← Chapters

အခန်း (၃၄၇-၃၄၈)

Vol. 22 Ch. 347-348

အခန်း (၃၄၇-၃၄၈)

Vol. 22 Ch. 347-348

အခန်း ၃၄၇ ။ အဆိပ်အရက်

ဝူထုံနန်းဆောင်။

ယွမ်ကျိုသည် မိဖုရားခေါင်ကြီးအား ရာထူးမှထုတ်ပယ်သည့် အမိန့်တော်ကို ဖတ်ကြားပြီးနောက် ရှေ့မှလူကို ကြည့်လိုက်ရာ မိဖုရားခေါင်ကြီးဟူသော ဂုဏ်သရေမျိုး မြူတစ်မှုံစာမျှပင် မကျန်တော့ပေ။ ပြုစုမည့်သူမရှိ၊ တစ်နေ့လုံးလည်း ထိတ်လန့်တုန်လှုပ်နေရသဖြင့် နှစ်ရက်၊ သုံးရက်အတွင်းမှာပင် ဆယ်နှစ်ခန့် အိုမင်းသွားသည့်နှယ်။

ယခုအချိန်ထိ သူမဝတ်ထားသည်မှာ ဆောင်းဦးလယ်ညစာစားပွဲညက ဝတ်စုံပင် ဖြစ်သည်။ ရွှေဝါရောင်ဝတ်ရုံရှည်ပေါ်တွင် ပွင့်အာနေသော မော်တန်ပန်းကြီးများနှင့် နောက်ကျောဘက်မှ တောင်ပံဖြန့်ထားသော ဖီးနစ်ငှက်တို့မှာ သူမ၏ နွမ်းလျလှသော မျက်နှာ၊ ဖရိုဖရဲဖြစ်နေသော ဆံပင်တို့နှင့် လုံးဝ လိုက်ဖက်မှုမရှိတော့ပေ။

"ရှဲ့ရှီ... ဒီအဆိပ်အရက်၊ ပိတ်ဖြူစနဲ့ ဓားမြှောင်၊ ဒီသုံးခုထဲက တစ်ခုကို ရွေးလိုက်ပါ။ အရှင်မင်းကြီးက နှစ်ပေါင်းများစွာ သံယောဇဉ်ကိုငဲ့ပြီး ခန္ဓာကိုယ်ပျက်စီးမှုမရှိစေဘဲ သေခွင့်ပေးထားပါတယ်။ အလောင်းကိုလည်း မိသားစုဆီ ပြန်ပို့ပေးမှာဖြစ်သလို မင်းရဲ့ဆွေမျိုးတွေကိုလည်း အကုန်အစင် သုတ်သင်မှာမဟုတ်ပါဘူး။ ရှဲ့မိသားစုတစ်စုလုံး လင်နန်ဒေသကို ပြည်နှင်ဒဏ်ပေးခံရမှာဖြစ်ပြီး မြို့တော်ကို ဘယ်တော့မှ ပြန်လာခွင့်ရမှာမဟုတ်တော့ပါဘူး"

ယွမ်ကျိုသည် မျက်နှာသေဖြင့် အစေခံအား ဗန်းကို ရှေ့သို့ တိုးခိုင်းလိုက်သည်။ ရှေ့မှ အရာသုံးခုကို ကြည့်ပြီး ရှဲ့ရှီသည် အော်ဟစ်ငိုယိုတော့သည်။

"မဖြစ်ဘူး... ပန်ကုန်းမသေနိုင်ဘူး! ပန်ကုန်းက မိဖုရားခေါင်ကြီးပဲ၊ ငါက အရှင်မင်းကြီးရဲ့ တရားဝင်ဇနီးလေ! ပန်ကုန်း သူ့အတွက် တရားဝင်သား မွေးပေးမှာကို စောင့်မယ်လို့ အရှင်မင်းကြီး ကတိပေးထားတာ! ပန်ကုန်းမသေဘူး၊ ငါ အရှင်မင်းကြီးနဲ့ တွေ့ချင်တယ်! ပန်ကုန်း အရှင်မင်းကြီးနဲ့ တွေ့မယ်!"

"ဒီနေ့လိုဖြစ်မယ်မှန်း သိရင် အစကတည်းက ရက်စက်တဲ့လုပ်ရပ်တွေမလုပ်ခဲ့သင့်ဘူးပေါ့ မိဖုရားခေါင်ကြီး!"

ယွမ်ကျိုက အသံကိုမြှင့်ကာ အေးစက်စွာ အော်ပြောလိုက်သည်။

"မိဖုရားခေါင်ကြီးဘေးက နန်းတွင်းသူတွေ အကုန်ဝန်ခံကုန်ပြီ။ မိဖုရားခေါင်ကြီး နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ ယုတ်မာမှုတွေက တစ်ခု၊ နှစ်ခုတည်း မဟုတ်ဘူး။ ဘယ်တစ်ခုက မိဖုရားခေါင်ကြီးကို မတရားစွပ်စွဲတာပါလဲ။ လူတွေ... အဆိပ်အရက်ကို တိုက်လိုက်ကြစမ်း! အရှင်မင်းကြီးက သေခိုင်းရင် မသေလို့မရဘူး!"

