← Chapters

အခန်း (၅၀၈-၅၁၀)

Vol. 34 Ch. 508-510

အခန်း (၅၀၈-၅၁၀)

Vol. 34 Ch. 508-510

အခန်း (၅၀၈) - ပဉ္စမအဆင့် အောက်တွင် ပြိုင်ဘက်ကင်းသူ၊ ကောင်းကင် အင်မော်တယ် ၏ စွမ်းအားကို ပြသခြင်း (အပိုင်း - ၁)

"တာအိုဆရာ ထျန်းယွီ လား... သူက အခင်းအကျင်း ထဲကနေ ဘယ်လိုလုပ် ထွက်လာနိုင်တာလဲ"

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အခင်းအကျင်း ကြီးက ဒီအတိုင်းကြီး ရှိနေသေးတာပဲ မဟုတ်လား... အဲဒီထဲကနေ ဘယ်သူမှ ထွက်လာတာကိုလည်း ငါတို့ မတွေ့လိုက်ရပါဘူး... တာအိုဆရာ ထျန်းယွီ က ဘယ်အချိန်ကတည်းက အဲဒီလောက် အဝေးကြီးကို ရောက်သွားရတာလဲ"

"ရှူး... ရှူး... ရှူး... သူ့ရဲ့ အရှိန်အဝါ တွေက တရိပ်ရိပ် တက်လာနေတယ်... မူလဝိညာဉ် နောက်ပိုင်း အဆင့်... မဟုတ်သေးဘူး... သူက မူလဝိညာဉ် အထွတ်အထိပ် အဆင့် ကိုတောင် ရောက်နေပြီဟ"

"မဖြစ်နိုင်တာ... မြေကမ္ဘာအင်မော်တယ်နန်းတော် က လူတွေ အခင်းအကျင်း ကြီးထဲကို မျိုချခံလိုက်ရတာ ငါ့မျက်စိနဲ့ တပ်အပ် မြင်လိုက်ရတာပါ... သူတို့က ဘယ်လိုလုပ်ပြီး မိုင်ဆယ်ချီ ဝေးတဲ့ နေရာမှာ သွားပေါ်နေရတာလဲ"

ကြီးမားလှသော လူအုပ်ကြီးမှာ အကြီးအကျယ် ပွက်လောရိုက် သွားကြသည်။ သူတို့ အားလုံးသည် ရူးသွပ်စွာ ရယ်သံကြီး ထွက်ပေါ်လာရာ အရပ်ဆီသို့ မျက်လုံးများ ပြူးကျယ်လျက် မယုံကြည်နိုင်စွာဖြင့် ငေးကြည့်နေကြသည်။

အချို့သော သူများမှာမူ ထိုအရပ်မှ ဖြာထွက်လာသော မူလဝိညာဉ် အထွတ်အထိပ် အဆင့် အရှိန်အဝါကြီးကို အာရုံခံ မိလိုက်ကြသဖြင့် အကြောက်တရားများဖြင့် ပြည့်နှက်သွားကြ၏။ မူလဝိညာဉ် အဆင့် အတွင်း၌ပင် အသေးစား အဆင့်လေး တစ်ခု ကွာခြားမှုမှာ အလွန်တရာ ကြီးမားလှသည် မဟုတ်ပါလော။

အသေးစား အဆင့် တစ်ခုကို ကျော်လွန်၍ တိုက်ခိုက်နိုင်သူများ ဆိုလျှင် အလွန် ကြောက်မက်ဖွယ် ကောင်းသော ပါရမီရှင် သတ္တဝါဆိုးကြီးများ အဖြစ် သတ်မှတ် ခံရ၏။

ယခု ထိုနေရာတွင် ရှိနေသော လူများ အားလုံး အနက် အမြင့်ဆုံး ကျင့်ကြံခြင်း အဆင့် ရှိသူမှာ အင်မော်တယ် တစ်သောင်း နန်းတော် မှ အရှင်သခင်ကြီး ဇီယွီ ပင် ဖြစ်ပြီး၊ သူမ၏ ကျင့်ကြံခြင်း မှာ မူလဝိညာဉ် အဆင့် (၅) တွင်သာ ရှိသည်။

သူတို့ အားလုံးသည် မူလဝိညာဉ် အဆင့် (၉) ဟူသော အထွတ်အထိပ် အဆင့် နှင့် အလွန် ကွာကမ်း ဝေးကွာနေသေးသည် မဟုတ်ပါလော။

တာအိုဆရာ ထျန်းယွီ ၏ အရှိန်အဝါ များ ပြောင်းလဲလာသည်ကို အာရုံခံ မိလိုက်သောအခါ၊ အင်မော်တယ် တစ်သောင်း နန်းတော် ၏ မှော်လက်နက် ယာဉ်ပျံ သင်္ဘောကြီး ပေါ်ရှိ အရှင်သခင်ကြီး ဇီယွီ ၏ လှပသော မျက်ဝန်းများမှာ ရုတ်တရက် ပြင်းထန်စွာ ကျုံ့ဝင်သွားသည်။ ကြီးမားလှသော ခြိမ်းခြောက်မှုကြီး တစ်ခုကို ခံစားလိုက်ရသဖြင့်၊ သူမ၏ ခန္ဓာကိုယ်မှာ အလိုအလျောက် တောင့်တင်းသွားပြီး သူမ၏ မျက်နှာပေါ်တွင် အံ့အားသင့် မှင်သက်မှုများ အထင်းသား ပေါ်လွင်နေ၏။

'ဒါ... ဒါက သူ့ရဲ့ စစ်မှန်တဲ့ အစွမ်းအစ တွေလား... ဒါက သူ့ရဲ့ တကယ့် ကျင့်ကြံခြင်း အဆင့် လား'

'သူ့ရဲ့ ဒဏ်ရာတွေကြောင့် ကျင့်ကြံခြင်း အဆင့် က မူလဝိညာဉ် အစောပိုင်း အဆင့် ကို ကျသွားတယ် ဆိုတာ မဟုတ်ဘူးလား'

'ဒါမှမဟုတ်... သူက သူ့ရဲ့ အရင်က ကျင့်ကြံခြင်း စွမ်းအား တွေကို အတင်းအဓမ္မ ပြန်လည် ပေါက်ကွဲ ထွက်ပေါ်လာအောင် လုပ်နိုင်တာများလား'

အရှင်သခင်ကြီး ဇီယွီ ၏ ရင်ထဲတွင် တိတ်တဆိတ် ထိတ်လန့် တုန်လှုပ် နေမိသည်။

ခပ်လှမ်းလှမ်း နေရာတွင်မူ၊

ယွီလုံ နန်းတော် မှ အဖွဲ့ လိုက်ပါလာသော ယာဉ်ပျံ ပေါ်တွင်၊ အရှင်သခင်ကြီး ပိုင်ယန် ၏ သူငယ်အိမ်များမှာ အပ်ပေါက် တစ်ပေါက်စာခန့် အထိ ပြင်းထန်စွာ ကျုံ့ဝင်သွား၏။ သူသည် အဝေးမှ ရာသီဥတု အခြေအနေများ ပြောင်းလဲနေသည်ကို ကြောက်လန့်တကြား ကြည့်နေမိသည်။

ထို အံ့မခန်း အရှိန်အဝါ၏ ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာမှုကြောင့်၊ လောကကြီး တစ်ခုလုံး၏ အရောင်အဆင်းများမှာ ပြောင်းလဲသွားသည်။ ကောင်းကင်ယံ တွင် ပြင်းထန်သော မုန်တိုင်းကြီးများ ထန်လာကာ လေ၊ မီး နှင့် လျှပ်စီး များပင် ရောယှက် ထွက်ပေါ်လာ၏။

'မူလဝိညာဉ် အထွတ်အထိပ် အဆင့် ပါလား... ထျန်းယွီ... ဒီ သတ္တဝါဆိုး အိုကြီး က တကယ်ပဲ ဒီလောက် ကြောက်စရာ ကောင်းတဲ့ စွမ်းအား တွေကို ပြန်ထုတ်သုံးနိုင်တာလား'

အရှင်သခင်ကြီး ပိုင်ယန် ၏ ရင်ထဲတွင် အကြီးအကျယ် တုန်လှုပ်သွားရသည်။

သူ၏ မျက်နှာမှာ သွေးဆုတ်သွားသည့်နှယ် ဖြူရော်သွားပြီး၊ ကြီးမားလှသော အကြောက်တရားများက သူ့ကို ဖုံးလွှမ်းသွား၏။

'တကယ်လို့များ... ဟို အပျက်အစီး နေရာမှာ တုန်းကသာ... တာအိုဆရာ ထျန်းယွီ က ဒီလို ကျင့်ကြံခြင်း အဆင့် နဲ့ ငါ့ကို ရင်ဆိုင်ခဲ့မယ် ဆိုရင်... ငါတော့ သေချာပေါက် သေပြီပေါ့'

'ဒီလောက် အစွမ်းထက်တဲ့ လူကို... အဲဒီတုန်းက အပျက်အစီး နေရာ မှာ ဘယ်သူ ကများ တားနိုင်မှာလဲ'

ထိုအခိုက်အတန့်တွင် အရှင်သခင်ကြီး ပိုင်ယန် သည် သူ၏ ခြေထောက်များ ပျော့ခွေသွားသည့်နှယ် ခံစားလိုက်ရပြီး၊ သေမင်း၏ တံခါးဝ မှ ပြန်လည် လွတ်မြောက်လာခဲ့ရသလိုမျိုး ရင်တထိတ်ထိတ် ဖြစ်နေမိသည်။

"ဝုန်း..."

