← Chapters

ဝိညာဉ်များနှင့် စကားပြောခြင်း

Vol. 25 Ch. 245

ဝိညာဉ်များနှင့် စကားပြောခြင်း

Vol. 25 Ch. 245

ယန်ချင်းသည် သူ၏ စကြဝဠာဝန်းရံဝတ်ရုံ၊ ကံကြမ္မာဖုံးကွယ်နယ်ပယ် သလင်းကျောက်နှင့် နှစ်ငါးသိန်းသက်တမ်းရှိ ပိုးကောင်စိမ်းဖြင့် ပြုလုပ်ထားသော ဆွဲကြိုးတို့ကို ဂရုတစိုက် ဝတ်ဆင်လိုက်လေ၏။

ခေါင်းအစခြေအဆုံး သူတော်စင်အဆင့် မှော်ရတနာများဖြင့် လွှမ်းခြုံထားသော်ငြား သူ၏စိတ်ထဲ၌ လုံခြုံမှုအနည်းငယ်မျှ မခံစားရပေ။

သူ၏အမြင်တွင် ထိုရတနာတို့သည် သူ့အား မျက်စိတစ်မှိတ်အတွင်း ဘဝပျက်သွားစေနိုင်ရုံသာမက နက်ရှိုင်းလှသော ဆင်းရဲမွဲတေမှုချောက်ကမ်းပါးထဲသို့ တွန်းပို့ပစ်နိုင်မည့် ကျိန်စာသင့်အရာများအဖြစ်သာ ထင်မှတ်နေမိလေသည်။

သို့သော်လည်း သူတော်စင်အဆင့်ရတနာများက သူ၏ခန္ဓာကိုယ်နှင့် လိုက်လျောညီထွေဖြစ်စွာ ပေါင်းစပ်သွားနိုင်စေရန် အာရုံစိုက်လိုက်သည်နှင့်တပြိုင်နက် မကောင်းသောအတွေးများကို ခေါင်းထဲမှ ချက်ချင်း ရှင်းထုတ်ပစ်လိုက်လေသည်။

ထို့နောက် ယန်ချင်းသည် သစ်သားအမိန့်တံဆိပ်ပြားငယ်တစ်ခုကို ထုတ်ယူလိုက်လေသည်။

ထိုအမိန့်တံဆိပ်ပြားပေါ်တွင် ထူးဆန်းသည့်သတ္တဝါတစ်ကောင်၏ အတောင်ပံပေါ်၌ ရေလှိုင်းပုံစံတစ်ခုကို ထွင်းထုထားပေသည်။

မည်သည့်သတ္တဝါမှန်း သေချာမသိရသော်လည်း လူပုံစံပေါက်ကာ သွယ်လျသော ကိုယ်ခန္ဓာရှိကြောင်းကို သတိပြုမိပေသည်။

ဝတ်ရုံနှင့် အခြားသူတော်စင်အဆင့် မှော်ရတနာများကို ရရှိခဲ့ပြီးနောက် ထိုနေ့ည​ေနပိုင်းတွင် လက်ထောက်ညွှန်ကြားရေးမှူး ကျွင်းဖေးက သူ့အား အမိန့်တံဆိပ်ပြားလာယူရန် ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်လေသည်။

ယခင်ကတည်းက တပါတည်း မပေးခဲ့ရသည့် အကြောင်းရင်းမှာ ထိုအမိန့်တံဆိပ်ပြားသည် ပုံမှန်အားဖြင့် ဝိညာဉ်ကောင်စီ တည်ရှိရာ ဝိညာဥ်တောင်၌သာ တည်ရှိနေသောကြောင့် ဖြစ်ပေသည်။

ဤအမိန့်တံဆိပ်ပြားက သူတော်စင်အဆင့် မှော်ရတနာများကို ထိန်းချုပ်ရန်နှင့် ၎င်းတို့အချင်းချင်း 'ပူးပေါင်းလုပ်ဆောင်' လာစေရန် ကူညီပေးနိုင်စွမ်း ရှိပေသည်။

သူတော်စင်အဆင့် ရတနာများနှင့် မှော်ရတနာများသည် ၎င်းတို့၏ ကိုယ်ပိုင်ဝိညာဉ်များ တည်ရှိနေပြီဖြစ်ရာ သက်ရှိသတ္တဝါများနှင့် မခြားနားပေသည်။

