ရာထူးတိုးမြှင့်ခြင်း အခမ်းအနား (၄)
Vol. 25 Ch. 249
“သူက အထူးစစ်ဆေးရေးမှူးတွေရဲ့ ညွှန်ကြားရေးမှူး ဒါမှမဟုတ် ဒုညွှန်ကြားရေးမှူးများ ဖြစ်နေမလား”
ဖရိုဖရဲ ဝတ်စားထားသည့် အထူးစစ်ဆေးရေးမှူး ရှိနေခြင်းက သူ့ကို ပို၍ စိတ်သက်သာရာ ရစေသည်။
အကြောင်းမှာ သူတို့သည် အဓိကအားဖြင့် တိုက်ခိုက်ရေးကျွမ်းကျင်သူများ ဖြစ်ကြပြီး အယုတ်ညံ့ဆုံး တိုက်ခိုက်မှုများကိုပင် တုံ့ပြန်ရန် ကျွမ်းကျင်ကြသောကြောင့် ဖြစ်၏။
သူတို့ စုံစမ်းစစ်ဆေးရန်နှင့် ချေမှုန်းရန် ရည်မှန်းထားသည့် အဖွဲ့အစည်းများသည် ရက်စက်ကြပြီး သူတို့၏ လျှို့ဝှက်ချက်များကို ထိန်းသိမ်းရန် တားမြစ်ထားသော နည်းစနစ်မျိုးစုံကို အသုံးပြုကြသည်။
တုန့်ယန်းလင်မှာ ယင်း၏ ထင်ရှားသော နမူနာတစ်ခုပင်။ သူသည် ရွှေအမြုတေအဆင့် ဖြစ်သော်လည်း သူ၏ ဝိညာဉ်အတွင်း၌ ကြောက်မက်ဖွယ် ကျိန်စာတစ်ခု ကိန်းအောင်းနေသည်ကို ယန်ချင်း သတိပြုမိသည်။
အကယ်၍ ယန်ချင်းသာ သူ၏ ဝိညာဉ်ကို စူးစမ်းရန်နှင့် မေးခွန်းအချို့ မေးရန် ကြိုးစားခဲ့ပါက ထိုကျိန်စာက သူ့ကို ဒဏ်ရာရစေနိုင်ဖွယ် ရှိပေသည်။
ထိုကဲ့သို့သော တိုက်ခိုက်မှုများကို ကိုင်တွယ်ဖြေရှင်းလေ့ရှိသည့် အဖွဲ့အစည်းမှ ထိပ်တန်းအဖွဲ့ဝင်တစ်ဦး ရှိနေခြင်းမှာ ယန်ချင်းအတွက် များစွာ ကြိုဆိုရမည့် အချက်ပင်။
သူ့အသက်ကို ရန်ရှာဝံ့သူ မည်သူမဆို တိုက်ရိုက်နည်းလမ်းထက် ကောက်ကျစ်စဉ်းလဲသော နည်းလမ်းများကိုသာ အသုံးပြုရန် ပို၍ ဖြစ်နိုင်ချေရှိပေသည်။
ဧည့်သည်များ ပို၍ များပြားလာသောအခါ ယန်ချင်း စိတ်ကို ပြန်လည် စုစည်းရတော့သည်။
ယခင်က သူသည် အဆင့် (၄) အဖွဲ့အစည်းများကိုသာ ကိုင်တွယ်ခဲ့ရသော်လည်း ယခုအခါ အဆင့် (၃) နှင့် အဆင့် (၂) အဖွဲ့အစည်းများပင် စတင် ရောက်ရှိလာပြီ ဖြစ်သည်။ သူတို့ကို နှုတ်ဆက်သည့်အခါ စိတ်လွင့်နေ၍ မဖြစ်ချေ။
သူသည် တစ်ဦးချင်းစီကို နှုတ်ဆက်ရင်း တတ်နိုင်သမျှ ပရော်ဖက်ရှင်နယ် ကျကျ ပြုံးပြကာ ဟိုဟိုဒီဒီ စကားစမြည် ပြောဆိုနေလေသည်။
သူ၏ နှစ်ပေါင်းများစွာ လေ့ကျင့်ခဲ့ရသော အလေ့အကျင့်များက နောက်ဆုံးတွင် အသုံးတည့်လာခဲ့သည်။
