အခန်း (၁၀၉-၁၁၀)
Vol. 11 Ch. 109-110
အခန်း ၁၀၉: ဓားတောင်တွေကို ဖြတ်ကျော်ပြီး မီးပင်လယ်တွေကို ဖြတ်သန်းရမယ်ဆိုရင်တောင် ကျန်းရွှမ်ကျိနဲ့ ထိုက်ချင်ဂိုဏ်းက မင်းနဲ့အတူ ရှိနေမယ်
"ခဏလေး... ဒါကို ငါ စဉ်းစားကြည့်ပါရစေအုံး..."
စူးချန်ကဲက တခဏမျှ ကြောင်အမ်းသွားပြီးနောက် မေးလိုက်သည်။
"ထိုက်ချင်ဂိုဏ်းက ယွမ်ရှန်းဂိုဏ်း ဝမ်ချီလန်စံအိမ်နဲ့ ထျန်းရွှမ်နိုင်ငံကို တစ်ချက်တည်းနဲ့ အပြတ်ရှင်းပစ်ဖို့ စီစဉ်နေတယ်လို့ ပြောချင်တာလား..."
"အတိအကျပဲ..."
ကျန်းရွှမ်ကျိသည် ခေါင်းညိတ်လိုက်ပြီး လျှို့ဝှက်ချက်ကို တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဖော်ထုတ်လိုက်၏။
"ဂိုဏ်းခေါင်းဆောင်က ဒီနှစ်တွေတလျှောက်လုံး ခရီးထွက်နေတယ်လို့ ပြောနေခဲ့ပေမဲ့ တကယ်တော့ သူက ယွမ်ရှန်းဂိုဏ်းရဲ့ အခြေခံအုတ်မြစ်ကို လျှို့ဝှက်စုံစမ်းနေခဲ့တာ... နည်းနည်းအန္တရာယ် ပေးနိုင်တဲ့ ယွမ်ရှန်းဂိုဏ်းရဲ့ ဘိုးဘေးကလွဲရင် ကျန်တဲ့သူတွေက ကြောက်စရာ မလိုဘူး... ဥပမာ ထျန်းရွှမ်နိုင်ငံကို ကြည့်လိုက်... သူတို့ရဲ့ အဆင့်မြင့်အရာရှိတွေထဲက သုံးပုံတစ်ပုံကို ငါတို့က ထောက်ပံ့ပေးထားတာ ဖြစ်ပြီး နောက်ထပ် သုံးပုံတစ်ပုံရဲ့ အားနည်းချက်တွေကို ငါတို့ ကိုင်ထားတယ်... ကျန်တဲ့သူတွေကတော့ အသေးအမွှား ကစားသမားတွေ သက်သက်ပါပဲ..."
ထိုက်ချင်ဂိုဏ်း၏ အစစ်အမှန် ရည်မှန်းချက်များကို ပြောဆိုခြင်းမှာ စူးချန်ကဲအား အာမခံချက်ပေးရန်နှင့် သူတို့၏ကိုယ်ပိုင်စွမ်းအားကို နားလည်စေရန် အမှန်တရားကို သူ ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ဤအရာတစ်ခုတည်းနှင့် မလုံလောက်ဟု သူ ခံစားရသဖြင့် ဆက်ပြောလိုက်သည်။
"တကယ်တော့ အဲ့ဒီတုန်းက ငါတို့ထိုက်ချင်ဂိုဏ်းက အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေရဲ့ ထိန်းချုပ်မှုကို ဆုံးရှုံးသွားပြီးတဲ့နောက်မှာ ယွမ်ယန်ကို ပေါင်းစည်းမယ်ဆိုတဲ့ ကြီးမားတဲ့ စံပြအိပ်မက်ကို ငါတို့ ဘယ်တော့မှ အရှုံးမပေးခဲ့ဘူး... မျိုးဆက် ခြောက်ဆက်တိုင်တိုင် ဂိုဏ်းခေါင်းဆောင်တွေရဲ့ ကြိုးစားအားထုတ်မှုတွေ အပြီးမှာ ငါတို့ထိုက်ချင်ဂိုဏ်းရဲ့စွမ်းအားက အထွတ်အထိပ်ကို ရောက်နေပြီ... လောကကြီးကို တစ်ယောက်တည်းနဲ့ ဖိနှိပ်နိုင်တဲ့ ဘိုးဘေးလိုမျိုး ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ယောက် မရှိတာကလွဲရင် တခြားကဏ္ဍအားလုံးမှာ အတိတ်က ငါတို့ရဲ့ အထွတ်အထိပ် အချိန်ကာလထက် မလျော့ဘူး... နတ်ဘုရားမီးတောက်နယ်ပယ် ကျွမ်းကျင်သူချည်းပဲ ဆယ့်ငါးယောက်တိတိ ရှိတယ်... ဒီလူစာရင်းက အရှေ့ပိုင်းနက်နဲသိမ်မွေ့နယ်မြေ တစ်ခုလုံးကို ရှင်းလင်းပစ်ဖို့ လုံလောက်တယ်..."
နတ်ဘုရားမီးတောက်နယ်ပယ် ကျွမ်းကျင်သူ ဆယ့်ငါးယောက်....
ယွမ်ရှန်းဂိုဏ်းတွင် လူသိရှင်ကြား လေးယောက်သာ ရှိပြီး သူတို့၏ လျှို့ဝှက်နည်းလမ်းများနှင့်ပင် ဂဏန်းနှစ်လုံးသို့ မည်သို့မျှ မရောက်နိုင်ကြောင်း သိထားသင့်သည်။ ထျန်းရွှမ်နိုင်ငံနှင့် ဝမ်ချီလန်စံအိမ်နှင့် ပတ်သက်၍မူ သူတို့ကို ထည့်သွင်းစဉ်းစားခြင်းပင် မခံရချေ။
"အဲ့ဒါဆို ထျန်းရွှမ်နိုင်ငံတော်အခမ်းအနား ဆိုတာကရော ဘယ်လိုလဲ..."
စူးချန်ကဲသည် မမေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့လေ၏။
"အဲ့ဒါကို ငါတို့ထိုက်ချင်ဂိုဏ်းက လျှို့ဝှက် ကြိုးကိုင်ထားတာပါ... အဲ့ဒီပွဲတော်ရဲ့ ရည်ရွယ်ချက်က ယွမ်ရှန်းဂိုဏ်းရဲ့ နတ်ဘုရားသားတော်ကို မြှူဆွယ်ပြီးတော့ သူ့ကို ဖယ်ရှားပြီး ဒီလျှို့ဝှက်အန္တရာယ်ကို ဖြေရှင်းဖို့ပဲ... အဲ့ဒီ အရူးဟွမ်ထျန်းချန်ကတော့ ငါတို့ထိုက်ချင်ဂိုဏ်းကို အရှက်ခွဲဖို့ စဉ်းစားနေတုန်းပဲ..."
ကျန်းရွှမ်ကျိသည် အမှန်အတိုင်း ဖြေလိုက်ပြီးနောက် စူးချန်ကဲအား နက်နက်ရှိုင်းရှိုင်း တစ်ချက်ကြည့်လိုက်ရာ သူ၏လေသံမှာ ရိုသေလေးစားမှု အဖြစ်သို့ ပြောင်းလဲသွားသည်။
"ဒါပေမဲ့ ဒီအစီအစဉ်က မလိုအပ်တော့ပါဘူး..."