ဟိုဘက်တွင်မူ ရာသီဥတု အခြေအနေများမှာ အလွန်အမင်း ဆိုးရွား ပြင်းထန်နေတော့၏။

တာအိုဆရာ ထျန်းယွီ ၏ ခန္ဓာကိုယ် ထံမှ အရှိန်အဝါများမှာ ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ မူလက မူလဝိညာဉ် အစောပိုင်း အဆင့် မျှသာ ရှိရာမှ နေ၍... သူ ဒဏ်ရာ မရမီက ကျင့်ကြံခြင်း အဆင့် ဖြစ်သော မူလဝိညာဉ် အထွတ်အထိပ် အဆင့် သို့ ရောက်ရှိသွားတော့သည်။

လတ်တလော အခြေအနေတွင် တာအိုဆရာ ထျန်းယွီ ၏ ဒဏ်ရာများမှာ အပြည့်အဝ ပျောက်ကင်း သက်သာခြင်း မရှိသေးသော်ငြားလည်း၊ ဤအခိုက်အတန့်တွင် သူသည် သူ၏ ကျင့်ကြံခြင်း စွမ်းအားများကို အထွတ်အထိပ် အဆင့် သို့ ရောက်ရှိသွားစေရန် တွန်းတင်လိုက်ခြင်း ပင် ဖြစ်၏။

ယခင်ကဆိုလျှင်တော့ တာအိုဆရာ ထျန်းယွီ အနေဖြင့် ဤကဲ့သို့ ရမ်းကားသော လုပ်ရပ်မျိုးကို လုံးဝ ပြုလုပ်ဝံ့မည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ ပြုလုပ်လိုက်ပါက၊ အရှိန်အဝါများ ပြန်လည် ကျဆင်းသွားချိန်တွင် သူ၏ ကျင့်ကြံခြင်း အဆင့်မှာ မူလဝိညာဉ် အဆင့် အောက်သို့ပင် ထိုးကျသွားနိုင်သောကြောင့် ဖြစ်၏။

သို့သော် ယခုအခါတွင်မူ တာအိုဆရာ ထျန်းယွီ သည် အနည်းငယ် ထိန်းချုပ်မှု ကင်းမဲ့နေသည့်နှယ် ရှိသည်။

‘ဘာပဲဖြစ်ဖြစ်... ဒီတစ်ခါ အပျက်အစီး နေရာ ကနေ သူတို့ ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် (၉၀) တိတိ ရလာခဲ့တာပဲ မဟုတ်ပါလား’

ဤ ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် များသည် သူ၏ ဒဏ်ရာများကို တည်ငြိမ်သွားစေရန် နှင့် နောက်ပိုင်းတွင် အပြည့်အဝ ပျောက်ကင်း သွားစေရန် အတွက် လုံလောက်မှု ရှိသည်။

သူ၏ ကျင့်ကြံခြင်း အဆင့်မှာ ဒဏ်ရာများကြောင့် မူလဝိညာဉ် အစောပိုင်း အဆင့် သို့ 'ကျဆင်း' သွားခဲ့သည် ဆိုသော်ငြားလည်း၊ ၎င်းမှာ သူ၏ အခြေခံ အုတ်မြစ် ကို ထိန်းသိမ်းထားနိုင်ရန် အတွက်သာ ဖြစ်၏။

တကယ်လို့သာ သေရေးရှင်ရေး အခြေအနေ မျိုး နှင့် ရင်ဆိုင်ရပြီ ဆိုလျှင်တော့... သူက တစ်ချိန်တုန်းက မူလဝိညာဉ် အထွတ်အထိပ် အဆင့် မှာ ဘယ်လောက်တောင် ကြမ်းတမ်း ခက်ထန်ခဲ့လဲ ဆိုတာကို တခြား လူတွေကို မြည်းစမ်းကြည့်ဖို့ အခွင့်အရေး ပေးဖို့ လုံးဝ တွေဝေနေမှာ မဟုတ်ချေ။

"မင်းတို့ နှစ်ယောက် ဒီမှာပဲ နေခဲ့... ငါ ခဏနေရင် ပြန်လာခဲ့မယ်"

တာအိုဆရာ ထျန်းယွီ ၏ အသံသည် စုယွီ နှင့် အရှင်သခင်ကြီး ခြောက်မြီး မြေခွေး တို့၏ နားထဲတွင် ပဲ့တင်ထပ်သွား၏။ နောက်တစ်စက္ကန့်တွင် တာအိုဆရာ ထျန်းယွီ သည် ခြေတစ်လှမ်း ရှေ့သို့ တိုးလိုက်ရာ၊ သူ၏ ပုံရိပ်သည် မိုင်ဆယ်ချီ ဝေးကွာသော နေရာသို့ ချက်ချင်း ရောက်ရှိသွားတော့သည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် သူသည် ကောင်းကင် သွေးကြော အခင်းအကျင်း နှင့် သိပ်မဝေးလှသော နေရာသို့ ရောက်ရှိသွားခဲ့ချေပြီ။

ထို့နောက်၊ တာအိုဆရာ ထျန်းယွီ သည် လက်တစ်ချက် ဝှေ့ယမ်းကာ မရေမတွက်နိုင်သော အခင်းအကျင်း အခြေခံ များကို ထုတ်ယူလိုက်၏။ သူသည် တစ်ဖက်လူ၏ ကောင်းကင် သွေးကြော အခင်းအကျင်း ကြီး၏ အပြင်ဘက်တွင် သူ၏ ကိုယ်ပိုင် အခင်းအကျင်း ကို စတင် ခင်းကျင်းတော့မည် ဖြစ်သည်။

လောလောဆယ်တွင်မူ စိမ်းပြာငရဲ အင်မော်တယ်နန်းတော် မှ ထိပ်တန်း စတုတ္ထအဆင့် မြေဆရာ ‘ပေဟုန်’ သည် သူ၏ အခင်းအကျင်း ထဲတွင်သာ ပုန်းအောင်းနေပြီး အပြင်သို့ မထွက်ရဲသေးချေ။

သူ၏ ကိုယ်ပိုင် အစွမ်းအစ နှင့် ကျင့်ကြံခြင်း အခြေအနေ ကို သူ အသိဆုံး ပင် ဖြစ်၏။ သူ၏ ကျင့်ကြံခြင်း အဆင့်မှာ မူလဝိညာဉ် အဆင့် (၈) တွင်သာ ရှိပြီး၊ သူ၏ သက်တမ်းမှာလည်း ကုန်ဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်သဖြင့်၊ သူ၏ စွမ်းအားများမှာ အထွတ်အထိပ် အခြေအနေ တွင် မရှိတော့ချေ။

သူ့အနေဖြင့် မူလဝိညာဉ် အဆင့် (၇) ရှိသော ကျင့်ကြံသူ တစ်ဦးကို ရင်ဆိုင်ရန်ပင် အတော်လေး ခက်ခဲနိုင်သည်။

သို့သော် သူ၏ ကိုယ်ပိုင် ကောင်းကင် သွေးကြော အခင်းအကျင်း ကြီး အတွင်း၌ နေထိုင်မည် ဆိုပါက၊ တိုက်ခိုက်ရန် အခွင့်အရေး အနည်းငယ် ရှိနိုင်သေး၏။

တကယ်လို့များ သူက ကောင်းကင် သွေးကြော အခင်းအကျင်း ကြီးကို စွန့်လွှတ်ပြီး ထွက်ပြေးဖို့ ကြိုးစားမည် ဆိုလျှင်... သူက အရင်ဆုံး လှုပ်ရှားခွင့် ရပြီး အရင် ပြေးနိုင်မည် ဆိုလျှင်တောင်မှ၊ ဟင်းလင်းပြင် စွမ်းအားကို ထိန်းချုပ်နိုင်သူထက်တော့ ဘယ်လိုမှ ပိုမြန်နိုင်မှာ မဟုတ်ချေ။

