← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း ၁၀၇ : ရပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာကို ငါတို့ မလိုပါဘူး...

စူးချန်ကဲသည် တစ်ဖက်လူ၏စွမ်းအားတွင် ထိန်းချုပ်ထားမှုကို အာရုံခံမိပြီး ညင်သာစွာ ပြောလိုက်သည်။

"ဂိုဏ်းတူဦးလေးရွှမ်ကျိ... ထိန်းမထားပါနဲ့..."

တစ်ခုခု လိုအပ်နေသည်ဟု သူ အမြဲတစေ ခံစားနေခဲ့ရသည်။

မည်သည့် နတ်ဘုရားစွမ်းရည် သို့မဟုတ် လျှို့ဝှက် နည်းစနစ်မဆို ထိုအရာ၏ အကန့်အသတ်အထိ လေ့လာထားလျှင်ပင် သွေးနှင့်မီး၏ နှစ်ခြင်းကို ခံရပေမည်။ ကြီးမားသော ကပ်ဘေးကို မကြောက်ရွံ့ရန် စစ်မှန်သော ရွှေကို မီးဖြင့် ပုံသွင်းရပေမည်။

ထို့ပြင် သူ ပို၍အစွမ်းထက်လာလေလေ စိတ်ကျေနပ်စရာကောင်းသော တိုက်ပွဲတစ်ခုကို သူ ပို၍ဆန္ဒရှိလာလေလေပင်။

ဖြစ်နိုင်သည်မှာ ဟွာရှားလူမျိုးများ၏ အရိုးများထဲတွင် ထွင်းထုထားသော မွေးရာပါစစ်ပွဲကို ချစ်မြတ်နိုးသည့် ဗီဇများကြောင့် ဖြစ်နိုင်သည်။

"အဲ့ဒါဆို သူတော်စင်သားတော် သတိထားရမယ်... ဒါက အရင်တုန်းက နတ်ဘုရားမီးတောက်နယ်ပယ် ကျွမ်းကျင်သူ အများအပြားကို သတ်ဖြတ်ခဲ့ဖူးတဲ့ ငါ့ရဲ့ အန္တိမနည်းစနစ်ပဲ..."

မြင့်မြတ်အရှင်ရွှမ်ကျိက နားလည်သော အမူအရာကို ပြသကာ ခေါင်းညိတ်ပြီး ပြောလိုက်သည်။ ယခုအချိန်၌ စူးချန်ကဲ၏ စစ်မှန်သောစွမ်းအားကို နားလည်သွားပြီဖြစ်ရာ သူ၏မျက်လုံးများထဲရှိ ထိန်းချုပ်မှုများ လုံးဝပျောက်ကွယ်သွားခဲ့သည်။

သူ စကားပြောဆိုပြီးသည်နှင့် တပြိုင်နက်...

သူက လက်နှစ်ဖက်ကို ရုတ်တရက် ပူးလိုက်လေသည်။ သူ၏နောက်ရှိ နတ်ဘုရားမီးတောက် ဓမ္မစက်ဝန်းနှင့် ပတ်ဝန်းကျင်ရှိ လျှပ်စီးမိုးကြိုးများ အားလုံးက လုံးဝစုဆုံသွားပြီး သူ၏ လက်ချောင်းထိပ်များတွင် စုစည်းသွားပေ၏။ ထိုအရာကို လွန်ကဲစွာ ထိန်းချုပ်ထားသော်လည်း ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကို ပြိုလဲကျပြီး ဖျက်ဆီးပစ်နိုင်လောက်သော မည်းနက်သည့် လျှပ်စီးမိုးကြိုးအလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ကောင်းကင်ဘုံကိုးလွှာ မိုးကြိုး လမ်းညွှန် လက်ချောင်းနည်းစနစ်မှ တိတ်ဆိတ်သော ကောင်းကင်ယံ...

ဤသည်မှာ လွန်ခဲ့သော ရာစုနှစ်များစွာအတွင်း စုဆောင်းထားခဲ့သော မိုးကြိုး နတ်ဘုရား စွမ်းအားများပါဝင်သည့် သူ၏ဝှက်ဖဲ နတ်ဘုရားစွမ်းရည်ပင်။

နတ်ဘုရားမီးတောက်နယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးပင်လျှင် ဤအန္တိမတိုက်ခိုက်မှုကို ယာယီရှောင်ရှားရပေလိမ့်မည်။

စူးချန်ကဲသည် ယခင်က မကြုံဖူးသော ဖိအားတစ်ခုကို ခံစားလိုက်ရလေသည်။ စိတ်လှုပ်ရှားမှု အရိပ်အယောင်တစ်ခုက သူ၏မျက်လုံးများတွင် လောင်ကျွမ်းနေပေ၏။ သူ၏ခန္ဓာကိုယ်ထဲရှိ အသက်စွမ်းအားများက ဒီရေအလား ခုန်ပေါက်ကာ ဟိန်းဟောက်နေသည်။ သူ၏ အထွတ်အထိပ်အရိုးများမှ မျက်စိကျိန်းလောက်အောင် တောက်ပသော လျှို့ဝှက်ဆန်းကြယ်မှုများ ပေါက်ကွဲထွက်လာကာ မှော်စာလုံး တစ်သောင်းက သူ၏အရေပြားပေါ်တွင် မူလဘူတ ဖရိုဖရဲအလင်းရောင်ကို ဖြာထွက်နေစေသည်။

ဤစွမ်းအားများကို လက်ရှိ အကန့်အသတ်အထိ တွန်းပို့ပြီးနောက်...

စူးချန်ကဲက လက်သီးတစ်ချက်ဖြင့် ထိုတိုက်ခိုက်မှုကို ရင်ဆိုင်လိုက်သည်။

ဝုန်း...

ဖော်ပြ၍မရနိုင်အောင် ကျယ်လောင်သည့် အသံကြီး ပေါက်ကွဲထွက်လာခဲ့သည်။

ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် မုန်တိုင်းတစ်ခုက ရုတ်တရက် ပျံ့နှံ့သွားခဲ့လေ၏။ မျက်စိကျိန်းလောက်အောင် တောက်ပသောအလင်းရောင်က ကြည့်ရှုသူ အားလုံးကို ချက်ချင်းမျက်စိကျိန်းသွားစေပြီး ကြောက်မက်ဖွယ်ကောင်းသော တုန်ခါမှုလှိုင်းက အပြင်ဘက်သို့ လှိုင်းထသွားခဲ့သည်။ အကယ်၍ တောင်ထိပ်ပေါ်ရှိ တားမြစ်ချက်များသာ ချက်ချင်း အသက်ဝင်မလာခဲ့ပါက ပထမ တောင်ထိပ် တစ်ခုလုံးသည် နေရာတွင်ပင် ပျောက်ကွယ်သွားနိုင်သည်။

အလင်းရောင်များ မှေးမှိန်သွားချိန်၌...

