← Chapters

အခန်း (၃၃၁-၃၃၂)

Vol. 21 Ch. 331-332

အခန်း (၃၃၁-၃၃၂)

Vol. 21 Ch. 331-332

အခန်း ၃၃၁ ။ ကိုင်တွယ်ရခက်သူ

ယဲ့ယွင်က မျက်မှောင်ကြုတ်လိုက်ပြီးပြောလိုက်သည်။

"မင်းပြောချင်တာက ဝမ်မိန်ရန်မှာ ကိုယ်ဝန်ရှိနေပြီလို့ ထင်တာလား။”

"မီးဖိုဆောင်ကသတင်းတွေအရတော့အဲဒီလို အဓိပ္ပာယ်သက်ရောက်နေတာပဲ၊ ဒါပေမဲ့ စားချင်တာတစ်ခုတည်းနဲ့တော့ အတည်ပြုလို့ မရသေးပါဘူး။”

နန်ကျစ်ကအနည်းငယ်တွေဝေစွာပြောလိုက်သည်။

အချို့လူများက အချဉ်ကြိုက်တတ်သလို၊ အချို့ကလည်း ထိုအချိန်တွင် ရုတ်တရက် စားချင်စိတ် ပေါ်လာတတ်သည်။ နန်းတွင်းသမားတော်၏ အတည်ပြုချက်မရှိဘဲ လုံးဝယုံကြည်၍ မရပေ။

ယဲ့ယွသည်လည်း ထိုသို့ပင် တွေးမိသည့်အတွက်ခေါင်းငြိမ့်သည်။

"ငါတို့ အခြေအနေကို စောင့်ကြည့်ကြတာပေါ့။ အတည်မပြုနိုင်သေးတဲ့ ကိစ္စတွေကို ဂရုမစိုက်နဲ့ဦး။ ဒါပေမဲ့ သံသယရှိနေပြီဆိုမှတော့ သတိထားရမယ်။ ငါတို့မှာ သူတစ်ပါးကို ဒုက္ခပေးလိုတဲ့စိတ် မရှိပေမဲ့၊ သူများက ငါတို့ကို လာပြီး ထောင်ချောက်ဆင်မှာကိုတော့ ကာကွယ်ရမယ်"

"ကျွန်တော်မျိုးမ သိပါတယ်၊ အောက်ကလူတွေကိုလည်း ဝမ်မိန်ရန်တို့ဘက်နဲ့ အဆက်အသွယ် လျှော့ဖို့နဲ့ စကားပြောဆင်ခြင်ဖို့ မှာကြားလိုက်ပါ့မယ်" ဟု နန်ကျစ်က ဆိုသည်။

ယဲ့ယွင်က စားပွဲပေါ်ကို လက်ချောင်းလေးများဖြင့် တဒေါက်ဒေါက် ခေါက်ရင်း လက်ရှိနန်းတွင်း၏ အခြေအနေကို စဉ်းစားနေမိသည်။

မိဖုရားခေါင်ကြီးသည် အချစ်တော် မဟုတ်သော်လည်း ထင်ရှားသော အမှားကြီးကြီးမားမား မလုပ်ဖူးပေ။ဧကရာဇ်၏လေးစားမှုကို ရရှိထားသဖြင့် သူမ၏ ရာထူးမှာ ခိုင်မြဲသည်။ ယခုအခါ ပထမမင်းသားကိုပါ ပြုစုခွင့်ရထားသဖြင့် သူမ၏အခြေအနေမှာ ပို၍ပင် တည်ငြိမ်သွားပေလိမ့်မည်။

ကိုယ်လုပ်တော်များထဲတွင် ရှူးဖေး နှင့် ကျင်းသယ့်ဖေး တို့မှာ အချစ်တော် မဟုတ်ကြသော်လည်း ဝါရင့်သူများဖြစ်ကြပြီး ရာထူးကြီးကြသည်။ သားသမီးများလည်း ရှိကြသဖြင့် ၎င်းတို့မှာ အေးအေးဆေးဆေးပင် နေထိုင်ကြပြီး နန်းတွင်းလှိုင်းတံပိုးများ၏ ဒဏ်ကို သိပ်မခံကြရပေ။

မှန်ပါသည်၊ ကျင်းသယ့်ဖေး၏ လက်အောက်တွင် ချင်ဝမ်ရုန်ရှိသည်။ ချင်ရှီမှာ ယခင်နှစ်က ဒုတိယမင်းသားကို အသက်စွန့် ကယ်တင်ခဲ့သဖြင့် ရာထူးတက်ခဲ့သလို၊ ဧကရာဇ်၏ မျက်နှာသာပေးမှုကိုလည်း ပို၍ ရရှိထားရာ ယခုအခါ နန်းတွင်းတွင် နေရာတစ်ခု ရလာခဲ့သည်။

၎င်းတို့အောက်တွင်မူ ဟွေ့ကျောင်းရုန် ရှိပြီး၊ သူမသည် မိမိ (ယဲ့ယွင်) နှင့် တစ်ဖွဲ့တည်း ဖြစ်သည်။ သူမသည် ဧကရာဇ်နှင့် အတူရှိချိန် နည်းပါးသော်လည်း ဧကရာဇ်၏ လေးစားမှုကို ရရှိထားသူ ဖြစ်သည်။

ယဲ့ယွင် ကိုယ်တိုင်မှာမူ လက်ရှိတွင် နန်းတွင်း၌ အချစ်ဆုံး ကိုယ်လုပ်တော်ဟု ဆိုနိုင်သည်။ သူမသည် ယခုအခါ ရာထူးအားဖြင့် ယိရွှင်ယွမ်ကို တည်ငြိမ်စွာပင် ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

