← Chapters

အခန်း (၁၉၇-၁၉၈)

Vol. 20 Ch. 197-198

အခန်း (၁၉၇-၁၉၈)

Vol. 20 Ch. 197-198

အခန်း(197)

ဤအတောအတွင်း လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ အလုပ်ဆင်းချိန်တွင် ချန်အန်းသယ်၏ ကားဖြင့် မြို့နယ်ထဲသို့ ပြန်၍ နေထိုင်နေကြဆဲ ဖြစ်လေသည်။

PHS ဆိုင်၏ ရလဒ်များက ထွက်ပေါ်လာပြီးနောက် ချန်အန်းသယ်က လင်းမိန်ဟွေ့နှင့် စုန့်ယီတို့အတွက် ပထမဆုံး ဂုဏ်ပြုပေးသူ ဖြစ်လာခဲ့သည်။

သူက နိုင်ငံခြားဖြစ်ဝိုင်နီတစ်ပုလင်းကို တစ်နေရာမှ ဝယ်ယူခဲ့ပြီး၊ ကောင်းမွန်သော နေ့တစ်ရက်ကို ရွေးချယ်၍ လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ကို ထမင်းကျွေးရန် ဖိတ်ခေါ်ခဲ့၏။

လင်းမိန်ဟွေ့ကလည်း ပေကျင်းမှ ဝယ်လာသော အဝတ်အစားများကို အထူးတလည် ဝတ်ဆင်ခဲ့သကဲ့သို့ စုန့်ယီကိုလည်း သေသပ်စွာ ပြင်ဆင်ခိုင်းခဲ့သည်။

ခရိုင်မြို့တွင် မြို့နယ်ထက် စားသောက်စရာ နေရာများက ပေါများလွန်းပေသည်။

ချန်အန်းသယ်က သေချာစွာ ရွေးချယ်ခဲ့ပြီး ဟုန်ဟွားသယ်ဟု အမည်ရသော ဆိုင်တွင် ဟော့ပေါ့စားရန် စီစဉ်ခဲ့၏။

သူတို့အဖွဲ့က ဆိုင်ထဲသို့ ဝင်လိုက်သည့်အချိန်တွင် အလုပ်များနေသော ဝန်ထမ်းများကို မြင်တွေ့လိုက်ရ၏။

လင်းမိန်ဟွေ့က ချန်အန်းသယ်ကို အပြုံးတစ်ခုနှင့် စနောက်လိုက်ပေ၏။

“ဟော့ပေါ့နဲ့ ဝိုင်နီဆိုတော့ ဘယ်လိုဖြစ်မလဲ၊ အဲဒီအစား ဆန်အရက်ပဲ သောက်လိုက်တာက ပိုကောင်းမယ် ထင်တယ်”

ချန်အန်းသယ်က ဝိုင်နီပုလင်းကို မြှောက်ပြ၍ အပြုံးတစ်ခုနှင့် ပြောဆိုလေသည်။

“ဒါက ဂုဏ်ပြုတဲ့အနေနဲ့ သောက်မှာလေ၊ ဆန်အရက်ကတော့ နောက်မှ သောက်ကြတာပေါ့”

လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ ထိုင်လိုက်သည်နှင့် ချန်အန်းသယ်က ချီယုံတစ်ယောက် ဒေါသထွက်ပြီး ခေါင်းကိုက်နေရသည့် အကြောင်းကို မပြောရလျှင် မနေနိုင်တော့ပေ။

“ညဘက် စူပါမားကတ်ကို မပိတ်ခင်တုန်းက ချီယုံရဲ့ နဖူးမှာ အမည်းကွက်ကြီးတစ်ခုကို ငါက မြင်လိုက်တယ်လေ၊

ငါလည်း ချီယုံကို ‘မင်းရဲ့ မျက်နှာက ဘာလို့ မည်းမှောင်နေရတာလဲ၊ သွေးထွက်သံယို ဘေးဒုက္ခတစ်ခုခုကိုများ ကြုံရတော့မှာလား’လို့ လှမ်းမေးလိုက်သေးတယ်လေ”

“ချီယုံက ငါ့ကို ပြန်ပြောဖို့ကိုတောင် ခွန်အားမရှိတော့ပါဘူး၊ ငါ့ကို အားမရှိတဲ့ မျက်လုံးတွေနဲ့ ကြည့်ပြီး ဘာမှမပြောဘဲ ထွက်သွားတော့တာပဲ”

ထိုသို့ပြောပြီးနောက် ချန်အန်းသယ်က စားပွဲကို ရိုက်၍ အားရပါးရ ရယ်မောလေတော့၏။

သူ၏ ပျော်ရွှင်နေသော အမူအရာကြောင့် ဝန်ထမ်းများကပင် လှမ်းကြည့်နေကြရ၏။

လင်းမိန်ဟွေ့က သူ့ကို အကြိမ်ကြိမ် တားဆီးသော်လည်း စုန့်ယီက သူမကို တားထားလိုက်ပေသည်။

“သူ့ကို ရယ်ခိုင်းလိုက်ပါဦး၊ မဟုတ်ရင် အရင်က သူ ခံခဲ့ရတဲ့ နာကျင်မှုတွေက သူ့ရဲ့စိတ်ထဲမှာသိမ်းထားရပြီး ရောဂါဖြစ်ကုန်လိမ့်မယ်၊

