အခန်း (၁၉၅-၁၉၆)
Vol. 20 Ch. 195-196
အခန်း(195)
စုန့်ယီက ချီယုံကို စကားမပြောချင်ပေ။ ဆိုင်တွင် လူမရှိခိုက်တွင် ဤအပူပေးစက်ကို အမြန်ပြင်ပြီး ပိုင်ရှင်ထံသို့ ပြန်ပေးချင်နေခဲ့၏။
အကယ်၍ သူသာ အချိန်ဆွဲနေပါက PHS ဆိုင်အလုပ်များက စတင်သည့်အချိန်တွင်ပြင်ဆင်ရန် အချိန်ရှိတော့မည် မဟုတ်ပေ။
ချီယုံက စုန့်ယီမီာ ခေါင်းမာသူတစ်ဦးဖြစ်ပြီး သူ၏အတွင်းစိတ်ကို လွယ်လွယ်နှင့် ဖွင့်ဟမည်မဟုတ်ကြောင်းကို သိရှိထားသည်။
ထိုသို့ဆိုလျှင် လင်းမိန်ဟွေ့ ပြန်လာမည့်အချိန်ကိုသာ သူ စောင့်နေလိမ့်မည်။
လင်းမိန်ဟွေ့က စကားအနည်းငယ်ဖြင့် လှောင်ပြောင်ပြီး၊ သူတစ်ပါးကို ဒုက္ခပေးချင်သော စိတ်ဓာတ်၏ ပြန်လည်ပေးဆပ်မှုက မည်မျှကြီးမားကြောင်းကို သူမကို သိစေရမည်။
သူက လွယ်လွယ်နှင့် လွှတ်ပေးမည် မဟုတ်ပေ။
ချီယုံက အရှက်မရှိဘဲ လူသုံးကုန်ဆိုင်တွင် မိုးချုပ်သည်အထိ နေထိုင်ခဲ့လေသည်။
လင်းမိန်ဟွေ့က မူလက ဆက်သွယ်ရေးဌာနမှ တာဝန်ရှိသူနှင့် ညစာစားရန် ချိန်းဆိုထားသော်လည်း၊ မမျှော်လင့်ဘဲ ထိုသူက အရေးပေါ်ကိစ္စဖြင့် အိမ်ပြန်သွားရသောကြောင့် နောက်နေ့မှသာ အသေးစိတ်ကို ဆွေးနွေးရန် ပြန်လည်၍ချိန်းဆိုခဲ့ရခြင်း ဖြစ်၏။
သူမက ဆိုင်ထဲသို့ ဝင်ဝင်ချင်းတွင်ပင် ချီယုံက နတ်ဆိုးတစ်ပါးကဲ့သို့ တံခါးဝတွင် စောင့်ကြပ်နေသည်ကို မြင်လိုက်ရသောကြောင့် စိတ်အနှောင့်အယှက် ဖြစ်သွားရသည်။
လင်းမိန်ဟွေ့ ခေတ္တမျှ တွန့်ဆုတ်သွားသော်လည်း၊ အကြောင်းပြချက်မရှိဘဲ ရောက်မလာတတ်သော ဤလူက မည်သည့်စကားကိုပြောမည်ကို သိချင်သောကြောင့် ဆိုင်ထဲသို့ ဝင်ခဲ့လေသည်။
လူသုံးကုန်ဆိုင်လေးက မကျယ်ဝန်းလွန်းဘဲ စင်ပေါင်း ငါးစင်ဖြင့် ပြည့်နှက်နေသည်။
အလယ်လမ်းကြားမှာသာ အနည်းငယ် ကျယ်ဝန်းသည်။ စုန့်ယီက ချီယုံကို ဂရုမစိုက်ဘဲ လျှပ်စစ်ပစ္စည်းကိုသာ ထိုင်ပြင်နေခဲ့၏။
လင်းမိန်ဟွေ့က စုန့်ယီ၏ စိတ်ရှည်မှုကို ချီးကျူးမိသည်။ သူမသာဆိုလျှင် ထိုသူ့ကို ရေဖြင့်ပင် ပက်ထုတ်လိုက်မိမည်ပင်။
ဆိုင်ထဲသို့ ဝင်ပြီးနောက် လင်းမိန်ဟွေ့က ချီယုံကို မရှိသကဲ့သို့ သဘောထား၍ စုန့်ယီကို တိုက်ရိုက်ပင် မေးလိုက်ပေ၏။
“အစ်ကိုစုန့်ယီ၊ ညစာကို ဘာစားမလဲ၊ ကျွန်မက စားသောက်ဆိုင်ကနေ ဟင်းနည်းနည်းကို သွားမှာလိုက်မယ်၊ စားပြီးမှပဲ အိမ်ပြန်ကြတာပေါ့”
“မိန်ဟွေ့၊ ကိုယ် ဒီလျှပ်စစ်ပစ္စည်းကို အရင်ပြင်လိုက်ဦးမယ်၊ မဟုတ်ရင် မနက်ဖြန်ကျ အချိန်မရဘဲ နေလိမ့်မယ်”
စုန့်ယီက ချီယုံကို တစ်ချက်ကြည့်၍ မျက်ခုံးပင့်လျက် ခနဲ့လိုက်ပေ၏။
“သူဌေးချီ၊ ကျွန်တော်တို့ရဲ့ ဆိုင်က ဟိုတယ်မဟုတ်ဘူး၊ စားသောက် တည်းခိုစရာကို မပါဘူးနော်၊ ခင်ဗျားက အိမ်ပြန်မလား၊ ဒါမှမဟုတ် ကျွန်တော်တို့နဲ့ပဲ ထမင်းအတူစားမလား”
စုန့်ယီ၏ စကားများက လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသောကြောင့် ချီယုံက မကြားဘဲ မနေနိုင်ပေ။
သို့သော် သူက လင်းမိန်ဟွေ့၏ စိတ်ဓာတ်ကို နှိမ်ချလိုသောကြောင့် အပြုံးတစ်ခုနှင့် ပြောလေ၏။
“ကျွန်တော်က သူဌေးမလေးလင်းကို စောင့်နေတာပါ၊ သူမက ပြန်လာတာကို မြင်ရပြီဆိုတော့ စကားနည်းနည်း ပြောပြီးရင် ပြန်မှာ၊ မင်း အဲဒီလောက်အထိ ဒေါသထွက်မနေပါနဲ့”
“အိုး.. သူဌေးချီ
ရှိနေတာကိုး၊ ကျွန်မက ခုနက မမြင်လိုက်လို့ပါ၊ တောင်းပန်ပါတယ်နော်!”
