← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း ၁၀၁: ရှေးဟောင်းတာအိုကို သင်ယူသူတွေက ရှင်သန်နိုင်ပြီး အဲ့ဒါကို အတုခိုးသူတွေကတော့ သေဆုံးလိမ့်မယ်

မလှမ်းမကမ်းရှိ ရှေးဟောင်းဓားအတွင်း၌ အားချီ က ပေါ့ပေါ့ပါးပါး တစ်ချက်ကြည့်လိုက်သည်။ အခြေအနေကို မြင်သောအခါ သူမက ခွဲခြမ်းစိတ်ဖြာမှုတစ်ခုကို တီးတိုးရေရွတ်လိုက်၏။

"အဲ့ဒါက အဆင့်နိမ့် အဆောင်လက်ဖွဲ့ ဖြစ်ပေမဲ့ မဟာတာအိုရဲ့ အနှစ်သာရ သုံးပုံတစ်ပုံကို ဖမ်းဆုပ်ထားပြီးပြီ... ဒီလူရဲ့ အဆောင်လက်ဖွဲ့တာအို က သာမန်အောင်မြင်မှုအဆင့်ကို ရောက်နေပြီးတော့ ဒီအဆောင်လက်ဖွဲ့ကို ရေးဆွဲတာက သူ့ရဲ့ အကန့်အသတ်ပဲ..."

"ဒါပေမဲ့..."

"သူက အဆောင်လက်ဖွဲ့တာအိုရဲ့ သာမန် အောင်မြင်မှုအဆင့်မှာပဲ ရှိသေးပေမဲ့ အဆောင်လက်ဖွဲ့ ကျင့်ကြံသူတွေက သဘာဝအရ ရှားပါးတယ်....ဓားကျင့်ကြံသူတွေထက်တောင် ပိုပြီးရှားပါးသေးတယ်... ကမ္ဘာအသင်္ချေမှာတောင် သူ့ရဲ့အဆောင်လက်ဖွဲ့က တော်တော်လေး အကောင်းတယ်... သူ့ရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်း နယ်ပယ်က မဟာတာအိုရဲ့ စွမ်းအားကို ဆွဲယူဖို့ အရမ်းနိမ့်ကျနေတာလေး တစ်ခုပဲ ရှိတာ... ဒီလူက အဆောင်လက်ဖွဲ့တာအိုမှာ အတော်အသင့် ပါရမီရှိပြီးတော့ ဒီလမ်းစဉ်မှာ နှစ်ပေါင်းများစွာကြာအောင် ကျင့်ကြံလာခဲ့တဲ့ပုံပဲ..."

ထို့နောက် အားချီက စိတ်ရှုပ်ထွေးမှုနှင့် သိချင်စိတ် ရောယှက်နေသော အမူအရာဖြင့် စူးချန်ကဲကို ကြည့်လိုက်သည်။

သူမ နားမလည်နိုင်သည့်အရာမှာ အဆောင်လက်ဖွဲ့တာအိုတွင် သာမန်အောင်မြင်မှုအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော ယောင်ရှင်းယဲ့က သူ့ကို သင်ပေးရန် စူးချန်ကဲကို မည်သည်ကြောင့် တောင်းဆိုရသနည်း ဆိုသည်ကိုပင်။

သူရဲ့ အဆောင်လက်ဖွဲ့တာအို အောင်မြင်မှုက တကယ်ပဲ အဲ့ဒီလောက်တောင် မြင့်မားနေလို့လား...

ထို့ပြင် တာအိုကို မျှဝေပေးခြင်းသည် ရိုးရှင်းသော ကိစ္စတစ်ရပ် မဟုတ်ချေ။ တစ်နည်းအားဖြင့် ထိုအရာမှာ ကိုယ်တိုင်ကျင့်ကြံခြင်းထက် ပို၍ခက်ခဲသည်။ ထိုအရာသည် ဆရာ၏ခွန်အားက တပည့်ထက် များစွာသာလွန်ရန် လိုအပ်ရုံသာမက ထိရောက်စွာ မည်သို့ သင်ကြားရမည်ကို နားလည်ရန်လည်း လိုအပ်ပေ၏။

ဤအချိန်၌....

စူးချန်ကဲက ထိုအရာကို ယူပြီးနောက် တစ်ချက်သာကြည့်လိုက်ပြီး ကြည့်ရှုရန် အနည်းငယ် ခက်ခဲနေကြောင်း တွေ့ရှိလိုက်သည်။ သူ၏ လက်ရှိ အဆောင်လက်ဖွဲ့တာအို အောင်မြင်မှု ရှုထောင့်မှ ကြည့်လျှင် ပြဿနာများစွာကို သူ တွေ့ရှိခဲ့သည်။ နောက်ဆုံးတွင် သူ စကားပြောဆိုလိုက်၏။

"ဒါကို ရေးသားထားတာက အရင်ကထက် နည်းနည်းပိုပြီးတော့ ဖတ်လို့ရလာပေမဲ့ တစ်ခုခုတော့ လိုနေသေးတယ်..."

"ကျေးဇူးပြုပြီး ကျွန်တော့်ကို ဉာဏ်အလင်းပေးပါ ဆရာ..."

ယောင်ရှင်းယဲ့က ချက်ချင်းစိုးရိမ်ပူပန်လာပြီး ဦးညွှတ်ကာ သူ၏လက်ကိုပူးဆုပ်ပြီး ပြောဆိုသည်။

"ဒီလို ပြောရမလား..."

စူးချန်ကဲက နက်နက်ရှိုင်းရှိုင်း စဉ်းစားရင်း မျက်မှောင်ကြုတ်လိုက်သည်။

သူ ကိုယ်တိုင် နားလည်သဘောပေါက်ဖို့ ရွှမ်ချင်း အဆောင်လက်ဖွဲ့တစ်ခုကို ငါ ရေးဆွဲပေးလိုက်သင့်သလား...

နင်ဖူယောင်ကို လုပ်ပေးခဲ့သလိုမျိုးပေါ့...

ဒါပေမဲ့ ပြဿနာက နင်ဖူယောင်ရဲ့ ဓားတာအို ပါရမီက မွန်းစတားဆန်ပြီးတော့ သူ့ကို ကူညီပေးနေတဲ့ ဓားစိတ်ဝိညာဉ်တစ်ခု ရှိနေတယ်... ယောင်ရှင်းယဲ့က ကွဲပြားတယ်... သူက တစ်သက်လုံး ကြည့်နေရင်တောင်မှ အဲ့ဒါကို သင်ယူနိုင်မှာ မဟုတ်ဘူး...

