← Chapters

အခန် (၁၉၉-၂၀၀)

Vol. 20 Ch. 199-200

အခန် (၁၉၉-၂၀၀)

Vol. 20 Ch. 199-200

အခန်း(199)

ဘဝက တစ်နေ့ထက်တစ်နေ့ ပို၍ ကောင်းမွန်လာနေခဲ့၏။ လင်းမိန်ဟွေ့နှင့် စုန့်ယီတို့က နေ့စဉ်ဆိုင်နှစ်ဆိုင်ကို စီမံခန့်ခွဲနေကြသကဲ့သို့၊ အချိန်အားလျော်စွာ မြို့ပေါ်သို့ သွား၍ အိမ်သစ်ပြင်ဆင်မှုကိုလည်း လိုက်လံကြည့်ရှုရသေး၏။

တစ်နေ့ ထမင်းစားချိန်သို့ ရောက်သော်လည်း စုန့်ယီက ထမင်းစားပြန်မလာခဲ့ပေ။

လင်းမိန်ဟွေ့က ဆိုင်သို့ ချက်ချင်းသွားကြည့်လျှင် စုန့်ယီက ဘေးဘက်ရှိ နားနေခန်းငယ်လေးထဲ၌ အိပ်ပျော်နေသည်ကို တွေ့လိုက်ရ၏။

သူ၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေပြီး နဖူးတွင်လည်း ချွေးအေးများက ထွက်နေပေသည်။

လင်းမိန်ဟွေ့က ချက်ချင်းပင် စုန့်ယီက နေမကောင်းဖြစ်နေပြီဖြစ်ကြောင်းကို သိလိုက်ရ၏။

သူမက သူ့ကို ညင်သာစွာ ခေါ်သော်လည်း စုန့်ယီက အားနည်းစွာဖြင့် ညည်းညူရုံမျှသာ တတ်နိုင်ခဲ့၏။

လင်းမိန်ဟွေ့က ထိတ်လန့်သွားရသည်။ သူမက ချန်အန်းသယ်ကို အမြန်ဆုံး အကူအညီတောင်းလိုက်ရသည်။

ချန်အန်းသယ်က ရောက်လာသည်နှင့် မည်သည့်စကားမျှမပြောဘဲ စုန့်ယီကို ချီမကာ ခရိုင်ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြရလေ၏။

ဆရာဝန်၏ စစ်ဆေးချက်အရ ဤသို့သိခဲ့ရပေသည်။

“လူနာက အစာအိမ် အပြင်းအထန် အောင့်ပြီး သတိလစ်သွားတာပါ”

လင်းမိန်ဟွေ့ အလွန်ပင်စိုးရိမ်သွားရ၏။ ယခုရက်ပိုင်းအတွင်း အလုပ်များလွန်းသောကြောင့် စုန့်ယီ၏ အစားအသောက်ကို ဂရုစိုက်ရန် ပျက်ကွက်ခဲ့မိမည်ဟု သူမက မထင်ထားခဲ့ပေ။

သူမက နေ့တိုင်း ဆိုင်ဝန်ထမ်းများနှင့်အတူ စားသောက်ဆိုင်တွင် အဆင်ပြေသလို စားဖြစ်သော်လည်း၊ လူသုံးကုန် လက်ကားဆိုင်တွင် စုန့်ယီက တစ်ယောက်တည်းသာ ရှိနေသည် မဟုတ်ပါလား။

သူက နေ့စဉ် အစားအသောက် မှန်မှန် မစားခဲ့လောက်ပေ။ ဤသည်က သူ၏ အစာအိမ်ဝေဒနာအတွက် အဓိက အကြောင်းရင်းပင် ဖြစ်ပေလိမ့်မည်။

လင်းမိန်ဟွေ့က သူ့ကိုယ်သူ့ အပြစ်တင်မိရင်း စုန့်ယီ၏ ခုတင်ဘေးတွင် ထိုင်၍ မျက်ရည်များက ကျဆင်းလာရတော့၏။

ဘဝတွင် မည်မျှပင် ခက်ခဲပါစေ သူမက မျက်ရည်မကျခဲ့ဖူးပေ။ သို့သော် ယခုတွင် သူမက မအောင့်နိုင်တော့ပေ။

ဘေးမှ ချန်အန်းသယ်ကလည်း စိတ်မကောင်း ဖြစ်နေမိ၏။

သို့သော်လည်း သူက အနေရခက်သောကြောင့် ရှေ့သို့တိုး၍ မချော့ရဲဘဲ၊ လင်းမိန်ဟွေ့ကို တစ်ရှူးတစ်ထုပ်ကိုသာ လှမ်းပေးလိုက်ရ၏။

လင်းမိန်ဟွေ့က ချန်အန်းသယ်ကို စူပါမားကတ်သို့ အရင်ပြန်ရန် ပြောလိုက်ပြီး ဆေးရုံတွင် သူမကတစ်ယောက်တည်း နေခဲ့မည်ဟု ပြောပေ၏။

နေ့လယ်နှင့် ညနေပိုင်းများတွင် အစာအိမ်အတွက် အားဖြစ်စေမည့် အစားအစာတချို့ကို လူကြုံဖြင့် ပို့ပေးရန်သာ မှာလိုက်လေသည်။

ချန်အန်းသယ်လည်း သူရှိနေခြင်းက အနှောင့်အယှက်ဖြစ်မည်စိုးသောကြောင့် လှည့်ထွက်သွားလေသည်။

လူနာခန်းထဲ၌ လင်းမိန်ဟွေ့နှင့် စုန့်ယီတို့ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့၏။

