← Chapters

အခန်း (၃၂၁-၃၂၂)

Vol. 21 Ch. 321-322

အခန်း (၃၂၁-၃၂၂)

Vol. 21 Ch. 321-322

အခန်း ၃၂၁ ။ ဒေါသထွက်ဖွယ်နှင့် သနားစဖွယ်

သို့သော် လူတိုင်းမမျှော်လင့်ထားသည့်အရာမှာ စာသင်သည့် ပထမဆုံးနေ့တွင်ပင် မင်းသားသုံးယောက်မှာ အဆင်မပြေဖြစ်ခဲ့ကြခြင်းပင်။ ဒုတိယမင်းသားလေး ပြန်လာသောအခါ မျက်နှာမှာ မကောင်းလှပေ။ ကျင်းသယ့်ဖေးသည် ကလေးမှာ ပုံမှန်မဟုတ်သည်ကို သတိပြုမိသဖြင့် လက်ကလေးကိုဆွဲကာ အသေးစိတ်မေးမြန်းလိုက်သည်။

ကလေးမှာ သုံးနှစ်သားအရွယ်သာ ရှိသေးသော်လည်း အဖြစ်အပျက်ကို အကြမ်းဖျင်းပြောပြနိုင်ပြီး၊ လိုက်ပါသွားသော အစေခံများကလည်း ဖြည့်စွက်ပြောဆိုကြသဖြင့် အကြောင်းစုံကို သိလိုက်ရသည်။ မူလက မင်းသားကြီးမှာ အလိုလိုက်ခံထားရသဖြင့် ဆရာ့စကားကို ကောင်းကောင်းနားမထောင်ဘဲ၊ ယဉ်ကျေးမှုသင်ခန်းစာကို လက်ဖက်ရည်တစ်ခွက်စာခန့် သင်ပြီးသည်နှင့် နားချင်သည်ဟု ဂျီကျနေခြင်းဖြစ်သည်။ မင်းသားကြီး၏ အုပ်ထိန်းသူ ရန်ရှီမားမားက ဆရာ့ကို အကျိုးအကြောင်းပြောပြရာ၊ ဝတ်ပြုရေးဌာနမှ ဆရာဟု သည်လည်း မင်းသားကြီး၏ ကျန်းမာရေးမကောင်းသည်ကို သိသဖြင့် ခွင့်ပြုပေးခဲ့သည်။

မင်းသားကြီးမှာ နားနေရင်းနှင့် စတင်နှောင့်ယှက်တော့သည်။ ဒုတိယမင်းသားလေးမှာ ရိုးသားဖြောင့်မတ်သူဖြစ်သဖြင့် သူလုပ်သည်မှာ မမှန်ကန်ကြောင်း ပြောဆိုမိသည်။ မယ်တော်ကြီးအနားတွင် ကြီးပြင်းလာရသည့် မင်းသားကြီးမှာ တစ်ခါမှ အပြစ်တင်မခံဖူးသည့်အပြင် မိမိထက်ငယ်သည့်ကလေးက ပြောသည်ကို ဘယ်လိုမှ သည်းမခံနိုင်တော့ပေ။ ညီအစ်ကိုနှစ်ဦး အကြီးအကျယ် ရန်ဖြစ်လုနီးပါးဖြစ်သွားသော်လည်း ငယ်သေးသဖြင့် အစေခံများက ပွေ့ချီကာ ခွဲထုတ်လိုက်ရလေသည်။

ကျင်းသယ့်ဖေးက နားထောင်ပြီးနောက် ဒုတိယမင်းသားလေး၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။

"ချွန်းအာ လုပ်တာ အရမ်းမှန်ပါတယ်။ ဒါပေမဲ့ မယ်တော်က ချွန်းအာကို တစ်ခုပြောပြချင်တယ်၊ မယ်တော်တို့က ကိုယ့်ဘာကိုယ် အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ပဲလိုတယ် ဟုတ်ပြီလား၊ နောက်ဆိုရင် တခြားသူတွေ မကောင်းတာကို သူတို့ရှေ့မှာ တိုက်ရိုက်မပြောမိစေနဲ့၊ ဒါက ပဋိပက္ခဖြစ်စေတတ်တယ်၊ ဒီနေ့ဖြစ်သွားသလိုမျိုးပေါ့၊ ဟုတ်တယ်မလား"

ဒုတိယမင်းသားလေးက လိမ္မာစွာ ခေါင်းညိတ်ပြသည်။ ကျင်းသယ့်ဖေးက ပြုံးလျက် -

"ကဲ... ဒီကိစ္စကို ထပ်မတွေးနဲ့တော့၊ နောက်ဆိုရင် မပျော်ရွှင်တာရှိရင် မယ်တော့်ကို လာပြောနော်၊ လိမ္မာတယ်၊ နို့ထိန်းနဲ့အတူ လက်ဆေးပြီး မုန့်သွားစားတော့"

