အခန်း (၁၀၃-၁၀၄)
Vol. 11 Ch. 103-104
အခန်း ၁၀၃:အဲ့ဒါဆို အပေါ်တက်ခဲ့လေ...
နံဘေးတွင် မတ်တတ်ရပ်နေသော ယောင်ရှင်းယဲ့က ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ ဤနေရာတွင် အချိန်ဆွဲနေရန် မသင့်တော်ကြောင်း သဘောပေါက်သွားသဖြင့် သူက စူးချန်ကဲကို ချက်ချင်းဦးညွှတ်ကာ အလျင်စလို လေသံဖြင့် ပြောလိုက်သည်။
"ဆရာစူး... ကျွန်တော့်ရဲ့ဇနီး မီးဖွားတော့မယ်ဆိုတာကို ရှင်းယဲ့ အခုမှ သတိရလိုက်လို့ပါ... သွားခွင့်ပြုပါ... သွားခွင့်ပြုပါဦး..."
သူ၏အသံ မဆုံးမီပင် ဝှစ်ခနဲအသံနှင့်အတူ သူ ပျောက်ကွယ်သွားပြီး သူ၏ပုံရိပ်က အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
"ဒီခေတ် လူငယ်တွေက အမြဲတမ်း ဒီလိုပဲ ပွင့်လင်းကြတာလား..."
"နှစ်ကိုယ်တူ ကျင့်ကြံခြင်း... ကျွတ် ကျွတ် ကျွတ်... ဒီကောင်မလေးက အရမ်းငယ်သေးတာကို... သူက ကြိုးစားအားထုတ်မှု မလုပ်ချင်ဘူးလား..."
"ဆရာစူးရဲ့ပါရမီက ဒီအောက်ဘုံမှာ ရှိတဲ့သူတွေ နားလည်နိုင်တဲ့ အရာမျိုး မဟုတ်တော့ဘူး... အနာဂတ်ကျရင် စိတ်ဝိညာဉ်နယ်မြေမှာတောင် သူက ထိပ်သီးပုဂ္ဂိုလ်ကြီး တစ်ယောက် ဖြစ်လာမှာ အနှေးနဲ့အမြန်ပဲ.... သူ့ရဲ့ နာမည်က ဧကရာဇ်လမ်းစဉ်အတွက် ရုန်းကန်မှုမှာ သေချာပေါက် ရေးထိုးခံရလိမ့်မယ်... တကယ်လို့ တစ်ယောက်ယောက်က သူ့ရဲ့အမျိုးသမီး ဖြစ်လာမယ်ဆိုရင် အနာဂတ်ကျရင် အထွတ်အထိပ်မှာ သေချာပေါက် ရပ်တည်နိုင်လိမ့်မယ်..."
"သန့်စင်တဲ့ ပါရမီပိုင်းမှာဆိုရင် ဒီကောင်မလေးက အဲ့ဒီ အစပျိုးနေတဲ့ ဓားအင်မော်တယ် ဒါမှမဟုတ် နတ်ဘုရားချဉ်းကပ်ခြင်း စေတီရဲ့ ဒုတိယထပ်ကို ကျော်ဖြတ်ခဲ့တဲ့ လျှိုရူယန် လောက် မကောင်းပေမဲ့ သူက ဆရာစူးအပေါ်မှာ လုံးဝယုံကြည်ကိုးကွယ်တယ်... တကယ်တော့ ဒီကောင်မလေးကို ငါ အထင်ကြီးတယ်... သူ့ရဲ့ အနာဂတ်က မျှော်လင့်ချက် ရှိတယ်... ငါက သူနဲ့ ကြိုတင်ပြီး မိတ်ဆွေဖွဲ့ထားရမယ်..."
ယောင်ရှင်းယဲ့၏ပုံရိပ်က နဝမတောင်ထိပ်၏ အပြင်ဘက် မိုးကောင်းကင်ယံတွင် ထွက်ပေါ်လာစဉ်တွင် သူက တွေးတောလိုက်သည်။
"ဟင်..."
သူ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သူ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ပုံရိပ် ခုနစ်ခု သို့မဟုတ် ရှစ်ခု၏ ဝိုင်းရံခြင်းကို ချက်ချင်းခံလိုက်ရသည်။
"စီနီယာအစ်ကို ယောင်... ဘာတွေ ဖြစ်နေတာလဲ... ခုဏက ဆူညံသံတွေက သူတော်စင်သားတော်ကြောင့် ဖြစ်တာလား..."
ရှန်းဝမ်က စိတ်လှုပ်ရှားစွာဖြင့် အရင်ဆုံး မေးမြန်းလိုက်သည်။
ယောင်ရှင်းယဲ့က တခြားတောင်ထိပ်သခင်များ၏ ပူလောင်ပြင်းပြနေသော အကြည့်များကို အကဲခတ်လိုက်ပြီး အထူးသဖြင့် သူ့ကို စိုက်ကြည့်နေသော မြင့်မြတ်အရှင်ရွှမ်ကျိကိုလည်း မြင်တွေ့လိုက်ရသည်။ အကယ်၍ သူ ရှင်းလင်းစွာ မရှင်းပြပါက ယနေ့ ထွက်သွားရန် အခက်တွေ့နိုင်ကြောင်း သူ နားလည်လိုက်သည်။ သို့ရာတွင် ထိုအရာကို ရှင်းပြခြင်းက ဆရာစူး အတွက် အကျိုးရှိစေပြီး သူ့ကို မထိခိုက်စေနိုင်ဟု တွေးတောကာ သူက ခေါင်းညိတ်ပြပြီး ပြောဆိုလိုက်၏။
"ဟုတ်ပါတယ်... ဆရာစူးက အဆောင်လက်ဖွဲ့တာအိုနဲ့ ပတ်သက်ပြီး ငါ့ရဲ့ ရှုပ်ထွေးမှုတွေကို အခုလေးတင် ဖြေရှင်းပေးခဲ့လို့ တာအိုသဘာဝလွန်ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာတာပါ..."
ဤစကားများကို ပြောလိုက်သည်နှင့်....
"ရှီး..."
တောင်ထိပ်သခင်များအားလုံး အသက်ရှူမမှားဘဲ မနေနိုင်အောင် ဖြစ်သွားကြပြီး အချင်းချင်း ကြည့်လိုက်ကြချိန်တွင် သူတို့၏မျက်လုံးများထဲရှိ မယုံကြည်နိုင်မှုနှင့်အံ့အားသင့်မှုများကို မြင်တွေ့နိုင်သည်။ အချိန်တခဏကြာသည်အထိ သူတို့ ဘာပြောရမှန်းမသိ ဖြစ်သွားကြသည်။
တစ်ချိန်တည်းမှာပင် မျက်နှာအနည်းငယ် ဖြူရော်နေပြီး ဒဏ်ရာများ အပြည့်အဝ မသက်သာသေးသော ဓားအရူးသည် ယောင်ရှင်းယဲ့ကို အရှင်လတ်လတ် ဝါးမျိုချင်သည့်အလား စူးစူးဝါးဝါး စိုက်ကြည့်နေခဲ့သည်။ အထူးသဖြင့် ယောင်ရှင်းယဲ့က စူးချန်ကဲကို 'ဆရာ' ဟု ခေါ်သည်အား ကြားသောအခါ သူ၏ ဓားစိတ်ဆန္ဒကို ပြင်းထန်စွာ လှိုင်းထသွားစေခဲ့သည်။
အကယ်၍ ထိုနေ့က သူသာ အနိုင်ရပြီး စူးချန်ကဲကို ပထမဆုံး တွေ့ခွင့်ရသောသူ ဖြစ်ခဲ့လျှင် ယနေ့တွင် ဓားတာအို၌ ချိုးဖျက်ဝင်ရောက်မှု ရရှိသောသူက သူ ဖြစ်နေနိုင်သလော...
