← Chapters

အခန်း (၃၂၃-၃၂၄)

Vol. 21 Ch. 323-324

အခန်း (၃၂၃-၃၂၄)

Vol. 21 Ch. 323-324

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-323

အခန်း ၃၂၃ ။ ရွေးချယ်ခံရသူ

“မိဖုရားခေါင်ကြီးရဲ့ အမြင်အရဆိုရင် မင်းသားကြီးကို ဘယ်သူက ပြုစုစောင့်ရှောက်ဖို့ အသင့်တော်ဆုံး ဖြစ်မလဲ။”

နင်ချန်က ဆက်မေးလိုက်သည်။

“ချန်းချဲ့ အထင်တော့ ရှူးဖေးနဲ့ ကျင်းသယ့်ဖေးတို့က သင့်တော်တဲ့သူတွေပါ။ သူတို့က ဝါရင့်သလို ကလေးလည်း မွေးဖူးကြတယ်လေ”

မိဖုရားခေါင်ကြီးသည် နန်းတွင်း၌ အဆင့်အမြင့်ဆုံး ကိုယ်လုပ်တော်ကြီး နှစ်ဦးကို ချက်ချင်း ထုတ်ပြောလိုက်သည်။ အောက်ခြေမှ ယဲ့ယွင်နှင့် ယိရွှင်ယွမ်တို့ကိုမူ သူမ လုံးဝ ထည့်မစဉ်းစားပေ။ ထိုနှစ်ဦးစလုံးတွင် ကျန်းမာသန်စွမ်းသော မင်းသားများ ရှိပြီးသားဖြစ်ရာ၊ နောက်ထပ် မင်းသားတစ်ပါးကိုသာ ထပ်ပေးလိုက်ပါက သူတို့၏ အရှိန်အဝါမှာ ထိန်းမနိုင်သိမ်းမရ ဖြစ်သွားပေလိမ့်မည်။ မိဖုရားခေါင်ကြီးသည် မင်းသားကြီးကို သူမ၏ အနားတွင်ထားကာ အနာဂတ်အတွက် မျှော်လင့်ချက် မထားတော့သော်လည်း၊ လောလောဆယ်တွင် အရှင်မင်းကြီး၏ အာရုံစိုက်မှုကို ရရှိရန်အတွက် ကလေးကို အသုံးချချင်နေသေးသည်။ ကလေးရှိမှသာ အရှင်မင်းကြီးက ခဏခဏ လာရောက်မည်ဖြစ်ပြီး၊ ထိုသို့ လာရောက်မှသာ သူမအတွက် ကိုယ်ပိုင်ရင်သွေး ရရှိရန် အခွင့်အရေး ပေါ်လာမည် မဟုတ်ပါလား။

နင်ချန်က ခနစဉ်းစားပြီးနောက် လေးနက်စွာ ပြောလိုက်သည် - “ရှူးဖေးရဲ့ စရိုက်က မရဘူး။ သမီးမိန်းကလေး မွေးရင်တော့ ထားပါတော့၊ သားယောကျ်ားလေးကို ပျိုးထောင်ဖို့ဆိုရင်တော့ ပိုပြီး တည်ငြိမ်တဲ့သူ ဖြစ်ရမယ်”

ရှူးဖေး၏ ရန်လိုတိုက်ခိုက်လိုသော စရိုက်နှင့်ဆိုလျှင် မင်းသားကြီး၏ စိတ်ဓာတ်မှာ ပို၍ပင် ပျက်စီးသွားပေလိမ့်မည်။

“ကျင်းသယ့်ဖေးကတော့ မဆိုးဘူး”

နင်ချန်က နှုတ်ခမ်းကို စေ့လိုက်သည်။ ဒုတိယမင်းသားလေး၏ စရိုက်မှာ အလွန်ကောင်းမွန်သဖြင့် ကျင်းသယ့်ဖေး၏ ဆုံးမသွန်သင်မှုမှာ လက်ခံနိုင်လောက်သည်။ မိဖုရားခေါင်ကြီးကလည်း ချက်ချင်း ခေါင်းညိတ်ထောက်ခံသည် -

“မင်းသားကြီးနဲ့ ဒုတိယမင်းသားလေးက အသက်သိပ်မကွာတော့ ညီအစ်ကိုနှစ်ယောက် အတူတူ ကြီးပြင်းရတာ ကောင်းတာပေါ့”

ဆုံးဖြတ်ချက် ချခါနီးအချိန်တွင် နန်းတွင်းသူလေးတစ်ဦး ရောက်လာပြီး ကျင်းသယ့်ဖေး၏ အစေခံ နျန်ကျူ ရောက်နေကြောင်း သတင်းပို့သည်။

“ဘာကိစ္စရှိလို့ ဒီအချိန်ကြီး လာတာလဲ”

မိဖုရားခေါင်ကြီးက မျက်မှောင်ကြုတ်

လိုက်သည်။ နန်းတွင်းသူလေးက ပြန်

ဖြေသည်။

“ကျင်းသယ့်ဖေး နေမကောင်းဖြစ်လို့ ဂါရဝပြုဖို့ ရက်အတော်ကြာ လာနိုင်မှာမဟုတ်ကြောင်း လာပြောတာပါ”

