငွေ့အသက်များ စတင် ထွက်ပေါ်လာ၏။

ကျိယွမ်သည် သူ၏ထိုင်ခုံပေါ်တွင် ထိုင်နေသော်လည်း သူ၏မျက်နှာမှာတော့ စပ်စုလိုစိတ်များဖြင့် ပြည့်နှက်နေသည် ။

သူ၏ရှေ့တွင်ရှိနေသော မျှော်စင်ထိပ်ရှိ နံရံတစ်ခုပေါ်၌ သွေးစက်တစ်ခု ပေါ်လာ၏။

ထို့နောက် သွေးတစ်စက်မှသည် သွေးစီးကြောင်းကြီး ကျဆင်းသွားသကဲ့သို့ ထိုနံရံတစ်ခုလုံးသည် ဖြည်းညှင်းစွာ သွေးနီရောင် ပြောင်းသွားသည်။

ထိုအချိန်တွင် သူ၏မျက်လုံးများမှ အချက်အလက်များသည် ကျိယွမ်၏ စိတ်ထဲသို့ စီးဝင်လာ၏။

[အရှေ့ဘက်သခင်၏ နံရံ၊ အရှေ့ဘက်သခင်၏ သွေးတစ်စက် ပါရှိသည်။]

"ကောင်းကင်အရှင်သခင်၊ ဒါက အရှေ့ဘက်သခင်ရဲ့ နံရံပါပဲ"

သမင်နက်သခင်က အလေးအနက် ဦးညွှတ်ရင်း ပြောလိုက်သည်။

အရှေ့ဘက်မဟာမိတ်အဖွဲ့မှ သိုင်းနတ်ဘုရား တစ်သောင်းခန့်သည် ထိုနံရံကို ရိုသေခန့်ညားသော အမူအရာများဖြင့် ကြည့်နေကြ၏။

"အရှေ့ဘက်သခင်ဟာ အခုချိန်မှာ မဟာဘေးဒုက္ခကို တစ်ကိုယ်တည်း ခုခံနေရတာပါ၊ ကျွန်တော်တို့နဲ့ ဆက်သွယ်ဖို့အတွက် သွေးတစ်စက်ကိုပဲ နံရံပေါ်မှာ ချန်ထားခဲ့တာပါ

ဘွဲ့ထူးရ သိုင်းနတ်ဘုရားတစ်ဦးက ရှုပ်ထွေးသော ခံစားချက်များဖြင့် ရှင်းပြသည်။

ဤရှုပ်ထွေးသော ခံစားချက်မှာ အပြစ်ရှိသကဲ့သို့ ခံစားရခြင်းနှင့် စိတ်ပျက်အားလျော့ခြင်းတို့ ရောပြွမ်းနေ၏။

သူတို့သည် အရှေ့ဘက်သခင်ကို မကူညီနိုင်သဖြင့် အပြစ်ရှိသကဲ့သို့ ခံစားနေကြရခြင်းဖြစ်သည်။

"အရှေ့ဘက်သခင်ရဲ့ နံရံကတစ်ဆင့် မဟာဘေးဒုက္ခရဲ့ အစိတ်အပိုင်းအချို့ကို ကျွန်တော်တို့ မြင်နိုင်ပါတယ်။ အရှေ့ဘက်သခင် ဘယ်လောက်ကြာကြာ ဆက်ပြီး တောင့်ခံနိုင်မလဲဆိုတာ မသေချာပါဘူး"

သမင်နက်သခင်က စိုးရိမ်တကြီး ပြောလိုက်သည် ။

သူက လက်ကို ဝေ့ယမ်းလိုက်ရာ ထိုနံရံသည် ပြတင်းပေါက်တစ်ခုကဲ့သို့ ပွင့်သွားလေ၏။

ထိုပြတင်းပေါက်မှတစ်ဆင့် မြင်ကွင်းတစ်ခု ပေါ်လာသည်။

ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံများ ထွက်ပေါ်လာပြီး လူတိုင်းကို ကျောချမ်းစိမ့်သွားစေ၏။

ကျိယွမ်သည်လည်း နံရံကို စိုက်ကြည့်နေရင်းမှ မရေမတွက်နိုင်သော ပုံရိပ်များသည် သူ၏မျက်လုံးရှေ့တွင် ဖျတ်ခနဲ ဖြတ်သန်းသွားသည် ။

၎င်းတို့သည် အရောင်စုံလင်သော အလင်းတန်းများ ဖြစ်ကြပြီး လူ့မျက်စိဖြင့်ပင် မမြင်နိုင်သော အရောင်များ ပါဝင်နေလေသည်။

အလင်းတန်း တစ်ခုချင်းစီတွင် အဆိုးရွားဆုံးသော မကောင်းမှုများ ပါရှိပြီး အရာအားလုံးကို ဝါးမျိုဖျက်ဆီးပစ်နိုင်သော သားရဲကြီးများအဖြစ် ပြောင်းလဲနေ၏။

ထိုသားရဲကြီးများ၏ ပါးစပ်များအတွင်း၌ ကမ္ဘာဦးဥပဒေသ အစိတ်အပိုင်းများသည် ကြေမွသွားပြီး အလင်းတန်းများအတွင်းသို့ စုပ်ယူခံလိုက်ရသည်။

ကမ္ဘာကြီး၏ တစ်ဖက်ခြမ်းတွင် ရုန်းကန်လှုပ်ရှားနေသော အလင်းတန်း အစုအဝေးကြီး ရှိနေပြီး အခြားတစ်ဖက်တွင်မူ... လူတစ်ဦးတည်းသာ ရှိလေ၏။

မျက်နှာနှင့် ရုပ်သွင်ကို ခွဲခြားမရသော ဝတ်စုံဖြူဝတ် လူတစ်ဦးသည် ကမ္ဘာကြီးကို ဟန်ချက်ညီအောင် ထိန်းထားသကဲ့သို့ ဟင်းလင်းပြင်ထဲတွင် ရပ်နေသည်။

မရေမတွက်နိုင်သော အလင်းတန်းများနှင့် အရောင်များသည် သူ့ကို ဝါးမျိုရန် ကြိုးစားနေသော်လည်း မည်သည့်အရာမှ မအောင်မြင်ပေ ။

[မကောင်းမှုအရင်းအမြစ်များ ၊ အရာအားလုံးကို စားသုံးသော ထူးဆန်းသော သတ္တဝါများ။ သူတို့ ဖြစ်တည်လာရန် အခြေအနေမှာ အလွန်ပင် ရှားပါးလှသည်။]

ကျိယွမ်သည် ထိုအလင်းတန်း အစုအဝေးကို အာရုံစိုက်လိုက်သောအခါ သူ၏မျက်လုံးများက ဤအရေးကြီးသော အချက်အလက်ကို ဖော်ပြပေးလာ၏။

"ဒီနတ်ဆိုးတွေက အရေအတွက်ပွားများလာနေတယ်။အရုဏ်ဦးတေးသံ ကလည်း နီးကပ်လာပြီ၊ကျွန်တော်တို့ကသာ ကမ္ဘာကြီးကို ပြန်လည်မစတင်နိုင်ဘဲ အရှေ့ဘက်သခင်ရဲ့ ကြင်ယာတော်ကို နိုးထအောင် မလုပ်နိုင်ရင် အရှေ့ဘက်သခင်ဟာ တောင့်ခံဖို့ ခက်ခဲသွားပါလိမ့်မယ်"

သမင်နက်သခင်က အလွန် စိုးရိမ်စွာ ပြောလိုက်သည်။

သူနောက်ဆုံးအကြိမ် ဤမြင်ကွင်းကို မြင်ခဲ့ရစဉ်ကထက် ယခုအကြိမ်၏အခြေအနေမှာ ပိုမို စိုးရိမ်စရာ ကောင်းလာခဲ့၏။