သူသည် မူလက ပေါ့ပေါ့ပါးပါး သင်ပေးရန် ရည်ရွယ်ခဲ့သော်လည်း စူးချန်ကဲသည် အလွန်တာဝန်ယူတတ်သူတစ်ယောက်ပင်။ ဆရာဟု အချိန်အတော်ကြာ ခေါ်ဝေါ်ခံရပြီးနောက် သူသည် ထိုအရာကို ပေါ့ပေါ့တန်တန် မကိုင်တွယ်နိုင်ခဲ့ချေ။

【ဒင်... ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်းကို အသက်သွင်းလိုက်ပါပြီ... လက်ခံသူရဲ့ မွန်းစတားဆန်ပြီးသား အဆောင်လက်ဖွဲ့တာအို ပါရမီနဲ့ ပေါင်းစပ်လိုက်တဲ့အချိန်မှာ ဒီရွှမ်ချင်းအဆောင်လက်ဖွဲ့ကို ကြည့်ရှုပြီးနောက် မဟာတာအိုရဲ့မူလအစ တစိတ်တပိုင်းကို သင် မြင်တွေ့ခဲ့ရတယ်..သင်က အဆောင်လက်ဖွဲ့ရဲ့ အပြစ်အနာအဆာတွေကို ခွဲခြားသိမြင်ပြီးတော့ ယောင်ရှင်းယဲ့ရဲ့ အဆောင်လက်ဖွဲ့တာအိုက ပြဿနာတွေရဲ့ အရင်းအမြစ်ကို နားလည်သွားခဲ့တယ်...】

စနစ်၏အသံ မှေးမှိန်သွားသည်နှင့် စူးချန်ကဲ၏ မျက်လုံးများ ပို၍နက်ရှိုင်းလာခဲ့သည်။ သူက သူ၏လက်ချောင်းထိပ်ဖြင့် အဆောင်လက်ဖွဲ့ကို ခပ်ဖွဖွပုတ်ပြီး ညင်သာစွာ ပြောလိုက်သည်။

"သေချာ ကြည့်ထား..."

သူ၏အသံ မဆုံးမီမှာပင် ယောင်ရှင်းယဲ့က အဆောင်လက်ဖွဲ့ပေါ်တွင် သူ ခက်ခက်ခဲခဲ ပုံဖော်ထားသော မှော်စာလုံးလမ်းကြောင်းများက အသက်ဝင်လာသည့်အလား အလိုအလျောက် စီးဆင်းပြီး ပြိုကွဲကာ ပြန်လည်ဖွဲ့စည်းလာသည်ကို မြင်တွေ့လိုက်ရသည်။ မူလက ပုံသေဖြစ်နေသော အဆောင်လက်ဖွဲ့တာအို စည်းမျဉ်း လမ်းကြောင်းများက သက်ရှိတာအို အမှတ်အသားများအဖြစ် ပြောင်းလဲသွားပုံရပြီး နေရာကျဉ်းလေးတစ်ခုအတွင်း မှော်စာလုံးများ၏ မွေးဖွားမှု ဆင့်ကဲပြောင်းလဲမှုနှင့် ပျက်စီးမှုတို့ကို လုပ်ဆောင်နေပေ၏။

"ဒါက..."

ယောင်ရှင်းယဲ့က မော့ကြည့်လိုက်ပြီး သူ၏မျက်လုံးသူငယ်အိမ်များ ချက်ချင်းကျဥ်းမြောင်းသွားခဲ့သည်။ အချိန်တခဏမျှ သူသည် သူ မည်သည့်နေရာ၌ ရှိနေသည်ကို မေ့သွားသည့်အလား ကြောင်အမ်းသွားခဲ့သည်။

စူးချန်ကဲ၏ နောက်ဆက်တွဲ စကားလုံးတိုင်းက ဉာဏ်ပညာပုလဲများအလား သူ၏စိတ်ထဲတွင် ပေါက်ကွဲသွားပေ၏။

"ဒီနှစ်တွေတလျှောက်လုံး မင်းရဲ့ စွဲလမ်းမှုက အရမ်းနက်ရှိုင်းလွန်းနေတယ်... ရှေးဟောင်း သူတော်စင်တွေ ရေးဆွဲခဲ့တဲ့ အဆောင်လက်ဖွဲ့တွေရဲ့ အနှစ်သာရကို လိုက်စားနေပေမဲ့ မင်းက ပုံသဏ္ဍာန်ကြောင့် ကန့်သတ်ခံနေရပြီး အနှစ်သာရကို မေ့သွားတယ်... ရှေးဟောင်းတာအိုကို သင်ယူသူတွေက ရှင်သန်နိုင်ပြီး ရှေးဟောင်းတာအိုကို အတုခိုးသူတွေကတော့ သေဆုံးလိမ့်မယ်... မင်း ကိုယ့်ကိုယ်ကိုယ် မေးကြည့်စမ်း ..ဒီအဆောင်လက်ဖွဲ့ကို မင်း ရေးဆွဲတုန်းက မင်းရဲ့ ကိုယ်ပိုင်ရည်ရွယ်ချက်ကို မင်း ထည့်သွင်းစဥ်းစားခဲ့ရဲ့လား... ဒီအဆောင်လက်ဖွဲ့နဲ့ ဘယ်လို မဟာတာအို စွမ်းအားမျိုးကို မင်း ဆွဲယူပြီး ဆင့်ကဲပြောင်းလဲဖို့ ရည်ရွယ်ခဲ့တာလဲ..."

"မင်း လုပ်ခဲ့သမျှက ကြောင်တစ်ကောင်ကို နမူနာယူပြီး ကျားတစ်ကောင်ကို ရေးဆွဲသလိုမျိုး မင်းရဲ့ရှေ့က စီနီယာတွေရဲ့ခွန်အားကို ပုံတူကူးချနေရုံ သက်သက်ပဲ... နောက်ဆုံးမှာ မင်းက ဒီလမ်းစဉ်ကနေ ပိုပိုပြီး ဝေးကွာသွားလိမ့်မယ်... အဆောင်လက်ဖွဲ့ဆိုတာ တောင့်တင်းတဲ့ ပုံသဏ္ဍာန်တစ်ခု မဟုတ်ဘူး... အဲ့ဒါက ကောင်းကင်နဲ့မြေကြီးက မဟာတာအိုရဲ့ သရုပ်သဏ္ဍာန်တစ်ခု...နှလုံးသားနဲ့စိတ်ဆန္ဒရဲ့ တိုးချဲ့မှု တစ်ခုပဲ... ငါ့ရဲ့နှလုံးသားကို ကောင်းကင်ရဲ့ နှလုံးသားအဖြစ်ယူပြီး ငါ့ရဲ့တာအိုကို ကောင်းကင်ရဲ့တာအိုအဖြစ် ယူတာ....ဒါက အဆောင်လက်ဖွဲ့တာအိုနဲ့ မဟာတာအို အားလုံးရဲ့ အခြေခံအဓိပ္ပာယ်ပဲ..."

