အခန်း (၃၄၃-၃၄၄)
Vol. 22 Ch. 343-344
အခန်း ၃၄၃ ။ အရိုးပျော်ဆေးမှုန့်
ထိုစကားများကို ကြားလိုက်ရချိန်တွင် အခန်းထဲရှိ လူအများစုမှာ ထိတ်လန့်သွားကြသည်။ အထူးသဖြင့် ယောင်ရှန်း ပင် ဖြစ်သည်။
ဝမ်မိန်ရန်အား မည်မျှသော ပမာဏ ဆေးခတ်ခဲ့သည်ကို သူမ အသိဆုံး ဖြစ်သည်။ ထိုဆေးများသည် ဝမ်ရှီအား ကိုယ်ဝန်ပျက်ကျစေရန် လုံလောက်သော်လည်း၊ တစ်သက်လုံး ကလေးမရနိုင်တော့သည်အထိ ဖြစ်စေရန်တော့ မရည်ရွယ်ခဲ့ပေ။
မိဖုရားခေါင်ကြီးအား ပို၍ နာမည်ပျက်စေရန်အတွက် ချူးယွမ်က ကိုယ့်သဘောနှင့်ကိုယ် ဆေးပမာဏကို နှစ်ဆ တိုးလိုက်ခြင်းလား။ ကံမကောင်းသည်မှာ ချူးယွမ်သည် အဆင့်မြင့် နန်းတွင်းသူ မဟုတ်သဖြင့် မိဖုရားခေါင်ကြီးဘေးတွင် အမြဲရှိမနေဘဲ အချိန်မီ မမေးမြန်းနိုင်ခြင်းပင်။
သို့သော်လည်း ကိစ္စမရှိပေ။ ဝမ်ရှီကို နောင်တွင် ကလေးမရနိုင်အောင် လုပ်နိုင်ခြင်းမှာလည်း ရေရှည်အတွက် အေးချမ်းသွားစေသည်။ ထိုသို့ စဉ်းစားပြီးနောက် ယောင်ရှန်းသည် စိတ်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းလိုက်သည်။
သို့သော် အံ့သြနေသူ နောက်တစ်ဦးမှာ မိဖုရားခေါင်ကြီး ဖြစ်သည်။ ယောင်ရှန်းနှင့် မတူသည်မှာ သူမသည် ချူးယွမ် ဆေးမည်မျှ ထည့်ခဲ့သည်ကို မသိခြင်းပင်။ ထို့ကြောင့် ဝမ်မိန်ရန် တစ်သက်လုံး ကလေးမရနိုင်တော့ဟူသော သတင်းကြောင့် သူမ အတော်လေး တုန်လှုပ်သွားမိသည်။ ၎င်းမှာ သူမ မျှော်လင့်ထားသည်ထက် ပို၍ ရက်စက်လွန်းနေသောကြောင့် ဖြစ်သည်။
လောလောဆယ်တွင်ထိုလျှို့ဝှက်ချက်များကို မည်သူမှ သတိမထားမိကြသေးပေ။ နင်ချန် ယုံကြည်ရသော နန်းတွင်းသမားတော်ကြီးများက ဝမ်မိန်ရန် ထိတွေ့ခဲ့သော ပစ္စည်းအားလုံးကို တစ်ခုချင်း စစ်ဆေးနေကြသည်။ နောက်ဆုံးတွင် ဝမ်မိန်ရန် သောက်မကုန်သေးသော ဟင်းရည်ပန်းကန်ငယ်ထဲ၌ 'အရိုးပျော်ဆေးမှုန့်' ကို ရှာဖွေတွေ့ရှိခဲ့လေသည်။
အမည်အတိုင်းပင် အရိုးကိုပင် ပျော်ကျစေနိုင်သော ဤဆေးမှုန့်သည် 'ကတိုး' နှင့် 'ဆူးပန်း' တို့ထက် ပို၍ ပြင်းထန်ရက်စက်သော ဆေးဖြစ်သည်။ အနည်းငယ်မျှဖြင့်ပင် အမျိုးသမီး၏ ဗိုက်ထဲမှ သန္ဓေသားကို သွေးရည်အဖြစ် ပျော်ကျစေနိုင်ရုံတင်မက၊ အမျိုးသမီး၏ သားအိမ်ကိုပါ ထိခိုက်စေကာ နောင်တွင် ကလေး လုံးဝ မရနိုင်တော့အောင် လုပ်ဆောင်နိုင်စွမ်း ရှိသည်။
ထိုအချိန်တွင် ယောင်ရှန်းသည် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း နောက်ဆုံးတွင် သတိထားမိလိုက်သည်။ အကြောင်းအရင်းမှာ သူမ ချူးယွမ်ကို ပေးခဲ့သည်မှာ 'ဆူးပန်းမှုန့်' သာ ဖြစ်ပြီး 'အရိုးပျော်ဆေးမှုန့်' မဟုတ်ပေ။ ဤကိစ္စတွင် အခြားတစ်စုံတစ်ယောက်က နောက်ကွယ်မှ လက်ဝင်လိုက်ပြီမှာ သေချာလှသည်။
ခဏချင်းမှာပင် ယောင်ရှန်းသည် မည်သည့် လှုပ်ရှားမှုမှ ထပ်မလုပ်ဝံ့တော့ပေ။ သူမ မသိလိုက်ဘဲ မည်သူက ပါဝင်ပတ်သက်နေသနည်း၊ ထိုသူက ကိစ္စအားလုံးကို မည်မျှအထိ သိထားသနည်း ဆိုသည်ကို သူမ မသိရပေ။ ကျောပြင်တွင် အေးစိမ့်သွားကာ တင်းကြပ်လာတော့သည်။ ယခုအခြေအနေမှာအလွန် အန္တရာယ်များလှ၏။
