← Chapters

ရာထူးတိုးမြှင့်ခြင်း အခမ်းအနား (၅)

Vol. 25 Ch. 250

ရာထူးတိုးမြှင့်ခြင်း အခမ်းအနား (၅)

Vol. 25 Ch. 250

"ငါ ဘယ်လိုလုပ်ရမလဲ"

မိမိဆီသို့ တဖြည်းဖြည်း နီးကပ်လာနေသော တာအိုအမှတ်အသားကို စူးစမ်းရင်း ယန်ချင်းတစ်ယောက် ဝေခွဲမရဖြစ်နေသည်။

အဖွဲ့အစည်း၏ နယ်မြေသို့ ခြေချလာကတည်းက အလွန်အမင်း သတိကြီးစွာ ရှိနေနိုင်သည့် ထိုသူများကို သတိပေးသလို မဖြစ်စေရန်အတွက် သူ၏ ဧကရာဇ်အာရုံကို အသုံးပြုရန် မဝံ့ရဲပေ။

သွေးလက်တစ္ဆေအဖွဲ့ဝင်များသည် လူအုပ်ကြားတွင် ရောနှောနေထိုင်ရာ၌ မည်မျှပင် ကျွမ်းကျင်စေကာမူ၊ လွန်ခဲ့သော နှစ်ပေါင်း (၅၀၀) ကတည်းက တစ်တိုက်လုံးရှိ ၎င်းတို့အဖွဲ့ဝင်များကို တဖြည်းဖြည်းချင်း လိုက်လံနှိမ်နင်းနေသည့် သားရဲကြီး၏ ဝမ်းဗိုက်ထဲသို့ ကိုယ်တိုင်ဝင်လာရခြင်းမှာ သူတို့အတွက် စိုးရိမ်ထိတ်လန့်စရာ ကောင်းနေမည်မှာ အမှန်ပင်။

"ဒါပေမဲ့ သူတို့ ဘာလို့ ဒီကိုလာဖို့ စွန့်စားရတာလဲ။ အခြေအနေအရ လာရတာပဲဖြစ်ဖြစ်၊ ဒါက နည်းနည်းတော့ မစွန့်စားလွန်းဘူးလား"

ယန်ချင်းက တွေးလိုက်မိသည်။

ယန်ချင်းအနေဖြင့် တာအိုအမှတ်အသားကို စတင်သတိပြုမိချိန်တွင် ဖုန့်ရှင်းနှင့် တိုက်ခိုက်ခဲ့သည့်သူကို လျစ်လျူရှုမိသွားခြင်းမှာ ဤအကြောင်းကြောင့်ပင် ဖြစ်သည်။

တာအိုအမှတ်အသားများအကြောင်းကို သေချာပေါက်သိထားမည့် နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ယောက်က လွန်ခဲ့သော တစ်ပတ်ကတင် သူနှင့်တိုက်ခိုက်ခဲ့သူ ရှိနေသည့် ဤနေရာမျိုးသို့ အဘယ်ကြောင့် လာရသနည်းဆိုသည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေရသည်။

သို့သော် ယန်ချင်း၏ အတွေးများထဲတွင် လွဲချော်နေသည့် အချက်အချို့ ရှိနေသည်။

ပထမအချက်မှာ မည်သည့်ပုံမှန်လူမှ မိမိ၏ တာအိုအမှတ်အသားကို သူတစ်ပါးအသုံးပြုရန်အတွက် အဆောင်ထဲသို့ ထည့်သွင်းပေးမည်မဟုတ်ပေ။

ယန်ချင်းသည် ဖုန့်ရှင်းအတွက် ထိုသို့ ပြုလုပ်ပေးခဲ့သော်လည်း ၎င်းမှာ အကြောင်းရင်းများစွာရှိသည်။

တစ်ခုမှာ အဆောင်က တည်ငြိမ်မှုမရှိနိုင်ခြင်း သို့မဟုတ် အတွင်း၌ သိုလှောင်ထားသော ချီကို ထုတ်လွှတ်လိုက်သည့်အခါ အသုံးပြုသူနှင့် ရန်သူ နှစ်ဦးလုံးကို တစ်ပြိုင်နက် ပြန်လည်တိုက်ခိုက်နိုင်သည့် အန္တရာယ်ရှိခြင်းတို့ကြောင့် ဖြစ်သည်။

အကယ်၍ ဖုန့်ရှင်းသာ အဆောင်အမြောက်အမြားကို တစ်ပြိုင်နက် အသုံးမပြုခဲ့ပါက ထိုနန်းတော်အဆင့် တိုက်ခိုက်သူသည် အဆောင်များ၏ ထူးခြားမှုကို သတိထားမိနိုင်ပေသည်။