သူ လက်ယမ်းပြလိုက်သည်နှင့် မိန်းမစိုးနှစ်ဦး ရှေ့တိုးလာကာ ရှဲ့ရှီကို ဘယ်ညာချုပ်ကိုင်ပြီး ပါးစပ်ကို အတင်းဖြဲ၍ အဆိပ်အရက် တိုက်တော့သည်။ သို့သော် ရှဲ့ရှီက အပြင်းအထန် ရုန်းကန်သဖြင့် အရက်များ အပြင်သို့ ဖိတ်စင်ကုန်၏။ နောက်ထပ်တစ်ခွက် ငှဲ့ရန်ပြင်စဉ်မှာပင် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရသည်။

"ဝေကုန်းကုန်း... ခဏလောက် စောင့်ပါဦး"

လှည့်ကြည့်လိုက်ရာ ဝင်လာသူမှာ ကျင်းသယ့်ဖေး ဖြစ်နေသည်။ ယွမ်ကျို ဂါရဝပြုရင်းစကားဆိုလိုက်သည်။

“သယ့်ဖေးမယ်မယ် ဘာလို့ ကြွလာတာလဲ။ ဒီလို ညစ်ပတ်တဲ့နေရာမျိုးက မယ်မယ့်ရဲ့ ခြေလှမ်းတွေကို ညစ်နွမ်းစေပါလိမ့်မယ်"

ကျင်းသယ့်ဖေးက လက်ယမ်းပြကာ ခနိ့မှန်းမရသောအမူအရာဖြင့်ပြန်ဖြေလိုက်သည်။

"ကိစ္စမရှိပါဘူး။ ပန်ကုန်းလာတာက ရှဲ့ရှီကို ပြောစရာ စကားအနည်းငယ် ရှိလို့ပါ။ ကုန်းကုန်းအနေနဲ့ အဆင်ပြေအောင် လုပ်ပေးလို့ ရမလား"

ယွမ်ကျိုသည် ရှဲ့ရှီကို ကြည့်လိုက်ပြီး သယ့်ဖေး ခံစားခဲ့ရသော အမှုများကို ပြန်တွေးကာ သနားမိသဖြင့် ခွင့်ပြုလိုက်သည်။ အမြန်ပြောရန် မှာကြားပြီးနောက် သူသည် အပြင်သို့ ထွက်သွားတော့သည်။

"စုန့်ရှီ... မင်း ဘာလာလုပ်တာလဲ။ ပန်ကုန်းရဲ့ အရှက်ရမှုကို လာကြည့်တာလား။ ပန်ကုန်း ပြောထားမယ်... ဒုတိယမင်းသားက မင်းမွေးတာမဟုတ်ဘူး၊ သူကြီးလာရင် မင်းအပေါ် ဘယ်တော့မှ သိပ်ရိုသေလာမှာမဟုတ်ဘူး။ မင်းလည်း ပန်ကုန်းလို အဆုံးသတ်မျိုးနဲ့ ကြုံရမှာပဲ!"

အဝတ်စုတ်တစ်ခုလို ကြမ်းပြင်ပေါ်တွင် လဲကျနေသော ရှဲ့ရှီသည် ကြောက်စရာကောင်းသော မျက်နှာထားဖြင့် လှောင်ပြုံးပြုံးလိုက်သည်။ ခုနက အဆိပ်အရက် သိပ်မဝင်သော်လည်း အနည်းငယ်တော့ ပါသွားသဖြင့် သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျနေသည်မှာ ကြောက်မက်ဖွယ် ကောင်းလှ၏။

ကျင်းသယ့်ဖေးသည် သူမကို ရန်ငြိုးများဖြင့် ကြည့်ကာ အနားသို့ ဖြည်းဖြည်းချင်း တိုးလာသည်။

"နင်က ရာထူးကနေ နုတ်ပယ်ခံထားရပြီပဲ၊ ဘာလို့ 'ပန်ကုန်း' လို့ သုံးနေသေးတာလဲ။ အခုချိန်တော်ဝင်အနောက်ဆောင်မှာ'ပန်ကုန်း' လို့ သုံးပိုင်ခွင့်ရှိတာ ငါပဲ။ ဒုတိယမင်းသားက နောင်ကျရင် ဘယ်လိုဖြစ်မလဲဆိုတာကလည်းငါ့ရဲ့ အရည်အချင်းပေါ်မှာပဲ မူတည်တယ်။ နင်မှာတော့... အနာဂတ်ဆိုတာ မရှိတော့ဘူး"

ရှဲ့ရှီသည် အသက်ကို ပြင်းပြင်းရှူကာ ရူးသွပ်သလို ရယ်မောလိုက်ပြန်သည်။

"ဒါဆိုရင်လည်း ဘာဖြစ်လဲ။ ငါသေရင်တောင် နင့်ရဲ့ကလေးက အသက်မရှင်

နိုင်တော့ဘူးလေ။ နင်လည်းငါ့လိုပဲ၊ ဒီတစ်သက် ကိုယ်ပိုင်ကလေး ဘယ်တော့မှ ရှိမှာမဟုတ်ဘူး!"

"ဟုတ်တယ်လေ... အဲဒါကြောင့်လည်း နင်နဲ့ နင့်ရဲ့မမွေးနိုင်လိုက်တဲ့ကခေးကို ငါ့ကလေးအတွက် အဖော်လုပ်ဖို့ မြေမြှုပ်ခိုင်းရမှာပေါ့!"

