အခန်း (၃၂၇-၃၂၈)
Vol. 21 Ch. 327-328
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-327
အခန်း ၃၂၇ ။ ကျောထောက်နောက်ခံ
အလုပ်ရှုပ်ပြီးနောက် အားလုံး အခြေကျသွားတော့သည်။
"မင်းသမီးမှာ ကိုယ်ဝန်ရှိနေတာကို ဘာလို့ သတင်းမပို့တာလဲဟင်" ဟု ယဲ့ယွင်က မေးလိုက်သည်။
နင်လင်က ပြုံးလျက် - "သုံးလပြည့်မှ သတင်းပို့မယ်လို့ ပြောထားလို့ပါ။ လူတွေ အများကြီး သိသွားရင် ကိုယ်ဝန်စောင့်နတ်မင်း ထိတ်လန့်သွားမှာ စိုးလို့လေ"
"ဒါကတော့ ဟုတ်တာပေါ့" ယဲ့ယွင်က ခေါင်းညိတ်ပြသည်။
ထိုအချိန်တွင် နင်လင်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားကာ တစ်ခုခု ပြောချင်သော်လည်း တွန့်ဆုတ်နေသည့်ပုံ ပေါက်နေ၏။ ယဲ့ယွင်သည် သူမ၏အမူအရာကို ကြည့်ပြီး တစ်စုံတစ်ခုကို ဖွင့်ပြောရန် ခက်ခဲနေမှန်း ရိပ်မိလိုက်သည်။ ကူညီရခက်သော ကိစ္စမျိုးကို သူမအား လာတောင်းဆိုခြင်း မဟုတ်ပါစေနှင့်ဟု ဆုတောင်းနေမိသည်။
မည်သို့ပင်ဖြစ်စေ မကူညီနိုင်သော ကိစ္စကို ကြိုတင်ပြောထားခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူမက ပြုံးလျက် ပြောလိုက်သည်။
"မင်းသမီးက ဒီကိုလာတာ လက်ဖက်ရည် သောက်ဖို့တင် မဟုတ်ဘူး ထင်တယ်။ တခြား ကိစ္စရှိပုံရတယ်၊ ဒါပေမဲ့ ကျွန်မက နန်းတွင်းက အမျိုးသမီးတစ်ယောက်ပဲဆိုတော့ ကူညီနိုင်တာ သိပ်မရှိမှာကိုတော့ စိုးရိမ်မိတယ်။
စကားကို ပွင့်ပွင့်လင်းလင်း ပြောလိုက်သဖြင့် နင်လင်လည်း တွန့်ဆုတ်မနေတော့ပေ။ သူမက လက်ကို အမြန်ဝှေ့ယမ်းကာ ပြောလိုက်သည်။
"အကူအညီ တောင်းတာ မဟုတ်ပါဘူး၊ ကျွန်မ... ကျွန်မက အကြံဉာဏ် လာတောင်းတာပါ"
"အကြံဉာဏ်?" ယဲ့ယွင် အံ့သြသွားသည်။
ရုတ်တရက် တစ်ခုခုကို သတိရသွားသဖြင့် သူမသည် အခန်းထဲရှိ အစေခံများကို လက်ယမ်းပြကာ အပြင်သို့ အကုန်ထွက်ခိုင်းလိုက်သည်။
"အခု ဒီအခန်းထဲမှာ ကျွန်မနဲ့ မင်းသမီးပဲ ရှိပါတော့တယ်။ ဘာပြောစရာရှိရှိ ပွင့်ပွင့်လင်းလင်း ပြောလို့ ရပါပြီ"
နင်လင်၏ မျက်နှာတွင် စိုးရိမ်ရိပ်များ ဖုံးလွှမ်းသွားကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
"ကျွန်မမှာ ကိုယ်ဝန်ရှိနေတော့ ဖုမာ (သမက်တော်) နဲ့ နီးနီးကပ်ကပ် မနေနိုင်ဘူး။ သူ့အနားမှာ အစေခံမလေး တစ်ယောက်ရှိတယ်။ ဒီတစ်လအတွင်းမှာတင် သူက နှစ်ကြိမ်၊ သုံးကြိမ်လောက် ပြုစုပေးခဲ့တယ်။ ကျွန်မ... ကျွန်မကို မနာလိုတတ်သူလို့ ရွှင်ရီက ထင်မှာကို မကြောက်ပါဘူး။ ကျွန်မက ခင်ပွန်းရဲ့စိတ်ကို ဘယ်လို ဖမ်းစားရမလဲဆိုတာ လာမေးတာပါ။ ဖုမာက တခြား အမျိုးသမီးတွေနဲ့ နီးစပ်တာကို ကျွန်မ မလိုလားဘူး"
ဤစကားကို ပြောရန် နင်လင်သည် စိတ်ကို တင်းထားခဲ့ရသည်။ သူမသည် ပင်ကိုယ်က စိတ်သဘောထား နူးညံ့သူ ဖြစ်သလို "ခင်ပွန်းသည်သာ အရှင်သခင်" ဟူသော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာသူ ဖြစ်ရာ၊ ဤသို့ ပြောထွက်ရန်မှာ အလွန် ခက်ခဲလှပေသည်။
