← Chapters

နောက်ထပ် ပြိုင်ဘက်ကင်းကျောက်စိမ်းခန္ဓာ

Vol. 25 Ch. 242

နောက်ထပ် ပြိုင်ဘက်ကင်းကျောက်စိမ်းခန္ဓာ

Vol. 25 Ch. 242

"အင်းလေ... ကိုယ့်အိမ်ကိုယ့်ယာလိုပဲ သဘောထားပြီး နေကြစမ်းပါဦးလား။"

အယ်လီကို ခေါ်ဆောင်ကာ သူ၏ နေအိမ်သို့ ပြန်ရောက်လာချိန်တွင် ယန်ချင်းက ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

သူ၏ အိမ်ရှေ့ဝရန်တာတွင် ဖုန့်ရှင်း၊ လော့မိန်လီ ၊ မော့ယွင်ရု၊ ဆုကျင့်ကျင်း၊ ကျန်းဟူ၊ ဟိုင်ရှီနှင့် ဘိုလင်းတို့သည် သူတို့၏ အိမ်ယာတွင် ရောက်နေသည့်အလား ခြေထောက်များကို ချိတ်ကာ သက်တောင့်သက်သာဖြင့် အတူတူ စားသောက်နေကြသည်ကို တွေ့လိုက်ရ၏။

သို့သော် နောက်ဆုံးနှစ်ယောက်မှာမူ ကျုံ့ကျုံ့လေး ထိုင်နေကြပြီး နှင်းဂျင်ဆင်းလက်ဖက်ရည်ကိုသာ သောက်နေကြသည်။

"ငါ ဒါတွေကို အကုန်သိမ်းပြီး ထွက်သွားပေးလို့ ရတယ်နော်။"

ဖုန့်ရှင်းက စားပွဲပေါ်ရှိ အစားအစာများကို လက်ညှိုးထိုးပြရင်း စနောက်သည့် အကြည့်ဖြင့် ခြိမ်းခြောက်သလို ပြောလိုက်သည်။

စားပွဲပေါ်တွင် ကောက်ညှင်းလိပ်များ၊ အကြော်များနှင့် မုန့်အမျိုးမျိုးအပြင် နှင်းဂျင်ဆင်းလက်ဖက်ရည် အိုးတစ်လုံးလည်း ရှိနေသည်။

ယန်ချင်းက သူ့ကို ဂရုမစိုက်ဘဲ ပန်းကန်တစ်ခုကို ယူကာ စားပွဲပေါ်ရှိ အရာအားလုံးကို အလျှံပယ် ထည့်လိုက်သဖြင့် ဖုန့်ရှင်း၏ နဖူးမှ အကြောများပင် ထောင်တက်သွားလေသည်။

"နင် မနက်ဖြန်အတွက် စိတ်လှုပ်ရှားနေတာလား။"

မော့ယွင်ရုက ဂျင်ဆင်းလက်ဖက်ရည်ကို တစ်ငုံသောက်ရင်း မေးလိုက်၏။ သူမ၏ ဆံပင်များကို ဖားလျားချထားပြီး အဖြူရောင်လက်ပြတ်ဝတ်စုံနှင့် ပခုံးပေါ်တွင် မီးခိုးရောင်ပိုးပဝါကို လွှမ်းခြုံထားသည်။

ယန်ချင်း၏ အကြည့်တို့သည် သူမအပေါ်တွင် ခဏမျှ ဝဲကျသွားပြီးမှ သူ ငေးမကြည့်နေသလိုမျိုး ကျွမ်းကျင်စွာ ဟန်ဆောင်လိုက်သည်။

"အမှန်အတိုင်း ပြောရရင် အခမ်းအနားကို မကြောက်ဘူး၊ ဒါပေမဲ့ အဲဒီနောက်ပိုင်း ဖြစ်လာမယ့် အရာတွေကို အကြောက်ဆုံးပဲ။"

ယန်ချင်းက ပင်ပန်းနွမ်းနယ်စွာ သက်ပြင်းချရင်း ပြောလိုက်သည်။

အခမ်းအနားအတွက် သူ့အား ပေးအပ်ထားသည့် သူတော်စင်အဆင့်ရတနာများကို ပြန်လည်ပေးအပ်ရန် နောက်ကျပါက ရင်ဆိုင်ရမည့် ပြစ်ဒဏ်များကို သူ မေ့မရသေးပေ။