လင်းမိန်ဟွေ့က သူတစ်ပါးအပေါ်တွင် ရိုင်းစိုင်းစွာ ပြောဆိုတတ်သူ မဟုတ်သော်လည်း ချီယုံကို မြင်ရသည့်အချိန်တွင် မည်သို့ပြောရမည်ကိုမသိဘဲ အနေရခက်နေမိသည်။
ချီယုံက စိတ်မဆိုးဘဲ အပြုံးတစ်ခုနှင့် ပြောလိုက်ပေ၏။
“ရပါတယ်၊ ရပါတယ်၊ ကျွန်တော်က သူဌေးမလေးရဲ့ PHS ဆိုင်က ဘယ်တော့ဖွင့်မလဲဆိုတာကို သိချင်လို့ပါ၊ ကျွန်တော့်ရဲ့ဆိုင်အတွက်လည်း ပြိုင်ဘက်ရှိတော့ မပျင်းရတော့ဘူးပေါ့”
လင်းမိန်ဟွေ့က အရာရာကို ကြိုတင်စီစဉ်ထားပြီးဖြစ်၍ စိတ်ဆိုးစရာ မရှိပေ။
သူမက အပြုံးတစ်ခုနှင့်ပင် ပြန်လည်၍ပြောလိုက်ပေ၏။
“ကျွန်မတို့ရဲ့ စီးပွားရေးကို စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ် သူဌေးချီ၊ မကြာခင် ဖွင့်တော့မှာပါ၊ နောက်ဆုံး သဘက်ခါပေါ့၊
သူဌေးချီကတော့ အရင်ဦးဆုံး စတင်နိုင်ခဲ့တာဆိုတော့ ကျွန်မတို့ကလည်း သူဌေးဆီကနေ သင်ယူရဦးမှာပေါ့”
သူတို့နှစ်ဦးလုံးက ပြုံးနေကြသော်လည်း အချင်းချင်းက ပြိုင်ဆိုင်နေကြခြင်းပင် ဖြစ်သည်။
လင်းမိန်ဟွေ့က လူမှုဆက်ဆံရေးတွင် ဤမျှအထိ ပါးနပ်လိမ့်မည်ဟု ချီယုံက မထင်ထားခဲ့ပေ။
သူမအနေဖြင့် ကောင်တာလုခံရခြင်းနှင့် စီးပွားရေးကို လုခံရခြင်းတို့အတွက် ငိုယိုနေလိမ့်မည်ဟု သူက ထင်မှတ်ထားခဲ့ခြင်းပင် ဖြစ်သည်။
ယခုတွင် သူက အတွေးလွန်ခဲ့ကြောင်းကို သိလိုက်ရ၏။
သို့သော်လည်း သူက PHS စီးပွားရေးကို အပိုင်ချုပ်ထားပြီးသား ဖြစ်ပေသည်။
လင်းမိန်ဟွေ့ကသာ ဈေးလျှော့ရောင်းရဲလျှင် သူက အရှုံးခံ၍ပင် ပြန်လည်ရောင်းချမည် ဖြစ်၏။
ဝယ်သူအများအပြားကို အရင်ဆုံး ရရှိသူကသာ ခရိုင်မြို့ရှိ ပထမဆုံး PHS ဆိုင် ဖြစ်လာမည်က အမှန်တရားပင်။
ချီယုံ၏ အပြုံးက ပို၍ပင် ကျယ်ပြန့်လာပြီး သူ၏ မျက်မှောင်ကြွမှုများတွင် ဂုဏ်ယူဝံ့ကြွားမှုများက ဖုံးကွယ်၍မရအောင်ပင် ရှိနေ၏။
“ဒီအကြံကို အရင်ပေးခဲ့တဲ့အတွက် သူဌေးမလေးလင်းကို ကျေးဇူးတင်ရမှာပေါ့၊
မဟုတ်ရင် ကျွန်တော်ကလည်း ဒီလောက် အခွင့်အရေးကောင်းကို ရှာတွေ့မှာ မဟုတ်ဘူး၊
နောက်နှစ်လအတွင်းမှာ ခရိုင်မြို့က ဝယ်သူအများစုက ကျွန်တော့်ရဲ့ဆိုင်ကလူတွေပဲ ဖြစ်ကုန်တော့မှာ၊ ယုံလား”
“ယုံတာပေါ့၊ သူဌေးချီက အတော်ဆုံးပဲလေ၊ အခုတော့ သူဌေးလည်း အိမ်ပြန်ပြီး နားလိုက်ပါဦး၊ မနက်ဖြန်ကျမှ ဆိုင်ပြန်ဖွင့်တာပေါ့”
လင်းမိန်ဟွေ့က ဤနတ်ဆိုးကြီးကို အမြန်ဆုံး မောင်းထုတ်ချင်နေပြီ ဖြစ်၏။
သူမက တစ်နေ့လုံး ဗိုက်ဆာနေခဲ့သကဲ့သို့၊ နေ့လယ်ကလည်း ခေါက်ဆွဲခြောက်တစ်ထုပ်တည်းနှင့်သာ ပြီးခဲ့ရသည် မဟုတ်ပါလား။
လင်းမိန်ဟွေ့က သူ့ကို မပြိုင်ဆိုင်ဝံ့တော့ဟု ထင်မှတ်၍ ချီယုံက သီချင်းတညည်းညည်းဖြင့် ဆိုင်ထဲမှ အောင်နိုင်သူတစ်ဦးပမာ ထွက်ခွာသွားလေတော့သည်။
စုန့်ယီက ချီယုံ ထွက်သွားသည်နှင့် လက်ထဲမှ ကိရိယာများကို ချလိုက်ပြီး ပြောလိုက်ပေသည်။