"မင်းသမီးရဲ့ ဒီလိုစိတ်မျိုးကို အမျိုးသမီးတိုင်း ရှိကြတာပါပဲ။ ကျွန်မကိုယ်တိုင်လည်း အိမ်ထောင်မကျခင်က ခင်ပွန်းတစ်ယောက်နဲ့ တစ်သက်လုံး အတူတူပဲ နေချင်ခဲ့တာ။ ကံမကောင်းတာက နန်းတော်ထဲ ရောက်လာတော့ ဒါက မဖြစ်နိုင်တော့ဘူးပေါ့။ ဒါပေမဲ့ မင်းသမီးက တရားဝင် ဇနီးဖြစ်တာကြောင့် နည်းလမ်း ရှိပါတယ်" ဟု ယဲ့ယွင်က ဆိုသည်။
နင်လင်၏ မျက်ဝန်းများ တောက်ပသွားကာ သူမကို အားကိုးတကြီး စိုက်ကြည့်သည် - "ကျေးဇူးပြုပြီး ရွှင်ရီလမ်းညွှန်ပေးပါဦး"
ယဲ့ယွင်က ပြုံးလိုက်သည် - "လမ်းညွှန်တယ်လို့တော့ မဟုတ်ပါဘူး။ ကျွန်မသာ မင်းသမီး နေရာမှာ ဆိုရင်၊ ကိုယ့်ရဲ့ နောက်ကွယ်မှာ တော်ဝင်မိသားစု ဆိုတဲ့ ကျောထောက်နောက်ခံ ရှိနေတာပဲ။ အစကတည်းက ဖုမာကို အစေခံမတွေနဲ့ မပတ်သက်ခိုင်းဘူး။ ပတ်သက်ခဲ့ရင်တောင် အပြင်ကို ရိုက်ထုတ်ပစ်မှာပေါ့။ အစေခံမတစ်ယောက်ကို ရောင်းပစ်တာက စကားတစ်ခွန်းပဲ လိုတာလေ"
"ဒါပေမဲ့ အဲဒီ အစေခံမလေးက သနားစရာကောင်းပါတယ်။ ဖုမာကို ပြုစုလာတာ ကြာပြီဖြစ်သလို စာကြည့်တိုက်မှာလည်း ကူညီပေးနေတာလေ။ နောက်ပြီး... တိုက်ရိုက် နှင်ထုတ်လိုက်ရင်လည်း ကြည့်မကောင်းမှာ စိုးလို့ပါ" နင်လင်က မျက်မှောင်ကြုတ်လိုက်သည်။
ယဲ့ယွင်က တည်ငြိမ်စွာ ပြောသည် - "မင်းသမီးက သိက္ခာကို ငဲ့နေတာပဲ။ ဒါပေမဲ့ မသင့်တော်တဲ့ စကားတစ်ခွန်း ပြောပါရစေ။ မင်းသမီးမှာ ကိုယ်ဝန်ရှိတာ နှစ်လပဲ ရှိသေးတယ်၊ ဖုမာက အဲဒီ အစေခံမနဲ့ ပတ်သက်နေပြီဆိုတာက... ဒါဟာ တစ်ရက်၊ နှစ်ရက်တည်းနဲ့ ဖြစ်လာတဲ့ သံယောဇဉ် မဟုတ်ဘူးဆိုတာ မင်းသမီး စဉ်းစားဖူးလား"
ထိုအချိန်တွင် နင်လင်နှင့်အတူ လိုက်ပါလာသော အစေခံမလေး 'ကျစ်လန်' က မနေနိုင်ဘဲ ဝင်ပြောတော့သည် ။
"ကျွန်တော်မျိုးမတို့က မင်းသမီးကို အစောကတည်းက ပြောခဲ့ပါတယ်။ ဖုမာရဲ့ စာကြည့်တိုက်က 'ဖန်သိုက်' ဆိုတဲ့ အစေခံမက ဖုမာနဲ့ အရမ်းနီးစပ်လွန်းတယ်လို့။ ဒါပေမဲ့ မင်းသမီးက ဖုမာကို အရမ်းယုံကြည်ပြီး ငယ်ငယ်ကတည်းက ပြုစုလာလို့ ခင်မင်တာပါလို့ပဲ ပြောနေခဲ့တာလေ..."
အနီးကပ် အစေခံ၏စကားကို ကြားသောအခါ နင်လင်၏မျက်နှာမှာ ပို၍ ဖြူလျော်သွားကာ မျက်ရည်များ ဝဲလာပြီး နှုတ်ခမ်းများ တုန်ယင်လျက် လက်ကိုင်ပဝါကို တင်းတင်း ဆုပ်ကိုင်ထားတော့သည်။ ယဲ့ယွင်သည် သူမ စိတ်မကောင်းဖြစ်နေသည်ကို မြင်သဖြင့် ရေနွေးတစ်ခွက်တိုက်ကာ စိတ်အေးအောင် လုပ်ပေးလိုက်သည်။
နင်လင်သည် စိတ်ငြိမ်သွားသောအခါမှ မျက်ရည်များ ကျလာကာ သက်ပြင်းချပြန်သည် ။
"တစ်ခုခု မှားနေမှန်း ကျွန်မ သိပေမယ့်... မယုံချင်ခဲ့တာပါ။ အရင်က ကျွန်မနဲ့ 'ကျီဟွမ်' (ဖုမာ၏အမည်) တို့ ဆုံခဲ့တုန်းက သူက ဘယ်လောက်တောင် ကြင်နာတတ်လဲ။ ကျွန်မကို တစ်သက်လုံး အိုအောင်မင်းအောင် ပေါင်းမယ်လို့ ကတိပေးခဲ့တာလေ။ အခု အိမ်ထောင်ကျတာ ဘယ်လောက်မှ မရှိသေးဘူး..."