ယိရွှင်ယွမ်မှာ လူရွေးမှားခဲ့သည်ဟု ဆိုရမည်။ မြို့တော်ဝန်၏သမီး လီရှီမှာ အသစ်များထဲတွင် အချစ်တော် မဟုတ်ပေ။ ယခုထက်ထိ မိသားစုဂုဏ်ကြောင့်သာ ဝမ်ရုန်ရာထူးတွင် ရပ်တည်နေနိုင်ခြင်း ဖြစ်ပြီး၊ ယိရွှင်ယွမ်အတွက် မည်သည့် အထောက်အပံ့မှ မပေးနိုင်သေးပေ။

ဟိုမိန်ရန်မှာလည်း မည်သို့ဖြစ်သည်မသိ၊ မူလက မျက်နှာသာပေးခံခဲ့ရသော်လည်း မိသားစုက စစ်မြေပြင်တွင် အောင်ပွဲခံပြီးနောက်ပိုင်းတွင်မူ ပို၍ပင် မျက်နှာသာပေးခံရမှု နည်းပါးသွားသည်။ သူမ၏ ရုပ်ရည်မှာ ထူးထူးခြားခြား လှပမနေခြင်းကြောင့်လည်း ဖြစ်နိုင်ပေသည်။

လောလောဆယ်တွင် ချီမိန်ရန် နှင့် ဝမ်မိန်ရန်တို့သာလျှင် မိမိနှင့် ယိရွှင်ယွမ်တို့ကြားမှ မျက်နှာသာပေးမှုကို ခွဲဝေယူနိုင်ကြသည်။

ဝမ်ရှီ၏မိသားစုမှာ ဂုဏ်ကြီးသဖြင့် နန်းတွင်းသို့ ရောက်ကတည်းက မည်သူ့ကိုမျှ ဖားယားခြင်း မရှိခဲ့ပေ။ ယခု ကိုယ်ဝန်ရှိလာပြီဆိုလျှင် သူမသည် ကိုယ်ပိုင်လမ်းကြောင်းကိုသာ ပို၍ ခိုင်ခိုင်မာမာ လျှောက်လှမ်းတော့မည် ဖြစ်သည်။ ချီမိန်ရန်ထက် ခြေတစ်လှမ်း ဦးသွားသဖြင့် ချီမိန်ရန်ကို ဖိနှိပ်ထားနိုင်တော့မည် ဖြစ်၏။

အမှန်စင်စစ် ဤနှစ်ဦးစလုံး၏ မျက်နှာသာပေးခံရမှုမှာ အစကတည်းက တန်းတူနီးပါး ဖြစ်ခဲ့သည်။

တစ်စုံတစ်ယောက်က ချိန်ခွင်လျှာကို ချိုးဖျက်လိုက်သည်နှင့် သိသိသာသာပင် တစ်ဖက်သို့ ယိမ်းသွားတော့မည် ဖြစ်သည်။ မိန်ရန် မှ ဖေး အဆင့်အထိမှာ အဆင့်နှစ်ဆင့်သာ ကွာခြားတော့သည်။ ကလေးကို ဘေးကင်းစွာ မွေးဖွားနိုင်လျှင် ရာထူးတက်မည်မှာ သေချာလှပေသည်။

နောင်တစ်ချိန်တွင် ဝမ်မိန်ရန်သည်လည်း နန်းတွင်း၌ စကားပြောပိုင်ခွင့်တစ်ခုကို ရရှိလာတော့မည် ဖြစ်သည်။

ယဲ့ယွင် အသေအချာ သိထားသည်မှာ သူမနှင့် ဝမ်ရှီတို့ သူငယ်ချင်း ဖြစ်နိုင်မည် မဟုတ်ခြင်းပင်။ ဝမ်မိန်ရန်၏ စိတ်နေစိတ်ထားမှာ တစ်ကိုယ်ကောင်းဆန်သော ဝံပုလွေတစ်ကောင်ကဲ့သို့ ဖြစ်သည်။ ဂုဏ်သရေရှိ အမျိုးသမီးတစ်ဦး ဖြစ်သဖြင့် သူတစ်ပါးက သူမထံ ခိုလှုံလာခြင်းကိုသာ လက်ခံပြီး၊ သူမကိုယ်တိုင်ကမူ မည်သူ့ကိုမျှ အောက်ကျို့ ပေါင်းသင်းမည် မဟုတ်ပေ။

ဤစိတ်နေစိတ်ထားမှာ ယဲ့ယွင်နှင့် ငါးပုံပုံလျှင် သုံးပုံခန့် ဆင်တူနေသည်။ တောင်တစ်တောင်တွင် ကျားနှစ်ကောင် အတူမနေနိုင်သကဲ့သို့၊ ဝမ်ရှီသာ တကယ် ရာထူးတက်လာလျှင် ယိရွှင်ယွမ်ထက် ပို၍ ကိုင်တွယ်ရခက်ပေလိမ့်မည်။

အကယ်၍ တခြားသူသာဆိုလျှင် ဤသတင်းကို ကြားသည်နှင့် ဝမ်မိန်ရန်အား ကိုယ်ဝန်ပျက်ကျအောင် ကြံစည်ကြပေလိမ့်မည်။ သို့သော် ယဲ့ယွင်မှာမူ အပြစ်မဲ့သော ကလေးတစ်ယောက်အပေါ် လက်မပါချင်ပေ။ ထို့ပြင် မီးဖိုဆောင်က လူများ၏ စကားမှာ အတည်ပြု၍ မရသေးဘဲ၊ အကယ်၍ တစ်စုံတစ်ယောက်က မိမိအား တမင် ထောင်ချောက်ဆင်ခြင်း ဖြစ်နေလျှင် အခက်တွေ့ပေလိမ့်မည်။