ထို့ကြောင့် ၎င်းတို့ကို အသုံးပြုနိုင်ရန်မှာ၊ မိမိက ၎င်းတို့ထက် စွမ်းအားနိမ့်ကျနေချိန်မျိုး၌၊ ထိုရတနာများက မိမိအား သဘောတူလက်ခံခြင်း သို့မဟုတ် ၎င်းတို့၏မူလပိုင်ရှင်က မိမိအား ကူညီရန် အမိန့်ပေးထားခြင်းမျိုး မရှိပါက အလွန်တရာ ခက်ခဲသောကိစ္စရပ်တစ်ခု ဖြစ်မည်။

ထို့အပြင် သူတော်စင်အဆင့်ရတနာများသည် တစ်ခုနှင့်တစ်ခု အသာစီးရရန် အမြဲတစေ အားပြိုင်လေ့ရှိကြရာ နှစ်ခုထက်ပို၍ တစ်ပြိုင်နက်တည်း အသုံးပြုရန်မှာ ပို၍ပင် ခက်ခဲလှပေသည်။

အကြောင်းမှာ ၎င်းတို့သည် တစ်ခုကိုတစ်ခု အမြဲတမ်း အနှောင့်အယှက်ပေးရန်သာ ကြိုးပမ်းနေကြမည် ဖြစ်သောကြောင့်ပင် ဖြစ်သည်။

လက်ရှိ ယန်ချင်းလက်ဝယ်ရှိနေသော သူတော်စင်အဆင့် မှော်ရတနာသုံးခုတွင် ပြဿနာနှစ်ရပ် ရှိနေလေသည်။

ပထမတစ်ရပ်မှာ အချင်းချင်း အားပြိုင်နေကြခြင်းဖြစ်ပြီး ဒုတိယတစ်ရပ်မှာ ထိုရတနာသုံးခုလုံးတွင် ပိုင်ရှင်မရှိကြခြင်းကြောင့် ယန်ချင်းအား ကူညီရန် အတင်းအကျပ် အမိန့်ပေးစေခိုင်း၍ မရနိုင်ခြင်းပင် ဖြစ်ပေသည်။

ထို့ကြောင့် ၎င်းတို့ကို အသုံးပြုနိုင်ရန် ပြင်ပအကူအညီများကို မဖြစ်မနေ အသုံးပြုရတော့မည် ဖြစ်သည်။​

ထိုမှော်ရတနာများကို သူအသုံးပြုနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ ၎င်းတို့အား တစ်ခုတည်းအဖြစ် ပေါင်းစည်းပေးနိုင်သော သဟဇာတငါးပါးကျင့်စဉ်ကို လှည့်ပတ်ခြင်းပင် ဖြစ်လေသည်။

ထို့အပြင် အမိန့်တံဆိပ်ပြားပေါ်တွင်လည်း ထိုပေါင်းစည်းခြင်းလုပ်ငန်းစဉ်ကို ချောမွေ့စေရန် အထောက်အကူပြုမည့် စိတ်ဆန္ဒတစ်ခုကို ရိုက်နှိပ်ထားပေသည်။

အဖွဲ့အစည်းသည် ဤရတနာသုံးခုကို အသုံးပြု၍ မရေမတွက်နိုင်သော အခမ်းအနားပေါင်းများစွာကို ကျင်းပခဲ့ပြီးဖြစ်ရာ ထိုသို့ပေါင်းစည်းခြင်း လုပ်ငန်းစဉ်ကို တတ်နိုင်သမျှ အဆင်ပြေချောမွေ့စေရန် အကောင်းဆုံး ပြုပြင်မွမ်းမံထားခဲ့ပြီး ဖြစ်လေသည်။

ယန်ချင်းသည် သဟဇာတငါးပါးကျင့်စဉ်ကို ဖြည်းညှင်းစွာ လှည့်ပတ်လိုက်ရာ ကျင့်စဉ်မှထွက်ပေါ်လာသော အက္ခရာငယ်တစ်ခုသည် အမိန့်တံဆိပ်ပြားနှင့် သွားရောက်ပေါင်းစပ်သွားလေ၏။

ထိုအခါ အမိန့်တံဆိပ်ပြားပေါ်ရှိ ဝဲဂယက်ရေလှိုင်းပုံစံမှာ သက်ဝင်လှုပ်ရှားလာပြီး ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာကာ ၎င်း၏ အပြာရောင်မှာလည်း ပို၍တောက်ပလာလေသည်။

