← Chapters

အခန်း (၃၂၉-၃၃၀)

Vol. 21 Ch. 329-330

အခန်း (၃၂၉-၃၃၀)

Vol. 21 Ch. 329-330

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-329

အခန်း ၃၂၉ ။ အသုံးမကျသူ

"ဒါဆိုရင်တော့ ကောင်းတာပေါ့" မိဖုရားခေါင်ကြီးက ခေါင်းညိတ်လျက်ပြန်ဖြေခဲ့သည်။

"ပထမမင်းသားက ကျန်းမာရေး သိပ်မကောင်းဘူး၊ ကလေးဆိုတာ တစ်ခုခု နေမကောင်းဖြစ်ရင် ဂျီကျတတ်တာပဲ။ မင်း ပိုပြီးတော့ ဂရုစိုက်ရမယ်နော်"

"ဟုတ်ကဲ့ပါ၊ ချန်းချဲ့ အစွမ်းကုန် ကြိုးစားပါ့မယ်" ဟွေ့ကျောင်းရုန်က ခေါင်းညိတ်ဖြေကြားသည်။

ကလေးတစ်ယောက်အကြောင်း ပြောပြီးနောက် မိဖုရားခေါင်ကြီးသည် တခြားသော ကလေးများအကြောင်းကိုလည်း တစ်ယောက်ချင်းစီ မေးမြန်းလေသည်။ ကြင်နာတတ်သော မိခင်ရင်းကဲ့သို့ ပုံစံမျိုး အပြည့်အဝ လုပ်ပြပြီးမှ အားလုံးကို ပြန်ခွင့်ပေးလိုက်တော့သည်။

ဟွေ့ကျောင်းရုန် သူမ၏ နန်းဆောင်သို့ ပြန်ရောက်သောအခါ ပထမမင်းသားသည် စာသင်ခန်းသို့ သွားနှင့်နေပြီ ဖြစ်သည်။ မသွားခင်မှာလည်း တစ်ခါထပ်ပြီး ဒေါသတကြီး ဂျီကျခဲ့သေး၏။ သူက ကျန်းမာရေး မကောင်းသဖြင့် အစေခံများမှာ တစ်ခုခု ဖြစ်သွားမည်ကို စိုးရိမ်ကာ အတင်းချော့မော့ပြီးမှ လွှတ်လိုက်ရခြင်း ဖြစ်သည်။

သို့သော် ဟွေ့ကျောင်းရုန်ကို သတင်းမပို့မိခဲ့သည်မှာ ပထမမင်းသားသည် ယနေ့ လူကိုပင် လက်ပါခဲ့ခြင်း ဖြစ်သည်။ သို့သော် အရှိန်သိပ်မပြင်းလှပေ၊ သူ့ကို ချီရန် ကြိုးစားသော နို့ထိန်းကို ပါးတစ်ချက် ရိုက်လိုက်ခြင်းဖြစ်သည်။

ဟွေ့ကျောင်းရုန်မှာလည်း စိတ်ညစ်နေရသော်လည်း ဘာမှ မတတ်နိုင်ပေ။ ယနေ့ နေ့လည်တွင် မယ်တော်ကြီးထံ ဂါရဝပြုရန် ခေါ်သွားလျှင် စိတ်အခြေအနေ သက်သာလာနိုင်မလားဟု တွေးမိသည်။ သူမ၏ အမြင်တွင် ပထမမင်းသားမှာ မယ်တော်ကြီးကို သတိရ၍ ဂျီကျနေခြင်း ဖြစ်သည်ဟု ထင်နေ၏။

ညနေပိုင်းတွင် မယ်တော်ကြီးနှင့် တွေ့ပြီးနောက် အမှန်ပင် ရက်အနည်းငယ်ကြာ ငြိမ်သက်သွားခဲ့သည်။

....

ထိုအတောအတွင်းမှာပင် နန်းပြင်၌ ကိစ္စတစ်ခု ဖြစ်ပွားခဲ့သည်။

ကျားရိုမင်းသမီးမှာ ကိုယ်ဝန် သုံးလပင် မပြည့်သေးမီ ဖုမာသည် စာကြည့်တိုက်မှ အစေခံမလေးနှင့် ပတ်သက်ခဲ့သဖြင့်၊ မင်းသမီးမှာ မတတ်သာဘဲ ထိုအစေခံမလေးကို ယိနျန် (မယားငယ်) အဖြစ် မြှောက်စားပေးလိုက်ရကာ ဝမ်းနည်းလွန်းသဖြင့် အခန်းထဲတွင် အကြိမ်ကြိမ် ငိုကြွေးနေရသည် ဟူသော သတင်း ဖြစ်သည်။

ထိုကိစ္စ နန်းပြင်သို့ ပျံ့နှံ့သွားသောအခါ ကျားဟယ်မင်းသမီး (အစ်မဖြစ်သူ) သည် ညီမလေး မတရား အနိုင်ကျင့်ခံရသည်ကို ကြားသည်နှင့် ဖျင်ယန်မြို့စားအိမ်တော်သို့ ချက်ချင်း သွားရောက်ကာ၊ ညီမဖြစ်သူကို ကိုယ်ဝန်စောင့်ရှောက်ရန် မင်းသမီးစံအိမ်သို့ ခေါ်သွားမည်ဟုဆိုကာ ပြဿနာရှာတော့သည်။