သို့သော် ထိုအချိန်တွင် သူသည် အသက်လုတိုက်ခိုက်နေရသဖြင့် သတိမထားမိခဲ့ပေ။

တာအိုအမှတ်အသားများက အဆောင်များကို မတည်မငြိမ်ဖြစ်စေသည်ဟူသော အယူအဆနှင့် ရှုပ်ထွေးလှသော အခြေအနေများက ယန်ချင်းအတွက် အားသာချက် ဖြစ်သွားခဲ့သည်။

ထို့ပြင် သွေးလက်တေစ္ဆအဖွဲ့ဝင်သည် ဤနေရာသို့ လာရဲသည့် နောက်ထပ်အကြောင်းရင်းများလည်း ရှိသေးသည်။

တစ်ခုမှာ တာအိုအပေါ် နားလည်မှုပင် ဖြစ်သည်။

နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ဦးသည် မိမိ၏ ကိုယ်ပိုင်အမှတ်အသား ရှိသဖြင့် တာအိုအမှတ်အသားများအကြောင်းကို သိရှိသော်လည်း၊ အခြားသူတစ်ဦး၏ အမှတ်အသားကို အာရုံခံနိုင်စွမ်းမှာ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်နှင့် တာအိုအပေါ် နားလည်မှုအပေါ်တွင် မူတည်သည်။

အကယ်၍ နှစ်ဦးကြားတွင် ကွာဟချက်ကြီးမားပါက အားနည်းသူဘက်မှ အားသာသူ၏ တာအိုအမှတ်အသားကို ရှာဖွေတွေ့ရှိရန် ခဲယဉ်းလှသည်။

ယန်ချင်းသည် ထိုနန်းတော်အဆင့် ကျွမ်းကျင်သူမှာ သူနှင့်အဆင့်တူ သို့မဟုတ် သူ့ထက်ပင် ပိုမိုသန်မာနိုင်သည်ဟု မသိစိတ်မှ ဆုံးဖြတ်ထားပုံရသည်။

အဘယ်ကြောင့်ဆိုသော် ထိုသူသည် သူ၏အဆောင် တိုက်ခိုက်မှုများကြားမှ လွတ်မြောက်သွားနိုင်ခဲ့သောကြောင့်ပင်။

...

ဘာဆက်လုပ်ရမည်ကို တွေးတောနေစဉ်အတွင်း ယန်ချင်းသည် ဖုန့်ရှင်းက ရယ်ကျဲကျဲဖြင့် လက်ဝှေ့ယမ်းပြကာ ဧည့်သည်များထဲမှ တစ်ဦးကို လက်ညှိုးထိုးပြနေသည်ကို တွေ့လိုက်ရသည်။

ယန်ချင်း၏ တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ထိတ်လန့်မှုကြောင့် ဦးနှောက်ပင် ဗလာဖြစ်သွားရသည်။

ထုံအလှသော ဖုန့်ရှင်းသည် သူ ဘာဆက်လုပ်မည်ကို မဆုံးဖြတ်ရသေးခင်မှာပင် လက်ညှိုးထိုးပြခြင်းဖြင့် အရာအားလုံးကို ဖော်လိုက်ပြီဟု သူ တွေးလိုက်မိသည်။

ယန်ချင်းသည် မသိစိတ်ဖြင့် တိုက်ခိုက်ရန် အသင့်ပြင်လိုက်ရာ သူ၏ဘေးတွင် ရပ်နေသော ဧည့်သည်မှာ ယန်ချင်းဆီမှ ယိုစိမ့်ထွက်လာသော တိုက်ခိုက်လိုစိတ်ကြောင့် ကြောက်လန့်တုန်ရီသွားရသည်။

ဖုန့်ရှင်းလက်ညှိုးထိုးနေသည်မှာ သစ်တောဖြူနိုင်ငံမှ ဘုရင်ကြီးကို ဖြစ်ကြောင်း သိလိုက်ရမှသာ ယန်ချင်းစိတ်အေးသွားတော့သည်။

သို့သော် ဖုန့်ရှင်းကို ဒေါသတကြီးဖြင့် စိုက်ကြည့်ရန်တော့ မမေ့ခဲ့ပေ။

...