လင်းမိန်ဟွေ့က မအောင့်နိုင်ဘဲ ငိုကြွေးနေမိသည်။ စုန့်ယီက နိုးလာသည့်အချိန်အထိပင်။

ထိုအချိန်မှ လင်းမိန်ဟွေ့က မျက်ရည်များကို သုတ်လိုက်ပြီး၊ ငိုထားသောကြောင့် နီရဲနေသော မျက်လုံးများကို ဖုံးကွယ်ရန်အတွက် ရေခပ်ရန် ဇလုံကို ယူ၍ ထွက်လာခဲ့၏။

သူမက ပြန်ရောက်လာသည့်အချိန်တွင် စုန့်ယီက သိရှိသွားပြီး စိတ်မကောင်း ဖြစ်သွားရသည်။

“ဘာလို့ ငိုနေရတာလဲ၊ ဒါက ကိစ္စအကြီးကြီး မဟုတ်ပါဘူး၊ အစာအိမ်က နည်းနည်းအောင့်ပြီး မသိလိုက်ဘဲ အိပ်ပျော်သွားတာပါ”

“အဲဒါကို အိပ်ပျော်သွားတာလို့ မခေါ်ဘူး၊ သတိလစ်သွားတာလို့ ခေါ်တယ်”

လင်းမိန်ဟွေ့က စုန့်ယီ၏ စကားကို ကြည့်၍ စိတ်ထဲတွင် ပို၍ပင် လေးလံဝမ်းနည်းလာရ၏။

စုန့်ယီက သူမအပေါ်တွင် တိတ်တဆိတ် ကောင်းမွန်လေလေ၊ ဤအချစ်၏ အဖိုးတန်မှုနှင့် အလေးချိန်ကို သူမက ပိုမိုခံစားရလေလေ ဖြစ်၏။

လင်းမိန်ဟွေ့က ငွေရှာဖို့ကိုသာ စဉ်းစားပြီး သူ၏ ခံစားချက်ကို လျစ်လျူရှုခဲ့မိသည့်အတွက် စုန့်ယီအပေါ်တွင် အားနာမိပေသည်။

ဤအတောအတွင်း သူက တစ်ဘက်ဆိုင်တွင် တစ်ယောက်တည်း အထီးကျန်နေခဲ့ရလိမ့်မည်။

လင်းမိန်ဟွေ့ ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ပေ၏။

“အစ်ကိုစုန့်ယီ၊ ကျွန်မတို့က လူသုံးကုန် လက်ကားဆိုင်ကို သူများကို လွှဲပေးလိုက်ရအောင်”

“အဲဒီဆိုင်က အခု ပိုက်ဆံအများကြီး ရနေတာလေ၊ တစ်နှစ်ကို ယွမ် (၃၀,၀၀၀) ကျော် မြတ်တာကို၊ အခုလို လွှဲပေးလိုက်ရင် နှမြောစရာကြီး မဟုတ်ဘူးလား”

စုန့်ယီက သူတို့နှစ်ဦးက ပစ္စည်းသွားဝယ်ချိန်က အမှတ်တရများကို ပြန်လည်၍ မြင်ယောင်နေမိ၏။

သူတို့က ပစ္စည်းတစ်ခုချင်းစီကို သေချာစွာ ရွေးချယ်ခဲ့ကြသကဲ့သို့၊ အရည်အသွေးကို စိတ်ချရစေရန်အတွက် ကုန်သည်များနှင့်လည်း အပြင်းအထန် ဆွေးနွေးခဲ့ကြသည် မဟုတ်ပါလား။

ဖုန်းဆိုင်ကလည်း စီးပွားရေးကောင်းနေသော်လည်း ဤနေရာကို တိုက်ရိုက်ပိတ်လိုက်ရန်က နှမြောစရာပင်။

*

လင်းမိန်ဟွေ့က စုန့်ယီ၏ လက်ကို ဆုပ်ကိုင်လိုက်ရင်း မျက်ရည်များ ဝဲလျက်ပြောလိုက်ပေသည်။

“ကျွန်မ ပိုက်ဆံတွေ အများကြီးရှိနေတာက ဘာလုပ်ဖို့လဲ၊ ကျွန်မ အစ်ကိုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် နေသွားချင်တာပါ၊

နေ့ရက်တိုင်း အလှတရားတွေကို ခံစားချင်တာ၊ ပိုက်ဆံရှာဖို့ပဲ အလုပ်ရှုပ်နေပြီး အဖိုးတန်ဆုံးအရာတွေကို စွန့်လွှတ်လိုက်တာမျိုးကို မဖြစ်ချင်ဘူး”

စုန့်ယီက လင်းမိန်ဟွေ့က စာပေဗဟုသုတ ရှိသူဖြစ်သောကြောင့် ခံစားချက် နူးညံ့သိမ်မွေ့ပြီး ဘဝ၏ အဓိပ္ပာယ်ကို ရှာဖွေသူဖြစ်ကြောင်းကို သိရှိလေ၏။

ထို့ကြောင့် သူက ထပ်မံ၍ ကန့်ကွက်မနေတော့ဘဲ ပြောလာသည်။

“ကောင်းပြီလေ၊ ဒီပစ္စည်းတွေကို ကုန်အောင်တော့ စောင့်လိုက်ပါဦးမယ်၊

ပစ္စည်းပို့စရာ အော်ဒါတချို့ ကျန်သေးတယ်၊ အလုပ်တစ်ခုကို အစကနေ အဆုံးအထိ သေချာ လက်စသတ်ဖို့က အရေးကြီးတယ် မဟုတ်ဘူးလား”