စူးချန်ကဲ၏အသံမှာ တည်ငြိမ်နေခဲ့သည်။ သူ စကားပြောဆိုနေစဉ် မဟာတာအိုက သူ၏ မျက်လုံးများတွင် ထွက်ပေါ်လာခဲ့လေ၏။ အဆောင်လက်ဖွဲ့တာအိုရှိ စစ်မှန်သော အဓိပ္ပာယ် အစအနတစ်ခုကို သူလည်း မြင်တွေ့ခဲ့ရပုံရသည်။ တာအိုကို မျှဝေနေစဉ်တွင်ပင် ပို၍နက်ရှိုင်းသော အဆောင်လက်ဖွဲ့တာအို ဥပဒေသများကို သူ နားလည်သဘောပေါက်နေခဲ့သည်။ နောက်ဆုံးစာကြောင်းမှာ ယောင်ရှင်းယဲ့ နှင့် သူ့ကိုယ်သူ နှစ်ဦးလုံးကို ပြောဆိုခဲ့ခြင်းပင်။

ရုတ်ချည်းဆိုသလိုပင်...

စီးဆင်းနေသော ရွှမ်ချင်းအဆောင်လက်ဖွဲ့ မှော်စာလုံးများက ရုတ်တရက် အေးခဲသွားခဲ့လေသည်။ ထိုအရာများသည် မူလအခြေအနေသို့ ပြန်သွားမည့်အစား ပို၍ကြီးမားသော အလားအလာများ ပါဝင်နေပုံရပြီး ပို၍ တိုတောင်းသော အခြေခံမှော်စာလုံး ဖွဲ့စည်းပုံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့လေ၏။

ထိုအရာမှာ ရွှမ်ချင်း အဆောင်လက်ဖွဲ့ တစ်ခုနှင့် မတူတော့ဘဲ အဆောင်လက်ဖွဲ့၏အနှစ်သာရ အရှိန်အဝါများ ဖြာထွက်နေခဲ့သည်။

【ဒင်... ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်းကို အသက်သွင်းလိုက်ပါပြီ... လက်ခံသူက တာအိုကို မျှဝေနေစဉ်မှာ တာအို ရဲ့ အခြေခံအဓိပ္ပာယ်ကို နားလည်သဘောပေါက်သွားခဲ့ပါတယ်...】

နောက်တစ်စက္ကန့်တွင် တာအိုစည်းချက်များက စူးချန်ကဲ၏နံဘေးပတ်လည်တွင် လှည့်ပတ်နေပြီး ထူးခြားသော သဘာဝလွန်ဖြစ်စဉ်အမျိုးမျိုး ထွက်ပေါ်လာခဲ့သည်။

ပွင့်ဖတ်ဆယ့်နှစ်ခုပါသော ရွှေကြာပန်းများက လေဟာနယ်ထဲမှ ပွင့်လန်းလာပြီး သူ၏ခြေထောက်နံဘေးတွင် လှည့်ပတ်နေခဲ့သည်။ ပွင့်ဖတ်များ ပွင့်လန်းလာသည်နှင့်အမျှ ထိုပန်းများက တာအိုစည်းချက် တောက်ပမှု အစက်အပြောက်များကို ဖြန့်ကျက်သွားခဲ့သည်။

ထို့ပြင် မူလဘူတ မှော်စာလုံးများက ကြာပန်းများ၏အလယ်ဗဟိုတွင် လင်းလက်ပြီး တောက်ပနေကာ ရွှေကြာပန်းတစ်ပွင့်စီက ကောင်းကင်နှင့်မြေကြီး၏ ဥပဒေသတစ်ခုကို ရှင်းပြနေသည့်အလားပင်။

တစ်ချိန်တည်းမှာပင်....

နဝမတောင်ထိပ်၏ အဓိကခန်းမအထက်တွင်...

ရွှေရောင်မဟာတာအို ကျမ်းစာတစ်သောင်းက ကြယ်မြစ်တစ်ခုအလား ဆင်းသက်လာပြီး နဝမတောင်ထိပ်တစ်ခုလုံးကို ဝန်းရံကာ လူးလွန့်နေသည့် မရေမတွက်နိုင်သော ရှေးဟောင်းဆန်ပြီး နက်နဲသိမ်မွေ့သည့် စည်းတံဆိပ်စာလုံးများ အဖြစ် ပြောင်းလဲသွားခဲ့သည်။

ရုတ်ချည်းဆိုသလိုပင် နဝမတောင်ထိပ်တစ်ခုလုံးကို မဟာတာအို၏သိပ်သည်းသော ချီစွမ်းအားဖြင့် ဖုံးလွှမ်းသွားခဲ့လေ၏။

ဤရုတ်တရက် ထွက်ပေါ်လာသည့် ကြီးကျယ်ခမ်းနားသော သဘာဝလွန်ဖြစ်စဉ်က ထိုက်ချင်ဂိုဏ်းရှိ လူများအားလုံးကို ချက်ချင်းထိတ်လန့်သွားစေခဲ့သည်။

"အဲ့ဒါက ဘာကြီးလဲ..."

"အိုး ဘုရားရေ... ဘယ်သူကများ အင်မော်တယ် အဖြစ် တက်လှမ်းသွားတာလဲ..."

"ဘယ်လောက် လှပတဲ့ မြင်ကွင်းလဲ..."

တခြားတောင်ထိပ်သခင်များက အံ့အားသင့်စွာ ရေရွတ်ရင်း ထွက်ပေါ်လာခဲ့ကြလေသည်။ မြင့်မြတ်အရှင် ရွှမ်ကျိသည် သဘာဝလွန်ဖြစ်စဉ်ကို ဖုံးကွယ်ရန်အတွက် ဂိုဏ်းကာကွယ်ရေး မဟာဝင်္ကပါကို အသက်သွင်းရန် သူ၏လက်ကို ဝှေ့ယမ်းရင်း နဝမတောင်ထိပ်ကို ကြောင်အမ်းအမ်းဖြင့်ကြည့်ကာ အော်ဟစ်လိုက်၏။

"ဒါက ရှေးဟောင်းစာတမ်းတွေမှာ မှတ်တမ်းတင်ထားတဲ့ တာအိုဘိုးဘေး ဟောပြောတုန်းက ဖြစ်ပေါ်ခဲ့တဲ့ 'စကားလုံးများဖြင့် မျှဝေသော တာအိုစည်းချက်' 'အမှန်တရား၏ နတ်ဘုရား ဖွင့်ဟချက်' 'တာအို ဉာဏ်အလင်းပွင့်ခြင်း' ဆိုတာတွေများလား..."