မူလက စကားဖြင့် ရန်တိုက်ပေးရန် ရည်ရွယ်ခဲ့သော်လည်း၊ ယခုမူ သူမ၏ တည်ရှိမှုကို လူမသိအောင် တိတ်တိတ်ဆဲနေရန်သာ ရွေးချယ်လိုက်တော့သည်။ နောက်ကွယ်မှ ပါဝင်လာသူသည် သူမလည်း ပါဝင်ပတ်သက်နေမှန်း မသိပါစေနှင့်ဟုသာ ဆုတောင်းနေမိတော့သည်။
နန်းတွင်း၌ ဤကဲ့သို့သော ကိစ္စ ဖြစ်ပွားခြင်းမှာ သိက္ခာကျစရာပင်။ နင်ချန်သည် ချက်ချင်းပင် စားပွဲဝိုင်းကို ဖျက်သိမ်းလိုက်ကာ တော်ဝင်ဆွေမျိုး အားလုံးကို ပြန်ခိုင်းလိုက်သည်။ အမှန်တော့ လူတိုင်းကလည်း မြန်မြန် ထွက်သွားချင်နေကြခြင်း ဖြစ်သည်။ ရှေးဘိုးဘေးများ၏လက်ဆင့်ကမ်းစကားများအရတော်ဝင်မိသားစု၏ အရှုပ်အထွေးများကို သိလေ ဘေးဖြစ်လေဟူ၍ဖြစ်သောကြောင့်ဖြစ်သည်။
ခန်းမထဲတွင် နန်းတွင်းသူများနှင့် ကိုယ်လုပ်တော်များသာ ကျန်တော့သောအခါ နင်ချန်က အေးစက်သော လေသံဖြင့် အမိန့်ပေးလိုက်သည်။
"ဒီဟင်းရည်ကို အခုချက်ချင်းစုံစမ်း! ဒီနေ့ကိစ္စမှာ ဟင်းရည်ကိုထိခဲ့တဲ့ လူအားလုံးကို ဖမ်းပြီး စစ်ဆေးမေးမြန်းစေ!"
ယွမ်ကျိုသည် အမိန့်အတိုင်း ချက်ချင်း ဆောင်ရွက်တော့သည်။ ဝမ်မိန်ရန်အား ဟင်းပွဲ လာချပေးသော နန်းတွင်းသူလေးမှစ၍ သဲလွန်စ ရှာဖွေရာ မီးဖိုဆောင်သို့ ရောက်ရှိသွားတော့သည်။ ပတ်သက်သူ အားလုံးမှာလည်း မကြာမီမှာပင် အဖမ်းခံလိုက်ကြရသည်။
အခြားတစ်ဖက်တွင်လည်း နင်ချန်သည် မည်သူ့ကိုမျှ ပြန်ခွင့်မပေးဘဲ ထိုနေရာ၌ပင် ထိုင်စောင့်ခိုင်းထားသည်။ ဘေးဆောင်ရှိ ဝမ်မိန်ရန်မှာမူ နာကျင်လွန်းသဖြင့် မေ့လဲသွားခဲ့ရာ၊ ပြန်နိုးလာသောအခါ ကလေးမရှိတော့သလို တစ်သက်လုံးလည်း ကလေးမရနိုင်တော့ကြောင်း ကြားရသောအခါ အားမရအောင် ငိုကြွေးရင်း ထပ်မံ မေ့လဲသွားပြန်သည်။
ဤသို့ဖြင့် အချိန်အတော်ကြာပြီးနောက် ယွမ်ကျိုသည် စစ်ဆေးမှုများ ပြီးဆုံး၍ ပြန်လည် ရောက်ရှိလာခဲ့သည်။ သို့သော် သူ့မျက်နှာမှာ မကောင်းလှပေ။
နင်ချန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
“ပြောစမ်း... အစေခံတွေ ဘာတွေ ဝန်ခံကြသလဲ။”
"အရှင်မင်းကြီးကို တင်ပြပါရစေ၊ ဟင်းရည်အိုး တာဝန်ခံ နန်းတွင်းသူလေး လင်ကျောက်က ဝန်ခံလိုက်ပါပြီ။ သူမက..."
"ဘာတွေ ထစ်ထစ်ငေါ့ငေါ့ ဖြစ်နေတာလဲ၊ မြန်မြန် ပြောစမ်း" မယ်တော်ကြီးက စိတ်မရှည်စွာ ကြားဖြတ် ပြောလိုက်သည်။
ယွမ်ကျိုသည် အံကိုကြိတ်ကာ ဒဲ့ပင် လျှောက်တင်လိုက်တော့သည်။
"အဲ့အစေခံက မင်ရွှင်ရီရဲ့ ခိုင်းစေမှုကြောင့်ပါလို့ထွက်ဆိုခဲ့တာပါ။ မင်ရွှင်ရီက သူမကို ငွေစ တစ်ရာ ပေးခဲ့တယ်လို့ ပြောပါတယ်။ အဲ့အစေခံကလည်း သူမရဲ့ မောင်လေးနှစ်ယောက် စာသင်ဖို့အတွက် ငွေလိုနေတာကြောင့် စိတ်ရိုင်းဝင်သွားခဲ့တာပါတဲ့။ အစေခံမရဲ့ နေအိမ်မှာလည်း ငွေစ ငါးဆယ်ကို ရှာဖွေတွေ့ရှိခဲ့ပြီး၊ ကျန်တဲ့တစ်ဝက်ကတော့ အိမ်ကို ပို့လိုက်ပြီလို့ ဝန်ခံထားပါတယ်။”
"ယုတ်မာလိုက်တာ!" နင်ချန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
“ဒီလောက်အထိ ပါးစပ်ရှိတိုင်းရမ်းသန်းစွပ်စွဲတာနေကို မင်းက သေချာ စစ်ဆေးပြီးပြီမို့လား။ အဲ့အစေခံပြောတာ အမှန်ပါလို့ မင်း အာမခံရဲလား။ မင်ရွှင်ရီအကြောင်း ကျန်းအသိဆုံးပဲ။ ဒီလိုကိစ္စမျိုး ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး!"
