အခန်း (၃၃၉-၃၄၀)
Vol. 22 Ch. 339-340
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-339
အခန်း ၃၃၉ ။ ရန်ကြွေး
ညဥ့်နက်ချိန်။
ဝူထုံနန်းဆောင်၏ ဘေးတံခါးငယ်လေးမှ ပိန်ပါးသော မိန်းမစိုးလေးတစ်ဦးသည် ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ လရောင်အောက်တွင် အပြေးထွက်လာခဲ့သည်။ ခဏအကြာတွင် ဖန်းရှိုးယွမ် နေထိုင်ရာ တင်းလန်ဆောင်သို့ ရောက်ရှိသွားတော့သည်။
"ရောက်လာပြီလား၊ ထိုင်ပါဦး" ယောင်ရှန်းက ပေါ့ပေါ့ပါးပါးပင် လက်ယမ်းပြလိုက်သည်။
ထိုမိန်းမစိုးလေး ခေါင်းမော့လိုက်သောအခါမှ ၎င်းမှာ ချူးယွမ်က ရုပ်ဖျက်ထားခြင်း ဖြစ်မှန်း သိလိုက်ရသည်။
"ကျွန်တော်မျိုးမ ရှိုးယွမ်ရဲ့ အမိန့်အတိုင်း ရန်ရှီကို ရှင်းပစ်လိုက်ပါပြီ။ ဒါပေမဲ့ သူမက ထိုက်ကွေ့ဖေးရဲ့ လူ မဟုတ်ဘူးလားဟင်"
"ကိစ္စမရှိပါဘူး၊ ဒီကိစ္စကို ငါ ဒေါ်လေးနဲ့ ပြောပြီးသားပါ။ ရန်ရှီဆိုတာကလည်း စိတ်ထားကောင်းတဲ့သူ မဟုတ်ဘူး၊ ပိုက်ဆံနဲ့ ဝယ်လို့ရတဲ့သူဆိုတာ ယုံကြည်လို့ မရဘူးလေ။ သူမ သိထားတဲ့ ကိစ္စတွေကလည်း မနည်းတော့ဘူး၊ သေသွားတာပဲ အေးပါတယ်"
ယောင်ရှန်း၏ လေသံထဲမှ အရေးမစိုက်မှုက လူကို ကျောချမ်းစေသည်။ သူမ၏ စကားထဲတွင် ရန်ရှီ သေဆုံးသွားခြင်းမှာ ပုရွက်ဆိတ်တစ်ကောင် သေသွားသကဲ့သို့ပင်။
ချူးယွမ် ခန ငေးမောနေသည်ကို မြင်သဖြင့် ယောင်ရှန်းက ဆက်ပြောသည် - "ဘာလဲ... သနားသွားတာလား။ မင်းရဲ့ မိဘတွေနဲ့ မောင်လေးကို ပြန်စဉ်းစားကြည့်စမ်း၊ သူတို့ အသက်တွေ ဆုံးရှုံးခဲ့တုန်းကရော ဘယ်သူက မင်းအတွက် ဝမ်းနည်းပေးခဲ့လို့လဲ"
ထိုစကားကြောင့် ချူးယွမ်၏ မျက်ဝန်းများ မှောင်ကျသွားတော့သည်။
အမှန်စင်စစ် ချူးယွမ်၏ မူရင်းမျိုးရိုးမှာ ‘ထောင်’ ဖြစ်ပြီး အမည်ရင်းမှာ ထောင်ချူးယွမ် ဖြစ်သည်။ သူမ၏ ဖခင်မှာ လန်ကျိုးပြည်နယ်၊ ချီအန်းခရိုင်၏ ခရိုင်ဝန် ဖြစ်ခဲ့၏။ ထိုစဉ်က လန်ကျိုးတွင် နှင်းဘေးသင့်စဉ် သူမဖခင်သည် ပြည်သူများကို အစွမ်းကုန် ကူညီကယ်ဆယ်ခဲ့ပြီး အဂတိလိုက်စားသော အရာရှိများနှင့် ပူးပေါင်းခြင်း မရှိခဲ့ပေ။ နောက်ပိုင်းတွင် နင်ချန် (ဧကရာဇ်) က လန်ကျိုးကို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်စဉ် သူမဖခင်သည် ကောင်းမွန်စွာ စီမံနိုင်ခဲ့သဖြင့် ရာထူးမှ မပြုတ်သည့်အပြင် ချီးကျူးဂုဏ်ပြုခြင်းပင် ခံခဲ့ရသည်။