ယန်ချင်း၏ ဘေးတွင် ရပ်နေသော စုန့်ကောကျိကလည်း ယန်ချင်း အခြေအနေ အရပ်ရပ်ကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်မှုအပေါ် ကျေနပ်သော အကြည့်ဖြင့် ကြည့်နေသည်။
လက်ထောက်ဌာနမှူးလျန်ဝမ်သည်လည်း သူနှင့်အတူ ရှိနေသော်လည်း သူက အဆင့် (၂) အဖွဲ့အစည်းမှ အဖွဲ့ဝင်များနှင့် ပြည်ပရေးရာ ဌာနမှ ဝါရင့်အဖွဲ့ဝင်များကို ကိုင်တွယ်ရန် တာဝန်ယူထားသည်။
အချိန်တိုင်း ကုန်လွန်သွားသည်နှင့်အမျှ ယန်ချင်း၏ အပြုံးက ပို၍ ကျယ်ပြန့်လာပြီး ပို၍စစ်မှန်လာသည်။
သူသည် ရောက်ရှိလာသော ဧည့်သည်များ၏ မျက်နှာကို လက်ဆောင်သေတ္တာများနှင့် အစားထိုး မြင်ယောင်နေမိသဖြင့် သူ၏ သဘောထားမှာ တစ်မျိုး ပြောင်းလဲသွားသည်။
သူ့အတွက်မူ ယခုအခါ သူတို့သည် တန်ဖိုးကြီး ဆေးလုံးများ၊ ဝိညာဉ်ကျောက်တုံးများ၊ အဖိုးတန် လက်နက်ကိရိယာများ သို့မဟုတ် ကျင့်စဉ်များကဲ့သို့ ရှားပါး ပစ္စည်းများ ဖြစ်နေလေပြီ။ သူတို့ ကျေးဇူးကြောင့် သူသည် လက်လုပ်လက်စား ဘဝမှ လွတ်မြောက်တော့မည် မဟုတ်ပါလား။
ဤမျှ အကျိုးအမြတ်များ ရရှိနေမှတော့ မည်သို့လျှင် ဝမ်းမသာဘဲ နေနိုင်ပါမည်နည်း။ ထိုသူများ၏ ကျေးဇူးကြောင့် ယခုအခါ လိုချင်တပ်မက်ဖွယ်ရာ အစားအသောက်များအတွက် စိတ်တိုင်းကျ သုံးစွဲနိုင်ပြီ ဖြစ်သလို၊ ရှားပါးထူးဆန်းသည့် အသုံးအဆောင် ပစ္စည်းများကိုလည်း ပိုမို ဝယ်ယူ စုဆောင်းနိုင်တော့မည် ဖြစ်သည်။
ထို့အပြင် ကိုယ်ပိုင်နေအိမ်နှင့် ကောင်းကင်ဘုံရက်ကန်းငှက်၏ အသိုက်ကိုပါ အဆင့်မြှင့်တင်နိုင်ပြီ ဖြစ်ရာ ရှေ့ဆက်၍ အကောင်အထည်ဖော် လုပ်ဆောင်နိုင်မည့် အရာများမှာ အဆုံးအစမဲ့ နေလေတော့သည်။
နှုတ်ဆက်ရန် လာကြသော ကုန်သည် အဖွဲ့အစည်းမှ အဖွဲ့ဝင် အချို့မှာ သူ၏ အကြည့်ကြောင့် တွန့်ဆုတ်သွားကြသည်။
သူ၏ မျက်နှာပေါ်တွင် နွေးထွေးသော ကြိုဆိုသည့် အပြုံး ရှိနေသော်လည်း ထိုဝါရင့် မြေခွေးအိုကြီးများမှာ ထိုအပြုံးထဲတွင် ရောယှက်နေသော လောဘရိပ်ကို မည်သို့ မသိဘဲ နေပါမည်နည်း။
သူတို့သည် ထိုအမူအရာကို အလွန် ကောင်းမွန်စွာ သိကြသဖြင့် ယန်ချင်းအတွက် မမျှော်လင့်ဘဲ အကျိုးရှိသွားစေသည်။
အကြောင်းမှာ ထိုအဖွဲ့အစည်းများသည် ယန်ချင်းနှင့် ကောင်းမွန်သော ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ရန်အတွက် သူ၏ လောဘကို အသုံးချကာ လက်ဆောင်များကို ပို၍ တိုးပေးရန် အလားအလာ ရှိနေသောကြောင့် ဖြစ်၏။