"အံ့အားသင့်စရာပဲ..."

စန်းလင်းက ထိုမြင်ကွင်းကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေခဲ့လေသည်။ အချိန်အတော်ကြာပြီးနောက် သူက တီးတိုးရေရွတ်လိုက်သည်။

"ဒီစီနီယာအစ်ကို ရှိနေတာကတင် ဖူယောင်ရဲ့ အကြီးမားဆုံး ကံကောင်းမှုပဲ..."

ဤအချိန်တွင်....

နဝမတောင်ထိပ်၏ အဓိကခန်းမ အတွင်း၌....

စူးချန်ကဲသည် ခန်းမအတွင်း၌ မတ်မတ်ထိုင်နေပြီး မှုန်ဝါးသောတာအိုစက်ဝန်းတစ်ခုက သူ၏အနောက်တွင် ဝိုးတဝါး ထွက်ပေါ်လာသည်။ ထိုအရာအတွင်းတွင် တာအိုများအားလုံး ပေါင်းဆုံမှုမြင်ကွင်းများက နိမ့်ချည်မြင့်ချည် ဖြစ်ပေါ်နေပုံရသည်။

အဓိကခန်းမ အတွင်း၌....

"ရှီး... စီနီယာအစ်ကိုက နတ်ဘုရားအဖြစ် တက်လှမ်းသွားတာလား..."

ထုယိုယိုက အသက်ရှူမမှားဘဲ မနေနိုင်အောင် ဖြစ်သွားပြီး ချက်ချင်းအော်ဟစ်လိုက်သည်။ သူမသည် နေကြာစေ့များကို တိတ်တဆိတ် ခွာစားကာ အစောပိုင်းက နားမလည်စွာ နားထောင်နေခဲ့ပြီး ယခုချိန်၌ သဘာဝလွန်ဖြစ်စဉ်ကြောင့် ထိတ်လန့်သွားခဲ့ခြင်းဖြစ်သည်။

သူမ၏နံဘေးတွင် 'အပြစ်များသော သတ်ဖြတ်ခြင်း ဓားစိတ်ဆန္ဒ'ဖြင့် ဖုံးလွှမ်းခံထားရသော နင်ဖူယောင်သည် ဤဆင်းသက်လာသော သဘာဝလွန်ဖြစ်စဉ်များ၏ အကူအညီကြောင့် ထိုက်ချင် နဝမမြောက်ဓား၏ စစ်မှန်သော အဓိပ္ပာယ်ကို ချက်ချင်းနားလည်သဘောပေါက်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင် ရှေးဟောင်း ဓား ဟင်းလင်းပြင် အတွင်း၌....

အမြဲတစေ စိစစ်မှုနှင့်ဂရုမစိုက်မှု အတိုင်းအတာ တစ်ခုကို ထိန်းသိမ်းထားခဲ့သော အားချီသည် သူမ၏ပုံရိပ်ယောင်ခန္ဓာကိုယ်ဖြင့် ပထမဆုံးအကြိမ်အဖြစ် ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။ သူမ၏ အေးစက်သော မျက်လုံးများမှ မယုံနိုင်သော အံ့အားသင့်မှု အရိပ်အယောင်များ ထွက်ပေါ်လာပေ၏။

"ကြာပန်းတွေအဖြစ် ပြောင်းလဲသွားတဲ့ တာအိုစည်းချက်တွေ... ဥပဒေသ ဖြစ်လာတဲ့ စကားလုံးတွေ... ဒါက သာမန်ဟောပြောခြင်း မဟုတ်ဘူး... ဒါက ရှင်းရှင်းလင်းလင်းကို မဟာတာအိုရဲ့ပုံပေါ်လာခြင်းပဲ..."

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ... ဒါက အင်မော်တယ် ရှေးဟောင်းခေတ်တုန်းက တာအိုဘိုးဘေး ဟောပြောတုန်းကပဲ မြင်ဖူးတဲ့ မြင်ကွင်းတစ်ခုလေ..."

"ဒီကောင်လေးရဲ့နောက်ခံက တကယ်တော့ ဘာလဲ... သူ့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက ဥပဒေသတွေအားလုံးရဲ့ အနှစ်သာရကို ခွဲခြားသိမြင်နိုင်ပြီး တခြားသူတွေ နားလည်နိုင်တဲ့ နည်းလမ်းနဲ့ မျှဝေပေးနိုင်လောက်တဲ့ ကောင်းကင်ကိုဆန့်ကျင်တဲ့ အဆင့်ကို ရောက်နေပြီလား..."

"ဒါက..."

"ဒီစူးချန်ကဲက ပြိုင်ဘက်ကင်း ကြီးမြတ်တဲ့ ပုဂ္ဂိုလ် တစ်ယောက်ယောက်ရဲ့ ပြန်လည်ဝင်စားခြင်း ဖြစ်ရမယ်..."

နောက်တစ်စက္ကန့်တွင်...

"အပိုတွေကို စွန့်ပစ်လိုက်ပါ... အဓိက အနှစ်သာရကို တိုက်ရိုက်ဦးတည်ရမယ်... မင်း သင်ယူခဲ့ဖူးတဲ့ ပုံသေပုံစံတွေ အားလုံးကို မေ့လိုက်တော့... တာအိုကို ခံစားပါ... တာအိုက နေရာတိုင်းမှာ ရှိတယ်..."

စူးချန်ကဲက သူ၏လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ရာ အသစ်စက်စက် အခြေခံမှော်စာလုံးက ယောင်ရှင်းယဲ့ထံသို့ ပေါ့ပေါ့ပါးပါး လွင့်မျောသွားပြီး သူ၏မျက်ခုံးနှစ်ခုကြားသို့ နစ်မြုပ်သွားခဲ့သည်။

"ဝုန်း..."