သို့သော် မိဖုရားခေါင်ကြီး၏ မိသားစုဖြစ်သော ရှဲ့မိသားစုသည် လန်ကျိုး၏ အကျိုးအမြတ်ကို ခွဲဝေလိုသဖြင့် သူမဖခင်အား ဓားပြများ သတ်ဖြတ်သယောင် လုပ်ကြံခဲ့ကြပြီး၊ ရှဲ့မိသားစုဝင် တစ်ဦးကို ထိုနေရာတွင် အစားထိုး ခန့်အပ်ခဲ့ကြသည်။
ထောင်မိသားစု၏ အားကိုးရာ ဖခင် ဆုံးပါးသွားသောအခါ အသက်ကြီးပြီဖြစ်သော အဘွားဖြစ်သူမှာလည်း စိတ်ထိခိုက်လွန်းသဖြင့် လိုက်ပါ သေဆုံးသွားခဲ့သည်။ မိခင်ဖြစ်သူမှာ ကျန်းမာရေး မကောင်းသော်လည်း ကျန်ရှိသော မိသားစုကို တာဝန်ယူကာ မယားငယ်နှစ်ဦးကို နှင်ထုတ်ပြီး ချူးယွမ်နှင့် သူမ၏မောင်လေးကို ခေါ်ကာ ဇာတိနေအိမ်သို့ ပြန်ခဲ့ရသည်။
သို့သော် ဖခင်ဖြစ်သူမှာ သက်ရှိထင်ရှားစဉ်က လာဘ်မစားသဖြင့် ချန်ထားသော ငွေကြေး မရှိပေ။ မိခင်၏ ဆေးဖိုးဝါးခဖိုးနှင့် ဆင်းရဲဒုက္ခများကြားတွင် မောင်ငယ်လေးမှာ ဆေးကုရန် ငွေမရှိသဖြင့် ရောဂါဖြင့် သေဆုံးသွားခဲ့ရပြန်သည်။ မိခင်ဖြစ်သူမှာ အလွန်အမင်း ဝမ်းနည်းကာ ချူးယွမ်ကို ခေါ်၍ အဘိုးအဘွားများရှိရာသို့ သွားရောက် ခိုလှုံခဲ့သော်လည်း၊ အဘိုးအဘွားများမှာ ကွယ်လွန်နှင့်ပြီ ဖြစ်သလို ဦးလေးနှင့် အဒေါ်များကလည်း လက်မခံကြသဖြင့် လမ်းဘေးတွင် လေလွင့်ခဲ့ရကာ နောက်ဆုံးတွင် မိခင်ဖြစ်သူပါ ကွယ်လွန်သွားခဲ့သည်။
နွေးထွေးသော မိသားစုလေးမှ ချူးယွမ် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့သည်။ ထိုအချိန်တွင် နန်းတွင်းသူ ရွေးချယ်ပွဲနှင့် ကြုံသဖြင့် အသက်ဆက်ရန်ရော၊ ကလဲ့စားချေရန် အခွင့်အရေး ရှာရန်ပါ ရည်ရွယ်၍ အမည်ဝှက်ဖြင့် နန်းတော်ထဲ ဝင်ခဲ့ခြင်း ဖြစ်သည်။ သူမသည် အရာရှိသမီး ဖြစ်သဖြင့် စာတတ်ပေတတ် ဖြစ်ကာ စည်းကမ်းလည်း သိတတ်သောကြောင့် အဆင့်မြင့် နေရာတစ်ခု ရရှိခဲ့သည်။ နောက်ပိုင်းတွင် ယောင်ရှန်းနှင့် ဆုံတွေ့ကာ ပူးပေါင်းခဲ့ကြခြင်း ဖြစ်သည်။ နှစ်ဦးစလုံး၏ ရည်မှန်းချက်မှာ မိဖုရားခေါင်ကြီးကို ဖြုတ်ချရန် ဖြစ်သဖြင့် ချက်ချင်းပင် လက်တွဲခဲ့ကြသည်။
"သေသေချာချာ စဉ်းစားပါ။ မင်း ဒီမှာတင် ရပ်ချင်တယ်ဆိုရင်လည်း ငါ အတင်းအကျပ် မခိုင်းပါဘူး" ယောင်ရှန်းက တည်ငြိမ်စွာ ပြောသည်။
သူမက ထိုသို့ပြောသော်လည်း ရှေ့မှ အမျိုးသမီးမှာ လက်လျှော့မည် မဟုတ်မှန်း သေချာပေါက် သိနေသည်။ ထင်သည့်အတိုင်း ချူးယွမ်က ချက်ချင်း ခေါင်းမော့လိုက်ကာ -
"စဉ်းစားပြီးပါပြီ။ ကျွန်တော်မျိုးမနဲ့ ရှဲ့မိသားစုကြားမှာ မကျေနိုင်တဲ့ ရန်ကြွေးတွေ ရှိပါတယ်။ ရှဲ့မိသားစုရဲ့ ဂုဏ်သရေဟာ မိဖုရားခေါင်ကြီးပေါ်မှာ တည်နေတယ်ဆိုရင်၊ ကျွန်တော်မျိုးမက အဲဒီ ဂုဏ်သရေကို အပြတ်အသတ် ချိုးဖျက်ပစ်ပါ့မယ်!"
