← Chapters

အခန်း (၃၃၃-၃၃၄)

Vol. 21 Ch. 325-326

အခန်း (၃၃၃-၃၃၄)

Vol. 21 Ch. 325-326

အခန်း ၃၃၃ ။ ကိုယ်ပိုင်ဆန္ဒမရှိခြင်း

ပြောရလျှင် ကျန်းဝမ်ရုန်သည်လည်း အမှန်တကယ် သနားစရာကောင်းလှသည်။ နန်းတွင်းသို့ ဝင်လာသည်မှာ ကြာပြီဖြစ်၍အကြိမ်ကြိမ် အစွမ်းကုန် ကြိုးစားခဲ့သော်လည်း အရှင်မင်းကြီးနှင့်အတူ နန်းပြင်သို့ လိုက်ပါခစားခွင့် တစ်ခါမှ မရရှိခဲ့ဖူးပေ။ သူမသည် ရည်မှန်းချက် အင်မတန်ကြီးမားပြီး မျက်နှာသာရရန် အမြဲ ကြိုးစားနေသော်လည်း ကံတရားက သူမဘက်မှာ မရှိခဲ့ပေ။

၎င်းမှာ အကြောင်းရင်း နှစ်ရပ်ကြောင့် ဖြစ်သည်။

ပထမအချက်မှာ - သူမသည် အချိန်အခါ မကောင်းဘဲ နန်းတွင်းသို့ ရောက်လာခြင်း ဖြစ်သည်။ ယခုအခါ နင်ချန်၏ အခြေအနေမှာ အလုံးစုံ မတည်ငြိမ်သေးသဖြင့် နန်းတွင်းရေးရာများအတွက် အင်အားရှိသော အမတ်များ၏ အကူအညီကို လိုအပ်နေသည်။ ထို့ကြောင့် နန်းတွင်းကို ပြန်ကြည့်လျှင် မျက်နှာသာပေးခံရသူများမှာ မျိုးရိုးမြင့်သူများနှင့် မိသားစုက အလုပ်အကျွေးပြုနိုင်သူများသာ ဖြစ်ကြသည်။ ကျန်းရှီမှာ မျိုးရိုးနိမ့်ကျသူ ဖြစ်သဖြင့် နင်ချန်၏ မျက်စိထဲသို့ အစကတည်းက မဝင်ခဲ့ပေ။

ဒုတိယအချက်မှာ - ယဲ့ယွင်နှင့် သက်ဆိုင်သည်။ အစောပိုင်းနှစ်များက ကျန်းဝမ်ရုန်၏ ‘ကြာပန်းဖြူလေး’ (ဟန်ဆောင်ကောင်းသူ) ကဲ့သို့သော အမူအရာများက ယဲ့ယွင်ကို အင်မတန် စိတ်ပျက်စေခဲ့သည်။ ယဲ့ယွင်သည် နင်ချန်၏ ရှေ့တွင်ပင် ကျန်းရှီကို မနှစ်သက်ကြောင်း အကြိမ်ကြိမ် ပွင့်လင်းစွာ ပြောဆိုခဲ့ဖူးသည်။ မိဖုရားခေါင်ကြီးကြီးသာ သူမအား ရံဖန်ရံခါ မြှောက်စားပေးခြင်း မရှိခဲ့ပါက ကျန်းရှီမှာ အေးနန်းဆောင်သို့ ရောက်နေသည်မှာ ကြာလှပေပြီ။

“ချန်းချဲ့... မိဖုရားခေါင်ကြီးကြီးကို ဂါရဝပြုပါတယ်။ နွေရာသီ ရောက်ပြီမို့လို့ မယ်မယ့်အတွက် အိပ်ဆောင်ဝတ်စုံသစ် နှစ်စုံကို ကိုယ်တိုင် ချုပ်လုပ်ပြီး လာပို့တာပါ” ဟု ကျန်းဝမ်ရုန်က ဦးညွှတ်နှုတ်ဆက်သည်။

“ရပါပြီ၊ ထိုင်ပါဦး” မိဖုရားခေါင်ကြီးက ပြုံးလျက် လက်ယမ်းပြသည် - “ဒီအနောက်ဆောင်ထဲမှာ အားလုံးက မင်းလိုပဲ သိတတ်မယ်ဆိုရင်... ပန်ကုန်းလည်း ဒီလောက်အထိ ပင်ပန်းနေမှာ မဟုတ်ဘူး”

ကျန်းရှီက ရိုသေစွာ မျက်လွှာချလိုက်ရင်း - “မိဖုရားခေါင်ကြီးက တိုင်းသူပြည်သားတို့ရဲ့ မိခင်ပီပီ ရွှေဇာမဏီကံကြမ္မာ ပါလာသူပဲလေ။ တခြားလူတွေ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အချည်းနှီးပါပဲ”

ဤမြှောက်ပင့်စကားက မိဖုရားခေါင်ကြီးကြီးအတွက် အင်မတန် သဘောကျစရာ ဖြစ်သွားသည်။ သူမက ဆံနွယ်လေးများကို အသာသပ်ရင်း ပြုံးလိုက်သည် - “ကံကောင်းတာက အခု ပန်ကုန်းမှာ မင်းသားကြီး ရှိနေပြီဆိုတော့... ရင်ထဲက စိုးရိမ်စိတ်တွေ အနည်းငယ် ပြေလျော့သွားရတယ်။ အခု လင်ရှီးဥယျာဉ်ကို အပူရှောင်သွားတဲ့အခါ... ပန်ကုန်းက မင်းကိုပါ လိုက်ပါခစားမယ့် စာရင်းထဲ ထည့်ပေးထားတယ်။ ခဏနေရင် တို့လူလွှတ်ပြီး အဝတ်အစားနဲ့ လက်ဝတ်ရတနာသစ်တွေ ပို့ပေးလိုက်မယ်။ နန်းပြင်ရောက်ရင် စည်းကမ်းတွေ လျော့နည်းသွားမှာမို့... မင်းလည်း သတ္တိရှိရှိနဲ့ ဧကရာဇ်ကို ပြုစုပေါ့”