ထိုရေလှိုင်းဂယက်ထဲမှ အလွန်သိပ်သည်းလှသော ချီစွမ်းအင်လှိုင်းကြီးတစ်ခု ထွက်ပေါ်လာပြီး အက္ခရာနှင့် ပေါင်းစပ်သွားလေသည်။

ထို့နောက် အက္ခရာသည် ရွှေရောင်ကြိုးငယ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ အပြာရောင်စကြဝဠာဝန်းရံဝတ်ရုံ၊ ကံကြမ္မာဖုံးကွယ်နယ်ပယ် သလင်းကျောက်နှင့် နှစ်ငါးသိန်းသက်တမ်းရှိ ပိုးကောင်စိမ်းလေးဖြင့် ပြုလုပ်ထားသော ဆွဲကြိုးတို့ကို ချိတ်ဆက်ချည်နှောင်လိုက်ပြီး နောက်ဆုံးတွင်မူ ယန်ချင်း၏ မျက်ခုံးနှစ်ခုကြားနေရာသို့ တိုက်ရိုက် ဆက်သွယ်သွားလေတော့သည်။

ထိုချီစွမ်းအင်၏ သိပ်သည်းမှုကြောင့် ယန်ချင်းမှာ အလွန်တရာ အံ့အားသင့်သွားရပေသည်။

ထိုစွမ်းအင်သည် သမုဒ္ဒရာတစ်ခုလုံးကို ဖြည့်တင်းပေးလိုက်လျှင်ပင် ပိုလျှံနေဦးမည်ဟု ခံစားရပြီး ၎င်း၏သဘာဝကို ယန်ချင်း အတိအကျ ဝေခွဲမရသော်ငြား တစ်နေရာရာတွင် ကြုံဖူးနေသကဲ့သို့ ရင်းနှီးကျွမ်းဝင်မှုကို ခံစားလိုက်ရ၏.....။

"ဒါက..."

ယန်ချင်းက တီးတိုးရေရွတ်လိုက်သော်လည်း သူ၏စိတ်ဝိညာဉ်သည် အမိုးခုံးပုံစံ စင်္ကြံလမ်းမကြီးတစ်ခုထဲသို့ ဆွဲသွင်းခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်နှင့်တပြိုင်နက် အနှောင့်အယှက်ဖြစ်စေသော အတွေးအားလုံးကို ခေါင်းထဲမှ ချက်ချင်း ရှင်းထုတ်ပစ်လိုက်လေသည်။

စင်္ကြံလမ်းမကြီး၏ နံရံများ၌ နဂါး၊ ဖီးနစ်၊ လိပ်နက်၊ ကျားဖြူ၊ ငှက်နီ၊ လွမ်ငှက်၊ ချီလင်၊ ခွန်ပန်၊ ရွှေရောင်လင်းယုန်၊ ၎င်း၏အခွံပေါ်တွင် ဧရာမတောင်ကြီးတစ်လုံးကို ထမ်းပိုးထားသော လိပ်ကြီး အစရှိသည့် မင်္ဂလာရှိသော သတ္တဝါအမျိုးမျိုး၏ ပုံရိပ်များကို ဖော်ကျူးထားသော မှန်စီရွှေချနံရံများဖြင့် ပြည့်နှက်နေပေသည်။

ထိုသတ္တဝါများထဲမှ တစ်ကောင်တစ်လေကို အပြင်လောက၌ တွေ့မြင်လိုက်ရမည်ဆိုပါက ကမ္ဘာလောကတစ်ခုလုံး ကြီးစွာသော တုန်လှုပ်ချောက်ချားမှုကြီး ဖြစ်ပေါ်သွားစေမည့် သတ္တဝါကြီးများပင် ဖြစ်လေသည်။

ထိုစင်္ကြံလမ်းအတွင်း၌ တာအိုကျင့်ကြံသူများကဲ့သို့ ဝတ်ဆင်ထားသော ရုပ်တုရှစ်ခုရှိသော်လည်း ၎င်းတို့၏ မျက်နှာသွင်ပြင်များကိုမူ မှုန်ဝါးဝါးသာ မြင်တွေ့ရလေသည်။

