အခန်း (၃၃၇-၃၃၈)
Vol. 22 Ch. 337-338
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)
အခန်း ၃၃၇ ။ လူယုံကို ရှင်းလင်းခြင်း
နောက်တစ်နေ့ နိုးလာသောအခါ အချိန်မှာ မစောတော့ပေ။ ဘေးနားတွင် လူမရှိတော့သဖြင့် အရှင်မင်းကြီးမှာ သူမကို မနှိုးဘဲ ညီလာခံသွားပြီမှန်း သိလိုက်သည်။ ယဲ့ယွင် ကိုယ်လက်လှုပ်ရှားလိုက်သည်နှင့် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတော့သည်။
စောင်ကိုလှပ်ကြည့်လိုက်သောအခါ တစ်ကိုယ်လုံးတွင် အနီကွက်၊ အညိုကွက်များဖြင့် ပြည့်နှက်နေ၏။ အထူးသဖြင့် ခါးနှင့် လည်ပင်းတို့တွင်ဖြစ်ရာ သူမ၏မျက်နှာမှာ ချက်ချင်းပင် ရှက်သွေးဖြာသွားတော့သည်။ မနေ့ညက တစ်စုံတစ်ယောက်မှာ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့သဖြင့် သူမမှာ အနိုင်နိုင်ပင် တောင့်ခံခဲ့ရခြင်း ဖြစ်သည်။
"ရွှင်ရီ နိုးပြီလား၊ ကျွန်တော်မျိုးမ ဝင်လာပြီး အဝတ်အစားလဲပေးပါ့မယ်" ဟု အပြင်မှ နန်ကျစ်၏အသံ ထွက်ပေါ်လာသည်။
ယဲ့ယွင်သည် တစ်ဖက်သို့ လှည့်လိုက်ကာ မထချင်သေးဘဲ - "ငါ ခဏလောက် ထပ်လှဲနေဦးမယ်၊ ရေနွေးပြင်ခိုင်းလိုက်ပါဦး၊ ရေချိုးချင်လို့" ဟု ပြောလိုက်သည်။
ခဏအကြာတွင် ရေနွေးအသင့်ဖြစ်ပြီဖြစ်၍ နန်ကျစ်နှင့် ဟွေယွဲ့တို့ ဝင်လာကာ သူမအား ပြုစုပေးကြသည်။ ရေချိုးကန်ထဲသို့ ကိုယ်ကိုနှစ်လိုက်သောအခါမှ တစ်ကိုယ်လုံး ပေါ့ပါးသွားတော့သည်။
"မနေ့ညက ရွှင်ရီ ပြန်လာတာ နောက်ကျတော့ ကျွန်တော်မျိုးမ မပြောဖြစ်လိုက်ဘူး။ ဖုန်းရှီးနန်းဆောင် (မိဖုရားခေါင်ကြီးနန်းဆောင်) ဘက်မှာ ကိစ္စတစ်ခု ဖြစ်သွားတယ်" ဟု ဟွေယွဲ့က ဆိုသည်။
ယဲ့ယွင်က မျက်စိမှိတ်လျက် ကန်ဘောင်ကို မှီထားရင်း - "ဘာဖြစ်လို့လဲ" ဟု မေးလိုက်၏။ တစ်ညလုံး အောင့်ထားပြီးမှ အခုမှ ပြောသည်ဆိုလျှင် ထိုကိစ္စမှာ အလွန်အရေးမကြီးလှမှန်း သူမ သိသည်။
"မိဖုရားခေါင်ကြီးရဲ့ နို့ထိန်းမားမား တင်းမားမားလေ၊ မနေ့ညနေက ဆုံးသွားပြီတဲ့။ ညကျမှ လင်ရှီးဥယျာဉ်ကို သတင်းရောက်လာတာ။ မိဖုရားခေါင်ကြီးလည်း အတော်လေး စိတ်မကောင်းဖြစ်သွားပြီး ဒီမနက်တင် စုအယ်ကို နန်းတော်ထဲ ပြန်လွှတ်ပြီး သဂြိုဟ်ဖို့ စီစဉ်ခိုင်းလိုက်ပြီ" ဟု ဟွေယွဲ့က လေသံတိုးတိုးဖြင့် ပြောသည်။
အစေခံတစ်ဦး သေဆုံးခြင်းမှာ နိမိတ်မကောင်းသည့် ကိစ္စပင် ဖြစ်သည်။
"ဥယျာဉ်ကို မလာခင်ကတည်းက သူ ဖျားနေတာ မဟုတ်လား။ အခုဆို တစ်လကျော်လောက် ရှိပြီထင်တယ်။ ရောဂါနဲ့ပဲ ဆုံးတာလား" ဟု ယဲ့ယွင်က မေးသည်။
