အခန်း (၃၃၅-၃၃၆)
Vol. 21 Ch. 335-336
အခန်း ၃၃၅ ။ ပြဇာတ်ကြည့်ခြင်း
ဥယျာဉ်ထဲသို့ ရောက်လာသည့်အခါ တကယ့်ကို ထူးထူးခြားခြားသက်သောင့်သက်သာ ရှိလှသည်။ သုံးရက်မှတစ်ကြိမ်သာ ဂါရဝပြုရသဖြင့် ယဲ့ယွင်သည် အားလပ်ရက်များတွင် အိပ်ပုပ်ကြီးကာ အိပ်စက်နေလေ့ရှိသည်။
ယနေ့တွင်မူ နံနက် ကိုးနာရီခွဲ အထိပင် သူမ အိပ်ရာမှ မထသေးပေ။ နင်ချန်သည် ကျောက်ထန်ဆောင်သို့ ရောက်လာသောအခါ အပြင်၌ စောင့်နေသော ဟွေယွဲ့နှင့် နန်ကျစ်တို့ကို မြင်သည်နှင့် အတွင်းဆောင်ရှိ ‘ကြောင်ပျင်းမလေး’ မှာ မျက်စိမပွင့်သေးကြောင်း သိလိုက်သည်။ ဟွေယွဲ့က တံခါးဖွင့်၍ လူခေါ်ရန် ပြင်သော်လည်း နင်ချန်က တားမြစ်လိုက်သည်။
"မခေါ်နဲ့ဦး... ကျန်းပဲ ဝင်နှိုးလိုက်မယ်"
မကြာမီ နင်ချန်သည် ဘေးဆောင်မှ စတုတ္ထမင်းသားလေးကို သွားချီလာပြီး၊ သူ့နောက်တွင် အမြီးတလှုပ်လှုပ်ဖြင့် ညန်ကောင်းလည်း ပါလာသည်။ လူကြီးတစ်ယောက်၊ ကလေးတစ်ယောက်နှင့် ခွေးတစ်ကောင်တို့ အတွင်းခန်းသို့ ဝင်သွားကြလေသည်။
နင်ချန်က စနောက်ချင်သဖြင့် စတုတ္ထမင်းသားလေးကို ခုတင်ပေါ်သို့ အသာအယာ တင်ပေးလိုက်ပြီး ယဲ့ယွင်၏ နားနားတွင် အသံပြုရန် ခိုင်းလိုက်၏။ အိပ်မက်မက်နေသော ယဲ့ယွင်သည် နားနားတွင် "မေမေ!" ဟူသော အော်သံကြီးကို ကြားလိုက်ရသဖြင့် လန့်နိုးသွားတော့သည်။
သူမ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ ခုတင်ပေါ်တွင် မျက်လုံးလေး ကလည်ကလည်ဖြင့် ပြုံးကြည့်နေသော သားဖြစ်သူနှင့် ဘေးနားတွင် မျက်နှာလွှဲ၍ ရယ်နေသော ကလေးအဖေကို တွေ့လိုက်ရသည်။ ယဲ့ယွင်မှာ အိပ်ရေးမဝသဖြင့် စိတ်တိုချင်သော်လည်း ဤသားအဖနှစ်ယောက်၏ အပြုအမူကြောင့် စိတ်ထဲတွင် ရယ်ချင်လာမိသည်။ နောက်ဆုံးတွင် သူမသည် ဒေါသကို သားဖြစ်သူအပေါ် ပုံချကာ စတုတ္ထမင်းသားလေး၏ ပါးဖောင်းဖောင်းလေးကို အတင်း ဆွဲနမ်းပစ်လိုက်တော့သည်။
"အရှင်ကတော့ တကယ်ပဲ... ကျင့်အာနဲ့ ပေါင်းပြီး ချန်းချဲ့ကို လာခြောက်နေတယ်!"