“ဝင်လာခိုင်းလိုက်” ဟု နင်ချန်က အမိန့်ပေးလိုက်သည်။

နျန်ကျူ ဝင်လာပြီး ဂါရဝပြုကာ လျှောက်တင်သည် - “ကျွန်တော်မျိုးမ အရှင်မင်းကြီးနဲ့ မိဖုရားခေါင်ကြီးကို ဂါရဝပြုပါတယ်။ ကျင်းသယ့်ဖေးက မနေ့ကတည်းက အစာမကြေဖြစ်နေတာပါ။ ဒီနေ့မနက် ဂါရဝပြုပြီး ပြန်ရောက်တော့ ခေါင်းမူးပြီး အိပ်ရာကနိုးတော့ ကိုယ်ပူလာပါတယ်။ သမားတော် ခေါ်ပြပေမယ့် အခုထိ အဖျားမကျသေးပါဘူး။ အဖျား မိဖုရားခေါင်ကြီးဆီ ကူးစက်မှာ စိုးရိမ်လို့ ဒီညနေ လာပြီး ခွင့်တိုင်ခိုင်းလိုက်တာပါ”

ဤနေမကောင်းဖြစ်မှုမှာ တိုက်ဆိုင်လွန်းလှသော်လည်း အပြစ်ရှာရန် မရှိပေ။ ဤသည်မှာ မိဖုရားခေါင်ကြီး၏ မျှော်လင့်ချက်ကို ရိုက်ချလိုက်ခြင်းလည်း ဖြစ်သည်။ သို့သော် မိဖုရားခေါင်ကြီး၏ စိတ်ထဲတွင် မျှော်လင့်ချက်ကလေး ပြန်လည် နိုးထလာ၏။ ကျင်းသယ့်ဖေး နေမကောင်းဖြစ်နေလျှင် ကလေးနှစ်ယောက်ကို ပြုစုရန် အင်အားရှိမည်မဟုတ်ရာ၊ မင်းသားကြီးမှာ သူမထံတွင်သာ ကျန်ရစ်နိုင်ခြေ ရှိသည် မဟုတ်လား။

မိဖုရားခေါင်ကြီးက စမ်းသပ်သလို မေးလိုက်သည် - "ဒါဆိုရင် ကျင်းသယ့်ဖေးကို ကောင်းကောင်း အနားယူခိုင်းလိုက်ပါ။ စုကွမ်း၊ ပန်းကုန်းရဲ့ ဂိုဒေါင်ထဲက ဆေးကောင်းတချို့ကို ရွေးပြီး မနက်ကျရင် ရှဲ့ဖန်းနန်းဆောင်ကို ပို့ပေးလိုက်"

နျန်ကျူက ကိစ္စပြီးသည်နှင့် အကြာကြီး မနေဘဲ အမြန် ထွက်သွားလေသည်။ အခန်းထဲတွင် ဇနီးမောင်နှံနှစ်ဦးသာ ကျန်ရစ်ပြန်သည်။ မိဖုရားခေါင်ကြီးက စကားစသည် -

"သယ့်ဖေးက အိပ်ရာထဲက မထနိုင်အောင် ဖျားနေတာဆိုတော့... မင်းသားကြီးကို ပို့လိုက်ရင်... ကလေးနှစ်ယောက်ကို ပြုစုဖို့ အခက်အခဲ ဖြစ်မှာပေါ့"

နင်ချန်သည် မျက်မှောင်ကြုတ်ကာ ခနမျှ စဉ်းစားပြီးမှ သက်ပြင်းတစ်ချက်ချကာ အေးစက်စွာ ပြောလိုက်သည်။

“ဒါဆိုရင်တော့ မင်းသားကြီးကို ဟွေ့ကျောင်းရုန်ဆီမှာပဲ ခနအပ်ထားလိုက်တော့မယ်။ သူမက ကျန်းအနားမှာ နေလာတာ ကြာပြီ၊ စည်းကမ်းလည်း ရှိသလို ဒုတိယမင်းသမီးလေးကိုလည်း ကျန်းကျန်းမာမာ ကျွေးမွေးထားနိုင်တာပဲ”

“ဟုတ်ကဲ့ပါ၊ ဟွေ့ကျောင်းရုန်ကလည်း မဆိုးပါဘူး”

မိဖုရားခေါင်ကြီးက စိတ်ပျက်လက်ပျက်ဖြင့် ပြန်ဖြေလိုက်ရလေသည်။ သူမ မမျှော်လင့်ဘဲ ဟွေ့ကျောင်းရုန်က အကျိုးအမြတ်ရသွားခြင်း ဖြစ်သော်လည်း ကိစ္စမရှိပေ၊ တစ်ဆင့်ချင်း သွားရမည် ဖြစ်သည်။ ဤသည်မှာ အစသာ ရှိသေး၏။ နောက်ဆုံးတွင် မင်းသားကြီးအား ဟွေ့ကျောင်းရုန်က ပြုစုရန် ဆုံးဖြတ်လိုက်ကြတော့သည်။

....