ဘေးမှ ကျစ်လန်ကလည်း မျက်နှာလွှဲကာ မျက်ရည်သုတ်ပြီး တိုးတိုးလေး ပြောသည် ။
"ကျွန်တော်မျိုးမတို့ မင်းသမီးကို မပြောရဲခဲ့တာပါ။ တကယ်တော့ ရှေ့ပိုင်းမှာ စကားတွေ ထွက်နေတာ ကြာပါပြီ။ ဖန်သိုက်နဲ့ ဖုမာတို့က အရင်ကတည်းက ပတ်သက်နေကြတာလို့။ အခု မင်းသမီး ကိုယ်ဝန်ရှိလို့ ပြုစုလို့ မရတော့မှပဲ ဒါကို အပြင်ကို ထုတ်ပြလိုက်ကြတာ။ ကိုယ်ဝန်ရှိနေချိန် တခြားသူပြုစုတာကို ဘယ်သူမှ ဘာမှမပြောနိုင်ဘူးလေ"
ထိုစကားကြောင့် နင်လင်၏ မျက်နှာမှာ ပို၍ပင် ကြည့်မကောင်း ဖြစ်သွားသည်။ သူမသည် တိုးတိုးလေး ရေရွတ်လိုက်၏ - "ကျွန်မက အစ်မကြီး (ကျားဟယ်မင်းသမီး) လောက် မတော်ဘူးပဲ၊ ကိုယ့်ခင်ပွန်းကိုတောင် သေချာ မထိန်းနိုင်ဘူး"
"မင်းသမီးအနေနဲ့ ဒီလိုလူမျိုးအတွက် ဝမ်းနည်းမနေပါနဲ့" ယဲ့ယွင်၏ မျက်ဝန်းများ အေးစက်သွားကာ နင်လင်၏ လက်ကို ကိုင်၍ ပုတ်ပေးလိုက်သည် - "ဒီလိုလူမျိုးကတော့ မင်းသမီး ဘယ်လောက်ပဲ ကြိုးစားပါစေ၊ နောက်ထပ် အမျိုးသမီးတွေ ထပ်ရှိနေဦးမှာပဲ။ မင်းသမီး အားနာနေဖို့ မလိုပါဘူး"
"ဒါဆို ကျွန်မ ဘာလုပ်ရမလဲ" နင်လင်က မေးသည်။
ယဲ့ယွင်က မျက်တောင်ခတ်ကာ - "ပြန်ရောက်တာနဲ့ အဲဒီ ဖန်သိုက် ဆိုတဲ့ အစေခံမကို မယားငယ် (ယိနျန်) အဖြစ် မြှောက်စားလိုက်ပါ။ ပွဲလေးတစ်ခုကို စည်စည်ကားကား လုပ်လိုက်။ ပြီးတော့ မင်းသမီးမှာ ကိုယ်ဝန်ရှိတဲ့ သတင်းကိုလည်း တစ်ခါတည်း ပြောလိုက်ပါ။ ကျန်တာတွေကို မင်းသမီး စိတ်ပူမနေနဲ့တော့၊ တော်ဝင်မိသားစုက မင်းသမီးအတွက် ကျောထောက်နောက်ခံ ပေးပါလိမ့်မယ်"
နင်လင်သည် သိပ်ပြီး နားမလည်သေးသဖြင့် တစ်ခုခုထပ်မေးရန် ပြင်စဉ်မှာပင် အပြင်ဘက်မှ ဧကရာဇ် ကြွလာကြောင်း အသံ ကြားလိုက်ရသည်။ ထို့ကြောင့် နင်လင်သည် ဆက်မနေနိုင်တော့ဘဲ ယဲ့ယွင်ကို နှုတ်ဆက်ကာ ထွက်ခွာခဲ့ရတော့သည်။
.....
အပြင်သို့ ရောက်သောအခါ မောင်နှမနှစ်ဦး ဆုံတွေ့ကြပြီး စကားအနည်းငယ်ပြောကာ လူစုခွဲခဲ့ကြသည်။ နင်ချန်သည် ယဲ့ယွင်၏လက်ကို ဆွဲကာ အိမ်ထဲသို့ ဝင်လာ၏။
"ကျားရိုက မင်းနဲ့ စကားပြောရတာ သဘောကျပုံပဲ။ ဒါပေမဲ့ သူမရဲ့မျက်နှာက သိပ်မကောင်းဘူး၊ တစ်ခုခု ဖြစ်လို့လား"
"အရှင်မင်းကြီးက တကယ်ကို အကင်းပါးတာပဲ။ မင်းသမီးလေး မတရား အနိုင်ကျင့်ခံထားရပါတယ်" ဟု ယဲ့ယွင်က ဆိုသည်။
ထို့နောက် ဖြစ်ပျက်ခဲ့သမျှ အရှုပ်အထွေးများကို အကုန် ပြောပြလိုက်လေသည်။ နင်ချန်မှာ ကြားသည်နှင့် ချက်ချင်း ဒေါသထွက်သွားတော့သည်။
"ဖုန်းကျီဟွမ်... တကယ့်ကို အရှက်မရှိတဲ့ ကောင်ပဲ။ လင်အာမှာ ကိုယ်ဝန်ရှိတာနဲ့ အစေခံမနဲ့ ပတ်သက်တယ်ပေါ့။ ကျန်း ဖျင်ယန်မြို့စားကို နန်းတော်ထဲ ခေါ်ပြီး မေးရမယ်၊ ဖုန်းမိသားစုက ဘယ်လို ဆုံးမသွန်သင်ထားလဲ ဆိုတာကို!"