ယဲ့ယွင်က စိတ်ကောက်ချင်ယောင်ဆောင်ကာ တစ်ဖက်သို့ လှည့်၍ ပြန်အိပ်ရန် ပြင်သည်။ နင်ချန်က ရယ်လျက် - "ကဲ... ထတော့၊ အခုထိ မထသေးဘူးလား။ နောက်ထပ် မထရင် နေ့လည်စာ စားချိန်တောင် ရောက်တော့မယ်"
"မထဘူး... မထဘူး... ဒီစောင်က ချန်းချဲ့ကို အစွမ်းတွေနဲ့ လုပ်ထားတာ၊ ခွါလို့ မရဘူး"
ယဲ့ယွင်က ကလေးကဲ့သို့ ဂျီကျနေသည်။
ယခုအခါ ဧကရာဇ်သည် ယခင်ကကဲ့သို့ မာန်မာန ခပ်တည်တည်ဖြင့် နေသူမဟုတ်တော့ပေ။ သူမ မထဟု ပြောသည်နှင့် စတုတ္ထမင်းသားလေးကို ချီကာ သူမဘေးတွင် လှဲအိပ်လိုက်တော့သည်။
"ဒါဆိုရင်လည်း အတူတူ အိပ်ကြတာပေါ့။ ကျန်းလည်း မနေ့က ကောင်းကောင်း မအိပ်ရသေးဘူး"
နင်ချန်က ယဲ့ယွင်ကိုရော စတုတ္ထမင်းသားလေးကိုပါ ဆွဲဖက်ထားလိုက်ရာ ကလေးငယ်မှာ အလယ်တွင် ညှပ်၍ လက်ခြေများ လှုပ်ယမ်းကာ ကန့်ကွက်နေတော့သည်။ ဤသို့ ဆော့ကစားနေကြသဖြင့် ယဲ့ယွင်မှာ ဆက်၍ ဟန်မဆောင်နိုင်တော့ဘဲ ထထိုင်လိုက်ရသည်။ နင်ချန်က ပြုံးလျက် ကလေးကို အစေခံများထံ ပေးလိုက်ပြီး၊ ကလေးအမေကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ကာ တိုးတိုးလေး ပြောလိုက်သည်။
"ကဲ... မြန်မြန် ထတော့။ မင်းအတွက် သတင်းကောင်း တစ်ခု ရှိတယ်"
"ဘာသတင်းလဲဟင်" ယဲ့ယွင်က နင်ချန်၏ လည်ပင်းကို ဖက်ကာ ပခုံးပေါ် ခေါင်းမှီရင်း ကြောင်လေးတစ်ကောင်ကဲ့သို့ ပျင်းရိစွာ မေးလိုက်သည်။
နင်ချန်က သူမ၏ ဆံနွယ်နုနုလေးများကို အသာအယာ ပွတ်သပ်ပေးရင်း - "ဒီည မင်းကို နန်းပြင်ခေါ်သွားပြီး ပြဇာတ် သွားကြည့်မလို့"
"နန်းပြင်? ပြဇာတ်ကြည့်မလို့?" ယဲ့ယွင်မှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး အံ့သြတကြီး မေးလိုက်သည်။
နင်ချန်က ပြုံးလျက် - "ဟုတ်တယ်။ ဖိန်ဝမ်က ပြဇာတ်ရုံတစ်ခု ဖွင့်ထားတယ်။ မနေ့ကပဲ ကျန်းနန်က နာမည်ကျော် မင်းသမီး ကျိုးရွှမ်ထုန် ရောက်လာတယ်လို့ ကြားတယ်။ ဒီည သူ ကပြမှာဆိုတော့ မင်းကို ခေါ်သွားချင်လို့"
ဤကျိုးရွှမ်ထုန်မှာ အမျိုးသမီးဟန် ကပြရာတွင် အလွန်ပင် နာမည်ကြီးသူဖြစ်ပြီး၊ အမျိုးသားလား အမျိုးသမီးလား ခွဲခြားရခက်လောက်အောင် လှပသူဟု ဆိုကြသည်။ အသက် ၂၀ ကျော်သာ ရှိသေးသဖြင့် အစွမ်းပြနိုင်ဆုံး အချိန်လည်း ဖြစ်သည်။ ယဲ့ယွင်သည် ပြဇာတ်ကို အလွန်အမင်း မနှစ်သက်သော်လည်း နန်းပြင်ထွက်ရမည်ဆိုလျှင်တော့ အလွန်ပင် ဝမ်းသာလှသည်။
"အရှင်က ချန်းချဲ့ တစ်ယောက်တည်းကိုပဲ ခေါ်မှာလား၊ တခြားသူတွေရော ပါသေးလား" သူမက မျက်စိလေး မှိတ်ပြကာ မေးလိုက်သည်။
နင်ချန်က သူမ၏ ခါးလေးကို အသာအယာ ဆွဲဖက်လိုက်ရင်း - "သေချာပေါက် မင်း တစ်ယောက်တည်းပေါ့။”
"ရေး... အရှင်က အကောင်းဆုံးပဲ!" အဖြေကို ကြားရသောအခါ ယဲ့ယွင်က ဝမ်းသာအားရဖြင့် နင်ချန်၏ မေးစေ့ကို လှမ်းနမ်းလိုက်ပြီးနောက် အဝတ်အစားလဲရန် ပြင်တော့သည်။
….