“မင်းက ခုနက ပြန်မလာခဲ့ရင် ကိုယ်က တကယ်ပဲ ဂွနဲ့ သူ့ကို ပညာပေးလိုက်မိတော့မှာ၊
ဒီလိုလူစားမျိုးက တကယ့် လူယုတ်မာပဲ၊ သူ့ကို အလျော့ပေးနေလို့ မရဘူး”
လင်းမိန်ဟွေ့က အပြုံးတစ်ခုနှင့်ရှင်းပြလိုက်လေ၏။
“အစ်ကိုစုန့်ယီ၊ သူ့ကို ဘာလို့ အရေးလုပ်နေမှာလဲ၊ ကျွန်မက ဆက်သွယ်ရေးဌာနက တာဝန်ရှိသူနဲ့ ဆွေးနွေးပြီးပါပြီ၊
သူက ကျွန်မကို ဖုန်းနံပါတ်အလှတွေကို အများကြီး ကြိုရောင်းပေးမယ်လို့ ကတိပေးထားတယ်၊
အဲဒီကျရင် ဝယ်သူတွေက သူတို့ကြိုက်တဲ့ နံပါတ်ကို တိုက်ရိုက်ရွေးလို့ ရမှာပေါ့”
“တကယ်လား!”
စုန့်ယီက အလွန်ပင် ဝမ်းမြောက်သွားရသည်။ လင်းမိန်ဟွေ့၏ အလုပ်လုပ်နှုန်းက ဤမျှအထိ မြန်ဆန်လိမ့်မည်ဟု သူက မထင်ထားခဲ့ပေ။
တစ်မွန်းလွဲအတွင်းမှာပင် ကိစ္စများက အဆင်ပြေသွားခဲ့သည်။
သို့သော်လည်း ချီယုံက ပြဿနာရှာနေသည်ဖြစ်၍၊ လင်းမိန်ဟွေ့၏ ဆိုင်က ချီယုံထက် ပို၍ ရောင်းကောင်းပါ့မလားဟူသည်ကို သူက စိုးရိမ်နေဆဲပင်။
မည်သို့ပင်ဖြစ်စေ ချီယုံက ဒေသခံဖြစ်ပြီး သူတို့နှစ်ဦးက လူစိမ်းများပင် ဖြစ်နေကြသည် မဟုတ်ပါလား။
လင်းမိန်ဟွေ့က သူ၏ စိုးရိမ်မှုကို ရိပ်မိသောကြောင့် အပြုံးတစ်ခုနှင့်မေးလိုက်ပေသည်။
“အစ်ကို့ရဲ့မိန်းမက အရောင်းဌာနမှာ ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့သူနော်၊
ပစ္စည်းရောင်းတဲ့နေရာမှာ သူများကို ရှုံးလိမ့်မယ်လို့ ထင်နေတာလား”
လင်းမိန်ဟွေ့က သူ့ကို စနောက်၍ ပျော်ရွှင်အောင် လုပ်ပေးနေကြောင်းကို သိသောကြောင့် စုန့်ယီက သူမ၏ နှာခေါင်းလေးကို အသာအယာ တို့လိုက်ရင်းပြောလိုက်လေ၏။
“ဟုတ်ပါပြီ၊ မင်းက ကမ္ဘာပေါ်မှာ အတော်ဆုံး အရောင်းဝန်ထမ်းပါ၊
ကိုယ်တို့မိသားစုရဲ့ စီးပွားရေးကတော့ ဒီစီးပွားရေးနတ်သမီးလေးရဲ့ လက်ထဲမှာပဲ ရှိနေတာ”
စုန့်ယီက အပူပေးစက်ပြင်ခြင်းကို ရပ်ဆိုင်းလိုက်ပြီး လင်းမိန်ဟွေ့ အကြိုက်ဆုံး ငါးပေါင်းဟင်းကို သွားစားရန် ပြင်ဆင်လေတော့သည်။
စားသောက်ဆိုင်ငယ်လေးက
အချိန်စောသေးသောကြောင့် လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က ပထမဆုံးသော ဝယ်သူများပင် ဖြစ်ကြသည်။
ဆိုင်ရှင်က သူတို့အပေါ်တွင် အလွန်ပင် ဖော်ရွေလွန်း၏။ လက်ဖက်ရည်များကို တိုက်ရင်းနှင့်ပင် ယခုရက်ပိုင်းအတွင်းမှ သတင်းကြီးများကို ဖောက်သည်ချလေတော့သည်။
“အခုရက်ပိုင်း ခရိုင်မြို့မှာ ထူးထူးဆန်းဆန်းတွေက ဖြစ်နေတာ ကြားမိကြလား”
“ဘာဖြစ်လို့လဲ”
လင်းမိန်ဟွေ့က ဗိုက်ဆာနေသောကြောင့် ဟန်မပျက်ပင် မေးမြန်းလိုက်ပေ၏။
ဆိုင်ရှင်က သူတို့ကို မီနူးစာအုပ် ပေးရင်းနှင့်ပြောလေ၏။
“ပထမက စူပါမားကတ် သုံးဆိုင် ပြိုင်ကြရာကနေ နှစ်ဆိုင်က ရှုံးသွားခဲ့တာလေ၊
အခုတော့ PHS ဖုန်းဆိုင် နှစ်ဆိုင်က ထပ်ပြီး ပြိုင်နေကြပြန်ပြီ၊ ပြောရရင်တော့ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းတယ်”
“အိုး စိတ်ဝင်စားစရာပဲနော်!”