ယန်ချင်းအတွက်မူ ယင်းက အလွန် ဝမ်းသာစရာပင်။ အထူးသဖြင့် ဒဏ်ကြေးများ အဆောင်ခံရနိုင်သည့် အရေးက သူ၏လည်ပင်းကို ကြိုးကွင်းစွပ်ထားသကဲ့သို့ ဖြစ်နေချိန်တွင် လက်ဆောင်များ များများရလေ ပိုကောင်းလေ ဖြစ်သည်။
အားလုံးက တစ်သားတည်း ဖြစ်နေသဖြင့် သူတို့၏ ဆက်ဆံရေးမှာ ပို၍ ရင်းနှီးလာပြီး အချင်းချင်းပွေ့ဖက်သည့် အဆင့်အထိပင် ရောက်ရှိသွားရာ စုန့်ကောကျိပင် အံ့အားသင့်ကာ စဉ်းစားနေမိတော့သည်။
“ငါပေးထားတဲ့ ဧည့်သည်တွေအကြောင်း သတင်းအချက်အလက်တွေက တကယ်ပဲ အဲ့ဒီလောက်တောင် ကောင်းလို့လား”
ယန်ချင်းသည် သူ၏တာဝန်များကို ပျော်ရွှင်စွာ ဆက်လက် ထမ်းဆောင်နေပြီး ဧည့်သည်များကို ပိုမိုထက်သန်စွာ ကြိုဆိုနေလျက်ရှိသည်။
စုန့်ကောကျိ ပေးထားသော ဧည့်သည်များ၏ ဘိုးဘွားစဉ်ဆက် မျိုးရိုးစာရင်း အချက်အလက်များအထိ သူက အကုန် အသုံးချလိုက်သည်။
ယန်ချင်းသည် ထိုအချက်အလက်များကို ကျွမ်းကျင်စွာ အသုံးချကာ ဧည့်သည်များနှင့် ရင်းနှီးအောင် လုပ်ဆောင်သည်။ သူတို့ စိတ်လှုပ်ရှားသွားပြီး အချိန်တန်လျှင် လက်ဆောင်များကို ပို၍ ရက်ရက်ရောရော ပေးလာစေရန် ရည်ရွယ်ခြင်း ဖြစ်၏။
အဖွဲ့အစည်းမှ နန်းတော်တရားသူကြီးတစ်ဦးက သူတို့အကြောင်းကို ဤမျှအထိ သိထားသည်ကို မြင်သောအခါ အချို့ဧည့်သည်များမှာ အလွန် စိတ်လှုပ်ရှားသွားသဖြင့် သူ၏ အစီအစဉ်မှာ အောင်မြင်ပုံရသည်။
ယင်းက သူတို့ကို အရေးပါသည်ဟု ခံစားရစေသော်လည်း အချို့အတွက်မူ ယန်ချင်း မည်မျှအထိ သိထားသည်ကို တွေးကာ ထိတ်လန့်မှုများ ဖြစ်ပေါ်စေသည်။
ယန်ချင်း သိထားခြင်းသည် အဖွဲ့အစည်းက သူတို့အကြောင်းကို သိထားခြင်း ဖြစ်သောကြောင့်ပင်။ သူတို့သည်လည်း ကြောက်စိတ်ကြောင့် လက်ဆောင်များကို ပို၍ ပေးကြပေဦးမည်။
သို့သော် ကောင်းသော အရာမှန်သမျှမှာ တစ်ချိန်ချိန်တွင် အဆုံးသတ်ရစမြဲ ဖြစ်ပြီး ယန်ချင်းအတွက်လည်း ထိုနည်းအတိုင်းပင်။
ယန်ချင်းသည် အဆင့် (၃) မျိုးနွယ်စုသစ်တစ်ခု၏ ခေါင်းဆောင်နှင့် စကားပြောရင်း အလုပ်ရှုပ်နေစဉ် မီတာ တစ်ရာခန့် အကွာမှ တစ်စုံတစ်ခုကို အာရုံခံမိသဖြင့် သူ၏ အကြည့်များမှာ သိသိသာသာ မဟုတ်ဘဲ ဝေဝါးသွားသည်။
“ဒါက...”
