← Chapters

အခန်း (၁၉၁-၁၉၂)

Vol. 20 Ch. 191-192

အခန်း (၁၉၁-၁၉၂)

Vol. 20 Ch. 191-192

အခန်း(191)

နောက်ဆုံးတွင် ချန်းမင်က ပေကျင်းရှိ ပန်းခြံဟိုတယ်တစ်ခုတွင် နေရာယူလိုက်ပေသည်။

ဤသည်က အနည်းငယ်သာရှိသော အိမ်တွင်းပန်းခြံ စားသောက်ဆိုင်များထဲမှ တစ်ခုဖြစ်ပြီး အစားအစာများက ထူးခြားသောကြောင့် ပေကျင်းသားများအကြားတွင် နာမည်ကြီးသည်။

ချိန်းဆိုထားသော အချိန်သို့ ရောက်သည့်အချိန်တွင် ချန်းမင်က လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ကို ထိုနေရာသို့ ချက်ချင်း ခေါ်မသွားသေးဘဲ အဝတ်အထည်ဆိုင် တစ်ဆိုင်သို့ အရင်ခေါ်သွားခဲ့၏။

ချန်းမင်က သူတို့နှစ်ဦးအတွက် အဝတ်အစား တစ်စုံစီကို ကူညီရွေးချယ်ပေးခဲ့သည်။

ဝတ်ဆင်လိုက်သည့်အချိန်တွင် သူတို့၏ ပုံရိပ်က ချက်ချင်းပင် ပိုမိုချောမောသွားရတော့သည်။

အဝတ်အစားများကို ဝယ်ပြီးနောက် ငွေရှင်းသည့်အချိန်တွင် လင်းမိန်ဟွေ့က ချန်းမင်ကို ငွေပေးချေခွင့် မပြုခဲ့ပေ။

ချန်းမင်က ရယ်မောလျက် စနောက်လိုက်လေ၏။

“ငါ့ရဲ့ညီမလေးက အခု သူဌေးမကြီး ဖြစ်နေပြီဆိုတော့ အစ်မရဲ့ ပိုက်ဆံကိုတောင် အသုံးမခံတော့ဘူးပေါ့”

လင်းမိန်ဟွေ့က ချန်းမင်၏ လက်ကို ဆုပ်ကိုင်၍ အားနာစွာဖြင့် ပြန်ဖြေလိုက်ပေသည်။

“အစ်မချန်းမင်၊ ကျွန်မကို အဲဒီလို မပြောပါနဲ့၊ အခု အစ်မက ဧည့်ခံကျွေးမွေးတာတောင် အများကြီး ကုန်ကျနေပြီပဲဟာ၊

အဝတ်အစားဖိုးကိုပါ အစ်မကို ဘယ်လိုပေးခိုင်းရမှာလဲ”

စုန့်ယီကလည်း ဘေးမှ ဝင်ပြောလိုက်ပေ၏။

“အစ်မချန်း၊ အခုလို ကျွန်တော်တို့ကို ဈေးဝယ်လိုက်ပို့ပေးပြီး ထမင်းကျွေးပေးတာနဲ့တင် အများကြီး အလုပ်ရှုပ်နေပါပြီ၊

အစ်မကို ထပ်ပြီး အကုန်အကျ မခံစေချင်တော့ပါဘူး၊ ကျွန်တော်တို့ဘာသာပဲ ပေးပါရစေ”

လင်းမိန်ဟွေ့က ငွေပေးချေလိုက်သည့်အချိန်မှ ချန်းမင်က သူမ၏ အတွေးများက လွန်ကဲနေခဲ့ကြောင်းကို သိလိုက်ရသည်။

လင်းမိန်ဟွေ့က ကျောင်းတက်ရန် အချိန်ပိုင်းအလုပ် လုပ်ခဲ့ရသော မိန်းကလေးငယ်လေး မဟုတ်တော့ပေ။

ယခုအချိန်တွင် သူမက ဆိုင်တစ်ဆိုင်၏ သူဌေးမလေး ဖြစ်နေပြီ မဟုတ်ပါလား။

ငွေရှင်းသည့်အချိန်တွင် လင်းမိန်ဟွေ့၏ အိတ်ထဲ၌ ငွေသား ယွမ် (၂၀,၀၀၀) အပြည့် ပါရှိနေသည်ကို ချန်းမင်က မြင်တွေ့လိုက်ရ၏။

လစာ ယွမ် (၂၀၀) ဝန်းကျင်သာ ရရှိသော သူတစ်ဦးအတွက် ထို ယွမ် (၂၀,၀၀၀) ဆိုသည်က မစားမသောက်ဘဲ တစ်နှစ်လုံး စုဆောင်းရမည့် ဝင်ငွေမျိုးပင် ဖြစ်သည်။

အဝတ်အထည်ဆိုင်မှ ထွက်လာပြီးနောက် သူတို့သုံးဦးက ပန်းခြံစားသောက်ဆိုင်သို့ အတူတူ သွားခဲ့ကြ၏။