သို့ရာတွင် လက်တွေ့တွင်မူ သူက အလွန်အကျွံ တွေးနေခြင်းသာ ဖြစ်လေ၏။ စူးချန်ကဲသည် ယောင်ရှင်းယဲ့ကို ကူညီရန် သဘောတူခဲ့ခြင်းမှာ သူသည် ပထမဆုံး လာရောက်လည်ပတ်သူ ဖြစ်သောကြောင့် မဟုတ်ချေ။
အချိန်တခဏမျှ တိတ်ဆိတ်သွားပြီးနောက် ယနေ့ ရှားရှားပါးပါး အမူးပြေနေသော မူးယစ်နတ်မိမယ်ယွင်ချင်က ယောင်ရှင်းယဲ့ ကို ကြည့်ကာ စမ်းသပ်သည့်အနေဖြင့် မေးလိုက်သည်။
"စီနီယာအစ်ကို ယောင်... အဲ့ဒါဆို အစ်ကို့ရဲ့ အဆောင်လက်ဖွဲ့တာအို ကျင့်ကြံခြင်းက..."
"တကယ်လို့ အဆောင်လက်ဖွဲ့တာအိုရဲ့ မဟာ အောင်မြင်မှုအဆင့်ကို ငါ မမြင်ခဲ့ရဘူးဆိုရင် ဆရာစူးရဲ့ သင်ကြားပေးမှုတွေကို ကောင်းကောင်းမသင်ယူနိုင်ခဲ့တဲ့အတွက် ငါ အရမ်း ရှက်မိမှာပါ..."
ယောင်ရှင်းယဲ့က ပေါ့ပေါ့ပါးပါး ပြုံးလိုက်ရာ သူ အလွန်စိတ်ကျေနပ်နေခဲ့သည်။
နောက်တစ်စက္ကန့်တွင် မြင့်မြတ်အရှင်ရွှမ်ကျိ ၏ အနည်းငယ် တုန်ရီနေသော ပါးစပ်က စကားပြောတော့မည်ကို မြင်သောအခါ သူက အလျင်စလို ပြောလိုက်သည်။
"ကောင်းပါပြီ... ငါက ပြန်သွားပြီးတော့ ဆက်ပြီး နားလည်သဘောပေါက်အောင် လုပ်ရဦးမယ်... ဆရာစူးရဲ့ကျေးဇူးကို ငါက အလဟဿ အဖြစ်မခံနိုင်ဘူး... သွားခွင့်ပြုပါဦး..."
ယောင်ရှင်းယဲ့က လူအုပ်ကြီးကိုနောက်တစ်ကြိမ် ပြုံးပြလိုက်ပြီး သူ၏ပုံရိပ်က ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။ သူ၏မျက်လုံးများကို ပိတ်ထားလျှင်ပင် ဤလူစု ဘာလုပ်ချင်သနည်းဆိုသည်ကို သူ ခန့်မှန်းနိုင်လေ၏။
သင်ကြားရေး အစီအစဉ်တစ်ခုတည်းနှင့် သူ ဤမျှထိ ကြီးမားသော တိုးတက်မှုကို ရရှိခဲ့ခြင်း ဖြစ်ရာ ဤသည်မှာ ကောင်းကင်ကိုဆန့်ကျင်သည့် အခွင့်အရေးတစ်ခုရရှိခြင်းနှင့် ညီမျှနေသည်။
မြင့်မြတ်အရှင်နယ်ပယ် နှောင်းပိုင်းအဆင့်တွင်ရှိသော ဤကျင့်ကြံသူအုပ်စုအတွက် ထိုအရာသည် သေစေနိုင်သော သွေးဆောင်မှုတစ်ခုကို ပိုင်ဆိုင်ထားလေသည်။
မည်သူကများ ထပ်မံ၍ အစွမ်းထက်ချင်ဘဲ နေမည်နည်း....
အခြေအနေများက ခွင့်မပြု၍သာဖြစ်သည်...
ယခုချိန်၌ အခွင့်အရေးက သူတို့၏မျက်စိရှေ့တွင် ရှိနေပြီဖြစ်ရာ မည်သူက ထိုအရာကို ခုခံနိုင်မည်နည်း...
သို့ရာတွင် ယောင်ရှင်းယဲ့သည် အမြင်ကျဉ်းသူ သို့မဟုတ် တစ်ကိုယ်ကောင်းဆန်သူ မဟုတ်သလို ဖြောင်းဖျသူအဖြစ် ဆောင်ရွက်ရန်လည်း ဆန္ဒမရှိခဲ့ချေ။ အသင်္ချေကောင်းကင်ဘုံနန်းတော်မှ ဖြစ်ရပ်ကြောင့်သာ သူသည် သင်ခန်းစာကို သင်ယူနိုင်ခဲ့ခြင်းဖြစ်ပြီး ဤအခွင့်အရေးကို ခက်ခက်ခဲခဲ ရရှိခဲ့ခြင်းသာ ဖြစ်သည်။ သူတို့ကိုလည်း သင်ခန်းစာအား သင်ယူခွင့်ပြုရန် သူထံ၌ မည်သို့ စွမ်းရည် ရှိနိုင်မည်နည်း။ ထို့ပြင် ဤကိစ္စနှင့် ပတ်သက်၍ သူ ဆုံးဖြတ်ချက် မချနိုင်ချေ။ အကယ်၍ သူ စကားများလွန်းပြီး စူးချန်ကဲကို မကျေမနပ် ဖြစ်စေပါက ထိုအရာသည် ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်သွားပေလိမ့်မည်။
"နေအုံး... စီနီယာအစ်ကို ယောင်... အနည်းဆုံးတော့ ကျွန်တော်တို့အတွက် နည်းလမ်းလေး တစ်ခုလောက် ချန်ထားပေးပါအုံး..."