ယောင်ရှင်းယဲ့၏တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ရီသွားပြီး သူ၏မျက်လုံးများ ရုတ်တရက် ကြောင်စီစီဖြစ်သွားကာ နေရာတွင်ပင် အေးခဲတောင့်တင်းသွားခဲ့သည်။

လောကကြီးကို တုန်လှုပ်စေသော မုန်တိုင်းတစ်ခုက သူ၏အသိစိတ်ပင်လယ်ထဲတွင် တိုက်ခတ်နေလေ၏။

မရေမတွက်နိုင်သော အတိတ်က မှော်စာလုံး အသိပညာများနှင့် ရာပေါင်းများစွာသော ကျရှုံးခဲ့သည့် ရေးဆွဲရန် ကြိုးစားမှုများအားလုံး ပျောက်ကွယ်သွားခဲ့သည်။

ရွှံ့ကို စက္ကူအဖြစ်၊ မြက်ခြောက်ကို စုတ်တံအဖြစ် အသုံးပြုပြီး သူ လိုချင်သည်ကို ရေးဆွဲခဲ့သော ကျေးလက်မှ နွားကျောင်းသားလေး....

ဤသည်မှာ သူ၏ယခင်ပုံစံကို သူ မြင်တွေ့ရသည့် အချိန်အထိပင်။ သူက ထိုပုံရိပ်ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားပြီး သူ၏ ငယ်ရွယ်သောပုံစံက အလိုအလျောက် ရေးဆွဲခဲ့သော မှော်စာလုံးများကို အနောက်မှ မြင်တွေ့ရပြီးနောက် ထိုအခိုက်အတန့်တွင် အချိန်ရပ်တန့်သွားပုံရသည်။

အခန်း ၁၀၂: ကျွန်မ စီနီယာအစ်ကိုနဲ့ နှစ်ကိုယ်တူ ကျင့်ကြံချင်တယ်...

သူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွင် အချိန်မည်မျှထိ ကုန်ဆုံးသွားသည်ကို သူ မသိတော့ချေ။

ယောင်ရှင်းယဲ့ကို အဆောင်လက်ဖွဲ့တာအို၏ သာမန်အောင်မြင်မှုအဆင့်တွင် နှစ်ပေါင်းများစွာ ပိတ်လှောင်ထားခဲ့သော အတားအဆီးက ဤအချိန်အခိုက်အတန့်တွင် ရှင်းလင်းသော အက်ကွဲသံတစ်သံ ထွက်ပေါ်လာခဲ့သည်။ ကြည်လင်သော စမ်းရေပေါက် တစ်ခုအလား ဉာဏ်အလင်းပွင့်ခြင်းလှိုင်းတစ်ခုက သူ၏ ကာလကြာရှည်စွာ ထုံထိုင်းနေခဲ့သော အဆောင်လက်ဖွဲ့တာအို အာရုံခံစားမှုအပေါ်သို့ စီးဆင်းသွားသည်။

သူသည် မှော်စာလုံးများကို ပုံကြမ်းဆွဲရုံမျှ သက်သက်မဟုတ်ဘဲ သူ၏ကိုယ်ပိုင်စိတ်ဝိညာဉ်စွမ်းအားကို လမ်းညွှန်အဖြစ်လည်းကောင်း စိတ်ဆန္ဒကို စုတ်တံအဖြစ်လည်းကောင်း အသုံးပြုခဲ့သည်။ ထို့နောက် စည်းမျဉ်းများကို သတ်မှတ်ကာ ဟင်းလင်းပြင်နယ်မြေ၏ အဆုံးမရှိသော ပန်းချီကားချပ်ပေါ်တွင် ကောင်းကင်တာအို၏ ခမ်းနားသော မြင်ကွင်းကြီးအား စေခိုင်းအမိန့်ပေးနေသည်ကို သူ မြင်တွေ့လိုက်ရသည်။

ဤသည်မှာ အဆောင်လက်ဖွဲ့တာအို၏ မဟာအောင်မြင်မှုက ထိတွေ့ထားသော နယ်ပယ်များ ဖြစ်နေသလော....

အဆောင်လက်ဖွဲ့များကို စကားအဖြစ် အသုံးပြုခြင်း... စကားလုံးများက ဥပဒေ ဖြစ်လာခြင်း...

ခန်းမကြီးထဲတွင်....

သဘာဝလွန်ဖြစ်စဉ်က ပျောက်ကွယ်သွားခဲ့သည်။

စူးချန်ကဲက ခေါင်းဆောင်ထိုင်ခုံတွင် တည်ငြိမ်စွာ ထိုင်နေခဲ့လေ၏။

သူ၏ရှေ့တွင်....

သတိပြန်ဝင်လာသော ယောင်ရှင်းယဲ့က တပည့် တစ်ဦး၏ တရားဝင်အရိုအသေပေးမှုကို ပြုလုပ်ကာ ဒူးထောက်အရိုအသေပေးပြီး ရိုသေလေးစားစွာ ပြောလိုက်သည်။

"ဆရာစူးရဲ့ သင်ကြားပေးမှု ကျေးဇူးကို ကျွန်တော်ရဲ့ ဘဝတစ်သက်တာလုံး ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး..."

သူ့ကိုယ်သူ တပည့်တစ်ယောက်ဟု ခေါ်ဆိုရန် သူ မဝံ့ရဲခဲ့ချေ။ အကြောင်းအရင်းမှာ ဤအချိန်အခိုက်အတန့်တွင် သူသည် စူးချန်ကဲ၏ တပည့် တစ်ယောက်ဖြစ်ရန် မထိုက်တန်တော့ကြောင်း သူ ခံစားလိုက်ရသောကြောင့်ပင်။

"ဒီလို လုပ်ဖို့ မလိုပါဘူး... ခင်ဗျားက အဆင့်ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ပြီဆိုတော့ ပြန်သွားပြီး အဲ့ဒီအရာအပေါ်မှာ သေချာ စဉ်းစားလိုက်ပါ..."

စူးချန်ကဲက ညင်သာစွာ ပြောဆိုလိုက်သည်။ ရိုးရိုးသားသား ပြောရလျှင် ဤမျှထိ ကြီးမားသော လှုပ်ရှားမှုတစ်ခုကို ဖြစ်လာစေရန် သူ မျှော်လင့်မထားခဲ့ချေ။ ကောင်းကင်ဆန့်ကျင် နားလည်သဘောပေါက်နိုင်စွမ်းနှင့် ပေါင်းစပ်ထားသော သူ၏ပါရမီက အမှန်တကယ်ကို အနည်းငယ် လွန်ကဲနေပုံရသည်။

"ဟုတ်ကဲ့ပါ ဆရာ..."

