← Chapters

အခန်း (၁၉၃-၁၉၄)

Vol. 20 Ch. 193-194

အခန်း (၁၉၃-၁၉၄)

Vol. 20 Ch. 193-194

အခန်း(193)

အကြမ်းဖျင်း အစီအစဉ်များကို ချမှတ်ပြီးနောက် ချီယုံက စူပါမားကတ်ရှိ အဓိက ဝန်ထမ်းတချို့ကို ချက်ချင်းခေါ်ယူ၍ သူလည်း PHS ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်လိုကြောင်းကို အသိပေးလိုက်လေ၏။

ဝန်ထမ်းများက ချီယုံက မည်သည်အရာကိုလုပ်ရန် ကြံရွယ်နေသည်ကို ရှုပ်ထွေးနေကြပေသည်။

ထိုအချိန်တွင် ချီယုံက ပြောလိုက်သည်။

“လင်းမိန်ဟွေ့က PHS ဆိုင်ကို ထပ်ဖွင့်တော့မှာ၊ ဆိုင်ကိုအလှဆင်တာကလည်း ပြီးနေပြီ၊

ပစ္စည်းတွေကလည်း လမ်းမှာ ရောက်နေပြီ၊ အခု ငါတို့က သူတို့ထက် အရင်ဦးအောင် လုပ်ချင်ရင် မြို့ပေါ်က PHS အရောင်းဆိုင်တွေနဲ့ သွားပြီး ညှိနှိုင်းရမယ်”

“သူဌေးချီ၊ ကျွန်တော့်ရဲ့ ဝမ်းကွဲညီက မြို့ပေါ်မှာ PHSကို ရောင်းနေတာ၊

တကယ်လို့ သူဌေးက ဆိုင်ဖွင့်ချင်တယ်ဆိုရင် သူ့ကို ဈေးလျှော့ပေးဖို့ ကျွန်တော်က ပြောပေးနိုင်ပါတယ်”

စူပါမားကတ် မန်နေဂျာတစ်ဦးက သူ၏ညီဖြစ်သူ ဤလုပ်ငန်းကို လုပ်ကိုင်နေကြောင်းကို သတိရသောကြောင့် ဝင်ပြောခြင်း ဖြစ်၏။

သူက ချီယုံနှင့် သူ၏ညီဖြစ်သူတို့ကြားတွင် အကျိုးဆောင်ပေးရန်ကို ဆုံးဖြတ်လိုက်ပေသည်။

အသင့်ရှိနေသော အခွင့်အရေးကို ကြားလိုက်ရသည့်အချိန်တွင် ချီယုံက ထိုဝန်ထမ်းကို သူ၏ညီနှင့် ချက်ချင်း ဆက်သွယ်ခိုင်းလိုက်ပေ၏။

ဖုန်းပြောပြီးနောက် ဝန်ထမ်းဖြစ်သူက ချီယုံကို ပြောလာသည်။

“ကျွန်တော့်ရဲ့ညီက ပြောတာကတော့ သူဌေးချီအနေနဲ့ အလုံးတစ်ရာကို ဝယ်မယ်ဆိုရင်၊ တစ်လုံးကို ယွမ် (၁၀၀) စီ လျှော့ပေးမယ်လို့ ပြောပါတယ်”

“ဒါက အသက်သာဆုံး ဈေးနှုန်းပဲလား”

ချီယုံက ထိုဝန်ထမ်း၏ မျက်နှာဖြင့် ဈေးနှုန်းကို ပို၍ လျှော့ချလိုသေး၏။

သို့သော် ဝန်ထမ်းက အားနာစွာဖြင့် ပြန်ပြောလိုက်ပေသည်။

“သူဌေးချီ၊ ကျွန်တော့်ညီရဲ့ ဝယ်ဈေးကလည်း အတော်မြင့်ပါတယ်၊

ပြီးတော့ အဲဒီ PHS တွေက အရည်အသွေးကောင်းတဲ့ ပစ္စည်းတွေပါ၊ စိတ်ချလက်ချ ရောင်းနိုင်ပါတယ်”

ချီယုံက ချက်ချင်းပင် အလုံး (၁၀၀)ကို အော်ဒါတင်လိုက်ပြီး၊ ယွမ် ငါးသောင်းကျော်ကို ပေးချေလိုက်လေ၏။ တစ်ဖက်မှလည်း မွန်းလွဲပိုင်းတွင် ပစ္စည်းများကို ပို့ပေးမည်ဖြစ်ကြောင်းကို ကတိပေးလိုက်လေတော့သည်။

အပေးအယူက ပြီးမြောက်သွားသည်နှင့် ချီယုံက အောင်ပွဲခံနိုင်ပြီဟု ယူဆလိုက်၏။

သူက ယခင်က ခံခဲ့ရသော ဖိအားပေးမှုများနှင့် လှောင်ပြောင်မှုများကို ဂရုမစိုက်တော့ပေ။ လက်ရှိတွင် သူက အနိုင်ရသွားချေပြီ။

ဝန်ထမ်းတချို့ကအကြံပြုကြ၏။

“သူဌေးချီ၊ ပစ္စည်းတွေကတော့ အဆင်သင့်ရှိပြီ၊ ဒါပေမဲ့ ကျွန်တော်တို့မှာက ဆိုင်ခန်းလည်း မရှိသေးဘူး၊

ဖန်ကောင်တာတွေကလည်း မရှိသေးဘူးလေ၊ လုပ်ငန်းလိုင်စင် လျှောက်ဖို့ကလည်း အချိန်ယူရဦးမှာ!”