ရှန်းဝမ်က ယောင်ရှင်းယဲ့ကို တားဆီးရန် ချက်ချင်းရှေ့ထွက်လာခဲ့ပြီး သူ၏မျက်လုံးများတွင် တောင်းပန်မှုအရိပ်အယောင်တစ်ခု ရှိနေသည်။ သူ၏ပါရမီသည် ညံ့ဖျင်းနေကာ တခြားသူများအားလုံး တာအိုတစ်ခုတွင် သာမန် အောင်မြင်မှုအဆင့်တွင် ရှိနေကာ မြင့်မြတ်အရှင်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေကြလေပြီ။ သူ တစ်ယောက်တည်းသာ မြင့်မြတ်အရှင်နယ်ပယ် အလယ်အလတ်အဆင့်တွင် ရှိနေသည်။ ဤအခွင့်အရေးကို သူ လက်လွတ်မခံနိုင်ချေ။
တခြားတောင်ထိပ်သခင်များကလည်း တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။
သူတို့၏အမူအရာများကို မြင်သောအခါ ယောင်ရှင်းယဲ့က တခဏကြာမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်၏။
"ဟူး... မင်းတို့ကို ငါ ကြောက်ပါတယ်... ငါ့ရဲ့အမြင်အရတော့ ဆရာစူးက ကျေးဇူးဆပ်တတ်တဲ့ လူစားမျိုးပဲ... တကယ်လို့ မင်းတို့က အရင်တုန်းက ဆရာစူးကို ကူညီခဲ့ဖူးပြီး အခုချိန်မှာ အကြံဉာဏ် သွားတောင်းမယ်ဆိုရင် အောင်မြင်နိုင်ခြေ သေချာပေါက် မြင့်မားမှာပါ..."
ဤစကားကို ပြောဆိုပြီးနောက် သူသည် ဒုတိယ တောင်ထိပ်သို့ တိုက်ရိုက်ပြန်သွားခဲ့သည်။
ယောင်ရှင်းယဲ့၏အသံ မှေးမှိန်သွားပြီးနောက် ယွင်ချင်က အံ့ကြိတ်ကာ ပြောလိုက်သည်။
"စီနီယာအစ်ကိုယောင်က သူတော်စင်သားတော်က ဒီလိုပါရမီရှင်မျိုးဆိုတာကို အစောကြီးကတည်းက သိထားရမယ်... ပြီးတော့ သူတော်စင်သားတော်ရဲ့ မျက်နှာသာပေးမှုကို အရင်ကတည်းက ရယူထားခဲ့တာ သေချာတယ်..."
ဟင်္သာပြဒါးနေမင်းသခင် က လေးလံစွာ သက်ပြင်းချလိုက်ပြီး ပြောဆိုသည်။
"ဟူး... အဲ့ဒီလို ဖြစ်နေတော့ရော ဘာဖြစ်လဲ... အဲ့ဒါက သူ့ရဲ့ ကံပဲ... အားကျလို့ မရဘူး... အဲ့ဒီနေ့က အဓိကခန်းမထဲမှာ အဲ့ဒီတပည့် ဝမ်ကန်း ပြောခဲ့တဲ့ စကားတွေကို ငါ အခု ယုံသွားပြီ... ဒါပေမဲ့ အခုက အရမ်းနောက်ကျသွားပြီ... အသက် နှစ်ဆယ်ကျော် လူငယ်လေး တစ်ယောက်က တာအိုမှာ ဒီလောက်ထိ မြင့်မားတဲ့ နားလည်သဘောပေါက်နိုင်စွမ်းမျိုး ရှိလိမ့်မယ်လို့ ဘယ်သူက ထင်ရဲမှာလဲ... တောင်ထိပ်သခင် တွေဖြစ်တဲ့ ငါတို့တောင်မှ သူ့ကို မိတ်ဆွေမဖွဲ့ခဲ့ရလို့ ဝမ်းနည်းနေရတဲ့အထိပဲ..."
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော လီချင်းဖုန်း မှာမူ သိသိသာသာ ထိတ်လန့်တုန်လှုပ်နေခဲ့လေသည်။
'အကူအညီဆိုတဲ့ စကားလုံးကို ပြောရရင် အပျက်အစီးနယ်မြေထဲမှာ ငါပေးခဲ့တဲ့ ငါ့ရဲ့ စစ်တုရင် အဖြူရောင်နယ်ရုပ်က အကျုံးဝင်မလား မသိဘူး... ပြီးတော့ ရွှီချီနဲ့ သူ့ရဲ့ ခင်မင်ရင်းနှီးမှု အရဆိုရင် သင်ခန်းစာ သွားနားထောင်ဖို့က ငါ့အတွက် အဆင်ပြေလောက်ပါတယ်... အင်း... ရွှီချီကို ငါ လွှတ်ပေးရမယ်... သူ့ကို အခုချက်ချင်း လွှတ်ပေးရမယ်...'
"ဖြေရှင်းရဦးမယ့် ကိစ္စတချို့ကို ငါ ရုတ်တရက် သတိရသွားလို့... ငါ သွားတော့မယ်..."
လီချင်းဖုန်းက ညင်သာစွာ ပြောလိုက်ပြီး သူ၏ ပုံရိပ်က လေနုအေးတစ်ချက်အဖြစ် ပြောင်းလဲသွားကာ ထွက်ခွာသွားခဲ့သည်။
သူ ထွက်ခွာသွားသည်ကို မြင်သောအခါ လူတိုင်းက တစ်ခုခုကို နားလည်သွားကြ၏။
ရှန်းဝမ်က မျှော်လင့်ချက်မဲ့နေသော အမူအရာဖြင့် ပြောလိုက်သည်။
"ကြည့်ရတာ စီနီယာအစ်ကို ချင်းဖုန်းက ထိုက်ချင် လက်ဖက်ရည်ပွဲမှာ သူတော်စင်သားတော် ကို ကူညီခဲ့ဖူးပုံရတယ်... ဒါပေမဲ့ ငါက ဘာမှ မကူညီခဲ့ဖူးဘူး... ငါက ဂိုဏ်းရဲ့လုပ်ငန်းတွေကို စီမံခန့်ခွဲပြီး နေ့တိုင်း ပိုက်ဆံရှာဖို့ အလုပ်များနေတာလေ... ငါ့မှာ ဘယ်က အချိန်ရှိမှာလဲ..."
"စီနီယာအစ်ကို ရွှမ်ကျိ... တစ်ခုခု ပြောပါဦး..."
"သူတော်စင်သားတော်ကို ဂိုဏ်းခေါင်းဆောင် အဖြစ် ခန့်အပ်လိုက်ရင်ရော ဘယ်လိုလဲ... အဲ့ဒီလိုဆိုရင် ထိုက်ချင်ဂိုဏ်းက သူ့ရဲ့အပိုင် ဖြစ်သွားမှာပေါ့... အဲ့ဒီအချိန်ကျရင် ငါတို့မှာ အကြောင်းပြချက် ရှိသွားပြီ မဟုတ်လား..."
"ဂိုဏ်းခေါင်းဆောင်က ဟောပြောတယ်ဆိုတာ အဆင်ပြေလောက်ပါတယ်..."