"အရှင်မင်းကြီး စိတ်လျှော့ပါ။ ကျွန်တော်မျိုးက နှိပ်စက်စစ်ဆေးတာတွေ မလုပ်ရသေးလို့ အမှားအမှန်ကို မသေချာသေးပါဘူး" ယွမ်ကျိုသည် ဧကရာဇ်၏ဒေါသပါလှသောလေသံကြောင့်ရင်ထဲ ထိတ်ခနဲ ဖြစ်သွားကာ အမြန် ဒူးထောက်လိုက်ရသည်။
အောက်တွင်ထိုင်နေသော ယဲ့ယွင်မှာစိတ်ထဲတွင် လှုပ်ရှားသွားပြီး နင်ချန်ကို ကြည့်လိုက်သော အကြည့်မှာ ပို၍ နက်ရှိုင်းသွားသည်။ အမှန်ပင် ဤကိစ္စမှာ သူမ လုပ်ဆောင်ခဲ့ခြင်း မဟုတ်သော်လည်း၊ နင်ချန်က သူမအပေါ်ထိုမျှအထိ အခိုင်အမာယုံကြည်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ လူပုံအလယ်တွင် 'သက်သေ' ဟု ဆိုသော အရာများ ပေါ်နေသော်လည်း သူက သူမဘက်မှ ရပ်တည်ပေးနေဆဲ ဖြစ်သည်။
"ဧကရာဇ်... မင်ရွှင်ရီကို ချစ်တာ အိုက်ကျား သိပါတယ်။ ဒါပေမဲ့ အခု ဝမ်မိန်ရန် ခမျာ ဒီလို ဖြစ်သွားရပြီ။ အစေခံကလည်း ဝန်ခံပြီးပြီဆိုမှတော့ ဘာအငြင်းပွားစရာ ရှိသေးလို့လဲ"
မယ်တော်ကြီးသည် မျက်ဝန်းများကို မှေးစင်းကာ အေးစက်စွာ ပြောလိုက်သည်။
"ဒီတစ်ခေါက် ဆောင်းဦးလယ်ပွဲတော်မှာ မင်ရွှင်ရီက ဟင်းပွဲတွေကို တမင် ပြုပြင်ခဲ့တာလေ။ သူမက မီးဖိုဆောင်က လူတွေနဲ့ ချိတ်ဆက်ဖို့ဆိုတာ မခက်ပါဘူး။ ဧကရာဇ်အနေနဲ့ ကိုယ့်ရဲ့ သံယောဇဉ်ကြောင့် မျက်စိအမှောင် မကျပါစေနဲ့"
ယဲ့ယွင်သည် မျက်နှာသာပေးခံရသည့်အပြင်သားတစ်ယောက် ရထားခြင်းကြောင့်မိဖုရားခေါင်ကြီး တစ်ဦးတည်းအတွက်တင် ဆူးငြောင့်ခလုတ် ဖြစ်နေသည် မဟုတ်ပေ။ မယ်တော်ကြီးသည်လည်း သူမ၏ အမျိုးဖြစ်သူ ချန်ကျယ်ယွီကို နေရာပေးလိုသဖြင့် ယဲ့ယွင်အား ဖယ်ရှားရန် အမြဲ ချောင်းနေသူ ဖြစ်သည်။ ထို့အပြင် ယဲ့မိသားစုနှင့် ချူမိသားစုတို့၏ တစ်လှမ်းချင်း တိုးတက်လာမှုသည် ချန်မိသားစု၏ အကျိုးစီးပွားကိုပါ ထိခိုက်လာစေသဖြင့် မယ်တော်ကြီးက သည်းမခံနိုင်တော့ခြင်း ဖြစ်၏။
"အရှင်မင်းကြီး... ချန်းချဲ့ရဲ့ စိတ်ထားက ဖြောင့်မတ်ပါတယ်။ ချန်းချဲ့ကို စွပ်စွဲတဲ့ နန်းတွင်းသူနဲ့ မျက်နှာချင်းဆိုင် စစ်ဆေးခွင့်ပေးဖို့တောင်းဆိုချင်ပါတယ်။ အကယ်၍ ချန်းချဲ့သာ ဝမ်မိန်ရန်ကို အမှန်တကယ် လုပ်ကြံခဲ့တာဆိုရင်၊ ချန်းချဲ့ကို အပိုင်းပိုင်း ခုတ်ထစ်ပြီး သေဒဏ်အပြစ်ပေးလိုက်ပါ!"
ထို့နောက်ယဲ့ယွင် ထရပ်လိုက်သည်။ သူမ၏ ကျောပြင်မှာ ဖြောင့်စင်းနေကာ အကြည့်များမှာ စူးရှလှသည်။ နင်ချန်၏ မျက်ဝန်းများကို စိုက်ကြည့်ရာတွင် မည်သည့် ထိတ်လန့်မှုမှ မရှိပေ။ ထိုကဲ့သို့သော သူမ၏ ပုံစံကြောင့် နင်ချန်က ပို၍ပင် ယုံကြည်သွားရသည်။
"ယွမ်ကျို... အဲဒီ နန်းတွင်းသူကို ဒီကို ခေါ်လာခဲ့။ အဲ့အစေခံ ကိုယ့်ကိုယ်ကိုယ် သတ်မသေအောင် သေချာ သတိထား။အကယ်၍ သူ သေသွားရင် မင်းကိုပါ ကျန်းအသေသတ်မယ်!"