“မယ်မယ့်ရဲ့ ကရုဏာကို ကျေးဇူးအထူးတင်ပါတယ်။ ဒီကျေးဇူးကို တစ်သက်လုံး မမေ့ပါဘူး” ကျန်းဝမ်ရုန် ဝမ်းသာအားရဖြင့် ထ၍ ဦးချသည်။

မိဖုရားခေါင်ကြီးက သူမအား တစ်ချက်ကြည့်လိုက်ရင်း - “ပန်ကုန်းရဲ့ စေတနာကို မှတ်ထားရင် ရပါပြီ။ ပန်ကုန်းပေးထားတဲ့ ဆေးလုံးတွေကိုရော... နေ့တိုင်း သောက်ရဲ့လား”

ကျန်းရှီက ခေါင်းညိတ်သည် - “မယ်မယ့်ရဲ့ အမိန့်ကို မလွန်ဆန်ရဲပါဘူး။ အိပ်ဆောင်ဝင်တိုင်း သောက်ပါတယ်”

ထိုစကားကို ကြားမှ မိဖုရားခေါင်ကြီး၏ မျက်နှာပေါ်တွင် အပြုံးများ ပိုမို ထင်ဟပ်လာသည်။ သူမက အတွေ့အကြုံရှိသူကဲ့သို့ နူးညံ့စွာ ဖျောင်းဖျပြန်သည် - “ပန်ကုန်းက မင်းကို ကလေးမယူခိုင်းတာ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းက ငယ်သေးတယ်လေ၊ အခု ပထမဆုံး အရေးကြီးတာက အရှင်မင်းကြီးရဲ့ အချစ်ကို ရဖို့ပဲ။ အရှိန်အဝါ ရှိလာမှ၊ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်နိုင်မှ ကလေးမွေးတဲ့အခါမှာလည်း ကိုယ်တိုင် ပြုစုခွင့် ရမှာပေါ့... မဟုတ်ဘူးလား”

ကျန်းရှီက ခေါင်းငုံ့ထားသဖြင့် သူမ၏ မျက်ဝန်းထဲမှ နာကျည်းချက်များကို ဖုံးကွယ်ထားနိုင်ခဲ့သည် - “မယ်မယ်က ချန်းချဲ့အတွက် အစစအရာရာ စဉ်းစားပေးတာကို နားလည်ပါတယ်”

“ကဲ... ဒါဆိုလည်း ပြန်တော့။ မင်းသားကြီး အတန်းဆင်းတော့မယ်၊ ပန်ကုန်း သွားကြည့်လိုက်ဦးမယ်” မိဖုရားခေါင်ကြီးက လက်ယမ်းလိုက်သည်။

ကျန်းဝမ်ရုန်သည် ဂါရဝပြုကာ ထွက်ခွာခဲ့သည်။ ဖုန်းရှီးနန်းဆောင်မှ ထွက်လာချိန်တွင် ကောင်းကင်ကို မော့ကြည့်လိုက်ရာ စူးရှလှသော နေရောင်ခြည်ကြောင့် သူမ မျက်စိကျိန်းသွားရသည်။ သို့သော် ထိုနေရောင်ထက် သူမ၏ ရင်ထဲက နာကျင်မှုက ပို၍ စူးရှနေခဲ့သည်။

သူမသည် အောင်မြင်ချင်သည်၊ သို့သော် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့သော်လည်း ဆန္ဒမပြည့်ခဲ့ပေ။ ယခုအခါ မိဖုရားခေါင်ကြီး၏ လက်အောက်တွင် အသက်ဆက်နေရသဖြင့် သူမ၏ ဘဝမှာ ‘ကိုယ်ပိုင်ဆန္ဒမရှိ’ (身不由己) တော့ပေ။ ကလေးယူ၊ မယူ ဆိုသည်ကိုပင် မိမိဘာသာ မဆုံးဖြတ်နိုင်တော့ပေ။ ကျန်းရှီ၏ ရင်ထဲတွင် ခါးသီးနာကျည်းနေသော်လည်း သူမသည် ထိပ်ဆုံးသို့ ရောက်ချင်လွန်းသဖြင့် သည်းခံရန် ဆုံးဖြတ်လိုက်သည်။ ဆယ်နှစ်၊ ရှစ်နှစ်ကြာရင်တောင်မှ သူမ သေချာပေါက် တက်လှမ်းနိုင်ရမည်။

….