စူးချန်ကဲ ဤနေရာ၌ ရှိနေသဖြင့် ယွမ်ရှန်းဂိုဏ်း၏ နတ်ဘုရားသားတော်သည် မည်သို့သော လျှို့ဝှက်အန္တရာယ်မျိုး ဖြစ်နိုင်အုံးမည်နည်း။
ကျန်းရွှမ်ကျိ၏ စကားများကို ကြားပြီးနောက် ရှားပါးသော အံ့အားသင့်မှု အရိပ်အယောင်တစ်ခုသည် စူးချန်ကဲ၏ မျက်လုံးများတွင် ထွက်ပေါ်လာခဲ့ပြီးနောက် သူက ပြောလိုက်သည်။
"အဲ့ဒါဆို... ငါတို့ရဲ့ထိုက်ချင်ဂိုဏ်းက ဒီနယ်မြေမှာ ဗီလိန် ဖြစ်နေတာပေါ့..."
သောက်ကျိုးနည်း...
အရာအားလုံး ကိုက်ညီနေပြီ...
အရာအားလုံး ကိုက်ညီနေလေပြီ...
ငါ ဒီနေရာမှာ ထွက်ပေါ်လာတာ အံ့ဩစရာ မရှိတော့ဘူး... အဲ့ဒီလိုသာဆိုရင် ဒီနယ်မြေမှာ အဓိကဇာတ်ကောင် ယဲ့ရွှမ် တိုက်ခိုက်ရမယ့် ဗီလိန်ခေါင်းဆောင်က ထိုက်ချင်ဂိုဏ်းဖြစ်ဖို့ အရမ်းသေချာနေပြီ...
"ဗီလိန်...."
ကျန်းရွှမ်ကျိသည် တခဏမျှ ကြောင်အမ်းသွားခဲ့ပြီး ချက်ချင်းမငြင်းဆိုခဲ့ချေ။ ထိုအစား သူသည် တီးတိုးပြောဆိုလိုက်၏။
"ဒီလောကကြီးမှာ အကောင်းနဲ့အဆိုးကြားမှာ လုံးဝကွဲပြားနေတဲ့ ခြားနားချက် မရှိဘူး... အဲ့ဒါက စံပြအိပ်မက်တွေ ကွဲပြားတာ သက်သက်ပဲ... ငါတို့ထိုက်ချင်ဂိုဏ်းက 'အစွမ်းထက်တဲ့သူတွေ ရှင်သန်ပြီး အားနည်းတဲ့သူတွေ ပျက်စီးမယ်' ဆိုတဲ့ မူဝါဒကို အမြဲတမ်း ယုံကြည်ခဲ့တယ်... သူတော်စင်သားတော် ... ဒါက အစွမ်းထက်တဲ့သူတွေက အားနည်းတဲ့သူတွေကို အမဲလိုက်တဲ့ ကမ္ဘာတစ်ခုဆိုတာ မင်း သိသင့်တယ်...တကယ်လို့ ငါတို့ထိုက်ချင်ဂိုဏ်းသာ တကယ်ကြီး နိမ့်ကျသွားမယ်ဆိုရင် ငါတို့ရဲ့ အဆုံးသတ်ကလည်း ကောင်းမှာ မဟုတ်ဘူး... လွန်ခဲ့တဲ့နှစ်ပေါင်း မရေမတွက်နိုင်တဲ့ အချိန်တုန်းက စစ်ပွဲကြီးတွေအများကြီး အပြီးမှာ ယွမ်ယန်နယ်မြေရဲ့ အရင်းအမြစ်တွေက အရမ်းရှားပါးလာပြီးတော့ နတ်ဘုရားစွမ်းအားတွေက အားနည်းလာခဲ့တယ်... နတ်ဘုရားမီးတောက်နယ်ပယ်အထိ ကျင့်ကြံတာက အကန့်အသတ် ဖြစ်နေပြီ... ဒါပေမဲ့ နောက်ထပ် ခြေတစ်လှမ်း ရှေ့တက်လှမ်းဖို့ သူတော်စင်တစ်ပါး ဖြစ်လာဖို့ လိုအပ်တဲ့ အရင်းအမြစ်တွေက ဘယ်အင်အားစု တစ်ခုတည်းကမှ မခံနိုင်လောက်အောင် အရမ်းကို ကြီးမားတယ်... တကယ်လို့ ငါတို့ထိုက်ချင်ဂိုဏ်းက ဒီမုန်တိုင်းကို မဖန်တီးခဲ့ရင်တောင်မှ ဒုတိယအင်အားစုတစ်ခုက ဗီလိန် အဖြစ် သရုပ်ဆောင်ဖို့ ပေါ်လာမှာပဲ... မဟာတာအို အတွက် ရုန်းကန်မှု ဆိုတာ ဘယ်သူမှ ရှောင်လွှဲလို့ မရတဲ့ အရာတစ်ခုပါ..."
သူ ပြောခဲ့သည်မှာ အမှန်တကယ်ကို အမှန်တရားပင်။ ကျင့်ကြံခြင်း လမ်းစဉ်သည် အခြေခံအားဖြင့် 'ရုန်းကန်မှု' ကို ဗဟိုပြုလေ၏။
စကားပြောဆိုနေစဉ် ကျန်းရွှမ်ကျိသည် တခဏမျှ စဉ်းစားလိုက်ပြီးနောက် လေးနက်စွာ ထပ်ဖြည့်ပြောလိုက်သည်။
"သူတော်စင်သားတော် ... ကျေးဇူးပြုပြီး စိတ်ချပါ... ငါတို့ထိုက်ချင်ဂိုဏ်းက အပြစ်ကင်းတဲ့သူတွေကို အဆင်အခြင်မဲ့ သတ်ဖြတ်ပြီး ကိုယ်ကျင့်တရားကို လျစ်လျူရှုတဲ့ မိစ္ဆာဂိုဏ်းတစ်ခု လုံးဝမဟုတ်ပါဘူး... ငါတို့ဂိုဏ်းက နှစ်ပေါင်းသောင်းနဲ့ချီပြီး လက်ဆင့်ကမ်းလာခဲ့ပြီးတော့ ကိုယ်ပိုင်ဂိုဏ်းယဉ်ကျေးမှုနဲ့ အယူဝါဒဆိုင်ရာ စည်းမျဉ်းတွေ ရှိတယ်... ငါတို့ရဲ့ လက်ရှိ လုပ်ရပ်တွေ အားလုံးက နည်းနည်း ရိုင်းစိုင်းပေမဲ့ ဂိုဏ်းကြီးပွားတိုးတက်ရေးဆိုတဲ့ ကြီးမားတဲ့ ရည်ရွယ်ချက်အတွက် ဖြစ်သလို ယွမ်ယန်ကို ပေါင်းစည်းပြီး ထာဝရငြိမ်းချမ်းရေး ခေတ်တစ်ခုကို စတင်မယ်ဆိုတဲ့ ဂိုဏ်းရဲ့ ရေရှည်အမြင်ကို ရရှိဖို့အတွက်လည်း ဖြစ်တယ်... ဒါက ထိုက်ချင်ဂိုဏ်းမှာရှိတဲ့ ငါတို့အားလုံး ကြိုးစားအားထုတ်နေတဲ့ ကြီးမားတဲ့ အသေးစိတ်အစီအစဉ်ပဲ"
ကျန်းရွှမ်ကျိ၏ စကားများမှာ အလေးအနက် ရှိပြီး အဆုံးသတ်တွင် သူ၏အသံမှာ ပို၍ပင် ပဲ့တင်ထပ်နေကာ သူ၏အကြည့်က လောင်ကျွမ်းနေပြီး ငြင်းဆို၍မရနိုင်သော ယုံကြည်ချက်နှင့် စိတ်ဓာတ်ကို ပြသနေသည်။ ဤအရာကြောင့် စူးချန်ကဲသည် ထိုက်ချင်ဂိုဏ်းကို အထင်လွဲသွားကာ သူတို့အား အဆင်အခြင်မဲ့သော မိစ္ဆာအဖွဲ့အစည်းတစ်ခုအဖြစ် အထင်မှားသွားမည်အား သူ ကြောက်ရွံ့နေခဲ့သည်။
ထိုစကားများကို နားထောင်ရင်း စူးချန်ကဲသည်လည်း ခေါင်းအနည်းငယ်ညိတ်လိုက်၏။ ဤအကြောင်းပြချက်ကို သူ အသိအမှတ်ပြုသည်။
ဒါပေမဲ့ သောက်ကျိုးနည်း... သွေးထွက်သံယို ဖြစ်လွယ်တဲ့ နှလုံးသားတွေ ရှိတဲ့ အဲ့ဒီ ကံကြမ္မာသားတော်တွေကတော့ အဲ့ဒါကို အသိအမှတ်ပြုမှာ မဟုတ်ဘူး...
သူသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် ဖြည်းညှင်းစွာ မေးလိုက်သည်။
"ဒီကိစ္စတွေက လျှို့ဝှက်ထားသင့်တယ် မလား... ဂိုဏ်းတူဦးလေး ရွှမ်ကျိ ... ဘာလို့ ကျွန်တော့်ကို ဒါတွေ ပြောပြနေတာလဲ..."
ကျွန်တော်က အဲ့ဒါကို ပေါက်ကြားသွားအောင် လုပ်မယ်လို့ ခင်ဗျား မစိုးရိမ်ဘူးလား...
မြင့်မြတ်အရှင် ရွှမ်ကျိသည် တုံ့ဆိုင်းမနေဘဲ ပြောလိုက်သည်။
"ဒီနေ့ ဒီအဖိုးကြီးက သူတော်စင်သားတော်ကို ဒီကိစ္စတွေ ပြောပြတာက....သူတော်စင်သားတော်ကို ဘယ်လိုနည်းနဲ့မှ မလှည့်စားချင်လို့ ဖြစ်သလိုမင်းက တကယ်ကို ကြောက်စရာကောင်းလွန်းလို့လည်း ဖြစ်တယ်... မင်းက ထိုက်ချင်ဂိုဏ်းရဲ့ သခင်ဖြစ်ဖို့ ပိုပြီးအရည်အချင်း ပြည့်မီတယ်လို့ ငါ ထင်တယ်... လက်ရှိဂိုဏ်းခေါင်းဆောင်က မထိုက်တန်ဘူး..."
"သေချာတာပေါ့... တကယ်လို့ သူတော်စင်သားတော်က ငါတို့ထိုက်ချင်ဂိုဏ်းရဲ့ အလုပ်လုပ်ပုံကို မကြိုက်ဘူးဆိုရင် မင်း ထုတ်ပြောနိုင်ပါတယ်... ပြောင်းလဲလို့ ရတာကို ငါတို့ ပြောင်းလဲနိုင်တယ်..."
"သေချာတာပေါ့... နောက်ထပ် တစ်ခုလည်း ရှိသေးတယ်... ငါတို့ရဲ့ထိုက်ချင်ဂိုဏ်းက အချင်းချင်း အကြံအစည်တွေ လုပ်နေကြတဲ့ တခြားအင်အားစုတွေနဲ့ မတူဘဲ အရမ်း စည်းလုံးတယ်... သူတော်စင်သားတော်ရဲ့စွမ်းအားကို မြင်ပြီးတဲ့နောက်မှာ ဒီအဖိုးကြီးက အရာအားလုံးကို ပြောပြချင်နေခဲ့တာ ကြာပါပြီ..."
ကျန်းရွှမ်ကျိက လေးနက်စွာ ထပ်ဖြည့်ပြောလိုက်လေသည်။ သူတို့၌ အလွန်မူဝါဒစည်းမျဥ်းတင်းကြပ်သော အလုပ်လုပ်ပုံများ ရှိနေသည်။
"နတ်ဆိုးနယ်မြေထဲက ချင်းချိုးမျိုးနွယ်စုကလည်း ဂိုဏ်းရဲ့ လက်ရာပဲလား..."
စူးချန်ကဲသည် တခဏမျှ စဉ်းစားလိုက်ပြီးနောက် ချင်းချိုးမျိူးနွယ်စု ပျက်စီးခြင်းကိုပင် ထိုက်ချင်ဂိုဏ်းက ကြိုးကိုင်ခဲ့ခြင်းများလားဟု တွေးကာ ရုတ်တရက် မေးလိုက်သည်။
"သူတော်စင်သားတော်... ချင်းချိုးရဲ့ အကျပ်အတည်းအကြောင်း မင်း သိတာလား" မြင့်မြတ်အရှင်ရွှမ်ကျိသည် အလွန်အမင်း ထိတ်လန့်သွားခဲ့သော်လည်း ချက်ချင်းဆိုသလိုပင် ရိုသေလေးစားစွာ ပြန်ဖြေလိုက်သည်။
"အဲ့ဒီလို မဟုတ်ပါဘူး... ချင်းချိုးက အတွင်းရေးနဲ့အပြင်ရေး ပြဿနာတွေကို ခံစားခဲ့ရတာပါ... နတ်ဆိုးဘုရင်သုံးပါးက ချင်းချိုးကို လိုချင်နေခဲ့တာ ကြာပြီ... ပြီးတော့ အတွင်းမှာလည်း ချင်းချိုးဘိုးဘေးရဲ့ သားအကြီးဆုံးက ပုန်ကန်ချင်တဲ့ ရည်ရွယ်ချက်တွေ ရှိနေခဲ့တာ ကြာပါပြီ... ငါတို့က နတ်ဆိုးဘုရင်သုံးပါးနဲ့ ဆွေးနွေးမှု တစ်ခုပဲ လုပ်ခဲ့တာပါ... ချင်းချိုးကို ဖျက်ဆီးပြီးရင် သူတို့ နတ်ဆိုးမျိုးနွယ်စုတွေ အသုံးမပြုနိုင်တဲ့ ချင်းချိုးရဲ့ဘဏ္ဍာတိုက် ထဲက အရင်းအမြစ်တွေကို ငါတို့ကို ရောင်းချပေးဖို့ သူတို့က မျှော်လင့်ထားကြတာ... ဒါပေမဲ့ သူတို့က အရမ်းများတဲ့ စျေးနှုန်းကို တောင်းဆိုခဲ့လို့ ငါတို့ သဘောတူညီချက် မရသေးဘူး..."
"ယွမ်ယန် ကုန်သည်ကြီးများအသင်းကလည်း ဒီကိစ္စကို နည်းနည်း စိတ်ဝင်စားနေတယ်..."
ကျန်းရွှမ်ကျိ စကားပြောနေစဉ် စူးချန်ကဲ၏ မျက်နှာပေါ်ရှိ တွေးတောနေသော အမူအရာကို မြင်သောအခါ သူသည် အလျင်အမြန် ထပ်ဖြည့်ပြောလိုက်သည်။
"တကယ်လို့ သူတော်စင်သားတော်က မကြိုက်ဘူးဆိုရင်... ငါတို့ ငြင်းပယ်လို့ ရပါတယ်... ဒီပစ္စည်းတွေ ရှိတာပဲဖြစ်ဖြစ် မရှိတာပဲဖြစ်ဖြစ် ကြီးကြီးမားမား ကွာခြားမှု မရှိပါဘူး..."