ရှောင်ကျွင်းက စောစီးစွာ ရောက်ရှိနေသည်။ သူက ချန်းမင်အပေါ်တွင် အထင်ကြီးလေးစားမှု ရှိသူဖြစ်၏။

သူမက တည်ငြိမ်ပြီး ကြိုးစားအားထုတ်သူဖြစ်သကဲ့သို့၊ အရေးအကြီးဆုံးက အရောင်းပိုင်းတွင် ထက်မြက်ပြီး ထုတ်ဝေရေးလုပ်ငန်းတွင်လည်း အောင်မြင်နေသူဖြစ်သောကြောင့် သူက များစွာလေးစားမိသည်။

ရှောင်ကျွင်းက ချန်းမင်၏ သူငယ်ချင်းများကလည်း သူမကဲ့သို့ပင် ထူးချွန်ကြလိမ့်မည်ဟု ယူဆထား၏။

သူက ချန်းမင်နှင့်အတူ လူငယ်နှစ်ဦးက ဝင်လာသည်ကို အဝေးမှ မြင်လိုက်ရသည်။

ရှောင်ကျွင်းက ခရီးဦးကြိုပြုရန် ထရပ်လိုက်လေ၏။

“ချန်းမင်၊ ဒါက မင်းရဲ့ သူငယ်ချင်းတွေကို အခမ်းနားဆုံး ဧည့်ခံတာပဲနော်၊

ပြီးခဲ့တဲ့တစ်ခေါက်က ငါက မင်းကို အရောင်း ယွမ် (၃၀,၀၀၀) ရအောင် ကူညီပေးခဲ့တုန်းကတောင် ဒီလို အဆင့်မြင့်တဲ့နေရာမှာ မကျွေးခဲ့ဘူးလေ”

ချန်းမင်က ထိုစကားကို ကြားရသည့်အချိန်တွင် ရှက်ပြုံးလေး ပြုံးလိုက်ပြီး ပြောလိုက်ပေသည်။

“ရှင်က မသိပါဘူး၊ မိန်ဟွေ့က ကျွန်မရဲ့ အလုပ်အကိုင်အတွက် စစ်ဗျူဟာမှူးလို လူမျိုးပါ၊ ရှင်နဲ့တော့ နှိုင်းယှဉ်လို့ မရဘူးပေါ့”

ရှောင်ကျွင်းက မနာလိုဟန်ဆောင်၍ သက်ပြင်းချလိုက်ပြီးပြောလေ၏။

“အိုး.. ငါက စေတနာ မလောက်လို့ ဖြစ်မှာပါ၊ ငါ့ရဲ့ဘက်ကပဲ တစ်ဖက်သတ် ဖြစ်နေပုံရတယ်”

လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က သူတို့ကိုယ်သူတို့ မိတ်ဆက်လိုက်ကြပြီး၊ ချန်းမင်က အစားအစာများကို မှာယူနေချိန်တွင် ရှောင်ကျွင်းက လက်ရှိ PHS ဈေးကွက် အခြေအနေကို ခွဲခြမ်းစိတ်ဖြာပြလေတော့သည်။

“ပေကျင်းရဲ့ ဈေးကွက်ကတော့ အလားအလာ အရမ်းကောင်းပါတယ်၊ ဒါပေမဲ့ လက်ကားဈေးကွက်က ဘေးဘက်ကမြို့ကြီးတွေ၊ မြို့နယ်တွေကိုပဲ ဦးတည်နေတာဆိုတော့ ဒါက စက်ရုံက တိုက်ရိုက်ရတဲ့ ဈေးမဟုတ်ဘူး၊

လက်ကားဈေးက ဒုတိယအဆင့်၊ တတိယအဆင့် အရောင်းသမားတွေဆီက ဖြတ်လာတာဆိုတော့ တကယ်ပဲ ပိုပြီး ဈေးကြီးနေတာပေါ့”

လင်းမိန်ဟွေ့က ဤသည်ကို ကြားလိုက်ရသည်နှင့် အကယ်၍ သူမကသာ ထုတ်လုပ်သည့် စက်ရုံကို ရှာတွေ့နိုင်ပါက လက်ကားဈေးက သုံးပုံတစ်ပုံ သို့မဟုတ် သုံးပုံနှစ်ပုံအထိပင် လျော့ကျသွားနိုင်ကြောင်းကို ချက်ချင်းပင် နားလည်လိုက်ပေသည်။

လွန်ခဲ့သော နှစ်များအတွင်း စီးပွားရေးကိုလုပ်ကိုင်ခဲ့သောကြောင့် သူမက တချို့သော လှည့်ကွက်များကိုလည်း ရိပ်မိနေပြီ ဖြစ်၏။

လင်းမိန်ဟွေ့က ချန်းမင်က လူမှန်ကို ရှာပေးလိုက်ပြီကြောင်းကို သိလိုက်သောကြောင့် အခွင့်အရေးကို ချက်ချင်းပင် အရယူလိုက်ပေသည်။

“ရှောင်ကျွင်း၊ ဒါဆိုရင် ကျွန်မတို့က လက်ကားဈေးကွက်ကို ဘယ်မှာ သွားရှာရမလဲ၊ ဒါမှမဟုတ် ကျွန်မတို့ကို တစ်စုံတစ်ယောက်နဲ့ ဆက်သွယ်ပေးနိုင်မလား”

“PHSကို ထုတ်လုပ်တဲ့ စက်ရုံအများစုက ကွမ်တုန်းပြည်နယ်၊ ရှန်းကျန့် မှာ ရှိတာ၊ တကယ်လို့ မင်းတို့က တကယ် စိတ်ဝင်စားရင် အဲဒီကို သွားလေ့လာသင့်တယ်!”