အရိုအသေပေးပြီးနောက် ယောင်ရှင်းယဲ့က ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်သည်။ သူ၏အမူအရာမှာ အနည်းငယ်ရှုပ်ထွေးသွားသော်လည်း အဆုံးသတ်တွင် သူ စကားမပြောရဲဘဲ တိတ်ဆိတ်စွာ လှည့်ထွက်သွားရန်သာ တတ်နိုင်ခဲ့သည်။

စူးချန်ကဲက သူ၏အမူအရာကို မြင်တွေ့ပြီးနောက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"တကယ်လို့ အနာဂတ်မှာ ခင်ဗျား ပြန်လာချင်ရင် လာလို့ ရပါတယ်..."

အမှန်အားဖြင့် သူသည် ယောင်ရှင်းယဲ့ကို တော်တော်လေး သဘောကျပေ၏။ သူသည်လည်း ထိုက်ချင်ဂိုဏ်းအပေါ် ပိုင်ဆိုင်မှု ခံစားချက်တစ်ခု ဖွံ့ဖြိုးလာခဲ့ခြင်း ဖြစ်နိုင်သည်။ ထိုက်ချင်ဂိုဏ်း ပို၍အစွမ်းထက်လာရန် သူ မျှော်လင့်ထားသည်။ သူ့အတွက်မူ ထိုအရာမှာ ပေါ့ပေါ့ပါးပါး လမ်းညွှန်မှု အနည်းငယ် ပေးရုံ သက်သက်ပင်။ အကယ်၍ သူတို့ကိုယ်တိုင် နားလည်နိုင်လျှင် ကောင်းမွန်မည်ဖြစ်ပြီး ထိုအရာထက်ပို၍ သူ လုပ်ဆောင်နိုင်သောအရာ ဘာမှမရှိတော့ချေ။

"ကျေးဇူးတင်ပါတယ် ဆရာ..."

ဤစကားကို ကြားသော ယောင်ရှင်းယဲ့သည် အလွန်စိတ်လှုပ်ရှားသွားပြီး နောက်တစ်ကြိမ် ဒူးထောက်ကာ အရိုအသေပေးလုနီးပါး ဖြစ်သွားခဲ့သည်။

"ဒူးမထောက်နဲ့တော့..."

စူးချန်ကဲက သူ့ကို ဟန့်တားလိုက်သည်။ ဆံဖြူ အဖိုးအိုတစ်ဦးက သူ၏ရှေ့၌ ဆက်တိုက်ဒူးထောက်နေခြင်းမှာ အနည်းငယ် ထူးဆန်းသည်ဟု သူ ခံစားရသည်။

ထိုအချိန်မှာပင် ပျော်ရွှင်မှုနှင့် အရေးတကြီးဖြစ်မှုတို့ ပါဝင်နေသော သိမ်မွေ့သည့် အသံတစ်ခုက ခန်းမထဲရှိ ကျန်ရစ်နေသော တာအိုစည်းချက် လှိုင်းဂယက်များကို ချိုးဖျက်သွားခဲ့သည်။

"စီနီယာအစ်ကို... ကျွန်မကရော... ကျွန်မကရော..."

ထုယိုယိုက ခြေတစ်လှမ်းဖြင့် ခုန်ထလိုက်ရာ ပန်းပွင့်တစ်ရာကို ရှက်ရွံသွားစေနိုင်သော သူမ၏ ပြီးပြည့်စုံသည့် မျက်နှာလေးပေါ်တွင် စိတ်လှုပ်ရှားမှုနှင့်မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

သူမက ကိုင်ထားသော နေကြာစေ့များကို သူမ၏အင်္ကျီလက်ထဲသို့ အလျင်အမြန် ထည့်လိုက်၏။ သူမ၏မီးခိုးပြာရောင်မျက်လုံးများက ကြည်လင်ပြီး ဖောက်ထွင်းမြင်နေရကာ စူးချန်ကဲကို မျှော်လင့်တကြီး ကြည့်ရင်း သူမ၏ သွယ်လျပြီး ကျောက်စိမ်းအလား ဖြူဖွေးသောလက်ကို မြင့်မြင့်မြှောက်ထားလေသည်။

စူးချန်ကဲက သူမကို တစ်ချက်ကြည့်ပြီး မေးလိုက်သည်။

"မင်း ဘာလုပ်နေတာလဲ..."

"ကျွန်မလည်း ဂိုဏ်းတူဦးလေး ယောင်လိုမျိုး 'ဝှစ်' ခနဲ အစွမ်းထက် လာချင်လို့..."

ထုယိုယိုက ကြီးမားသော မျှော်လင့်ချက်ဖြင့် ပြောလိုက်၏။

ယခုလေးတင် သူမ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ စီနီယာအစ်ကိုက စကား အနည်းငယ်သာ ပြောဆိုပြီး လူ့လောကသို့ ဆင်းသက်လာသော အင်မော်တယ်တစ်ပါးအလား တာအိုစည်းချက် ထောင်ပေါင်းများစွာက သူ၏နံဘေးပတ်လည်တွင် ထွက်ပေါ်လာခဲ့သည်။ ဂိုဏ်းတူဦးလေးယောင်က နားထောင်ပြီးနောက် သူ့ကို နှစ်ပေါင်းများစွာ ဒုက္ခပေးနေခဲ့သော အတားအဆီးကို ချက်ချင်းချိုးဖျက်သွားခဲ့လေ၏။

ဤသည်မှာ လွယ်ကူမြန်ဆန်ပြီး မည်သည့် ဆင်းရဲဒုက္ခမျှ မလိုအပ်သော သူမ အိပ်မက်မက်နေသည့် ကျင့်ကြံခြင်းနည်းလမ်းပင်။

စူးချန်ကဲက သူမကို မျက်လုံးလှန်ကြည့်လိုက်သည်။

"ကျင့်ကြံခြင်း ဆိုတာ လက်တွေ့ကျဖို့ လိုတယ်... 'ဝှစ်' ခနဲ အစွမ်းထက်လာဖို့ ဖြတ်လမ်းက ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ..."

"ရှိနေတာက အသိသာကြီးပဲ..."