ချီယုံက ကြိုတင်စဉ်းစားထားပြီးသား ဖြစ်သည်။ သူက အရင်ဦးအောင် လုပ်ဆောင်ပြီးမှသာ အလှပြလိုသူ ဖြစ်၏။

သူက စူပါမားကတ်၏ တံခါးဝတွင် နေရာအနည်းငယ်ကို ဖယ်ထုတ်၍ ဖန်ကောင်တာ လေး၊ ငါးခုခန့်ကို ထည့်လိုက်ရုံနှင့် စီးပွားရေးကို စတင်နိုင်မည် မဟုတ်ပါလား။

မနက်ဖြန်တွင် သူက စက်မှုလက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာနသို့ သွားရောက်၍ လုပ်ငန်းနယ်ပယ်ကို ပြောင်းလဲလျှောက်ထားမည် ဖြစ်၏။

တစ်ရက်စော၍ ရောင်းချခြင်းကို ဌာနဆိုင်ရာများက အရေးယူမည် မဟုတ်သောကြောင့် သူက အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်မည် ဖြစ်သည်။

လင်းမိန်ဟွေ့က ပြန်ရောက်လာသည့်အချိန်တွင် သူက အရင်ဦးအောင် လုပ်ထားသည်ဖြစ်၍ သူမက ကျိန်းသေပေါက် အံ့အားသင့်သွားရပေလိမ့်မည်။

ဝန်ထမ်းများနှင့် တိုင်ပင်ပြီးနောက်တွင် သူတို့က ပရိဘောဂဆိုင်သို့ အမြန်သွား၍ ဖန်ကောင်တာများကို မှာယူကြသည်။

ပရိဘောဂဆိုင်ကို အချိန်ပိုဆင်း၍ ပြုလုပ်ပေးရန် တောင်းဆိုသော်လည်း ဆိုင်ဘက်က ဤမျှအမြန် မရနိုင်ကြောင်း၊ အနည်းဆုံး သုံးရက်ခန့် ကြာမည်ဖြစ်ကြောင်းကို အခိုင်အမာ ပြောဆိုလိုက်ပေ၏။

ချီယုံက ထိုနေရာတွင် အသင့်ရှိနေသော ဖန်ကောင်တာ သုံးခုကို မြင်သောကြောင့် ဤသည်ကို ပုတ်၍ ပြောလိုက်ပေသည်။

“ဒါဆိုရင် ဒီသုံးခုကိုပဲ ငါ့ကို အရင်ပေးလိုက်၊ တခြားဝယ်သူအတွက်တော့ ဒီအတိုင်း အသစ်ပြန်လုပ်ပေးလိုက်ပေါ့၊

သူတို့ကလည်း အခုထိ ပစ္စည်းကိုလာမယူကြသေးတာပဲဟာ”

“မရပါဘူး၊ ဝယ်သူက စရန်ငွေကို ပေးထားပြီးသားပါ၊ အချိန်မရွေး လာယူနိုင်တယ်လေ”

ပရိဘောဂဆိုင် ဝန်ထမ်းများက ချီယုံ၏ လုပ်ရပ်အပေါ်တွင် အလွန်ပင် အထင်သေးသောကြောင့် စကားမပြောလိုကြပေ။

ထိုအချိန်တွင် ပရိဘောဂဆိုင်ပိုင်ရှင်က လာရောက်စစ်ဆေးစဉ်နှင့် အတော်ပဲ ဖြစ်သွားရ၏။

ချီယုံက ဆိုင်ရှင်ထံသို့ ချက်ချင်းသွား၍ ဆေးလိပ်ကိုလှမ်းပေးရင်းမြှောက်ပင့်၍ပြောဆိုလိုက်ပေ၏။

“သူဌေးကြီး၊ ခင်ဗျားရဲ့ ဝန်ထမ်းနှစ်ယောက်ကတော့ စီးပွားရေးကို တကယ်မတတ်တာပဲ၊

ကျွန်တော်က ဒီကောင်တာ သုံးခုကို အရင်ယူမယ်၊ သူတို့က အချိန်ပိုဆင်းပြီး နောက်ထပ် သုံးခုကို ထပ်လုပ်ပေးပေါ့၊

အဲဒီလိုဆိုရင် ခင်ဗျားကလည်း အမြတ်ပိုရမှာပဲကို၊ သူတို့ကတော့ မလုပ်ချင်ကြဘူး”

ဆိုင်ရှင်က ချီယုံ၏ ဝတ်စားဆင်ယင်မှုကို ကြည့်၍ သူက စူပါမားကတ်ပိုင်ရှင်ဖြစ်ကြောင်းကို သိရှိသွားသောကြောင့် လိုက်လျောညီထွေစွာပင် ရယ်မောလျက်ပြောလိုက်လေ၏။

“သူဌေးချီ ပြောတာက မှန်ပါတယ်၊ သူတို့က ပျင်းပြီး အလုပ်ပိုမလုပ်ချင်ကြလို့ပါ၊ သူဌေးပြောတဲ့ နည်းလမ်းက ကောင်းပါတယ်”

“ဒါဆိုရင် ကျွန်တော်က ဒီကောင်တာတွေကို အခုပဲ သယ်သွားလို့ ရမလား”

“ဒါပေမဲ့ သူတို့ကို အလောတကြီး လုပ်ခိုင်းရမှာဆိုတော့ အခက်တွေ့မှာပေါ့၊

ခင်ဗျားက သူတို့ကို အချိန်ပိုကြေးလေးကို ပေးလိုက်ပေါ့၊

ဒီကောင်တာတွေက မူလက ယွမ် (၆၀၀) ဆိုတော့၊ ခင်ဗျားက (၈၀၀) ပေးလိုက်ပေါ့”