နန်ကျစ်က ခေါင်းခါလျက် - "ဒါတင်မကဘူး၊ သူမက အိပ်ရာကတောင် မထနိုင်လောက်အောင် ဖြစ်နေတာကို ညဘက် ရေသောက်ချင်လို့ အောက်ဆင်းရင်း ခြေထောက်မခိုင်ဘဲ လဲကျပြီး စားပွဲထောင့်နဲ့ တိုက်မိသွားတာတဲ့။ အဲဒါကြောင့် ဆုံးသွားတာပါ"
အစေခံအလုပ်ဆိုသည်မှာ ပင်ပန်းလှသည်။ အလုပ်ကြမ်း မလုပ်ရလျှင်တောင် နှစ်ပေါင်းများစွာ သခင်ဘေးတွင် အမြဲရှိနေရသဖြင့် အသက်ကြီးလာသောအခါ ခန္ဓာကိုယ်မှာ မခံနိုင်တော့ခြင်းမှာ သဘာဝပင်။ အစေခံတစ်ယောက်အား တစ်စုံတစ်ယောက်က အဆိပ်ခတ်သတ်လိမ့်မည်ဟု မည်သူမှ မတွေးမိကြပေ။
ယဲ့ယွင်က သက်ပြင်းတစ်ချက်ချကာ မျက်လုံးဖွင့်လိုက်သည် - "အရင်တုန်းက တင်းမားမားက မိဖုရားခေါင်ကြီးကို အမြဲ ဆုံးမလမ်းညွှန်ပေးခဲ့တာ။ အခု သူမ မရှိတော့ဘူးဆိုရင် စုချင် နဲ့ စုအယ် တို့လို လူငယ်တွေက မိဖုရားခေါင်ကြီးကို ထိန်းနိုင်ပါ့မလားပဲ"
"သူတို့ ထိန်းနိုင်မနိုင်ကတော့ သူတို့ကိစ္စပါ၊ ကျွန်မတို့ဆီကို လာပြီး ပြဿနာမရှာရင်ပဲ တော်ပါပြီ" ဟု နန်ကျစ်က ဆိုသည်။
"ဒါကတော့ ဟုတ်တာပေါ့" ယဲ့ယွင်က ပြုံးလိုက်ပြီး ထိုအကြောင်းကို ဆက်မပြောတော့ပေ။
……
သို့သော် မိဖုရားခေါင်ကြီးဘက်တွင်မူ တင်းမားမား၏ သေဆုံးမှုကို လွယ်လွယ်နှင့် မေ့ဖျောက်၍ မရပေ။ လက်ထပ်ပြီးကတည်းက တင်းမားမားသည် သူမဘေးတွင် အမြဲရှိခဲ့သည်။ အစေခံဟု ဆိုသော်လည်း သံယောဇဉ်မှာ မိခင်တစ်ဦးကဲ့သို့ပင်။ ထို့ကြောင့် တင်းရှီ၏ သေဆုံးမှုကို သူမ အမှန်တကယ် ဝမ်းနည်းနေခဲ့သည်။
"မိဖုရားခေါင်ကြီး... မင်းသားကြီးက ဂါရဝပြုဖို့ ရောက်နေပါတယ်" ဟု စုချင်က အပြင်မှ ဝင်လာကာ တိုးတိုးလေး လျှောက်တင်သည်။
မိဖုရားခေါင်ကြီးမှာ စိတ်မပါသဖြင့် မတွေ့ချင်သော်လည်း၊ နောက်ဆုံးတွင် ခနတွေ့ကာ စကားအနည်းငယ်ပြောပြီး ပြန်လွှတ်လိုက်သည်။ ခဏအကြာတွင် ချူးယွမ် ဝင်လာပြီး လက်ဖက်ရည် လာငှဲ့ပေး၏။
"ဒီရက်ပိုင်း စုအယ် မရှိတော့ စုချင်နဲ့အတူ မင်းကပဲ ငါ့ဘေးမှာ ကူညီလုပ်ပေးလိုက်တော့" ဟု မိဖုရားခေါင်ကြီးက ဆိုသည်။
"ဟုတ်ကဲ့ပါ၊ ကျွန်တော်မျိုးမ အမိန့်အတိုင်း ဆောင်ရွက်ပါ့မယ်" ဟု ချူးယွမ်က ဂါရဝပြုသည်။
မိဖုရားခေါင်ကြီးက လက်ယမ်းပြကာ - "တော်ပြီ၊ ငါ တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်တယ်။ အကုန်လုံး ထွက်သွားကြတော့" ဟု ခိုင်းလိုက်သည်။
မိဖုရားခေါင်ကြီးမှာ တင်းမားမားအတွက် စိတ်မကောင်းဖြစ်နေဆဲမှန်း သိသဖြင့် သူတို့နှစ်ဦး ရိုသေစွာ ထွက်ခွာခဲ့ကြသည်။ တံခါးအပြင်ရောက်သော် ချူးယွမ်က ပြုံးလျက် စုချင်အား စကားစလိုက်သည် -
