ရာထူးတိုးမြှင့်ခြင်း အခမ်းအနား (၁)
Vol. 25 Ch. 246
ယန်ချင်းသည် လက်ဖဝါးအရွယ်အစားရှိသော အစိမ်းရောင်ပိုးအိမ်လေးကို စူးစိုက်ကြည့်နေမိသည်။
သို့သော် အစိမ်းရောင်ပိုးအိမ်သည် နောက်ထပ် စကားတစ်ခွန်းမျှ ထပ်မပြောတော့ပေ။
မိုးပြာစကြဝဠာဝန်းရံဝတ်ရုံနှင့် ကံကြမ္မာဖုံးကွယ်နယ်ပယ်သလင်းကျောက်တို့၏ ဝိညာဉ်များပါ တိတ်ဆိတ်သွားကြရာ ယန်ချင်းမှာ မည်သို့ဆက်လုပ်ရမည်မှန်းမသိဘဲ အူကြောင်ကြောင်ဖြင့် ရပ်နေမိတော့သည်။
ကံကောင်းထောက်မစွာပင် ထိုအခိုက်အတန့်မှာ ကြာရှည်မခံခဲ့ပေ။ တာအိုရုပ်တုများထဲမှ တစ်ခုမှာ ရုတ်တရက် လှုပ်ရှားလာခဲ့သည်။
ထိုရုပ်တုသည် ယန်ချင်း စမြင်ကတည်းက သက်ရှိနှင့် အလွန်တူလှသည်ဟု ထင်ခဲ့ရသော ရုပ်တုဖြစ်ပြီး အခြားရုပ်တုများထက် ပိုမိုသွယ်လျကာ ကျောဘက်တွင် ထူးဆန်းသော စာသားများပါရှိသည့် တောင်ပံများ ရှိနေသည်။
ထိုရုပ်တုသည် လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ ၎င်း၏ လက်ဖဝါးမှ ငွေရောင်ကြိုးတစ်မျှင် ထွက်ပေါ်လာပြီး သူတော်စင်အဆင့်ရတနာသုံးခုနှင့် ယန်ချင်းရှိရာသို့ ဦးတည်ပျံသန်းလာသည်။
ထိုကြိုးသည် လျှောက်လမ်းအလယ်သို့ ရောက်သောအခါ လေးခုအဖြစ် ကွဲထွက်သွားပြီး စကြာဝဠာဝန်းရံဝတ်ရုံ၊ ကံကြမ္မာဖုံးကွယ်နယ်ပယ်သလင်းကျောက်နှင့် အစိမ်းရောင်ပိုးအိမ်တို့ဆီသို့ ချဉ်းကပ်သွားလေသည်။
"ဒီလိုလုပ်ဖို့ လိုလို့လား၊ ငါတို့က ကတိဖျက်ပြီး ဒီကောင်လေးကို ဒုက္ခပေးမှာကျနေတာပဲ"
စကြဝဠာပြာက ထိုရုပ်တုကို စိတ်ပျက်လက်ပျက်ဖြင့် လှမ်းပြောလိုက်သည်။
"ငါတို့မှာ အချိန်ဘယ်လောက် ကျန်သေးလဲ"
ကံကြမ္မာမျက်နှာဖုံးက မေးလိုက်သည်။
"ငါ့တွက်ချက်မှုအရတော့ ငါတို့မှာ ၃၄,၅၆၈ နှစ် ကျန်သေးတယ်"
စကြဝဠာပြာသည် ခဏမျှ အာရုံစိုက် တွက်ချက်ပြီးနောက် ပြန်ဖြေလိုက်သည်။
"နှစ်ပေါင်း လေးသိန်းနီးပါးက ခနလေးနဲ့ ကုန်ဆုံးသွားတာပဲ၊ နောက်ကျရင် မင်းဘာလုပ်မလဲ စဉ်းစားထားတာ ရှိလား"
ကံကြမ္မာဖုံးကွယ်က ထိုမေးခွန်းကို မေးလိုက်စဉ် ၎င်း၏ လေသံထဲတွင် လွမ်းဆွေးမှု အရိပ်အယောင်အချို့ ပါဝင်နေသည်ကို ယန်ချင်း ခံစားလိုက်ရသည်။
"ဖေးနဲ့ ပြန်ပြီး လောင်းကစားလုပ်ရဦးမှာပေါ့၊ ပြီးခဲ့တဲ့တစ်ခေါက်က သူက မသိမသာ ခိုးချနေတာတောင် ငါ နိုင်ခါနီးလေး ဖြစ်သွားတာ"