ဆိုင်ရှင်၏ ပါးနပ်မှုကို မြင်ရသည့်အချိန်တွင် ချီယုံက ခေတ္တမျှ တွန့်ဆုတ်သွားသော်လည်း ဆိုင်ရှင်က ဆက်လက်၍ပြောခဲ့သည်။

“ကျွန်တော့်ဘက်ကလည်း စွန့်စားရတာလေ၊ တခြားဝယ်သူက ပစ္စည်းလာမေးရင် ကျွန်တော်က ဆင်ခြေတစ်ခုခုကို ပေးရဦးမှာ၊ ကျွန်တော်တို့ရဲ့ အခက်အခဲကိုလည်း နားလည်ပေးပါဦး”

နောက်ဆုံးတွင် ချီယုံက အရင်ဦးအောင် လုပ်ဆောင်ချင်သောကြောင့် ငွေသားကို ချက်ချင်းပင် ထုတ်ပေးလိုက်ပေသည်။

သူက ပရိဘောဂဆိုင် ဝန်ထမ်းနှစ်ဦးကိုလှောင်ပြောင်လိုက်သေး၏။

“မင်းတို့တွေက အချိန်ပိုဆင်းပြီး ဒီလိုမျိုး သုံးခုကို ထပ်လုပ်ထားကြ၊

မင်းတို့ရဲ့ စိတ်ရှုပ်ထွေးဖြစ်မှုကြောင့် ဆိုင်ရှင်က အလုပ်ထုတ်မပစ်အောင် သတိထားကြဦး၊ အသုံးမကျတဲ့ကောင်တွေ”

ဝန်ထမ်းနှစ်ဦးက အကြောင်းမဲ့ စော်ကားခံလိုက်ရသောကြောင့် ပြန်ပြောလိုသော်လည်း ဆိုင်ရှင်ရှိနေသောကြောင့် မည်သည်ကိုမျှမပြောနိုင်ဘဲ ချီယုံက ကောင်တာများကို သယ်ဆောင်သွားသည်ကိုသာ ကြည့်နေရပါတော့သည်။

ပရိဘောဂဆိုင်ပိုင်ရှင်က ဝန်ထမ်းများက ချီယုံက ထွက်သွားရာလမ်းကို ကြည့်နေကြသည်ကို မြင်သည့်အချိန်တွင် ဆူပူလိုက်လေ၏။

“အမြန် အလုပ်လုပ်ကြစမ်း၊ သူဌေးမလေးက အချိန်မရွေး ပစ္စည်းလာတောင်းနိုင်တယ်လေ၊ မင်းတို့ ဒီနေ့ အချိန်ပိုဆင်းပြီး မနက်ဖြန်ည အပြီးလုပ်ပေးရမယ်”

“သူဌေး၊ ကျွန်တော်တို့က နှစ်ယောက်တည်း လုပ်နေရတာလေ၊ မှန်ဖြတ်ဖို့တင် နှစ်ရက်ကြာမှာ၊ မနက်ဖြန်ည အပြီးဆိုတာတော့ မဖြစ်နိုင်ပါဘူး”

“မဖြစ်နိုင်ရင်လည်း နှစ်စုံပဲ ပြီးအောင်လုပ်၊ သူဌေးမလေးက ပြန်လာရင် ငါက ရှင်းပြလိုက်မယ်၊ မင်းတို့က မင်းတို့ရဲ့အလုပ်ကိုပဲ မင်းတို့လုပ်ကြ”

ဆိုင်ရှင်က ပြောပြီးနောက်တွင် အလုပ်ရုံထဲမှ ထွက်သွားလေသည်။

ဝန်ထမ်းများက တစ်ဦးကိုတစ်ဦး ကြည့်၍ နောက်ဆုံးတွင် မှန်များကို သယ်ယူ၍ အလုပ်ကို အစမှ ပြန်စရလေတော့သည်။

စူပါမားကတ်။

ချီယုံက အချိန်မဖြုန်းဘဲ ကောင်တာများကို ချက်ချင်း နေရာချခိုင်းလိုက်ပေ၏။

မြို့ပေါ်မှ PHS ဖုန်းများက ရောက်ရှိလာသည်နှင့် သူက ဝန်ထမ်းများကို ဖုန်းများကို ချက်ချင်း ခင်းကျင်းခိုင်းလိုက်ပေသည်။

နောက်နေ့ မနက်စောစောတွင် ချီယုံ၏ စူပါမားကတ် တံခါးဝ၌ ဆိုင်းဘုတ်အသစ်တစ်ခုက ပေါ်လာခဲ့သည်။

“ချီယုံ PHS ဖုန်းအရောင်းဆိုင်” ဟူ၍ပင်။

ချန်အန်းသယ်က အလှဆင်ဆရာ နှစ်ဦး၏ နောက်ဆုံးလက်စသတ် အလုပ်များကို ကြည့်ရှုပေးနေခြင်းပင် ဖြစ်၏။

မွန်းလွဲပိုင်းတွင် သူက ပရိဘောဂဆိုင်သို့ သွား၍ ဖန်ကောင်တာများကို သယ်ယူလိုက်လျှင် အရာရာက ပြီးဆုံးပြီ ဖြစ်သည်။

ဤသို့ဆိုလျှင် လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က ပြန်ရောက်သည့်အချိန်တွင် အချိန်မဆွဲဘဲ ပစ္စည်းများကို တိုက်ရိုက်ပင် ရောင်းချနိုင်မည် မဟုတ်ပါလား။