နောက်တစ်နေ့ နံနက်တွင် မိဖုရားခေါင်ကြီးက ဤကိစ္စကို အားလုံးရှေ့တွင် ကြေညာလိုက်သည်။

“ဟွေ့ကျောင်းရုန်... အခုဆိုရင် မင်းရဲ့လက်ထဲမှာ ကလေးနှစ်ယောက် ရှိသွားပြီ။ ပိုပြီး ဂရုစိုက်ရမယ်။ ကလေးတွေကို ကောင်းကောင်း ပြုစုနိုင်ရင် မင်းရဲ့ ဝါရင့်မှုနဲ့ဆိုရင် ‘ဖေး’ အဆင့် တက်ဖို့က လက်တစ်ကမ်းမှာတင် ရှိတော့မှာပါ”

“ချန်းချဲ့ကို ယုံကြည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းသားကြီးကို အကောင်းဆုံး ပြုစုပါ့မယ်”

ဟွေ့ကျောင်းရုန်က လက်ခံလိုက်ရသည်။ ဤအခြေအနေတွင် သူမ ငြင်းဆိုပိုင်ခွင့် မရှိပေ။ ဤတာဝန်မှာ သူမ မည်မျှပင် မလိုလားပါစေ၊ လက်ခံရုံသာ ရှိတော့သည်။ သို့သော် ပြန်စဉ်းစားကြည့်လျှင် မိမိတွင် သားမရှိသဖြင့် မင်းသားကြီးကို ကောင်းကောင်း ပြုစုနိုင်ပါက နောင်ကျရင် သမီးအတွက် အားကိုးရာတစ်ခု ဖြစ်လာနိုင်သဖြင့် စိတ်သက်သာရာ ရသွားရသည်။

နန်းဆောင်မှ ထွက်လာသောအခါ ယဲ့ယွင်က ဟွေ့ကျောင်းရုန်နှင့်အတူ လမ်းလျှောက်ရင်း သတိပေးစကား ပြောလိုက်သည်။

“အစ်မ... နောက်ဆိုရင် အရမ်း သတိထားရမယ်နော်။ ဖုန်းရှီးနန်းဆောင်က တစ်ယောက်က ကလေးကို အရမ်းလိုချင်နေတာ။ မင်းသားကြီးအပေါ်မှာ တစ်ခုခုလုပ်ပြီး အစ်မကို အသုံးချသွားနိုင်တယ်”

ဟွေ့ကျောင်းရုန်က သက်ပြင်းချသည် - “အင်း... ငါလည်း သိပါတယ်။ ဒါပေမဲ့ အထက်က လူကြီးတွေ ရှောင်နေကြတော့ ငါ့ဆီပဲ ကျလာတာပေါ့။ လူတွေကို သေသေချာချာ စောင့်ကြည့်ခိုင်းရုံပဲ ရှိတယ်”

ယဲ့ယွင်က မျက်ဝန်းများကို မှေးစင်းကာ တိုးတိုးလေး ပြောသည် -

“ဒီနေ့ ကျင်းသယ့်ဖေး ဂါရဝပြုဖို့ မလာတာက တိုက်ဆိုင်မှုလို့ ထင်လား။ မနေ့က မိဖုရားခေါင်ကြီးက သူမ ရုတ်တရက် ဖျားသွားတယ်လို့ ပြောတယ် မဟုတ်လား။ ကျွန်မအမြင်အရတော့ သူမ တမင် ရှောင်နေတာပဲ”

"အစ်မကို မဖုံးကွယ်တော့ပါဘူး၊ အရှင်မင်းကြီးက မနေ့က ကျွန်မကို ကမ်းလှမ်းပေမယ့် ကျွန်မက ငြင်းလိုက်တယ်။ ရှူးဖေးကလည်း မဖြစ်နိုင်တော့ ကျင်းသယ့်ဖေးဆီ သွားမှာကို သိလို့ သူမက နေမကောင်းဟန်ဆောင်ပြီး ရှောင်လိုက်တာ။ အဲဒါကြောင့် အစ်မဆီ ကျလာတာပဲ”

ထိုသို့ ခွဲခြမ်းစိတ်ဖြာပြသည်ကို ကြားသောအခါ ဟွေ့ကျောင်းရုန်၏ မျက်နှာတွင် စိုးရိမ်မှုများ ပိုမို များပြားလာသည်။ တစ်ဦးပြီးတစ်ဦး ရှောင်နေကြသလို၊ မိဖုရားခေါင်ကြီးက လိုချင်သော်လည်း အရှင်မင်းကြီးက မပေးဘဲ သူမဆီသို့ ဤပူလောင်သော တာဝန်ကြီး ကျရောက်လာခြင်း ဖြစ်သည်။ သူမ စိုးရိမ်နေသည်ကို မြင်သဖြင့် ယဲ့ယွင်က ပြန်လည် နှစ်သိမ့်ပေးလိုက်၏။