ထိုအချိန်တွင် နင်ချန်ကလည်း လူကိုယ်တိုင် ပါဝင်လာကာ ဖျင်ယန်မြို့စားကို နန်းတော်သို့ ခေါ်ယူပြီး အကြီးအကျယ် ဆူပူကြိမ်းမောင်းတော့သည်။ အကယ်၍ ဖုန်းမိသားစုက တော်ဝင်မင်းသမီးကို စော်ကားမည်ဆိုပါက ဖုမာကို လူလဲရန် ဝန်မလေးကြောင်းအထိ ပြင်းပြင်းထန်ထန် မိန့်ကြားလိုက်လေသည်။

အကျိုးဆက်မှာ ထင်ရှားလှပေသည်။ အကယ်၍ တော်ဝင်မိသားစုနှင့် ကွာရှင်းရမည်ဆိုပါက ဖျင်ယန်မြို့စား အိမ်တော်တစ်ခုလုံး ကောင်းစားတော့မည် မဟုတ်ပေ။ မြို့စားမှာလည်း မတတ်သာဘဲ ဧကရာဇ်ကို အဖန်ဖန် ကတိပေးကာ၊ အိမ်ပြန်ရောက်သည်နှင့် ဖုန်းကျီဟွမ် (ဖုမာ) ကို မိသားစု စည်းကမ်းဖြင့် အပြင်းအထန် ရိုက်နှက် အပြစ်ပေးတော့သည်။ ထို့ပြင် ဖန်သိုက် (အစေခံမလေး) ကိုလည်း ရိုက်သတ်ပစ်ရန် စီစဉ်တော့သည်။

နင်လင်သည် အချိန်ကိုက်ပင် ထွက်လာကာ ဖုမာအတွက် အသနားခံပေးပြီး ကျန်ရှိသော ရိုက်နှက်ဒဏ်ကို ရပ်တန့်စေခဲ့သည်။ ထို့ပြင် ဖန်သိုက်ကိုလည်း ရိုက်သတ်ရန် မလိုဘဲ နယ်ဘက်ရှိ ခြံဝင်းများသို့ ပို့ဆောင်ကာ အလုပ်လုပ်ခိုင်းရန် အကြံပြုခဲ့သည်။

ထိုအချိန်မှာပင် သူမသည် မူးလဲသွားပြန်သည်။ သမားတော် ခေါ်ပြသောအခါ အလွန်အမင်း စိတ်ထိခိုက် ဝမ်းနည်းခြင်းကြောင့် ဖြစ်သည်။

ဤသို့ စနစ်တကျ လုပ်ဆောင်လိုက်မှုများကြောင့် ဖုန်းကျီဟွမ်မှာ စိတ်ထဲတွင် နောင်တအကြီးအကျယ်ရသွားကာ နင်လင်၏ ခုတင်ဘေးတွင် ဒူးထောက်၍ ဘယ်တော့မှ မယားငယ် ထပ်မယူတော့ပါဟု ကျိန်ဆိုတော့သည်။

ကံမကောင်းသည်မှာ ယခုအချိန်တွင် ဖုန်းကျီဟွမ် မည်သို့ပင် ဖြစ်နေပါစေ နင်လင်ကတော့ ဘယ်တော့မှ ထပ်မယုံတော့ပေ။ သို့သော် လင်မယားအဖြစ် ပေါင်းသင်းနေရသဖြင့် အကြင်နာ တရားများ မရှိတော့လျှင်တောင် ဖုန်းကျီဟွမ်တွင် တခြား အမျိုးသမီးများ မရှိစေရန်တော့ သူမ စိတ်ပိုင်းဖြတ်ထားလိုက်သည်။

......

နန်းပြင်ကိစ္စမှာ ထိုသို့ပင် ပြီးဆုံးသွားခဲ့သော်လည်း နန်းတွင်း၌ ကိစ္စတစ်ခု ထပ်ဖြစ်ပြန်သည်။ သာမန်ကိစ္စလည်း မဟုတ်ပေ။

ပထမမင်းသားသည် ဒေါသထွက်ကာ အစေခံများကို ရိုက်နှက်နေသဖြင့် ဟွေ့ကျောင်းရုန်က လာရောက် တားမြစ်ရာ၊ ပထမမင်းသားက ဟွေ့ကျောင်းရုန်ကို အရှိန်နှင့် ဝင်တိုက်လိုက်သဖြင့် ဟွေ့ကျောင်းရုန်မှာ မမျှော်လင့်ဘဲ နောက်သို့ လန်ကျသွားတော့သည်။

ဒုတိယမင်းသမီးလေးမှာ ထိုအသံကို ကြား၍ ရောက်လာရာ မိခင်ဖြစ်သူ အနိုင်ကျင့်ခံရသည်ကို မြင်သဖြင့် ဝင်တားသည်။ သူမသည် ပထမမင်းသားထက် ၆ လ ငယ်သဖြင့် အင်အားချင်း မမျှပေ။ အစေခံများ တားဆီးရန် မမီလိုက်မီမှာပင် ပထမမင်းသားက ဒုတိယမင်းသမီးလေးကို တွန်းပစ်လိုက်ရာ ထိုင်ခုံထောင့်နှင့် တိုက်မိပြီး နဖူးတွင် သွေးထွက်သံယို ဖြစ်သွားတော့သည်။