"ဟုတ်ကဲ့၊ သားတော်ကို ခွင့်ပြုပါဦး"

ဒုတိယမင်းသားလေးမှာ စိတ်ပြန်ကြည်သွားကာ ယနေ့သင်ထားသော ယဉ်ကျေးမှုထုံးစံအတိုင်း ကျင်းသယ့်ဖေးကို ဂါရဝပြုနှုတ်ဆက်သည်။ အမူအရာမှာ သိပ်မကျနသေးသော်လည်း ကလေး၏ စိတ်ရင်းမှာ အလွန်ကောင်းမွန်ကြောင်း သိသာလှ၏။ သူ့အမည်နှင့် အမှန်ပင် လိုက်ဖက်လှပေသည်။

"သခင်မ၊ မင်းသားကြီးက မယ်တော်ကြီးရဲ့ အလိုလိုက်မှုကြောင့် စိတ်ဓာတ်တွေ ပျက်စီးကုန်ပြီ၊ အခုတော့ အကုန်ပေါ်လာပြီပဲ။ ကျွန်တော်မျိုးမတို့ ဒုတိယမင်းသားလေးသာ အနိုင်ကျင့်ခံရတာ သနားစရာကောင်းလိုက်တာ"

ထန်ရှန်းက လေသံတိုးတိုးဖြင့် ပြောသည်။ ကျင်းသယ့်ဖေးက မျက်ဝန်းများကို အနည်းငယ်မှေးစင်းလိုက်ကာ -

"ငါတို့ မြင်တာကို အရှင်မင်းကြီးလည်း မြင်မှာပဲ၊ ဒါကြောင့်လည်း ယဉ်ကျေးမှုတွေကို အမြန်သင်ခိုင်းတာပေါ့။ စောင့်ကြည့်ရမှာပဲ၊ ဒုတိယမင်းသားလေးက စိတ်ရင်းဖြူလွန်းတယ်၊ ဒီအတိုင်းသွားရင်တော့ မဖြစ်ဘူး၊ ငါကိုယ်တိုင်ပဲ ဖြည်းဖြည်းချင်း လမ်းပြပေးရတော့မယ်"

ထန်ရှန်းက ပုခုံးကို နှိပ်နယ်ပေးရင်း ပြုံးလျက် ပြောသည် - "ဒုတိယမင်းသားလေးက သခင်မနဲ့ အနီးကပ်ဆုံးဆိုတော့ နောင်ကျရင် သခင်မရဲ့ စေတနာကို နားလည်လာမှာပါ"

ဤစကားက ကျင်းသယ့်ဖေး၏ စိတ်ကို ထိမှန်သွားစေသည်။ သူမ အခက်အခဲများစွာဖြင့် ရရှိခဲ့သော ဤကလေးသည် သူမ၏ စေတနာကို နားလည်ရန် လိုအပ်သည် မဟုတ်ပါလား။

.....

ထိုအချိန်တွင် ချီနင်နန်းဆောင်၌မူ အခြေအနေမှာ တခြားစီဖြစ်သည်။ မင်းသားကြီး ပြန်ရောက်လျှင် အိပ်ရာဝင်သွားသည်။ ရန်မားမားက မယ်တော်ကြီးထံသို့ သွားရောက်သတင်းပို့ရာတွင် ဟုန်ဝမ်ဆောင်၌ ဖြစ်ပျက်ခဲ့သည်များကို ပြောပြသည်။ သို့သော် သူမ၏စကားတွင် မင်းသားကြီးက ကျန်းမာရေးမကောင်း၍ ခဏနားနေခြင်းကို ဒုတိယမင်းသားလေးက မကျေမနပ်ဖြစ်ကာ စကားနာထိုးသဖြင့် မင်းသားကြီးမှာ ငိုသွားရသည်ဟု ပြောင်းလဲပြောဆိုလိုက်သည်။ မယ်တော်ကြီးက ကြားသည်နှင့် ဒုတိယမင်းသားလေးအပေါ် ချက်ချင်းပင် မကျေမနပ်ဖြစ်သွားတော့သည်။

"တကယ့်ကို အမေရှိပြီး အဆုံးအမမရှိတဲ့ အကောင်ပဲ၊ ငယ်ငယ်လေးကတည်းက အစ်ကိုဖြစ်သူကို မလေးစားတာ၊ ကြီးလာရင် ဘယ်လိုလုပ်မလဲ!"

လူကြီးများ အခန်းထဲတွင် ပြောနေကြသည်ကို မယ်တော်ကြီးအား လာရှာသည့် မင်းသားကြီးက အမှတ်မထင် ကြားသွားကာ စိတ်ထဲတွင် မှတ်သားထားလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ဖုမာမားက မင်းသားကြီး လာသည်ကို မြင်လိုက်သဖြင့် မယ်တော်ကြီး၏ စကားကို အချိန်မီတားလိုက်ရ၏။ မြေးအဘွားနှစ်ဦး ခဏမျှ စကားပြောပြီးနောက် အတူတူ ထမင်းစားကြလေသည်။

....