"မင်းသားကြီးက ငယ်ပါသေးတယ်၊ သေသေချာချာ ဆုံးမသွန်သင်ရင် ကောင်းလာနိုင်ပါတယ်။ အစ်မ သိပ်ပြီး စိုးရိမ်မနေပါနဲ့။ တစ်ခုပဲ ရှိတယ်၊ မင်းသားကြီးဘေးက လူတွေကို သေသေချာချာ စောင့်ကြည့်ပါ၊ တစ်စုံတစ်ယောက်က အခွင့်ကောင်းယူတာ မခံရစေနဲ့"

"အင်း၊ ငါ သိပါပြီ။ အခုတော့ အခြေအနေကြည့်ပြီးပဲ လုပ်ရမှာပေါ့" ဟွေ့ကျောင်းရုန်က ခေါင်းညိတ်သည်။

....

နှစ်ဦးသား လမ်းခွဲတွင် ကိုယ်စီ ပြန်သွားကြလေသည်။ နေထိုင်ရာနန်းဆောင်သို့ ပြန်ရောက်သောအခါ ဟွေ့ကျောင်းရုန်သည် မင်းသားကြီးနှင့် သူ၏ အစေခံများ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။ ယခုအခါ ကျောင်းရုန်အဆင့် ဖြစ်သဖြင့် သူမသည် ယုံနျန်နန်းဆောင်သို့ ပြောင်းရွှေ့နေထိုင်ကာ နေရာမှာ ကျယ်ဝန်းလှသဖြင့် မင်းသားကြီးအား အရှေ့ဘက် ဘေးဆောင်တွင် ထားရှိလိုက်သည်။ ဒုတိယမင်းသမီးလေးမှာ ငယ်သေးသဖြင့် ခန်းမဆောင်၏ ဘယ်ဘက် အခန်းငယ်တွင် အိပ်စက်သည်။

ဟွေ့ကျောင်းရုန်နှင့် မင်းသားကြီးမှာ ပုံမှန်အားဖြင့် အဆက်အသွယ် မရှိကြပေ။ မင်းသားကြီးသည် နို့ထိန်း၏ ရင်ခွင်ထဲတွင် ဝပ်နေကာ သူမကို ကြည့်ပင် မကြည့်ပေ။ ထို့ကြောင့် သူမသည် ကလေးကို သီးသန့် မတွေ့သေးဘဲ မင်းသားကြီးဘေးမှ အစေခံများကိုသာ ခေါ်ယူ၍ သိသင့်သည်များကို မေးမြန်းကာ သတိပေးချက်များ ပြုလုပ်လိုက်သည်။ အခြေအနေကို အကြမ်းဖျင်း သိရှိပြီးနောက်တွင်မူ ခနမျှ ငြိမ်နေလိုက်သည်။ အနည်းဆုံးတော့ ရက်အနည်းငယ်ကြာအောင် အသားကျအောင် လုပ်ရပေဦးမည်။

အနောက်ဆောင်၌ မင်းသားကြီး၏ အရေးမှာ အခြေကျသွားချိန်တွင် အရှေ့ပိုင်းမှာတော့ နွေဦးစာမေးပွဲ ရလဒ်များ ထွက်ပေါ်လာခဲ့သည်။ ယဲ့ဟွိုက်သည် မျှော်လင့်ထားသည့်အတိုင်း စာရင်းတွင် ပါဝင်ခဲ့ပြီး အဆင့်မှာလည်း ရှေ့တန်း၌ ရှိနေလေသည်။ ရှေ့လျှောက် ငါးရက်အကြာတွင် ဧကရာဇ်ကိုယ်တိုင် စစ်ဆေးမည့် ‘နန်းတွင်းစာမေးပွဲ’ ကျန်ရှိနေသေးကာ၊ ၎င်းတွင် နင်ချန်ကိုယ်တိုင် မေးခွန်းထုတ်၍ ပထမ၊ ဒုတိယနှင့် တတိယများကို ရွေးချယ်မည် ဖြစ်သည်။

နန်းတွင်းစာမေးပွဲ ရလဒ် မည်သို့ပင် ရှိစေကာမူ ယဲ့ဟွိုက်သည် အရာရှိဖြစ်ရန်မှာ သေချာသွားပြီ ဖြစ်သည်။ ဤနောက်ဆုံးပွဲသည် သူ အရာရှိလောကသို့ စတင်ဝင်ရောက်ရာတွင် မည်သည့် အဆင့်အတန်းမှ စတင်ရမည်ကို ဆုံးဖြတ်ပေးမည် ဖြစ်၏။ သို့သော် ဝမ်းသာသူရှိသလို ဝမ်းနည်းသူလည်း ရှိသည်မှာ ဓမ္မတာပင်။