သူမနှင့် အခြေအနေ ကွဲပြားသူမှာ ချင်ဝမ်ရုန် ဖြစ်သည်။ သူမသည် ကျင်းသယ့်ဖေးထံတွင် အသနားခံစရာပင် မလိုဘဲ သတင်းကောင်း ရရှိခဲ့သည်။ ကျင်းသယ့်ဖေးက သူမအား အသင့်ပြင်ထားရန်နှင့် ယခုနှစ် လင်ရှီးဥယျာဉ် ခရီးစဉ်တွင် သူမအား တစ်ပါတည်း ခေါ်သွားမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။ ထို့အပြင် ကျန်းမာရေး ဂရုစိုက်ကာ အမြန်ဆုံး မင်းသားတစ်ပါး မွေးဖွားပေးရန်ပါ တိုက်ရိုက် ပြောဆိုခဲ့သည်။

၎င်းမှာ ကျင်းသယ့်ဖေးသည် နန်းမတက်မီကပင် ကျန်းမာရေး ထိခိုက်ထားသဖြင့် ကိုယ်တိုင် ကလေးမွေးနိုင်စွမ်း မရှိတော့သောကြောင့် ဖြစ်၏။ သူမအတွက် အခြားသူများမှတစ်ဆင့် မင်းသားများကို ပိုင်ဆိုင်ထားမှသာ နောက်ဆုံး အောင်နိုင်သူ ဖြစ်လာမည် မဟုတ်ပါလား။ ချင်ရှီကလည်း ထိုအချက်ကို နားလည်သဖြင့် လိုလိုလားလားပင် လက်ခံခဲ့သည်။ သူမ၏ မျိုးရိုးအရ ကလေးမွေးလျှင်ပင် ထိပ်ဆုံးသို့ ရောက်ရန် ခက်ခဲသဖြင့် - သူမနှင့် သူမ၏ကလေးမှာ ကျင်းသယ့်ဖေးကိုသာ အမှီပြုရမည် ဖြစ်သည်။

အားလုံး မျှော်လင့်နေကြသော နန်းပြင်လိုက်ပါခစားမည့် စာရင်း ထွက်ပေါ်လာခဲ့သည်။ မိဖုရားခေါင်ကြီးမှာ သေချာပေါက် ပါဝင်သလို၊ ရှူးဖေး၊ ကျင်းသယ့်ဖေး၊ ဟွေ့ကျောင်းရုန်၊ ယဲ့ယွင်၊ ယိရွှင်ယွမ် နှင့် ယောင်ရှန်း တို့ကဲ့သို့ ကလေးရှိသူများ ပါဝင်ကြသည်။ အောက်တွင်မူ ချီမိန်ရန်၊ ဝမ်မိန်ရန်၊ ကျိုးမိန်ရန်၊ ချင်ဝမ်ရုန် နှင့် ကျန်းဝမ်ရုန် တို့ ပါဝင်ကြသည်။

ယခုတစ်ကြိမ်တွင် မယ်တော်ကြီးပါ လိုက်ပါမည် ဖြစ်သည်။ ထို့ကြောင့် အင်မတန် ကြီးကျယ်ခမ်းနားသော အဖွဲ့ကြီး ဖြစ်သွားခဲ့သည်။ မူလက ကျိုးမိန်ရန်မှာ စာရင်းထဲ မပါသော်လည်း ယဲ့ယွင်က ဆွဲခေါ်ပေးခဲ့ခြင်း ဖြစ်၏။ မိမိလူများကိုလည်း အခွင့်အရေး ပေးသင့်သည် မဟုတ်ပါလား။

ဝမ်မိန်ရန်မှာ ကိုယ်ဝန်ရှိနေသဖြင့် သူမအတွက် ပို၍ ကျယ်ဝန်းသော ရထားလုံးကို စီစဉ်ပေးခဲ့ရာ အခြားသူများ၏ မနာလိုမှုကို ရရှိခဲ့သည်။

…..

ဥယျာဉ်သို့ ရောက်သည့် ပထမဆုံးနေ့တွင် နင်ချန်သည် မိဖုရားခေါင်ကြီးထံသို့ သွားရောက်ခဲ့သည်။ ဧကရာဇ်အနေနှင့် ပေးသင့်သော သိက္ခာကို အပြည့်အဝ ပေးခဲ့ခြင်းပင်။ မိဖုရားခေါင်ကြီးကလည်း မင်းသားကြီးကို ခေါ်ယူကာ သုံးဦးအတူ နေလည်စာစားရင်း သူမ၏ ကြိုးစားမှုကို ပြသခဲ့သည်။ မင်းသားကြီးမှာ နင်ချန်ကို ကြောက်နေဆဲဖြစ်သော်လည်း အရင်ကထက်စာလျှင် ပို၍ သိတတ်လာခဲ့သည်။

“မိဖုရားခေါင်ကြီး ပင်ပန်းသွားပါပြီ။ မင်းသားကြီးက တကယ်ကို သိတတ်လာတာပဲ၊ ကလေးကို မိဖုရားခေါင်ကြီးပဲ ဆက်ပြီး ပြုစုစောင့်ရှောက်ပါဦး” ဟု နင်ချန်က ဆိုသည်။

မိဖုရားခေါင်သည်နင်ချန်၏စိတ်ထဲကချီးကျူးမှုကြောင့်အင်မတန် ဝမ်းသာသွားကာ ချက်ချင်းပင် ခေါင်းညိတ် ကတိပေးတော့သည်။

“ချန်းချဲ့မင်းသားကြီးကို ကိုယ်တိုင်မွေးတဲ့ သားလိုပဲ သဘောထားပြီး သေသေချာချာ ဆုံးမပါ့မယ်။ သူ့ကို ထူးထူးချွန်ချွန် ဖြစ်အောင် မတောင်းဆိုပါဘူး၊ အခြေအနေအရ အတိုးအဆုတ်ကို သိတတ်တဲ့ ကလေးတစ်ယောက် ဖြစ်ရင်ပဲ ကျေနပ်ပါပြီ”

“မိဖုရားခေါင်ကြီး လုပ်ဆောင်တာကို ကျန်း စိတ်ချပါတယ်။” နင်ချန်က မျက်လွှာချလိုက်ရင်း - “ဝမ်မိန်ရန်ရဲ့ ကိုယ်ဝန်ကိုလည်း မိဖုရားခေါင်ကြီးပဲ တာဝန်ယူပြီး စောင့်ရှောက်ပေးပါဦး၊ ဘာမှ အမှားအယွင်း မရှိစေနဲ့” ဟု ထပ်လောင်း မှာကြားလိုက်သည်။

မိဖုရားခေါင်ကြီးမှာ ပြန်လည်အသံပြုလိုက်သော်လည်း မျက်နှာမှာ သိသိသာသာ မှေးမှိန်သွားခဲ့သည်။

….