ယောင်ရှန်းက မျက်လွှာချလိုက်ပြီး နှုတ်ခမ်းထောင့်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ - "ဒါဆိုရင်တော့ မိဖုရားခေါင်ကြီး ချောက်ထဲ ဆင်းတော့မယ့် အချိန်မှာ မင်းက ဘေးကနေ ကောင်းကောင်းလေး တွန်းပေးရလိမ့်မယ်"
"သူမက ဝမ်မိန်ရန်ရဲ့ ဗိုက်ထဲက ကလေးကို လုပ်ကြံပြီး မင်ရွှင်ရီအပေါ် အပြစ်ပုံချဖို့ စိတ်ကူးနေလောက်ပြီ။ ဒါပေမဲ့ အခုထိတော့ အဲ့အခွင့်အရေး မရသေးပါဘူး" ဟု ချူးယွမ်က ဆိုသည်။
ယောင်ရှန်းက ပြတင်းပေါက် အပြင်ဘက်မှ လရောင်ကို လှမ်းကြည့်ကာ - "မကြာခင်မှာ ဆောင်းဦးလယ်ပွဲ ရှိလာလိမ့်မယ်။ မိဖုရားခေါင်ကြီးက အစစအရာရာ စီစဉ်ရမှာဆိုတော့ ဒါက အခွင့်အရေးပဲ မဟုတ်လား။ မိဖုရားခေါင်ကြီးရဲ့ လက်ကို အသုံးချပြီး မင်ရွှင်ရီနဲ့ ဝမ်မိန်ရန်ကို ဖြုတ်ချမယ်၊ အချိန်တန်ရင် မိဖုရားခေါင်ကြီးကိုပါ ထပ်ဖြုတ်မယ်။ 'တစ်ချက်ခုတ် သုံးချက်ပြတ်' တဲ့ နည်းလမ်းက ပိုပြီး စိတ်ဝင်စားစရာ ကောင်းတာပေါ့"
"ရှိုးယွမ်က တကယ် ထက်မြက်ပါတယ်။ ကျွန်တော်မျိုးမ မှတ်သားထားပါ့မယ်" ချူးယွမ်က ဦးညွှတ်သည်။
ယောင်ရှန်းက ပြုံးလျက် - "ငါ့ရှေ့မှာ 'ကျွန်တော်မျိုးမ' လို့ ခေါ်မနေပါနဲ့။ ရှဲ့မိသားစုသာ မရှိရင် မင်းကလည်း အရာရှိကတော် ချောချောလေး ဖြစ်နေမှာပါ။”
"ဒီလမ်းကို ရွေးပြီး နန်းတော်ထဲ ဝင်လာကတည်းက ကျွန်မဟာ အစေခံပါပဲ။ မိသားစုအတွက် ကလဲ့စား မချေနိုင်သရွေ့တော့ အစေခံအဖြစ်ပဲ နေပါ့မယ်" ချူးယွမ်က ထရပ်ကာ လေးလေးနက်နက် ဂါရဝပြုလိုက်သည်။
ချူးယွမ် ထွက်သွားသောအခါ အနီးကပ် အစေခံမလေး ကျီကျူးက မေးသည် - "ရှိုးယွမ်... သူမကို တကယ် ယုံလို့ ရပါ့မလား"
"သံသယရှိရင် မသုံးနဲ့၊ သုံးရင် သံသယမဝင်နဲ့။ ထောင်မိသားစု တစ်စုလုံးရဲ့ အသက်တွေကသူမကို ဒေါသထွက်စေဖို့ လုံလောက်ပါတယ်" ယောင်ရှန်းက နှုတ်ခမ်းလေး တွန့်ကာ ပြုံးလိုက်သည်။
"အိပ်တော့၊ မစောတော့ဘူး"
…..
ရက်အနည်းငယ်အကြာ ဂါရဝပြုချိန်တွင် မိဖုရားခေါင်ကြီးက ဆောင်းဦးလယ်ပွဲတော်အကြောင်းကို စတင်ပြောဆိုလာသည်။ ယခုနှစ်တွင် ဥယျာဉ်ထဲ၌ ကျင်းပမည်ဖြစ်သဖြင့် အကျဉ်းရုံးသာ လုပ်ဆောင်မည်ဖြစ်ပြီး တော်ဝင်ဆွေမျိုးများကိုသာ ဖိတ်ကြားမည် ယခင်နှစ်က နှစ်သစ်ကူးပွဲကို အလွန်ခမ်းနားစွာ လုပ်ခဲ့ပြီးယခုအခါ စစ်ပွဲပြီးကာစ ဖြစ်သဖြင့် ချွေတာရမည် ဖြစ်သောကြောင့်ပင်။
ကျောက်ထန်ဆောင်သို့ ပြန်ရောက်သောအခါ ယဲ့ယွင်သည် အစေခံမလေးများနှင့် စကားစမြည် ပြောဖြစ်ကြသည်။
"တကယ်ပဲ ချွေတာရမှာပေါ့။ ဒီနှစ် ဆောင်းဦးလယ်မှာ မိခင်နဲ့ တွေ့ရမှာ မဟုတ်ဘူးလို့ ငါ ကြိုတွေးထားပြီးသားပါ။ အခုတော့ အတည်ဖြစ်သွားပြီဆိုတော့ နေ့တိုင်း မျှော်မနေရတော့ဘူးပေါ့"
"ရွှင်ရီက သခင်မကြီးကို သတိရရင် အရှင်မင်းကြီးကို ခွင့်တောင်းပြီး ဥယျာဉ်ထဲ ခဏလာဖို့ ပြောလို့ ရတာပဲ။ ချီမိန်ရန်ရဲ့ မိခင်တောင် နောက်နှစ်ရက်နေရင် သမီးကို လာတွေ့ဦးမှာတဲ့" ဟု ဟွေယွဲ့က ဆိုသည်။