လင်းမိန်ဟွေ့က ခေါင်းညိတ်ရင်း မျက်ရည်များကို သုတ်လိုက်ပေ၏။

“ပြန်ရောက်ရင် ကျွန်မပဲ ပစ္စည်းသွားပို့ပေးမယ်၊ အစ်ကိုကတော့ အိမ်မှာပဲ ခဏ နားနေလိုက်တော့”

စုန့်ယီက မျက်ခုံးပင့်လျက်ပြောလိုက်လေသည်။

“ကိုယ်က လက်ကျိုး ခြေကျိုးနေတာမှ မဟုတ်တာ၊ ပစ္စည်းပို့တာက ဘာခက်လို့လဲ၊နောက်ပိုင်းကျရင် အချိန်မှန်စား၊ အချိန်မှန်သောက်ရင် ရပါပြီ”

“မရပါဘူး၊ အစာအိမ်ကို သေသေချာချာ ဂရုစိုက်ရမယ်၊ ထပ်ပြီး ဘာပြဿနာမှ အဖြစ်မခံနိုင်တော့ဘူး”

ဘဝရဲ့ အနှစ်သာရကို မခံစားရသေးခင် သူတို့နှစ်ဦးလုံးက နေမကောင်းဖြစ်ကုန်ကြမည်ကို လင်းမိန်ဟွေ့က စိုးရိမ်နေမိခြင်း ဖြစ်သည်။

ထိုအချိန်တွင် သူနာပြုမလေးတစ်ဦးက စုန့်ယီ၏ ဆေးပုလင်းလဲရန် ဝင်လာခဲ့၏။

သူတို့ ဇနီးမောင်နှံ၏ ချစ်ခင်မှုကို မြင်ရသည့်အချိန်တွင် သူမက အားကျတကြီးဖြင့် ပြောလေသည်။

“အစ်ကို၊ အစ်ကို သတိလစ်သွားတုန်းက အစ်ကို့ရဲ့မိန်းမက တကယ်ကို စိုးရိမ်ပေးတာနော်၊

ဆရာဝန်ဆီမှာ ကုသမှု အစီအစဉ်တွေကို သေသေချာချာ မေးမြန်းသလို စိတ်မအေးနိုင်လို့ဆိုပြီး ကျွန်မတို့ ဆေးရုံအုပ်ကြီးကိုပါ လာကြည့်ပေးဖို့ တောင်းဆိုနေသေးတာ”

လင်းမိန်ဟွေ့က စောစောက သူက စိုးရိမ်လွန်ပြီး ဆရာဝန်ကို အားနာစရာ ဖြစ်ခဲ့မိသည်ဟု တွေးမိလိုက်ပေ၏။

“အစ်ကိုစုန့်ယီ၊ ဆေးရုံအုပ်ကြီးက အစာအိမ်နဲ့ ပတ်သက်ပြီး ဝါရင့် ဆရာဝန်ကြီးတစ်ယောက်လို့ ကြားလို့ ကျွန်မက အဲဒီလို ပြောမိတာပါ”

“ရပါတယ်၊ ကိုယ် ဆရာဝန်ကို ရှင်းပြလိုက်ပါ့မယ်၊ စိတ်ထဲ မထားပါနဲ့”

စုန့်ယီက ငယ်စဉ်ကတည်းက သူတစ်ပါး၏ ဂရုစိုက်မှုကို ဤမျှအထိ မခံယူခဲ့ဖူးပေ။

ယခုတွင် လင်းမိန်ဟွေ့က သူ၏အတွက်နှင့် အပြေးအလွှား လုပ်ဆောင်ပေးခဲ့သကဲ့သို့၊ ဆရာဝန်နှင့်ပင် အချင်းချင်း စကားများခဲ့သည်အထိ ဖြစ်ခဲ့ကြောင်းကို ကြားရသည့်အချိန်တွင် သူ၏နှလုံးသားက ပို၍ပင် နူးညံ့သွားရ၏။

အကယ်၍ သူနာပြုကသာ ရှိမနေလျှင် စုန့်ယီက လင်းမိန်ဟွေ့ကို သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်း၍ ထွေးပွေ့ထားမိမည်က အမှန်ပင်။

စုန့်ယီကို ဆေးရုံတွင် သုံးရက်ကြာ တက်ခဲ့ရ၏။ စတုတ္ထမြောက်နေ့ ဆေးရုံမှ ဆင်းသည့်အချိန်တွင် လင်းမိန်ဟွေ့က ချန်အန်းသယ်ကို လူသုံးကုန် လက်ကားဆိုင်ကို လွှဲပြောင်းယူရန် တိုက်ရိုက်ပင် ပြောဆိုလိုက်သည်။

သို့သော် ချန်အန်းသယ်က ဤသည်ကို သူ၏မွေးစားအစ်မထံသို့သာ လွှဲပေးသင့်သည်ဟု ယူဆမိ၏။

မည်သို့ပင်ဖြစ်စေ သူမက ယခုအချိန်တွင် အလှကုန်ဆိုင်တွင် အလုပ်လုပ်နေသည် မဟုတ်ပါလား၊ သူမဘာသာ သူမ လုပ်ကိုင်လျှင် ပို၍ကောင်းမည် ဖြစ်၏။

ချန်အန်းသယ်က လင်းမိန်ဟွေ့ကို ယွမ် (၅၀,၀၀၀) ပေး၍ ဆိုင်ကို လွှဲပြောင်းယူလိုက်သောကြောင့် လင်းမိန်ဟွေ့အတွက် ဝန်ထုပ်ဝန်ပိုးများစွာ လျော့ကျသွားခဲ့ရသည်။