စကြဝဠာပြာက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး ၎င်း၏ မျက်လုံးများထဲတွင် တိုက်ပွဲဝင်လိုစိတ်များ လင်းလက်လျက် ပြောလိုက်သည်။
"သူ့ကို ပြန်ပညာပေးဖို့ လိုတာပေါ့၊ အထူးသဖြင့် သူ့ရဲ့ မောက်မာတဲ့ အပြုံးနဲ့ စုတ်ပြတ်သတ်နေတဲ့ ပါးစပ်ကိုပေါ့၊ သူက နှစ်ပေါင်း ၉,၀၀၀ လုံးလုံး အဲ့ဒီအကြောင်းကို ကြွားလုံးထုတ်ခဲ့တာဆိုတာ ငါတောင် မယုံနိုင်ဘူး"
ကံကြမ္မာဖုံးကွယ်က ညည်းတွားရင်း ပြောလိုက်သည်။
"ငါ့ကို... ထည့်... ပါ... အဲ့ဒီ... ကလေး... ကို... မုန်း... တယ်"
တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ပိုးအိမ်စိမ်းက နောက်ဆုံးတွင် ဝင်ပြောလိုက်ပြန်သည်။
"ကောင်းပြီ၊ ဒါဆို သဘောတူပြီနော်။ ငါတို့ရဲ့ ကတိတွေကို အကောင်အထည်ဖော်ပြီးတာနဲ့ အဲ့ဒီကောင်ကို ပြန်စိန်ခေါ်ကြမယ်။ ဖေး... မင်း စောင့်နေလိုက်"
စကြာဝဠာပြာ၏ လေသံမှာ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေလေသည်။
သူတို့၏ စကားဝိုင်းကို နားလည်အောင် ကြိုးစားနေသည့် ယန်ချင်းမှာ ပုံဆောင်ခဲတောင်ပံများပါသော သွယ်လျသည့် တာအိုရုပ်တုက ရုတ်တရက် စကားပြောလိုက်သဖြင့် လန့်သွားရသည်။
"၃၄,၅၆၈ နှစ် ကြာရင် မင်းတို့ သုံးယောက်လုံးကို ပြန်တွေ့ကြမယ်၊ အဲ့ဒီအချိန်ကျရင် ရှုံးပြီးတော့ မငိုကြနဲ့ဦး။ ငါကတော့ အဲ့ဒီနောက်ပိုင်း အောင်ပွဲခံဖို့အတွက် ကုချင်းတီးတာကိုတောင် လေ့ကျင့်နေပြီ"
ရုပ်တုက ပြောလိုက်သည်။
၎င်း၏လေသံမှာ နူးညံ့ပြီး နက်နဲလှသော လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေသကဲ့သို့ ခံစားရသည်။
ထိုရုပ်တု စကားပြောလိုက်သည်နှင့် တာအိုမြူခိုးများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် ယန်ချင်းမှာ အံ့အားသင့်သွားရသည်။
သူပြောလိုက်သော စကားလုံးများမှာ လောကနိယာမ၏ အခြေခံအမှန်တရားများ ကိန်းအောင်းနေသကဲ့သို့ပင်။
ယန်ချင်းသည် ထို 'ဖေး' ဆိုသူမှာ မည်သူဖြစ်ကြောင်း ပို၍ သိချင်စိတ် ပြင်းပြလာသည်။
ထိုရုပ်တုက မည်သည့်အရိပ်အမြွက်မျှ မပေးခဲ့သလို၊ အဖွဲ့အစည်းတွင်လည်း ထိုကဲ့သို့ ရုပ်ရည်ရှိသူမျိုးကို သူ တစ်ခါမျှ မမြင်ဖူးပေ။