ဒီနေ့တော့ သူက အားရပါးရ ရယ်ပါစေ၊ ကိုယ်တို့ကလည်း ပျော်ရတာပေါ့”

စုန့်ယီတွင်လည်း ဤကဲ့သို့သော ဝါသနာရှိလိမ့်မည်ဟု လင်းမိန်ဟွေ့က မထင်ထားခဲ့သောကြောင့် သူမက မျက်ခုံးပင့်၍ ပြုံးလိုက်မိလေသည်။

ချန်အန်းသယ်က မျက်ရည်များ ထွက်လာသည်အထိ ငါးမိနစ်ခန့်ကြာအောင် အားရပါးရ ရယ်မောပြီးမှ ရပ်လိုက်သည်။

လင်းမိန်ဟွေ့က ဝန်ထမ်းကို ဝိုင်နီပုလင်းကို ဖွင့်ခိုင်းလိုက်ပြီး ချန်အန်းသယ်အတွက် တစ်ခွက် ငဲ့တိုက်လိုက်ရင်း ပြောလိုက်လေ၏။

“ကောင်းပြီ၊ သူဌေးချန်ကို အရင်ဆုံး ဂုဏ်ပြုပါတယ်၊ သူဌေးချန် ကောင်းကောင်း လက်စားချေနိုင်ခဲ့သလို နောင်ကျရင်လည်း စူပါမားကတ် စီးပွားရေးတွေက ဒီထက်မက အောင်မြင်ပါစေ”

ချန်အန်းသယ်က သူ၏ဖန်ခွက်ကို မြှောက်၍ တစ်ကျိုက်တည်းနှင့် ကုန်အောင် သောက်လိုက်ပေသည်။

အမှန်တွင် လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က မပြန်လာမီက သူက ချီယုံနှင့် တခြားစူပါမားကတ်ပိုင်ရှင် ဟူချွမ်တို့နှင့် တိတ်တဆိတ် ယှဉ်ပြိုင်ခဲ့ဖူး၏။

သို့သော်လည်း ‘နယ်ဝေးက နဂါးက နယ်ခံမြွေကို မနိုင်’ ဆိုသကဲ့သို့ သူက တိတ်တဆိတ်သာ ရှုံးနိမ့်ခဲ့ရလေ၏။

ထိုနေ့ရက်များအတွင်း သူက မည်မျှအထိ စိတ်ပျက်ခဲ့ရမည်ကို ပြောနေရန်ပင် မလိုပေ။

သူက အိမ်ပြန်ပြီး ဖခင်ဖြစ်သူထံတွင် ယွမ် (၄၀,၀၀၀) ကို တောင်းပန်၍ ယူခဲ့ရချိန်က၊ ချန်အန်းသယ်အနေဖြင့် သူ၏ဘဝတွင် အကြီးမားဆုံးသော အရှက်ရမှုကို ခံစားခဲ့ရခြင်းပင် ဖြစ်၏။

သူ၏ နှလုံးသားက ထိုအချိန်မှစ၍ သံမဏိကဲ့သို့ မာကျောခဲ့ရပေသည်။

ဖခင်ဖြစ်သူက သူ့ကို အသုံးမကျသူအဖြစ်သို့ ယူကျုံးမရ ဖြစ်နေသည်ကို မြင်ရသည့်အချိန်တွင် သူ များစွာ ဝမ်းနည်းခဲ့ရပေ၏။

ထိုအချိန်က လင်းမိန်ဟွေ့ကို စိတ်အနှောင့်အယှက် ဖြစ်မည်စိုး၍ သူက အများကြီး မပြောခဲ့ပေ။

မည်သို့ပင်ဖြစ်စေ သူမက ထုတ်ဝေရေးရုံးတွင် နေ့ညမပြတ် အလုပ်များနေခဲ့ရသည် မဟုတ်ပါလား။ သူက မည်သို့ ရင်ဖွင့်ဝံ့ပါမည်နည်း။

ယခုတွင် လင်းမိန်ဟွေ့က ပြန်ရောက်လာပြီးနောက် ချီယုံနှင့် ဟူချွမ်တို့ကို ပညာပေးနိုင်ခဲ့သောကြောင့် သူက အလွန်ပင် ကျေနပ်နေမိသည်။

“မင်းတို့ သိလား၊ ငါပဲ မင်းတို့ကို ကျွေးမွေးချင်တာ မဟုတ်ဘူး၊ငါ့ရဲ့စူပါမားကတ်က ဝန်ထမ်းတွေတိုင်းကလည်း မင်းတို့ကို ကောင်းကောင်း ဧည့်ခံပေးဖို့ တောင်းဆိုနေကြတာ၊

ဒီနေ့ ထမင်းဖိုးကို သူတို့အားလုံးက အညီအမျှ စုထည့်ပေးကြတာလေ!”