"ဟုတ်ကဲ့ပါ၊ ကျွန်တော်မျိုး အခုပဲ သွားခေါ်ပါ့မယ်" ယွမ်ကျိုက အမြန် ထရပ်ကာ ထွက်သွားသည်။
သူသည် ဧကရာဇ်၏ အဓိပ္ပာယ်ကို နားလည်သည်။ ၎င်းမှာ အမှားအမှန်ကို အဆုံးအထိ ရှင်းရှင်းလင်းလင်း စုံစမ်းလိုခြင်း ဖြစ်သည်။ အကယ်၍ ထိုနန်းတွင်းသူ သေသွားပါက သဲလွန်စ ပြတ်သွားကာ မင်ရွှင်ရီ၏ အပြစ်ကို ဆေးကြောရန် ခက်ခဲသွားပေလိမ့်မည်။
ထို့ကြောင့် ယွမ်ကျိုသည် အပြစ်သားကို ချုပ်နှောင်ထားသော နေရာသို့ ရောက်သည်နှင့် လင်ကျောက်၏ ပါးစပ်မှ ပိတ်စကို ဆွဲထုတ်ကာ သူမ၏ မေးရိုးကို အရင်ဆုံး ဖြုတ်ပစ်လိုက်သည်။ ထိုသို့လုပ်ရခြင်းမှာ သူမ လျှာကို ကိုက်ပြီး သတ်မသေနိုင်ရန် ဖြစ်သည်။ စကားပြောရာတွင် အနည်းငယ် ခက်ခဲနိုင်သော်လည်း ပြဿနာ မရှိပေ။
ခန်းမဆောင်သို့ ပြန်ရောက်သောအခါ ယဲ့ယွင်က ထပ်မံ ဖြည့်စွက်ပြောလိုက်သည်။
"ကုန်းကုန်း... သူမရဲ့ ပါးစပ်ထဲမှာ အဆိပ်တွေ ဝှက်ထားသလားဆိုတာကိုလည်း စစ်ဆေးပေးပါဦး။ ချန်းချဲ့ ငယ်ငယ်က ဖခင်နဲ့ အစ်ကိုတို့ ပြောတာ ကြားဖူးပါတယ်။ သစ္စာရှိတဲ့ လူသတ်သမားတွေကပါးစပ်ထဲမှာ အဆိပ်ဝှက်ထားတတ်ပြီး၊ လွတ်လမ်းမရှိရင် သတ်သေတတ်ကြတယ်။”
လျှာကိုက်တာက မသေနိုင်လျှင်တောင် အဆိပ်ကို မျိုချလိုက်ပါက သေနိုင်ပေသည်။
"မြန်မြန် စစ်ဆေးစမ်း!" နင်ချန်က ချက်ချင်း အမိန့်ပေးလိုက်သည်။
ထိုလုပိရပ်မှာ ယဲ့ယွင်ဘက်မှ ရပ်တည်ပေးခြင်းပင်။ သူ၏ အကာအကွယ်ကြောင့် မယ်တော်ကြီးနှင့် မိဖုရားခေါင်ကြီးတို့မှာ ဆက်ပြီး စကားမဟဝံ့တော့ပေ။
ယွမ်ကျိုက နန်းတွင်း စစ်ဆေးရေးအရာရှိများနှင့်အတူ စစ်ဆေးလိုက်ရာ၊ လင်ကျောက်၏ သွားဖုံးကြားထဲတွင် ငရုတ်ကောင်းစေ့ခန့် ရှိသော အမည်းရောင် အဆိပ်လုံးလေး တစ်လုံးကို အမှန်ပင် တွေ့ရှိလိုက်ရသည်။ သမားတော်က စမ်းသပ်ကြည့်ရာ ၎င်းမှာ ကိုက်မိသည်နှင့် ချက်ချင်း သေဆုံးနိုင်သော အဆိပ်ပြင်း ဖြစ်နေတော့သည်။
ယဲ့ယွင်၏ ဤအပြုအမူမှာ သူမ၏ အပြစ်ကင်းစင်မှုကို တစ်ဆင့် ပြသလိုက်
ခြင်းပင် ဖြစ်သည်။ သို့သော် မိဖုရားခေါင်ကြီးဘက်ကလည်း အကွက်ကျန်သေးသည်။ ချူးယွမ်သည် ထိုနန်းတွင်းသူနှင့် ဆုံတွေ့စဉ်က မျက်နှာကို လုံးဝ မပြခဲ့သလို၊ မိမိကိုယ်ကိုယ်လည်း မင်ရွှင်ရီ၏ လူဟုသာ အမြဲ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် မည်သို့ပင် စစ်ဆေးမေးမြန်းပါစေ၊ ထိုနန်းတွင်းသူကတော့ မင်ရွှင်ရီ ခိုင်းခြင်းဖြစ်သည်ဟုသာ ပြောနေဦးမည် ဖြစ်သည်။ အကြောင်းကတော့ သူမ သိထားသည်မှာ ၎င်းတစ်ခုတည်းသာ ဖြစ်သောကြောင့်ပင်။
***
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-344
အခန်း ၃၄၄ ။ ဘယ်သူ့ကို ယုံရမလဲ