နောင်တစ်ချိန်တွင် ဝမ်ရှီက မိမိကို ကျော်တက်မသွားစေရန်အတွက် မိမိကိုယ်တိုင်က ပို၍ မြင့်မားသော နေရာသို့ ရောက်နေရန်သာ လိုအပ်သည်။ လောလောဆယ် ရွှင်ရီ ရာထူးမှာ မလုံလောက်သေးပေ။ သူမသည် ကိုးဦးသော အဆင့်မြင့်ကိုယ်လုပ်တော်များထဲတွင် ထိပ်ဆုံးသုံးနေရာဖြစ်သော 'ကျောက်' အမည်ပါသည့် ရာထူးတစ်ခုကို ရရှိရန် လိုအပ်သည်။ ဤကိစ္စအတွက် အချိန်ယူကာ အကွက်ချ စီစဉ်ရပေဦးမည်။

…..

နောက်တစ်နေ့ နံနက်တွင် ဂါရဝပြုချိန်၌ ဟွေ့ကျောင်းရုန် ရောက်မလာပေ။ သူမ၏ခြေထောက်မှာ ဒဏ်ရာရထားသလို၊ ဒုတိယမင်းသမီးလေးမှာလည်း ထိခိုက်ထားသဖြင့် မိဖုရားခေါင်ကြီးက ဂါရဝပြုရန် မလိုကြောင်း ခွင့်ပြုပေးထားခြင်းဖြစ်သည်။

သားတစ်ယောက် ရထားသဖြင့် မိဖုရားခေါင်ကြီးမှာ ယနေ့တွင် အထူးပင် လန်းဆန်းတက်ကြွနေကာ သူမ၏အာဏာကို အစွမ်းကုန် ပြသနေတော့သည်။ သို့သော် ဧကရာဇ်က မနေ့ကတင် ဒေါသထွက်ထားသဖြင့် မည်သူမျှ သူမကို ပြန်မပြောဝံ့ကြဘဲ အေးအေးဆေးဆေးပင် လွှတ်ထားလိုက်ကြသည်။

….

ဂါရဝပြုပြီးနောက် ယဲ့ယွင်သည် ကျိုးမိန်ရန်၊ ကျန့်ဝမ်ရုန် တို့နှင့်အတူ ယုံနျန်နန်းဆောင်သို့ သွားရောက်ခဲ့သည်။

ဟွေ့ကျောင်းရုန်က ခန်းမဆောင်ရှိ ခုတင်လေးပေါ်တွင် ထိုင်လျက် အစေခံများကို လက်ဖက်ရည်နှင့် မုန့်များ ပြင်ခိုင်းနေသည်။

"ညီမလေးတို့ သတိတရ လာကြည့်ပေးတာ ကျေးဇူးတင်ပါတယ်၊ အစ်မနဲ့ ဒုတိယမင်းသမီးလေးတို့ အဆင်ပြေပါတယ်"

"အရမ်း စိုးရိမ်နေတာ အစ်မ၊ မနေ့ကတည်းက လာချင်ပေမဲ့ အစ်မ နားနေရမှာစိုးလို့ အားနာလို့ မလာဖြစ်တာပါ၊ ဒါကြောင့် ဒီနေ့မှ ရောက်လာတာပါ" ဟု ယဲ့ယွင်က ရှင်းပြလိုက်သည်။ နားလည်မှု မလွဲစေရန် အကျိုးအကြောင်းကို သေချာပြောပြခြင်း ဖြစ်သည်။

ကျိုးမိန်ရန်ကလည်း ခေါင်းညိတ်သည်။ "ဒုတိယမင်းသမီးလေး နဖူးကွဲသွားတာ မနေ့က မြင်ရတာ တကယ့်ကို မသေးပါဘူး၊ နဖူးဆိုတာ သတိထားရတဲ့ နေရာလေ"

"ကျွန်မလည်း ငယ်ငယ်က မြင်းစီးရင်း ပြုတ်ကျလို့ နဖူးကွဲဖူးတယ်၊ ရက်အတော်ကြာ မူးနေခဲ့တာ။ သမားတော်က အေးအေးဆေးဆေး နားခိုင်းတယ်။ ကလေးဆိုတာ ဆော့တတ်တော့ အစေခံတွေကို သေချာ ဂရုစိုက်ဖို့ မှာထားရမယ်နော် ကျောင်းရုန်"

ကျန့်ဝမ်ရုန်ကလည်း ဆိုသည်။

ထိုစကားကြောင့် ဟွေ့ကျောင်းရုန်မှာ တစ်ခဏ ကြောင်သွားသည်။

"ကျန့်ဝမ်ရုန်က မြင်းစီးတတ်တာလား"

"ကျွန်မ မိသားစုက စစ်သူကြီး မိသားစုလေ။ ငယ်ငယ်က အရမ်း ဆော့ခဲ့တာ။ အစ်မတို့ ရယ်စရာ ဖြစ်ဦးမယ်... ကျွန်မက သိုင်းပညာတောင် တတ်သေးတယ်လေ။ တစ်ယောက်တည်း နေတဲ့အချိန်မှာ လေ့ကျင့်ဖြစ်သေးတယ်၊ ဒါပေမဲ့ အခုတော့ မလုပ်ဖြစ်တာ ကြာပါပြီ" ကျန့်ဝမ်ရုန်က ရှက်ကိုးရှက်ကန်း ပြောပြသည်။