ထိုသို့ ပြောနေရင်းမှ သူသည် ကျိယွမ်ကို လှမ်းကြည့်လိုက်သည်။

အရှေ့ဘက်သခင်၏ ကြင်ယာတော်ကို ပြန်လည်နိုးထစေနိုင်ပြီး ဤကောင်းကင်အရှင်သခင်၏ အကူအညီပါ ရရှိလျှင် မဟာဘေးဒုက္ခမှ လွတ်မြောက်ရန် အခွင့်အရေး ရှိနိုင်၏။

သို့သော် ကျိယွမ်မှာမူ အခြားကိစ္စကိုသာ စိတ်ဝင်စားနေသည်။

"ဒီမကောင်းမှုအရင်းအမြစ်တွေက ကမ္ဘာပေါ်က စိတ်ခံစားမှုအားလုံးပဲ ၊ မနာလိုမှု၊ လောဘကြီးမှု၊ ခေါင်းမာမှူ ...စတာတွေကို ကိုယ်စားပြုနေပုံရတယ်။ အဲဒါတွေက ငါ့ရဲ့ မူလစွမ်းအားနဲ့ နည်းနည်းတူနေသလိုပဲ"

သူ၏ မူလစွမ်းအားမှာ 'ဟင်းလင်းပြင်နတ်ဆိုးဧကရာဇ်၏ နှလုံးသားနတ်ဆိုး နိူးထခြင်း' ဖြစ်သည်။

အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ကျိယွမ်သည် ထိုမကောင်းမှုအရင်းအမြစ်များနှင့် ထူးဆန်းသော ဆက်နွှယ်မှုတစ်ခုကို ခံစားနေရ၏။

ပို၍တိကျစွာ ပြောရလျှင် အရှေ့ဘက်သခင်ကို ဖိနှိပ်နေသော ထိုအရာများသည် လောပတစ်ခွင်လုံးကို ကြောက်ရွံ့စေသော်လည်း သူ့ကိုတော့ ကြောက်လန့်စေခြင်း မရှိပေ။

စကြဝဠာရှိ အရာအားလုံးတွင် ဆန့်ကျင်ဘက် အရာများ ရှိ၏။

"ဒါဆို ကောင်းကင်အရှင်သခင်ရဲ့ မူလစွမ်းအားက ဒီလိုအဆိုးမြင် စိတ်ခံစားမှုတွေနဲ့ တူနေတာများလား"

သမင်နက်သခင်သည် ကျိယွမ်ကို သံသယဖြင့် ကြည့်လိုက်မိသည်။

အဲဒါတွေက လူကောင်းတစ်ယောက်ရဲ့ စွမ်းအားနဲ့တော့ မတူဘူး မဟုတ်လား...။

သို့သော် သူထုတ်မပြောရဲပါ။

ကျိယွမ်က သမင်နက်ကို နားမလည်သလို ကြည့်၏။

"ဘာ အဆိုးမြင် စိတ်ခံစားမှုလဲ။ ဒါတွေက စစ်မှန်တဲ့ အပြုသဘောဆောင်တဲ့ စွမ်းအင်တွေပဲ"

" မနာလိုမှုလား... တစ်နည်းအားဖြင့် ပြောရရင် မနာလိုမှုဟာ လူတွေကို ပိုကောင်းလာအောင် တွန်းအားပေးတယ်၊ ရည်မှန်းချက်တွေကို ဖြစ်ပေါ်စေတယ်။"

"ရာဂလား.... ကမ္ဘာကြီးရဲ့ ဥပဒေသတွေအတွက်တော့ သက်ရှိတွေ များလေလေ ကောင်းလေလေပဲ။ ရာဂက မျိုးပွားမှုကို အားပေးတယ်၊ အဲဒါက သက်ရှိတွေကို ပိုများလာစေတယ်လေ"

"မာနလား... အဲဒါက သိုင်းသမားတွေကို ရှေ့ဆက်သွားဖို့ တွန်းအားပေးတဲ့ ဂုဏ်သိက္ခာပဲ မဟုတ်ဘူးလား"

"......"

သမင်နက်သခင်မှာ ဆွံ့အသွားလေ၏။

သူပြောသလိုဆို မကောင်းမှုဆိုတာ ရှိပါတော့မလား။

အခြားသော သိုင်းနတ်ဘုရားများသည် လည်း ကျိယွမ်ကို ထူးဆန်းသော အမူအရာများဖြင့် ကြည့်နေကြသည်။

သူတို့က ကျိယွမ်၏အမြင်ကို သဘောမတူရင်တောင်မှ ဘယ်သူကမှ သူ့ကို ပြန်ပြီး မငြင်းရဲကြပေ။

ထိုအချိန်တွင် ကျိယွမ်၏ အကြည့်သည် မကောင်းမှုအရင်းအမြစ်များကို တိုက်ခိုက်နေသော ပုံရိပ်ထံသို့ ရောက်သွားသည် ။

[အရှေ့ဘက်သခင်၏ ပုံရိပ်ယောင်၊မြင့်မြတ်အလင်း မျိုးနွယ်စုဝင်တစ်ဦးဖြစ်သည်။]

----------------

အခန်း ၃၇၅ - နှလုံးသားက ယုံကြည်သော်လည်း နှာခေါင်းက မယုံကြည်....

ကျိယွမ်၏ မျက်လုံးများမှဖော်ပြပေး ရသော အချက်အလက်မှာ အလွန်ရိုးရှင်းသည်။

ထိုပုံရိပ်သည် အမှန်တကယ်ပင် အရှေ့ဘက်သခင်၏ ပုံရိပ်ယောင် ဖြစ်၏။

သူသည် လက်ရှိတွင် မကောင်းမှုအရင်းအမြစ်များနှင့် တိုက်ခိုက်နေသည်။

အကယ်၍ မကောင်းမှုအရင်းအမြစ်များက အရှေ့ဘက်သခင်ကို ကျော်ဖြတ်သွားပါက မူလဇစ်မြစ်နယ်မြေ ၊ တောင်နှင့်မြစ်ပန်းချီကားကမ္ဘာနှင့် အဆုံးသတ်နယ်မြေတို့သည် ခဏချင်းအတွင်း မကောင်းမှုအရင်းအမြစ်များ၏ ကစားကွင်း ဖြစ်သွားလိမ့်မည်ဟု ကျိယွမ်၏ မျက်လုံးများက ပြောပြနေ၏။

ဤအချက်က အရှေ့ဘက်သခင်သည် ကပ်ဘေးကြီးကို တိုက်ဖျက်ပြီး ကမ္ဘာကြီးကို ကယ်တင်နေသည်မှာ အမှန်ပင် ဖြစ်ကြောင်း အတည်ပြုပေးလိုက်ခြင်းပင်။

ထိုနေရာရှိ သိုင်းနတ်ဘုရားများသည် အရှေ့ဘက်သခင်၏ ပုံရိပ်ယောင်ကို ကြည့်ပြီး စိတ်လှုပ်ရှားစွာ သက်ပြင်းချနေကြ၏။

"မူလဇစ်မြစ်နယ်မြေမှာ နှစ်ပေါင်းသောင်းနဲ့ချီရုံပဲ ကုန်ဆုံးသွားသေးတာ ဖြစ်နိုင်ပေမယ့်၊ ကပ်ဘေးနယ်ပယ်မှာတော့ အရှေ့ဘက်သခင်ဟာ ကပ်ဘေးကြီးကို တစ်ယောက်တည်း နှစ်ပေါင်းသန်းချီပြီး တိုက်ခိုက်နေခဲ့တာပါ"

သမင်နက်သခင်က အားကိုးရာမဲ့စွာဖြင့် ဝမ်းနည်းနေသော အသံဖြင့် ပြောလိုက်သည်။

"ကမ္ဘာကြီးဟာ အကြိမ်ကြိမ် ပြန်စခဲ့ပေမယ့် အကြိမ်တိုင်း ကျရှုံးခဲ့တယ်။ ဒါဟာ ငါတို့ရဲ့ နောက်ဆုံးအခွင့်အရေးပဲ။ အရှေ့ဘက်သခင်ကို ကူညီဖို့အတွက် သူ့ရဲ့ ကြင်ယာတော်ကို ငါတို့ နိုးထလာအောင် လုပ်ရမယ်"

"အရှေ့ဘက်သခင်ဟာ နှစ်ပေါင်းသန်းချီပြီး အထီးကျန်နေခဲ့တာပဲ"

သိုင်းနတ်ဘုရားများသည် စိတ်လှုပ်ရှားနေကြပြီး ၎င်းတို့၏ မျက်လုံးများတွင် ခံစားချက်မျိုးစုံဖြင့် ပြည့်နှက်နေ၏။

ကျိယွမ်က ပုံရိပ်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ပြီးမှ သူက တည်ငြိမ်စွာမှတ်ချက်ပြု၏။

"အရှေ့ဘက်သခင်က အများကြီး ကြုံတွေ့ခဲ့ရတာပဲ။ သူ ရေမချိုးရတာလည်း နှစ်ပေါင်းသန်းချီနေပြီ ထင်တယ်။ ငါ သူနဲ့တွေ့ရင် ရေချိုးဖို့ ရေတစ်ပုံး ပေးရမယ်"

"..."