ခန်းမဆောင်အတွင်းရှိ လူတိုင်းမှာ အတွေးကိုယ်စီ ရှိနေကြသော်လည်း၊ အများစုမှာ ယဲ့ယွင်အပြစ်ရှိကြောင်း အတည်ပြုခံရပြီး ဧကရာဇ်၏ မျက်နှာသာပေးမှု လုံးဝ ဆုံးရှုံးသွားသည်ကိုသာ မြင်ချင်နေကြသည်။
ထို့အပြင် တော်ဝင်ရင်သွေးအား လုပ်ကြံမှုမှာ အတည်ဖြစ်သွားပါက မျက်နှာသာပေးမှု ဆုံးရှုံးရုံတင်မကဘဲ သေဒဏ်အပြင် မိသားစုပါ အရေးယူခံရမည့် အမှုကြီး ဖြစ်သည်။ အကယ်၍ ဧကရာဇ်က သံယောဇဉ်ကြောင့် ယဲ့ယွင်အား မသတ်လျှင်ပင် သူမအား အအေးနန်းဆောင် သို့ ပို့ခြင်း သို့မဟုတ် သူမတစ်ဦးတည်းအား သေခိုင်းခြင်းမျိုး ပြုလုပ်ရပေလိမ့်မည်။
ယခုအခါ ယဲ့မိသားစုတွင် ယဲ့ကျယ်က စစ်မှုရေးရာ၌ စွမ်းဆောင်ရည်ရှိနေသည်မှာ အမှန်ပင်။ သို့သော် ဝမ်မိန်ရန်၏ နောက်ကွယ်မှ ဝမ်မိသားစုမှာလည်း သာမန်မိသားစုလေး မဟုတ်ပေ။
"ကုန်းကုန်း... သူမရဲ့ မေးရိုးကို ပြန်တပ်
ပေးလိုက်ပါဦး"
လူအများ၏ အကြည့်အောက်တွင် ယဲ့ယွင်က တည်ငြိမ်စွာ ဆိုလိုက်သည်။
ယွမ်ကျိုသည် နင်ချန်ကို ကြည့်လိုက်ရာ၊ နင်ချန် ခေါင်းညိတ်ပြသောအခါမှ ဘေးမှလူအား အမိန့်အတိုင်း လုပ်ဆောင်စေခဲ့သည်။ ခုနက မေးရိုးပြုတ်နေသဖြင့် လင်ကျောက်၏ တံတွေးများမှာ မျိုမရဘဲ နေရာအနှံ့ စီးကျနေသဖြင့် အလွန်ပင် ရွံစရာကောင်းလှ၏။
မေးရိုးပြန်တပ်ပြီး လက်လွှတ်ပေးလိုက်သောအခါ သူမသည် ပါးစပ်ကို သုတ်ကာ အတင်းပင် ဦးချတော့သည်။
"အရှင်မင်းကြီး အသက်ချမ်းသာပေးပါ၊ မိဖုရားခေါင်ကြီး အသက်ချမ်းသာပေးပါ။ ကျွန်တော်မျိုးမ နောက်မလုပ်ဝံ့တော့ပါဘူး။ ကျွန်တော်မျိုးမက ပိုက်ဆံမက်လို့ မင်ရွှင်ရီ ခိုင်းတာကို လုပ်မိတာပါ။ အဲဒီအရာက အဆိပ်မှန်း ကျွန်တော်မျိုးမ မသိခဲ့ပါဘူး။ ပစ္စည်းလာပေးတဲ့သူက ဘာမှမပြောခဲ့လို့ ကျွန်တော်မျိုးမက ခိုင်းတဲ့အတိုင်း လုပ်ခဲ့တာပါ"
ယဲ့ယွင်သည် မျက်လွှာချကာ ထိုနန်းတွင်းသူလေးရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
"ငါ မင်းကို မေးမယ်... ဒါ ငါခိုင်းတာလို့ မင်းက တတွတ်တွတ် ပြောနေပေမဲ့ မင်းမှာ ဘာသက်သေရှိလဲ။ ဥပမာ - ပစ္စည်းလာပေးတဲ့သူက ဘယ်သူလဲဆိုတာ မင်း လက်ညှိုးထိုးပြနိုင်လား"
လင်ကျောက်သည် တုန်တုန်ရင်ရင်ဖြင့် ခေါင်းခါသည် - "ကျွန်တော်မျိုးမ အဲဒီလူရဲ့ မျက်နှာကို မမြင်ရတဲ့အတွက်လက်ညှိုးမထိုးပြနိုင်ပါဘူး"
"ဒါဆိုရင် ငါခိုင်းတာလို့ ဘာသက်သေနဲ့ ပြောနိုင်မှာလဲ" ယဲ့ယွင်က စကားလုံး မြန်မြန်ဖြင့် ဆက်မေးသည်။
"အဲဒီလူက ပြောတာပါ။ သူက မင်ရွှင်ရီဘေးက လူလို့ ကိုယ့်ကိုယ်ကိုယ် ပြောခဲ့ပါတယ်။ ကျွန်တော်မျိုးမ သူမနဲ့ သုံးကြိမ် ဆုံခဲ့ဖူးတယ်၊ သုံးကြိမ်လုံး သူမက မင်ရွှင်ရီရဲ့ လူလို့ ပြောခဲ့တာပါ!"