ယဲ့ယွင်က ခေါင်းခါသည်။
"ငါတို့ အိမ်ကလူတွေ နန်းတော်ထဲ လာတာ မနည်းတော့ဘူး။ ဒီလောက်အထိ ထင်ပေါ်နေဖို့ မလိုပါဘူး။ ဒါနဲ့... ချီမိန်ရန်ဘက်က ဘာကိစ္စရှိလို့လဲ၊ ငါ ဘာလို့ မသိရတာလဲ"
ထိုအခါ ခုန်းချင်းက အမြန် ဝင်လျှောက်
တင်သည်။
"ကျွန်တော်မျိုး ဒီနေ့မှ စုံစမ်းလို့ သိရတာပါ။ ချီဆရာကြီးက အရှင်မင်းကြီးကို ခွင့်တောင်းပေးတာပါတဲ့။ ချီမိန်ရန်ရဲ့ မိခင်က သမီးကို အရမ်းသတိရပြီး အိပ်မက်တွေ မကောင်းလို့ လာတွေ့ချင်တာပါဆိုပြီး တောင်းဆိုလိုက်တာပါ။ ဦးလေးဖြစ်သူက ခွင့်တောင်းပေးတော့ အရှင်မင်းကြီးလည်း ငြင်းရခက်သွားတာပေါ့"
"အော်... အဲဒါကြောင့်ကိုး" ယဲ့ယွင်က ရိပ်မိသွားကာ မျက်လွှာချလိုက်သည်။
"ဒါပေမဲ့ တွေ့ဆုံခြင်းဆိုတာ သတိရတာ တစ်ခုတည်းကြောင့်တော့ မဖြစ်နိုင်
လောက်ဘူး။”
ချီရှီနှင့်အတူ နန်းတော်ဝင်ခဲ့သော ဝမ်မိန်ရန်က ကိုယ်ဝန်ရှိနေပြီ ဖြစ်ရာ၊ ချီမိသားစုဘက်ကလည်း အလျင်စလို ဖြစ်လာပုံရသည်။ သို့သော် ၎င်းမှာ သူမနှင့် မသက်ဆိုင်ပေ။
"မင်း အလုပ်ကို ကောင်းကောင်း လုပ်နိုင်သားပဲ။ နောက်ဆိုရင် အပြင်က ကိစ္စ ကြီးငယ်တွေကို အမြဲ စောင့်ကြည့်ထား။ ငါ ကိုယ်တိုင် ဝင်မပါရင်တောင် သိထားဖို့တော့ လိုတယ်" ယဲ့ယွင်က ခုန်းချင်းကို ပြုံး၍ ချီးကျူးလိုက်သည်။
သူမ အဝတ်အစားလဲပြီး ထိုင်ရုံရှိသေး၊ အပြင်ဘက်မှ ဂါရဝပြုသံများ ကြားလိုက်ရသဖြင့် ထွက်ကြည့်ရာ နင်ချန် တစ်ယောက် ခြေလှမ်းကျဲကျဲဖြင့် ဝင်လာသည်ကို တွေ့လိုက်ရသည်။
"ချန်းချဲ့က အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
ယဲ့ယွင် တစ်ဝက်ခန့် ဦးညွှတ်ရုံရှိသေး၊ နင်ချန်က သူမ၏ လက်မောင်ကို ဆွဲကာ ထူလိုက်သည်။
"နေပါစေ... အပြင်မှာ အရမ်းပူတယ်။ အထဲဝင်ပြီးမှ စကားပြောရအောင်၊ ကျန်း လာတဲ့တစ်လမ်းလုံး နေပူလွန်းလို့ ပြာကျတော့မလားပဲ။”
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-340
အခန်း ၃၄၀ ။ တစ်လှမ်းချင်း တက်လှမ်းခြင်း
“ဇူလိုင်လရောက်ပြီဆိုမှတော့ အပြင်မှာခြစ်ခြစ်တောက်ပူနေလောက်ပြီ၊ ဒါတောင်အခုက မနက်ခင်းပဲရှိသေးတယ်၊ အရှင်မင်းကြီးလာတာ ဘာလို့ ထီးမဆောင်းလာတာလဲ။ အခုအချိန်ဆို နေရှိန်က တော်တော်ပြင်းနေပြီလေ။”
ယဲ့ယွင်က နှုတ်မှ ပြောဆိုရင်း လက်ကိုင်ပဝါကို ထုတ်ကာ သူ့နဖူးပေါ်မှ ချွေးများကို အသာအယာ သုတ်ပေးလိုက်သည်။ နောက်မှ ပါလာသော ယွမ်ကျိုက အမြန် ခေါင်းငုံ့ကာဝန်ခံလိုက်သည်။
“ကျွန်တော်မျိုးရဲ့ ပေါ့ဆမှုပါ။ ဥယျာဉ်ထဲမှာ သစ်ပင်ရိပ်တွေ များတယ်ဆိုပြီး ထီးမယူလာမိတာပါ”
“တော်ပြီ... သူ့ကို အပြစ်မတင်ပါနဲ့။ ကျန်းက ယောင်္ကျားတစ်ယောက်ပဲ၊ မိုးရွာတာလည်း မဟုတ်ဘဲနဲ့ အပြင်ထွက်တိုင်း ထီးဆောင်းနေစရာ မလိုပါဘူး”
အထဲဝင်၍ ထိုင်လိုက်သောအခါ စားပွဲပေါ်တွင် လက်ဖက်ရည်တစ်ခွက် ရှိနေသည်ကို မြင်သဖြင့် သူက တိုက်ရိုက်ပင် ကောက်သောက်လိုက်လေသည်။
“အရှင်မင်းကြီး...”