ရှောင်ကျွင်းက သူ၏ အကြံပြုချက်က သူတို့အတွက် ငွေကြေးဝန်ထုပ်ဝန်ပိုး ဖြစ်မည်ကို စိုးရိမ်သောကြောင့်ထပ်ပေါင်း၍ပြောဆိုလိုက်ပေသည်။

“ရှန်းကျန့်ကို ရထားနဲ့သွားရင် အချိန်ကုန်တာကလွဲလို့ ကုန်ကျစရိတ်ကတော့ သိပ်မများပါဘူး”

လင်းမိန်ဟွေ့နှင့် ချန်းမင်တို့က တစ်ဦးကိုတစ်ဦး ကြည့်၍ ပြုံးလိုက်ကြ၏။

ချန်းမင်ကလည်းကူပြောပေးလိုက်ပေသည်။

“ငါ့ရဲ့ညီမလေးက အခု သူဌေးမလေး ဖြစ်နေပြီ၊ ပိုက်ဆံတွေ အများကြီး ရှိတာမို့၊ သူ့ရဲ့အတွက် ငွေချွေတာဖို့ နည်းလမ်းတွေကို ရှင်က စဉ်းစားပေးနေစရာ မလိုပါဘူး”

လင်းမိန်ဟွေ့နှင့် ရှောင်ကျွင်းတို့၏ စကားပြောဆိုမှုက ပြီးဆုံးလုနီးပါးဖြစ်သည့်အချိန်မှ သူမက ပတ်ဝန်းကျင်ကို သတိပြုမိတော့၏။

ချန်းမင်က ယခုတစ်ကြိမ်တွင် အမှန်တကယ်ပင် ငွေအကုန်အကျခံထားသည်။

ပန်းခြံဟိုတယ်ထဲ၌ တံတားငယ်လေးများ၊ ရေစီးသံများနှင့် မြင့်မားသော သစ်ပင်ကြီးများ ရှိနေခြင်းက အလွန်ပင် ကောင်းမွန်သော စီးပွားရေး စိတ်ကူးတစ်ခုဟု ထင်ရသည်။

ဤကဲ့သို့သော ပတ်ဝန်းကျင်တွင် လူတို့ကို စိတ်အပန်းပြေစေသည် မဟုတ်ပါလား။

ထမင်းစားပြီးနောက် လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က ရှောင်ကျွင်းနှင့် ချန်းမင်တို့ကို ကျေးဇူးတင်စကား ပြောလိုက်ကြပြီး၊ ရှန်းကျန့်သို့ သွားမည့် ရထားလက်မှတ်ဝယ်ရန် ပေကျင်းဘူတာသို့ တိုက်ရိုက် သွားခဲ့ကြလေတော့သည်။

လင်းမိန်ဟွေ့က PHS စီးပွားရေးကို စတင်လိုလျှင် ထုတ်လုပ်သည့် စက်ရုံကို ကျိန်းသေ ရှာဖွေရမည်ဖြစ်ကြောင်းကို သိထားသည်။

သို့မှသာ နောက်ပိုင်းတွင် ကောင်းမွန်သော ကုန်စည်စီးဆင်းမှု လမ်းကြောင်းရှိမည်ဖြစ်သကဲ့သို့၊ သူမ၏ဆိုင်ရှိ PHS ထုတ်ကုန်များကိုလည်း အသက်သာဆုံး ဈေးနှုန်းဖြင့် ရောင်းချနိုင်မည် မဟုတ်ပါလား။

ရှန်းကျန့်သို့ ရောက်ရှိသည့်အချိန်တွင် လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က PHS ထုတ်လုပ်သည့် စက်ရုံများအကြောင်းကို စုံစမ်းကြ၏။

နောက်ဆုံးတွင် ယာဉ်မောင်းတစ်ဦး၏ လမ်းညွှန်မှုဖြင့် အတော်အတန် ကြီးမားသော PHS ထုတ်လုပ်ရေး စက်ရုံတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

လင်းမိန်ဟွေ့က စက်ရုံမှူးကို ရှာဖွေတွေ့ရှိ၍ သူမက လာရောက်ရသည့် အကြောင်းရင်းကို ရှင်းပြလိုက်ပေသည်။

စက်ရုံမှူးက အလွန်ပင် ဖော်ရွေလွန်းပြီး လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ကို ထုတ်လုပ်ရေး အလုပ်ရုံများထဲသို့ လိုက်လံပြသခဲ့၏။