ကျင်းသယ့်ဖေး၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ ဝင်းခနဲ ဖြစ်သွားကာ လေသံကိုနှိမ့်၍ အော်ဟစ်လိုက်သည်။ ထို့နောက် သူမသည် ကိုယ်ကိုကိုင်းကာ ရှဲ့ရှီ၏ မျက်နှာကို ညှစ်ကိုင်လိုက်ပြီး သူတို့နှစ်ဦးသာ ကြားနိုင်သော အသံဖြင့် ဆက်ပြောသည် ။

"အို…ပြောရအုံးမယ်၊ နင့်ရဲ့ အချစ်တော် ဝမ်းကွဲညီမ 'ရန်ရှီ' ဗိုက်ထဲက ကလေး ဘာကြောင့် ဆုံးရှုံးသွားရလဲဆိုတာ သိလား။ တကယ်ပဲ လင်းရှီ လုပ်တာလို့ နင်ထင်နေတာလား။ မဟုတ်ဘူး... အဲ့ငတုံးမကလည်း ငါ့လက်ထဲက ဓားတစ်လက်ပဲ။ လင်းရှီရဲ့ အနီးကပ်နန်းတွင်းသူ 'ပိယွင်' က ငါ့အတွက် လင်းရှီကို ခိုင်းစေဖို့ နည်းမျိုးစုံ လုပ်ပေးခဲ့တာလေ"

ထိုအချိန်သို့ ရောက်မှ ရှဲ့ရှီသည် အမှန်တကယ်ပင် ကြောက်လန့်သွားတော့သည်။ ပုံမှန်အားဖြင့် အနူးညံ့ဆုံးနှင့် အေးဆေးဆုံးဟု ထင်ရသော စုန့်ရှီသည်ထိုမျှအထိ နက်နက်ရှိုင်းရှိုင်း ကြံစည်ထားလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ရှဲ့ရှီ၏ မျက်ဝန်းထဲမှ ထိတ်လန့်မှုကို မြင်သောအခါ ကျင်းသယ့်ဖေးက နှုတ်ခမ်းကို အသာအယာ တွန့်ကာ ပြုံးလိုက်သည်။

"ဘာလဲ... ကြောက်သွားတာလား။ ကြောက်မနေပါနဲ့၊ ဘာပဲဖြစ်ဖြစ် နင်က သေတော့မှာပဲဟာ၊ ဘာကို ကြောက်နေဦးမှာလဲ။ အော်... ဒါနဲ့ နင်မသိသေးဘူး မဟုတ်လား။ နင့်ကို အခုလိုအကြံတွေပေးခဲ့တဲ့ အစေခံမလေး ချူးယွမ်လေ... နင်တို့ ရှဲ့မိသားစုက သူမရဲ့ မိသားစုတစ်စုလုံးကို သတ်ခဲ့တာလေ။ ဒါပေမဲ့ နင်ကတော့ငတုံးမ တကယ်ကို မိုက်မဲတာပဲ၊ အဲ့လိုလူမျိုးကိုမှ ဘေးမှာ ထားပြီး မြှောက်ပင့်ထားတာ၊ ရှဲ့ရှီ... နင်သေရတာ နင်ရဲ့ကျပ်မပြည့်မှုကြောင့်ပဲ အဲ့တာကြောင့်မတရားဘူးလို့ မထင်ပါနဲ့။”

ထိုစကားများကို ကြားသောအခါ ရှဲ့ရှီ၏ သွေးမရှိသော မျက်နှာသည် ပို၍ပင် ပြာနှမ်းသွားတော့သည်။ သူမ အသည်းအသန် ခေါင်းခါလိုက်၏ - "မဖြစ်နိုင်ဘူး... ဒါမဖြစ်နိုင်ဘူး... နင်ငါ့ကို လိမ်နေတာ!"

အရှင်မင်းကြီးက သူမကို စုံစမ်းဖော်ထုတ်လိုက်သည်ကို သူမ လက်ခံနိုင်သော်လည်း၊ သူမ ယုံကြည်ခဲ့သောသူကြောင့် ယခုကဲ့သို့ ဘဝပျက်သွားရသည်ကိုတော့ သူမ လုံးဝ လက်မခံနိုင်ပေ။

"ကဲပါ... နင့်ရဲ့သေလမ်းကိုပဲ ဆက်လျှောက်လိုက်ပါတော့။ ငါက ဒါတွေကိုအကုန်ပြောပြလိုက်တာဆိုတော့ နင်လည်း ဘာမှ မသိဘဲ သေရတာ မဟုတ်တော့ဘူးပေါ့"

ကျင်းသယ့်ဖေး၏ အကြည့်မှာ ရုတ်တရက် စူးရှသွားကာ စားပွဲပေါ်မှ အဆိပ်အရက်အိုးကို ကောက်ယူလိုက်သည်။ အစေခံအား ရှဲ့ရှီကို ချုပ်ခိုင်းပြီး ပါးစပ်ကို ဖြဲကာ တစ်အိုးလုံးကို အတင်းအကျပ် လောင်းထည့်လိုက်တော့သည်။ ဤအဆိပ်မှာ အလွန်ပြင်းထန်လှရာ တစ်ခွက်တည်းနှင့်ပင် သေစေနိုင်သည်။ တစ်အိုးလုံး တိုက်လိုက်သဖြင့် ရှဲ့ရှီ၏ ပါးစပ်မှ သွေးများမှာ အရှိန်ဖြင့် ပန်းထွက်လာတော့သည်။

သို့သော် ကျင်းသယ့်ဖေးမှာ သတိမထားမိသယောင်ပင်။ သူမ၏ လက်နှစ်ဖက်စလုံး သွေးများ စွန်းထင်သွားသည်အထိ အိုးထဲမှ အရက်ကုန်အောင် တိုက်လိုက်သည်။ ပြီးမှ သူမသည် အေးဆေးစွာ မတ်တတ်ထရပ်ကာ လက်ကို ပဝါဖြင့် သေသေချာချာ သုတ်ပြီး လူများကို ခေါ်၍ ထွက်ခွာသွားတော့သည်။