စူးချန်ကဲသည် သူ၏အင်္ကျီလက်များ အနည်းငယ် စုတ်ပြဲနေပြီး နေရာတွင် မတ်တတ်ရပ်နေသည်ကို လူအများက မြင်တွေ့လိုက်ရလေသည်။ အပြည့်အဝ မပြယ်လွင့်သေးသော အနက်ရောင် လျှပ်စီးမိုးကြိုးအလင်းတန်းများက သူ၏လက်သီးနံဘေးပတ်လည်တွင် ရစ်ပတ်နေပြီး မီးခိုးများ ဝိုးတဝါးထွက်ပေါ်နေပေ၏။ သို့ရာတွင် သူ၏ပုံရိပ်သည် ထင်းရူးပင်တစ်ပင်အလား ရှည်လျားပြီး မတ်မတ်ရပ်နေကာ သူ၏ အသက်ရှူသံမှာ ရှည်လျားပြီး တည်ငြိမ်နေခဲ့သည်။ သူ မည်သည့် ဒဏ်ရာမျှ မရရှိခဲ့ကြောင်း သိသာရှင်းလင်းလှသည်။

ဆန့်ကျင်ဘက်အနေဖြင့် မြင့်မြတ်အရှင်ရွှမ်ကျိသည် မတ်တတ်ရပ်နေသော်လည်း သူ၏ အရှိန်အဝါမှာ အနည်းငယ်ရှုပ်ထွေးနေပြီး သူ၏ မျက်နှာတွင် မယုံနိုင်လောက်အောင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

"တကယ်လို့ ငါက အခု ငါ့ရဲ့ နည်းလမ်းတွေအားလုံးကို အသုံးပြုမယ်ဆိုရင် နယ်ပယ်ကြီး တစ်ခုလုံးကို ဖြတ်ကျော်ပြီး ဒီအောက်ဘုံက နတ်ဘုရားမီးတောက်နယ်ပယ် နှောင်းပိုင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ကို တိုက်ခိုက်တာက ပြဿနာ မဖြစ်လောက်ဘူး..."

စူးချန်ကဲက သူ၏နှလုံးသားထဲတွင် ရေရွတ်လိုက်၏။ မြင့်မြတ်အရှင်ရွှမ်ကျိနှင့် ဤရိုးရှင်းသော လေ့ကျင့်ရေး ယှဉ်ပြိုင်မှုမှတစ်ဆင့် သူ၏ ကိုယ်ပိုင်စွမ်းအားကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။

မြင့်မြတ်အရှင်ရွှမ်ကျိ၏စွမ်းအားက သူ့ကို နတ်ဘုရားမီးတောက်နယ်ပယ် ကဏဦးအဆင့် ကျင့်ကြံသူများကြားတွင်ပင် ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာစေပြီး အားနည်းသော နတ်ဘုရားမီးတောက်နယ်ပယ် အလယ်အလတ်အဆင့် ကျင့်ကြံသူများနှင့် ယှဉ်ပြိုင်နိုင်သည်။ သို့ရာတွင်

စူးချန်ကဲသည် ရုပ်ခန္ဓာကိုယ် နတ်ဘုရားအဖြစ် ပြောင်းလဲခြင်းကိုသာ အားကိုး၍ ပြိုင်ဘက်၏ အန္တိမတိုက်ခိုက်မှုကို အထိအခိုက်မရှိ ခံနိုင်ရည်ရှိခဲ့သည်။ ဤသည်မှာ အနည်းဆုံးအနေဖြင့် သာမာန် နတ်ဘုရားမီးတောက်နယ်ပယ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူများသည် သူ့ကို မထိခိုက်စေနိုင်ကြောင်း ညွှန်ပြနေပေ၏။ နတ်ဘုရားမီးတောက်နယ်ပယ် နှောင်းပိုင်း သို့မဟုတ် မဟာပြီးပြည့်စုံခြင်းအဆင့် ကျွမ်းကျင်သူများသာ သူနှင့် ယှဥ်ပြိုင်နိုင်ပေလိမ့်မည်။

ဤအချိန်၌ မြင့်မြတ်အရှင်ရွှမ်ကျိသည် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး စူးချန်ကဲကို စစ်မှန်သော လေးစားအားကျမှုဖြင့် နက်ရှိုင်းစွာ ဦးညွှတ်ကာ ပြောလိုက်သည်။

"ငါ ရှုံးသွားပြီ..."

"ဂိုဏ်းတူဦးလေး ရွှမ်ကျိ... ဒီလောက်ထိ ပုံကြီးချဲ့နေဖို့ မလိုပါဘူး... ဒါက လေ့ကျင့်ရေး ယှဉ်ပြိုင်မှု သက်သက်ပါပဲ... အနိုင်အရှုံး အကြောင်း ဘယ်လိုလုပ်ပြီး ပြောလို့ ရမှာလဲ..."

စူးချန်ကဲက ခပ်ဖွဖွရယ်မောကာ ပြောလိုက်သည်။

သို့ရာတွင် မြင့်မြတ်အရှင်ရွှမ်ကျိက လေးနက်သော အမူအရာဖြင့် ပြောဆိုသည်။

"သူတော်စင်သားတော်... နှိမ့်ချနေဖို့ မလိုပါဘူး... ငါက ငါ့ရဲ့ အစွမ်းကုန် အသုံးပြုခဲ့တာတောင်မှ သူတော်စင်သားတော်ရဲ့ ရုပ်ခန္ဓာကိုယ်ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ဘူး... ဒါက အနိုင်ရသူကို ဆုံးဖြတ်ဖို့ လုံလောက်နေပြီ... ဒီနယ်မြေမှာ ရှေးဟောင်းသမိုင်းကြောင်း အားလုံးနီးပါးကို ငါ ရှာဖွေခဲ့ဖူးပေမဲ့ သူတော်စင်သားတော်နဲ့ ယှဉ်နိုင်တဲ့ မွန်းစတားဆန်တဲ့ ပါရမီရှင် တစ်ယောက်ကို ရှာတွေ့ဖို့ ခက်ခဲလိမ့်မယ်... ငါ အခုရှုံးနိမ့်သွားတာကို ငါ အရမ်းဂုဏ်ယူမိတယ်..."