ယဲ့ယွင်က သူ့ကို အမြန်ဆွဲကာ ထိုင်ခိုင်းလိုက်သည် - "အရှင်မင်းကြီး စိတ်မဆိုးပါနဲ့ဦး။ အခု ချက်ချင်း သွားဆူလိုက်ရင် လူတွေက မင်းသမီးက တိုင်တောတယ်လို့ ထင်သွားကြလိမ့်မယ်။ အဲဒီအခါကျရင် မင်းသမီးအပေါ် ပိုပြီး အငြိုးထားလာနိုင်တယ်။ ချန်းချဲ့တို့ လိုချင်တာက သူတို့ဘာသာသူတို့ အမှားကို သိပြီး ခေါင်းမဖော်ဝံ့အောင် လုပ်ဖို့ပါ။ အဲဒီလိုမှ မင်းသမီးအပေါ် ပိုပြီး ကောင်းလာကြမှာ"
နင်ချန် စိတ်အနည်းငယ် ငြိမ်သွားသောအခါမှ ယဲ့ယွင်၏အကြံဉာဏ်ကို မေးလေသည်။ ထို့နောက် ယဲ့ယွင်က သူမ၏အစီအစဉ်ကို ပြောပြလိုက်သည်။
"ဒါလည်း ကောင်းတာပဲ။ အချိန်ကျရင် ကျန်း ဖျင်ယန်မြို့စားကို ခေါ်မေးလိုက်မယ်။ ပြန်သွားရင် ဘာလုပ်ရမလဲဆိုတာကတော့ ဖုန်းမိသားစုရဲ့ကိစ္စပဲပေါ့" ဟု နင်ချန်က မကျေမနပ် ပြောသည်။
ဧကရာဇ်ကြီးအား အကြာကြီး စိတ်မဆိုးစေချင်သဖြင့် ယဲ့ယွင်သည် ဟွေယွဲ့ကို အကြည့်တစ်ချက် ပေးလိုက်သည်။ ဟွေယွဲ့က ရိပ်မိကာ အပြင်သို့ ထွက်သွားပြီး ခဏအကြာတွင် စတုတ္ထမင်းသားလေးကို ပွေ့ချီလာလေသည်။
ဤသည်မှာ နင်ချန်၏အာရုံကို လွှဲပြောင်းရန် အောင်မြင်သွားတော့သည်။ စတုတ္ထမင်းသားလေးမှာ လမ်းလျှောက်တတ်နေပြီ ဖြစ်ရာ အချီမခံဘဲ ကြမ်းပြင်ပေါ်သို့ ဆင်းချင်နေသည်။ နို့ထိန်းက သူ့ကို ချပေးလိုက်သောအခါ ညန်ကောင်းက သခင်လေး လဲမှာစိုးသဖြင့် ဘေးမှ ကပ်လိုက်နေရှာသည်။
အားလုံး၏ အကြည့်များကြားတွင် စတုတ္ထမင်းသားလေးသည် ယိမ်းယိုင်ယိုင်ဖြင့် မိဘများရှိရာသို့ လျှောက်လာသည်။ ယဲ့ယွင်က ပြုံးလျက် သားဖြစ်သူကို ပေါင်ပေါ် တင်လိုက်ကာ စနောက်လိုက်သည် - "ကျင့်အာ... ငါက ဘယ်သူလဲ"
"မေမေ!" စတုတ္ထမင်းသားလေးက လိမ္မာစွာ အော်လိုက်သည်။
"အရမ်း တော်တာပဲ" ယဲ့ယွင်က စတုတ္ထမင်းသားလေး၏ ပါးလေးကို နမ်းလိုက်ပြီး နင်ချန်ကို ပြကာ မေးပြန်သည် - "ဒါက ဘယ်သူလဲ"
အားပေးမှုကို ရရှိသွားသဖြင့်လား မသိ၊ စတုတ္ထမင်းသားလေးက "ဖေဖေ!" ဟု အကျယ်ကြီး အော်လိုက်ပြန်သည်။
ယဲ့ယွင်သည် စတုတ္ထမင်းသားလေး၏ လက်မောင်းလေးကို ကိုင်ကာ ကလေးအသံဖြင့် ပြောလိုက်သည် - "ကျင့်အာက ခမည်းတော်ကို ဂါရဝပြုပါတယ်"
ဤချစ်စရာကောင်းသော ပုံစံကြောင့် နောက်ဆုံးတွင် နင်ချန်မှာ ပြုံးရွှင်သွားတော့သည်။ သူသည် ကလေးကို လွှဲပြောင်း ပွေ့ချီလိုက်ကာ -
"ကျင့်အာက တခြားကလေးတွေနဲ့ တကယ် မတူဘူး။ ကျွာကျိုး တုန်းကလည်း ကျန်းဆီကိုပဲ လာတာပဲ"