သို့သော် ရက်အနည်းငယ်အကြာတွင် ပို၍ဆိုးရွားသော ကိစ္စတစ်ခု ဖြစ်ပွားလာသည်။ မင်းသားကြီးနှင့် မင်းသားသုံးတို့ ထပ်မံရန်ဖြစ်ကြခြင်းပင်။ သုံးလေးနှစ်သားအရွယ် ကလေးများဖြစ်သဖြင့် တကယ်တမ်း ထိုးကြကြိတ်ကြသည် မဟုတ်သော်လည်း မင်းသားကြီးသည် စာသင်ခုံပေါ်ရှိ ဆရာအသုံးပြုသည့် ပါးလွှာသော သစ်သားတံကိုယူ၍ ရိုက်နှက်လိုက်လေသည်။

ဒုတိယမင်းသားလေးက စိုးရိမ်တကြီး တားဆီးရန်သွားရာ ခြေထောက်ကို ရိုက်ခံလိုက်ရသဖြင့် သူလည်း ဒေါသထွက်သွားသည်။ ထို့ကြောင့် ဒုတိယမင်းသားလေးနှင့် တတိယမင်းသားတို့ ပေါင်းကာ မင်းသားကြီးကို ပြန်တိုက်ရန် ကြိုးစားကြ၏။ အရေးကြီးနေချိန်တွင် မင်းသားကြီးက အော်ဟစ်လိုက်သည် -

"မင်းက အမေရှိပြီး အဆုံးအမမရှိတဲ့အကောင်၊ မင်းမှာ အမေမရှိဘဲနဲ့ ငါ့ကို ရိုက်ဝံ့တယ်ပေါ့!"

ကလေးများမှာ နားမလည်သော်လည်း လူကြီးများကမူ နားလည်ကြသည်။ အစေခံများက အမြန်ပင် ခွဲထုတ်လိုက်ကြသော်လည်း မင်းသားကြီး ရုန်းကန်နေစဉ် လက်ထဲမှ သစ်သားတံမှာ မင်းသားသုံး၏ လက်ဖမိုးကို ထိမှန်သွားကာ ဒဏ်ရာရသွားလေသည်။ ဤကိစ္စမှာ ဖုံးကွယ်၍ မရတော့ဘဲ နင်ချန်ထံသို့ ချက်ချင်းရောက်သွားသည်။ သမားတော်များ လာရောက်ကြည့်ရှုရာ ကလေးလက်ဖြစ်သဖြင့် အားမပြင်းဘဲ ဖူးရောင်ရုံသာရှိပြီး အရေပြားမပေါက်ပေ။ ဒုတိယမင်းသားလေးမှာလည်း အင်္ကျီအထူကြီး ဝတ်ထားသဖြင့် ခြေထောက်တွင် အမှတ်အသားမကျန်ပေ။

သို့သော် မင်းသားကြီး၏ ယနေ့လုပ်ရပ်မှာ လွန်ကဲလွန်းလှသည်။ အထူးသဖြင့် ဒုတိယမင်းသားလေး၏ အစေခံ ရှောင်ရွှန့်ကျစ်က မင်းသားကြီးပြောခဲ့သော "အမေရှိပြီး အဆုံးအမမရှိသူ" ဟူသော စကားကို နင်ချန်အား ပြောပြလိုက်ပြီးနောက် နင်ချန်မှာ အကြီးအကျယ် ဒေါသထွက်သွားလေသည်။

"ဒါတွေက ဘယ်သူသင်ပေးလိုက်တဲ့ စကားတွေလဲ! ချက်ချင်းရှာထုတ်စမ်း၊ ရိုက်သတ်ပြီး နန်းတော်အပြင်ကို ပစ်ထုတ်လိုက်!"

ဘယ်သူမှ စကားမဟဝံ့ကြပေ။ နင်ချန်က ဒေါသထွက်ကာ မင်းသားကြီးဘေးမှ အစေခံအားလုံးကို အပြင်ထုတ်၍ ကြိမ်ဒဏ်ပေးခိုင်းလိုက်သည်။ မင်းသားကြီးမှာ နို့ထိန်းနှင့် မားမားများ အရိုက်ခံရသည်ကို မြင်သဖြင့် လန့်ကာ အကျယ်ကြီး ငိုတော့သည်။ ထိုအချိန်တွင် မယ်တော်ကြီးမှာ သတင်းကြား၍ ရောက်လာကာ အပြစ်ပေးခြင်းကို ရပ်တန့်ခိုင်းလိုက်ပြီး မင်းသားကြီးကို ရင်ခွင်ထဲ ဆွဲသွင်းကာ အော်လိုက်သည် -

"ဒီစကားကို အိုက်ကျား ပြောတာ၊ ငါ့ကိုရော ရိုက်သတ်ဦးမှာလား!"