လင်းမိန်ဟွေ့က ဤလူများက သူတို့၏အကြောင်းကို ပြန်ပြောပြနေသည်ကို နားထောင်ရင်း ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရသည်။
ဤဆိုင်ရှင်က တစ်နေ့လုံး မီးဖိုချောင်ထဲတွင်သာ ချက်ပြုတ်နေသူဖြစ်၍ သူ၏ရှေ့မှ လူနှစ်ဦးက ထိုဖြစ်ရပ်၏ ပိုင်ရှင်များဖြစ်ကြောင်းကို သိရှိလိမ့်မည် မဟုတ်ပေ။
ဆိုင်ရှင်က ဆက်လက်၍ အတင်းပြောလေတော့၏။
“ဒီက လူစိမ်းတွေကတော့ ချီယုံက ဘယ်လောက်အထိ ရက်စက်လဲဆိုတာကို သိမှာမဟုတ်ဘူး၊
အရင်တုန်းက သူ့ရဲ့အိမ်နီးနားချင်းနဲ့ ပြဿနာဖြစ်တာကို သူက ဟိုဘက်အိမ်ကို မီးတိုက်ပစ်ခဲ့တာလေ”
“ဒါဆို ရဲက သူ့ကို ဖမ်းမသွားဘူးလား”
“ဖမ်းဖို့က သက်သေမရှိဘူးလေ၊ ချီယုံနဲ့ သူငယ်ချင်းတွေက အဲဒီနေ့က အိမ်မှာ မရှိဘဲ ပြဿနာရှာဖို့ ထွက်သွားကြတာ၊
မိသားစုဝင်တွေကလည်း နောက်ရွာကို ဇာတ်ပွဲသွားကြည့်နေကြတာလေ၊ ဒါတွေက အားလုံးက သိနေကြပေမဲ့ ရဲကတော့ သက်သေမရှိဘဲ လူကို စိတ်တိုင်းကျ ဖမ်းလို့မရဘူး”
ထိုအချိန်မှသာ လင်းမိန်ဟွေ့က သူက ရင်ဆိုင်နေရသူက လူရမ်းကားတစ်ဦးဖြစ်ကြောင်းကို သိလိုက်ရသည်။
လင်းမိန်ဟွေ့က ခေါင်းကိုမော့၍ စုန့်ယီကို လှမ်းကြည့်လိုက်၍၊ စုန့်ယီက ထိုကိစ္စကို စိတ်ထဲ၌ လုံးဝ မထားဘဲ တည်ငြိမ်နေသည်ကို တွေ့ရ၏။
ထိုအချိန်မှသာ လင်းမိန်ဟွေ့က စိတ်ဓာတ်ခိုင်မာသွားရသည်။
နတ်ဆိုးက လမ်းထက် မြင့်ရင်တောင်မှ ကိစ္စမရှိဘူး။
သူတို့ကတော့ ချီယုံကို ကြောက်နေမှာ မဟုတ်ဘူး။
သူမက တွေးလိုက်မိ၏။
“ဒါကို ကျွန်တော်က ပြောပြတယ်လို့တော့ မပြောနဲ့နော်၊ ကျွန်တော်ကလည်း အဲဒီလူကို မပတ်သက်ချင်လို့ပါ”
ဆိုင်ရှင်က သူက စကားများသွားပြီဖြစ်ကြောင်းကို သတိပြုမိသောကြောင့် လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ကို အလျင်အမြန်ပင် သတိပေးလိုက်ပေသည်။
လင်းမိန်ဟွေ့က အပြုံးတစ်ခုနှင့်မေးလိုက်ပေ၏။
“စိတ်မပူပါနဲ့ ဦးလေး၊ ကျွန်မတို့က လူစိမ်းတွေပဲဟာ၊ ဘယ်သူမှန်တယ်၊ မှားတယ်ဆိုတာကို စိတ်မဝင်စားပါဘူး၊
ဒါပေမဲ့ ဟို အိမ်နီးနားချင်းအတွက်တော့ သနားစရာပဲ၊ သူတို့ရဲ့ မိသားစုကရော အဆင်ပြေကြရဲ့လား”
“လူတိုင်းကတော့ အဆင်ပြေပါတယ်၊ အိမ်မီးလောင်သွားလို့ တခြားနေရာမှာပဲ မြေကွက်အသစ်ယူပြီး ပြန်ဆောက်လိုက်ကြရတာပေါ့၊
ချီယုံတို့ မိသားစုနဲ့ အိမ်နီးနားချင်း ဆက်မလုပ်ချင်ကြလို့လည်း ဖြစ်မှာပါ”
“အင်းလေ၊ အဲဒီလိုလူမျိုးနဲ့ အိမ်နီးနားချင်း ဖြစ်ရတာကတော့ ကံဆိုးတာပဲ”
*
အခန်း(196)