ထုယိုယိုက နှုတ်ခမ်းဆူလိုက်ပြီး သူ၏စကားကို ယုံကြည်လက်ခံရန် ငြင်းဆန်လိုက်သည်။ သူမက ယောင်ရှင်းယဲ့ ရပ်နေခဲ့သော နေရာကို သူမ၏ သွယ်လျသော လက်ချောင်းဖြင့် ညွှန်ပြလိုက်၏။

"အခုလေးတင် ဂိုဏ်းတူဦးလေးယောင်က စီနီယာအစ်ကိုဆီကနေ စကားနည်းနည်းလောက် ကြားပြီးတာနဲ့ အဆင့်ချိုးဖျက်ဝင်ရောက်သွားတာလေ... ကျွန်မ မြင်လိုက်တယ်..."

"အဲ့ဒါက မင်းရဲ့ ဂိုဏ်းတူဦးလေးယောင်က ဘဝတစ်ဝက်လောက် ကြိုးစားပမ်းစား ကျင့်ကြံလာခဲ့လို့ ဒီတာအိုမှာ နက်ရှိုင်းတဲ့ စုဆောင်းမှု ရှိနေလို့လေ... အရင်က သူ လမ်းမှားပြီး ရွေးခဲ့မိရုံပါပဲ..."

စူးချန်ကဲက တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

ထွက်မသွားသေးသော ယောင်ရှင်းယဲ့သည် ဤရိုးရှင်းသော တူမလေးကို ခါးသီးပြီး ညင်သာသော အပြုံးတစ်ခုသာ ပေးနိုင်ခဲ့သည်။

သို့ရာတွင် ထုယိုယို၏ အသွင်အပြင်နှင့် ကိုယ်ရည်ကိုယ်သွေးကြောင့် သူသည်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ရင်သပ်ရှုမောဖွယ်ကောင်းသော ထိုအကောက်အကွေ့များကို ပွယောင်းသော တပည့်ဝတ်စုံဖြင့်ပင် အပြည့်အဝ ဖုံးကွယ်ထားရန် ခက်ခဲလှသည်။ သူမ၏ ရင်ဘတ်က ပြည့်ဖြိုးပြီး မို့မောက်နေကာ သူမ၏ခါးမှာ လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်နိုင်လောက်အောင် သေးသွယ်လှသည်။ မဟာတာအို၏ မှေးမှိန်ပြီး ရှင်းပြ၍မရနိုင်သော ညှို့ဓာတ်တစ်ခုက သူမထံမှ တမင်သက်သက်ထုတ်လွှတ်မထားသည့်တိုင် ဖြာထွက်နေခဲ့သည်။

"တကယ်ကို မြေခွေးမလေးပဲ..."

"ပြီးတော့ နဝမတောင်ထိပ်မှာ သူ့လိုမျိုး နောက်ထပ်နှစ်ယောက်တောင် ရှိသေးတယ်..."

"တာအိုရောင်းရင်း ချောက်ကမ်းပါးမဲ့အဖိုးအို က ဒီမိန်းမလှလေးတွေကို ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ မသိဘူး..."

"ဒါပေမဲ့ သူတို့နဲ့ ယှဉ်ရင် အဲ့ဒီတုန်းက အဆုံးမဲ့အဖိုးအို ခေါ်လာခဲ့တဲ့ ဆရာစူးက ကြောက်စရာအကောင်းဆုံးပဲ... ဒီလို ကြည့်ရရင် ချောက်ကမ်းပါးမဲ့အဖိုးအိုကလည်း သာမန် မဟုတ်ဘူး..."

အချိန်တခဏမျှ ယောင်ရှင်းယဲ့၏ အတွေးများက လွန်ခဲ့သော နှစ်များစွာက ချောက်ကမ်းပါးမဲ့အဖိုးအို သည် စူးချန်ကဲကို ထိုက်ချင်ဂိုဏ်းသို့ ခေါ်လာခဲ့စဉ်က မြင်ကွင်းဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

ခန်းမကြီးထဲတွင်...

"အဲ့ဒါဆိုရင် စီနီယာအစ်ကို ကရော..."

ထုယိုယို၏မီးခိုးပြာရောင် မျက်လုံးများက လှည့်ပတ်သွားပြီး သူမက ငြင်းခုံစရာ အသစ်တစ်ခုကို ချက်ချင်းရှာတွေ့သွားခဲ့သည်။ သူမက မျက်လုံးများကို မှေးစင်းကာ ပြောဆိုလိုက်၏။

"လွန်ခဲ့တဲ့တစ်လက အစ်ကိုက စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ်မှာပဲ ရှိသေးတာ မဟုတ်ဘူးလား... အဲ့ဒီတုန်းက အစ်ကိုက နတ်ဘုရားချဉ်းကပ်ခြင်းစေတီရဲ့ သတ္တမထပ်ကိုတောင် မကျော်ဖြတ်နိုင်ခဲ့ဘူးလေ... အခု အစ်ကို့ကိုယ်အစ်ကို ပြန်ကြည့်ပါအုံး..."

ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ယောင်ရှင်းယဲ့၏ အမူအရာ တောင့်တင်းသွားရုံသာမက စူးချန်ကဲကိုယ်တိုင်ပင်လျှင် အနည်းငယ် ကြောင်အမ်းသွားခဲ့သည်။

"မှန်တယ်..."

ယောင်ရှင်းယဲ့သည် ဤပြဿနာကို ယခုမှ နားလည်သဘောပေါက်သွားသည့်အလားပင်။ သူက စူးချန်ကဲကို ရုတ်တရက် ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် လွန်ကဲသော အံ့အားသင့်မှုနှင့် ကြောက်ရွံ့ရိုသေမှုတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

"ဒီအကြောင်းကို ငါ မေ့လုနီးပါး ဖြစ်သွားတယ်... လွန်ခဲ့တဲ့ တစ်လကနဲ့ ယှဉ်ရင် ဆရာစူးက တကယ့်ကို လုံးဝကွဲပြားတဲ့ လူတစ်ယောက် ဖြစ်နေတာပဲ..."

"အသင်္ချေကောင်းကင်ဘုံနန်းတော်မှာ... အဲ့ဒီအချိန်ကတည်းက ဆရာစူးက ပိုပိုပြီးပါရမီရှင် ဆန်လာတယ်... နတ်ဘုရားချဉ်းကပ်ခြင်းစေတီ ကို ကျော်ဖြတ်ဖို့ အသက်သုံးရှိုက်စာအချိန်.. ချင်းချိုးအပျက်အစီးနယ်မြေက ကောလာဟလတွေနဲ့ ဓားသင်္ချိုင်း...အဲ့ဒါတွေထဲမှာ တစ်ခုမှာမှ သူက အဆောင်လက်ဖွဲ့တာအိုကို အသုံးမပြုခဲ့ဘူး... သူ့ရဲ့ နယ်ပယ်က အခု ဘာလဲ..."

