အခန်း (၃၄၁-၃၄၂)
Vol. 22 Ch. 341-342
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-341
အခန်း ၃၄၁ ။ ရန်ငြိုး
မိဖုရားခေါင်ကြီး၏ လှုပ်ရှားမှုများက အလွန်ပင် လျင်မြန်လှသည်။
ယဲ့ယွင်သည် ဆောင်းဦးလယ်အခမ်းအနားကို ကူညီစီစဉ်ရန် သဘောတူပြီး နောက်တစ်နေ့ နံနက်တွင်ပင် ဝူထုံနန်းဆောင်မှ စာရင်းမှတ်တမ်းများကို လက်ခံရရှိတော့သည်။
"မိဖုရားခေါင်ကြီးက အချိန်မရှိတော့ဘူးလို့ မိန့်ပါတယ်။ ဆောင်းဦးလယ်ပွဲတော်က နီးနေပြီဖြစ်လို့ မင်ရွှင်ရီ အနေနဲ့ အပင်ပန်းခံပြီး ဟွေ့ကျောင်းရုန်နဲ့အတူ အမြန်ဆုံး အစီအစဉ်ဆွဲပေးပါလို့ မှာလိုက်ပါတယ်"
စကားပါးလာသော စုချင်က ဦးညွှတ်ကာ ဆိုသည်။
အတော်လေး ထူထဲသော စာရင်းမှတ်တမ်းကို ကြည့်ပြီး ယဲ့ယွင်သည် ဤအလုပ်ကို လက်ခံမိသည်ကိုပင် အနည်းငယ် နောင်တရသွားမိသည်။ သို့သော် လက်ခံပြီးမှတော့ နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။
"သိပါပြီ၊ ငါ သေသေချာချာ လုပ်ဆောင်ပါ့မယ်လို့ မိဖုရားခေါင်ကြီးကို ပြန်လျှောက်ပေးပါ"
စုချင်က ခေါင်းညိတ်ကာ ထွက်ခွာသွားသည်။ ယဲ့ယွင်က နန်ကျစ်ကို မျက်စိမှိတ်ပြလိုက်ရာ နန်ကျစ်က ဆုငွေအိတ်လေးတစ်ခု ကမ်းပေးပြီး သူမကို ပြန်လွှတ်လိုက်လေသည်။
ဟွေယွဲ့က လက်ဖက်ရည်လာငှဲ့ပေးရင်းပြုံးပြုံးဖြင့်ဆိုသည်။
"ရွှင်ရီက အိမ်တော်မှာ ရှိစဉ်ကတည်းက သခင်မကြီးကို ကူညီပြီး ပွဲလမ်းသဘင်တွေ စီစဉ်ပေးခဲ့တာဆိုတော့ ဒါကလည်း အတူတူပဲ ဖြစ်မှာပါ"
ဂုဏ်သရေရှိ မိသားစုမှ တရားဝင်သမီး တစ်ဦးအဖို့ ဤကဲ့သို့သော ပညာရပ်များကို မသင်ယူဘဲ မနေပေ။ ချူရှီ (ယဲ့ယွင်၏မိခင်) သည် ကုန်သည်မိသားစုမှ လာသူဖြစ်သော်လည်း ချူမိသားစုမှာ အစဉ်အလာကြီးမားသဖြင့် စည်းကမ်းစနစ်များမှာ အခြားသူများထက် မလျော့ပေ။ ထို့ကြောင့် သမီးဖြစ်သူကိုလည်း အစွမ်းထက်အောင် သင်ကြားပေးထားခဲ့သည်။
"နှစ်တိုင်းကတော့ ဧည့်သည်နေရာချတာ၊ ဟင်းပွဲတွေနဲ့ ကပြဖျော်ဖြေမှုတွေပဲ ပြောင်းလဲတာပါ။ ကျန်တာတွေကတော့ ပုံသေလုပ်ထုံးလုပ်နည်းတွေ ရှိပြီးသားဆိုတော့ ငါ အများကြီး ပင်ပန်းစရာ မလိုပါဘူး" ယဲ့ယွင်က အေးအေးဆေးဆေး ပြောလိုက်သည်။
သူမသည် လက်ဖက်ရည်တစ်ငုံသောက်ကာ စာရင်းမှတ်တမ်းကို ဖွင့်ဖတ်လိုက်သည်။
"ငါ မနက်ပိုင်း အကြောင်းအရာတွေကို အသေးစိတ် ကြည့်ထားလိုက်မယ်။ ညနေကျရင် ဟွေ့ကျောင်းရုန်ဆီ သွားပြီး တိုင်ပင်ရအောင်။ ခုန်းချင်းကို အရင်သွားပြီး စကားပါးခိုင်းလိုက်ဦး၊ ဘယ်အချိန်က အဆင်ပြေမလဲဆိုတာ မေးခိုင်းလိုက်၊ ရုတ်တရက်ကြီး သွားရင် မကောင်းဘူး"
"ဟုတ်ကဲ့ပါ" ဟု ဟွေယွဲ့က ထူးကာ အပြင်သို့ ထွက်သွားလေသည်။
…..