ထိုအခါ ဟွေ့ကျောင်းရုန်မှာ ခြေထောက်ခေါက်သွားသလို၊ ဒုတိယမင်းသမီးလေးမှာလည်း နဖူး ကွဲသွားခဲ့သည်။ တစ်အိမ်လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ ဧကရာဇ်နှင့် မိဖုရားခေါင်ကြီးထံ ချက်ချင်း သတင်းပို့ကြတော့သည်။ နန်းဆောင်အသီးသီးမှ ကိုယ်လုပ်တော်များလည်း အပြေးအလွှား ရောက်လာကြ၏။

ဟွေ့ကျောင်းရုန်၏ ခြေထောက်ဒဏ်ရာမှာ မပြင်းထန်သဖြင့် တွဲလျှောက်၍ ရသော်လည်း၊ ဒုတိယမင်းသမီးလေးမှာမူ နဖူးတွင် အတော်လေး ပြင်းထန်ကာ ဆံပင်အနည်းငယ် ရိတ်ပြီးမှ ဒဏ်ရာကို ဆေးထည့်ပေးရသည်။ ကလေးမှာ နာလွန်းသဖြင့် အော်ဟစ်ငိုယိုနေသည်ကို မြင်ရသော ဟွေ့ကျောင်းရုန်မှာ ရင်ကွဲမတတ် ခံစားရရှာသည်။

တရားခံဖြစ်သူ ပထမမင်းသားမှာမူ ယခုမှ ငြိမ်သွားကာ ဘေးတစ်ဖက်တွင် လက်နောက်ပြန် ထည့်လျက် မျက်နှာတစ်ခုလုံး ဖြူလျော်နေတော့သည်။ သိသိသာသာပင် သူလည်း ကြောက်နေရှာသည်။

နင်ချန် ရောက်လာသောအခါ အကြောင်းစုံကို သိပြီးဖြစ်ရာ အခန်းထဲရှိ အခြေအနေကို မြင်သဖြင့် ပို၍ပင် ဒေါသထွက်သွားသည်။ သို့သော် ၅ နှစ်ပင် မပြည့်သေးသော ကလေးတစ်ယောက်အပေါ် မည်သို့ ဒေါသပုံချရမည်ကို မသိတော့ပေ။

"အရှင်မင်းကြီး စိတ်လျှော့ပါ။ အခု အရေးကြီးတာက ဒုတိယမင်းသမီးလေးရဲ့ဒဏ်ရာကို ကုဖို့ပါ။ မိန်းကလေးဆိုတော့ အမာရွတ် မကျန်ဖို့ အရေးကြီးပါတယ်။”

မိဖုရားခေါင်ကြီးက လေသံအေးဖြင့် ဖျောင်းဖျသည်။

နင်ချန်က မျက်နှာထား တင်းတင်းဖြင့် ယွမ်ကျိုကို နန်းတွင်းသမားတော်ချုပ်ကျန်းကို သွားခေါ်ခိုင်းလိုက်သည်။ ထို့နောက် ပထမမင်းသားကို သူ့အနားသို့ ခေါ်လိုက်သည်။

သို့သော် သူ စကားမပြောရသေးမီမှာပင် ပထမမင်းသားက "ဝါး" ခနဲ အော်ငိုလိုက်ပြီး - "ခမည်းတော်... သားတော် မှားပါပြီ၊ မှားပါပြီ။ ဟွေ့မယ်မယ်ကို မတွန်းသင့်ဘူး၊ ညီမလေးကိုလည်း မတွန်းသင့်ဘူး... သားတော် မှားပါပြီ... ဟီး..."

ကြောက်စိတ်ကြောင့် ဖြူလျော်နေသော မျက်နှာလေးမှာ အော်ငိုလိုက်သောအခါ အသက်ရှူပင် ကျပ်လာကာ နှုတ်ခမ်းများ ညိုမဲလာပြီး တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။ ထိုပုံစံကို မြင်သောအခါ နင်ချန်မှာ ဆက်မဆူရဲတော့ပေ။ ကလေးမှာ ဆက်ငိုနေလျှင် အသက်ရှူရပ်သွားမည်ကို စိုးရိမ်ရသည်။

သူလည်း အတော်လေး စိတ်ညစ်သွားကာ နို့ထိန်းကို ကလေးအား ခေါ်သွားပြီး ချော့ခိုင်းလိုက်ရတော့သည်။

"အရှင်မင်းကြီး... ဟွေ့ကျောင်းရုန်ရဲ့ အခြေအနေအရ ကလေးနှစ်ယောက်လုံးကို ပြုစုဖို့ မလွယ်တော့ပါဘူး။ ပထမမင်းသားရဲ့ အခုလို စိတ်နေစိတ်ထားနဲ့ဆိုရင် တခြား မင်းသား၊ မင်းသမီးတွေနဲ့ ထားဖို့လည်း မသင့်တော်ဘူး၊ ဘယ်လိုလုပ်ရင် ကောင်းမလဲဟင်"

ကျင်းသယ့်ဖေးက စိုးရိမ်တကြီး တိုးတိုးလေး ပြောလိုက်သည်။

ယဲ့ယွင်က ဟွေ့ကျောင်းရုန်ကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပင် စကားထောက်ပေးလိုက်သည်။

"ကျွန်တော်မျိုးမ အမြင်အရဆိုရင် ပထမမင်းသားကို မိဖုရားခေါင်ကြီးဆီ ခဏလွှဲပေးရင် ကောင်းမလားလို့ပါ။ အရင်ကလည်း မိဖုရားခေါင်ကြီးဆီမှာ နေဖူးတာဆိုတော့ တခြားသူတွေထက် ပိုထူးခြားမှာပါ"