ယဲ့ယွင် တားရန် မမီလိုက်မီမှာပင် လက်ဖက်ရည်တစ်ခွက်မှာ သူ့ဗိုက်ထဲသို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။
“ဘာဖြစ်လို့လဲ” နင်ချန်က ပန်းကန်ကို ချလိုက်ရင်း သိလိုစိတ်ဖြင့် မေးသည်။
ကုန်သွားသော ပန်းကန်ကို ကြည့်ကာ ယဲ့ယွင် ဘာပြောရမှန်း မသိဖြစ်သွားရသည်။ “အဲဒါ ချန်းချဲ့ရဲ့ ပန်းကန်လေ၊ ချန်းချဲ့ တစ်ငုံ သောက်ထားပြီးသားကို”
ထိုစကားကို ကြားမှ နင်ချန်သည် လက်ထဲမှ ပန်းကန်ကို ငုံ့ကြည့်လိုက်ရာ၊ အခြားတစ်ဖက်တွင် နှုတ်ခမ်းနီရာ အနည်းငယ် ထင်ကျန်နေသည်ကို အမှန်ပင် တွေ့လိုက်ရသည်။ သို့သော် သူသည် ရွံရှာခြင်း မရှိသည့်အပြင် ဘာမှမဖြစ်သလိုပင် လက်ဖက်ရည်ကို ထပ်မံ ငှဲ့ထည့်ကာ မြည်းလိုက်ပြန်သည်။
“ကိစ္စမရှိပါဘူး၊ ကျန်း သောက်လို့ ကောင်းပါတယ်”
ကောင်းပါပြီလေ၊ ငွေရှင်ကြေးရှင်ကြီးက မရွံဘူးဆိုရင်လည်း ပြီးတာပါပဲ။
နင်ချန်က လက်ဖက်ရည်ပန်းကန်ကို ချလိုက်ပြီး သူမဘက်သို့ လက်ဖဝါး ဖြန့်ပေးလိုက်သည်။ ယဲ့ယွင်က မျက်ခုံးလေး ပင့်လိုက်ပြီး သူမ၏ လက်ကလေးကို သူ့လက်ပေါ်သို့ တင်ပေးလိုက်ရာ၊ သူက ဆွဲယူ၍ သူမကို အနားတွင် ထိုင်ခိုင်းလိုက်သည်။
“ကျန်း ဒီနေ့ လာတာက မင်းကို ပြောစရာ ကိစ္စတစ်ခု ရှိလို့ပါ”
“ဘာကိစ္စလဲဟင်”
“မနေ့က မိဖုရားခေါင်ကြီး ကျန်းဆီ လာပြီး ပြောတယ်။ ဒီရက်ပိုင်း သူမ ကျန်းမာရေး မကောင်းသလို၊ မင်းသားကြီးကလည်း အအေးမိလို့ ပြုစုပေးနေရတယ်တဲ့။ နောက်တစ်လ မပြည့်ခင်မှာ ဆောင်းဦးလယ်ပွဲတော် ရှိနေတော့ ပွဲအတွက် ပြင်ဆင်စရာတွေကလည်း များတယ်။ မိဖုရားခေါင်ကြီးက အနောက်ဆောင်အုပ်ချုပ်ရေး ကိစ္စတွေနဲ့ဆိုတော့ အားလုံးကို လက်စမသတ်နိုင်မှာ စိုးလို့လေ။ ဒါကြောင့် သူက ကျန်းနဲ့ လာတိုင်ပင်တယ်... နန်းတွင်း အထွေထွေ ကိစ္စတွေကို ရှူးဖေး နဲ့ သယ့်ဖေးတို့က ကူညီပေးပြီး၊ ဆောင်းဦးလယ်ပွဲတော် အစီအစဉ်တွေကိုတော့ မင်းနဲ့ ဟွေ့ကျောင်းရုန်က ကူညီပေးဖို့ပေါ့”
“မလုပ်ပါဘူး”
ယဲ့ယွင်သည် ကြားသည်နှင့် ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။ သူမ၏ လျင်မြန်လှသော တုံ့ပြန်မှုကြောင့် နင်ချန်ပင် ခန ကြောင်သွားရသည်။
ထို့ကြောင့် ယဲ့ယွင်က ထပ်မံ ဖြည့်စွက်
ပြောဆိုသည်။
“ချန်းချဲ့က အိမ်ထောင်မကျခင်ကတည်းက ပျင်းရိတတ်တာ အကျင့်ပါနေပြီ။ အိမ်တွင်းမှု ကိစ္စတွေကိုလည်း သေသေချာချာ မသင်ခဲ့ရဘူး။ နန်းတော်ထဲ ရောက်လာတာ ဒီလောက်ကြာပြီဆိုတော့ အကုန်လုံးလည်း မေ့ကုန်ပါပြီ။ ဆောင်းဦးလယ်ပွဲတော်ဆိုတာ တော်ဝင်ဆွေမျိုးတွေ အကုန် လာကြမှာလေ၊ အကယ်၍ အမှားအယွင်း တစ်ခုခု ဖြစ်သွားရင် အရှင်မင်းကြီးရဲ့ မျက်နှာ ပျက်ရချည်ရဲ့။ ချန်းချဲ့အနေနဲ့ ဒီလောက်ကြီးမားတဲ့ တာဝန်ကို မထမ်းဆောင်ဝံ့ပါဘူး”