မော့လန်ဆောင်။
ကျင်းသယ့်ဖေးသည် ဒုတိယမင်းသားလေးအား ပုံပြင်စာအုပ် ဖတ်ပြနေစဉ် နျန်ကျူက အပြင်မှ အပြေးအလွှား ဝင်လာသည်။
"မယ်မယ်..."
သယ့်ဖေးက ခေါင်းမော့ကြည့်ကာ တစ်ခုခုထူးခြားနေမှန်း သိသဖြင့် နို့ထိန်းကို ဒုတိယမင်းသားအား ခေါ်သွားခိုင်းလိုက်သည်။
"ပြောစမ်း၊ ဘာကိစ္စလဲ"
နျန်ကျူက ဦးညွှတ်ကာ လျှောက်တင်သည်။
"ကျွန်တော်မျိုးမ စုံစမ်းသိရတာတော့ ဒီနေ့မနက်တင် မိဖုရားခေါင်ကြီးက ဆောင်းဦးလယ်ပွဲတော် စီစဉ်တဲ့ ကိစ္စအားလုံးကို ဟွေ့ကျောင်းရုန်နဲ့ မင်ရွှင်ရီတို့ဆီ လွှဲပေးလိုက်ပြီတဲ့ရှင်။ တစ်ယောက်ကို တစ်ဝက်စီ ခွဲပေးလိုက်တာပါ"
ကျင်းသယ့်ဖေးက မျက်ဝန်းများကို မှေးစင်းလိုက်သော်လည်း မျက်နှာတွင် ဘာခံစားချက်မှ မပေါ်ပေ။ သူမ ခနမျှ တိတ်ဆိတ်နေပြီးမှ တိုးတိုးလေး ရေရွတ်လိုက်သည်။
"မိဖုရားခေါင်ကြီးက ဒီတစ်ခေါက်တော့ ဘာမှ မလုပ်တော့ဘဲ လက်ပိုက်ကြည့်နေတော့မှာလား။ နန်းတွင်း အထွေထွေကိစ္စတွေကို ငါနဲ့ ရှူးဖေးဆီ ပစ်ပေးတယ်၊ ပွဲစီစဉ်တာကိုကျတော့ ဟွေ့ကျောင်းရုန်နဲ့ ယဲ့ရှီဆီ ပစ်ပေးတယ်။ ရှဲ့ရှီ (မိဖုရားခေါင်ကြီး) ဆိုတာ အာဏာကို အမြဲ ဆုပ်ကိုင်ထားချင်တဲ့သူ၊ အခုလို တစ်ခါတည်း လွှဲထုတ်လိုက်တာက..."
"ရှောင်လွှဲချင်တာပေါ့" ကျင်းသယ့်ဖေးက ထန်ရှန်း ပြောချင်နေသော စကားလုံးကို ကြားဖြတ်ပြောလိုက်သည်။
အခြားသူများက မိဖုရားခေါင်ကြီးအပေါ် ဤမျှအထိ အဆိုးမြင်ချင်မှ မြင်မည်ဖြစ်သော်လည်း ကျင်းသယ့်ဖေးမှာမူ မိဖုရားခေါင်ကြီးလက်ထဲတွင် အကြီးအကျယ် ခံစားခဲ့ရဖူးသူ ဖြစ်သဖြင့် သူမ၏ ရက်စက်မှုကို ကောင်းစွာ သိသည်။
ထိုစဉ်က သူမ ကိုယ်ဝန်ဆောင်စဉ် ဆုံးရှုံးခဲ့ရသော ကလေးမှာ မိဖုရားခေါင်ကြီးနှင့် သူမ၏နို့ထိန်း တင်းမားမားတို့ ပူးပေါင်း ကြံစည်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ယခု တင်းမားမား သေဆုံးသွားပြီဖြစ်ရာ၊ ဉာဏ်သိပ်မရှိသော်လည်း ရက်စက်တတ်သော မိဖုရားခေါင်ကြီးသည် တားမည့်သူ မရှိတော့သဖြင့် တစ်ခုခုကို လုပ်ကြံတော့မည်မှာ သေချာလှသည်။
"မိဖုရားခေါင်ကြီးဘက်က လူအားလုံးကို သေသေချာချာ စောင့်ကြည့်ခိုင်းထားပါ။ အလုပ်ကြမ်းလုပ်တဲ့ အစေခံကအစ မျက်ခြေမပြတ်စေနဲ့။ သူ ဘာလုပ်မလဲဆိုတာ ပန်းကုန်းသိချင်တယ်"
ကျင်းသယ့်ဖေးသည် လက်ကိုင်ပဝါကို တင်းတင်းဆုပ်ထားကာ မျက်ဝန်းထဲတွင် အေးစက်သော ရန်ငြိုးများ ပြည့်နှက်နေတော့သည်။ အကယ်၍ မိဖုရားခေါင်ကြီး၏ အမှားကိုသာ လက်ပူးလက်ကျပ် မိခဲ့လျှင် သူမသည် အသက်နှင့်ရင်း၍ဖြစ်စေ ကလဲ့စားချေကာ ဖြုတ်ချမည် ဖြစ်သည်။ နှစ်ပေါင်းများစွာ သူမသည် အေးအေးဆေးဆေး နေထိုင်ဟန် ဆောင်ခဲ့သော်လည်း၊ အမှန်စင်စစ် သူမသည်သာ ရန်ငြိုးအကြီးဆုံးသူ ဖြစ်နေခဲ့သည်။
…..