ဤအခွင့်အရေးကို အသုံးချကာ ဤပူလောင်လှသော ပြဿနာကို လွှဲမထုတ်လိုက်လျှင် နောက်ထပ် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။ မိဖုရားခေါင်ကြီးက လိုချင်နေမှတော့ မြန်မြန်သာ လွှဲပေးလိုက်ရမည်။

မိဖုရားခေါင်ကြီး၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားပြီး - "ချန်းချဲ့လည်း အခုတလော အလုပ် သိပ်မရှုပ်ပါဘူး။ ကလေးတစ်ယောက်ကိုတော့ ပြုစုနိုင်ပါတယ်။ ချန်းချဲ့ဆီမှာပဲ အရင်ထားပြီး ကျန်တာကိုတော့ နောက်မှပဲ စဉ်းစားကြတာပေါ့"

နင်ချန် တွန့်ဆုတ်နေစဉ်မှာပင် ယွမ်ကျိုက အပြေးအလွှား ဝင်လာကာ မယ်တော်ကြီး ကြွလာကြောင်း သတင်းပို့သည်။ ထိုအခါ သူ ထပ်ပြီး တွန့်ဆုတ်နေ၍ မရတော့ပေ။ ကလေး၏ စိတ်နေစိတ်ထားမှာ မယ်တော်ကြီးကြောင့် ပျက်စီးခဲ့ရခြင်းဖြစ်ရာ၊ မိဖုရားခေါင်ကြီးထံ ထားခြင်းက မယ်တော်ကြီးထံ ထားခြင်းထက် ပိုကောင်းပေလိမ့်မည်။

"ဒါဆိုရင် ပထမမင်းသားကို မိဖုရားခေါင်ကြီးကပဲ ခဏတာ စောင့်ရှောက်လိုက်ပါတော့"

ဆုံးဖြတ်ချက် ချပြီးသည်နှင့် မယ်တော်ကြီး ရောက်လာတော့သည်။ သူမသည် ဝင်လာသည်နှင့် ဟွေ့ကျောင်းရုန်တို့ သားအမိကို အရင်ကြည့်ပြီးမှ သက်ပြင်းချလေသည်။

"ဧကရာဇ်က အိုက်ကျားကို မယုံကြည်ဘဲ ပထမမင်းသားကို တခြားနေရာမှာ သွားထားတော့ အခု ပြဿနာတက်ပြီ မဟုတ်လား။ အိုက်ကျားဆီမှာတုန်းက ပထမမင်းသားဟာ ဘယ်လောက် လိမ္မာတဲ့ ကလေးလဲ။ တခြားနေရာရောက်မှ ဘာလို့ ဒီလောက် စိတ်တွေ ပြောင်းလဲပြီး လူကိုတောင် လက်ပါကုန်ရတာလဲ။ အိုက်ကျား ထင်တာတော့ အစေခံတွေက သေချာ မပြုစုလို့ ကလေးက ဒီလောက် ဒေါသထွက်ရတာဖြစ်မယ်၊ ဟွေ့ကျောင်းရုန်တို့ သားအမိကိုတောင် ထိခိုက်ကုန်တယ်"

နင်ချန်မှာ မျက်မှောင်ကြုတ်သွားကာ စိတ်ထဲတွင် ဒေါသများ ဝေနေတော့သည်။

"မယ်တော်ကြီး စိတ်မပူပါနဲ့တော့။ ပထမမင်းသားကို မိဖုရားခေါင်ကြီးက ခဏ ပြုစုပေးပါလိမ့်မယ်။ မယ်တော်ကြီးအနေနဲ့ အေးအေးဆေးဆေးပဲ အနားယူပါ။ မြေးတွေအတွက်နဲ့ ပင်ပန်းမခံပါနဲ့တော့။ မယ်တော်ကြီး ပျင်းနေမယ်ဆိုရင် သားတော်ရဲ့ ဦးရီးတော်ကို နန်းတော်ထဲခေါ်ပြီး မယ်တော်ကြီးနဲ့ စကားပြောခိုင်းပါ့မယ်"

မယ်တော်ကြီးသည် မိဖုရားခေါင်ကြီးကို တစ်ချက်ကြည့်ကာ နင်ချန်၏မျက်နှာထားကို ကြည့်ပြီး၊ ယနေ့တွင် ပထမမင်းသားကို ခေါ်သွား၍ မရနိုင်တော့မှန်း သိသဖြင့် လက်လျှော့လိုက်ရတော့သည်။

နောက်ဆုံးတွင် ပထမမင်းသားကို ခေါ်သွားနိုင်ခဲ့သဖြင့် မိဖုရားခေါင်ကြီး၏ စိတ်ထဲမှ အပူတစ်လုံး ကျသွားတော့သည်။ နင်ချန်မှာမူ အခန်းထဲရှိ လူများကို မြင်ရသည်မှာ စိတ်ရှုပ်စရာကောင်းလှသဖြင့် ကိုယ်လုပ်တော် အားလုံးကို ပြန်ခိုင်းလိုက်သည်။ သမားတော်က ဒုတိယမင်းသမီးလေး၏ ဒဏ်ရာကို ကုသပေးသည်ကို ကြည့်ပြီး၊ ကလေး အိပ်ပျော်သွားမှသာ ထွက်ခွာခဲ့တော့သည်။

ယခုအခါ ပထမမင်းသား၏ အသုံးမကျသော စိတ်နေစိတ်ထားမှာ နင်ချန်အတွက် အကြီးမားဆုံးသော စိတ်ဒုက္ခတစ်ခု ဖြစ်လာခဲ့လေပြီ။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-330