မိဖုရားခေါင်ကြီးက သူမကို ရုတ်တရက် ရည်ရွယ်ချက်ရှိရှိဆွဲထည့်တာက ကွယ်ရာမှာစေတနာကောင်းဖြင့်မဟုတ်နိုင်မှန်း သူမ သိသည်။ ထို့ပြင် သူမကိုယ်တိုင်ကလည်း ပင်ပင်ပန်းပန်း မလုပ်ချင်ပေ။ အေးအေးဆေးဆေး နေရတာ ဘယ်လောက် ကောင်းလဲ။
အကယ်၍ ယခင်ကဆိုလျှင် နင်ချန်က လိုက်လျောပေလိမ့်မည်။ သို့သော် ယခုအခါ ပထမအချက်မှာ နင်ချန်သည် ယဲ့ယွင်က အပျင်းထူချင်ရုံ သက်သက်မှန်း သိနေခြင်းဖြစ်ပြီး၊ ဒုတိယအချက်မှာ သူကိုယ်တိုင်တွင်လည်း အခြားသော ရည်ရွယ်ချက် ရှိနေခြင်းကြောင့် ဖြစ်သည်။ သူက ခန ဆိုင်းငံ့လိုက်ပြီးမှ လေသံတိုးတိုးဖြင့် ဆိုလိုက်သည် -
“မင်းရဲ့ ထက်မြက်မှုကို ကျန်း သိပါတယ်၊ မင်း ပင်ပန်းမှာကြောက်လို့ ငြင်းနေတာကိုလည်း ကျန်း နားလည်တယ်။ ဒါပေမဲ့ အခု မင်းမှာ ကျင့်အာ (စတုတ္ထမင်းသား) ရှိနေပြီ။ နောင်ကျရင် မင်းက အခုထက် ပိုမြင့်တဲ့ ရာထူးနေရာကို ရဦးမှာပဲ။ ဒီအတိုင်းပဲ အမြဲ ရှောင်နေလို့ မရဘူး၊ တစ်နေ့ကျရင် တာဝန်ယူရမယ့် အချိန် ရောက်လာမှာပဲ”
ထို့အပြင် ယဲ့ယွင်သည် မြှူဆွယ်တတ်ရုံမှလွဲ၍ တခြား ဘာအရည်အချင်းမှ မရှိဘူးဟု သူတစ်ပါး အပြောခံရမှာကိုလည်း သူ မလိုလားပေ။ သူ ချစ်မြတ်နိုးသော အမျိုးသမီးမှာ သူ၏ မျက်နှာသာပေးမှုနှင့် ထိုက်တန်သူ၊ အမြော်အမြင်ရှိပြီး အားကိုးထိုက်သော ဇနီးကောင်း တစ်ဦး ဖြစ်စေချင်သည်။
ယဲ့ယွင်သည် ခေါင်းမော့ကာ နင်ချန်၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်သည်။ ဤအခိုက်အတန့်တွင် တစ်ဖက်လူက နောက်ကွယ်မှ စကားများကို ထုတ်မပြောသော်လည်း သူမ အားလုံးကို နားလည်သွားခဲ့ပြီ။ အမှန်ပင် နန်းတွင်း၌ နေရာခိုင်မြဲရန်အတွက် ဧကရာဇ်၏ အချစ်တော် ဖြစ်နေရုံနှင့် မလုံလောက်ဘဲ၊ လူအများက လေးစားလာအောင် လုပ်ဖို့လည်း လိုအပ်သည်။
တစ်သက်လုံး အလှပြရုံ သက်သက် ‘ပန်းအိုး’ တစ်လုံးအဖြစ် မနေနိုင်ပေ။ ထို့အပြင် ပိုမြင့်သော နေရာသို့ တက်လှမ်းလိုလျှင် အာဏာနှင့် လုပ်ပိုင်ခွင့်များကို မထိတွေ့ဘဲ နေ၍ မရပေ။ အထူးသဖြင့် သူမတွင် သားရှိနေသည်။ အကယ်၍ နောင်တစ်ချိန်တွင် ကျင့်အာက ထိုထီးနန်းနေရာကို လိုလားခဲ့လျှင် မိခင်တစ်ဦးအနေဖြင့် သူမ ကူညီပေးရပေလိမ့်မည်။
ခန စဉ်းစားပြီးနောက် သူမ နောက်ဆုံးတွင် ခေါင်းညိတ် လိုက်တော့သည်။ သို့သော် သူမက ထပ်ပြောသည်။
“ချန်းချဲ့က ပထမဆုံးအကြိမ် လုပ်ရမှာဆိုတော့ ကူညီပေးရုံပဲ လုပ်ပါ့မယ်။ အဓိက ဆုံးဖြတ်ချက်တွေကိုတော့ မိဖုရားခေါင်ကြီးပဲ လုပ်တာ ပိုကောင်းပါလိမ့်မယ်”
လူကို ကာကွယ်တတ်သည့် စိတ်ဓာတ်မှာ အမြဲ ရှိရမည် မဟုတ်ပါလား။
နင်ချန်က ခေါင်းညိတ်သည် - “ဒါတွေက ကိစ္စအသေးအမွှားတွေပါ၊ မင်း အဆင်ပြေသလို လုပ်ပါ။ ဒါနဲ့ ကျန်း မင်းအတွက် ပေးစရာရှိသေးတယ်”