စက်ရုံမှူး လိုရှင်းဟောင်က ဤကာလအတွင်း အော်ဒါများစွာကို ရရှိထားသော်လည်း အများစုက အလုံး (၁၀၀) သို့မဟုတ် (၂၀၀) ခန့်သာရှိသော ပြတ်တောင်းပြတ်တောင်း အမှာစာများသာ ဖြစ်သည်။

ထိုကဲ့သို့သော စီးပွားရေးက အားရစရာမရှိဟု သူက ခံစားနေရ၏။

ယခုတွင် သေသပ်စွာ ဝတ်ဆင်ထားသော လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ကို မြင်ရသည့်အချိန်တွင် တစ်စုံတစ်ရာသော အပေးအယူကြီးတစ်ခုက ရောက်ရှိလာတော့မည်ဟု သူ ကြိုတင် ခံစားလိုက်ရသည်။

“ကျွန်တော်တို့ရဲ့ ရှင်းဟောင်အီလက်ထရောနစ် စက်ရုံက နေ့စဉ် PHS အလုံး တစ်ထောင်ကနေ နှစ်ထောင်အထိ ထုတ်လုပ်နိုင်ပါတယ်၊

ပုံစံလည်း လှပသလို အရောင်အမျိုးမျိုးလည်း ရှိပါတယ်၊

ပြီးတော့ ဝယ်သူတွေဆီကလည်း ချီးကျူးမှုတွေ အများကြီးကို ရထားတာဆိုတော့ ဒီအမှတ်တံဆိပ် ကို စိတ်ချယုံကြည်လို့ရပါတယ်”

လိုရှင်းဟောင်၏ မိတ်ဆက်မှုကို ကြားရသည့်အချိန်တွင် လင်းမိန်ဟွေ့က အတော်လေး စိတ်ဝင်စားသွားရ၏။

သို့သော်လည်း သူမက တိုက်ရိုက် ဆုံးဖြတ်ချက် မချဝံ့သေးပေ။

သူမက အခြေအနေကို အရင်လေ့လာကြည့်ပြီးမှ လူကြီးများနှင့် တိုင်ပင်၍ ဆုံးဖြတ်ပါ့မည်ဟုသာ ပြောလိုက်ပေသည်။

စုန့်ယီက စိတ်ထဲမှ တွေးတောနေမိသည်။

မင်းကိုယ်တိုင်က လူကြီးပဲလေ။ ဘယ်သူနဲ့ ထပ်တိုင်ပင်ရဦးမှာလဲ

လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က ရှင်းဟောင် အီလက်ထရောနစ် စက်ရုံထဲမှ ထွက်လာကြပြီးနောက် ပြောလိုက်ပေသည်။

“သူ့စကားတစ်ခွန်းတည်းနဲ့တော့ ယုံလို့မရဘူးလေ၊ ဒီ PHS က တကယ်ကောင်းသလားဆိုတာကို ဆိုင်ကြီးတွေကို သွားမေးရမယ်၊ ပြီးရင် ဝယ်သူတွေကိုလည်း မေးကြည့်ရမှာပေါ့”

လင်းမိန်ဟွေ့၏ စေ့စပ်သေချာသော အတွေးအခေါ်များကို ကြားရသည့်အချိန်တွင် စုန့်ယီက လေးစားစွာဖြင့် ခေါင်းညိတ်လိုက်ရသည်။

သူတို့က ရှန်းကျန့်ရှိ အဆင့်မြင့်ဆုံး အီလက်ထရောနစ် ပစ္စည်းအရောင်းဆိုင် တစ်ဆိုင်သို့ သွားရောက်ခဲ့ကြ၏။

ဆိုင်ဝန်ထမ်းနှင့် အကြာကြီး စကားပြောဆိုပြီးနောက်တွင်မှ ဈေးကွက်ထဲ၌ PHS အဓိက အမှတ်တံဆိပ်ကြီး သုံးမျိုးရှိနေပြီး ရှင်းဟောင် PHSက ထိုအထဲတွင် မပါဝင်ကြောင်းကို သိလိုက်ရသည်။

လင်းမိန်ဟွေ့က လိုရှင်းဟောင်၏ ယုံကြည်မှုရှိသော အမူအရာကို ပြန်လည်၍ မြင်ယောင်လာမိပြီး သူ၏ တစ်ဖက်သတ် စကားများကို မယုံကြည်ခဲ့မိသောကြောင့် သူ့ကိုယ်သူ ကံကောင်းသည်ဟု မှတ်ယူလိုက်ရ၏။

လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က ကောင်တာသို့ သွား၍ PHS အမှတ်တံဆိပ်အားလုံးကို လေ့လာခဲ့ကြသည်။

ထို့နောက် ထုတ်လုပ်သည့် စက်ရုံများကို တိုက်ရိုက် ဆက်သွယ်နိုင်ရန်အတွက် ထုပ်ပိုးသည့် ဘူးများပေါ်မှ စက်ရုံလိပ်စာများကို ကူးယူခဲ့ကြလေ၏။

*

အခန်း(192)