ချန်အန်းသယ်က ထပ်မံ၍ ရယ်မောပြန်သည်။ စူပါမားကတ်၏ ဝန်ထမ်းများမှာ တခြားဆိုင်များ၏ ဖိနှိပ်မှုကို ခံခဲ့ကြရသူများဖြစ်၍ ယခုအချိန်မှသာ ကျွန်ဘဝက လွတ်မြောက်ပြီး သီချင်းဆိုနိုင်ကြသူများကဲ့သို့ ပျော်ရွှင်နေကြမည်ကို သူ မြင်ယောင်နေမိသည်။

ဝန်ထမ်းများက စုထည့်ပေးခြင်းဖြစ်ကြောင်းကို လင်းမိန်ဟွေ့က ကြားရသည့်အချိန်တွင် ချန်အန်းသယ်ကိုပြောလိုက်ပေ၏။

“ဝန်ထမ်းတွေဆီက ပိုက်ဆံကိုမယူပါနဲ့၊ သူတို့မှာလည်း အများကြီး မရကြပါဘူး၊

နောင်ကျရင် ဝန်ထမ်း တစ်ယောက်ချင်းစီကို ခံစားခွင့်တစ်ခု ပေးလိုက်ပါ၊

ကျွန်မရဲ့ PHS ဖုန်းတွေကို သူတို့အတွက် အရင်းဈေးနဲ့ပဲ တစ်လုံးစီ ရောင်းပေးမယ်လေ”

“တကယ်လား”

လင်းမိန်ဟွေ့က ဤမျှအထိ ရက်ရောလိမ့်မည်ဟု ချန်အန်းသယ်က မထင်မှတ်ထားခဲ့ပေ။

အကယ်၍ စုန့်ယီသာ မရှိလျှင် သူက လင်းမိန်ဟွေ့ကို သူ၏ ညီမလေးအဖြစ် သေချာပေါက် အသိအမှတ်ပြုမိပေလိမ့်မည်။

ထမင်းစားပြီးနောက် သူတို့သုံးဦးက ချန်အန်းသယ်၏ ကားဖြင့် မြို့နယ်ထဲသို့ ပြန်လာခဲ့ကြ၏။

လင်းမိန်ဟွေ့က ခရိုင်မြို့သို့ ပြောင်းရွှေ့နေထိုင်မည့် အစီအစဉ်ကို ပြောပြလိုက်လေ၏။ ယခုရက်ပိုင်းအတွင်း ချန်အန်းသယ်၏ ဂရုစိုက်မှုများအတွက်လည်း ကျေးဇူးတင်ကြောင်းကို ပြောလိုက်လေသည်။

ချန်အန်းသယ်က လင်းမိန်ဟွေ့ကို ကြည့်၍ပြောလေ၏။

“မိန်ဟွေ့.. မင်း အဲဒီလို ပြောရင် ငါက မပျော်ဘူးနော်၊ မင်းက ငါ့ကို အကြာကြီး ကာကွယ်ပေးခဲ့တာပဲလေ”

လင်းမိန်ဟွေ့က အပြုံးတစ်ခုကိုသာ ဖော်ပြလိုက်ကာ မည်သည်ကိုမျှထပ်မပြောတော့ပေ။

သူမက ကျေးဇူးဆပ်လိုရုံသာ ဖြစ်သော်လည်း ယခုတွင် သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး ဂရုစိုက်ရင်း ကျေးဇူးတရားများကို အပြန်အလှန် ပေးဆပ်နေကြခြင်း ဖြစ်သည်။

ဤကဲ့သို့သော ဘဝမျိုးကို တွေးမိသည့်အချိန်တွင် အိပ်မက်တစ်ခုကဲ့သို့ပင်။ အတိတ်ဘဝတုန်းကသူမက ဤကဲ့သို့ အိပ်မက်ပင် မမက်ဝံ့ခဲ့ပေ။

လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က ကားပေါ်မှ ဆင်းလိုက်သည့်အချိန်တွင် ချန်အန်းသယ်က မှန်ကိုချ၍ပြောလေ၏။

“ငါကလည်း ငါ့ရဲ့အစ်မနဲ့အတူ ခရိုင်မြို့မှာ အိမ်ငှားနေချင်တာ၊

ဒါပေမဲ့ ငါ့ရဲ့မိဘတွေကို ထားခဲ့ဖို့က စိတ်မချဘူးလေ၊ အခုလို နေ့တိုင်း အသွားအပြန် လုပ်နေရတာကလည်း နည်းနည်းတော့ များနေသလားလို့”

လင်းမိန်ဟွေ့က ပြုံးလိုက်ပေ၏။

သူမက သူ့ကို မလှောင်ပြောင်ချင်သော်လည်း မအောင့်နိုင်ဘဲကြောလိုက်ပေ၏။

“ရှင်ကတော့ အိမ်ပြန်ပြီး သူဌေးကြီးလုပ်နေတာကပဲ ကောင်းပါတယ်၊ စူပါမားကတ်မှာက ဝန်ထမ်းတွေ အများကြီးရှိတာပဲ၊ ရှင့်ကို အပင်ပန်းခံခိုင်းမှာ မဟုတ်ပါဘူး၊ ဒါကိုတောင် ရှင် မခံနိုင်ဘူးလား”

ချန်အန်းသယ်က ရှက်ရွံ့စွာသာ ပြုံးနေမိ၏။

စုန့်ယီကလည်း ချန်အန်းသယ်ကိုအကြံပြုလိုက်ပေသည်။

“နောက်နှစ်နည်းနည်းလောက် အတွင်းမှာ မိဘတွေနဲ့ အချိန်ပိုပေးလိုက်ပါဦး၊ ငါနဲ့ မိန်ဟွေ့ကတော့ မိဘမဲ့တွေ ဖြစ်သွားကြပြီလေ၊

အခုဆိုရင် ငါတို့မှာ သိတတ်ရိုသေဖို့ မိဘတွေတောင် မရှိတော့ဘူး၊ ငါ့စကားကို နားထောင်ပြီး မိဘတွေနဲ့အတူ များများ နေပေးလိုက်ဦး”

“ကောင်းပါပြီ!”