အခန်း ၃၃၀ ။ လက်ရုံးကို ခုတ်ထစ်ခြင်း

ဖုန်းရှီးနန်းဆောင်။

မင်းသားကြီးကို ခေါ်ဆောင်လာနိုင်ပြီဖြစ်၍ မိဖုရားခေါင်ကြီး စိတ်အခြေအနေ အလွန်ကောင်းနေသည်။ ကလေး၏မျက်နှာလေး ဖြူလျော်နေသည်ကို မြင်သောအခါ အရင်ဆုံး သမားတော်ကိုခေါ်၍ ကြည့်ရှုစေ၏။

ကံကောင်းထောက်မစွာဖြင့် ထိတ်လန့်သွားရုံသာဖြစ်သဖြင့် စိတ်ငြိမ်ဆေးရည် သောက်လိုက်လျှင် အဆင်ပြေသွားမည်ဖြစ်သည်။

နေရာများ ခဏခဏပြောင်းနေရသဖြင့် မင်းသားကြီးမှာ တစ်ကိုယ်လုံး နွမ်းလျနေတော့သည်။ ဤတစ်နှစ်၊ နှစ်နှစ်အတွင်း မယ်တော်ကြီး ပြုစုပျိုးထောင်ပေးထားသမျှ ကျန်းမာရေးမှာလည်း အကုန်လုံး ပြန်ပျက်စီးသွားသလောက်ပင်။ နန်းတွင်း အားပြိုင်မှုများကြားတွင် အပြစ်မဲ့သောကလေးသာ ခံရရှာသည်။

"မင်းသားကြီးကို အရှေ့ဘက် ဘေးဆောင်မှာ နေရာချပေးလိုက်၊ သူ့ဘေးက တာဝန်ခံ ရန်မားမားကိုလည်း ခေါ်ခဲ့" ဟု မိဖုရားခေါင်ကြီးက အမိန့်ပေးသည်။

စုကွမ်းက ထူးပြီး ချက်ချင်းသွားခေါ်လေသည်။

မကြာမီ ရန်မားမားသည် မိဖုရားခေါင်ကြီးရှေ့သို့ ရောက်လာကာ ဒူးထောက်ဂါရဝပြုသည်။

မိဖုရားခေါင်ကြီးက ပြုံးလျက် လက်ကာပြလိုက်ပြီး "နေပါစေ... မားမားက ပန်ကုန်းရဲ့ ဆန္ဒပြည့်ဝအောင် ကူညီပေးခဲ့တာပဲ၊ ရသင့်ရထိုက်တဲ့ အကျိုးကျေးဇူးတွေကို ကျန်း လျှော့မှာမဟုတ်ဘူး။ ဒါပေမဲ့ နောင်ကျရင် မင်းသားကြီးရဲ့ စိတ်နေစိတ်ထားကိုတော့ မားမားကပဲ သေချာချော့မော့ ထိန်းကျောင်းပေးရမယ်။ ပန်ကုန်းဆီရောက်မှ အရင်လိုမျိုး ထပ်ဖြစ်လို့ မရဘူးနော်"

"ဒါကတော့ သဘာဝပါပဲ မိဖုရားခေါင်ကြီး၊ ကျွန်တော်မျိုးမတို့ မိသားစုက မိဖုရားခေါင်ကြီးရဲ့ ကျေးဇူးတွေကို ခံစားနေရတာပါ။ ကျွန်တော်မျိုးမကိုယ်တိုင်လည်း မိဖုရားခေါင်ကြီးအတွက် အသက်ပေးပြီး အလုပ်အကျွေးပြုဖို့ အသင့်ပါပဲ။ ကျွန်တော်မျိုးမမှာ အရည်အချင်းကြီးကြီးမားမား မရှိပေမယ့် မင်းသားကြီးကိုတော့ ငယ်ကတည်းက လက်ပေါ်မှာ ပြုစုလာတာဆိုတော့ ချော့လို့ရပါတယ်"

ရန်မားမားက ဖားယားသော အပြုံးဖြင့် အကြိမ်ကြိမ် ဦးချနေတော့သည်။

မိဖုရားခေါင်ကြီးသည် သူမ၏ ထိုပုံစံကို အထင်မကြီးသော်လည်း ယခုတစ်ကြိမ် အောင်မြင်မှုရရန် ရန်မားမားက အများကြီး လုပ်ဆောင်ပေးခဲ့သဖြင့် ဆုလာဘ်များ ထပ်ပေးရန် လိုအပ်သည်။ ဘေးနားရှိ တင်းမားမားကို အကြည့်တစ်ချက် ပေးလိုက်ရာ တင်းမားမားက ရိပ်မိပြီး လေးလံသော အိတ်တစ်အိတ်ကို ရန်မားမားအား ကမ်းပေးလိုက်သည်။

"သွားတော့... မင်းသားကြီးကို သေသေချာချာ ဂရုစိုက်ပါ။ နောင်ကျရင် မင်းအတွက် အကျိုးအမြတ်တွေ ရှိနေဦးမှာပဲ" ဟု မိဖုရားခေါင်ကြီးက ဆိုသည်။

ရန်မားမားမှာ ကုန်းကုန်းကွကွဖြင့် ပြန်ထွက်သွားတော့သည်။

အခန်းထဲတွင် လူယုံများသာ ကျန်တော့သောအခါ မိဖုရားခေါင်ကြီးက ချူးယွမ်ကို ခေါ်လိုက်သည်။