"ဟား ဟား..."

စူးချန်ကဲသည် မည်သို့ပြန်ဖြေရမှန်း မသိသဖြင့် ခြောက်ကပ်ကပ် ရယ်မောလိုက်ရုံသာ တတ်နိုင်တော့သည်။ သူ၏အကြည့်က ပထမ တောင်ထိပ်ကို ဝေ့ကြည့်လိုက်ရာ နန်းတော်သည် အကြွင်းအကျန် လှိုင်းများကြောင့် ပြားချပ်သွားကြောင်း သတိပြုမိလိုက်ပြီး သူက အနေရခက်စွာ ချက်ချင်းပြောလိုက်သည်။

"ဒီ... ဒီအတွက် ကျွန်တော် နည်းနည်း စိတ်မကောင်းဖြစ်မိတယ်..."

ရိုးရိုးသားသား ပြောရလျှင် ထိုကိစ္စကို သူ အမှန်တကယ်ပင် ထည့်မစဉ်းစားမိခဲ့ချေ။

နတ်ဘုရားမီးတောက်နယ်ပယ် ကျွမ်းကျင်သူများ တိုက်ခိုက်သည့်အချိန်၌ သူတို့က တမင်သက်သက် များစွာထိန်းချုပ်ထားလျှင်ပင် ပြန့်ကျဲနေသော အကြွင်းအကျန် စွမ်းအား အနည်းငယ်ကပင် ထိုနေရာကို ဖျက်ဆီးပစ်ရန် လုံလောက်ပေ၏။

"ရပါတယ်... ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာကို ငါတို့ မလိုပါဘူး..."

မြင့်မြတ်အရှင်ရွှမ်ကျိက အလွန်တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက် ပုံရိပ်များ ပို၍စုရုံးလာသည်ကို သတိပြုမိလိုက်သဖြင့် သူ အနည်းငယ် မျက်မှောင်ကြုတ်ကာ လက်ပူးဆုပ်ပြီး ပြောဆိုသည်။

"တကယ်လို့ သူတော်စင်သားတော် အားရင် စကားပြောဖို့ တခြားနေရာကို ပြောင်းရင်ရော ဘယ်လိုလဲ..."

"ကောင်းပါပြီ..."

စူးချန်ကဲက ခေါင်းညိတ်ပြကာ သဘောတူလိုက်၏။

ပုံရိပ်နှစ်ခုလုံးက ထိုနေရာမှ ချက်ချင်းပျောက်ကွယ်သွားခဲ့ကြသည်။

ဤအချိန်၌...

ပထမတောင်ထိပ်၏ ထိပ်ဆုံးတွင်...

ဤအရာများအားလုံးက အသက်ရှူချိန် အနည်းငယ်သာ ကြာမြင့်ခဲ့သည်။ တိုက်ပွဲတွင် သူတို့၏ အမြန်နှုန်းမှာ အလွန်မြန်ဆန်လွန်းသဖြင့် အချိန်စီးဆင်းမှု ကိုယ်တိုင်အလားပင်။ ကြည့်ရှုသူများသည် သူတို့၏ပုံရိပ်များကိုပင် မမြင်နိုင်ခဲ့ဘဲ ကြောက်မက်ဖွယ်ကောင်းပြီး ဖျက်ဆီးနိုင်သော အရှိန်အဝါများ တစ်လှိုင်းပြီး တစ်လှိုင်း ထွက်ပေါ်လာပြီး ပျောက်ကွယ်သွားသည်ကိုသာ ခံစားခဲ့ရသည်။ ဤသည်မှာ မြင့်မြတ်အရှင်ရွှမ်ကျိကိုယ်တိုင် အရှုံးပေးလိုက်သည်ကို သူတို့ ကြားရသည်အထိပင်။

တိတ်ဆိတ်မှု...

ဆွံ့အသွားမှု...

"ဆရာ... ရှုံးသွားတယ်..."

ယောင်ယွီသည် နေရာတွင်ပင် မတ်တတ်ရပ်နေပြီး သူ၏အမူအရာမှာ ဗလာကျင်းနေကာ သူ၏ ဆရာ ပြောခဲ့သော စကားလုံးတိုင်းက သူ၏ နားထဲတွင် ပဲ့တင်ထပ်နေပြီး သူ၏စဉ်းစားနိုင်စွမ်းကို ဆုံးရှုံးသွားသည့်အလားပင်။

သူနှင့် စူးချန်ကဲကြားရှိ ကွာဟချက်မှာ ချောက်ကမ်းပါးကြီး တစ်ခုဖြစ်သည်ဟု သူ အစပိုင်းတွင် ထင်ခဲ့သော်လည်း ထိုချောက်ကမ်းပါးကြီး၏နောက်တွင် ကောင်းကင်တွင်းနက်ကြီး တစ်ခု ရှိနေကြောင်း ယခုမှသာ သူ သဘောပေါက်သွားခဲ့သည်။

ပြင်းထန်သော အရှက်ရမှု၊ သိမ်ငယ်မှုနှင့် ဖော်ပြ၍မရနိုင်သော လေးစားအားကျမှုနှင့် ရူးသွပ်မှုတို့ ရောနှောနေသော ခံစားချက်တစ်ခုက သူ၏နှလုံးသားထဲတွင် ရူးသွပ်စွာ လှိုင်းထလာခဲ့သည်။ ဧရာမပုံရိပ်တစ်ခုက သူ၏တာအို နှလုံးသား အတွင်း၌ ထွက်ပေါ်လာပြီး ဖျက်ဆီး၍မရနိုင်သော၊ လက်လှမ်းမမီနိုင်သော၊ စောင့်ကြည့်၍မရနိုင်သော၊ ပြိုင်ဘက်ကင်းမှုကို ကိုယ်စားပြုနေလေ၏။

သူ တစ်ယောက်တည်း ဤသို့ ခံစားရခြင်း မဟုတ်ချေ။ ပထမတောင်ထိပ်မှ တပည့်များနှင့် တခြားတောင်ထိပ်များမှ တိတ်တဆိတ် လာရောက်ခဲ့သော ခေါင်းဆောင်တပည့်များ အားလုံးမှာလည်း ထပ်တူထပ်မျှ ခံစားခဲ့ရသည်။ ဤအချိန်၌ မည်သူမျှ စကားမပြောခဲ့သော်လည်း သူတို့၏နှလုံးသားထဲရှိ စကားလုံးများက ပေါက်ကွဲထွက်လုမတတ် ဖြစ်နေခဲ့သည်။

မလှမ်းမကမ်းတွင်...