ထိုပစ္စည်းများကို ပြန်ပေးရန် တစ်မိနစ်မျှ နောက်ကျရုံဖြင့် သူ ခံစားရမည့် ပြစ်ဒဏ်များကို တွေးကြည့်ရုံနှင့်ပင် သူ၏ ဗိုက်ထဲတွင် မအီမသာ ဖြစ်လာရသည်။

သို့သော် ထိုအကြောက်တရားသည် ကောက်ညှင်းလိပ်များကို အငမ်းမရ စားနေသည့် သူ၏ အစာစားချင်စိတ်ကိုမူ မထိခိုက်နိုင်ပေ။

ယန်ချင်းက သူ ပေးဆောင်ရမည့် ဒဏ်ကြေးများအကြောင်း ပြောပြလိုက်သောအခါ ဘေးပတ်ဝန်းကျင်ရှိ လူအားလုံး ရယ်မောကြလေသည်။

ဟိုင်ရှီနှင့် ဘိုလင်းတို့ နှစ်ယောက်သာလျှင် အခြားသူများကဲ့သို့ လိုက်ရယ်ရမလို၊ မရယ်ရမလိုဖြင့် အခက်တွေ့နေကြ၏။ မကြာသေးမီက သိရှိခဲ့ရသော အချက်များကြောင့် သူတို့အတွက် ပို၍ပင် ခက်ခဲနေရသည်။

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူတို့သည် အဖွဲ့အစည်း၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို အနည်းငယ် မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။

အဖွဲ့အစည်း၏ အင်အားကို သိရှိလိုက်ရခြင်းမှာ ဟိုင်ရှီထက် ဘိုလင်းအပေါ် ပို၍ သက်ရောက်မှု ရှိသည်။

အဘယ်ကြောင့်ဆိုသော် ဟိုင်ရှီမှာ များသောအားဖြင့် တစ်ဦးတည်း အေးအေးဆေးဆေး နေတတ်ပြီး လောကကြီးအကြောင်း သိပ်မသိသောကြောင့် ဖြစ်သည်။

ဖုန့်ရှင်း၏ လက်ထဲတွင် သူမ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံမှာ သူမဘဝတွင် အကြီးမားဆုံး အန္တရာယ်ဖြစ်ခဲ့သည်။

ထို့ကြောင့် ယန်ချင်းသည် ဖုန့်ရှင်း၏ အထက်လူကြီး ဖြစ်မှန်း သိသော်လည်း သူမ၏ မျက်လုံးထဲတွင်မူ ဖုန့်ရှင်းကို ပို၍ကြောက်နေမိသည်။

ဖုန့်ရှင်း ပေးခဲ့သော အတွေ့အကြုံက သူမအပေါ်တွင် မေ့မရနိုင်သော အတွေ့အကြုံတစ်ခု ဖြစ်စေခဲ့သည်။

အခြားသော ဝိညာဉ်သားရဲများ ဆိုးရွားစွာ ရှုံးနိမ့်သွားပုံနှင့် သူမသည် သေခြင်းတရားနှင့် မည်မျှ နီးကပ်ခဲ့ပုံတို့သည် သူမ၏ စိတ်ထဲတွင် အမာရွတ်သဖွယ် ကျန်ရစ်ခဲ့၏။

ထိုအဖြစ်အပျက်မှလွဲ၍ သူမသည် တိုက်ပွဲများစွာတွင် မပါဝင်ခဲ့ဖူးသဖြင့် 'နန်းတော်အဆင့်'ကဲ့သို့သော အဆင့်များသည် မည်မျှ အဓိပ္ပာယ်ရှိသည်ကို သူမ စိတ်ကူးမယဉ်နိုင်ပေ။

သူမ၏ စိတ်သည် မြင်ခဲ့၊ ကြုံခဲ့ရသည်များကိုသာ မှတ်သားထားနိုင်သည်။ သို့သော် ဘိုလင်းမှာမူ သူမနှင့် မတူပေ။