အပူရှောင် ခရီးစဉ်ဖြစ်သဖြင့် နေ့စဉ် မနက်ခင်း ဂါရဝပြုခြင်းကို သုံးရက်လျှင် တစ်ကြိမ်အဖြစ် ပြောင်းလဲလိုက်သည်။ ဝမ်မိန်ရန်မှာမူ ကိုယ်ဝန် သုံးလပြည့်မှသာ လာရောက်ရန် ခွင့်ပြုထားသည်။

ထင်မှတ်ထားသည့်အတိုင်း၊ နင်ချန် ရောက်ရှိပြီး ဒုတိယညမှာပင်ယဲ့ယွင် (မင်ရွှင်ရီ) ဆီတွင် အိပ်စက်ခဲ့သည်။ ယခုအခါ နန်းတွင်း၌ ‘မင်ရွှင်ရီ’ မှာ အချစ်ခံရဆုံးဖြစ်ကြောင်း အားလုံးက လက်ခံထားကြပြီ ဖြစ်၏။ နောက်တစ်နေ့တွင် ဧကရာဇ်သည် ယိရွှင်ယွမ်ဆီသို့ သွားခဲ့သည်။

သို့သော် ညစာ စားပြီးစတွင်ပင် လူတစ်ယောက် ရောက်လာကာ - ဝမ်မိန်ရန်မှာ ဗိုက်မအီမသာ ဖြစ်နေသဖြင့် အရှင်မင်းကြီးအား လာရောက်ကြည့်ရှုရန် အသနားခံနေကြောင်း သတင်းပို့သည်။

ယခင်က ဗိုက်ကို အကြောင်းပြကာ လူခေါ်ခြင်းမျိုး ရှားပါးလှသဖြင့် နင်ချန်သည် ဝမ်ရှီ၏ တမင်လုပ်ဆောင်မှုမှန်း ရိပ်မိသော်လည်း သွားကြည့်ရန် ဆုံးဖြတ်လိုက်သည်။

ထိုအခါ ယိရွှင်ယွမ်မှာလည်း တားရန် ခက်ခဲသဖြင့် သဘောထားကြီးဟန်ဆောင်ကာ ပြုံး၍ လွှတ်လိုက်ရသော်လည်း၊ ရင်ထဲတွင်တော့ ဒေါသထွက်လွန်းသဖြင့် အသည်းတုန်နေခဲ့ရသည်။ ဝမ်မိန်ရန်မှာ ကိုယ်ဝန်ရှိသဖြင့် နင်ချန်သည် သူမနှင့် မအိပ်ဘဲ ‘ကျန်းချန်နန်းဆောင်’ သို့ ပြန်၍ အနားယူခဲ့သည်။

….

အစေခံမလေးက ဝမ်မိန်ရန်၏ ခြေထောက်ကို နှိပ်ပေးရင်း - “သခင်မ... ကျွန်မတို့ ဒီလိုလုပ်တာ လူသိသိသာသာကြီး ဖြစ်မနေဘူးလား” ဟု တိုးတိုးလေး မေးသည်။

“ကိုယ်ဝန်ရှိတုန်းမှာ အရှင်မင်းကြီးရဲ့ စိတ်ကို မစမ်းသပ်ရင်... ကလေးမွေးပြီးတဲ့အခါ ဒီလိုလုပ်ဖို့ အကြောင်းပြချက် မရှိတော့ဘူးလေ။ အခုကြည့်ရတာတော့... အရှင်မင်းကြီးက ငါ့ကို တန်ဖိုးထားနေတုန်းပဲ” ဝမ်ရှီက အားရကျေနပ်စွာ ဆိုသည်။

“ဟုတ်တာပေါ့... သခင်မရဲ့ မျိုးရိုးကလည်း မဆိုးဘူးလေ။ နောင်ကျရင် မင်းသားလေး မွေးလာရင် မင်ရွှင်ရီနဲ့တောင် ယှဉ်နိုင်မှာပါ”

ယဲ့ယွင်၏ အမည်ကို ကြားသောအခါ ဝမ်မိန်ရန်၏ မျက်နှာမှာ အနည်းငယ် တည်သွားသည်။ “မင်းတို့လည်း သတိထားကြဦး။ သူ့ရဲ့လူတွေကို သွားမထိနဲ့၊ သူက ဘာကိုမှ ဂရုစိုက်တတ်တဲ့သူ မဟုတ်ဘူး။ အရှင်မင်းကြီးကလည်း သူ့ကို ချစ်မြတ်နိုးနေတဲ့အပြင်... သူ့ရဲ့ မိသားစုကလည်း စစ်မြေပြင်မှာ အောင်မြင်မှုတွေ ရှိနေတော့... လောလောဆယ်တော့ ငါတို့သူမကို သွားပြီး ရန်စလို့ မဖြစ်သေးဘူး”

သူမ၏လူများအားသတိပေးလိုက်လေသည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-334

အခန်း ၃၃၄ ။ နောက်ဆုတ်လမ်း ချန်ထားခြင်း

မူလက အနည်းငယ် ဘဝင်မြင့်နေသော အစေခံမလေးနှစ်ဦးသည် ဤစကားကို ကြားသောအခါမှ အပြုံးများကို ရုပ်သိမ်းလိုက်ကြသည်။ သူတို့သည်လည်း ယခင်က ယဲ့ယွင်၏ ‘လုပ်ရပ်’ အမျိုးမျိုးကို ကြားဖူးနားဝ ရှိကြသည်။