ယန်ချင်းသည် အဆင့် (၃) မျိုးနွယ်စု ခေါင်းဆောင်နှင့် စကားလက်ဆုံ မပျက်စေဘဲ သူ၏ အကြည့်ကို ထိုနေရာသို့ လျှို့ဝှက်စွာ ရွှေ့လိုက်သည်။
သူသည် စကားအချို့ ပြောဆိုပြီးနောက် နောက်တစ်ဦးထံသို့ ကူးပြောင်းသွားသော်လည်း သူ၏တာအိုအမှတ်အသားကို အာရုံခံမိသည့် နေရာကိုမူ လှမ်းကြည့်နေဆဲ ဖြစ်၏။
လွန်ခဲ့သော ခဏက သူ၏ နန်းတော်အဆင့်မှာ တစ်စုံတစ်ခုနှင့် ပဲ့တင်ထပ်သွားသည်ကို ခံစားလိုက်ရသည်။ ထိုနေရာကို အာရုံစိုက်လိုက်သောအခါ ယင်းမှာ သူ၏ တာအိုအမှတ်အသားမှ ဖြစ်ကြောင်း သိလိုက်ရသည်။
နန်းတော်အဆင့်သို့ တက်လှမ်းခြင်းမှာ တာအိုအမျိုးအစားတစ်ခုခုကို ရင်းနှီးကျွမ်းကျင်မှုအပေါ် အခြေခံပြီး တာအိုမျိုးစေ့ဖော်ဆောင်ရခြင်း ဖြစ်သည်။
နန်းတော်အဆင့်သို့ ရောက်ရှိသောအခါ ထိုရင့်ကျက်လာသော တာအိုမျိုးစေ့သည် ကျင့်ကြံသူ၏ ခန္ဓာကိုယ်နှင့် ချီထဲသို့ စိမ့်ဝင်သွားသည်။
ယင်းမှာ သူတို့၏ တိုက်ခိုက်မှုများနှင့် ကျင့်စဉ် ဖော်ထုတ်မှုတိုင်းတွင် တာအိုအမှတ်အသားများ ပါဝင်နေမည်ဟု ဆိုလိုခြင်း ဖြစ်၏။ ယင်းမှာ သူတို့၏ လက်ဗွေရာနှင့် တူသည်။
ယန်ချင်းသည် မီတာတစ်ရာခန့် အကွာရှိ ဧည့်သည်များကြားတွင် သူ၏ အမှတ်အသားကို အာရုံခံမိလိုက်ခြင်း ဖြစ်သည်။
သူ၏ တာအိုအမှတ်အသား ရှိသူကို တွေ့ရခြင်းမှာ သူ့အတွက် အံ့အားသင့်စရာပင်။ အဘယ်ကြောင့်ဆိုသော် ထိုအမှတ်အသား ရှိနိုင်သူများမှာ သူ တိုက်ခိုက်ခဲ့သူများ၊ သူနှင့် လေ့ကျင့်ခဲ့သူများ သို့မဟုတ် သူကိုယ်တိုင် ပြုလုပ်ထားသော ပစ္စည်းများ ရှိသူများသာ ဖြစ်နိုင်သောကြောင့် ဖြစ်သည်။
ထိုနေရာတွင် သူ၏ စစ်ဆေးရေးမှူးများ တစ်ဦးမှ မရှိသဖြင့် သူနှင့် လေ့ကျင့်ခဲ့သူ သို့မဟုတ် သူ၏ ပစ္စည်းများ ဆောင်ထားသူ မဟုတ်ကြောင်း သူ ချက်ချင်းပင် ဆုံးဖြတ်လိုက်သည်။