ကုန်တိုက်ထဲမှ ထွက်လာသည့်အချိန်တွင် စုန့်ယီက လင်းမိန်ဟွေ့ကို ချီးကျူးလိုက်သည်။

“မင်းက တကယ်ကျွမ်းကျင်နေလို့တော်သေးတယ်၊ မဟုတ်ရင် ကိုယ်တို့ ရှင်းဟောင် PHS တွေကို ဝယ်လိုက်မိပြီး ပြန်ရောက်တဲ့အချိန်ကျရင် အရောင်းတွေက မကောင်းဘဲ နေလိမ့်မယ်”

လင်းမိန်ဟွေ့က ခေတ္တစဉ်းစားပြီးနောက် ရှင်းဟောင် အမှတ်တံဆိပ်ကို လုံးဝကြီး ငြင်းပယ်ရန်လည်း မလိုအပ်ကြောင်း ခံစားလိုက်ရ၏။

ဆိုင်တိုင်းနီးပါးတွင် မတူညီသော အမှတ်တံဆိပ်များကို ခင်းကျင်းထားသောကြောင့် ဝယ်သူများအတွက် ရွေးချယ်စရာက များပြားနေသည်ကို သူမက သတိပြုမိသည်။

ခရိုင်မြို့ရှိ လူများက PHS ကို လက်မခံနိုင်ကြသေးပေ။ မတူညီသော ဈေးနှုန်းအဆင့်အတန်းများရှိသည့် ဖုန်းများကို ဝယ်ယူထားခြင်းက လူတို့၏ လက်ခံနိုင်စွမ်းကို ပိုမိုမြင့်မားစေမည်ဖြစ်၏။

စားသောက်ဆိုင်တစ်ခုတွင် ထမင်းစားပြီးနောက် လင်းမိန်ဟွေ့က ယွမ် (၂၀,၀၀၀) အသုံးပြု၍ အမှတ်တံဆိပ်နှင့် ဈေးနှုန်း ကွာခြားသော PHS ဖုန်း အမျိုးအစား ငါးမျိုးကို ဝယ်ယူရန် ဆုံးဖြတ်လိုက်ပေသည်။

စုန့်ယီနှင့် တိုင်ပင်ပြီးနောက် အချိန်ကုန်သက်သာစေရန် သူတို့နှစ်ဦးက ခွဲ၍ ဝယ်ယူခဲ့ကြ၏။

ညနေပိုင်းတွင် သူတို့နှစ်ဦးက ပစ္စည်းဘူး ငါးဘူးကို ကိုင်ဆောင်၍ သူတို့ တည်းခိုရာ ဟိုတယ်သို့ ပြန်ရောက်လာခဲ့ကြသည်။

နောက်တစ်နေ့ မနက်စောစောတွင် ခရိုင်မြို့သို့ ပြန်မည့်ကားကို စီးရန် ပြင်ဆင်ကြလေတော့သည်။

လင်းမိန်ဟွေ့နှင့် စုန့်ယီတို့နှစ်ဦးလုံးက ယခုတစ်ကြိမ် ဝယ်ယူမှုက အလွန်ပင် ချောမွေ့ခဲ့သည်ဟု ခံစားရသည်။

ဤသည်က ချန်းမင် မိတ်ဆက်ပေးခဲ့သော ရှောင်ကျွင်းကြောင့်သာ ဖြစ်လေ၏။

သို့မဟုတ်ပါက သူတို့က မည်မျှပင် အပင်ပန်းခံ ရှာဖွေပါစေ၊ ဤမျှ တိုတောင်းသော အချိန်အတွင်း လိုချင်သော ပစ္စည်းများကို ရရှိရန်မှာ မဖြစ်နိုင်ပေ။

လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က ရထားလက်မှတ်များကိို ဝယ်ယူပြီး ပစ္စည်းများကိုလည်း ရထားကုန်တွဲတွင် တင်ဆောင်ခဲ့ကြကာ တတိယမြောက်နေ့ မနက်စောစောတွင် ခရိုင်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြလေတော့သည်။

လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က ခရီးသွားနေသည့် ရက်များအတွင်း ချန်အန်းသယ်က အလွန်အလုပ်များနေခဲ့သည်။

သူက စူပါမားကတ် စီးပွားရေး၊ လူသုံးကုန် လက်ကားဆိုင်နှင့် PHS ဖုန်းဆိုင် အလှဆင်ခြင်း လုပ်ငန်းများကိုပါ ကြည့်ရှုပေးနေရ၏။

ကံကောင်းစွာဖြင့် အလှဆင်သည့် ဆရာများက အလွန်ပင်တာဝန်သိကြသောကြောင့် ပိုင်ရှင်များက မရှိသော်လည်း ပုံမှန်အတိုင်းပင် အလုပ်လုပ်နေကြသည်။

လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ ပြန်မလာမီ တစ်ရက်အလိုတွင် ဖန်ကောင်တာများကို နေရာမချရသေးသည်မှလွဲ၍ ဆိုင်အလှဆင်ခြင်းက အခြေခံအားဖြင့် ပြီးစီးနေပေပြီ။