လင်းမိန်ဟွေ့က ဖုန်းဆိုင်အတွက် တာဝန်သိတတ်သော အမျိုးသမီးဝန်ထမ်းတစ်ဦးကို ဆိုင်မန်နေဂျာအဖြစ် ရွေးချယ်ခဲ့သကဲ့သို့၊ တခြားတစ်ဦးကို စာရင်းကိုင်အဖြစ် ခန့်အပ်ခဲ့၏။

သူတို့နှစ်ဦးက အပေးအယူမျှမျှဖြင့် လုပ်ကိုင်ကြ၍ ရက်အနည်းငယ်အတွင်းမှာပင် အဆင်ပြေသွားခဲ့သည်။

လင်းမိန်ဟွေ့က ဆိုင်ကို မန်နေဂျာထံသို့ လွှဲအပ်ထားခဲ့ပြီး၊ သူမကိုယ်တိုင်က စုန့်ယီ၏ အစာအိမ်အတွက် အာဟာရဖြစ်စေမည့် စွပ်ပြုတ်များနှင့် ဆန်ပြုတ်များကို နေ့စဉ် နည်းမျိုးစုံဖြင့် ချက်ပြုတ်ပေးလေတော့သည်။

ညနေခင်းတွင် လင်းမိန်ဟွေ့က အမဲရိုးနှင့် ကန်စွန်းဥများကို ပြင်ဆင်၍ ဆန်ပြုတ်လုပ်ရန် ပြင်နေ၏။

ရုတ်တရက် ဘဲလ်တီးသံကို ကြားလိုက်ရသောကြောင့် တံခါးသွားဖွင့်၍ ချန်အန်းသယ်နှင့်အတူ အစ်မဝမ်မေ့လီ၊ အစ်မစုန့်မေ့ယွင်တို့က ရောက်ရှိလာသည်ကို တွေ့လိုက်ရ၏။

သူတို့က စုန့်ယီက နေမကောင်းဖြစ်ကြောင်းကို ကြားသိသောကြောင့် လက်ဆောင်ပစ္စည်းတချို့ကို ဝယ်ယူ၍ လာရောက်ကြည့်ရှုကြခြင်းပင် ဖြစ်၏။

လင်းမိန်ဟွေ့၏ လှပသော အိမ်ကို မြင်ရသည့်အချိန်တွင် အစ်မဝမ်နှင့် အစ်မစုန့်တို့က ချီးကျူးမဆုံး ဖြစ်နေကြတော့သည်။

“မိန်ဟွေ့၊ အရင်ကတည်းက မင်း လူကောင်းတစ်ယောက်ဖြစ်လို့ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ရမှာပဲလို့ ငါက ထင်ခဲ့တာ၊ အခုတော့ ငါက ထင်တဲ့အတိုင်း ဖြစ်လာပြီပေါ့”

“ဟုတ်တယ်၊ ဒီဇနီးမောင်နှံကို စတွေ့ကတည်းက သူတို့က စိတ်ရင်းကောင်းသူတွေမို့လို့ နောက်ပိုင်းကျရင် တိုးတက်လာမှာပဲလို့ ခံစားမိတာ”

သူတို့နှစ်ဦးက မုန့်များနှင့် နို့မှုန့်ဘူးများကို ချထားပေးပြီး ပြန်ရန် ပြင်သော်လည်း လင်းမိန်ဟွေ့က လှမ်းတားလိုက်ပေ၏။

“အစ်မတို့က လာခဲတယ်၊ ကျွန်မရဲ့အိမ်မှာပဲ ထမင်းစားသွားကြပါဦး၊ ဝက်သားခြောက် ထမင်းကြော်နဲ့ အမဲရိုးစွပ်ပြုတ် လုပ်ကျွေးမယ်လေ”

စုန့်မေ့ယွင်က လင်းမိန်ဟွေ့က ယခင်ကထက် ပိုမိုလှပလာသကဲ့သို့ အလုပ်လုပ်ပုံကလည်း သွက်လက်ချက်ချာလာသည်ကို တွေ့ရလေ၏။

ယခင်က မိန်းကလေးလေးထက်စာလျှင် အများကြီး ပို၍ အရည်အချင်းရှိလာခဲ့သည်။

လင်းမိန်ဟွေ့က တစ်ချိန်က သူမ၏ သစ်သီးခြောက်များကို ရောင်းချရန်အတွက် မြို့နယ်အစိုးရရုံးသို့ ကြောက်လန့်စွာဖြင့် လာရောက်ခဲ့ဖူးသည်ကို စုန့်မေ့ယွင်က ပြန်လည်သတိရမိရင်း ချီးကျူးလိုက်ပေသည်။

“အရင်တုန်းက နင် ဒီလောက် ငယ်ငယ်လေးနဲ့ စီးပွားရေးအမြင်ရှိတာကို မြင်ကတည်းက အရမ်းတော်မယ်ဆိုတာကို ငါ သိခဲ့တယ်”

“ချီးကျူးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မစုန့်၊ အဲဒီတုန်းက အစ်မက ကျွန်မကို စောင့်ရှောက်ပေးခဲ့လို့သာပေါ့၊

မဟုတ်ရင် ဟိုကျန်းကျစ်ကုန်းကို ဘယ်လိုမျိုး ပညာပေးရမလဲဆိုတာကို ကျွန်မ သိမှာမဟုတ်ဘူး”

ထိုနှစ်များကို ပြောလိုက်သည့်အချိန်တွင် လင်းမိန်ဟွေ့၏ စိတ်ထဲတွင် အမှတ်တရများက ပြည့်နှက်လာသည်။