သိုင်းနတ်ဘုရားများ ဆွံ့အသွားကြသည်။ကျမလိုဖြစ်နေသော မျက်ရည်များပင် ပြန်ဝင်သွားသလို ခံစားကြရ၏။

သူ့ပါးစပ်ကတော့...။

သို့သော် ကျိယွမ်နှင့် အချိန်အနည်းငယ်ကြာရှိနေပြီးနောက်တွင် သူ၏ ပင်ကိုယ်စရိုက်နှင့် စဉ်းစားပုံကို သူတို့ အနည်းငယ်တော့ နားလည်လာကြလေပြီ ။

သူလိုသိုင်းပညာကို ရူးသွပ်သူ တစ်ယောက်အနေနှင့် ၄င်းက ပုံမှန်သာဖြစ်၏။

အင်း..ဒီလို စွဲလမ်းမှုမျိုး မရှိဘဲ ဘယ်လိုလုပ် သိုင်းသူတော်စင်တစ်ယောက် ဖြစ်လာနိုင်မှာလဲ။

"ကောင်းကင်ဘုံအရှင် ...အရှေ့ဘက်သခင်ရဲ့နံရံက မကြာခင် ပိတ်တော့မယ်။ မေးစရာရှိတာ မြန်မြန်မေးပါ"

သမင်နက်သခင်က သတိပေးလိုက်သည်။

"ဟုတ်သားပဲ.."

ကျိယွမ်က ခေါင်းငြိမ့်ပြပြီး အရှေ့ဘက်သခင်၏ နံရံဘက်သို့ လှည့်ကာ ယဉ်ကျေးစွာ မေးလိုက်သည်။

"ဝိညာဉ်လမ်းစဥ်သိုင်းနတ်ဘုရားက ဘာလဲဆိုတာ ခင်ဗျား သိသလား"

သွေးနီရောင်များက အရှေ့ဘက်သခင်၏ နံရံပေါ်တွင် ပျံ့နှံ့သွား၏။

လူတိုင်း၏ အာရုံများက ထိုနေရာသို့ ရောက်ရှိနေသည်။

ကောင်းကင်ဘုံမှ အသံကဲ့သို့ နူးညံ့သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာ၏။

"ဝိညာဉ်လမ်းစဥ်သိုင်းနတ်ဘုရားဆိုတာ သိုင်းနတ်ဘုရားအားလုံးရဲ့ ခေါင်းဆောင်ပဲ။ ဝိညာဉ်လမ်းစဥ်သိုင်းနတ်ဘုရားဖြစ်လာဖို့ဆိုရင် သိုင်းနတ်ဘု ရားအားလုံးကို စိန်ခေါ်ပြီး အနိုင်ယူရမယ်။ ဒါဆိုရင် ဝိညာဉ်လမ်းစဥ် သိုင်းနတ်ဘုရား ဖြစ်လာလိမ့်မယ်"

"အဲဒီလောက် ရိုးရှင်းတာလား"

ကျိယွမ် အံ့သြသွား၏။

သူက မယုံနိုင်သဖြင့် သူ၏နှာခေါင်းကို သူပြန်စမ်းကြည့်သော်လည်း ရှည်မလာခဲ့ပါ။

ထိုအရာက အရှေ့ဘက်သခင်က အမှန်အတိုင်း ပြောနေသည်ဟု ဆိုလိုသည်။

ကျိယွမ်က ထိုနေရာရှိ သိုင်းနတ်ဘုရားများကို ကြည့်လိုက်၏။

ဒါဆိုရင် သူက ဒီလူအားလုံးကို အနိုင်ယူလိုက်ရုံနဲ့ တာဝန်ပြီးဆုံးပြီး ဝိညာဉ်လမ်းစဥ်သိုင်းနတ်ဘုရား ဖြစ်လာမှာလား။

"လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရားကကော ဘယ်လိုဖြစ်လာနိုင်မလဲ"

ကျိယွမ်က ထပ်မေးလိုက်သည်။

သိုင်းနတ်ဘုရား နှင့် လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရားသည် အနည်းငယ် ကွဲပြားမည်ဟု သူယူဆနေ၏။

"ကမ္ဘာကြီးရဲ့ လမ်းစဥ်တွေ ဖြစ်လာဖို့၊ ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမတွေကို ကိုယ်စားပြုဖို့၊ ဒါဟာ လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား ဖြစ်လာမယ့် လမ်းစဉ်ပဲ။ ဒါပေမဲ့ မင်းက ကောင်းကင်နဲ့ မြေကြီးရဲ့ နိယာမတွေ ဖြစ်လာပြီဆိုရင်၊ အဲဒီကမ္ဘာကြီး ပျက်စီးသွားတဲ့အခါ လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရားကလည်း ဒီအဆင့်ကနေ ပြုတ်ကျသွားလိမ့်မယ်။ ကမ္ဘာတစ်ခုမှာ လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား တစ်ပါးပဲ ရှိနိုင်တယ်"

အရှေ့ဘက်သခင်၏နံရံ၏ အဖြေကို တိုတောင်းသော်လည်း နားလည်နိုင်ပါသည်။

ယခုအခေါက်တွင်လွး ကျိယွမ်က သူ၏ နှာခေါင်း ရှည်မလာသည်ကို ခံစားမိ၏။

ထိုအချက်က အရှေ့ဘက်သခင်၏ နံရံသည် မလိမ်ညာကြောင်း အတည်ပြုပေးနေသည်။

"ဒါဆို ..ဒီကမ္ဘာမှာ လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား ရှိနှင့်နေပြီလား"

ကျိယွမ်က ကမန်းကတန်း မေးလိုက်သည်။

ကမ္ဘာတစ်ခုတွင် ထိုနတ်ဘုရားအမျိုးအစားက တစ်ပါးတည်းသာရှိနိုင်သည်ဟု ဆိုထား၏။ အကယ်၍ ထိုကဲ့သို့သော နတ်ဘုရား ရှိနှင့်နေပါက သူက ထိုသူနှင့် တိုက်ခိုက်ရမည် မဟုတ်ပါလား။

"မရှိပါဘူး"

အရှေ့ဘက်သခင်၏ နူးညံ့သောအသံက နံရံမှ ထွက်ပေါ်လာသည်။

၄င်းသည် အရှေ့ဘက်သခင် ကိုယ်တိုင် ပြောနေခြင်း မဟုတ်သလို၊ ပုံရိပ်ယောင်ကဖြေနေခြင်းလည်း မဟုတ်ဘဲ အလိုအလျောက် အဖြေပေးသည့် စက်ကိရိယာကဲ့သို့ တုံ့ပြန်နေခြင်းပင်။

"တော်သေးတာပေါ့.."