သူသည် မြူနွံတောဒေသ' ၏ အဋ္ဌမမြောက်ဇုန်မှ ဘုရင်တစ်ပိုင်းအဆင့်ဖြစ်သော 'လျှပ်စီးမြွေဟောက်' ၏ လက်အောက်ခံ မဟုတ်သော်လည်း သူတို့သည် ရင်းနှီးသော သူငယ်ချင်းများ ဖြစ်ကြသည်။

ထို့ကြောင့် သူသည် လျှပ်စီးမြွေဟောက် ဘုရင်တုအဆင့်သို့ ရောက်ရှိရန် ကူညီပေးခဲ့သူလည်း ဖြစ်သည်။

သူသည် နှစ်ပေါင်းများစွာအတွင်း လူသားများ၊ ဝိညာဉ်သားရဲများနှင့် တိုက်ပွဲပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးသော်လည်း အများစုမှာ ရွှေအမြုတေအဆင့်တွင်သာ ကန့်သတ်ထားသည်။

ထိုတိုက်ပွဲ အတွေ့အကြုံများကပင် အဖွဲ့အစည်းသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်းကို နားလည်စေခဲ့သည်။

ဘုရင်တစ်ပိုင်းအဆင့်တွေဆိုတာ ဘာလဲ။ အဋ္ဌမမြောက်ဇုန်ကို အုပ်စိုးနေသော ဘုရင်တစ်ပိုင်းအဆင့်များသည် အဖွဲ့အစည်းနှင့် နှိုင်းယှဉ်လျှင် ဘာမှမဟုတ်ပေ။

အဖွဲ့အစည်းတစ်ခုလုံး မဆိုထားနှင့်၊ သားရဲခန်းမမှ နာမည်မရှိသော လူအနည်းငယ်သည်ပင် အဋ္ဌမမြောက်ဇုန်ရှိ သားရဲအားလုံးကို အကြိမ်ပေါင်း ထောင်ချီ၍ နင်းခြေပစ်ရန် လုံလောက်သည်။

ထို့နောက် လော့မိန်လီလည်း ရှိသေးသည်။ ဘိုလင်းသည် သူမ၏ဘက်သို့ မျက်လုံးများ ဝဲကျသွားတိုင်း ကြောက်လန့်တကြားဖြင့် တံတွေးကို မသိမသာ မျိုချနေမိ၏။

သူသည် ငယ်စဉ်တောင်ကျေး ဖားလောင်းဘဝတုန်းက ရွှေရောင်အကြေးခွံမိကျောင်းနှင့် ကြုံတွေ့ခဲ့ရသော ကြောက်လန့်မှုမျိုးကို ဘာကမှ ယှဉ်နိုင်လိမ့်မည် မဟုတ်ဟု ထင်ခဲ့ဖူးသည်။

သို့သော် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း လော့မိန်လီနှင့် ကြုံတွေ့ခဲ့ရသော အတွေ့အကြုံက ထိုအတွေးကို ပြောင်းလဲစေခဲ့ပြီး သူ မဖြစ်နိုင်ဟု ထင်ထားသည့် အကြောက်တရား အဆင့်သစ်တစ်ခုနှင့် မိတ်ဆက်ပေးခဲ့သည်။

သူ၏ အတွေးများက ဤမျှအထိ ရောက်ရှိလာသောအခါ ယန်ချင်းကို သနားစဖွယ် တောင်းပန်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"မစိုးရိမ်ပါနဲ့၊ မင်း လမင်းတစ်ရာဆူးခြုံပန်းအနားမှာ ၃နာရီနေနိုင်ရင် ခုလေ့ကျင့်ကပြီးပါပြီ”

“ခုသူဘယ်လောက်ထိနေနိုင်ပြီလဲ”

ယန်ချင်းက နှင်းဂျင်ဆင်းလည်ဖက်ရည်ကို သောက်ရင်း လော့မိန်လီကို မေးလိုက်သည်။

"အခုမှ အစောပိုင်း အဆင့်ပဲ ရှိသေးတာဆိုတော့ ၁၀ မိနစ်လောက်ပဲ ခံနိုင်သေးတယ်၊ ဒါပေမဲ့ ရှေ့လာမယ့် ရက်တွေမှာတော့ ၁၅ မိနစ်အထိ ရောက်အောင် ငါ ကူညီပေးပါ့မယ်။"