"အစ်မစုချင်ရဲ့ အသားအရေက တကယ်လှတာပဲ။ ဖြူဖြူဖွေးဖွေးနဲ့ နေရောင်အောက်မှာ ကြည့်လို့ အရမ်းကောင်းတာပဲ။ အစ်မလည်း အခုဆို အသက် ၂၆ နှစ် ရှိပြီ မဟုတ်လား၊ မိဖုရားခေါင်ကြီးက အစ်မအတွက် အိမ်ထောင်ရေးကိစ္စတွေ စီစဉ်ပေးပြီးပြီလားဟင်"
ချီးကျူးခံရသဖြင့် စုချင်မှာ ဝမ်းသာသွားပြီး - "မနှစ်ကတည်းက စီစဉ်ဖို့ လုပ်ထားတာ၊ ဒါပေမဲ့ စစ်ပွဲတွေကြောင့် ကြန့်ကြာသွားတာလေ။ ဒီနှစ်တော့ မိဖုရားခေါင်ကြီးက နန်းပြင်က ကတော်တွေဆီ စကားပါးထားပြီးပြီ၊ ရွေးချယ်နေတုန်းပဲ" ဟု ပြုံးလျက် ဖြေသည်။
ချူးယွမ်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီးနောက် သူမအနားသို့ တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည် - "ကျွန်မကတော့ စကားကို ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တယ်။ အစ်မ တခြားသူတွေကိုတော့ ပြန်မပြောနဲ့နော်။ ကျွန်မအမြင်မှာ မိဖုရားခေါင်ကြီးဘေးက လူတွေထဲမှာ အစ်မက ရုပ်အလှဆုံးပဲ။ အစ်မစုအယ်မှာ ပါးချိုင့်လေးတွေ ရှိပေမဲ့ အသားအရေက အစ်မလောက် မဖြူဘူး၊ ကိုယ်လုံးကိုယ်ပေါက်လည်း အစ်မကို မမီပါဘူး"
ဤစကားမှာ အမှန်ပင်။ စုချင်မှာ ရုပ်ရည်အတော်လေး ချောမောလှပသူ ဖြစ်သည်။ သူမသည် ဝမ်းသာသွားသော်လည်း အပြင်ပန်းတွင်မူ ဟန့်တားဟန်ဆောင်လိုက်သည် - "ဒီလိုစကားမျိုး နောင်ကျရင် လျှောက်မပြောနဲ့ဦး။ စုအယ် ကြားသွားရင် ငါတို့ ညီအစ်မ သံယောဇဉ် ပျက်ကုန်ဦးမယ်"
"ဟုတ်ကဲ့ပါ၊ ကျွန်မ ပါးစပ်သရမ်းမိသွားလို့ပါ။ အစ်မ စိတ်မရှိပါနဲ့။ ဟိုတစ်လောက မိဖုရားခေါင်ကြီး ကျွန်မကို ဆုချထားတဲ့ ပတ္တမြားနားကပ်လေးက အစ်မနဲ့ အရမ်းလိုက်မှာပဲ။ အစ်မ မနှမြောဘူးဆိုရင် ဒါကို အစ်မကို လက်ဆောင်ပေးပါရစေ" ဟု ချူးယွမ်က ဆိုသည်။
စုချင်က သူမကို ကြည့်ကာ - "မင်း မဝတ်ဘူးလား" ဟု မေးသည်။
"ပြောရင်တော့ ရယ်စရာကြီး... ကျွန်မမှာ နားပေါက် မရှိဘူးလေ။ ဝတ်ချင်ပေမဲ့ ဝတ်လို့မရလို့ပါ" ဟု ချူးယွမ်က ရှက်ကိုးရှက်ကန်း ပြောပြသည်။ ဤခေတ်တွင် နားပေါက်မရှိသော အမျိုးသမီး ရှားလှသည်။ တစ်ခုမှာ နာမှာကြောက်၍ မဖောက်ခြင်း၊ သို့မဟုတ် ဆင်းရဲလွန်းခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ စုချင်သည် ချူးယွမ်အား ဒုတိယအမျိုးအစားဟု သတ်မှတ်လိုက်ကာ ဘာမှ ထပ်မစဉ်းစားတော့ဘဲ ထိုလက်ဆောင်ကို ယူလိုက်တော့သည်။
….