သို့သော် ၎င်းတို့အနက်မှ ရုပ်တုတစ်ခု၌ ကြည်လင်သော အပြာရောင်အတောင်ပံများ ပါရှိနေပြီး ကျန်ရုပ်တုများနှင့် အနည်းငယ် ကွဲပြားနေကြောင်းကို ယန်ချင်း သတိပြုမိလိုက်၏။

မည်သည့်အကြောင်းကြောင့်မှန်း ယန်ချင်း အသေအချာ မသိသော်ငြား ထိုရုပ်တုမှာ အချိန်မရွေး အသက်ဝင်လာနိုင်မည့်အလား ပို၍ သက်ဝင်လှုပ်ရှားနေသကဲ့သို့ သူခံစားနေရပေသည်။

သို့သော် စင်္ကြံလမ်းမ၏ အလယ်ဗဟို၌ ပုံရိပ်သုံးခု ရုတ်တရက် ထွက်ပေါ်လာသောအခါ သူ၏ တွေးတောနေမှုများ အဆုံးသတ်သွားရလေတော့သည်။

ပထမတစ်ဦးမှာ အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏မျက်လုံးအစုံ၌ စကြဝဠာတစ်ခုလုံး ကိန်းအောင်းနေသည့်အလား ထင်မှတ်ရသော ဇရာထောင်းနေသည့် အဘိုးအိုတစ်ဦး ဖြစ်ပေသည်။

သူ၏ မျက်ဝန်းများအတွင်း၌ ကြယ်တာရာ ရွေ့လျားမှုများ၊ ရာသီဥတုနှင့် အချိန်ကာလ၏ အပြောင်းအလဲများကိုပါ မြင်တွေ့နိုင်ပေသည်။

သူ့ကို မြင်လိုက်ရသောအခါ ယန်ချင်းမှာ စိုးရိမ်တကြီးဖြင့် တံတွေးတစ်ချက် မျိုချလိုက်မိလေ၏။

ထိုအဘိုးအို၏ဘေးတွင်မူ လှည့်ပတ်နေသော အက္ခရာအမျိုးမျိုးပါရှိသည့် မီးခိုးရောင်ခေါင်းစွပ်ဝတ်ရုံကို ဝတ်ဆင်ထားသော သတ္တဝါတစ်ကောင် ရှိနေလေသည်။

ထိုခေါင်းစွပ်အောက်တွင် မည်သည့်အရာရှိနေသနည်းဟု ကြည့်ရန် ကြိုးစားလိုက်တိုင်း မိမိကိုယ်ကို အသိစိတ်လွတ်ထွက်သွားတော့မည့်အလား ခံစားရသောကြောင့် ယန်ချင်းမှာ ဆက်မကြည့်ရဲတော့ဘဲ အကြည့်လွှဲလိုက်ရတော့သည်။

ထိုသုံးဦးအနက် နောက်ဆုံးတစ်ဦးမှာ လက်ဖဝါးအရွယ်အစားခန့်သာရှိသော ပိုးအိမ်စိမ်းလေးတစ်ခု ဖြစ်လေသည်။

၎င်း၏ အရွယ်အစားက သေးငယ်လှသော်ငြား ယန်ချင်းသည် ထိုပိုးအိမ်လေးထံမှ အလွန်တရာ သိပ်သည်းလှသော သက်စောင့်စွမ်းအင်နှင့် ပြန်လည်မွေးဖွားခြင်း အငွေ့အသက်များကို ခံစားနေရပြီး ထိုစွမ်းအင်မှာ အဆင့် (၁) အင်ပါယာတစ်ခုလုံးကို ဖုံးလွှမ်းထားနိုင်သည့် သစ်တောကြီးတစ်ခု၏ အသက်စွမ်းအင်နှင့်ပင် ယှဉ်နိုင်စွမ်း ရှိပေသည်။

အကယ်၍ မာယွမ်သာ ဤပိုးအိမ်လေး၏ဘေးတွင် တစ်လခန့် နေထိုင်ခွင့်ရမည်ဆိုပါက သူ၏သက်တမ်းမှာ အထွတ်အထိပ်အဆင့် နန်းတော်အဆင့်ကျင့်ကြံသူတစ်ဦး၏ သက်တမ်းဖြစ်သော နှစ်ပေါင်း နှစ်သောင်းခွဲအထိ တိုးလာနိုင်မည်ဖြစ်သည်။

"မဆိုးပါဘူး..."