ထို့ကြောင့် အဘက်ဘက်မှ စဉ်းစား တွေးတောပြီးနောက်၊ မြေဆရာ ‘ပေဟုန်’ သည် ယခုအချိန်တွင် သူ့အတွက် အသက်ရှင် လွတ်မြောက်ရန် နည်းလမ်း တစ်ခုတည်းသာ ရှိတော့ကြောင်း သဘောပေါက် သွား၏။

‘အဲဒါကတော့ စောင့်ဖို့ပဲ။

စိမ်းပြာငရဲ အင်မော်တယ်နန်းတော် က စစ်ကူတွေ ရောက်လာမယ့် အချိန်ကို စောင့်ရမယ်။

စိမ်းပြာငရဲ အင်မော်တယ်နန်းတော် က သူ့ကို လာကယ်ဖို့ လှုပ်ရှားလိုက်ပြီ ဆိုတာနဲ့... သူ အသက်ရှင်ဖို့ အခွင့်အရေး ရသွားပြီပဲ’

ကောင်းကင် သွေးကြော အခင်းအကျင်း ကြီး အတွင်း၌ မြေဆရာ ‘ပေဟုန်’ သည် သူ၏ ထောင်ချောက် အခင်းအကျင်း ဟင်းလင်းပြင် ထဲမှ လွတ်မြောက်သွားလေပြီ။ ယခုအခါ မူလဝိညာဉ် အထွတ်အထိပ် အဆင့် သို့ ရောက်ရှိနေပြီ ဖြစ်သော တာအိုဆရာ ထျန်းယွီ ၏ ကြောက်မက်ဖွယ် အရှိန်အဝါကို အာရုံခံ မိနေရင်း စိတ်ကို တည်ငြိမ်အောင် ထားရန် အတင်း ကြိုးစားနေသည်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးရှိ ကြက်သီးမွေးညင်း များမှာ ထောင်မတ်နေပြီး၊ ခေါင်းနပမ်းကြီးနေရ၏။

'တကယ်လို့များ... ငါ့ရဲ့ အခင်းအကျင်း ကြီးကို သူ ချိုးဖျက်သွားနိုင်ခဲ့မယ် ဆိုရင်တော့... ငါ တကယ်ပဲ သေပြီ'

မြေဆရာ ‘ပေဟုန်’ သည် တာအိုဆရာ ထျန်းယွီ က အခင်းအကျင်း ကို စတင် ခင်းကျင်းနေသည်ကို ကြည့်ကာ မနေနိုင်တော့ဘဲ လှောင်ရယ်လိုက်သည်။

"ခွီး..မင်းက ထိပ်တန်း စတုတ္ထအဆင့် အခင်းအကျင်း ပညာရှင် တစ်ယောက် လောက်ပါပဲကွာ... စတုတ္ထအဆင့် အခင်းအကျင်း နည်းနည်းပါးပါး လောက် ခင်းကျင်းလိုက်ရုံနဲ့... ငါ့ရဲ့ ကောင်းကင် သွေးကြော အခင်းအကျင်း ကြီးကို ချိုးဖျက်နိုင်မယ် လို့ များ ထင်နေတာလား"

"အိပ်မက် မက်မနေနဲ့... မင်းကို နောက်ထပ် အနှစ် ငါးဆယ် ဒါမှမဟုတ် အနှစ် တစ်ရာ အချိန် ထပ်ပေးရင်တောင်... ငါ့ရဲ့ အခင်းအကျင်း ကို မင်း ဘယ်တော့မှ ချိုးဖျက်နိုင်မှာ မဟုတ်ဘူး"

'ဟက်... မင်း ဘာလုပ်လုပ် အလကားပဲ... ငါ့ရဲ့ အခင်းအကျင်း ကြီးကို မင်း လုံးဝ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူး'

ထိုစကားများထဲတွင် မြေဆရာ ‘ပေဟုန်’ ၏ လေသံမှာ ယုံကြည်မှု အပြည့် ရှိနေဆဲပင် ဖြစ်၏။

သူ့အနေဖြင့် ယုံကြည်မှု ရှိဟန် ဆောင်နေရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိပေ။ သူ၏ စကားများက တာအိုဆရာ ထျန်းယွီ ၏ စိတ်ဓာတ်ကို ကျဆင်းသွားစေပြီး အခင်းအကျင်း ခင်းကျင်းမည့် အကြံကို လက်လျှော့ သွားစေရန် သူ ပို၍ မျှော်လင့်နေမိသည်။

ထိုသို့ ဖြစ်လာမည် ဆိုပါက၊ ကြီးမားသော အခင်းအကျင်း ကြီး၏ အကူအညီဖြင့် စိမ်းပြာငရဲ အင်မော်တယ်နန်းတော် မှ ကယ်ဆယ်ရေး အဖွဲ့များ ရောက်ရှိလာမည့် အချိန်အထိ သူ ပို၍ အချိန်ဆွဲထားနိုင်မည် မဟုတ်ပါလော။

သို့သော်လည်း တာအိုဆရာ ထျန်းယွီ သည် သူ၏ စကားများကို လုံးဝ မကြားသည့်အလား ပြုမူနေ၏။ သူ၏ လက်များသည် ကြီးမားလှသော အခင်းအကျင်း အခြေခံ တစ်ခုပြီးတစ်ခုကို အဆက်မပြတ် ထုတ်ဖော်နေပြီး၊ အောက်ဘက်ရှိ မြေပြင်ပေါ်တွင် စနစ်တကျ နေရာချ ခင်းကျင်း နေတော့သည်။

အခန်း (၅၀၉) - ပဉ္စမအဆင့် အောက်တွင် ပြိုင်ဘက်ကင်းသူ၊ ကောင်းကင် အင်မော်တယ် ၏ စွမ်းအားကို ပြသခြင်း (အပိုင်း - ၂)

တာအိုဆရာ ထျန်းယွီ သည် အခင်းအကျင်း အခြေခံများကို ဆက်တိုက် ခင်းကျင်းနေစဉ်၊ ကောင်းကင် သွေးကြော အခင်းအကျင်း အတွင်းရှိ မြေဆရာ 'ပေဟုန်' ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်း ပျက်ယွင်းလာပြီး သူ၏ သူငယ်အိမ်များမှာ ပြင်းထန်စွာ ကျုံ့ဝင်သွားသည်။

'သေစမ်း... ဒီအဘိုးကြီး ဘာတွေ လုပ်နေတာလဲ။ ငါ့ကို တကယ်ပဲ အသေသတ်တော့မလို့လား'

အဝေးတစ်နေရာတွင်မူ၊

အင်မော်တယ် တစ်သောင်း နန်းတော်မှ အရှင်သခင်ကြီး ဇီယွီ၊ လီဟော့ ခန်းမဆောင်မှ ထျန်းလီ၊ ယွီလုံ နန်းတော်မှ ပိုင်ယန် နှင့် အခြားသော မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး များ အားလုံးမှာ တာအိုဆရာ ထျန်းယွီ ခင်းကျင်းနေသော အခင်းအကျင်း အခြေခံ အရေအတွက် တိုးလာသည်ကို ကြည့်ရင်း သူတို့၏ မျက်နှာများမှာ ပိုမို လေးနက် တင်းမာလာကြပြီး၊ အကြောက်တရား အရိပ်အယောင်များပင် ထွက်ပေါ်လာကြ၏။

"တစ်ထောင်... တစ်ထောင့်တစ်ရာ... တစ်ထောင့်နှစ်ရာ..."