"ဟိုပစ္စည်းတွေကို အကုန် ဖျက်ဆီးပစ်လိုက်ပြီလား၊ အထောက်အထား ကျန်မနေစေနဲ့ဦး"

"မိဖုရားခေါင်ကြီး စိတ်ချပါ၊ ကျွန်တော်မျိုးမ အကုန် ရှင်းလင်းပြီးပါပြီ။ ပြဿနာ လုံးဝ မရှိစေရပါဘူး" ဟု ချူးယွမ်က ဖြေသည်။

မင်းသားကြီးကဲ့သို့ ငယ်ရွယ်သောကလေးမှာ အကြောင်းမဲ့ ဒေါသတကြီး ဂျီကျနေလိမ့်မည်မဟုတ်ပေ။ ၎င်းမှာ သူ့အစားအသောက်ထဲတွင် တစ်ခုခု ထည့်ထားခြင်းကြောင့် ဖြစ်သည်။ ထိုအရာကို ကြာရှည်စားသုံးပါက လူက ဒေါသထွက်လွယ်ကာ စိတ်မထိန်းနိုင် ဖြစ်လာတတ်သည်။ ထိုပစ္စည်းကို ချူးယွမ်က ရှာဖွေပေးခဲ့ပြီး ရန်မားမားမှတစ်ဆင့် မင်းသားကြီးဘေးသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။ သူတို့မှာလည်း အလွန်သတိထားကြပြီး ပမာဏကို အနည်း၊ အများ ခွဲထည့်သဖြင့် မင်းသားကြီးမှာ အချိန်ခြားပြီး ဒေါသထွက်နေသယောင်ဖြစ်စေကာ လူအများ သံသယမဝင်အောင် လုပ်ဆောင်ခဲ့ခြင်းပင်။

"ဒီဆေးကို ဖြတ်လိုက်ရင် မင်းသားကြီးက အရင်လို ဒေါသမကြီးတော့ဘူး မဟုတ်လား" ဟု မိဖုရားခေါင်ကြီးက စိတ်မချသဖြင့် မေးသည်။

ချူးယွမ်က ခေါင်းညိတ်သည် - "မှန်ပါတယ်၊ ဆေးဖြတ်လိုက်ရင် အာနိသင် မရှိတော့ပါဘူး။ မစားသရွေ့တော့ ဘာမှမဖြစ်ပါဘူး"

မိဖုရားခေါင်ကြီး စိတ်အေးသွားကာ သူမကို ပြန်ခိုင်းလိုက်သည်။

ဘေးတွင် ရပ်နေသော တင်းမားမားက တိုးတိုးလေး ပြောလာသည် - "မိဖုရားခေါင်ကြီး... ကျွန်တော်မျိုးမ အထင်တော့ အဲဒီရန်မားမားက ပိုက်ဆံမက်တဲ့သူမို့ ယုံကြည်လို့မရဘူး။ သူ့ကို မင်းသားကြီးဘေးမှာ အမြဲထားရင် ဘေးဒုက္ခ ဖြစ်လာမှာ စိုးရိမ်မိတယ်"

ထိုသို့ သတိပေးလိုက်သောအခါ မိဖုရားခေါင်ကြီးလည်း အကျိုးအကြောင်းရှိသည်ဟု ယူဆမိသည်။ ထို့ပြင် မင်းသားကြီးက အစေခံတစ်ယောက်၏ စကားကိုပဲ နားထောင်နေသည်မှာလည်း အဓိပ္ပာယ်မရှိပေ။ မင်းသားကြီး၏ စိတ်နေစိတ်ထား ပျက်စီးသွားခြင်းမှာလည်း ရန်မားမား၏ လက်ချက် ပါကောင်းပါနိုင်သည်။ ဤကဲ့သို့သောလူမျိုးကို မင်းသားကြီးဘေးတွင် ကြာရှည်မထားသင့်ပေ။

သို့သော် လောလောဆယ်တွင် ရန်မားမားမှာ အသုံးဝင်နေသေးသည်။ မင်းသားကြီးနှင့် ရင်းနှီးလာရန်အတွက် သူမကို အသုံးချရပေဦးမည်။ မိမိနှင့် မင်းသားကြီး သံယောဇဉ် တွယ်သွားပြီဆိုလျှင်တော့ ထိုအစေခံမှာ ကျန်နေရန် မလိုတော့ပေ။

"မားမား ပြောတာ မှန်တယ်။ သူ့ကို ခနပဲ အသုံးချမယ်၊ ပြီးရင်တော့ သတ်ပစ်လိုက်

ရင်လည်း မနောက်ကျပါဘူး"

မိဖုရားခေါင်ကြီးက လက်ဖက်ရည်တစ်ငုံ သောက်ရင်း အေးစက်စွာ ပြောလိုက်သည်။

ဤစကားများကို သခင်နှင့် အစေခံနှစ်ဦးသာ ကြားရမည်ဟု ထင်ထားသော်လည်း ချူးယွမ်မှာ ထွက်သွားစဉ် တစ်ခုခုကို ရိပ်မိသဖြင့် မိဖုရားခေါင်ကြီး ထိုင်နေသော ပြတင်းပေါက်အောက်တွင် ကပ်နားထောင်နေခြင်း ဖြစ်သည်။ ထို့ကြောင့် "ဒီအစေခံက ကျန်နေဖို့ မလိုတော့ဘူး" ဟူသော စကားကို ကွက်တိ ကြားလိုက်ရတော့သည်။

မိဖုရားခေါင်ကြီး ပြောလိုက်သော "ဒီအစေခံ" ဆိုသည်မှာ ဘယ်သူ့ကိုဆိုလိုတာလဲ။ ရန်မားမားလော၊ သို့မဟုတ် သူမ (ချူးယွမ်) ကိုလား၊ သို့မဟုတ် နှစ်ယောက်လုံးကိုလား။

ချူးယွမ်၏ မျက်ဝန်းများ မှောင်ကျသွားကာ ဖုန်းရှီးနန်းဆောင်မှ လှည့်ထွက်သွားတော့သည်။

....