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-328
အခန်း ၃၂၈ ။ ကျီးကန်းချင်း အတူတူပဲ
ယဲ့ယွင်က သူ့ကို တစ်ချက်စောင်းကြည့်လိုက်ပြီး ဘာပြောရမှန်းမသိသည့် အမူအရာမျိုး လုပ်ပြလိုက်သည်။
"တခြားသူတွေ လျှောက်တွေးတာက ထားလိုက်ပါတော့၊ အရှင်မင်းကြီးကတော့ အဲလို လျှောက်မတွေးပါနဲ့။ ချန်းချဲ့အထင်တော့ အဲ့နေ့က အရှင်မင်းကြီးသာ ကျင်အာကို မခေါ်ခဲ့ရင် ကျင့်အာက အရှင်မင်းကြီးအနားကို ဘယ်လာပါ့မလဲ။ အရှင်မင်းကြီးက ကျောက်ချွန်းဆောင်ကို လာတိုင်း ကလေးကို စနောက်ရတာ ဝါသနာပါတာလေ၊ ကျင့်အာက အရှင်မင်းကြီးနဲ့ ရင်းနှီးနေတာ။ အစိမ်းသက်သက် လူတွေအများကြီးကြားထဲမှာ သူက အရှင်မင်းကြီး တစ်ယောက်တည်းကိုပဲ သိတာလေ။ ကလေးဆိုတာ လူကြောက်တတ်တယ် မဟုတ်လား၊ သူရင်းနှီးတဲ့သူဆီကိုပဲ သွားတာပေါ့"
"ကဲပါ... ကဲပါ... ကျန်း ဘာမှ မပြောရသေးပါဘူး။ မင်း စိုးရိမ်မနေပါနဲ့၊ ကျန်းက အမှားအမှန် မခွဲခြားတတ်တဲ့ မင်းမိုက်မှ မဟုတ်တာ"
နင်ချန်က သက်ပြင်းချကာ ဆိုသည်။
တကယ်တော့ သူ့စိတ်ထဲတွင်လည်း အတွေးအချို့ ရှိခဲ့သော်လည်း၊ ဤအမျိုးသမီး၏ စကားကြောင့် ထိုအတွေးများမှာ လွင့်စင်သွားတော့သည်။ တခြားသူသာဆိုလျှင် ဤအခွင့်အရေးကို အသုံးချကာ ထီးနန်းဆက်ခံရေးနှင့် ပတ်သက်သည့် စကားမျိုး ပြောပေလိမ့်မည်။ ယဲ့ယွင်ကတော့ အငြိမ်မခံဘဲ အမြန်ပင် ရှင်းပစ်လိုက်လေသည်။
ဤကိစ္စကို သာမန်ကိစ္စတစ်ခုအဖြစ် သတ်မှတ်ကာ ကျော်ဖြတ်လိုက်ကြသဖြင့် နောက်ထပ် မပြောဖြစ်ကြတော့ပေ။ ညစာကိုလည်း သုံးယောက်အတူတူ သုံးဆောင်ကြသည်။ စတုတ္ထမင်းသားလေးက စားပွဲအငယ်လေးဖြင့် စားပြီး၊ ယဲ့ယွင်နှင့် နင်ချန်က စားပွဲကြီးတွင် စားကြသည်။
စားသောက်ပြီးနောက်မှ နို့ထိန်းက ကလေးကို ပွေ့ချီသွားတော့သည်။ အခန်းထဲမှ လူများ အကုန်ထွက်သွားသောအခါ ယဲ့ယွင်သည် ခေါင်းအုံးအိအိလေးကိုဖက်ကာ ခုတင်ပေါ်သို့ မှောက်ချလိုက်ပြီး လက်ဖျားတောင် မလှုပ်ချင်တော့ပေ။
"ဘယ်လိုဖြစ်တာလဲ၊ ဒီလောက်တောင် ပင်ပန်းသွားတာလား"
နင်ချန်က သူမအနားတွင် ထိုင်လိုက်ပြီး သူမကို ဆွဲလှည့်ကာ ပြုံးလျက် ကြည့်သည်။
"မနက်ပိုင်း ပွဲမှာ ဧည့်သည်တွေကို ဧည့်ခံရတာ ပြုံးလွန်းလို့ မျက်နှာတောင် တောင့်နေပါပြီ။ ပြန်ရောက်တော့လည်း မင်းသမီးနဲ့ စကားပြောရသေးတယ်၊ ပြီးတော့ အရှင်မင်းကြီးကလည်း ရောက်လာပြန်ရော။ ကြည့်ပါဦး... ချန်းချဲ့ အဝတ်အစားတောင် မလဲရသေးဘူး"