လော့မိန်လီက ဘိုလင်းကို ချစ်စဖွယ် အကြည့်ဖြင့် ကြည့်ရင်း ပြောလိုက်ရာ ဘိုလင်းမှာ ထိုအကြည့်ကြောင့် တုန်တုန်ယင်ယင် ဖြစ်သွားသည်။

ယန်ချင်းမှာ ဤသည်ကို ကြည့်ပြီး သက်ပြင်းသာ ချနိုင်တော့သည်။ သူသည် ဘိုလင်းကို သနားသော်လည်း လေ့ကျင့်ရေးအစီအစဉ်မှာ ဆက်သွားရမည် ဖြစ်သည်။

လော့မိန်လီမှာ ထိုကိစ္စတွင် ကျွမ်းကျင်မှု အရှိဆုံးသူ ဖြစ်သောကြောင့် သူမသည်သာ ဤအလုပ်အတွက် အသင့်တော်ဆုံး ဖြစ်သည်။

သူတို့၏ ကြိုဆိုပွဲ အခမ်းအနားတွင် ယန်ချင်းသည် ဟိုင်ရှီအား နန်းတော်အဆင့်တစ်ဝက် ဝိညာဉ်သားရဲတစ်ကောင်၏ 'ညဏ်အလင်းပုလဲ' ကို ပေးခဲ့ပြီး ဘိုလင်အား လမင်းတစ်ရာဆူးခြုံပန်း ကို ပေးခဲ့သည်။

ဘိုလင်း၏ ခန္ဓာကိုယ်မှာ သူ၏ သွေးမျိုးဆက်တွင် အဆိပ်ကိုသာ အာရုံစိုက်ပြီး ကုသမှုပိုင်းကို လျစ်လျူရှုခဲ့သဖြင့် ဟန်ချက်ပျက်နေခဲ့သည်။

အကယ်၍ ဘိုလင်းသာ ထိုလမ်းစဉ်အတိုင်း ဆက်သွားခဲ့ပါက ရွှေအမြုတေအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိချိန်တွင် သူ၏ ခန္ဓာကိုယ်မှာ မထိန်းချုပ်နိုင်သော အဆိပ်စွမ်းအင်များကြောင့် အတွင်းပိုင်းမှ စတင်၍ တိုက်စားခံရပေလိမ့်မည်။

သက်တံမြူခိုးဖားများသည် ပြင်းထန်သော အဆိပ်ကြောင့် နာမည်ကျော်သော်လည်း အဆိပ်သီးသန့် သတ္တဝါများ မဟုတ်ကြပေ။

သူတို့သည် ဆေးဖက်ဝင် ပစ္စည်းအဖြစ်လည်းကောင်း၊ ပြင်းထန်သော အဆိပ်အဖြစ်လည်းကောင်း နှစ်မျိုးလုံး အသုံးပြုနိုင်သော သတ္တဝါများ ဖြစ်ကြသည်။

ဘိုလင်းသည် သူ၏ ကုသမှုဘက်ခြမ်းကို လျစ်လျူရှုခဲ့သည်။

ထို့ကြောင့် ယန်ချင်းက သူ့အား နေ့စဉ် သုံးနာရီကြာ မပြည့်စုံသေးသော လမင်းတစ်ရာဆူးခြုံပန်းဘေးတွင် ကျင့်ကြံစေခြင်းဖြင့် သူ၏ ကုသမှုဘက်ကို နှိုးဆွပေးကာ ခန္ဓာကိုယ်အတွင်းရှိ လွန်ကဲနေသော အဆိပ်ချီများကို ထိန်းချုပ်စေခဲ့ခြင်း ဖြစ်သည်။

အစောပိုင်း အဆင့်များတွင် ဤသည်မှာ ညှဉ်းပန်းနှိပ်စက်မှုတစ်ခုကဲ့သို့ ခံစားရပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ထိုဆူးပင်၏ သန့်စင်ခြင်း အာနိသင်ကြောင့် ဘိုလင်းမှာ သူ၏ ကလီစာများ အရည်ပျော်ကျနေသကဲ့သို့ ခံစားရနိုင်သောကြောင့် ဖြစ်သည်။