ထိုစဉ်က ယိရွှင်ယွမ်သည် တတိယမင်းသားကို ကိုယ်ဝန်ဆောင်ထားစဉ်မှာပင် သူမလက်ထဲ၌ အရှုံးပေးခဲ့ရဖူးရာ၊ ယနေ့ကဲ့သို့ ယဲ့ယွင်၏ အဆင့်အတန်းမျိုးနှင့်ဆိုလျှင် ဝမ်မိန်ရန်ကို နင်းခြေပစ်ရန်မှာ အလွန်ပင် လွယ်ကူလှပေသည်။ ယိရွှင်ယွမ်ကို မကြောက်ကြခြင်းမှာ ဝမ်မိန်ရန်သည် ယိရွှင်ယွမ်၏ စရိုက်ကို အနည်းငယ် ရိပ်မိထားသောကြောင့် ဖြစ်သည်။ ထိုသူသည် မိဖုရားခေါင်ကြီးကဲ့သို့ပင် အမြဲတမ်း ကြင်နာသဘောထားကြီးဟန် ဆောင်တတ်သူဖြစ်ရာ၊ သူမအား လူပုံအလယ်တွင် ဗြောင်ကျကျ အရှက်ခွဲလိမ့်မည် မဟုတ်ပေ။

….

နောက်တစ်နေ့ နံနက်တွင် ဂါရဝပြုခြင်းမှာ ဥယျာဉ်သို့ ရောက်ရှိပြီးနောက် ပထမဆုံးအကြိမ် ဖြစ်သည်။ ကိုယ်လုပ်တော်များ အားလုံး ဝူထုံနန်းဆောင်တွင် စုံလင်စွာ ရောက်ရှိနေကြပြီး၊ ကိုယ်ဝန်ဆောင်ထားသော ဝမ်မိန်ရန် တစ်ဦးတည်းသာ မလာနိုင်ပေ။

ယဲ့ယွင် ရောက်လာသည်နှင့် တစ်စုံတစ်ယောက်၏ မျက်နှာမှာ မကောင်းဘဲ အိပ်ရေးမဝသည့် ပုံစံဖြစ်နေသည်ကို လှမ်းမြင်လိုက်ရ၏။ သူမသည် စူးနယ်ထွက် ပန်းထိုးယပ်တောင်လေးကို ခတ်ရင်း ပြုံးကာ ဆိုလိုက်သည်။

"ကြည့်ရတာ ယိရွှင်ယွမ် အနားမယူရသေးဘူး ထင်တယ်? အရှင်မင်းကြီးကိုယ်စား ဝမ်မိန်ရန်အတွက် စိုးရိမ်နေလို့ ဖြစ်မှာပါ"

ပုံမှန်ဆိုလျှင် သူမအား အမြဲ ပစ်မှတ်ထားလေ့ရှိသဖြင့် ယနေ့တွင်မူ သူမက အရင် စတင်တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။

"ဝမ်မိန်ရန်မှာ တော်ဝင်ရင်သွေး ရှိနေတာဆိုတော့ အားလုံးက ပိုပြီး ဂရုစိုက်ပေးကြရမှာပဲလေ။ မင်ရွှင်ရီကရော နည်းနည်းလေးတောင် စိတ်မပူဘူးလား" ဟု ယိရွှင်ယွမ်က အေးအေးဆေးဆေး ပြန်ဖြေသည်။

"အိုး... ကျွန်မဗိုက်မှ မဟုတ်တာ။ ကိုယ့်ဒုက္ခကိုယ် သိတာပဲဟာ၊ သူများကိစ္စကို ဘာလို့ လျှောက်ပြီး စိတ်ပူနေရမှာလဲ။ ကြည့်ပါဦး... ယိရွှင်ယွမ်ရဲ့ မျက်တောင်ထောင့်မှာ အရေးအကြောင်းလေးတွေတောင် ပေါ်နေပြီ" ယဲ့ယွင်က သူမကို တစ်ချက်စောင်းကြည့်ကာ တည်ငြိမ်စွာ ထိုင်လိုက်သည်။

ဤစကားတစ်ခွန်းကြောင့် ယိရွှင်ယွမ်၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားတော့သည်။ ယဲ့ယွင်က သူမအား သူများကိစ္စ စွက်ဖက်သည်ဟု ပြောသည်ကို ဒေါသထွက်ရမှာလား၊ သို့မဟုတ် မိမိမျက်နှာတွင် အမှန်တကယ် အရေးအကြောင်းများ ရှိနေပြီလားဟု စိုးရိမ်ရမှာလား မသိတော့ပေ။

သူမ ဒေါသထွက်နေစဉ်မှာပင် မိဖုရားခေါင်ကြီးသည် အစေခံများကို တွဲလျက် အတွင်းဆောင်မှ ထွက်လာခဲ့သည်။ လူတိုင်း ထရပ်ကာ ဂါရဝပြုကြကုန်၏။

"နေကြပါ၊ အားလုံး ထိုင်ကြပါ" မိဖုရားခေါင်ကြီးက ပြုံးလျက် လက်ကာပြလိုက်သည် - "ဥယျာဉ်ကို ရောက်လာတော့ နန်းတော်ထဲမှာထက် ပိုပြီး သက်သောင့်သက်သာ ရှိတာတော့ အမှန်ပဲ။ ဒါပေမဲ့ ဘယ်လောက်ပဲ လွတ်လပ်လွတ်လပ် စည်းကမ်းတွေကိုတော့ လုံးဝ မေ့သွားလို့ မဖြစ်ဘူးနော်"