နန်းပြင်ထွက်မည်ဆိုသော်လည်း မိဖုရားခေါင်ကြီးကိုတော့ အသိပေးရပေသည်။ ဤသတင်းကြောင့် မိဖုရားခေါင်ကြီးမှာ စိတ်မသက်မသာ ဖြစ်သွားရပြန်သည်။ အခြားကိုယ်လုပ်တော်များကလည်း ယဲ့ယွင်၏ နေရာတွင် အစားဝင်လိုစိတ်ဖြင့် မနာလို ဖြစ်နေကြတော့သည်။ မိဖုရားခေါင်ကြီးသည် မယ်တော်ကြီးနှင့် ဝမ်မိန်ရန်တို့ထံသို့ ဤသတင်းကို တမင်တကာ ပေးပို့လိုက်သည်။ ဝမ်မိန်ရန်က ကိုယ်ဝန်ကို အကြောင်းပြကာ ပြဿနာရှာစေရန် ရည်ရွယ်ခြင်း ဖြစ်သော်လည်း ဝမ်မိန်ရန်မှာ မိုက်မဲသူ မဟုတ်ပေ။ ယခုကဲ့သို့ အချိန်မျိုးတွင် အရှင်မင်းကြီး စိတ်အနှောင့်အယှက် ဖြစ်အောင် သူမ မလုပ်ဝံ့ပေ။ မယ်တော်ကြီးမှာမူ မိဖုရားခေါင်ကြီးက မြေးတော်ကို သူမထံမှ လုယူသွားသဖြင့် စိတ်ဆိုးနေသူဖြစ်ရာ ယဲ့ယွင်က မိဖုရားခေါင်ကြီးကို ဒေါသထွက်အောင် လုပ်နိုင်လေ ပိုကြိုက်လေ ဖြစ်နေသဖြင့် ဘာမှ ဝင်မပြောပေ။
ထို့ကြောင့် ယဲ့ယွင်နှင့် နင်ချန်တို့၏ ခရီးစဉ်မှာ အဟန့်အတား မရှိခဲ့ပေ။
…..
ညနေစာ စားပြီးနောက် ထွက်ခွာကြမည် ဖြစ်သည်။ နန်းပြင်သွားမည် ဖြစ်သဖြင့် နန်းတွင်းဝတ်စုံများ မဟုတ်ဘဲ သာမန်ဝတ်စုံ ပြောင်းဝတ်ကြရသည်။ ယွမ်ကျိုက အားလုံးကို အဆင်သင့် ပြင်ဆင်ပေးထားသည်။
ယဲ့ယွင်သည် ရေပြာရောင် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ ပုလဲနှင့် ကျောက်စိမ်းများဖြင့် တန်ဆာဆင်ထားရာ အလွန်ပင် ကျော့ရှင်းလှပနေသည်။ နင်ချန် ဝတ်ဆင်ထားသော ဝတ်ရုံရှည်မှာလည်း ယဲ့ယွင်၏ ဝတ်စုံနှင့် အရောင်တူပင် ဖြစ်သည်။ ၎င်းမှာ အရှင်မင်းကြီး၏ ညွှန်ကြားချက်ကြောင့်သာ ယွမ်ကျိုက တစ်ပတ်တည်းသော ပိတ်စဖြင့် စုံတွဲဝတ်စုံ ချုပ်လုပ်ထားခြင်း ဖြစ်သည်။
ဝတ်စုံလဲပြီး ထွက်လာသောအခါ နှစ်ဦးသား တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးမိကြသည်။
"ဒီဝတ်စုံက တကယ်လှတာပဲ၊ အရှင် ရွေးပေးတာ မဟုတ်လား" ယဲ့ယွင်က ဆိုသည်။
"မင်းနဲ့ လိုက်ဖက်မယ် ထင်လို့ပါ" ဟု နင်ချန်က ဆိုကာ သူမ၏ လက်ကို ဆွဲလိုက်သည်။
ယဲ့ယွင်က အသာအယာ ရယ်မောရင်း - "နန်းပြင်ရောက်ရင်တော့ ‘ချန်းချဲ့’ လို့ သုံးရင် လူသိကုန်မှာပေါ့။ အရပ်သားတွေ ခေါ်သလိုဆိုရင် ချန်းချဲ့က အရှင်မင်းကြီးကို ဖုကျွင်း လို့ ခေါ်ရမှာပေါ့"