ထိုအချိန်က ဘဝက ဆင်းရဲလွန်းသော်လည်း လူအချင်းချင်းကြားရှိ ရိုးသားမှုနှင့် စိတ်ရင်းစေတနာကောင်းမှုများက အလွန်ပင် စိတ်လှုပ်ရှားဖွယ် ကောင်းလွန်းခဲ့သည်။

*

အခန်း(200)

ညစာစားပြီးနောက်တွင် လင်းမိန်ဟွေ့က အစ်မစုန့်၊ အစ်မဝမ်တို့နှင့်အတူ အိပ်ခန်းတစ်ခန်းတည်းတွင် အတူ အိပ်စက်နားနေကြ၏။

သူတို့သုံးဦးက စကားများစွာကို ပြောဆိုခဲ့ကြသည်။

အဆုံးတွင် စုန့်မေ့ယွင်နှင့် ဝမ်မိန်လီတို့ နှစ်ဦးလုံးက လင်းမိန်ဟွေ့အပေါ်တွင် များစွာကျေးဇူးတင်နေကြ၏။

သူမကြောင့်သာ သူတို့၏ဘဝများက များစွာ ပြောင်းလဲခဲ့ရသည် မဟုတ်ပါလား။

ယခုအချိန်တွင် ဝမ်ဟန်က ချန်အန်းသယ်၏နောက်တွင် လိုက်ရင်း စူပါမားကတ်၏ အရောင်းမန်နေဂျာ ဖြစ်နေသကဲ့သို့၊ ဦးလေးဝူကလည်း ကုန်တင်ကားတစ်စီးကို ဝယ်ယူ၍ ချန်အန်းသယ်၏ စူပါမားကတ်အတွက် ပစ္စည်းများကို ပို့ဆောင်ပေးနေပြီ ဖြစ်၏။

သူတို့အားလုံးက လင်းမိန်ဟွေ့ကို ဝန်းရံလျက် သူမက ပေးစွမ်းသော နွေးထွေးမှုနှင့် အကူအညီများကို ခံစားနေကြရသည်။

ရက်အနည်းငယ် ဂရုစိုက်လိုက်ပြီးနောက် စုန့်ယီ၏ ကျန်းမာရေးက အတော်လေး ပြန်လည်ကောင်းမွန်လာခဲ့သည်။

နံရံတစ်ခုအကွာမှ လင်းမိန်ဟွေ့၏ ပျော်ရွှင်စွာ ရယ်မောသံများကို ကြားရသည့်အချိန်တွင် သူ၏ရင်ထဲတွင် များစွာ ကျေနပ်နေမိ၏။

ဤကဲ့သို့သော နေ့ရက်များက ကမ္ဘာတည်သရွေ့ ဆက်ရှိနေပါစေကြောင်းကို သူက ဆုတောင်းနေမိပေ၏။

ညဉ့်နက်ပိုင်းတွင်မူ စုန့်ယီက သူတို့၏ စကားသံသဲ့သဲ့ကြားမှာပင် အိပ်ပျော်သွားခဲ့သည်။

အိပ်ပျော်သွားသည့်အချိန်တွင် စုန့်ယီက မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားပြီး ပန်းစည်းလေးကို ကိုင်၍ သူ့ထံသို့ ပျော်ရွှင်စွာ ပြေးလာနေသော လင်းမိန်ဟွေ့ကို အိပ်မက်မက်နေမိခဲ့၏။

သူမက ပြေးလာရင်းနှင့်လှမ်းအော်နေခဲ့လေသည်။

“အစ်ကိုစုန့်ယီ၊ ကျွန်မက ဒီနေ့ အစ်ကို့ကို လက်ထပ်တော့မယ်”

*

နှစ်တစ်နှစ်၏ ကုန်ဆုံးခါနီးအချိန်သို့ ရောက်ရှိလာခဲ့သည်။

စုန့်ယီနှင့် လင်းမိန်ဟွေ့တို့က မကောင်းသော အငွေ့အသက်များကို ရှောင်ရှားနိုင်ရန်အတွက် တရားဝင် လက်မှတ်ထိုးရန် မြို့ပြရေးရာဦးစီးဌာနသို့ သွားရောက်ခဲ့ကြသည်။

မနက်စောစောအချိန်၌ စုန့်ယီက ရှပ်အင်္ကျီအဖြူကို ဝတ်ဆင်၍ ရေချိုးခန်းထဲ၌ အဝတ်အစားလဲနေသော လင်းမိန်ဟွေ့ကို စောင့်ဆိုင်းနေခဲ့၏။

ပိုးသားရှပ်အင်္ကျီအဖြူကို ဝတ်ဆင်ထားသော လင်းမိန်ဟွေ့ ကထွက်လာသည့်အချိန်တွင် စုန့်ယီက မှင်သက်သွားရတော့သည်။

ယခုအချိန်တွင် လင်းမိန်ဟွေ့က တက္ကသိုလ်တက်ချိန်ကထက် ပို၍ ပြည့်ဖြိုးလာသကဲ့သို့ ပို၍လည်း ဖြူဝင်းလာခဲ့သည်။

ကောင်းမွန်သော အလှကုန်များကို အသုံးပြုထားသောကြောင့် သူမ၏ အသားအရေက ပုလဲကဲ့သို့ ချောမွတ်နေ၏။

ယခုရက်ပိုင်းအတွင်း သူတို့နှစ်ဦးလုံးက စီးပွားရေးဖြင့်သာ အလုပ်ရှုပ်နေခဲ့ကြ၍ ပြန်လာလျှင် တစ်ဦးကိုတစ်ဦး ဖက်၍ အိပ်ပျော်သွားခဲ့ကြသည်သာ များ၏။

တခြားအတွေးများက များများစားစား မရှိခဲ့သော်လည်း ဤအခိုက်အတန့်တွင် စုန့်ယီက အမှန်တကယ်ပင် စိတ်လှုပ်ရှားသွားရသည်။

သူက အနားသို့သွား၍ ရေချိုးခန်းတံခါးဝတွင် လင်းမိန်ဟွေ့ကို ပိတ်ရပ်လိုက်ပေ၏။

“အစ်ကိုစုန့်ယီ၊ အခု မသွားရင် တန်းစီရပြန်ဦးမယ်၊ အမြန် သွားကြရအောင်လေ!”