ယွမ်ကျို အခန်းထဲ ပြန်ဝင်လာသောအခါ ရှဲ့ရှီသည် သွေးအိုင်ထဲတွင် မျက်လုံး အပြူးသားဖြင့် သေဆုံးနေသည်ကို တွေ့လိုက်ရသည်။ သူမဘေးတွင် လဲကျနေသော အဆိပ်အရက်အိုး၏ အဝနှင့် လက်ကိုင်နေရာတို့တွင် သွေးရောင်များ စွန်းထင်နေတော့သည်။ ဤမြင်ကွင်းမှာ အလွန်ပင် ကြောက်မက်ဖွယ် ကောင်းလှသဖြင့် ယွမ်ကျိုသည်လည်း ကြာကြာမနေတော့ဘဲ ရှဲ့ရှီ၏ အလောင်းကို အမြန်သိမ်းဆည်းကာ သယ်ထုတ်သွားခိုင်းလိုက်တော့သည်။

…..

ကျောက်ထန်ဆောင်။

မိဖုရားခေါင်ကြီး သေဆုံးသွားပြီဟု ကြားရသောအခါ ယဲ့ယွင်၏ မျက်ခုံးလေး တစ်

ချက်ပင် မလှုပ်ပေ။ အကြောင်းကတော့ထိုမိန်းမသည် တစ်ချိန်က သူမအား ကလေးရော မိခင်ပါ အသက်ဆုံးရှုံးအောင် လုပ်ကြံခဲ့သူ ဖြစ်သောကြောင့်ပင်။ သို့သော် ယခုအခါ နန်းတော်တွင် မိဖုရားခေါင်ကြီး မရှိတော့သဖြင့် နန်းတွင်း မည်သို့ ပြောင်းလဲသွားမည်နည်း။ သူမ၏ အမြင်တွင် နင်ချန်သည် မိဖုရားခေါင်ကြီးသစ်ကို ချက်ချင်း တင်မြှောက်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် နန်းတွင်းရေးရာများကို ရာထူးကြီးသူ အနည်းငယ်က ခွဲဝေအုပ်ချုပ်ရပေလိမ့်မည်။

နန်ကျစ်က ဘေးမှ ယပ်ခပ်ပေးရင်း ညည်းလိုက်သည်။

"နန်းတွင်းမှာ အုပ်ချုပ်တဲ့သူတွေ များလာရင်တော့ နောင်ကျ ပိုပြီး ရှုပ်ထွေးကုန်မှာပဲ"

၎င်းမှာ ရိုးရိုးသားသား ညည်းတွဲလိုက်ခြင်း ဖြစ်သော်လည်း ယဲ့ယွင်အတွက်မူ သတိပေးချက် ဖြစ်သွားခဲ့သည်။

"မှန်တယ်... မိဖုရားခေါင်ကြီး သေသွားပြီး အာဏာတွေ ကွဲပြားသွားရင် နန်းတွင်းက အရင်ကထက် ပိုရှုပ်ထွေးလာလိမ့်မယ်။ ရှုပ်ထွေးလာလေ တစ်ခုခုလုပ်ဖို့ ပိုလွယ်လာလေ၊ အစဖျောက်ဖို့လည်း ပိုကောင်းလေပဲ"

မူလက သူမသည် အမှောင်ထဲတွင် ပုန်းနေသူမှာ ယိရွှင်ယွမ် ဖြစ်မလားဟု သံသယဝင်ခဲ့သည်။ အကြောင်းကတော့ သူမနှင့် မိဖုရားခေါင်ကြီးကို ဖယ်ရှားနိုင်လျှင် ယိရွှင်ယွမ်မှာ မိဖုရားခေါင်ကြီး နေရာအတွက် အခွင့်အရေး အရှိဆုံး ဖြစ်သောကြောင့်ပင်။ သို့သော် သူမ လူတစ်ယောက်ကို မေ့ထားခဲ့သည် - ယောင်ရှန်း။

ယိရွှင်ယွမ်၏ သားဖြစ်သူ တတိယမင်းသားမှာ ငယ်သေးသဖြင့် ယိရွှင်ယွမ်အနေနှင့် ယခုအချိန်တွင် နန်းတွင်းကို ရှုပ်ထွေးအောင်လုပ်ရန် အကြောင်းမရှိပေ။ ၎င်းမှာ မင်းသားလေး ဘေးကင်းစွာ ကြီးပြင်းရေးအတွက် အန္တရာယ် များလွန်းသည်။ သို့သော် ယောင်ရှန်းမှာမူ ရာထူးလည်း မမြင့်၊ အချစ်တော်လည်း မဟုတ်သလို သမီးသာ မွေးထားသည်။ ဒါပေမဲ့ သူမ၏ မိသားစုဂုဏ်က အလွန်မြင့်မားသည်။ နန်းတွင်းကြီး ရှုပ်ထွေးသွားပါက သူမသည် အခွင့်အရေးကို အသုံးချကာ အတားအဆီးများကို ဖယ်ရှားပြီး သူမ၏ အရည်အချင်း၊ မိသားစုဂုဏ်တို့ဖြင့် ရာထူးတက်လှမ်းရန် ကြိုးစားနိုင်စွမ်း ရှိသည်။

"ဖန်းရှိုးယွမ်ဘက်ကို သေသေချာချာ စုံစမ်းစမ်း။ လျှို့ဝှက် စုံစမ်းရမယ်၊ သေချာပေါက်ငါတို့ရည်ရွယ်ချက်ကိုသိလို့မဖြစ်ဘူး။"