သူမသည် နောက်ဆုံး စကားလုံးကို တိုးတိုးလေး ကပ်ပြောလိုက်ရာ နင်ချန်၏ ရင်ထဲတွင် စိတ်လှုပ်ရှားသွားရသည်။ သူက ဘာပြန်ပြောရမှန်း မသိဘဲ ယဲ့ယွင်ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်နေမိသည်။
"ကဲ... သွားကြစို့၊ အရင်ဆုံး ဖိန်ဝမ်အိမ်တော်ကို သွားမယ်။ အဲဒီမှာ လူတွေ စောင့်နေလိမ့်မယ်"
သူတို့နှစ်ဦး လက်တွဲ၍ ထွက်လာကြသည်။ မြင်းရထားပေါ် တက်သည့်အခါ နင်ချန်က ယဲ့ယွင်ကို အသာအယာ ပွေ့ချီ၍ တင်ပေးလိုက်သည်။ ဤမြင်ကွင်းကို မြင်သောအခါ အစေခံလေး ခုန်းချင်းမှာ အံ့သြသွားသော်လည်း၊ ယွမ်ကျိုက ပြုံးလျက် ဆိုသည်။
"ငါတို့ သခင်မက တခြားသူတွေနဲ့ မတူဘူးဆိုတာ အခုတော့ မင်း မြင်ပြီမို့လား"
ထိုသို့ဖြင့် သူတို့အဖွဲ့သည် လကွယ်ည၏ အလှအပကို ခံစားရင်း လင်ရှီးဥယျာဉ်မှ ထွက်ခွာလာကြတော့သည်။ ဧကရာဇ်၏ခရီးစဉ်ဖြစ်သဖြင့် အတွင်းအပြင်တွင် အစောင့်အရှောက်များစွာ ပါဝင်သော်လည်း၊ လမ်းဘေးမှ လူများကမူ ဤရထားလုံးထဲတွင် မည်သည့် အာဏာရှိသူများ ပါလာသလဲဟု စူးစမ်းကြည့်နေကြတော့သည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-336
အခန်း ၃၃၆ ။ ပြုစုရခက်လှသည်
ဖိန်ဝမ်အိမ်တော် အပြင်ဘက်သို့ အရင်ရောက်ရှိလာကြသည်။ ဖိန်ဝမ်သည် သူ၏ကြင်ယာတော် ဖန်းရှီနှင့်အတူ အပြင်၌ ထွက်ကြိုနေသော်လည်း ဤနေရာတွင် ရထားပေါ်မှ မဆင်းဘဲ ပြဇာတ်ရုံရှိရာသို့ တိုက်ရိုက် ဦးတည်လိုက်ကြသည်။
မြင်းရထားအတွင်း၌ ယဲ့ယွင်သည် နင်ချန်
နှင့် ဘေးချင်းယှဉ်ထိုင်နေရင်း အပြင်
ဘက်သို့ လိုက်ကာလေးလှပ်၍ အလွန်
ကြည့်ချင်နေမိသည်။ ထိုသို့လုပ်ခြင်းမှာ စည်းကမ်းနှင့်မညီသော်လည်း အပြင်ဘက်မှ စည်ကားသိုက်မြိုက်လှသော ရောင်းဝယ်ဖောက်ကားသံများကို ကြားရသောအခါ သူမ တကယ်ကို စိတ်မထိန်းနိုင်တော့ပေ။ ထို့ကြောင့် နင်ချန် မျက်စိမှိတ်ကာ အနားယူနေခိုက် လိုက်ကာထောင့်လေးကို အသာအယာလှပ်၍ အပြင်ကို ချောင်းကြည့်လိုက်သည်။
အတိအကျပင် သကြားရုပ်လုပ်သည့် ဆိုင်လေးတစ်ခုရှေ့မှ ဖြတ်သွားရာ တောက်ပနေသော သကြားရုပ်လေးများမှာ အလွန်ပင် ဆွဲဆောင်မှုရှိလှ၏။
"ဘာကြည့်နေတာလဲ"
နောက်ဘက်မှ နင်ချန်၏ အသံထွက်ပေါ်လာသည်။ ယဲ့ယွင်သည် လက်ကိုအမြန်ပြန်ရုပ်ကာ နှုတ်ခမ်းကိုစေ့ရင်း ပြောလိုက်သည်။
"ချန်းချဲ့က အိမ်ထောင်မကျခင်တုန်းက မြို့အရှေ့ဘက်က အမဲသားနှပ်နဲ့ ဖူကျိဆိုင်က ဇီးပန်းကိတ်ကို အကြိုက်ဆုံးပဲမို့ အခုပြန်တွေးနေမိတာပါ။ ယူယွီစာအုပ်ဆိုင် ဘေးက သစ်သီးယိုတွေလည်း အရမ်းစားကောင်းတာ။ မစားရတာကြာတော့ သတိရမိလို့ပါ"