"မှန်လှပါ၊ ချန်းချဲ့တို့ ဆုံးမစကားကို အမြဲ နှလုံးသွင်းထားပါ့မယ်" ဟု ကိုယ်လုပ်တော်များက တညီတညွတ်တည်း ဖြေကြသည်။

မိဖုရားခေါင်ကြီးက ကျေနပ်စွာ ခေါင်းညိတ်သည်။ ထို့နောက် ယိရွှင်ယွမ်ဘက်သို့ လှည့်ကာ ပြောလိုက်သည် - "ဝမ်မိန်ရန်မှာ ကိုယ်ဝန်ရှိနေတော့ အလိုလိုက်တာ ခံချင်မှာပဲ။ တစ်ခါတလေ နေမကောင်းဖြစ်တာနဲ့ ကြောက်ပြီး အရှင်မင်းကြီးကို ခေါ်ခိုင်းတတ်တာမျိုး ရှိလိမ့်မယ်၊ ယိရွှင်ယွမ်အနေနဲ့ သူမကို အပြစ်မမြင်ပါနဲ့ဦး"

"မိဖုရားခေါင်ကြီး စိတ်ချပါ။ ချန်းချဲ့လည်း ကလေးမွေးဖူးတာဆိုတော့ ကိုယ်ဝန်ဆောင်ရတာ ဘယ်လောက် ပင်ပန်းလဲဆိုတာ သိပါတယ်။ သူမကို အပြစ်မယူပါဘူး" ဟု ယိရွှင်ယွမ်က ပြုံးလျက် ဆိုသည်။

မိဖုရားခေါင်ကြီးကလည်း ပြုံးပြသည် - "မင်းရဲ့ စိတ်ဓာတ်ကို ပန်းကုန်းစိတ်ချပါတယ်။ ဒါပေမဲ့ တခြားသူတွေက စိတ်ကြီးပြီး ပြဿနာ ရှာမှာကိုတော့ စိုးရိမ်မိတယ်"

ဤစကားကို ပြောချိန်တွင် မိဖုရားခေါင်ကြီး၏ အကြည့်မှာ ယဲ့ယွင်ထံသို့ ဝေဝေဝါးဝါး ကျရောက်သွားသည်။ ဗြောင်ပြောရုံသာ ကျန်တော့၏။ သို့သော် သူမက အမည်တပ် မပြောသရွေ့ ယဲ့ယွင်ကတော့ ကိုယ့်ဘာကိုယ် အမည်တပ်ခံယူမည် မဟုတ်ပေ။

သူမက မျက်ခုံးလေး ပင့်လိုက်ပြီး - "ဟုတ်ပါတယ်၊ အရင်က မင်းသားကြီးက ကလေးသေးသေးလေး ဆိုပေမယ့် ဟွေ့ကျောင်းရုန်နဲ့ ဒုတိယမင်းသမီးလေး နှစ်ယောက်လုံးကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တာပဲ။ မိဖုရားခေါင်ကြီးအနေနဲ့ အစေခံတွေကို သေချာ ကြည့်ခိုင်းရမယ်နော်။ မင်းသားကြီးက အပြင်မှာ ဒေါသထွက်ပြီး တခြားသူတွေကို တွန်းပစ်တာက ထားလိုက်ပါတော့၊ တကယ်လို့ ဝမ်မိန်ရန်ကိုသာ သွားတွန်းမိရင်တော့ အဆင်မပြေဖြစ်သွားလိမ့်မယ်"

မိဖုရားခေါင်ကြီးမှာ ဤစကားကို ကြားရသောအခါ မျက်ဝန်းများ အေးစက်သွားတော့သည်။

"ဒါတွေက အရင်က ကိစ္စတွေပါ။ အခုတော့ မင်းသားကြီးကို ပန်းကုန်းကိုယ်တိုင် သေချာ ဆုံးမထားလို့ လိမ္မာနေပါပြီ။ မနေ့ကတောင် အရှင်မင်းကြီးရဲ့ ချီးကျူးတာ ခံရသေးတယ်။ မင်ရွှင်ရီ စိတ်ချနိုင်ပါတယ်"

"မိဖုရားခေါင်ကြီးက တကယ်ကို မတူတာပဲနော်။ မိဖုရားခေါင်ကြီး ဆုံးမမှပဲ မင်းသားကြီးက နားထောင်တာ၊ တခြားသူတွေ ပြောတာကျတော့ ဘာမှ မထူးခြားဘူးလေ" ယဲ့ယွင်က ပြုံးစိစိဖြင့် ဆိုလိုက်သည်။

သူတစ်ပါး မသိသော်လည်း သူမနှင့် ဟွေ့ကျောင်းရုန်တို့မှာ ရင်းနှီးကြသဖြင့် မင်းသားကြီးဘေးမှ ရန်မားမားတွင် ပြဿနာရှိနေမှန်း သူမ နောက်ပိုင်းမှ ရိပ်မိခဲ့သည်။ ယခုအခါ အကျိုးအမြတ် အများဆုံး ရရှိသူမှာ မိဖုရားခေါင်ကြီး ဖြစ်နေသဖြင့်၊ အကယ်၍ ထိုရန်ရှီတွင် ပြဿနာရှိခဲ့လျှင် မိဖုရားခေါင်ကြီးနှင့် မပတ်သက်ဘဲ မနေပေ။ ကလေးတစ်ယောက်မှာ မည်မျှပင် စိတ်ကြီးပါစေ၊ ဘေးနားက လူတွေက မမြှောက်ပင့်လျှင် ဤမျှအထိ မဖြစ်နိုင်ပေ။