ပြောပြီးနောက် သူက ယွမ်ကျိုအား လက်ယမ်းပြလိုက်သည်။ ယွမ်ကျိုသည် အစေခံ မိန်းမစိုးလေး တစ်ဦးထံမှ သစ်သားသေတ္တာလေး တစ်လုံးကို ယူလာပေး၏။
ယဲ့ယွင်က သိလိုစိတ်ဖြင့် - “ဒါ ဘာလဲဟင်”
“ကိုယ်တိုင် ဖွင့်ကြည့်လိုက်လေ။ ဒါက အနောက်တိုင်းက လာတဲ့ ပစ္စည်းတွေပါ။ မင်း ကြိုက်လိမ့်မယ်လို့ ကျန်း ထင်လို့” နင်ချန်က နှုတ်ခမ်းထောင့်လေး တွန့်ရုံ ပြုံးလိုက်သည်။
ယွမ်ကျိုက သေတ္တာကို ယဲ့ယွင် ရှေ့သို့ တိုးပေးလိုက်ရာ သူမက ဖွင့်ကြည့်လိုက်သည်။ အထဲတွင် လက်ဖဝါးခန့် ရှိသော ပုလင်းငယ် နှစ်လုံးကို သေသေသပ်သပ် ထည့်ထားသည်။ ရွှေနှင့် ငွေတို့ဖြင့် ပြုလုပ်ထားသော ဖရုံသီးပုံစံ အခွံများမှာ အပေါက်ဖောက် ပန်းထိုးထားပြီး၊ အပေါ်တွင် ရောင်စုံ ရတနာများနှင့် ပတ္တမြားများ စီခြယ်ထားသည်။ အလယ်မှ ပုလင်းမှာ ကျောက်စိမ်းဖြူဖြင့် ပြုလုပ်ထားပြီး အပြင်ဘက်တွင် နုနယ်လှပသော ပန်းလက်ရာများ ထွင်းထုထားရာ အလွန်ပင် ကျော့ရှင်းလှသည်။
ဤပုလင်းကို ကြည့်ရုံနှင့်ပင် အတွင်းမှ ပစ္စည်းမှာ မည်မျှ တန်ဖိုးကြီးမားကြောင်း သိသာလှပေသည်။ ယဲ့ယွင်က ရွှေအခွံနှင့် ပုလင်းကို အရင်ဆုံး ထုတ်ယူကာ အဖုံးဖွင့်ကြည့်လိုက်ရာ သင်းပျံ့လှသော ရနံ့တစ်ခု ထွက်ပေါ်လာသည်။ ပြင်းရှသော်လည်း ချိုအီလွန်းခြင်း မရှိဘဲ ဆွဲဆောင်မှုရှိသော ပန်းရနံ့မျိုး ဖြစ်၏။ အထဲကို ကြည့်လိုက်သောအခါ အရည်များ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဒါ... ရေမွှေး လား။
ယခုခေတ် နည်းပညာနှင့်ဆိုလျှင် ဤအရာကို ထုတ်ယူရန် မလွယ်ကူလှပေ။
နင်ချန်က သူမ စိတ်ဝင်စားနေသည်ကို မြင်သောအခါ ရှင်းပြလိုက်သည်။
“ဒါကို အနောက်တိုင်းသားတွေက ‘နံ့သာရည်’ လို့ ခေါ်ကြတယ်။ အနောက်တိုင်း တော်ဝင် အမျိုးသမီးတွေပဲ သုံးနိုင်တာ၊ တော်တော်ရှားတယ်ဆိုပဲ။ ဒီတစ်ခေါက် လက်ဆောင် ဆက်သတဲ့ အထဲမှာ ငါးပုလင်းပဲ ပါတာ။ ကျန်း မင်းအတွက် နှစ်ပုလင်း ရွေးပေးထားတယ်။ ကျန်တာကိုတော့ မယ်တော်ကြီးဆီ တစ်ပုလင်းနဲ့ မိဖုရားခေါင်ကြီးဆီ နှစ်ပုလင်း ပို့ပေးထားတယ်”
ယဲ့ယွင်က နောက်ထပ် ပုလင်းတစ်လုံးကိုလည်း ယူ၍ နမ်းကြည့်လိုက်ရာ၊ ၎င်းမှာ လန်းဆန်းပြီး နုနယ်သော ရနံ့ရှိကာ ပထမပုလင်းနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။
“ဒါ တကယ်ကို ရှားပါးပစ္စည်းပဲ။ ချန်းချဲ့တို့ နန်ချီမှာတော့ အမွှေးနံ့သာ ခဲတွေနဲ့ အမွှေးတိုင်တွေပဲ ရှိတာလေ။ ဒါက သုံးရတာ ပိုလွယ်တာပဲ”