တိုက်ခိုက်မှုများအကြောင်း စဉ်းစားလျှင် သူသည် နန်းတော်အဆင့် ပညာရှင် ဖြစ်လာသည်မှာ ၁၁ လသာ ရှိသေးပြီး ထိုအတောအတွင်း သူ တိုက်ခိုက်ခဲ့သည်မှာ ခရမ်းရောင်မြို့တော်မှ နန်းတော်အဆင့် ကျွမ်းကျင်သူသုံးဦးနှင့်သာ ဖြစ်သည်။
သူ သိသလောက်ဆိုလျှင် သူတို့ကို ပြန်မလွှတ်ရသေးဘဲ လွင်ပြင်ဝါခရိုင်တွင် ဖမ်းဆီးထားဆဲ ဖြစ်သည်။
သူတို့ထဲမှ တစ်ဦးမှာ ရွှေဝါးရုံစံအိမ် တည်ထောင်သူ၏ သားဖြစ်နေသဖြင့် မလိုလားအပ်သော အာရုံစိုက်မှုများ မရစေရန် ထိုနေရာသို့ ပို့ထားခြင်း ဖြစ်သည်။
ထိုတည်ထောင်သူမှာ နယ်ပယ်အဆင့် ကျမ်းကျင်သူတစ်ဦး ဖြစ်ပြီး ထူးခြားသောခန္ဓာကိုယ်တည်ဆောက်ပုံ ရှိသဖြင့် တိုက်ခိုက်ရေးကျွမ်းကျင်သူဟု ကျော်ကြားသည်။
ယန်ချင်းသည် သူ၏ စစ်ဆေးမှုများကို ဆောင်ရွက်နေစဉ် ထိုပြဿနာကို နယ်ပယ်အဆင့် ကျွမ်းကျင်သူတစ်ဦးဖြစ်သည့် လွင်ပြင်ဝါခရိုင်ဌာနမှူးထံတွင် ထားခဲ့သည်။
ထို့အပြင် သူသည် ထိုတည်ထောင်သူ၏ သားအတွက် လဲ့ဝေယွမ်ထံတွင် စုံစမ်းစစ်ဆေးမှု တောင်းဆိုချက်ကိုလည်း တင်ထားခဲ့သည်။
ထိုသို့ လုပ်ဆောင်ထားသဖြင့် သူတို့ကို ပြန်လွှတ်ပေးရန်မှာ မဖြစ်နိုင်သလောက်ပင်။ အကယ်၍ ပြန်လွှတ်ပေးခဲ့လျှင်ပင် သူက အဓိက သိရမည့်သူ ဖြစ်သည်။
“ဒါက ဘယ်သူလဲ”
ယန်ချင်းသည် ဖြစ်နိုင်ခြေရှိသော လူစာရင်းကို စိတ်ထဲတွင် စဉ်းစားနေမိသည်။ သူ ဖြစ်နိုင်ခြေများကို စဉ်းစားနေစဉ်မှာပင် သူ၏ မျက်လုံးထောင့်မှ လူတစ်ဦးကို မြင်လိုက်ရသဖြင့် သူ၏ မျက်ဆန်များမှာ ခဏတာ တောင့်တင်းသွားသည်။
“ဒါ ဖြစ်ရမယ်... ဒါပဲ အဓိပ္ပာယ်ရှိတယ်”
ယန်ချင်းသည် သူ၏ ရှုပ်ထွေးမှုကို ချက်ချင်း ရှင်းလင်းသွားစေသော သူထံသို့ အကြည့် ရောက်သွားသည်။ ထိုသူမှာ အခြားသူ မဟုတ်ဘဲ သူ၏ အစားကြူးဖော် အစားကြူးဖက် ဖြစ်သည့် ဖုန့်ရှင်းပင် ဖြစ်သည်။