အိုမင်းရင့်ရော်နေသော အဘိုးအိုက သူ၏မုတ်ဆိတ်မွေးကို သပ်ရင်း ယန်ချင်းအား အကဲခတ်ကာ ပြောလိုက်သည်။

ထိုအကြည့်အောက်တွင် ယန်ချင်းမှာ သူ၏ လျှို့ဝှက်ချက်များအားလုံး ဗလာကျင်းသွားသကဲ့သို့ ခံစားလိုက်ရလေ၏။

"အင်း... အဖွဲ့အစည်းရဲ့ စံနှုန်းတွေက တဖြည်းဖြည်း ပိုပိုကောင်းလာတာပဲ၊ လူငယ်လေး... မင်းသာ ဒီအတိုင်း ဆက်ပြီးကြိုးစားသွားမယ်ဆိုရင် မင်းအတွက် အနာဂတ်ကောင်းတစ်ခု ရှိလာမှာကို ငါမြင်နေရတယ်"

ခေါင်းစွပ်ဝတ်ရုံနှင့် သတ္တဝါက ပြောလိုက်လေသည်။

ထိုသတ္တဝါပြောလိုက်သည့် စကားကို ယန်ချင်း ရှင်းရှင်းလင်းလင်း နားလည်လိုက်သော်ငြား ထိုသတ္တဝါက ဆက်သွယ်ပြောဆိုရာတွင် စကားလုံးများကို အသုံးပြုခဲ့ခြင်းမဟုတ်ဘဲ သူအသုံးပြုလိုက်သည့် မည်သည့်ဆက်သွယ်မှုနည်းလမ်းကိုမဆို ယန်ချင်း၏ဦးနှောက်က စကားလုံးများအဖြစ် အလိုအလျောက် ဘာသာပြန်ပေးလိုက်သကဲ့သို့ ခံစားနေရပေသည်။

"ဒါဆိုရင် နှစ်ပေါင်းများစွာ မမောမပန်း ကြိုးစားအားထုတ်လာခဲ့ရတဲ့ ယန်ချင်းရဲ့ သက်တောင့်သက်သာဘဝလေး နောက်ဆုံးတော့ စတင်တော့မှာပေါ့..."

ယန်ချင်းမှာ ခေါင်းစွပ်ဝတ်ရုံနှင့် သတ္တဝါ၏စကားများကို တွေးတောရင်း ဝမ်းသာအားရဖြစ်ကာ တွေးလိုက်မိလေသည်။

ယခုရောက်ရှိလာသော ထိုသုံးဦး၏ မည်သူမည်ဝါဖြစ်ကြောင်းကို ခန့်မှန်းရန် အချိန်များစွာ မယူလိုက်ပေ။ ၎င်းတို့မှာ သူတော်စင်အဆင့် မှော်ရတနာသုံးခု၏ ဝိညာဉ်များပင် ဖြစ်ပေသည်။

ဤအမိုးခုံးပုံစံ စင်္ကြံလမ်းမကြီး မည်သည့်နေရာမှ ရောက်လာသနည်းဟု သူအတိအကျ မသိသော်ငြား ခန့်မှန်းရမည်ဆိုလျှင် သူပိုင်ဆိုင်ထားသော သစ်သားအမိန့်တံဆိပ်ပြားထံမှ ထွက်ပေါ်လာခြင်းဖြစ်ရန် ရာခိုင်နှုန်းအလွန်များလေသည်။

မျက်ဝန်းအစုံ၌ စကြဝဠာကို ပိုင်ဆိုင်ထားသော အိုမင်းရင့်ရော်သည့် အဘိုးအိုမှာ အပြာရောင် စကြဝဠာဝန်းရံဝတ်ရုံ၏ ဝိညာဉ်ဖြစ်ပြီး ခေါင်းစွပ်ဝတ်ရုံနှင့် သတ္တဝါမှာ ကံကြမ္မာမန္တန်များ၌ ကျွမ်းကျင်မှုရှိသည့် ကံကြမ္မာဖုံးကွယ်နယ်ပယ် သလင်းကျောက်၏ ဝိညာဉ် ဖြစ်လေသည်။