ဥပမာ - ယောင်မိသားစုမှ တစ်ဦးတည်းသော တရားဝင်သား ယောင်ရှင်းမှာမူ ယခုနှစ်တွင် သုံးကြိမ်မြောက်အဖြစ် ထပ်မံ ရှုံးနိမ့်သွားခဲ့ပြန်သည်။ ယောင်ရှန်း နေမကောင်းရာမှ ပြန်ကောင်းစတွင် ဤသတင်းကြောင့် သူမ၏ အစ်ကိုဖြစ်သူကြောင့် ထပ်မံ လဲကျလုနီးပါး ဖြစ်သွားရပြီး၊ နောက်ဆုံးတွင် သူမ၏ ဖခင်ထံသို့ စာရေးကာ သူမ၏ အစ်ကိုကြီး ယောင်ရှု၏သား (မြေးဖြစ်သူ) ကိုသာ သေသေချာချာ ပျိုးထောင်ရန် အကြံပေးလိုက်ရတော့သည်။ အဖေထက် သားက ပိုတော်ခြင်းမှာလည်း ကောင်းသော အချက်ပင်ဖြစ်သည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-324

အခန်း ၃၂၄ ။ လွယ်လွယ်နှင့် ရရှိလာသည်မဟုတ်

"ရှိုးယွမ်... ထိုက်ကွေ့ဖေးဆီက လူလွှတ်ပြီး စကားပါးလိုက်ပါတယ်။ မင်းသမီးသုံးကိုခေါ်ပြီး ချီအန်းနန်းဆောင်ကို ခဏလာခဲ့ပါဦးတဲ့"

နျန်ဝမ်သည် အပြင်မှ ဝင်လာကာ တိုးတိုးလေး လျှောက်တင်သည်။ အရေးကြီးကိစ္စ မရှိလျှင် ထိုက်ကွေ့ဖေးသည် လူလွှတ်ခဲလှရာ၊ ယခုမူ တစ်ခုခုကို တိုင်ပင်လိုခြင်း ဖြစ်ပေလိမ့်မည်။

"ငါ အဝတ်အစားလဲပြီးရင် လာခဲ့မယ်လို့ ပြန်ပြောလိုက်ပါ"

ယောင်ရှန်းက လက်ကာပြလိုက်သည်။ နာရီဝက်မပြည့်မီတွင် ယောင်ရှန်းတို့ သားအမိ ချီအန်းနန်းဆောင်သို့ ရောက်ရှိလာကြ၏။

"ဒေါ်လေးကို ဂါရဝပြုပါတယ်"

"ထိုင်ပါ" ထိုက်ကွေ့ဖေးက နွေးထွေးစွာ ပြောသည် - "မင်းသမီးလေးကို ငါ့ဆီ ခေါ်လာခဲ့ပါဦး"

နောက်မှ အစေခံက နို့ထိန်းထံမှ ကလေးကိုယူ၍ ထိုက်ကွေ့ဖေးထံသို့ ပွေ့ချီလာပေးသည်။

"နောက်တစ်လဆိုရင် တစ်နှစ်ပြည့်တော့မယ်။ မင်းသမီးသုံးရဲ့ တစ်နှစ်ပြည့်မွေးနေ့ပွဲက မင်းသားလေးနဲ့ တစ်ရက်တည်း ကျင်းပမှာလား" ထိုက်ကွေ့ဖေးက မေးသည်။

ယောင်ရှန်းက မျက်မှောင်ကြုတ်လိုက်ကာ - "မသိသေးပါဘူး၊ တစ်ပြိုင်တည်း ဖြစ်ဖို့များပါတယ်။ မွေးနေ့က တစ်ရက်တည်း ဖြစ်နေတော့ တစ်ယောက်စော တစ်ယောက်နောက် လုပ်ဖို့က မကောင်းဘူးလေ"

မွေးဖွားသည့် အချိန်အရဆိုလျှင် မင်းသမီးသုံးက မင်းသားလေးထက် နာရီဝက်ခန့် စောသဖြင့် အစ်မဖြစ်သော်လည်း၊ မိခင်၏ အဆင့်အတန်းအရဆိုလျှင် ယဲ့ယွင်က သူမထက် အများကြီး မြင့်မားနေလေသည်။ ထိုက်ကွေ့ဖေးက ခေါင်းညိတ်ပြပြီး နောက်ထပ် ကိစ္စတစ်ခုကို ဆက်ပြောသည်။

"မင်းရဲ့ ဒုတိယအစ်ကိုက ဒီနှစ် နွေဦးစာမေးပွဲမှာ ထပ်ပြီး ရှုံးပြန်ပြီ။ ယောင်ရွှီလည်း မရှိတော့ဘူးဆိုတော့ ငါတို့မိသားစုရဲ့ မျိုးဆက်သစ်ထဲမှာ မင်းပဲ ကျန်တော့တယ်။ ကံကောင်းတာက မင်းအဖေက နောက်ထပ် နှစ်အနည်းငယ်လောက် တောင့်ခံနိုင်သေးလို့ မြေးတွေ ကြီးလာတဲ့အထိ စောင့်လို့ရသေးတာပေါ့။ ရှန်းအာ... မင်း ကျန်းမာရေးပြန်ကောင်းလာရင် သားယောကျ်ားလေးတစ်ယောက် အမြန်ဆုံး ထပ်မွေးဖို့ ကြိုးစားရမယ်နော်"