ဖုန့်ရှင်းကို မြင်လိုက်ရမှသာ သူ၏ စမ်းသပ်ဆဲ အဆောင်စာရွက် အချို့ကို ပေးထားခဲ့သည်ကို ပြန်လည် သတိရလိုက်သည်။ ထိုအဆောင်များမှာ အသုံးပြုရန် ကြာချိန်ကို လျှော့ချနိုင်ရန် သူ၏ တာအိုအမှတ်အသားများကို ထည့်သွင်း ထွင်းထုထားခြင်း ဖြစ်သည်။
ဖုန့်ရှင်းသည် မြူနွံဂိုဏ်းမှ ဖုန်ကျန်းနှင့် အခြားသူများကို ဖမ်းဆီးပြီး အပြန်တွင် နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ဦး၏ လိုက်လံတိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
ဖုန့်ရှင်း သိမ်းဆည်းခဲ့သော အောင်းယင်ဓားကို တောင်းဆိုခဲ့သဖြင့် ထိုသူမှာ သွေးလက်တစ္ဆေအဖွဲ့မှ ဖြစ်မည်ဟု သူ ခန့်မှန်းထားသည်။
အဆင့်ချင်း ကွာခြားသည်ကို သိရှိသဖြင့် ဖုန့်ရှင်းသည် ထွက်ပြေးရန် လမ်းစရစေရန် အဆောင်များကို ဖောက်ခွဲခဲ့သည်။
သို့သော် အဆောင်များမှာ အချိန်အလွန်တိုတောင်းသဖြင့် သူနှင့် မြူနွံဂိုဏ်းမှ အကြီးအကဲနှစ်ဦးပါ ထိုတိုက်ခိုက်မှုအတွင်း ပါသွားလုနီးပါး ဖြစ်ခဲ့သည်။
ယန်ချင်း မှတ်မိသလောက်ဆိုလျှင် ဖုန့်ရှင်း အကူအညီ တောင်းခဲ့သော သစ်တောစိမ်းဌာနခွဲ၏ ခွဲရုံးချုပ်မှူးသည် ဖုန့်ရှင်း အဆောင်များ ဖောက်ခွဲခဲ့သည့် နေရာတွင် မည်သည့်အလောင်းကိုမျှ မတွေ့ရှိခဲ့ပေ။
“အဲ့ဒီလူက သူ ဖြစ်နေမလား”
အကယ်၍သာ ထိုသို့ ဖြစ်ခဲ့ပါက သူ ဘာလုပ်သင့်သလဲ ဆိုသည်ကို ယန်ချင်း ပို၍ ဇဝေဇဝါ ဖြစ်လာသည်။
သွေးလက်တစ္ဆေအဖွဲ့ဝင်များသည် ထိုးဖောက် ဝင်ရောက်ခြင်းနှင့် ပုန်းကွယ်ခြင်းတွင် ကျွမ်းကျင်ကြသဖြင့် သူတို့အဖွဲ့ဝင် တစ်ဦး ဤနေရာသို့ ရောက်လာသည်မှာ ယန်ချင်းအတွက် အံ့သြစရာ မဟုတ်ပေ။
ယနေ့ ဧည့်သည်များကြားတွင်လည်း အခြားသူများ ကျွမ်းကျင်စွာ ရောနှောနေနိုင်သည်ကို သူ မသင်္ကာ ဖြစ်နေသည်။