မြင့်မြတ်အရှင်ရွှမ်ကျိသည် လေထဲတွင် တိတ်တဆိတ် မတ်တတ်ရပ်နေပြီး စူးချန်ကဲနှင့် သူ စကားအမြောက်အများ မပြောဖြစ်ခဲ့ကြောင်းကို တွေးတောကာ သူ၏မျက်လုံးများတွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။
သတ္တမ တောင်ထိပ်သခင် ယန်လော်က အေးစက်သော မျက်နှာဖြင့် ထွက်သွားခဲ့လေသည်။ သူ့ထံ၌ စဉ်းစားစရာ ဘာမှမရှိချေ။ စူးချန်ကဲနှင့် မိတ်ဆွေဖွဲ့ထားရန်ကို မဆိုထားနှင့် သူ တစ်ဖက်လူကို မစော်ကားမိခြင်းကပင် လုံလောက်စွာ ကောင်းမွန်နေပြီ။
"ဟောပြောဖို့ ဆုံးဖြတ်ချက်က သူတော်စင်သားတော် အပေါ်မှာပဲ မူတည်တယ်... ဒီနေရာမှာ အများကြီး တွေးနေလို့ အသုံးမဝင်ဘူး... တကယ်လို့ အခွင့်အရေး ရှိလာရင် ငါက အားလုံးရဲ့ကိုယ်စား မေးပေးပါ့မယ်... လောလောဆယ်တော့ လူစုခွဲလိုက်ကြရအောင်..."
မြင့်မြတ်အရှင်ရွှမ်ကျိက ဂရုမစိုက်သည့်လေသံဖြင့် ပြောလိုက်ပြီး သူ၏ ပုံရိပ် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားခဲ့သည်။
တခြား တောင်ထိပ်သခင်များကလည်း ခေါင်းညိတ်လိုက်ကြပြီး လေထဲသို့ တစ်ယောက်ပြီးတစ်ယောက် တိုးဝင်ပျောက်ကွယ်သွားကြ၏။
တစ်ချိန်တည်းမှာပင်... နဝမတောင်ထိပ်... အဓိက ခန်းမ အတွင်း၌...
စူးချန်ကဲက သူ၏တည်ငြိမ်မှုကို ပြန်လည်ရရှိပြီးနောက် ရုတ်တရက် စိတ်ဝင်စားသွားကာ အပြုံးနှင့် မေးလိုက်သည်။
"နှစ်ကိုယ်တူ ကျင့်ကြံခြင်း ဆိုတာက ဘာလဲဆိုတာကိုတောင် မင်း နားလည်လို့လား... ပြီးတော့ မင်းက အဲ့ဒါကို ကျင့်ကြံချင်တယ်ပေါ့..."
"သေချာတာပေါ့ ကျွန်မ နားလည်တာပေါ့..."
ထုယိုယိုက တည်ကြည်လေးနက်စွာ ပြန်ဖြေလိုက်ပြီးနောက် နှစ်ကိုယ်တူ ကျင့်ကြံခြင်း၏ အကျိုးကျေးဇူးများနှင့် လုပ်ငန်းစဉ်များကို ရှုထောင့်အမျိုးမျိုးမှ အလွန်သဘာဝကျစွာ ဖော်ပြလိုက်သည်။
အသေးစိတ် အချက်အလက် စကားလုံးတစ်သောင်းခန့်ကို ဤနေရာတွင် ချန်လှပ်ထားခဲ့သည်။
(ဥပမာ-ခုနှစ်ထွေအက၊စောင်းတီး၊မြင်းစီး၊ကျားကြီးရေသောက်၊အိုးစည်ဒိုးပတ်ဝိုင်းတွေနဲ့မြိုင်မြိုင်ဆိုင်ဆိုင်အက…etc… )
"..."
စူးချန်ကဲ ဆွံ့အသွားပြီး သူ၏နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။
ဤမိန်းကလေးသည် ဤမျှထိများများ သိနေလိမ့်မည်ဟု သူ အမှန်တကယ်ကို မျှော်လင့်မထားခဲ့ချေ။
နတ်ဆိုးမျိုးနွယ်စုရဲ့ ပညာရေးက အရမ်းကို ပွင့်လင်းပုံရတယ်...
ပြီးတော့ ဒီနှစ်ကိုယ်တူကျင့်ကြံခြင်း မှာ ဒီလောက်တောင် သိမ်မွေ့မှုတွေနဲ့ အကျိုးကျေးဇူးတွေ အများကြီး ရှိတာလား...
သောက်ကျိုးနည်း...
မင်းက တကယ့်ကို ဟယ်ဟွမ်ဂိုဏ်းကပဲ...
"ဘယ်လိုလဲ စီနီယာအစ်ကို..."
သူ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ထုယိုယို၏မီးခိုးပြာရောင် မျက်လုံးများက ဉာဏ်များစွာဖြင့် မှေးစင်းသွားသည်။ သူမသည် လိုချင်တာကို ရသွားသော မြေခွေးပေါက်လေး တစ်ကောင်အလား နောက်ပြောင်ကျီစယ်သော အပြုံးတစ်ခုက သူမ၏နှုတ်ခမ်းထောင့်များတွင် ဆော့ကစားနေခဲ့လေ၏။
အစပိုင်းတွင် သူမသည် အဓိပ္ပာယ်မရှိသည်များကိုသာ ပြောနေခြင်း ဖြစ်သော်လည်း ရေခဲတုံးစူးချန်ကဲက ဤကဲ့သို့ အနေရခက်နေသည့် အခြေအနေမျိုးကို ရှားရှားပါးပါး မြင်တွေ့ရသဖြင့် သူမ၏ကျီစယ်ချင်စိတ်က ချက်ချင်း နိုးကြားလာခဲ့လေသည်။
ထိုအရာကို သူမ ထိန်းချုပ်၍ မရနိုင်ပေ။ ဤသည်မှာ သူမ၏စရိုက်သဘာဝပင်။
"ကောင်းပြီလေ..."
စူးချန်ကဲက ရုတ်တရက် ခေါင်းညိတ်လိုက်ကာ သူ၏အမူအရာမှာ တည်ငြိမ်နေပြီး ပြောလိုက်သည်။
"အဲ့ဒါဆိုရင် အပေါ်တက်ခဲ့လေ..."
အခန်း ၁၀၄:ကျေးဇူးပြုပြီး ကျွန်တော့်ကို ဉာဏ်အလင်းပေးပါ သူတော်စင်သားတော်...
အချိန်အတော်ကြာ အတူနေထိုင်ခဲ့ပြီးနောက် ထိုမိန်းကလေး၏ ရည်ရွယ်ချက်များကို သူ အစောကြီးကတည်းက ထိုးထွင်းသိမြင်ပြီးဖြစ်သည်။
"ငါ့ကို လာနောက်နေတာလား..."
"အာ..."
ထုယိုယို၏မျက်နှာပေါ်ရှိ အပြုံးက ချက်ချင်း အေးခဲတောင့်တင်းသွားပြီး မမျှော်လင့်ထားသော ထိတ်လန့်မှု အရိပ်အယောင်တစ်ခုက သူမ၏မီးခိုးပြာရောင် မျက်လုံးများတွင် လင်းလက်သွားခဲ့သည်။
"အဲ့ဒါက... အကြီးဆုံး စီနီယာအစ်ကို... အစ်ကိုက... အစ်ကိုက တကယ်ကြီး သဘောတူနေတာလား..."