စန်းလင်း၏ကျောပြင်သည် ယခုအချိန် အေးစက်သော ဇောချွေးများဖြင့် ရွှဲနစ်နေခဲ့သည်။ သူသည် သူ၏လက်သီးများကို တင်းတင်းဆုပ်ထားရာ သူ၏လက်သည်းများက သူ၏ လက်ဝါးထဲသို့ နစ်ဝင်လုနီးပါး ဖြစ်နေခဲ့လေ၏။

သူ အရှင်းလင်းဆုံး မြင်ခဲ့ရသည်။

စူးချန်ကဲသည် အနိုင်ရရုံသာမက အလွန် လွယ်ကူစွာ အနိုင်ရခဲ့ခြင်းပင်။ ထိုနားလည်၍ မရနိုင်သော ဟင်းလင်းပြင် နတ်ဘုရားစွမ်းရည်နှင့် နတ်ဘုရားမီးတောက်နယ်ပယ်၏ အန္တိမတိုက်ခိုက်မှုကို ခုခံနိုင်စွမ်းရှိသော ကြောက်မက်ဖွယ်ကောင်းသည့် ရုပ်ခန္ဓာကိုယ်တို့ဖြင့် တာအိုစွမ်းအားကို အသုံးမပြုဘဲနှင့်ပင် သူသည် သူနှင့် သက်တူရွယ်တူများကြားတွင် ပြိုင်ဘက်ကင်းဖြစ်နေလေပြီ။

မဟုတ်ဘူး...

သူသည် ဤအောက်ဘုံတွင် ပြိုင်ဘက်ကင်း ဖြစ်လာရန် အခြေခံအုတ်မြစ် ရှိနေလေပြီ။

"ယွမ်ယန်နယ်မြေရဲ့ ကောင်းကင်ယံက ပြောင်းလဲသွားပြီ... လူငယ်အထွတ်အထိပ်ပုဂ္ဂိုလ် တစ်ယောက်က ထိုက်ချင်ဂိုဏ်းကနေ ထွက်ပေါ်လာပြီးတော့ ဒီနယ်မြေရဲ့ အထွတ်အထိပ်မှာ ရပ်တည်ဖို့ ကံကြမ္မာ ပါလာတာပဲ..."

စန်းလင်းက နောက်ဆုံးတွင် တီးတိုးရေရွတ်လိုက်ပြီး သူ၏မျက်လုံးများထဲရှိ အံ့အားသင့်မှုက အနာဂတ်ကို မြင်တွေ့လိုက်ရသည့်အလားပင်။

မဟုတ်ဘူး...

ထို့ထက်ပို၍ တိကျစွာ ပြောရလျှင် စူးချန်ကဲ၏ နာမည်က ယွမ်ယန်နယ်မြေ၏ နေရာအနှံ့အပြားသို့ ပျံ့နှံ့သွားရန် အချိန်အများကြီး ကြာမည် မဟုတ်ချေ။ သူသည် ဤမျိုးဆက်နှင့် နတ်ဘုရားမီးတောက်နယ်ပယ် ကျွမ်းကျင်သူများ အားလုံး၏ နှလုံးသားများအပေါ် ကျော်လွှား၍မရနိုင်သော တောင်ကြီးတစ်လုံးအလား ဖိနှိပ်လာပေလိမ့်မည်။

"သူ့ရဲ့ပါရမီနဲ့ အလားအလာတွေနဲ့ ယှဉ်ရင် ထျန်းဟန်မျိုးနွယ်စုက တကယ်ကို တံခါးစောင့်ဖြစ်ဖို့ပဲ ထိုက်တန်တယ်..."

ထျန်းဟန်မျိုးနွယ်စုနှင့် ပတ်သက်၍ စူးချန်ကဲ၏ ယခင်နှိုင်းယှဉ်ချက်ကို စန်းလင်းက ရုတ်တရက် သတိရသွားပြီး မပြုံးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။ ဤကဲ့သို့ အရည်အချင်းရှိသော မွန်းစတားဆန်သည့် ပါရမီရှင်တစ်ဦးကို စိတ်ဝိညာဉ်နယ်မြေတွင် ထားရှိပါက အဓိက ရှေးဟောင်းမြင့်မြတ်နယ်မြေများနှင့် နတ်ဘုရား အင်ပါယာများပင်လျှင် စူးချန်ကဲကို ဆက်ခံသူ တစ်ဦးအဖြစ် သတ်မှတ်လိမ့်မည်ဟု သူ အာမခံနိုင်သည်။

သူ၏ အဆင့်အတန်းက ထျန်းဟန်မျိုးနွယ်စုကို ခြေလှမ်းပေါင်းသန်းနှင့်ချီပြီး နောက်တွင် ချန်ထားရစ်ခဲ့ပေလိမ့်မည်။

"အဲ့ဒီနေ့က သိပ်မဝေးတော့ပါဘူး... ယွမ်ယန်နယ်မြေက အရမ်းသေးငယ်လွန်းတယ်... စိတ်ဝိညာဉ်နယ်မြေကမှ သူ့ရဲ့ စစ်မှန်တဲ့ စင်မြင့်ပဲ..."

ဤသို့တွေးတောရင်း စန်းလင်း၏ အဆက်မပြတ် တင်းမာနေသော စိတ်ခံစားမှုများက အတော်လေး ပြေလျော့သွားခဲ့သည်။ စူးချန်ကဲ ရှိနေသဖြင့် ထျန်းဟန်မျိုးနွယ်စုသည် အနာဂတ်တွင် နင်ဖူယောင်အတွက် ပြဿနာ ဖြစ်လာမည်ကို သူ မစိုးရိမ်တော့ချေ။

"သွားကြစို့..."

"ဘာလို့ အဲ့ဒီမှာ ရပ်နေသေးတာလဲ..."