ဆိုင်အတွင်း အလှဆင်ထားသည်က အလွန်တောက်ပနေကြောင်း ချန်အန်းသယ်က မြင်လိုက်ရသည်။

အထူးသဖြင့် နံရံကပ်မီးဆိုင်းများကြောင့် ဆိုင်တစ်ခုလုံးက အလွန်အဆင့်မြင့်သည်ဟု ထင်ရ၏။

ချန်အန်းသယ်က အလုပ်သမား နှစ်ဦးကို ဆေးလိပ်လှမ်းပေးရင်းပြောလိုက်ပေသည်။

“အလှဆင်တာက တကယ်ကောင်းတယ်၊ သူဌေးမလေး မြင်ရင် ကျိန်းသေ သဘောကျမှာပဲ”

အလှဆင်ဆရာ နှစ်ဦးက အပြုံးတစ်ခုနှင့် ချန်အန်းသယ်ကို ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်ကြသည်။

“ဒီဆိုင်ကို ဒီလောက်အထိ လှလှပပ အလှဆင်ရတဲ့ ရည်ရွယ်ချက်က ဘာလဲ”

ချန်အန်းသယ်က ပွင့်လင်းသူဖြစ်ပြီး သူတစ်ပါးအပေါ်တွင် သံသယမထားတတ်ပေ။

ဆရာများက ထိုသို့မေးမြန်းလာသည့်အချိန်တွင် သူကလည်း ပွင့်လင်းစွာပင်ပြောပြလိုက်ပေသည်။

“သူဌေးမလေးက PHS ဖုန်းစီးပွားရေးကို လုပ်မလို့လေ၊ အခု မြို့ပေါ်မှာ ဒါတွေက အရမ်းခေတ်စားနေတာ”

“အခုခေတ်ပေါ် ကြိုးမဲ့ဖုန်းတွေကို ပြောတာလား၊ ဟိုဘူးလေးတွေလေ”

ထိုဆရာနှစ်ဦးကလည်း လူငယ်များက ကိုင်ဆောင်လာသော PHS ဖုန်းများကို မြင်ဖူးကြသော်လည်း ဤသည်က အရောင်းရသွက်လိမ့်မည်ဟု မထင်ထားကြပေ။

ချန်အန်းသယ်၏ ရှင်းပြချက်ကို ကြားပြီးနောက် ထိုဆရာနှစ်ဦးက တစ်ဦးကိုတစ်ဦး ကြည့်၍ အပြုံးတစ်ခုနှင့် အိမ်သို့ ပြန်သွားကြလေတော့သည်။

ယခင်က ချန်အန်းသယ်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့သော စူပါမားကတ်ပိုင်ရှင် နှစ်ဦးက ယခုအချိန်တွင် အခက်တွေ့နေကြရ၏။

ဤအတောအတွင်းတွင် သူတို့က ချန်အန်းသယ်ကို နည်းမျိုးစုံဖြင့် ဒုက္ခပေးရန် ကြံစည်ခဲ့သော်လည်း မမျှော်လင့်ဘဲ ချန်အန်းသယ်၏ လူချစ်လူခင် ပေါများမှုကြောင့် အရာရာက ရှုံးနိမ့်ခဲ့ရသည်။

ဆိုင်သစ်ထဲမှ ထွက်လာသော ဆရာနှစ်ဦးကို မြင်လိုက်ရသည့်အချိန်တွင် စူပါမားကတ်ပိုင်ရှင် တစ်ဦးက အနားသို့ ချဉ်းကပ်၍ မေးမြန်းလိုက်လေ၏။

“ဒီဆရာကြီးနှစ်ယောက်က ပင်ပင်ပန်းပန်း လုပ်နေကြသလိုပဲ..ဘာတွေများ အလုပ်ရှုပ်နေတာလဲ”

ထိုဆရာနှစ်ဦးက ရောက်ရှိလာသူက ချီယုံဖြစ်ကြောင်းကို မြင်လိုက်ရသည့်အချိန်တွင် ယခင်က မက်မွန်သီးကြောင့် ဝမ်းလျှောသည်ဟုဆို၍ နာမည်ဖျက်ခဲ့သည့် ဖြစ်ရပ်ကို ပြန်လည်၍သတိရမိကြသည်။

သူတို့က ချီယုံအပေါ်တွင် အမြင်မကြည်သောကြောင့်ဝတ်ကျေတန်းကျေသာ ပြန်ပြောလိုက်ကြ၏။

“ကြုံရာကျပန်း အလုပ်ကြမ်းလေးတွေကို လုပ်ရင်း သူများရဲ့ဆိုင်ကို အလှဆင်ပေးနေတာပါ”

“ဟိုဆိုင်က အလှဆင်ထားတာ တကယ်လှတယ်၊ နောက်ဆို ကျွန်တော့်မှာ အလုပ်ရှိရင် ဆရာကြီးနှစ်ယောက်ကိုပဲခေါ်ရမှာပဲ!”