ဤစကားကြောင့် ယောင်ရှန်းကိုယ်တိုင်လည်း စိတ်ညစ်သွားရသည်။ မနှစ်က သမီးလေးမွေးစဉ်က ခက်ခက်ခဲခဲ မွေးခဲ့ရသဖြင့် ကျန်းမာရေး ထိခိုက်ခဲ့သည်။ နောက်ပိုင်းတွင် ယောင်ရွှီ ရုတ်တရက် ကွယ်လွန်သွားသဖြင့် စိတ်ထိခိုက်ကာ ထပ်မံ ဖျားနာခဲ့ပြန်ရာ၊ ယခုဆိုလျှင် ယခင်ကကဲ့သို့ မသန်စွမ်းတော့ကြောင်း သူမကိုယ်တိုင် ခံစားနေရသည်။ ယခုနှစ် ဆောင်းတွင်းတွင် ပို၍ အအေးကြောက်လာကာ ဧပြီလ ရောက်နေပြီ ဖြစ်သော်လည်း အခြားသူများထက် အင်္ကျီတစ်ထည် ပိုဝတ်နေရဆဲ ဖြစ်၏။

"တူမ သိပါတယ်၊ အားဆေးတွေ သောက်နေပါတယ်။ ဒါပေမဲ့ အရှင်မင်းကြီးက သိပ်မလာဘူးလေ။ လာရင်တောင် မင်းသမီးလေးကို ကြည့်ပြီး ပြန်သွားတာပဲ။ ကျွန်မကလည်း ကျန်းမာရေး မကောင်းတော့ မင်းကြီးကို အတင်းအကျပ် အနားမှာနေဖို့ မတောင်းဆိုဝံ့ဘူး"

ယောင်ရှန်းက သက်ပြင်းချသည်။ ထိုက်ကွေ့ဖေးကမူ -

"ဒါက အလောတကြီး လုပ်လို့မရဘူး။ ကျန်းမာရေး မကောင်းသေးဘဲ ကိုယ်ဝန်ရလာရင် မင်းအတွက်ရော ကလေးအတွက်ပါ မကောင်းဘူး။ အခု ခေါ်လိုက်တာက မင်းသားကြီး ကိစ္စကို မင်း ဘယ်လိုထင်လဲလို့ မေးမလို့ပါ"

မင်းသားကြီးသည် ကျန်းမာရေး မကောင်းသဖြင့် အနာဂတ်တွင် ဧကရာဇ်ဖြစ်ရန် အခွင့်အလမ်း နည်းပါးသော်လည်း၊ ယခုအချိန်တွင် အရှင်မင်းကြီးသည် ထိုကလေး၏ စိတ်ဓာတ်ကို ပြုပြင်ပေးလိုစိတ် ပြင်းပြနေသည်။ ဘယ်သူကပဲ ဖြစ်ဖြစ် ထိုကလေးကို ကောင်းအောင် လုပ်ပေးနိုင်လျှင် အရှင်မင်းကြီး၏ မျက်နှာသာပေးမှုကို ရရှိပေလိမ့်မည်။ အကယ်၍ ယောင်ရှန်း လိုလားပါက ထိုက်ကွေ့ဖေးက ကူညီပေးနိုင်လေသည်။ သို့သော် ယောင်ရှန်းက မင်းသားကြီးကို စိတ်မဝင်စားပေ။ သူမတွင် အခြား အစီအစဉ် ရှိ၏။ ယခုအချိန်တွင် ထိုက်ကွေ့ဖေးအား ဖုံးကွယ်ထားရန် မလိုတော့သဖြင့် အသေးစိတ် ပြောပြလိုက်သည်။

"ဒေါ်လေးကို အမှန်အတိုင်းပြောရရင် ကျွန်မက မိဖုရားခေါင်ကြီးရဲ့ နေရာကို လိုချင်တာပါ။ အခုလောလောဆယ် ပြိုင်ဘက်တွေကတော့ မင်ရွှင်ရီနဲ့ ယိရွှင်ယွမ်တို့ပဲ။ သူတို့က ကျွန်မလက်ထဲမှာ တစ်ခါ ခံဖူးတော့ အခု အရမ်းသတိထားနေကြတယ်။ ဒါကြောင့် ကျွန်မရဲ့ အကြံက မိဖုရားခေါင်ကြီးကို အရင်ဆုံး ဖြုတ်ချပြီး နန်းတွင်းကို ရှုပ်ထွေးအောင် လုပ်ဖို့ပါပဲ။ အခြေအနေ ရှုပ်ထွေးသွားမှ ငါးဖမ်းရတာ ပိုလွယ်မယ်လေ"