ပြောရင်းနှင့် သူမ၏ လက်မောင်းကို မြှောက်ပြလိုက်သည်။ ထိုအခါမှ နင်ချန် သတိထားမိသည်မှာ ယဲ့ယွင် ဝတ်ထားသည်မှာ ပွဲတက်ဝတ်စုံ ဖြစ်နေဆဲ ဖြစ်ပြီး သာမန်ဝတ်စုံထက် ပို၍ လေးလံလှပေသည်။
နင်ချန်က သူမ၏ လက်မောင်းကို ဖမ်းကိုင်လိုက်ပြီး တိုးတိုးလေး ချော့လိုက်သည်
“ချင်းချင်း ပင်ပန်းသွားတာ ကျန်း သိပါတယ်။ ဒါပေမဲ့ ရေမိုးချိုးပြီးမှ အိပ်ရမှာပေါ့၊ မြန်မြန်ထ... အစေခံတွေ ရေသွားပြင်နေပြီ"
"မထချင်ပါဘူး... ချင်းချင်း မထနိုင်တော့ဘူး၊ ချင်းချင်း အိပ်တော့မယ်"
နင်ချန်က သူမ၏ဤကဲ့သို့ကလေးဆန်မှုကိုသဘောကျမှန်းသိသဖြင့် ယဲ့ယွင်တမင် ဂျီကျလိုက်သည်။
မျက်လုံးလေး ကလည်ကလည်ဖြင့် ကြည့်နေပုံမှာ မြေခွေးမလေးတစ်ကောင်
ကဲ့သို့ လှပနေသည်။ နင်ချန်ကလည်း မျက်ခုံးပင့်ကာ ဤအမျိုးသမီး ဂျီကျနေမှန်း သိသဖြင့် အလိုက်သင့် အလိုလိုက်ပေးလိုက်သည်။
သူသည် ယဲ့ယွင်၏ ခါးပတ်ကို လှမ်းဖြုတ်လိုက်ကာ - "ဒါဆိုရင်လည်း အပေါ်ဝတ်စုံကိုတော့ ချွတ်ရမှာပေါ့။ ချင်းချင်း ပင်ပန်းနေတာဆိုတော့ ကျန်းကပဲ အလှလေးအတွက် ကူညီပေးပါ့မယ်"
ဤနေရာမှာ အပြင်ခန်းဖြစ်နေသဖြင့် ယဲ့ယွင်က သူ့ကို ဤသို့ လာကလူတာကို မခံချင်သဖြင့် ချက်ချင်း ရှောင်လိုက်သည်။ ထိုသို့ ရှောင်လိုက်သောအခါ နင်ချန်၏လက်မှာ အဟောင်းသားဖြစ်သွားပြီး မျက်ဝန်းများ မှောင်ကျသွားသည်။
သူသည် ခါးပတ်ဖြုတ်ခြင်း မဟုတ်တော့ဘဲ ကလိထိုးကာ စနောက်တော့သည်။ သူမကို ခုတင်ပေါ်တွင် ဝိုင်းပတ်ထားပြီး ခါးကို အားမနာတမ်း ကလိလိုက်ထိုးလေသည်။ ယဲ့ယွင်မှာ ပင်ကိုယ်ကပင် ယားတတ်သူ ဖြစ်ရာ အားရပါးရ ရယ်မောရင်း ယားလွန်းသဖြင့် အသက်ရှူပင် မဝတော့ပေ။ ခဏအကြာတွင် ရယ်လွန်း၍ မျက်ရည်ပင် ထွက်လာကာ အရှုံးပေး တောင်းပန်ရတော့သည်။
ခုတင်ပေါ်တွင် လူးလှိမ့်ရှောင်တိမ်းနေသဖြင့် ဆံပင်များပင် ဖရိုဖရဲ ဖြစ်ကုန်၏။ မျက်ဝန်းထောင့်တွင် မျက်ရည်စလေးများ ဝဲနေကာ ရယ်သံကို အနိုင်နိုင် ထိန်းထားရပြီး အသက်ရှူသံ ပြင်းပြင်းနှင့် သူမ၏ နှုတ်ခမ်းနီနီလေးမှာ အလွန်ပင် ဆွဲဆောင်မှု ရှိလှပေသည်။ ရေနွေးလည်း အဆင်သင့် ဖြစ်နေပြီဖြစ်ရာ အချိန်ကိုက်ပင်။
နင်ချန်က သူမကို ရုတ်တရက် ပွေ့ချီကာ အတွင်းခန်းသို့ ဝင်သွားတော့သည်။ ကြင်နာယုယမှုများဖြင့် အခန်းတစ်ခုလုံး လွှမ်းမိုးသွားတော့၏။ ပြန်အိပ်ကြသောအခါတွင် ညနက်နေပြီ ဖြစ်သည်။ နှစ်ယောက်စလုံး စကားမပြောနိုင်လောက်အောင် ပင်ပန်းနေသဖြင့် လှဲလိုက်သည်နှင့် နှစ်ခြိုက်စွာ အိပ်ပျော်သွားကြတော့သည်။
....