ကျင်းသယ့်ဖေး သတိထားသကဲ့သို့ ယဲ့ယွင်သည်လည်း အလွန်သတိထားသည်။
မိဖုရားခေါင်ကြီးအား ကာကွယ်ရန်အတွက် သူမသည် အရိုးရှင်းဆုံးနှင့် အထိရောက်ဆုံး နည်းလမ်းကို အသုံးပြုခဲ့သည်။ ၎င်းမှာ ကိစ္စအကြီးအငယ်မှန်သမျှကို မိဖုရားခေါင်ကြီးထံ အသေးစိတ် တင်ပြခြင်းနှင့်၊ ဆုံးဖြတ်ချက်ချရမည့် အရာမှန်သမျှကို မိဖုရားခေါင်ကြီးအား ကိုယ်တိုင် ဆုံးဖြတ်ခိုင်းခြင်းပင် ဖြစ်သည်။
ဤသို့ဖြင့် မိဖုရားခေါင်ကြီးမှာ ခေါင်းညိတ်ရုံ သက်သက်ဆိုသော်လည်း ကိစ္စအားလုံးတွင် ပါဝင်ပတ်သက်နေပြီး နောက်ဆုံး ဆုံးဖြတ်ပိုင်ခွင့်ရှိသူ ဖြစ်နေတော့သည်။ အကယ်၍ တစ်စုံတစ်ခု ပြဿနာတက်ခဲ့လျှင် မိဖုရားခေါင်ကြီးမှာ တာဝန်မှ ရှောင်လွှဲ၍ ရတော့မည် မဟုတ်ပေ။
၎င်းမှာ မိဖုရားခေါင်ကြီးအား အလွန် စိတ်ရှုပ်ထွေးစေသော်လည်း ယဲ့ယွင်၏ စကားများက အပြစ်တင်စရာ မရှိပေ။
"ချန်းချဲ့တို့က ကူညီပေးရုံတင်ပါ၊ မိဖုရားခေါင်ကြီးကသာ နန်းတွင်းရဲ့ အရှင်သခင်ပါ။ ပန်းကန်တစ်ချပ်၊ တူတစ်စုံ တိုးတာကအစ မိဖုရားခေါင်ကြီးရဲ့ အမိန့်မပါဘဲ ချန်းချဲ့တို့ မဆုံးဖြတ်ဝံ့ပါဘူး" ဟူသော စကားဖြင့် မိဖုရားခေါင်ကြီးအား အထက်သို့ မြှောက်တင်ထားလိုက်ရာ၊ မိဖုရားခေါင်ကြီးမှာ မပါဝင်ချင်လျှင်တောင် မရတော့ပေ။
"ဒီ ယဲ့ရှီ ကတော့ တကယ့်ကို လည်လိုက်တာ။ ဒီလိုသာဆိုရင် ဝမ်မိန်ရန်မှာ တစ်ခုခုဖြစ်ရင် ပန်းကုန်းလည်း တာဝန်ကနေ လွတ်မှာ မဟုတ်တော့ဘူး"
ဝူထုံနန်းဆောင်တွင် မိဖုရားခေါင်ကြီးက ဒေါသတကြီး စားပွဲကို ရိုက်ကာ ဆိုသည်။
"မိဖုရားခေါင်ကြီး စိတ်လျှော့ပါ၊ ကျန်းမာရေး ထိခိုက်ဦးမယ်" ဟု စုအယ်က မျက်နှာပျက်လျက် ဖျောင်းဖျရသည်။
မိဖုရားခေါင်ကြီးက မျက်မှောင်ကြုတ်ကာ - "ပန်းကုန်းလည်း စိတ်လျှော့ချင်တာပေါ့၊ ဒါပေမဲ့ ဆောင်းဦးလယ်ပွဲတော်က နီးနေပြီ၊ အလုပ်တွေကလည်း လုပ်ရခက်လာပြီ။ ဒါဆိုရင် ပန်းကုန်းတို့ ကြံစည်ထားတာတွေက အလဟဿ ဖြစ်ကုန်တော့မှာလား။ တစ်ခုခု စဉ်းစားကြစမ်းပါဦး!"