လင်းမိန်ဟွေ့က သူမ၏ ရင်ထဲရှိ အတွေးကို ပြောလိုက်သော်လည်း စားသောက်ဆိုင်၏ဆိုင်ရှင်က သူမက သူ့ကို ထောက်ခံနေသည်ဟုသာ ထင်မှတ်နေသည်။
လင်းမိန်ဟွေ့က ဟင်းများကိုမှာယူလိုက်ပြီး ဆိုင်ရှင်ကလည်း စားဖိုမှူးကို ချက်ခိုင်းလိုက်လေသည်။
လင်းမိန်ဟွေ့က စုန့်ယီကို တည်ငြိမ်စွာ ကြည့်လျက်မေးမြန်းလိုက်လေ၏။
“အစ်ကိုစုန့်ယီ၊ တကယ်လို့ ချီယုံက ကျွန်မတို့ကို ပြဿနာလာရှာရင် ဘယ်လိုလုပ်မလဲ”
“သူသာ ပြဿနာလာရှာရဲရင်တော့ ပြဿနာက သူ့ဆီကို ပြန်သွားအောင် ကိုယ်က လုပ်ပေးလိုက်မယ်”
စုန့်ယီ၏ လေသံက မပြင်းထန်သော်လည်း လူကို အလိုလို ယုံကြည်အားကိုးစိတ်များကို ဖြစ်ပေါ်စေခဲ့သည်။
မကြာမီပင် ပရိဘောဂစက်ရုံမှ လင်းမိန်ဟွေ့၏ဆိုင်သို့ မှန်ကောင်တာများကို စည်ကားသိုက်မြိုက်စွာ လာရောက်ပို့ဆောင်ခဲ့လေ၏။
ချီယုံပင်လျှင် မှင်သက်သွားရသည်။
လင်းမိန်ဟွေ့က အရင် ကောင်တာ သုံးခုကို မှာယူထားခဲ့ခြင်း မဟုတ်ဘူးလား။
သူမ မှာထားသည်များကို သူ့ဘက်မှ လုယူခဲ့ခြင်းဖြစ်ပေ၏။ ယခု ရောက်လာသည့်အရာက အဘယ်ကြောင့် တခြားပုံစံသို့ ပြောင်းသွားရသနည်း။
ချီယုံက ပရိဘောဂတင်လာသော ကားကို တားဆီး၍ ယာဉ်မောင်းကို တိုက်ရိုက်ပင် မေးမြန်းလိုက်ပေ၏။
“ခင်ဗျားတို့တွေ လင်းမိန်ဟွေ့ရဲ့ ဆိုင်ကို ပစ္စည်းတွေကို လာပို့ပေးကြတာလား၊
သူမက ကောင်တာ သုံးစုံကို မှာထားတာ မဟုတ်ဘူးလား၊ အခု ဘာလို့ ဒီလိုပုံစံတွေ ပြန်ဖြစ်သွားရတာလဲ”
ယာဉ်မောင်းက ရိုးသားသည်းလူတစ်ဦးဖြစ်သောကြောင့် ချီယုံက မေးသည့်အချိန်တွင် မဖုံးကွယ်ဘဲ အမှန်အတိုင်း ရှင်းပြလိုက်ပေသည်။
“အစကတော့ ကောင်တာပုံစံကိုပဲ လိုချင်ခဲ့တာပါ၊ ဒါပေမဲ့ နောက်မှ လင်းမိန်ဟွေ့က စိတ်ပြောင်းသွားပြီး နံရံကပ်ဗီဒိုပုံစံ ကောင်တာတွေက ပိုကောင်းမယ်၊ဆိုင်ကိုလည်း ပိုကျယ်သွားမယ်လို့ ပြောတာနဲ့ အခုလို ပြောင်းလုပ်ပေးလိုက်ရတာတဲ့”
မှန်ကောင်တာက ဘေးပတ်ပတ်လည်မှ ပွင့်လင်းမြင်သာသောကြောင့် အထဲမှ PHS ဖုန်းများကို ရှင်းလင်းစွာ မြင်တွေ့နိုင်သော်လည်း နေရာအလွန်ယူလွန်းသည့် အားနည်းချက် ရှိသည်။
ယခု လင်းမိန်ဟွေ့က ပြောင်းလဲလိုက်သော ပုံစံက နံရံကပ်ဗီဒိုပုံစံ ဖြစ်ပြီး အောက်ဘက်တွင် ပစ္စည်းပြကွက်အနည်းငယ်သာ ပါရှိ၍ နေရာသိပ်မယူပေ။
ထို့ကြောင့် ဆိုင်ထဲ၌ နေရာလွတ်များစွာက ကျန်ရှိနေပြီး ဝယ်သူများအတွက် ထိုင်ခုံများကိုပင် ထားရှိနိုင်သည်။
“သေစမ်း၊ ဒီမိန်းမက ငါ့ကို တမင် ထောင်ချောက်ဆင်လိုက်တာပဲ!”