"စားချင်တာရှိရင် နန်းတွင်းစားတော်ကဲတွေကို လုပ်ခိုင်းလိုက်ရင် ရတာပဲ၊ ဘာလို့ လမ်းဘေးကဟာတွေကို တမ်းတနေရတာလဲ" ဟု နင်ချန်က ဆိုသည်။
"အရသာချင်းက မတူဘူးလေ" ယဲ့ယွင်က မျက်လွှာချကာ - "နေရာချင်းလည်း မတူသလို၊ လုပ်တဲ့သူချင်းလည်း မတူဘူးလေမဟုတ်ဘူးလား။”
သူမ၏ စိတ်မကြည်မလင် ဖြစ်နေသောပုံစံကို ကြည့်ကာ နင်ချန်က အလိုလိုက်သည့်လေသံဖြင့်ပြောလိုက်သည်။
"ကြိုက်တယ်ဆိုရင်လည်း ခဏနေရင် အစေခံတွေကို သွားဝယ်ခိုင်းလိုက်မယ်လေ။ အများကြီးဝယ်ပြီး နန်းတော်ထဲ သယ်သွားပေါ့"
"ဟုတ်ကဲ့... အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်" ယဲ့ယွင်သည် မျက်လုံးလေးများ ဝိုင်းသွားကာ ပြုံးရွှင်သွားတော့သည်။ နင်ချန်သည် ကလေးတစ်ယောက်ကဲ့သို့ ပြုမူနေသော သူမကို ကြည့်ကာ မတတ်သာသလို ရယ်မောရင်း သူမ၏လက်ကို အသာဆုပ်ကိုင်လိုက်ပြီး ဘာမှထပ်မပြောတော့ပေ။
ယနေ့တွင် ဧကရာဇ် ကြွလာမည်ဖြစ်သဖြင့် ပြဇာတ်ရုံအတွင်း၌ လူရှင်းထားသည်။ သာမန်လူများကို ပေးမဝင်ဘဲ အရာရှိကြီးများ၏ မိသားစုဝင်များနှင့် ဆွေမျိုးများကိုသာ ပေးဝင်ထားခြင်းမှာ ဧကရာဇ်၏ လုံခြုံရေးမှာ အလွန်အရေးကြီးသောကြောင့် ဖြစ်သည်။ လူများလွန်းလျှင် အန္တရာယ်ရှိနိုင်သလို လူနည်းလွန်းလျှင်လည်း အငွေ့အသက် မရှိနိုင်သဖြင့် လူအချို့ကိုသာ ရွေးချယ်ပေးဝင်ထားခြင်းပင်။
ဖိန်ဝမ်သည် အစစအရာရာ စီစဉ်ထားသည်မှာ အလွန်ကျနလှသည်။ ရထားပေါ်မှ ဆင်းသည်နှင့် ဝေါယာဉ် အသင့်ပြင်ထားကာ ပြဇာတ်ကြည့်မည့် နေရာအထိ ထမ်းခေါ်သွားပေးသည်။ ဤဥယျာဉ်မှာ ထူးခြားဆန်းသစ်လှ၏။ ကန်ပေါ်တွင် ပြဇာတ်ကြည့်ရခြင်း ဖြစ်ပြီး ကမ်းစပ်မှ လှေပေါ်တက်ကာ ကန်အလယ်သို့ လှော်ခတ်သွားရသည်။ ပြဇာတ်စင်ကို ကန်ဘေးတွင် ဆောက်လုပ်ထားသဖြင့် တကယ့်ကို ထူးခြားစွာ ရသအသစ်တစ်မျိုးကိုခံစားရပေသည်။
သူတို့အဖွဲ့သည် အခမ်းနားဆုံး လှေပေါ်သို့ တက်ရောက်လိုက်ကြသည်။ အထဲသို့ ရောက်သောအခါ အပြန်အလှန် ဂါရဝပြုကြသည်။ ဖိန်ဝမ်က ရိုသေစွာ လျှောက်
တင်လိုက်သည်။
"အရှင်မင်းကြီးနဲ့ ရွှင်ရီသခင်မတို့ ထိုင်တော်မူပါ။ ကျွန်တော်မျိုးက လက်ဖက်ရည်နဲ့ မုန့်တွေ အဆင်သင့် ပြင်ထားခိုင်းလိုက်ပါ့မယ်"
နင်ချန်က လက်ယမ်းပြကာ - "ဒုတိယအစ်ကိုနဲ့ အစ်မတို့ အားနာမနေပါနဲ့။ ဒီကို လာတာက အပန်းဖြေဖို့ပဲလေ၊ စည်းကမ်းတွေ အများကြီး မလိုပါဘူး။ အားလုံး ထိုင်ကြပါ"