ချန်အန်းသယ်က စုန့်ယီနှင့် လင်းမိန်ဟွေ့တို့၏ စကားကို နားထောင်ခဲ့သည်။

သူ၏ မိဘများက ဤနှစ်များအတွင်း သူ့အတွက် များစွာ စိုးရိမ်ခဲ့ရသည် မဟုတ်ပါလား။

ထို့ကြောင့် သူက လီဗာကို နင်းလိုက်ပြီး အိမ်တံခါးဝသို့ အမြန်ဆုံး ပြန်လာခဲ့လေတော့သည်။

သူက အိမ်ထဲသို့ ဝင်ဝင်ချင်းမှာပင် ဖခင်ဖြစ်သူကို အသံကျယ်ကျယ်ဖြင့် လှမ်းခေါ်လိုက်လေ၏။

ဦးလေးချန်က သားဖြစ်သူက ယနေ့လည်း ဝိုင်သောက်ပြီး ရူးကြောင်ကြောင် ထပ်လုပ်နေပြန်ပြီဟု ထင်မှတ်သွားရ၏။

တံခါးဝတွင် မူးယစ်ခြင်းမရှိဘဲ ရပ်နေသော ချန်အန်းသယ်ကို မြင်ရသည့်အချိန်တွင် ဦးလေးချန်က ဆူပူရန် ပြင်လိုက်သော်လည်း ချန်အန်းသယ်က သူ၏အိတ်ထဲမှ ငွေ ယွမ် (၄,၀၀၀) ကို ထုတ်ယူ၍ပေးလိုက်လေ၏။

“အဖေ၊ ဒီ ယွမ်လေးထောင်နဲ့ဆိုရင် ကျွန်တော်က အဖေ့ကို ယွမ်သောင်းဂဏန်းလောက်ကို ပြန်ဆပ်ပြီးပြီနော်၊ပိုက်ဆံအတွက်နဲ့ ကျွန်တော့်ကို ထပ်မဆူပါနဲ့တော့နော်”

ဦးလေးချန်က သားဖြစ်သူ၏ ကလေးဆန်သော အမူအရာကြောင့် ရယ်မောသွားရသကဲ့သို့ အဒေါ်ချန်ကလည်း အခန်းထဲမှ ထွက်လာခဲ့သည်။

ဦးလေးချန်က လေးနက်စွာဖြင့်ပြောလာသည်။

“ငါ မင်းကို အစပိုင်းမှာ ဆူခဲ့တာက မင်းရဲ့ နောက်ဆုံးပိုင်ဆိုင်မှုလေးတွေကိုပါ ကုန်သွားပြီး မိန်းမယူဖို့တောင် ပိုက်ဆံမကျန်မှာ စိုးလို့ပဲလေ

အခု မင်းက ပြန်ရှာနိုင်ပြီဆိုမှတော့ အဲဒီပိုက်ဆံတွေကို မင်းပဲ ယူထားလိုက်ပါတော့”

“အဲဒီလိုတော့ မဖြစ်ဘူးလေ!”

“ဘာလို့ မဖြစ်ရမှာလဲ၊ အခု လင်းမိန်ဟွေ့က PHS ဆိုင်ကိုဖွင့်နေပြီဆိုတော့၊ မင်းကလည်း ရှယ်ယာတွေမှာ ရင်းနှီးမြှုပ်နှံတာဖြစ်ဖြစ်၊ ကြိုက်တာလုပ်လို့ ရတာပဲ၊

မင်းက ယောကျ်ားတစ်ယောက်လို တာဝန်သိတတ်ဖို့နဲ့ ကြိုးစားအားထုတ်တတ်ဖို့ကို သင်ယူရမယ်”

ဦးလေးချန်က ချန်အန်းသယ်က ယခုကဲ့သို့ အလားအလာ ကောင်းလာသည်ကို မြင်ရသောကြောင့် များစွာ ဝမ်းမြောက်နေမိ၏။

လင်းမိန်ဟွေ့က သူမ၏ ကတိကို တည်ခဲ့ပြီး ချန်အန်းသယ်က ဆုံးရှုံးခဲ့သော ငွေများကို ပြန်လည်၍ရရှိအောင် ကူညီပေးခဲ့သည်ကို တွေးမိသည့်အချိန်တွင် သူမ၏ အကူအညီအတွက် ပို၍ပင် ကျေးဇူးတင်မိတော့သည်။

သူ၏သားက ဤမျှအထိ ကံကောင်းလိမ့်မည်ဟု သူက တစ်ချိန်မျှ မထင်မှတ်ခဲ့ဖူးပေ။

ချန်အန်းသယ်က ခေါင်းညိတ်လိုက်ပေ၏။

လိမ်မာသည်ဆိုသည်က မိဘပြောသမျှကို အရာရာ ခေါင်းညိတ်ရခြင်း မဟုတ်ဘဲ၊ မိဘပြောသည့်အချိန်တွင် သေသေချာချာ နားထောင်ပြီး အလုပ်လုပ်သည့်အချိန်တွင် တာဝန်သိတတ်ခြင်းသာ ဖြစ်ကြောင်းကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