အဖြေအားလုံးကို ရရှိပြီးနောက် ကျိယွမ် စိတ်ကျေနပ်သွားသည်။

သို့သော် ရုတ်တရက် အတွေးတစ်ခု ဝင်လာသဖြင့် သူက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"ကျွန်တော် လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား ဖြစ်လာဖို့အတွက် အကြီးမားဆုံး အဟန့်အတားက ဘာလဲ"

အရှေ့ဘက်သခင်၏ နံရံက အလွန်စွမ်းအားကြီးသဖြင့် သူက ကြုံတုန်းဆုံခိုက်မှာ အခွင့်ကောင်းယူပြီး နောက်ထပ် မေးခွန်းအချို့ မေးရန်စိတ်ကူးပေါ်လာ၏။

"မင်းကိုယ်တိုင်ပဲ။ လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား ဖြစ်လာဖို့ အခက်ခဲဆုံး အစိတ်အပိုင်းက လမ်းစဥ်တွေကို ကိုယ်စားပြုဖို့ပဲ။ ဒါဟာ ဒီကမ္ဘာရဲ့ အရာခပ်သိမ်းသော လမ်းစဥ်တွေကို နက်နက်ရှိုင်းရှိုင်း နားလည်ဖို့ လိုအပ်တယ်။ သိုင်းနတ်ဘုရား အများစုဟာ တစ်သက်လုံး ကြိုးစားရင်တောင် ဒါကို မအောင်မြင်နိုင်ကြဘူး"

ထိုအသံသည် နူးညံ့ပြီး ခန့်ညားမြဲ ရှိသည်။

ထိုအဖြေကြောင့် ကျိယွမ်က အနည်းငယ် မျက်လုံးမှေးလိုက်သော်လည်း သူ၏ မျက်နှာအမူအရာက တည်ငြိမ်နေဆဲ ပင်။

"အဲဒီလိုလား"

ထိုအခြေအနေက အတော်လေး စိတ်ဝင်စားဖို့ကောင်းသည်ဟု သူ ယူဆမိသည်။

အရှေ့ဘက်သခင်၏ စကားများသည် သူ့အတွက် အပြည့်အဝ ယုံကြည်စရာကောင်းပြီး အဓိပ္ပာယ်လည်း ရှိ၏။

ဒါပေမဲ့... ယခုအကြိမ်တွင် သူ့နှာခေါင်းက ရှည်လာခဲ့သည်ကတော့ ထူးဆန်းနေလေသည်။

ခံစားချက်က ထူးဆန်းလှ၏။

၄င်းက အပေါင်းအနှုတ်ကို အမှန်ကန်ဆုံး တွက်ချက်နိုင်သည့် ပညာတတ်သောသူတစ်ယောက်ကို "၁+၁=၂" ဆိုတာက မှားနေတယ်ဟု အဲဒီပညာက ပြောပြနေသလိုပင်။

ကျိယွမ် ယခု ခံစားနေရသည်ကလည်း ထိုအရာမျိုး ဖြစ်နေ၏။

အရှေ့ဘက်သခင်၏ စကားများသည် သူ၏ နှလုံးသားထဲတွင် စွဲမြဲနေသော်လည်း၊ သူ၏ နှာခေါင်းကမူ ထိုစကားများသည် အလိမ်အညာများ ဖြစ်ကြောင်း အော်ဟစ်နေလေသည်။

"အရှေ့ဘက်သခင်ရဲ့ နံရံက မလိမ်နိုင်ဘူး။ သူ သိထားတဲ့ အချက်အလက်တွေကိုပဲ ပေးတာပါ"

အရှေ့ဘက်သခင်၏ နံရံမှ နူးညံ့သောအသံက အခိုင်အမာထပ်ပြောလိုက်သည်။

ကျိယွမ် ပြုံးလိုက်၏။

"ကျွန်တော့်နှလုံးသားနဲ့ဦးနှောက်က ခင်ဗျားကို ယုံဖို့ ပြောနေပေမယ့်၊ ကျုပ်နှာခေါင်းကတော့ ခင်ဗျားက လိမ်နေတယ်လို့ အော်နေတယ်"

ထိုအချိန်တွင် သမင်နက်သခင်က ဝင်ပြောလာသည်။

"အရှေ့ဘက်သခင်က ဘယ်တော့မှ မလိမ်ဘူး။ သူပြောတာတွေဟာ အမှန်တရား ဖြစ်ရမယ်"

"ဟုတ်တယ်၊ ဒါဟာ အမှန်တရား ဖြစ်ရမယ်"

အခြားဘွဲ့ထူးရသိုင်းနတ်ဘုရား တစ်ဦးကလည်း အပြတ်အသတ်ထောက်ခံသည်။

"အမှန်ပဲ"

အခြားသော သိုင်းနတ်ဘုရားများကလည်း အခိုင်အမာ ပဲ့တင်ထပ်ကြ၏။

ထိုနေရာရှိ သိုင်းနတ်ဘုရားများအားလုံးနီးပါးသည် အရှေ့ဘက်သခင်၏ စကားများကို မေးခွန်းမထုတ်ဘဲ ယုံကြည်နေကြသည်မှာ ထင်ရှားလှသည်။

ထိုအချိန်တွင် ကျိယွမ်က တစ်ခုခုကို တွေးမိပြီး တိုးတိုးလေး မေးလိုက်သည်။

"မိုးကြိုးနတ်ဘုရား ....ခင်ဗျားရော ဘယ်လိုထင်သလဲ။ သူပြောတာ အမှန်လား... အမှားလား"

သူပြောလိုက်သည်နှင့် တပြိုင်နက် မျှော်စင်အထက်တွင် ပုံရိပ်တစ်ခု ပေါ်လာ၏။

ထိုသူမှာ မိုးကြိုးနတ်ဘုရား ရှန်းလဲ့ပင်။

ရှန်းလဲ့သည် လျှပ်စီးများဖြင့် အလှဆင်ထားသော ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နက်ရှိုင်းလှသည့် စွမ်းအင်များကို ထုတ်လွှတ်နေ၏။

ထိုနေရာရှိ သိုင်းနတ်ဘုရားများသည် မိုးကြိုးနတ်ဘုရားကို မြင်သောအခါ ကြီးမားသော ဖိအားကို ခံစားရသဖြင့် အလိုလို တိတ်ဆိတ်သွားကြသည်။

ဒါက... နောက်ထပ် ကောင်းကင်ဘုံအရှင် တစ်ပါးလား။

ကျိယွမ်အပေါ် သူတို့၏ အမြင်များ ထပ်မံ ပြောင်းလဲသွားလေသည်။

အထူးသဖြင့် မိုးကြိုးနတ်ဘုရားက ကျိယွမ်ကို လက်အောက်ငယ်သားတစ်ဦးကဲ့သို့ လေးလေးစားစား ကြည့်နေသည်ကို မြင်ရသောအခါ ပို၍ပင် အံ့သြသွားကြ၏။

"သူပြောတာက... အမှန်ပါပဲ"

မိုးကြိုးနတ်ဘုရားရှန်းလဲ့က မိုးခြိမ်းသံကဲ့သို့ ဟိန်းထွက်နေသော အသံဖြင့် အတည်ပြုသည်။

ကျိယွမ်၏ မျက်နှာအမူအရာက နားလည်ရခက်ဟန်ဖြစ်ပေါ်လာ၏။

ရှန်းလဲ့သည် ဤနေရာမှ သိုင်းနတ်ဘုရားများနှင့် မတူသလို အရှေ့ဘက်သခင်ကို အရူးအမူးကြည်ညိုနေသော နောက်လိုက်လည်း မဟုတ်ပါ။

ထို့ကြောင့် သူသည် အရှေ့ဘက်သခင်၏စကားကို မျက်စိမှိတ် ယုံကြည်မည့်သူ မဟုတ်ပေ။

အမှန်အတိုင်းဆိုရလျှင် ကျိယွမ်ကိုယ်တိုင်လည်း ထိုစကားများကို ယုံကြည်ပါသည်၊ သူ့နှာခေါင်းကိုသာ မယုံခြင်း ဖြစ်၏။