"သေချာတာပေါ့..."
စူးချန်ကဲက ခပ်ဖျော့ဖျော့အပြုံးဖြင့် ပြောလိုက်ရာ သူ၏လေသံမှာ ညင်သာသော်လည်း မေးခွန်းထုတ်စရာ မလိုသော အခွင့်အာဏာတစ်ခု ပါဝင်နေခဲ့သည်။ သူက လက်ကိုမြှောက်ကာ သူ၏ပေါင်ကို ခပ်ဖွဖွပုတ်ပြီး ပြောလိုက်သည်။
"မင်း ပြောသလိုမျိုး အကျိုးကျေးဇူးတွေ အများကြီး ရှိနေမှတော့ ငါက ဘာလို့ ငြင်းရမှာလဲ... ဒီကို လာခဲ့..."
"စီနီယာ... စီနီယာအစ်ကို... နှစ်ကိုယ်တူကျင့်ကြံတာက ကောင်းပေမဲ့ အချိန်အခါ နေရာနဲ့ အခြေအနေက သင့်တော်ဖို့ လိုတယ်လေ... ဒီမှာက... သိပ်ပြီးမသင့်တော်ဘူးလို့ ကျွန်မ ထင်တယ်... ဟုတ်တယ် မလား..."
ထုယိုယိုက အတင်းအကြပ် ဖျစ်ညှစ်ပြုံးလိုက်ကာ သွေးရောင်ခေါင်းလောင်းပုံရိပ်ယောင်အတွင်း၌ ဓားကို နားလည်သဘောပေါက်ရန် အာရုံစိုက်နေဆဲဖြစ်သော နင်ဖူယောင်ကို သူမ၏မျက်လုံးများက အလိုအလျောက် ကြည့်လိုက်မိလေသည်။ သူမက ထပ်ဖြည့်ပြောလိုက်၏။
"ကြည့်ပါအုံး... တတိယစီနီယာအစ်မက ဒီမှာ ရှိနေတုန်းပဲ... ဒါ... ဒါက မကောင်းပါဘူး..."
သူမ စကားပြောနေစဉ် သူမ၏အသံမှာ တဖြည်းဖြည်း တိုးသွားခဲ့သည်။ ယခုလေးတင် သူမ ပြသခဲ့သော ရဲရင့်ပြီး တက်ကြွသည့် အရှိန်အဟုန်မှာ အစောကြီးကတည်းက ပျောက်ကွယ်သွားပြီး အပြစ်ရှိသကဲ့သို့ ခံစားရခြင်းနှင့် အသက်ရှူမွန်းကြပ်ခြင်းတို့သာ ကျန်ရစ်ခဲ့သည်။
စူးချန်ကဲက သူမ၏စကားကို မကြားသည့်အလား အပြုံးဖြင့်သာ ကြည့်နေခဲ့သည်။
"သူက ငါ့ကို ရယ်ရဲတယ်ပေါ့..."
ထုယိုယိုက သူမ၏ငွေရောင်သွားလေးများဖြင့် နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ကာ သူမ၏စိတ်နှလုံးသားကို တည်ငြိမ်အောင် လုပ်ပြီး တိတ်တဆိတ် ဒေါသထွက်နေသည်။
"သူ ငါ့ကို အထင်သေးတာမျိုး... ငါ လက်မခံနိုင်ဘူး..."
သူမက အသက်ပြင်းပြင်း ရှူလိုက်ပြီး စစ်မြေပြင်သို့ သွားနေသည့်အလား စူးချန်ကဲထံသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းသွားလိုက်၏။
သူမ အနည်းငယ် ရှေ့သို့ကိုင်းလိုက်သည်နှင့်အမျှ သူမ၏ဝတ်ရုံအဟိုက်က ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ပြည့်ဖြိုးသည့် အကောက်အကွေ့တစ်ခုကို ပုံဖော်ပေးထားပြီး သိမ်မွေ့ကာ လွင့်မျောနေသော မွှေးရနံ့တစ်ခုက ပျံ့လွင့်လာခဲ့သည်။
သူမ၏ပါးပြင်များမှာ အကောင်းဆုံး ပါးနီကို ဆိုးထားသည့်အလား နီရဲနေပြီး သူမ၏မီးခိုးပြာမီးခိုးရောင်မျက်လုံးများက အရည်လဲ့ကာ တောက်ပနေခဲ့သည်။ သူမထံတွင် သိသာထင်ရှားသော ရှက်ရွံ့မှုများနှင့် ရောနှောနေသည့် မဆင်မခြင် ပြတ်သားမှု အရိပ်အယောင်တစ်ခု ရှိနေပေ၏။ နောက်ဆုံးတွင် သူမက ဘေးတိုက်လှည့်ကာ စူးချန်ကဲ၏ပေါင်ပေါ်တွင် ဂရုတစိုက် ထိုင်လိုက်သည်။
အထိအတွေ့ ဖြစ်ပေါ်သွားသည်နှင့် သူတို့နှစ်ဦးလုံး ရပ်တန့်သွားကြလေသည်။
ဤမိန်းကလေးသည် ဤမျှထိ ရဲတင်းလိမ့်မည်ဟု မျှော်လင့်မထားမိသဖြင့် စူးချန်ကဲ အံ့အားသင့်သွားခဲ့သည်။
တစ်ဖက်တွင် ထုယိုယိုသည် ထူးဆန်းသော ခံစားချက်တစ်ခုက သူမ၏တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်ကို ခံစားလိုက်ရသည်။
ထုယိုယို၏ခန္ဓာကိုယ်သည် နွေးထွေးကာ နူးညံ့ပြီး ပေါ့ပါးလှသည်။ ပါးလွှာသော အဝတ်အစား အလွှာများမှတစ်ဆင့် သူမ၏ရင်သပ်ရှုမောဖွယ် နူးညံ့သိမ်မွေ့မှုနှင့် ခန္ဓာကိုယ်အပူချိန်ကို ခံစားနိုင်သည်။
သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တင်းမာနေပြီး သူမ၏နှလုံးသားသည် ဗုံတစ်လုံးအလား ခုန်ပေါက်နေကာ သူမ၏အသက်ရှူသံကို နှိမ့်ထားလိုက်သည်။ အစောပိုင်းက စကားပြောကောင်းသော သီအိုရီသမားလေးသည် ယခုအချိန်၌ ဘာလုပ်ရမှန်းမသိဘဲ အနည်းငယ် ကြောင်အမ်းနေခဲ့လေ၏။
သူ၏ ရင်ခွင်ထဲရှိ နူးညံ့သော ခန္ဓာကိုယ်လေး၏ အနည်းငယ် တုန်ရီနေမှုနှင့် သူမ ဖုံးကွယ်ရန် ကြိုးစားနေသော်လည်း ဆက်လက်မြင့်တက်လာနေသော ခန္ဓာကိုယ်အပူချိန်ကို စူးချန်ကဲက ရှင်းလင်းစွာ ခံစားနိုင်သည်။ သူက အောက်သို့ ငုံ့ကြည့်လိုက်ရာ သူမ၏ ရှည်လျားပြီး တုန်ရီနေသော မျက်တောင်များနှင့် မှည့်နေသော သစ်သီးအလား နီရဲနေသည့် သူမ၏ နားရွက်ထိပ်လေးများကို မြင်တွေ့မိသည်။
သူ နောက်ထပ် လှုပ်ရှားမှု မလုပ်တော့ဘဲ ဤတိတ်ဆိတ်သော မသေချာမရေရာမှုနှင့် တင်းမာမှုတို့ကို လေထုထဲတွင် ပျံ့နှံ့ခွင့်ပြုလိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူ၏ပေါင်ပေါ်ရှိ မြေခွေးလေးမှာ အလွန်အမင်း စိုးရိမ်နေသဖြင့် တောင့်တင်းသော ကျောက်တုံးတစ်တုံးအဖြစ် ပြောင်းလဲသွားတော့မည်ကို သူ ခံစားလိုက်ရသည်။ စူးချန်ကဲက အလွန်တိုးညှင်းသော ရယ်မောသံတစ်သံကို ထုတ်လွှတ်လိုက်၏။ သူက လက်ကိုမြှောက်ကာ သူမ၏ ချောမွေ့သော နဖူးကို သူ၏လက်ဆစ်ဖြင့် ခပ်ပြင်းပြင်းလေး ခေါက်လိုက်သည်။
"တော်လောက်ပြီ... မင်း ဘယ်လောက်တောင် ကြောက်နေလဲဆိုတာ ကြည့်ပါအုံး... မင်း သွားပြီး သေချာကျင့်ကြံတော့..."