မိဘများက သူ့ကို အပြစ်ပြောသည်ကလည်း ချစ်ခြင်းမေတ္တာ၏ ဘာသာစကားတစ်ခုသာ မဟုတ်ပါလား။

*

အခန်း(198)

ချန်အန်းသယ် သူ၏ မိဘများကို ကြည့်လိုက်ရင်း နှလုံးထဲတွင် တစ်ချိန်မျှ မခံစားဖူးသော နူးညံ့မှုများက ပြည့်နှက်လာသည်။

သူက အနားသို့ သွားကာ မိဘနှစ်ပါးကို သူ၏ ရင်ခွင်ထဲသို့ ထည့်၍ ဖက်ထားလိုက်လေ၏။

“ဆောင်းဦးရာသီကို ရောက်လို့ နည်းနည်းအေးလာပြီဆိုရင် ကျွန်တော် အဖေနှင့် အမေတို့ကို ပေကျင်းကို လိုက်ပို့ပေးမယ်၊

ဒီနှစ်တွေအတွင်းမှာ အဖေတို့က ခရီးတစ်ခေါက်မှ မထွက်ရသေးဘူးမလား”

ဦးလေးချန်နှင့် အဒေါ်ချန်တို့ကလည်း သားဖြစ်သူက အသိစိတ်ရှိလာပြီဟု ခံစားရသောကြောင့် အလွန်ပင် ပျော်ရွှင်သွားကြရ၏။

မိသားစုဝင်တိုင်းက အိမ်ထဲသို့ ပြန်ဝင်၍ ရယ်မောပျော်ရွှင်စွာဖြင့် စကားပြောနေကြပြီး ဆူပူသံများ၊ ငြင်းခုံသံများက မရှိတော့ပေ။

ချန်အန်းသယ်က ဤပြောင်းလဲမှုများ အားလုံးက လင်းမိန်ဟွေ့ကြောင့် ရရှိခဲ့ခြင်းဖြစ်ကြောင်းကို သိရှိသောကြောင့် သူမ၏အပေါ်တွင် ပို၍ပင် ကျေးဇူးတင်မိ၍ သူမကို သူ၏ဘဝတစ်လျှောက်လုံး ကာကွယ်စောင့်ရှောက်သွားမည်ဟု ဆုံးဖြတ်လိုက်ပေသည်။

ချန်အန်းသယ်က လင်းမိန်ဟွေ့ကို သူ၏ ညီမလေးအရင်းကဲ့သို့ တိတ်တဆိတ် သတ်မှတ်လိုက်တော့သည်။

*

အတိတ်က ကျောင်းတက်ချိန်ကာလတွင် လင်းမိန်ဟွေ့၌ ပိုက်ဆံများစွာမရှိသကဲ့သို့ ကျောင်းနှင့်နီးသောနေရာကိုသာ နေချင်ခဲ့သောကြောင့် အလွန်ဟောင်းနွမ်းသော သီးသန့်အိမ်လေးတစ်လုံးကိုသာ ရှာဖွေခဲ့ရဖူးသည်။

ယခုတစ်ကြိမ် အိမ်ရှာဖွေသည့်အချိန်တွင်တော့ည စုန့်ယီက လင်းမိန်ဟွေ့ကို ခရိုင်မြို့၏ ဗဟိုမြို့လယ်သို့ ခေါ်ဆောင်သွားခဲ့၏။

ထိုနေရာရှိ အိမ်အများစုက ကျယ်ဝန်းကာ အလင်းရောင်ကောင်းပြီး တည်နေရာကလည်း အလွန်ကောင်းမွန်လွန်းသည်။ သူတို့၏ဆိုင်များနှင့်လည်း မီတာအနည်းငယ်မျှသာ ဝေးကွာပေ၏။

စုန့်ယီက ကျယ်ဝန်းပြီး အလင်းရောင်ကောင်းသော အဆောက်အအုံများကို ညွှန်ပြရင်း အနာဂတ်ဘဝကို မျှော်လင့်တကြီးဖြင့် ပြောလိုက်ပေ၏။

“နောင်ကျရင် ကိုယ်တို့က ခရိုင်မြို့မှာ အိမ်တစ်လုံးကို သေချာပေါက်ဝယ်ရမယ်၊ အဲဒီအချိန်ကျရင် ကိုယ်တို့ရဲ့ကလေးတွေက ပိုကောင်းတဲ့ ပတ်ဝန်းကျင်မှာ နေရမှာပဲ”

ကလေးအကြောင်းကို ပြောလိုက်သည့်အချိန်တွင် လင်းမိန်ဟွေ့က အကြောင်းပြချက်မရှိ ရှက်သွေးဖြာသွားရသည်။

ယခုအချိန်အထိ သူတို့နှစ်ဦးက နမ်းရုံ၊ ဖက်ရုံမျှသာ ရှိသေးပြီး ထိုထက်ပိုသော အဆင့်သို့ မရောက်ကြသေးပေ။

သူမက စုန့်ယီကို ကြည့်လိုက်မိလေ၏။ စုန့်ယီကလည်း လင်းမိန်ဟွေ့၏ အရည်လဲ့နေသော မျက်လုံးများထဲမှ အဓိပ္ပာယ်ကို ချက်ချင်းပင် နားလည်လိုက်ပေသည်။

သူက လင်းမိန်ဟွေ့၏ အနားသို့ တိုးကပ်၍ သူမ၏လက်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်ရင်းပြောလိုက်ပေ၏။

“ကိုယ်တို့တွေ ဘယ်တော့လောက်ကိုမင်္ဂလာပွဲကိုလုပ်ကြမလဲ၊ ကိုယ်တို့ လက်မှတ်သွားထိုးကြရအောင်လေ!”