တစ်နာရီအကြာတွင် ဝေ့ရွယ်ဆောင်ရှိ ယောင်ရှန်း (ယောင်ရှိုးယွမ်) ထံ သတင်းရောက်သွားသည်။ နျန်ဝမ်၏တင်ပြမှုကို ကြားပြီးနောက် သူမက အေးစက်စွာ ရယ်မောလိုက်သည်။

"ရှဲ့ရှီ (မိဖုရားခေါင်ကြီး) နင်က တကယ်ကို မိုက်မဲပြီး ရက်စက်တာပဲ။ အခုကတည်းက အစဖျောက်ဖို့ ကြံနေမှတော့ နောင်ကျရင် ဘယ်သူက နင့်အတွက် အလုပ်လုပ်ပေးဝံ့တော့မှာလဲ"

"ချူးယွမ် ပြောပုံအရဆိုရင် အားလုံးက တင်းမားမားရဲ့ အကြံတွေပဲတဲ့။ ဒီမြေခွေးအိုကြီးက မိဖုရားခေါင်ကြီးဘေးမှာနေပြီး အကွက်တွေ အများကြီး ချပေးနေတာလေ။ သူမသာ ဘေးကနေ သတိမပေးရင် မိဖုရားခေါင်ကြီး ဘယ်လောက်တောင် မှားပြီးပြီလဲ မသိဘူး" နျန်ဝမ်က ခပ်ရွဲ့ရွဲ့ဆိုသည်။

ယောင်ရှန်းက မျက်ဝန်းများကို အကြံဖြင့်မှေးစင်းလိုက်သည်။

တင်းမားမားသည် မိဖုရားခေါင်ကြီးအတွက် မည်မျှ အရေးပါကြောင်း နျန်ဝမ် ပြောစရာမလိုဘဲ သူမကိုယ်တိုင်လည်း ဘဝနှစ်ခုစာ အတွေ့အကြုံအရ သိရှိထားပြီးသားပင်။ ရှဲ့ရှီမှာ ဉာဏ်မရှိပေ၊ ဤနို့ထိန်းမားမားသာ ဘေးကနေ အမြဲ စောင့်ကြည့်မပေးလျှင် အကြိမ်ပေါင်း ရာချီ သေနေလောက်ပြီ ဖြစ်သည်။

သို့သော် ယခင်ဘဝတွင် တင်းရှီ (တင်းမားမား) ကို ဖယ်ရှားရန် အခွင့်အရေး မရခဲ့သော်လည်း ယခုဘဝတွင်မူ လွန်ခဲ့သော နှစ်အနည်းငယ်ကတည်းက နန်းတွင်းသူ ရွေးချယ်ပွဲတွင် ချူးယွမ်နှင့် အချိတ်အဆက်ရအောင် လုပ်ထားခဲ့သည်။ ယခုတော့ လက်လှမ်းမှီသွားပြီဖြစ်သည်။

သူမသည် နျန်ဝမ်ကို အနားသို့ ခေါ်ကာ တိုးတိုးလေး မှာကြားလိုက်သည်။

မိဖုရားခေါင်ကြီးကို ဖြုတ်ချရန် ဆုံးဖြတ်ပြီးမှတော့ သူမ၏လက်ရုံးကို အရင်ခုတ်ထစ်ရပေမည်။ သို့မှသာ ပို၍ လွယ်ကူစွာ ဖြိုလဲနိုင်မည် ဖြစ်၏။ ဧကရာဇ်သည် တရားဝင်ဇနီးကို လေးစားသူဖြစ်ရာ မိဖုရားခေါင်ကြီးမှာ အမှားကြီးကြီးမားမားမလုပ်လျှင် ရာထူးမှ ဖြုတ်ချရန် ခက်ခဲသည်။ တင်ရှီသာ မရှိတော့လျှင် မိဖုရားခေါင်ကြီးကို ထောင်ချောက်ဆင်ရန်မှာ အဆပေါင်းများစွာ ပို၍ လွယ်ကူသွားပေလိမ့်မည်။

.....

ကျောက်ချွန်းဆောင်။

ယဲ့ယွင် ပြန်ရောက်သည်နှင့် လူများကိုခိုင်း၍ ပစ္စည်းအတော်များများကို ပြင်ဆင်ခိုင်းလိုက်သည်။ မနက်ဖြန်တွင် ယုံနျန်နန်းဆောင်သို့ သွားရောက်ကာ ဟွေ့ကျောင်းရုန်နှင့် ဒုတိယမင်းသမီးလေးကို လူမမာမေးရန် ဖြစ်သည်။ ယနေ့မှာမူ နောက်ကျနေပြီဖြစ်သလို ထိုဘက်တွင်လည်း ရုတ်ရုတ်သဲသဲ ဖြစ်နေသဖြင့် သွားရောက် အနှောင့်အယှက် မပေးလိုတော့ပေ။