ကြိုတင်ကာကွယ်မှု အစီအမံ တစ်ခုအနေဖြင့်သာ သူတို့သည် ဤအရာများကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပေ၏။
"လောလောဆယ် ငြင်းပယ်ဖို့ မလိုပါဘူး..."
စူးချန်ကဲသည် ဖြည်းညှင်းစွာ ပြောလိုက်ပြီးနောက် ကျန်းရွှမ်ကျိ၏ပခုံးကို ပုတ်ကာ ပြုံးလိုက်သည်။
"ဂိုဏ်းတူဦးလေး ရွှမ်ကျိ ... ခင်ဗျား ဒီကိစ္စကို ပိုကြီးအောင် လုပ်ချင်လား..."
"ပိုကြီးအောင်..."
မြင့်မြတ်အရှင်ရွှမ်ကျိသည် တခဏမျှ ကြောင်အမ်းသွားပြီးနောက် အလျင်အမြန် လက်ပူးဆုပ်ကာ ပြောလိုက်၏။
"သူတော်စင်သားတော် ... ကျေးဇူးပြုပြီး ပြောပါ..."
စူးချန်ကဲက အပြုံးနှင့် ပြောဆိုသည်။
"တခြားနတ်ဆိုးဘုရင်သုံးပါးရဲ့ အရင်းအမြစ်တွေက ချင်းချိုးထက် ပိုကောင်းတယ်လို့ ခင်ဗျား မထင်ဘူးလား..."
"ဂိုဏ်းကို ပေါင်းစည်းဖို့ဆိုတဲ့ ကြီးမားတဲ့ အမြင် တစ်ခု ငါတို့မှာ ရှိတယ် မလား... ဒီနတ်ဆိုးတွေ ငါတို့ကို ခြိမ်းခြောက် ငွေတောင်းတာကို ငါတို့က ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ..."
အခြေအနေက ဤအထိ ရောက်နေပြီဖြစ်ရာ စူးချန်ကဲသည် ထိုအရာကို ပွင့်ပွင့်လင်းလင်း လက်ခံလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။ သူ၏ဂျူနီယာညီမလေးအတွက် ပြင်ဆင်သည့်အနေဖြင့် နတ်ဆိုးနယ်မြေ၏ အခြေအနေကို အရင်ဆုံးနားလည်ရန် ထိုက်ချင်ဂိုဏ်းကို သူ အသုံးပြုနိုင်သည်။
ဤစကားကို ကြားသောအခါ ကျန်းရွှမ်ကျိသည် အနည်းငယ် ရပ်တန့်သွားပြီး သူ၏နားကို သူ မယုံနိုင်သည့်အလား စူးချန်ကဲအား အံ့အားသင့်စွာ ကြည့်လိုက်သည်။
ချက်ချင်းပင် သူသည် ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး စူးချန်ကဲကို ရိုသေလေးစားစွာ ဦးညွှတ်ကာ ပြောဆိုလိုက်၏။
"သခင်... အမိန့်ပေးပါ... ဓားတောင်တွေကို ဖြတ်ကျော်ပြီး မီးပင်လယ်တွေကို ဖြတ်သန်းရမယ်ဆိုရင်တောင် ကျန်းရွှမ်ကျိနဲ့ ထိုက်ချင်ဂိုဏ်းက မင်းနဲ့အတူ ရှိနေမယ်"
ဤအချိန်၌ သူ၏ ခေါ်ဝေါ်မှုကိုပင် သူ ပြောင်းလဲလိုက်ပြီး စူးချန်ကဲအား 'သူတော်စင်သားတော်' ဟု မခေါ်တော့ချေ။
"ပထမဆုံး... ခင်ဗျားရဲ့ လက်ရှိအစီအစဉ်က ဘယ်အဆင့်ကို ရောက်နေပြီလဲဆိုတာကို ကျွန်တော်ကို ပြောပြပါ..."
စူးချန်ကဲက ခပ်ဖျော့ဖျော့အပြုံးဖြင့် ပြောလိုက်သည်။
ထို့နောက် ကျန်းရွှမ်ကျိသည် ဤနှစ်များတလျှောက် ထိုက်ချင်ဂိုဏ်း၏ အစီအစဉ်များကို ဖော်ထုတ်လိုက်သည်။
တစ်ချိန်တည်းမှာပင်...
တခြားနေရာတစ်ခု၌...
နဝမတောင်ထိပ်....
အခန်းထဲတွင် စိတ်ဝိညာဉ်စွမ်းအားများက မြူများအလား ဖုံးလွှမ်းနေခဲ့သည်။
လျှိုရူယန်သည် နူးညံ့သော ပိုးသားအိပ်ယာပေါ်တွင် ပလ္လင်ခွေထိုင်နေပြီး သူမ၏စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းနယ်ပယ် ကျင့်ကြံခြင်းမှာ တည်ငြိမ်နေလေပြီ။ သူမ၏ အရှိန်အဝါသည် ထူထပ်သိပ်သည်းပြီး ရှည်လျားကာ ယခင်ကထက် အဆပေါင်းများစွာ ပို၍အစွမ်းထက်နေသည်။
သူမ၏ ဖီးနစ်မျက်လုံးများသည် အေးစက်နေပြီး သူမ၏ရှေ့ရှိ စားပွဲပေါ်မှ မျက်စိကျိန်းလောက်အောင် တောက်ပနေသော ကောင်းကင်နှင့်မြေကြီး ရတနာများကို ကြည့်နေသော်လည်း သူမ အနည်းငယ် စိတ်အာရုံပျံ့လွင့်နေပုံရသည်။ သူမက အခန်းကို အလှဆင်ထားသော ဆေးပင်များနှင့် စိမ်းလန်းသော အပင်များကို ဝေ့ကြည့်လိုက်၏။ သူမသည် အချိန်အတော်ကြာ ကြောင်အမ်းနေကာ ဤနှစ်များတလျှောက် မှတ်ဉာဏ်များက ဆက်တိုက်ပေါ်ထွက်လာခဲ့သည်။
"သူက ဘာလို့ ဒီလောက်တောင် ပြောင်းလဲသွားရတာလဲ..."
"အရင်တုန်းက သူက ငါ့အပေါ် ဒါမှမဟုတ် ဂျူနီယာညီမလေးတွေအပေါ် ဘယ်တော့မှ ဒီလောက်ထိ မကောင်းဘူး..."
လျှိုရူယန်က တီးတိုးရေရွတ်လိုက်သည်။ အကြိမ်များစွာတွင် သူသည် အဖိုးကြီးမိစ္ဆာတစ်ကောင်ကောင်၏ ပူးကပ်ခြင်းကို ခံလိုက်ရသည်ဟု သူမ တွေးထင်လုနီးပါး ဖြစ်ခဲ့သော်လည်း ရလဒ်သည် သူမ ထင်သလို မဟုတ်ခဲ့ချေ။
အကြောင်းအရင်းမှာ သူမသည် စူးချန်ကဲကို လျှို့ဝှက်နည်းလမ်းတစ်ခုမှတစ်ဆင့် အချိန်အတော်ကြာ စောင့်ကြည့်နေခဲ့သောကြောင့်ပင်။ သူမ၏ကျင့်ကြံဆင့်နယ်ပယ်သည် မမြင့်မားသော်လည်း သူမ၏ ယခင်ဘဝက နည်းစနစ် တချို့ကို သူမ အသုံးပြုနိုင်ပေ၏။
သူမ တွေးတောနေစဉ်....