လင်းမိန်ဟွေ့က အနည်းငယ် ရှက်သွားရပြီး စုန့်ယီ၏ လက်ထဲမှ ရုန်းထွက်လိုက်ကာ ပြန်ပြောလေသည်။

“အိမ်ရှင်က စောင့်နေပြီလေ၊ အရင်ဆုံး အိမ်ငှားဖို့ ကိစ္စကို အပြတ်ပြောလိုက်ရအောင်၊ ဒီအိမ်က သင့်တော်တယ်ဆိုရင် ငှားလိုက်ကြတာပေါ့”

စုန့်ယီနှင့် လင်းမိန်ဟွေ့တို့က အိပ်ခန်းနှစ်ခန်းပါသော အိမ်ခန်းတစ်ခုကို သဘောကျသွားကြ၏။

ဤသည်က သူတို့က ရုတ်တရက် ဇိမ်ခံချင်သွား၍ မဟုတ်ဘဲ ဧည့်သည်နားနေခန်း တစ်ခန်းကို ချန်ထားလိုခြင်းကြောင့်သာ ဖြစ်ပေသည်။

ဤသို့ဆိုလျှင် ချန်အန်းသယ်နှင့် ဝမ်ဟန်တို့က တစ်ခါတစ်ရံတွင် အိမ်မပြန်နိုင်သည့်အချိန်တွင် တည်းခိုနိုင်သကဲ့သို့၊ အစ်မဝမ်နှင့် အစ်မစုန့်တို့က မြို့ပေါ်သို့ ကိစ္စဖြင့် လာသည့်အချိန်တွင်လည်း နားခိုစရာ နေရာရှိသွားမည် မဟုတ်ပါလား။

ဤဆုံးဖြတ်ချက်မှ်ာ အိမ်မငှားမီကပင် လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ တိုင်ပင်ထားခဲ့သည့် ကိစ္စပင်ဖြစ်သည်။

ယခု ဤအိမ်ခန်းက သန့်ရှင်းနေသည်ကို မြင်ရသည့်အချိန်တွင် သူမက ငှားရမ်းရန် ဆုံးဖြတ်လိုက်ပေတော့သည်။

အိမ်ရှင်ကလည်း အလွန်ပင် ဖော်ရွေလွန်းသည်။ သူက သူတို့နှစ်ဦးကို ကြည့်၍ ပြောလာလေ၏။

“မင်းတို့လို လူငယ်တွေကို ငါ သဘောကျတယ်၊ မင်းတို့ဇနီးမောင်နှံလေးက သန့်သန့်ရှင်းရှင်းနဲ့ ကြိုးစားအားထုတ်ကြတဲ့ပုံပဲ

စိတ်ချလက်ချ နေကြပါ၊ ဒီမှာ သော့ပေးခဲ့မယ်၊ မင်းတို့ အချိန်မရွေး ပြောင်းလာလို့ ရပြီနော်”

လင်းမိန်ဟွေ့က စရန်ငွေနှင့် အိမ်လစာများကို ပေးချေလိုက်ပြီး ပစ္စည်းများကို စတင်သိမ်းဆည်းလေတော့သည်။

သူတို့က ချန်အန်းသယ်ကို အကူအညီတောင်းကာ အရင်က ပစ္စည်းများကို မြို့ပေါ်သို့ သယ်ခိုင်းခဲ့ကြပြီး မြို့ပေါ်တွင်လည်း ပစ္စည်းတချို့ကို ထပ်မံ၍ဝယ်ယူခဲ့ကြ၏။

ပစ္စည်းဝယ်ယူသည့် ဖြစ်စဉ်တစ်ခုလုံးတွင် စုန့်ယီက လင်းမိန်ဟွေ့၏ ဆန္ဒအတိုင်းသာ လိုက်လျောပြီး သူမနှစ်သက်သော ပရိဘောဂများကိုသာ ရွေးချယ်စေခဲ့သည်။

ပရိဘောဂဆိုင်သို့ သွားသည့်အချိန်တွင် လင်းမိန်ဟွေ့က ဗီဒိုအစုံလိုက်လေး တစ်ခုကို သဘောကျသွားသော်လည်း ယွမ် (၈၀၀) ကျော် ကျသင့်မည်ဖြစ်သောကြောင့် ဝယ်ရန်ကို ဝန်လေးနေခဲ့၏။

ထိုအချိန်က စုန့်ယီက မည်သည့်စကားမျှမပြောခဲ့ပေ။

သို့သော် ညဘက်တွင် လင်းမိန်ဟွေ့က အခန်းတံခါးဖွင့်လိုက်သည့်အချိန်တွင် ထိုဗီဒိုက အိပ်ခန်းထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားရသည်။