"သူက ဘာ အခင်းအကျင်း ကြီးကို ခင်းနေတာလဲကွာ... ဘယ်လိုလုပ် အခင်းအကျင်း အခြေခံ တွေက ဒီလောက် အများကြီး ဖြစ်နေရတာလဲ"

"အိုက်ယား... သူရူးသွားပြီ... သေချာတယ်... ရူးသွားပြီ။ စတုတ္ထအဆင့် ထိပ်တန်း အခင်းအကျင်း တစ်ခုမှာ အခင်းအကျင်း အခြေခံ တွေ ဒီလောက် အများကြီး လိုလို့လား။ သူ ဘာတွေ လုပ်နေတာလဲ"

"တာအိုဆရာ ထျန်းယွီ က စတုတ္ထအဆင့် ထိပ်တန်း အခင်းအကျင်း ပညာရှင်... ဟို စိမ်းပြာငရဲ အင်မော်တယ်နန်းတော် က လူက စတုတ္ထအဆင့် ထိပ်တန်း မြေဆရာ။ သူက တကယ်ပဲ ဟိုလူ့ရဲ့ အခင်းအကျင်းကို ချိုးဖျက်ပြီး နေရာယူနိုင်မှာလား... ဒါက တော်တော်လေး ခက်ခဲမယ့် ကိစ္စပဲနော်"

ဂိုဏ်းအသီးသီးမှ ရွှေအမြုတေ အဆင့် ကျင့်ကြံသူများမှာ တစ်ခွန်းမျှပင် ဝင်မဟဝံ့ကြတော့ချေ။

လတ်တလောတွင် အကြီးအကျယ် တုန်လှုပ်ချောက်ချားစွာဖြင့် တီးတိုး ဆွေးနွေးနေကြသူများမှာ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး များသာ ဖြစ်ကြသည်။

*

ပို၍ ဝေးကွာသော နေရာတွင်မူ၊

စုယွီ နှင့် အရှင်သခင်ကြီး ခြောက်မြီး မြေခွေး တို့ နှစ်ဦးစလုံး သည်လည်း တာအိုဆရာ ထျန်းယွီ အခင်းအကျင်း ခင်းကျင်းနေသည်ကို စောင့်ကြည့်နေကြ၏။

အရှင်သခင်ကြီး ခြောက်မြီး မြေခွေး ၏ မျက်ဝန်းများသည် ထျန်းယွီ ၏ လှုပ်ရှားမှုများကို လိုက်ကြည့်နေရင်း၊ သူမ၏ လှပသော မျက်နှာလေးပေါ်တွင် မျက်မှောင်များ အနည်းငယ် ကြုံ့သွားပြီး... စိုးရိမ် ပူပန်မှု အရိပ်အယောင် အချို့ အထင်းသား ပေါ်လွင်နေသည်။

'ဒီလူကြီးက ဘာတွေများ ကြံစည်နေပြန်တာလဲ... ကြည့်ရတာ တော်တော်လေး အန္တရာယ်များမယ့်ပုံပဲ'

အခင်းအကျင်း များနှင့် ပတ်သက်၍မူ သူမ ဘာမှ နားမလည်ချေ။

အရှင်သခင်ကြီး ခြောက်မြီး မြေခွေး က လေသံတိုးတိုးဖြင့် မေးလိုက်သည်။

"ယွီလေး... သူက ဘာ အခင်းအကျင်း ကို ခင်းနေတာလဲ ဟင်"

ထိုအချိန်တွင် စုယွီ သည်လည်း ခေတ္တမျှ စဉ်းစား တွေးတောနေခဲ့သည်။ သို့သော်လည်း သူသည် လျှို့ဝှက်ချက် အနည်းငယ်ကို ရိပ်မိ သဘောပေါက် သွားပုံရ၏။

သူက လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်၏။

"လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော် က... ကျွန်တော် ဆရာ့ကို ဆရာအဖြစ် စပြီး ကန်တော့ခဲ့တဲ့ အချိန်တုန်းကလေ... ဆရာက ခြံဝင်းထဲက ကျောက်စားပွဲ ပေါ်မှာ ကျောက်စရစ်ခဲ သေးသေးလေးတွေ သုံးပြီး အလွန် ထူးခြား ဆန်းကြယ်တဲ့ အခင်းအကျင်း တစ်ခုကို ခင်းကျင်း လေ့လာနေခဲ့တာ ကျွန်တော် မြင်ဖူးတယ်"

"အဲဒီ အခင်းအကျင်း ကို ကျွန်တော် လုံးဝ နားမလည်ခဲ့ဘူး... ဆရာကလည်း ဘယ်တော့မှ ရှင်းမပြခဲ့ဘူး။ ကျွန်တော် တစ်ချက်လေးပဲ အကြည့်ပို့လွှတ်ဖူးတာ"

"ဒါပေမဲ့ အဲဒီ တစ်ချက်လေး အကြည့်ပို့လွှတ်လိုက်ရုံနဲ့တင်... ကျွန်တော် အဲဒီထဲမှာ အသေ ပိတ်မိတော့မလို ဖြစ်သွားခဲ့တာ"

"ဖြစ်နိုင်တာက... အခု ဆရာ ခင်းကျင်းနေတဲ့ အခင်းအကျင်း က အဲဒီတုန်းက အခင်းအကျင်း နဲ့ နည်းနည်းပါးပါး ပတ်သက် ဆက်နွယ်နေလောက်တယ်"

'အဲဒီတုန်းက ကျောက်စရစ်ခဲလေးတွေနဲ့ ခင်းထားတာတောင် ငါ့ကို အသေပိတ်လှောင်ထားနိုင်မလို ဖြစ်သွားတာ... အခု အစစ်ကြီးဆိုရင်တော့ ဟိုကောင် လဲသေဖို့သာ ပြင်ထားပေတော့'

ဤအခြေအနေတွင်...

တာအိုဆရာ ထျန်းယွီ သည် မြေပြင်ပေါ်တွင် အခင်းအကျင်း အခြေခံ ပေါင်း တစ်သောင်း နီးပါးခန့်ကို ခင်းကျင်းရန် အတွက် အချိန် တစ်ဝက်တိတိ ယူခဲ့ရ၏။ သူ၏ ကျင့်ကြံခြင်း အဆင့်ကို မူလဝိညာဉ် အထွတ်အထိပ် အဆင့်သို့ အတင်းအဓမ္မ တွန်းတင်ထားရသော်ငြားလည်း၊ ဤလုပ်ငန်းစဉ်သည် သူ၏ မန္တန်စွမ်းအားများ နှင့် နတ်ဘုရား အာရုံ များကို အကြီးအကျယ် စုပ်ယူ ကုန်ခမ်းစေခဲ့သည်။

အခင်းအကျင်း အခြေခံ အားလုံးကို ခင်းကျင်းပြီးသွားသည့် အခိုက်အတန့်တွင်၊ တာအိုဆရာ ထျန်းယွီ သည် ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် တဝက် ကို မျိုချလိုက်ပြီး သူ၏ စွမ်းအားများကို ပြန်လည် သန့်စင်ကာ၊ ပေါက်ကွဲထွက်နေသော ကျင့်ကြံခြင်း စွမ်းအားများကို ဆက်လက် ထိန်းသိမ်းထား၏။

အဝေးမှ နေ၍ တာအိုဆရာ ထျန်းယွီ က ကုန်ခမ်းသွားသော စွမ်းအင်များကို ပြန်လည် ဖြည့်တင်းရန် အတွက် ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် တဝက် ကို ပေါ့ပေါ့ပါးပါး မျိုချလိုက်သည်ကို ကြည့်ရင်း... အရှင်သခင်ကြီး ဇီယွီ နှင့် အရှင်သခင်ကြီး ပိုင်ယန် တို့၏ မျက်ခွံများမှာ တဆက်ဆက် တုန်ခါသွားကြသည်။

‘... အဲဒါ.. ငါ ရှာတွေ့ခဲ့တဲ့ဟာလေကွာ။ ဒီအဘိုးကြီးက သကြားလုံး စားသလို စားပစ်နေတယ်။ ကျဥ.. ကျဥ..ငါ့နှလုံးသားတွေ ကွဲကြေနေပြီ'

ဒါ... ဒါက။

ဒါက နှစ်ရာချီ၊ ထောင်ချီ နေမှ တစ်ခါ ထွက်ပေါ်လာတတ်တဲ့ အလွန် ရှားပါးလှတဲ့ ထိပ်တန်း ရတနာ ကြီးလေကွာ။

အခုတော့ သူက ရေလို သောက်ပြီး ဖြုန်းတီးပစ်နေတယ်ပေါ့။

မည်သို့ပင် ဆိုစေကာမူ၊ ကောင်းကင် ခြင်ဆီ ဝိညာဉ် အရည် တဝက် ကို မျိုချလိုက်ပြီးနောက် အနည်းငယ် ပြန်လည် လန်းဆန်းလာသော တာအိုဆရာ ထျန်းယွီ သည် ယခုအခါ ကောင်းကင် သွေးကြော အခင်းအကျင်း ဆီသို့ အာရုံ ပြောင်းလိုက်ပြီး၊ ခံစားချက် ကင်းမဲ့သော လေသံဖြင့် ပြောလိုက်၏။

"စိမ်းပြာငရဲ အင်မော်တယ်နန်းတော် က ကောင်လေး... ငါ့ကို မင်းအပေါ် မလေးစားဘူး လို့ မပြောနဲ့နော်။ မကြာသေးခင်ကမှ ငါ သဘောပေါက် နားလည်လာတဲ့ ဒီ အခင်းအကျင်း က အကြွင်းအကျန် အခင်းအကျင်း တစ်ခု ဖြစ်ပေမဲ့... တော်တော်လေး နက်နဲတဲ့ အသိအမြင် တွေ ပါဝင်တယ်"