သို့သော် ဟွေ့ကျောင်းရုန်ကိုယ်တိုင်ကလည်း မင်းသားကြီးကို မပြုစုချင်သဖြင့် လွှဲထုတ်လိုက်ခြင်းက ပိုကောင်းသွားသောကြောင့် သူမ ထပ်ပြီး အစဖော်မနေတော့ခြင်း ဖြစ်သည်။ ယနေ့ ယဲ့ယွင်က ဤကိစ္စကို အနည်းငယ် တို့လိုက်ခြင်းမှာ စမ်းသပ်ကြည့်သည့် သဘောပင်။ သို့သော် မိဖုရားခေါင်ကြီးမှာ အလွန် တည်ငြိမ်လှကာ မည်သည့် အထောက်အထားမှ မပေါ်စေခဲ့ပေ။

"ကလေးက ငယ်ပါသေးတယ်။ စိတ်ရှည်လက်ရှည် ဆုံးမရင် ဖြည်းဖြည်းချင်း ကောင်းလာမှာပါ"

မိဖုရားခေါင်ကြီး မည်မျှပင် သဘာဝကျအောင် ဟန်ဆောင်နေပါစေ၊ စကားပြောရာတွင် အနည်းငယ် တုန့်ဆိုင်းသွားသည်ကို လူအချို့ သတိပြုမိလိုက်ကြသည်။ အမှန်ပင်၊ ပထမမင်းသား ယုံနျန်နန်းဆောင်တွင် ရှိစဉ်က ဒေါသထွက်ခဲ့သည်မှာ မိဖုရားခေါင်ကြီးနှင့် ပတ်သက်နေပေလိမ့်မည်။ သို့သော် ယဲ့ယွင် ထင်မှတ်သည်မှာ အစေခံများကို အသုံးချကာ ရန်တိုက်ပေးသည်ဟုသာ ဖြစ်ပြီး၊ မိဖုရားခေါင်ကြီးက ကလေးကို ဆေးခတ်လိမ့်မည်ဟုတော့ မစဉ်းစားမိပေ။ ထိုမျှ ငယ်သော ကလေးအပေါ် မည်သူက ရက်စက်ရဲပါ့မလဲ။

….

ဂါရဝပြုပွဲ ပြီးဆုံး၍ ဖုန်းရှီးနန်းဆောင်မှ ထွက်လာပြီး ခဏအကြာတွင် မိုးသည်းထန်စွာ ရွာချလာတော့သည်။ နွေရာသီ မိုးမှာ ရုတ်တရက် ရွာချခြင်း ဖြစ်၏။ ယဲ့ယွင် နေထိုင်သော ကျောက်ထန်ဆောင်မှာ ဖုန်းရှီးနန်းဆောင်နှင့် အတော်လေး ဝေးသဖြင့် ပြန်ရန် မမီတော့ပေ။ ကံကောင်းထောက်မစွာဖြင့် ဘေးနားတွင် ဇရပ်လေးတစ်ခု ရှိနေသဖြင့် ခန ဝင်ခိုလိုက်ရသည်။

ထိုနေရာတွင် ချင်ဝမ်ရုန်နှင့် ကွက်တိ ဆုံတွေ့ကြလေသည်။ ချင်ဝမ်ရုန်က အရင် ရောက်နေခြင်း ဖြစ်ပြီး၊ ယဲ့ယွင် ဝင်လာသည်ကို မြင်သောအခါ အသာအယာ ဦးညွှတ် ဂါရဝပြုသည်။

"ချန်းချဲ့ရဲ့ နေအိမ်က ဒီနားတင်ပါ။ အစေခံတွေကို ထီးသွားယူခိုင်းထားပြီဆိုတော့၊ ရောက်လာရင် ရွှင်ရီကို အရင် ပို့ခိုင်းလိုက်ပါ့မယ်။ ဒီဇရပ်က သေးပြီး လေတိုက်တော့ ရွှင်ရီ အအေးမိမှာ စိုးလို့ပါ"

"ဒါဆိုရင်တော့ ကျေးဇူးတင်ပါတယ် ဝမ်ရုန်" ယဲ့ယွင်က ပြုံးလျက် သူမကို အထက်အောက် ကြည့်လိုက်သည် - "ချင်ဝမ်ရုန် ကြည့်ရတာ အတော်လေး ပိန်သွားသလိုပဲနော်"

"မနှစ်က ဒုတိယမင်းသားလေး ရေထဲကျတုန်းက ကျွန်တော်မျိုးမ ရေထဲဆင်းကယ်ခဲ့တာလေ။ ဆောင်းတွင်းကြီးဆိုတော့ အအေးပတ်သွားတာ အခု လဝက်လောက်ရှိမှ ပြန်ကောင်းလာတာပါ။ ဆေးတွေ အမြဲ သောက်နေရတော့ ထမင်းစားမဝင်ဘဲ ပိန်သွားတာပါ" ဟု ချင်ရှီက ပြုံးလျက် ဖြေသည်။

အမှန်ပင်၊ သူမ၏ မျက်နှာမှာ ကျန်းမာသော ပုံစံ မရှိပေ။ စဉ်းစားကြည့်လျှင် မြို့တော်၏ ဆောင်းတွင်းမှာ အလွန်အေးလှပြီး၊ နှင်းကျနေချိန်တွင် ရေထဲသို့ ဆင်းခဲ့ရသဖြင့် အအေးဒဏ်မှာ မသေးလှပေ။ ထိုစဉ်က အစေခံများမှာ ဒုတိယမင်းသားကိုသာ အာရုံစိုက်နေကြသဖြင့် သူမကို ဂရုစိုက်ရန် ပေါ့ဆခဲ့ကြရာ ပို၍ အအေးမိသွားခဲ့ခြင်း ဖြစ်သည်။