စတုတ္ထမင်းသားလေးကို ခန်းမဆောင်ထဲတွင် လာကစားခိုင်းထားသည်။ အခု လမ်းလျှောက်တတ်နေပြီဖြစ်ရာ တစ်ခဏလေးတောင် ငြိမ်မနေဘဲ အောက်ဆင်းကစားချင်နေသည်။ ဟွေယွဲ့နှင့် အဖွဲ့မှာ ကလေး ထိခိုက်မိမှာစိုးသဖြင့် ခန်းမထဲရှိ စားပွဲထောင့်ကဲ့သို့သော ချွန်ထက်သည့် နေရာများကို ဂွမ်းပိတ်စများဖြင့် အုပ်ပေးထားကြသည်။

ညန်ကောင်းမှာ ယခုအခါ အလွန်တော်သော အဖော်တစ်ဦး ဖြစ်နေသည်။ အကြောင်းကတော့ သူ၏ အရွယ်အစားမှာ စတုတ္ထမင်းသားလေးအတွက် ကူရှင်လေးသဖွယ် ဖြစ်နေသောကြောင့် ဖြစ်သည်။ လမ်းစသင်စဉ်ကတည်းက နှစ်လှမ်းလျှောက်လိုက် ခွေးကျောပေါ် မှောက်လိုက်နှင့် နှစ်ယောက်သားအလွန်ပင် ရင်းနှီးနေကြသည်။

"ကျင့်အာ... မေမေ့ဆီ လာဦး" ယဲ့ယွင်က ပြုံးလျက် လက်ခုပ်တီး ခေါ်လိုက်သည်။

စတုတ္ထမင်းသားလေးက လှည့်ကြည့်ကာ လက်မောင်းလေးများကို ဝှေ့ယမ်းရင်း ဒုတ်ဒုတ် ဒုတ်ဒုတ်နှင့် လျှောက်လာပြီး ယဲ့ယွင်၏ ခြေထောက်ကို ဖက်လိုက်တော့သည်။

"မင်းက ဒီပုံစံကို ဘယ်သူ့ဆီက သင်လာတာလဲ၊ တွေ့တာနဲ့ ခြေထောက် လာဖက်တယ်" ယဲ့ယွင်က မတတ်သာသလို ပြောလိုက်သည်။

အတိအကျပင် ထိုအချိန်၌ ညန်ကောင်းကလည်း လိုက်လာပြီး သူမ၏ နောက်ထပ် ခြေထောက်တစ်ဖက်ကို လာပွတ်သပ်လေသည်။ ထိုအခါမှ အဖြေက ပေါ်သွားတော့သည်။ ကလေးမှာ ညန်ကောင်း လူတွေကို ပြေးဖက်တာ မြင်ဖန်များပြီး အတုယူသွားခြင်း ဖြစ်ပေလိမ့်မည်။ ယဲ့ယွင်လည်း မနေနိုင်ဘဲ အားရပါးရ ရယ်မောမိတော့သည်။

"ရွှင်ရီ ဘာတွေ သဘောကျနေတာလဲ၊ ကျွန်တော်မျိုးမ အပြင်ကတောင် ကြားရတယ်။ မီးဖိုဆောင်က လူတွေ လာမေးနေတယ်၊ ညစာ ဘာစားချင်လဲတဲ့" နန်ကျစ်က အပြင်မှ ဝင်လာရင်း ပြောသည်။

ယဲ့ယွင်က သားဖြစ်သူကို နမ်းရှိုက်ကာ ဟွေယွဲ့လက်ထဲ ထည့်ပေးပြီး တခြားမှာ သွားကစားခိုင်းလိုက်သည်။

"ဒီရက်ပိုင်း စပ်စပ်လေး စားချင်တယ်၊ စီချွမ်ဟင်း နှစ်မျိုးလောက် လုပ်ခိုင်းလိုက်ပါ၊ ကြက်သားအစပ်ကျော်တို့ ဘာတို့ပေါ့။ ပြီးတော့ ပြောင်းဖူးဝက်နံရိုးစွပ်ပြုတ်တစ်ခွက် လုပ်ခိုင်းလိုက်၊ ကျန်တာတော့ သူတို့ပဲ စီစဉ်လိုက်ပါတော့"

"ဟုတ်ကဲ့ပါ" နန်ကျစ်က ခေါင်းညိတ်ကာ သွားပြောလေသည်။

..

ခဏအကြာတွင် သူမ ပြန်ဝင်လာသောအခါ မျက်နှာမှာ အနည်းငယ် ထူးဆန်းနေသည်။

ယဲ့ယွင်က သိလိုစိတ်ဖြင့် "ဘာဖြစ်လို့လဲ" ဟု မေးလိုက်၏။

နန်ကျစ်က အနားသို့ တိုးကပ်လာကာ တိုးတိုးလေး ပြောသည် - "မီးဖိုဆောင်က လူတွေနဲ့ စကားပြောရင်း သိခဲ့ရတာပါ။ ဒီနှစ်ရက်အတွင်း ဝမ်မိန်ရန်က အချဉ်တွေကိုပဲ တောက်လျှောက် မှာစားနေတယ်တဲ့။ ငါးချဉ်ဟင်း၊ တို့ဟူးချဉ်၊ ဝက်နံရိုးချဉ်ချို၊ မုန်လာဥချဉ်... နောက်ဆုံး အချဉ်ရည်ကိုတောင် မှာသောက်တယ်လို့ ပြောပါတယ်"

***

All Chapters