မွန်းလွဲပိုင်းတွင် ချူးယွမ်က ပို၍ပင် ဖားယားကာ စုချင်အား နားခိုင်းပြီး သူမကပင် မိဖုရားခေါင်ကြီးအား ပြုစုပေးလေသည်။ မိဖုရားခေါင်ကြီးသည် ချူးယွမ် တစ်ဦးတည်း ရှိနေသည်ကို မြင်သောအခါ မေးမြန်းရာ၊ ချူးယွမ်က စုချင်မှာ မနေ့က ညစောင့်ရသဖြင့် ပင်ပန်းနေ၍ နားခိုင်းထားကြောင်း လိမ္မာပါးနပ်စွာ ဖြေကြားလိုက်သည်။
ချူးယွမ်သည် လက်ဖက်ရည် ငှဲ့ပေးရင်း တိုးတိုးလေး လျှောက်တင်သည် - "မိဖုရားခေါင်ကြီး... ကျွန်တော်မျိုးမ မင်းသားကြီးနဲ့ ပတ်သက်တဲ့ ကိစ္စတစ်ခု သတိထားမိလို့ပါ။ ဒါကို ပြောသင့်မပြောသင့် မသိဘူး ဖြစ်နေလို့ပါ"
"ဘာကိစ္စလဲ၊ ပြောစမ်းပါ" ဟု မိဖုရားခေါင်ကြီးက ဆိုသည်။
"မယ်တော်ကြီးက ဒီရက်ပိုင်း ရန်မားမားကို ခေါ်ပြီး မေးမြန်းနေတာ သုံးကြိမ်တောင် ရှိပြီတဲ့"
ထိုစကားကြောင့် မိဖုရားခေါင်ကြီး မျက်မှောင်ကြုတ်သွားသည် - "ဘယ်တုန်းကလဲ၊ ငါ ဘာလို့ မသိရတာလဲ"
"ကျွန်တော်မျိုးမလည်း ဒီနေ့မှ သိရတာပါ။ မင်းသားကြီး စာသင်သွားတဲ့အချိန်မှာ မယ်တော်ကြီးက ရန်မားမားကို လျှို့ဝှက်ခေါ်တာလေ။ ကျွန်မတို့ နန်းဆောင်ထဲမှာ မဟုတ်တော့ သတိမထားမိကြတာပါ။ ကျွန်တော်မျိုးမက ကိုယ့်လူကို သံသယ မဝင်ချင်ပေမဲ့၊ မယ်တော်ကြီးက မင်းသားကြီးကို အမြဲ ပြန်ခေါ်ချင်နေတာဆိုတော့... အဲဒီ ရန်မားမားက ကျွန်မတို့ သင်ပေးထားတဲ့ နည်းလမ်းတွေနဲ့ တစ်ခုခု ပြန်လုပ်နေမှာကို စိုးရိမ်မိလို့ပါ"
"ဘယ်က ကိုယ့်လူလဲ!" မိဖုရားခေါင်ကြီးက ဒေါသတကြီး ကြားဖြတ်ပြောလိုက်ကာ မျက်ဝန်းများ အေးစက်သွားသည် - "အဲဒီ ရန်ရှီက ပိုက်ဆံမက်တဲ့သူပဲ။ သခင်ကို တစ်ခါ သစ္စာဖောက်ဖူးရင် ဒုတိယအကြိမ်လည်း သစ္စာဖောက်ဦးမှာပဲ။ တင်းမားမား ရှိစဉ်ကတည်းက သူမကို ရှင်းပစ်ဖို့ ပြောခဲ့တာ။ အခု သူမက မသင့်တော်တဲ့ စိတ်ကူးတွေ ရှိနေပြီဆိုမှတော့ ဆက်ပြီး ထားလို့ မရတော့ဘူး!"
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-338
အခန်း ၃၃၈ ။ တစ်ချက်ခုတ် နှစ်ချက်ပြတ်
"မိဖုရားခေါင်ကြီးရဲ့ အဓိပ္ပာယ်က ရန်ရှီကို ရှင်းပစ်ဖို့လားဟင်" ချူးယွမ်က တိုးတိုးလေး မေးလိုက်သည်။
မိဖုရားခေါင်ကြီးသည် မျက်နှာထား တင်းတင်းဖြင့် မျက်လွှာချကာ - "သူ့ကို ဖယ်ရှားဖို့ဆိုရင် သင့်တော်တဲ့ နည်းလမ်းတစ်ခု ရှိရမယ်။ မဟုတ်ရင် မယ်တော်ကြီးဘက်က သံသယဝင်သွားနိုင်တယ်"
ချူးယွမ်က ခနစဉ်းစားပြီးနောက် အကြုံပြုသည်။