"တရားသူကြီး ယန်ချင်း... ဘာဖြစ်လို့လဲ"

ယန်ချင်းသည် သူ၏ဧည့်သည်ကို လန့်သွားစေသည့်အတွက် တောင်းပန်ရန် ပြင်နေစဉ်မှာပင် လျန်ဝမ်၏ အသံကို သူ၏ စိတ်ထဲ၌ ကြားလိုက်ရသည်။

"မင်းဆီကနေ တိုက်ခိုက်လိုစိတ်တွေ ထွက်လာတာကို ငါ ခံစားလိုက်ရတယ်"

ယန်ချင်း ဝေဇဝါ ဖြစ်နေသည်ကို မြင်သောအခါ လျန်ဝမ်က ထပ်ပြောလိုက်သည်။

လျန်ဝမ်သည် အဆင့် (၂) နှင့် အထက် အဖွဲ့အစည်းများမှ လာသော ဧည့်သည်များကို ကြိုဆိုနေရသော်လည်း ယန်ချင်းကို အမြဲမပြတ် စောင့်ကြည့်နေခဲ့သည်။

သူသာမက ပြည်ပရေးရာဌာနမှ စီနီယာအဖွဲ့ဝင်အချို့သည်လည်း ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်နေရင်း ယန်ချင်းကို မျက်ခြေမပြတ် ကြည့်နေကြသည်။

"ကျွန်တော့်ရဲ့ တာအိုအမှတ်အသား ရှိနေတဲ့သူတစ်ယောက်ကို ရှေ့နားမှာ ကျွန်တော် အာရုံခံမိတယ်၊ အဲဒီလူက သွေးလက်တစ္ဆေဂိုဏ်းရဲ့ အဖွဲ့ဝင်လို့ ကျွန်တော် သံသယရှိတယ်"

ယန်ချင်းက ပြောလိုက်သည်။

"မင်း သေချာလား"

လျန်ဝမ်က မေးသည်။

"သေချာပါတယ်"

ယန်ချင်းက သူ၏ ယူဆချက် မှန်ကန်နိုင်ခြေ မြင့်မားသည့် အကြောင်းရင်းများကို ရှင်းပြလိုက်သည်။

လျန်ဝမ် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ သူသည် ဘာဆက်လုပ်ရမည်ကို တွေးနေခြင်းလား သို့မဟုတ် အခြားအဖွဲ့ဝင်များကို သတင်းပို့နေခြင်းလားဆိုသည်ကို မသိနိုင်ပေ။

"စီနီယာတို့ ကျွန်တော့်ကို တစ်ခုလောက် ကူညီပေးလို့ ရမလား"

ယန်ချင်းက သူတော်စင်အဆင့် ရတနာများ၏ ဝိညာဥ်များကို မေးလိုက်သည်။

သူသည် မိမိအား ပေးအပ်ထားသော တိုကင်ကို အသုံးပြု၍ ၎င်းတို့ သုံးဦးကြား ဆက်သွယ်မှုရစေရန် ကြားခံအဖြစ် အသုံးပြုလိုက်သည်။

"စီနီယာပိုးအိမ်စိမ်း ဖြစ်နိုင်ရင် စီနီယာလည်း ကူညီပေးစေချင်ပါတယ်"

ယန်ချင်းက ခေတ္တ တုံ့ဆိုင်းပြီးနောက် ထပ်ပြောလိုက်သည်။

ယန်ချင်း၏ စိတ်အာရုံထဲတွင် ၎င်းတို့၏ ဝိညာဉ်အမှတ်အသားများ ပေါ်လာသောအခါ သူ၏မျက်လုံးများ တောက်ပသွားသည်။

"ဘာကိစ္စလဲ"

ကံကြမ္မာဖုံးကွယ်က မေးလိုက်သည်။

"တစ်စုံတစ်ယောက်က သူ့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ပြောင်းလဲတာ ဒါမှမဟုတ် ကံကြမ္မာကို ဖုံးကွယ်တာမျိုးတွေ လုပ်ပြီး သူတို့ကိုယ်သူတို့ ဖုံးကွယ်ထားတာကို စီနီယာတို့ အာရုံခံနိုင်မလား"

ယန်ချင်းက မေးလိုက်သည်။

သွေးလက်တစ္ဆေဂိုဏ်းအဖွဲ့ဝင်များသည် မိမိကိုယ်ကိုယ် ဖုံးကွယ်ရန် နည်းလမ်းမျိုးစုံ အသုံးပြုကြသည်။

၎င်းတို့အနက် တစ်ခုမှာ ကံကြမ္မာကို သီးခြားခွဲထုတ်ထားခြင်း ဖြစ်သည်။ ထိုသို့သာ မဟုတ်ပါက အဖွဲ့အစည်း၏ နည်းလမ်းများဖြင့် ၎င်းတို့ကို ခြေရာခံမိသည်မှာ ကြာပြီဖြစ်သည်။