"အရှေ့ဘက်သခင်၊ ခင်ဗျား ဘယ်ကလာတာလဲ၊ ပြီးတော့ မြင့်မြတ်အလင်းမျိုးနွယ်ဆိုတာ ဘယ်လိုမျိုးနွယ်လဲ"

ကျိယွမ်က ထပ်မေးလိုက်သည်။

သို့သော် ယခုအကြိမ်တွင်မူ အရှေ့ဘက်သခင်၏ နံရံက တိတ်ဆိတ်နေ၏။

သမင်နက်က အမြန်ဝင်ရှင်းပြသည်။

"စွမ်းအင် မလုံလောက်တော့ပါဘူး။ အရှေ့ဘက်သခင်ရဲ့ နံရံက အိပ်စက်ခြင်းထဲ ရောက်သွားပြီမို့ မေးခွန်းတွေကို ထပ်ပြီး အဖြေမပေးနိုင်တော့ဘူး"

ကျိယွမ်က စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။

"ငါက သူဟာ အချစ်ရူးတစ်ယောက်လားလို့ မေးမလို့ကို"

ထို့နောက် သမင်နက်သခင်က ထပ်ပြောသည်။

"ကောင်းကင်ဘုံအရှင်၊ တကယ်လို့ ခင်ဗျားက လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား ဖြစ်ချင်တယ်ဆိုရင် အရှေ့ဘက်သခင်ကို ကူညီရပါမယ်။ ကပ်ဘေးကြီးကသာ ကမ္ဘာကို ဖျက်ဆီးလိုက်ရင် ခင်ဗျားက ကမ္ဘာရဲ့လမ်းစဥ်တွေကို ကိုယ်စားပြုနိုင်မှာ မဟုတ်တော့သလို လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရားလည်း ဖြစ်လာနိုင်မှာ မဟုတ်ဘူး"

ကျိယွမ်သည် ဝိညာဉ်လမ်းစဥ်သိုင်းနတ်ဘုရားသာမက လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရားပါ ဖြစ်ချင်နေကြောင်း သမင်နက်က နားလည်၏။

ဝိညာဉ်လမ်းစဥ်သိုင်းနတ်ဘုရား ဖြစ်လာရန်မှာ ရိုးရှင်းသော်လည်း လမ်းစဥ်ပေါင်းစုံသိုင်းနတ်ဘုရား ဖြစ်လာရန်က အလွန်ခက်ခဲလေသည်။

ထိုသို့ဖြစ်လာရန်မှာ လောလောဆယ်တွင် ကမ္ဘာကြီးကို ကာကွယ်ရမည် ဖြစ်၏။ကမ္ဘာကြီးရှိနေမှသာ သူ၏ရည်မှန်းချက်ကို ဆောင်ရွက်နိုင်ပေလိမ့်မည်။

ထို့ကြောင့် သူသည် ကျိယွမ်ကို သူတို့ဘက်ပါလာစေရန် ဤအချက်ကို ထုတ်ပြောလိုက်ခြင်းပင်။

ကျိယွမ်သည် ကောင်းကင်ဘုံအရှင် တစ်ပါးဖြစ်သလို၊ သူ၏လက်အောက်တွင်လည်း အခြားသော လျှို့ဝှက်ဆန်းကြယ်သည့် ကောင်းကင်ဘုံအရှင်များ ရှိနေသေးသည်။

"စိတ်မပူပါနဲ့၊ ငါက လူကောင်းပါ။ ကမ္ဘာကြီးကို ကယ်တင်ပါ့မယ်"

ကျိယွမ်က နံရံကိုစိုက်ကြည့်နေရင်းမှ ယုံကြည်မှုအပြည့်ဖြင့် ကတိပေးလိုက်

၏။

ထိုအခါမှ သမင်နက်သခင်မှာ စိတ်သက်သာရာ ရသွားသလို သက်ပြင်းချနိုင်သွားသည်။

..............

ဘိုးဘွားသွေးထဲတွင်ရေချိုးနေရင်း မူယန်၏ မျက်လုံးများပွင့်လာပြီး ထက်မြက်သော အရောင်အဝါကို ထုတ်ဖော်လိုက်သည်။

"ငါ နောက်ဆုံးတော့ သိုင်းနတ်ဘုရားဖြစ်လာပြီ"

ယခုအချိန်တွင် သူသည် ငယ်ရွယ်နုပျိုသော စိတ်ဓာတ်များဖြင့် ပြည့်နှက်နေပြီး သူ၏ မျက်လုံးများသည် တောက်ပနေကာ တောင်တစ်လုံးကိုပင် ဖောက်ထွက်နိုင်စွမ်း ရှိပုံရ၏။

သိုင်းနတ်ဘုရားနယ်ပယ်သို့ လှမ်းတက်လိုက်ပြီးနောက်တွင် သူသည် သိုင်းဘုရင်အဆင့်တုန်းက မည်မျှ အားနည်းခဲ့သည်ကို နားလည်သွားခဲ့သည်။

"မူယန်၊ မင်း နောက်ဆုံးတော့ သိုင်းနတ်ဘုရား ဖြစ်လာပြီပဲ။ မြန်မြန်လုပ်၊ မင်းက နောက်ဆုံးကျန်တဲ့ တစ်ယောက်ပဲ"

မူယန်၏ ဘိုးဘေးဖြစ်သူ သိုင်းသခင်ကြီးက ချီးကျူးသော မျက်လုံးများဖြင့် ဝင်လာ၏။

"ဂါရဝပြုပါတယ် ဘိုးဘေး"

မူယန်သည် သိုင်းနတ်ဘုရားအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သဖြင့် သူကိုယ်သူ မည်မျှ အစွမ်းထက်လာသည်ကို နားလည်သော်လည်း သိုင်းနတ်ဘုရားများအကြားရှိ ကွာဟချက်မှာလည်း မည်မျှ ကြီးမားကြောင်း သိရှိနေလေပြီ။

သိူင်းနတ်ဘုရားအဆင့်တွင် သိုင်းစွမ်းအင်ပေါက်တစ်ခုတည်းကပင် စွမ်းအား နှစ်ဆနီးပါး ကွာခြားသွားစေနိုင်သည်။

ထို့ကြောင့် သိုင်းစွမ်းအင်ပေါက်များသော သိုင်းနတ်ဘုရားများကို နည်းသောနတ်ဘုရားများက တိုက်ခိုက်ရန် လုံးဝမဖြစ်နိုင်ပေ။

"ဘာကိစ္စရှိလို့ပါလဲ ဘိုးဘေး"

မူယန်က စပ်စုလိုက်သည်။

"ဒီလိုကွ... ကောင်းကင်ဘုံအရှင် တစ်ပါးက ဝိညာဉ်လမ်းစဥ်သိုင်းနတ်ဘုရားဖြစ်ချင်လို့တဲ့၊ အဲဒါကြောင့် သိုင်းနတ်ဘုရားတွေကို စိန်ခေါ်ဖို့ လိုနေတယ်"

"ဗျာ"

မူယန် ဇဝေဇဝါ ဖြစ်သွားသည်။

ကောင်းကင်ဘုံအရှင် ဆိုတာက ဘာကြီးလဲ။

ထိုအဆင့်မျိုးကို သူမကြားဖူးပါ ။ သူကြားဖူးသည်မှာ သိုင်းနတ်ဘုရား များ၏အထက်တွင် သိုင်းသူတော်စင်ဟူသော ဒဏ္ဍာရီထဲက အဆင့်တစ်ခုရှိဖူးသည်ဟုသာ ကြားဖူး၏။ သို့သော် ထိုအဆင့်က ကြားဖူးနားဝသာဖြစ်ကာ မည်သူမှလည်း အမှန်တကယ် မရောက်ဖူးသဖြင့် တကယ်ရှိသည်ဟုပင် မဆိုနိုင်ပေ။