ချီယုံက လူတို့၏ စိတ်ကို မည်သို့ကိုင်တွယ်ရမည်ကို ကောင်းစွာ သိရှိသူ ဖြစ်သည်။

သူ၏ စကားကြောင့် အလှဆင်ဆရာနှစ်ဦးက စိတ်လှုပ်ရှားသွားကြပြီး ချီယုံကို အပြုံးတစ်ခုနှင့်ပြန်ပြောလိုက်ကြ၏။

“ကျေးဇူးအများကြီး တင်ပါတယ် သူဌေးချီ၊ အလုပ်ရှိရင်တော့ ကျွန်တော်တို့က အစွမ်းကုန် လုပ်ပေးမှာပေါ့”

“ဆိုင်က ဒီလောက်လှလှပပ အလှဆင်ထားတာဆိုတော့ လူသုံးကုန်ပစ္စည်းလေးတွေပဲ ရောင်းဖို့တော့ မဟုတ်လောက်ဘူး ထင်တယ်၊

အဲဒီလိုဆိုရင်တော့ ဆရာကြီးတို့ရဲ့ လက်ရာတွေ နှမြောစရာကြီး ဖြစ်ကုန်မှာပေါ့!”

“မဟုတ်ပါဘူး၊ သူဌေးမလေးက PHS ဖုန်းရောင်းတဲ့ ဆိုင်ကိုဖွင့်မလို့လေ၊

ချန်အန်းသယ်ရဲ့ ပြောပုံအရဆိုရင်တော့ အဲဒီပစ္စည်းက အခု အရမ်းရောင်းကောင်းနေတာတဲ့၊

ပြောရရင်တော့ ဒီလင်းမိန်ဟွေ့က တကယ်ကို တော်တဲ့သူပဲ”

စကားအဆုံးတွင် ထိုဆရာနှစ်ဦးက သူတို့၏ စကားလွန်သွားပြီဖြစ်ကြောင်းကို သတိပြုမိသွားသောကြောင့် ပါးစပ်ကို အလျင်အမြန် ပိတ်၍ ထွက်ခွာရန် ပြင်ကြသည်။

ချီယုံက ထိုသတင်းကို ကြားလိုက်ရသောကြောင့် သူတို့နှစ်ဦးကို လွယ်လွယ်နှင့် လွှတ်မပေးပေ။

သူက ထိုဆရာနှစ်ဦးကို လှမ်းဆွဲ၍ စူပါမားကတ် ရုံးခန်းထဲသို့ ခေါ်သွားပြီး ဆေးလိပ်တစ်ထုပ်စီကို လှမ်းပေးလိုက်ပေ၏။

“ဆရာကြီးတို့၊ ကျွန်တော့်ရဲ့ စူပါမားကတ်က အခု လုပ်ရကိုင်ရတာက မလွယ်တော့ဘူး၊

ကျွန်တော်တို့က တစ်ရွာတည်းသားချင်းတွေပဲဟာ၊ လင်းမိန်ဟွေ့ရဲ့ ဆိုင်က ဘာလုပ်မလဲဆိုတာကို ကျွန်တော့်ကို သေသေချာချာလေး ပြောပြစမ်းပါဦး”

အလှဆင်ဆရာနှစ်ဦးက သူတို့က အလှဆင်လုပ်ငန်းကို လုပ်ကိုင်နေသူများဖြစ်၍ သူတို့၏ ဂုဏ်သိက္ခာကို အဖျက်မခံနိုင်ကြောင်းကို သိကြသောကြောင့် ချီယုံ၏ ဆေးလိပ်ကို အစပိုင်းတွင် ငြင်းဆန်ခဲ့ကြသည်။

မမျှော်လင့်ဘဲ ချီယုံက ထိုနေရာတွင် ထိုင်လျက် ပြုံး၍ ပြောလိုက်ပေ၏။

“မင်းတို့က ခုနက တစ်ဝက်ပြောပြီးပြီပဲ၊ ကျန်တဲ့ တစ်ဝက်ကို မပြောလည်း လင်းမိန်ဟွေ့က ဘာလုပ်မယ်ဆိုတာကို ငါက သိပြီးသားပါ၊ ဘာကို ဖုံးကွယ်နေရဦးမှာလဲ”

“ကျွန်တော်တို့က ဘာမှ မပြောရသေးပါဘူး”

“အဲဒါကို လင်းမိန်ဟွေ့က ယုံလိမ့်မယ် ထင်လို့လား”

ချီယုံက စီးပွားရေးလောကတွင် ကျင်လည်နေသူဖြစ်၍ ဤလူများ၏ စိတ်ပညာကို ကောင်းစွာ နားလည်သည်။

သူတို့က လူကောင်းလုပ်ချင်ကြပြီး တစ်စုံတစ်ခုသော အမှားကို ဖမ်းမိလိုက်ပါက ဆက်လက်၍ဖုံးကွယ်ရန် ကြိုးစားတတ်ကြ၏။

ဤသည်က သူတို့ကို အခွင့်ကောင်းယူရန် အကောင်းဆုံး အခြေအနေပင် ဖြစ်သည်။

“သူဌေးချီ၊ မေးစရာရှိရင် လင်းမိန်ဟွေ့ကိုပဲ တိုက်ရိုက်မေးပါ၊ ကျွန်တော်တို့ကိုတော့ အခက်တွေ့အောင်မလုပပါနဲ့”