ထိုဝိညာဉ်က ယန်ချင်း၌ အနာဂတ်ကောင်းတစ်ခု ရှိနေသည်ဟု ပြောခြင်းမှာ အနာဂတ်တွင် သူ၏အိပ်မက်များ အမှန်တကယ် အကောင်အထည်ပေါ်လာတော့မည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်ပေသည်။

"ဒီမျိုးဆက်သစ်လေးအပေါ် ရက်ရောစွာ အကဲဖြတ်ပေးတဲ့အတွက် စီနီယာတို့ကို ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ၊ ကျွန်တော့်မှာ လိုအပ်ချက်တွေ အများကြီး ရှိနေသေးမှန်း သိပေမယ့် စီနီယာတို့ရဲ့ မျှော်လင့်ချက်တွေနဲ့ ကိုက်ညီအောင် အကောင်းဆုံး ကြိုးစားသွားပါ့မယ်"

ယန်ချင်းက ၎င်းတို့အား လက်ယှက်အရိုအသေပေးကာ ပြောလိုက်လေသည်။

"အင်း..."

အပြာရောင် စကြဝဠာဝန်းရံဝတ်ရုံ၏ ဝိညာဉ်အဘိုးအိုက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။

"တကယ်ကို ကောင်းမွန်တဲ့ အလုပ်သမားကောင်းလေးပါပဲ..."

ကံကြမ္မာဖုံးကွယ်နယ်ပယ် သလင်းကျောက်၏ ဝိညာဉ်က ချီးကျူးစကားဆိုလိုက်လေသည်။

ထိုအခါ ပြုံးရွှင်နေသော ယန်ချင်းမှာ ၎င်းတို့နှစ်ဦးအား ဦးညွှတ်အရိုအသေပေးနေရင်းမှ လဲကျမတတ် ဖြစ်သွားရလေတော့သည်။

"ဗျာ..."

ယန်ချင်းမှာ ယခုလေးတင် ကြားလိုက်ရသော စကားကြောင့် မိမိကိုယ်ကို မထိန်းနိုင်တော့ဘဲ အာမေဍိတ်သံ ထွက်ပေါ်သွားရလေသည်။

"ခွင့်လွှတ်ပါ စီနီယာတို့... စီနီယာတို့လို ကြီးမြတ်လှတဲ့ ပုဂ္ဂိုလ်တွေရဲ့ ရှေ့မှောက်မှာ ရောက်နေရတဲ့အတွက် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သတိလက်လွတ် ဖြစ်သွားမိလို့ပါ..."

ယန်ချင်းက ရှက်ရွံ့သော အပြုံးလေးဖြင့် ပြန်လည်တောင်းပန်လိုက်လေသည်။

"စီနီယာ... စီနီယာတို့ကို ဘယ်လိုခေါ်ဝေါ်ရမလဲ မသိဘူးခင်ဗျ..."

ယန်ချင်းက ကံကြမ္မာဖုံးကွယ်နယ်ပယ် သလင်းကျောက်၏ ဝိညာဉ်ဘက်သို့ လှည့်ကာ ယဉ်ကျေးစွာ မေးမြန်းလိုက်၏။

"အင်း... လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်သိန်းအတွင်းမှာ ငါတို့ ဘာနာမည်မှ အသုံးမပြုခဲ့ကြဘူး၊ ထားပါတော့... ငါတို့ကို ဖေး အမြဲခေါ်သလိုမျိုးပဲ မင်းခေါ်လို့ရပါတယ်၊ ငါက 'ကံကြမ္မာဖုံးကွယ်'၊ ဒါကတော့ 'စကြဝဠာပြာ' နဲ့ ဟိုတစ်ယောက်ကတော့ 'ပိုးအိမ်စိမ်း' လို့ ခေါ်တယ်"

ကံကြမ္မာဖုံးကွယ်က အပြာရောင် စကြဝဠာဝန်းရံဝတ်ရုံ၏ ဝိညာဉ်နှင့် နှစ်ငါးသိန်းသက်တမ်းရှိ ပိုးကောင်စိမ်းဖြင့် ပြုလုပ်ထားသော ဆွဲကြိုး၏ ဝိညာဉ်တို့ကို အသီးသီး ညွှန်ပြကာ ရှင်းပြလိုက်လေသည်။

"နှစ်ပေါင်း နှစ်သိန်းတဲ့လား...၊ ဒါနဲ့ ဖေး ဆိုတာကရော ဘယ်သူများပါလိမ့်..."