သူရရှိထားသည့် တစ်ခုတည်းသော သဟဇာတ၅ပါးကျင့်စဥ်မှ ထွက်ပေါ်လာသည့် သင်္ကေတနှင့် သူ၏ သစ်သားတံဆိပ်တို့ ပေါင်းစပ်သွားစဉ်က ခံစားခဲ့ရသော ထူထပ်လှသည့် ချီစွမ်းအင်ပင် ဖြစ်သည်။
ထိုကြီးမားလှသော စွမ်းအင်မှာ ကျူးလောင်၏ ဂုဏ်ပြုပွဲတွင် သူပေးခဲ့သည့် မြေစေးကျောက်ပြားနှင့် အနည်းငယ် ဆင်တူနေသည်။
"အရာအားလုံး အခြေကျသွားရင် ဌာနမှူးဆီ သွားကြည့်ပြီး သူ ဘာတွေ တိုးတက်မှု ရှိနေပြီလဲဆိုတာ စစ်ဆေးကြည့်ရမယ်"
ယန်ချင်းက စဉ်းစားလိုက်သည်။
ယန်ချင်းက 'ဖေး' ဆိုသူ၏ မည်သူမည်ဝါဖြစ်ကြောင်း စဉ်းစားနေစဉ်မှာပင် သူ၏ စိတ်ထဲတွင် လျှပ်စီးအပစ်ခံရသကဲ့သို့ အုန်းခနဲ မြည်သွားပြီး နောက်တစ်စက္ကန့်တွင် သူ၏ ပတ်ဝန်းကျင်၌ အခြားကမ္ဘာတစ်ခုသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ ခန္ဓာကိုယ်မှာ ပြန်လည် တည်ဆောက်လိုက်ရသကဲ့သို့ ခံစားရပြီး အဆပေါင်းရာချီ ပိုမိုသန်မာလာခဲ့သည်။
သူ၏ အတွေးများမှာ ပိုမိုကြည်လင်ကာ ချောမွေ့မြန်ဆန်လာသည်။ သူ၏ အမြင်အာရုံမှာလည်း ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်တွင် ထူးဆန်းသော စာသားများ ပျံဝဲနေသည်ကို မြင်နေရသည်။
မင်္ဂလာရှိသော သားရဲပုံများဖြင့် ပြည့်နှက်နေသည့် မှန်စီရွှေချ လက်ရာများမှာလည်း သက်ရှိများကဲ့သို့ လှုပ်ရှားနေဟန် ရှိသည်။
"ဒါ ဘာတွေလဲ"
သူ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော ကြီးမားလှသည့် စွမ်းအင်များကို ခံစားမိရင်း ယန်ချင်း တစ်ယောက် အံ့အားသင့်သွားမိသည်။ ယခင်က သူနှင့်တူသော လူပေါင်း တစ်သောင်းကို မျက်တောင်တစ်ခတ်အတွင်း ဖျက်ဆီးပစ်နိုင်သည်ဟု သူ ခံစားနေရသည်။
ယန်ချင်းသည် ထိုကြီးမားလှသော စွမ်းအင်၏ လွှမ်းမိုးခြင်းကို ခံရတော့မည့်ဆဲဆဲတွင် မိမိကိုယ်ကိုယ် အတင်းအကျပ် ထိန်းချုပ်လိုက်ပြီး သူ၏ကျင့်စဥ်ကို လည်ပတ်စေလိုက်သည်။
ထိုကျင့်စဉ်သည် ခန္ဓာကိုယ်နှင့် ဝိညာဉ် နှစ်ခုလုံးကို တိုးတက်စေရန် ရည်ရွယ်ပြီး နှစ်ခုလုံး၏ ကြီးထွားမှုကို ညီညွတ်မျှတစေသည်။
ယန်ချင်းသည် ခန္ဓာကိုယ်တစ်ခုလုံးပေါ်သို့ ရေအေးဖြင့် လောင်းချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး သူ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်များ ငြိမ်သက်သွားခဲ့သည်။