သူမ၏ စိတ်ထဲတွင် စူးချန်ကဲသည် သူမ၏ ခါးကို ဖက်ကာ အခန်းထဲသို့ ဝင်လာသည့် မြင်ကွင်းက အထိန်းအကွပ်မဲ့စွာ ပြန်လည်၍ထွက်ပေါ်လာခဲ့သည်။
ထိုသန်မာသော လက်မောင်း ထိုအလွန် ချောမောသော ဘေးစောင်းမျက်နှာသည် အလွန် နီးကပ်နေသဖြင့် သူမ၏ဖြူဖွေးသော ပါးပြင်များကို ထိန်းချုပ်၍မရအောင် နီရဲသွားစေခဲ့သည်။ ထို့ပြင် အလွန်ထူးဆန်းကာ ယခင်က မရှိဖူးသော ထိတ်လန့်တုန်လှုပ်မှုတစ်ခုက သူမ၏နှလုံးသားထဲတွင် ဖြစ်ပေါ်လာခဲ့သည်။
သူမ၏စိတ်နှလုံးသားထဲ၌ လေးစားအားကျမှုနှင့် တောင့်တမှုခံစားချက်တစ်ခုသည် ပြန်လည်၍ ထွက်ပေါ်လာပေ၏။
"ဟွန့်..."
လျှိုရူယန်သည် သူမ၏နှာခေါင်းမှ ခပ်အုပ်အုပ်ရှူထုတ်သံတစ်သံကို ထုတ်လွှတ်လိုက်ကာ သူမ၏ မျက်လုံးများတွင် မောက်မာမှု အရိပ်အယောင်တစ်ခု ထင်ဟပ်နေသည်။ သူမက ရှုပ်ထွေးသော အတွေးများနှင့် မသင့်တော်သော စိတ်ခံစားမှုများကို အတင်းအကြပ် ဖိနှိပ်လိုက်သည်။
"ဒီသေသင့်တဲ့ စိတ်ခံစားမှုတွေ..."
"ဒီဧကရီက ဘယ်လိုပြိုင်ဘက်ကင်းတဲ့ အမျိုးသားမျိုးကို မတွေ့ဖူးတာ ရှိလို့လဲ... ငါ့ရဲ့နှလုံးသားက ဘယ်လိုလုပ် ရှုပ်ထွေးသွားနိုင်မှာလဲ"
"အင်း... အဲ့ဒါက ငါ နှစ်ပေါင်းများစွာကြာအောင် သူ့ရဲ့ဖိနှိပ်မှုကို ခံခဲ့ရလို့ပဲဖြစ်မယ်... အဲ့ဒါက အခြေအနေအရပဲ... ငါ့ရဲ့ စစ်မှန်တဲ့ ခံစားချက်တွေ မဟုတ်ဘူး..."
"ဟုတ်တယ်... အတိအကျပဲ"
အခန်း ၁၁၀: ဒါက တကယ်တော့ ဖီးနစ်တွေရဲ့ ပေါင်းစည်းမှုအတွက် အမြင့်မြတ်ဆုံး နှစ်ကိုယ်တူ ကျင့်ကြံခြင်း နည်းစနစ်ပဲ
ချက်ချင်းပင် လျှိုရူယန်သည် အသက်ပြင်းပြင်း ရှူလိုက်ရာ သူမ၏မျက်လုံးများ နောက်တစ်ကြိမ် နက်ရှိုင်းလာခဲ့လေသည်။ သူမသည် စားပွဲပေါ်ရှိ အရင်းအမြစ်များကို တခဏမျှ စိုက်ကြည့်နေပြီးနောက် အဆုံးသတ်တွင် ထိုအရာများကို လက်ခံလိုက်၏။
"ဒါတွေက ငါ့ရဲ့ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း စွမ်းအားကို မြန်မြန်ဆန်ဆန် မြှင့်တင်ဖို့အတွက် လုံလောက်တယ်..."
"တကယ်လို့ ဒီတစ်ကြိမ်မှာ ငါ ရှင်သန်နိုင်ခဲ့ရင်..."
"ငါ... လျှိုရူယန် ... နင့်ကို အသက်တစ်ချောင်း အကြွေးတင်သွားပြီ စူးချန်ကဲ"
လျှိုရူယန်က တွေးလိုက်ပြီး ဤကံကြမ္မာ အကြောင်းတရားကို သူမ မှတ်ထားလိုက်သည်။
သို့ရာတွင် ဤအချိန်အခိုက်အတန့်မှာပင်...
"ဟင်"
"အစွမ်းထက် ကျင့်ကြံသူတွေ တိုက်ခိုက်နေကြတာလား..."
လျှိုရူယန်၏ လှပသော မျက်ခုံးများ ရုတ်တရက် တွန့်ကွေးသွားခဲ့သည်။ အလွန်ဝေးကွာသော နေရာ၌ ပြင်းထန်စွာ တိုက်ခိုက်နေသည့် အလွန်အစွမ်းထက်သော အရှိန်အဝါနှစ်ခုကို သူမ အာရုံခံမိလိုက်လေသည်။ ထိုအထဲမှ တစ်ခုသည် မိုးကြိုးဥပဒေသများကို နှိုးဆွနေပြီး ခမ်းနားကာ ဖြောင့်မတ်နေ၍ ထိုအရာ၏စွမ်းအားမှာ သူမအတွက် စိမ်းသက်မနေဘဲ နတ်ဘုရားမီးတောက်နယ်ပယ်တွင် ရှိနေသည်။ သူမကို အံ့အားသင့်စေသောအရာမှာ တခြားအရှိန်အဝါတစ်ခုပင်။
"မြင့်မြတ်အရှင် တစ်ပါးရဲ့ အရှိန်အဝါ... ဒါပေမဲ့ နတ်ဘုရားမီးတောက်နယ်ပယ် ကျွမ်းကျင်သူကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်တယ်..."
"ဒီထိုက်ချင်ဂိုဏ်းမှာ ဒီလို မွန်းစတားဆန်တဲ့ ပါရမီရှင်တစ်ယောက် တကယ်ကြီး ရှိနေတာလား..."
လျှိုရူယန်၏နှလုံးသား အနည်းငယ် တုန်ရီသွားပြီး ဤအောက်ဘုံမှ ထိုက်ချင်ဂိုဏ်းကို သူမ ပို၍ပင် အထင်ကြီးသွားခဲ့သည်။
တစ်စုံတစ်ယောက်သည် သူ၏အဆင့်ထက် ကျော်လွန်၍ တိုက်ခိုက်နိုင်ခြင်းမှာ မွန်းစးဆန်သော ပါရမီရှင်တစ်ဦးအတွက်သာ ဖြစ်နိုင်သည်။
အထူးသဖြင့် နယ်ပယ်ကြီးတစ်ခုကို ဖြတ်ကျော်သည့်အချိန်၌ မြင့်မြတ်အရှင်နယ်ပယါနှင့် နတ်ဘုရားမီးတောက်နယ်ပယ်ကြားတွင် အရည်အသွေးပိုင်းဆိုင်ရာ ကွာခြားချက် ရှိလေ၏။
ဤအရာက လျှိုရူယန်၏ ကြီးမားသော သိချင်စိတ်ကို ချက်ချင်းဖြစ်ပေါ်စေခဲ့သည်။ သူမသည် မတ်တတ်ထရပ်ပြီး အခန်းတံခါးကို တွန်းဖွင့်ကာ ခြံဝင်းထဲသို့ လျှောက်လှမ်းသွားလိုက်သည်။ သူမသည် ခေါင်းမော့ကာ ထိုအရှိန်အဝါများ လာရာဘက်သို့ကြည့်ရန် ဟန်ပြင်လေသည်။ သူမသည် အနက်ရောင်ဝတ်စုံရှည်ကို ဝတ်ဆင်ထားပြီး သူမ၏ပုံရိပ်သည် ရှည်လျားကာ မားမားမတ်မတ် ဖြစ်နေပေ၏။ သူမ၏ ဖီးနစ် မျက်လုံးများက ကြီးကျယ်ခမ်းနားမှုကို သယ်ဆောင်ထားကာ သူမ၏ လှပသော မျက်နှာလေးသည် ဆီးနှင်းများဖုံးလွှမ်းနေသော တောင်ထိပ်ပေါ်ရှိ အထီးကျန် ကြာပန်းတစ်ပွင့်အလား မွန်မြတ်မှုအရိပ်အယောင်တစ်ခုကို ပိုင်ဆိုင်ထားသည်။
"ဒုတိယ စီနီယာအစ်မ... အစ်မရဲ့ မျက်နှာက ဘာလို့ ထပ်ပြီး နီနေရတာလဲ..."