မမျှော်လင့်ဘဲ သူက အလုပ်များနေချိန်တွင် ဝမ်ဟန်က အမောတကောဖြင့် ပြေးဝင်လာပြီး ချီယုံ၏ စူပါမားကတ်ဘက်သို့ လက်ညှိုးထိုးပြ၍ လှမ်းအော်လိုက်လေသည်။

“ဦးလေးချန်၊ ချီယုံကလည်း PHS ဆိုင်ကို ဖွင့်လိုက်ပြီ၊ အခုက ဝယ်သူတွေတောင် ရောက်နေကြပြီ”

“မဖြစ်နိုင်တာ၊ ဒါက လင်းမိန်ဟွေ့က အခုမှ လေ့လာထားတဲ့ စီးပွားရေးလေ၊ ချီယုံက ဘယ်လိုလုပ် အရင်ဦးသွားရတာလဲ”

ချန်အန်းသယ်က မသိစိတ်ဖြင့် ချီယုံက ပါးနပ်သော်လည်း ဤမျှအထိ မြန်ဆန်စွာ စဉ်းစားနိုင်လိမ့်မည် မဟုတ်ဟု ယူဆထားခြင်းပင် ဖြစ်သည်။

သူက မသိစိတ်ဖြင့် အလှဆင်ဆရာ နှစ်ဦးကို လှည့်ကြည့်လိုက်ပေ၏။

ထိုဆရာနှစ်ဦးက အမူအရာ ပျက်ယွင်းနေကြပြီး သူတို့၏ လှုပ်ရှားမှုများကလည်း တစ်ခါတစ်ရံတွင် မှားယွင်းနေသည်ကို သူက တွေ့လိုက်ရသည်။

ချန်အန်းသယ်က ယမန်နေ့က သူက စကားလွတ်သွားခဲ့သောကြောင့် လင်းမိန်ဟွေ့၏ စီးပွားရေးအခွင့်အလမ်းကို ချီယုံက အခွင့်ကောင်းယူသွားပြီဖြစ်ကြောင်းကို ချက်ချင်းပင် နားလည်လိုက်ပေသည်။

ဤကိစ္စက ရုတ်တရက် ဖြစ်ပွားခဲ့သောကြောင့် ချန်အန်းသယ်က လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ကို မည်သို့ပြောပြရမည်ကိုပင် မသိတော့ပေ။

လင်းမိန်ဟွေ့က သိသွားပါက အလွန်ပင် ဒေါသထွက်မည်ကို သူက မြင်ယောင်နေမိပေသည်။

ချန်အန်းသယ်က လင်းမိန်ဟွေ့က သူ့ကို အသုံးမကျသူဟု သတ်မှတ်မည်ကို အမှန်တကယ်ပင် ကြောက်ရွံ့မိသည်။

သူက ချီယုံ၏ စူပါမားကတ် တံခါးဝသို့ သွားရောက်၍ အကြာကြီး တုံ့ဆိုင်းနေပြီးမှ အထဲသို့ ဝင်ရန် သတ္တိမွေးလိုက်ရ၏။

ချီယုံက မည်သည်တွေကိုလုပ်နေသည်ကို သူက ကိုယ်တိုင် မြင်တွေ့လိုသသည်။

စူပါမားကတ်ထဲသို့ ဝင်လိုက်သည်နှင့် တံခါးဝတွင် တောက်ပနေသော ဖန်ကောင်တာ သုံးခုကို တွေ့လိုက်ရ၏။

ကောင်တာထဲ၌ အမျိုးမျိုးသော PHS ဖုန်းများက ရှိနေပြီး ချီယုံက ဈေးနှုန်းများကိုလည်း တိကျစွာနှင့် သင့်တင့်စွာ သတ်မှတ်ထားသည်။

ချန်အန်းသယ်က ဒေါသများ ထွက်လာရပြီး သူ၏ ပါးစပ်ကို မစောင့်စည်းနိုင်ဘဲ အလှဆင်ဆရာများကို ပြောပြခဲ့မိသည့်အတွက် သူ့ကိုယ်သူ နောင်တရနေမိတော့သည်။

ယခုတွင် နောင်တရရန် နောက်ကျသွားခဲ့သည်။ ချန်အန်းသယ်က လှည့်ထွက်ရန် ပြင်လိုက်ချိန်မှာပင် နောက်ကွယ်မှ ချီယုံ၏ အော်ဟစ်သံကို ကြားလိုက်ရ၏။

“ဟေ့၊ ဒါက သူဌေးချန်အန်းသယ် မဟုတ်လား၊ ဘာလဲ၊ မင်းရဲ့ မက်မွန်သီးပုပ်တွေက ကုန်သွားလို့ အခု ငါ့ရဲ့ PHS စီးပွားရေးကို လာကြည့်တာလား”

*

အခန်း(194)

ချန်အန်းသယ်တစ်ယောက် လင်းမိန်ဟွေ့ကို ရှင်းပြရန် နည်းလမ်းမရှိတော့သောကြောင့် ချီယုံကို ဒေါသတကြီး စိုက်ကြည့်၍ပြောလိုက်ပေသည်။

“မင်းကတော့ အရင်အတိုင်း ကောက်ကျစ်တုန်းပဲ၊ ငါ့ရဲ့ စီးပွားရေးကို လုပြီးတော့ အခု လင်းမိန်ဟွေ့ရဲ့ စီးပွားရေးကိုပါ ထပ်လုပြန်ပြီလား”