"ရန်ရှီကိုအမှားတစ်ခုခုရှာပြီး အပြစ်ပေးလိုက်ရင် မကောင်းဘူးလား။ ကြိမ်ဒဏ်ပေးခံရလို့ ဒဏ်ရာရရင် သဘာဝအတိုင်း ဖျားနာလာမှာပဲ။ အဲ့ခါကြဘယ်သူမှ ဂရုမစိုက်ဘဲ ထားလိုက်ရင် ရောဂါနဲ့ သေသွားတာကလည်း ဖြစ်နိုင်တဲ့ ကိစ္စပဲလေ"
လူတစ်ယောက်အား အမှားလုပ်အောင် ဖန်တီးရန်မှာ အလွန်ပင် လွယ်ကူလှပေသည်။
"မင်းမှာ အကြံရှိပြီဆိုမှတော့ ဒီကိစ္စကို မင်းပဲ တာဝန်ယူလိုက်တော့" မိဖုရားခေါင်ကြီးက နှုတ်ခမ်းလေး တွန့်ရုံ ပြုံးလိုက်ကာ ချူးယွမ်အား ပို၍ပင် သဘောကျသွားတော့သည်။
ချူးယွမ်သည် အလုပ်လုပ်ရာတွင် အလွန်ပင် လျင်မြန်လှသည်။ နောက်တစ်နေ့တွင် ရန်ရှီသည် မင်းသားကြီး၏ အဝတ်အစားများကို သေချာ မထိန်းသိမ်းဘဲ ပင့်ကူတက်နေသော အင်္ကျီကို ဝတ်ဆင်စေခဲ့သဖြင့် မင်းသားကြီး၏ ကျောပြင်တစ်ခုလုံးတွင် အနီကွက်များ ထွက်လာခဲ့ရသည်။ ထိုအမှားကြောင့် မိဖုရားခေါင်ကြီးက ရန်ရှီအား ကြိမ်ဒဏ် အချက် ၂၀ ပေးရန် အမိန့်ချလိုက်သည်။
ရန်ရှီ တစ်ဦးတည်းကိုသာ အပြစ်ပေးခြင်း မဟုတ်ဘဲ မင်းသားကြီးကို ပြုစုသူ အားလုံးကို အပြစ်ပေးခြင်း ဖြစ်သော်လည်း၊ ရန်ရှီမှာ တာဝန်ခံ မားမား ဖြစ်သဖြင့် အချက် ၂၀ ရိုက်ခံရကာ ကျန်သူများမှာမူ ၁၀ ချက်စီသာ ရိုက်ခံရသည်။ အချက် ၂၀ သာ ဖြစ်သော်လည်း အပြစ်ပေးသော မိန်းမစိုးများမှာ အားကုန်သုံး၍ ရိုက်နှက်ကြသဖြင့် နှစ်ချက်၊ သုံးချက်ဖြင့်ပင် ရန်ရှီမှာ အော်ဟစ် အသနားခံတော့သည်။ သို့သော် သူမအား စကားမပြောနိုင်ရန် ပါးစပ်ကို ပိတ်ထားကြ၏။
ကြိမ်ဒဏ် ၂၀ ပြည့်သောအခါ ရန်ရှီ၏ တင်ပါးများမှာ အသားများပင် လန်ထွက်ကုန်ကာ မေ့လဲသွားတော့သည်။ ဤဒဏ်ရာနှင့် မင်းသားကြီးကို ဆက်လက် ပြုစုရန် မဖြစ်နိုင်တော့သဖြင့် သူမအား သီးသန့် အခန်းတစ်ခုသို့ ပို့ဆောင်ကာ နားခိုင်းလိုက်သည်။ သီးသန့်ဟု ဆိုသည့်အတိုင်း သူမအား မည်သူမျှ လာရောက် ပြုစုခြင်း မရှိပေ။
မယ်တော်ကြီးနှင့် နင်ချန်တို့သည် မိဖုရားခေါင်ကြီးက အစေခံများကို အပြစ်ပေးသည်ကို သိသော်လည်း ရန်ရှီတွင် အမှားရှိနေသည်မှာ အမှန်ဖြစ်သဖြင့် ဘာမှ ဝင်မပြောခဲ့ကြပေ။ ထို့ကြောင့် ရန်ရှီသည် ဒဏ်ရာများ ရောင်ကိုင်း ပုပ်ပွလာကာ ရက်အနည်းငယ်အတွင်းမှာပင် သေဆုံးသွားတော့သည်။ မင်းသားကြီးဘေးရှိ တာဝန်ခံ နန်းတွင်းသူ နေရာမှာ လစ်လပ်သွားသဖြင့် ချူးယွမ်သည် ထိုနေရာကို အလိုက်သင့်ပင် အစားဝင်ယူလိုက်တော့သည်။
….