"အစ်မ မမေးဘူးလား... စီနီယာအစ်ကိုက ကျွန်မနဲ့ နှစ်ကိုယ်တူ ကျင့်ကြံဖို့ တကယ်ကြီး သဘောတူလိုက်တယ်လေ... ဟီးဟီး..."
ရုတ်တရက် ထွက်ပေါ်လာသော အသံကြောင့် ခြံဝင်းထဲရှိ လျှိုရူယန်သည် မျက်ခုံးပင့်လိုက်ပြီး တွေးလိုက်သည်။
"နှစ်ကိုယ်တူ ကျင့်ကြံခြင်းက ဘာလဲ..."
နောက်တစ်စက္ကန့်တွင်....
သူမ မြင်လိုက်ရသည်မှာ...
လရောင်အောက်တွင် အမျိုးသမီးနှစ်ဦး အတူယှဉ်တွဲ၍ လျှောက်လှမ်းလာသည်ကိုပင်။
နင်ဖူယောင်သည် ရှေးဟောင်းဓားတစ်လက်ကို သယ်ဆောင်လာပြီး ပြင်းထန်သော သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒက သူမထံမှ ထွက်ပေါ်နေခဲ့သည်။ ယနေ့တွင် သူမသည် နဝမမြောက် ဓားကို လေ့လာဆင်ခြင်ခြင်းအား နောက်ဆုံးတွင် ပြီးစီးခဲ့ပြီး ထိုအရာ၏ကျွမ်းကျင်မှုထဲသို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခဲ့လေပြီ။
သို့ရာတွင် ထိုသတင်းကို စူးချန်ကဲအား သူမ ဝမ်းသာအားရ မပြောပြနိုင်မီ ထုယိုယိုသည် ခေါင်းဆောင်ထိုင်ခုံတွင် ပျင်းရိစွာ လဲလျောင်းနေသည်ကို သူမ တွေ့လိုက်ရသည်။ နင်ဖူယောင် ချက်ချင်းဒေါသထွက်သွားပြီး ထုယိုယိုကို အောက်သို့ဆင်းရန် ဆူပူကြိမ်းမောင်းလိုက်သည်။
သို့ရာတွင် ထုယိုယိုက ပြန်ဖြေလိုက်၏။
"ဒါက ဘာအရေးကြီးလို့လဲ... ကျွန်မက စီနီယာအစ်ကိုရဲ့ ပေါင်ပေါ်မှာတောင် ထိုင်ခဲ့တာလေ"
ဤစကားများ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် နင်ဖူယောင် ကြောင်အမ်းသွားခဲ့သည်။ သူမသည် မယုံကြည်ခဲ့သော်လည်း အားချီက အတည်ပြုပြီးနောက် သူမ၏ကမ္ဘာကြီး တစ်ခုလုံး ပြိုကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ မျက်လုံးထဲတွင် အမြဲတစေ အထီးကျန်ပြီး အေးစက်နေသော သူမ၏ စီနီယာအစ်ကိုသည် ထုယိုယိုနှင့် ဤမျှထိ ရင်းနှီးသော လုပ်ရပ်မျိုးကို အမှန်တကယ် ပြုလုပ်လိမ့်မည်ဟု သူမ မယုံကြည်နိုင်ခဲ့ချေ။
ဤအချိန်၌ သူမ၏နံဘေးရှိ ထုယိုယိုသည် ပြုံးနေသော မျက်နှာထား ရှိပြီး သူမ၏မီးခိုးပြာရောင်မျက်လုံးများတွင် တက်ကြွကာ ဉာဏ်များသော အရိပ်အယောင်များ ထင်ဟပ်နေသည်။ သူမ၏ ပြီးပြည့်စုံသော အသွင်အပြင်များက သဘာဝဆွဲဆောင်မှုတစ်ခုကို သယ်ဆောင်ထားလေ၏။ သူမသည် နင်ဖူယောင်၏နားအနီးသို့ကပ်ကာ မရပ်မနား တီးတိုး ပြောဆိုနေခဲ့သည်။
"ဒုတိယ စီနီယာအစ်မ"
နင်ဖူယောင်သည် လျှိုရူယန်ကို ကယ်တင်ရှင် တစ်ဦးကို မြင်တွေ့လိုက်ရသည့်အလား အော်ခေါ်လိုက်ပြီး သူမဂျူနီယာညီမလေး၏ ရှက်စရာကောင်းသော စကားများမှ လွတ်မြောက်ရန် ကြိုးစားရင်း အလျင်အမြန် နှုတ်ဆက်လိုက်သည်။
လျှိုရူယန်က ခေါင်းညိတ်လိုက်ပြီး သူမ၏ အကြည့်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။ စူးချန်ကဲကို မတွေ့ရသဖြင့် သူမ အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။
နင်ဖူယောင်က သူမ၏အကြည့်ကို မြင်ပြီးနောက် နားလည်သွားကာ ရှင်းပြလိုက်သည်။
"စီနီယာအစ်ကိုက ပထမတောင်ထိပ်ကို သွားတယ်..."
ဤအကြောင်းကို ပြောရလျှင် အံ့အားသင့်မှု အရိပ်အယောင်တစ်ခုက သူမ၏မျက်လုံးများတွင်လည်း ထွက်ပေါ်လာခဲ့သည်။
စူးချန်ကဲသည် မြင့်မြတ်အရှင်နယ်ပယ်၏ မဟာ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး သူ၏ ရုပ်ခန္ဓာကိုယ်မှာ နတ်ဘုရားအဖြစ် ပြောင်းလဲသွားကာ သူ၏တိုက်ခိုက်ရေး စွမ်းအားမှာ သာမန် နတ်ဘုရားမီးတောက်နယ်ပယ် ကဏဦးအဆင့် ကျင့်ကြံသူများထက် သာလွန်နေလေပြီ။ သူသည် ဤအောက်ဘုံတွင် အစွမ်းအထက်ဆုံးသူများအနက် ပါဝင်နေပြီဖြစ်ကြောင်း အားချီက သူမကို ပြောပြခဲ့သည်။ နင်ဖူယောင်၏အသံမှာ တဖြည်းဖြည်း တိမ်ဝင်သွားခဲ့လေ၏။
သူမ၏နံဘေးရှိ ထုယိုယိုသည် ဝမ်းသာနေသော မြေခွေးပေါက်လေး တစ်ကောင်အလား လျှိုရူယန်၏ရှေ့သို့ ချက်ချင်းပြေးသွားပြီး အလျင်အမြန် ပြောလိုက်သည်။
"ဒုတိယ စီနီယာအစ်မ... နောက်ဆုံးတော့ ကျွန်မက အစ်မနဲ့ စကားပြောလို့ ရပြီ... အစ်မကို ပြောပြမယ်... စီနီယာအစ်ကိုက လူမဟုတ်ဘူး... အစ်မ မသိပါဘူး... အား..."