သို့သော် အခုတော့ ကောင်းကင်ဘုံအရှင်ဆိုသော အဆင့်က ပေါ်လာ၏။

ဒါပေမဲ့ ဘိုးဘေးရဲ့စကားအရဆိုရင် ငါ က တခြား သိုင်းနတ်ဘုရားတစ်ယောက်နဲ့ ယှဉ်ပြိုင်ရမှာလား။

"ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်"

မူယန်က အမြန် သဘောတူလိုက်သည်။

"အင်း...အရမ်းစိတ်မပူပါနဲ့ "

သိုင်းသခင်ကြီးက ရယ်မောပြီး သူ့အားဦးဆောင်ကာခေါ်သွားလေသည်။

သိုင်းသခင်ကြီး၏ နောက်သို့ လိုက်သွားရင်း မူယန်သည် စပ်စုချင်စိတ်များဖြင့် ပြည့်နှက်နေ၏။

"ဘိုးဘေး၊ ကျွန်တော့်ရဲ့ ပြိုင်ဘက်က အားကောင်းလား။ ဒါမှမဟုတ် ကျွန်တော်... အလျှော့ပေးသင့်လား"

"အကောင်းဆုံးသာ ကြိုးစားပါ"

သိုင်းသခင်ကြီးက ပေါ့ပေါ့ပါးပါး တုန့်ပြန်၏။

"ဒါပေမဲ့... ရန်မစနဲ့၊ ရိုင်းရိုင်းစိုင်းစိုင်းလည်း မပြောမိစေနဲ့"

"နားလည်ပါပြီ"

ဇဝေဇဝါ ဖြစ်နေသော်လည်း မူယန်က နာခံလိုက်သည်။

သူတို့ မျှော်စင်ထဲမှ ထွက်လာပြီး မကြာခင်မှာပင် ရင်းနှီးသော မျက်နှာအချို့ကို မြင်လိုက်ရသည်။

သူတို့သည်လည်း ဘိုးဘွားသွေးတိုက်ပွဲတွင် ပါဝင်ခဲ့ကြပြီး သိုင်းနတ်ဘုရား ဖြစ်လာခဲ့ကြသူများပင်။

ထိုလူများသည် မူယန်ကို အားကျသော မျက်လုံးများဖြင့် ကြည့်နေကြလေသည်။

သို့သော် မူယန်ကို ပို၍ ဇဝေဇဝါ ဖြစ်သွားစေသည်မှာ သူ့ပတ်ဝန်းကျင်တွင် သိုင်းနတ်ဘုရားများ၏ အရေအတွက် က ပို၍ ပို၍ များပြားလာခြင်းပင်။

သူတို့သည် နေရာအနှံ့တွင် ရှိနေကြပြီး ရေတွက်၍ မရနိုင်အောင် များပြားလှသည်။

"ဘိုးဘေး... ဘာလို့ ဒီမှာ သိုင်းနတ်ဘုရားတွေ ဒီလောက် အများကြီး ရှိနေတာလဲ"

မူယန်က သတိထားပြီး မေးလိုက်သည်။

သူသည် အလွန်အစွမ်းထက်သော အရှိန်အဝါအချို့ကိုပင် ခံစားမိနေ၏။

ဒါတွေက... ဘွဲ့ထူးရသိုင်းနတ်ဘုရားတွေလား။

ဒီကမ္ဘာရဲ့ အထွတ်အထိပ် ဖြစ်တဲ့ ဒဏ္ဍာရီလာ ဘွဲ့ထူးရသိုင်းနတ်ဘုရားတွေ။

"သူတို့အားလုံး စိန်ခေါ်မှုကို ရင်ဆိုင်ဖို့ စုဝေးနေကြတာပါ"

သိုင်းသခင်ကြီးက အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။

မူယန် ပို၍ပင် မှင်တက်သွားလေ၏။

ဖြစ်နိုင်တာက...

ဒါဟာ လူ့လောကက သိုင်းပြိုင်ပွဲလိုမျိုးလား။

ဒါပေမဲ့ ပါဝင်ယှဉ်ပြိုင်သူ အားလုံးက သိုင်းနတ်ဘုရားတွေ ဖြစ်နေတာလား။

ထိုအချိန်တွင် မူယန်၏ နားထဲတွင် အသံတစ်ခု ရုတ်တရက် ပဲ့တင်ထပ်သွားသည်။

"မဆိုးဘူး။ ငါ မျှော်လင့်ထားတဲ့အတိုင်း မင်းက နောက်ဆုံးမှ ရောက်လာတာပဲ"

သွေးနီရောင် ဝတ်စုံဝတ်ထားသော လူတစ်ယောက်က မူယန်၏ ဘေးတွင် ရုတ်တရက် ပေါ်လာပြီး သူ၏ မျက်နှာအမူအရာက တည်ငြိမ်နေလေသည်။

ထိုသူကို မြင်သောအခါ မူယန် အလွန်ဝမ်းသာသွားတော့သည်။

"ကျိ... ကျိယွမ်၊ မင်း ဒီမှာ ဘာလုပ်နေတာလဲ"

ကျိယွမ်ကို ယခုလိုနေရာ၌ မြင်ရသောကြောင့် သူ အလွန်စိတ်လှုပ်ရှားသွား၏။

ကျိယွမ် ဒီမှာ ရှိနေခြင်းက သူ၏ဘိုးဘေးသည် သူ့အတွက် အားလုံး စီစဉ်ပေးထားတာကို ဆိုလိုခြင်းပင် မဟုတ်ပါလား။

"ငါက မင်းကို စိန်ခေါ်ဖို့ လာတာ၊ ပြီးတော့..."

"ငါ့ကို စိန်ခေါ်ဖို့လား။ မင်း သိုင်းနတ်ဘုရားအဆင့်ကို ရောက်သွားပြီလား"

မူယန်သည် ကျိယွမ်အတွက် ပို၍ ဝမ်းသာသွားသည်။

ကျိယွမ်သည် ကံကောင်းသော အဖြစ်အပျက်တစ်ခုခုနှင့် ကြုံတွေ့ခဲ့ပုံ ရ၏။

"အေးပါ...အရမ်း စိတ်မပူပါနဲ့၊ ငါ မင်းကို အသာလေးပဲ ကိုင်တွယ်ပါ့မယ်။ မင်းကို အရှက်တကွဲ မဖြစ်စေရဘူး"

မူယန်က ပျော်ရွှင်စွာ ကတိပေးလိုက်သည်။

ကျိယွမ် သူအား ပြုံးပြလေသည်။

"ရှုံးမှာလား။ ငါက မင်းကိုမရှုံးပါဘူး"

"ဟားဟား ဟားဟား ..မင်း ငါ့ကို ပင်လယ်နက်မှာတုန်းက နိုင်ခဲ့ကောင်း နိုင်ခဲ့လိမ့်မယ်၊ ဒါပေမဲ့ အဲဒါက အရင်ကပါ။ အခု ငါက အရင်လို မဟုတ်တော့ဘူး"

မူယန်က အူမြူးစွာဖြင့် ကျိယွမ်အား အသိပေးလိုက်သည်။ သူ သိုင်းဘုရင်အဆင့်တုန်းက ဆိုလျှင်တော့ ကျိယွမ်ကို အနိုင်ယူရန်မဖြစ်နိုင်ပါ ။ သို့သော် ယခုက မတူတော့ပေ။

"ကဲ၊ စကားတွေ အများကြီး မပြောတော့နဲ့။ ငါ့တာဝန်ကို အပြီးသတ်ပြီး ဝိညာဉ်လမ်းစဥ်သိုင်းနတ်ဘုရား ဖြစ်ဖို့ လိုတယ်"

ကျိယွမ်က အနည်းငယ်စိတ်မရှည်သလိုဖြစ်နေသဖြင့် မူယန်ကလည်း တွန့်မနေတော့ပေ ။

"ပြိုင်ကွင်းက ဘယ်မှာလဲ"