“အစ်ကိုစုန့်ယီ၊ ဒါကို ဘယ်တုန်းက သွားဝယ်လိုက်တာလဲ၊ ကျွန်မလည်း ဘာမှ မသိလိုက်ရပါလား”

တစ်နေ့လည်ခင်းလုံး စုန့်ယီနှင့် သူမက အတူရှိနေခဲ့သည် မဟုတ်ပါလား။ သူက မည်သည့်အချိန်က ဤဗီဒိုကို လာထည့်သွားသည်ကို သူမက မသိလိုက်ပေ။

စုန့်ယီက အပြုံးတစ်ခုနှင့် လင်းမိန်ဟွေ့၏ အံ့အားသင့်နေသော မျက်နှာလေးကို ကြည့်ကာ အလွန်ပင် စိတ်ကျေနပ်နေမိ၏။

“ကိုယ် ပရိဘောဂစက်ရုံက ပစ္စည်းလာပို့တဲ့သူကို သော့ပေးထားလိုက်တာလေ၊

သူက ပစ္စည်းတွေကို လာပို့ပြီးတော့ သော့ကို PHS ဆိုင်မှာ လာပေးသွားတာ၊ အခုမှ ကိုယ် ပြန်ယူလာခဲ်တာ”

လင်းမိန်ဟွေ့က အလွန်ပင် စိတ်လှုပ်ရှားသွားပြီး ထိုဗီဒိုလေးကို လက်ဖြင့် ပွတ်သပ်ရင်း ဘဝက တစ်နေ့ထက်တစ်နေ့ ပို၍ ကောင်းမွန်လာနေပြီဟု ခံစားလိုက်ရ၏။

PHS ဆိုင်ကလည်း ရက်အနည်းငယ်အတွင်း စီးပွားရေး အလွန်ကောင်းမွန်ခဲ့ပေသည်။

သို့သော် ခြောက်လခန့် ကြာပြီးနောက်တွင် ချီယုံ၏ စူပါမားကတ်ရှိ ဆိုင်တွင် လုပ်ဆောင်ချက်က ပိုမို၍စုံလင်ပြီး အရည်အသွေးပိုကောင်းသော မိုဘိုင်းဖုန်းများ ရုတ်တရက် ပေါ်လာခဲ့၏။

ထိုဖုန်းများက ပုံစံမျိုးစုံ ရှိသည့်အပြင် ရောင်စုံမျက်နှာပြင်များပင် ပါရှိသည်။

ရက်အနည်းငယ်အတွင်းမှာပင် PHS ဆိုင်မှ ဝယ်သူများအားလုံးက ချီယုံဘက်သို့ ပါသွားကြပြီး လင်းမိန်ဟွေ့၏ ဆိုင်တွင် နေ့စဉ် သက်ကြီးရွယ်အို အနည်းငယ်ကသာ လာဝယ်ကြတော့၏။

သူတို့က PHS က ဈေးသက်သာပြီး အသုံးပြုရ လွယ်ကူသောကြောင့် ရွေးချယ်ကြခြင်း ဖြစ်၏။

လင်းမိန်ဟွေ့က စိတ်ဓာတ်အနည်းငယ် ကျသွားရပေသည်။ ပျော်ရွှင်မှုများက ရောက်လာသည်ထက် သွားသည်ကပိုမြန်နေသကဲ့သို့ပင်။

သူမက မူလက စီးပွားရေး အခြေကျသွားလျှင် စုန့်ယီနှင့် လက်မှတ်ထိုး၍ မင်္ဂလာပွဲကို ပြုလုပ်ရန် ဆုံးဖြတ်ထားသော်လည်း ယခုတွင် ကောင်းမွန်နေသော စီးပွားရေးက ထိုးဆင်းသွားခဲ့သည်။

ချီယုံက တစ်ဖန် ပြန်၍ မောက်မာလာပြန်၏။ သူက လင်းမိန်ဟွေ့၏ ရှေ့တွင် Nokia ဖုန်းတစ်လုံးကို ကိုင်၍ မကြာခဏ ဝေ့ယမ်းပြလာတတ်ပြီး ဆိုင်ရှေ့သို့ လာ၍ သက်ပြင်းချပြလိုက်သေး၏။

စုန့်ယီကို မဆိုထားနှင့်။ လင်းမိန်ဟွေ့ကိုယ်တိုင်ကပင် ထိုတစ်ယောက်ကို လက်သီးဖြင့် ထိုးချင်စိတ် ပေါက်နေမိသည်။

ချန်အန်းသယ်ကလည်း ဤသည်ကို သတိပြုမိပေ၏။ ချီယုံက လာရောက်ပြဿနာရှာသည့် အကြိမ်တိုင်းတွင် ချန်အန်းသယ်က ရည်ရွယ်ချက်ရှိရှိဖြင့် လာရောက်၍မောင်းထုတ်ပေးလေ့ရှိ၏။

သို့သော် လူမောင်းထုတ်ရုံနှင့် မပြီးပေ။ ယခုအချိန်တွင် PHS ဆိုင်က ဆက်လက်ရပ်တည်ရန် ခက်ခဲနေပြီ ဖြစ်၏။

“မိန်ဟွေ့၊စုန့်ယီ၊ စိတ်မပျက်ကြပါနဲ့ဦး၊ ငါ့ရဲ့စူပါမားကတ်ကလည်း ဒီလို ပြဿနာမျိုးကို ကြုံခဲ့ရတာပဲလေ၊ မင်းတို့ပဲ ငါ့ကို ကူညီခဲ့တာ မဟုတ်ဘူးလား”

“အန်းသယ်၊ PHS ဖုန်းတွေက လက်ကျန် အများကြီး ရှိနေသေးတာလေ၊ အပြင်ကို မထုတ်နိုင်ရင် အရှုံးက တကယ်ကြီးမှာ!”