ယဲ့ယွင်က ထိုအချက်ကို တွေးမိသည်နှင့် ချက်ချင်း မှာကြားလိုက်သည်။

နန်ကျစ်၏ မျက်နှာလည်း တည်ကြည်သွားကာ အမြန်ပင် သွားရောက် စီစဉ်တော့သည်။ မိဖုရားခေါင်ကြီး သေဆုံးသွားသော်လည်း ထိုကိစ္စမှာလွယ်လွယ်ဖြင့် မပြီးဆုံးသေးသည်မှာ သိသာလှပေတော့သည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-348

အခန်း ၃၄၈ ။ ဦးတည်ချက်

လျှို့ဝှက်စုံစမ်းရုံတင်မကဘဲ ယဲ့ယွင်သည် ကိုယ်တိုင်လည်း လှုပ်ရှားကာ ရှင့်ရှင်းစီ (ပြစ်ဒဏ်စီရင်ရေးဌာန) သို့ တိတ်တဆိတ် သွားရောက်ခဲ့သည်။ သဲလွန်စအသစ် ရရှိထားပြီဖြစ်၍ ပြန်လည်စစ်ဆေးမေးမြန်းရန် လိုအပ်ပေသည်။

ချူးယွမ်ဟူသော ထိုနန်းတွင်းသူသည် နောက်ထပ် တစ်စုံတစ်ခုကို သိထားနိုင်သေးသည်။ ထောင်မိသားစုမှာ သနားစရာကောင်းသော်လည်း၊ သူမသည် ကလဲ့စားချေရန်အတွက် မင်းသားကြီးကဲ့သို့ ကလေးသူငယ်အပေါ် လက်ပါခဲ့သလို၊ ဝမ်မိန်ရန်၏ ကလေးကိုလည်း လုပ်ကြံခဲ့ရာ သူမ၏ မူလစိတ်ထားမှာ ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူမသည် သနားစရာကောင်းသော်လည်း စက်ဆုပ်ဖွယ်ကောင်းသူလည်း ဖြစ်နေပေတော့သည်။

"ကျွန်တော်မျိုး မင်ရွှင်ရီကို ဂါရဝပြုပါတယ်။ ဒီနေရာက ညစ်ပတ်ပါတယ်၊ ရွှင်ရီ ဘာလို့ ကိုယ်တိုင် ကြွလာတာလဲ" စစ်ဆေးရေးအရာရှိက အပြေးအလွှား လာရောက် ဂါရဝပြုသည်။

ယဲ့ယွင်က လက်ယမ်းပြကာ - "နေပါစေ၊ ချူးယွမ်ဆိုတဲ့ နန်းတွင်းသူ ဘယ်မှာလဲ"

"သူမကို ထောင်ထဲမှာ ပိတ်ထားပါတယ်။ အဲဒီနန်းတွင်းသူက အိမ်ထောင်စုရန်ငြိုးကြောင့် ဝန်ခံချက်တွေ အမြန်ပေးခဲ့လို့ ကျွန်တော်မျိုးတို့ အပြင်းအထန် နှိပ်စက်တာမျိုး မလုပ်ခဲ့ပါဘူး။ သူမ သိသမျှ အကုန်ပြောပြီးပါပြီ"

တာဝန်ခံက တလေးတစားဖြေကြားခဲ့သည်။

သူတို့အမြင်တွင် ထောင်ချူးယွမ်မှာ သနားစရာကောင်းသဖြင့် သနားစိတ်အနည်းငယ်ဝင်ကာ အပြင်းအထန် နှိပ်စက်ခြင်း မပြုခဲ့ကြပေ။

"သူမကို ခေါ်ခဲ့ပါ။ ငါမေးစရာ တချို့ရှိသေးတယ်" ယဲ့ယွင်က ဆိုသည်။

တာဝန်ခံသည် မဆိုင်းမတွဘဲ ချူးယွမ်ကို ခေါ်ထုတ်လာခိုင်းလိုက်သည်။ ထုံးစံအရ အကျဉ်းသားကို စစ်ဆေးရေးခန်းတွင် စစ်ရမည်ဖြစ်သော်လည်း၊ ထိုနေရာမှာ နှိပ်စက်ကိရိယာများ ပြည့်နှက်နေသလို လတ်တလော စစ်ဆေးမှုများကြောင့် သွေးညှီနံ့များ လွှမ်းနေသဖြင့် ယဲ့ယွင်အား ထိုနေရာသို့ မဝင်စေလိုဘဲ အနားယူဆောင်တစ်ခုတွင် တွေ့ဆုံရန် စီစဉ်ပေးခဲ့သည်။

ချူးယွမ် ရောက်လာသောအခါ သစ်သားကုလားထိုင်ပေါ်တွင် တည်ငြိမ်စွာ ထိုင်နေပြီး သူမအား စိုက်ကြည့်နေသော အမျိုးသမီးကို တွေ့လိုက်ရသည်။

"သူ့ရဲ့ ကြိုးတွေကို ဖြည်ပေးလိုက်၊ ပြီးတော့ ရေတစ်ခွက် တိုက်လိုက်ပါဦး" ယဲ့ယွင်က အမိန့်ပေးသည်။

ထောင်ထဲတွင် ကောင်းမွန်သော အစားအသောက် မရှိသဖြင့် ချူးယွမ်၏ နှုတ်ခမ်းများမှာ ခြောက်ကပ် အက်ကွဲနေပြီ ဖြစ်သည်။ ဟွေယွဲ့ကိုယ်တိုင် ရေနွေးတစ်ခွက် ကမ်းပေးရာ၊ ချူးယွမ်က ခနတွန့်ဆုတ်ပြီးမှ တစ်ရှိန်ထိုး သောက်ချလိုက်သည်။