သူက ထိုသို့ပြောသော်လည်း ဖိန်ဝမ် ဇနီးမောင်နှံမှာမူ စည်းကမ်းကို သေသေချာချာ စောင့်ထိန်းကြဆဲ ဖြစ်သည်။ ယဲ့ယွင်ကတော့ ဘာမှ ဂရုမစိုက်တော့ဘဲ နန်းတော်ထဲမှာထက် ပို၍ပင် လွတ်လပ်စွာ နေထိုင်တော့သည်။ ဥပမာအားဖြင့် ထိုင်လိုက်သည်နှင့် အပြင်ဘက် ကန်မျက်နှာပြင်ပေါ်ရှိ အခြားသော လှေငယ်များကို ငေးကြည့်နေတော့သည်။ ညမှောင်နေသော်လည်း ပြဇာတ်စင်ပေါ်မှ ဖယောင်းတိုင်မီးများကြောင့် လင်းထိန်နေသလို ကန်ပေါ်ရှိ လှေများမှ မီးအိမ်ရောင်စုံများမှာလည်း အလွန်ပင် စည်ကားလှပေသည်။
ထိုအချိန်တွင် အစေခံများက လက်ဖက်ရည်နှင့် မုန့်များ ယူလာသော်လည်း ယဲ့ယွင်မှာ ငေးမောနေသဖြင့် သတိမပြုမိပေ။
"မင်း ကြိုက်တဲ့ ကြာပန်းကိတ် ပါလာပြီ၊ လက်ရာကို မြည်းကြည့်ပါဦး"
နင်ချန်က နွေးထွေးစွာ ပြောလိုက်သည်။
ယဲ့ယွင် သတိပြန်ဝင်လာကာ စားပွဲပေါ်မှ မုန့်များကို ကြည့်လိုက်သည်။
"ဒီနေ့တော့ ကြာပန်းကိတ် မစားချင်တော့ဘူး။ ဒီ ဖန်ချက်ကိတ်လေးက ကြည့်လို့ကောင်းသားပဲ"
ပြောပြီးသည်နှင့် သူမသည် တစ်ခုကို ကောက်ယူကာ မြည်းကြည့်လိုက်သည်။ ချက်ချင်းပင် အရသာရှိလှသဖြင့် နင်ချန်၏ ပန်းကန်ထဲသို့ ကျွမ်းကျင်စွာ ထည့်ပေးလိုက်သည်။
"ပါးစပ်ထဲမှာ အေးပြီး ချိုပေမယ့် သိပ်မအီဘူးပဲ။ ပူဒီနာရည် ထည့်ထားလို့ ဖြစ်မှာ။ အရှင်လည်း မြည်းကြည့်ပါဦး"
မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဖိန်ဝမ် ဇနီးမောင်နှံမှာ အလွန်အံ့သြသွားကြသည်။ မင်ရွှင်ရီ အချစ်တော်ဖြစ်မှန်း သိသော်လည်း ဧကရာဇ်ရှေ့တွင် ဤမျှအထိ လွတ်လပ်စွာ ပြုမူရဲလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။ ဒါဟာ ဘယ်လောက်အထိတောင် အလိုလိုက်ခံထားရတာမျိုးလဲ။
သို့သော် နောက်ထပ် အံ့သြစရာတစ်ခုက စောင့်ကြိုနေပြန်သည်။ နင်ချန်သည် တစ်ငုံစားပြီးနောက် တူကို ပြန်ချလိုက်ကာ - "ကျန်းကတော့ဒါကို မကြိုက်ဘူး၊ သိပ်စားမဝင်ဘူး။”
ထိုမုန့်များမှာ ဖိန်ဝမ်ဖေးက အထူးမှာကြားထားခြင်းဖြစ်ရာ သူမ၏မျက်နှာမှာ ချက်ချင်းပင် ပျက်သွားပြီး မုန့်များကို ပြန်သိမ်းခိုင်းရန် ပြင်တော့သည်။
"ပြန်မသိမ်းပါနဲ့၊ မင်ရွှင်ရီ ကြိုက်တာဆိုတော့ သူမရှေ့ကိုပဲ တိုးပေးလိုက်ပါ"