ထိုစွမ်းအင်၏ ကြီးမားမှုကို ခံစားနေရဆဲ ဖြစ်သော်လည်း ၎င်း၏ လွှမ်းမိုးမှုကို ခံနေရသည့် ဝေဒနာမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
သို့သော် သူ၏ သတိကို ဆက်လက် ထိန်းထားနိုင်သော်လည်း ကြိုးတန်းပေါ်တွင် လမ်းလျှောက်နေရသကဲ့သို့ ခံစားနေရပြီး အနည်းငယ်မျှ လွဲချော်သွားပါက ပြုတ်ကျသွားနိုင်သည့် အခြေအနေတွင် ရှိနေသည်။
သူ ဘာလုပ်ရမည်ကို တွေးနေစဉ်မှာပင် ပင်လယ်ကဲ့သို့ ကျယ်ပြောလှသည့် ချီစွမ်းအင်များက သူ့အတွင်းသို့ စီးဝင်လာပြီး ထိုကြီးမားလှသော စွမ်းအင်ကို ထိန်းချုပ်ပေးလိုက်ရာ ယန်ချင်းအတွက် စိတ်ကြိုက် စီမံနိုင်မည့် အခွင့်အရေး ရသွားတော့သည်။
ယန်ချင်းသည် ထိုစွမ်းအင်ကို တိုက်ထုတ်နေရမည့်အစား မိမိ စိတ်ကြိုက် လမ်းညွှန်ပေးနိုင်ပြီဟု ခံစားလိုက်ရသည်။
အကယ်၍ စောစောကကဲ့သို့ ကြိုးတန်းပေါ် လမ်းလျှောက်နေရသည့် အခြေအနေသာ ဆက်ရှိနေပါက သူ သေချာပေါက် ရှုံးနိမ့်သွားမည်ဖြစ်သည်။
"ကောင်းတယ် ကလေး၊ မင်းက အဲ့ဒီ အကူးအပြောင်းကို ချောချောမွေ့မွေ့ လုပ်နိုင်တဲ့ လူအနည်းငယ်ထဲက တစ်ယောက်ပဲ"
စကြဝဠာပြာက ချီးကျူးစကား ဆိုလိုက်သည်။
ယန်ချင်း၏ မျက်လုံးများမှာ သူတော်စင်အဆင့် ရတနာသုံးခုကို ကြည့်လိုက်မိသောအခါ မျက်လုံးများ ပြူးကျယ်သွားရသည်။
စောစောက အခြေအနေမှာ သူ့အတွက် အလွန်ပင် ပင်ပန်းနွမ်းနယ်စေသဖြင့် အခြားအရာများကို သတိမထားမိခဲ့ပေ။
သို့သော် ယခု ထိုရတနာသုံးခုကို ကြည့်လိုက်မိသောအခါ ယန်ချင်းမှာ အံ့သြလွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။
စကြဝဠာပြာသည် သဘောကောင်းသည့် အဘိုးအိုတစ်ဦး မဟုတ်တော့ဘဲ မရေမတွက်နိုင်သော ကြယ်တာရာများနှင့် ဂြိုဟ်များဖြင့် ပြည့်နှက်နေသည့် အဆုံးမဲ့စကြဝဠာကြီး တစ်ခုကဲ့သို့ ဖြစ်နေသည်။
ကံကြမ္မာဖုံးကွယ်မှာလည်း ခေါင်းစွပ်ဝတ်ဆင်ထားသူ မဟုတ်တော့ဘဲ တစ်ကမ္ဘာလုံးကို လွှမ်းခြုံထားသည့် သန်းပေါင်းများစွာသော ရွှေရောင်ကြိုးမျှင် ဖြစ်နေသည်။
ပိုးအိမ်စိမ်းမှာမူ အေးဆေးဆုံးဟု ဆိုနိုင်သော်လည်း တစ်ကမ္ဘာလုံးကို လွှမ်းခြုံထားသည့် စိမ်းလန်းသော အဆုံးမဲ့ကောင်းကင်ကြီးအဖြစ် ယန်ချင်း မြင်တွေ့နေရသည်။
"ကံကြမ္မာဖုံးကွယ်ကို ကျေးဇူးတင်လိုက်ဦး၊ မင်းရဲ့ အခု အမြင်အာရုံကြောင့် မထင်မှတ်ထားတဲ့ အကျိုးကျေးဇူးတွေ ရနိုင်တယ်"