ချီယုံက ခပ်အေးအေးပင် လှောင်ပြောင်လိုက်လေ၏။

“မင်းပြောတဲ့ စကားတွေကို ငါ နားမခံနိုင်တော့ဘူး၊ ကိုယ့်ရဲ့လမ်းကိုယ် သွားကြတာပေါ့၊ လင်းမိန်ဟွေ့ရဲ့ စီးပွားရေးကို ငါက လုတယ်ဆိုတာ ဘယ်ကသက်သေနဲ့ပြောနေတာလဲ”

ချန်အန်းသယ်က ဖန်ကောင်တာ သုံးခုနှင့် အထဲမှ ဖုန်းများကို လက်ညှိုးထိုးပြ၍ ပြောလေသည်။

“မင်းက အလှဆင်ဆရာ နှစ်ယောက်ကို မေးပြီးတော့မှ ချက်ချင်း အကြံရလာတာ မဟုတ်လား၊ မင်းက လင်းမိန်ဟွေ့ရဲ့ အကြံဉာဏ်ကို ခိုးယူလိုက်တာပဲ”

“ချန်အန်းသယ်၊ မင်းက ဒီမှာ လာပြီး ဟိတ်ဟန်ထုတ်မနေနဲ့ အဓိပ္ပာယ်မရှိဘူး၊ စီးပွားရေးကို ငါ အရင်စတာ၊ ပစ္စည်းကိုလည်း ငါ အရင်ရောင်းတာ၊

လုတယ်ဆိုရင်လည်း လင်းမိန်ဟွေ့ကသာ ငါ့ဆီကနေ လုတာ ဖြစ်လိမ့်မယ်၊ မင်းက ဒေါသထွက်ပြီး သေမနေနဲ့ဦး”

ချီယုံက ချန်အန်းသယ်၏ အားနည်းချက်ကို သိသောကြောင့် ရည်ရွယ်ချက်ရှိရှိဖြင့် ဒေါသကိုဆွပေးနေခြင်း ဖြစ်၏။

ချန်အန်းသယ်က ချီယုံကို လက်ညှိုးထိုး၍ ဒေါသတကြီး ပြောဆိုလိုက်လေ၏။

“ချီယုံ၊ မင်းကတော့ တကယ်ကို ယုတ်မာညစ်ပတ်တာပဲ၊ မင်းက အနှေးနဲ့အမြန် ဝဋ်လိုက်လိမ့်မယ်၊ ဒီမှာ လာပြီး မောက်မာမနေနဲ့”

ချီယုံက သူ၏လည်ပင်းကို ပွတ်သပ်ရင်းပြန်လည်၍စိန်ခေါ်လိုက်ပေသည်။

“လာလေ၊ ဝဋ်လိုက်မယ်ဆိုရင်လည်း လိုက်စမ်းပါ၊ ငါ့ကို မိုးကြိုးပဲ ပစ်သတ်မလားကြည့်ရသေးတာပေါ့!”

ထိုအချိန်တွင် အပြင်ဘက်ရှိ ဝယ်သူများက သူတို့နှစ်ဦးက ရန်ဖြစ်နေသည်ကို ဝိုင်းကြည့်နေကြသောကြောင့် ချန်အန်းသယ်က ဆက်လက်၍ငြင်းခုံနေပါက သူကသာ အရှက်ရမည်ကို သိလိုက်ပေသည်။

ထို့ကြောင့် သူက လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ ပြန်လာမည့်အချိန်ကို စောင့်ဆိုင်း၍ ဖြေရှင်းရန်အတွက်ကိုသာ လှည့်ထွက်လာခဲ့လေတော့သည်။

ရှန်းကျန့်မှ မြို့ပေါ်သို့ ပြန်ရောက်ပြီးနောက် လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က ဘတ်စ်ကားစီး၍ ခရိုင်မြို့သို့ ပြန်လာခဲ့ကြသည်။

နေရာသို့ ရောက်သည်နှင့် လမ်းပေါ်ရှိ လူများက ပြောဆိုနေကြသည်ကို ကြားလိုက်ရ၏။

“ချီယုံနဲ့ ချန်အန်းသယ်တို့ကတော့ ရန်သူတွေ ဖြစ်ကုန်ကြပြီ၊

အရင်က စူပါမားကတ်ချင်း ပြိုင်ကြရာကနေ အခုတော့ PHS ဖုန်းဆိုင်ချင်း ပြိုင်နေကြပြီလေ၊ အခုတော့ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းသွားပြီ”

“သူတစ်ပါး ဒုက္ခရောက်တာကို ဝမ်းမသာစမ်းပါနဲ့၊ ဒါတွေက လမ်းထဲက အိမ်နီးနားချင်းတွေအတွက်ပဲဟာ”

“ငါက ဝမ်းသာနေတာ မဟုတ်ပါဘူး၊ ပုံမှန်ဆို သူတို့လို စီးပွားရေးသမားတွေက ပြည်သူတွေဆီက ပိုက်ဆံရဖို့ပဲ အမြဲစဉ်းစားတာလေ၊

အခု သူတို့အချင်းချင်းက ပြိုင်နေကြလို့သာ ငါတို့က ဘဝကို ကောင်းကောင်း ဖြတ်သန်းနေရတာပေါ့၊

ဒီအတောအတွင်းမှာ ဈေးလျှော့ပေးတဲ့ ကြက်ဥတွေနဲ့ သစ်သီးတွေကို ဘယ်လောက်တောင် စားခဲ့ရလဲဆိုတာ မင်းမသိဘူးလား”