ထုယိုယိုသည် ကြီးမားသော လွတ်ငြိမ်းချမ်းသာခွင့်ကို ရရှိလိုက်သည့်အလား ခံစားလိုက်ရသည်။ သူမသည် သူ၏ပေါင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး သူမ၏ပါးပြင်များမှာ သွေးထွက်တော့မည့်အလား နီရဲနေပေ၏။ သူမက သူမ၏အဝတ်အစားများကို အလျင်အမြန် သပ်ရပ်အောင် လုပ်လိုက်သော်လည်း အမှန်အားဖြင့် ထိုအရာများကို သပ်ရပ်အောင်လုပ်ရန် မလိုအပ်ချေ။
သို့ရာတွင် အရှုံးမပေးချင်သဖြင့် သူမက ခေါင်းမာစွာ ပြောလိုက်သည်။
"အကြီးဆုံး စီနီယာအစ်ကို... ကျွန်မ မကြောက်ပါဘူး... တတိယ စီနီယာအစ်မက ဒီမှာ ရှိနေလို့ပါ... နေရာပြောင်းကြည့်ပြီး စောင့်ကြည့်လိုက်လေ..."
သူမ ပြောဆိုလိုက်သည့် အခိုက်အတန့်တွင် သူမ နောင်တရသွားခဲ့သည်။
အကယ်၍ သူတို့ အမှန်တကယ် နေရာပြောင်းလိုက်လျှင် သူမ မည်သို့ ပြုလုပ်ရမည်နည်း...
နောက်တစ်စက္ကန့်တွင်...
သူမ၏ပုံရိပ်က ခန်းမအောက်သို့ ပြေးဆင်းသွားခဲ့သည်။ စူးချန်ကဲကို ထပ်မကြည့်ရဲတော့ဘဲ သူမက ခေါင်းငုံ့ကာ ခန်းမ၏ ထောင့်တစ်နေရာသို့ တောင့်တင်းစွာ လျှောက်သွားလိုက်၏။ သူမက ပလ္လင်ခွေ ထိုင်လိုက်ပြီး ကျင့်ကြံနေဟန် ဆောင်လိုက်သော်လည်း သူမ၏နှလုံးသား အလွန်အမင်း ပြင်းထန်စွာ ခုန်နေသဖြင့် သူမကိုယ်တိုင်ပင်လျှင် နားကွဲလုမတတ် ကြားနေရသည်။
"ဒီမြေခွေးမလေးကတော့..."
"တကယ်လို့ ငါတို့သာ တကယ်ကြီး နေရာပြောင်းလိုက်ရင် အဲ့ဒါက မင်းဘိုးဘေးရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်သလို ဖြစ်သွားမှာပေါ့..."
ဤသို့ ပြုမူခြင်းအတွက် စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ သို့ရာတွင် သူသည် ထိုအကြောင်းအရာကို ဆက်မပြောတော့ချေ။ ထိုအစား သူသည် ထုယိုယိုအား နတ်ဆိုးမျိုးနွယ်စု အတွက် သင့်လျော်သော ဆေးလုံးများကဲ့သို့ အကူအညီတချို့ပေးခဲ့ပြီး သူမထံတွင် မေးခွန်းများ ရှိပါက သူ့ကို မေးနိုင်ကြောင်း ပြောကာ ကျင့်ကြံရန် ပြောဆိုလိုက်၏။
ထုယိုယို၏ဇာတ်ကွက်မှာ အဓိကဇာတ်ကြောင်း သို့ မရောက်သေးသောကြောင့်ဖြစ်နိုင်ပြီး သူမ၏လှည့်စားမှုနှင့်တူသော အားသာချက်များ အသက်မဝင်သေးသဖြင့် သူမသည် ယခုအချိန်တွင် အကူအညီများစွာကို စုပ်ယူနိုင်မည် မဟုတ်ချေ။
သူမ၏ ကျင့်ကြံနည်းစနစ်နှင့် ပတ်သက်၍မူ သူမက ထိုအရာကို မဖော်ထုတ်ရသေးဟု ယုံကြည်နေဆဲဖြစ်သဖြင့် စူးချန်ကဲက ထောက်ပြရန် ဒုက္ခမခံခဲ့ချေ။ မည်သို့ပင်ဆိုစေကာမူ ဤကိစ္စကို သူ အလောတကြီး လုပ်ဆောင်ရန် မလိုအပ်ပေ။
ဤတစ်ကြိမ်တွင် ထုယိုယိုက ဘာမှမပြောတော့ဘဲ ဆေးလုံးများကို ယူကာ လိမ္မာစွာ ကျင့်ကြံလိုက်တော့သည်။
ဤအရာများအားလုံး ပြီးစီးပြီးနောက် စူးချန်ကဲက နဝမမြောက်ဓားဖြစ်သည့် 'အပြစ်များသော သတ်ဖြတ်ခြင်း'ကို လုံးဝကျွမ်းကျင်လုနီးပါး ဖြစ်နေပြီဖြစ်သော နင်ဖူယောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဖြည်းညှင်းစွာ မတ်တတ်ထရပ်ကာ ထွက်ခွာသွားခဲ့သည်။
နာရီအတော်ကြာ ကုန်ဆုံးသွားပြီး နေမင်းကြီးက အနောက်ဘက်တွင် ဝင်စပြုနေလေပြီ။
ခြေတစ်လှမ်းတည်းဖြင့် စူးချန်ကဲသည် ပထမ တောင်ထိပ်သို့ ရောက်ရှိလာခဲ့၏။ သူ၏ ရွေ့လျားမှု နည်းစနစ်ကို စမ်းသပ်ရန် အချိန်တန်လေပြီ။
သို့ရာတွင် သူ မရောက်မီမှာပင် ပထမ တောင်ထိပ်မှ တပည့်များက အချင်းချင်း တီးတိုးပြောဆိုနေကြသည်အား သူ ကြားလိုက်ရသည်။
"ဟေး... မင်းတို့ ကြားပြီးပြီလား... သူတော်စင်သားတော်က နဝမတောင်ထိပ်မှာ အင်မော်တယ် ဖြစ်သွားတယ်တဲ့..."