ပြီးမှ သူမသည် သြရှရှအသံဖြင့် မေးလိုက်သည်။

"မင်ရွှင်ရီ ကျွန်မကို တွေ့တာ ဘာသိချင်လို့လဲ"

ယဲ့ယွင်က မျက်လွှာချကာ ခပ်တည်တည်ဖြင့်ပြောလိုက်သည်။

"မင်းက ထက်မြက်တဲ့သူပဲ။ ဒါကြောင့် ငါ စကားတွေ အများကြီး ပတ်မပြောတော့ဘူး။ မင်း မိဖုရားခေါင်ကြီးကို လုပ်ကြံတာမှာ မင်းရဲ့နောက်ကွယ်ကနေ ကူညီပေးတဲ့သူ ရှိတယ်မလား"

"မရှိပါဘူး" ချူးယွမ်က ပြတ်သားစွာ ဖြေသည်။

သူမ၏ စိတ်ထဲတွင် ဖန်းရှိုးယွမ်သည်လည်း လူကောင်းမဟုတ်ဘဲ သူမနှင့် အကျိုးစီးပွားချင်း ဖလှယ်ခဲ့သူသာ ဖြစ်သော်လည်း၊ ရှိုးယွမ်သည် သူမအား အမှန်တကယ် ကလဲ့စားချေရန် ကူညီပေးခဲ့သူ ဖြစ်သဖြင့် သူမ သစ္စာမဖောက်လိုပေ။ သူမ ဤမျှ ပြတ်သားနေခြင်းမှာ ယဲ့ယွင် ကြိုတင်ခန့်မှန်းထားသည့်အတိုင်းပင်။

စစ်ဆေးမေးမြန်းခြင်းမှာ ချက်ချင်း ရလဒ်ထွက်လာလေ့ မရှိပေ။ သို့သော် သူမသည် လောင်းကြေးတစ်ခု ထပ်ရမည်။ ထောင်ချူးယွမ်တွင် လူသားဆန်သော အသိစိတ် အနည်းငယ် ကျန်နေသေးလိမ့်မည်ဟု လောင်းကြေးထပ်လိုက်ခြင်းပင်။

"ငါနဲ့ မင်းနဲ့ ရန်ငြှိုးရှိလား" ယဲ့ယွင်က လေသံတိုးတိုးဖြင့် မေးသည်။

"မရှိပါဘူး" ချူးယွမ်၏ မျက်ဝန်းများ အနည်းငယ် လှုပ်ခတ်သွားသည်။

ယဲ့ယွင်သည် ထိုလှုပ်ရှားမှုကို မိမိရရ ဖမ်းဆီးလိုက်ပြီး ဆက်မေးသည် - "ဒါဆို ဝမ်မိန်ရန်နဲ့ သူမရဲ့ ဗိုက်ထဲက ကလေးကရော မင်းနဲ့ ရန်ငြှိုးရှိလို့လား။”

ချူးယွမ်သည် သူမ၏ အကြည့်ကို ရှောင်လိုက်ပြီး - "မရှိပါဘူး" ဟု ထပ်ဖြေသည်။

ယဲ့ယွင်က ထရပ်ကာ သူမအနားသို့ ဖြည်းဖြည်းချင်း တိုးလာသည်။

"ဘာမှမသိဘဲ ဝူထုံနန်းဆောင်မှာ အလုပ်လုပ်နေလို့ အပြစ်ပေးခံရတဲ့ အစေခံတွေကရော မင်းနဲ့ ရန်ငြိုးရှိလို့လား။”

"မရှိဘူး... ဘယ်သူနဲ့မှ ရန်ငြိုးမရှိဘူး! ဒါပေမဲ့ ကျွန်မရဲ့ မိဘတွေ၊ ကျွန်မရဲ့ မောင်လေးကရော... သူတို့လည်း ရှဲ့မိသားစုနဲ့ ရန်မရှိခဲ့ဘူးလေ!" ချူးယွမ်က အံကြိတ်ကာ ခေါင်းမော့လိုက်ရာ မျက်ဝန်းထဲတွင် ဒေါသရိပ်များ ထင်ဟပ်နေတော့သည်။

"မှန်တယ်... မင်းရဲ့ မိသားစု သေဆုံးခဲ့ရတာက ရှဲ့မိသားစုကြောင့်ပဲ။ ဒါပေမဲ့ ဘာမှမဆိုင်ဘဲ ကြားညှပ်ပါသွားတဲ့သူတွေ၊ ဝမ်မိန်ရန်ရဲ့ ကလေး... ဒီလူတွေက မင်းနဲ့ ဘာရန်ငြိုးမှ မရှိဘဲ မင်းကြောင့် အသက်ဆုံးရှုံးခဲ့ရတာ။ မင်းလုပ်ရပ်က ရှဲ့မိသားစုဝင်တွေ လုပ်ရပ်နဲ့ ဘာကွာခြားလို့လဲ။”

ယဲ့ယွင်က အသံကို မြှင့်ကာ ဖိအားပေး မေးမြန်းလိုက်သည်။ တစ်ဖက်လူ၏ အကြည့်များ ယိမ်းယိုင်လာသည်ကို မြင်သောအခါ အရှိန်မြှင့်ကာ ဆက်