ထိုစကားကြောင့်ယဲ့ယွင်မှာ စိတ်ဝင်စားသွားကာ "ငါလည်းငယ်ငယ်က သင်ချင်ပေမဲ့ အဖေက မသင်ပေးခဲ့ဘူး။ မြင်းစီးတာနဲ့ မြှားပစ်တာတော့ တတ်တယ်။ ကျန့်ဝမ်ရုန်က သိုင်းတတ်တယ်ဆိုတော့ တစ်ရက်လောက် ငါ့ကို ကိုယ်ခံပညာ နည်းနည်းလောက်သင်ပေးပါဦးလား"

ကျန့်ရှီက ပြုံးလျက် ခေါင်းညိတ်သည်။ "ရွှင်ရီသာ သင်ချင်တယ်ဆိုရင် ကျွန်မကို အချိန်မရွေး ခေါ်လိုက်ပါ"

မူလက လေးလံနေသော အငွေ့အသက်များမှာ ဤစကားများကြောင့် လန်းဆန်းလာတော့သည်။ မည်သို့ပင်ဖြစ်စေ ဒုတိယမင်းသမီးလေးမှာ ဘာမှ မဖြစ်တော့သလို၊ ဟွေ့ကျောင်းရုန်မှာလည်း ဤအခွင့်အရေးကို အသုံးချကာ ပထမမင်းသားဆိုသော ပူလောင်သည့် ပြဿနာကို လွှဲထုတ်နိုင်ခဲ့သဖြင့် ရှေ့လျှောက် အေးချမ်းသွားတော့မည် ဖြစ်သည်။

…..

ဟွေ့ကျောင်းရုန်ကို အနှောင့်အယှက် မပေးလိုသဖြင့် နာရီဝက်ခန့်သာနေပြီး ပြန်လာခဲ့ကြသည်။ ယဲ့ယွင်က စကားသက်သက် ပြောခြင်းမဟုတ်ဘဲ နောက်နေ့ နေ့လည်တွင် ကျန့်ဝမ်ရုန်ကို ကျောက်ချွန်းဆောင်သို့ လာရန်နှင့် သူမအား ကိုယ်ခံပညာ သင်ပေးရန် ချိန်းဆိုလိုက်သည်။ မည်သို့ပင်ဖြစ်စေ ခန္ဓာကိုယ် ကျန်းမာစေသလို မိမိကိုယ်ကိုလည်း ကာကွယ်နိုင်သဖြင့် သင်ယူထားခြင်းက ကောင်းမွန်လှပေသည်။

ဤရက်ပိုင်းတွင် နင်ချန်မှာ အလုပ်များနေသဖြင့် အနောက်ဆောင်သို့ မလာနိုင်ပေ။ ယဲ့ယွင်သည် ကျန့်ဝမ်ရုန်ထံတွင် ငါးရက်၊ ခြောက်ရက်ခန့် သင်ယူခဲ့သည်။ သို့သော် သူမမှာ စည်းစိမ်ခံကာ နေထိုင်လာသည်မှာ ကြာပြီဖြစ်သဖြင့် ခန္ဓာကိုယ်မှာ အနည်းငယ် နူးညံ့နေရာ၊ မကြာမီမှာပင် မခံနိုင်တော့သဖြင့် ရက်အနည်းငယ် နားလိုက်ရသေးသည်။

မျက်တောင်တစ်ခတ်အတွင်း ၇လပိုင်းဆန်းသို့ ရောက်ရှိလာခဲ့သည်။ ထိုအချိန်တွင် ဝမ်မိန်ရန်က သူမတွင် ကိုယ်ဝန် နှစ်လရှိနေပြီဖြစ်ကြောင်း ရုတ်တရက် ကြေညာလိုက်တော့သည်။

၎င်းမှာ မိုးကြိုးပစ်လိုက်သကဲ့သို့ပင်။

ဝမ်မိန်ရန် နေထိုင်ရာ ချီရှန်းနန်းဆောင်မှာ ချက်ချင်းပင် လူစည်ကားသွားတော့သည်။ နင်ချန်မှာ အလုပ်များနေသော်လည်း အချိန်လုကာ ဝမ်မိန်ရန်ထံ သွားရောက်၍ နေ့လည်စာ အတူစားပြီး သူမကို ကြည့်ရှုခဲ့သည်။ သို့သော် ကြည့်ရုံသာ ကြည့်ခြင်းဖြစ်ပြီး ရာထူးတိုးမပေးခဲ့ပေ။

ယခုအခါ ရာထူးကြီးကြီး ရရန်မှာ ယခင်ကကဲ့သို့ မလွယ်ကူတော့သည်မှာ ထင်ရှားသည်။ ယိရွှင်ယွမ်နှင့် ယဲ့ယွင်တို့မှာ ကိုယ်ဝန်ရှိသည်နှင့် ရာထူးတက်ခဲ့သော်လည်း၊ ဝမ်မိန်ရန်မှာမူ ကလေးမွေးပြီးမှသာ ရာထူးတက်မည့် ပုံပေါ်နေသည်။

ဝမ်ရှီမှာ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသော်လည်း သူမ၏ မိသားစုဂုဏ်ကြောင့် မိမိသည် အရင်လူများထက် မနိမ့်ကျသင့်ဟု ယူဆနေသော်လည်း ဧကရာဇ်က နှုတ်မဟသဖြင့် သူမကလည်း အတင်း တောင်း၍ မရပေ။ သူမ စိုးရိမ်နေသည်မှာ ကလေးမွေးပြီးမှ ရာထူးက ကျယ်ယွီ အဆင့်မှာပဲ ရှိနေလျှင်၊ စည်းကမ်းအရ ကိုးဦးသော အဆင့်မြင့်ကိုယ်လုပ်တော် စာရင်းဝင် မဟုတ်သဖြင့် ကလေးကို ကိုယ်တိုင်ပြုစုခွင့် ရမည်မဟုတ်ခြင်းကိုပင်။