"မယ်တော်!"

နင်ချန်မှာ ဒေါသထွက်လွန်းသဖြင့် စကားပင် ဆက်မပြောနိုင်ဘဲ လက်သီးကို တင်းတင်းဆုပ်ထားရသည်။ သူ့အမေကို သူ ဘယ်လိုလုပ် အပြစ်ပေးနိုင်မှာလဲ။

"ဘွားတော်... သား ကြောက်တယ်၊ သူက နို့ထိန်းနဲ့... နောက်ပြီး ရန်မားမားကို ရိုက်တယ်၊ ဟီးဟီး..."

မင်းသားကြီးက မယ်တော်ကြီးရင်ခွင်ထဲတွင် ရှိုက်ကြီးတငင် ငိုနေသည်။ နင်ချန်သည် သားကြီး၏ စကားကို နားထောင်ရင်း စိတ်ထဲတွင် အေးစက်သွားရ၏။ ဤကလေးသည် မိမိ၏ ညီအစ်ကိုအရင်းအချာကို လက်ပါခဲ့သည်ကိုပင် အမှားဟု မယူဆဘဲ၊ အစေခံများ အပြစ်ပေးခံရသည့်အတွက်သာ ငိုယိုတောင်းပန်နေသည်။ ထို့အပြင် ဖခင်ဖြစ်သူ သူ့ကိုပင် 'သူ' ဟု သုံးနှုန်းကာ ခေါ်ဝေါ်နေလေသည်။

ယခုအချိန်တွင် နင်ချန်သည် မင်းသားကြီးကို မယ်တော်ကြီးထံတွင် ဆက်ထား၍ မဖြစ်တော့မှန်း သိလိုက်သည်။ ကလေးငိုသည်ဖြစ်စေ၊ မငိုသည်ဖြစ်စေ သူက အေးစက်စွာ အမိန့်ပေးလိုက်သည် ။

"မယ်တော်က အသက်ကြီးပြီမို့ ကလေးတွေရဲ့ ဆူညံမှုကို မခံနိုင်တော့ပါဘူး။ ဒီကာလမှာ မင်းသားကြီးကို သားတော်ဆီမှာပဲ ခနခေါ်ထားလိုက်မယ်"

"အရှင်မင်းကြီး... ဒါ ဘာသဘောလဲ၊ မင်းက ငါ့အနားကနေ မင်းသားကြီးကို ခေါ်သွားမလို့လား။ ငါ သူ့ကို ခေါ်လာတုန်းက သေးသေးလေးပဲ ရှိသေးတာ၊ အခု ၄-၅ နှစ်အထိ ပင်ပင်ပန်းပန်း ပြုစုပျိုးထောင်လာရတာ၊ ဘယ်သူမှ ခေါ်သွားလို့ မရဘူး!"

မယ်တော်ကြီးက အော်ဟစ်ကာ ကလေးကို တင်းတင်းဖက်ထားသည်။ နင်ချန်၏ မျက်ဝန်းများမှာ အေးစက်သွားကာ နဖူးမှ အကြောများမှာလည်း ဒေါသကြောင့် ထောင်ထနေသည်။ သူက ဒေါသကို ထိန်းချုပ်ကာ ပြောလိုက်သည် ။

"ယင်းကော်ကုန်းမှာ တရားဝင်သား မရှိပေမယ့် မယားငယ်မွေးတဲ့သား ရှိပါတယ်။ ဒီရာထူးကို မယားငယ်သားက ဆက်ခံလို့ရပေမယ့် မြို့စားကြီးက တကူးတကမြေးဦးကို အနားမှာထားပြီး ဆုံးမသွန်သင်ချင်တဲ့ စိတ်ဆန္ဒတွေတော့ အလဟဿ ဖြစ်သွားမှာပဲ"

မယ်တော်ကြီးမှာ ဆွံ့အသွားကာ နှုတ်ခမ်းများ တုန်ယင်လျက် စကားမဟဝံ့တော့ပေ။ နင်ချန်သည် ချန်မိသားစု၏ အနာဂတ်နှင့် မြို့စားကြီး၏ မျှော်လင့်ချက်များကို သုံး၍ သူမကို ခြိမ်းခြောက်နေမှန်း သူမ သိလိုက်သည်။ သူမသာ မင်းသားကြီးကို မလွှတ်ပေးလျှင် နင်ချန်က ချန်မိသားစု၏ မယားငယ်သားကို ရာထူးဆက်ခံခိုင်းပေလိမ့်မည်။ မြင့်မြတ်သော မိသားစုကြီးများအတွက် မယားငယ်သားက ရာထူးဆက်ခံရခြင်းမှာ ကြီးမားသော အရှက်ရမှုပင်။ ခဏအကြာတွင် မယ်တော်ကြီး၏ မျက်နှာမှာ ဖြူလျော်သွားကာ လက်ကို လွှတ်ပေးလိုက်ရလေသည်။