"ယန်ချင်း... ငါတို့ အခမ်းအနားကို စလိုက်ကြရအောင်။ အရာအားလုံး ပြီးဆုံးသွားတဲ့အထိ မင်းရဲ့ ဘေးကင်းလုံခြုံရေးကို ငါတို့ အစွမ်းကုန် တာဝန်ယူပေးသွားမှာပါ"
စကြဝဠာပြာ၏ အသံမှာ ဝေးကွာသွားသကဲ့သို့ ခံစားလိုက်ရသည်။
ယန်ချင်းသည် ထိုအမိုးခုံးလျှောက်လမ်းမှ ထွက်လာရသကဲ့သို့ ခံစားလိုက်ရသည်။ သူ သတိပြန်ဝင်လာသောအခါ မိမိ၏ အခန်းအလယ်သို့ ပြန်ရောက်နေပြီး ငါးမိနစ်မျှပင် မကြာသေးသည်ကို တွေ့လိုက်ရသည်။
ယန်ချင်းသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ အပြောင်းအလဲများကို ခံစားကြည့်ရင်း တွေးလိုက်သည်။
ယခုအခါ သူသည် သူတော်စင်အဆင့် ရတနာသုံးခုကို မိမိ၏ ခြေလက်များကဲ့သို့ပင် စိတ်ကြိုက် ထိန်းချုပ်နိုင်နေပြီဖြစ်သည်။
"ဒါက နယ်ပယ်အဆင့် ကျွမ်းကျင်ပညာရှင်တစ်ယောက် ခံစားရတဲ့ ခံစားချက်မျိုးလား"
ယန်ချင်းသည် သူ၏ ခန္ဓာကိုယ်အတွင်း စီးဆင်းနေသော ခွန်အားများကို ခံစားမိရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။
ကံကြမ္မာဖုံးကွယ်နယ်ပယ်သလင်းေကျာက်၏ အာနိသင်များထဲမှ တစ်ခုမှာ သူ၏ အာရုံခံစားမှုအချို့ကို နယ်ပယ်အဆင့် ပညာရှင်တစ်ဦးကဲ့သို့ မြှင့်တင်ပေးခြင်းဖြစ်သည်။
ယန်ချင်းသည် သူ မည်သည့်အဆင့်အထိ ရောက်သွားသည်ကို သေချာမသိသော်လည်း သူ၏ နန်းတော်အဆင့်ခွန်အားနှင့် လက်ရှိစွမ်းရည်ကြားရှိ ကြီးမားလှသော ကွာဟချက်ကို သိမြင်နိုင်ခဲ့သည်။
ထိုကွာဟချက်မှာ ကျောက်စရစ်ခဲလေးတစ်ခုနှင့် အင်ပါယာတစ်ခုစာရှိသော တောင်ကြီးတစ်လုံးကဲ့သို့ပင်။ ဤအတွေ့အကြုံက သူ့ကို နှိမ့်ချလာစေသည်။
အထူးသဖြင့် သူ ရရှိထားသည်မှာ နယ်ပယ်အဆင့်၏ အာရုံခံစားမှုသာဖြစ်ပြီး တာအိုအမှတ်အသားများဖြင့် ပြည့်နှက်နေသည့် နယ်ပယ်ကဲ့သို့သော အခြေခံအင်္ဂါရပ်များ မပါဝင်သေးသည်ကို သတိပြုမိသွားခြင်းကြောင့်ပင်။
ယန်ချင်းသည် နန်းတော်အဆင့်သို့ တက်လှမ်းနိုင်စဉ်က လောကကြီး၏ ထိပ်ဆုံးသို့ ရောက်ပြီဟု ထင်မှတ်ကာ မောက်မာခဲ့မိသည်ကို သတိရပြီး ခါးသီးစွာ ရယ်မောလိုက်မိသည်။
ဤအတွေ့အကြုံက သူ၏ ကျန်ရှိနေသော မာန်မာနများကို အရည်ပျော်သွားစေခဲ့သည်။
ယန်ချင်းသည် သူ၏ခြံဝန်းအတွင်းမှ မထွက်ခွာမီ အကျင့်အတိုင်း ဝတ်စုံကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်လိုက်သည်။