စန်းလင်းက သူ၏နံဘေးရှိ နင်ဟောင်ကို တစ်ချက်ကြည့်လိုက်၏။

နင်ဟောင်သည် တိတ်ဆိတ်နေပြီး ပြီးပြည့်စုံသော အရူးတစ်ယောက်ကဲ့သို့ ခံစားနေရသည်။ သူ၏စိတ်ထဲတွင် အတွေး တစ်ခုသာ ကျန်ရှိတော့သည်။

"ဒါက ဘယ်လိုမွန်းစတားမျိုးလဲ... အဲ့ဒါက အတုဖြစ်ရမယ် မဟုတ်လား... အဲ့ဒါက ဟန်ဆောင်နေတဲ့ အဖိုးကြီးတစ်ယောက်ပဲ ဖြစ်ရမယ်... သောက်ကျိုးနည်း... သူက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ကြမ်းတမ်းနိုင်ရတာလဲ... ဒီမျိုးဆက်က ပါရမီရှင်တွေ ဖြစ်တဲ့ ငါတို့ရဲ့ ခံစားချက်တွေကို သူ တစ်ခါလောက်များ ထည့်စဉ်းစားခဲ့ဖူးလား..."

"ဒီအဖြစ်အပျက်ပြီးတဲ့နောက်မှာ ဘယ်သူက သူတို့ကိုယ်သူတို့ မွန်းစတားဆန်တဲ့ ပါရမီရှင် လို့ ခေါ်ရဲတော့မှာလဲ..."

အခန်း ၁၀၈: ငါတို့က မှန်ကန်တဲ့ အဖွဲ့အစည်း မဟုတ်ဘူးလား...

မိုင်တစ်ရာအကွာရှိ အဋ္ဌမတောင်ထိပ်၏ ခြံဝင်း၌....

ညဉ့်နက်လာပြီး လရောင်က လင်းလက်စွာ ဖြာကျနေသည်။

ကျောက်စားပွဲပေါ်ရှိ စိတ်ဝိညာဉ်လက်ဖက်ရည်သည် အနည်းငယ် အေးစက်နေပြီဖြစ်သော်လည်း မည်သူမျှ ထိုလက်ဖက်ရည်ကို ခံစားရန် စိတ်မပါကြချေ။

အဝေးရှိ ပထမတောင်ထိပ်ပေါ်တွင် ဖြစ်ပွားခဲ့သော တိုတောင်းသော်လည်း လောကကြီးကို တုန်လှုပ်စေသည့် အပြန်အလှန်တိုက်ခိုက်မှု၏ အကြွင်းအကျန် လှိုင်းများက ညကောင်းကင်ယံတွင် ဝိုးတဝါး ပဲ့တင်ထပ်နေဆဲ ဖြစ်ပုံရပြီး ဤနေရာရှိလေထုကို အေးခဲလုနီးပါး လေးလံထိုင်းမှိုင်းနေစေသည်။

စတုတ္ထတောင်ထိပ်၏ တောင်ထိပ်သခင် ဖြစ်သော ဟင်္သာပြဒါးနေမင်းသခင်သည် နွေးထွေးသော နှလုံးသားကို အာဟာရဖြစ်စေသော ကျောက်စိမ်း တစ်တုံးကို ကိုင်ထားပြီး သူ၏ လက်ချောင်းထိပ်များဖြင့် အလိုအလျောက် ပွတ်သပ်နေခဲ့သည်။ သူသည် ပထမတောင်ထိပ်ဆီသို့ ကြည့်ကာ မယုံနိုင်လောက်သော အံ့အားသင့်မှုနှင့်စိတ်ရှုပ်ထွေးမှု အရိပ်အယောင်တို့ဖြင့် ပြောလိုက်သည်။

"ရုပ်ခန္ဓာကိုယ်ကနေတဆင့် နတ်ဘုရားအဖြစ် တက်လှမ်းတာ...ဒါက ရုပ်ပိုင်းဆိုင်ရာ ကျင့်ကြံခြင်းရဲ့ လမ်းစဉ်ပဲ... ဒါပေမဲ့ သူတော်စင်သားတော်က ဓားတာအို အဆောင်လက်ဖွဲ့တာအိုနဲ့ လက်ဖက်ရည်တာအိုမှာတောင်မှ ကြောက်မက်ဖွယ်ကောင်းတဲ့ ပါရမီကို ပိုင်ဆိုင်ထားသေးတယ်... ပြီးတော့ အဲ့ဒီရွှေရောင်တောက်ပမှုက အထွတ်အထိပ်အရိုးတွေ မဟုတ်လား... ဒါ... ဒါက နည်းနည်းတော့ လွန်ကဲလွန်းတယ်..."

ဆေးတာအိုကို သုတေသနပြုရန် သူ၏ဘဝကို မြှုပ်နှံထားခဲ့သူ တစ်ဦးအနေဖြင့် ကျယ်ပြန့်မှုနှင့် နက်ရှိုင်းမှုတို့ကို မျှတအောင် ထိန်းကျောင်းရခြင်း၏အခက်အခဲကို သူ ကောင်းစွာသိရှိထားသည်။ စူးချန်ကဲ၏တည်ရှိမှုက သူ၏ နားလည်မှုကို လုံးဝမှောက်လှန်ပစ်လိုက်၏။

သာမန်အားဖြင့် နှစ်တစ်သောင်း သက်တမ်းရှိ ရေခဲအလား အေးစက်ပြီး ပြင်းထန်သော သတ္တမတောင်ထိပ်၏ တောင်ထိပ်သခင် ယန်လော်၏ တည်ငြိမ်ပြီး ရှေးဟောင်း ရေတွင်းအလား မျက်လုံးများတွင် ယခုအချိန်၌ ရှားပါးသော အက်ကွဲကြောင်းများ ထွက်ပေါ်လာခဲ့သည်။ သူက ဟင်းလင်းပြင်ကို ကြောင်အမ်းအမ်းဖြင့် စိုက်ကြည့်နေပြီး သူ၏ အသံမှာ တိုးညှင်းပြီး အက်ရှနေခဲ့သည်။

"သူနဲ့ ယှဉ်ရင် ငါတို့ နှစ်တစ်ရာ တံခါးပိတ်ကျင့်ကြံပြီးမှ ရခဲ့တဲ့ ခက်ခဲတဲ့ တိုးတက်မှုတွေ...ပါရမီ နည်းပါးမှုကို ကြိုးစားအားထုတ်မှုနဲ့ အစားထိုးနိုင်တယ်လို့ ငါတို့ကိုယ်ငါတို့ ဂုဏ်ယူခဲ့တာတွေက အခုတော့ ဟာသပြက်လုံးတစ်ခုသက်သက် ဖြစ်နေပြီ..."