"ကျွန်မမှာ ဖုန်းရှီးနန်းဆောင်ထဲမှာ လူတစ်ယောက် ရှိပါသေးတယ်။ မိဖုရားခေါင်ကြီးက မင်းသားကြီးကို မွေးစားချင်နေတာဆိုတော့ ကျွန်မက သူ့ကို ကူညီပေးမယ့်ဟန် ပြပါမယ်။ ဒါပေမဲ့ မင်းသားကြီးကို မွေးစားပြီး တစ်ခုခုဖြစ်သွားရင်တော့ မိဖုရားခေါင်ကြီးမှာပဲ တာဝန်ရှိသွားမှာပေါ့"

ထိုက်ကွေ့ဖေးသည် ယောင်ရှန်း၏ အစီအစဉ်ကို ကြားပြီးနောက် အံ့အားသင့်သွားကာ ချီးကျူးသည့် အမူအရာ ပြလိုက်သည်။ အမှန်ပင်၊ အရှင်မင်းကြီး၏ ခနခဏ မျက်နှာသာပေးမှုကို ရယူခြင်းထက်၊ အခြေအနေကို ရှုပ်ထွေးအောင်လုပ်၍ မိဖုရားခေါင်ကြီး၊ ယဲ့ရှီနှင့် ဝူရှီတို့ကို ဖြုတ်ချနိုင်မည့် ဤနည်းလမ်းက အောင်နိုင်ခြေ ပိုများလှသည်။

"မင်းက တကယ် ထက်မြက်တာပဲ၊ ဒီအဆင့်အထိ တွေးနိုင်မယ်လို့ ငါ မထင်ထားဘူး" ထိုက်ကွေ့ဖေးက ကျေနပ်စွာ ပြုံးလိုက်သည် - "ဒါဆိုရင် ငါလည်း မင်းကို လျှို့ဝှက်ကူညီပေးမယ်"

"ကျေးဇူးတင်ပါတယ် ဒေါ်လေး" ယောင်ရှန်းက ထရပ်ကာ ပြုံးလျက် ဂါရဝပြုလိုက်သည်။

....

ဤဘက်တွင် အဒေါ်နှင့် တူမ စကားကောင်းနေချိန်၌ အခြားတစ်ဖက်တွင်၊ နေ့လည်စာ စားချိန်၌ နင်ချန်သည် အမှတ်မထင်ဘဲ ကျောက်ချွန်းဆောင်သို့ ရောက်ရှိလာသည်။ ယနေ့တွင်မူ ချွေ့ဝမ်ရုန်ထံ သွားမည်ဟု သတင်းကြားထားသဖြင့် ယဲ့ယွင်မှာ ဘာမှ ကြိုတင် ပြင်ဆင်မထားခဲဘပေ။ နင်ချန်မှာ ကျွမ်းကျင်စွာပင် ဝင်ထိုင်လိုက်ကာ

"နန်ကျစ်... ကျန်းအတွက် ပန်းကန်နဲ့ တူတစ်စုံ ယူလာခဲ့ပါဦး"

"ဟုတ်ကဲ့ပါ" နန်ကျစ်က အမြန် သွားယူလေသည်။

ယဲ့ယွင်က ထမင်းကို နှစ်ငုံခန့် စားပြီးဖြစ်ရာ ထပ်မံ၍ ဂါရဝပြုနေရန် ပျင်းသဖြင့် ထမင်းပန်းကန်ကို ကိုင်ကာ ဟင်းများကို ခပ်

လျက်ပင် ပြောလိုက်သည်။

"အရှင်မင်းကြီး ဘာလို့ ဒီအချိန်ကြီး ရောက်လာတာလဲ၊ ကြိုလည်း မပြောဘူး။ ဒီနေ့ ပြင်ထားတာတွေက ချန်းချဲ့ ကြိုက်တာတွေချည်းပဲ"

သူမ၏ ပေါ့ပေါ့ပါးပါး အမူအရာက နင်ချန်အား စိတ်သက်သာရာ ရစေသည်။ မိမိ၏ အိမ်ကလေးသို့ ပြန်ရောက်လာသကဲ့သို့ မည်သည့် ဟန်ဆောင်မှုမှ မရှိဘဲ နေနိုင်ခြင်း ဖြစ်သည်။

"ဒီနေ့ မင်းရဲ့ မောင်လေး ရေးတဲ့ စာတွေကို ကျန်းကြည့်ပြီးပြီ၊ သူက အလားအလာရှိတဲ့ လူငယ်တစ်ယောက်ပဲ"

နင်ချန်က သူမ၏ စကားကို ပြန်မပြောဘဲ သူပြောချင်တာကို ပြောလေသည်။

"ဟုတ်လား" ယဲ့ယွင်က အံ့သဩသွားသည်။

"ယဲ့ဟွိုက်က ငယ်ငယ်လေးကတည်းက စာသင်ကျောင်းမှာပဲ နေခဲ့ရတာဆိုတော့ ချန်းချဲ့က သူ့ကို သိပ်မသိဘူး။ ဒါပေမဲ့ ယဲ့မိသားစုထဲက စာတတ်ပေတတ်တစ်ယောက် ထွက်လာတာ ဝမ်းသာစရာပါပဲ။ ဒါဆိုရင် တခြားကိုယ်လုပ်တော်တွေက ချန်းချဲ့ကို လူကြမ်းကြီးလို့ ပြောလို့ မရတော့ဘူးပေါ့"