"တခြား ဘယ်သူမှ မမြင်ဖူးသေးဘူး... မင်း တစ်ယောက်တည်းပဲ ရှိသေးတယ်။ ငါ ဒဏ်ရာ အပြင်းအထန် ပြန်ရမယ့် အန္တရာယ် ကို စွန့်ပြီးတော့တောင်... မင်းကို ဒီ အခင်းအကျင်း ရဲ့ အရသာကို မြည်းစမ်းခွင့် ပေးလိုက်မယ်"

'ဟက်... မင်းက တော်တော် ကံကောင်းတဲ့ ကောင်ပဲ။ ငါ့ရဲ့ လက်ရာသစ်ကို ပထမဆုံး ခံစားရမယ့်ကောင်'

ကောင်းကင် သွေးကြော အခင်းအကျင်း အတွင်း၌၊ မြေဆရာ 'ပေဟုန်' သည် တံတွေး တစ်ချက်ကို ခက်ခဲစွာ မျိုချလိုက်ပြီး၊ အကြောင်းပြချက် မရှိဘဲ အကြောက်တရားများ ဝင်ရောက်လာသည်ကို ခံစားလိုက်ရ၏။

သာမန် စတုတ္ထအဆင့် ထိပ်တန်း အခင်းအကျင်း တစ်ခု ဆိုလျှင် အခင်းအကျင်း အခြေခံ ရာဂဏန်း မှ တစ်ထောင် ဝန်းကျင်ခန့်သာ ပါဝင်လေ့ ရှိသည်။

အချို့သော စတုတ္ထအဆင့် ထိပ်တန်း အခင်းအကျင်း ပညာရှင် များ၏ အထူး ကျွမ်းကျင်သော အခင်းအကျင်း များတွင်သာ အခင်းအကျင်း အခြေခံ တစ်ထောင်ကျော်၊ အလွန်ဆုံး နှစ်ထောင် ခန့် အထိ ပါဝင်နိုင်သည်။

သူ၏ ကောင်းကင် သွေးကြော အခင်းအကျင်း ဆိုလျှင်ပင် အခင်းအကျင်း အခြေခံ သုံးထောင် နီးပါးခန့်ကို ရက်အတော်ကြာ အချိန်ယူ ခင်းကျင်းပြီးမှသာ အသက်ဝင် လှုပ်ရှားလာခဲ့ခြင်း ဖြစ်၏။

ယခုတော့...

တာအိုဆရာ ထျန်းယွီ သည် အချိန် တစ်ဝက်လေး အတွင်းမှာပင် အခင်းအကျင်း အခြေခံ တစ်သောင်း နီးပါးခန့်ကို ခင်းကျင်းပစ်လိုက်တော့သည်။

ဤ အခင်းအကျင်း မှာ အသက်မဝင်သေးဘဲ၊ ၎င်း၏ စွမ်းအားကို သူတို့ ကိုယ်တိုင် မခံစားရသေးသော်ငြားလည်း... အခင်းအကျင်း ၏ အရှိန်အဝါ နှင့် စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှု မှာပင် လုံလောက်အောင် ကြောက်မက်ဖွယ် ကောင်းနေခဲ့ပြီတည်း။

မြေဆရာ 'ပေဟုန်' မှာ အနည်းငယ် ပျာယာခတ် နေခဲ့ပြီ ဖြစ်၏။

'တော်ပါတော့ကွာ...'

‘'မင်း က ဒဏ်ရာ အပြင်းအထန် ရထားတဲ့ လူလေ... ပြီးတော့ အခင်းအကျင်း ဟင်းလင်းပြင် ထဲကနေလည်း သီသီလေး လွတ်သွားတာ မဟုတ်ဘူးလား။ လွတ်သွားရင်လည်း ပြေးရောပေါ့... ဘာလို့ မပြေးတာလဲ'

'ပြီးတော့ ဒဏ်ရာ ပြန်ရနိုင်တဲ့ အန္တရာယ် ကိုတောင် ဂရုမစိုက်ဘဲ ဒီ အခင်းအကျင်း ကို လာခင်းနေရအောင်... အဲဒီလောက် အထိ တန်လို့လား'

ထို့အပြင်... အခင်းအကျင်း အခြေခံ တစ်သောင်းလောက် ပါသော ဒီ သောက် အခင်းအကျင်း ကြီးရဲ့ အရသာကို သူ လုံးဝ (လုံးဝ) မမြည်းစမ်းချင်ပါ။

အပြင်ဘက်တွင်မူ တာအိုဆရာ ထျန်းယွီ က ဆက်ပြောနေသည်။

"ငါ့ဆီမှာ ပဉ္စမအဆင့် အခင်းအကျင်း အခြေခံ တွေ မရှိတာ တော်တော်လေး နှမြောဖို့ ကောင်းတယ်။ မဟုတ်ရင်တော့... ဒီ အကြွင်းအကျန် အခင်းအကျင်း ရဲ့ စစ်မှန်တဲ့ စွမ်းအား တွေက မင်းကို အံ့မခန်း အတွေ့အကြုံ တစ်ခု ပေးနိုင်မှာ သေချာတယ်"

"ဒါပေမဲ့... စတုတ္ထအဆင့် မြေဆရာ တစ်ယောက် ဖြစ်တဲ့ မင်းရဲ့ အခင်းအကျင်း တာအို အပေါ် နားလည် သဘောပေါက်မှု အရ ဆိုရင်တော့... အခု ဒီ အခင်းအကျင်း က မင်းကို ဖျော်ဖြေပေးဖို့ လုံလောက်ပါတယ်"

"ဝီ..."

ထိုသို့ ပြောရင်း မြေဆရာ 'ပေဟုန်' စကားပြန်ပြောမည့် အချိန်ကိုပင် မစောင့်တော့ဘဲ၊ တာအိုဆရာ ထျန်းယွီ ၏ ခန္ဓာကိုယ် အတွင်းမှ ကြီးမား ကျယ်ပြန့်လှသော မူလဝိညာဉ် အထွတ်အထိပ် အဆင့် မန္တန်စွမ်းအားများ ဒလဟော ထွက်ပေါ်လာတော့သည်။... မျက်စိတစ်မှိတ် အတွင်းမှာပင် မြေအောက်ရှိ မရေမတွက်နိုင်သော အခင်းအကျင်း အခြေခံ များ အတွင်းသို့ စီးဝင်သွားတော့၏။

တာအိုဆရာ ထျန်းယွီ ၏ မန္တန်စွမ်းအားများ အခင်းအကျင်း အတွင်းသို့ စီးဝင်သွားသည်နှင့် တစ်ပြိုင်နက်၊ အခင်းအကျင်း အခြေခံ များသည် တစ်ခုပြီးတစ်ခု လျင်မြန်စွာ အသက်ဝင် လှုပ်ရှားလာကြသည်။

ထို အခင်းအကျင်း အခြေခံ များထံမှ စကားဖြင့် ဖော်ပြ၍ မရနိုင်လောက်သော အရှိန်အဝါ တစ်ခု ထွက်ပေါ်လာ၏။

ဤအခိုက်အတန့်တွင် အရှင်သခင်ကြီး ဇီယွီ၊ အရှင်သခင်ကြီး ထျန်းလီ၊ အရှင်သခင်ကြီး ပိုင်ယန် နှင့် အခြားသော မူလဝိညာဉ် အဆင့် အစွမ်းထက် ကျင့်ကြံသူ များ ပင်လျှင် အဝေးမှ နေ၍ တာအိုဆရာ ထျန်းယွီ ၏ အခင်းအကျင်း ကို စောင့်ကြည့်နေကြသည်။ အခင်းအကျင်း အသက်ဝင်လာချိန်တွင် ပေါက်ကွဲ ထွက်ပေါ်လာသော အရှိန်အဝါ များကို သူတို့၏ နတ်ဘုရား အာရုံများဖြင့် ခံစားမိလိုက်သောအခါ၊ သူတို့ အားလုံး၏ မျက်နှာ အမူအရာများမှာ သိသိသာသာ ပြောင်းလဲသွားကြ၏။

မျက်စိတစ်မှိတ် အတွင်းမှာပင်၊

သူတို့၏ အာရုံခံစားမှုများ အားလုံး ကမောက်ကမ ဖြစ်သွားပြီး၊ ခေါင်းများ မူးဝေကာ အကြီးအကျယ် ရှုပ်ထွေးသွားသည်ကို ခံစားလိုက်ကြရသည်။

'အား... ငါ့ခေါင်းတွေ မူးလာပြီ... အန်ချင်လာပြီ... ဒါ ဘာသောက်ရေးမလုပ်တဲ့ အခင်းအကျင်းကြီးလဲကွာ'