စုအယ်နှင့် စုချင်တို့ တစ်ဦးကိုတစ်ဦး ကြည့်ကာ ဘာလုပ်ရမှန်း မသိဖြစ်နေစဉ်၊ အပြင်သို့သွားကာ ချူးယွမ်ကို ခေါ်လာကြသည်။
"မင်း အထဲဝင်ပြီး ကူပြောပေးပါဦး၊ မင်ရွှင်ရီကြောင့် မိဖုရားခေါင်ကြီး တော်တော် ဒေါသထွက်နေတယ်"
ချူးယွမ်၏ မျက်ဝန်းများ လက်ခနဲ ဖြစ်သွားကာ အခြေအနေကို မေးမြန်းပြီးနောက်စုအယ်နှင့်စုချင်တို့အားဖြောင်းဖြလိုက်သည်။
"မပူပါနဲ့၊ ကျွန်မနဲ့ လွှဲထားလိုက်ပါ။ မိဖုရားခေါင်ကြီး စိတ်ပူနေတာက ခဏပါပဲ"
သူမသည် မိဖုရားခေါင်ကြီးအတွက် လက်ဖက်ရည်ငှဲ့ပေးကာ လေသံအေးအေးဖြင့် ဆိုလိုက်သည်။
“မိဖုရားခေါင်ကြီး ဘာလို့ ဒီလောက် ဒေါသထွက်နေရတာလဲ။ ကျွန်တော်မျိုးမ အထင်တော့ ဒါက ကိစ္စအကြီးကြီး မဟုတ်ပါဘူး"
မိဖုရားခေါင်ကြီးက စိတ်ပျက်လက်ပျက်ဖြင့် - "ဘာကို ဆိုလိုတာလဲ"
"မိဖုရားခေါင်ကြီး ဒီလို စဉ်းစားကြည့်ပါ၊ မိဖုရားခေါင်ကြီးက နောက်ဆုံး ဆုံးဖြတ်ပေးသူ ဖြစ်နေပေမဲ့၊ မိဖုရားခေါင်ကြီးက ဖျားနာနေတာလေ။ အသေးစိတ် အချက်အလက်တွေကို မေ့လျော့သွားတာ၊ ဒါမှမဟုတ် တစ်စုံတစ်ယောက်က တမင် ဖုံးကွယ်ထားတာမျိုး ဖြစ်နိုင်တာပဲ မဟုတ်လား။”
ချူးယွမ်က အေးစက်သော အကြည့်ဖြင့် ဆက်ပြောသည်။
“မင်ရွှင်ရီက အလုပ်ကို သေသေချာချာ လုပ်ပြနေတာကြောင့် မိဖုရားခေါင်ကြီးက သူမကို ယုံကြည်ပြီး အသေးစိတ် မစစ်ဆေးမိတာမျိုးပေါ့။ အမှားဖြစ်သွားရင်တောင် မိဖုရားခေါင်ကြီးမှာ ရှိတဲ့ အပြစ်က 'ပေါ့ဆမှု' ပဲ ရှိမယ်။ အဲဒီအချိန်ကျမှ မိဖုရားခေါင်ကြီးက အရှင်မင်းကြီးကိုယ်စား တရားခံကို ရှာဖွေဖော်ထုတ်ပေးပြီး အပြစ်ကို ဆေးကြောလို့ ရတာပဲလေ"
"အရှင်မင်းကြီးက မိဖုရားခေါင်ကြီးရဲ့ ပေါ့ဆမှုအတွက် စိတ်ဆိုးနိုင်ပေမဲ့၊ ကိုယ်ချစ်မြတ်နိုးတဲ့ အမျိုးသမီးက တော်ဝင်ရင်သွေးကို လုပ်ကြံတဲ့ တရားခံ ဖြစ်နေတယ်ဆိုတာနဲ့ ယှဉ်လိုက်ရင် အဲဒီ ဒေါသက ဘာမှ မဟုတ်တော့ပါဘူး။ အရှင်မင်းကြီးရဲ့ စိတ်ပျက်မှုတွေက တခြားနေရာကိုပဲ ရောက်သွားမှာပါ။ မိဖုရားခေါင်ကြီးအနေနဲ့ အခုအချိန်မှာ အသေးအမွှားလေးတွေကို အရမ်း စိတ်ပူမနေပါနဲ့ဦး။”
ချူးယွမ်၏ စကားကို ကြားပြီးနောက် မိဖုရားခေါင်ကြီးသည် ခန စဉ်းစားကာ နောက်ဆုံးတွင် စိုးရိမ်မှုများကို ချလိုက်တော့သည်။ ငါးဖမ်းချင်လျှင် ငါးစာကိုတော့ နှမြော၍ မရပေ။ ဧကရာဇ်၏ အနည်းငယ် ဆူပူမှုကို ခံရရုံနှင့် မိမိ၏ ရန်သူနှစ်ဦးစလုံးကို တစ်ခါတည်း ဖယ်ရှားနိုင်မည်ဆိုလျှင် အလွန်ပင် တန်လှပေသည်။
မိဖုရားခေါင်ကြီး သဘောတူသည်နှင့် ချူးယွမ်သည် အရှိန်မြှင့်ကာ သူမ၏ အစီအစဉ်များကို စတင်တော့သည်။ ရက်အနည်းငယ်အကြာတွင် ချူးယွမ်သည် လင်ရှီးဥယျာဉ်ရှိ မီးဖိုဆောင်မှ ဟင်းရည်အိုး တာဝန်ခံ နန်းတွင်းသူလေးတစ်ဦးနှင့် လျှို့ဝှက်စွာ အချိတ်အဆက် ရသွားခဲ့လေသည်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-342