မည်သူပင်ဖြစ်ပါစေ ထိုသူပေးထားသော ရယ်စရာနာမည်များကို ထိုသူတော်စင်အဆင့် ရတနာဝိညာဉ်များက ကျေကျေနပ်နပ် လက်ခံထားကြသည်ကို ကြည့်ခြင်းအားဖြင့် ထိုပုဂ္ဂိုလ်မှာ သူတို့နှင့် အလွန်နက်ရှိုင်းသော ဆက်ဆံရေး ရှိကြောင်းကို ယန်ချင်း တွေးတောနေမိလေသည်။

နှစ်ပေါင်း နှစ်သိန်းဆိုသော သက်တမ်းနှင့် ပတ်သက်၍မူ ယန်ချင်း အံ့သြခြင်းမရှိပါချေ။

အဘယ်ကြောင့်ဆိုသော် ရတနာများနှင့် မှော်ရတနာများသည် ၎င်းတို့၏ ပင်မကိုယ်ထည်များ ပြန်လည်ပြုပြင်၍ မရနိုင်လောက်အောင် ပျက်စီးသွားခြင်းမျိုး မရှိသရွေ့ အမှန်တကယ်ပင် ထာဝရရှင်သန်နိုင်ကြသောကြောင့် ဖြစ်ပေသည်။

"ခွင့်လွှတ်ပါ စီနီယာကံကြမ္မာဖုံးကွယ်...၊ စီနီယာက ကျွန်တော့်အတွက် အနာဂတ်ကောင်းတစ်ခု ရှိတယ်လို့ ပြောခဲ့တာဟာ ကျွန်တော်က အလုပ်သမားကောင်းတစ်ယောက် ဖြစ်လာမယ်ဆိုတဲ့ အဓိပ္ပာယ်လား၊ ဒါမှမဟုတ် တခြားအဓိပ္ပာယ်များ ရှိနေလို့လား ခင်ဗျ..."

ယန်ချင်းက သတိထားကာ မေးမြန်းလိုက်၏။

ထို 'အလုပ်သမားကောင်း' ဆိုသည့် မှတ်ချက်စကားက သူတော်စင်အဆင့် မှော်ရတနာများကို ထောက်ပံ့ပို့ဆောင်ရေးဌာနသို့ အချိန်မီ ပြန်မအပ်နိုင်ပါက သူကျခံရမည့် ဒဏ်ကြေးများထက်ပင် သူ့အား ပို၍ ထိတ်လန့်သွားစေခဲ့ခြင်း ဖြစ်ပေသည်။

"ငါလည်း အဲဒါကို တွေးနေတာပဲ..."

ကံကြမ္မာဖုံးကွယ်က နောက်ပြောင်သည့်လေသံဖြင့် ပြောလိုက်လေရာ ၎င်းသည် ယန်ချင်းအနေဖြင့် ထိုဝိညာဉ်ထံမှ စိတ်ခံစားမှုတစ်ခုခုကို ပထမဆုံးအကြိမ် သတိပြုမိလိုက်ခြင်းပင် ဖြစ်ပေသည်။

"အင်း...သက်စောင့်...စွမ်းအင်...မသိရ...သေးဘူး...အချိန်က...ဖြစ်နိုင်တယ်...စိတ်ဝင်စားစရာပဲ..."

ကံကြမ္မာဖုံးကွယ်ထံမှ ပိုမိုတိကျသော အဖြေရရှိရန် ယန်ချင်းတစ်ယောက် မည်သို့မေးရမည်ကို တွေးတောနေစဉ် အဖွဲ့၏ နောက်ဆုံးအဖွဲ့ဝင်က ရုတ်တရက် စကားပြောလာခြင်း ဖြစ်လေသည်။

"ရှားရှားပါးပါး ပါလား၊ လွန်ခဲ့တဲ့ နှစ်လေးရာကတည်းက စကားမပြောခဲ့တဲ့ ပိုးအိမ်စိမ်းက နောက်ဆုံးတော့ စကားပြောလာပြီပေါ့လေ..."