'သုံးကြိမ်' ဟူသော စကားလုံး ထွက်လာသောအခါ ယောင်ရှန်းကတော့ ကြိုတင် ပြင်ဆင်ထားသော်လည်း၊ မိဖုရားခေါင်ကြီးကမူ တစ်ခဏမျှ တုန်လှုပ်သွားရသည်။ ချူးယွမ်သည် နှစ်ကြိမ်သာ သွားခဲ့ခြင်း ဖြစ်သည်။ ပထမအကြိမ်မှာ ချိတ်ဆက်ရန်နှင့် ဒုတိယအကြိမ်မှာ ဆေးပေးရန် ဖြစ်၏။ ဘယ်ကနေ သုံးကြိမ် ဖြစ်လာရတာလဲ။
သူမ လက်တုန်သွားသဖြင့် ဘေးရှိ စပျစ်ရည်ခွက်ကို တိုက်မိကာ အသံမြည်သွားတော့သည်။
"မိဖုရားခေါင်ကြီး ဘာဖြစ်လို့လဲ၊ ထိုင်နေရတာ ကြာလို့ နေမကောင်းဖြစ်လို့လား။”
မယ်တော်ကြီးက မျက်လုံးထောင့်မှ မြင်သဖြင့် ချက်ချင်း မေးလိုက်သည်။
လူတိုင်း၏အကြည့်မှာ ထိုစကားကြောင့် မိဖုရားခေါင်ကြီးထံသို့ စုပြုံရောက်ရှိသွားသည်။ မိဖုရားခေါင်ကြီးမှာ အလွန်ပင် အရှက်ရသွားကာ ထိတ်လန့်နေမိ၏။ စိတ်ထဲတွင် 'ဒီအဘွားကြီးကလည်း အပိုတွေ လာစွက်ဖက်နေတယ်' ဟု ဆဲရေးနေသော်လည်း အပြင်ပန်းတွင်မူ အတင်းတည်ငြိမ်ဟန် ဆောင်လိုက်ရသည်။
"ချွေးမတော် အမူအရာ ပျက်သွားတာ ခွင့်လွှတ်ပါ။ အဆိပ်ခတ်တဲ့သူက ဒီနန်းတွင်းသူနဲ့ သုံးကြိမ်တောင် ဆုံခဲ့တယ်ဆိုတာ ကြားရတော့၊ အဆိပ်ခတ်သူက ဒီလောက်အထိ ရဲတင်းလွန်းတာကို တွေးပြီး ဒေါသထွက်သွားလို့ပါ"
"တကယ်ပဲ အဲဒီလိုဆိုရင်တော့ ကောင်းတာပေါ့" မယ်တော်ကြီးက မိဖုရားခေါင်ကြီးအား စူးစမ်းသော အကြည့်ဖြင့် ကြည့်
လိုက်သည်။ "ရင်တုန်ပန်းတုန် ဖြစ်တာမျိုး မဟုတ်ရင်တော့ ပြီးတာပါပဲ"
မိဖုရားခေါင်ကြီး၏ မျက်နှာမှာ တောင့်တင်းသွားကာ ခေါင်းငုံ့လိုက်ပြီး စကားပြန်မပြောတော့ပေ။ သို့သော် သူမ၏ ထိုထူးခြားသော အမူအရာကြောင့်နင်ချန်၏ သတိပြုမှုကိုတော့ ခံလိုက်ရပြီ ဖြစ်သည်။
ယဲ့ယွင်က ဆက်လက် စစ်ဆေးမေးမြန်းသည်။ ထိုသုံးကြိမ်မှာ ဘယ်အချိန်တွေလဲဆိုတာကို မေးရာ လင်ကျောက်က အမှန်အတိုင်း ပြောပြလေသည်။
ပထမအကြိမ်မှာ အလုပ်အား၍ ပြန်လာစဉ် လမ်းမှောင်ထဲတွင် လူနှစ်ယောက်က သူမအား ဖမ်းဆီးကာ 'မင်ရွှင်ရီ' အတွက် အလုပ်လုပ်ရန် ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။ ဒုတိယအကြိမ်မှာ သူမ သဘောတူပြီးနောက် ညသန်းခေါင်တွင် သူမ၏ အခန်းသို့ လာရောက်ကာ ဝမ်မိန်ရန်၏ ဟင်းရည်ထဲ ထည့်ရန် ဆေးနှင့် ငွေစများကို ပေးခဲ့ခြင်း ဖြစ်သည်။
တတိယအကြိမ်မှာမူ နေ့ခင်းဘက်တွင် ညနေပိုင်း၌ နေရာဟောင်းတွင် ဆုံရန် လာပြောပြီး၊ ဆေးအသစ်ကို ပေးကာ အရင်ပေးထားသော ဆေးထုပ်ကို ပြန်သိမ်းသွားခြင်း ဖြစ်သည်။
ယဲ့ယွင်သည် ဤမျှအထိ ကြားရသောအခါ တစ်ခုခု မှားယွင်းနေပြီမှန်း နောက်ဆုံးတွင် ရိပ်မိသွားတော့သည်။ သူမ ချက်ချင်း ထရပ်လိုက်၏။
"အရှင်မင်းကြီး... ဒီကိစ္စမှာ လူနှစ်ယောက် ပါဝင်ပတ်သက်နေတယ်လို့ ချန်းချဲ့ ထင်ပါတယ်။ နောက်ကလူက ပိုပြီးတော့
ရက်စက်ယုတ်မာပါတယ်။”
"ကျွန်တော်မျိုးမ မသိပါဘူး၊ လူဘယ်နှစ်ယောက် ပါလဲ ကျွန်တော်မျိုးမ တကယ်မသိပါဘူး။ ကျွန်တော်မျိုးမက ခိုင်းတဲ့အတိုင်း လုပ်ခဲ့တာပါ။ အဲဒီလူက မင်ရွှင်ရီ ခိုင်းတာလို့ ကိုယ်တိုင် ပြောခဲ့တာပါ။ အရှင်မင်းကြီး... ကျွန်တော်မျိုးမ လိမ်မပြောရဲပါဘူး!"