နန်းဆောင်အရာရှိ လျန်ယွီက မင်းသားကြီးကို ပွေ့ချီသွားသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။ နင်ချန်သည် မယ်တော်ကြီး၏ စိတ်ကို ကောင်းစွာ နားလည်ထား၏။ သူမအတွက် အရေးအကြီးဆုံးမှာ မိသားစု၏ ကြီးပွားချမ်းသာမှုပင် ဖြစ်သည်။ ယခင်က သားဖြစ်သူကို ကြံစည်ခဲ့ပြီး၊ ယခု မြေးဖြစ်သူကို စွန့်လွှတ်ရခြင်းမှာ တကယ့်ကို ဒေါသထွက်ဖွယ်ကောင်းသလို၊ သနားစရာလည်း ကောင်းလှပေသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-322

အခန်း ၃၂၂ ။ ရှုပ်ထွေးလှသော အခြေအနေ

မင်းသားကြီးမှာ ငယ်သေးသည်ဖြစ်ရာ မိမိကို ကာကွယ်ပေးနိုင်သော မယ်တော်ကြီးနှင့် ဝေးကွာသွားသောအခါ သတ္တိနည်းသွားပြီး အေးအေးဆေးဆေး ပိုရှိလာသည်။ နင်ချန်သည် မင်းသားကြီးဘေးမှ အစေခံအားလုံးကို တစ်ခါတည်း လဲလှယ်ပစ်ချင်သော်လည်း ကလေးမှာ ငယ်သေးပြီး စိမ်းသက်သောသူများနှင့်ဆိုလျှင် အသားမကျမှာကို စိုးရိမ်မိသည်။ အဓိကမှာ မင်းသားကြီးသည် ကျန်းမာရေးမကောင်းသဖြင့် လူသစ်များက ကောင်းကောင်းမပြုစုနိုင်၍ ဖျားနာပါက ပြဿနာများ ထပ်တက်လာနိုင်သောကြောင့် ထိုအကြံကို ခနရပ်ဆိုင်းထားလိုက်လေသည်။

သို့သော် အစေခံဟောင်းများ ရှိနေပါသော်လည်း နေရာသစ်ဖြစ်သဖြင့် မင်းသားကြီးမှာ ညဘက်တွင် ငိုယိုကာ မအိပ်ဘဲနေသည်။ နို့ထိန်းက ချော့မြှောက်ပွေ့ချီသော်လည်း မရဘဲ သန်းခေါင်ကျော်တွင် ကိုယ်ပူလာတော့သည်။ နင်ချန်သည် အမြန်ထ၍ သွားကြည့်ရလေသည်။ ကလေးမှာ အဖျားကြောင့် မျက်နှာလေး နီမြန်းနေပြီး ပါးပေါ်တွင် မျက်ရည်စများဖြင့် သနားစဖွယ် ဖြစ်နေသည်။ သမားတော်များ အပြေးအလွှား ရောက်လာပြီး ကြည့်ရှုစစ်ဆေးကာ ထိတ်လန့်သွားခြင်းကြောင့်ဖြစ်ပြီး စိုးရိမ်စရာမရှိကြောင်း တင်ပြကြသည်။ သို့သော် နင်ချန်မှာ စိတ်မချနိုင်သဖြင့် မင်းသားကြီး ဆေးသောက်ပြီး အဖျားကျမှ ထွက်ခွာခဲ့လေသည်။

ဤသို့ဖြင့် တစ်ညလုံး လှုပ်ရှားနေရသဖြင့် ညီလာခံတက်ရန် နာရီဝက်သာ လိုတော့သည်။ ထို့ကြောင့် အပြင်ဘက် ခုတင်ပေါ်တွင် ခနမျှ မှေးစက်ကာ ပြန်ထခဲ့ရသည်။

.....

တစ်ဖက်တွင်လည်း မိဖုရားခေါင်ကြီး၏ မျက်လုံးများမှာ ကျိုချန်နန်းဆောင်ဆီသို့ ရောက်နေသည်။ ဂါရဝပြုချိန်တွင်ပင် စိတ်မပါဘဲ စကားအနည်းငယ်ပြောကာ လူစုခွဲလိုက်လေသည်။ နန်းတွင်းသူ ချူးယွမ်က လက်ဖက်ရည်ကို ဖျော်၍ လာပေးသည်။

"ကျွန်တော်မျိုးမ ကြည့်ရတာ မိဖုရားခေါင်ကြီး ဒီနေ့ နည်းနည်း ပင်ပန်းနေပုံရလို့ အမောပြေစေမယ့် ထိုက်ကွမ်းယင် လက်ဖက်ရည် ဖျော်လာပေးတာပါ"