အကယ်၍ သူသံသယရှိသူသည် ကံကြမ္မာကို ဖုံးကွယ်ရာတွင် ကျွမ်းကျင်သော ကံကြမ္မာဖုံးကွယ် ကဲ့သို့သော သူတော်စင်အဆင့်လက်နက်ထံမှပင် ဖုံးကွယ်နိုင်ပါက၊ ထိုသူသည် အဆင့် (၃) အဖွဲ့အစည်းထက် ပိုမိုအစွမ်းထက်သည့် နောက်ခံရှိနေသည်ဟု ဆိုလိုခြင်းပင်။

"စီနီယာကံကြမ္မာဖုံးကွယ်က ကံကြမ္မာကို စစ်ဆေးပေးပါ၊ စီနီယာစကြာဝဠာပြာက သူ ဖုံးကွယ်ဖို့ တခြားကျင့်စဉ်တွေ သုံးထားသလားဆိုတာ စစ်ဆေးပေးပါ”

“ပြီးတော့ စီနီယာပိုးအိမ်စိမ်း၊ အဲဒီလူဆီမှာ တစ်ခုခု ထူးခြားနေတာမျိုး၊ ဥပမာ လူပေါင်း သိန်းနဲ့ချီ သတ်ဖူးတဲ့သူတွေဆီမှာရှိတဲ့ အငွေ့အသက်မျိုး ရှိနေသလားဆိုတာကို ပြောပြပေးပါ"

ယန်ချင်းသည် ၎င်းတို့နှင့် ခေတ္တမျှသာ ထိတွေ့ခဲ့ရသော်လည်း၊ ပထမဆုံးတွေ့ဆုံစဉ်ကတည်းက ၎င်းတို့၏ စွမ်းဆောင်ရည်များကို ခန့်မှန်းမိခဲ့သည်။

နောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော ဟန်ချက်ညီမှုများကလည်း သူ၏ ခန့်မှန်းချက်များကို ပိုမိုခိုင်မာစေခဲ့သည်။

ကံကြမ္မာဖုံးကွယ်သည် ကံကြမ္မာ၏ လုပ်ဆောင်ချက်များကို ကောင်းစွာ သိရှိသူဖြစ်ကြောင်း ထင်ရှားလှသည်။

စကြာဝဠာပြာအနေဖြင့် ဝိညာဉ်သခင်တစ်ဦး၏ အပြည့်အဝတိုက်ခိုက်မှုကို တားဆီးနိုင်ခြင်းမှာ သူသည် တာအိုအမျိုးမျိုးကို နက်နက်နဲနဲ နားလည်ထားသောကြောင့် ဖြစ်သည်။

ပိုးအိမ်စိမ်းနှင့် ပတ်သက်၍မူ သူမသည် လျှို့ဝှက်ချက် အများဆုံးဖြစ်သော်လည်း ယန်ချင်းအတွက်မူ သူမမှာ အရင်းနှီးဆုံး ခံစားရသူဖြစ်သည်။

၎င်းမှာ သူမ၏ ထူထပ်သော သက်စောင့်စွမ်းအင်ကြောင့်လား သို့မဟုတ် အခြားအရာကြောင့်လားဆိုသည်ကို သူ မသိပေ။

သူတော်စင်အဆင့်အဆင့်လက်နက် သုံးခုအနက်၊ ထိုသံသယရှိသူကို စုံစမ်းစစ်ဆေးရာတွင် ပိုးအိမ်စိမ်းက စကြာဝဠာပြာထက်ပင် ပိုမိုတိကျသော ရလဒ်ကို ပေးနိုင်မည်ဟု သူ ခံစားနေရသည်။

ယန်ချင်းတွင် ယင်ယန် ကျောက်စိမ်းအရိုးများရှိသောကြောင့် မိမိနှင့် ဆန့်ကျင်ဘက်ဖြစ်သော စွမ်းအင်များကို အလွန်အမင်း အာရုံခံနိုင်သည်။

ဥပမာအားဖြင့် မကျေနပ်ချက်များ ပြည့်နှက်နေသော သတ်ဖြတ်လိုစိတ် အငွေ့အသက် သို့မဟုတ် အလောင်းများမှ ထွက်သော စွမ်းအင်မျိုး ဖြစ်သည်။

ထို့ကြောင့် အလွန်အားကောင်းသော သက်စောင့်စွမ်းအင်ရှိသည့် ပိုးအိမ်စိမ်းသည်လည်း ထိုကဲ့သို့ အရာများကို သူ့ထက်ပင် ပိုမိုသိရှိနိုင်မည်ဟု သူ ယူဆထားခြင်း ဖြစ်သည်။

...