လွန်ကဲသော ခါးသီးမှုနှင့် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်မှု အမူအရာတစ်ခုက သူ၏ နှုတ်ခမ်းများပေါ်တွင် ထွက်ပေါ်လာခဲ့သည်။

"လူက သဘာဝတရားကို အောင်နိုင်တယ် ဟုတ်လား... ဟား ဟား ... အဲ့ဒါက သာမန်လူတွေအတွက် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်မှု သက်သက်ပါပဲ... ဒီကမ္ဘာမှာ တချို့လူတွေက တိမ်တွေအထက်မှာ ရပ်ပြီး သက်ရှိအားလုံးကို အထက်စီးကနေ ကြည့်ဖို့ မွေးဖွားလာကြတာ..."

အဋ္ဌမတောင်ထိပ်၏ တောင်ထိပ်သခင်ရှန်းဝမ်က ပြောလိုက်သည်။

"နေ့တိုင်း ဒီလို ထိတ်လန့်စရာ အဖြစ်အပျက်တွေ အများကြီး ဖြစ်နေတာ... ငါ့ရဲ့ နှလုံးသားလေးက တောင့်မခံနိုင်တော့ဘူး... ငါတို့ အသက်ဆက်ရှင်နေဖို့တောင် လိုသေးရဲ့လား... စီနီယာအစ်ကို ရွှမ်ကျိတောင်မှ သူ့ကို မနိုင်ခဲ့ဘူး... သူ့ရဲ့ တိုက်ခိုက်မှုတစ်ချက်လေးနဲ့တင် ငါတို့က မြေအောက်က ဘွားဘွားကြီးဆီ သွားတွေ့ရတော့မှာ မဟုတ်လား..."

"ငါ့ကို ပြောပါအုံး... တကယ်လို့ အခု ငါက ဘက်ပြောင်းပြီး နဝမတောင်ထိပ်မှာ အုပ်ချုပ်ရေးမှူး သွားလုပ်ရင် အခွင့်အရေး ရှိသေးလား..."

လူတိုင်း တိတ်ဆိတ်နေသည်ကို မြင်သောအခါ သူက သူ၏ပေါင်ကို ရိုက်ပြီး အသံကို တစ်ဆင့် မြှင့်ကာ ပြောလိုက်သည်။

"ဒီနေရာမှာ နက်နဲတဲ့ဟန် ဆောင်မနေကြနဲ့တော့... နည်းလမ်း တစ်ခုခု စဉ်းစားကြစမ်း... လူတိုင်း မြင်တဲ့အတိုင်းပဲ....သူက ဘယ်လိုလုပ်ပြီး မွန်းစတားတစ်ကောင် ဖြစ်နိုင်မှာလဲ... သူက ရှင်းရှင်းလင်းလင်းကို အနာဂတ်ရဲ့ အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ကြီးပဲ... သူ့ရဲ့ ခြေထောက်ကို ဖက်တွယ်ဖို့ အခွင့်အရေးက ငါတို့ရဲ့မျက်စိရှေ့မှာတင် ရှိနေတာ... ဒုတိယအစ်ကိုက အရင်ဆုံး ဖက်တွယ်ခဲ့တယ် မဟုတ်လား... အခု သူ့ရဲ့ အဆောင်လက်ဖွဲ့တာအိုက အခုဆိုရင် ပြီးပြည့်စုံလုနီးပါး ဖြစ်နေပြီ..."

"တတိယအစ်ကိုက ဒီည ဘာလို့ မလာတာလဲ... ပထမအချက်အနေနဲ့ သူက သူတော်စင်သားတော်နဲ့ ဆက်ဆံရေး ရှိတယ်...ပြီးတော့ ဒုတိယအချက် ရွှီချီနဲ့ စူးချန်ကဲက သွေးသောက် ညီအစ်ကိုတွေလေ... သူတို့မှာ မျက်နှာလိုမျက်နှာရ လုပ်ဖို့ နည်းလမ်းတွေ အများကြီး ရှိတယ်... မင်းတို့ကရော..."

"ပွင့်ပွင့်လင်းလင်း ပြောရရင် ငါတို့က ဒီတိုင်း ထိုင်ပြီး ဘာမှ မလုပ်ရင် နောက်ဆုံးမှာ သူစိမ်းတွေ ဖြစ်သွားလိမ့်မယ်..."

"ဒီအချိန်မှာ ကိစ္စတွေကို ဖုံးကွယ်ပြီး သူတော်စင်တွေလို ဟန်ဆောင်နေတာကို ရပ်လိုက်တော့... လီချင်းဖုန်းကလွဲရင် ထိုက်ချင်ဂိုဏ်းရဲ့ အထက်အောက်မှာ လူဘယ်နှစ်ယောက်က လက်သန့်ကြလို့လဲ..."

ရှန်းဝမ်၏ပေါက်ကွဲမှုကြောင့် အခြေအနေက ချက်ချင်းလေးလံထိုင်းမှိုင်းသွားခဲ့သည်။ သူ၏ စကားများမှာ ရိုင်းစိုင်းသော်လည်း အကြောင်းပြချက်မှာ ခိုင်လုံကြောင်း လူတိုင်း ခံစားခဲ့ကြရသည်။

ထိုအချိန်မှာပင် ဝါးလက်ရန်းကို ပျင်းရိစွာ မှီနေခဲ့သော ပဉ္စမတောင်ထိပ်၏ တောင်ထိပ်သခင် မူးယစ်နတ်မိမယ် ယွင်ချင်သည် သူမ၏မူးယစ်ပြီး နီရဲနေသော ပါးပြင်များကို သူမ၏ သွယ်လျသောလက်များဖြင့် ရုတ်တရက် ဖိကိုင်လိုက်သည်။ ထူးဆန်းသော အလင်းရောင်များက သူမ၏မှုန်ဝါးပြီး လှပသော မျက်လုံးများတွင် လင်းလက်သွားပြီး သူမက တုန်လှုပ်ဖွယ် ကောင်းသော စကားတစ်ခုကို ပြောလိုက်၏။

"လူကြီးမင်းတို့... ကျွန်မက လှတယ်လို့ ထင်လား... သူတော်စင်သားတော်က အသက်ကြီးတဲ့ အမျိုးသမီး တစ်ယောက်က ငယ်ရွယ်တဲ့ အမျိုးသား တစ်ယောက်နဲ့ တွဲတာကို ငြင်းပယ်လိမ့်မယ်လို့ ထင်လား..."