မိဖုရားခေါင်ကြီးက ခေါင်းညိတ်ကာ လက်ဖက်ရည်ကို သောက်လိုက်သည်။

"ငါ့အနားက ကောင်မလေးတွေထဲမှာ မင်းက လက်ဖက်ရည်ဖျော်တာ အတော်ဆုံးပဲ"

ချူးယွမ်က ပြုံးကာ - "မိဖုရားခေါင်ကြီး ချီးကျူးတာ ဂုဏ်ယူပါတယ်၊ ဒါပေမဲ့ ကျွန်တော်မျိုးမရဲ့ လက်ဖက်ရည်က မိဖုရားခေါင်ကြီးရဲ့ ပင်ပန်းမှုကို ခနပဲ ပြေပျောက်စေမှာပါ။ ရေရှည်အတွက်ဆိုရင်တော့ တခြားအရာတွေ လိုအပ်မှာပါ"

"အော်... မင်းက ပြောစမ်းပါဦး၊ ငါ့မှာ ဘယ်လို ရေရှည်ကိစ္စတွေ မဖြေရှင်းရသေးတာ ရှိလို့လဲ"

မိဖုရားခေါင်ကြီးက မျက်ဝန်းများကို မှေးစင်းကာ စမ်းသပ်ကြည့်လိုက်သည်။ ချူးယွမ်က မထိတ်လန့်ဘဲ ရိုသေစွာဖြင့် -

"မိဖုရားခေါင်ကြီးမှာ အခုထိ သားတော်မရှိသေးဘူး မဟုတ်လား။ အပြင်လောကမှာ သူတစ်ပါးရဲ့ ကလေးကို ခေါ်ယူမွေးစားရင် မိမိအတွက် သားသမီးရလာတတ်တယ်လို့ ဆိုကြပါတယ်။ အခု မင်းသားကြီးက ကျိုချန်နန်းဆောင်မှာ အမြဲတမ်း နေဖို့ မသင့်တော်ပါဘူး၊ ဒါက မိဖုရားခေါင်ကြီးအတွက် အခွင့်အရေးပါပဲ"

"ဒါကို ငါက အရှင်မင်းကြီးကို မပြောဖူးဘူး ထင်နေလား၊ အကြိမ်ကြိမ် ပြောပေမယ့် မအောင်မြင်ခဲ့ဘူးလေ။”

မိဖုရားခေါင်ကြီးက စိတ်ညစ်စွာ မျက်မှောင်ကြုတ်လိုက်သည်။

သို့သော် ချူးယွမ်က ဆက်ပြောသည် -

"အရှင်မင်းကြီးက မိဖုရားခေါင်ကြီးကို ခွင့်မပြုတာက တခြားသူတွေ ရှိနေသေးတယ်လို့ ထင်နေလို့ပါ။ မင်းသားကြီးကို မိဖုရားခေါင်ကြီးဆီမှာ ထားလိုက်ရင် တရားဝင်သား ဖြစ်သွားမှာကို စိုးရိမ်နေတာလည်း ပါမှာပါ။ ဒါပေမဲ့ တခြားဘယ်သူမှ မင်းသားကြီးကို ကောင်းကောင်း မပြုစုနိုင်ဘူးဆိုရင်တော့ မိဖုရားခေါင်ကြီးမှာ အခွင့်အရေး ရလာမှာပါ"

မိဖုရားခေါင်ကြီး စိတ်ဝင်စားသွားကာ - "မင်းမှာ အကြံရှိပုံရတယ်၊ ပြောစမ်းပါဦး"

ချူးယွမ်က သူမ၏ အကြံအစည်ကို တင်ပြလိုက်ရာ မိဖုရားခေါင်ကြီးကလည်း ဖြစ်နိုင်သည်ဟု ယူဆကာ အရှင်မင်းကြီးကို နေ့လည်စာ စားရန် ဖိတ်ခိုင်းလိုက်သည်။

....

သို့သော် အရှင်မင်းကြီးမှာ ညီလာခံအပြီးတွင် ယဲ့ယွင်ရှိရာ အဆောင်သို့ တိုက်ရိုက် သွားရောက်ခဲ့လေသည်။ ယဲ့ယွင်ကမူ မင်းသားကြီးကို မွေးစားရန် အရှင်မင်းကြီး၏ ကမ်းလှမ်းမှုကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

"မယူပါဘူး၊ ချန်းချဲ့မှာ ကိုယ့်သားရှိတာပဲ၊ သူများကလေးကို မမွေးချင်ဘူး။ ချန်းချဲ့ကလည်း မိခင်ဖြစ်တာ ပထမဆုံးဆိုတော့ အတွေ့အကြုံ မရှိဘူး။ မင်းသားလေးကတော့ ချန်းချဲ့သားမို့လို့ ရိုက်လို့ဆူလို့ ရတယ်၊ ဒါပေမဲ့ မင်းသားကြီးက ကျန်းမာရေးမကောင်းတော့ ချန်းချဲ့ ပြုစုရင်းနဲ့ ဖျားနာသွားရင် အပြစ်ပြောခံရမှာပေါ့"