"ကောင်းပြီလေ"

သူတော်စင်အဆင့်လက်နက် သုံးခုလုံးက သူ၏ တောင်းဆိုချက်ကို သဘောတူလိုက်ကြသည်။

"တရားသူကြီး ယန်ချင်း... ဘယ်လို ဆက်လုပ်မလဲဆိုတာကို ပြည်ပရေးရာဌာနက အဖွဲ့ဝင်တချို့ရယ်၊ အထူးစစ်ဆေးရေးမှူးဌာနက အဖွဲ့ဝင်တွေရယ်နဲ့ ကျွန်တော် ဆွေးနွေးပြီးပြီ။”

“အထူးစုံစမ်းစစ်ဆေးရေးမှူးတွေက ဒီလိုကိစ္စမျိုးမှာ ပိုကျွမ်းကျင်တာမို့ ဒုတိယညွှန်ကြားရေးမှူး ဖုန့်လေ့ရဲ့ အမြင်ကို တောင်းတာ ပိုကောင်းမယ်လို့ ကျွန်တော်တို့ သဘောတူလိုက်ကြတယ်။ မင်းရော ဘယ်လိုထင်လဲ"

"အော်... သူက ဒုတိယညွှန်ကြားရေးမှူးကိုး"

ယန်ချင်းက ဝတ်စားဆင်ယင်မှု သပ်ရပ်ခြင်းမရှိဘဲ အနီရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ထူးခြားသော ဆွဲဆောင်မှုရှိသည့် လူလတ်ပိုင်းအမျိုးသားကို ခိုးကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

"ကျွန်တော် သဘောတူပါတယ် ဌာနမှူးလျန်ဝမ်။ ကျွန်တော်လည်း အဲဒီအတိုင်း လုပ်ဖို့ စဉ်းစားနေတာပါ”

“ဒါပေမဲ့ သူ့ကို အမြန်ဆုံး အသိပေးပေးပါ၊ ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ တာအိုအမှတ်အသားရှိတဲ့သူက အခု လူတန်းထဲမှာ တတိယမြောက်လူ ဖြစ်နေလို့ပါ။”

“သူ့နာမည်က အိုက်ရှန်းထင်တယ်၊ သူက တောင်ပံဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပဲ"

ယန်ချင်းက ပြောလိုက်သည်။

လျန်ဝမ်သည် ထိုသူ့ထံသို့ အကြည့်ကို ပို့လိုက်သည်။ ဆံပင်ကို မြင်းမြီးပုံစံ စည်းထားပြီး ဆံပင်ဖြူအနည်းငယ်က ရင့်ကျက်သော ဆွဲဆောင်မှုကို ဖြစ်စေသည့် တင်းမာသော မျက်နှာထားရှိသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ဖြစ်သည်။

သူ၏ ဝတ်စုံမှာ မိုးပြာရောင်ဖြစ်ပြီး လက်မောင်းနှင့် ကျောဘက်တွင် တိမ်ဖြူပုံစံများ ထိုးထားသည်။ ခါးတွင်မူ ငှက်တောင်ပုံစံ ဓားအကာများပါသော အပြာရောင်ဓားအိမ်အတွင်းမှ ဓားနှစ်စင်းကို ချိတ်ထားသည်။

သူ၏ အမူအရာကို ကြည့်လျှင် မည်သူမျှ သွေးလက်တစ္ဆေဂိုက်းကဲ့သို့သော အမှောင်အဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ဦးဟု သံသယဝင်မည်မဟုတ်ပေ။

သူသည် ယခုအချိန်တွင် သူ၏ တပည့်တစ်ဦးကို ဂရုတစိုက် လမ်းညွှန်ပြသနေသည့် ဂိုဏ်းချုပ်တစ်ဦးအသွင် ဆောင်နေသည်။

မိမိအား နယ်ပယ်အဆင့်ကျွမ်းကျင်သူ ၁၀ ဦးကျော်၊ စိန့်အဆင့် ကျွမ်းကျင်သူ ၃ ဦးနှင့် မကြာမီတွင် ဝိညာဉ်ဖွဲ့စည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးတို့က မျက်ခြေမပြတ် စောင့်ကြည့်နေပြီဖြစ်ကြောင်းကိုမူ သူ သိရှိခြင်း မရှိသေးပေ။

All Chapters