လင်ကျောက်မှာ သူမပြောသော စကားများက အရာမထင်ဘဲ သေဒဏ်ပေးခံရမှာကို ကြောက်သဖြင့်၊ ယဲ့ယွင်၏ ရှေ့သို့ တွားသွားကာ ဝတ်စုံအစွန်းကို တင်းတင်းဆုပ်ကိုင်လိုက်သည်။
"မင်ရွှင်ရီ... ကျွန်တော်မျိုးမ သခင်မရဲ့ ပိုက်ဆံတွေကို မလိုချင်တော့ပါဘူး။ ကျွန်တော်မျိုးမ အသက်ပဲ ချမ်းသာချင်တာပါ။ အရှင်မင်းကြီးကို အမှန်အတိုင်း ပြောပြပေးပါ၊ အဲဒါက အဆိပ်မှန်း ကျွန်တော်မျိုးမ တကယ် မသိခဲ့ပါဘူး။ ကျွန်တော်မျိုးမမှာ တော်ဝင်ရင်သွေးကို လုပ်ကြံဝံ့တဲ့ သတ္တိ မရှိပါဘူးရှင်!"
ယဲ့ယွင်က မျက်မှောင်ကြုတ်ကာ ထိုသူ၏ လက်ကို ဖယ်ရှားရန် ထပ်မံ ဆောင့်ကြောင့်ထိုင်လိုက်သည်။
"မင်း မလောပါနဲ့ဦး။ မင်းသိသမျှ အကုန်လုံးကို သေသေချာချာ ပြန်စဉ်းစားကြည့်စမ်း။ ငါရော မင်းရော တစ်ယောက်ယောက်ရဲ့ ထောင်ချောက်ထဲကို ဆင်းမိနေတာ။ နောက်ထပ် ကျန်နေသေးတဲ့ သဲလွန်စ ရှိမလား။”
ယဲ့ယွင်က လက်ကို ဆန့်ထုတ်လိုက်ရာ လင်ကျောက်က မလွှတ်တမ်း ဆုပ်ကိုင်ထားပြီး ငိုနေလေသည်။ သို့သော် ခဏအကြာတွင် သူမသည် မျက်လုံးများ ဝိုင်းသွားကာ၊ ယဲ့ယွင်၏ လက်ကောက်ဝတ်ကို အတင်းတိုး၍ နမ်းကြည့်ပြီးနောက် အကျယ်ကြီး အော်ဟစ်လိုက်တော့သည်။
"ဒီရနံ့ပဲ! ဒီအနံ့ကို ကျွန်တော်မျိုးမ အဲဒီလူဆီက ရခဲ့တာ! ဒီလောက်အထိ မပြင်းပေမဲ့ ဒီရနံ့နဲ့ အတူတူပဲ! ကျွန်တော်မျိုးမက နှာခေါင်းအရမ်းထိလွယ်လို့ပဲ ဟင်းရည်အိုး စောင့်တဲ့အလုပ်ကို ရခဲ့တာ၊ ဘယ်တော့မှ မမှားနိုင်ဘူး!"
ထိုစကားကြောင့် လူတိုင်းက ယဲ့ယွင်မှာ လွတ်လမ်းမရှိတော့ဟု ယူဆကာ သူမထံသို့ အကြည့်များ စုပြုံရောက်သွားကြသည်။
မယ်တော်ကြီးက ပို၍ပင် စိတ်မရှည်စွာဖြင့်
အခွင့်ကောင်းယူ၍ ထိုးချရန်ကြံစည်တော့သည်။
"ကောင်းပြီ... တကယ်ကို ကောင်းတယ်။ ယဲ့ရှီ... မင်းက တကယ်ကို ရက်စက်တာပဲ။ တော်ဝင်ရင်သွေးကို လုပ်ကြံရုံတင်မကဘဲ ဝမ်မိန်ရန်ရဲ့ မျိုးဆက်ကိုပါ ဖြတ်တောက်တယ်ပေါ့။ အခု သက်သေရော လူရော ရှိနေပြီဆိုမှတော့ မင်း ဘာပြောချင်သေးလဲ။ အရှင်မင်းကြီးရဲ့ မျက်နှာသာပေးမှုကို မင်းက ဒီလိုမျိုး အသုံးချခဲ့တာပေါ့!"
ပြောပြီးနောက် သူမက စားပွဲကို ရိုက်ကာ - "လာကြစမ်း... ဒီယုတ်မာတဲ့ အမျိုးသမီးကို အပြင်ဆွဲထုတ်သွားကြစမ်း!"
"ဘယ်သူ ထိရဲလဲ!"
ယဲ့ယွင်၏ မျက်ဝန်းများ အေးစက်သွားကာ အကျယ်ကြီး ဟန့်တားလိုက်သည်။
"မယ်တော်ကြီးက တစ်ဖက်သတ် စကားကိုပဲ နားထောင်ပြီး ချန်းချဲ့ကို သတ်ချင်နေတာက... တစ်ခုခုကို ဖုံးကွယ်ချင်လို့ မဟုတ်ဘူးလား! ချန်းချဲ့ အခု သုံးထားတဲ့ အမွှေးနံ့သာက အရှင်မင်းကြီး ဆုချထားတဲ့ အနောက်တိုင်းနံ့သာရည် ပါ။ ဒီရနံ့က ထူးခြားလှပါတယ်။ ချန်းချဲ့ဆီမှာ ရှိသလို၊ မယ်တော်ကြီးနဲ့ မိဖုရားခေါင်ကြီးတို့ဆီမှာလည်း ရှိပါတယ်။ အကယ်၍ သံသယရှိတယ်ဆိုရင် ချန်းချဲ့ တစ်ယောက်တည်း မဟုတ်ပါဘူး!"