"ငါပဲ ထင်လို့လားမသိဘူး၊ ဒီဝတ်စုံက ငါ့ကို ပုံမှန်ထက် ပိုကြည့်ကောင်းစေတာပဲ"
ယန်ချင်းက ဂုဏ်ယူစွာဖြင့် တွေးတောရင်း အပြင်သို့ ထွက်လာခဲ့သည်။
"မင်းတစ်ယောက်တည်း ထင်နေတာပါ"
စကြဝဠာပြာ၏ အသံက သူ၏ စိတ်ထဲတွင် ချက်ချင်း ပဲ့တင်ထပ်သွားရာ ယန်ချင်းမှာ ချော်လဲမတတ် ဖြစ်သွားသည်။
"စီနီယာ... အဲ့ဒီလို ပြောဖို့ လိုလို့လား"
ယန်ချင်းက စိတ်မကောင်းစွာဖြင့် မေးလိုက်သည်။
မည်သည့်တုံ့ပြန်မှုမျှ မရရှိတော့သဖြင့် သူသည် မိမိ၏ နေအိမ်မှ ထွက်လာခဲ့ရာ စံသတ်မှတ်ချက် ထိန်းသိမ်းရေးကော်မတီမှ စုန့်ကောကျိက သူ့ကို စောင့်နေသည်ကို တွေ့လိုက်ရသည်။
သို့သော် သူတစ်ယောက်တည်း မဟုတ်ပေ။ သူ၏ဘေးတွင် ဆံပင်ရှည်များကို စည်းထားသည့် သက်လတ်ပိုင်းအရွယ် လူတစ်ဦး ရှိနေသည်။
သူသည်လည်း စုန့်ကောကျိကဲ့သို့ပင် တည်ကြည်သော မျက်နှာထား ရှိသည်။ စံသတ်မှတ်ချက် ထိန်းသိမ်းရေး ကော်မတီဝင်အားလုံး ထိုကဲ့သို့ စရိုက်မျိုး ရှိကြသလားဟု ယန်ချင်း တွေးမိသွားသည်။
"ပေါင်းစပ်တာကတော့ ချောချောမွေ့မွေ့ ဖြစ်သွားပုံရတယ်"
ထိုသက်လတ်ပိုင်းလူကြီးက ပြောလိုက်သည်။
"တရားသူကြီးယန်ချင်း၊ ဒါက ကျွန်တော်တို့ ဌာနရဲ့ လက်ထောက်ဌာနမှူးလျန်ဝမ်ပါ"
စုန့်ကောကျိက ယန်ချင်းကို မိတ်ဆက်ပေးလိုက်သည်။
"ဂျူနီယာယန်ချင်းက လက်ထောက်ဌာနမှူးလျန်ဝမ်ကို ဂါရဝပြုပါတယ်"
ယန်ချင်းက လက်သီးဆုပ် ဂါရဝပြုရင်း ပြောလိုက်သည်။
"တွေ့ရတာ ဝမ်းသာပါတယ် ယန်ချင်း၊ နာမည်နဲ့ လူနဲ့ လိုက်ဖက်ပါပေတယ်။ မင်းရဲ့ ကျော်ကြားမှုက အပိုတွေ မဟုတ်ဘူးပဲ။ အချိန်သိပ်မရှိဘူး၊ ငါတို့ သွားကြစို့"
လက်ထောက်ဌာနမှူးလျန်ဝမ်၏ စကားကို ယန်ချင်း နားမလည်ခင်မှာပင် သူ၏ အမြင်အာရုံများ ပြောင်းလဲသွားပြီး လက်ထောက်ဌာနမှူး လျန်ဝမ်၏ နယ်ပယ်ထဲသို့ ဆွဲသွင်းခြင်း ခံလိုက်ရသည်။
"အဘိုးကြီးလဲ့... ခင်ဗျားတော့ လုပ်ပြီ၊ ကျွန်တော့်နာမည်ကို ဘယ်အထိတောင် ဖြန့်ထားတာလဲ။ ဒီလူတွေက တစ်နေ့လုံး ထိုင်ပြီး အတင်းပြောနေကြတာလား။ ငါ သိသားပဲ၊ နယ်ပယ်အဆင့်ကမှ တကယ့်ဇိမ်ကျတဲ့ဘဝပဲ"
ယန်ချင်းသည် ကြယ်နှင်းမြူခိုးတောင်ကြားသို့ ခေါ်ဆောင်သွားခြင်းခံရစဉ် စိတ်ထဲမှနေ၍ အော်ဟစ်လိုက်တော့သည်။