ဝမ်ရှီမှာ ကလေးကို ပြုစုခွင့်မရမှာ စိုးရိမ်နေသော်လည်း၊ မိဖုရားခေါင်ကြီးမှာမူ အစွန်းကုန် စိတ်ဆင်းရဲနေရပြန်သည်။ မိဖုရားခေါင်ကြီးမှာ ကလေးမရနိုင်တော့ခြင်းပင်။

ကိုယ်ဝန်ပျက်ကျပြီးကတည်းက နည်းမျိုးစုံဖြင့် ကုသခဲ့သော်လည်း ကိုယ်ဝန် ထပ်မရတော့ပေ။ အသစ်များ ကိုယ်ဝန်ရှိလာသည်ကို မြင်ရသောအခါ သူမ ပို၍ပင် ခံရခက်နေတော့သည်။

တင်းမားမားသည် ထိုအရာကို မြင်သဖြင့် စိတ်မကောင်း ဖြစ်နေရသည်။ မကြာသေးမီက သူမ၏ ကျန်းမာရေးမှာလည်း မကောင်းတော့ဘဲ၊ မိမိမှာ အသက်ကြီးလာပြီဖြစ်ရာ မိဖုရားခေါင်ကြီးဘေးတွင် ကြာရှည် နေနိုင်တော့မည် မဟုတ်ဟု တွေးမိသည်။ ထို့ကြောင့် မိမိ မလှုပ်မရှားမဖြစ်နိုင်ခင်လေးမှာပင် မိဖုရားခေါင်ကြီးအတွက် ဆူးငြောင့်ခလုတ်များကို ဖယ်ရှားပေးရန် ဆုံးဖြတ်လိုက်လေတော့သည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-332

အခန်း ၃၃၂ ။ ဖျားနာလဲကျခြင်း

၇လပိုင်း ၁၅ ရက် ကျော်လွန်ပြီးနောက် နင်ချန်သည် နောက်ဆုံးတွင် အလုပ်အားသွားခဲ့သည်။ သူသည် တစ်ရက်ကို အချိန်လုကာ ကျောက်ချွန်းဆောင်သို့ ရောက်လာခဲ့၏။ အခန်းထဲသို့ ဝင်ဝင်ချင်းတွင် မိမိ၏ ကိုယ်လုပ်တော်လေးမှာ မြင်းစီးဟန်ဖြင့် ခြေလှမ်းခိုင်အောင် လေ့ကျင့်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားသည်။

"အရှင်!?"

ယဲ့ယွင်လည်း အံ့သြသွားကာ ချက်ချင်းပင် မတ်တတ်ထရပ်လိုက်သည်။

နင်ချန်မှာ ကြောင်သွားပြီး သူမကို အထက်အောက် စုန်ဆန်ကြည့်လိုက်မိသည်။ သူမသည် မီးခိုးရောင် ကိုယ်ကျပ် လေ့ကျင့်ရေးဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ဆံပင်ကိုလည်း အမျိုးသားများကဲ့သို့ ခေါင်းပေါ်တွင် မြင့်မြင့်စည်းနှောင်ထားကာ ဆံထိုးဖြင့် ထိန်းထားသည်။ မျက်နှာတွင် ခြယ်သထားခြင်း မရှိသလို လက်ဝတ်ရတနာများလည်း ဆင်ယင်မထားသဖြင့် အလွန်ပင် လန်းဆန်းတက်ကြွပြီး ရဲရင့်သော အလှတစ်မျိုးကို ပိုင်ဆိုင်ထားသည်။

"ဘာလို့ ဒီလိုဝတ်ထားတာလဲ၊ မြင်းစီးဟန်တောင် ကျင့်နေတယ်ပေါ့လေ။”

နင်ချန်က ပြုံးလျက် မေးသည်။

ယဲ့ယွင်က နဖူးပေါ်မှ ချွေးစလေးများကို ပဝါဖြင့် သုတ်လိုက်ရင်း ပြုံးကာ ဆိုသည်။

"ကျန်းမာအောင် လေ့ကျင့်နေတာပါ။ ကျန့်ဝမ်ရုန်က နည်းနည်းတတ်တယ်ဆိုတော့ ချန်းချဲ့ကို သင်ပေးဖို့ ခေါ်ထားတာ။ နောင်ကျရင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်အောင်လို့ပါ"

"အစေခံတွေ အများကြီး ရှိနေတာပဲ၊ ဘယ်မှာ အန္တရာယ်ရှိလို့လဲ" နင်ချန်က မတတ်သာသလို ပြောသည်။

ယဲ့ယွင်က ခေါင်းခါလိုက်ပြီး - "မဟုတ်တာ... ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပဲလေ"

သူမ၏ ထိုပုံစံလေးက ချစ်စရာကောင်းနေသဖြင့် နင်ချန်မှာ သဘောကျသွားကာ သူမ၏ လှုပ်ရှားမှုများကို ကိုယ်တိုင်သင်ပြပေးရန် ကမ်းလှမ်းလိုက်သည်။ ယခင်ဧကရာဇ်သည် စစ်ရေးစစ်ရာကို ခုံမင်သူဖြစ်ရာ မွေးရာပါ ကိုယ်ခံအားနည်းသော ခန်ဝမ် မှလွဲ၍ ကျန်သော မင်းသားအားလုံးမှာ ငယ်စဉ်ကတည်းက သိုင်းပညာ သင်ယူခဲ့ကြရသည်။ ထို့ကြောင့်လည်း နင်ချန်၏ ကိုယ်ဟန်မှာ အလွန်ပင် ဖြောင့်စင်းပြီး ကြည့်ကောင်းနေခြင်း ဖြစ်သည်။