"အဓိပ္ပာယ်မရှိတာတွေ မပြောပါနဲ့... သတင်းအမှန်က သူတော်စင်သားတော် နဝမတောင်ထိပ် မှာ ဟောပြောခဲ့တာကြောင့် ရှေးခေတ်က တာအိုဘိုးဘေးက တာအိုကို စတင်ခဲ့သလိုမျိုး မဟာတာအို သဘာဝလွန်ဖြစ်စဉ်တွေကို ဖြစ်ပေါ်စေခဲ့တယ်ဆိုတာပဲ... မင်း နားလည်လား..."
"ရှီး... ဒါကြောင့်ကိုး... အဲ့ဒါက အံ့ဩစရာကောင်းတုန်းပဲ..."
"သေချာတာပေါ့... တကယ်လို့ တစ်ယောက်ယောက်က သူတော်စင်သားတော်ရဲ့ ဟောပြောတာကို နားထောင်နိုင်မယ်ဆိုရင် အဲ့ဒါက ကောင်းကင်ကို ဆန့်ကျင်တဲ့ အခွင့်အရေးတစ်ခုနဲ့ ညီမျှမှာပဲ... မင်း နားလည်ပြီလား..."
"ဟူး... ငါတို့သာ နဝမတောင်ထိပ်က တပည့်တွေ ဖြစ်ခဲ့ရင် ကောင်းမှာပဲ... အဲ့ဒီတုန်းက သွားဖို့ အခွင့်အရေးတစ်ခု ငါ့မှာ ရှိခဲ့တယ်..."
"အဲ့ဒီလို တွေးနေလို့ ဘာအသုံးကျမှာလဲ... ဘာပဲဖြစ်ဖြစ် သူတော်စင်သားတော်က အစွမ်းထက်ရင် ထိုက်ချင်ဂိုဏ်းက အစွမ်းထက်မှာပဲ...တကယ်လို့ ထိုက်ချင်ဂိုဏ်းက အစွမ်းထက်လာရင် ငါတို့လည်း အကျိုးအမြတ် ရမှာပဲ..."
"အဲ့ဒါက အမှန်ပဲ... ဒါပေမဲ့ အဲ့ဒီအကြောင်း ပြောရရင် ထျန်းရွှမ်နိုင်ငံတွေ့ဆုံပွဲကို အတည်ပြုပြီးသားဆိုတာ ငါ မှတ်မိတယ်... တောင်ထိပ်သခင်က ဘာလို့ ရုတ်တရက် စိတ်ပြောင်းသွားပြီး မသွားဖို့ ဆုံးဖြတ်လိုက်တာလဲ... ထျန်းရွှမ်နိုင်ငံကို ဒီလိုမျိုး လုပ်တာက သူတို့ကို သေတဲ့အထိ စော်ကားမိမှာကို သူ မကြောက်ဘူးလား..."
"ယုံကြည်ရတဲ့ သတင်းအရဆိုရင် စီနီယာအစ်ကို ဝမ်ကန်း ပြောတာက တောင်ထိပ်သခင်က ငါတို့ ထိုက်ချင်ဂိုဏ်းရဲ့မူဝါဒကို ချိန်ညှိလိုက်လို့တဲ့... အခုဆိုရင် အာရုံစိုက်မှုအားလုံးကို သူတော်စင်သားတော်ဆီမှာပဲ ထားရှိတော့မယ်... သူတော်စင်သားတော် မြင့်တက်လာတာနဲ့ ထျန်းရွှမ်နိုင်ငံဆိုတာ ဘာမှမဟုတ်တော့ဘူး..."
ဤစကားပြောဆိုမှုများကို ကြားရသောအခါ စူးချန်ကဲသည် သတင်းတော်တော်များများကိုလည်း သိရှိခဲ့ရသည်။ ထိုက်ချင်ဂိုဏ်းမှ ခေါင်းဆောင်တပည့် တစ်ဦးတစ်ယောက်မျှ ထွက်ခွာသွားသည်ကို သူ မတွေ့ရသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ထိုက်ချင်ဂိုဏ်း သည် သူ့ကြောင့် ထျန်းရွှမ်နိုင်ငံတွေ့ဆုံပွဲကို လျစ်လျှူရှုလိုက်ခြင်းပင်။
ဤသည်မှာ သူ မမျှော်လင့်ထားသော ကိစ္စတစ်ခု ဖြစ်လေ၏။
စူးချန်ကဲ၏ပုံရိပ်က ထိုနေရာတွင် လမ်းလျှောက်နေသည်မှာ သိသာရှင်းလင်းသော်လည်း သူသည် ဟင်းလင်းပြင်၏စွမ်းအားကို အသုံးပြုနေသဖြင့် ထိုပထမတောင်ထိပ်မှ တပည့်များသည် သူ့ကို လုံးဝမမြင်နိုင်ကြချေ။
အချိန်တခဏအကြာတွင်...
ပထမတောင်ထိပ်၏ ထိပ်ဆုံး၌...
"သူ... သူတော်စင်သားတော်..."
အာရုံပျံ့လွင့်နေသော ယောင်ယွီသည် စူးချန်ကဲ၏ပုံရိပ်ကို မြင်သောအခါ ချက်ချင်းဆိုသလိုပင် ရိုသေလေးစားစွာ ဦးညွှတ်လိုက်သည်။
စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး လေထဲရှိ ရှုပ်ထွေးနေသော စိတ်ဝိညာဉ်စွမ်းအား အပြောင်းအလဲများကို အကဲခတ်ကာ ပြောလိုက်၏။
"ထုံးတမ်းစဥ်လာတွေ လုပ်နေစရာ မလိုပါဘူး... စီနီယာအစ်ကိုယောင် ... လေ့ကျင့်နေတာလား..."
ယောင်ယွီ နှင့် ပတ်သက်သော မှတ်ဉာဏ်များသည် သူ့တွင် များစွာမရှိချေ။ ဤပထမ တောင်ထိပ် ခေါင်းဆောင်တပည့်သည် အလွန် တာဝန်ကျေပြီး ပါရမီရှိကာ စိတ်ဓာတ်ခိုင်မာပြီး နာခံမှုရှိကြောင်းနှင့် ရိုးသားပြီး ရိုးရှင်းသော လူအမျိုးအစား ဖြစ်ကြောင်းကိုသာ သူ သိထားသည်။
ထို့ကြောင့် ယောင်ယွီအပေါ်တွင် မည်သည့်မနှစ်သက်မှုမျိုးကိုမျှ သူ မခံစားခဲ့ရချေ။
ယောင်ယွီက အလွန်တောင့်တင်းစွာ ခေါင်းညိတ်ပြပြီး ပြောလိုက်သည်။
"ဟုတ်ကဲ့ပါ သူတော်စင်သားတော်..."