ရှန်းဝမ်က ပထမဆုံး ရယ်မောလိုက်သည်။

"အသက်ကြီးတဲ့ အမျိုးသမီးက ငယ်ရွယ်တဲ့ အမျိုးသား တစ်ယောက်နဲ့ တွဲတာ ဟုတ်လား... ဒါက အဖွားနဲ့မြေး တွဲတာနဲ့ ပိုတူလိမ့်မယ်... ပဉ္စမ စီနီယာအစ်မ... ဒီနေ့ အစ်မ အရမ်းသောက်ထားတာလား... အစ်မ ဘာလို့ နဝမတောင်ထိပ်ကို သွားမကြည့်တာလဲ... သူ့ရဲ့ ဂျူနီယာညီမလေး သုံးယောက်ထဲက ဘယ်သူကများ အစ်မထက် ရုပ်ရည်ပိုင်းမှာ နယ်ပယ်ကြီးဆယ်ခုလောက် သာလွန်မနေတာ ရှိလို့လဲ..."

"..."

ယွင်ချင်၏မျက်နှာ ချက်ချင်းသုန်မှုန်သွားပြီး သူမ၏မျက်လုံးများက အေးစက်စက် လင်းလက်သွားခဲ့သည်။ ပြင်းထန်သော သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒက သူမ ကိုင်ထားသော ဟင်္သာပြဒါးရောင်ဝိုင်အရက်ဘူးမှ ချက်ချင်းပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်အပူချိန်က အနည်းငယ် ကျဆင်းသွားပုံရသည်။

ထိုအချိန်မှာပင် ယန်လော်က ကြားဖြတ်ပြောဆိုလိုက်၏။

"စစ်မှန်တဲ့ အစွမ်းထက် ကျင့်ကြံသူတွေက အမျိုးသမီးတွေကို စိတ်မဝင်စားဘူး... သူတော်စင်သားတော်ကလည်း ငါနဲ့ အမျိုးအစားတူ ဖြစ်ရမယ်... အဲ့ဒီတုန်းက ငါချစ်တဲ့ အမျိုးသမီးကို သတ်ပြီးတဲ့နောက်မှာ ငါက အဆင့်ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တာပဲ..."

"ထားလိုက်ပါတော့... ဘာလို့ အများကြီး တွေးနေမှာလဲ... တချို့အရာတွေကို အတင်းအကြပ် လုပ်လို့ မရပါဘူး... 'ကံကြမ္မာ' ဆိုတဲ့ စကားလုံးက စကားလုံးတွေနဲ့ ဖော်ပြလို့မရအောင် အံ့ဩစရာကောင်းပါတယ်..."

ဟင်္သာပြဒါးနေမင်းသခင်က ရေရွတ်လိုက်ပြီး နောက်သို့လှည့်ထွက်ရန် ဟန်ပြင်လိုက်သည်။

"ပဉ္စမ စီနီယာအစ်ကို... ဘယ်သွားမလို့လဲ..."

"အဲ့ဒီတုန်းက ငါ့ရန်သူရဲ့ မျိုးနွယ်စုတစ်ခုလုံးကို အပြောင်ရှင်းတုန်းက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတဲ့ လက်ဝတ်ရတနာလေး တစ်ခုကို ငါ ရုတ်တရက် သတိရလိုက်လို့ပါ... သူတော်စင်သားတော်က အဲ့ဒါကို သဘောကျလောက်တယ်..."

"..."

လူတိုင်း ဆွံ့အသွားသည်။

တိတ်ဆိတ်သော ဝါးတောထဲတွင် ပုံရိပ်နှစ်ခုက ယှဉ်တွဲ၍ လျှောက်လှမ်းလာခဲ့ကြသည်။

"သူတော်စင်သားတော် ... ဒီအဖိုးကြီးကိုများ သဘောမကျလို့လား..."

ကျန်းရွှမ်ကျိက ရုတ်တရက် စကားပြောဆိုလိုက်ကာ သူ၏လက်များကို နောက်ပစ်၍ တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး စိုးရိမ်နေကြောင်း ရှင်းလင်းစွာ ပြသနေသည်။

"..."

စူးချန်ကဲ တခဏမျှ ကြောင်အမ်းသွားခဲ့ပြီး အံ့အားသင့်စွာ မေးလိုက်သည်။

"ဂိုဏ်းတူဦးလေး ရွှမ်ကျိ... ဘာလို့ အဲ့ဒီလို ပြောရတာလဲ..."

"အင်း... အဲ့ဒါက..."

ကျန်းရွှမ်ကျိက ရုတ်တရက် တုံ့ဆိုင်းသွားပြီး အချိန်အတော်ကြာပြီးနောက် ဇာတ်လမ်း အပြည့်အစုံကို သူ နောက်ဆုံး၌ ရှင်းပြလိုက်၏။

ချောက်ကမ်းပါးမဲ့အဖိုးအိုနှင့် ပဋိပက္ခ ရှိခဲ့ဖူးသောကြောင့် စူးချန်ကဲက သူ၏သူငယ်ချင်း တောင်းဆိုချက်ကို ငြင်းပယ်ခဲ့သည်ဟု သူ အမြဲတစေ တွေးထင်ခဲ့သည်။

နားထောင်ပြီးနောက် စူးချန်ကဲက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ဂိုဏ်းတူဦးလေးရွှမ်ကျိက အရမ်း စိတ်ပူလွန်းနေပါပြီ... ကျွန်တော်က ဆက်သွယ်ရေး သတင်းစကားတွေကို ခဏခဏ မကြည့်မိရုံပါ... ပထမတောင်ထိပ် အပေါ်မှာလည်း ဘာမလိုမုန်းထားမှုမှ မရှိပါဘူး..."

"အဲ့ဒါဆို ဒီအဖိုးကြီး စိတ်အေးသွားပါပြီ..."

ကျန်းရွှမ်ကျိက သက်ပြင်းချလိုက်ပြီးနောက် တခဏမျှ စဉ်းစားကာ ဆက်ပြောလိုက်သည်။

"သူတော်စင်သားတော်... တကယ်တော့ မင်းရဲ့ အံ့အားသင့်စရာကောင်းတဲ့ ပါရမီအကြောင်း ငါ သိကတည်းက မင်းကို တစ်ခုခု ပြောပြဖို့ အခွင့်အရေးတစ်ခုကို ငါ ရှာနေခဲ့တာပါ..."

ဤသည်မှာ စူးချန်ကဲကို သူ အမြဲတစေ သူငယ်ချင်းစာရင်းထဲသို့ ထည့်ချင်ခဲ့သည့် အကြောင်းအရင်းပင်။

"အဲ့ဒါက ဘာလဲ..."