သို့သော် ယဲ့ယွင်က လက်မခံပေ။ နင်ချန် မလာခင်ကတည်းက သူမ လေ့ကျင့်နေသည်မှာ ကြာပြီဖြစ်ရာ၊ နောက်ထပ် လေ့ကျင့်ရဦးမည်ဆိုလျှင် အရိုးများ ပြုတ်ထွက်သွားမည်ကို စိုးရိမ်နေခြင်းပင်။

အငြင်းခံလိုက်ရသဖြင့် နင်ချန်မှာ တစ်ခုခုလုပ်ချင်နေသေးရာ ယဲ့ယွင် အဝတ်အစားလဲရန် ဝင်သွားချိန်တွင် နောက်ဆောင်ရှိ စတုတ္ထမင်းသားလေးထံသို့ သွားကြည့်လေသည်။

"ကျင့်အာ"

နင်ချန် ရောက်လာသောအခါ စတုတ္ထမင်းသားလေးမှာ ကော်ဇောပေါ်တွင် ထိုင်၍ ကစားစရာများဖြင့် ကစားနေသည်။ အသံကြားသောအခါ သူက လှည့်ကြည့်လိုက်၏။ တစ်လခွဲခန့် မတွေ့ရသဖြင့် အနည်းငယ် မမှတ်မိသလို ဖြစ်နေသည်။

အစေခံများမှာ ချက်ချင်းပင် ဒူးထောက်ဂါရဝပြုကြသည်။ 'ညန်ကောင်း' က အရင်ဆုံး ပြေးလာကာ နင်ချန်ကို ပတ်ချာလည်ဝိုင်းလျက် အမြီးလေး တလှုပ်လှုပ်ဖြင့် နှုတ်ဆက်လေသည်။

စတုတ္ထမင်းသားလေးမှာ ခဏမျှ ကြောင်ကြည့်နေပြီးမှ နို့ထိန်းမားမား၏လက်ကို ကိုင်ကာ ထရပ်ပြီး ရှေ့သို့ လျှောက်လာသည်။ ဤကလေးမှာ လူမမှတ်မိသော်လည်း သတ္တိရှိလှကာ သိလိုစိတ်ဖြင့် လျှောက်လာခြင်း ဖြစ်သည်။

နင်ချန်က စိတ်ရှည်လက်ရှည်ပင် ဆောင့်ကြောင့်ထိုင်ချကာ သားဖြစ်သူကို ပွေ့ချီလိုက်သည်။

“ခမည်းတော်လို့ ခေါ်ပါအုံး။”

"ခမည်း... ခမည်း..."

စတုတ္ထမင်းသားလေးမှာ ကြိုးစားခေါ်သော်လည်း ထိုအသံမှာ စိမ်းသက်နေသဖြင့် မအောင်မြင်ပေ။ ပုံမှန်အားဖြင့်လည်း ယဲ့ယွင်က 'ခမည်းတော်' ဟု ခေါ်ရန် မသင်ပေးထားပေ။

နင်ချန်က သားဖြစ်သူ၏ ပါးလေးကို ပြုံးလျက် ဆွဲလိုက်ပြီး - "ဒါဆိုအဖေ လို့ ခေါ်

ကြည့်"

ယခုတစ်ကြိမ်တွင်မူ စတုတ္ထမင်းသားလေးက တတ်သွားကာ အကျယ်ကြီး အော်ခေါ်လိုက်သည် - "အဖေ!"

ကလေးငယ်၏ အသံမှာ အားပါလှသဖြင့် အပြင်ဘက်တွင် အဝတ်အစားလဲပြီး ပြန်လာသော ယဲ့ယွင်ပင် ကြားလိုက်ရသည်။

"စတုတ္ထမင်းသားလေးရဲ့ အသံက တကယ့်ကို ကျယ်လွန်းတယ်" ယဲ့ယွင်က မတတ်သာသလို ပြောလိုက်သည်။

ဘေးမှ ဟွေယွဲ့ကလည်း ရယ်လျက် - "ဒါက ကျွန်တော်မျိုးမတို့ မင်းသားလေး ကျန်းမာတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့"

အခန်းထဲသို့ ဝင်လာသောအခါ သားအဖနှစ်ဦးမှာ အပေါ်သို့ မြှောက်ချီကာ ဆော့ကစားနေကြသည်။ ဤဆော့နည်းမှာ ကျောက်ချွန်းဆောင်တွင် နေ့စဉ်လုပ်နေကျ ဖြစ်သွားခဲ့ပြီ။ တခြားနေရာများတွင်မူ ဤမျှ လွတ်လပ်မှု မရှိပေ။ ပထမမင်းသားကို မြင်လျှင်ပင် စိတ်ညစ်ရသလို၊ ဒုတိယနှင့် တတိယမင်းသားများမှာလည်း စည်းကမ်းများ စတင်သင်ယူနေရပြီဖြစ်ရာ စည်းစနစ် ကျနေကြပြီ ဖြစ်သည်။ သမီးတော်များနှင့်လည်း ဤကဲ့သို့ မကစားနိုင်ပေ။ ထို့ကြောင့် နင်ချန်၏ ဖခင်မေတ္တာများမှာ စတုတ္ထမင်းသားလေးထံတွင် ပုံအောနေတော့သည်။

"သတိထားဦး၊ ပြုတ်ကျဦးမယ်။ ဒီနေရာက ကျဉ်းတယ်၊ အရှေ့ဆောင်မှာ သွားကစားကြပါလား။”