“ဒီအခိုက်အတန့်မှာ အလောတကြီး လုပ်ဖို့မလိုပါဘူး၊ ကိုယ့်က မင်းကို သေသေချာချာ ကြည့်ပါရစေဦး”

စုန့်ယီက ပြောပြီးနောက်တွင် လင်းမိန်ဟွေ့၏ မေးစေ့လေးကို ကိုင်၍ သူမ၏ မျက်နှာလေးက နီရဲလာသည်အထိ စိုက်ကြည့်နေမိပေသည်။

ထို့နောက် သူက ခေါင်းကိုငုံ့၍ သူမကို နက်ရှိုင်းစွာ နမ်းရှိုက်လိုက်လေ၏။

“အစ်ကိုစုန့်ယီ၊ မနောက်ပါနဲ့တော့”

စုန့်ယီက သူမ၏ ရှပ်အင်္ကျီကြယ်သီးများကို အသာအယာ ဖြုတ်လိုက်ပြီး နူးညံ့လွန်းသော လည်ပိုင်ဖြူဖြူလေးမှတစ်ဆင့် ညှပ်ရိုးလေးဆီသို့ အသာအယာ နမ်းရှိုက်လိုက်သည်။

“မိန်ဟွေ့၊ ကိုယ်တို့က ဒီနေ့ လက်ထပ်ကြတော့မယ်နော်”

“ကောင်းပါပြီ!”

“ဒါဆိုရင် ကိုယ်တို့က အတူရှိကြရအောင်လေ!”

စုန့်ယီ၏ လေသံက လင်းမိန်ဟွေ့ မလိုလားမည်ကို စိုးရိမ်သောကြောင့် အလွန်ပင် သတိထားနေခဲ့၏။ သူက သူမကို မည်သည့်အရာကိုမျှ အတင်းအကျပ် မလုပ်လိုပေ။

လင်းမိန်ဟွေ့က စုန့်ယီ၏ အင်္ကျီကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာဆုပ်ကိုင်၍ ခပ်တိုးတိုး ပြန်ထူးလိုက်ပေ၏။

“အင်း”

စုန့်ယီက အလွန်ပျော်ရွှင်သွားပြီး လင်းမိန်ဟွေ့ကို ချက်ချင်း ပွေ့ချီလိုက်လေ၏။

ရေချိုးခန်းထဲမှ ထွက်ချိန်တွင် သူမ၏ နဖူးက တံခါးပေါင်နှင့်ပင် တိုက်မိလုနီးပါး ဖြစ်သွားရ၏။

သူက ကလေးတစ်ဦးကဲ့သို့ ပျော်ရွှင်နေပြီး သူမကို ပွေ့ချီ၍ ဧည့်ခန်းထဲ၌ ပတ်ချာလည်အောင် ဝှေ့ယမ်းနေခဲ့သည်။

သူတို့နှစ်ဦးက မြို့ပြရေးရာဦးစီးဌာနသို့ ရောက်ရှိသည့်အချိန်တွင် ကိုးနာရီကျော်နေပြီဖြစ်၍ မျှော်လင့်ထားသည့်အတိုင်းပင် လူတန်းကြီးက ရှည်လျားနေပေ၏။

လင်းမိန်ဟွေ့က စုန့်ယီကို အနည်းငယ် မကျေမနပ် ကြည့်လိုက်သော်လည်း၊ သူက သူမ၏ နားရွက်အနားသို့ ကပ်၍ ပြုံးကာ ပြောလိုက်လေ၏။

“ကောင်းတဲ့အရာတွေက အချိန်ယူရတာပဲလေ၊ ခဏလောက် ထပ်စောင့်လိုက်ပါဦး”

သူတို့နှစ်ဦး၏ ချစ်ခင်မှုကို မြင်ရသည့်အချိန်တွင် အနောက်ဘက်မှလူများကလည်း ရယ်မောလာကြပေသည်။

အရှေ့မှ ယောကျ်ားလေးတစ်ဦးကလည်း သူ၏ ချစ်သူကို စနောက်လိုက်သေး၏။

“ဘယ်လိုလုပ် အလောမကြီးဘဲ နေမလဲ..လက်ထပ်စာချုပ်ကို အမြန်ရပြီး တရားဝင် ဇနီးမောင်နှံ ဖြစ်ချင်ပြီလေ၊ ဒါမှ နောက်ဆို နမ်းတဲ့အချိန် ချစ်သူကို နမ်းတာ မဟုတ်တော့ဘဲ မိန်းမကို နမ်းတာ ဖြစ်သွားမှာပေါ့!”