စူးချန်ကဲက မေးလိုက်သည်။

"ဒီအဖိုးကြီးက သူတော်စင်သားတော်ကို ဂိုဏ်းအတွက် ကိုယ်ကျိုးစွန့်ပြီး အပ်နှင်းဖို့ မမျှော်လင့်ပါဘူး... အသိပညာ မျှဝေတာပဲဖြစ်ဖြစ် အခွင့်အရေးတွေ ပေးတာပဲ ဖြစ်ဖြစ် အဲ့ဒါတွေက အရေးမကြီးဘူး... ဒီအဖိုးကြီးက တစ်နေ့နေ့မှာ ဂိုဏ်းက အန္တရာယ်နဲ့ ရင်ဆိုင်ရရင် သူတော်စင်သားတော်က ကူညီပေးနိုင်ဖို့ပဲ မျှော်လင့်ပါတယ်..."

ကျန်းရွှမ်ကျိက ရပ်တန့်သွားပြီး စူးချန်ကဲကို လေးနက်စွာ ပြောဆိုလိုက်ရာ သူ၏ မျက်လုံးများတွင် မျှော်လင့်ချက် အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။

စူးချန်ကဲက ချက်ချင်းနားလည်သွားပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်၏။

"ဂိုဏ်းတူဦးလေး ရွှမ်ကျိက ယွမ်ရှန်းဂိုဏ်းကို စိတ်ပူနေတာလား... စိတ်မပူပါနဲ့... ကျွန်တော့်ကိုယ်ကျွန်တော် နွေးထွေးတဲ့သူလို့ မခေါ်ပေမဲ့ သွေးအေးပြီး ရက်စက်တဲ့သူလည်း မဟုတ်ပါဘူး... ဒီက အခြေအနေကို ကျွန်တော် တော်တော်လေး သဘောကျပါတယ်... လူတွေက ကောင်းပြီး ရှုခင်းတွေကလည်း သာယာတယ်လေ..."

ရိုးရိုးသားသား ပြောရလျှင် သူ၏စနစ်ကို မနိုးထမီကပင် သူသည် ထိုက်ချင်ဂိုဏ်းတွင် သက်တောင့်သက်သာ နေထိုင်ခဲ့ရသည်။ ဤသည်မှာ ဂိုဏ်းအတွင်း၌ အတွင်းရေးပဋိပက္ခများ မရှိသည့်အလားပင်။ အများဆုံးအနေဖြင့် သူတို့သည် နာမည်ကျော်ကြားမှု အနည်းငယ်အတွက်သာ ယှဉ်ပြိုင်ကြသော်လည်း သေရေးရှင်ရေး အခြေအနေများအထိ မည်သည့်အခါမျှ မရောက်ခဲ့ချေ။

တစ်ခါတစ်ရံတွင် သူ နားမလည်နိုင်ခဲ့ချေ။ ဗီလိန် ဇာတ်ကောင်တစ်ဦးဖြစ်သော သူသည် ထိုက်ချင်ဂိုဏ်းတွင် မည်သို့ ရောက်ရှိနေသနည်း။ ယုတ္တိတန်စွာ ပြောရလျှင် သူသည် နတ်ဆိုးဂိုဏ်းတွင် ရှိနေသင့်သည် မဟုတ်လော။

သို့ရာတွင် ကျန်းရွှမ်ကျိ၏ နောက်ဆက်တွဲ စကားများက စူးချန်ကဲကို ထိတ်လန့်သွားစေခဲ့သည်။

"ဒါပေမဲ့ ငါတို့ရဲ့ ထိုက်ချင်ဂိုဏ်းက တကယ်တော့ အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေတစ်ခုလုံးအပြင် ယွမ်ယန်နယ်မြေမှာတောင် ပြဿနာတွေ ဖန်တီးနေတဲ့ တရားခံ ဆိုတာကို သူတော်စင်သားတော်က သိသွားရင် ဘယ်လိုလုပ်မလဲ..."

ကျန်းရွှမ်ကျိက အလွန်တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

"..."

"ခဏလေး..."

"ငါ နားကြားမှားတာလား..."

"ဒါက ဘာအဓိပ္ပာယ်လဲ..."

စူးချန်ကဲက စိတ်ရှုပ်ထွေးသွားပြီး အလိုအလျောက် မေးလိုက်သည်။

"ငါတို့က မှန်ကန်တဲ့ အဖွဲ့အစည်း မဟုတ်ဘူးလား..."

"ငါတို့က မှန်ကန်ပါတယ်...ငါတို့ရဲ့ ကိုယ်ပိုင် လူတွေအတွက်ဆိုရင် အံ့ဩစရာကောင်းလောက်အောင် မှန်ကန်ပါတယ်..."

"အဲ့ဒါဆိုရင် ယွမ်ရှန်းဂိုဏ်းက ငါတို့ ထိုက်ချင်ဂိုဏ်းကို ပြင်းပြင်းထန်ထန် ဖိနှိပ်နေတာက ဘာလို့လဲ..."

"သူတို့က အတင်းအကျပ် ခိုင်းစေခံရတာ... တကယ်လို့ သူတို့သာ မခုခံရင် သူတို့ ဘယ်လိုပဲဖြစ်ဖြစ် သေရမှာလေ... အရင်တုန်းက အရာအားလုံးက တခြားသူတွေအတွက် ပြသမှု သက်သက်ပါပဲ... ပြီးတော့ ထိုက်ချင်ဂိုဏ်းက ယွမ်ရှန်းဂိုဏ်းထက် နိမ့်ကျတယ်ဆိုတဲ့ အထင်အမြင်ကို ဖန်တီးဖို့ သရုပ်ဆောင်တဲ့ နေရာမှာ ငါကိုယ်တိုင်လည်း ပါဝင်ခဲ့ရတယ်..."

"အဲ့ဒါဆို ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ..."

"တကယ်လို့ ငါတို့သာ ဒီလိုမလုပ်ခဲ့ရင် တခြား အင်အားစုတွေက ယွမ်ရှန်းဂိုဏ်းနဲ့ လျှို့ဝှက် ပူးပေါင်းဖို့ ဘယ်လိုလုပ် သွေးဆောင်ခံရမှာလဲ... ပြီးတော့ သဘာဝကျကျပဲ ထျန်းရွှမ်နိုင်ငံနဲ့ ဝမ်ချီလန်စံအိမ်တို့ကို ဖျက်ဆီးပစ်ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် ငါတို့မှာ ရှိလာမှာ မဟုတ်ဘူး..."

All Chapters