အခန်း ၃၄၂ ။ နောက်ကွယ်မှ တွန်းပို့ခြင်း
ကျင်းသယ့်ဖေးသည် အခြေအနေကို မျက်တောင်မခတ်တမ်း စောင့်ကြည့်နေခဲ့သည်။ နောက်ဆုံးတွင် သူမသည် သဲလွန်စတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။
အစေခံများ ပြန်လည်သတင်းပို့ချက်အရ - ဝူထုံနန်းဆောင် (မိဖုရားခေါင်ကြီးနန်းဆောင်) မှ လူတစ်ဦးသည် ဝတ်ရုံနက်ကို အလုံခြုံခြုံရုံ၍ ထွက်လာကာ၊ မီးဖိုဆောင်မှ အစေခံများနေထိုင်ရာ ဝင်းထဲသို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့ကြောင်း၊ ထို့နောက် နောက်ဖေးတံခါးဝတွင် နန်းတွင်းသူလေးတစ်ဦးထံသို့ ပစ္စည်းတစ်ခု ကမ်းပေးခဲ့ကြောင်း သိရသည်။
"ဝူထုံနန်းဆောင်က ထွက်လာတာ ဘယ်သူလဲဆိုတာ သေချာမမြင်ရပေမဲ့၊ သူနဲ့ လာတွေ့တဲ့ နန်းတွင်းသူလေးရဲ့ ရုပ်ရည်ကိုတော့ အသေအချာ မြင်လိုက်ရပါတယ်" ဟု ထန်ရှန်းက ဆိုသည်။
ကျင်းသယ့်ဖေး ခနစဉ်းစားပြီးနောက် သူမအား အနားသို့ခေါ်ကာ တိုးတိုးလေး မှာကြားလိုက်သည်။
…..
နောက်တစ်နေ့တွင် ထိုနန်းတွင်းသူလေးသည် မီးဖိုဆောင်အပြင်ဘက်၌ အမှိုက်များ သိမ်းဆည်းနေစဉ်၊ ခေါင်းငုံ့ထားသဖြင့် မျက်နှာမမြင်ရသော မိန်းမစိုးတစ်ဦးနှင့် တိုက်မိသွားကာ ပစ္စည်းများ မြေပေါ်သို့ ပြန့်ကျဲသွားတော့သည်။ သူမ အမြန်ကုန်းကောက်နေစဉ် ထိုမိန်းမစိုးက သူမ၏အသံကို တမင်ပြောင်း၍လာပြောလေသည်။
“ဒီည သန်းခေါင်ကျော် (၂ နာရီခွဲ) ကျရင် နေရာဟောင်းမှာပဲ ဆုံမယ်"
နန်းတွင်းသူလေးမှာ ဘာမှမသင်္ကာဘဲ အမြန်ပင် ခေါင်းညိတ်လိုက်ပြီး၊ ဘာမှမဖြစ်သလိုပင် အလျင်အမြန် ထွက်ခွာသွားတော့သည်။
အစီအစဉ် ပြီးမြောက်သွားသော်လည်း ထန်ရှန်းက စိုးရိမ်တကြီး မေးမြန်းသည်။
"သခင်မ... ကျွန်မတို့ မင်ရွှင်ရီကို ဒီကိစ္စ အသိပေးပြီး ကျေးဇူးတင်အောင် မလုပ်သင့်ဘူးလား။ သူမနဲ့ ပူးပေါင်းလိုက်ရင် မိဖုရားခေါင်ကြီးကို ဖြုတ်ချဖို့ ပိုမလွယ်ဘူးလားဟင်"
ကျင်းသယ့်ဖေးက သူမအား အေးစက်စက် ကြည့်လိုက်ပြီး - "မင်ရွှင်ရီမှာလည်း သားရှိတယ်ဆိုတာ မမေ့နဲ့။ ငါလုပ်ချင်တာက ကလဲ့စားချေဖို့ တစ်ခုတည်း မဟုတ်ဘူး"
သူမသည် မည်သူ့ကိုမျှ ကယ်တင်ချင်စိတ် မရှိပေ။ သူမ လိုလားသည်မှာ ဤလူအုပ်စုကို နောက်ကွယ်မှ အသာအယာ တွန်းပို့ပြီး အားလုံးကို ချောက်ထဲ ကျစေချင်ခြင်းသာ ဖြစ်သည်။
ဘယ်လောက် ကောင်းလဲ။ မင်ရွှင်ရီက ဝမ်မိန်ရန်ကို လုပ်ကြံတယ်၊ မိဖုရားခေါင်ကြီးက အထောက်အထားကို ကိုင်ပြီး မင်ရွှင်ရီကို အသေသတ်မယ်။ မိဖုရားခေါင်ကြီး အလုပ်ပြီးတဲ့အချိန်ကျမှ သူမက အချိန်ကိုက် ထွက်လာပြီး မိဖုရားခေါင်ကြီးရဲ့ အပြစ်တွေကို ဖွင့်ချလိုက်မယ်။ 'ပုစဉ်းရင်ကွဲကို ဖမ်းတဲ့ ပုရွက်ဆိတ်နောက်မှာ သိန်းငှက် ရှိနေတယ်' ဆိုတဲ့အတိုင်းပါပဲ။
…..