ဤစကားသံများက လင်းမိန်ဟွေ့၏ နားထဲသို့ ပျံ့လွင့်ဝင်ရောက်လာ၍ မည်သို့ဖြစ်နေသည်ကို သူမက အကြမ်းဖျင်း နားလည်လိုက်ပေသည်။

စုန့်ယီက တည်ငြိမ်သော မျက်နှာအမူအရာဖြင့် လင်းမိန်ဟွေ့ကို လက်ဆွဲ၍ PHS ဆိုင်ဘက်သို့ လျှောက်လာခဲ့၏။

ဆိုင်သို့ ရောက်သည့်အချိန်တွင် အလှဆင်ပြီးနောက် ကျန်ရှိသော အမှိုက်သရိုက်များကို သိမ်းဆည်းနေသည့် ချန်အန်းသယ်ကို တွေ့လိုက်ရသည်။

“အန်းသယ်၊ အလှဆင်ဆရာ နှစ်ယောက်က ဘာလို့ သန့်ရှင်းရေးကို မလုပ်ပေးခဲ့တာလဲ”

စုန့်ယီနှင့် လင်းမိန်ဟွေ့က ပြန်ရောက်လာသည်ကို မြင်သောအချိန်တွင် ချန်အန်းသယ်က ရင်ထဲရှိ နာကျည်းမှုများကို ဖွင့်ချရန် အသင့်ဖြစ်နေသည်။

သူက မတရားခံရသော ကလေးငယ်တစ်ဦးပမာ ယခုရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့သမျှကို ဒေါသတကြီးဖြင့် ပြောပြလေတော့သည်။

“ငါက အလှဆင်ဆရာ နှစ်ယောက်နဲ့ စကားစပြောမိခဲ့တာလေ၊ သူတို့က မင်းတို့ PHS ဆိုင်ဖွင့်မယ့်အကြောင်းကို သိသွားပြီး ချီယုံကို လှည့်ပြောလိုက်ကြတာ”

ချန်အန်းသယ်က ဆက်လက်၍ပြောလေ၏။

“ချီယုံကို ပြောလိုက်ပြီးတာနဲ့ ချီယုံက ချက်ချင်းပဲ ပစ္စည်းတွေကိုဝယ်ပြီး PHS ဖုန်းတွေကို စရောင်းနေပြီ”

ချန်အန်းသယ်က အလွန်ဒေါသထွက်နေသည်ကို မြင်သောကြောင့် လင်းမိန်ဟွေ့က အလျင်အမြန်ပင် ဖျောင်းဖျလိုက်ပေသည်။

“စီးပွားရေးဆိုတာက ဒီလိုပါပဲ၊ အရင်ဦးသူကတော့ ရှိမှာပဲလေ၊

ကိစ္စမရှိပါဘူး၊ သူတို့ရဲ့ဘက်က ကျိုးကြောင်းဆီလျော်ပြီး ဥပဒေနဲ့အညီ တရားမျှတစွာ ယှဉ်ပြိုင်မယ်ဆိုရင်တော့ ကျွန်မတို့ကလည်း ကိုယ့်အရည်အချင်းနဲ့ကိုယ် ပိုက်ဆံရှာကြတာပေါ့”

လင်းမိန်ဟွေ့၏ တည်ငြိမ်သော အမူအရာကို မြင်ရသည့်အချိန်တွင် ချန်အန်းသယ်က စိတ်ထဲ၌ ပို၍ပင် အောင့်သက်သက် ဖြစ်သွားရ၏။

မနက်ပိုင်းက သူက ပရိဘောဂစက်ရုံသို့သွား၍ မှာယူထားသော ဖန်ကောင်တာ သုံးခုကို သွားထုတ်ရာတွင် ဝန်ထမ်းက မပြီးသေးကြောင်းကို ပြောသောကြောင့် ချန်အန်းသယ်က ပို၍ ဒေါသပေါက်ကွဲခဲ့ရသေးသည်။

နောက်ဆုံးတွင် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးက ချီယုံက သူတို့ ကြိုတင်ပြုလုပ်ထားသော ကောင်တာများကို ယူသွားခဲ့ကြောင်း၊ ယခုအချိန်တွင် စက်ရုံက အသစ်ပြန်လုပ်ပေးနေရကြောင်းကို ခပ်တိုးတိုး ပြောပြခဲ့ခြင်း ဖြစ်သည်။

ဒါကတော့ တကယ်ကို လွန်လွန်းလှချေပြီ။

ချန်အန်းသယ်က မူလက လူတချို့ကိုခေါ်၍ ချီယုံစူပါမားကတ်တွင် သွားရောက်ပြဿနာရှာရန်ကို ကြံရွယ်ခဲ့သော်လည်း ဖော်ရွေစွာနှင့်သာ ပိုက်ဆံရှာရန်ဟူသော လင်းမိန်ဟွေ့၏ မှာကြားချက်ကို သတိရ၍ သူ၏ဒေါသကို ထိန်းချုပ်ခဲ့ရခြင်းပင် ဖြစ်၏။

ယခု လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က ပြန်ရောက်လာသည်ဖြစ်၍ ဖြစ်ပျက်ခဲ့သမျှကို ပြောပြပြီး ဖြေရှင်းမည့်နည်းလမ်းကို သူတို့ကို စဉ်းစားခိုင်းလိုခြင်းပင်။

ချီယုံက ဖန်ကောင်တာကိုပါ လုယူသွားသည်ဟု ကြားရသည့်အချိန်တွင် လင်းမိန်ဟွေ့က အနည်းငယ် တရားလွန်သည်ဟု ခံစားလိုက်ရပေသည်။