ဤစကားက စနောက်၍ပြောခြင်းသာဖြစ်သည်။ နင်ချန်က ပြုံးလျက် သူမကို ကြည့်ကာ ခေါင်းခါလိုက်သည်။ ဤမိန်းကလေးသည် နူးညံ့သိမ်မွေ့ပြီး အရည်အချင်းရှိသူမှန်း သူသိသည်။ ယဲ့မိသားစု၏ မျိုးဆက်သစ်များသည် တစ်ဦးချင်းစီ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်ကြသည်ကို မြင်ရသဖြင့် သူ ဝမ်းသာမိလေသည်။ ယဲ့ဟွိုက်လည်း အရာရှိ ဖြစ်လာပါက ယဲ့မိသားစု၏ ဒုတိယအိမ်တော်သည်လည်း အားကိုးရာ ရလာပေလိမ့်မည်။

"အရှင်မင်းကြီးက ချန်းချဲ့ရဲ့ မောင်လေးကို ချီးကျူးဖို့ သက်သက် လာတာတော့ မဟုတ်ဘူး ထင်တယ်" ယဲ့ယွင်က စကားလမ်းကြောင်း လွှဲလိုက်သည်။

နန်းတွင်းသူများမှာ ရှေ့တော်ရာ ကိစ္စများကို အလွန်အကျွံ မပြောဆိုသင့်ဘဲ စည်းကမ်းကို ထိန်းသိမ်းရမည် ဖြစ်၏။ နင်ချန်က ခေါင်းညိတ်ပြသည်။

"ဟုတ်တယ်၊ ဒါတင်မကဘူး။ မိဖုရားခေါင်ကြီးက ကျန်းကို လာမေးနေတယ်။ မင်းသားလေးနဲ့ မင်းသမီးသုံးရဲ့ တစ်နှစ်ပြည့်ပွဲကို ဘယ်လိုလုပ်ချင်လဲတဲ့။ ကျန်းကတော့ မင်းရဲ့ သဘောထားကို သိချင်တယ်"

ကလေးနှစ်ဦး၏ မွေးနေ့မှာ တစ်ရက်တည်း ဖြစ်နေသဖြင့် တစ်နှစ်ပြည့်ပွဲမှာ အရေးကြီးသော ကိစ္စ ဖြစ်သည်။

"အတူတူပဲ ကျင်းပလိုက်ပါ၊ တစ်ယောက်တစ်လှည့်စီ လုပ်နေရင် ဧည့်သည်တွေလည်း ပင်ပန်းရုံပဲ ရှိမယ်" ဟု ယဲ့ယွင်က ဆိုသည်။

ဤသည်ကို သူမ ကြိုတင် စဉ်းစားထားပြီး ဖြစ်သည်။ ခွဲလုပ်ပါက သူမအနေဖြင့် ယောင်ရှီထံ သွားရောက် ဂုဏ်ပြုရမည် ဖြစ်သလို၊ မိမိ၏ ပွဲအတွက်လည်း ပြန်လာရမည် ဖြစ်ရာ အလွန် ပင်ပန်းပေလိမ့်မည်။ ၅လပိုင်းတွင် ရာသီဥတုက ပူလာပြီဖြစ်ရာ ဝတ်စုံအပြည့်နှင့် တစ်နေကုန် လှုပ်ရှားရခြင်းမှာ အလွန်ပင် ခက်ခဲလှပေသည်။ သူမ၏ အမူအရာမှာ ဟန်ဆောင်နေခြင်း မဟုတ်မှန်း သိရှိရသောအခါမှ နင်ချန်က ခေါင်းညိတ်လိုက်သည်။ သို့သော် ခနအကြာတွင် သူက ထပ်ပြောပြန်၏ -

"ကျန်းကတော့ မင်းတို့ သားအမိကို အားနာလို့ပါ။ သီးသန့်လုပ်ချင်ရင်လည်း ဖြစ်ပါတယ်၊ တစ်ရက် ကြိုလုပ်ရင်လည်း ရတာပဲ။ ဝတ်ပြုရေးဌာနကို နှစ်ပွဲ စီစဉ်ခိုင်းလိုက်မယ်"

ထိုစဉ်က မင်းသားလေးကို မွေးဖွားစဉ်က ယဲ့ယွင်မှာ အသက်အန္တရာယ်ပင် စိုးရိမ်ရလုနီးပါး ဖြစ်ခဲ့ရသည်ကို သူ ပြန်လည် အမှတ်ရမိသည်။ ထို့ကြောင့် ဤသားလေးသည် လွယ်လွယ်နှင့် ရရှိလာသည်မဟုတ်ကြောင်း သူသိနားလည်ကာ ပို၍ပင် ချစ်မြတ်နိုးမိလေတော့သည်။

***

All Chapters