သူမသည် အလွန်မြန်ဆန်စွာ စကားပြောကာ လက်ဟန်အမူအရာများကို ရူးသွပ်စွာ လုပ်ပြပြီး ဤကာလအတွင်း သူမ မျက်မြင်တွေ့ခဲ့ရသမျှ အရာအားလုံးကို ပြန်ပြောပြလိုက်၏။
ဥပမာအားဖြင့် အပျက်အစီးနယ်မြေတွင် နတ်ဘုရားမျိုးနွယ်စုကို စူးချန်ကဲ မည်သို့ ဖိနှိပ်ခဲ့ကြောင်း၊ စူးချန်ကဲ၏ နားလည်သဘောပေါက်နိုင်စွမ်းက မည်မျှထိ ကြောက်မက်ဖွယ်ကောင်းကြောင်း၊ ယောင်ရှင်းယဲ့ကို အဆောင်လက်ဖွဲ့တာအိုတွင် ကြီးမားသော ကျွမ်းကျင်မှု ရရှိရန် စကားတစ်ခွန်းတည်းဖြင့် မည်သို့ ဉာဏ်အလင်းပေးခဲ့ကြောင်း၊ ရွှေကြာပန်း တစ်သောင်းနှင့် ကျမ်းစာများက သူ၏ ခန္ဓာကိုယ်ကို ဝန်းရံနေသည့် သဘာဝလွန်ဖြစ်စဉ်များ မည်သို့ ထွက်ပေါ်လာကြောင်းနှင့် နောက်ဆုံးတွင် သူမ ယခုလေးတင် ကြားခဲ့ရသောအရာဖြစ်သည့် သူသည် နတ်ဘုရားမီးတောက်နယ်ပယ်မှ ပထမတောင်ထိပ်သခင်နှင့် လေ့ကျင့်ရေးယှဉ်ပြိုင်ရန် ပထမတောင်ထိပ်သို့ သွားခဲ့ပြီး အနိုင်ရခဲ့ကြောင်းတို့ကိုပင်။
သူမက အရာအားလုံးကို ကွက်ကွက်ကွင်းကွင်း ဖော်ပြလိုက်သည်။
"အဲ့ဒီလိုပဲ... 'ဘုန်း' ဆိုတဲ့ အသံ နည်းနည်းထွက်ပေါ်လာပြီးတော့ အဖိုးကြီးရွှမ်ကျိက အရှုံးပေးလိုက်တယ်... ပြီးတော့ စီနီယာအစ်ကိုရဲ့ အဝတ်အစားတွေက သိပ်တောင်ရှုပ်ပွမသွားဘူး"
ထုယိုယိုက အော်ဟစ်ကာ အဆုံးသတ်လိုက်၏။
လျှိုရူယန်သည် တိတ်ဆိတ်စွာ နားထောင်နေပြီး အစပိုင်းတွင် ဧကရီတစ်ပါး၏ တည်ငြိမ်မှုကို ထိန်းသိမ်းထားခဲ့သည်။ သို့ရာတွင် ထုယိုယို၏ ပြောဆိုမှုများ ဆက်လက်ဖြစ်ပေါ်လာသည်နှင့်အမျှ အမြဲတစေ ရှေးဟောင်းရေတွင်းအလား ငြိမ်သက်နေခဲ့သော သူမ၏ဖီးနစ်မျက်လုံးများ တဖြည်းဖြည်း ပြူးကျယ်လာပြီး ထိုအရာများ အတွင်းရှိ အံ့အားသင့်မှုများ ပို၍ပြင်းထန်လာခဲ့သည်။ ထုယိုယို ပြောဆိုပြီးသွားသည့် အချိန်တွင် သူမသည် ကောင်းကင်ဘုံကိုးလွှာ၏ နက်နဲသိမ်မွေ့သော လျှပ်စီးမိုးကြိုးများဖြင့် ပစ်ခတ်ခံလိုက်ရသည့်အလား နေရာတွင်ပင် အေးခဲတောင့်တင်းသွားပြီး သူမ၏စိတ်များ ဗလာကျင်းသွားခဲ့သည်။
နတ်ဘုရား မျိုးနွယ်စုကို ဖိနှိပ်ခဲ့တယ်...
အဆောင်လက်ဖွဲ့တာအိုကို ဉာဏ်အလင်းပေးခဲ့တယ်..
မဟာတာအို သဘာဝလွန်ဖြစ်စဉ်တွေ...
နတ်ဘုရားမီးတောက်နယ်ပယ် ကျွမ်းကျင်သူ တစ်ယောက်နဲ့ လေ့ကျင့်ရေး ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တယ်...
ခုဏက အဲ့ဒီ နတ်ဘုရားမီးတောက်နယ်ပယ် ကျွမ်းကျင်သူနဲ့ တိုက်ခိုက်ခဲ့တဲ့သူက စူးချန်ကဲလား...
ဒီလို ငယ်ရွယ်တဲ့ မြင့်မြတ်အရှင်နယ်ပယ် မဟာပြီးပြည့်စုံခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က စိတ်ဝိညာဉ်နယ်မြေမှာတောင် ထိပ်တန်းအဆင့် ပါရမီရှင်တစ်ယောက် ဖြစ်လိမ့်မယ်...
ဤအချိန်အခိုက်အတန့်တွင် လျှိုရူယန် လုံးဝကြောင်အမ်းသွားခဲ့သည်။ သူမသည် တစ်ချိန်က စူးချန်ကဲကို အလှပန်းအိုးတစ်လုံးအလား သူမ၏နံဘေးတွင်ထားရန် ကြံရွယ်ခဲ့ဖူးကြောင်း သူမ မတွေးဘဲ မနေနိုင်ခဲ့ချေ။ သို့ရာတွင် သူ၏ လက်ရှိစွမ်းအားနှင့် ပါရမီအရ ကြည့်မည်ဆိုလျှင် သူမကသာ အလှပန်းအိုး ဖြစ်နေပုံရသည်။
အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ကာ ညဉ့်နက်နေလေပြီ။
အမျိုးသမီးသုံးဦးသည် စကားပြောပြီးနောက် သူမတို့အားလုံး သူမတို့၏ အခန်းများသို့ ပြန်သွားခဲ့ကြသည်။ နင်ဖူယောင်က ပထမဆုံးထွက်သွားပြီးနောက် လျှိုရူယန်က နောက်မှလိုက်သွားခဲ့လေ၏။ ထုယိုယိုက အနီးအနားတွင် တခြားမည်သူမျှ မရှိတော့သည်ကို မြင်သောအခါ သူမ၏အခန်းသို့ မလွှဲမရှောင်သာ ပြန်သွားခဲ့သည်။
ဤအချိန်တွင် လျှိုရူယန်၏အခန်းအတွင်း၌..
"သူ့ရဲ့ နားလည်သဘောပေါက်နိုင်စွမ်းက ဒီလိုမျိုး ကောင်းကင်ကိုဆန့်ကျင်တဲ့ အဆင့်ထိ ရောက်နေလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး... အရင်က သူက လက်ဖက်ရည်တာအိုမှာပဲ ထူးခြားတယ်လို့ ငါ ထင်ခဲ့တာ..."