နင်ချန်က လက်ကာပြလိုက်ပြီးနေရာတိုင်းတွင် ယဲ့ယွင်ကိုဦးစားပေးရမည်ဟူသောအချက်က မသိစိတ်ထဲတွင်ဝင်ရောက်နေခဲ့သည်။ ထို့ကြောင့်ထပ်ပြောလိုက်ပြန်သည်။
"လက်ဖက်ရည်ကိုလည်း လုံကျင်း ပြောင်းပေးလိုက်ပါ။ သူမက ဝူယီအသားအရသာကို သိပ်မသောက်တတ်ဘူး။”
ဖိန်ဝမ်မှာ ကြောင်သွားပြီးနောက် လူလွှတ်၍ အမြန်လဲခိုင်းရတော့သည်။
"သခင်မရဲ့ အကြိုက်ကို မသိလို့ အရှင်မင်းကြီးရဲ့ အကြိုက်အတိုင်းပဲ ပြင်ဆင်မိတာပါ။ အားနည်းချက် ရှိသွားခဲ့ရင် ခွင့်လွှတ်ပေးပါ ရွှင်ရီသခင်မ"
ဖန်းရှီက အားနာစွာ တောင်းပန်လေသည်။
ယဲ့ယွင်က ပြုံးလျက် - "ကိစ္စမရှိပါဘူး၊ အရှင်မင်းကြီးကိုပဲ အဓိကထားရမှာပေါ့။ ဝမ်ရယ်နဲ့ ဝမ်ဖေးတို့ အခုလို သေသေချာချာ စီစဉ်ပေးတာ ကျေးဇူးတင်ပါတယ်"
ဖိန်ဝမ် ဇနီးမောင်နှံမှာ ပြုံး၍သာ နေကြပြီး စကားပြန်မပြောဖြစ်တော့ပေ။ စိတ်ထဲတွင်မူ "သူတို့က ဧကရာဇ်ကို အဓိကထားပေမယ့်၊ ဧကရာဇ်ကတော့ မင်ရွှင်ရီကိုပဲ အဓိကထားနေတာပဲ" ဟု တွေးနေမိကြသည်။
ဤသို့ စကားပြောနေစဉ်မှာပင် ပြဇာတ် စတင်တော့သည်။ အမျိုးသမီးဟန် ပြင်ဆင်ထားသော မင်းသားငယ်တစ်ဦးသည် ခြေလှမ်းကျဲကျဲဖြင့် စင်ပေါ်သို့ တက်လာသည်။ ဆန်းပြားလှပသော အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားကာ ခါးလေးမှာလည်း ပျော့ပျောင်းလှပြီး အမူအရာ တိုင်းမှာ ဆွဲဆောင်မှု အပြည့်ရှိလှ၏။ ၎င်းမှာ အမျိုးသားတစ်ဦး ဖြစ်မှန်း ကြိုမသိထားလျှင် မည်မျှသော လူများကို မြှူဆွယ်နိုင်မှာလဲ မသိပေ။ ထိုအလှအပမှာ ယဲ့ယွင်ကိုယ်တိုင်ပင် အရှုံးပေးရလောက်သည်။
ကံမကောင်းသည်မှာ ယဲ့ယွင်သည် ပြဇာတ်ကို ဘယ်လိုမှ နားမဝင်ခြင်းပင် ဖြစ်သည်။ အလှအပကို ခနမျှ ကြည့်ပြီးနောက် စိတ်မပါတော့ဘဲ ရှေ့ရှိ မုန့်များကိုသာ အာရုံစိုက်တော့သည်။ သူတစ်ပါးက ပြဇာတ်ကြည့်နေစဉ် သူမကတော့ စားနေတော့သည်။ မလောဘဲ တစ်လုပ်ချင်း အေးအေးဆေးဆေး စားနေသည်မှာ အချိန်ဖြုန်းနေသည့်အတိုင်းပင်။
ဖိန်ဝမ် ဇနီးမောင်နှံက နင်ချန်နှင့် စကားပြောနေစဉ် သူမကတော့ တစ်ဖက်မှာ ငုံ့စားနေလေသည်။ အစပိုင်းတွင် နင်ချန်က သူမကို မျက်လုံးထောင့်မှ ခိုးကြည့်နေသော်လည်း နောက်ပိုင်းတွင်မူ သူမကို ကိုယ်တိုင် ခွံကျွေးတော့သည်။ တစ်ယောက်ကစား တစ်ယောက်ကကျွေးနှင့် အလွန်ပင် သဟဇာတ ဖြစ်လှ၏။ ဖိန်ဝမ်ခမျာ သူဖိတ်တာက ဧကရာဇ်ကို ပြဇာတ်ကြည့်ဖို့လား၊ ဒါမှမဟုတ် မင်ရွှင်ရီကို ထမင်းကျွေးဖို့လားဟုပင် ဝေခွဲမရတော့ပေ။
…..