သို့သော် အခြေအနေက ဤသို့ဖြစ်နေမှတော့ သူမဘက်ကလည်း အပြောင်းအလဲတချို့ကို ပြုလုပ်ရုံသာ ရှိပေတော့သည်။

ယခုတစ်ခေါက် ပေကျင်းနှင့် ရှန်းကျန့်သို့ သွားချိန်က တခြားသော ဆိုင်ပြင်ဆင်မှုပုံစံများကို မြင်တွေ့ခဲ့ရသောကြောင့် သူမ၏ မူလဒီဇိုင်းက အနည်းငယ် သေးသိမ်လွန်းနေကြောင်းကို ပြန်လည်၍သတိရမိ၏။

သို့သော်လည်း ကောင်တာများကို မှာယူပြီးသားဖြစ်၍ ငွေအလဟဿ အကုန်အခံ၍ ပြောင်းလဲရန်က မလွယ်ကူပေ။

ယခု ကံဆိုးခြင်းထဲမှ ကံကောင်းခြင်းဟု ပြောရပေမည်။ ချန်အန်းသယ်က စိတ်သက်သာရာရစေရန်အတွက် လင်းမိန်ဟွေ့က ဆိုင်ထဲရှိ ပစ္စည်းခင်းကျင်းမှုပုံစံကို အသစ်ပြန်လည် ရေးဆွဲလိုက်ပေသည်။

ထို့နောက် သူမက ချန်အန်းသယ်ကို မှာလိုက်လေ၏။

“ပရိဘောဂစက်ရုံကို သွားပြောလိုက်ပါ၊ အရင်အလုပ်တွေကို ဆက်မလုပ်ခိုင်းနဲ့တော့၊ ဒီမှာ ကျွန်မရဲ့ ဒီဇိုင်းအသစ်အတိုင်းပဲ လုပ်ခိုင်းလိုက်ပါ”

ဤသည်ကို ကြားလိုက်ရသည့်အချိန်တွင် ချန်အန်းသယ်၏ ရင်ထဲတွင် ပိတ်ဆို့နေသော ဒေါသများက ချက်ချင်းပင် လျော့ပါးသွားရသည်။

ချန်အန်းသယ်က ဒီဇိုင်းအသစ်ကို ယူဆောင်၍ ပရိဘောဂစက်ရုံပိုင်ရှင်ထံသို့ သွားရောက်ခဲ့သည်။

“သူဌေး၊ ခင်ဗျားက ကျွန်တော်တို့ မှာထားတဲ့ ကောင်တာတွေကို သူများရဲ့လက်ထဲကို ထည့်ပေးပြီး ကျွန်တော်တို့ စီးပွားရေးကို လုခိုင်းတယ်ပေါ့၊

အဲဒီကောင်တာတွေကို ကျွန်တော်တို့က အခု မယူတော့ဘူး၊ အသစ်ပြန်လုပ်ပေးရမယ်”

“ဟိုကောင်တာတွေကလည်း ပြီးနေပြီ”

ချန်အန်းသယ်က ရုတ်တရက် စိတ်ပြောင်းသွားလိမ့်မည်ဟု ဆိုင်ရှင်က မထင်ထားခဲ့ပေ။

ထို့ကြောင့် သူက အခြေအနေကို ပြုံး၍ ရှင်းပြရန်သာ ကြိုးစားနေ၏။

ချန်အန်းသယ်က ဂရုမစိုက်ဘဲ လင်းမိန်ဟွေ့၏ ဒီဇိုင်းကိုသာ လက်ညှိုးထိုးပြ၍ ပြောခဲ့သည်။

“ဒီတစ်ခေါက်တော့ ဒီအတိုင်းပဲ လုပ်ပေးပါ၊ ပြီးတာနဲ့ အိမ်ကိုအရောက် အမြန်ဆုံး လာပို့ပေးရမယ်၊

မဟုတ်ရင်တော့ ခင်ဗျားလည်း စီးပွားရေး ဆက်လုပ်ရမှာ မဟုတ်ဘူး၊ ကျွန်တော် ခင်ဗျားကို တရားစွဲတော့မှာနော်”

ပရိဘောဂဆိုင်ပိုင်ရှင်က ချန်အန်းသယ်ကို သိထားသကဲ့သို့ သူက လွယ်လွယ်နှင့် အလျှော့ပေးမည့်သူ မဟုတ်ကြောင်းကိုလည်း သိသောကြောင့် အဆုံးတွင်ခေါင်းညိတ်သဘောတူလိုက်ရ၏။

ယခုအချိန်တွင် စက်ရုံတွင်လည်း တခြားအော်ဒါများက မရှိသောကြောင့် ဒီဇိုင်းအသစ်အတိုင်း လုပ်ပေးရန်က ပြဿနာမရှိပေ။

သို့သော် ပြီးစီးသွားသော ကောင်တာများအတွက်တော့ နှမြောစရာပင်။

ဆိုင်ရှင်က ချန်အန်းသယ်နှင့် ညှိနှိုင်းခဲ့ပြီးနောက် နောက်ဆုံးတွင် ချန်အန်းသယ်က ထိုကောင်တာများကို စူပါမားကတ်ထဲရှိ PHS ဖုန်းရောင်းချရန်အတွက် ထားရှိရန် ဆုံးဖြတ်လိုက်ပေသည်။

ကောင်တာကိစ္စများက အဆင်ပြေသွားပြီးနောက်တွင် ချန်အန်းသယ်က စူပါမားကတ်သို့ ပြန်၍ အလုပ်လုပ်လေတော့သည်။