ချီယုံက မျက်မှောင်ကြုတ်၍ စိတ်ထဲမှ ကြိတ်၍ ရေရွတ်နေမိသည်။
ယာဉ်မောင်းက သူ့ဘာသာ တစ်ယောက်တည်း စကားပြောနေသည်ကို ကြည့်၍ ကားမောင်းထွက်သွားလေတော့သည်။
ချီယုံကလည်း ရပ်မနေနိုင်သောကြောင့် သူ၏ ဝန်ထမ်းတချို့ကို ဝယ်သူဟန်ဆောင်၍ အခြေအနေကို သွားကြည့်ရန် ချက်ချင်း စေလွှတ်လိုက်ပေသည်။
လင်းမိန်ဟွေ့၏ PHS ဆိုင်က တရားဝင် ဖွင့်လှစ်ခဲ့သည်။
လင်းမိန်ဟွေ့က ဆက်သွယ်ရေးဌာနမှ တာဝန်ရှိသူများကို အထူးဖိတ်ကြားခဲ့သကဲ့သို့ ဆက်သွယ်ရေးဌာနကလည်း ဤကိစ္စကို ခရိုင်အစိုးရအဖွဲ့ထံသို့ အကြောင်းကြားထားသောကြောင့် ခရိုင်အဆင့် လူကြီးတချို့ကပါ တက်ရောက်ချီးမြှင့်ပေးခဲ့ကြ၏။
ဆိုင်ရှေ့တွင် လူအုပ်ကြီးက ပင်လယ်ပြင်ကဲ့သို့ ပြည့်နှက်နေသည်။ ခရိုင်လူကြီးများက အဖွင့်အမှာစကားကို ပြောပြီးနောက်တွင် လင်းမိန်ဟွေ့က စင်ပေါ်သို့ တက်လာခဲ့၏။
သူမက ခရိုင်ထဲရှိ ပြည်သူများကို ကတိတစ်ခုကို ပေးလိုက်ပေသည်။
“ကျွန်မရဲ့အနေနဲ့ ပထမတန်းစား အရည်အသွေး၊ ပထမတန်းစား ဝန်ဆောင်မှုနဲ့ ပထမတန်းစား သက်သာတဲ့ဈေးနှုန်း ဆိုတဲ့ အချက်သုံးချက်ကို အကောင်းဆုံးပြည့်နိုင်အောင် ဆောင်ရွက်ပေးသွားပါ့မယ်”
ပြည်သူများက ဤကဲ့သို့ ခမ်းနားစွာ ဖွင့်လှစ်သည်ကို မြင်တွေ့ရသည့်အချိန်တွင် အလွန်ပင် စိတ်ဝင်စားနေကြသည်။
လင်းမိန်ဟွေ့၏ ကတိစကားကို ကြားရသည့်အချိန်တွင် လက်ခုပ်သံများက မိုးဟိန်းသံကဲ့သို့ ထွက်ပေါ်လာတော့သည်။
တချို့ကလည်း လင်းမိန်ဟွေ့ကိုအော်ဟစ်အားပေးကြ၏။
“သူဌေးမလေးလင်းကတော့ အရင်အတိုင်းပဲ.. တော်လိုက်တာ”
“သူဌေးမလေးလင်းက ပြည်သူတွေအတွက် အသက်သာဆုံးသော နည်းပညာသစ်တွေကို ယူဆောင်လာပေးတာပဲ၊ ကျွန်တော်တို့တွေ သေချာပေါက် ဒီဆိုင်မှာပဲ လာဝယ်မှာပါ”
စင်ပေါ်တွင် ရပ်နေသော လင်းမိန်ဟွေ့က တက်ကြွနေကြသော ပြည်သူများကို ကြည့်ပြီး ဤခရိုင်မြို့လေး၌ သတင်းအချက်အလက်နှင့် နည်းပညာခေတ်သစ်တစ်ခုကို စတင်ဖွင့်လှစ်၍ပေးလိုက်နိုင်ပြီဖြစ်ကြောင်းကို သိရှိလိုက်ပေသည်။
ချီယုံ၏ ဝန်ထမ်းတချို့က လင်းမိန်ဟွေ့၏ ဆိုင်ကို လာရောက်လေ့လာကြ၏။
ဆိုင်က သေသပ်စွာ အလှဆင်ထားရုံသာမက ပစ္စည်းခင်းကျင်းမှုကလည်း အလွန်ပင် လှပလွန်းသည်။
အရေးကြီးဆုံးအချက်က လင်းမိန်ဟွေ့၏ PHS ဖုန်းများက ဈေးနှုန်းအမျိုးမျိုး ရှိနေသော်လည်း ချီယုံ၏ ဆိုင်ထက် တစ်လုံးလျှင် ယွမ် တစ်ရာကျော်မျှပို၍ သက်သာနေခြင်းပင် ဖြစ်၏။
ချီယုံ၏ဝန်ထမ်းများက ထိုအခြေအနေကို မြင်သည့်အချိန်တွင် စိတ်ထဲတွင်မသက်မသာဖြစ်သွားကြပြီး ချီယုံ၏ထံသို့ ချက်ချင်းပင် ပြန်၍ သတင်းပို့ကြလေတော့သည်။
ချီယုံက ဝန်ထမ်းများ၏ မျက်နှာမကောင်းသည်ကိုမြင်သော်လည်း လင်းမိန်ဟွေ့က ဟန်ပြနေခြင်းသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်နေ၏။
သူ၏ ဝန်ထမ်းများပင် သူမ၏ဆိုင်အပေါ်တွင် အကောင်းမမြင်နိုင်မှတော့ သူမက မည်သည်ကိုဆက်လုပ်နိုင်ပါမည်နည်း။
ဝန်ထမ်းများက ကြာမြင့်စွာ တီးတိုး ပြောဆိုတိုင်ပင်နေကြပြီးနောက် နောက်ဆုံးတွင် ချီယုံကိုပြောပြလိုက်ပေ၏။