"ငါ့ရဲ့အရင်ဘဝမှာ စကြဝဠာကို ငါ ဖြတ်သန်းခဲ့ပြီး မရေမတွက်နိုင်တဲ့ ပါရမီရှင်တွေနဲ့ ကြုံတွေ့ခဲ့ရပေမဲ့ အရင်တုန်းက သူ့ရဲ့ အံ့အားသင့်စရာကောင်းတဲ့ ပါရမီကို ငါ ဘာလို့ မသိခဲ့ရတာလဲ... အဲ့ဒီတုန်းက ငါ့ရဲ့ မှတ်ဉာဏ်တွေ မနိုးထသေးလို့ သေမျိုးမျက်လုံးတွေနဲ့ သူ့ရဲ့ ပါရမီကို ငါ မသိမြင်ခဲ့တာလား..."
"တကယ်လို့ အထက်ဘုံမှာဆိုရင် မဟာတာအို အားလုံး ပဲ့တင်ထပ်နေတဲ့ ဒဏ္ဍာရီလာ မွေးရာပါ မဟာတာအို သူတော်စင်ရုပ်ခန္ဓာကိုယ်ပိုင်ရှင်တွေပဲ သူနဲ့ ယှဉ်နိုင်လောက်တယ်မလား..."
လျှိုရူယန်သည် ပြတင်းပေါက်နားတွင် သူမတစ်ယောက်တည်း မတ်တတ်ရပ်နေပြီး အပြင်ဘက်ရှိ နက်ရှိုင်းသောညကို ကြည့်နေခဲ့သည်။ ရှားပါးသော လှိုင်းဂယက်များက သူမ၏ ကြည်လင်ပြီး အေးစက်သော ဖီးနစ် မျက်လုံးများတွင် ထွက်ပေါ်လာခဲ့လေ၏။ စူးချန်ကဲ၏ မွန်းစတားဆန်သော ပါရမီနှင့် ခွန်အားကို သူမ သိလိုက်ရချိန်၌ သူမ၏နှလုံးသားတွင် လှိုင်းထန်သော လှိုင်းလုံးများဖြင့် လှုပ်ခတ်သွားခဲ့ပြီး မနာလိုမှု အရိပ်အယောင်တစ်ခုလည်း ပါဝင်နေခဲ့သည်။
အမှန်တကယ်ကို မနာလိုမှုပင်။
သူမက ထိုအရာကို ဝန်ခံရန် အလွန်မနှစ်သက်သော်လည်း ထိုအရာမှာ အမှန်တရားပင်။
အကယ်၍ သူမတွင် ဤကဲ့သို့ မွန်းစတားဆန်သော ပါရမီသာ ရှိခဲ့လျှင် သူမ၏လက်စားချေမှုကို ပို၍မြန်ဆန်စွာ အဆုံးသတ်နိုင်ပေလိမ့်မည်။
ဒါပေမဲ့... အဲ့ဒီတိရစ္ဆာန်တွေက အရမ်းမြန်မြန် လှုပ်ရှားခဲ့တယ်... သူတောင်မှ သေချာပေါက် သေလုနီးပါး အခြေအနေနဲ့ ရင်ဆိုင်ရမှာပဲ...
လှိုင်းထန်နေသော သူမ၏အတွေးများကြားတွင် သူမက နောက်တစ်ကြိမ် လေးနက်သော အမူအရာကို ပြသလိုက်ပြီး နောက်ဆုံးတွင် ကုတင်ပေါ်၌ ပလ္လင်ခွေထိုင်လိုက်၏။
ယခုအချိန်သည် စူးချန်ကဲ၏ ပါရမီကြောင့် သူမ အံ့အားသင့်နေရမည့် အချိန် မဟုတ်ချေ။ သူမ၏စွမ်းအားကို မြှင့်တင်ခြင်းက သူမအတွက် ထိပ်တန်းဦးစားပေးကိစ္စပင်။
အပျက်အစီးနယ်မြေမှ ရရှိခဲ့သော ဟွမ်ယန်ဆေးလုံးကို သူမ ထုတ်ယူလိုက်သည်။ ထိုဆေးလုံးသည် သူမ၏လက်ထဲတွင် နွေးထွေးပြီး စိုစွတ်နေကာ ဖီးနစ်ငိုကြွေးသံသဲ့သဲ့လေးများ ထွက်ပေါ်နေပြီး မျှော်လင့်ချက် အရိပ်အယောင်တစ်ခုက သူမ၏မျက်လုံးများတွင် ထွက်ပေါ်လာခဲ့သည်။
"ဒီဖီးနစ်စိတ်ဆန္ဒ အစအနလေးက ငါ့ရဲ့နတ်ဘုရား ရုပ်ခန္ဓာကိုယ်ကို ပြန်ပြီးအသက်သွင်းဖို့ ဆယ်သန်းပုံရင် တစ်ပုံလောက်ပဲ အခွင့်အရေး ရှိပေမဲ့ အဲ့ဒါက လုံလောက်ပါတယ်..."
"အင်း... ဘိုးဘေးဖီးနစ် မသေမျိုးကျင့်စဉ်ရဲ့ အကူအညီနဲ့ဆိုရင် ဒါက ဖြစ်နိုင်ခြေ ပိုများလောက်တယ်..."
သူမသည် ထပ်ပြီးတုံ့ဆိုင်းမနေတော့ဘဲ ဆေးလုံးကို သောက်သုံးလိုက်၏။
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သန့်စင်ပြီးကျယ်ပြန့်သော နွေးထွေးသည့် စွမ်းအင်စီးကြောင်းတစ်ခုက သူမ၏ဒန်တျန်မှ ပျံ့နှံ့သွားပြီး သူမ၏ခြေလက်များနှင့် အရိုးများတလျှောက် စီးဆင်းသွားခဲ့သည်။
အစပိုင်းတွင် အရာအားလုံး အဆင်ပြေချောမွေ့စွာ ဖြစ်ပေါ်နေခဲ့သည်။
ကျင့်ကြံနည်းစနစ်သည် သူမ၏ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားဖီးနစ်သွေးကြောနှင့် သိမ်မွေ့စွာ ပဲ့တင်ထပ်သွားပြီး သူမ၏ကျင့်ကြံခြင်းမှာ ယခင်ကထက် များစွာပို၍လျှင်မြန်စွာ တိုးတက်လာခဲ့သည်။
သို့ရာတွင် သူမ၏ကျင့်ကြံခြင်း ချောမွေ့စွာ တိုးတက်လာပြီး နည်းစနစ်က ပို၍မြန်ဆန်စွာ လှည့်ပတ်လာသည်နှင့်အမျှ တစ်ခုခု မှားယွင်းနေကြောင်း လျှိုရူယန် ချက်ချင်းသဘောပေါက်သွားခဲ့သည်။
သူမ ထိတ်လန့်သွားပြီး သူမကို ပို၍ ကြောက်ရွံ့သွားစေသောအရာမှာ နည်းစနစ်အပေါ် သူမ၏ နားလည်မှု နက်ရှိုင်းလာသည်နှင့်အမျှ ထိုအရာ၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းအတွင်းရှိ လျှို့ဝှက်တာအိုညှို့ဓာတ်တစ်ခုက ထွက်ပေါ်လာပြီး ဤနည်းစနစ်၏ စစ်မှန်သော သဘာဝကို ဖော်ထုတ်လိုက်ခြင်းပင်။
လျှိုရူယန်၏စိတ်များ ချက်ချင်းပြိုလဲပျက်စီးသွားခဲ့လေ၏။
ဤအချိန်အခိုက်အတန့်တွင် အပျက်အစီးနယ်မြေထဲရှိ ကျင့်ကြံနည်းစနစ်များကို မည်သည်ကြောင့် အဆင်အခြင်မဲ့ မကျင့်ကြံနိုင်သည်ကို သူမ နောက်ဆုံး၌ နားလည်သွားခဲ့လေပြီ။
Book 11 end.