ဤ ခံစားချက်မှာ အလွန်တရာ အနေရခက်လှပြီး၊ သူတို့ တစ်သက်နှင့် တစ်ကိုယ် တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့သော ခံစားချက်မျိုး ပင် ဖြစ်၏။

"ဘာတွေ ဖြစ်နေတာလဲ... ဒါ ဘာ တစ္ဆေ အခင်းအကျင်း ကြီးလဲ"

"အား... တကယ် မခံနိုင်တော့ဘူး"

"မလုပ်နဲ့... ဒီ အခင်းအကျင်း ကို နတ်ဘုရား အာရုံ နဲ့ သွားမစစ်ဆေးနဲ့။ မဟုတ်ရင် ငါ့ခေါင်း ပေါက်ကွဲ ထွက်သွားလိမ့်မယ်"

ထိုအခိုက်အတန့်တွင် အရှင်သခင်ကြီး ဇီယွီ၊ အရှင်သခင်ကြီး ထျန်းလီ၊ အရှင်သခင်ကြီး ပိုင်ယန် နှင့် အခြားသော မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး များ အားလုံး၏ မျက်နှာများမှာ ပြာနှမ်းသွားကြသည်။ သူတို့သည် မြေပြင်ပေါ်သို့ ပြုတ်ကျတော့မည့် အလား ယိမ်းယိုင်နေကြပြီး၊ သူတို့၏ ဟန်ချက်ကို ထိန်းထားနိုင်ရန် မနည်း ကြိုးစားနေကြရ၏။

အချို့သော မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး များ ဆိုလျှင် လေထဲတွင် ပျံသန်းနေမှုကိုပင် မထိန်းချုပ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြတော့သည်။

သို့ဆိုလျှင်တောင်၊ သူတို့က အခင်းအကျင်း ကို နတ်ဘုရား အာရုံနှင့် လှမ်းပြီး စမ်းသပ်ကြည့်ရုံလေးသာ ရှိသေးသည်ပင်။

ထိုအချိန်တွင် ကောင်းကင် သွေးကြော အခင်းအကျင်း ၏ အလယ်ဗဟို ၌ ရှိနေသော မြေဆရာ 'ပေဟုန်' မှာလည်း တာအိုဆရာ ထျန်းယွီ အခင်းအကျင်း ကို အသက်သွင်းလိုက်သည့် အခိုက်အတန့်တွင် အလားတူ မျက်နှာ အမူအရာ ပျက်ယွင်းသွားမှုကို ရင်ဆိုင်နေရ၏။

သူ၏ အတွေးများကို ပုံဖော်လိုက်သည်နှင့် တစ်ပြိုင်နက်၊ ကောင်းကင် သွေးကြော အခင်းအကျင်း အတွင်းရှိ လှိုင်းထန်နေသော ကြယ်တာရာ စွမ်းအင်များ သည် ဆူပွက်နေသော ပင်လယ်ပြင်ကြီး အလား ရွေ့လျားသွားပြီး၊ တာအိုဆရာ ထျန်းယွီ ၏ အခင်းအကျင်း ထံမှ တိုက်ခိုက်လာမည့် စွမ်းအားများကို အချိန်မရွေး ခုခံရန် ပြင်ဆင်နေတော့သည်။

အခန်း (၅၁၀) - ပဉ္စမအဆင့် အောက်တွင် ပြိုင်ဘက်ကင်းသူ၊ ကောင်းကင် အင်မော်တယ် ၏ စွမ်းအားကို ပြသခြင်း (အပိုင်း - ၃)

သို့သော်ငြားလည်း၊ တာအိုဆရာထျန်းယွီ ခင်းကျင်းလိုက်သည့် အခင်းအကျင်း၌ ကြီးမားခမ်းနားလှသော ဖျက်ဆီးခြင်း စွမ်းအားများ မပါဝင်ခဲ့ချေ။

ပါဝင်သည်က တစ်ခုတည်း။

အရာရာကို ပြောင်းပြန်လှန်ပစ်ခြင်း..

လောကကြီးတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခြင်းပင်။

ထို့ကြောင့် ဤအခင်းအကျင်း၏ စွမ်းအားက မြေဆရာပေဟုန်၏ ကောင်းကင်သွေးကြော အခင်းအကျင်းပေါ်သို့ သက်ရောက်သွားသောအခါ၊ ထိုဘက်က လုံးဝကို ခုခံနိုင်စွမ်း မရှိတော့ချေ။

အဘယ်ကြောင့်ဆိုသော် ဤစွမ်းအားသည် လောကကြီး၏ ဓာတ်ကြီးငါးပါးကဲ့သို့ ဒြပ်ရှိ စွမ်းအားမျိုး မဟုတ်သောကြောင့်ပါ။

ကောင်းကင်သွေးကြော အခင်းအကျင်းထဲတွင် စုစည်းထားသမျှသော အဆုံးအစမဲ့ ကြယ်တာရာ စွမ်းအင်ကြီးများမှာ အလကား၊ သောက်သုံးမကျသည့် အရာများ ဖြစ်သွားရတော့သည်။

နောက်တစ်စက္ကန့်တွင်၊

တာအိုဆရာထျန်းယွီက အခင်းအကျင်းကို အသက်သွင်းလိုက်သည်နှင့်၊ ကောင်းကင်သွေးကြော အခင်းအကျင်းကြီးမှာ ချက်ချင်းပင် ပုံမှန်မဟုတ်တော့သည့် လက္ခဏာများ ပြသလာသည်။ အတွင်းဘက်တွင် လည်ပတ်နေသော ကောင်းကင်သွေးကြော အခင်းအကျင်း၏ စွမ်းအားများမှာ ပြောင်းပြန် စတင်လည်ပတ်လာ၏။

တစ်ချိန်တည်းမှာပင် ကောင်းကင်ယံထက်၌ မူလက ပုန်းကွယ်နေခဲ့သော ကောင်းကင်သွေးကြော အခင်းအကျင်းကြီးသည်...

ရုတ်တရက်ကြီး မြေပြင်ပေါ်သို့ ပြုတ်ကျလာတော့သည်။

အခင်းအကျင်းအတွင်း၌ ရှိနေသော မြေဆရာပေဟုန်မှာမူ မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ အာရုံခံစားမှု ခြောက်ပါးလုံး ပြောင်းပြန်လန်သွားသည်ကို ခံစားလိုက်ရ၏။ ရှေ့က ရှေ့မဟုတ်တော့သလို၊ နောက်ကလည်း နောက်မဟုတ်တော့ချေ။ ထိုအခိုက်အတန့်တွင် လောကကြီးတစ်ခုလုံး ကမောက်ကမ ဖြစ်သွားသည့်နှယ်ပင်။

'သေစမ်း... ဒါ ဘာကြီးလဲ။ ငါ့ခေါင်းတွေ မူးနေပြီ။ အပေါ်က ဘယ်ဘက်လဲ... အောက်က ဘယ်ဘက်လဲ။ အန်ချင်လာပြီကွာ... ငါ့အာရုံတွေ အကုန် ရူးကုန်ပြီလား'

ဤကဲ့သို့သော ခံစားချက်မျိုးကို မြေဆရာပေဟုန် တစ်ခါမှ မကြုံဖူးခဲ့ချေ။

ဘာပဲပြောပြော ကျင့်ကြံသူ တစ်ယောက်အတွက် အစွမ်းအထက်ဆုံး လက်နက်က အာရုံခြောက်ပါးပဲ မဟုတ်ပါလား။

အာရုံလှည့်စားမှု အခင်းအကျင်းထဲ ရောက်နေရင်တောင် အဲဒီအာရုံခြောက်ပါးကို သုံးပြီး ဖောက်ထွက်၍ ရသေးသည်။

သို့သော် ယခုအခြေအနေတွင်တော့ မြေဆရာပေဟုန် တစ်ယောက် သူ၏ အာရုံခြောက်ပါးလုံးကိုသာ ဆွဲဖုတ်ပြီး အဝေးကြီးကို လွှင့်ပစ်လိုက်ချင်စိတ်များပင် ပေါက်လာရ၏။

မျက်စိတစ်မှိတ်မျှသော အချိန်လေးအတွင်းမှာပင်၊ မြေဆရာပေဟုန်မှာ မခံမရပ်နိုင်တော့ဘဲ နာကျင်စွာဖြင့် အာခေါင် ခြစ်အော်လိုက်တော့သည်။

"အား... အား... အား..."