ထိုဆရာနှစ်ဦးက ထွက်ခွာရန် ပြင်လိုက်သော်လည်း ချီယုံက စားပွဲကို ခေါက်လိုက်ရင်း ခြိမ်းခြောက်လိုက်လေသည်။

“တကယ်လို့ လင်းမိန်ဟွေ့ကသာ သူမရဲ့ စီးပွားရေး လျှို့ဝှက်ချက်ကို မင်းတို့က ပေါက်ကြားအောင် လုပ်တယ်ဆိုတာကို သိသွားရင်၊

မင်းတို့ရဲ့ လုပ်အားခတွေကို သူမက ရှင်းပေးလိမ့်မယ်လို့ ထင်သလား”

အလှဆင်ဆရာနှစ်ဦးက စိတ်ရှုပ်ထွေးစွာ ဖြစ်သွားကြရ၏။

စကားတစ်ခွန်း မှားလိုက်မိခြင်းက ဤမျှအထိ ပြဿနာကြီးသွားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ကြပေ။

ချီယုံကို လင်းမိန်ဟွေ့က လုပ်မည့် စီးပွားရေးကို ကြိုတင်သိရှိစေရုံမျှဖြင့် ဆိုးကျိုးများစွာက ရှိလာမည်မဟုတ်ဟု သူတို့က တွေးတောမိကြသည်။

ချီယုံအနေဖြင့် အချိန်တိုအတွင်း ထိုကဲ့သို့သော ဆိုင်မျိုးကို အမှီလိုက်ဖွင့်ရန်က မဖြစ်နိုင်ဟု သူတို့က ယူဆထားခြင်းပင် ဖြစ်၏။

ယခုအချိန်တွင် သူတို့က လုပ်ဆောင်ရန်က လင်းမိန်ဟွေ့ကို သူတို့က ပြောသည်ဟု မသိစေရန်သာ ဖြစ်သောကြောင့် သူတို့က လှည့်၍ ချီယုံကိုပြောပြလိုက်ပေသည်။

“လင်းမိန်ဟွေ့က PHS ဆိုင်ကိုဖွင့်မှာပါ၊ သူမက ဖုန်းဆက်တုန်းက ပြောတာတော့ တရုတ်ဆက်သွယ်ရေး နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စာချုပ်ချုပ်ထားပြီးပြီလို့ သိရတယ်”

“တခြား ကြားတာရှိရင်လည်း အကုန်ပြောပြတာက ပိုကောင်းမယ်နော်”

“လင်းမိန်ဟွေ့နဲ့ စုန့်ယီတို့က ပစ္စည်းဝယ်ဖို့ ပေကျင်းကို သွားနေကြတာ၊

အဲဒီမှာ လက်ကားဈေးကွက်က ရှိတယ်လေ၊ ချန်အန်းသယ်က ပြောပုံအရဆိုရင်တော့ သူတို့က နောက်နှစ်ရက်အတွင်း ပြန်ရောက်လာကြမယ်တဲ့”

စကားအဆုံးတွင် ချီယုံ၏ မျက်လုံးများထဲမှ ကောက်ကျစ်သော အရိပ်အယောင်များကို မြင်တွေ့လိုက်ရသောကြောင့် သူတို့က မှားသွားပြီဖြစ်ကြောင်းကို ထိုဆရာနှစ်ဦးက သိလိုက်ရသည်။

သူတို့က ဆေးလိပ်ကိုပင် မယူတော့ဘဲ စူပါမားကတ်ထဲမှ အလျင်အမြန်ပင် ထွက်ခွာသွားကြ၏။

အပြင်သို့ မထွက်မီ ချန်အန်းသယ်က သူတို့ကို မြင်သွားမည်လားဟု လှည့်ပတ်ကြည့်ရန်ကိုလည်း မမေ့လျော့ခဲ့ပေ။

ကံကောင်းစွာဖြင့် ပတ်ဝန်းကျင်တွင် မည်သူကမျှ မရှိသောကြောင့် ထိုဆရာနှစ်ဦးက အိမ်သို့ အမြန်ဆုံး ပြန်သွားကြလေတော့သည်။

ချီယုံက မီးခြစ်အကြီးစားတစ်ခုဖြင့် ကစားနေရင်း စဉ်းစားခန်း ဝင်နေသည်။

ယခင်က ချန်အန်းသယ်ကို သူတို့နှစ်ဦးက ပူးပေါင်း၍ ဖိအားပေးခဲ့ကြသောကြောင့် ချန်အန်းသယ်က အရှုံးပေါ်လုနီးပါးပင် ဖြစ်ခဲ့ရ၏။

သို့သော်လည်း လင်းမိန်ဟွေ့က ပြန်ရောက်လာသည်နှင့် အရာရာက ပြောင်းလဲသွားခဲ့သည်။

“မင်းတို့က ညစ်ပတ်တဲ့ နည်းလမ်းတွေကို သုံးနေမှတော့၊ ငါကလည်း မင်းတို့အပေါ်ကို ယဉ်ကျေးနေမှာ မဟုတ်ဘူး”

ချီယုံက စိတ်ထဲမှ ကြုံးဝါးလိုက်ပေသည်။

*

All Chapters