ကျောက်ထန်ဆောင်။
မိဖုရားခေါင်ကြီးဘက်တွင် အစေခံတစ်ဦး ထပ်မံ သေဆုံးပြန်ပြီဖြစ်ကြောင်း၊ ထိုသူမှာ မင်းသားကြီးဘေးမှ လူဖြစ်ကြောင်း ကြားရသောအခါ ယဲ့ယွင်သည် ပို၍ပင် သေချာသွားတော့သည်။ မင်းသားကြီး ဟွေ့ကျောင်းရုန်ထံတွင် ရှိစဉ်က ဂျီကျခဲ့သည်မှာ တစ်စုံတစ်ယောက်က တမင်တကာ ကြံစည်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
"ငါနဲ့အတူ ဟွေ့ကျောင်းရုန်ဆီ ခဏ လိုက်ခဲ့ပါဦး" ယဲ့ယွင်က ထရပ်လိုက်သည်။
ဟွေယွဲ့က အပြင်ကို လှမ်းကြည့်ကာ - "ဒီနေ့ မိုးအုံ့နေတော့ နေသိပ်မပူဘူး။ ရွှင်ရီ ဝေါယာဉ်နဲ့ သွားမှာလား၊ လမ်းလျှောက်သွားမှာလားဟင်"
ယဲ့ယွင်က ခနစဉ်းစားပြီး - "လမ်းလျှောက်သွားကြမယ်။ စတုတ္ထမင်းသားလေးကိုလည်း ခေါ်ခဲ့ဦး၊ ဒုတိယမင်းသမီးလေးက သူနဲ့ ကစားရတာ ကြိုက်တယ်လေ"
အပြင်ထွက်ရန်အတွက် ကလေးများကို အကြောင်းပြခြင်းမှာ အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။ သို့သော် တံခါးဝသို့ ရောက်သောအခါ နင်ချန်နှင့် ကွက်တိ ဆုံတွေ့ကြလေသည်။ နင်ချန်နှင့်အတူ ဝမ်မိန်ရန်လည်း ပါလာသည်။
ယဲ့ယွင်က နင်ချန်အား အရင်ဆုံး ဂါရဝပြုလိုက်သည်။ ထို့နောက် ဝမ်မိန်ရန်ကလည်း စည်းကမ်းအတိုင်း ယဲ့ယွင်အား ဦးညွှတ် ဂါရဝပြုသည်။ အခမ်းအနားများ ပြီးဆုံးသောအခါ နင်ချန်က စကားစလိုက်သည် -
"စတုတ္ထမင်းသားလေးကို ခေါ်ပြီး ဘယ်သွားမလို့လဲ"
"ဟွေ့ကျောင်းရုန်ဆီ သွားပြီး ဒုတိယမင်းသမီးလေးနဲ့ ကစားခိုင်းမလို့ပါ။ ဒီကလေးက အိမ်မှာ မနေနိုင်လောက်အောင် ဆော့လွန်းလို့လေ။” ယဲ့ယွင်က ပြုံးလျက် ပြန်ဖြေပြီး - "အရှင်ကရော ဘယ်သွားမလို့လဲဟင်"
ကိုယ်ဝန် သုံးလကျော်သာ ရှိသေးသော ကိုယ်ဝန်ဆောင်ကိုခေါ်ပြီး ဘာကြောင့် အပြင်ထွက်နေသနည်းဟု သူမ တွေးမိသည်။ နင်ချန် ဘာမှ မပြောရသေးမီ ဝမ်
မိန်ရန်က အရင် ဝင်ပြောတော့သည်။
"ဒီရက်ပိုင်း ကိုယ်ဝန်စောင့်ရှောက်ရင်း အခန်းထဲမှာပဲ အောင်းနေရတာ အရမ်း ပျင်းလွန်းလို့ပါ။ အဲဒါကြောင့် ဒီနေ့ အရှင်မင်းကြီးကို အပန်းဖြေဖို့ ကန်ပေါ်မှာ ကြာပန်းကြည့်ဖို့ လိုက်ပို့ပေးပါလို့ တောင်းဆိုလိုက်တာ။ မင်ရွှင်ရီနဲ့ ဆုံတာ တိုက်ဆိုင်လိုက်တာ၊ အတူတူ လိုက်မလားဟင်"
ဖိတ်ကြားခြင်းဟု ဆိုသော်လည်း ဝမ်မိန်ရန်၏ လေသံတွင် ကြွားဝါလိုသော အငွေ့အသက်များ ပါဝင်နေသည်။ ယဲ့ယွင်သည် ယနေ့တွင် သူမနှင့် ငြင်းခုံလိုစိတ် မရှိသဖြင့် ပြုံးလျက်သာ - "ဝမ်မိန်ရန်အတွက် အရှင်မင်းကြီး အချိန်ပေးတုန်းလေးမှာ ကျွန်မ မနှောင့်ယှက်တော့ပါဘူး" ဟု ဆိုလိုက်သည်။
ယဲ့ယွင်က ပြဿနာ မဖြစ်စေချင်သဖြင့် ပြောလိုက်ခြင်း ဖြစ်သော်လည်း နင်ချန်၏ နားထဲတွင်မူ ထိုစကားမှာ ဝမ်းနည်းနေသယောင် ကြားလိုက်ရသည်။ ဝမ်မိန်ရန်နှင့်အတူရှိနေစဉ် ယဲ့ယွင်ကိုတွေ့လိုက်ရသောအခါ သူကိုယ်တိုင်ပင် အနည်းငယ် ထိတ်လန့်သွားမိသည်။ ထို့ကြောင့် သူက အမြန်ပင် ပြောလိုက်သည် ။