နောက်တစ်နေ့ နံနက်။
ယဲ့ယွင် နိုးလာသောအခါ ဘေးဘက်သို့ လှိမ့်ကြည့်လိုက်ရာ ဘေးနားတွင် လူမရှိတော့ပေ။ သို့သော် စောင်ထဲတွင် နွေးနေသေးသဖြင့် ထသွားကာစမှန်း သိလိုက်သည်။ သူမ ခုတင်ပေါ်မှ ဆင်းကာ အပေါ်အင်္ကျီကို ရုံပြီး အပြင်ခန်းသို့ ထွက်လာခဲ့သည်။
ထင်သည့်အတိုင်း နင်ချန်သည် အစေခံများ၏ အကူအညီဖြင့် ခါးပတ်ပတ်နေဆဲ ဖြစ်ပြီး မထွက်ရသေးပေ။ အသံကြား၍ လှည့်ကြည့်လိုက်သောအခါ ဆံပင်ဖရိုဖရဲနှင့် အိပ်ရာနိုးစ ဖြစ်နေသော ယဲ့ယွင်ကို တွေ့လိုက်ရသည်။
"ဘာလို့ မအိပ်တော့တာလဲ၊ ကျန်းက မင်းကို နှိုးလိုက်မိလို့လား" ဟု နင်ချန်က တိုးတိုးလေး မေးသည်။
"အရှင်မင်းကြီး သွားတော့မှာလား၊ ပြန်လာဦးမှာလား"
ယဲ့ယွင်က တဝက်တပျက် နိုးနေသော အသံဖြင့် မေးလိုက်သည်။
သူမ၏ ထိုပုံစံကို ကြည့်ကာ နင်
ချန်၏စိတ်ထဲတွင်နူးညံ့သွားပြန်သည်။ ထို့ကြောင့်သူမကို ပွေ့ဖက်ကာ နဖူးကို နမ်းလိုက်ပြီး ပြောလိုက်သည်။
"လိမ္မာတယ်... ကျန်း ညီလာခံပြီးရင် မင်းနဲ့အတူ နေ့လည်စာ စားဖို့ ပြန်လာခဲ့မယ်"
ပြောပြီးနောက် ယဲ့ယွင်ကို ပွေ့ချီကာ အတွင်းခန်းရှိ ခုတင်ပေါ်သို့ ပြန်တင်ပေးလိုက်သည်။
"စောသေးတယ်၊ နောက်ထပ် နာရီဝက်လောက် ထပ်အိပ်လိုက်ဦး"
"အင်း"
ယဲ့ယွင်က ခေါင်းညိတ်ကာ အပြင်ဘက်ကို ကျောပေးပြီး မျက်လုံးမှိတ်လိုက်သည်။ သရုပ်ဆောင်တာလည်း ပါသော်လည်း အိပ်ချင်တာကတော့ အမှန်ပင်။ နင်ချန်၏ မျက်လုံးထဲတွင်မူ သူမမှာ အလွန်ချစ်စရာ ကောင်းနေတော့သည်။ သူ အကြိမ်ကြိမ် ပြန်ကြည့်ပြီးမှ ထွက်ခွာသွားသည်။
.....
နာရီဝက်အကြာတွင် ဟွေယွဲ့ ဝင်လာပြီး သူမကို နှိုးကာ မိဖုရားခေါင်ကြီးအား ဂါရဝပြုရန် ပြင်ဆင်ပေးသည်။ ယနေ့တွင် နှုတ်လှန်ထိုးပွဲ ဖြစ်မည်ကို ကြိုတွေးထားပြီးသားပင်။
ထင်သည့်အတိုင်းပင် ဂါရဝပြုပြီး စကားအနည်းငယ် ပြောရုံရှိသေး၊ စကားလုံးများက စူးရှလာတော့သည်။
"မင်ရွှင်ရီက ငယ်ပေမယ့် ကလေးထိန်းတာ တကယ် တော်တာပဲ။ ဒါကြောင့်လည်း အရှင်မင်းကြီးက မင်းကိုရော စတုတ္ထမင်းသားလေးကိုပါ ဒီလောက် ချစ်နေတာပေါ့။ တခြားသူတွေလည်း အတုယူကြဦး"
မိဖုရားခေါင်ကြီးက တမင်ပြောလိုက်သည်။
ချီးကျူးတာ မဟုတ်ဘဲ ရန်တိုက်ပေးနေခြင်းသာ ဖြစ်သည်။
"ဟုတ်ပ... စတုတ္ထမင်းသားက တကယ် ထက်မြက်တာ။ ကျွာကျိုးတုန်းကတောင် အရှင်မင်းကြီးကို ဒီလောက် ပျော်အောင် လုပ်နိုင်တယ်ဆိုတော့ မင်ရွှင်ရီ ဘယ်လောက်တောင် ကြိုးစားပြီး သင်ပေးထားမလဲ မသိဘူး"
ယိရွှင်ယွမ်က ပြုံးလျက် ဆိုကာ ယောင်ရှန်း(ဖန်းရှိုးယွမ်) ဘက်သို့ လှည့်လိုက်သည်။
"ဖန်းရှိုးယွမ်လည်း အများကြီး သင်ယူထားဦး။ ဒီကလေးနှစ်ယောက်က မွေးနေ့ချင်း တူနေတော့ နှစ်တိုင်း အနှိုင်းခံနေရမှာလေ"
ယောင်ရှန်း၏ မျက်ဝန်းများ မှောင်ကျသွားကာ စိတ်ထဲတွင် အလွန် ရွံရှာမိသော်လည်း အပြင်ပန်းတွင်မူ တည်ငြိမ်စွာပင်ဖြေလိုက်သည်။