လင်းမိန်ဟွေ့က ရယ်မောမိကာ ထိုမိန်းကလေးကလည်း ဆူပူလိုက်ပေသည်။

“လျှောက်မပြောနဲ့ဦး၊ လူတွေက ရယ်ကုန်တော့မယ်၊ ကျွန်မက ရှင်င့်ကို လက်ထပ်ဖို့ လာတာနော်၊ အရှက်ကွဲဖို့ လာတာမဟုတ်ဘူး”

“ဒါမှ ဒီနေ့ရဲ့ ထူးခြားတဲ့ အခိုက်အတန့်ကို မှတ်မိနေမှာပေါ့၊ ဟုတ်တယ်မလား”

ထိုလူက စုန့်ယီကို တိုက်ရိုက်ပင် စကားလှမ်းပြောလေ၏။ လင်းမိန်ဟွေ့ကလည်း ထိုမိန်းကလေးနှင့် စကားအနည်းငယ် ဖလှယ်ဖြစ်ခဲ့ကြ၏။

ခဏအကြာတွင် ကောင်တာအသစ်တစ်ခုက ထပ်တိုးလိုက်သောကြောင့် ထိုမိန်းကလေးက လင်းမိန်ဟွေ့ကို ရှေ့ဆုံးနေရာသို့ အမြန်ဆွဲခေါ်သွားခဲ့သည်။

(၅) မိနစ်ခန့်အတွင်းမှာပင် သူတို့နှစ်ဦး၏ လက်ထပ်စာချုပ်လေးက ထွက်ပေါ်လာခဲ့သည်။

ဤသည်က စာအုပ်အနီလေးတစ်အုပ်သာ ဖြစ်သော်လည်း ဖော်ပြ၍မရသော ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေစေသည်။

စုန့်ယီနှင့် လင်းမိန်ဟွေ့တို့၏ အလှည့်သို့ ရောက်သည့်အချိန်တွင် ဝန်ထမ်းဖြစ်သူက သူတို့နှစ်ဦးက အိမ်ထောင်စုစာရင်းတစ်ခုတည်းတွင် ရှိနေသည်ကို တွေ့ရှိသွားသောကြောင့် မောင်နှမများဟု ထင်မှတ်ကာ အထက်လူကြီးကို အကြောင်းကြားလိုက်လေ၏။

အကြာကြီး စစ်ဆေးမေးမြန်းပြီးနောက်မှသာ လင်းမိန်ဟွေ့က အခြေအနေမှန်ကို ရှင်းပြနိုင်ခဲ့သည်။

“အဲဒီတုန်းက ကျွန်မရဲ့ မိသားစုက ကျွန်မကို မချစ်တဲ့သူနဲ့ အတင်းလက်ထပ်ခိုင်းခဲ့လို့ အိမ်ထောင်စုစာရင်းကို စုန့်ယီရဲ့ အမည်အောက်မှာ ယာယီ ပြောင်းထားခဲ့ရတာပါ၊

အဲဒီအချိန်က ကျွန်မတို့က အသက်မပြည့်သေးလို့ လက်မထပ်နိုင်ခဲ့ဘူး၊ ဒါကြောင့် ဒီနေ့မှ လက်မှတ်လာထိုးကြတာပါ”

မိနစ်အနည်းငယ်အကြာတွင် လက်ထပ်စာချုပ် ရရှိရေးအတွက် အခက်အခဲများက အဆုံးသတ်သွားခဲ့ပေသည်။

လက်မှတ်ရရှိပြီးနောက်တွင် သူတို့၏ဘဝက ပိုမို၍အေးချမ်းသာယာလာသကဲ့သို့ ဖုန်းဆိုင်၏ စီးပွားရေးကလည်း တစ်နေ့ထက်တစ်နေ့ ပို၍ကောင်းလာခဲ့၏။

လင်းမိန်ဟွေ့က ခရိုင်မြို့၏ တောင်ဘက်နှင့် မြောက်ဘက်တို့တွင် ဆိုင်ခွဲများကို ထပ်မံ၍ဖွင့်လှစ်ခဲ့လေ၏။

ဤအတောအတွင်း ချီယုံ၏ စူပါမားကတ်က လူကြိုက်နည်းလာသောကြောင့် တဖြည်းဖြည်းနှင့် ပိတ်သိမ်းသွားခဲ့ရသည်။

နောက်တစ်နှစ်တွင် ခရိုင်မြို့၌ ဖုန်းဆိုင်များက မှိုလိုပေါက်လာသောကြောင့် လင်းမိန်ဟွေ့၏ ဆိုင်ကလည်း ထိခိုက်မှုရှိလာခဲ့၏။

စီးပွားရေးကို ပိုကောင်းလာစေရန် စုန့်ယီက မြို့ပေါ်သို့ ခဏခဏသွား၍ စက်ရုံများနှင့် အဆက်အသွယ်လုပ်ကာ အစုလိုက်အပြုံလိုက် ရောင်းချနိုင်ရန် ကြိုးစားလေတော့သည်။

တစ်ခေါက်တွင် သူက မြို့ပေါ်၌ သကြားဓာတ်နည်းပြီး သတိလစ်လုနီးပါးပင် ဖစ်နေသော လူလတ်ပိုင်း အမျိုးသားတစ်ဦးကို ကူညီခဲ့မိ၏။

ထိုသူက မြို့ပေါ်ရှိ ဓာတုစက်ရုံပိုင်ရှင် ဝူကျန့်ဖုန်း ဖြစ်ပေသည်။

သူက ကျေးဇူးဆပ်သည့်အနေဖြင့် သူ၏စက်ရုံ ဝန်ထမ်း (၁၀၀) ကျော်အတွက် စုန့်ယီထံမှ ဖုန်းများကို အစုလိုက်မှာယူရန်ကို သဘောတူခဲ့ပေသည်။