အင်အားစုအသီးသီး၏ စောင့်မျှော်မှုကြားတွင် ဆောင်းဦးလယ်ညစာစားပွဲ ရောက်ရှိလာတော့သည်။ ဟွေ့ကျောင်းရုန် နှင့် ယဲ့ယွင်တို့သည် အမှန်တကယ်ပင် အားစိုက်ထုတ်ခဲ့ကြသဖြင့်၊ ညစာစားပွဲမှာ ချွေတာရာကျသော်လည်း သိက္ခာရှိပြီး ခမ်းနားလှသဖြင့် အားလုံးက ကျေနပ်ကြသည်။
ဥပမာအားဖြင့် ယခုနှစ် ဟင်းပွဲများမှာ နည်းလမ်းဟောင်းကို ဆန်းသစ်စွာ ပြုလုပ်ထားခြင်း ဖြစ်သည်။ ဟင်းပွဲအများစုမှာ ပုံသေဖြစ်သော်လည်း ယဲ့ယွင်၏ ပြုပြင်မှုကြောင့် ယခင်နှင့်မတူဘဲ အနံ့၊ အရသာ၊ အဆင်းအားလုံးမှာ ပို၍ ထူးခြားလာခဲ့သည်။ မယ်တော်ကြီးပင်လျှင် ယနေ့ဟင်းပွဲများကို မချီးကျူးဘဲ မနေနိုင်တော့ပေ။
နင်ချန်ကလည်း အခွင့်ကောင်းယူကာ ချစ်ရသူလေးအား ချီးကျူးတော့သည်။
"မင်ရွှင်ရီက တကယ် စိတ်ကူးဉာဏ်ကောင်းတာပဲ။ နန်းတွင်းဟင်းပွဲတွေက စားကောင်းပေမဲ့ စားဖန်များတော့ အရသာ တစ်သမတ်တည်း ဖြစ်နေတာ။ အခုလို ပြင်လိုက်တော့မှ ပိုပြီး ဆန်းသစ်သွားတာပေါ့"
"ဟုတ်ပါတယ်၊ ဒါကြောင့်လည်း ချန်းချဲ့က မင်ရွှင်ရီကို ဒီပွဲစီစဉ်ဖို့ ကူညီခိုင်းတာပါ။ သူမက အရှင်မင်းကြီးကို ပြုစုရာမှာလည်း အမြဲ သေသေချာချာနဲ့ ထက်မြက်တာဆိုတော့ ချန်းချဲ့ အရမ်းယုံကြည်ပါတယ်"
မိဖုရားခေါင်ကြီးကလည်း ပြုံးလျက် ချီးကျူးလိုက်သည်။
ယဲ့ယွင်က တည်ငြိမ်စွာ ထရပ်ကာ ဂါရဝပြုလိုက်သည်။
“အရှင်မင်းကြီးနဲ့ မိဖုရားခေါင်ကြီးတို့ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်။ မိဖုရားခေါင်ကြီးရဲ့ အပူအပင်တွေကို ကူညီဖြေရှင်းပေးရတာက ချန်းချဲ့ရဲ့ တာဝန်ပါပဲ။ ဒီပွဲအတွက် ချန်းချဲ့ တစ်ဦးတည်း လုပ်တာ မဟုတ်ပါဘူး၊ ဟွေ့ကျောင်းရုန်က ပိုပြီး ပင်ပင်ပန်းပန်း လုပ်ဆောင်ခဲ့တာပါ။ ချန်းချဲ့ကတော့ အစားအသောက် မက်တာနဲ့ ဟင်းပွဲလေးတွေကို နည်းနည်း ပြင်လိုက်ရုံပါပဲ"
သူမသည် အလုပ်တစ်ခုလုပ်ရာတွင် သူမ၏ မဟာမိတ်ကိုလည်း မေ့မထားပေ။ ဟွေ့ကျောင်းရုန်ကလည်း ပြုံးလျက် ထရပ်ကာအလားတူပြောလိုက်သည်။
"ဒါတွေက တို့ညီအစ်မတွေ စိတ်တူကိုယ်တူ လုပ်ဆောင်ခဲ့တဲ့ ရလဒ်တွေပါပဲ"