“သူဌေးချီ.. ဆက်သွယ်ရေးဌာနက တာဝန်ရှိသူတင်မကဘူး၊ ခရိုင်အစိုးရက လူကြီးတွေကပါ လင်းမိန်ဟွေ့ကို ဝန်းရံပေးနေကြတယ်၊ ဆိုင်ဖွင့်ပွဲက ခမ်းနားလွန်းလို့ ဒေဝါလီခံရမယ့်ပုံစံမျိုး မရှိပါဘူး”
“သူတို့တွေ ငါ့ထက် ဈေးပေါတဲ့ ပစ္စည်းတွေကို ရလာတာလား၊ ဒီထက်စျေးနည့်လိမ့်မယ်လို့ ငါက မယုံပါဘူး”
“သူ့ရဲ့ ပစ္စည်းတွေက ကျွန်တော်တို့ထက် တကယ်ကို ဈေးသက်သာနေတာ၊ ပုံစံတူချင်းကို သူက ယွမ် (၄၀၀) နဲ့ ရောင်းနေပြီး၊ သူဌေးချီက (၅၀၀) နဲ့ ရောင်းနေတာလေ၊
ကျွန်တော်တို့က ဘူးခွံတွေကို သေချာကြည့်ခဲ့ပါတယ်၊ ထုတ်လုပ်တဲ့ စက်ရုံကတော့ အတူတူပါပဲ”
ချီယုံ မယုံကြည်နိုင်ဖြစ်နေရ၏။
သူက မြို့ပေါ်ရှိ အရောင်းဆိုင်ကြီးတစ်ခုမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး၊ အရောင်းစာရေးကလည်း ဤဈေးက အသက်သာဆုံးဖြစ်ကြောင်းပြောခဲ့သည် မဟုတ်ပါလား။
လင်းမိန်ဟွေ့က အဘယ်ကြောင့် ဤမျှအထိ ဈေးလျှော့ရောင်းနိုင်ရသနည်း။
မျက်စိတစ်မှိတ်အတွင်းမှာပင် လင်းမိန်ဟွေ့က သူနှင့် ဈေးနှုန်းတိုက်ပွဲကို ဆင်နွှဲလိုခြင်း ဖြစ်မည်ဟု ချီယုံက တွေးတောမိပြန်၏။
သို့သော်လည်း ဤ PHS ဖုန်းက လူသုံးကုန်ပစ္စည်းလေးများ မဟုတ်ပေ။
တစ်လုံးလျှင် ယွမ် (၁၀၀) ကျော် အရှုံးခံနေရလျှင် လင်းမိန်ဟွေ့က မကြာမီ အိတ်စိုက်ပေးရတော့မည်သာ ဖြစ်၏။
သူ့အနေဖြင့် လင်းမိန်ဟွေ့က တစ်နေ့ သူ၏ရှေ့တွင် ငိုပြမည့်ရက်ကိုသာ စောင့်ကြည့်နေရန်ကို ဆုံးဖြတ်လိုက်ပေသည်။
ဝန်ထမ်းများကလည်း မည်သို့ပြောရမည်ကိုမသိတော့ဘဲ အလုပ်သို့သာ အမြန်ပြန်သွားကြလေတော့သည်။
ချီယုံက စူပါမားကတ်ရှေ့တွင် ထိုင်နေရင်း နေဝင်ချိန်ကို ငေးကြည့်ကာ စိတ်ပျက်စွာဖြင့် ဆိုင်ထဲသို့ ပြန်ဝင်လာခဲ့၏။
သူက စိတ်ဓာတ်ကျနေပြီး PHS ဖုန်းများကို ဆက်လက်၍ရောင်းချလိုစိတ်ပင် မရှိတော့ပေ။
လင်းမိန်ဟွေ့က အလွန်ပင် ဟိတ်ဟန်ကြီးစွာဖြင့် ဆိုင်ဖွင့်၍ အောင်မြင်နေသည်ဖြစ်၍ သူ၏ဆိုင်က ခြောက်ကပ်ပြီး အထီးကျန်နေသကဲ့သို့ ဖြစ်နေရ၏။
ချီယုံက အိမ်ပြန်ရန် ပြင်နေချိန်မှာပင် ခရိုင်အစိုးရ ဝန်ထမ်းတချို့က ရယ်မောပျော်ရွှင်လျက် လမ်းလျှောက်လာကြသည်ကို တွေ့လိုက်ရ၏။
သူတို့၏ လက်ထဲတွင် PHS ဖုန်းတစ်လုံးစီ ပါရှိနေကြပြီး အလွန်ပင် ကျေနပ်နေပုံရသည်။
ချီယုံက သူတို့ထံသို့ ချက်ချင်းသွား၍ မကောင်းကြောင်းပြောလေတော့သည်။
“ဖုန်းတွေ ဝယ်လာကြတာလား၊ လင်းမိန်ဟွေ့ ဆိုတဲ့ မိန်းမရဲ့ လှည့်ကွက်ထဲကို မဝင်ကြပါနဲ့ဦး၊
သူမရဲ့ ဖုန်းတွေက အစစ်ဟုတ်မဟုတ် ဘယ်သူကသိမှာလဲ၊ ဒီလောက် ဈေးပေါပေါနဲ့ ရောင်းနေတာ၊ ကျွန်တော်ကတော့ အဲဒါတွေက အတုတွေလို့တောင် သံသယဖြစ်မိတယ်”
အစိုးရဝန်ထမ်းများက ချီယုံကို ကြည့်၍ သူတို့၏ ပြေစာများကို ထုတ်ပြလိုက်ကြ၏။
“သုံးနှစ် အာမခံ၊ တစ်နှစ်အတွင်း ပစ္စည်းသစ်လဲပေးမယ်၊ သုံးလအတွင်း ငွေပြန်အမ်းမယ်၊ ဒီလို ဝန်ဆောင်မှုမျိုးက ရှိနေတာကို ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ၊ လင်းမိန်ဟွေ့က သူမရဲ့ နာမည်ကို သူမဘာသာ ဖျက်ဆီးပါ့မလား”