စကြဝဠာပြာက အံ့သြသည့်လေသံဖြင့် ပြောလိုက်လေသည်။

"သူ့ရဲ့ ထူးခြားတဲ့ သဘာဝကြောင့် သူမက စိတ်ဝင်စားသွားတာ ဖြစ်လိမ့်မယ်၊ အဲဒီအပိုင်းကိုတော့ ငါကိုယ်တိုင်တောင် သေချာ မရှင်းလင်းသေးဘူး"

ကံကြမ္မာဖုံးကွယ်က ဝင်ပြောလိုက်၏။

ပိုးကောင်စိမ်းလေး ပြောလိုက်သည့် စကားကြောင့် ယန်ချင်းမှာ နားမလည်နိုင်စွာဖြင့် ကြောင်အမ်းအမ်း ရပ်နေမိလေသည်။

ထိုပိုးကောင်လေး၏ အသံမှာ စကားပြောရန် စတင်သင်ယူနေသည့် ကလေးငယ်တစ်ဦး၏ အသံလေးနှင့် တူနေပေသည်။

"သူက ဝိညာဉ်အသစ်လေးများလား..."

ယန်ချင်းက တွေးလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော် အဆက်အစပ်မရှိသော စကားပြောပုံစံသည် စတင်ဖွဲစည်းကာစ ဝိညာဉ်များအတွက် အလွန်အဖြစ်များသော အရာဖြစ်သောကြောင့်ပင်။

"သူမက ငါတို့အားလုံးထက် အဆပေါင်းများစွာ ပိုပြီး သက်တမ်းကြီးတယ်၊ လူသားတွေရဲ့ အသုံးအနှုန်းနဲ့ ခိုင်းနှိုင်းရမယ်ဆိုရင်တော့ သူမကို ငါတို့ရဲ့ ဘွားဘေးဘီဘင်လောက်လို့တောင် ခေါ်လို့ရတယ်..."

"သူမရဲ့ စကားပြောပုံစံက ဒီလိုဖြစ်နေတာက သူမက အရမ်းပျင်းပြီး စကားသိပ်မပြောတတ်လို့ပဲ၊ သူမက စကားတစ်ခွန်းမှ မပြောဘဲ နှစ်ထောင်ပေါင်းများစွာတောင် နေနိုင်တယ်၊ လွန်ခဲ့တဲ့ နှစ်ငါးသောင်းအတွင်းမှာ သူမပြောခဲ့တဲ့ စကားလုံးအရေအတွက်က လေးရာထက်တောင် မပိုဘူး"

ယခုဖွင့်ဟချက်ကြောင့် အလွန်အမင်း တုန်လှုပ်အံ့သြနေသော ယန်ချင်း၏ အတွေးများကို ဖတ်သိနေသည့်အလား စကြဝဠာပြာက ရှင်းပြလိုက်လေသည်။

"ဒါပေမယ့် သူမက နှစ်ငါးသိန်း သက်တမ်းရှိပြီ မဟုတ်ဘူးလား...၊ စီနီယာတို့ကရော အနည်းဆုံး နှစ်နှစ်သိန်းလောက် သက်တမ်းရှိနေကြပြီ မဟုတ်ဘူးလား ခင်ဗျ..."

ယန်ချင်းက အံ့အားသင့်စွာ မေးလိုက်၏။

"နှစ်ငါးသိန်းဆိုတာက ပြဿနာတွေကို ရှောင်ရှားဖို့ ဖေး အသုံးပြုခဲ့တဲ့ သာမန်လှည့်ကွက်တစ်ခုပါပဲပဲ၊ ပိုးအိမ်စိမ်းက အဲဒီနှစ်ငါးသိန်းလောက် ကြာတဲ့အထိ တစ်ရေးအိပ်ဖူးတယ်...၊ ဒါပေမယ့် ကလေးလေး... ငါမင်းကို ဒီထက်ပိုပြီးတော့တော့ မပြောပြနိုင်တော့ဘူးကွ..."

စကြဝဠာပြာက နူးညံ့စွာ ပြုံးရင်း ပြောလိုက်လေသည်။

ထိုအခါ ယန်ချင်းသည် သူ၏ရှေ့ရှိ သာမန်မျှသာဖြစ်ဟန်တူသော ပိုးအိမ်စိမ်းလေးအား သတိကြီးစွာဖြင့် စူးစိုက်မကြည့်ဘဲ မနေနိုင်တော့ပါချေ။

"သူမက တကယ်ပဲ ဘယ်သူလဲ..."

ယန်ချင်း သိချင်စိတ်များ ပြင်းပြစွာ စပ်စုနေလေတော့သည်။

All Chapters