သို့ရာတွင် သူ စကားပြောနေစဉ် သူ၏ အကြည့်မှာ အနည်းငယ် ရှောင်ဖယ်နေပြီး သူ၏ နှလုံးသားထဲတွင် သိမ်ငယ်မှု အရိပ်အယောင်တစ်ခုကို ခံစားလိုက်ရသည်။ ထိုက်ချင်ဂိုဏ်းရှိ ဤမျိုးဆက်တွင် သူသည် အစွမ်းထက်ဆုံး ဖြစ်သည်ဟု အမြဲတစေ တွေးထင်ခဲ့ပြီး သူ၏ နှလုံးသားတွင် အဆုံးမရှိသော လှုံ့ဆော်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။ သူ၏ဆရာဖြစ်သော မြင့်မြတ်အရှင်ရွှမ်ကျိကလည်း သူ့အပေါ် ကြီးမားသော မျှော်လင့်ချက်များ ထားရှိခဲ့သဖြင့်သူသည် သူတော်စင်သားတော်ရာထူးအတွက် အလားအလာ အကောင်းဆုံး ကိုယ်စားလှယ်လောင်းပင်။
သို့ရာတွင် စူးချန်ကဲ၏ ကောင်းကင်ကို ဆန့်ကျင် နိုင်သည့်စွမ်းအားက အလွန်လျှင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။ ဤသည်က အလွန်မြန်ဆန်လွန်းသဖြင့် သူ ထိုကိစ္စကို အပြည့်အဝ နားမလည်နိုင်သေးချေ။ တစ်ခါတစ်ရံတွင် သူ အိပ်မက်မက်နေသလိုပင် ခံစားရလေသည်။
ထိုအချိန်မှာပင်...
ယောင်ယွီက ရိုသေလေးစားစွာ ခေါ်လိုက်သည်။
"ဆရာ..."
"သူတော်စင်သားတော်က ငါ့ရဲ့ ပထမ တောင်ထိပ်ကို ဘာလို့ ရုတ်တရက်ကြီး ရောက်လာရတာလဲ... ဒီအဖိုးကြီး မှတ်မိသလောက်ဆို ဒါက ပထမဆုံးအကြိမ်ပဲ..."
မြင့်မြတ်အရှင်ရွှမ်ကျိ၏ပုံရိပ်က ယောင်ယွီ ၏နံဘေးတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး သူ၏ မျက်နှာပေါ်တွင် အပြုံးအရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။
စူးချန်ကဲက မြင့်မြတ်အရှင်ရွှမ်ကျိကို ကြည့်ပြီး ခေါင်းညိတ်လိုက်၏။
"ဟုတ်ပါတယ်... ကိစ္စလေး တစ်ခုအတွက် ကျွန်တော် လာတာပါ... မကြာသေးခင်က ကျွန်တော် ရွေ့လျားမှု နတ်ဘုရားစွမ်းရည် တစ်ခုကို လေ့ကျင့်ထားလို့ နည်းနည်းလောက် လေ့ကျင့်ရေး ယှဉ်ပြိုင်ချင်လို့ပါ..."
ဤစကားများကို ပြောဆိုလိုက်သည်နှင့် တပြိုင်နက်...
မြင့်မြတ်အရှင်ရွှမ်ကျိသည် အချိန်တခဏကြာမျှ ကြောင်အမ်းသွားခဲ့သည်။
လေ့ကျင့်ရေး ယှဉ်ပြိုင်မယ်...
ဘယ်သူနဲ့လဲ...
ငါနဲ့လား...
သို့ရာတွင် သူက ထိုအတွေးကို ချက်ချင်း ဖယ်ရှားပစ်လိုက်သည်။ သူသည် နတ်ဘုရားမီးတောက်နယ်ပယ် ကျင့်ကြံသူ တစ်ဦးဖြစ်ကြောင်းမှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်ချေ။ စူးချန်ကဲသည် နတ်ဘုရားချဉ်းကပ်ခြင်း စေတီကို အလျင်အမြန် ကျော်ဖြတ်ခဲ့သော်လည်း ထိုအရာက သူ၏နယ်ပယ်သည် အလွန်မြင့်မားသည်ဟု ဆိုလိုခြင်း မဟုတ်ချေ။
စူးချန်ကဲ၏ ကောင်းကင်ကို ဆန့်ကျင်သော နားလည်သဘောပေါက်နိုင်စွမ်းကို မြင်ပြီးနောက် သူနှင့်တခြားတောင်ထိပ်သခင်များ က စူးချန်ကဲ၏ အဆောင်လက်ဖွဲ့တာအိုနှင့် ဓားတာအိုတို့မှာ အလွန်အစွမ်းထက်နေသောကြောင့် ဖြစ်မည်ဟု ခန့်မှန်းခဲ့ကြသည်။
စူးချန်ကဲ၏ကျင့်ကြံဆင့်နယ်ပယ်သည် နိမ့်ကျသည်ဟု သူတို့ တွေးထင်မထားခဲ့ချေ။ သို့ရာတွင် သူသည် မြင့်မြတ်အရှင်နယ်ပယ် မဟာ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ရုပ်ခန္ဓာကိုယ် သန့်စင်ခြင်းကိုလည်း ရရှိထားပြီးပြီဖြစ်ကြောင်း သူတို့ မည်သို့မျှ ခန့်မှန်းမိမည် မဟုတ်ချေ။
ရိုးရိုးသားသား ပြောရလျှင် အလေးအနက်ထား၍ တိုက်ခိုက်သော တိုက်ပွဲတစ်ခုတွင် မြင့်မြတ်အရှင်ရွှမ်ကျိသည် စူးချန်ကဲ၏လှုပ်ရှားမှုကို မည်မျှထိများများ ခံနိုင်ရည်ရှိမည်မှာ မသေချာချေ။
မည်သို့ပင်ဆိုစေကာမူ သူ့ထံတွင် စနစ်မှအကူအညီ ဝှက်ဖဲများ အလွန်များပြားပေ၏။
သူ၏နံဘေးတွင် ယောင်ယွီ၏အသက်ရှူသံ ရုတ်တရက် မြန်ဆန်လာခဲ့သည်။ သူ၏တစ်ကိုယ်လုံး တုန်ရီနေပြီး သူ၏လက်သီးများကို တင်းတင်းဆုပ်ထားလေသည်။ နောက်ဆုံးတွင် သူ ဆက်လက်၍ ထိန်းမထားနိုင်တော့သဖြင့် သူက ခြေတစ်လှမ်း ရှေ့တိုးလာကာ သူ၏လက်ကို ပူးဆုပ်ပြီး ပြောဆိုလိုက်သည်။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို ဉာဏ်အလင်းပြပေးပါ သူတော်စင်သားတော်..."