"ဒါဆိုရင်လည်း ကန်ပေါ် မလိုက်တော့ဘဲ ဟွေ့ကျောင်းရုန်ဆီကိုပဲ မြန်မြန်သွားတော့။ ဒီနေ့ နေမပူပေမဲ့ အပြင်မှာ အိုက်လွန်းတယ်။ ညကျရင် ကျန်း မင်းဆီကို လာခဲ့မယ်။”
ယဲ့ယွင်သည် နင်ချန်ကို တစ်ချက်ကြည့်လိုက်ပြီး သူ တစ်ခုခုနားလည်မှားသွားမှန်း ရိပ်မိလိုက်သည်။ သို့သော် ကာကွယ်ပေးခြင်း ခံရသဖြင့် သူမ စိတ်ထဲတွင် ကျေနပ်သွားမိ၏။ သူမက ပြုံးပြကာ - "ကောင်းပါပြီ၊ အရှင်မင်းကြီး အကြိုက်ဆုံး ဟင်းတွေကို ပြင်ဆင်ထားခိုင်းလိုက်ပါ့မယ်။ အခုတော့ ဝမ်မိန်ရန်ရဲ့ ကြာပန်းကြည့်ခရီးစဉ်ကို မနှောင့်ယှက်တော့ပါဘူး" ဟု ဆိုကာ ဂါရဝပြု၍ ထွက်လာခဲ့တော့သည်။
ဝမ်မိန်ရန်၏ စိတ်ထဲတွင်မူ အလွန်ပင် မသက်မသာ ဖြစ်သွားရသည်။ ယဲ့ယွင်၏ နောက်ဆုံး စကားလုံးမှာ ကြာပန်းကြည့်မည့်သူမှာ သူမ တစ်ဦးတည်း ဖြစ်သလို၊ အရှင်မင်းကြီး၏ စိတ်မှာ ယဲ့ယွင်နောက်သို့ ပါသွားသကဲ့သို့ ခံစားလိုက်ရသည်။ အမှန်ပင် ဧကရာဇ်ကို ကြည့်လိုက်သောအခါ စိတ်အာရုံမှာ တစ်ဝက်ခန့် လွင့်ပါးသွားလေပြီ။ လူရှိနေသော်လည်း စိတ်မရှိတော့သဖြင့် သူမကိုယ်သူမသာ ဖြေသိမ့်လိုက်ရတော့သည်။ ကိုယ်ဝန်ရှိနေသော်လည်း မင်ရွှင်ရီ၏ ရှေ့တွင် အရာမထင်သဖြင့် သူမ အတော်လေး စိတ်တိုနေမိသည်။
ယဲ့ယွင်ကတော့ သူမ ဘာတွေးနေသည်ကို ဂရုမစိုက်ပေ။ သူမသည် ဟွေ့ကျောင်းရုန်ထံ သွားကာ သူမဘေးမှ လူများကို တစ်ခေါက် ထပ်မံ စစ်ဆေးရန် သတိပေးလိုခြင်း ဖြစ်သည်။ အကယ်၍ ရန်ရှီတွင် ပြဿနာရှိခဲ့လျှင် သူမသည် ယုံနျန်နန်းဆောင်တွင် ရှိနေစဉ်အတွင်း တခြားသူများကိုလည်း ဆွဲဆောင်ထားနိုင်သည် မဟုတ်ပါလား။ ကြိုတင်ကာကွယ်ထားခြင်းက အကောင်းဆုံးပင်။
…..
ယဲ့ယွင် မသိသည်မှာ ယနေ့ နင်ချန်၊ ဝမ်မိန်ရန်တို့နှင့် ဆုံခဲ့သည့် ကိစ္စမှာ မိဖုရားခေါင်ကြီး၏ နားထဲသို့ ရောက်သောအခါ ပုံစံတစ်မျိုး ပြောင်းသွားခြင်းပင် ဖြစ်သည်။
"သတင်းပေးတဲ့သူ ပြောတာတော့ အသေအချာပဲတဲ့။ မင်ရွှင်ရီက စတုတ္ထမင်းသားကို ခေါ်ပြီး ထွက်လာတာ၊ အရှင်မင်းကြီး ဝမ်မိန်ရန်နဲ့အတူ ကြာပန်းကြည့်ဖို့ သွားတာနဲ့ ကွက်တိ ဆုံတာပဲ။ ကျွန်တော်မျိုးမ အထင်တော့ ဒါက တိုက်ဆိုင်တာ မဟုတ်ပါဘူး၊ မင်ရွှင်ရီက အရှင်မင်းကြီးကို တားဖို့ ကြိုးစားတာပဲ။ နောက်ဆုံးတော့ မအောင်မြင်လို့ အရှက်ပြေအောင် ဟွေ့ကျောင်းရုန်ဆီ လှည့်သွားတာ ဖြစ်မှာပါ"
ချူးယွမ်က မိဖုရားခေါင်ကြီးအား လက်ဖက်ရည် ငှဲ့ပေးရင်း ပြောပြလေသည်။
ဘေးမှ စုအယ်က မျက်မှောင်ကြုတ်ကာ - "ဒါပေမဲ့ အရှင်မင်းကြီးက မင်ရွှင်ရီကို အချစ်ဆုံး မဟုတ်လား။ ဟိုတစ်လောကတောင် သူမကို တစ်ယောက်တည်း နန်းပြင် ခေါ်သွားသေးတာပဲ"