"ဟုတ်တာပေါ့၊ အနောက်ဆောင်က ညီအစ်မတွေ အားလုံး မင်းတို့နှစ်ယောက်လို သဟဇာတ ဖြစ်နေကြရင် ပန်းကုန်းပိုပြီး စိတ်အေးရမှာပဲ" ဟု မိဖုရားခေါင်ကြီးက နူးညံ့စွာ ပြောလိုက်သည်။
သူမ၏ စရိုက်ကိုသာ မသိလျှင် သူမသည် တကယ့်ကို ကြင်နာတတ်သော မိဖုရားခေါင်ကြီးဟု ထင်မှတ်ရပေလိမ့်မည်။
ပွဲလမ်းသဘင်များ စတင်လိုက်သောအခါ နင်ချန်လည်း စိတ်ပျော်ရွှင်နေသဖြင့် အငွေ့အသက်မှာ အလွန် ကောင်းမွန်နေသည်။ မင်းသားနှစ်ပါးနှင့် ဆွေမျိုးများမှာ နင်ချန်နှင့်အတူ အပြန်အလှန် သောက်စားနေကြပြီး ပျော်ရွှင်နေကြသည်။
ဟင်းပွဲများကို ပန်းကန်အငယ်လေးများဖြင့် ပြင်ဆင်ထားသဖြင့် လူတိုင်း သိလိုစိတ်ဖြင့် မြည်းစမ်းကြရာ၊ ပန်းကန်များမှာ မကြာမီမှာပင် အကုန်ပြောင်သွားတော့သည်။ ဤသည်မှာ ယဲ့ယွင်က အစားအသောက် လေလွင့်မှုကို ကာကွယ်ရန် တမင် ညွှန်ကြားထားခြင်း ဖြစ်၏။ နင်ချန်သည် ယဲ့ယွင်၏ အသေးစိတ် ဂရုစိုက်တတ်မှုကို မြင်သောအခါ သူမသည် သူ၏ မျက်နှာသာပေးမှုနှင့် ထိုက်တန်သူဖြစ်ကြောင်း ပို၍ ခံစားမိလေသည်။
သို့သော် ပွဲတစ်ဝက်သို့ ရောက်သောအခါ ဝမ်မိန်ရန်၏ မျက်နှာမှာ ရုတ်တရက် ဖြူလျော်သွားတော့သည်။ သူမနှင့် အနီးဆုံးတွင် ထိုင်နေသော ချီမိန်ရန်က အရင်ဆုံး သတိထားမိလိုက်သည်။
"မင်း ဘာဖြစ်တာလဲ၊ နေမကောင်းလို့... သွေး! မင်း၊ မင်းရဲ့ ဝတ်စုံမှာ သွေးတွေ!"
စကားပြောနေရင်းမှ ချီမိန်ရန်သည် ဝမ်မိန်ရန်၏ အဝါနုရောင် ဝတ်စုံပေါ်မှ အနီရောင် အကွက်ကို မြင်လိုက်ရသဖြင့် အော်ဟစ်လိုက်မိသည်။ ထိုအခါမှ ဝမ်မိန်ရန်၏ အစေခံမလေး ယွိစော်မှာ ထိတ်လန့်သွားတော့သည်။
"သခင်မ... ဘာဖြစ်တာလဲ၊ ဘယ်လိုဖြစ်ပြီး သွေးတွေ ထွက်လာတာလဲ။ သမားတော်... သမားတော် မြန်မြန်ခေါ်ကြပါ! သခင်မ တောင့်ထားပါဦး!"
"မရတော့ဘူး... ဗိုက်က... ဗိုက်က အရမ်းနာတယ်... အား..." ဝမ်မိန်ရန်၏ နှုတ်ခမ်းများ ဖြူလျော်သွားကာ ထိုင်ခုံပေါ်တွင် ပျော့ခွေကျသွားတော့သည်။
အထက်မှ နင်ချန်သည်လည်း ချက်ချင်း သတိထားမိလိုက်ကာ အမြန် ပြေးဆင်းလာသည်။
"ယွမ်ကျို... နန်းတွင်းသမားတော်ကို အမြန်သွားခေါ်စမ်း၊ မြန်မြန်!"