ဘိုလင်းက ၎င်းဘေးတွင် ၁၀ မိနစ်ခန့် ရှင်သန်နိုင်ခဲ့သည့်အတွက် ယန်ချင်းပင် အံ့အားသင့်သွားပြီး လက်ဖဝါးခန့်သာရှိသော ဖားလေးကို လေးစားသော အကြည့်ဖြင့် ကြည့်လိုက်မိသည်။

၁၀ မိနစ်တောင့်ခံနိုင်ခြင်းမှာ သူ၏ စိတ်ဓာတ်ကြံ့ခိုင်မှုကို သက်သေပြနေခြင်းပင်။ လေ့ကျင့်ခန်းမှာ အကျိုးသက်ရောက်မှု အချို့ ရှိနေပုံရသည်။

သူ၏ သက်တံရောင်အရေပြားပေါ်ရှိ အစိမ်းရောင်မှာ အရင်ကထက် ပို၍ ရင့်လာသည်။

မသိမသာသာ ဖြစ်သော်လည်း ပို၍ ထင်ရှားလာခြင်းမှာ ဘိုလင်း တိုးတက်နေကြောင်း သက်သေပင် ဖြစ်၏။ သူ၏ ကျင့်ကြံခြင်းအဆင့် မတိုးတက်လာသော်လည်း ယခင်ကထက် ပို၍ တည်ငြိမ်လာပုံရသည်။

သို့သော် ဟိုင်ရှီနှင့် ပတ်သက်လာလျှင်မူ သူ မစိုးရိမ်ဘဲ မနေနိုင်ပေ။ သူမနှင့် ခဏတာ ပြောဆိုခဲ့ရသမျှတွင် သူမသည် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းနေသည်ကို ခံစားမိသည်။

ထို့ကြောင့်သာ သူမအား နန်းတော်အဆင့်တစ်ဝက် သားရဲ၏ ညဏ်အလင်းပုလဲကိုသာ ပေးခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူသာ 'ကြယ်စင်ကဏန်း' ကို ပေးခဲ့သကဲ့သို့ နန်းတော်အဆင့် ဝိညာဉ်သားရဲ၏ ပစ္စည်းကို ပေးခဲ့ပါက သူမအတွက် ဆိုးကျိုးများ ခံစားရမည်ကို သူ စိုးရိမ်ခဲ့သည်။

'အင်း... သူမရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုအတွက်တော့ ငါ ဘာမှ လုပ်ပေးစရာ မလိုပါဘူး။ အဖွဲ့အစည်းက လူတွေလည်း ဒါကို ငါ့ထက် ပိုပြီး ရှင်းရှင်းလင်းလင်း သိထားမှာပါ။’

‘သူတို့ သူမအတွက် လေ့ကျင့်ခန်း အစီအစဉ်တွေ ဆွဲထားပြီးလောက်ပြီ။ ဒါပေမဲ့ ပိုပြီး သေချာသွားအောင် ဖုန့်ရှင်းကို သူမနဲ့ လေ့ကျင့်ပေးခိုင်းတာမဆိုးဘူးပဲ'

ယန်ချင်းက ဟိုင်ရှီကို ကြည့်ရင်း တွေးလိုက်သည်။

"ဒါနဲ့ ဖုန့်ရှင်း... ဒီနေ့ ငါ့အဘိုး ပြောပြလိုက်တဲ့ အချက်တစ်ချို့ ရှိတယ်၊ အဲဒါက မင်းအတွက် အသုံးဝင်လိမ့်မယ် ထင်တယ်။”

“နန်းတော်အဆင့် အခြေခံမရှိဘဲနဲ့ မင်းအတွက် ဘယ်လောက်ထိ ကူညီနိုင်မလဲ မသိပေမဲ့ စမ်းကြည့်တာတော့ မမှားပါဘူး။"

ယန်ချင်းက ရုတ်တရက် ပြောလိုက်ရာ ဘေးပတ်ဝန်းကျင်ရှိ လူအားလုံး၊ အထူးသဖြင့် ဖုန့်ရှင်းမှာ စိတ်ဝင်တစား ကြည့်လာကြသည်။

ဖုန့်ရှင်းသည်လည်း ယန်ချင်းကဲ့သို့ပင် ရွှေရောင်အမြုတေကို ရရှိခဲ့သော်လည်း 'ပြိုင်ဘက်ကင်း ကျောက်စိမ်းခန္ဓာကိုယ်'ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