ရနံ့မှာ နောက်ပိုင်းခေတ် ရေမွှေးများကဲ့သို့ အဆင့်ဆင့် မပြောင်းလဲနိုင်သလို၊ ရနံ့ တည်မြဲမှုမှာလည်း အလွန် မကြာနိုင်သော်လည်း၊ ဤခေတ်တွင် ဤမျှအထိ ပြုလုပ်နိုင်ခြင်းမှာ အံ့သြစရာပင်။ ယဲ့ယွင်က ချက်ချင်းပင် အရည်အနည်းငယ်ကို လက်ကောက်ဝတ်နှင့် လည်ပင်းတို့တွင် ဆွတ်လိုက်သည်။ သူမ သုံးစွဲပုံမှာ ကျွမ်းကျင်လွန်းလှသဖြင့် နင်ချန်ပင် အံ့သြသွားရသည်။
“မင်း အရင်က ဒါကို သုံးဖူးလို့လား။”
“မသုံးဖူးပါဘူး၊ ဘယ်လို သုံးရတယ်ဆိုတာ ကြားဖူးရုံပါ” ယဲ့ယွင်က မျက်တောင်ခတ်ကာ - “ချန်းချဲ့ သုံးတာ မှားသွားလို့လား။ အရှင်မင်းကြီး လှောင်တော့ မလှောင်နဲ့နော်”
“ကျန်းလည်း မသိပါဘူး။ ချင်းချင်း ကြိုက်သလို သုံးနိုင်ပါတယ်”
ပြောရင်းနှင့် သူမအနားသို့ တိုးကပ်ကာ ရနံ့ကို ရှူရှိုက်ကြည့်လိုက်သည်။ “အမွှေးမှုန့်တွေထက် ပိုပြီး မွှေးတာတော့ အမှန်ပဲ”
ယဲ့ယွင်က စိတ်ကြီးသလို တစ်ချက် ကြည့်လိုက်ကာ တမင် စလိုက်သည်။
“အရှင်မင်းကြီးက ချန်းချဲ့ကို အလုပ်တွေ ခိုင်းထားလို့၊ ဒါကို ပေးပြီး လာချော့နေတာ မဟုတ်လား”
၎င်းမှာ ခုနက ဆောင်းဦးလယ်ပွဲတော်အတွက် ကူညီခိုင်းသည့် ကိစ္စကို ဆိုလိုခြင်း ဖြစ်၏။ သူမ၏ ထိုပုံစံလေးကို ကြည့်ကာ နင်ချန်၏ မျက်ဝန်းများ မှေးစင်းသွားသည်။ သူက သူမကို လှမ်းဆွဲလိုက်ကာ ရင်ခွင်ထဲသို့ ထည့်လိုက်ပြီး စနောက်လိုက်လေသည်။
“လူကို ချော့မှတော့ဒီလို အဆောင်အယောင်တွေနဲ့ မလုံလောက်မှန်းသိတာပေါ့။ ကျန်း ကိုယ်တိုင်ပဲ အားစိုက်ပြီး ချော့မှ ရမှာပေါ့”
ဤမျှ ဗြောင်ကျကျ စနောက်လာသဖြင့် ယဲ့ယွင်ပင် ရှက်သွေးဖြာသွားရသည်။ သူမက သူ့ကို တွန်းထုတ်ကာ - “အရှင်မင်းကြီးကတော့လေ... စည်းကမ်းကို မရှိဘူး။ ချန်းချဲ့ ကျင့်အာကို သွားကြည့်တော့မယ်၊ အရှင်နဲ့ စကားမပြောတော့ဘူး”
ယဲ့ယွင် ထသွားသည်ကို ကြည့်ကာ နင်ချန် ဘာမှ ထပ်မပြောတော့ဘဲ ပြုံးလျက်သာ ကျန်ရစ်ခဲ့သည်။ ထို့နောက် သူလည်း ကလေးကို ကြည့်ရန် နောက်မှ လိုက်သွားခဲ့သည်။
ဘာပဲဖြစ်ဖြစ် ဤတစ်ခေါက် လာရခြင်းမှာ ယဲ့ယွင်အား ဆောင်းဦးလယ်ပွဲတော်အတွက် ပါဝင်စေရန်ဖြောင်းဖြနိုင်ခဲ့ပြီ ဖြစ်သည်။
နင်ချန်ကိုယ်တိုင်လည်းစီစဉ်ထားပြီးသားပင်။ အကယ်၍ ဆောင်းဦးလယ်ပွဲတော်တွင်သူမ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့လျှင်၊ ချုံးယန် ပွဲတော်တွင်လည်း ကူညီခိုင်းမည်ဖြစ်ပြီး၊ နှစ်ကုန်ပိုင်း ရောက်သောအခါ သူမ၏ ကြိုးစားမှုကို အသိအမှတ်ပြုကာ ရာထူး တစ်ဆင့် ထပ်တိုးပေးရန် ရည်ရွယ်ထားလေသည်။
သူ ချစ်မြတ်နိုးသော အမျိုးသမီးကို သူကပင် တစ်လှမ်းချင်း တွဲခေါ်ကာ အမြင့်ဆုံးသို့ တက်လှမ်းစေချင်သည်။ မိဖုရားခေါင်ကြီးကို လဲလှယ်ရန် ရည်ရွယ်ချက် မရှိသော်လည်း၊ ခွင့်ပြုနိုင်သော အတိုင်းအတာအတွင်း သူမအား အကောင်းဆုံးနှင့် အများဆုံးသော အရာများကို ပိုင်ဆိုင်စေချင်သည့် စေတနာပင် ဖြစ်တော့သည်။
***