ပြောသည်။

"မင်းကို ကူညီတဲ့သူ ရှိတယ်ဆိုရင်၊ သူက မင်းအတွက် ကျေးဇူးရှင် ဖြစ်နိုင်ပေမဲ့၊ သူ့မှာ မင်းကို ကူညီဖို့ တခြားနည်းလမ်းတွေ အများကြီး ရှိတာပဲ။ မင်းကို မင်းအမုန်းဆုံးလူမျိုးဖြစ်အောင်လုပ်ပြီး ချောက်ထဲကို တစ်လှမ်းချင်း တွန်းပို့တဲ့ နည်းလမ်းမျိုးကို မသုံးသင့်ဘူး။ တစ်နည်းအားဖြင့် ပြောရရင်... မင်းကို ကူညီခဲ့တဲ့ အဲဒီလူက အပြစ်မဲ့တဲ့ အသက်တွေကို သတ်ခဲ့တဲ့ ရှဲ့မိသားစုဝင်တွေနဲ့ ဘာကွာခြားလို့လဲ။”

ယခုအချိန်တွင် ယဲ့ယွင်သည် ချူးယွမ်၏ နောက်ကွယ်၌ တစ်စုံတစ်ယောက် ရှိနေသည်မှာ သေချာသွားခဲ့သည်။ ထိုသူသည် ချူးယွမ်ကို အသုံးချကာ 'ဆူးပန်းမှုန့်' ပေးခိုင်းပြီးမှ၊ မိမိကိုယ်တိုင်က 'အရိုးပျော်ဆေးမှုန့်' နှင့် လဲလှယ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။ သို့မှသာ မိဖုရားခေါင်ကြီးအား ပြန်လှန်မရနိုင်အောင် အပြတ်အသတ် ဖြုတ်ချနိုင်မည် ဖြစ်သည်။ ကိုယ်ဝန်ပျက်ကျခြင်းနှင့် ကလေး လုံးဝ မရနိုင်တော့ခြင်းမှာ နောက်ဆုံးအချက်က ပို၍ ပြင်းထန်ကာ အမျိုးသမီးတစ်ဦး၏ ဘဝကို ဖျက်ဆီးပစ်ခြင်းပင် ဖြစ်သည်။ ဧကရာဇ်က သံယောဇဉ်ထားလျှင်ပင် ဝမ်မိသားစုက သည်းခံမည် မဟုတ်ပေ။

"မင်ရွှင်ရီ ထပ်မမေးပါနဲ့တော့။ ကျွန်မကို ဘယ်သူမှ မခိုင်းပါဘူး၊ ဘယ်သူ့နာမည်ကိုမှလည်း ကျွန်မ မပြောနိုင်ဘူး။ တကယ်လို့ တစ်ယောက်ယောက်ကို လုပ်ကြံပြီး ပြောလိုက်ရင်လည်း အဲဒီလူဟာ ကျွန်မနဲ့ ရန်ငြှိုးမရှိဘဲ ဒုက္ခရောက်ရဦးမှာပဲ"

ချူးယွမ်က မျက်နှာလွှဲလိုက်ပြီး မည်သို့မျှ မပြောတော့သည့် ပုံစံမျိုး လုပ်နေတော့သည်။ သူမ၏ စိတ်ထဲတွင် လူအများကြီးကို ဒုက္ခပေးခဲ့ပြီးပြီ ဖြစ်ရာ၊ ဖန်းရှိုးယွမ်သည် လူကောင်းမဟုတ်လျှင်ပင် သူမနှင့် ရန်ငြှိုးမရှိသဖြင့် နောက်ထပ် အသက်တစ်ချောင်းကို ဝန်မပိချင်တော့ပေ။ သို့သော် သူမ ဤမျှအထိ နှုတ်လုံနေခြင်းမှာ ပြဿနာရှိနေကြောင်း ပို၍ ထင်ရှားစေသည်။

ယဲ့ယွင်က မျက်လွှာချကာ ဆောင့်ကြောင့်ထိုင်လိုက်ပြီး၊ ချူးယွမ်၏ မျက်နှာကို အသာအယာ ဆွဲလှည့်ကာ သူမ၏ မျက်လုံးများကို စိုက်ကြည့်စေသည်။ ပြီးမှ သူတို့နှစ်ဦးသာ ကြားနိုင်သော အသံဖြင့် ဆိုလိုက်သည်။

"ဖန်းရှိုးယွမ်က မင်းကို တကယ် ကူညီချင်တာလို့ ထင်နေလား။ သူက ငါနဲ့ မိဖုရားခေါင်ကြီးကို သေစေချင်ရုံ သက်သက်ပဲ။ ဒီလိုလူမျိုးအတွက်နဲ့ မင်းက နှုတ်လုံပေးနေဖို့ ထိုက်တန်လို့လား။”

ယဲ့ယွင်သည် ချူးယွမ်၏ မျက်လုံးများကို စိုက်ကြည့်နေစဉ် သူမ၏ မျက်ဝန်းထဲမှ အံ့သြမှုနှင့် တုန်လှုပ်မှုကို မိမိရရ ဖမ်းဆီးလိုက်နိုင်သည်။ သို့သော် ခဏချင်းမှာပင် ချူးယွမ်သည် မျက်လုံးကို တင်းတင်း မှိတ်လိုက်တော့သည်။ ယဲ့ယွင်သည် သူမအား လှည့်စားကာ စမ်းသပ်နေခြင်းဖြစ်မှန်း သူမ သိလိုက်သည်။ အကယ်၍ ယဲ့ယွင်က သက်သေအထောက်အထား ရှိနေလျှင် သူမအား လာရောက် စစ်ဆေးနေစရာ အကြောင်းမရှိပေ။

"အခုထိ မပြောသေးဘူးလား" ယဲ့ယွင်က လက်ကို ရုပ်သိမ်းလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

သို့သော် နောက်တစ်စက္ကန့်တွင် ချူးယွမ်၏ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာကာ ခန္ဓာကိုယ်မှာလည်း တုန်ယင်လာသည်။ ဘေးမှ တာဝန်ခံက အော်ဟစ်ကာ ပြေးလာသည် - "မကောင်းတော့ဘူး! သူမ လျှာကိုက် သတ်သေပြီ!"