ကောင်းကင်သွေးကြော အခင်းအကျင်းကြီး ပြောင်းပြန်လန်ပြီး ကောင်းကင်မှနေ၍ မြေကြီးပေါ်သို့ ထိုးကျသွားသောအခါ၊ အခင်းအကျင်းအတွင်းရှိ မြေဆရာပေဟုန်၏ ခန္ဓာကိုယ်တွင်းမှ မန္တန်စွမ်းအားများမှာလည်း ကမောက်ကမ ဖြစ်နေသော အာရုံခြောက်ပါး၏ လွှမ်းမိုးမှုအောက်တွင် ပြောင်းပြန် လည်ပတ်သွားတော့သည်။

"ဝုန်း..."

ခဏအကြာတွင်တော့... ပြောင်းပြန်လည်ပတ်သွားသော မန္တန်စွမ်းအားများကြောင့် မြေဆရာပေဟုန်၏ ခန္ဓာကိုယ်ကြီးမှာ သွေးမိုး၊ သွေးပေါက်များအဖြစ် ပေါက်ကွဲထွက်သွားတော့၏။

ဤအခိုက်အတန့်တွင် သူ၏ မူလဝိညာဉ်လေးမှာပင် အလွန်တရာ အားနည်းသွားခဲ့ပြီ ဖြစ်သော်လည်း၊ အခင်းအကျင်း၏ စွမ်းအားကတော့ သက်ရောက်နေဆဲပင်။ ၎င်း၏ အရှိန်အဝါများမှာ အလွန်အမင်း ကသောင်းကနင်း ဖြစ်နေပြီး အခင်းအကျင်းအတွင်း ဟိုဘက်ဒီဘက် ပြေးလွှားရင်း မရပ်မနား အော်ဟစ်နေသည်။

"အား... ကယ်ကြပါဦး... နာလိုက်တာ... ရပ်ပေးပါတော့..."

ခပ်လှမ်းလှမ်း နေရာတွင်မူ၊

မြေကမ္ဘာအင်မော်တယ်နန်းတော် အပါအဝင်၊ ထိပ်သီး အင်မော်တယ်ဂိုဏ်းကြီးများမှ ကျင့်ကြံသူများနှင့်၊ ပွဲကြည့်ရန် ဤနေရာတွင် နေခဲ့ကြသော ကျင့်ကြံသူများ အားလုံးမှာ... ဆောင်းရာသီက ပုစဉ်းရင်ကွဲများလို အသံတိတ်သွားကြသည်။ သူတို့၏ မျက်နှာများမှာ စက္ကူချပ်လို ဖြူရော်နေပြီး၊ မျက်ဝန်းများထဲတွင် အကြွင်းမဲ့ ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်နေတော့၏။

'ဘုရား... ဘုရား... ငါတို့ မျက်စိ မှားနေတာများလား။ ဒါက တကယ့် အစစ်ကြီးလား'

မူလက ကောင်းကင်ယံတွင် ရှိနေသော ကောင်းကင်သွေးကြော အခင်းအကျင်းကြီးသည် တာအိုဆရာထျန်းယွီ ခင်းကျင်းလိုက်သည့် အခင်းအကျင်းကြောင့် ပြောင်းပြန်လန်ကာ မြေကြီးပေါ်သို့ ထိုးကျသွားသည်ကို အရှင်သခင်ကြီး ဇီယွီ နှင့် အရှင်သခင်ကြီး ပိုင်ယန် တို့က ပြူးကျယ်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

ထို့နောက် စိမ်းပြာငရဲ အင်မော်တယ်နန်းတော်မှ မြေဆရာကြီးမှာ ကိုယ်တိုင် ပေါက်ကွဲသေဆုံးသွားပြီး၊ အခင်းအကျင်းအတွင်း ရူးသွပ်စွာ ပြေးလွှား အော်ဟစ်နေသော မူလဝိညာဉ်လေး တစ်ခုသာ ကျန်ရစ်တော့သည်ကို သူတို့ မြင်တွေ့လိုက်ကြရ၏။

အရှင်သခင်ကြီး ဇီယွီ နှင့် အခြားသော မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးများမှာ ‌ကြက်သီးထသွားကြတော့၏။ သူတို့၏ မျက်ဝန်းများထဲတွင် ဖုံးကွယ်၍မရသော အကြောက်တရားများ ပေါ်လွင်နေသည်။

'ဘာကြီးလဲကွာ... အဲဒါကြီးက ဘာသောက်ရေးမလုပ်တဲ့ အခင်းအကျင်းကြီးလဲ'

'စတုတ္ထအဆင့် ထိပ်တန်း မြေဆရာ ကြီး တစ်ယောက်ကိုတောင် ဒီလောက် အောက်တန်းကျတဲ့ အခြေအနေထိ ရောက်အောင် လုပ်ပစ်နိုင်တယ်ပေါ့လေ... ရူးချင်စရာပဲ'

တာအိုဆရာထျန်းယွီသည် အခင်းအကျင်းအတွင်းမှ ကသောင်းကနင်း ဖြစ်နေသော မူလဝိညာဉ်လေးကို ခံစားချက်ကင်းမဲ့စွာဖြင့် ကြည့်နေ၏။ ၎င်းအား ဆက်လက်၍ အော်ဟစ် ရူးသွပ်ခွင့် ပေးထားလိုက်သည်။ တစ်ဖက်လူ တကယ်ကြီး ရူးသွပ်သွားသည်အထိ တစ်နာရီနီးပါးခန့် ညှဉ်းပန်းနှိပ်စက်ပြီးမှသာ သူသည် အခင်းအကျင်းကို ရပ်တန့်လိုက်တော့၏။

'အော်စမ်း... အော်စမ်း... မင်းတို့ စိမ်းပြာငရဲနန်းတော်က ကောင်တွေ ငါ့ကို လာစမ်းရင် ဒီလောက်တော့ ခံရမှာပေါ့။ မှတ်လောက်သားလောက် ဖြစ်အောင်ကို ပြပေးမယ်'

ထို့နောက်တွင်မူ... 'ပေဟုန်' ဟု အမည်ရသော ထိုမြေဆရာ၏ မူလဝိညာဉ်လေးကို သူ ချိပ်ပိတ် ဖမ်းဆီးလိုက်သည်။

သူ သေချာပေါက် သတ်ပစ်မည် မဟုတ်ချေ။

ဤ မူလဝိညာဉ်ကို အရှင်ဖမ်းပြီး ဂိုဏ်းကို ပြန်သယ်သွားခြင်းက အများကြီး အသုံးဝင်မည် မဟုတ်ပါလော။ စိမ်းပြာငရဲ အင်မော်တယ်နန်းတော်၏ လျှို့ဝှက် အခြေစိုက်စခန်း အနည်းငယ်ကိုတောင် ဖော်ထုတ်နိုင်ကောင်း ဖော်ထုတ်နိုင်လိမ့်မည်။

ပေဟုန်ကို ဖမ်းဆီးပြီးနောက်၊ တာအိုဆရာထျန်းယွီသည် အင်မော်တယ်တစ်သောင်းနန်းတော်မှ အရှင်သခင်ကြီး ဇီယွီ နှင့် လီဟော့ကျောင်းတော်မှ အရှင်သခင်ကြီး ထျန်းလီ တို့ ပါဝင်သော အင်အားစုများ ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ ဒီတိုင်း တစ်ချက်လေး အကြည့်ပို့လွှတ်လိုက်ရုံမျှသာ ဖြစ်သော်လည်း၊ သူတို့၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားစေပြီး အလိုအလျောက်ပင် တုန်ယင်သွားကြတော့၏။

နောက်တစ်စက္ကန့်တွင်တော့၊ အရှင်သခင်ကြီး ဇီယွီ၊ အရှင်သခင်ကြီး ထျန်းလီ နှင့် အခြားသူများ အားလုံးသည် ရိုသေကျိုးနွံစွာဖြင့် ဦးညွှတ် ဂါရဝပြုလိုက်ကြပြီး ဝမ်းပန်းတသာ ဂုဏ်ပြု စကားဆိုလာကြသည်။

"တာအိုဆရာထျန်းယွီ က စိမ်းပြာငရဲ အင်မော်တယ်နန်းတော်က လူယုတ်မာကို အရှင်ဖမ်းမိတဲ့ အတွက်ရော... မြေကမ္ဘာအင်မော်တယ် နန်းတော်ရဲ့ ကြီးမြတ်တဲ့ ဩဇာအာဏာကို ပြသနိုင်ခဲ့တဲ့ အတွက်ပါ... ကျွန်တော်တို့က ဂုဏ်ပြုပါတယ် ခင်ဗျာ"

ဤ ဟိန်းဟောက်နေသော အသံကြီးများမှာ မိုးခြိမ်းသံအလား ကောင်းကင်ယံ တစ်ခွင်၌ ပဲ့တင်ထပ်သွားတော့သည်။