သူ့ကို တိုက်ရိုက်ထိုးဖောက်မြင်ချင်နေပုံရသည့် ယောင်ရှင်းယဲ့၏ ရုတ်တရက် ပူလောင်သော အကြည့်အောက်တွင် စူးချန်ကဲ အနေရခက်သွားခဲ့သည်။ သူက ချောင်းဟန့်ပြီး လေးနက်သော မျက်နှာဖြင့် ပြောလိုက်သည်။

"ငါ့ရဲ့ အခြေအနေက မင်းတို့နဲ့ မတူဘူးလေ..."

ငါက စနစ်ရဲ့လှည့်စားမှုပါတဲ့ ဒုတိယ မျိုးဆက် အင်မော်တယ် တစ်ယောက်လေ.... ထိပ်တန်းအဆင့် ဖွဲ့စည်းပုံတစ်ခုပေါ့... နည်းနည်းလောက် ပိုပြီးအစွမ်းထက်နေတာက ပုံမှန်ပဲ မဟုတ်ဘူးလား...

ဤစကားကို ကြားသောအခါ ထုယိုယိုက သူမ၏ပန်းရောင် နှုတ်ခမ်းများကို ဆူလိုက်ပြီး သူ့ကို ချေပရန် စကားလုံးများကို တခဏကြာသည်အထိ ရှာမတွေ့ခဲ့ချေ။

"မင်း ပုံမှန် အသုံးပြုတဲ့ ကျင့်ကြံနည်းစနစ်ကို ငါ့ကို ပြပါ..."

စူးချန်ကဲက ထိုအကြောင်းအရာကို ဆက်မပြောတော့ဘဲ ​စကားလမ်းကြောင်း လွှဲလိုက်သည်။ သူမ ကျင့်ကြံသော မြေခွေးမျိုးနွယ်စု နည်းစနစ် ဖြစ်သည့် အမြှီးကိုးချောင်း ကောင်းကင်မြေခွေး နည်းစနစ်ကို သူ ပို၍ကောင်းမွန်အောင် ပြုလုပ်ပေးရန် ရည်ရွယ်ထားခဲ့သည်။

သေချာသည်မှာ သူ၏ တခြားဂျူနီယာညီမလေးများကို သင်ကြားပေးခြင်းအတွက် ဆုလာဘ်များ ရှိမရှိကိုလည်း သူ သိချင်ခဲ့သည်။

သို့ရာတွင် ထုယိုယို၏ လှပသော မီးခိုးပြာရောင် မျက်လုံးများတွင် ထိတ်လန့်မှု အရိပ်အယောင်တစ်ခု ချက်ချင်း ဖြတ်ပြေးသွားခဲ့သည်။

ကျင့်ကြံနည်းစနစ်...

ဤသည်က သူမတို့ချင်းချိုးမျိုးနွယ်၏ လျှို့ဝှက်ချက်ဖြစ်ပြီး မြေခွေးမျိုးနွယ်စု၏ အမြင့်မြတ်ဆုံး ကျမ်းစာပင်။

ထိုအရာကို စီနီယာအစ်ကိုအား သူမ မည်သို့ ပြနိုင်မည်နည်း....

ဤသည်က သူမကိုယ်သူမ မြေခွေးနတ်ဆိုးသားရဲတစ်ကောင်အဖြစ် ဖော်ထုတ်လိုက်သကဲ့သို့ ဖြစ်သွားမည် မဟုတ်လော...

သို့ရာတွင် အမှန်အားဖြင့် သူမ ဖော်ထုတ်မခံရသေးဘူးဟု သူမ တစ်ယောက်တည်းသာ တွေးထင်နေခြင်းဖြစ်သည်။

ထုယိုယို၏ ဉာဏ်ကောင်းသော မျက်လုံးများက လှည့်ပတ်သွားပြီး တစ်ခုခုကို ချက်ချင်းတွေးတောမိသွားခဲ့သည်။ သူမ၏မျက်နှာသည် တောက်ပပြီး နေရောင်အလား အပြုံးတစ်ခုဖြင့် နောက်တစ်ကြိမ် ပွင့်လန်းလာပြီး မျက်လုံးများကို မှေးစင်းကာ ပြောလိုက်သည်။

"စီနီယာအစ်ကို... ကျွန်မ ဘယ်နည်းစနစ်ကိုမှ မသင်ချင်ဘူး... အမြန်ဆုံး ဘယ်လို ကျင့်ကြံရမလဲဆိုတာကို ကျွန်မ သိတယ်... စီနီယာအစ်ကို... ကျွန်မကို ကူညီပါ..."

"အို..."

စူးချန်ကဲက မျက်ခုံးပင့်လိုက်၏။ သူက သူ၏နံဘေးရှိ ကြည်လင်သော လက်ဖက်ရည်ကိုယူကာ တစ်ငုံသောက်လိုက်သည်။

"ပြောပါအုံး..."

ထုယိုယိုက သူမ၏ဂုဏ်ယူဖွယ်ကောင်းသော ရင်ဘတ်ကို ကော့လိုက်ကာ သူမ၏မျက်နှာတွင် အမြင့်မြတ်ဆုံး ဖြတ်လမ်းတစ်ခုကို ရှာတွေ့ထားသည့်အလား ဂုဏ်ယူမှုနှင့်လေးနက်မှုတစ်မျိုး ထင်ဟပ်နေသည်။ သူမက အသည်းခိုက်မတတ် တုန်လှုပ်ဖွယ်ကောင်းသော စကားလုံးများဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။

"ကျွန်မကစီနီယာအစ်ကိုနဲ့ နှစ်ကိုယ်တူ ကျင့်ကြံချင်တယ်... နှစ်ကိုယ်တူကျင့်ကြံခြင်းက အမြန်ဆုံးပဲဆိုတာ ကျွန်မ သိတယ်..."

"ဖူး..."

စူးချန်ကဲ ယခုလေးတင် မျိုချလိုက်သော လက်ဖက်ရည်များ ပန်းထွက်လုနီးပါး ဖြစ်သွားခဲ့သည်။ သူက ထိုအရာကို အတင်းအကြပ် မျိုချလိုက်ပြီး အကြိမ်ကြိမ်သီးကာ ချောင်းဆိုးလိုက်၏။

နှစ်ကိုယ်တူ ကျင့်ကြံခြင်း...

သောက်ကျိုးနည်း... မင်းက ချင်းချိုးကလား ဒါမှမဟုတ် ဟယ်ဟွမ်ဂိုဏ်းကလား...

All Chapters