ဤရှုပ်ထွေးလှသော အခြေအနေကို မည်သူကမှ မယူလိုကြပေ။ နင်ချန်သည် ယဲ့ယွင်၏အစွမ်းအစကို သိသဖြင့် ကမ်းလှမ်းခဲ့ခြင်းဖြစ်သော်လည်း သူမက ငြင်းဆိုသဖြင့် တခြားသူကိုသာ ရှာရတော့မည်ဟု ဆုံးဖြတ်လိုက်သည်။

"မင်း မလိုချင်ရင်လည်း ကျန်း အတင်းမတိုက်တွန်းပါဘူး၊ ကျန်း ထပ်ပြီး စဉ်းစားကြည့်ပါဦးမယ်" နင်ချန်က မတတ်သာသလို ပြောလိုက်သည်။

ယဲ့ယွင်က မျက်တောင်ခတ်လျက် သူ့အနားသို့ တိုးသွားကာ လက်မောင်းကို ကိုင်၍ ဆိုးနွဲ့လိုက်သည် - "အရှင်မင်းကြီး စိတ်မဆိုးပါနဲ့နော်၊ ချန်းချဲ့က ပျင်းလို့ပါ"

"မင်းကတော့လေ...ကျန်းက အဲဒီလိုလူမျိုးလား။ ဒီလောက်နဲ့ စိတ်ဆိုးပါ့မလား" နင်ချန်က သူမ၏ နှာခေါင်းကို ဆွဲညှစ်လိုက်

သည် - "ထမင်းစားပွဲပြင်လိုက်တော့၊

ကျန်းစားပြီးရင် အလုပ်တွေ သွားလုပ်ရဦးမယ်။ နွေဦးစာမေးပွဲ ပြီးရင်လည်း ထပ်ပြီး အလုပ်များဦးမှာပဲ"

....

ကျောက်ချွန်းဆောင်တွင် နေ့လည်စာ စားပြီးနောက် နင်ချန်သည် ကျိုချန်နန်းဆောင်သို့ အမြန်ပြန်သွားခဲ့သည်။ မင်းသားကြီးကို အရင်သွားကြည့်ရာ ယနေ့တွင်မူ ငြိမ်သက်နေသော်လည်း နွမ်းလျနေပုံရပြီးစားသောက်ဖို့ငြင်းဆန်နေသဖြင့် နောက်ဆုံးတွင် နင်ချန်သည် ပန်းကန်ကိုင်ကာ ကိုယ်တိုင်ကျွေးမွေးရာ၊ မင်းသားကြီးသည် ကြောက်ရွံ့သဖြင့် ဆန်ပြုတ်တစ်ပန်းကန်ငယ်ကို စားလေသည်။ မည်သို့ပင်ဖြစ်စေ နင်ချန်သည် ဖခင်တစ်ဦးအနေဖြင့် အလွန် အရည်အချင်း ပြည့်စုံလှသည်၊

ဤဘက်တွင် အလုပ်များပြီးနောက် ခန်းမဆောင်သို့ပြန်၍ လျှောက်တင်လွှာများကို စစ်ဆေးသည်။ ဟွိုက်အန်းက ဝင်လာပြီး မိဖုရားခေါင်ကြီးက လူလွှတ်၍ ဖိတ်ကြားခဲ့သည့်အကြောင်းကို တင်ပြသည်။ နင်ချန်က စဉ်းစားကြည့်ပြီးနောက် ပြောလိုက်သည်။

"ကျန်းလည်း မိဖုရားခေါင်ကြီးဆီ မရောက်တာ ကြာပြီပဲ၊ ညစာ သွားစားမယ်လို့ သွားပြောလိုက်ပါ"

"ကျွန်တော်မျိုး အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်" ဟွိုက်အန်းက ဦးညွှတ်ကာ ထွက်သွားလေသည်။

...