"မင်းက ငယ်ပါသေးတယ်၊ အခြေခံကောင်းတော့ ဖြည်းဖြည်းချင်း ပြန်ကောင်းလာမှာပါ" ယဲ့ယွင်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။

ချင်ရှီက ခေါင်းညိတ်သည် - "ကံကောင်းလို့ ကျင်းသယ့်ဖေး နဲ့ မိဖုရားခေါင်ကြီးက သေချာ စောင့်ရှောက်ပေးလို့ပါ။ မဟုတ်ရင် ချန်းချဲ့ ဒီလောက်ကောင်းတဲ့ ဆေးတွေကို လဝက်လောက် ဘယ်သောက်နိုင်ပါ့မလဲ"

၎င်းမှာ အမှန်ပင် ဖြစ်သည်။ ဝမ်ရုန်၏ လစာငွေနှင့်ဆိုလျှင် ထိုမျှ ကောင်းမွန်သော ဆေးများကို မဝယ်နိုင်ပေ။ သူမ ဝတ်ထားသော အဝတ်အစားများမှာလည်း မဆိုးလှသဖြင့် ၎င်းမှာ ကျင်းသယ့်ဖေး ပေးထားသော ပိတ်စများ ဖြစ်ပေလိမ့်မည်။

"မင်းက ဒုတိယမင်းသားကို ကယ်ခဲ့တာဆိုတော့ မိဖုရားခေါင်ကြီးက ကျေးဇူးတင်တာပေါ့။ သူမက စိတ်ထားကောင်းသူမို့ မင်းကို ပိုပြီး ဂရုစိုက်ပေးမှာပါ" ယဲ့ယွင်က ထုံးစံအတိုင်းပင် တရားဝင် စကားလုံးများဖြင့်သာ ဆက်ပြောသည်။ အလွန်အကျွံ ရင်းနှီးရန် ဆန္ဒမရှိပေ။

သို့သော် ချင်ဝမ်ရုန်က အဓိပ္ပာယ်ပါပါဖြင့် ခပ်ဖွဖွ ရယ်မောလိုက်သည် - "နန်းတော်ထဲမှာ ဘယ်မှာ စိတ်ထားကောင်းတဲ့သူ ရှိလို့လဲ"

သူမ ဤစကားကို ပြောပြီးသည်နှင့် မိုးစဲသွားကာ၊ ထီးယူရန် သွားသော မိန်းမစိုးလေးမှာလည်း အပြေးအလွှား ပြန်ရောက်လာသည်။ ယဲ့ယွင်သည် ချင်ရှီကို ကျေးဇူးတင်စကား ပြောပြီးနောက် ဟွေယွဲ့ ထီးဆောင်းပေးသည်ကို ခံယူကာ အရင် ထွက်လာခဲ့တော့သည်။

"ရွှင်ရီ... ချင်ဝမ်ရုန် ဘာလို့ အဲဒီလို ပြောတာလဲဟင်။ ကျင်းသယ့်ဖေးက သူမအပေါ် တကယ် ကောင်းတာပဲ မဟုတ်လား" ဟု ဟွေယွဲ့က တိုးတိုးလေး မေးသည်။

"သူမက ကျင်းသယ့်ဖေးရဲ့ လက်အောက်မှာပဲ အမြဲ နေချင်တာ မဟုတ်ဘူးလို့ ငါ့ကို ပြောပြနေတာပဲ" ယဲ့ယွင်က မျက်တောင်ခတ်လိုက်သည် - "ပြောရရင်တော့ ကိုယ့်အတွက်ကိုယ် နောက်ဆုတ်စရာလမ်း တစ်ခု ချန်ထားတာပေါ့၊ တခြားသူတွေနဲ့ အစွန်းမရောက်အောင် နယ်နိမိတ်ကို သေချာ သတ်မှတ်ထားတာပဲ"

ဟုတ်ပေလိမ့်မည်၊ အခြား အဓိပ္ပာယ်လည်း ရှိနိုင်ပေသည်။ ဥပမာ - ကျင်းသယ့်ဖေးသည် အပြင်ပန်း မြင်ရသလို နူးညံ့ပြီး ဘေးကင်းသူ မဟုတ်ခြင်းမျိုး ဖြစ်နိုင်သည်။ ချင်ရှီသည် ထက်မြက်သူ ဖြစ်သည်။ သူမသည် ကျင်းသယ့်ဖေးထံ ခိုလှုံနေသော်လည်း တခြားသူများနှင့် ရန်သူမဖြစ်အောင် နေတတ်သူ ဖြစ်ရာ၊ ဤကဲ့သို့သော သူမျိုးသည်သာ နန်းတော်ထဲတွင် ကြာရှည် ရှင်သန်နိုင်မည် ဖြစ်သည်။

ယဲ့ယွင်သည် ဝေးလံသော နေရာရှိ စိမ်းလန်းစိုပြည်နေသော သစ်ပင်ပန်းမန်များကို ငေးကြည့်လိုက်မိသည်။ ဤနန်းတွင်းကြီးနှင့် တူလှပေသည်။ အားလုံးက ငယ်ရွယ်နေကြဆဲ ဖြစ်သလို၊ နောက်ထပ် နှစ်အနည်းငယ်ကြာလျှင် လူသစ်များ ထပ်ဝင်လာဦးမည်ဖြစ်ရာ တိုက်ပွဲများမှာမူ ဆက်လက် ရှိနေဦးမည်သာ ဖြစ်တော့သည်။

***

All Chapters