ချန်အန်းသယ်က အစပိုင်းတွင် အပြစ်ရှိသကဲ့သို့ ခံစားနေရသော်လည်း လင်းမိန်ဟွေ့၏ ဖြေရှင်းပုံကြောင့် ဤသည်က ကောင်းမွန်သော အလှည့်အပြောင်းတစ်ခု ဖြစ်သွားနိုင်သည်ဟု သူက ခံစားလိုက်ရ၏။

ပိုက်ဆံတစ်ပြားမှ ပိုမကုန်ဘဲ ကောင်တာဟောင်းများကို တခြားသူများထံသို့ တွန်းပို့လိုက်နိုင်သည် မဟုတ်ပါလား။

ဤသို့တွေးမိသည့်အချိန်တွင် ချန်အန်းသယ်က တစ်မွန်းလွဲလုံး စိတ်အေးသွားရသည်။

လင်းမိန်ဟွေ့က ဝယ်လာသော PHS ဖုန်းများက မွန်းလွဲပိုင်းတွင် ရောက်ရှိလာခဲ့သည်။

ကောင်တာများက အဆင်မသင့်သေးသောကြောင့် ဆိုင်ထဲသို့ ယာယီ မသယ်ရသေးပေ။

လင်းမိန်ဟွေ့က ဖုန်းကတ်များကို အစုလိုက်လျှောက်ထားရန်အတွက် ဆက်သွယ်ရေးရုံးသို့ သွားရောက်၍ဆွေးနွေးနေချိန်တွင်၊ စုန့်ယီက လူသုံးကုန် လက်ကားဆိုင်၌ ပစ္စည်းများကို ဆက်လက်၍ရောင်းချနေ၏။

မွန်းလွဲပိုင်းတွင် ဝယ်သူမရှိသောကြောင့် စုန့်ယီက အသစ်ရောက်လာသော လျှပ်စစ်အပူပေးစက် တစ်ခုကို ပြင်ဆင်ပေးနေခဲ့သည်။

ချီယုံက သူတို့၏ အရှက်ရစရာ မြင်ကွင်းများကို မြင်တွေ့ရန် စောင့်ဆိုင်းနေသော်လည်း လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ဘက်မှ မည်သည့်လှုပ်ရှားမှုမျှ မရှိသည်ကို တွေ့ရသည်။

သူက လင်းမိန်ဟွေ့နှင့် စုန့်ယီတို့အနေဖြင့် သူတို့၏ စီးပွားရေးကို သူက လုယူသွားကြောင်းကို သိရှိသွားသည့်အချိန်တွင် မည်မျှအထိ စိတ်ပျက်အားငယ်နေမည်ကို သိချင်နေမိ၏။

ချီယုံက စုန့်ယီ၏ ဆိုင်တံခါးဝသို့ ရောက်ရှိလာပြီး ဆီဂျိုးများပေနေသော လက်ဖြင့် အပူပေးစက်ကိုပြင်နေသည့် စုန့်ယီကို မြင်သောအချိန်တွင် လှောင်ပြောင်လိုက်ပေသည်။

“ဟေး.. ဘာလဲ၊ အခုက စီးပွားရေးအသစ်အနေနဲ့ လျှပ်စစ်ပစ္စည်းတွေကိုပါ လိုက်ပြင်ပေးနေတာလား”

“သူဌေးချီ၊ ဒီနေရာက ကျဉ်းလွန်းတယ်၊ ခင်ဗျားရဲ့ တန်ဖိုးကြီး အဝတ်အစားတွေပေါ်ကို ဆီတွေပေကုန်ဦးမယ်”

“သူဌေးစုန့်.. ခင်ဗျားက ဒေါသထွက်နေတာကို ကျွန်တော်က သိပါတယ်၊

အဲဒီဒေါသတွေကို အပြင်ကို ထုတ်ပစ်လိုက်စမ်းပါ၊ စိတ်ထဲမှာ အောင့်ထားရင် ရောဂါဖြစ်ကုန်ဦးမယ်”

ချီယုံက လွယ်လွယ်နှင့် ပြန်မသွားဘဲ စုန့်ယီက ငိုသည်ကို မြင်တွေ့လိုလွန်းပေသည်။

ဤအတောအတွင်း သူတစ်ပါးကိုသာ လှောင်ပြောင်ကြည့်နေခဲ့ရသောကြောင့် ယခုအချိန်တွင် စုန့်ယီနှင့် လင်းမိန်ဟွေ့တို့၏ အဖြစ်ကို အားရပါးရ ကြည့်လိုခြင်းဖြစ်၏။

ချွေးတဖြိုင်ဖြိုင် ထွက်နေသော စုန့်ယီကို ကြည့်ရင်း သူက ကျိတ်၍ တွေးနေမိပေသည်။

နောင်ကျရင် ဒီကောင်က လျှပ်စစ်ပစ္စည်း ပြင်ရုံနဲ့ပဲ ပိုက်ဆံရှာနိုင်တော့မှာပဲ။

“ကျွန်တော်က ဘာဖြစ်နေလို့လဲ၊ သူဌေးချီမှာ စိတ်ကူးယဉ် ရောဂါများ ရှိနေတာလား၊

လွန်ခဲ့တဲ့ ရက်ပိုင်းက စာအုပ်တစ်အုပ်ကို ဖတ်လိုက်ရတယ်၊ စိတ်ဓာတ်မမှန်တဲ့သူတွေက စိတ်ကူးယဉ်တတ်ကြသတဲ့၊ ခင်ဗျားက မြို့ပေါ်က ဆေးရုံကြီးတစ်ခုခုမှာ သွားပြသင့်တယ်နော်”

*

All Chapters