မိန်းမစိုးအချို့က ချူးယွမ်၏ ပါးစပ်ကို အတင်းဖြဲကြသော်လည်း နောက်ကျသွားခဲ့ပြီ။ ချူးယွမ်သည် သေရန် ဆုံးဖြတ်ပြီးသား ဖြစ်ရာ အလွန်ပြင်းထန်စွာ ကိုက်လိုက်ခြင်း ဖြစ်သည်။ ပါးစပ်ထဲတွင် သွေးများ ပြည့်လျှံသွားကာ အသက်ရှူ ရပ်သွားတော့သည်။

ထိုအချိန်မှာပင် အပြင်ဘက်မှ ခြေသံများ ကြားလိုက်ရပြီး နင်ချန် ဝင်လာခဲ့သည်။

"တစ်ခုခု သိရပြီလား"

ယဲ့ယွင်က ခေါင်းခါပြသည် - "မသိရပါဘူး၊ သူ လျှာကိုက် သတ်သေသွားပြီ။ ဒါပေမဲ့ သူ့ရဲ့ နောက်ကွယ်မှာ ခိုင်းစေသူ ရှိတယ်ဆိုတာတော့ ချန်းချဲ့ အသေအချာ ပြောနိုင်ပါတယ်။ သူက သေတဲ့အထိ အဲဒီလူ ဘယ်သူလဲဆိုတာ မပြောသွားခဲ့ဘူး။”

ဤစကားမှာ ယုံကြည်ဖွယ် ရှိသည်။ နင်ချန်က ယဲ့ယွင်ကို ယုံကြည်ရုံတင်မကဘဲ အခန်းထဲရှိ အစေခံများနှင့် အန်ကောမှ လူများကလည်း သက်သေခံနိုင်သောကြောင့် ဖြစ်သည်။ ချူးယွမ်တွင် ပြဿနာရှိနေသည်မှာ သေချာလှသည်။

သို့သော် ချူးယွမ် သေဆုံးသွားခြင်းမှာ သဲလွန်စ ပြတ်တောက်သွားခြင်းဖြစ်ရာ ယဲ့ယွင်မှာ အနည်းငယ် စိတ်တိုကာ စိတ်ပျက်သွားမိသည်။ နင်ချန်သည် သူမ၏ ခံစားချက်ကို သိရှိသဖြင့် နှစ်သိမ့်ပေးရန် ပြင်စဉ်၊ ယဲ့ယွင်၏ လက်တွင် သွေးများ ပေနေသည်ကို မြင်လိုက်ရသည်။ ၎င်းမှာ ချူးယွမ်၏သွေးများပေကျံလာခြင်း ဖြစ်၏။

"ကဲ... လက်သွားဆေးလိုက်ပါဦး။ မင်း စိုးရိမ်မနေနဲ့တော့၊ ကျန်တာတွေကို ကျန်း စီစဉ်လိုက်မယ်။ နောက်ကွယ်က လူကိုကျန်းတို့ ဖော်ထုတ်နိုင်မှာပါ"

နင်ချန်က နူးညံ့စွာ ပြောလိုက်သည်။

ထို့နောက် သူသည် ဟွေယွဲ့အား ယဲ့ယွင်ကို တွဲ၍ အပြင်သို့ ခေါ်သွားခိုင်းလိုက်ပြီး၊ သူကိုယ်တိုင် ခန ကျန်ရစ်ကာ အစေခံများကို တစ်ခုခု မှာကြားခဲ့သည်။ ဒီရက်ပိုင်း သူသည် ရှဲ့မိသားစုဝင်များကို အရေးယူနေရသဖြင့် အရှုပ်အထွေးများစွာနှင့် ရင်ဆိုင်နေရကာ စိတ်ညစ်နေရသည်။ ယနေ့မှ စိတ်အနည်းငယ် ကြည်လင်လာချိန်တွင် ယဲ့ယွင်သည် အမှုအတွက် အလေးအနက် စုံစမ်းနေကြောင်း ကြားသိရသဖြင့်၊ သူမ၏ ပင်ပန်းမှုကို တွေးကာ စိတ်မကောင်း ဖြစ်မိသည်။

ထို့ကြောင့် သူသည် ဤကိစ္စကို ကိုယ်တိုင် စုံစမ်းဖော်ထုတ်ရန် ဆုံးဖြတ်လိုက်တော့သည်။ သို့သော် ယဲ့ယွင်သည်လည်း နင်ချန် ပါဝင်လာသဖြင့် ရပ်တန့်သွားမည် မဟုတ်ပေ။ သူမသည် နောက်ကွယ်မှ လူမှာ ယောင်ရှန်းဖြစ်ကြောင်း အသေအချာ သိထားပြီး ဖြစ်သည်။

ဦးတည်ချက် ရှိသွားပြီဖြစ်၍ လုပ်ဆောင်ရန်မှာ ပို၍ လွယ်ကူသွားပေတော့မည်။

***

All Chapters