သူက စိတ်အားထက်သန်စွာ မေးလိုက်၏။

ဒီကောင့်ကို နည်းနည်းတော့ ပြပေးရဦးမှာပေါ့။

"ပြိုင်ကွင်းက ဘာလို့ လိုအပ်မှာလဲ"

ကျိယွမ်က အသံမြှင့်ကာပြောလိုက်ပြီး နောက်တစ်စက္ကန့်တွင် သူသည် မျှော်စင်ပေါ်မှ ဝှီးခနဲ ထပျံလိုက်သည်။

ထိုအရာကို မြင်သောအခါ မူယန်၏ နှလုံးခုန်သံများ မြန်သွား၏။

သူ့နှလုံးသားက လည်ချောင်းထဲ ရောက်လာသလိုပင် ခံစားလိုက်ရသည်။

သိုင်းနတ်ဘုရားများ အားလုံးသည် မျှော်စင်အထက်တွင် စုဝေးနေကြ၏။

သို့သော် မည်သူမှ ပျံမနေကြပါ၊ ဘွဲ့ထူးရသိုင်းနတ်ဘုရားများပင် ပျံသန်းမနေကြပါ။

မူယန်သည် ဘာကြောင့်လဲဆိုတာ နားမလည်သော်လည်း အခြားသော သိုင်းနတ်ဘုရားများလည်း ပျံသန်းရန် မဝံ့ရဲကြသလို ရှိနေ၏။

ဒါပေမဲ့ ကျိယွမ်ကတော့ ပျံသန်းနေလေသည်။

ဒါဟာ တခြားသိုင်းနတ်ဘုရားတွေကို မရိုသေရာ မကျဘူးလား။

ကျိယွမ်သည် ကောင်းကင်ယံတွင် ပျံဝဲနေပြီး သူ၏ သွေးနီရောင်ဝတ်စုံသည် လေထဲတွင် လွင့်နေကာ သူသည် နတ်မင်းတစ်ပါးကဲ့သို့ ရပ်နေ၏။

"မူလဇစ်မြစ်နယ်မြေရဲ့ သိုင်းနတ်ဘုရားတွေ အားလုံး ဒီမှာ ရှိကြလား"

ကျိယွမ်က အော်ဟစ်လိုက်သည်။ သူ၏ အသံသည် ကျယ်လောင်ပြီး ကြည်လင်နေကာ မျှော်စင်တစ်ခုလုံးကို ပျံ့နှံ့သွားသည်။

မျှော်စင်ပေါ်ရှိ ဘိုးဘွားသွေးပြိုင်ပွဲတွင် ကျိယွမ်နှင့် ဆုံခဲ့ဖူးသော သိုင်းနတ်ဘုရားအသစ်များသည် အလွန်အံ့သြသွားကြပြီး သူတို့၏ မျက်နှာများတွင် အံ့သြမှုများဖြင့် သူ့ကို ကြည့်နေကြကုန်၏။

ဒီကောင်က ဘာအရူးထသွားတာလဲ။

သူတို့ပင် ထိုသို့မပြုမူရဲပါ။

ထိုအချိန်တွင် ဘွဲ့ထူးရသိုင်းနတ်ဘုရား ဒါဇင်ပေါင်းများစွာက ရှေ့သို့ လှမ်းလာပြီး သူတို့၏ မျက်နှာများတွင် လေးစားမှုများ ပြည့်နှက်နေသည်။

"ကောင်းကင်ဘုံအရှင်ကို တင်ပြပါတယ်၊ သိုင်းနတ်ဘုရားအားလုံး ရောက်ရှိနေကြပါပြီ"

ထိုအသံအဆုံးတွင် ကျန်ရှိသော သိုင်းနတ်ဘုရား ထောင်ပေါင်းများစွာကလည်း သာမန်လူများက ဘုရင်ကို ဦးညွှတ်သကဲ့သို့ တညီတညွတ်တည်း ဦးညွှတ်လိုက်ကြ၏။

"ကောင်းကင်ဘုံအရှင်ကို တင်ပြပါတယ်၊ ကျွန်တော်တို့ အားလုံး ဒီမှာ ရှိနေကြပါပြီ"

မူယန်မှာ တောင့်တောင့်ကြီး ဖြစ်သွားလေသည်။

သူ၏ဘိုးဘေးပင်လျှင် ကျိယွမ်ကို ဧကရာဇ်ရှေ့မှ မိန်းမစိုးတစ်ယောက်ကဲ့သို့ ဦးညွှတ်နေ၏။

"ဒါ... ဒါ ဘာတွေ ဖြစ်ကုန်တာလဲ"

သူ၏ ဦးနှောက်က လိုက်မမှီတော့ပါ။

"ဝိညာဉ်လမ်းစဥ်သိုင်းနတ်ဘုရား ဖြစ်ဖို့က ရိုးရှင်းပါတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ သိုင်းနတ်ဘုရားအားလုံးကို အနိုင်ယူလိုက်ရုံပါပဲ"

"ဒါကြောင့် မင်းတို့ အားလုံး ငါ့ကို အတူတူ တိုက်ခိုက်ကြပါ။ စိတ်မပူပါနဲ့၊ ငါ ညင်သာမှာပါ၊ မင်းတို့ကို ဒဏ်ရာမရစေပါဘူး"

ကျိယွမ်သည် အမြဲတမ်း ယဉ်ကျေးပျူငှာသူ ဖြစ်သည်။

သူသည် အထက်ဘုံမှ လူအိုကြီးတွေလို မဟုတ်ပါ၊ သူတို့ကတော့ စည်းကမ်းမရှိဘဲ လက်ရဲဇတ်ရဲ ရှိကြသူများ ဖြစ်လေ၏။

သူတို့က အောက်ဘုံကို ဆင်းလာသည့်အခါ သူတို့၏ကိုယ်ပိုင် လက်အောက်ငယ်သားတွေကိုပင် ပေါ့ပေါ့ဆဆ သတ်ပစ်တတ်ကြလေသည်။

သူတို့ရဲ့ ကိုယ်ပိုင်လူတွေကိုတောင် အဲဒီလို ဆက်ဆံရင် အပြစ်မဲ့သူ ဘယ်နှယောက်ကို သတ်မလဲဆိုတာ မသိနိုင်ပါ။

"ကောင်းကင်ဘုံအရှင်၊ ကျွန်တော်တို့ရဲ့ ရိုင်းစိုင်းမှုကို ခွင့်လွှတ်ပါ"

"ခွင့်လွှတ်ပါအရှင်"

မူယန် ကြောင်တောင်တောင်ဖြစ်နေစဥ်မှာပင် သိုင်းနတ်ဘုရား အားလုံးက တညီတညွတ်တည်း ဟစ်အော်လိုက်ကြပြီး သူတို့၏ အသံများသည် လှိုင်းလုံးကြီးများကဲ့သို့ ကျယ်လောင်လှသည်။

မူယန် လုံးဝဇဝေဇဝါ ဖြစ်နေသော်လည်း သူ၏နှလုံးသားထဲတွင် သံသယနှင့်အတူ စိုးရိမ်မှုများဖြင့် ပြည့်နှက်သွားသည်။

အားလုံးက ကျိယွမ်ကို တိုက်တော့မှာလား။

"ဘိုးဘေး၊ ကျွန်တော်တို့အားလုံးက ကျိယွမ်ကို တိုက်ရမှာလား"

"ဘာ..ကျိယွမ်လဲ ၊ သူ့ကို ကောင်းကင်ဘုံအရှင်လို့ ခေါ်စမ်း"

သိုင်းသခင်ကြီးက အမြန် ပြုပြင်ပေးလိုက်သည်။

"တကယ်လို့ ..သူ. သူသေသွားရင်ကော"

ကျိယွမ်သည် သူထင်ထားသည်ထက် ပို၍ အစွမ်းထက်နိုင်ကြောင်း မူယန် နားလည်သော်လည်း...