ဤသည်က အလွန်ကြီးမားသော အမှာစာကြီး တစ်ခုပင် ဖြစ်လေသည်။

မြို့ပေါ်ရှိ ကြယ်သုံးပွင့်အဆင့် ဟိုတယ်တစ်ခု၌။

ဝူယွဲ့က အလွန်လှပသော ဂါဝန်တစ်ထည်နှင့် ဆွဲဆောင်မှုရှိသော ဖိနပ်အမြင့်ကို စီးထားလေ၏။

သူမက ပွင့်လင်းလွတ်လပ်ပြီး ထက်မြက်သော ပုံရိပ်ရှိသူပင် ဖြစ်၏။

သူမက သွားလေရာရာ၌ လူတိုင်းက လှည့်ကြည့်ရသည်အထိ ဆွဲဆောင်မှု ရှိလွန်းသည်။

စုန့်ယီက မူလက ဝူယွဲ့၏ ဖခင် ဝူကျန့်ဖုန်းနှင့် စာချုပ်ချုပ်ရန် ချိန်းဆိုထားခြင်း ဖြစ်၏။

သို့သော် သူဌေးဝူက အဘယ်ကြောင့် ကုမ္ပဏီမှာ မချိန်းဘဲ ဟိုတယ်မှာ ချိန်းသည်ကို သူ နားမဘည်ဘဲ အနည်းငယ်အံ့အားသင့်နေမိသည်။

ဝူယွဲ့က စုန့်ယီကို မြင်သည်နှင့် ချွဲနွဲ့သော အသံဖြင့် ပြေးလာခဲ့၏။

“အစ်ကိုစုန့်ယီ၊ ရောက်လာတာတောင် ဖုန်းမဆက်ဘူး၊ လာခဲ့လေ ကျွန်မနဲ့အတူ ပေကျင်းက တိရစ္ဆာန်ရုံကို လိုက်ခဲ့ပါဦး!”

စုန့်ယီက မင်သက်သွားရ၏။ ဤမိန်းကလေးက သူ့ကို ပတ်သက်ကာ နှောင့်ယှက်လိုကြောင်းကို သူ သိပါသော်လည်း ဤစာချုပ်ကိစ္စက နောက်စရာ မဟုတ်ပေ။

သူက ဖုန်းဆက်ရန် ပြင်သော်လည်း ဝူယွဲ့က ဖုန်းကို လုယူလိုက်လေ၏။

“မလိုက်တော့ဘူး၊ ကျွန်တော်က စာချုပ်ချုပ်ပြီးတာနဲ့ ခရိုင်မြို့ကို ချက်ချင်းပြန်ရမယ်၊ မိန်ဟွေ့ တစ်ယောက်တည်းနဲ့ ဆိုင်နှစ်ဆိုင်လုံးကို ကြည့်နေရတာက အရမ်းပင်ပန်းနေမှာ”

ဝူယွဲ့က လွယ်လွယ်နှင့် လွှတ်ပေးမည့်သူ မဟုတ်ပေ။ သူမက စုန့်ယီ၏ လည်ပင်းကို ဖက်တွယ်လိုက်သည်။

“အစ်ကိုစုန့်ယီ၊ မနက်ဖြန်က ကျွန်မရဲ့ မွေးနေ့လေ၊ အဖေက အစ်ကို့ကို ကျွန်မနဲ့အတူ ပေကျင်းကို လိုက်ပို့ဖို့ သဘောတူထားပြီးသား၊ ပြန်လာမှ စာချုပ်ချုပ်ကြတာပေါ့”

“မဖြစ်ဘူး ဝူယွဲ့၊ ဒါက မသင့်တော်ဘူး၊ ကျွန်တော်က ပြောပြီးပြီ၊ ကျွန်တော့်မှာက အိမ်ထောင်ရှိတယ်”

“သိပါတယ်၊ အစ်ကို့မှာ မိန်းမရှိတာကို သိသားပဲ၊ ဒါပေမဲ့ ကျွန်မ အစ်ကို့ကို သဘောကျတယ်လေ၊ သူငယ်ချင်းတွေအနေနဲ့ အတူ လည်ပတ်ကြတာက ဘာဖြစ်လို့လဲ”

ဝူယွဲ့က စုန့်ယီ၏ အိမ်ထောင်ရေးကို ဂရုမစိုက်ပေ။ သူမက ပို၍ပင် တိုးကပ်လာပြီး စနောက်လိုက်သေး၏။

“အစ်ကိုစုန့်ယီ၊ အစ်ကိုက ကျွန်မကို သဘောကျနေလို့ စိတ်မလုံဘဲ ရှောင်နေတာ မဟုတ်လား”

“မဟုတ်ဘူး ဝူယွဲ့၊ မင်းက မိန်းကလေးတစ်ယောက်ပဲ၊ ကိုယ့်ရဲ့သိက္ခာကိုယ် စောင့်ရမှာပေါ့”

စုန့်ယီက သူမကို အသာတွန်းဖယ်၍ နောက်သို့ ဆုတ်လိုက်ပေသည်။

သူ လှည့်ထွက်သွားချင်သော်လည်း ဤအမှာစာကြီးကိုသာ ရရှိပါက တစ်နှစ်စာ အမြတ်ငွေ အလုံအလောက်ကို ရရှိမည်ဖြစ်ကြောင်းကို တွေးမိပြန်၏။

သို့မှသာ မိန်ဟွေ့ကလည်း အရောင်းအတွက် စိတ်ပူစရာ မလိုတော့မည် မဟုတ်ပါလား။

နောက်ဆုံးတွင် သူက လိုက်လျောလိုက်ရ၏။

“တိရစ္ဆာန်ရုံကိုပဲ လိုက်ပို့ပေးပါ့မယ်၊ ဒါပြီးရင်တော့ စာချုပ်ချုပ်ပေးပါ “

*

All Chapters