မိဖုရားခေါင်ကြီးသည်လည်း မယ်တော်ကြီးကို တွဲလျက် အပြေးအလွှား ရောက်လာကာ - "အို... ဘာတွေ ဖြစ်ကုန်တာလဲ။ ဒီလောက် သွေးတွေ ထွက်နေတာ၊ ဝမ်မိန်ရန်မှာ ကိုယ်ဝန် ရှိနေတာလေ" ဟု အော်ဟစ်လိုက်သည်။
ယဲ့ယွင်၏ ရင်ထဲတွင် မကောင်းသော အငွေ့အသက်တစ်ခု တိုးဝင်လာသည်။ သူမ အနားသို့ တိုးကြည့်လိုက်သောအခါ ဝမ်မိန်ရန်၏ ဝတ်စုံမှာ သွေးများဖြင့် ရဲရဲနီနေလေပြီ။ ဤမျှသော သွေးပမာဏနှင့်ဆိုလျှင် ကလေးကို ထိန်းထားနိုင်ရန် မလွယ်တော့ပေ။
"အရှင်မင်းကြီး... ဝမ်မိန်ရန် တစ်ခုခု မှားယွင်းတာမျိုး ထိတွေ့မိပုံရပါတယ်။ သူမကို အရင်ဆုံး ဘေးဆောင်ကို ပို့ပြီး သမားတော် စောင့်ခိုင်းတာ အကောင်းဆုံးပါပဲ။ ဒီနေရာက လူတွေနဲ့ ပစ္စည်းတွေ အားလုံးကို ဘယ်သူမှ မထိစေဘဲ သမားတော် လာစစ်ဆေးဖို့ စောင့်ရပါမယ်"
ယဲ့ယွင်က ချက်ချင်း အကြံပြုလိုက်သည်။
ဘေးမှ ရှူးဖေးက ချက်ချင်းပင် စကားနာထိုးလိုက်သည်။
"ဒီပွဲက ဟင်းပွဲတွေကို မင်ရွှင်ရီ ပြင်ဆင်ထားတာ မဟုတ်လား။ သူခိုးက လူဟစ်တာမျိုးတော့ မဖြစ်ပါစေနဲ့ဦး"
"ပါးစပ်ပိတ်စမ်း!" နင်ချန်က ရှူးဖေးအား ဒေါသတကြီး စိုက်ကြည့်လိုက်ကာ ပြောလိုက်သည်။
"အမှားအမှန် မပေါ်သေးခင်မှာ မင်းက လျှောက်ပြောနေတာပဲ။ ကျန်း အစကတည်းက သယ့်ဖေးရဲ့ ဘွဲ့နာမည်ကို မင်းကို ပေးခဲ့သင့်တာ!"
(ရှင်းလင်းချက် ။ သယ့်ဖေး၏ ဘွဲ့နာမည် ‘ကျင်း’ မှာ ငြိမ်သက်ခြင်းဟု အဓိပ္ပာယ်ရသဖြင့်၊ ရှူးဖေးအား စကားများမနေဘဲ ငြိမ်ငြိမ်နေရန် ဆူပူလိုက်ခြင်း ဖြစ်သည်။)
အဆူခံလိုက်ရသဖြင့် ရှူးဖေးမှာ မျက်နှာနီမြန်းကာ ခေါင်းငုံ့သွားပြီး နောက်ထပ် စကားမဟဝံ့တော့ပေ။ အစေခံများက ဝမ်မိန်ရန်အား ဝေါယာဉ်ဖြင့် ဘေးဆောင်သို့ အမြန် ပို့ဆောင်လိုက်ကြသည်။ နင်ချန်က နောက်မှ လိုက်သွားကာ၊ ကျန်သောသူများမှာမူ ထိုနေရာ၌ပင် စောင့်နေကြရပြီး မည်သူမျှ ထွက်ခွာခွင့် မရှိပေ။
ယဲ့ယွင်သည် ပြန်ထိုင်လိုက်ရင်း လွန်ခဲ့သော ရက်များအတွင်း သူမ လုပ်ဆောင်ခဲ့သမျှကို အမြန် ပြန်စဉ်းစားကြည့်သည်။ မည်သည့် အမှားအယွင်းမှ မရှိသဖြင့် တစ်စုံတစ်ယောက်က သူမအား အပြစ်ပုံချရန် လွယ်ကူလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း စိတ်ထဲတွင်မူ စိုးရိမ်နေမိဆဲ ဖြစ်၏။
နာရီဝက်ပင် မပြည့်မီမှာပင် နင်ချန်သည် မျက်နှာထား တင်းမာစွာဖြင့် ခန်းမထဲသို့ ပြန်ဝင်လာသည်။
"ကောင်းပြီ... ကျန်းရဲ့ နန်းတော်ထဲမှာ ဘယ်သူက ဒီလောက်အထိ ရက်စက်တဲ့ နှလုံးသား ရှိနေလဲဆိုတာ ကျန်းမသိခဲ့ဘူးပဲ။ ဆေးတစ်ခွက်တည်းနဲ့ ဝမ်မိန်ရန်ရဲ့ ကလေးကို ဆုံးရှုံးစေရုံတင်မကဘူး၊ နောင်တစ်ချိန်မှာ ကလေးထပ်ရဖို့တောင် မဖြစ်နိုင်တော့ဘူးတဲ့။ စုံစမ်းကြစမ်း! သေသေချာချာ စုံစမ်း! ဘယ်သူက ဒီလောက်အထိ ယုတ်မာတာလဲဆိုတာ ကျန်း သိချင်တယ်!"
***