ယခုတစ်ကြိမ်တွင်မူ ဇနီးမောင်နှံနှစ်ဦးမှာ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေကြသည်။ နှစ်ဦးစလုံးမှာ မင်းသားကြီး၏ အရေးကို တိုင်ပင်လိုကြခြင်း ဖြစ်သည်။ ညစာစားချိန်တွင် နင်ချန်သည် အနည်းငယ် နောက်ကျမှ ရောက်လာခဲ့သည်။ မိဖုရားခေါင်ကြီးမှာ သူ မေ့သွားပြီဟုပင် ထင်မှတ်ကာ ဒုတိယအကြိမ် လူလွှတ်ဖိတ်ရန် ပြင်နေစဉ်မှာပင် သူ ဝင်လာသည်။

"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်" မိဖုရားခေါင်ကြီးက ပြုံးလျက် ဂါရဝပြုသည်။

နင်ချန်က သူမကို မတ်တပ်ရပ်စေကာ - "မင်းသားကြီးက ထမင်းမစားဘူးလို့ ဂျီကျနေလို့ ကျန်းကိုယ်တိုင် ချော့ကျွေးနေရတာနဲ့ နောက်ကျသွားတယ်"

"ကလေးကိစ္စကို ပိုပြီး ဂရုစိုက်ရတာပေါ့။ အရှင်မင်းကြီး တစ်နေ့လုံး ပင်ပန်းနေပြီပဲ၊ ထိုင်ပြီး ညစာ စားပါဦး"

မိဖုရားခေါင်ကြီးသည် ကြင်နာတတ်သော ဇနီးကောင်းတစ်ဦးအသွင်ဖြင့် နင်ချန်ကို နန်းဆောင်ထဲသို့ ခေါ်ဆောင်သွားသည်။ ထမင်းဝိုင်းတွင် မိဖုရားခေါင်ကြီးကပင် စကားစလိုက်၏။

"အရှင်မင်းကြီးက မင်းသားကြီးကို သနားပေမဲ့ အလုပ်တွေကလည်းများတော့ ကလေးကို ပြုစုဖို့ အချိန်ခွဲရတာ အရမ်း ပင်ပန်းလွန်းပါတယ်။ ချန်းချဲ့အမြင်အရဆိုရင်တော့ ယုံကြည်ရတဲ့သူတစ်ယောက်ကို ရှာပြီး မင်းသားကြီးကို အပ်ထားတာက ပိုပြီး သင့်တော်မယ် ထင်ပါတယ်"

နင်ချန်က မျက်ဝန်းများကို မှေးစင်းကာ ဟင်းတစ်ဖန်ကို ခပ်ဖွဖွ စားလိုက်သည်။ သူသည် စကားပြန်မပြောရန် ပြင်ဆင်ထားသည့်ပုံပင်။ မိဖုရားခေါင်ကြီး၏ မျက်လုံးများ မှေးစင်းသွားသော်လည်း အမြန်ပင် ပြန်လည် ထိန်းချုပ်လိုက်သည်။ ချူးယွမ် သင်ပေးထားသည့်အတိုင်း သူမက ဆက်ပြောသည်။

"နှမြောစရာကောင်းတာက ကျွန်မမှာ ကလေးမရှိဖူးသလို နန်းတွင်းကိစ္စတွေကိုလည်း စီမံနေရတာဆိုတော့ အရှင်မင်းကြီးရဲ့ ပူပန်မှုကို မကူညီနိုင်တာပါပဲ"

ထိုစကားကို ကြားသောအခါ နင်ချန်က သူမကို မော့ကြည့်လိုက်သည်။ ထို့နောက် မိဖုရားခေါင်ကြီးအတွက် ဟင်းတစ်ခုကို ထည့်ပေးလိုက်သည်။

"မိဖုရားခေါင်ကြီးက ကျန်းအတွက် နန်းတွင်းကို စီမံပေးရတာ တကယ် ပင်ပန်းပါတယ်။ မိဖုရားခေါင်ကြီးလည်း ငယ်ပါသေးတယ်၊ နောင်ကျရင် ကလေး ထပ်ရဦးမှာပါ။ မင်းသားကြီးက ကျန်းမာရေး မကောင်းတော့ အရေးကြီးတဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်ဖို့ ကျန်းမမျှော်လင့်ထားပါဘူး၊ ဘေးကင်းကင်းနဲ့ ကြီးပြင်းလာရင်ပဲ ကျေနပ်ပါပြီ"

ဤစကားတစ်ခွန်းမှာ မိဖုရားခေါင်ကြီးအား ရှင်းရှင်းလင်းလင်း ပြောလိုက်ခြင်းပင် ဖြစ်သည်။ မင်းသားကြီးသည် အနာဂတ်တွင် ဧကရာဇ် ဖြစ်လာရန် အခွင့်အလမ်း မရှိပေ။ နန်ချီပြည်တွင် ကျန်းမာသန်စွမ်းသော မင်းသား သုံးဦးရှိနေပြီဖြစ်ရာ၊ ကျန်းမာရေးမကောင်းသော ကလေးတစ်ဦးအား ထီးနန်းလွှဲအပ်မည် မဟုတ်ပေ။ မိဖုရားခေါင်ကြီးမှာ ခနမျှ ကြောင်အသွားကာ မျက်ဝန်းထဲတွင် အရှက်ရမှု အရိပ်အယောင်များ ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ပြန်ဖုံးကွယ်လိုက်ရလေသည်။

***

All Chapters