ထိုပြေစာများပေါ်တွင် ရိုက်နှိပ်ထားသော အာမခံချက် သုံးမျိုး ဟူသော စာတန်းကို မြင်လိုက်ရသည့်အချိန်တွင် ချီယုံ၏ မျက်နှာက ရုတ်တရက် ပျက်ယွင်းသွားရသည်။
ချီယုံက လှောင်ပြုံး ပြုံးလိုက်ပြီးပြောပြန်သည်။
“သူမရဲ့ ဖုန်းတွေက သုံးနှစ်ပဲ အသုံးခံမယ်ခို့ပြောတာလား၊ သုံးနှစ်ပြည့်ရင်တော့ အသုံးမကျတော့ဘူးပေါ့”
အစိုးရဝန်ထမ်းများက ချီယုံ၏ စိတ်ထားသေးသိမ်မှုကို မြင်တွေ့ရသည့်အချိန်တွင် စကားများစွာ မပြောလိုတော့ပေ။
“သူဌေးချီ၊ ခင်ဗျားရဲ့ စီးပွားရေးကိုပဲ ခင်ဗျားက ဂရုစိုက်ပါ၊ အခု လင်းမိန်ဟွေ့က ဆက်သွယ်ရေးဌာနနဲ့ ပူးပေါင်းပြီး အစိုးရဝန်ထမ်းတွေအတွက် အထူးလျှော့ဈေးတွေကိုပါ ပေးနေတာလေ၊ နောက်သုံးနှစ်မှာ ဘာဖြစ်မလဲဆိုတာကို ဘယ်သူက သိနိုင်မှာလဲ”
ထို့နောက် သူတို့က အတူ ထွက်ခွာသွားကြ၍ ချီယုံတစ်ယောက်တည်းကသာ အတွေးများဖြင့် ကျန်ရစ်ခဲ့လေတော့သည်။
PHS ဆိုင်ထဲ၌ လင်းမိန်ဟွေ့က ဖုန်းတချို့ကို ရောင်းချပြီးနောက် ခါးများပင် နာကျင်နေရသည်။
သူမက တစ်နေ့တာ အရောင်းပြေစာများကို စုစည်း၍ ယနေ့ မည်မျှ ရောင်းရသည်ကို စစ်ဆေးလိုက်ပေ၏။
မမျှော်လင့်ဘဲ ဘေးမှ စုန့်ယီက တိုက်ရိုက်ပင် ပြောလိုက်ပေသည်။
“စုစုပေါင်း (၇၈) လုံးကို ရောင်းရတယ်၊ဝင်ငွေက ယွမ် (၄၀,၀၀၀) ကျော်ပဲ၊
အဲဒီအပြင် ဆက်သွယ်ရေးဌာနကို ကူညီပေးတဲ့အတွက် ရရှိတဲ့ ကော်မရှင်တွေပါ ပေါင်းလိုက်ရင်၊ အသားတင်အမြတ်က ယွမ် (၄,၀၀၀) ကျော် ရတယ်”
စုန့်ယီက စာရင်းအားလုံးကို အလွတ်မှတ်မိနေပြီး ဂဏန်းတိုင်းကလည်း မှန်ကန်လွန်းနေသည်။
လင်းမိန်ဟွေ့က စုန့်ယီကို လေးစားသော မျက်လုံးများဖြင့် ကြည့်၍ပြောလိုက်ပေသည်။
“အစ်ကိုစုန့်ယီ၊ တကယ်တော့ အစ်ကိုပဲ တက္ကသိုလ်ကို တက်ခဲ့သင့်တာ၊ အစ်ကို့လို မှတ်ဉာဏ်ကောင်းတဲ့ ပါရမီရှင်တစ်ယောက်အတွက်က တကယ်ကို နှမြောစရာပဲ”
လင်းမိန်ဟွေ့က ပထမဆုံး ချီးကျူးမိသည်က အမြတ်ငွေများအတွက် မဟုတ်ဘဲ၊ စီးပွားရေးအတွက် မွေးဖွားလာသူကဲ့သို့ ထူးချွန်လွန်းသော စုန့်ယီ၏ ဦးနှောက်အတွက်သာ ဖြစ်သည်။
နောင်တွင် သူတို့နှစ်ဦးက ဤဆိုင်နှစ်ဆိုင်ကို အတူ လည်ပတ်သွားမည်ဆိုပါက ငွေများစွာကို ရှာနိုင်မည်က အသေအချာပင်။
တစ်ရက်လျှင် ယွမ် (၄,၀၀၀) ကျော် မြတ်သည်ဆိုသည်က အစပုင်းသာရှိသေးသည်။
ဤအခွင့်အရေးမှတစ်ဆင့် သူတို့က တစ်ရက်လျှင် ယွမ်သောင်းနှင့်ချီသော အရောင်းပမာဏကို ရရှိနိုင်မည်ဖြစ်ကြောင်းကို လင်းမိန်ဟွေ့က သိရှိထားသည်။
အကယ်၍ တစ်နေ့တွင် ဈေးကွက်က ဝယ်သူပြည့်နှက်သွားလျှင်လည်း သူတို့က ပစ္စည်းအသစ်များကို ထပ်မံ၍တင်သွင်းကြမည်ဖြစ်ကာ ဝယ်သူဟောင်းနှင့် ဝယ်သူသစ်များက ထပ်မံ၍ရောက်ရှိလာကြဦးမည်သာ ဖြစ်၏။
ဤအတွေးများက သူမ၏ စိတ်ထဲတွင် ထပ်ခါတလဲလဲ ပေါ်ပေါက်နေပြီး လက်တွေ့လည်း ဖြစ်လာခဲ့သည်။
ထိုအချိန်တွင် စုန့်ယီက နူးညံ့စွာ ပြောလိုက်ပေသည်။
“မိန်ဟွေ့.. အခု ဆိုင်ကလည်း ပိုက်ဆံရနေပြီဆိုတော့၊ ကိုယ်တို့က ခရိုင်မြို့မှာပဲ အိမ်တစ်လုံးကို ငှားလိုက်ကြရအောင်၊ အခုလို အသွားအပြန် လုပ်နေရတာက အရမ်းပင်ပန်းလွန်းတယ်လေ”
*