ယဲ့ယွင်က ပြုံးလျက် ပြောသည်။

နင်ချန်က ခေါင်းညိတ်ကာ ကလေးကို ချီပြီး အပြင်သို့ လျှောက်သွားသည်။ သို့သော် နှစ်လှမ်းခန့် လျှောက်ပြီးမှ ရုတ်တရက် ရပ်လိုက်ကာ ယဲ့ယွင်ကို လှည့်ကြည့်ပြီး၊ စတုတ္ထမင်းသားလေးကို ဘယ်ဘက်လက်ဖြင့် ပြောင်းချီလိုက်ကာ ညာဘက်လက်ဖြင့် ယဲ့ယွင်၏ လက်ကို ဆွဲလိုက်လေသည်။

ယခုတစ်ကြိမ်တွင်မူ ယဲ့ယွင် ကြောင်သွားရသည်။ သို့သော် သူမ ကြောင်နေစဉ်မှာပင် နင်ချန်က သူမကို နောက်ဆောင်မှ ဆွဲထုတ်သွားခဲ့ပြီ ဖြစ်သည်။

အစေခံများမှာ ထိုမြင်ကွင်းကို အသေအချာ မြင်လိုက်ကြသည်။ အကယ်၍ ဧကရာဇ်နှင့် ကိုယ်လုပ်တော် မဟုတ်လျှင် ၎င်းမှာ တကယ့်ကို မိသားစု သုံးယောက်နှင့် တူလှပေသည်။ သို့သော် ဤစကားကို စိတ်ထဲတွင်သာ ထားရမည်ဖြစ်ပြီး ထုတ်ပြော၍ မရပေ။ 'မိသားစု' ဆိုသည်မှာ လင်မယားနှင့် သားသမီးကို ဆိုလိုခြင်းဖြစ်ပြီး၊ ယဲ့ယွင်မှာ ကိုယ်လုပ်တော် (မယားငယ်) ဖြစ်သဖြင့် ဧကရာဇ်နှင့် လင်မယားဟု ခေါ်ဆိုခွင့် မရှိပေ။

….

အရှေ့ဆောင်တွင် ကလေးကို တစ်ဖက်မှာ ပေးကစားထားပြီး နင်ချန်က လက်ဖက်ရည် သောက်ရင်း ပြောသည် - "နန်းတော်ထဲမှာ အရမ်းပူတာပဲ၊ အခုမှ ၇လပိုင်းပဲ ရှိသေးတာကို ဒီလောက် ပူနေပြီဆိုရင် ဇူလိုင်၊ ၈လပိုင်းမှာ ပိုပူလာဦးမယ်"

"ဟုတ်ပါတယ်၊ ဒီနှစ်က တခြားနှစ်တွေထက် ပိုပူသလိုပဲ။ အရှင်မင်းကြီး ဒီနှစ် လင်ရှီးဥယျာဉ်ကို အပန်းဖြေ သွားဦးမှာလား"

ယဲ့ယွင်က ယပ်တောင်လေးကို ကိုင်ကာ အသာအယာ ခတ်ပေးရင်း မေးသည်။

"သွားရမှာပေါ့၊ မသွားဖြစ်တာ ကြာပြီပဲ။ မနှစ်က နှင်းကြည့်ရင်း ပြဿနာတွေ တက်ခဲ့လို့ ကျန်းတို့လည်း ကြာကြာ မနေလိုက်ရဘူး။ ဒီနှစ်တော့ အစောကြီး သွားကြမယ်၊ ချုံးယန်ပွဲတော်ပြီးမှ နန်းတော် ပြန်လာကြတာပေါ့"

အပြင်တွင် ကြာကြာသွားလည်ရမည်ဖြစ်ရာ အလွန် သက်သောင့်သက်သာ ရှိပေလိမ့်မည်။ ယဲ့ယွင်လည်း မျှော်လင့်ချက်များ ရှိလာသည်။ ရှေ့မှ အမျိုးသမီးလေး၏ မျက်ဝန်းများ တောက်ပလာသည်ကို မြင်သောအခါ နင်ချန်မှာ မပြုံးဘဲ မနေနိုင်တော့ပေ။ သို့သော် တစ်ခုကို သတိရသွားသည်။

"ဒီရက်ပိုင်းပူနေတော့ အပူမရှပ်အောင်သတိထားအုံး၊ ကျန်း မနေ့တစ်နေ့က မိဖုရားခေါင်ကြီးဆီမှာ ပထမမင်းသားကို သွားကြည့်တော့ သူမဘေးက တင်းမားမား ဖျားနေတာ တွေ့ခဲ့တယ်။ အခုတလော နန်းတော်ထဲမှာ အစေခံတွေ ဖျားနေကြတာ များတယ်၊ သတိထားရမယ်"

"ချန်းချဲ့ သိပါတယ်၊ အရှင်လည်း ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ အခုအချိန်က မနက်နဲ့ ည အပူချိန် ကွာခြားချက်

ကတော်တော်ကိုများနေတာ ချွေးထွက်နေတုန်း လေတိုက်ခံမိရင် အအေးမိတတ်တယ်။ ချန်းချဲ့ဆီက အလုပ်ကြမ်းလုပ်တဲ့ မိန်းမစိုး တစ်ယောက်လည်း ဖျားနေတယ်"

စဉ်းစားကြည့်လျှင် ဒီရက်ပိုင်း တင်းမားမားကို မိဖုရားခေါင်ကြီးဘေးမှာ မတွေ့ရသည်မှာ အမှန်ပင်၊ သူမ ဖျားနေခြင်း ဖြစ်ပေလိမ့်မည်။ ကံကောင်းသည်မှာ နွေရာသီတွင် ကူးစက်ရောဂါ မရှိသလို၊ ကြည့်ရသည်မှာလည်း ကူးစက်တတ်သော ပုံစံမဟုတ်သဖြင့် ထိတ်လန့်စရာ မရှိပေ။

….