"အကြံပေးတာ ကျေးဇူးတင်ပါတယ် ရွှင်ယွမ်။ ချန်းချဲ့ တတိယမင်းသမီးလေးကို အကောင်းဆုံး ဆုံးမပါ့မယ်"
သူမ၏ ထိုပုံစံကို ကြည့်ကာ ယိရွှင်ယွမ် စိတ်ပျက်သွားပြီး ယဲ့ယွင်ဘက် လှည့်ကာ မကျေနပ်သကဲ့သို့ထပ်ပြောပြန်သည်။
"မွေးနေ့ချင်း တူပေမယ့်လည်း အမေက ဘယ်လောက် ကြိုးစားပြီး သင်ပေးထားလဲ ဆိုတာပေါ် မူတည်ပြီး ကွာခြားသွားတာပဲနော်"
"ကိုယ့်ကလေးကိုယ်ဆိုတော့ ပိုပြီး ဂရုစိုက်ရတာပေါ့။ လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ တတိယမင်းသားလေးက အရှင်မင်းကြီးဆီကို ဟင်းရည် ပို့ပေးတယ်လို့ ကြားတယ်။ အဲဒီအရွယ်လေးနဲ့တောင် လူကြီးကို သိတတ်နေတာ၊ ယိရွှင်ယွမ်က တကယ်ကို သေချာသင်ပေးထားတာပဲ။ စတုတ္ထမင်းသားကတော့ အခုမှ တစ်နှစ်ပဲရှိသေးတော့ တတိယမင်းသားလောက် သင်ရတာ မလွယ်သေးဘူးလေ"
ယဲ့ယွင်က မျက်တောင်ခတ်ကာ အေးစက်စက် ပြန်ချေပလိုက်သည်။ တစ်နှစ်သားနှင့် သုံးနှစ်သား မည်သူက ပိုသင်ရလွယ်သလဲ ဆိုသည်မှာ ရှင်းလှပေသည်။ မိမိက ထိုသို့ လုပ်ခဲ့ဖူးသဖြင့် တခြားသူကိုလည်း မိမိလို ထင်နေခြင်းမှာ တကယ့်ကို "လူယုတ်မာစိတ်" ပင်။
ဟွေ့ကျောင်းရုန်ကလည်း အခွင့်အရေးကို အသုံးချကာ ဝိုင်းပြောသည်။
“တတိယမင်းသားလေးက ငယ်ငယ်လေးနဲ့ သိတတ်တာပဲ။ ယိရွှင်ယွမ် တကယ် ပင်ပန်းခဲ့မှာပဲ။ အရှင်မင်းကြီးကလည်း တတိယမင်းသားကို အရမ်းချစ်မှာ သေချာတယ်။ ငါတို့ မင်းသားတွေ အများကြီးထဲမှာ ဘယ်သူမှ အရှင်မင်းကြီးကို ဟင်းရည် ပို့ဖို့ မစဉ်းစားမိကြဘူးလေ"
စတုတ္ထမင်းသားကို လူကြီးက သင်ပေးထားတာဆိုလျှင်လည်း မင်းရဲ့ တတိယမင်းသား ဟင်းရည်ပို့တာကရော လူကြီးက ခိုင်းတာ မဟုတ်ဘူးလား ဆိုသည့် သဘောပင်။
"ကဲပါ... အားလုံးက အရှင်မင်းကြီးရဲ့ သားသမီးတွေဖြစ်တဲ့အပြင် ကလေးကောင်းလေးတွေပါ။ မင်းတို့ အမေတွေက ကလေးတွေကို သေချာဆုံးမတာ ကောင်းပါတယ်၊ ဒါပေမဲ့ လမ်းမှားပေါ်ကိုတော့ မရောက်ပါစေနဲ့"
မိဖုရားခေါင်ကြီးက ထိုသို့ ပြောကာ စကားဖြတ်လိုက်သည်။ သူမ၏ အမြင်တွင် ဤကိုယ်လုပ်တော်များမှာ "ကမ္ဘာပေါ်က ကျီးကန်းတွေ အကုန်လုံးက အတူတူပဲ" ဆိုသည့်အတိုင်း အားလုံး အတူတူပင်။ အကုန်လုံး သေကုန်ရင်တောင် ကောင်းဦးမည်ဟု တွေးနေမိသည်။
အားလုံး စကားတိတ်သွားသောအခါမှ မိဖုရားခေါင်ကြီးက ထပ်ပြောသည်။
“ဟွေ့ကျောင်းရုန်... မနေ့ညက ပထမမင်းသားလေး ဂျီကျပြီး ငိုနေတယ်လို့ ကြားတယ်။ ကလေး နေမကောင်းလို့လား၊ သမားတော် ခေါ်ပြပြီးပြီလား"
"မိဖုရားခေါင်ကြီး... သမားတော် ပြပြီးပါပြီ၊ ခန္ဓာကိုယ်ကတော့ ဘာမှ မဖြစ်ပါဘူး။ ချန်းချဲ့နဲ့ သိပ်မရင်းနှီးသေးတာလည်း ပါမယ်၊ မနေ့က မယ်တော်ကြီးနဲ့ တွေ့လိုက်ရတော့ မယ်တော်ကြီးကို သတိရပြီး ဂျီကျတာ ဖြစ်မှာပါ။ ဒါကြောင့် ဒီနေ့ နေ့လည်မှာ ကလေးနှစ်ယောက်လုံးကို ခေါ်ပြီး မယ်တော်ကြီးဆီ ဂါရဝပြုဖို့ သွားမလို့ပါ"
***