တစ်နာရီခန့်အကြာတွင် ပြဇာတ် ပြီးဆုံးသွားသည်။ ကျိုးရွှမ်ထုန် စင်ပေါ်မှ ဆင်းသွားပြီးနောက် ကျန်သော ပြဇာတ်များမှာ ထူးခြားမှု မရှိတော့ပေ။ ညလည်း နက်နေပြီဖြစ်ရာ နင်ချန်သည် ယဲ့ယွင် ဗိုက်ဝသွားသည်ကို မြင်သောအခါ ပြန်ရန် ပြင်တော့သည်။
မြင်းရထားပေါ် ရောက်သောအခါ ယဲ့ယွင်သည် အရိုးမရှိသကဲ့သို့ နင်ချန်၏ ပေါင်ပေါ်သို့ မှောက်ချလိုက်သည်။
"ဘယ်လိုလဲ... အိပ်ငိုက်ပြီလား" နင်ချန်က တိုးတိုးလေး မေးသည်။
ပေါင်ပေါ်မှ မိန်းကလေးမှာ ဝေဝေဝါးဝါးနှင့် ပြန်ထူးလေသည်။ နင်ချန်၏ မျက်ဝန်းထဲတွင် မတတ်သာသော အပြုံးများဖြင့် သူမ၏ ကျောပြင်ကို ပုတ်ပေးရင်း စနောက်လိုက်သည်။
"ခုနက အများကြီး စားထားပြီးတော့ ရထားလုံးပေါ်တက်တာနဲ့ အိပ်ချင်လာပြီပေါ့လေ။ စားပြီးအိပ်ရင် ဝက်ကလေးဖြစ်မယ်နော်။”
"အရှင်က ချန်းချဲ့ကို လှောင်နေတာပဲ" ယဲ့ယွင်က ညည်းညူလိုက်သော်လည်း မထဘဲ ဆက်ပြောသည် - "ချန်းချဲ့က အမဲသားနှပ်၊ ဇီးပန်းကိတ်နဲ့ သစ်သီးယိုတွေလည်း စားချင်သေးတာ"
"ဟုတ်ပါပြီကွာ... အစေခံတွေကို ကျန်းဝယ်ခိုင်းလိုက်ပါ့မယ်။ တကယ်ကို အလိုလိုက်ရလွန်းတဲ့ အလှလေးပဲ။ ကျန်း မဟုတ်ဘဲ ရိုးရိုးအိမ်ကိုသာ ရောက်သွားရင် ဘယ်လိုလုပ်မလဲ မသိဘူး" နင်ချန်က ကျီစယ်လိုက်သည်။
ထိုအခါမှ ယဲ့ယွင်က ထထိုင်ကာ မျက်စိလေး မှိတ်ပြပြီး နင်ချန်၏ လည်ပင်းကို ဖက်လျက် တိုးတိုးလေး ပြောလိုက်သည်။
"အဲ့ဒါကြောင့်လည်း ချန်းချဲ့က ရိုးရိုးအိမ်ကို မသွားဘဲ အရှင်မင်းကြီးဆီကို ရောက်လာတာပေါ့။ ချန်းချဲ့က အလိုလိုက်ခံချင်တာဆိုတော့ အရှင်ကပဲ ဆက်ပြီး ပြုစုရတော့မှာပဲ"
စကားပြောနေစဉ်မှာပင် သူမ၏ ခါးလေးသည်တစ်ဖက်လူဆီမှ တင်းတင်း ဆွဲဖက်ခြင်း ခံလိုက်ရသည်။
"တကယ့်ကို 'မိန်းမနဲ့ လူယုတ်မာကို ပြုစုရ ခက်လှသည်' ဆိုတဲ့အတိုင်းပဲ" နင်ချန်က မျက်ဝန်းများကို မှေးစင်းလိုက်သည်။
သူက နောက်သို့ မှီလိုက်ရာ ရင်ခွင်ထဲမှ မိန်းကလေးမှာလည်း သူ၏ ရင်ဘတ်ပေါ်သို့ မှောက်လျက် ပါလာတော့သည်။ သူမ၏ ကိုယ်မှ သင်းပျံ့သော ရနံ့မှာ လူကို ရင်ခုန်လာစေသည်။
"ပြုစုရခက်လည်း ပြုစုရမှာပဲ။ အရှင်မင်းကြီး နောင်တရလို့ မရတော့ဘူးနော်"
ယဲ့ယွင်က မျက်ခုံးလေး ပင့်ကာ နင်ချန်၏ လည်ပင်းမှ လည်စေ့ကို ခပ်ဖွဖွလေး ကိုက်လိုက်လေသည်။ ဤမျှအထိ ဖြစ်လာမှတော့ ဘယ်လိုလုပ် ထိန်းနိုင်ပါတော့မလဲ။ တစ်လမ်းလုံး ပြန်လာရာတွင် မြင်းရထားမှာ ကျောက်ထန်ဆောင် ရှေ့အထိ တိုက်ရိုက် မောင်းနှင်သွားတော့သည်။ အစေခံများမှာ ခေါင်းငုံ့ထားကြပြီး၊ အဝတ်အစားများ ဖရိုဖရဲ ဖြစ်နေသော သခင်မလေးအား ဧကရာဇ်က သူ၏ ဝတ်ရုံဖြင့် ပတ်ကာ ပွေ့ချီ၍ အိမ်ထဲသို့ ဝင်သွားသည်ကို မမြင်ချင်ယောင် ဆောင်နေကြတော့လေသည်။
***