ဒါပေမဲ့ ဘယ်လောက်ပဲ အစွမ်းထက်ပါစေ၊ သိုင်းနတ်ဘုရား သောင်းပေါင်းများစွာကို တစ်ယောက်တည်း ရင်ဆိုင်နိုင်မှာလား။

ဒါဟာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံတာ မဟုတ်ဘူးလား။

"ဟွန့်...မင်းက ကောင်းကင်ဘုံအရှင်ကို သတ်နိုင်မယ်လို့ အိပ်မက်မက်နေတာလား။

"မကြာသေးခင်ကပဲ ကောင်းကင်ဘုံအရှင်ဟာ နေတစ်စင်းကို မျိုချခဲ့တာကွ"

"ဘာ... နေမင်းကြီးကို မျိုချခဲ့တာလား"

မူယန်၏ မျက်လုံးများ ပြူးသွားပြီး ကျိယွမ်ကို မမြင်ဖူးသူလို ကြည့်လိုက်၏။

တစ်ခုခုကတော့ အကြီးအကျယ်လွဲနေပြီ။

"တိုက်ကြစမ်း.."

ထိုအချိန်တွင် ကျိယွမ်၏အသံ ရုတ်တရက် ကြမ်းတမ်းစွာပေါ်လာသည်။

"တိုက်..."

ကြီးမားလှသော တိုက်ခိုက်မှု လှိုင်းလုံးကြီးများသည် ကောင်းကင်ယံသို့ အရှိန်အဟုန်ဖြင့် တက်သွားတော့သည်။

သို့သော် ဤတိုက်ခိုက်မှုများသည် မိုးဖွဲဖွဲလေး ရွာသွန်းနေသကဲ့သို့သာ ခံစားရ၏။

ကျိယွမ်သည် သူ၏မျက်လုံးများကို ပိတ်ထားပြီး မည်သည့် တုံ့ပြန်မှုမျှ မလုပ်ဘဲ တိုက်ခိုက်မှုများကို သူ၏ ခန္ဓာကိုယ်ပေါ်သို့ အဆီးအတားမဲ့စွာ ကျရောက်စေလိုက်သည်။

ဘာပဲဖြစ်ဖြစ် ဒါဟာ အရာခပ်သိမ်းသော လမ်းစဥ်တွေကို နားလည်ဖို့ အခွင့်အရေး တစ်ခုပဲ။

"တိုက်ကြ..."

.................

ရာသီများက တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့သည်။

ရှုဧကရာဇ်နှင့်ဟူဧကရာဇ်သည် ပင်လယ်နက်ကို ဖြတ်ကျော်ပေးရန် မကြာခဏ ပေါ်လာတတ်ကြ၏။

အရှေ့ဘက်မဟာမိတ်အဖွဲ့မှ သိုင်းနတ်ဘုရားများသည် သူတို့ကို မြင်တွေ့ရသည်မှာ အကျင့်ပင်ဖြစ်နေလေပြီ။

ယခုအချိန်တွင် ကုံရှင်းဂြိုဟ်၏ ချင်းယွမ်နိုင်ငံ၏ သိုင်းပြိုင်ကွင်းတွင် ကျိယွမ်သည် အဖိုးအိုတစ်ယောက်၏ ရှေ့တွင် ရပ်နေပြီး သူ၏ မျက်နှာအမူအရာက တည်ငြိမ်လျှက်ရှိသည်။

"အဖိုးကြီး၊ ဒါဟာ ကျုပ်သိုင်းပြိုင်ပွဲမှာ နောက်ဆုံးအကြိမ် ပါဝင်တာပဲ။ နောက်တစ်ခါကျရင် အဖိုးရဲ့ အိပ်မက်တွေ ပြည့်ဝပြီး ချန်ပီယံ ဖြစ်လာမှာပါ"

သိုင်းပြိုင်ပွဲသည် ဆက်လက် ကျင်းပနေဆဲ ဖြစ်သည်။

ကုံရှင်းဂြိုဟ်ပေါ်ရှိ လူတိုင်းသည် ကြယ်တစ်စင်းကိုပင် သွားရည်စာတစ်ခုလို မျိုချခဲ့သူက စစ်မှန်သော ချန်ပီယံဖြစ်ကြောင်း သိကြသော်လည်း...

သူတို့အားလုံးသည် ကျိယွမ်နှင့် တွေ့ဆုံရန် ပြိုင်ပွဲတွင် ပါဝင်ချင်ကြ၏။

သို့သော် မည်သူမျှ မဝံ့ရဲကြပါ။

ကျိယွမ်၏ နေ့စဉ်လုပ်ငန်းဆောင်တာများကို မည်သူမျှ မနှောင့်ယှက်ဝံ့ကြပေ။

သူတို့မှာ ဝင်ပြိုင်ချင်သော်လည်း မပြိုင်ရဲကြပါ။

ကျိယွမ်ရဲ့ ဝါသနာက ပြိုင်ပွဲမှာ အဖိုးကြီးတွေကို ရိုက်နှက်ရတာ ဖြစ်နေရင် ဘယ်လိုလုပ်မလဲ။

ငါတို့လို လူငယ်တွေပါလာရင် သူဒေါသထွက်သွားမှာပေါ့။

ပြီးတော့ သူက လူရှုပ်တာလည်းကြိုက်ပုံမရဘူး။

ထို့ကြောင့် သိုင်းပြိုင်ပွဲသည် ပရိသတ်မရှိဘဲ ပုံမှန်အတိုင်း ဆက်လက် ကျင်းပနေရ၏။။

ပရိသတ်များသည် တိုက်ရိုက်ထုတ်လွှင့်မှု (livestream) ထဲတွင်သာ ရှိနေကြသည်။

ဤတိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူများသည်လည်း အဆင့်မြင့်လူတန်းစားများ ဖြစ်ကြ၏။

ထို့အပြင် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ထူးခြားချက်တစ်ခု ရှိသည်။ မည်သူမျှ မသင့်တော်သော စကားလုံးများကို ရိုက်ထည့်၍ မရဘဲ ကောင်းမွန်သော မှတ်ချက်များသာ ပေါ်လာနိုင်ခြင်းပင်။

ဆံပင်ဖြူဖြူနှင့် အားနည်းပုံရသော အဖိုးအိုသည် ကျိယွမ်၏ စကားကို ကြားသောအခါ မှင်တက်သွားသည်။

"နတ်မင်းကြီး၊ အရှင် တကယ်ပဲ ထပ်ပြီး မပါဝင်တော့ဘူးလား"

နှစ်ပေါင်းများစွာ သူသည် ကျိယွမ်ကို အမြဲတမ်း ရှုံးနိမ့်ခဲ့သည်။

အစပိုင်းတွင် သူ စိတ်ပျက်ခဲ့၏။

သို့သော်လည်း နောက်ပိုင်းမှာ... ကျိယွမ် ကြယ်တစ်စင်းကို မုန့်တစ်ခုအလားမျိုချလိုက်သည်ကို မျက်မြင်တွေ့လိုက်ရပြီးနောက်...

သူ၏ ထိတ်လန့်မှုနှင့်အတူ လက်ခံသွားလေ၏။

ငါက အသက် တစ်ရာနီးပါး ရှိနေပြီလေ။ စကြဝဠာထဲကိုပျံတက်ပြီး ကြယ်တွေကိုတောင် ဝါးမျိုနိုင်တဲ့သူတစ်ယောက်ကို ရှုံးနိမ့်တာဟာ သဘာဝကျပါတယ်၊ မဟုတ်ဘူးလား။

"ဟုတ်တယ်၊ အားလုံး ပြီးဆုံးသွားပြီ"

ကျိယွမ်သည် ဗလာဖြစ်နေသော ပရိသတ်ခုံတန်းဟောင်းများကို ကြည့်ရင်း သူ၏ နှလုံးသားထဲတွင် ဟာလာဟင်းလင်း ဖြစ်မှုကို ခံစားလိုက်ရသည်။

"အင်း...ဂိမ်းက... ပြီးဆုံးတော့မှာပဲကိုး"

All Chapters