ဤနံ့သာရည် ရှိသူမှာ သူမ တစ်ဦးတည်း မဟုတ်ပေ။ လင်ကျောက်၏ စကားမှာ အမှန်တကယ်တွင်မူ သူမအတွက် သံသယရှိသူ အရေအတွက်ကို ကျဉ်းမြောင်းပေးလိုက်ခြင်းပင် ဖြစ်သည်။ သူမ၏ ဟန့်တားမှုကြောင့် အစေခံများမှာ ရှေ့သို့ မတိုးဝံ့ကြတော့ပေ။
"လျှောက်မပြောနဲ့!" မယ်တော်ကြီးသည် ဒေါသကြောင့် မျက်နှာနီမြန်းကာ သူမကို လက်ညှိုးထိုးလိုက်သည်။
“ပန်ကုန်းက ကိုယ့်ရဲ့ မြေးအရင်းကို ပြန်လုပ်ကြံပါ့မလား။ ဖုကျိ... ငါ့ဆီမှာ ရှိတဲ့ အဲဒီ နံ့သာရည်ပုလင်းကို သွားယူခဲ့စမ်း၊ ဒီနန်းတွင်းသူလေးကို သေသေချာချာ အနံ့ခံခိုင်းလိုက်!"
ဖုမာမားသည် အမိန့်ရသည်နှင့် ချက်ချင်းပင် သွားယူတော့သည်။ ဤမျှအထိ လျင်မြန်ခြင်းမှာ သူမတွင် အမှားမရှိကြောင်း ပြသနေခြင်းပင်။
သို့သော် မိဖုရားခေါင်ကြီးမှာမူ ထိုသို့ ပြတ်သားခြင်း မရှိဘဲ သူမ၏ မျက်နှာမှာ စတင်၍ မသဘာဝ ဖြစ်လာတော့သည်။
ယဲ့ယွင် ထပ်မံ စကားမပြောရသေးမီမှာပင် နင်ချန်က စကားစလိုက်သည် ။
"ယွမ်ကျို... မင်း မိဖုရားခေါင်ကြီးရဲ့ နန်းဆောင်ကို သွားပြီး သူမဆီမှာရှိတဲ့ ပုလင်းနှစ်လုံးကိုပါ ယူလာခဲ့။ ကျန်းကိုယ်တိုင် အားလုံးကိုဆုချခဲ့တာ... ရွှေပုလင်း နှစ်လုံး၊ ငွေပုလင်း သုံးလုံးပဲ ရှိတာ။ မယ်တော်ကြီးက အေးဆေးတာ ကြိုက်လို့ ငွေပုလင်း ပေးခဲ့တယ်။ ကျန်တဲ့ ရွှေပုလင်း နှစ်လုံးကို မိဖုရားခေါင်ကြီးနဲ့ မင်ရွှင်ရီကို ပေးခဲ့တာ"
"ဒါဆိုရင်တော့ ဝေကုန်းကုန်း သွားနေစရာ မလိုတော့ပါဘူး။ ချန်းချဲ့ ဒီနေ့ သုံးထားတာက ရွှေပုလင်းပါ၊ မယ်တော်ကြီးဆီမှာ အဲဒါ မရှိပါဘူး။ မိဖုရားခေါင်ကြီးဆီမှာပဲ ရှိတာပါ" ယဲ့ယွင်က အေးစက်စက် ပြောလိုက်သည်။
ယခုအချိန်တွင် ခန်းမထဲရှိ လူအားလုံးမှာ ကိစ္စအခြေအနေကို ခန့်မှန်းမိသွားကြပြီ ဖြစ်သည်။ ယဲ့ယွင်ကတော့ ပို၍ပင် ရှင်းလင်းစွာ သိရှိနေပြီ ဖြစ်၏။
သို့သော် မိဖုရားခေါင်ကြီးမှာမူ လွယ်လွယ်နှင့် ဝန်ခံလိမ့်မည် မဟုတ်ဘဲ ချက်ချင်းပင် ခုခံပြောဆိုသည် - "အရှင်မင်းကြီး... ချန်းချဲ့မှာ မင်းသားကြီး ရှိနေပြီပဲ၊ ဘာလို့ တခြားသူတွေရဲ့ ကလေးကို လုပ်ကြံရမှာလဲ၊ ချန်းချဲ့..."
"နန်းတွင်း လျှို့ဝှက်စစ်ဆေးရေးအဖွဲ့ကို စစ်ခိုင်းလိုက်မယ်" နင်ချန်သည် သူမ၏ စကားကို ဆုံးအောင် နားမထောင်တော့ဘဲ ကြားဖြတ်ပြောလိုက်သည် - "မိဖုရားခေါင်ကြီးရဲ့ နန်းဆောင်က လူတွေရော၊ မင်ရွှင်ရီရဲ့ နန်းဆောင်က လူတွေပါ အကုန်လုံးကို ဖမ်းဆီးပြီး စစ်ဆေးစေ။ တစ်ယောက်မှ မလွတ်စေနဲ့!"
ခုနက ယဲ့ယွင် ရှင်းပြသည်ကို နားထောင်ခဲ့သော ဧကရာဇ်သည် ယခုအခါ မိဖုရားခေါင်ကြီး၏ စကားကိုမူ လုံးဝ နားမထောင်တော့ပေ။
ယခုကိစ္စတွင်ဘယ်သူ့ကို ယုံကြည်နေသလဲ ဆိုသည်မှာ သိသာလွန်းလှပေသည်။
***