တာအိုဆရာထျန်းယွီ၏ ကြမ်းရမ်းလှသော အစွမ်းအစများရှေ့တွင်၊ အရှင်သခင်ကြီး ဇီယွီ၊ အရှင်သခင်ကြီး ထျန်းလီ နှင့် အရှင်သခင်ကြီး ပိုင်ယန် တို့ကဲ့သို့သော မူလဝိညာဉ်အဆင့် အရှင်သခင်ကြီးများမှာ နောက်ဆုံးတွင်တော့ သူတို့၏ မာနများကို ချထားလိုက်ရပြီး ရိုသေကျိုးနွံသွားကြတော့၏။

ယခင်က တာအိုဆရာထျန်းယွီ အပေါ် အထင်သေး အမြင်သေး ရှိခဲ့သော အတွေးများ အားလုံးမှာ လုံးဝကို အစအန ပျောက်ကွယ်သွားခဲ့ချေပြီ။

တာအိုဆရာထျန်းယွီ အပေါ်တွင် ကြောက်ရွံ့ ရိုသေမှုများသာ ကျန်ရစ်တော့၏။

ထိပ်သီး အင်မော်တယ်ဂိုဏ်း ဆယ်ခု၏ ခေါင်းဆောင် ဖြစ်သော အင်မော်တယ်တစ်သောင်းနန်းတော်မှ အရှင်သခင်ကြီး ဇီယွီ ပင်လျှင် တာအိုဆရာထျန်းယွီ အပေါ် လေးစားမှု မရှိဘဲ မနေဝံ့တော့ချေ။

'ငါတို့တော့ ဒီအဘိုးကြီးကို သွားစမိရင် ရိုးရိုးသေရမှာတောင် မဟုတ်ဘူး။ ငြိမ်ငြိမ်လေးနေတာ အသက်ရှည်မယ်'

"အဟွတ်..."

တာအိုဆရာထျန်းယွီသည် ခပ်ဟဟ တစ်ချက် ချောင်းဆိုးလိုက်ရာ၊ ပါးစပ်ထဲမှ သွေးတစ်ပွက် ပန်းထွက်လာသည်။ သူ၏ အသက်ရှူသံများနှင့် အရှိန်အဝါများမှာ မျက်စိတစ်မှိတ်အတွင်း မူလဝိညာဉ်အဆင့် အထွတ်အထိပ်မှနေ၍ မူလဝိညာဉ် အစောပိုင်းအဆင့်သို့ ဇောက်ထိုး ကျဆင်းသွားတော့၏။

'ဟဲဟဲ... အိုက်တင် နည်းနည်း ခံလိုက်ဦးမှ။ ဒီကောင်တွေ ငါ့ကို လာပြီး မစမ်းရဲအောင် သွေးလေး ဘာလေး အန်ပြလိုက်ဦးမယ်'

သူသည် အရှင်သခင်ကြီး ဇီယွီ နှင့် အခြားသူများကို ကြည့်ကာ ပြောလိုက်သည်။

"ဟာ... မဟုတ်တာ... မလုပ်ပါနဲ့ဗျာ။ ကျွန်တော့်ကို စီနီယာ လို့ ခေါ်တာကို ကျွန်တော် တကယ် လက်မခံဝံ့ပါဘူး"

"ခင်ဗျားတို့လည်း မြင်တဲ့အတိုင်းပဲလေ... ကျွန်တော့် ကျင့်ကြံခြင်း အဆင့်က မူလဝိညာဉ် အဆင့် (၁) ဒါမှမဟုတ် (၂) လောက်ကိုတောင် မနည်းထိန်းထားရတာ။ အခုလို အတင်းအဓမ္မ အင်အားတွေ ထုတ်သုံးလိုက်ရတော့... ဒီကိစ္စပြီးရင် ကျွန်တော့် ကျင့်ကြံခြင်းက ရွှေအမြုတေ အဆင့်ကိုတောင် ကျသွားနိုင်တယ်ဗျ"

"အရင်က ဒဏ်ရာတွေကလည်း ပိုဆိုးလာပြီ... အခုဆို သွေးတောင် အန်နေရပြီလေ"

"ဒါကြောင့် ကျွန်တော့်ကို စီနီယာ လို့ မခေါ်ကြပါနဲ့ဗျာ။ ဒီတိုင်း ထျန်းယွီ အိုကြီး... ဒါမှမဟုတ်ရင်လည်း အရင်ကလိုပဲ သတ္တဝါဆိုးကြီး ထျန်းယွီ လို့ပဲ ခေါ်ကြပါ"

အရှင်သခင်ကြီး ပိုင်ယန်မှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး ဘာစကားမှ မပြောနိုင်တော့ချေ။

ဒါ... ဒါကြီးက။

သူသည် တာအိုဆရာထျန်းယွီကို ကြည့်လိုက်၏။

အဘိုးကြီးက ခုနကတင် သွေးတွေ အန်ပြသွားသည်။ သူ၏ အရှိန်အဝါတွေကလည်း အရင်ကထက် အများကြီး အားနည်းသွားတာ အမှန်ပဲ။ သူ့ထက်တောင် ပိုအားနည်းနေသေးသည်။

'ဒါပေမဲ့... ဒါပေမဲ့လို့ ငါက သူ့ကို 'သတ္တဝါဆိုးကြီး ထျန်းယွီ' လို့ ပြန်ခေါ်ရဲပါ့မလား... လဲသေလိုက်ပါလား၊ ဘယ်သူက ခေါ်ရဲမှာလဲ'

အရှင်သခင်ကြီး ဇီယွီ ကလည်း ရိုသေစွာဖြင့် ပြောလာသည်။

"တာအိုဆရာထျန်းယွီ ကလည်း နောက်နေပြန်ပါပြီ။ ခုနက ဆရာ အသုံးပြုသွားတဲ့ နည်းစနစ်ကို ကြည့်ရုံနဲ့တင်... ဒီ တာ့ချန် ကျင့်ကြံခြင်း လောက တစ်ခုလုံးမှာ ဆရာ့ရှေ့ ရောက်ရင် ဘယ်သူကများ ရိုင်းရိုင်းစိုင်းစိုင်း လုပ်ရဲမှာလဲရှင်"

"ဒါတင် မကသေးဘူး... တကယ်လို့များ ကျွန်မရဲ့ ဆရာသခင်သာ တာအိုဆရာထျန်းယွီ ရဲ့ ခုနက နည်းစနစ်တွေကို သိသွားမယ် ဆိုရင်... သေချာပေါက် ချီးကျူးမှာ အမှန်ပဲ"

"ဟက်... အဟွတ်... အဟွတ်... အဟွတ်..."

တာအိုဆရာထျန်းယွီ သည် ထပ်မံ ချောင်းဆိုးလိုက်ပြန်ရာ၊ ပါးစပ်ထောင့်စွန်းများမှ သွေးစိမ်းများ စိမ့်ထွက်လာသည်။ သူ၏ မျက်နှာမှာ ပို၍ ဖြူရော်သွားပြီး အရှိန်အဝါများမှာလည်း ထပ်မံ အားနည်းသွားပြန်သည်။ သူသည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်ပြီး ပြောလိုက်၏။

"ဟင်း... ငါ့ခန္ဓာကိုယ်က တော်တော်လေး ယိုယွင်းနေပါပြီကွာ... မင်းရဲ့ ဆရာသခင် ကို ပြန်တွေ့ဖို့တောင် အခွင့်အရေး ရပါတော့မလား မသိဘူး"

"သူ့ကို ငါ့ကိုယ်စား နှုတ်ဆက်ပေးလိုက်ပါဦး"

"ငါ သွားတော့မယ်"

တာအိုဆရာထျန်းယွီသည် ယခုလေးတင် ခင်းကျင်းထားခဲ့သော အခင်းအကျင်း အခြေခံ အားလုံးကို ပြန်လည် သိမ်းဆည်းလိုက်၏။ ထို့နောက် လှည့်ထွက်လာခဲ့ပြီး စုယွီ နှင့် အရှင်သခင်ကြီး ခြောက်မြီး မြေခွေး တို့ ရှိရာသို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။

လမ်းလျှောက်နေရင်း တစ်ခါတစ်ရံတွင် သူသည် ချောင်းအကြိမ်အနည်းငယ် ဆိုးလိုက်သေးရာ၊ ကောင်းကင်ယံမှ နေ၍ သွေးစိမ်းများ တစ်ပေါက်ပေါက် ကျဆင်းနေတော့၏။

'ဒီလောက် သရုပ်ဆောင်ပြလိုက်ရင်တော့... ဒီကောင်တွေ ငါ့ကို လာမပတ်ရဲလောက်တော့ပါဘူးလေ။ သွေးထွေးရတာလည်း မောလှပြီကွာ’

All Chapters