လင်းမိန်ဟွေ့က သူမ၏ စာရင်းကို စစ်ဆေးကြည့်၍ လက်ထဲတွင် PHS ဖုန်း အလုံး (၂၀၀) ကျော်က ရှိနေသေးကြောင်းကို တွေ့ရ၏။

ထို့အပြင် သူမက ဝယ်ပြီး တစ်လအတွင်း ပြန်လဲပေးမည်ဟု အာမခံထားသောကြောင့် ယခုအချိန်တွင် လူငယ်များစွာက မိုဘိုင်းဖုန်းများက ပေါ်လာသည်နှင့် သူမ၏ဖုန်းများကို လာရောက်၍ပြန်အပ်နေကြပြီ ဖြစ်၏။

ဤသည်က လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ကို ခေတ္တမျှ စိတ်ဓာတ်ကျစေခဲ့၏။

စုန့်ယီက လင်းမိန်ဟွေ့ကို ပြောလာခဲ့သည်။

“ဒီလိုလုပ်ရအောင်၊ ကိုယ်က စက်ရုံနဲ့ ဆက်သွယ်ပြီး ပစ္စည်းတချို့ကို ငွေပြန်အမ်းလို့ ရမလား မေးကြည့်မယ်၊

ရမယ်ဆိုရင်တော့ PHS တွေကို ပြန်ပို့ပြီး မိုဘိုင်းဖုန်း စီးပွားရေးကိုပဲ ပြောင်းလုပ်ကြတာပေါ့”

လင်းမိန်ဟွေ့တွင်လည်း တခြားနည်းလမ်း မရှိသောကြောင့် စုန့်ယီကို စက်ရုံနှင့် ညှိနှိုင်းခိုင်းလိုက်ပေသည်။

ညှိနှိုင်းပြီးနောက် စက်ရုံဘက်မှ အကယ်၍ သူတို့ဆီမှ မိုဘိုင်းဖုန်းများကို ထပ်မံ၍ဝယ်ယူမည်ဆိုပါက PHS ဖုန်းများကို မူလဈေး၏ ထက်ဝက်ဖြင့် ပြန်လည်၍လက်ခံပေးမည်ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက် အရှုံးမျှဝေကြမည်ဖြစ်ကြောင်းကို အကြောင်းပြန်လာပေသည်။

တခြားနည်းလမ်း မရှိတော့သောကြောင့် လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က ပစ္စည်းများကို ချက်ချင်းထုပ်ပိုး၍ ပြန်လည်ပေးပို့လိုက်ကြ၏။

လဝက်ခန့်အကြာတွင် တစ်ဖက်မှလည်း မိုဘိုင်းဖုန်းအသစ်များကို ပေးပို့လာခဲ့ပေသည်။

လူတိုင်းက စိုးရိမ်နေကြချိန်မှာပင် လင်းမိန်ဟွေ့၏ ဖုန်းဆိုင်က တစ်ဖန် ပြန်လည်၍ ဦးမော့လာခဲ့လေတော့သည်။

ဤသည်က စီးပွားရေးလုပ်ရာတွင် မည်သူ့အပေါ်မျှ အခွင့်ကောင်းမယူခဲ့သော လင်းမိန်ဟွေ့နှင့် စုန့်ယီတို့၏ ဂုဏ်သိက္ခာကြောင့်ပင် ဖြစ်သည်။

လက်ကားဒိုင်များကပင်လျှင် လင်းမိန်ဟွေ့နှင့် စုန့်ယီတို့၏ စိတ်ရင်းမှန်မှုကို အသိအမှတ်ပြုထားကြ၏။

ထို့ကြောင့် ယခုအချိန်တွင် သူတို့၏ စီးပွားရေးက လွယ်ကူစွာပင် ပြန်လည်၍ လည်ပတ်နိုင်ခဲ့ခြင်းပင် ဖြစ်ပေသည်။

နှစ်ကုန်ပိုင်းသို့ ရောက်သည့်အချိန်တွင် လင်းမိန်ဟွေ့နှင့် စုန့်ယီတို့၏ အရောင်းက ယွမ်သောင်းဂဏန်း ကို ကျော်လွန်သွားခဲ့၏။

စုန့်ယီက ဝေခွဲမနေတော့ဘဲ ရရှိထားသော ငွေများဖြင့် မြို့ပေါ်တွင် အိမ်တစ်လုံးကိုဝယ်ယူ၍ လင်းမိန်ဟွေ့ကို လက်ဆောင်အဖြစ် ပေးအပ်လိုက်တော့သည်။

*

All Chapters