ကျောက်ချွန်းဆောင်ဘက်တွင် ထိခိုက်မှု မရှိသော်လည်း ဖုန်းရှီးနန်းဆောင်ရှိ တင်းမားမားမှာမူ အခြေအနေ မကောင်းပေ။ နန်းတွင်းသမားတော်က ကြည့်ရှုပေးသော်လည်း သူမမှာ အသက်ကြီးပြီဖြစ်သလို အစေခံအဖြစ် အလုပ်လုပ်လာသည်မှာ ကြာပြီဖြစ်၍ ကျန်းမာရေး ချို့ယွင်းနေကြောင်း၊ ယခု အအေးမိလိုက်သောအခါ တစ်ကိုယ်လုံး ပြိုလဲသွားခြင်း ဖြစ်ကြောင်း ပြောသည်။ ဆိုလိုသည်မှာ သူမ၏ ခန္ဓာကိုယ်အတွင်းပိုင်းကတည်းက အားနည်းနေခဲ့ပြီး တစ်ကြိမ် ဖျားလိုက်ရုံဖြင့် မခံနိုင်တော့ခြင်းပင်။

၎င်းမှာ ယောင်ရှန်း (ယောင်ရှိုးယွမ်) ၏ ဆေးအစွမ်းပင် ဖြစ်သည်။ သူမသည် ဆေးကို ဖြည်းဖြည်းချင်း တိုက်ကျွေးကာ အကွက်ချခဲ့ခြင်း ဖြစ်သည်။ လွန်ခဲ့သော လဝက်အတွင်း တင်းမားမား၏ အစားအသောက်ထဲတွင် လက်လှမ်းမှီသမျှ ထည့်သွင်းခဲ့သည်။ သူမကဲ့သို့ အသက်ကြီးသူတစ်ဦးမှာ အဆိပ်အပျော့စားကို ကြာရှည် ခံနိုင်ရည် မရှိပေ။ ဆယ်ရက်ခန့်အကြာတွင် ဆေးဖြတ်လိုက်သဖြင့် တင်းမားမား သမားတော် ပြရချိန်တွင် မသန့်ရှင်းသော အရာများ စားထားကြောင်း အထောက်အထား မကျန်တော့ပေ။

ဤအရာများမှာ ချူးယွမ်၏ လက်ချက်ပင် ဖြစ်သည်။ သူမသည် မိဖုရားခေါင်ကြီး၏ ယုံကြည်မှုကို ရထားသဖြင့် ဖုန်းရှီးနန်းဆောင်၏ လက်ဖက်ရည်များကို တာဝန်ယူထားရာ တင်းမားမား၏ သောက်ရေထဲတွင် တစ်ခုခုထည့်ရန် အခွင့်အရေး အမြဲရှိနေသည်။ ယခုအခါ သမားတော်၏ ညွှန်ကြားချက်မှာ တင်းမားမားသည် အေးအေးဆေးဆေး နားနေရမည်ဖြစ်ပြီး အာဟာရဖြစ်စေမည့် အရာများ စားသုံးရမည်၊ နောက်ထပ် အလုပ်မလုပ်နိုင်တော့ပေ။

၎င်းမှာ မခက်ခဲပေ၊ သူမသည် မိဖုရားခေါင်ကြီး၏ နို့ထိန်းမားမား ဖြစ်ရာ သာမန်အစေခံနှင့် မတူဘဲ မိဖုရားခေါင်ကြီးက သူမကို ပြုစုစောင့်ရှောက်ပေးပေလိမ့်မည်။ ထို့ကြောင့် သူမကို ပြုစုရန်အတွက် နန်းတွင်းသူလေး တစ်ဦးကို သီးသန့် ချပေးလိုက်သည်။

သို့သော် တင်းမားမား ကျန်းမာရေး မကောင်းမီမှာပင် နင်ချန်၏ လင်ရှီးဥယျာဉ်သို့ အပန်းဖြေသွားမည့် အမိန့်တော် ကျလာခဲ့သည်။ ၇လပိုင်း ၂၄ ရက်တွင် ထွက်ခွာမည်ဖြစ်ရာ ခရီးစဉ်အတွက် ခြောက်ရက်၊ ခုနစ်ရက်ခန့်သာ ကျန်တော့သည်။

ထို့ကြောင့် မိဖုရားခေါင်ကြီးမှာ စီစဉ်စရာများဖြင့် အလုပ်ရှုပ်သွားတော့သည်။ အရေးအကြီးဆုံးမှာ မည်သူများကို ခေါ်သွားမည်နည်း ဆိုသည်ပင်။ ထုံးစံအရ မင်းသား၊ မင်းသမီးများ၏ မယ်တော်များကို ခေါ်သွားရမည်ဖြစ်ပြီး ကျန်သောသူများထဲမှ မည်သူ့ကို ခေါ်ရမည်ကို စဉ်းစားရပေမည်။ နင်ချန်က သီးသန့် အမိန့်မရှိလျှင် မိဖုရားခေါင်ကြီးကသာ ဆုံးဖြတ်ရမည် ဖြစ်သည်။

ထို့ကြောင့် ဒီရက်ပိုင်းတွင် သွားချင်သော်လည်း ပါဝင်ရန် မသေချာသော ကိုယ်လုပ်တော်လေးများမှာ ဖုန်းရှီးနန်းဆောင်သို့ သွားကာ ဖားယားနေကြတော့သည်။ မိဖုရားခေါင်ကြီး၏ လက်အောက်မှ ကျန်းဝမ်ရုန်ပင်လျှင် သူမ၏ စိတ်ရင်းကို ပြသရန်အတွက် အိပ်ရာဝင်ဝတ်စုံတစ်ထည် ကိုယ်တိုင်ချုပ်လုပ်ကာ သွားရောက် ပေးအပ်ခဲ့လေသည်။

***

All Chapters