"အရင်ကလည်း အရှင်မင်းကြီးက ဝမ်ဖေး အန်းရှီကို ချစ်ခဲ့တာပဲလေ။ နောက်တော့လည်း မင်ရွှင်ရီက ကျော်တက်သွားတာပဲ မဟုတ်လား။ အခု မင်ရွှင်ရီကို ဝမ်မိန်ရန်က ကျော်မတက်နိုင်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ" စုချင်က ပြန်ချေပသည်။
ထိုစကားကြောင့် အားလုံး တိတ်ဆိတ်သွားကြသည်။ ခနအကြာတွင် မိဖုရားခေါင်ကြီးက လေသံတိုးတိုးဖြင့် - "ယဲ့ရှီ တစ်ယောက်တည်းနဲ့တင် ခေါင်းကိုက်နေရပြီ။ အခု ဝမ်ရှီပါ ထပ်တိုးလာရင်တော့ ဒီနန်းတွင်းကြီး ပြောင်းပြန်လှန်တော့မှာပဲ"
"ဒါပေမဲ့ ဝမ်မိန်ရန်မှာ ကိုယ်ဝန် ရှိနေပြီလေ၊ မိသားစုဂုဏ်ကလည်း မြင့်တော့..." ချူးယွမ်က အလိုက်သင့်ပင် စကားစလိုက်သည်။
စုချင်က ချက်ချင်းပင် - "ကိုယ်ဝန်ဆိုတာ ရှိလာနိုင်သလို မရှိဘဲလည်း ဖြစ်သွားနိုင်တာပဲ။ မိဖုရားခေါင်ကြီးအနေနဲ့ 'တစ်ချက်ခုတ် နှစ်ချက်ပြတ်' တဲ့ နည်းလမ်းနဲ့ မင်ရွှင်ရီရော ဝမ်မိန်ရန်ကိုပါ တစ်ခါတည်း ရှင်းပစ်ရင် မကောင်းဘူးလား"
သို့သော် စုအယ်က ချက်ချင်း ကန့်ကွက်သည်။
"ဒါပေမဲ့ တင်းမားမားရှိတုန်းက အမြဲ မှာခဲ့တယ်လေ။ မိဖုရားခေါင်ကြီးအနေနဲ့ အနောက်ဆောင်က ကလေးတွေကို လက်မပါပါနဲ့တဲ့။ ကလေးတွေ များလာရင် သူတို့အချင်းချင်း ပြိုင်ဆိုင်ရင်းနဲ့ပဲ ပျက်စီးကုန်မှာပါ။ မိဖုရားခေါင်ကြီးက ကိုယ့်ရဲ့ တရားဝင်သားကို ရအောင်ယူပြီး သေသေချာချာ ပြုစုဖို့ပဲ အဓိကပဲ မဟုတ်လား။ အရှင်မင်းကြီးက ကလေးတွေကို အရမ်း အလေးထားတာဆိုတော့ တစ်ခုခု သိသွားရင် မခက်ဘူးလား။”
"မားမား ပြောတာလည်း အကျိုးအကြောင်း ရှိပါတယ်။ ဒါပေမဲ့ ကြည့်ပါဦး၊ နန်းတွင်းမှာ ကလေးတွေက ပိုပိုများလာပြီ။ အခုကတည်းက နှိပ်ကွပ်မထားရင် မိဖုရားခေါင်ကြီး သားမွေးတဲ့အချိန်ကျရင် ရှေ့က မင်းသားတွေက ကြီးပြင်းပြီး အင်အားတွေ ရှိနေပြီလေ။ အဲဒီကျရင် ဘယ်လို ပြိုင်ဆိုင်တော့မှာလဲ" စုချင်က ဆိုသည်။
ဤစကားများသည် သူမ ကိုယ်တိုင် စဉ်းစားမိခြင်း မဟုတ်ဘဲ၊ ချူးယွမ်က ဒီရက်ပိုင်းအတွင်း သူမနှင့် ရင်းနှီးအောင်လုပ်ပြီး စကားပြောရင်းနှင့် ဦးနှောက်သွင်းပေးထားခြင်း ဖြစ်သည်။ အချိန်တန်သောအခါ အလိုအလျောက် ထွက်ပေါ်လာခြင်းပင်။
နောက်ဆုံးတွင် မိဖုရားခေါင်ကြီးသည် စုချင်၏ စကားတွင် ပါသွားတော့သည်။ သူမသည် နန်းတွင်း၌ ထိန်းမနိုင်သိမ်းမရ ဖြစ်လာမည့် ကိုယ်လုပ်တော် တစ်ဦးထပ်တိုးလာမည်ကို မလိုလားတော့ပေ။ 'တစ်ချက်ခုတ် နှစ်ချက်ပြတ်' မည့် အစီအစဉ်ကို မည်သို့ လုပ်ဆောင်မည်နည်း ဆိုသည်မှာ သူမအတွက် မခက်ခဲပေ။ တစ်စုံတစ်ယောက်တွင် ထိုကဲ့သို့သော စိတ်ကူးရှိသွားပြီဆိုလျှင် အခွင့်အရေးတိုင်းကို အမိအရ ဆုပ်ကိုင်ရန် အသေးစိတ် စတင် စီစဉ်တော့မည်သာ ဖြစ်သည်။
***