သူသည် 'ရေခဲဝိညာဉ် ကျောက်စိမ်းခန္ဓာ'ကို ပိုင်ဆိုင်ထားသဖြင့် ယင်နှင့် ပတ်သက်သော နည်းလမ်းများနှင့် အဆိပ်များကို ခုခံနိုင်စွမ်း ရှိသည့်အပြင် ပတ်ဝန်းကျင်ကို အလွန်အမင်း အာရုံခံနိုင်သော စွမ်းအားကြီးမားသည့် ဝိညာဉ်ကိုလည်း ပိုင်ဆိုင်ထားသည်။

ဖုန့်ရှင်း၏ နောက်ခံမှာ ထူးဆန်းသည်။ သူကိုယ်တိုင်ပင် ထိုခန္ဓာကိုယ်ကို မည်သို့ ရရှိခဲ့သည်ကို မသိပေ။ သူသည် မိဘမဲ့တစ်ဦးဖြစ်ပြီး ငယ်စဉ်က ဝိညာဉ်သားရဲ အသေကောင်တစ်ခု၏ အတွင်း၌ နေထိုင်ခဲ့ရသည်။

အသက်အနည်းငယ်သာ ရှိသေးသည့် ကလေးငယ်တစ်ဦးမှာ ထိုသို့ မည်သို့ ရှင်သန်နိုင်ခဲ့သည်ကို မည်သူမျှ မသိသော်လည်း သူသည် ကြီးပြင်းလာသည်နှင့်အမျှ ထိုဝိညာဉ်သားရဲကို စားသုံးပြီး အသက် ၁၀ နှစ်အထိ ထိုနေရာတွင် နေထိုင်ခဲ့သည်။

ထို့နောက် ဖြစ်ရပ်အချို့ ကြုံတွေ့ခဲ့ပြီး နှစ်နှစ်အကြာတွင် အဖွဲ့အစည်း၏ တံခါးဝသို့ 'ပြိုင်ဘက်ကင်း ကျောက်စိမ်းခန္ဓာ' ဖြင့် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

ထိုဝိညာဉ်သားရဲသည် မည်သည့်သားရဲဖြစ်ကြောင်းကိုမူ ဖုန့်ရှင်းကိုယ်တိုင်ပင် မသိပေ။

အဘယ်ကြောင့်ဆိုသော် သူက တစ်စိတ်တစ်ပိုင်းကို စားခဲ့ပြီး ကျန်ရှိသော အစိတ်အပိုင်းများမှာ ဖုန့်ရှင်း ကျောက်စိမ်းခန္ဓာကို ရရှိချိန်တွင် ထူးဆန်းစွာ ပျောက်ကွယ်သွားခဲ့သောကြောင့် ဖြစ်သည်။

အဖွဲ့အစည်းအတွင်း ဖုန့်ရှင်းသည် ကျင့်ကြံခြင်းတွင် ထူးခြားသော ပါရမီကို ပြသခဲ့သော်လည်း သူသည် အစားအသောက်အပေါ် အလွန်အမင်း စွဲလမ်းလွန်းသူ ဖြစ်သည်။

ထို့ကြောင့် ကျင့်ကြံခြင်းအတွက် အချိန်အနည်းငယ်ကိုသာ ပေးခဲ့သဖြင့် ရွှေအမြုတေအဆင့်၌သာ ရပ်တန့်နေခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ဖုန့်ရှင်းသာ အလေးအနက်ထား ကျင့်ကြံခဲ့ပါက ယခုအချိန်တွင် ရွှေအမြုတေအဆင့် (၁၀) ၏ အထွတ်အထိပ်မှာ ရှိမနေဘဲ နန်းတော်အဆင့်သို့ ရောက်ရှိနေလောက်ပြီဖြစ်ကြောင်း ယန်ချင်း သံသယမရှိပေ။

'သူ့ရဲ့ အပန်းဖြေချိန်တွေကို ဖဲ့ယူရမှာ ဖြစ်ပေမဲ့ ငပျင်းကောင်ကို သုံးလအတွင်း နန်းတော်အဆင့် ရောက်အောင် ငါ လုပ်ရမယ်'

ယန်ချင်းက ဖုန့်ရှင်းကို ကြည့်ကာ ပြုံးလိုက်လေသည်။

All Chapters